မေတ္တာရိပ် အမွေ


သည်လမ်းလေးကို မသွားဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကို အတော်လေး ကျော်ခဲ့ပြီဖြစ်သည်။
သို့သော် လမ်းဘေးဝဲယာမှ ရှုခင်းရှုကွက်တွေက အခါများစွာ ဖြတ်သန်းသွားလာခဲ့ဖူးသူ တစ်ယောက်အဖို့ ရင်းနှီးကျွမ်းဝင်စွာ သညာအမှတ်စွဲနေဆဲ...။
       ကားပြတင်းမှ တိုးဝင်လာသော လေရိုင်းတချို့နှင့် စိမ်းစိုနေသော လယ်ကွင်းရှုမျှော်ခင်းများက ပူလောင်နေသော သူ့ရင်ကို တဒင်္ဂမျှ ငြိမ်းအေးသွားစေ၏။
      လမ်းကလေးသည် အကောက်အကွေ့မကင်းသော်လည်း ဖုထစ်ချိုင့်ခွက်မများလှဘဲ ပြေပြစ်နေ၏။ လမ်းတစ်လျှောက်မှ ရွာစဉ်တန်းများသည် မခမ်းနားသော်လည်း ရွာစွန်လယ်ကွင်းများက စိမ်းစိုလတ်ဆတ်နေကြ၏။
သည်မြင်ကွင်းများက ရင့်အိုနေပြီဖြစ်သော သူ့ရင်တွင်း၌ နုသစ်သောခံစားမှုများကို လန်းဆတ်လာစေသည်။
     အိမ်မှ မထွက်ခင်ကတော့ သူ့ရင်တစ်ခုလုံးသည် ကျပ်တင်းမြိုက်လောင်နေခဲ့၏။ ဒေါသ၏ လက်ပါးစေများ၊ အဆွယ်အပါးများသည် လူတစ်ကိုယ်လုံးကို ဖြိုးဖြိုးဖျဉ်းဖျဉ်းနှင့် တရစ်ရစ် ညှစ်ပတ်နေရာ သူ့မျက်နှာသို့ပင် တငွေ့ငွေ့ အပူရှိန်ဟပ်နေခဲ့သည်။
      “ သူ့လင်က ကြိုးကိုင်နေတာနေမှာပေါ့။ လောင်းကစားသမားဆိုတာ ငွေအမြဲလိုနေတဲ့ လူစားမျိုးလေ။ ဒီတော့လည်း ငယ်ငယ်က ချစ်ခင်လေးစားခဲ့တဲ့ အစ်ကိုကြီးကိုတောင် မလေးမခန့်နဲ့ ဘေးဖယ်ထားရဲတော့တာပေါ့..”
      သူ့ဇနီး၏ အပြောကလည်း မီးလောင်ရာလေပင့်။
      အမှန်က သူ့ဇနီးသည် မီးမလောင်လောင်အောင် လောင်စာအပြည့်နှင့် သူ့ရင်ကို မီးညှိပေးခဲ့သူဖြစ်၏။ ရင်နှင့်အပြည့်လောင်စာများကတော့ သူကိုယ်တိုင်သာ လက်ခံစုဆောင်းမိခဲ့သူ ဖြစ်လေသည်။
                                                                xxxxxxxxxx
      ယခင်ကတော့ သည်လမ်းကလေးသည် သူ့အတွက် အနာဂတ်အိပ်မက်များဆီသို့ ဦးတည်သွားရာ ဖြစ်ခဲ့သည်။ တစ်ဖန် မေတ္တာရိပ်မြုံသို့ ရင်ငွေ့ခိုလှုံအားဖြည့်ရန် အိမ်ပြန်လမ်းလေးလည်းဖြစ်သည်။
      သို့သော် သူ၏ အနာဂတ်အိပ်မက်များက ကြီးမားလာလေ၊ အပြန်လမ်းများက တဖြည်းဖြည်းကျဲပါးလာခဲ့ရ၏။ ပြေးလမ်းတစ်လျှောက် ပန်းလျလွန်းလှမှ မိဘရိပ်မှာ နားခိုရန်သတိရ၍ အပြေးပြန်လာလိုက်၊ အားပြည့်လာတော့လည်း မဆုံးနိုင်သော ပြိုင်ပွဲတစ်ခုလို အိပ်မက်များဆီ အပြေးလှမ်းလိုက်နှင့်။
     နတ်သမီးလေး “ မေ ” သည် သူ့အိပ်မက်များကို ပိုမိုတောက်ပ စွဲမက်စေနိုင်ခဲ့သူဖြစ်၏။ လူငယ်သဘာဝ ရည်းစားလေးတစ်ယောက်ရလာတော့ ချစ်သူရှိရာမြေသည် သူ့အတွက် နတ်ဘုံနတ်နန်းတမျှ သာယာစိုပြည်လာတော့သည်။ ကျောင်းပိတ်ရက်မို့ အိမ်ပြန်လျှင်ပင် နှလုံးသားမှာ ပူလောင်သွေ့ခြောက်ကာ နေရခက်လှ၏။
     သည်လိုနှင့် လမ်းကလေးကို ဖြတ်သန်းသွားလာမှု နည်းလာကာ ကျောင်းပိတ်ရက်များကိုပင် သင်တန်းမျိုးစုံ အကြောင်းပြနှင့်  အိမ်ပြန်ကျဲခဲ့ရသည်။ သူ့ အိမ်ပြန်လမ်းကို မျှော်နေကျ အမေသည်လည်း ခွင့်လွှတ်ပြုံးလေးနှင့် နားလည်ပေးတတ်သူမို့ပေလား။
     နယ်မြို့လေးမှ မိသားစုဘ၀က အေးချမ်းသလောက် မြို့တော်ကြီးမှ ရုန်းကန်မှုများမှာ ကြမ်းတမ်းလှသည်။
      ဘွဲ့လက်မှတ်နှငိ့ ဒီပလိုမာလက်မှတ်များ၊ သင်တန်းဆင်းလက်မှတ်မျိုးစုံသည် သူ့ဘ၀အတွက် အမြင့်ကို လှမ်းတက်ရမည့် လှေကားထစ်များပမာ။ အမေ့၏ စုဆောင်းငွေနှင့် ရွှေတိုရွှေစများကတော့ လှေကားထစ်များအတွက် လမ်းခင်းခဲ့ရသော ပေးဆပ်မှုများသာ။
     ပညာစုံတော့လည်း မိဘကို ကျေးဇူးမဆပ်နိုင်သေး။ သူ့နှလုံးသားထဲမှာ အကြွေးမှတ်လက်စနှင့် ဆက်မှတ်ထားလိုက်ပြီး ကြင်ရာစုံဖို့ကိုသာ ပိုဦးစားပေးဖြစ်လိုက်၏။
     ခွင့်လွှတ်တတ်သူ အဖေနှင့် အမေကတော့ အပြစ်မပြောရှာပါ။ ညီမလေးကလည်း အစ်ကိုကို ချစ်သူပီပီ ယောက်မကိုလည်း အစ်မရင်းချာပမာ မေတ္တာထားရှာ၏။
      သူ့ဘ၀က သူသွားနေကျ လမ်းကလေးလို အကွေ့အကောက်မကင်းလှသော်လည်း အဖုအထစ်နည်းလှပါသည်။
မိဘများက မချမ်းးသာလှသော်လည်း သူရည်ရွယ်ရာပန်းတိုင်ကိုတော့ ရှောရှောရှူရှူ ပံ့ပိုးပေးနိုင်ခဲ့၏။ သူကလည်း တက်လှမ်းနိုင်မည့် စွမ်းအင်အားမာန်ကို လိုအပ်သလောက် စိုက်ထုတ်နိုင်ခဲ့သည်။ အဓိကကတော့ ညီမလေး၏ သူ့အပေါ်ဦးစားပေးကာ အဝေးသင်တက်ခဲ့ရှာသော သိတတ်ခြင်းပင်။
      မေကတော့ မပူမပင် မကြောင့်မကျဘ၀မှ လာခဲ့သူပီပီ အောက်ခြေနည်းနည်းလွတ်ချင်ဒ။ တော်တန်ရုံကို တူတန်သည်ဟု မထင်ချင်။ ဘ၀င်ခပ်မြင့်မြင့်၊ ဇီဇာခပ်ကြောင်ကြောင်၊ ကိန်းခန်းခပ်ကြီးကြီး။
      သို့ပေမဲ့ သူ့ကိုတော့ အင်မတန်ချစ်သညြ်။ သူကလည်း ဘ၀င်ခပ်မြင့်မြင့် မေက သူ့ကို တူတူတန်တန် ပြန်ချစ်သည်ကိုပင် ဂုဏ်ယူကျေနပ်မိသူလေ။
     မိန်းကလေးတစ်ယောက်အဖို့ ထိုက်သင့်သော ဘ၀င်မြင့်မှုလေးရှိမှလည်း အဖိုးတန်သည်ဟု သူက ထင်ချင်သည်။ နို့မဟုတ်လျှင် မေ့နားမှာ ၀ိုင်းနေသောလူအားလုံးကို မေက လိုက်လိုက်လျောလျော ဆက်ဆံနေမှာမျိုးကိုလည်း သူမလိုလားပါ။
    ကျောင်းစာမှာ အများတကာထက် ထူးချွန်ထက်မြက်သော၊ အားကစားမှာ အောင်မြင်ထင်ရှားသော၊ အနုပညာအသင်းမှာ ပေါ်လွင်ကျော်ကြားသော၊ သူလို ခေါင်းတစ်လုံး ချွန်ထွက်နေသူကိုမှ မေရွေးချယ်သည်မှာ မေ့ဂုဏ်အဆင့်အတန်း၊ အနေအထိုင်နှင့် ကိုက်ညီ၍ဟု သူက တန်းညှိချင်သည်လေ။
                                                         xxxxxxxxx
    သူ အမောတကော ပြေးလှမ်းလာခဲ့သော လမ်းကလေးသည် လွန်ခဲ့ပြီးသော နှစ်များစွာကလို သစ်ရိပ်များ အုံ့ဆိုင်းနေဆဲဖြစ်၏။
     မြို့တော်ကြီးတစ်ဝိုက်မှ သစ်ကြီးဝါးကြီးများမှာ နာဂစ်အလွန်တွင် ကုန်လုကုန်ခါနီး ကွယ်ပျောက်ခဲ့ပြီဖြစ်သော်လည်း မြေလတ်မြို့လေးသို့ သွားရာလမ်းတစ်လျှောက်မှာ တော့ သက်တမ်းရင့် သစ်ရိပ်ကြီးများက မပြောင်းမလဲ ရိပ်မိုးနေဆဲပင်။
      ရုန်းကြွနေသော အပူမှသည် ငြိမ်သက်သောအအေးဆီသို့ အကူးအစပ်မှာ သူ့နှလုံးပြင်ထက်ဝယ် တရေးရေး ပေါ်လွင်ထင်ဟပ်လာနေ၏။ သူလက်မခံချင်၍ မရပါ။ တဖြည်းဖြည်း အလွန်ထင်ရှားလာပါသည်။
     အိမ်မှထွက်စဉ် အမောက်ထောင်နေခဲ့သော ရင်အပူ ဒေါသမီးက ၀န်းကျင်အရိပ်အာဝါသအောက်၌ပင် အတော်အတန် မာန်ချ ငြိမ်ကျခဲ့လေပြီ။
     သည်လမ်းကလေးသည် အနာဂတ်အောင်မြင်မှုများဆီသို့ သူ လှမ်းတက်နိုင်ရန် ခြေဆင်းကလေး ဖြစ်ခဲ့သည်။ မောနွမ်းပန်းလျမှုများမှ ပုန်းခိုအားဖြည့်ရာ အမေ့အိမ်ဆီသို့ သယ်ပို့ပေးရာလည်း ဖြစ်ခဲ့သည်။
     ယခုရော....။ ဘာ့အတွက်ကြောင့်နှင့် သည်လမ်းကလေးပေါ် သူ ရောက်လာရပြန်သလဲ။ သည်တစ်ခါ အိမ်ပြန်လမ်းမှာ ပန်းလျမှုများအတွက် နားခိုရာ အမေ့ရင်ရိပ်က ကွယ်ခဲ့ပြီး ဖြစ်သည်။ အားဖြည့်ခိုလှုံရန် အဖေ့ရင်ခွင်ကလည်း ပြိုခဲ့ပြီးလေပြီ။ အတိတ်က သူတို့မိသားစုဟောင်းလေးမှာ ကျန်နေသည်က သူကသာ ရိပ်မိုးပေးရမည့် ၊ အရိပ်ထိုးပေးသင့်သည့် ညီမငယ်လေး။ နှမထွေးကလေး....။
                                                               xxxxxxxxx
     သူ့ပြေးလမ်းက ဘွဲ့လက်မှတ်များ၊ သင်တန်းဆင်းလက်မှတ်များ ခင်းကာ ကုမ္ပဏီကြီးတစ်ခု၏ အရေးပါသော ၀န်ထမ်းတစ်ယောက်ဖြစ်လာသော်လည်း အဆုံးမသတ်နိုင်သေးပါ။
      လှေကားတစ်များက ပို၍မတ်လာကာ တစ်ဆင့်ထက်တစ်ဆင့် ပိုအားစိုက်ကာ တက်ရသော်လည်း သူ့အတွက် အမောပြေဆေး သမီးလေးကို ချစ်ဇနီးမေက လက်ဆောင်ပေးခဲ့၏။
      နုဖပ်ရွှမ်းစိုနေသည့် သမီးလေးအတွက် နေပြောက်မထိုးအောင် လုံလောက်ကျယ်ပြန့်မည့် မေတ္တာရိပ်ကို သူ ဖြန့်ကြက်မိုးကာပေးရသည်။ အခြေကြီးကြီး စိတ်နေမြင့်သည့် ချစ်ဇနီးအတွက် အနေတင့်အောင် သူ ကြိုးပမ်းရ၏။
      ကုမ္ပဏီ၏ ရှယ်ယာအများဆုံး ၀ယ်နိုင်အောင်၊ လုပ်ပိုင်ခွင့် ဒါရိုက်တာ ရာထူးမြင့်မြင့်ရအောင်၊ နိုင်ငံခြားသို့ ပညာသင်စေလွှတ်ရာမှာ၊ နိုင်ငံတကာ လုပ်ငန်းအတွေ့အကြုံ ရှာဖွေရာမှာ၊ လုပ်ပိုင်ခွင့်များ ဖြန့်ကျက်ရာမှာ အောင်မြင်မှုအတွက် သူ၏အချိန်များ၊ အားအင်များ၊ စွမ်းဆောင်ရည်များနှင့် လဲလှယ်ခဲ့ရ၏။
      သမီးနှင့်ဇနီးအတွက် ပေးဆပ်နေရသည့်အချိန်များမှာ အဖေနှင့်အမေကို အဝေးမှသာ အကြွေးဆက်မှတ်ရင်း လေလှိုင်းထဲမှ အသံပါးပါးလေးဖြင့်သာ နှစ်သိမ့်နိုင်ခဲ့၏။
      ဘယ်တုန်းကမှ အပြစ်မပြောတတ်သည့် မိဘများကတော့ သား၏အောင်မြင်မှုကို နားအကြားနှင့် ပီတိဝေစည်မြဲ။
သူ့မှာတော့ ရိုးရိုးတိုက်ခန်းမှ ကွန်ဒို၊ ကွန်ဒိုမှ ကိုယ်ပိုင်ခြံဝင်း။
     အတွန်းအတိုက်တွေများသော မြို့တော်ကြီး၏ မဆုံးနိုင်သော ပြိုင်ဆိုင်မှုကြားထဲ ဘယ်သောအခါမှ ပြီးပြည့်စုံနိုင်မည် မသိ။ မိဘအိမ် ရံခါ အလည်ရောက်သည့်အချိန်မှာတောင် မုန့်နှင့်အသုံးအဆောင် လက်ဆောင်များမှလွဲ၍ စို့စို့ပို့ပို့ ထိုက်တန်သည့် ငွေကြေးမကန်တော့နိုင်သေး။
    သား၊ မြေးတို့အိမ်အပြန် အမေထည့်ပေးသည့် ဒေသထွက်ကုန် တောစာတောင်စာတွေက သူတို့သယ်လာသော မြို့လက်ဆောင်တွေထက် ပိုပြီးအလျှံအပယ်ဖြစ်နေပြန်တော့ သူ့မှာ စိတ်အကြွေးသာ ထပ်ထပ်တိုးမြဲ။ လက်ကတော့ မပါနိုင်သေး။
     သမီးလေးအတွက် အကောင်းဆုံးသောကျောင်း ထားနိုင်ဖို့၊ မေ့အပေါင်းအသင်းတွေကြားမှာ မျက်နှာအောက်မချ ကားအမြင့်စီးစေနိုင်ဖို့...။
     ကြွေးဟောင်းကတော့ မှတ်လက်စနှင့် ဆက်မှတ်နေဆဲ။ ကြွေးသစ်ကတော့ လက်မတွန့်တမ်းချလို့ ကောင်းနေသည်ပေါ့။
                                                                  xxxxxxxxx

     အဖေ အသည်းအသန်ဖြစ်နေချိန်သည် ကုမ္ပဏီကိစ္စတစ်ခု၏ နိုင်ငံခြားခရီးစဉ်လွှတ်ရန် လူရွှေးနေချိန်ဖြစ်ခဲ့သည်။ သူလက်မလွှတ်နိုင်သော အခွင့်အရေးတစ်ခုကို မွေးသဖခင်၏ နောက်ဆုံးအချိန်နှင့် ယှဉ်ထိုးကာ ချိန်ခွင်လျှာညှိရသလိုပင်။
     မေက သည်ကိစ္စမှာ ဘာတစ်ခွန်းမျှ အဝေဖန်သော်လည်း နိုင်ငံခြားပြန် လက်ဆောင်တစ်ပွေ့တစ်ပိုက်နှင့် သူ ခြိုးခြံချွေတာလာသော ဒေါ်လာလေးများကို ၀င်းလက်နေသော အပြုံးဖြင့် လက်ခံခဲ့သည်ပဲ။ မေ့အပြစ်တော့ဖြင့် မဟုတ်ပါ။ သူကသာ သည်လမ်းကို ရွေးခဲ့ခြင်းဖြစ်၏။
     စိတ်နှလုံးကြီးမားသော အမေကတော့ တစ်လပြည့်ဆွမ်းကျွေးမှ ရောက်လာနိုင်သော သားတော်မောင်ကို အပြုံးမပျက် ကြိုဆိုပါ၏။ သူကသာ အမေနှင့် ညီမလေးကို မျက်နှာချင်းဆိုင်မိတိုင်း မျက်နှာ တနွေးနွေး။
    အဖေ့ကို စိတ်ထဲမှ အကြိမ်ကြိမ်တောင်းပန်ရင်း အမေ့နားမှာ တိုးတိုးဝှေ့ဝှေ့နှင့် အချိန်နည်းနည်းပိုနေပေးလိုက်သည်နှင့် အမေက ကျေနပ်ပီတိဝေနေသလို သူကလည်း စိတ်အကြွေးပြေသွားသလိုတော့ အရှိသား။
      ညီမလေးကတော့ ရှိသည်ဟုပင် မထင်ရလောက်အောင် လိုသည့်နေရာဖြည့်၍ အပိုဝင်မပါဘဲ နေတတ်ရှာလွန်းသူလေး။ သူ ကျေးဇူး ကျိတ်တင်မိရပါသည်။ သူကလေးကသာ စကားနာလိုမျိုး တစ်ခွန်းတစ်လေများ ငြိစွန်းစကား ဆိုလာခဲ့ပါလျှင် သူ့ရင်ထုပ်ချင်းခပ် နောက်တ၀န်ပိပေလိမ့်မည်။ အမေနှင့် သူ့အကြား အနားသတ်မညီ ဖြစ်သွားနိုင်သည်။ မေ၏ သူ့ဘက်ကိုယ့်ဘက်ချိန်ခွင်ကလည်း ဘောင်ဘင်ခတ်ချင်လာမည်။
      တကယ်တမ်းတွင် စိတ်သဘောကောင်းရှာသု ညီမလေးက ဘ၀ကံတော့ မကောင်းရှာပါ။ လက်ကြောမတင်းသည့် လောင်းကစားသမားနှင့်မှ အကြောင်းပါရသည်။ သိုပေမဲ့ အမေရော၊ ညီမလေးပါ ညည်းညူသံ တစ်ခွန်းမျှ မဟ။ သူ့ထံကို အပူတစ်စမျှ မကူးစက်စေခဲ့ပါ။
      အရာရာသည်းခံနိုင်လွန်းသူ အမေသည် သူခံစားရသော ရောဂါဝေဒနာများကို သားသမီးများ စိတ်မထိခိုက်ရအောင် မျက်နှာမပျက်သည်းခံရင်း ဘ၀ကူးသွားခဲ့သည်သာ။
     အမေ့ပေါ် ထိုက်သင့်သလောက် ပြုစုတာဝန်ကျေနိုင်ခဲ့၍ စိတ်သက်သာမှုရခဲ့သော်လည်း မြို့တော်ကြီးသို့ ခေါ်ဆောင်ဆေးကုပေးချင်သော စေတနာကိုတော့ အမေလက်မခံခဲ့သည်မှာ ၀မ်းနည်းစရာပါ။
     ကျွမ်းရင့်နေပြီဖြစ်သော သူ့ရောဂါကို သူသိနေ၍လား။ စိတ်အခြေကြီးကြီးနှင့် သီးခြားဆန်သော ချွေးမကို စိတ်ဒုက္ခမပေးချင်၍လား။ သေချာသည်ကတော့ အင်မတန် အေးမြငြိမ်းသက်စွာ အုပ်မိုးညွတ်ကိုင်းပေးခဲ့သော မေတ္တာရင်ခွင်ရိပ်တစ်စုံသည် လောကအလယ်တွင်ကွယ်ပျောက် သွားခဲ့သော်လည်း သူ့နှလုံးသားထဲ၌ ထာဝစဉ် ရိပ်မိုးနေဆဲ ဆိုသည်ပါပဲ။
                                                              xxxxxxxxx

    အုပ်ဆိုင်းအေးမြလှသော လမ်းစဉ်တစ်လျှောက်မှ သစ်ရိပ်ကြီးများသည် မြို့ကလေးအ၀င်မှာတော့ အလင်းတို့ အ၀င်-အထွက်ကောင်းအောင် အနည်းငယ် ပါးလျပေးလိုက်သလိုပင်။
     မြို့ကလေးမှာ ၀င်းဝင်းလက်လက် ကြည်ကြည်စင်စင်။ သူ့အမြင်မှာ ဖြူစင်တောက်ပနေလေသည်။
     မြို့နဘေးမှ ရစ်ခွေစီးဆင်းနေသော ဧရာဝတီမြစ်ကြီးက နေချိုသွေးစ ညနေ၏ မြို့အလှကို ငွေရောင်တလက်လက်နှင့် အားဖြည့်ပေးနေ၏။
   မြစ်ကမ်းနဘေးမှ သောင်ခုံ ဖြူလွလွပေါ်တွင် ကလေးငယ်တို့ ပြေးလွှားဆော့ကစားနေသည်။ ဘောင်းဘီတို ပွပွ၊ ဆံပင်ရိုင်း ဖြောင့်ဖြောင့်နှင့် ဂျစ်တူးကလေးသည် ညီမငယ် အမာရီကို စနောက်ကာ ရှေ့မှ ပြေး၏။ အမာက နောက်တွင် ခုန်ဆွခုန်ဆွ ပြေးလိုက်သော်လည်း မမီနိုင်ဘဲ အော်ဟစ်နေလေသည်။ အဖေနှင့်အမေကတော့  မောင်နှမနှစ်ယောက်ကို ကြည်ကာ ကြည်နူးစွာ ပြုံးနေကြ၏။ အတိတ်ကြေးမုံသည် သူ့စိတ်အာရုံတွင် တဖျပ်ဖျပ်ခုန်နေလေပြီ။
       မိဘနှစ်ပါး၏ အေးမြငြိမ်သက်၍ အခါမလင့် မကွယ်ပနိုင်သော မေတ္တာရိပ်အမွေကို တစ်သက်ပတ်လုံး သူ့အား
နားလည်မှု၊ ချစ်ခြင်းအပြည့်ရှိခဲ့ရှာသည့် နှမငယ်လေးအပေါ်သို့ မိဘကိုယ်စား သူကိုယ်တိုင် အုပ်မိုးပေးရန် မလိုအပ်ပေဘူးလား။
      မိဘတို့အမွေ အိမ်ကလေးသည် သူ့ကြွယ်ဝမှုနှင့်စာလျှင် အစွန်းထွက်မျှသာလျှင်ဖြစ်သည်။ သူ့ကို အသိမပေးဘဲ အိမ်ကလေးကို ဈေးဆိုင်ထားသည်ဟူသော ကောလာဟလသည် အခြေအမြစ်ရှိ မရှိ မဆန်းစစ်နိုင်လောက်အောင် မောဟအမှောင်က ဖုံးလွှမ်းထားခဲ့၏၊
      တစ်သက်တာလုံး အပြစ်ဟူ၍ မြူတစ်မှုန်မျှ မရှိရှာသော နှမငယ်အပေါ် မငြူစူရက်တော့ တစ်ဖက်လှည့်နှင့် ယောက်ဖအပြစ်ကို ရှာကြံကြည့်မိသော သူ့ဒေါသကိုလည်း သူရှက်ရွံ့မိပါသည်။
      သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်ကို ရှေ့တန်းပို့ကာ သူနှင့်ယှဉ်ပြိုင် ငါလည်းပိုင်တာပဲဟု သိမ်နုပ်ခဲ့မိသော လောဘအတွေးတို့က အစွန်းထွက်ကိုပင် မမြင်နိုင်ခဲ့ပေ။
     လမ်းကလေးကို သူတကယ် ကျေးဇူးတင်မိသည်။
     လမ်းကလေးသည် သူ့စိတ်ကို လောဘ၊ ဒေါသ၊ မောဟတို့မှ သိမ်းဆည်းလွန်မြောက်အောင် သတိဝင်စေခဲ့လေ၏။
      သည်လမ်းကလေးမှ အပြန်တွင်တော့ သူ့နှလုံးသားမှ မေတ္တာရိပ်အမွေကို နှမငယ်ထံ အပြီးလက်ဆင့်ကမ်း ပေးခဲ့တော့မည်ဖြစ်သည်။
      သူ့နှလုံးသားထက်မှ မေတ္တာသက်သေသည် လွှဲပြောင်းစာချုပ်တစ်ခု၏ လက်မှတ်သက်သေနှင့် အလဲထပ်ယှဉ်ထိုးနိုင်ဦးမည်လား။
     မိဘမေတ္တာရိပ် လွှမ်းနေသေးသော အိမ်ကလေးသို့ အ၀င်တွင် နှမငယ်လေးသည် အေးမြသောအပြုံးနှင့် သူ့ကို ကြိုဆိုနေလေသည်။    ။
                                                                  xxxxxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
 အောက်တိုဘာလ.. ၂၀၁၁...ပိတောက်နွယ်မဂ္ဂဇင်း

အဖြူဘေးက အရောင်


ပထမတော့ သမီးကို ကျောင်းလိုက်ပို့တိုင်း အတန်းထဲထိ ကျွန်မကိုယ်တိုင် ကျောပိုးအိတ်ကိုသယ်ပြီး ပို့ပေးနေကျပါ။ သူငယ်တန်းကနေ ခု... နှစ်တန်းနှစ်အထိ တစ်ရက်မှ မပျက်ဖူးသေးဘူး။
ဟိုတစ်ရက်ကတော့ သမီးနဲ့ကျွန်မ ကျောင်းထဲဝင်တယ် ဆိုရင်ပဲ ကလေးမလေးနှစ်ယောက်က ပြေးလာပြီး ကျွန်မလက်ထဲက ကျောပိုးအိတ်ကို အလုအယက် ဝိုင်းဆွဲယူကြတယ်။
' သမီးတို့ ဘယ်သူ့ကို စောင့်နေတာလဲ..'
' ထူးတွယ်တာကို စောင့်နေတာအန်တီ။ ပေး.. သမီးကို ကျောပိုးအိတ်။ သမီးသယ်ခဲ့မယ်...'
ခပ်ကြီးကြီး ခပ်သွက်သွက် ' အိရွှေစင် ' ဆိုတဲ့ ကောင်မလေးက ကျွန်မဆီက ကျောပိုးအိတ်ကို လှမ်းယူရင်း ပြောလိုက်တော့ ကျွန်မလည်း တော်တော်သဘောကျသွားတယ်။ ကလေးပေမယ့် လိမ္မာရေးခြားရှိပြီး သိတတ်တဲ့စိတ်ကလေးက ချစ်စရာကောင်းလိုက်တာ။
ဒါနဲ့များ သမီးက ပြောပြောပြတော့ ဒီကောင်မလေးက ဆိုးသတဲ့။ အတန်းထဲမှာ အသက်အကြီးဆုံးမို့ အားလုံးအပေါ်
ဗိုလ်ကျပြီး အမြဲ အနိုင်ကျင့်သတဲ့။ သမီးသူငယ်တန်းစတက်တဲ့ နှစ်တုန်းကလည်း သမီးက လူကြောက်ပြီး ငိုငိုနေရတဲ့ကြားထဲ ဒီကလေးမက ဗိုလ်ကျပြန်တော့ ကျောင်းမပျော်တဲ့ရောဂါ တော်တော် တက်လိုက်သေးတာလေ။
အဆိုးဆုံးက တစ်နေ့တော့ သမီးလေးနဲ့ အိရွှေစင်ရဲ့ညီမ တစ်ဝမ်းကွဲလေးနဲ့ စကားများကြတဲ့အခါ အိရွှေစင်က ခါးထောက်ပြီး...
' ငါ့ညီမကို နင်က အနိုင်ကျင့်တယ်ပေါ့လေ...ဘာ...ညာ..' ဆိုပြီး သမီးကို လာရန်တွေ့သတဲ့။ သမီးက အားငယ်ပြီး အိမ်ပြန်ရောက်တော့
ကျွန်မကို မျက်ရည်တလဲ့လဲ့နဲ့ ပြောပြရှာတယ်။
အခါတိုင်းမှာ ကျွန်မကတောင် သမီးလေးကို ပြေရာပြေကြောင်း ဖြေသိမ့်ပေးနေကျပေမယ့် သမီးမျက်ရည်ကို မြင်တော့ကျွန်မလည်း တော်တော် စိတ်လှုပ်ရှားသွားရတယ်။ နောက်နေ့ သမီးကိုကျောင်းလိုက်ပို့ရင်း....
'အိရွှေစင်..သမီးက အတန်းထဲမှာ အကြီးဆုံးဆိုတော့ ကိုယ့်ထက်ငယ်တဲ့သူဆို ကိုယ့်ညီမလိုပဲ သဘောထားရမယ်လေ။ သူတို့အချင်းချင်း စကားများတိုင်း ညီမဖက်ကချည်း လိုက်ရန်တွေ့ပေးနေတော့ ဘယ်ကောင်းမှာလဲ...' ..လို့ စိတ်ထဲမှာ ကသိကအောင့် ဖြစ်ပေမယ့် စိတ်တင်းပြီး ပြောခဲ့လိုက်တယ်။ အိမ်ပြန်လာတော့လည်း သမီးအတွက် တာဝန်ကျေခဲ့တဲ့ အမေတစ်ယောက်ရဲ့ ခံစားမှုမျိုးနဲ့ပေါ့။
ဒါပေမယ့် ညနေကျောင်းဆင်းလာတော့ သမီးက မျက်နှာညှိုးညှိုးလေးနဲ့ အိမ်ပြန်လာပါတယ်။
' နောက်တစ်ခါ အိရွှေစင်ကို လိုက်မပြောပါနဲ့တော့ မေမေ'
' ဘာဖြစ်လို့လဲ သမီး။ သူက သမီးကို ရန်လုပ်ပြန်ပြီလား...'
' သူက ပြောတယ်။ နင့်အမေက ငါ့ကို လာဆုံးမနေတာပေါ့လေ။ သူ့သမီးကျနေတာပဲတဲ့...'
ဟောတော့..ဒီကောင်မလေး တကယ်မလွယ်ပါလား။အတန်းထဲမှာ ဗိုလ်ကျရုံတင်မကဘူး။ကျွန်မကိုပါ အမေမဟုတ်ပဲလာမဆုံးမနဲ့ ဆိုတဲ့သဘော။
' နောက်ပြီးတော့ ပြောသေးတယ် မေမေ။ ဥပမာ နင့်မှာလည်း ညီမရှိတယ် ဆိုပါတော့။ နင့်ညီမနဲ့ တခြားသူ ရန်ဖြစ်တာကို နင်က ဒီတိုင်း ကြည့်နေမှာလားတဲ့။ ညီမကို ကာကွယ်ရမယ့် တာဝန်ရှိတယ် မဟုတ်လား.. တဲ့။ ကိုယ်ချင်းစာကြည့်ပေါ့...တဲ့ '
ကျွန်မ တော်တော် အံ့သြသွားတာပါ။ သူငယ်တန်း ကျောင်းသူလေးက ပြောတဲ့စကားတဲ့လေ။
ကျွန်မလို လူကြီးတစ်ယောက်ကို သူက ပြန်စွပ်စွဲလိုက်တဲ့ သဘောပေါ့။ ဒီတော့ ကျွန်မက ကိုယ်ချင်းမစာတတ်တဲ့လူ ဖြစ်သွားပါလေရော။ နဂိုကမှ ကလေးကိစ္စ ဝင်ပြောရလို့ လူကြီးမဆန်မှာစိုးပြီး လိပ်ပြာမလုံရတဲ့ကြားထဲ...။
အဲဒီကတည်းက နောက်ဆို ကလေးတွေကိစ္စမှာ သိတ်ကြားမဝင်ဖို့ သတိထားရတော့တယ်။ဒါပေမယ့် ကျွန်မသူ့ကို စိတ်မဆိုးပါဘူး။
ဂျက်နဲ့လက်နဲ့ ပြောတတ်တဲ့အတွက် သူ့အသိဥာဏ်လေးကို အသိအမှတ်ပြုမိသလို ကျွန်မသမီးအတွက်လည်း မအေပီပီ စိတ်ပူမိပါတယ်။
သူက သမီးကို တစ်လျှောက်လုံး လွှမ်းမိုးသွားမှာ စိုးလို့ပါ။
ဒီလိုနဲ့ပဲ သူငယ်တန်းနဲ့ ပထမတန်းကို သူနဲ့သမီးနဲ့ နည်းနည်းပါးပါး ရန်ဖြစ်လိုက် ၊ပြန်ခေါ်သွားလိုက်၊ ဘာမဟုတ်တာလေးတွေကို ပြဿနာလုပ်လိုက်၊ ပဋိပက္ခအသေးအမွှားလေးတွေ ကျော်လွှားသွားလိုက်နဲ့ ကလေးတွေ သူတို့ဖာသာဖြေရှင်းရင်း ဒုတိယတန်းကိုရောက်လာကြ ပါတယ်။ သမီးကလည်း ခပ်ညံ့ညံ့၊ သူများအလွှမ်းမိုးခံမယ့် အစားထဲက မဟုတ်တာမို့ ကျွန်မ အသာပဲ ဘေးက ကြည့်နေလိုက်ပါတော့တယ်။
xxxxxxxxxx
ကျောင်းအဝင်ဝမှာ သမီးရဲ့သူငယ်ချင်းနှစ်ယောက် စောင့်နေတော့ သမီးကို မုန့်ဝယ်ကျွေးရင်း သူတို့ကိုပါ ဝယ်ကျွေးလိုက်တယ်။
' ဟင့်အင်း အန်တီ။ နေပါစေ...'
ထုံးစံအတိုင်း ခပ်သွက်သွက် အိရွှေစင်က ဦးဆောင်ပြီး ငြင်းဆန်ပါတယ်။
' စားပါသမီးရယ်။သမီးတို့ကြိုက်တာ တစ်ယောက်တစ်ခုယူကြ။အန်တီက ကြုံတုန်း သမီးတို့ကိုချစ်လို့ ဝယ်ကျွေးတာ။ ယူ..ယူ'
ဒီလိုဆိုတော့လည်း တစ်ယောက်တစ်မျိုး ရွေးချယ်ယူကြပြီး ပြုံးပြုံးရွှင်ရွှင် ကျေးဇူးတင်စကား ဆိုကြပါတယ်။
' ကဲ ဒါဆို အဖော်တွေလည်းရှိပြီ။ မေမေ အတန်းထဲထိ လိုက်မပို့တော့ဘူးနော်။ သမီးတို့ သွားကြတော့...'
ကလေးတွေ ပျော်ပျော်ရွှင်ရွှင် စီစီညံညံ ထွက်သွားကြတော့ ကျွန်မပြုံးပြီး လက်ပြကျန်ခဲ့တာပေါ့။ သမီးလွယ်အိတ်ကို အိရွှေစင်လေးက လွယ်ပိုးပြီး သယ်သွားပေးတာမို့ အမကြီးစိတ်ဓါတ်ရှိရှာတဲ့ ကလေးမလေးပါလား။ သူ့ခမျာ အိမ်မှာလည်း မောင်နှမတွေထဲ အကြီးဆုံးဆိုတော့ အငယ်တွေကို ဆရာလုပ်နေကျ အကျင့်ပါနေလို့သာ ကျောင်းမှာလည်း တခြားသူတွေအပေါ် အနိုင်ကျင့်သလို ဖြစ်နေတာ။
ဒီလိုဆိုတော့လည်း အမကြီးစိတ်ဓါတ်နဲ့ အနစ်နာခံ သယ်ပိုးပြီး ကြင်နာတတ်ရှာသားလို့ တွေးမိတယ်။ သမီးကိုလည်း အမကြီးလုပ်ချင်တဲ့ သူ့စိတ်ဓါတ်ကို နားလည်အောင် ရှင်းပြလိုက်တယ်။
တွေ့တိုင်းမုန့်ဝယ်ကျွေးတဲ့ ကျွန်မကို ကလေးမလေးနှစ်ယောက်ကလည်း ချစ်ကြတယ်ထင်ပါရဲ့။ နေ့တိုင်း လာစောင့်နေတတ်တယ်။
သမီးကလည်း သူ့သူငယ်ချင်းနှစ်ယောက်ကို တစ်ယောက်တစ်ရာဖိုး ဝယ်ကျွေးတော့ နေ့တိုင်း သုံးလေးရာဖိုး စားနေကျ သူ့ကုန်ကျစရိတ်ကို တစ်ဝက်လျှော့ပြီး တစ်ရာတန် မုန့်နှစ်ခုပဲ ယူရှာတယ်။ ဒီတော့ သူစားရမယ့် မုန့်ကို သူ့သူငယ်ချင်းတွေကို ဝေမျှကျွေးလိုက်တဲ့ သဘောပါပဲ။ ကျွန်မကတော့ ပိုကုန်လည်း တစ်ရာလောက်ပေါ့။ အဲသလောက်တော့ ကျွန်မ အကုန်ခံနိုင်ပါတယ်။
တစ်နေ့လည်မှာတော့ ကလေးတွေအများကြီး သမီးနားကို ဝိုင်းလာတာမို့ ကျွန်မ အံ့သြသွားရတယ်။ အားလုံးကတော့ သမီးနဲ့ အတန်းတူ သူငယ်ချင်းလေးတွေပါပဲ။ ရှစ်ယောက်လောက်တော့ရှိမယ်။ ကျွန်မကိုလည်း ကွက်ကြည့်ကွက်ကြည့်နဲ့။
လာကြိုနေကျ ကလေးနှစ်ယောက်ကို မုန့်ဝယ်ကျွေးတာ သတင်းကြားပြီး လာကြိုကြတယ် ထင်ပါရဲ့။
' သမီးတို့လာ...။ ကြိုက်တဲ့မုန့် တစ်ယောက်တစ်ခုယူကြ။ အန်တီမုန့်ဝယ်ကျွေးမယ်....'
ကလေးချစ်တဲ့ကျွန်မက ကလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ မုန့်ကိုယ်စီယူကြတာကြည့်ပြီး ကြည်နူးနေမိတယ်။ သွက်တဲ့ကလေးတွေက
' ကျေးဇူး..အန်တီ..' လို့ပြောပြီး သမီးနဲ့အတူ ကျောင်းခန်းထဲ ဆက်လျှောက်သွားတော့မှ ကျွန်မ ပိုက်ဆံရှင်းရတယ်။
မုန့်ရောင်းတဲ့ကောင်မလေးက ' တစ်ထောင်တောင် အန်တီ...' လို့ပြောပြီးရယ်နေတယ်။ အင်း...တစ်ထောင် ဆိုတော့ ကျွန်မအတိုင်းအတာနဲ့ နည်းတော့မနည်းလှဘူး။ ဒါပေမယ့် တစ်ခါတစ်လေပဲ။ ရပါတယ်လေ။ ကလေးတွေ ပျော်ကြတာမြင်ရတာနဲ့ကို တန်နေပါပြီ။
ကလေးချစ်တဲ့ ကျွန်မကို သမီးသူငယ်ချင်း ကလေးမတွေကလည်း ချစ်ကြပါတယ်။ မုန့်ဈေးတန်းမှာ နေ့လည်တိုင်း
ကလေးတစ်အုပ်နဲ့ ကျွန်မ၊ တစ်ပတ်လောက်ရှိလာတော့ မုန့်ရောင်းတဲ့ ကောင်မလေးကလည်း ' ဟယ်...နေ့တိုင်း လာကြိုနေတာလား။ တစ်ပြုံကြီးပါလား...' လို့ ပြုံးစစနဲ့ မေးလာပြီ။ တစ်နေ့တစ်ထောင်နှုန်းနဲ့ဆိုတော့ ကျွန်မအိတ်ထဲလည်း ဘတ်ဂျက်က တော်တော်ပွန်းလာပြီ။
သမီးသူငယ်ချင်းတွေက ကလေးဆိုတော့ ကလေးပီပီ မုန့်ဝယ်ကျွေးရင် စားမှာပဲ။ ဝယ်ကျွေးနေကျဆိုတော့ စောင့်ရှာတာပဲ။
ကျွန်မ ပိုက်ဆံကုန်မှာ၊ အားနာတာ၊ ဘာ..ညာ...ဘယ်တွေးမလဲ။
ဒါပေမယ့် တစ်ခါတစ်လေမဟုတ်ပဲ နေ့စဉ်ကြီး စောင့်နေကြတာ....။ ရှစ်ယောက်အုပ်စုကြီးဆိုတော့ ကျွန်မလည်း အကြပ်ရိုက်နေပြီ။
တစ်နေ့တစ်ထောင်နဲ့ တစ်လဆိုရင် မနည်းလောက်ဘူးလေ။နေ့တိုင်း ဝယ်ကျွေးချင်တဲ့ စေတနာရှိပေမယ့် ကျွန်မရဲကြွယ်ဝမှုက အဲဒီလောက်တော့ မဖူလုံဘူးဆိုတာ ကျွန်မသိပါတယ်။ကျွန်မမှာ ဒီသမီးတစ်ယောက် တည်းမှ မဟုတ်တာ။ သားအကြီးကောင်က ရှစ်တန်းကျောင်းသား လူပျိုပေါက် ဖြစ်နေပြီ။ ကျောင်းစရိတ်ကလည်း ကြီး..။ အရွယ်ကလေးရောက်လာတော့ ဟိုဟာပူဆာ ဒီဟာပူဆာနဲ့ လိုအပ်ချက်တွေကလည်း များ...။
နှစ်ယောက်တည်းတုန်းက သမီးမုန့်ဖိုးထဲက မျှကျွေးရတာမို့ သိတ်မသိသာပေမယ့် နေ့တိုင်း တစ်ပြုံကြီးတော့ မဖြစ်သေးဘူးလေ။
ဘယ်လိုလုပ်ရပါ့။ ကလေးတွေကိုလည်း သနားပါတယ်။ စားချင်ရှာလို့ လာကြတာ။ ကိုယ်က ' ဒီနေ့ မုန့်ဝယ်မကျွေးဘူးဟေ့။ တစ်ခါတစ်လေမှ ကျွေးနိုင်မယ်...' လို့ ပြောမထွက်ပေါင်ကွယ်။
သူတို့က ကျွန်မလာပြီဆို သေချာပြီးသားကိစ္စတစ်ခုလို မုန့်ဆိုင်ကိုတန်းသွားပြီး မုန့်ထုပ်တွေကို ရွေးပြီးသား။ ကျွန်မ ဘယ်လို ငြင်းရက်မလဲ။ မျှော်လင့်ချက်ကလေးတွေ တောက်နေတဲ့ သူတို့မျက်ဝန်းလေးတွေ ညှိုးသွားမှာကို မမြင်ရက်ဘူး။ သနားတယ်။
ပြောမယ့်သာ ပြောနေတာ။ကျွန်မ မုန့်ဝယ်ကျွေးနေကျ ကလေးတွေထဲမှာ အများစုက ကျွန်မထက် ကြွယ်ဝသူတွေရဲ့ ကလေးတွေပါ။ ဒါပေမယ့် ကလေးဆိုတာက ဘယ်လောက်စားရစားရ မုန့်ဝယ်ကျွေးရင် ပျော်တာပဲ။ မုန့်ဝယ်ကျွေးတဲ့သူကို ချစ်တာပဲ။
ကျွန်မက ဟီးရိုးလုပ်ချင်လို့၊အချစ်ခံချင်လို့ ဒီလိုလုပ်တာတော့ မဟုတ်ပါဘူး။ကျွန်မကကို ကလေးချစ်တတ်တာ ။စေတနာ ပိုချင်တာ။
ခုတော့ ကိုယ့်ဇာတ် ကိုယ်မနိုင်တော့ဘူး။ သမီးဖေဖေကိုပဲ ရင်ဖွင့်ရတော့တယ်။ ဘယ်လိုလုပ်ရပါ့မလဲ...ပေါ့။ သမီးဖေဖေက 'မင်း ကျောင်းလိုက်မပို့ပဲ နေကြည့်ပါလား' တဲ့။ဒီအကြံ မဆိုးဘူး။ တစ်ပတ်ကို နှစ်ရက်လောက်ပဲ မုန့်ဝယ်ကျွေးမယ်ဆိုရင် နည်းနည်းတတ်နိုင်မယ် ထင်တာပဲ။ ဝယ်မကျွေးနိုင်တဲ့ရက် ကျောင်းလိုက်မပို့ပဲ သမီးဖေဖေပဲ ပို့ပေ့စေပေါ့။သမီးကိုတော့ အိမ်ကနေ မုန့်ဝယ်ထည့်ပေးလို့ ရတယ်လေ။
xxxxxxxxxxx
သမီးအတွက် ကျောင်းကိုထည့်ပေးဖို့ မုန့်ဆိုင်ကြီးမှာ မုန့်တွေဝယ်နေရင်း ချောကလက် ဒုတ်ထိုးလေးတွေက ဒါဇင်လိုက်ဝယ်ရင် တစ်ခုငါးဆယ်လောက်ပဲ ကျမှာမို့ ထည့်ဝယ်လိုက်မိတယ်။ ကျောင်းဈေးတန်းမှာ ဝယ်ကျွေးရင် မုန့်သည်လေးတွေက အမြတ်တင်ပြီး ရောင်းရတာဆိုတော့ တစ်ခုချင်းဆို တစ်ရာဖြစ်သွားရော။ ဒါဇင်လိုက်၊ ပါကင်လိုက်ဝယ်ရင် သက်သာတာနဲ့ သမီးသူငယ်ချင်းတွေ အတွက်ပါဒီလိုဝယ်ကျွေးရင် အကုန်အကျသက်သာပြီး နေ့တိုင်းတောင် ကျွေးနိုင်မယ်လေ။
မနေ့က ကျွန်မ ကျောင်းလိုက်မပို့တော့ ကလေးတွေက ကျောင်းပေါက်ဝမှာ တောင်ကြည့်မြောက်ကြည့်နဲ့ ရှာကြတယ်တဲ့။
' နင့်မေမေရော....မပါဘူးလား...' လို့ မေးကြတယ်။ သမီးလေးက ' မေမေ သိပ်နေမကောင်းလို့ လိုက်မပို့ဘူး...' လို့ ဖြေတော့ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ပဲ အတန်းထဲ ပြန်သွားကြသတဲ့။
တိတ်ဆိတ်ငြိမ်သက်ပြီး အတန်းထဲဝင်ကြမယ့် ကလေးတွေကို မြင်ယောင်ကြည့်လိုက်တော့ ကျွန်မ စိတ်မကောင်းဘူး။
အပြစ်ကင်းပြီး ဟန်ဆောင်မှုမရှိတဲ့ ကလေးတွေ...။ သူတို့ကို မုန့်ဝယ်ကျွေးတဲ့ ကျွန်မကိုမျှော်ကြတယ်။ ကျွေးနေကျဆိုတော့ ဟန်ဆောင်ပန်ဆောင်လည်း ငြင်းမနေတော့ဘူး။ သူတို့မိဘက ဝယ်ကျွေးပြီးသားပေမယ့် ကျွန်မဝယ်ပေးတဲ့ မုန့်ကိုလည်း တန်ဖိုးတထား မက်မောကြတယ်။ လိုချင်တဲ့မုန့်ကို ကျွန်မ မရောက်ခင်ကတည်းကတောင် ရွေးပြီးသား ဖြစ်ချင်ဖြစ်နေတာ...။
အို...ကျွန်မ စိတ်မကောင်းလိုက်တာ။ ရိုးသားတဲ့ ကလေးတွေကို ကျွန်မက လူကြီးဖြစ်ပြီး မရိုးမသား ကျင့်ကြံမိပြီ ထင်ပါရဲ့။
နောက်နေ့ကျရင်တော့ ကျောင်းမုန့်ဈေးတန်းကနေ တစ်ယောက်တစ်ရာဖိုး နေ့တိုင်းမတတ်နိုင်လို့ မုန့်ဆိုင်ကြီးကနေ ပါကင်လိုက် ဝယ်လာပြီး ကျွေးတော့မယ်လို့ ကလေးတွေကို အမှန်အတိုင်း ရှင်းပြလိုက်တော့မယ်။ ရိုးသားတဲ့ကလေးတွေကို ရိုးရိုးသားသား ဆက်ဆံတာ အကောင်းဆုံးပဲ မဟုတ်လား။နို့မို့ဆို သူတို့ကိုရှောင်ပြီး ကျောင်းမလိုက်ပဲနေရတာ..၊ ကျွန်မ တစ်နေ့လုံး နေမထိထိုင်မသာနဲ့ စိတ်ညစ်ညူးနေရော။ ဘာလုပ်လုပ်ဘာကိုင်ကိုင် စိတ်မရှင်းတာလောက် အဆီအငေါ်မတည့်တာ ဘာမှမရှိတော့ဘူး။
ခုတော့.. အကောင်းဆုံးနည်းလမ်းကို တွေ့သွားတဲ့ ကျွန်မ..။ စိတ်ပေါ့ပါး ပျော်ရွှင်သွား ရတယ်။ ကျောင်းအဝင်ဝမှာ စောင့်နေမယ့် ကလေးတွေကို မြင်ယောင်ရင်း၊ ခုန်ဆွခုန်ဆွသဏ္ဍာန်လေးတွေကို အတွေးနဲ့ပြုံးမိရင်း၊ မုန့်ထုပ်ကလေးဆွဲပြီး ကြည်ကြည်နူးနူး လိုက်လာခဲ့တယ်။
ဒါပေမယ့် အဝေးက လှမ်းကြည့်လို့လားမသိဘူး။ ကလေးတွေ အရိပ်အယောင်ကို မမြင်မိဘူး။ ကျောင်းဝင်းထဲမှာများလားလို့ ရှာဖွေတော့လည်း မတွေ့ပြန်ဘူး။ မုန့်ဈေးတန်းထဲမှာလည်း မရှိကြဘူး။ အတန်းထဲကို သမီးနဲ့အတူ ဝင်လိုက်ကာမှ...
' နေကောင်းသွားပြီလား အန်တီ...'
အသွက်ကလေးက အနားကိုပြေးလာပြီး မေးရှာတယ်။
' ကောင်းသွားပြီ သမီးရဲ့။ ဘာလို့ လာစောင့်မနေတာလဲ...'
' နေ့တိုင်း မုန့်ဝယ်ကျွေးနေတာ...၊ အားနာလို့ပါ အန်တီ။ လူတွေက များလာပြီလေ...'
ကျွန်မ အထင်နဲ့ တလွဲစီဖြစ်သွားရတယ်။ ကျွန်မက ကျွန်မလာမှာ မသိလို့ သူတို့စောင့်မနေတာပဲ ထင်နေတာ။
ကျွန်မရဲ့လှည့်ကွက်က သူတို့လေးတွေအတွက် အသိတစ်ခုခု ဝင်သွားပုံရတယ်။ ကလေးဆိုပေမယ့် ပြောတဲ့စကားမှာ အသိပါတယ်။ ရိုးစင်းတယ်။ လူကြီးတွေလို ကွယ်ဝှက်မှုမပါဘူး။
ကွယ်ဝှက်မှုတွေနဲ့ မရိုးသားချင်တဲ့ ကျွန်မ...။ လက်ထဲက ချောကလက်ထုပ်ကို နောက်ပဲဝှက်လိုက်ရမလို...။ ရှေ့ပဲ ဆန့်ထုတ်ပြီး ပေးလိုက်ရမလိုနဲ့...။ ကိုယ့်ကိုယ်ကို မလုံလဲဘူး။
ဖြူစင်တဲ့ ကျွန်မရဲ့ စိတ်စေတနာတစ်ခုဟာ ကိန်းဂဏန်းတိုက်စားမှု တစ်ခုအောက်မှာ အခြေအနေပြောင်းသွားတာနဲ့ တပြိုင်နက် ကလေးတွေရဲ့ ရိုးသားတဲ့ အဖြူရောင်စိတ်ကလေးတွေနဲ့ မယှဉ်ဝံ့လောက်အောင် သိမ်ငယ်သွားရပြီလေ။
အဖြူတော့ အဖြူပါပဲ။ ဒါပေမယ့် ဖွေးဖွေးဆွတ်တဲ့ အဖြူရောင်ဘေးနားမှာ ယှဉ်လိုက်တော့ အဖြူမဟုတ်တဲ့ အရောင်တစ်ရောင်ဖြစ်သွားရတယ်။ အဖြူနားမှာ စိတ်သန့်သန့်နဲ့ နေနိုင်ဖို့ ကိုယ့်စိတ်ကိုကိုယ် လျှော်ဖွပ်ဖို့ ကြိုးစားရဦးမယ်။
ဘာပဲဖြစ်ဖြစ်...သေချာတာတစ်ခုကတော့ နောက်များဆို သမီးလေးအပါအဝင် ဘယ်ကလေးတစ်ယောက်ကိုမှ လှည့်စားမှုမပါဘဲ အရိုးသားဆုံး ပြောဆို ဆက်ဆံတော့မယ် ဆိုတာပါပဲ။
xxxxxxxxxx
ဝေ (စီးပွားရေးတက္ကသိုလ်)
စက်တင်ဘာ..၂ဝဝ၉...ပန်းအလင်္ကာမဂ္ဂဇင်း

အောက်ခြေမြစ်၏ တေးသံ


သားက အမေ့သားအရင်းမှ ဟုတ်ရဲ့လားလို့ တစ်ခါတစ်ခါ သံသယဖြစ်မိတယ်အမေ။
' မင်း ငါ့သားမှ ဟုတ်ရဲ့လားငတိုး....'
အမေက စိတ်အခန့်မသင့်တိုင်း အဲဒီလိုပြောတတ်သလောက် တစ်နေ့ကို လေးငါးခါမှ အမေနဲ့ထိပ်တိုက်မတွေ့ရရင် သားရဲ့ တစ်နေ့တာဟာ မလွန်မြောက်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ မျက်နှာချင်းဆိုင်မိတာနဲ့ အမေကသားကို ဘယ်တစ်ခါမှ စိတ်တိုင်းမကျခဲ့လို့ပါပဲ။
' အသက်ကကြီးလို့ လူပျိုပဲ ဖြစ်တော့မယ်။ ခုထိ ကိုယ့်အိပ်ရာကိုယ် သိမ်းသွားရကောင်းမှန်း မသိသေးဘူး။
အနည်းဆုံး ခြင်ထောင်လေးတော့ မတင်သွားမှပေါ့။ လူလိုမသိတတ်ဘူးလား ငတိုး....'
မိုးလင်း အိပ်ရာထကစပြီး သားဟာ အမှားပေါင်းများစွာကို နေ့တိုင်း မရိုးနိုင်စွာ ကျူးလွန်သူပါ။
' အခန်းထဲမှာလည်း ရှုပ်ပွနေတာပဲ။ အဝတ်တွေလည်း ကြမ်းပြင်ပေါ်ပြန့်ကြဲလို့..။ တကယ် အဆင့်အတန်းမရှိတဲ့ကောင်...'
' ကြည့်စမ်း... အိမ်သာထဲမှာ ဘယ်သူအကျင့်ယုတ်ပြီး ရေလောင်းမသွားတာလဲ။ ဟေ့ ငတိုး လာစမ်း။ မင်းပဲမဟုတ်လား...'
ပြဿနာတစ်ခုခုဆိုလည်း အမေက သားလုပ်တာလို့ဘဲ ထင်တတ်ပါတယ်။ ကြာတော့ သားတွေးမိတယ်။ အမေ စိတ်မတိုရ လေအောင် ငါ အမေ့ရှေ့ကနေ ရှောင်နေတာ အကောင်းဆုံးပဲ...လို့။ ဒါပေမယ့် ဒါလည်း စက်ကွင်းမလွတ်ပါဘူး။
' ငတိုး...မင်း ဘာအပြစ်တွေလုပ်ထားလို့ တစ်နေကုန် ငါ့ကို မျက်နှာချင်းမဆိုင်ရဲတာလဲဟေ့။ ပြောစမ်း...'
တစ်ခါတစ်လေ သားဘာလုပ်လုပ် အပြစ်ပဲမြင်နေတဲ့အမေ့ကို အပြစ်မပြောရက်အောင် ရက်ရှည်လများ နေမကောင်းဖြစ်ချင် မိသေးတယ်။ ' သားဖျားနေပြီ အမေ။ ခေါင်းတွေကိုက်တယ်..'..ဆိုရင်တော့ အမေ့မျက်ဝန်းထဲမှာ စိုးရိမ်ရိပ်ကို ဖျတ်ကနဲမြင်ရတာနဲ့တင်
သားက ကျေနပ်ပြီလေ။ ရုတ်တရက် နဖူးကို ခပ်လောလောစမ်းကြည့်ပြီးရင်တော့ ဖတ်ကနဲတွန်းပစ်တတ်တာ အမေ့အကျင့်ပါပဲ။
' ဘာမှမဖြစ်ဘူး။ ဒီလောက်ငွေ့ငွေ့လေးများ၊ အလွန်ဆုံးရှိ ကိုးဆယ့်ကိုးပေါ့။ မင်း ယောကျာ်းမဟုတ်ဘူးလား။ အကဲမပါစမ်းနဲ့..'
ဘာပဲဖြစ်ဖြစ် အဖျားတက်လေ သားကသဘောကျလေပါပဲ။ ဒီအချိန်ဟာ အမေ့ရင်ငွေ့ကို ကလေးဘဝတုန်းကလို ပြန်ခိုလှုံခွင့်ရတဲ့အချိန်လေ။ အမေ့အဆူအပူမှာ ဂရုဏာငွေ့ကို သားက ရှာဖွေခံစားတတ်နေပါပြီ။
' ကျောင်းသွားရင် ထီးယူရမှာကို ပျင်းတဲ့ကောင်၊ ခံရတာတောင်နည်းသေးတယ်။ ခုမှ လာညည်းမနေနဲ့။ ကြိတ်ခံ...'
အမေ့ပါးစပ်က ဗျစ်တောက်ဗျစ်တောက်နဲ့ မကြင်နာပေမယ့် အမေ့အပြုအစုတွေက စေတနာပါတာ သားသိတာပေါ့။ အဖျားများ ကြီးပြီဆို အမေ တစ်ညလုံးမအိပ်ဘဲ သားကိုရေပတ်တွေတိုက်ပေး၊ ချွေးတွေသုတ်ပေး၊ အဝတ်အစားတွေလဲပေး၊ ဆေးကိုအချိန်နဲ့တိုက်။
လူနာပြုစုတဲ့နေရာမှာတော့ အမေကစံပြပါ။ သိတ်တိကျသေချာပြီး ထောင့်စေ့တယ်။ စေတနာကောင်းတယ်။
အမေပင်ပန်းတာကို မကြည့်ရက်ပေမယ့် အမေ့အယုအယကိုတော့ သားက သာယာတယ်။ အမေ့အကြင်နာကို ဒီလိုအချိန်လေးပဲ ရတာမို့ သား နေမကောင်းချင်သေးဘူး။ အဖျားကျသွားလည်း သားကတော့ အီလို့ကောင်းတုန်းပေါ့။
' အဖျားမရှိတော့ပေမယ့် ခေါင်းမူးပြီးရင်တုန်တုံးပဲ။ အမေ သားနားမှာပဲနေပါ။ သားကြောက်တယ်..'
' ဟဲ့ နေမကောင်းဖြစ်ပြီးရင် အားနည်းကျန်ခဲ့တာ ထုံးစံပဲ။ လှဲနေတာများလို့မူးတာ အဆန်းလား။ ခဏတဖြုတ် ထပြီးထိုင်နေ...'
နေမကောင်းတုန်းမှာမှ စံစားရတဲ့အခွင့်အရေးဆိုတော့ သားက လက်လွတ်မခံဘဲ အမေ အနားကခွာတာနဲ့ တကြော်ကြော် အော်ခေါ်တာပဲ။ အမေ့လက်ကို ဆုပ်ကိုင်ထားပြီးလည်း ခေါ်နေတာပဲ။
' အမေ...အမေ...အမေ...'
' အော်...ဒီကောင်လေး..၊ ဘယ်လိုဖြစ်နေတာလဲ။ ငါ နားမလေးပါဘူးဟဲ့...'
အမေကများ ဒီလိုပြောရင်း လှစ်ကနဲပြုံးလိုက်ရင် သားရင်ထဲမှာ ချိုမြကြည်စိမ့်နေတာပေါ့ အမေရယ်။
နလန်ထဆိုရင်လည်း အမေက သားကြိုက်တဲ့ ငါးဥကြော်နဲ့ကင်ပွန်းချဉ်ဟင်းချိုလေး ချက်ကျွေးတတ်တော့ လျှာကြောထဲစိမ့်ပြီး ချက်ချင်းလန်းသွားတော့တာပေါ့။ ဒါပေမယ့် နေကောင်းသွားတော့လည်း အမေက သူမဟုတ်တော့သလိုပါပဲ။
xxxxxxxx
' အငယ်ကိုမနာလိုဖြစ်တာ ငါအမုန်းဆုံးပဲ ငတိုး။ အငယ်မလေးမွေးလာပေမယ့် ငါကမင်းကို ရင်ခွင်ထဲပွေ့ထားခဲ့တာပါပဲ။  အေး မင်းဖာသာ ငါ့ရင်ခွင်ထဲကနေ ရုန်းထွက်သွားပြီး အတောင်ဆန့်ချင်တာတော့ မတတ်နိုင်ဘူး...'
အဲဒီတော့မှ အမေ့မှာ သားအပေါ်နာကျည်းချက်တစ်ခု ရှိနေတယ်လို့ သားသိလိုက်ရတော့တာလေ။ အဖေကလည်းပြောပြဖူးတယ်။
သားငယ်ငယ်က တစ်ကိုယ်ကောင်း နည်းနည်းဆန်တယ်တဲ့။ ဘယ်ကလေးမဆို ရင်ခွင်ပိုက်အရွယ်မှာ အမေကိုပဲ တွယ်ကြတာများပေမယ့်
သားကတော့ နို့မလွတ်သေးတဲ့အရွယ်မှာတောင် မုန့်ပေးခေါ်ရင် ထိုးလိုက်တာပဲတဲ့။ အလိုလိုက်အကြိုက်ဆောင်လို့ကတော့ အမေကို လှည့်မကြည့်ဘဲလည်း နေနိုင်သတဲ့။
ဒါပေမယ့် အမေကတော့ သားအပေါ် သိတ်တွယ်ရှာတယ်။ မျက်စေ့အောက်က အပျောက်မခံဘူးတဲ့။ ညီမလေး မွေးပြီး
တော့လည်း ကလေးပေါက်စလေးတစ်ဖက်နဲ့ သားဝေယျာဝစ္စတွေကို အရင်လိုပဲ အပြေးအလွှား လုပ်ဆောင်ပေးတာပဲတဲ့။
ဒါပေမယ့် အူဝဲလေး တစ်ဖက်နဲ့ဆိုတော့ အရင်တုန်းကလောက် ဘယ်ထောင့်စေ့ပါတော့မလဲ။ သားရဲ့ ကျောင်းပို့ကျောင်းကြိုတွေမှာ အရင်က အဖေနဲ့အမေ အတူတူပို့ခဲ့ပေမယ့် ခုတော့ အဖေတစ်ယောက်ထဲပေါ့။ တစ်ခါတစ်လေ ညီမလေးချိုစို့နေတုန်း သားက ထမင်းစားကျောင်းဆင်းလာရင် အမေက ခူးခပ်မကျွေးနိုင်တော့ဘဲ အဖေနဲ့အတူ စားလိုက်ရတာလည်း ရှိတာပေါ့။ ညအိပ်ရာဝင်တော့လည်း အရင်ကလို အမေ့ရင်ခွင်ထဲမှာ တစ်ညလုံး တိုးဝင်အိပ်ခွင့်မရပဲ ညီမလေးကို ချိုတိုက်နေရင် သားကအဖေ့ကိုပဲ ခွအိပ်လိုက်ရတာပေါ့။
ဒီလိုနဲ့ နည်းနည်းကြာလာတော့ ရန်ကုန်က အဖေ့ရဲ့မိဘဆွေမျိုးတွေ ညီမလေးကိုလာကြည့်ကြရင်း အပြန်မှာ သားကို အလည် လိုက်ခဲ့ဖို့ခေါ်တယ်။ အမေနဲ့တစ်ခါမှ မခွဲဖူးသေးတဲ့သားက ပထမတော့တွေဝေနေသေးတယ်။ သားသမီးမရသေးတဲ့ ဦးလေးလင်မယား
ကလည်း သားကိုမွေးစားချင်တယ်ဆိုပြီး အမေတို့ဆီက တောင်းနေတာလေ။
သားလည်း အမေ့ထွေးပွေ့မှုက အရင်လို အပြည့်အဝမရတဲ့အချိန်ဆိုတော့ ဟာနေတဲ့ရင်မှာ တစ်ခုခုကို အစားထိုးချင်နေမိတယ် ထင်ပါရဲ့။ ဦးလေးနဲ့ ရန်ကုန်ကိုလိုက်သွားခဲ့မိတယ်။ အဲဒီအချိန်မှာ သားမှတ်မိသလောက်တော့ အမေတို့စီးပွားရေးက အလယ်အလတ်စားနိုင်သောက်နိုင်ရုံလေးဘဲ ရှိသေးတယ်။ ဦးလေးတို့ကတော့ ကိုယ်ပိုင်ကားနဲ့ဘာနဲ့ ။ တော်တော်လေးချမ်းသာပြီး သုံးသုံးစွဲစွဲထဲကပါ။
သားက ဦးလေးမောင်းတဲ့ကားကြီးရဲ့ ရှေ့ခန်းမှာခပ်ကြွကြွနဲ့ထိုင်ပြီး လက်ပြတော့ အမေကသားကို စိန်းစိန်းကြီးစိုက်ကြည့်နေတာ ခုထိမြင်ယောင်နေသေးတယ်။ ဝိုင်းအလိုလိုက် ခံနေရချိန်ဆိုတော့ အမေ့ရင်ထဲမှာ ဘာဖြစ်နေမလဲလို့ တွေးကြည့်ရကောင်းမှန်း မသိခဲ့ဘူး။
ကျန်ခဲ့တဲ့အမေကတော့ သားပါသွားတဲ့ကား မြင်ကွင်းကပျောက်တာနဲ့ အိမ်ထဲဝင်ပြီး ငိုနေကြပြီတဲ့လေ။ သားကတော့ နေ့တိုင်းအစွမ်းကုန် ကမြင်းနေခဲ့တာ။ ကစားကွင်းပေါင်းစုံ၊ ဂိမ်းပေါင်းစုံနဲ့ မအားလပ်နိုင်သလို၊ မစားဖူးတဲ့ စားကောင်းသောက်ဖွယ်မျိုးစုံ ကိုလည်း မရိုးနိုင်အောင် ပွဲတော်တည်နေတာပေါ့။ ဒါပေမယ့် နေ့တိုင်းတော့ အမေ့ဆီဖုန်းခေါ်မိတယ်။ အမေ့အသံကို ကြားချင်မိတယ်။
အမေက ဖုန်းထဲမှာတော့ ဘာမှမဖြစ်သလို ပုံမှန်အသံနဲ့ ပျော်သလောက်သာနေလို့ အမြဲပြောတတ်တယ်လေ။ ဒီတော့လည်း အမေငိုခဲ့သေးတာကို နောက်ပိုင်း ကြားရတော့ သားက ယုံတောင်မယုံချင်ပါဘူး။ ဒါဆို အဲဒီတုန်းက အမေဟန်ဆောင်နေခဲ့တာလား။ ဒီလောက်တောင် အပျော်မက်တဲ့ကောင် နေချင်သလိုသာနေစမ်းဆိုပြီး စိတ်နာနာနဲ့ လွှတ်ထားလိုက်တာလား။
ဘာပဲဖြစ်ဖြစ် သားက ကျောင်းဖွင့်မှ အိမ်ပြန်လာဖြစ်တော့တယ်။ ပျော်လို့မဆုံးတာရော၊ စားလို့ကောင်းနေတာရော၊ ဦးလေးက လိုက်မပို့သေးတာရော၊ အမေ့ခံစားချက်ကို မသိတာရောပေါ့။ အဲဒီနောက်ပိုင်းကတည်းက အမေဟာ သားကိုမထွေးပွေ့တော့တာပါ။တစ်ကိုယ် ကောင်းသမားလို့ စွပ်စွဲတော့တာပါ။ ငွေကြေးချမ်းသာမှုကိုမက်မောတဲ့ကောင်လို့ သမုတ်တော့တာပါ။ သားအပေါ်မှာစိမ်းကားတော့တာပါ။
ဒါပေမယ့် ဒီကိစ္စကြောင့်လို့တော့ အမေက ဘယ်တော့မှဝန်မခံပါဘူး။
' ဟေ့ငတိုး မင်းက မိဘထက်ပေးနိုင်ကျွေးနိုင်သူကို ပိုခင်တွယ်တာ ငါကမနာလိုဖြစ်စရာလား။အဲဒီအတွက် မင်းကိုညှိုးနေတယ်လို့ထင်ရင်တော့ မင်းငါ့ကိုစော်ကားတာပဲ။ အလိုလိုက်တာကိုမှ အချစ်လို့မြင်ရင် မင်းကိုငါ လုံးဝမချစ်ဘူးလို့သာ မှတ်ထားလိုက်...'
အမေက ဒီလိုတင်းမာလေ နှစ်ဖက်အဘိုးအဘွားတွေက သားကိုသနားပြီး ပိုအလိုလိုက်လေပါ။ အမေ့ကိုလည်း ဖျောင်းဖျကြတယ်။
' မေသက်တင်ရယ် ကလေးကို အဲသလောက်ကြီး မတင်းစမ်းပါနဲ့အေ...'
အမေကတော့ ဘယ်သူတွေဘယ်လိုပြောပြော သားအပေါ် အချိုးမပြောင်းပါဘူး။
' ဒါကလေးလား။ အမေ့မြေးကဆယ့်ငါးနှစ်ရှိနေပြီ။ ဒီလိုမှ ပြောဆိုမဆုံးမရင် နားရွက်ကိုက်မယ့်ကောင်မျိုးအမေရဲ့။
အလိုလိုက်ပြီး အကြိုက်ချည်းဆောင်နေကြရင် သူ့ဘဝသူ ခြေစလှမ်းတော့ အမေ့မောင်လိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...'
' တော်စမ်းပါအေ။ နောက်ကြောင်းတွေ မလှန်ပါနဲ့တော့...'
သားစိတ်ထဲမှာမရှင်းတာ အဲဒါပဲ။ (အမေ့ရဲ့အမေ) အဘွားဟာ သူ့မောင်ဆိုတဲ့အကြောင်းကို အမေကစကားစတာနဲ့ ချက်ချင်း စကားဖြတ်တတ်တယ်။ အပြောမခံဘူး။ အဘွားရဲ့အမျိုးတွေ မနီးမဝေးကရွာမှာ နေကြတာသာကြားဖူးတာ။
ခုအရွယ်ထိ သား တစ်ခါမှမတွေ့ဖူးဘူး။ လာလည်ကြတာလည်း မမြင်ဖူးဘူး။
' အဘွားရဲ့မောင်ဆိုတာ တစ်ခါမှလည်း သားမတွေ့ဖူးဘူးနော်...'
အဲဒီလိုများ သားကစပ်စုမိရင် အမေ့မျက်စောင်းက ဒိုင်းကနဲ ရောက်လာတတ်တယ်။
xxxxxxx
တကယ်တော့ သားဘဝတစ်လျှောက်လုံး အမေမကြိုက်တဲ့ အမူအရာ၊အကျင့်စရိုက်တွေကိုမှ သားကရွေးလုပ်မိသလိုဖြစ်ခဲ့တာကိုး။
' ခိုင်းစရာလူတွေ ဘယ်လောက်ရှိရှိ၊ ကိုယ့်တစ်နိုင်ဝန်ကိုတော့ ကိုယ်တိုင်လုပ်ရမယ်ငတိုး။ ရေတစ်ခွက်ဆိုပြီး အော်တောင်းနေတာ ငါမကြိုက်ဘူး။ ကိုယ့်ဖာသာကိုယ် ထခပ်သောက်စမ်း။ ဟေ့...ဘယ်သူမှ ဒီကောင်ခိုင်းရင် လုပ်မပေးကြနဲ့...'
အလုပ်သမားတွေ ပေါရဲ့သားနဲ့ အမေကသားကို ဒီလို ပစ်ညတ်တတ်ပါသေးတယ်။ အမေက ဒီလိုပြောလိုက်တော့ နဂိုကမှ လုပ်မပေးချင်တဲ့ကောင်တွေက သားဘာခိုင်းခိုင်း မကြားသလို မမြင်သလိုလုပ်ကုန်ကြရောပေါ့။
' ဟေ့ကောင် ငတိုး။ သန့်စင်က အလုပ်သမားဆိုပေမယ့် မင်းထက်အသက်ကြီးတယ်ကွ။ မင်းခိုင်းတာကို မကြားချင်ယောင်ဆောင်တာမဟုတ်ဘူး။ ငါမလုပ်ခိုင်းထားတာ။ နောက်တစ်ခါ ကန်တယ်ကြားလို့ကတော့ အဲဒီခြေထောက်ကို ရိုက်ချိုးပစ်မယ်။
ခုချက်ချင်း ပြန်တောင်းပန်စမ်း...'
အမေဟာ တခြားလူတွေအပေါ်မှာ နားလည်စာနာသလောက်ရဲ့ တစ်ဝက်လောက်ပဲ သားအပေါ်မှာ လိုက်လျောပေးရင် သားသေပျော်ပါပြီဗျာ။ ဒီအသက်အရွယ်သာ သားရောက်လာတယ်။ သားကို ' သား.. ' လို့ အမေမခေါ်တာ ဘယ်လောက်ကြာပြီလဲ။ အမေကိုယ်တိုင်မှည့်ပေးခဲ့တဲ့ ဘုန်းလျှံတိုးလို့တောင် ခေါ်ခဲ့ရဲ့လား။ ဘယ်တော့မဆို 'ငတိုး' လို့ ရင့်ရင့်သီးသီး ခေါ်ခဲ့တာချည်းပဲ။ အမေ့သမီးကျတော့ ' သမီးလေး...၊ မီးငယ်လေး..' နဲ့ သူ့နာမည်ကိုတောင် အမေခေါ်ရက်လို့လား။
' ငါ အမုန်းဆုံးက ညီမကို မနာလိုဖြစ်နေတာပဲ။ သူ့လိုအရေးပေးခံချင်ရင် သူ့လို စာတော်အောင်လုပ်။ ငါ ဖူးဖူးမှုတ်ထားမယ်...'
သားကိုတော့ အမေက အကွက်ကြုံတိုင်း ဒီလိုအမြဲနှိမ်တတ်တယ်။ သားအဖို့ အဲဒါလောက် ခံရခက်တာမရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သားက စာမတော်ဘူးလေ။ ဒါကြောင့်လည်း မခံချင်စိတ်နဲ့ စာကိုပိုပြီးကြိုးစားရတာပေါ့။ သားအစွမ်းလေး ပြရသေးတာပေါ့လို့ အားခဲရတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက မကြိုးစားခဲ့တဲ့သားမို့ အောက်ခြေကစပြီးမခိုင်တော့ ညီမလေးလို ဆုမရနိုင်ခဲ့ပါဘူး။
ဒီလိုပဲ တလိမ့်လိမ့်နဲ့ဖြတ်သန်းလာခဲ့တာ ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ဖြေအပြီးမှာတော့ အမေ့စကားနားမထောင်တဲ့သားနဲ့ ဘယ်တော့မှသားအပေါ် အကောင်းမမြင်တဲ့အမေ၊ ထိပ်တိုက်တွေ့တော့တာပေါ့။ ရုပ်ရှင်ထဲကလို ' ငါ့အမေတစ်သက်လုံး မရိုက်ဖူးခဲ့တဲ့ ပါးကလေး..'လို့များ ပြောဖို့နေနေသာသာ အမေ့လက်ဝါးရာတွေက သားပါးပေါ်မှာ ထပ်နေပါပြီ။
' မိဘက သူများတကာလို မြစ်ထဲရေမကူးရဘူးဆိုပြီး တုံးတိတိတားတာ မဟုတ်ဘူး။ အကျိုးနဲ့အကြောင်းနဲ့ သေသေချာချာရှင်းပြပြီးမှ တားတာ။ ကလေးတွေဟာ စာမေးပွဲနောက်ဆုံးရက်မှာ စိတ်အနှောင်အဖွဲ့ကို ဖြေလွှတ်ကြရင်း အသက်အန္တရာယ်ကြုံရတာ..၊ ရှေ့တွေမှာ သာဓကအများကြီးပဲ။ မနှစ်ကလည်း စာမေးပွဲပြီးတဲ့နေ့မှာပဲ အပျော်လွန်ပြီး ရေဆင်းကူးကြတာ။
တစ်ယောက်ရေနစ်တာကို တစ်ယောက်ပြီးတစ်ယောက်ဆင်းကယ်ရင်း သုံးလောင်းပြိုင်တောင်၊ မိဘတွေ ရင်ကွဲခဲ့ရပြီးပြီလေ။
အရင့်အရင်တုန်းကလည်း ဒီလိုဇာတ်လမ်းမျိုးတွေ အများကြီးပဲ။ အဲဒါကို ကြုံတိုင်းပြောပြပြီး မြစ်ထဲရေဆင်းမကူးဖို့ သေသေချာချာတားထားပါရက်နဲ့ စာမေးပွဲပြီးတာနဲ့ လက်ယပ်ခေါ်နေတဲ့ အန္တရာယ်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် သွားသတဲ့လေ။
ဒီလို ရေကူးတာ သူ့အဘွားကြားကြည့်ပါလား။ ဘာမဆို အလိုလိုက်မယ့်အဘွား၊ တစ်ခါတည်း ထရိုက်လိမ့်မယ်....'
ပြောပြောပစ်ပစ်နဲ့ အမေ့ဆီက လက်လှမ်းမီရာ ပစ္စည်းမျိုးစုံလွင့်ပျံလာပါတယ်။ သားလည်း အသားနာတာရော၊ ရင်နာတာရော၊ အမေ့ဒေါသကို ကြောက်တာရောပေါင်းပြီး တစ်လမ်းဖြတ်လောက်ပဲဝေးတဲ့ အဘွားဆီကို သုတ်ခြေတင်ပြေးခဲ့မိတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ အဘွားက မျက်နှာထားခပ်တင်းတင်းနဲ့ ကြိုနေပါတယ်။
' မြေးကို အဘွားတို့ရွာ အလည်ခေါ်သွားမယ်။ အဲဒီတော့မှ မင်းရေကူးတဲ့ကိစ္စကို မင်းအမေဘာလို့ ဒီလောက်ခါးခါးသီးသီး ဖြစ်ရတယ်ဆိုတာ မင်းသိလာလိမ့်မယ်...'
xxxxxxxx
တကယ်တမ်း အဘွားကသားကို သူ့ရွာအလည်ခေါ်သွားချိန်ကတော့ နွေရာသီကုန်လို့ ဝါဆိုဝါခေါင် ရေဖောင်ဖောင်နဲ့ မြစ်ရေတိုးတဲ့ မိုးတွင်းအခါကြီးမှာပါ။ ဧရာဝတီမြစ် တစ်ဖက်ကမ်းမှာရှိတဲ့ အဘွားရဲ့ဇာတိရွာလေးကို မြစ်ကူးတံတားကြီးရှိပါလျက်နဲ့ အဘွားက ပဲ့ထောင်လေးငှားပြီး သွားမယ်ဆိုတော့ အဘွားကိုနားမလည်နိုင်ခဲ့ပါဘူး။ မြေးအဘွားနှစ်ယောက်သား မြစ်ပြင်ကျယ်ကြီးထဲမှာ ပဲ့ထောင် သေးသေး၊ လူးလူးလေးနဲ့ကူးလာကြတော့ တစ်ခါမှမကြုံဖူးတဲ့ အတွေ့အကြုံမို့ သားကပျော်လည်းပျော် ရင်လည်းခုန်နေပါတယ်။
ကမ်းပါးပေါ်ရပ်ကြည့်တုန်းက မြစ်အကျယ်ကို ဒီလောက်မထင်ပေမယ့် သူ့ရင်ခွင်ထဲ အပွေ့ခံရချိန်မှာတော့ ကြက်သီးမြမြထရ လောက်အောင် ကြောက်စရာ ကျယ်ပြန့်နေတယ်လေ။ သူငယ်ချင်းတွေနဲ့ ရေဆင်းကူးတုန်းကတော့ အဖော်ကောင်းလို့ ကြောက်ရကောင်းမှန်း မသိခဲ့ဘူး။ ခုတော့ ရေစီးသန်သန်၊ လှေလူးလူးထဲမှာ ကမ်းနဲ့ဝေးပြီးမြစ်လယ်ရောက်လာလေ သားမှာ ရင်ခုန်ရလေ။ လှေနံရံကို တင်းတင်း ဆုပ်ထားမိတဲ့ လက်တွေဟာ တစ်ဖက်ကမ်းကိုကပ်မှပဲ ရဲရဲဖြေဝံ့တော့တယ်။
မြို့မှာပဲ ကျင်လည်ခဲ့တဲ့သားအတွက် ရွာကလေးဟာ တစ်သက်မမေ့နိုင်အောင် ချစ်စရာကောင်းလှပါရောလား။ လယ်ကွင်း
စိမ်းစိမ်းတွေ ပတ်လည်ဝိုင်းနေတဲ့ ရွာကလေးတစ်ခုလုံးဟာ ဗွက်အလူးလူးထနေပေမယ့် သားစိတ်ထဲမှာတော့ လန်းဆတ်နေတာပဲ။
ကောက်စိုက်၊ ပျိုးနှုတ်ဆိုတာကို စာတွေ့ပဲတွေ့ဖူးတာမို့ မိုးရွာထဲလည်းထီးတစ်ချောင်းနဲ့ လယ်ကွင်းစပ်ထိသွားပြီး ကြည့်မိတယ်။
နွားတစ်ရှဉ်းနဲ့လယ်ထွန်တာရော၊ လယ်ထွန်စက်နဲ့လယ်ထွန်တာရော...၊ အားလုံးဟာ လေ့လာစပ်စုစရာ ချည်းပါပဲ။ ရွာသူရွာသားတွေရဲ့ ရိုးသားပွင့်လင်းမှုနဲ့ ဖော်ရွေမှုကလည်း စာတွေ့ထက် ပိုသဘာဝကျနေတယ်လေ။
ဒီလို ပတ်ဝန်းကျင်အရာအားလုံးထက် ပိုစိတ်ဝင်စားစရာကောင်းတာက ရွာအစွန် လယ်တောစပ်မှာရှိတဲ့ အဘွားရဲ့မောင် အဘိုးလေးဘိုးသာမောင်ရဲ့ အုတ်ဂူလေးပါ။ အဘွားကလိုက်ပြရင်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ဇာတ်ကြောင်းလှန်ရှာတယ်။
မိဘတွေက ရွာမှာအချမ်းသာဆုံး၊ သူကြီးပြီးရင် သြဇာအရှိဆုံးဆိုတော့ အဘွားတို့မောင်နှမနှစ်ယောက်ရဲ့ ကလေးဘဝဟာဘာဆိုဘာမှ လိုလေသေးမရှိခဲ့ဘူးတဲ့။ မိဘတွေကလည်း အငယ်ဆုံးသားမို့ ဖူးဖူးမှုတ်ထားသလို အစ်မကလည်း မောင်ကိုသည်းသည်းလှုပ်ပဲ။ သားယောကျာ်းလေးရှားတဲ့ ဝမ်းကွဲတွေကြားမှာလည်း သာမောင်ဟေ့ဆိုရင် အားလုံးကပြာနေကြတာမို့ အဘိုးလေးက လူပျိုပေါက်အရွယ် ထိကျောင်းစာကလွဲပြီး ရေတောင် ကိုယ်တိုင်ခပ်သောက်ရတယ် မရှိဘူးတဲ့။ စားဦးစားဖျား ကောင်းပေ့ညွန့်ပေ့မှန်သမျှ အားလုံးက တညီတညွတ်တည်း တမောင်တည်းမောင်နေတော့ အဘိုးလေးက ထမင်းဆိုရင်ပန်းကန်ထဲက လက်ဆေးစားရတဲ့အရာလို့ပဲ ထင်နေတဲ့သူလေ။
ဒါပေမယ့် ရွာကျောင်းကနေ ဆယ်တန်းအောင်ပြီး မြို့မှာကောလိပ်သွားတက်ရမယ့်အချိန် ရောက်လာတော့ ဖူးဖူးမှုတ်ထားတဲ့ မိဘတွေလည်း ကောလိပ်ဘော်ဒါဆောင်ကို လိုက်ပို့ရုံလောက်ပဲပို့နိုင်တာ။ သားနဲ့အတူ ကျောင်းလိုက်တက်လို့မှ မရပဲ။ သည်းသည်းလှုပ်တဲ့ အမလည်း မောင်အတွက် အဆောင်မှာစားဖို့စားစရာကို အလျှံအပယ်သာ ထည့်ပေးလိုက်နိုင်တာ။ မောင့်နောက်လိုက်ပြီး ချက်ပြုတ်
ကျွေးလို့မှ မဖြစ်တော့ပဲ။ ဆွေမျိုးစုံလင်လည်း ရွာထိပ်ထိသာ လိုက်ပို့နှုတ်ဆက်နိုင်တာ။ ကျောင်းအထိ ရေလိုက်ခပ်ပေးလို့မှ မရနိုင်တော့ပဲ။
ဒီလိုနဲ့ လောကကြီးကို တစ်ယောက်ထဲ ဖြုန်းကနဲရင်ဆိုင်ရတဲ့အခါမှာ သာမောင်လေးဟာ ဘာတစ်ခုမှ ကိုယ်တိုင်မလုပ်ခဲ့ဖူးတော့ အရာအားလုံးဟာ ခက်ခဲနေတာပေါ့။ ကောလိပ်ကျောင်းမှာ ကိုယ့်ဖာသာ မနည်းရပ်တည်နိုင်အောင် တော်တော်ကြီး အားထုတ်ရသတဲ့။ ပျော့နွဲ့နွဲ့ပုံစံကြောင့် အခြောက်လို့ အခေါ်ခံရသတဲ့။ ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင် မနည်းဦးနှိမ်ပြီး နေပေမယ့် ခွင်မကျဘူးတဲ့။
ဒီလို ဘယ်လောက်ပဲ ကြိုးစားပြီးနေပေမယ့် လူမှုဆက်ဆံရေးမပြေလည်တော့ ဘိုးသာမောင်ဟာ တဖြေးဖြေး စိတ်ကျရောဂါဝင်လာခဲ့တယ်။ စားချိန်အိပ်ချိန် မမှန်တဲ့အပြင် စာတွေလည်းပိလာတော့ စိတ်ကယောက်ကယက်ဖြစ်ပြီး ဆေးရုံတောင်တင်ယူရသတဲ့။
နောက်ဆုံးတော့ စာမေးပွဲပြီးတဲ့ရက်မှာ ခေါင်းကြည်အောင်ဆိုပြီး မြစ်ထဲကို ရေဆင်းကူးရာက ဘိုးသာမောင်ဟာ ရေနစ်ခဲ့ရှာတယ်။
တချို့ကပြောတာတော့ သာမောင်လေးဟာ စိတ်ကျရောဂါကြောင့်ဘဲ ရေထဲတမင် ဆင်းသေသယောင်ယောင် ထင်ကြတယ်လေ။
အဘွားတို့ကတော့ ဒါတွေအားလုံးဟာ သူတို့အလိုလိုက်လွန်းလို့၊ အချစ်သည်းလွန်းလို့ လောကဓံကို မခံနိုင်တော့တာဆိုပြီး ဖြေမဆည်နိုင်ကြဘူးပေါ့။
ဒီအကြောင်း ပြည့်ပြည့်စုံစုံသိရပြီးတာနဲ့ သားလည်းအဘွားနဲ့အတူ ရောပြီး ဖက်ငိုမိတယ်။ အဘိုးလေးကို သနားတာရော။
အမေ့ရဲ့ အသည်းနှလုံးအတွင်းပိုင်းကို မြင်မိသွားတာရော။
xxxxxxxx
သားက ကဗျာဆရာတော့ မဟုတ်ပါဘူးအမေ။ ဒါပေမယ့် နှလုံးသားထဲက ရုန်ြး<ွကလာတဲ့ခံစားမှုတွေ အထွဋ်အထိပ်ကို
ရောက်လာတဲ့အခါမှာ နှလုံးသွေးနဲ့အတူလည်ပတ်နေတဲ့ ကဗျာဝိညာဉ်တွေက သူ့အလိုလိုစီးကျလာခဲ့တယ်။
ကဗျာလေးတစ်ပုဒ်နဲ့ အမေ့ကို သားကန်တော့ပါရစေ။ အမေဟာ သားဘဝရဲ့ မြစ်ကြီးပါမေမေ။ အပေါ်ယံ မာန်ဟုန်ပြင်းပေမယ့် အောက်ခြေရင်တွင်းမှာ ကြည်စိမ့်အေးနေပါတယ်။ ကမ္ဘာကုန်ကျယ်သရွေ့ ကဗ္ဗည်းရေးထိုးလို့ မကုန်တော့တဲ့ အမေ့မေတ္တာတွေဟာ အမြဲတမ်း မခြောက်ခမ်းဘဲ စုန်ဆင်းနေမယ်ဆိုတာ....။
မြစ်မင်းမေမေ
xxxxxx
စေတနာ မုန်တိုင်း၊ အုံ့ဆိုင်းတိုက်ခတ်
လှိုင်းပြင်းခက်ထန်၊ မာန်တင်းသဏ္ဍာန်က
အပေါ်ယံပုံရိပ်၊ စိုးထိတ်ဖွယ်ရာ
ဒါ...အမေ့လိပ်ပြာ မဟုတ်။

ဧကန်စင်စစ်၊ အောက်ခြေမြစ်မှာ
နာပျော်ဖွယ်တေး၊ ကြည်စိမ့်အေးနှင့်
မဖင့်မပြောင်း ၊ အားကောင်းမောင်းသန်
တစ်နံတစ်လျား၊ ငါ့နှလုံးသားထဲ
ပျားပန်းရစ်ခွေ၊ စိမ့်စမ်းရေသို့။

မြစ်တစ်စင်းကဲ့သို့၊ ချစ်ခြင်းထပ်တူ
မြတ်သူမေမေ...
ကြာငုံမုဒြာ၊ ဆယ်ဖြာလက်ယှက်
ဝဠာပေထက်မှာ၊ အက္ခရာထွင်းထု
ကျေးဇူးတုပ၊ ရေးချ အမေ့ဂုဏ်
ကမ္ဘာကုန်ပြီးလည်း၊ ကဗ္ဗည်းမကုန်
မာန်ဟုန်ပြင်းပြင်း၊ စုန်လျက်ဆင်းရေ
မြစ်မင်းမေမေ၊ အို...မေမေ။
xxxxxxx

ဝေ (စီးပွားရေးတက္ကသိုလ်)
December ၂ဝ၁ဝ....ပေဖူးလွှာမဂ္ဂဇင်း

ရွှေအမြုတေ Fan Club

နာလန်ထ
















နေ့က ငါ့ခြေထောက်တွေကို ရိုက်ချိုးထား
ညက ငါ့ဘ၀အတွက် နှိုးစက်တစ်လုံးလား
ကျားဆိုလည်း ပြေးတွေ့လိုက်ရ
တုံးဆိုလည်း ပြေးတိုက်လိုက်ရ
အခုတော့...။

အနည်းဆုံး လိုအပ်ချက်
အတ္တစနစ် ရွက်လွှင့်ဖို့
ရွက်တိုင်ကျိုးပြတ်ခဲ့တဲ့ နေ့ကစ
တွေ့ကြုံလာသမျှ
မနုဿအချက်ပြစနစ်အားလုံး ကမောက်ကမ
ကိုယ်ခံအားတွေ အလံချိုးပေးခဲ့ရ
တုံ့ပြန်မှုတွေ စနစ်တကျ မရှိတော့....။

စိတ်အနာကို စိတ်နားကြပ်နဲ့စမ်းသပ်
အနာဂါတ်ကို ဆင်ဆာဖြတ်ပိုင်းနိုင်ဖို့
ပစ္စုပ္ပန်ကို ကြိုးဝိုင်းပေါ်ဆွဲတင်
ရင်ဘတ်အနာတွေက ခံစားအသွင်သက်သက်
သတ်ကွက်တွေ ပျောက်ဆဲငါ
အာရုံစံလွဲမှုဇုံထဲ အလဲလဲအကွဲကွဲ....။

ညွှန်ကြားချက်အရ
ရက်လွန်မနေတဲ့ ပဋိဇီဝတွေနဲ့
ရက်လွန်နေတဲ့စိတ်ကွန်ယက်ကို ထွန်ယက်ရင်း
ရတတ်သမျှ အခြေခံအရင်းအနှီးတွေ ပြန်စုဆောင်း
သတ်မှတ်ယဉ်ကျေးမှုယူနစ်မှာ ရောင်းတန်းတစ်ဖန်ဝင်ဖို့
ပိတ်ဆို့နေတဲ့ ဖိအားအစေးအထန်းများထဲ
စွဲချက်တင် စီရင်ချက်ချ
ငါဟာ ငါ့ကို
တစ်လှမ်းချင်း တွန်းဖွင့်နေရဆဲ
အတ္တအငုံအဖူးတံခါးတွေထဲ အားသွန်ခွန်စိုက်....။

ညရဲ့ နှိုးစက်တွေကို ပိတ်ဖို့ကြိုးစားရဦးမယ်
နေ့ကရိုက်ချိုးထားတဲ့ ခြေထောက်တွေ ပတ်တီးဖြေတဲ့နေ့ထိ။


သစ်ခက်အိမ်
( November, 2011- ရတီမဂ္ဂဇင်း )

တစ္ဆေညည်းသံ

ဘယ်ရောက်နေမှန်း ရုတ်တရက် ဝေခွဲမရနိုင်လောက်အောင် အခြေအနေက မှောင်မိုက်တိတ်ဆိတ်နေ၏။
အလေးလံဆုံးမျက်ခွံတွေကို အားစိုက်ပင့်တင်လိုက်နိုင်ပြန်တော့လည်း အနက်ရှိုင်းဆုံးအမှောင်မိုက်ကြီးက အဆုံးမဲ့ ကျယ်ပြောနေပြန်သည်။ အေးစိမ့်စိမ့်ခံစားမှုက ကြီးစိုးနေ၍ ရင်ထဲမှာလည်းဟာနေ၏။
စိတ်ထဲမှာ ဘာကိုမှ ဖမ်းဆုပ်၍မရဘဲ မှီတွယ်ရာမဲ့ မျောလွင့်နေသလိုလို...။
' ဟော လာပြန်ပြီတစ်ကောင်။ ကျွတ်တယ်လွတ်တယ်ရယ်လို့ မရှိဘဲ ထပ်ထပ်တိုးလာတာ၊ တို့အဖွဲ့လည်း ကြီးကြီးလာပြီ...'
လှိုက်လှဲခြင်းအလျဉ်းကင်းသည့် အက်ကွဲကွဲအသံကြီးကြောင့် ကျောထဲစိမ့်သွားကာ သိလိုဇောများ လျှံကျလာရသည်။
သူရောက်နေတာ ဘယ်နေရာလဲ။ ခုပြောနေတာ ဘယ်သူတွေလဲ။
အမှောင်မိုက်မိုက်ထဲသို့ အားစိုက်ကြည့်လိုက်တော့ မည်းမည်းရှည်ရှည်၊ တွန့်တွန့်လိန်လိန်နှင့် ပုံပန်းမကျသဏ္ဍာန်များက အနှံ့အပြား...။ မသတီစဖွယ်အနံ့ကလည်း ညှီစို့စို့...။
မြင်ရသမျှ ပုံသဏ္ဍာန်မမှန်သလို၊ ခံစားချက်ကလည်း မဟန်လှသည်မို့ ကြည့်ခဲ့ဖူးသည့် နိုင်ငံခြားကား တချို့ကို ဖြတ်ကနဲ သတိအရ။ စိုးရိမ်စိတ်က ငယ်ထိပ်မှခြေဖျားတိုင် ထိတ်ကနဲ။
' ကားမှောက်လာတာကွ။ တစ်ကားလုံးမှာ သူတစ်ယောက်တည်း သေချင်းဆိုးနဲ့ ပွဲချင်းပြီးလာတဲ့ကောင်။
ကျန်တဲ့သူတွေက ဆေးရုံမှာ၊ သေမလားရှင်မလား မသေချာသေးဘူး။ ရှုပ်လိုက်တာကွာ။ ကိုယ့်ဟာ ကိုယ်တောင်နေရာကျပ်ရတဲ့ကြားထဲ ဘယ်နှလောင်းရောက်လာဦးမလဲ မသိဘူး...'
သွားပြီ။ သူ နာနာဘာဝကို ရောက်နေသည်မှာ သေချာသွားလေပြီ။
ကံဆိုးသူ သွားရာနေရာများမှာတော့ ပြိတ္တာဘုံမှာပင် ကြိုဆိုလက်ခံချင်သူ မရှိသည့်အဖြစ်။
xxxxxx
သူ့ဘဝက သေလျှင်တောင် ငိုမည့်သူမရှိသည့် မလွမ်းလောက်သော တစ်ကောင်ကြွက်ဖြစ်လေသည်။
သို့ပေမယ့် တွယ်တာစရာ ဘယ်လောက်ပဲမရှိဘူးဆိုဆို ဒီလိုတွယ်ရာမဲ့ မျောလွင့်နေရသည့်ဘဝကိုတော့ဖြင့် သူ မလိုချင်ပါ။
သည်လိုဘဝကို ဘယ်လိုအကြောင်းကြောင့် ရောက်လာရသည်တော့ သူမသိ။ ကံ၊ကံ၏အကျိုးဆိုသည် ကိုတော့ မသေလွန်မီဘဝက ဗုဒ္ပဘာသာဝင်တစ်ယောက်မို့ သူနားရည်ဝခဲ့ဖူးသည်။ ဘဝကူးခါနီး စွဲလန်းစိတ်များကြောင့် အပါယ်လေးဘုံကို ကျရောက်နိုင်သလို၊ ဥပစ္ဆေဒကံကြောင့်လည်း နာနာဘာဝ၊ ပေတဘုံကို ရောက်ရတတ်ကြောင်း သူကြားဖူးနားဝရှိခဲ့သည်။
သူကတော့ စွဲလန်းလောက်စရာ မိဘဆွေမျိုး၊ ပစ္ပည်းဥစ္ပာလည်း မရှိခဲ့သလို ချစ်သူရည်းစားလေးပင် တစ်ယောက်တစ်လေမျှမရှိခဲ့ပါ။ စိတ်ကူးမိသမျှ မိန်းကလေးတိုင်းကလည်း သူ့လိုလက်မဲ့တစ်ယောက်က ကြံစည်ခံရမည်ကိုပင် မသတီသလို ဝေးဝေးကရှောင်ကြ၏။
သူကလည်း လက်မဲ့မှ ငွေ၊ ဂုဏ်၊ ပကာသန၊ ဥပဓိ၊ ဘာတစ်ခုမှမရှိ။ အမေမွေးကတည်းက တံတောင် ဆစ်အောက်မှ လက်တစ်ဖက် က ပါမလာခဲ့သည်ကြောင့် လူစဉ်ကလည်းမမီ။
လူတန်းစေ့ နေနိုင်စားနိုင်လောက်အောင် ကြိုးစားလုပ်ကိုင်ရန်လည်း အရင်းအနှီးကမရှိ။ လူရာ ဝင် တွေးခေါ်ကြံဆနိုင်သည့် ပညာကလည်း မသင်ခဲ့ရတော့ လူဟုသာဆိုပေမယ့် လူကြားထဲမဝင်ဆန့်ခဲ့ပါ။ လူ့ဘဝမှာ မပျော်ပိုက်ခဲ့ပါ။
' သေချင်လိုက်တာ ' ဟု အားငယ်စွာ ညီးညူမိသောအကြိမ်က မရေမတွက်နိုင်အောင်များခဲ့သည်။
သို့သော် သေလွန်သည်၏အခြားမဲ့၌ ဘာရှိသည်ကိုတော့ ရေရေရာရာ သူမသိခဲ့ပါ။
xxxxxx
နောက်တစ်နေ့တွင် သူနှင့်တစ်ကားတည်းစီးလာသော ခရီးသည်ထဲမှ ယောကျာ်းနှစ်ယောက်နှင့် မိန်းမတစ်ယောက်ထပ်ရောက်လာကြ၏။ ယောကျာ်းနှင့်မိန်းမက ကြွယ်ဝချမ်းသာသော ပွဲစားလင်မယား စုံတွဲဖြစ်၍ သားသမီးများကျန်ခဲ့သလို နောက်ယောကျာ်းတစ်ယောက်က အသက်ငယ်ငယ်ချောချော၊ ပညာတတ်ကလေး။ ချစ်သူနှင့်လက်ထပ်ခါနီးဟုဆိုသည်။
ဥပစ္ဆေဒကံကြောင့် မဟုတ်လျှင်တောင် စွဲလန်းစိတ်ကြောင့် တော်တော်နှင့်ကျွတ်နိုင်မည့်သူများ မဟုတ်။
သူတို့ရောက်လာသည်နှင့် ဗြောင်းဆန်အောင်သောင်းကျန်းပါတော့သည်။ တစ်ချက်မှ ဂဏာ မငြိမ်၊ ရှေ့နောက်တောင်မြောက် လေပွေမွှေ့သလို ယခင်လူ့ဘဝကအိမ်များနှင့် ယခုဘဝဌာနေအကြား လူးလာခေါက်ပြန် ဇောက်ထိုးလှန်နေတော့၏။
သူတို့ရုပ်ကလာပ် အဟောင်းတွေနားမှာလည်း တဝဲလည်လည်။ မစွန့်လိုသေးသလို မခွာချင်ကြသေးဘဲ တွယ်ငြိနေကြ၏။
သူကတော့ ရောက်စကတည်းက နောက်ဆံတင်းစရာမရှိသူပီပီ သည်ဘဝကို မနှစ်သက်သော်လည်း သူ့ရုပ်ကလာပ်ဟောင်းကြီး
ကတော့ ပိုင်ရှင်မဲ့အသုဘအဖြစ် မီးသဂြိုင်္လ်စက်ဝန်ထမ်းတွေက ကိစ္ပပြီးမြောက်စေခဲ့ပြီ။
ကိုယ့်ကိုကိုယ်တွယ်တာသူရော၊ မတွယ်တာသူရော၊ သံယောဇဉ်ကြိုး ရစ်ဖွဲ့သူရော၊ မရစ်ဖွဲ့သူရော၊ ဂုဏ်ပကာသနရှိသူရော၊
မရှိသူရော၊ နောက်ဆုံးတော့ မီးသဂြိုင်္လ်စက်ထဲမှာ လောင်ကျွမ်းပြာကျခဲ့ရသည်သာ။
' ဟေ့ကောင်တွေ ငိုယိုဆူပူမနေကြနဲ့စမ်း။ ဒီနေရာကို ဘယ်သူမှ ကြိုက်လို့ရောက်လာကြတာမဟုတ်ဘူးကွ။ ဒီမှာ အရင်လိုကျယ်ကျယ်လွင့်လွင့်လည်း ရှိတာမဟုတ်တော့ဘူး။ ဦးရေထူထပ် ကျပ်ညပ်နေတာ မမြင်ဘူးလား။
အားလုံးက ရေစက်ချသံကို သာဓုခေါ်ဖို့ မျှော်လင့်တကြီး စောင့်နေကြတဲ့သူတွေချည်းပဲ။
' ငါ့ထက်ရှေ့ကျတဲ့ကောင်တွေတုန်းက ဒီအဖွဲ့အစည်းက ဒီလောက်မကြီးဘူးတဲ့။ ကံကောင်းရင် တစ်နှစ်၊နှစ်နှစ် အလွန်ဆုံးပဲ။
ကျွတ်ကြလွတ်ကြတယ်။
' ငါ ဒီရောက်နေတာ ကြာ..ကြာလှပြီ။ ခုထိ မကျွတ်လွတ်သေးတာ မြင်တဲ့အတိုင်းပဲ။
အေး မင်းတို့လည်း ဒီဘဝကလွတ်ချင်ရင် ရေစက်ချသံကိုသာ စောင့်မျှော်ကြ။ ယောက်ယက်ခတ်မနေကြနဲ့။ '
အက်ကွဲကွဲခြောက်ကပ်ကပ် အသံကြီးနှင့် ပုံပန်းမကျသဏ္ဍာန်ကြီးတစ်ခုက သည်လိုဆိုလိုက်မှ လင်မယားစုံတွဲနှင့် ပညာတတ်လူငယ်က သူ့အနားမှာ ခပ်ကုတ်ကုတ် တိုးဝှေ့ငြိမ်သက်သွားတော့၏။
xxxxxx
' ခင်ဗျားက ငြိမ်လှချည်လားဗျ။ ကျူပ်တို့လို မခွဲနိုင်မခွာရက်ကိစ္ဖတွေ မရှိဘူးလား...'
ပညာတတ်ပုဂ္ဂိုလ်က ခုမှ သူ့ကိုသတိထားမိသလို တအံ့တသြမေးလာသည်။
' ကျုပ်ကတော့ ကျုပ်အရင်ဘဝကို နှမြောတသစရာရယ်လို့ မမြင်ပါဘူးဗျာ။ ရုပ်ဆင်းခန္ပာက ခင်ဗျားတို့လို တွယ်ငြိချင်စရာမှမရှိပဲ။
ပိုင်ဆိုင်မှုကလည်း ဟိုစုံတွဲလို ဘာမှ မမက်မောလောက်ပါဘူး။ '
' ဒါဖြင့် ခင်ဗျားက ဒီဘဝမျိုးကို ပိုကြိုက်နေတာလား...'
' ဟာ ဒီဘဝမျိုးတော့ ဘယ်ကောင်ကရချင်မလဲ။ ကျူပ်မှာက ဆွမ်းသွတ်အမျှဝေမယ့် ဆွေမျိုးတောင်မရှိလို့ ဘယ်တော့မှကျွတ်ပါ့မလဲ စိတ်ညစ်နေတာ။ နေပါဦး။ ခင်ဗျားတို့ကရော။ ခင်ဗျားတို့အိမ်တွေက ဆွမ်းသွတ်အမျှဝေရဲ့သားနဲ့မကျွတ်ဘူးလား...'
' ကျုပ်က ကျူပ်ချစ်သူပူဆွေးနေတာကို သွားသွားကြည့်ပြီး ယူကျုံးမရဖြစ်လွန်းလို့ သူနဲ့ ဘယ်လိုအဆက်အသွယ်လုပ်နိုင်မလဲဆိုပြီး အမျိုးမျိုးကြိုးစားရှာဖွေနေရတာနဲ့ပဲ ကျုပ်မိဘတွေ အမျှဝေတဲ့အချိန် မရောက်လိုက်ဘူးဗျာ။ ဟိုနှစ်ကောင်ကတော့ သူ့အမျိုးတွေ အမျှဝေတာ၊ သွားပြီးသာဓုခေါ်ရဲ့သားနဲ့ မကျွတ်ဘဲ ဒီပြန်ရောက်လာတာ၊ ဘာကြောင့်မှန်းမသိဘူး။
' ဘာပဲဖြစ်ဖြစ်ဗျာ။ အလှူတစ်ခုခုရှိတယ်လို့ကြားရင် အချင်းချင်းလက်တို့ကြပေါ့။ ဒါမှ လူနေရပ်ကွက်နား သွားပြီးသာဓုခေါ်နိုင်မှာ...'
သူက လူ့ဘဝမှာ ပညာနည်းသူမို့ များများစားစားမသိလှသော် လည်း ကောင်းမှု ကုသိုလ်လုပ်သူများ ပေးသည့်အမျှဝေသံကြားလျှင်နာနာဘာဝတွေ သာဓုခေါ်နိုင်ပါက ကျွတ် လွတ်နိုင်ကြောင်းတော့ ကြားဖူး နားဝရှိခဲ့သည်။ ထို့ကြောင့်အမျှဝေသံကို သူနားစွင့်၏။
အလှူအတန်းတွေကို သူမျှော်မိ၏။
တခြား ဘယ်ဘဝရောက်ရောက် သည်လိုဘဝထက်စာလျှင်တော့ တော်ပေလိမ့်ဦးမလားဟု သူကထင် သည်လေ။
xxxxxx
သူတို့တစ်အုပ်စုလုံး ငြိမ်ငြိမ်သက်သက် အာရုံစူးစိုက်နေသည်မှာ အချိန်အတော်ကြာသွားပြီဖြစ်၏။
အလှူမဏ္ဍပ်တစ်ခု၏ လေးဖက်လေးတန်နေရာများမှာ တိုးဝှေ့နေရာယူထားကြသည်မှာ အကြားအလပ် မရှိလောက်အောင်ပင်။
မကျွတ်မလွတ်သည့် နာနာဘာဝမှာ အကြောင်းကြောင်းကြောင့်သာ ရောက်နေကြရပေမယ့် ကျွတ်လွတ်ခွင့်ကို သူ့လိုစောင့်မျှော်နေကြသူချည်းသာ ဖြစ်သည်ကို ကိုယ်ချင်းစာစဖွယ် တွေ့ရသည်။
သူ့ထက်စောပြီး သည်ဘဝကိုရောက်နေတာကြာပြီး အမျှဝေသံကို စောင့်စားနားစွင့် နေကြသူများ ဖြစ်သော်လည်း အကြောင်း မတိုက်ဆိုင်သေး၍ သာဓုမခေါ်နိုင်ကြသေးသူတွေ ဖြစ်လိမ့်မည်။
သည်နေ့တော့ မြို့မျက်နှာဖုံး သူဌေးကြီး၏ ကြီးကျယ်ခမ်းနားသော အလှူတော်မင်္ဂလာ။
သူတို့ဘဝတူတွေအားလုံး တစ်ကောင်နှင့်တစ်ကောင် လက်တို့အချက်ပေးရင်း စုဝေးရောက်ရှိနေသည်မှာ နံနက်စောစောကတည်းကဖြစ်၏။
မျက်နှာကြီးအလှူတော် ခြိမ့်ခြိမ့်သဲဆိုတော့ ဒါနနှင့်ပကာသနကလည်း မလိုလားအပ် ဘဲ ရောထွေးနေ သည်လေ။
လူရောင်စုံ၊ အဆင်တန်ဆာရောင်စုံကြားမှာ ဂုဏ်တုဂုဏ်ပြိုင်များရော၊ လက်ဝတ်လက်စား အဆောင်အယောင်အပြိုင်များရော၊ သူ့ပင့်ကိုယ့်ပင့် ကြွားဝါမှုများရော...။ အကျွေးအမွေးအလှူဒါနပြုသူနှင့် အလှူလာပရိသတ်ပါ ကုသိုလ်စိတ်၊ မုဒိတာစိတ်တွေကြားထဲ အကုသိုလ်စိတ်လေးတွေ သိသိသာသာ ရောယှက်နေကြ၏။
တန်ဆောင်းအလှူ၊ ကျောင်းအလှူ၊ သိမ်အလှူတွေကို ကဗ္ဗည်းမှတ်တမ်းတင်၊ မော်ကွန်း လက်မှတ်ချီးမြှင့် နေတာကိုက အချိန်အတော်ကြာ၏။ သာဓုခေါ်ချင်လွန်း၍ တရွရွဖြစ်နေသော သူတို့ကလည်း ရေစက်ချ သံကိုသာ စောင့်မျှော်နေကြပြီ။
မင်္ဂလာဆိုင်းက အလှူဗြောနှင့်ကောင်းချီးပေး မင်္ဂလာယူနေသည်ကိုလည်း သူတို့အုပ်စုကတော့ စိတ်မရှည်စွာ၊ စိတ်စောစွာ...။
အလှူရှင်၏ နှစ်ရှည်လများ ကောင်းမှုအစုစုကို စာရင်းပြုစုကြေငြာပေးနေသည်ကလည်း တနံတလျား...။
အတင်းဝါသနာအိုးတချို့၏ ' သူတို့က လှူနိုင်မှာပေါ့အေ။ ငွေကသဲ့ယူသလို မတရားဝင်နေတာကိုး..' ဟု ပြောသံကိုလည်းကြားနေရ၏။
သူကတော့ သည်ဘဝမှ ကျွတ်လွတ်ချင်လှပြီမို့ ကုသိုလ်အစုစုကိုသာ အာရုံပြုနားစိုက်ထားရပြီး မလိုတမာအတင်းစကားများကိုတော့ မကြားသယောင် ဖယ်ရှားရလေသည်။
သူ သာဓုခေါ်မျှဝေယူချင်သည်က သူဌေးကြီး၏ကုသိုလ်များသာ မဟုတ်လား။ အကုသိုလ်များကတော့ သူဌေးကြီးဘာလုပ်လုပ် သူမသိချင်ပါ။ မမျှယူချင်ပါ။
သည်လောက်ချမ်းသာသည့်လူ၊ ကျောင်းဒကာ၊ သိမ်ဒကာကြီးလှူထားသည့် မြို့မျက်နှာဖုံးအလှူကြီးကတော့ ထမင်းရေချောင်းစီးအကျွေးအမွေးရော၊ ခြိမ့်ခြိမ့်သဲအခမ်းအနားရော၊ မြို့မိမြို့ဖဂုဏ်သရေရှိလူကြီးများ အစုံ အလင်နှင့် ကဗ္ဗည်းမော်ကွန်းတွေရော...။
ဒါလောက်ကြီးမားသည့် အလှူကြီးကမှ ကုသိုလ်အမျှမရလျှင် ဘယ်ကရတော့မည်နည်း။
သူတို့အုပ်စုကလည်း အလှူမဏ္ဍပ်ထဲကလူတွေနား မကပ်သာပေမယ့် မဏ္ဍပ်ပတ်လည်မှာတိုးဝှေ့၍ ကုသိုလ်အမျှယူရန် စိတ်ဇောထက်သန်နေကြလေသည်။
xxxxxx
မျှော်လင့်စောင့်စားနေခဲ့သော အလှူမင်္ဂလာကတော့ ပြီးဆုံးသွားလေပြီ။
မဏ္ဍပ်ထဲမှ ဖိတ်စင်ကျနေသော စားကြွင်းစားကျန်များနှင့် လူတို့စွန့်ပစ်ထားသော သူတို့အတွက်စားစရာ များကို စိတ်ဝင်စားသူတစ်ယောက်မှ သူတို့ထဲတွင်ရှိမနေပါ။ အားလုံးခြေပစ် လက်ပစ် ပျော့ခွေ ညည်းညူနေကြ၏။
' သွားပြီကွာ။ အနှစ်နှစ်အလလမျှော်လင့်ခဲ့ရတဲ့ အမျှဝေသံ...။ ဘာလို့ ဒီလိုဖြစ်ရတာလဲ...'
' ကျုပ်လည်း သေသေချာချာ အကျယ်ကြီး သာဓုခေါ်လိုက်တာပါ။ ဘာကြောင့်မထူးခြားတာပါလိမ့်...'
သူ စိတ်ဓါတ်တော်တော်ကျသွားရလေသည်။ သူဌေးကြီး၏ အမျှဝေသံကို ပီပီသသ၊ ကြည်ကြည်မြမြကြီး ကြားလိုက်ရသည်မှာ သေချာ၏။
သူလည်း နောက်ကျကျန်ခဲ့မည်ကိုစိုးစွာ အလုအယက်ပင် သာဓုသုံးကြိမ်ခေါ်ချလိုက်၏။ သို့သော်...
' အံ့သြမနေပါနဲ့တော့ကွာ။ ငါက ဒါမျိုးတွေ ခဏခဏကြုံရလို့ ရိုးနေပါပြီ။ ငါဒီရောက်နေတာတောင် တော်တော်ကြာပါပြီဆို။ ဒါကြောင့်လည်း တို့အဖွဲ့အစည်း ကြီးကြီးလာတယ် လို့ပြောတာပေါ့။
' ငါ့အထင်တော့ကွာ...၊ ရေစက်ချသံတွေက မသန့်တော့ဘူးထင်ပါရဲ့...'
ခြောက်ကပ်ကပ် အက်ကွဲသံကြီး၏ စကားအဆုံးမှာတော့ ' သည်ဘဝက ဘယ်တော့မှကျွတ်ပါ့မလဲ..' ဟု သူထိတ်လန့်တကြား ပူပန်သွားရ၏။ မြို့မှာရေမသန့်ရင် တောမှာရော...။
တောမှာကလည်း ပိုးသတ်ဆေးတွေအသုံးများနေတာကြောင့် ပါဏာတိပါတာကံထိုက်ကာ အလှူလုပ်မည့် ကုသိုလ်တွေက ရေသန့်ပါတော့မည်လား။ ရေစက်ချသံသန့်သန့်လေးကြားရဖို့ သူတို့အတွက် ကာလံဒေသံကိုက်ညီမည့်နေရာ ဘယ်မှာရှာရပါ့။
ရေသန့်စက်ရုံတွေ အမြို့မြို့အနယ်နယ်တိုင်းမှာ အလျှိုလျှိုပေါ်လာနေသောခေတ်၊ အိမ်တွင်းသုံး ရေသန့်စက်ကလေးတွေနှင့် တစ်ပိုင်တစ်နိုင် ရေသန့်စင်အောင် လုပ်နိုင်နေပြီဖြစ်သော ခေတ်ကြီးထဲမှာ ရေစက်ချဖို့ရေသန့်က ဘာလို့ဒီလောက်ရှားနေရတာပါလိမ့်..ဟု
စဉ်းစားရင်း..စဉ်းစားရင်း သူ ဥာဏ်မမီသောကြောင့် စိတ်ပျက်အားငယ်စွာ အော်ဟစ်ညည်းညူ လိုက်မိလေတော့ သည်။
xxxxxx


ဝေ (စီးပွားရေးတက္ကသိုလ်)
 သြဂုတ်လ ၂ဝ၁၁...မဟေသီမဂ္ဂဇင်း။