“လောကကြီးမှာ အပေါ်စီး ကနေ ငုံ့ကြည့်ပြီး အသေသပ်ဆုံး ပြုံးပြ နိုင်တာ ဘာဆန်းသလဲ။
တကယ်တမ်းက အောက်ကနေ မော့ကြည့်ရင်း 
အကြည်လင်ဆုံး ပြုံးနိုင်ဖို့က ပိုခဲယဉ်းတယ်” တဲ့။
အဲဒါ သူပြော နေကျ စကားပါ။ 
သူက သူ့ကိုယ် သူ အောက် ကနေ မော့ကြည့် နေရတယ် ချည်း ထင်ပြီး စိတ်ဓာတ် 
ကျနေတဲ့သူ။ ဒါပေမဲ့ သူထင် သလို မိုးကလည်း အပေါ်စီး ကနေ ပြုံးတတ်တဲ့ သူတော့ 
မဟုတ်ပါဘူး။ အမှန်တော့ အပေါ်ရယ် အောက်ရယ် ခွဲခြား ပြောနေရတာ ကိုက မဟုတ်တာ။ 
သူနဲ့မိုးက တစ်ဘ၀တည်း ပေါင်းစည်း ထားတဲ့ ချစ်သူ နှစ်ယောက် မဟုတ်တာ ကျနေ 
တာပဲ။ တစ်ဘ၀စာ အတွက် ခရီးလမ်း ကို အတူတူ လက်တွဲ လျှောက်ကြ ပြီဆိုမှတော့ 
ကောင်း ရင်အတူစံ၊ ဆိုးရင်လည်း အတူတူ ခံရတာလေ။ ဘယ်သူ့ ဘယ်သူက သာတယ်၊ နာတယ်၊ 
နိမ့်တယ်၊ မြင့်တယ်ရယ် ရှိဦးမှာလဲ။
တကယ်လို့ မိုးနဲ့သူက 
နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်ရတဲ့ စွယ်တော်ရွက် ကလေးဆို ရင် 
အဲဒီစွယ်တော်ရွက်ကလေးနှစ်လွှာကြားမှာ ပေါင်းကူးယှက်ဖြာနေတဲ့ သစ်ကြောလွှာစိမ်းစိမ်းလေးဟာ မိုးတို့ရဲ့ သားကလေးပါ။ 
စွယ်တော်ရွက် ကလေး နှစ်လွှာမှာ တစ်လွှာကညှိုး လာရင် (ဥပမာ နေထိ လို့ပဲ 
ဖြစ်ဖြစ်) နောက်တစ်လွှာက လည်း တဖြည်းဖြည်း လိုက်ညှိုး လာမှာပဲ။ တစ်ရွက်လုံး 
ညှိုးခြောက် လာတော့ အကြော စိမ်းလေးလည်း ညှိုးခြောက် ရတော့တာပေါ့။
စွယ်တော်ရွက် ကလေး သာ တကယ်တမ်း ကြွေကျပြီ ဆိုမှတော့ နှစ်လွှာ စလုံး 
အကြောစိမ်းလေး ပါမကျန် မြေခ ရတာပါပဲ။ အဲဒါမှ ဘ၀တစ်ခု အစစ် ပါလို့ မိုးက 
ပြောရင်တော့ သူ့ အပြုံးတွေ လက်လာ တတ်တယ်။
++++++++ 
တကယ်တော့ တလက်လက် 
တောက်ပမယ့် အနာဂတ် တစ်ခုကို ပိုင်ဆိုင် မယ် ထင်ပြီး ခပ်မှိန်မှိန် အတိတ် 
ကောက်ကြောင်းကို ဖျက်ပစ် ခဲ့မိလို့ မိုးတို့ရဲ့ ပစ္စုပ္ပန် ဘ၀ဟာေ၀၀ါးမှုတွေ 
အောက်ကို ရောက်ခဲ့ ရတာပါ။
“ယောက်ျားလည်း အသည်း နှလုံးနဲ့ပဲ မိုး။ မောင်
 ကတော့ ဟန်လုပ်ပြီး မာန် တင်းမထား နိုင်ပါဘူး။ လွမ်းလို့ငိုချင် လာရင် 
ငိုမှာပဲ။ ခု မောင် မိုးနဲ့သားကို လွမ်းလို့ ငိုနေရပြီ”
အဲဒီလို 
အလုပ် ကိစ္စနဲ့ နယ်ထွက် ရရင်တောင် သူက ဖုန်းဆက်ပြီး ငိုတတ်သူဆို တော့ ခုလို 
ရေမြေ ခြားဝေးနေ ရချိန်မှာ သူဘယ်လောက် ငိုထား သလဲဆိုတာ ကွန်ပျူ တာမှာ 
သူ့မျက်နှာ ကြီးပေါ် လာတော့ မိုးထင် ထားတာ ထက် တောင် ထူအမ်း နီမြန်း 
နေသေးတယ်။ ယောက်ျား တန်မယ့် ရုပ်ပျက်ဆင်း ပျက် သိသိသာသာ ကြီးဖြစ်နေ တော့ 
တော်ရုံ နယ်ထွက်လို့ သူ ငိုရင်တောင် မတုန်လှုပ် တတ် တဲ့ မိုးလည်း ထိုင်ပြီး 
ငိုချ ပစ်လိုက်တော့ တာပဲ။
ဟုတ်တယ်လေ။ တစ် နိုင်ငံတည်း ဆိုတဲ့အသိက 
တစ်သားတည်း ခံစားချက် နဲ့မို့ တစ်ရက် နှစ်ရက် လောက်က တော့ မိုးအသည်းက ခိုင်
 တယ်။ ခုဆို သူ စင်ကာပူ ထွက်သွားတာ တစ်ရက် မပြည့်တတ် သေးပါဘူး။ မနက်ဆယ် 
နာရီ လေယာဉ်နဲ့ သွားတာ ဆိုတော့ ခုမှ ညနေ သုံးနာရီ ရှိသေးတယ်။ နေ့တစ်ဝက် 
တောင် မကျိုးသေးဘူး။ ဒါပေမဲ့ သိပ်ဟာ တာပဲ။ ရေ မြေခြားဆိုတဲ့ ခံစားချက်က 
ဘာနဲ့မှ မတူဘူး။ ရင်ထဲမှာ ပူ နေတယ်။
သားကလည်း ကွန်ပျူတာ မော်နီတာ 
ပေါ်က သူ့ အဖေပုံ ကိုကြည့်ပြီး “ဖေဖေ ဘာလုပ် နေတာလဲ။ ပြန်လာ လေ” လို့ 
ပြောပြီးငိုတော့ သူရော မိုးရော သားကိုချော့ ရင်း သားမသိ အောင် ကြိတ် 
ငိုရပြန်ရော။
ဒါဖြင့်လည်း ပြန်လာခဲ့ ပါလား မောင်ရယ်။ ဟင့်အင်း 
ဒီလို ပြောလို့ မဖြစ်ဘူး။ ဒီလို ပြောရင်လည်း သူက လက်ခံ မှာ မဟုတ်ပါဘူး။ 
သူဒီလို လုပ်လို့လည်း မဖြစ်ဘူး။ ဒီလို အသည်း ကွဲနာနဲ့ ရေမြေခြား ဝေးနေရ 
တာကမှ အတူတူရှိ ပြီး စိတ်ချင်းဝေး နေရတာ ထက်စာရင် တော်ဦးမယ် ဆိုတာ အတူတူ 
ယှဉ်ထိုင်ပြီး ပင်လယ်ခြား နေရတဲ့ ဒဏ်ကို ခံရပြီးတဲ့ မိုးတို့နှစ်ယောက် 
စလုံး အသေအချာ သိပြီး ခဲ့ပြီ လေ။
ေ၀၀ါးမှုတွေ အောက်  မှာ ဒီထက် 
အချိန်ကြာကြာ သာ ရုန်းမထွက် နိုင်ခဲ့ရင် သူရင် လည်း စိတ်ကျ ဝေဒနာသည် 
ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် မိုး တို့ဘ၀လေး လည်း ပြိုကွဲချင် ကွဲသွား 
နိုင်ခဲ့တယ်။ ဒါကြောင့် လည်း လမ်းပျောက်လို့ ဆိုပြီး ထိုင်ငိုနေ တာထက်စာရင်
 ဆူးတောပဲ ဖြစ်ဖြစ် အနာကျင်ခံ စမ်းတိုးပြီး လမ်းထွင်သင့် သလားလို့ မိုးတို့
 နှစ်ယောက် စွန့်စားရ တော့တယ်လေ။
“လမ်းဆိုတာ ကိုယ် 
တိုင်ထွင်လျှောက်မှ သူများ ထက် ခရီး ပိုပေါက် မှာပေါ့ သမီးရဲ့။ 
လမ်းဟောင်းကြီး အတိုင်း မှေးပြီး လျှောက်နေ ရင် ဒီလိုပဲ သာမန် လူတွေ 
ကြားမှာ သာမန် လူမျိုးပဲဖြစ် တော့မှာပေါ့”
အန်တီချောက ရဲရင့် ပြတ်သားသူ ပီပီ မိုးကို အားမလို အားမရ ဖြစ်ခဲ့ဖူးတယ်။
“သမီးတို့ နှစ်ယောက် က အချစ် တစ်ခုနဲ့ ပြည့်စုံ ပါပြီ တဲ့။ မစွန့်စား 
ချင်တော့ပါ ဘူးတဲ့။ သမီးတို့ ရင်သွေးလေး အတွက် ကျတော့ ဒီ လောက်နဲ့ 
လုံလောက်ပါ့ မလား။ ခုခေတ်က အတွန်း အတိုက်၊ အပြိုင်အဆိုင် တွေများတဲ့ 
ခေတ်သမီးရေ။ ယူအက်စ်မှာ သာဆို သားကလေး အတွက် ပညာရေး က အမြင့်ဆုံးပဲ မဟုတ် 
လား”
သားနဲ့ မီးမောင်း ထိုးပြ လိုက်တော့လည်း ဒီလမ်းက လွဲပြီး အားလုံးဟာ မှိန်ဖျော့နေ သယောင်ယောင်၊ မိုးအတ္တ တွေ လင်းပလာ တော့တာ ပေါ့။
“ကဲ ဒီလောက် အဆင် သင့်နေတဲ့ လမ်းကိုမှ မလျှောက် လိုက်ရင် အမိုက် 
နင့်ပြင်ရှိ ဦးမလားဆိုတဲ့ ကိန်းဆိုက် နေပြီ မောင်ရေ။ မောင့် အဒေါ်က 
သူ့ဆိုင်မှာပဲ အလုပ် လုပ်၊ သူ့အိမ်မှာပဲနေ၊ အားလုံးတာဝန် ယူမယ် ဆိုမှတော့ 
စွန့်စား ကြည့်ရင် ကောင်း မလားလို့”
ထုံးစံ အတိုင်း ခပ်အေးအေး 
ခပ်လေးလေး သူ့ကို မိုးကပဲ ဦးဆောင်ပြီး ပြောခဲ့မိတယ် ထင်တာပဲ။ သူကမပွင့် 
တပွင့်နဲ့ အနေ အေးတော့ သွက် လက်တဲ့မိုးက နေရာ အတော် များများမှာ ဦးဆောင် 
ရလေ့ ရှိတယ်လေ။ ရိုးလွန်းတော့ အ သတဲ့။ တစ်ခါတလေ မိုး သူ့ကို အား မရဘူး။ 
ကိစ္စ တစ်ခုခုဆို သူ က အေးဆေးပြီး တွေဝေ စဉ်းစားနေတုန်း မိုးက စိတ်မြန် 
လက်မြန် ဆုံးဖြတ်ချက်ချပြီး နှင့်ပြီ။ တစ်ခါတလေ လုပ်တောင် 
လုပ်ပြီးနှင့်ပြီ။ ကြာလာတော့ မိုးကပွစိ စိ၊ သူက ကျစ်ကျစ် လစ်လစ်နဲ့ 
ကိုယ့်ကိုယ်ကိုတောင် စိတ် ပျက်မိတယ်။ ပိုဆိုးတာက သူ့အရည်အချင်း တွေ မိုးရဲ့
 သွက်လက်မှု အောက်မှာ လောင်းရိပ်မိ သွားမှာလည်း စိုးရ သေးတာလေ။ ဒါကြောင့် 
လည်း နောက်ပိုင်းတော့ သတိလေး ထားပြီး ဆုံးဖြတ် ချက်ဆို မိုးက မပေးဘဲ သူ့ကို
 ရှေ့တန်းတင်ပြီး တွန်းပို့ နေရ တယ်။ ဒီလိုနဲ့ပဲ ခပ်လျော့လျော့ သူ့မာနကို 
ဆွပေးလိုက်၊ လင်းလက် တောက်ပမယ့် သားရှေ့ရေးကို ဆွေးနွေးလိုက်၊ တွန့် ဆုတ် 
တွေဝေ နေတဲ့ သူ့နောက် ကနေ တွန်းလိုက်နဲ့ပဲ သူ့လက် ရှိအလုပ်ကို ထွက်ပစ်ဖို့၊
 သူ က အရင် သွားနှင့်ပြီး မိုးတို့ သားအမိက နောက်မှ လိုက်ခဲ့ ဖို့၊ 
ဆုံးဖြတ်ချက် ကျသွားတော့ တယ်။ မှိန်ဖျော့ဖျော့ အတိတ် ကောက်ကြောင်း တစ်ခုကို
 ဖျက်ပစ် လိုက်ပြီး တောက်ပ တဲ့အနာဂတ် တစ်ခုဆီ ချီတက် ဖို့အားယူ ကြမယ်ပေါ့။
ဒါပေမဲ့ အလွယ်ဆုံးလို့ ထင်ထားတဲ့ ပထမ အဆင့်မှာ တင် မိုးတို့ရဲ့ခြေလှမ်း 
ကို စပြီး ကြိုးအငင်ခံရတော့ တာပါ။ လုပ်သက် ဆယ်နှစ်ကျော် သက်တမ်း 
ကြာပြီးတဲ့ အလုပ် တစ်ခုက ထွက်ဖို့ဆို တာ ထင်သလောက် မလွယ် ကူလှဘူး။ 
ကျွမ်းကျင် အဆင့်ကို ရောက်နေတဲ့ သူ့ရဲ့လုပ်ရည် ကိုင်ရည်နဲ့ ရိုးသားမှုကို 
လက်မလွှတ် ချင်တော့ လစာ တွေတိုးပေး၊ အခွင့် အရေးတွေ ပေးနဲ့။ ပြုပြင် 
ထိန်းသိမ်းရေး ဆိုတာကလည်း လုပ်သက် ရင့်လေ တန်ဖိုးရှိလေ ဆိုတော့ ဒီလို 
ကုမ္ပဏီကြီး တစ်ခု အနေနဲ့ ကလည်း သူ့ကို အမျိုးမျိုး မက်လုံး ပေးပြီး 
ဆွဲဆောင် ပြန် တာပဲ။ နောက်ဆုံးတော့ မရ ရင်တောင် လူစားမရ မချင်း တော့ 
လုပ်ပေးပါဦး ဆိုတာ မျိုး တောင်းဆို ကြတယ်။
ဒါပေမဲ့ စိတ်ကူး တစ်ခု က ဖျတ်ခနဲ ပေါ်တုန်း ဆတ်ခနဲ လုပ်ရင်လုပ်၊ မဟုတ်လို့ ကတော့ အချိန်ကြာလေေ၀၀ါးလာ တတ်တာပဲ မဟုတ် လား။
“မိုးကလေ အနောက် နိုင်ငံ ယဉ်ကျေးမှု တွေကြားမှာ မိုးသားလေး ဘုရား တရား မသိ၊ မိဘဆရာ ကျေးဇူး မသိ နဲ့ ဒိဋ္ဌိဖြစ်မှာ အကြောက်ဆုံး ပဲ”
“မိုးတို့မှာက ဒီသားလေး တစ်ယောက်ထဲ ရှိတာ။ ဟိုမှာ ကြီးပြင်းလာပြီး ဟိုက 
မိန်းမနဲ့ ရသွားရင် ဘယ်လို လုပ်မလဲ။ မောင့်အန်တီတို့ မိသားစု တောင် စုမိ 
ဆောင်းမိ ရင် မြန်မာပြည် မှာပဲ ပြန်အခြေ ချမှာတဲ့။ သူ့သမီး ကလည်း ဟိုမှာ 
နေတာကြာ လာတော့ မိဘအပေါ် ရိုသေ လေးစား၊ အားထားမှု မရှိလှဘူး။ ခုဆို 
အပျိုပေါက်လေး ဖြစ်လာတော့ ဟိုက ယဉ်ကျေးမှုထဲ မျော သွားမှာ စိုးရိမ် လာပြီလေ။
 မိုး တို့ဆီ လာလည်တုန်းက သူတို့ သားအမိ ဆက်ဆံရေးက လည်း ခြောက်ကပ်ကပ် နဲ့ 
စိုစို ပြည်ပြည် မရှိတာတွေ့ရတယ်။ အနောက် နိုင်ငံထက စာရင် အရှေ့သား 
အချင်းချင်း အာရှ ကမှ တော်ဦးမယ်။ စင်ကာပူ လောက်ဆို မကောင်းဘူး လားမောင်။ 
မိုးမောင်တစ်ဝမ်း ကွဲလေးရှိတယ်”
တကယ်တော့ သူ့ အလုပ်ရှင်ကို နားလည်မှုနဲ့ လူစား စောင့်ပေး နေရတဲ့ အချိန်မှာ မိုးစိတ်တွေ ဦးတည်ချက် ပြောင်းသွား ခဲ့တာပါ။
အစကတော့ ရေခြား မြေခြား မိဘ ဆွေမျိုး တွေနဲ့ အဝေးမှာ တစ်စိမ်း တွေကြားထဲ 
ရုန်းကန် ရတော့မှာမို့ စိတ်ဓာတ် ရင့်ကျက် လာအောင် ဘုရားတရား မမေ့အောင် 
ဘာသာရေး လေးကိုင်းရှိုင်းရုံ တင်ပါ။ တရားခွေ လေးတွေ နာပြီး ဘုရား အဆုံးအမကို
 နှလုံးသွင်း ရုံတင်ပါ။
အံ့သြစရာ ကောင်းတာ က လောကရဲ့သစ္စာ တရားကို တကယ်သိ သွားခဲ့ချိန်မှာ ထူ ပြိန်းနေတဲ့ အလိုဆန္ဒတွေ လျော့ပါးသွား တော့တာပဲ။
“မိုးလေ အရင်ကတော့ သားရဲ့ အနာဂတ်ကို အတောက်ပဆုံး စိတ်ကူးယဉ် ခဲ့တယ်။ 
နိုင်ငံခြားမှာ ကြီး ပွားနေတဲ့ သူငယ်ချင်း တွေကို အားကျခဲ့တယ်။ အလှဆုံး 
ဘ၀တစ်ခု ကြိုးစားတည် ဆောက်ဖို့ ဟန်ပြင်ခဲ့တယ်။ တကယ်တမ်း “ငါ” ဆိုတာ တောင် 
မရှိမှန်း သိလိုက်ရတဲ့ အချိန်မှာ မိုးရဲ့ ဆန္ဒအားလုံး ဟာ လက်ဆုပ် လက်ကိုင်ပြ
 စရာ ဘာတစ်ခု မှကို မကျန် တော့ဘူး”
ခက်တာက မိုး စိတ် ကူးလည်း 
ပြောင်းသွားရော သူ့အလုပ် ကလည်း လူစားရ သွားတာပါ။ ထွက်စာ တင်ပြီး သားမို့သာ 
ထွက်ခဲ့ရ ပေမယ့် အချိန်မရွေး ပြန်ဝင်ပါ လို့တော့ ပြောရှာတယ်။ ဒါပေမဲ့ သူ 
ကိုယ်တိုင် ကကို မလုပ်ချင် တော့ဘူးတဲ့။ နိုင်ငံခြား ထွက်မယ် ဘာညာ 
လုပ်ပြီးမှ ပြန် ၀င်ရမှာ အောက်သလိုလို ခံစားနေ ရတယ်တဲ့။
ကဲ 
ဒါဆိုလည်း စင်ကာပူပဲ သွားကြမယ် ဆိုပြန်တော့ မိုးမောင်လေး ဆီက သတင်းရ တာတော့
 ဒေါ်လာဈေးတွေ ကျသတဲ့။ မြန်မာငွေက မာ နေလို့တဲ့။ ဒီကြားထဲ စင်ကာပူမှာ လည်း 
အပြောင်းအလဲ တွေနဲ့။ သူတို့ နိုင်ငံသား တွေကို ပဲ အလုပ်ပို ခန့်ရမတဲ့။ 
နိုင်ငံခြားသား တွေဆို လုပ်ခနှိမ် သတဲ့။ အလုပ်ရ ဖို့တောင် မလွယ်တော့ 
ဘူးတဲ့။ အလုပ် မရလို့ ပြန်လာတဲ့ သူတွေ တောင် ရှိသတဲ့။
အဓိက ကတော့ 
အရင်လို အလုပ် လွယ်လွယ်၊ ငွေ များများ မရတော့ တာပါပဲ။ မိုးတို့တော့ 
သေမယ့်နှစ်မှ စစ်ထဲလိုက် မိသလို ဖြစ်နေပြန်ပြီ လေ။ မိုးမောင်လေးကတော့ 
“ကိုမောင့် အရည်အချင်း နဲ့ဆို ရင် အလုပ်က ရတော့ ရမှာပါ။ ဒါပေမဲ့ စင်ကာပူ 
မှာက စရိတ် တွေကြီးတော့ ငွေဈေးနည်း နည်းတက်အောင် စောင့်လိုက် ပါဦးလား” 
တဲ့။
ဒါနဲ့ပဲ သူလည်း အလုပ် လက်မဲ့ ဘ၀ကို သေသေ ချာချာ ချိန်ပစ် သလိုကို ရောက်သွား တော့တယ်။ အဲဒီမှာ သူ့ လက်သုံး စကားကြီး စလာတော့ တာပါပဲ။
++++++++ 
“မောင်အလုပ် မရှိ လည်း မပူနဲ့ မောင်ရေ။ သား လည်းနှစ်နှစ် ကျော်ပြီ ဆိုတော့
 မိုးအလုပ် တစ်လှည့် ပြန်လုပ် မယ်။ မိုးအလုပ်က တကယ် ကြိုးစားရင် မောင့်ထက် 
တောင် ထောဦးမှာ”
အဲဒီမှာ စလွဲတာပဲ။ မိုး က စေတနာနဲ့ 
ရိုးရိုးသားသား ပြောလိုက်တာ။ သူက မျက်လုံးကြီး ပြူးပြီး မိုးကို ကြည့်တယ်။ 
ရုတ်တရက် မိုး နားမလည်ဘူး ဖြစ်နေတာက မိုးဘာများ မှားပြောမိသလဲ ပေါ့။ 
နောက်မှ သူ့လစာကို နည်းတယ် လို့ အဓိပ္ပာယ် ကောက်သွား ပြီလား။ သူ့ အလုပ်ကို 
လခစား လေးဆိုပြီး နှိမ်သလို ဖြစ်သွားပြီလား။
အမှန်တော့ မိုးတို့မိဘ
 လက်ထက် ကတည်းက လုပ် ခဲ့တဲ့အလုပ်က မိုးတို့ ညီအစ်မ လက်ထက်မှာ တော်တော်ကို 
အောင်မြင် ခဲ့တာ။ မိုးမမနဲ့မိုး ကလည်း အိမ်ထောင် ကိုယ်စီ ကျသွားပေမယ့် မိဘ 
အလုပ်ပဲ ဆက်လုပ်ပေးပြီး ကိုယ့် ယောက်ျားတွေရဲ့ ၀င်ငွေကို တော့ အိမ်စရိတ် 
တွေသုံးကြ တယ်။ မိဘ လုပ်ငန်းအမြတ် အစွန်းမှန် သမျှက မိဘလက် ထဲပဲ ခုထိ 
အပ်ကြတုန်း။
နောက်မှ မိဘတွေ ဆီက မုန့်ဖိုးဆိုပြီး ပြန်လက်ဖြန့် သုံး 
တာ။ မုန့်ဖိုး ကလည်း လက် ဖြန့်ရင် ဖြန့်သလောက် တစ်လဆို လေးငါးသိန်း 
လောက်တော့ ပျော့ပျော့လေး ရတာလေ။ မမ ကလေး မွေးပြီးကာစ တုန်းက လည်း 
မိုးတစ်ယောက်တည်း ပဲ အလုပ်ကို ဦးစီး လုပ်ခဲ့ရ တယ်။ မမက သူ့ကလေးနဲ့ သူ 
မအားလပ် နိုင်ခဲ့ဘူး။ ခု မိုးသား မွေးပြီးတော့ လည်း မမပဲ အလုပ်ကို တစ်ယောက်
 တည်း မနိုင်မနင်း လုပ်ရတာ ပဲ။
ကိုယ်က အလုပ်ကို ၀င်မကူ ဖြစ်တော့ 
မုန့်ဖိုးဆိုပြီး လက်မဖြန့် ဖြစ်တော့ဘူး။ ဒါပေမဲ့ မိဘတွေက ဆန်အိတ် 
ပို့လိုက်၊ ဆီပုံး ပို့လိုက်နဲ့ပါ။ မမ ကလည်း သူဝယ်သမျှ အ၀တ်အစား ကအစ ဖိနပ် 
အဆုံး မိုးအတွက် ဆင်တူပါ ပြီးသား။
ဘာပဲ ဖြစ်ဖြစ် အသေး သုံး၊ အကြီးသုံး 
မှန်သမျှက တော့ သူ့လခ နဲ့ပဲ နှစ်ပါးသွား ခဲ့တာ သားတစ်သက်ပေါ့။ စိတ်တိုင်းကျ
 မသုံးနိုင် ပေမယ့် လောက်အောင်တော့ ဒီလိုပဲ လှည့်ပတ် သုံးရတာပဲ။ မိုးက 
နည်းနည်း လက်ဖွာတာမို့ စိတ် တော့ညစ်ရတယ်။ ဒါပေမဲ့ မိုး မညည်းဘူး။
သူက မိုးမိဘတွေ ဘက်လိုက် နေတာ ဆိုတော့ သူ အားငယ်မှာ စိုးလို့ မိုးက အမြဲ 
တမ်း နောက်တစ်လှမ်းဆုတ် နေရတာ။ ဒါပေမဲ့ မိုးတို့ အတွက် ပေးထားတဲ့ 
တိုက်ခန်းက မိဘတွေနဲ့ တစ်တိုက် တည်း၊ အထက် အောက်ဆို တော့ မိဘနဲ့လည်း အနေ 
မဝေးဘူး။ လင်မယားနှစ် ယောက်လည်း လွတ်လွတ် လပ်လပ် ရန်ဖြစ်လို့ ရတယ် 
ဆိုတာမျိုး။
မိုးအလုပ် ပြန်လုပ်နိုင် တော့ မမလည်း သက်သာ၊ အလုပ်လည်း
 ပိုတွင် ကျယ် တာပေါ့။ မိုးတို့ညီ အစ်မ အလုပ်က ဌာန ဆိုင်ရာတွေ၊ 
တက္ကသိုလ်တွေ၊ ကျောင်း တွေနဲ့ ဆက်သွယ်ပြီး ပြက္ခဒိန်တို့၊ အမှတ်တရ 
စာအုပ်တို့၊ ယပ်တောင်၊ ဘောပင်၊ သော့ချိတ် ကအစ မဂ္ဂဇင်း စာအုပ်အဆုံး အကုန် 
တာဝန်ယူ လုပ်ပေးတဲ့ မီဒီယာ အလုပ်ပါ။ မမ ယောက်ျားက ဌာန ဆိုင်ရာ တစ်ခုက 
လူကြီးဆို တော့ သူ့အလုပ်နဲ့ သူမအား တာမို့ မိုးတို့ ညီအစ်မ အလုပ် ကို 
စိတ်မ၀င်စား အားပါဘူး။ ဒီတော့ မမက သူ့ကို အလုပ်လည်း ထွက်ထားတုန်း မိုးတို့ 
နဲ့အတူဝင် လုပ်ဖို့ခေါ်တယ်။ ယောက်ျားလေး တစ်ယောက် ပါတော့ အားကိုး ရတာပေါ့။ 
ဒါပေမဲ့ ဒီအလုပ်ကို နှစ်ပေါင်းများစွာ လုပ်လာကြတဲ့ မိုးတို့ ညီအစ်မက 
မိတ်ဆွေ လည်းပေါတယ်။ လုပ်ငန်း သဘောလည်း ကျွမ်းကျင်ပြီး သားဆိုတော့ ဘယ်ဌာန၊ 
ဘယ်ကျောင်း ကိုပဲဖြစ်ဖြစ် သူ့ကိုလွှတ် လိုက်ရင် အလုပ်အပ် ဖို့ကအစ 
ဟိုနေ့ချိန်း ဒီနေ့ချိန်း နဲ့ အင်တင်တင် ဖြစ်ကြပေမယ့် မိုးတို့ ညီအစ်မ 
မျက်နှာကို မြင် လိုက်တာနဲ့ ချက်ချင်း လေသံ ပြောင်းပြီး မီးစိမ်းပြသွား 
ရော။ ဒါကြောင့်လည်း သူက အလုပ် လက်ခံဖို့ ဈေးစကား ပြောဖို့ လိုမျိုး 
အရေးပါတဲ့ ကိစ္စ တွေမှာ ၀င်လို့မရဘဲ ပစ္စည်း အပ်ရတာတို့၊ ပစ္စည်းပို့ ရတာ 
တို့လိုမျိုး နောက်ပိုင်း ကိစ္စလောက် နဲ့ပဲ ပြီးနေရတော့ ဒီလုပ်ငန်းမှာ အရာ 
မ၀င် သလို ဖြစ်နေတာပေါ့။
အလုပ်နဲ့ ပတ်သက်ရင် ယောက်ျား ဗီဇပဲ 
ဆိုရမလား၊ တလွဲ မာနပဲ ပြောရမလား။ သူ က ဦးမဆောင် ရဘဲ မိုးက ချည်း ရှေ့ရောက်
 နေတော့ မိုး နဲ့ဆို ခဏခဏ စိတ်အခန့် မသင့် ဖြစ်ရတယ်။ သူနဲ့မိုး ငြိ 
နေတဲ့ကြိုး ကိုချည်း ဖြည်နေရ တာနဲ့ပဲ ဘယ်လိုလုပ် ခရီးတွင် တော့မလဲ။ 
သူမပါလည်း ဖြစ်နေတဲ့အလုပ် တစ်ခုဟာ သူပါလာကာမှ ကြိုးတွေရှုပ် ကုန်တော့တာပဲ။
“လောကကြီးမှာ အပေါ် စီးကနေ ငုံ့ကြည့်ပြီး အသေသပ်ဆုံး ပြုံးပြနိုင်တာ 
ဘာဆန်းသလဲ။ တကယ်တမ်း က အောက်ကနေ မော့ကြည့် ရင်း အကြည်လင်ဆုံး ပြုံးနိုင် 
ဖို့က ပိုခဲယဉ်းတယ်”
“မောင်မှားနေပြီ။ မောင့် ကိုဘယ်သူက အပေါ်စီးက ဆက်ဆံလို့လဲ။ ဘာလို့ကိုယ့် ကိုယ်ကို အောက်တယ်လို့ စိတ်အားငယ် ရတာလဲ”
“ဟိုစာရွက်ဆိုင်က ကောင်၊ မောင်နဲ့ ဈေးညှိနေ ရင်းကနေ ကားပေါ်ထိုင်နေ တဲ့မိုးဆီကို အတင်းသွားပြီး ဈေးဖြတ်ခိုင်းတာ ဘာ သဘောလဲ”
“သြော် မိုးနဲ့က အလုပ် တွဲလုပ်နေ ကျဆိုတော့ မိုးဆီပဲ ဦးတည်လာ ကြတာပါ။ 
အချိန်တော့ လိုဦးမှာပေါ့ မောင်ရယ်။ နောက်တော့လည်း မောင့်ကို သိလာ 
ကြမှာပေါ့။ မောင်က လုပ်ငန်းကိစ္စ တွေမှာ မိုး ထက်တောင် အကွက်မြင် သေးတာ”
“မဟုတ်ပါဘူး။ မောင့် ကို မယုံကြည်တဲ့ သဘော။ သက်သက် အထင်သေး တာ ပါကွာ”
သူ့ဒေါသ တွေဟာ နောက်ဆုံးတော့ စိတ်အား ငယ်မှုတွေ အဖြစ် ပြောင်းသွား 
တော့တာပါပဲ။ တစ်ခါ တလေ အဓိပ္ပာယ်ရှိ သလိုလို နဲ့၊ တစ်ခါတလေ တော့လည်း 
တော်တော့ကို အဓိပ္ပာယ် မဲ့လှ ပါတယ်။
မိုးအလုပ်တွေ ၀င်ကူ တိုင်း 
တစ်ခုမဟုတ် တစ်ခု ပြဿနာတက် နေရတော့ နောက်ဆို မိုးကလည်း သူ့ကို ခိုင်းရမှာ 
ကြောက်လာတယ်။ အမှန်ဆို သူဝင်ကူရင် မိုးတို့ အလုပ်က ပိုတွင်ကျယ်တာ အမှန်ပါ။ 
ဒါပေမဲ့ သူက သူ့ နေရာကို သူမကျေနပ် ပါဘူး။
“တို့တွေ လုပ်ငန်းမှာ 
သူကတစ်သား တည်းမကျနိုင် တော့ လုပ်ငန်းချင်း ဆက်စပ် နေတဲ့ ပုံနှိပ်စက 
်ထောင်ပေး ချင်တာဟယ်။ ငွေအင်အား က မမီဘူး ဖြစ်နေတယ်။ ငါ့ ပြင်ဦးလွင်က 
ခြံလေးရောင်း ရရင် ကောင်းမှာပဲ”
မမက ယောက်ျားဘက် က အမွေရ ထားတဲ့ 
ခြံလေးကို ရောင်းပြီး လုပ်ငန်း တစ်ခု ထူ ထောင်ပေးဖို့ ကြိုးစား ခဲ့သေး တယ်။
 ဒါပေမဲ့ လိုတဲ့ငွေက ခြံရဲ့ ပေါက်ဈေးထက် တော် တော်ပိုနေတော့ မမကလည်း 
မတန်မဆ ဈေးခေါ် ထားတာ။ ခြံက ဘယ်လို လုပ်ရောင်း ထွက်ပါ့ မလဲ။
နောက်ပိုင်းတော့ မိုးနဲ့ဆို သူက အလုပ်တွဲ လုပ်ဖို့ အကြောင်း အမျိုးမျိုး 
ပြပြီး ရှောင်တော့တယ်။ မမခိုင်း တာလောက်ပဲ အားနာပါးနာ လုပ်ပေးပြီး များသော 
အား ဖြင့် သားနဲ့သာ အချိန်ကုန် တော့တယ်။ သားဝေယျာ ၀စ္စ သူအကုန် လုပ်တယ်။ သား
 ထမင်းခွံ့တာ၊ ရေချိုးတာ၊ ချော့သိပ်တာ ကအစ ညတစ် ရေးနိုး သေးတည်တာ အဆုံး 
ပါပဲ။ အလုပ် ပင်ပန်း လာတဲ့ မိုးကိုလည်း ညှာပြီး ရေခပ် တိုက်တာ၊ အားဆေးတိုက်
 တာကအစ ရေချိုးခန်း အထွက် တဘက်နဲ့စောင့် သုတ်ပေးတဲ့ အထိ ကြင်နာရှာ တယ်။
တစ်ခုပဲ။ စကားပြော နည်းသွားပြီး ငေးနေတာများ လာတယ်။ အရင်တုန်းက အတူ 
သွားနေကျ မိုးတို့အလုပ် နဲ့ပတ်သက်တဲ့ မိတ်ဆွေတွေ ရဲ့ သာရေး နာရေး ဘယ်တော့ 
မှ သူ့ကို ခေါ်မရ တော့ဘူး။ နောက်ပိုင်း အိမ်ဘေး ပတ်ဝန်းကျင် နဲ့ရော၊ မိုးရဲ့
 မိဘ ဆွေမျိုး တွေနဲ့ပါ ခပ်ရှောင်ရှောင် မပွင့်တပွင့် ဖြစ်လာတော့ သူ့ အခြေ 
အနေက စိုးရိမ်ရေမှတ် ရောက်လာပြီလို့ မိုး လန့်လာ တယ်။
ဘာပဲဖြစ်ဖြစ် တစ်ခုခု တော့ သူ့အတွက် လုပ်ပေးမှ ဖြစ်တော့ မယ်လို့ မိုး အရေး တကြီး တွေးရပြီလေ။
+++++++ 
တကယ်တမ်း လောက မှာ ဘာအရေး ကြီးဆုံးလဲဆို တဲ့ မေးခွန်းဟာ လူတိုင်း အတွက် 
အဖြေတစ်မျိုး စီထွက် မှာပါလားလို့ သိသွားရတဲ့ အချိန်ကျတော့ 
မိုးတို့ခြေလှမ်း တွေ ကျွံကုန် ကြပြီ။ သား အနာဂတ် အတွက်လို့ အကြောင်းလှလှ 
လေးပြပေမယ့် ကိုယ့်လမ်း ကြောင်းကို ကိုယ် မရွေးချယ်တတ် သေးတဲ့ 
ကလေးရဲ့ဆန္ဒကို ရှေ့တန်း တင်နိုင်တာမှ မဟုတ်ဘဲ။ အမှန်တော့ မိဘတွေ ကြားမှာ 
ရေပန်းစားနေတဲ့ သားသမီး ကို နိုင်ငံခြားမှာ စာသင်ပေး နိုင်တယ်ဆိုတဲ့ 
ဂုဏ်ကို လိုချင် တဲ့ ကိုယ့်အတ္တက အရင်းခံ ပါ။
ဒါကို မိုး 
ကောင်းကောင်း သိသွားတဲ့ အချိန်ကျ တော့ သူက စင်ကာပူလမ်း တွေပေါ်မှာ ဘယ်ဆက် 
လျှောက်ရင် ကောင်းမလဲလို့ ယောင်ဝါးဝါးနဲ့ ဖြစ်နေပြီ။ အလုပ်ရှာ 
အင်တာဗျူးတွေက လည်း ရက်ချိန်းလို သေးတာမို့ မိုးမောင်လေးက သူ့ကို သွားတတ် 
လာတတ်အောင် လမ်းတွေ၊ ရထားစီး ပုံတွေ လိုက်ပြပေး နေသတဲ့လေ။ မောင်လေးကတော့ 
အဖော်ရ ပြီဆိုပြီး ၀မ်းသာ တက်ကြွနေ သလောက် သူကတော့ မိုးဆီ ဖုန်းဆက်လိုက်၊ 
ဂျီတော့ပြော လိုက်၊ ငိုလိုက်နဲ့ လိမ်ပိန်ခွေ ခေါက်နေ တာပဲ။ တစ်နေကုန် 
ဂျီတော့ရှေ့ မှာချည်း အချိန်ကုန် လို့ကုန် မှန်းလည်းမသိ၊ မိုးကိုယ်တိုင် 
လည်း မစားနိုင် မသောက်နိုင်၊ တငိုငို တရယ်ရယ်ဆို တော့ မိဘတွေနဲ့ မမက 
မိုးတို့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ကြ တာပေါ့။
“မနေနိုင်ရင် 
ပြန်လာ ခိုင်းလိုက်ဟာ။ ဒီမှာ ဆားဗစ် စင်တာလေး ထောင်ပြီး ရသလောက်နဲ့ ကျေနပ် 
ကြစမ်း ပါ။ ဒီမှာက သူဌေး ဟိုကျ တော့ အလုပ်သမား လုပ်ရ မှာ။ ကိုယ့်မြေမှာသာ 
ကိုယ့်လေကို ၀၀ရှူကြစမ်းပါ။ ဒုက္ခ ခံမနေ ကြစမ်းနဲ့”
မမကတော့ နိုင်ငံခြား
 ကို အထင် မကြီးသူ ပီပီ ပြတ်ပြတ်သားသား ဆုံးဖြတ်ခိုင်း နေပြီ။ မိုးက သူ့ကို
 လွမ်းရုံ မကဘူး။ သူမရှိတော့ တရိပ် ရိပ်တက် နေတဲ့ သူ့တန်ဖိုးတွေ လေ။ သားကို
 ချော့သိပ်ပေးမယ့် သူမရှိ၊ ထမင်းခွံ့ကျွေး မယ့်သူ မရှိ၊ တစ်ရေးနိုး သေး 
ထတည် ပေးမယ့်သူ မရှိ။
ပိုဆိုးတာက ရေချိုးခန်း အထွက်ဆိုလည်း တဘက် 
ကိုင်စောင့် တတ်တဲ့သူ့ကို သတိရလို့ မျက်ရည်ကျ ရပြန် တာပဲ။ ဒါပေမဲ့ မိုး သူ 
ပြန်လာမှာ ကြောက်တယ်။ ဒီ အခြေအနေနဲ့ တပ်ခေါက်ပြီး ပြန်လာရရင် သူ့စိတ်ကျ 
ဝေဒနာက ဆရာဝန် ပြရတဲ့ အဆင့် ရောက်တော့မှာ။ မိုး သိတယ်။
ဒီတော့ 
နှလုံးသားရေး ရာ ခံစားမှုထက် စိတ်ဓာတ် ရေးရာ ခံစားမှုကို ဦးစားပေးရ 
လိမ့်မယ်။ ဒီကြားထဲ ကံဆိုးတာ လား၊ ကံကောင်းတာလား မသိ။ မမရဲ့ မတန်မဆဈေး 
ခေါ်ထားတဲ့ခြံကို ၀ယ်မယ့်သူ ပေါ်လာပါ လေရော။ မိုးဖြင့် အံ့သြ လိုက်တာ။ 
ဖြစ်နိုင်ချေ တစ်-ရာခိုင်နှုန်းက ထဖြစ် သွားတာလေ။ မမ ကတော့ မိုးတို့ရဲ့ကံ 
ပဲဆိုပြီး ငွေချေ သွားတာနဲ့ သူ့ ဆီကို ၀မ်းသာ အားရ ဖုန်း ဆက်တော့ တာပဲ။
“မောင်လေးရေ စင်ကာ ပူကို အလည် သွားတယ်ပဲ အောက်မေ့ လိုက်တော့။ သုံး လေးရက်နှံ့ အောင်လည် ပြီးရင် ပြန်သာလာခဲ့”
သူလည်း ကြားကြား ချင်း တော်တော် အံ့သြသွား မှာ။ မိုးနဲ့ဂျီတော့ ပြောတော့ သူ့ရုပ်ကြီးက မအီမလည် ကြီး။ ငိုရမလို ရယ်ရမလိုနဲ့။
“မောင် ဘာဆက်လုပ်ရ မလဲ မိုးရယ်။ မနက်ဖြန် အင်တာဗျူး ဖြေဖို့ ချိန်းထားတဲ့ ရက်ရောက်ပြီ” တဲ့။
ဘာမဆို ဖျိုးဖျိုး ဖျတ်ဖျတ်နဲ့ ဆုံးဖြတ်ချက်တွေ မြန်တတ်တဲ့ မိုးလည်း 
ဆွံ့အနေမိ တယ်။ မိုးစိတ်ရင်း အမှန်တိုင်း သာဆို “အပြေးသာ ပြန်ခဲ့ တော့” 
လို့ ပြောချင်တာပဲ။ ဒါပေမဲ့ သူ့ငူငူ ငိုင်ငိုင်ပုံကြီး ပြန်သတိရပြီး 
စကားလုံးတွေ ပြန်မြိုချ နေမိတယ်။
လောကမှာ ဘယ်အရာ က သေချာခိုင်မာလို့လဲ။
 မမ ထူထောင်ပေးမယ့် ပုံနှိပ်စက် ဆိုတာကရော အောင်မြင်မှာ သေချာလို့လား။ 
ဘယ်သူက ရေရေရာရာ အာမခံချက်ပေး နိုင်မှာလဲလေ။
ကိုယ်ညွှန်မိတဲ့ 
လမ်းကို သူလျှောက် လာပြီးလို့ေ၀၀ါး မှုတွေအောက် အရင်ကလို ပြန်ရောက် သွားရင်
 သူခံနိုင်ပါ့ မလား။ လမ်းဆုံ တင်မက ဘူး။ လမ်းခွဲ တစ်ဖက်ထဲ တောင် 
ခြေတစ်လှမ်း ၀င်ပြီး ကာမှ ဘက်ဂီယာနဲ့ ပြန်ဆုတ် ရမယ့်အဖြစ်။ ဆက်လျှောက် 
မယ့်လမ်းက မဖြောင့်ဖြူးရင် ဆုတ်မိတဲ့ လမ်းကိုမှန်းပြီး နှမြော ပူဆွေး မနေတာ
 သေချာ လို့လား။
“မောင် အလုပ် အင်တာဗျူး ဖြေကြည့် ချင်သေးလား”
“အင်း”
“ဒါဆို မနက်ဖြန်ကျမှ ဆက်စဉ်းစား ကြစို့လေ”
သူ့ဆန္ဒကို ညှာရင်း ကိုယ့်ဆန္ဒတွေ အကြိမ်ကြိမ် မြိုချ နေရတာ လည်ပင်းတွေ 
နင်နေပြီမို့ ဘာဖြစ်လာမလဲ အဖြေကို မနက်ဖြန် လက်ထဲပဲ ထည့်လိုက်တာ ပိုကောင်း 
မလားလို့လေ။
++++++++ 
တစ်ညလုံး မိုး ကောင်းကောင်း အိပ်မပျော်ဘူး။ တစ် 
နေ့လုံးလည်း သူ အင်တာဗျူး သွားဖြေ နေချိန်မှာ စိတ်ဖြောင့်ဖြောင့် နေမရဘူး။ 
အနာဂတ်ကို လှမ်းမျှော်လိုက်၊ အတိတ်ကို ပြန်ဆင်ခြင်လိုက်၊ ပစ္စုပ္ပန်ကို 
ရင်နာလိုက်နဲ့။
ညဘက် တွေ့နေကျ အချိန် ကွန်ပျူတာ မော်နီတာ မှာ 
သူ့မျက်နှာ ပြုံးပြုံးကြီး ပေါ်လာတော့မှ မိုးစိတ်တွေ ပေါ့ပါးသွား ရတယ်။ သူ 
ပြန် လာသည် ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ သူ့ဆန္ဒကို မစွက်ဖက် ဖို့ သူ့အပေါ် 
ငြိုငြင်စိတ် မ၀င်ဖို့ ဆုံးဖြတ်ထား တယ်လေ။
“မောင့်ကို အလုပ်ရှင်က 
မနက်ဖြန် ချက်ချင်း အလုပ် ဆင်းဖို့ ပြောလိုက်တယ် မိုး။ မောင်တောင်းဆိုတဲ့ 
လစာကို လည်း သဘောတူတယ်။ မိုး မောင်လေး ကတော့ စစချင်း ဒီလိုလစာ ရဖို့ 
မလွယ်ဘူး။ ကိုမောင် သိပ်ကံကောင်း တယ်” ဆိုပြီး အံ့သြနေတယ်။
မိုးရင်ထဲမှာ ဟာခနဲ ၀မ်းနည်း သွားရတယ်။ မောင် က ဟိုမှာ နေချင် နေတာပဲ။ သူ့ မာနကို အရောင် တင်ဖို့ ပို အရေးကြီး နေတာပဲ။
“ဒါပေမဲ့ မောင်ပြန်လာ တော့မယ်”
“ဟင်”
“ဟုတ်တယ် မိုး။ အရင်ကတော့ မောင် ဒီ အတိုင်း တပ်ခေါက် ပြန်ရမှာ သေမလောက် 
ကြောက်ခဲ့တယ်။ ပတ်ဝန်းကျင်က ဆွေမျိုးတွေ က ဒီကောင် အလကား ပါဆို ပြီး 
အထင်သေး မလား တွေး ပူခဲ့တယ်။ မမရဲ့ အစီအစဉ်ကို ပစ်မှီ လိုက်ရမှာ အားငယ်ခဲ့ 
တယ်။ သူများ အထင်သေး မခံရဖို့ ကိုယ့်ကိုယ်ကို ဒုက္ခခံ နေရတာ၊ ကြာရင် 
ကိုယ့်ကိုယ် ကို အထင်သေး လာတော့မှာ”
“ဒါပေမဲ့ သေချာစဉ်း စားပါဦး 
မောင်။ အရင်လို ပုံစံမျိုးကြီးနဲ့ မောင့်ကို မိုး မမြင်ရက်ဘူး။ စိတ်ကျ 
ရောဂါဝင် သွားမှာ မျိုးလည်း မိုး အဖြစ် မခံနိုင်ဘူး”
“မဖြစ် စေရဘူး 
မိုး။ ဒီ အင်တာဗျူး အောင်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုး စေတယ်။ 
အင်တာဗျူးဖြေ ခိုင်းတဲ့ မိုးကိုလည်း ကျေးဇူး သိပ်တင် တယ်ကွာ။ ပုံနှိပ်စက် 
မအောင်မြင် ရင်လည်း ဆားဗစ် စင်တာ လုပ်မယ်။ ဆားဗစ် စင်တာ မဖြစ်ရင် လည်း”
ပေါ့ပါး သွက်လက်နေ တဲ့ သူ့အသံဟာ သူ့ကို မိုးက ဆုံးဖြတ်ချက် တစ်ခု 
လမ်းကြောင်း မပေးခဲ့ဘဲ သူကိုယ်တိုင် ကိုယ်ပိုင် ဆုံးဖြတ်ချက် 
ခိုင်ခိုင်မာမာ ချနိုင် သွားတဲ့ ရလဒ်ရဲ့အကျိုးပါ။
တကယ်တော့ အနာ ဂတ်ဟာ အရောင်မှိန် မလား လင်းမလား ကိုယ့်ခံ ယူချက် အပေါ်မှာပဲ မူတည် တာပါ။
အဲဒီ ခံယူချက် အပေါ်မှာ ယုံကြည် အားထုတ်မှုလေး ထပ်လောင်းလိုက် မယ်ဆိုရင် တော့။
မနက်ဖြန်ဆိုရင်...
++++++++
ဝေ၊စီးပွားရေးတက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)