တံလျှပ်ပေါ်က ရေအရိပ်


  အဆီပြန်ယစ်ခိုးဝေနေသည့် မျက်နှာဝိုင်းကြီးတစ်ခု ကျေနပ်ပီတိဖြစ်နေသည်ကို ဘေးလူတွေက နှာခေါင်းရှုံ့နေကြကြောင်း...၊ သူကတော့ သတိပြုမိပုံမရ။ အောင်ပွဲခံနေသလို တဟားဟားနှင့် အော်ရယ်နေသေး၏။
  သူတစ်ပါးအပေါ် ဖျံကျကလိမ်ကျစ်နိုင်သည်ကိုမှ ဂုဏ်ယူတတ်သူအတွက် ရိုးသားမှုတန်ဖိုးကို နားလည်နိုင်မည်မဟုတ်ပါ။
        ' ဒီကောင်က ကျုပ်အိတ်ထဲက ဖားဗျ။ အချိန်မရွေး ထုတ်ရိုက်လိုက်ရုံပဲ..ဟား..ဟား..ဟား..'
မြို့ကလေးမှာတော့ ကမ္ဘာသစ် ရေခဲသေတ္တာ၊အဲယားကွန်း ပြုပြင်ရောင်းဝယ်ရေး ဆိုသည်က ဂျပန်မှသုံးပြီးသား ၀မ်းတန်း(110-V) ရေခဲသေတ္တာ၊ အဲယားကွန်းအဟောင်းတွေလည်း ရောင်းသလို၊ အပျက်တွေလည်း ပြုပြင်ပေးသည့်ဆိုင်လေးဖြစ်၏။
  ဆိုင်ရှင်နာမည်က လူဇော်။ ဆိုင်က ဈေးကြီးနားမှ ဆယ်ပေပတ်လည်ဆိုင်ခန်းငယ်လေး။ လူပုံကကြည့်တော့ စတိုင်ပင်တကားကား၊ ဗိုက်ရွှဲရွှဲ၊ လေးဆယ်ကျော် ငါးဆယ်ဝန်းကျင်။ လုပ်သည့်အလုပ်နှင့် လိုက်မလိုက်တော့ မသိ။ အလွန်လေလုံးထွား တင်စီးသလောက် ပေါင်းလိုက်သင်းလိုက်တော့လည်း မြို့မျက်နှာဖုံးတွေနှင့်မှ။
သူဌေးတွေ အရာရှိတွေကို သူ ဘယ်လောက်အောက်ကိျု့ပြီး ပေါင်းရသည်တော့ ပတ်ဝန်းကျင်ကမသိ။ ဆိုင်မှာ သူ့သွားရှာသူတိုင်းကို ဂေါ့(ဖ်)သွားရိုက်နေသည်ဟု တပည့်တွေအား သတင်းပေးခိုင်းထားသည်မှာလည်း ကြားရဖန်များတော့ ပြုံးချင်စရာ။
   နာမည်ကြားရရုံနှင့်ပင် လူကိုသတိထားဆက်ဆံသင့်သည့် ပုဂ္ဂိုလ်မျိုး...။ ဘယ်သူ့ကိုဘယ်လိုလှီး၍ ဘယ်သူ့ကို ဘယ်လိုပုံဖြတ်ရမလဲ အလိုလိုကျွမ်းကျင် တတ်မြောက်ပြီးသားမို့ အထူးတလည် အားထုတ်ရသည်လည်းမဟုတ်။ မွေးရာပါဗီဇကလေးနှင့် ခပ်ပါးပါး
အားစိုက်လိုက်ရုံသာ...။
  ဖောက်သည်တစ်ယောက်ကို လှီးဖြတ်ပြီးသည်နှင့် တပည့်တပန်းများရှေ့မှာ မပြီးနိုင်မစီးနိုင် ဂုဏ်ယူဝံ့ကြွားတတ်သည်ကတော့ သူ၏ မုန်းစရာအကောင်းဆုံး အကျင့်တစ်ခုပင်။
    ' တွေ့တယ်မဟုတ်လား။ မင်းတို့ဆရာနဲ့တွေ့သူတိုင်း ခံသွားရတာချည်းပဲ...'
  တပည့်တွေက မကောင်းတတ်လို့ ပြုံးနေကြသည်ကိုပင် သူက အားကျငေးမောနေသည်အထင်နှင့် ဘ၀င်လေဟပ်နေတတ်သူ။
       တစ်အိမ်အိမ်မှာ ရေခဲသေတ္တာဖြစ်ဖြစ်၊ အဲယားကွန်းဖြစ်ဖြစ်များ ပျက်မသွားနဲ့။ သူ့ကိုခေါ်ပြလို့ကတော့...
        ' ကွန်ပရက်ဇာ လောင်သွားတာဗျ။ ကွန်ပရက်ဇာလဲရင် တစ်ပုံးလောက်တော့ကျမယ်...'
...လို့ မျက်လွှာကို လှန်မကြည့်ဘဲ ပစ္စည်းကို သေသေချာချာ စစ်ဆေးပေးနေပုံမျိုးနဲ့ ပထမဆုံးဗျူဟာကို ခင်းလိုက်တော့တာပဲ။ တစ်သိန်းလောက်ကုန်မယ်ဆိုတော့ ပစ္စည်းပိုင်ရှင်က စိတ်ပျက်လက်ပျက်နဲ့ အပူဒီဂရီအမြင့်ဆုံးရောက်သွားကာမှ...
   ' ကွန်ပရက်ဇာလဲတယ်ဆိုတာကလည်း အသစ်တော့မဟုတ်ဘူးနော်။ အဟောင်းပဲ ရန်ကုန်ကိုမှာပြီး ပို့ခိုင်းရဦးမှာ။ ပစ္စည်းမှာရမှာနဲ့ လုပ်ရကိုင်ရမှာနဲ့ဆိုရင် အနည်းဆုံးတော့ ဆယ်ရက်ဆယ့်ငါးရက် ကြာမယ်...'
ဒါဆိုရင် တစ်ဖက်သားက စိတ်ဓါတ်တွေ ထိုးဆင်းသွားပြီဆိုတာ သေချာပြီလေ။
      ' ဟာ...ရေခဲသေတ္တာ မရှိရင် အသားငါးတွေ ဘယ်လိုလုပ်မလဲ...'
       ' အဲယားကွန်းမရှိရင် အိမ်က ကလေးတွေက မအိပ်တတ်ကြဘူး...'
    မီးပဲ တစ်သက်လုံး တစ်ခါမှမပျက်ဖူးတဲ့ ရပ်ကွက်မှာနေသလိုမျိုး ပြောတတ်ကြတော့..၊ ဒါ.သူလိုချင်တဲ့ အမြင့်ဆုံးအခြေအနေပေါ့။
  ' ဒါဆို...ခင်ဗျားအဆင်ပြေအောင် ကျွန်တော့်ဆီက ကြိုက်တဲ့တစ်လုံးလုံးနဲ့ လဲယူသွားဗျာ။ အလဲထပ်ကတော့ ရှစ်သောင်းပဲပေး။
ခင်ဗျားအတွက် ငွေလည်းသက်သာ၊ အချိန်လည်းမစောင့်ရတော့ဘူးပေါ့။ တစ်ပတ်လောက်စမ်းသုံးပြီး စိတ် ကြိုက်ဖြစ်မှ ငွေချေ။
မကြိုက်ဘူးဆိုလည်း အဲဒီတော့မှ ကွန်ပရက်ဇာလဲချင်လဲပေါ့။ ဒါ ကျွန်တော် အတတ်နိုင်ဆုံး ကူညီတာပဲ...'
  အမှန်တော့ သူက ပျက်သည့်အလုံးတိုင်း ကွန်ပရက်ဇာလဲရတာမျိုးတာ့ မဟုတ်ပါ။ သူ့ဆိုင်မှာ ပြင်နိုင်သည့်ဟာကိုပြင်၊ ကွန်ပရက်ဇာဆိုရင်လည်း ပြန်ပတ်သင့်တာပတ်၊ ဒါမှမဟုတ် ဘော်ဒီစုတ်နေသည့်အလုံးကဟာကို ဘော်ဒီတောင့်သည့်ဟာထဲထည့်။
အဲသလိုမျိုး ကြံတတ်ဖန်တတ်သည့်လူပါ။
    သူပြုပြင်ပြီးသား ပစ္စည်းတွေကို ဆေးသုတ်သင့်တာသုတ်၊ သန့်ရှင်းသင့်တာသန့်ရှင်းပြီး ပုံပြောင်းထားတော့ များသောအားဖြင့် သူ့ခွင်မှာ မိသွားကြတာချည်းပါပဲ။ အချိန်လည်းမစောင့်ရ၊ ငွေလည်းသက်သာမယ့် လမ်းဆိုတော့ ဘယ်သူကများ ဒီ့ထက်ပိုစဉ်းစားနိုင်ကြမလဲလေ။ ဒီမြို့လေးမှာကလည်း အဟောင်းပြုပြင်ရောင်းဝယ်တာက သူ့တစ်ဆိုင်ပဲရှိတာကိုး။ ဘယ်သူက နယ်ကျော်ပြီး တခြားအပြင်ဆရာ ရှာပါတော့မလဲ။
  ရေခဲသေတ္တာတို့ အဲယားကွန်းတို့ဆိုတာကလည်း တစ်ခါပျက်တာနဲ့ အမှိုက်ပုံလွှင့်ပစ်ပြီး အသစ်နောက်ထပ်ဝယ်ရအောင်က ဒါ ဂျပန်ပြည်မှမဟုတ်တာ။ ဒီတော့ မြို့ကလေးက လူတော်တော်များများဟာ သူ့အဟောင်းဆိုင်လေးမှာ အလဲထပ်သံသရာလည်နေရတာပါပဲ။
xxxxxxxxx
  အမှန်တော့ ဒီမြို့လေးက သူ့ဇာတိတော့ဖြင့် မဟုတ်ပါ။ လွန်ခဲ့သည့်ဆယ်နှစ်လောက်ကမှ လင်မယားနှစ်ယောက်သား
မြို့ကလေးကို ရောက်လာပြီး အပြင်ဆိုင်လေးစဖွင့်ခဲ့ခြင်းဖြစ်၏။ နောက်ပိုင်း အပြင်ဆိုင်လေးအလုပ်ဖြစ်ကာမှ ဂျပန်မှာသုံးပြီးသားအဟောင်း လေးတွေပါ တွဲရောင်းလာခဲ့သည်။ တပည့်လေးငါးယောက် လက်သပ်မွေးထားပြီး နောက်ပိုင်းတော့ ဆိုင်မှာ သူကိုယ်တိုင်တောင် ပြင်တာ မတွေ့ရတော့။ ဘယ်ကဘယ်လို ထောသွားသည်မသိ။ ဟမ်းဖုန်းတစ်လုံးခါးချိတ်ပြီး ဂျစ်ကားတ၀ီဝီနှင့် ဂေါ့(ဖ်)ရိုက်ချည်းထွက်တော့၏။
  ယောက္ခမသေလို့ပဲ အမွေရသလိုလို..။ မိန်းမကပဲ အတွင်းပစ္စည်းတစ်ထုပ်ကြီး အမွေရလိုက်သလိုလို..။ ဟောင်ဖွာဟောင်ဖွာနှင့် လေလုံးထွားသလောက် မိန်းမတော့ ကြောက်ပုံရ၏။ ဆိုင်ကို ဘယ်တော့မှမလိုက်သည့်မိန်းမက သူ့ခါးကြားက ခလောက်ကိုလှမ်းဆွဲရင်ဖြင့် တန်းကနဲ အိမ်ပြန်ပြေးတတ်သည်။ ဒါကြောင့်လည်း တပည့်တွေက သူ့ခါးကြားကဟမ်းဖုန်းကို ခလောက်ဟု နာမည်ပြောင်ခေါ်ကြလေသည်။
     ' ဟေ့ကောင်တွေ လူပေါ်လူဇော်လုပ်တယ်ဆိုတာ သူများတကာထက် ဒါပိုပြေးမှ လုပ်လို့ရတာကွ...'
သူက သူ့ဦးခေါင်းကို လက်ညှိုးဖြင့် ဟန်ပါပါ တတောက်တောက်ညွှန်ပြရင်း ၀ီစကီကို ရေမရောပဲ တဂွပ်ဂွပ်နှင့် သောက်မြိုတတ်သူပါပေ။
    မတတ်သာလို့ ဆရာတော်ထားရပေမယ့် တပည့်တွေကလည်း ကွယ်တာနဲ့ ဆရာ့အတင်းတုတ်နေကျ။ ရှုံ့ချနေကျ။
     တစ်ခါကတော့ စားသောက်ဆိုင် ပိုင်ရှင်တစ်ယောက် အကြီးအကျယ်စိတ်ဆိုးပြီး ပေါက်ကွဲဖူးလေသည်။
မြို့ကလေးကသေးတော့ တစ်မြို့လုံးရှိသမျှ စားသောက်ဆိုင် လေးငါးဆိုင်စလုံး သူ့အပြောအရ သူ့အိတ်ထဲက ဖားတွေချည်းဆိုပါတော့။ နေ့စဉ်လုပ်ငန်းသုံးမို့ ရေခဲသေတ္တာတို့ ဒိဖရေဇာတို့ ပျက်သွားတိုင်း သူ့ကိုသာအားကိုးနေရသည်လေ။ အချိန်မစောင့်နိုင်တိုင်း သူကလည်း ပါးပါးရိတ်လိုက်၊ ထူထူလှီးလိုက်နှင့် ခွင်တည့်နေ၏။
   သို့ပေမယ့် လဲရသည့် အကြိမ်ပေါင်းကတော့ မနည်းလှ။ ဘာပဲဖြစ်ဖြစ် တစ်ခါလဲလျှင် ခြောက်လ၊ ခုနစ်လလောက်တော့ အသုံးခံသည်မို့ ' မဆိုးပါဘူးလေ...' ဆိုကာ ကြိတ်မှိတ်သည်းခံရသည်သာ။
ဒီတစ်ခါတော့ လဲပြီးကာစ တစ်လပင်မပြည့်သေးသော ရေခဲသေတ္တာက ပျက်သွားလို့ဆိုပြီး ပြန်ရောက်လာ၏။ သူကလည်း ခပ်အေးအေးပင်။ ' နောက်တစ်လုံးလဲယူသွား...၊ ပြင်ကြည့်ပေးမယ်...' ဆိုပြီး အလွယ်တကူပင် လဲပေးလိုက်သည်။ စားသောက်ဆိုင် ပိုင်ရှင်ကလည်း သူ့လုပ်ငန်းမပျက်ဘဲ လည်ပတ်နိုင်ဖို့နောက်တစ်လုံး ရောက်လာတော့ ကျေနပ်သည်ပေါ့။ အလိုက်ပေးပြီး လဲထားသည်ကလည်း
လတောင်မကျော်သေးဆိုတော့အပြင်ဆိုင်ကတာဝန်ယူ ပြင်ပေးလိမ့်မည်ဟု တွေးပြီး အေးအေးဆေးဆေးနေလိုက်သည်ပင်။ သည်လိုနှင့် တစ်လလောက်ကြာသွားတော့မှ...
     ' ခင်ဗျားဥစ္စာက ကွန်ပရက်ဇာ လောင်သွားတာပဲဗျ။ ကျုပ်တို့ကြိုးစားပြင်ပေးပေမယ့် မရတော့ဘူး...'
သူ ပထမအဆင့်ခင်းသော ဗျူဟာကို စားသောက်ဆိုင်ပိုင်ရှင်က မတုန်မလှုပ် အေးစက်စက်နှင့် မတုန့်ပြန်တော့နောက်တစ်ဆင့်ထပ်တက်ဖို့ သူပြင်ရပြီ။
     ' အဲဒီတော့ ခင်ဗျားက ဘယ်လိုဆန္ဒရှိလဲ။ အလုံးလိုက်လဲမလား။ ဆိုင်မှာပဲ ပြန်ပတ်မလား...'
  သူ ဒီလောက်ထိပြောနေတာတောင် စားသောက်ဆိုင်ပိုင်ရှင်က မြန်မာစကားမဟုတ်ပဲ တခြားဘာသာစကား တစ်ခုခုကြားရသလိုမျိုး နဝေတိမ်တောင် လုပ်နေသေး၏။
    ' သိပ်တော့မထူးဘူးဗျ။ ပြန်ပတ်ရင်လည်း ငါးသောင်းခြောက်သောင်းလောက်တော့ ကျမှာပဲ။ ခု ခင်ဗျားယူထားတဲ့ အလုံးကသုံးရတာ အိုကေတယ်မဟုတ်လား...'
     ' ခုထိတော့ အိုကေသားပဲ...'
  ' အဲဒါ အဘွားကြီးတစ်ယောက်က ရောင်းပေးဖို့ လာအပ်ထားတာ...။ အရေးပေါ်ငွေလိုလို့တဲ့၊ လောနေပြီဗျာ...'
စားသောက်ဆိုင်ပိုင်ရှင်က အရိပ်ပြတုန်းက အကောင်မမြင်ဘဲ အကောင်လိုက်ပြကာမှ ရိပ်မိလေတော့၏။
  ' ဟ..ခင်ဗျားဥစ္စာက လဲထားတာတစ်လတောင် မရှိသေးဘူးလေ။ ခင်ဗျားတာဝန်ယူ ပြင်ပေးရင်လည်းပြင်ပေး။ ဒါမှမဟုတ်လည်း
တခြားတစ်လုံးနဲ့ လဲပေးမှပေါ့....'
  ' ဟာဗျာ...မရှိလို့လုပ်စားကြသူ အချင်းချင်း ခင်ဗျားက လာနောက်နေပြန်ပြီ။ ကျုပ် ခင်ဗျားစိတ်ကြိုက်အလုံးကို စိတ်ကြိုက်အချိန်ယူပေးစမ်းပြီးမှ အလဲထပ်လုပ်ပေးထားတာ။ ငွေချေရတာ။ ခင်ဗျားဆီက မီးအ၀င်အထွက် မငြိမ်ရင်လည်းလောင်နိုင်တာပဲ။ ဆေ့ဖ်ဂတ်ရော ခံသုံးပါဆိုတာ လုပ်ရဲ့လားဗျ။ ခင်ဗျားတို့တွေက အဲဒါခက်တာပဲ...'
    သူက ပညာပါသည်။ ဖောရှောလောက်နဲ့မမိရင် ဟောက်စားပါ လုပ်တတ်သေး၏။ သို့ပေမယ့် သူ ဒီတစ်ခါရိုက်မည့်ဖားက ဖားပျံဖြစ်နေလေပြီ။
  စားသောက်ဆိုင်ပိုင်ရှင်က ဒေါသတကြီးအိမ်ပြန်သွားပြီး နောက်တစ်နေ့မှာ ယူထားသည့် ရေခဲသေတ္တာကို ပြန်ပို့ပေးလိုက်၏။ ထို့နောက် မြို့လေးမှငါးနာရီကြာ ကားစီးသွားရသော မြို့ကြီးတစ်မြို့မှာ ရေခဲသေတ္တာအသစ်စက်စက်တစ်လုံး နေ့ချင်းပြန်သွားဝယ်လာသည်။ ၀ယ်လာပြီး ဒီတိုင်းမပြီးသေး။ တစ်မြို့လုံးကို သတင်းဖြန့်၏။ ဘ၀တူ စားသောက်ဆိုင်တွေကို လက်တို့၏။
   ' ဈေးတွေကျနေတာများဗျာ။ ပေါချောင်ကောင်း ရေခဲသေတ္တာအသစ်စက်စက် တစ်လုံးမှ ဘယ်လောက်မှမပေးရဘူး။ ဘရမ်းနယူးဆိုတော့ သုံးပါလေ့ သုံး၊လေးနှစ်။ ဈေးကလည်းသက်သာတော့ တန်လိုက်တာမှ။ ပျက်သွားလည်း လွှင့်ပစ်လိုက်ဦး၊ တန်သေးတာပဲ။ အဟောင်းဆိုင်မှာ အရိပ်ခံမယ့်အစား ဒီလို အသစ်ဝယ်သုံးတာကမှ ငွေနည်းနည်းပိုရင်းထားရပေမယ့် သေချာတွက်ကြည့်ရင် ပိုကိုက်တယ်။ လူရေးလူစလည်း အညံ့မခံရတော့ဘူး။ နို့မို့ဆို သူ့ခွင်ထဲအပိတ်ခံနေရတာ လူညွန့်တုံးလှသဗျာ...'
မှန်တာပြောတော့ လူတွေက မျက်စေ့ပွင့်ကုန်၏။ ဟိုလူကလည်း သူ့အပေါ်ဘယ်လောက် နာကျည်းခံပြင်းစိတ် ပြင်းထန်သလဲတော့မသိ။ မြို့ကြီးမှကုမ္ပ္ပ္ပဏီနှင့်ဆက်သွယ်ကာ တီဗွီ၊ ရေခဲသေတ္တာ၊ အဲယားကွန်း ဆိုင်ခွဲတစ်ခုကို မြို့ကလေးမှာ ဖွင့်ပစ်လိုက်၏။
  သူ့အဟောင်းဆိုင်က သိသိသာသာ စီးပွားကျလာသည်။ ဒီကြားထဲ သူအားအထားရဆုံး တပည့်တစ်ယောက်ကလည်း အပြင်ဆိုင်တစ်ခုကို သူနှင့်စင်ပြိုင်ထောင်ကာ ဖွင့်လိုက်ပြန်သေး၏။ ထိုဆိုင်နောက်ကို သူ့တပည့်တော်တော်များများ ပါသွားတာမို့
သူကတော့ လက်ရုံးပြုတ်ရုံမက ခြေပါအချိုးခံရသူလို ဖြစ်သွားရသည်။
  သို့ပေမယ့် လေတော့မလျှော့သေး။ လာသမျှလူကိုပဲ အမိဖမ်းပြီးရိုက်နေတုန်း။ သူ့ခွင်အတော်များများကတော့ ပျက်ကုန်လေပြီ။ သူ့စိတ်ဓါတ်တွေလည်း ပျက်ပြားလာကာ ဂေါ့ဖ်ရိုက်ရတာပင် အရင်လိုမတက်ကြွတော့။ အရက်တွေချည်း ဖိသောက်နေမိတော့သည်။
xxxxxxx
    တစ်ရက်တော့ ခွင်ကောင်းကောင်းတစ်ခု..၊ ဟိုအရင် သူ့စကားနှင့်ပြောရလျှင်တော့ ဖားတစ်ကောင်ပေါ့။ သူ့ရှေ့မှောက်ကို ရောက်လာ၏။ ထုံးစံမပျက် သူကတော့ လေတစ်လုံးမိုးတစ်လုံးနှင့် ပစ်ထည့်ပြီး ခွင်ဆင်ထားလိုက်သည်သာ။
  ဖြစ်ချင်တော့ သူလဲထည့်ရမည့်ပစ္စည်း အဟောင်းတစ်ခုက သူ့တပည့်ဆိုင်မှာပိုနေလို့ ရောင်းမည့်ပစ္စည်းအဖြစ် သူသတင်းရထား၏။ ဒီပစ္စည်းကလည်း မြို့တက်ဝယ်ရမည့်အစား ဒီမှာပေါချောင်ကောင်း လွယ်လွယ်ရလျှင် သူ့အတွက်က မြိုးမြိုးမြက်မြက်ကျန်မည့် အနေအထား။
    ခက်နေတာက တပည့်ဟောင်းဆိုတော့ သူသိတ်မပတ်သက်ချင်။ သူ့ခွင်ကိုသိနေတော့ မရောင်းဘူးဆိုပြီး ညစ်လိုက်မှာကိုလည်း
စိုးရိမ်၏။ ဒါဆိုသွားဝယ်သည့် သူက သိက္ခာကျတော့မည်။ သို့ပေမယ့် သူ့စီးပွားကလည်း ယိမ်းယိုင်နေတာကြာပြီဆိုတော့ မိန်းမကလည်း မျက်နှာမသာယာတော့။ ဒီတစ်ခါ စို့စို့ပို့ပို့လေး အပ်နိုင်မယ်ဆိုရင် သူ့မိန်းမအပေါ် ဂုဏ်ဆယ်ပြီးသားလည်းဖြစ်၊ မမိတာကြာပြီဖြစ်တဲ့ ဖားကြီးကြီးတစ်ကောင်လောက် ရိုက်လိုက်ရမှလည်း သူ့စိတ် အာသာနည်းနည်းပြေပြီး နေသာထိုင်သာရှိလာမည် မဟုတ်လား။
  ရမည့်အကျိုးအမြတ်က များတာမို့ သူအားတင်းပြီး တပည့်ဆီရောက်သွားတော့ တပည့်က ဖော်ဖော်ရွေရွေပင် ဆီးကြိုသည်။
ပစ္စည်းအကြောင်းစုံစမ်းတော့....
  ' ဟာ ကိုယ့်ဆရာသမားပဲဗျာ။ ကူညီရမှာပေါ့။ ကျွန်တော့်မှာလည်း ပိုနေတဲ့ပစ္စည်းပါ။ ပိုက်ဆံလည်းတစ်ပြားမှ ပေးစရာမလိုပါဘူး။ ဆရာ့ကျေးဇူးတွေ ကျွန်တော့်မှာအများကြီးရှိပါတယ်...'
    မထင်မှတ်သည့် ဆက်ဆံရေးနှင့် မမျှော်လင့်သော လိုက်လျောမှုကြောင့် သူဝမ်းသာလုံးဆို့သွားရ၏။ ဒီလိုဆိုတော့လည်း တပည့်တွေ လက်သပ်မွေးခဲ့ရတာ တယ်..အကျိုးရှိပါလား...လို့ တွေးကာ ကျေနပ်ပီတိဖြစ်လို့မှ မဆုံးခင်... သူ့တပည့် ဆက်ပြောလိုက်သောစကားကြောင့် သူ တံတွေးနင်သွားရ၏။
  ' ဆရာ့ကိုလည်း ကြုံတုန်း အကူအညီလေးတစ်ခုတော့ တောင်းပါရစေဆရာ။ ကျွန်တော်လိုနေတဲ့ပစ္စည်းလေးတစ်ခု ဆရာ့ဆီမှာ ပိုနေတယ်လို့ သတင်းရထားတာ။ အဲဒါလေးတော့ ဆရာ့တပည့်ကို ဆရာ ပြန်ကူညီပါဦးနော်...'
  ဒီကောင်တောင်းလိုက်သည့် ပစ္စည်းက ဒီလောကမှာ ပေါပေါလောလောပစ္စည်းမဟုတ်။ အလွယ်တကူရှာမရသည့် ရှားပါးပစ္စည်း။ တန်ကြေးနှင့်တွက်ကြည့်လျှင် ခု သူရမည့်အကျိုးအမြတ်နှင့် မတိမ်းမယိမ်း။ ပွတ်ကာသီကာပဲ သူ့မှာ ကျန်တော့မည့် အခြေအနေ။
    ခက်တာက ဒီကောင်က သူလိုတာကို အလကားပေးမည်ဆိုထားတော့ သူကရော ဒီကောင်လိုတဲ့ပစ္စည်းကို ပိုက်ဆံတောင်းလို့ရဦးမည်လား။
    သူ စိတ်ကသိကအောင့်နှင့် ဘာပြောရကောင်းမလဲတွေးကာ ဒီကောင့်မျက်နှာကို မော့ကြည့်လိုက်တော့မှ ရင်ထဲပိုအောင့်သွားရ၏။
      ဒီကောင့်စကားသံက ချိုသာယဉ်ကျေးနေခဲ့ပါ၏။ ဆက်ဆံရေးကလည်း နွေးထွေးလိုက်လျောနေခဲ့ပါ၏။
    သို့ပေမယ့် ဒီကောင့်မျက်နှာပေးနှင့် နှုတ်ခမ်းပေါ်တွဲလွဲခိုနေသော အပြုံးကတော့ သူ့အရင်က အပြုံးမျိုး...။ ဖားတွေ အိတ်ထဲက ထုတ်ထုတ်ရိုက်ခဲ့တုန်းက သူ့မျက်နှာပေးမျိုး..။
    သူ အခံရခက်စွာ အံတစ်ချက်ကြိတ်လိုက်မိသည်။ သို့ပေမယ့် သူ ဘာများတတ်နိုင်ပါဦးမည်နည်း။
    ဒီကောင်က သူ့တပည့် အရင်းခေါက်ခေါက်လေ။
xxxxxxxx

ဝေ (စီးပွားရေးတက္ကသိုလ်)
ရနံ့သစ်မဂ္ဂဇင်း...ဖေဖော်ဝါရီ၊ ၂၀၁၁

5 comments:

  1. ပေးချင်တဲ့မတ်ဆေ့လေးအရမ်းကောင်းတာပဲ

    ReplyDelete
  2. ပေးသွားတဲ့ msg လေး တော်တော်ကောင်းတယ်ဗျာ။ အော်...လောကမှာ ထိုသို့သော လူမျိုးတွေလည်း ဒုနဲ့ဒေး.. ၀ဋ်ဆိုတာလည်း နောင် သံသရာတောင် မကူးပါလားနော်။

    ခင်မင်လျက်
    Junemoe

    ReplyDelete
  3. တပည့်ကြီးနဲ့ တွေ့မှ ဆရာခံသွားရတာ...
    ကိုယ့်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ဆိုသလို ဘယ်လောက်တောင် မခံချိမခံသာ ဖြစ်နေမလဲဆိုတာကို တွေးရင်း ပြုံးမိတယ်...။

    ReplyDelete
  4. 'ကြမ္မာရဟတ်တစ်ပတ်လည်'ဆိုတဲ့အတိုင်း
    ကိုယ့်စေတနာကိုယ့်ကိုပြန်အကျိုးပေးတာပေါ့ ဝေရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. လူပါး ပုလင်းကွဲ ထိတယ်ဆိုတာ ဒါမျိုးပေါ့ အစ်မရယ်... ဒီလိုဘဲ ဝဋ်ဆိုတာက လည်တတ်ပါတယ်... လူဆိုတာက အမြဲတမ်း အထက်စီးရောက်မနေပါဘူးဆိုတာကို ဒီပိုစ့်လေးက သက်သေပြလိုက်တာပါဘဲ...

      Delete