အောက်ခြေမြစ်၏ တေးသံ
သားက အမေ့သားအရင်းမှ ဟုတ်ရဲ့လားလို့ တစ်ခါတစ်ခါ သံသယဖြစ်မိတယ်အမေ။
' မင်း ငါ့သားမှ ဟုတ်ရဲ့လားငတိုး....'
အမေက စိတ်အခန့်မသင့်တိုင်း အဲဒီလိုပြောတတ်သလောက် တစ်နေ့ကို လေးငါးခါမှ အမေနဲ့ထိပ်တိုက်မတွေ့ရရင် သားရဲ့ တစ်နေ့တာဟာ မလွန်မြောက်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ မျက်နှာချင်းဆိုင်မိတာနဲ့ အမေကသားကို ဘယ်တစ်ခါမှ စိတ်တိုင်းမကျခဲ့လို့ပါပဲ။
' အသက်ကကြီးလို့ လူပျိုပဲ ဖြစ်တော့မယ်။ ခုထိ ကိုယ့်အိပ်ရာကိုယ် သိမ်းသွားရကောင်းမှန်း မသိသေးဘူး။
အနည်းဆုံး ခြင်ထောင်လေးတော့ မတင်သွားမှပေါ့။ လူလိုမသိတတ်ဘူးလား ငတိုး....'
မိုးလင်း အိပ်ရာထကစပြီး သားဟာ အမှားပေါင်းများစွာကို နေ့တိုင်း မရိုးနိုင်စွာ ကျူးလွန်သူပါ။
' အခန်းထဲမှာလည်း ရှုပ်ပွနေတာပဲ။ အဝတ်တွေလည်း ကြမ်းပြင်ပေါ်ပြန့်ကြဲလို့..။ တကယ် အဆင့်အတန်းမရှိတဲ့ကောင်...'
' ကြည့်စမ်း... အိမ်သာထဲမှာ ဘယ်သူအကျင့်ယုတ်ပြီး ရေလောင်းမသွားတာလဲ။ ဟေ့ ငတိုး လာစမ်း။ မင်းပဲမဟုတ်လား...'
ပြဿနာတစ်ခုခုဆိုလည်း အမေက သားလုပ်တာလို့ဘဲ ထင်တတ်ပါတယ်။ ကြာတော့ သားတွေးမိတယ်။ အမေ စိတ်မတိုရ လေအောင် ငါ အမေ့ရှေ့ကနေ ရှောင်နေတာ အကောင်းဆုံးပဲ...လို့။ ဒါပေမယ့် ဒါလည်း စက်ကွင်းမလွတ်ပါဘူး။
' ငတိုး...မင်း ဘာအပြစ်တွေလုပ်ထားလို့ တစ်နေကုန် ငါ့ကို မျက်နှာချင်းမဆိုင်ရဲတာလဲဟေ့။ ပြောစမ်း...'
တစ်ခါတစ်လေ သားဘာလုပ်လုပ် အပြစ်ပဲမြင်နေတဲ့အမေ့ကို အပြစ်မပြောရက်အောင် ရက်ရှည်လများ နေမကောင်းဖြစ်ချင် မိသေးတယ်။ ' သားဖျားနေပြီ အမေ။ ခေါင်းတွေကိုက်တယ်..'..ဆိုရင်တော့ အမေ့မျက်ဝန်းထဲမှာ စိုးရိမ်ရိပ်ကို ဖျတ်ကနဲမြင်ရတာနဲ့တင်
သားက ကျေနပ်ပြီလေ။ ရုတ်တရက် နဖူးကို ခပ်လောလောစမ်းကြည့်ပြီးရင်တော့ ဖတ်ကနဲတွန်းပစ်တတ်တာ အမေ့အကျင့်ပါပဲ။
' ဘာမှမဖြစ်ဘူး။ ဒီလောက်ငွေ့ငွေ့လေးများ၊ အလွန်ဆုံးရှိ ကိုးဆယ့်ကိုးပေါ့။ မင်း ယောကျာ်းမဟုတ်ဘူးလား။ အကဲမပါစမ်းနဲ့..'
ဘာပဲဖြစ်ဖြစ် အဖျားတက်လေ သားကသဘောကျလေပါပဲ။ ဒီအချိန်ဟာ အမေ့ရင်ငွေ့ကို ကလေးဘဝတုန်းကလို ပြန်ခိုလှုံခွင့်ရတဲ့အချိန်လေ။ အမေ့အဆူအပူမှာ ဂရုဏာငွေ့ကို သားက ရှာဖွေခံစားတတ်နေပါပြီ။
' ကျောင်းသွားရင် ထီးယူရမှာကို ပျင်းတဲ့ကောင်၊ ခံရတာတောင်နည်းသေးတယ်။ ခုမှ လာညည်းမနေနဲ့။ ကြိတ်ခံ...'
အမေ့ပါးစပ်က ဗျစ်တောက်ဗျစ်တောက်နဲ့ မကြင်နာပေမယ့် အမေ့အပြုအစုတွေက စေတနာပါတာ သားသိတာပေါ့။ အဖျားများ ကြီးပြီဆို အမေ တစ်ညလုံးမအိပ်ဘဲ သားကိုရေပတ်တွေတိုက်ပေး၊ ချွေးတွေသုတ်ပေး၊ အဝတ်အစားတွေလဲပေး၊ ဆေးကိုအချိန်နဲ့တိုက်။
လူနာပြုစုတဲ့နေရာမှာတော့ အမေကစံပြပါ။ သိတ်တိကျသေချာပြီး ထောင့်စေ့တယ်။ စေတနာကောင်းတယ်။
အမေပင်ပန်းတာကို မကြည့်ရက်ပေမယ့် အမေ့အယုအယကိုတော့ သားက သာယာတယ်။ အမေ့အကြင်နာကို ဒီလိုအချိန်လေးပဲ ရတာမို့ သား နေမကောင်းချင်သေးဘူး။ အဖျားကျသွားလည်း သားကတော့ အီလို့ကောင်းတုန်းပေါ့။
' အဖျားမရှိတော့ပေမယ့် ခေါင်းမူးပြီးရင်တုန်တုံးပဲ။ အမေ သားနားမှာပဲနေပါ။ သားကြောက်တယ်..'
' ဟဲ့ နေမကောင်းဖြစ်ပြီးရင် အားနည်းကျန်ခဲ့တာ ထုံးစံပဲ။ လှဲနေတာများလို့မူးတာ အဆန်းလား။ ခဏတဖြုတ် ထပြီးထိုင်နေ...'
နေမကောင်းတုန်းမှာမှ စံစားရတဲ့အခွင့်အရေးဆိုတော့ သားက လက်လွတ်မခံဘဲ အမေ အနားကခွာတာနဲ့ တကြော်ကြော် အော်ခေါ်တာပဲ။ အမေ့လက်ကို ဆုပ်ကိုင်ထားပြီးလည်း ခေါ်နေတာပဲ။
' အမေ...အမေ...အမေ...'
' အော်...ဒီကောင်လေး..၊ ဘယ်လိုဖြစ်နေတာလဲ။ ငါ နားမလေးပါဘူးဟဲ့...'
အမေကများ ဒီလိုပြောရင်း လှစ်ကနဲပြုံးလိုက်ရင် သားရင်ထဲမှာ ချိုမြကြည်စိမ့်နေတာပေါ့ အမေရယ်။
နလန်ထဆိုရင်လည်း အမေက သားကြိုက်တဲ့ ငါးဥကြော်နဲ့ကင်ပွန်းချဉ်ဟင်းချိုလေး ချက်ကျွေးတတ်တော့ လျှာကြောထဲစိမ့်ပြီး ချက်ချင်းလန်းသွားတော့တာပေါ့။ ဒါပေမယ့် နေကောင်းသွားတော့လည်း အမေက သူမဟုတ်တော့သလိုပါပဲ။
xxxxxxxx
' အငယ်ကိုမနာလိုဖြစ်တာ ငါအမုန်းဆုံးပဲ ငတိုး။ အငယ်မလေးမွေးလာပေမယ့် ငါကမင်းကို ရင်ခွင်ထဲပွေ့ထားခဲ့တာပါပဲ။  အေး မင်းဖာသာ ငါ့ရင်ခွင်ထဲကနေ ရုန်းထွက်သွားပြီး အတောင်ဆန့်ချင်တာတော့ မတတ်နိုင်ဘူး...'
အဲဒီတော့မှ အမေ့မှာ သားအပေါ်နာကျည်းချက်တစ်ခု ရှိနေတယ်လို့ သားသိလိုက်ရတော့တာလေ။ အဖေကလည်းပြောပြဖူးတယ်။
သားငယ်ငယ်က တစ်ကိုယ်ကောင်း နည်းနည်းဆန်တယ်တဲ့။ ဘယ်ကလေးမဆို ရင်ခွင်ပိုက်အရွယ်မှာ အမေကိုပဲ တွယ်ကြတာများပေမယ့်
သားကတော့ နို့မလွတ်သေးတဲ့အရွယ်မှာတောင် မုန့်ပေးခေါ်ရင် ထိုးလိုက်တာပဲတဲ့။ အလိုလိုက်အကြိုက်ဆောင်လို့ကတော့ အမေကို လှည့်မကြည့်ဘဲလည်း နေနိုင်သတဲ့။
ဒါပေမယ့် အမေကတော့ သားအပေါ် သိတ်တွယ်ရှာတယ်။ မျက်စေ့အောက်က အပျောက်မခံဘူးတဲ့။ ညီမလေး မွေးပြီး
တော့လည်း ကလေးပေါက်စလေးတစ်ဖက်နဲ့ သားဝေယျာဝစ္စတွေကို အရင်လိုပဲ အပြေးအလွှား လုပ်ဆောင်ပေးတာပဲတဲ့။
ဒါပေမယ့် အူဝဲလေး တစ်ဖက်နဲ့ဆိုတော့ အရင်တုန်းကလောက် ဘယ်ထောင့်စေ့ပါတော့မလဲ။ သားရဲ့ ကျောင်းပို့ကျောင်းကြိုတွေမှာ အရင်က အဖေနဲ့အမေ အတူတူပို့ခဲ့ပေမယ့် ခုတော့ အဖေတစ်ယောက်ထဲပေါ့။ တစ်ခါတစ်လေ ညီမလေးချိုစို့နေတုန်း သားက ထမင်းစားကျောင်းဆင်းလာရင် အမေက ခူးခပ်မကျွေးနိုင်တော့ဘဲ အဖေနဲ့အတူ စားလိုက်ရတာလည်း ရှိတာပေါ့။ ညအိပ်ရာဝင်တော့လည်း အရင်ကလို အမေ့ရင်ခွင်ထဲမှာ တစ်ညလုံး တိုးဝင်အိပ်ခွင့်မရပဲ ညီမလေးကို ချိုတိုက်နေရင် သားကအဖေ့ကိုပဲ ခွအိပ်လိုက်ရတာပေါ့။
ဒီလိုနဲ့ နည်းနည်းကြာလာတော့ ရန်ကုန်က အဖေ့ရဲ့မိဘဆွေမျိုးတွေ ညီမလေးကိုလာကြည့်ကြရင်း အပြန်မှာ သားကို အလည် လိုက်ခဲ့ဖို့ခေါ်တယ်။ အမေနဲ့တစ်ခါမှ မခွဲဖူးသေးတဲ့သားက ပထမတော့တွေဝေနေသေးတယ်။ သားသမီးမရသေးတဲ့ ဦးလေးလင်မယား
ကလည်း သားကိုမွေးစားချင်တယ်ဆိုပြီး အမေတို့ဆီက တောင်းနေတာလေ။
သားလည်း အမေ့ထွေးပွေ့မှုက အရင်လို အပြည့်အဝမရတဲ့အချိန်ဆိုတော့ ဟာနေတဲ့ရင်မှာ တစ်ခုခုကို အစားထိုးချင်နေမိတယ် ထင်ပါရဲ့။ ဦးလေးနဲ့ ရန်ကုန်ကိုလိုက်သွားခဲ့မိတယ်။ အဲဒီအချိန်မှာ သားမှတ်မိသလောက်တော့ အမေတို့စီးပွားရေးက အလယ်အလတ်စားနိုင်သောက်နိုင်ရုံလေးဘဲ ရှိသေးတယ်။ ဦးလေးတို့ကတော့ ကိုယ်ပိုင်ကားနဲ့ဘာနဲ့ ။ တော်တော်လေးချမ်းသာပြီး သုံးသုံးစွဲစွဲထဲကပါ။
သားက ဦးလေးမောင်းတဲ့ကားကြီးရဲ့ ရှေ့ခန်းမှာခပ်ကြွကြွနဲ့ထိုင်ပြီး လက်ပြတော့ အမေကသားကို စိန်းစိန်းကြီးစိုက်ကြည့်နေတာ ခုထိမြင်ယောင်နေသေးတယ်။ ဝိုင်းအလိုလိုက် ခံနေရချိန်ဆိုတော့ အမေ့ရင်ထဲမှာ ဘာဖြစ်နေမလဲလို့ တွေးကြည့်ရကောင်းမှန်း မသိခဲ့ဘူး။
ကျန်ခဲ့တဲ့အမေကတော့ သားပါသွားတဲ့ကား မြင်ကွင်းကပျောက်တာနဲ့ အိမ်ထဲဝင်ပြီး ငိုနေကြပြီတဲ့လေ။ သားကတော့ နေ့တိုင်းအစွမ်းကုန် ကမြင်းနေခဲ့တာ။ ကစားကွင်းပေါင်းစုံ၊ ဂိမ်းပေါင်းစုံနဲ့ မအားလပ်နိုင်သလို၊ မစားဖူးတဲ့ စားကောင်းသောက်ဖွယ်မျိုးစုံ ကိုလည်း မရိုးနိုင်အောင် ပွဲတော်တည်နေတာပေါ့။ ဒါပေမယ့် နေ့တိုင်းတော့ အမေ့ဆီဖုန်းခေါ်မိတယ်။ အမေ့အသံကို ကြားချင်မိတယ်။
အမေက ဖုန်းထဲမှာတော့ ဘာမှမဖြစ်သလို ပုံမှန်အသံနဲ့ ပျော်သလောက်သာနေလို့ အမြဲပြောတတ်တယ်လေ။ ဒီတော့လည်း အမေငိုခဲ့သေးတာကို နောက်ပိုင်း ကြားရတော့ သားက ယုံတောင်မယုံချင်ပါဘူး။ ဒါဆို အဲဒီတုန်းက အမေဟန်ဆောင်နေခဲ့တာလား။ ဒီလောက်တောင် အပျော်မက်တဲ့ကောင် နေချင်သလိုသာနေစမ်းဆိုပြီး စိတ်နာနာနဲ့ လွှတ်ထားလိုက်တာလား။
ဘာပဲဖြစ်ဖြစ် သားက ကျောင်းဖွင့်မှ အိမ်ပြန်လာဖြစ်တော့တယ်။ ပျော်လို့မဆုံးတာရော၊ စားလို့ကောင်းနေတာရော၊ ဦးလေးက လိုက်မပို့သေးတာရော၊ အမေ့ခံစားချက်ကို မသိတာရောပေါ့။ အဲဒီနောက်ပိုင်းကတည်းက အမေဟာ သားကိုမထွေးပွေ့တော့တာပါ။တစ်ကိုယ် ကောင်းသမားလို့ စွပ်စွဲတော့တာပါ။ ငွေကြေးချမ်းသာမှုကိုမက်မောတဲ့ကောင်လို့ သမုတ်တော့တာပါ။ သားအပေါ်မှာစိမ်းကားတော့တာပါ။
ဒါပေမယ့် ဒီကိစ္စကြောင့်လို့တော့ အမေက ဘယ်တော့မှဝန်မခံပါဘူး။
' ဟေ့ငတိုး မင်းက မိဘထက်ပေးနိုင်ကျွေးနိုင်သူကို ပိုခင်တွယ်တာ ငါကမနာလိုဖြစ်စရာလား။အဲဒီအတွက် မင်းကိုညှိုးနေတယ်လို့ထင်ရင်တော့ မင်းငါ့ကိုစော်ကားတာပဲ။ အလိုလိုက်တာကိုမှ အချစ်လို့မြင်ရင် မင်းကိုငါ လုံးဝမချစ်ဘူးလို့သာ မှတ်ထားလိုက်...'
အမေက ဒီလိုတင်းမာလေ နှစ်ဖက်အဘိုးအဘွားတွေက သားကိုသနားပြီး ပိုအလိုလိုက်လေပါ။ အမေ့ကိုလည်း ဖျောင်းဖျကြတယ်။
' မေသက်တင်ရယ် ကလေးကို အဲသလောက်ကြီး မတင်းစမ်းပါနဲ့အေ...'
အမေကတော့ ဘယ်သူတွေဘယ်လိုပြောပြော သားအပေါ် အချိုးမပြောင်းပါဘူး။
' ဒါကလေးလား။ အမေ့မြေးကဆယ့်ငါးနှစ်ရှိနေပြီ။ ဒီလိုမှ ပြောဆိုမဆုံးမရင် နားရွက်ကိုက်မယ့်ကောင်မျိုးအမေရဲ့။
အလိုလိုက်ပြီး အကြိုက်ချည်းဆောင်နေကြရင် သူ့ဘဝသူ ခြေစလှမ်းတော့ အမေ့မောင်လိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...'
' တော်စမ်းပါအေ။ နောက်ကြောင်းတွေ မလှန်ပါနဲ့တော့...'
သားစိတ်ထဲမှာမရှင်းတာ အဲဒါပဲ။ (အမေ့ရဲ့အမေ) အဘွားဟာ သူ့မောင်ဆိုတဲ့အကြောင်းကို အမေကစကားစတာနဲ့ ချက်ချင်း စကားဖြတ်တတ်တယ်။ အပြောမခံဘူး။ အဘွားရဲ့အမျိုးတွေ မနီးမဝေးကရွာမှာ နေကြတာသာကြားဖူးတာ။
ခုအရွယ်ထိ သား တစ်ခါမှမတွေ့ဖူးဘူး။ လာလည်ကြတာလည်း မမြင်ဖူးဘူး။
' အဘွားရဲ့မောင်ဆိုတာ တစ်ခါမှလည်း သားမတွေ့ဖူးဘူးနော်...'
အဲဒီလိုများ သားကစပ်စုမိရင် အမေ့မျက်စောင်းက ဒိုင်းကနဲ ရောက်လာတတ်တယ်။
xxxxxxx
တကယ်တော့ သားဘဝတစ်လျှောက်လုံး အမေမကြိုက်တဲ့ အမူအရာ၊အကျင့်စရိုက်တွေကိုမှ သားကရွေးလုပ်မိသလိုဖြစ်ခဲ့တာကိုး။
' ခိုင်းစရာလူတွေ ဘယ်လောက်ရှိရှိ၊ ကိုယ့်တစ်နိုင်ဝန်ကိုတော့ ကိုယ်တိုင်လုပ်ရမယ်ငတိုး။ ရေတစ်ခွက်ဆိုပြီး အော်တောင်းနေတာ ငါမကြိုက်ဘူး။ ကိုယ့်ဖာသာကိုယ် ထခပ်သောက်စမ်း။ ဟေ့...ဘယ်သူမှ ဒီကောင်ခိုင်းရင် လုပ်မပေးကြနဲ့...'
အလုပ်သမားတွေ ပေါရဲ့သားနဲ့ အမေကသားကို ဒီလို ပစ်ညတ်တတ်ပါသေးတယ်။ အမေက ဒီလိုပြောလိုက်တော့ နဂိုကမှ လုပ်မပေးချင်တဲ့ကောင်တွေက သားဘာခိုင်းခိုင်း မကြားသလို မမြင်သလိုလုပ်ကုန်ကြရောပေါ့။
' ဟေ့ကောင် ငတိုး။ သန့်စင်က အလုပ်သမားဆိုပေမယ့် မင်းထက်အသက်ကြီးတယ်ကွ။ မင်းခိုင်းတာကို မကြားချင်ယောင်ဆောင်တာမဟုတ်ဘူး။ ငါမလုပ်ခိုင်းထားတာ။ နောက်တစ်ခါ ကန်တယ်ကြားလို့ကတော့ အဲဒီခြေထောက်ကို ရိုက်ချိုးပစ်မယ်။
ခုချက်ချင်း ပြန်တောင်းပန်စမ်း...'
အမေဟာ တခြားလူတွေအပေါ်မှာ နားလည်စာနာသလောက်ရဲ့ တစ်ဝက်လောက်ပဲ သားအပေါ်မှာ လိုက်လျောပေးရင် သားသေပျော်ပါပြီဗျာ။ ဒီအသက်အရွယ်သာ သားရောက်လာတယ်။ သားကို ' သား.. ' လို့ အမေမခေါ်တာ ဘယ်လောက်ကြာပြီလဲ။ အမေကိုယ်တိုင်မှည့်ပေးခဲ့တဲ့ ဘုန်းလျှံတိုးလို့တောင် ခေါ်ခဲ့ရဲ့လား။ ဘယ်တော့မဆို 'ငတိုး' လို့ ရင့်ရင့်သီးသီး ခေါ်ခဲ့တာချည်းပဲ။ အမေ့သမီးကျတော့ ' သမီးလေး...၊ မီးငယ်လေး..' နဲ့ သူ့နာမည်ကိုတောင် အမေခေါ်ရက်လို့လား။
' ငါ အမုန်းဆုံးက ညီမကို မနာလိုဖြစ်နေတာပဲ။ သူ့လိုအရေးပေးခံချင်ရင် သူ့လို စာတော်အောင်လုပ်။ ငါ ဖူးဖူးမှုတ်ထားမယ်...'
သားကိုတော့ အမေက အကွက်ကြုံတိုင်း ဒီလိုအမြဲနှိမ်တတ်တယ်။ သားအဖို့ အဲဒါလောက် ခံရခက်တာမရှိပါဘူး။ ဘာလို့လဲ ဆိုတော့ သားက စာမတော်ဘူးလေ။ ဒါကြောင့်လည်း မခံချင်စိတ်နဲ့ စာကိုပိုပြီးကြိုးစားရတာပေါ့။ သားအစွမ်းလေး ပြရသေးတာပေါ့လို့ အားခဲရတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက မကြိုးစားခဲ့တဲ့သားမို့ အောက်ခြေကစပြီးမခိုင်တော့ ညီမလေးလို ဆုမရနိုင်ခဲ့ပါဘူး။
ဒီလိုပဲ တလိမ့်လိမ့်နဲ့ဖြတ်သန်းလာခဲ့တာ ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ဖြေအပြီးမှာတော့ အမေ့စကားနားမထောင်တဲ့သားနဲ့ ဘယ်တော့မှသားအပေါ် အကောင်းမမြင်တဲ့အမေ၊ ထိပ်တိုက်တွေ့တော့တာပေါ့။ ရုပ်ရှင်ထဲကလို ' ငါ့အမေတစ်သက်လုံး မရိုက်ဖူးခဲ့တဲ့ ပါးကလေး..'လို့များ ပြောဖို့နေနေသာသာ အမေ့လက်ဝါးရာတွေက သားပါးပေါ်မှာ ထပ်နေပါပြီ။
' မိဘက သူများတကာလို မြစ်ထဲရေမကူးရဘူးဆိုပြီး တုံးတိတိတားတာ မဟုတ်ဘူး။ အကျိုးနဲ့အကြောင်းနဲ့ သေသေချာချာရှင်းပြပြီးမှ တားတာ။ ကလေးတွေဟာ စာမေးပွဲနောက်ဆုံးရက်မှာ စိတ်အနှောင်အဖွဲ့ကို ဖြေလွှတ်ကြရင်း အသက်အန္တရာယ်ကြုံရတာ..၊ ရှေ့တွေမှာ သာဓကအများကြီးပဲ။ မနှစ်ကလည်း စာမေးပွဲပြီးတဲ့နေ့မှာပဲ အပျော်လွန်ပြီး ရေဆင်းကူးကြတာ။
တစ်ယောက်ရေနစ်တာကို တစ်ယောက်ပြီးတစ်ယောက်ဆင်းကယ်ရင်း သုံးလောင်းပြိုင်တောင်၊ မိဘတွေ ရင်ကွဲခဲ့ရပြီးပြီလေ။
အရင့်အရင်တုန်းကလည်း ဒီလိုဇာတ်လမ်းမျိုးတွေ အများကြီးပဲ။ အဲဒါကို ကြုံတိုင်းပြောပြပြီး မြစ်ထဲရေဆင်းမကူးဖို့ သေသေချာချာတားထားပါရက်နဲ့ စာမေးပွဲပြီးတာနဲ့ လက်ယပ်ခေါ်နေတဲ့ အန္တရာယ်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် သွားသတဲ့လေ။
ဒီလို ရေကူးတာ သူ့အဘွားကြားကြည့်ပါလား။ ဘာမဆို အလိုလိုက်မယ့်အဘွား၊ တစ်ခါတည်း ထရိုက်လိမ့်မယ်....'
ပြောပြောပစ်ပစ်နဲ့ အမေ့ဆီက လက်လှမ်းမီရာ ပစ္စည်းမျိုးစုံလွင့်ပျံလာပါတယ်။ သားလည်း အသားနာတာရော၊ ရင်နာတာရော၊ အမေ့ဒေါသကို ကြောက်တာရောပေါင်းပြီး တစ်လမ်းဖြတ်လောက်ပဲဝေးတဲ့ အဘွားဆီကို သုတ်ခြေတင်ပြေးခဲ့မိတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ အဘွားက မျက်နှာထားခပ်တင်းတင်းနဲ့ ကြိုနေပါတယ်။
' မြေးကို အဘွားတို့ရွာ အလည်ခေါ်သွားမယ်။ အဲဒီတော့မှ မင်းရေကူးတဲ့ကိစ္စကို မင်းအမေဘာလို့ ဒီလောက်ခါးခါးသီးသီး ဖြစ်ရတယ်ဆိုတာ မင်းသိလာလိမ့်မယ်...'
xxxxxxxx
တကယ်တမ်း အဘွားကသားကို သူ့ရွာအလည်ခေါ်သွားချိန်ကတော့ နွေရာသီကုန်လို့ ဝါဆိုဝါခေါင် ရေဖောင်ဖောင်နဲ့ မြစ်ရေတိုးတဲ့ မိုးတွင်းအခါကြီးမှာပါ။ ဧရာဝတီမြစ် တစ်ဖက်ကမ်းမှာရှိတဲ့ အဘွားရဲ့ဇာတိရွာလေးကို မြစ်ကူးတံတားကြီးရှိပါလျက်နဲ့ အဘွားက ပဲ့ထောင်လေးငှားပြီး သွားမယ်ဆိုတော့ အဘွားကိုနားမလည်နိုင်ခဲ့ပါဘူး။ မြေးအဘွားနှစ်ယောက်သား မြစ်ပြင်ကျယ်ကြီးထဲမှာ ပဲ့ထောင် သေးသေး၊ လူးလူးလေးနဲ့ကူးလာကြတော့ တစ်ခါမှမကြုံဖူးတဲ့ အတွေ့အကြုံမို့ သားကပျော်လည်းပျော် ရင်လည်းခုန်နေပါတယ်။
ကမ်းပါးပေါ်ရပ်ကြည့်တုန်းက မြစ်အကျယ်ကို ဒီလောက်မထင်ပေမယ့် သူ့ရင်ခွင်ထဲ အပွေ့ခံရချိန်မှာတော့ ကြက်သီးမြမြထရ လောက်အောင် ကြောက်စရာ ကျယ်ပြန့်နေတယ်လေ။ သူငယ်ချင်းတွေနဲ့ ရေဆင်းကူးတုန်းကတော့ အဖော်ကောင်းလို့ ကြောက်ရကောင်းမှန်း မသိခဲ့ဘူး။ ခုတော့ ရေစီးသန်သန်၊ လှေလူးလူးထဲမှာ ကမ်းနဲ့ဝေးပြီးမြစ်လယ်ရောက်လာလေ သားမှာ ရင်ခုန်ရလေ။ လှေနံရံကို တင်းတင်း ဆုပ်ထားမိတဲ့ လက်တွေဟာ တစ်ဖက်ကမ်းကိုကပ်မှပဲ ရဲရဲဖြေဝံ့တော့တယ်။
မြို့မှာပဲ ကျင်လည်ခဲ့တဲ့သားအတွက် ရွာကလေးဟာ တစ်သက်မမေ့နိုင်အောင် ချစ်စရာကောင်းလှပါရောလား။ လယ်ကွင်း
စိမ်းစိမ်းတွေ ပတ်လည်ဝိုင်းနေတဲ့ ရွာကလေးတစ်ခုလုံးဟာ ဗွက်အလူးလူးထနေပေမယ့် သားစိတ်ထဲမှာတော့ လန်းဆတ်နေတာပဲ။
ကောက်စိုက်၊ ပျိုးနှုတ်ဆိုတာကို စာတွေ့ပဲတွေ့ဖူးတာမို့ မိုးရွာထဲလည်းထီးတစ်ချောင်းနဲ့ လယ်ကွင်းစပ်ထိသွားပြီး ကြည့်မိတယ်။
နွားတစ်ရှဉ်းနဲ့လယ်ထွန်တာရော၊ လယ်ထွန်စက်နဲ့လယ်ထွန်တာရော...၊ အားလုံးဟာ လေ့လာစပ်စုစရာ ချည်းပါပဲ။ ရွာသူရွာသားတွေရဲ့ ရိုးသားပွင့်လင်းမှုနဲ့ ဖော်ရွေမှုကလည်း စာတွေ့ထက် ပိုသဘာဝကျနေတယ်လေ။
ဒီလို ပတ်ဝန်းကျင်အရာအားလုံးထက် ပိုစိတ်ဝင်စားစရာကောင်းတာက ရွာအစွန် လယ်တောစပ်မှာရှိတဲ့ အဘွားရဲ့မောင် အဘိုးလေးဘိုးသာမောင်ရဲ့ အုတ်ဂူလေးပါ။ အဘွားကလိုက်ပြရင်း မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ဇာတ်ကြောင်းလှန်ရှာတယ်။
မိဘတွေက ရွာမှာအချမ်းသာဆုံး၊ သူကြီးပြီးရင် သြဇာအရှိဆုံးဆိုတော့ အဘွားတို့မောင်နှမနှစ်ယောက်ရဲ့ ကလေးဘဝဟာဘာဆိုဘာမှ လိုလေသေးမရှိခဲ့ဘူးတဲ့။ မိဘတွေကလည်း အငယ်ဆုံးသားမို့ ဖူးဖူးမှုတ်ထားသလို အစ်မကလည်း မောင်ကိုသည်းသည်းလှုပ်ပဲ။ သားယောကျာ်းလေးရှားတဲ့ ဝမ်းကွဲတွေကြားမှာလည်း သာမောင်ဟေ့ဆိုရင် အားလုံးကပြာနေကြတာမို့ အဘိုးလေးက လူပျိုပေါက်အရွယ် ထိကျောင်းစာကလွဲပြီး ရေတောင် ကိုယ်တိုင်ခပ်သောက်ရတယ် မရှိဘူးတဲ့။ စားဦးစားဖျား ကောင်းပေ့ညွန့်ပေ့မှန်သမျှ အားလုံးက တညီတညွတ်တည်း တမောင်တည်းမောင်နေတော့ အဘိုးလေးက ထမင်းဆိုရင်ပန်းကန်ထဲက လက်ဆေးစားရတဲ့အရာလို့ပဲ ထင်နေတဲ့သူလေ။
ဒါပေမယ့် ရွာကျောင်းကနေ ဆယ်တန်းအောင်ပြီး မြို့မှာကောလိပ်သွားတက်ရမယ့်အချိန် ရောက်လာတော့ ဖူးဖူးမှုတ်ထားတဲ့ မိဘတွေလည်း ကောလိပ်ဘော်ဒါဆောင်ကို လိုက်ပို့ရုံလောက်ပဲပို့နိုင်တာ။ သားနဲ့အတူ ကျောင်းလိုက်တက်လို့မှ မရပဲ။ သည်းသည်းလှုပ်တဲ့ အမလည်း မောင်အတွက် အဆောင်မှာစားဖို့စားစရာကို အလျှံအပယ်သာ ထည့်ပေးလိုက်နိုင်တာ။ မောင့်နောက်လိုက်ပြီး ချက်ပြုတ်
ကျွေးလို့မှ မဖြစ်တော့ပဲ။ ဆွေမျိုးစုံလင်လည်း ရွာထိပ်ထိသာ လိုက်ပို့နှုတ်ဆက်နိုင်တာ။ ကျောင်းအထိ ရေလိုက်ခပ်ပေးလို့မှ မရနိုင်တော့ပဲ။
ဒီလိုနဲ့ လောကကြီးကို တစ်ယောက်ထဲ ဖြုန်းကနဲရင်ဆိုင်ရတဲ့အခါမှာ သာမောင်လေးဟာ ဘာတစ်ခုမှ ကိုယ်တိုင်မလုပ်ခဲ့ဖူးတော့ အရာအားလုံးဟာ ခက်ခဲနေတာပေါ့။ ကောလိပ်ကျောင်းမှာ ကိုယ့်ဖာသာ မနည်းရပ်တည်နိုင်အောင် တော်တော်ကြီး အားထုတ်ရသတဲ့။ ပျော့နွဲ့နွဲ့ပုံစံကြောင့် အခြောက်လို့ အခေါ်ခံရသတဲ့။ ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင် မနည်းဦးနှိမ်ပြီး နေပေမယ့် ခွင်မကျဘူးတဲ့။
ဒီလို ဘယ်လောက်ပဲ ကြိုးစားပြီးနေပေမယ့် လူမှုဆက်ဆံရေးမပြေလည်တော့ ဘိုးသာမောင်ဟာ တဖြေးဖြေး စိတ်ကျရောဂါဝင်လာခဲ့တယ်။ စားချိန်အိပ်ချိန် မမှန်တဲ့အပြင် စာတွေလည်းပိလာတော့ စိတ်ကယောက်ကယက်ဖြစ်ပြီး ဆေးရုံတောင်တင်ယူရသတဲ့။
နောက်ဆုံးတော့ စာမေးပွဲပြီးတဲ့ရက်မှာ ခေါင်းကြည်အောင်ဆိုပြီး မြစ်ထဲကို ရေဆင်းကူးရာက ဘိုးသာမောင်ဟာ ရေနစ်ခဲ့ရှာတယ်။
တချို့ကပြောတာတော့ သာမောင်လေးဟာ စိတ်ကျရောဂါကြောင့်ဘဲ ရေထဲတမင် ဆင်းသေသယောင်ယောင် ထင်ကြတယ်လေ။
အဘွားတို့ကတော့ ဒါတွေအားလုံးဟာ သူတို့အလိုလိုက်လွန်းလို့၊ အချစ်သည်းလွန်းလို့ လောကဓံကို မခံနိုင်တော့တာဆိုပြီး ဖြေမဆည်နိုင်ကြဘူးပေါ့။
ဒီအကြောင်း ပြည့်ပြည့်စုံစုံသိရပြီးတာနဲ့ သားလည်းအဘွားနဲ့အတူ ရောပြီး ဖက်ငိုမိတယ်။ အဘိုးလေးကို သနားတာရော။
အမေ့ရဲ့ အသည်းနှလုံးအတွင်းပိုင်းကို မြင်မိသွားတာရော။
xxxxxxxx
သားက ကဗျာဆရာတော့ မဟုတ်ပါဘူးအမေ။ ဒါပေမယ့် နှလုံးသားထဲက ရုန်ြး<ွကလာတဲ့ခံစားမှုတွေ အထွဋ်အထိပ်ကို
ရောက်လာတဲ့အခါမှာ နှလုံးသွေးနဲ့အတူလည်ပတ်နေတဲ့ ကဗျာဝိညာဉ်တွေက သူ့အလိုလိုစီးကျလာခဲ့တယ်။
ကဗျာလေးတစ်ပုဒ်နဲ့ အမေ့ကို သားကန်တော့ပါရစေ။ အမေဟာ သားဘဝရဲ့ မြစ်ကြီးပါမေမေ။ အပေါ်ယံ မာန်ဟုန်ပြင်းပေမယ့် အောက်ခြေရင်တွင်းမှာ ကြည်စိမ့်အေးနေပါတယ်။ ကမ္ဘာကုန်ကျယ်သရွေ့ ကဗ္ဗည်းရေးထိုးလို့ မကုန်တော့တဲ့ အမေ့မေတ္တာတွေဟာ အမြဲတမ်း မခြောက်ခမ်းဘဲ စုန်ဆင်းနေမယ်ဆိုတာ....။
မြစ်မင်းမေမေ
xxxxxx
စေတနာ မုန်တိုင်း၊ အုံ့ဆိုင်းတိုက်ခတ်
လှိုင်းပြင်းခက်ထန်၊ မာန်တင်းသဏ္ဍာန်က
အပေါ်ယံပုံရိပ်၊ စိုးထိတ်ဖွယ်ရာ
ဒါ...အမေ့လိပ်ပြာ မဟုတ်။
ဧကန်စင်စစ်၊ အောက်ခြေမြစ်မှာ
နာပျော်ဖွယ်တေး၊ ကြည်စိမ့်အေးနှင့်
မဖင့်မပြောင်း ၊ အားကောင်းမောင်းသန်
တစ်နံတစ်လျား၊ ငါ့နှလုံးသားထဲ
ပျားပန်းရစ်ခွေ၊ စိမ့်စမ်းရေသို့။
မြစ်တစ်စင်းကဲ့သို့၊ ချစ်ခြင်းထပ်တူ
မြတ်သူမေမေ...
ကြာငုံမုဒြာ၊ ဆယ်ဖြာလက်ယှက်
ဝဠာပေထက်မှာ၊ အက္ခရာထွင်းထု
ကျေးဇူးတုပ၊ ရေးချ အမေ့ဂုဏ်
ကမ္ဘာကုန်ပြီးလည်း၊ ကဗ္ဗည်းမကုန်
မာန်ဟုန်ပြင်းပြင်း၊ စုန်လျက်ဆင်းရေ
မြစ်မင်းမေမေ၊ အို...မေမေ။
xxxxxxx
ဝေ (စီးပွားရေးတက္ကသိုလ်)
December ၂ဝ၁ဝ....ပေဖူးလွှာမဂ္ဂဇင်း
6 comments:
  1. အမှန်ပြောသောစကားသည်
    ချိုသာခဲ၏၊..
    အိုးကောင်းလိုချင်နာနာထု.ဆိုသလို
    ငတိုးအပေါ်ထားတဲ့အမေ့ရဲ့မေတ္တာတရားက
    လေးစားစရာပါ။
    ငတိုးက.အမေ့ကိုအထင်လွဲပြီး
ုလုပ်ချင်ရာတွေလျှောက်မလုပ်မိလို့
    တော်သေးတာပေါ့နော်အစ်မ
    ဖတ်လို့ကောင်းပါတယ်။
    ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
    အားပေးလျှက်
    မိစံ
    ReplyDelete
  2. ငတိုးရဲ့ မေမေအကြောင်း ဖတ်မိတော့ ကျွန်မရဲ့ အမေကို သတိရလိုက်မိတယ်..
    အမေဟာလည်း အဲဒီလိုဘဲ ဘယ်တုန်းကမှ စကားကို ချိုချိုသာသာမပြောတတ်ဘူး..
    တုတ်ထိုးအိုးပေါက် ပြောတတ်တယ်.. သူများအမေတွေလို ယုယုယယ မနေတတ်ဘူး..
    ဒါပေမဲ့ သူများ မိခင်တွေထက် မသာရင်တောင် မလျော့တဲ့ မေတ္တာတော့ အပြည့်ရှိတယ်..
    အခုတော့လည်း အမေက အသက်ရလာတာနဲ့အတူ တရားဓမ္မအရိပ်အောက်မှာ နူးညံ့သွားပါပြီ..
    ခုချိန်ထိတော့ သားသမီးတွေအပေါ် ကလေးတွေလို သဘောထားပြီး ပူပန်နေတုန်းရှိပါသေးတယ်..
    ဝတ္ထုလေးထဲက သူ့အမေရဲ့ စိတ်နှလုံးသားကို သိမြင်သွားတဲ့ ငတိုးအတွက် ဝမ်းသာမိပါတယ်...
    လာအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်.. ဆရာမ မဝေ..
    ပျော်ရွှင်ကျန်းမာစွာနဲ့ စာတွေ အများကြီးရေးနိုင်ပါစေနော်..
    ReplyDelete
  3. မဂ္ဂဇင်းမှာကတည်းက ဖတ်ပြီးခဲ့ပါပြီ။ နှစ်သက်မိလို့ ထပ်ဖတ်ခဲ့ပါတယ် ခင်ဗျ။
    ReplyDelete
  4. မေတ္တာကို ဖော်ပြတဲ့နေရာမှာ မတူညီပေမယ့် သားသမီးတိုင်းအပေါ်ထားတဲ့ မိဘတိုင်းရဲ့ ကြီးမားတဲ့ မေတ္တာကတော့ ထပ်တူညီနေမှာပါ မမဝေ..။ မြသွေးအဖွားက ပြောဘူးတယ်..သားသမီးကိုချစ်ရင် နမ်းတာတောင် အိပ်ချိန်မှ နမ်းတဲ့...။ မြသွေးတို့တော့ မနေနိုင်ပါဘူး မမဝေရယ်..။
    ReplyDelete
  5. ဒါကြောင့်လဲ- မြင့်မိုရ်ထက်မြင့်မားတာ မိဘရဲ့မေတ္တာ၊ သမုဒ္ဒ၇ာထက်နက်ရှိုင်းတာ မိဘရဲ့ကရုဏာ၊ မဟာပထ၀ီမြေကြီးထက် ထုထည်ကြီးမာတာ မိဘရဲ့မုဒိတာ၊ ကောင်းကင်မဆန့် ပျံ့နှံတာက မိဘရဲ့ ဥပေက္ခာတရားဆိုပြီး တင်စားကြတာနေမှာ။
    အားပေးလျက်...
    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ
    ReplyDelete
  6. Dear Wai,
    I wonder why ladies could not speak softly including me and my mum, haha!! When using harsh words to children, they couldn't feel the love we give. If you want to improve them, show your love more, do not nag or reprimand much.
    I think we should improve in communication.
    You know what my nephew said to me? when I mentioned to him that your dad loved you so much. He told me that I want to see and want to feel that he cares me, he loves me, why Burmese people are so stingy in showing or saying that word of "I LOVE YOU" like Westerners? Has he ever mentioned a word of love to me? I have never heard of it. How can I believe he loves me? Do you believe it, those words are coming out from 25 years old boy? Not from 15 years old boy. So it is not enough to show that you care by doing things for them. Need to speak up.
    The word of "LOVE" should not stop between only husbands and wives, fiancees and lovers, need to extend to reach to our children as well. If you want them to improve, you need to show your love. By scolding or nagging will not improve their status. When showing love and praising them will change them. When being loved and being cared, your love tied them down not to do the wrong things.
    Try to talk out by explaining to them. Bringing up of children is an art which needs a lot of patience and time. Generation has been changed. We parents need to change too. I am still trying to change myself and I urge all of parents to change too. When speak softly, the word goes into their ears smoothly. They will feel the love you give and you will feel their love too.
    As the person above mentioned that Nge Toe's mum is lucky that he understands his mum's love after the trip to this village. I doubt in real world, not that easy to convince nowadays children to understand parent's love.
    This is my view of your lovely story from different angle. I hope you will agree with me.
    With love.
    UTA & Mya
    ReplyDelete