ကြိုးကိုချည်တဲ့ ကြိုး



သေချာ စေ့စေ့ငုငုတွေးကြည့်လိုက်တော့ ကျွန်တော့်ရင်ထဲမှာ ခိုးလိုးခုလုဖြစ်နေရတဲ့ကိစ္စက ခြေခြေမြစ်မြစ်တော့လည်း မရှိလှဘူးဗျ။

အိမ်မွေးခွေးတစ်ကောင်ကို သူ့ပိုင်ရှင်က သံကြိုးနဲ့ ချည်ချင်ချည်ထားမယ်။ ကြိုးဖြည်ပြီးလွှတ်ချင် လွှတ်ထားမယ်ဗျာ။ ဒါ ကျွန်တော့်ကိစ္စမှ မဟုတ်တာဘဲ။ သူ့သဘော သူဆောင်တဲ့ကိစ္စ။ သူပိုင်တဲ့ခွေးပဲ။

ဒါပေမယ့် အဲဒီခွေးတစ်ကောင်ဟာ သူ့ဖာသာ လွတ်လွတ်လပ်လပ်နေရာကနေ တစ်စုံတစ်ခုကို အဆက်မပြတ် စူးစူးဝါးဝါးထိုးပြီး ဟောင်ပြီဆိုရင်ဖြင့် သူ့ပိုင်ရှင်က ခွေးကို ကြိုးနဲ့ချည်ပြီး ချုပ်နှောင်ထားလိုက်တော့တာပဲ။

အဲဒီအဖြစ်ကိုမြင်တိုင်း ကျွန်တော်ကလည်း ဘာမဆိုင်ညာမဆိုင် အဲဒီကြိုးဟာ ဟောင်နေတဲ့ခွေးကို ချည်နှောင်သင့်တာလား။ အဲဒီခွေး ဟောင်နေတဲ့အရာကို ချည်နှောင်သင့်တာလားလို့ အမြဲတွေးမိတယ်။

ဒါဟာ...ပထမဦးဆုံးအကြိမ် တိရစ္ဆာန်တစ်ကောင်ရဲ့ လွတ်လပ်ပိုင်ခွင့်ဖက်ကနေ မခံမရပ်နိုင်ဖြစ်မိတဲ့အထိ စိတ်ခံစားမှုနောက်ကို ကျွန်တော်လိုက်မိတာပါ။

အမှန်တော့ ကျွန်တော်ဟာ ခွေးချစ်တတ်သူတစ်ယောက် မဟုတ်ပါဘူး။

xxxxxx

ကျွန်တော်က တိရိစ္ဆာန်ချစ်တတ်တဲ့သူ မဟုတ်တော့ ဘယ်အိမ်မွေးတိရိစ္ဆာန်မှ မမွေးဖူးပါဘူး။ မွေးဖို့လည်း စိတ်ကူးမရှိဘူး။

အထူးသဖြင့် လူကိုယ်ပေါ်တက်ပြီး ပွတ်သီးပွတ်သပ်နဲ့ ချွဲနွဲ့တတ်တဲ့ ကြောင်တွေကိုလည်းမချစ်ဘူး။ သွားလေရာ တကောက်ကောက် လိုက်ပြီး ယောက်ယက်ခတ်ခင်မင်ချင်တဲ့ ခွေးတွေကိုလည်း မလိုချင်ဘူး။ အလှကြည့်ဖို့ ငါးတွေကို မှန်ပုံးထဲထည့်ပြီး ဧည့်ခန်းရှေ့ ချထားရမှာကိုလည်း မနှစ်မြို့ဘူး။

ဖြစ်ချင်တော့ ကျွန်တော့်အလုပ်ကလည်း လူဝင်လူထွက်များတဲ့ မိတ္တူဆွဲ ကွန်ပျူတာစာစီဆိုင်လေးဆိုတော့ ခွေးမွေးလို့လည်း အဆင်မပြေဘူးလေ။ ၀င်လိုက်ထွက်လိုက် မျက်စိနောက်စရာ ခြေထောက်တွေနဲ့ ဖျတ်လတ်တက်ကြွပြီး အလွန်သစ္စာစောင့်သိချင်နေမယ့်

ခွေးတစ်ကောင်နဲ့ လိုက်လျောညီတွေဖြစ်မယ်လို့ ကျွန်တော်မှမထင်တာ။

အိမ်မွေးတိရစ္ဆာန်တွေ မွေးတာဟာ အပိုဒုက္ခရှာတာလို့ ယူဆတဲ့ ကျွန်တော်ကတော့ တိရစ္ဆာန်တွေကို ချစ်တယ်လို့အကြောင်းပြပြီး သူ့ဖာသာ လွတ်လွတ်လပ်လပ်နေချင်မယ့် အကောင်ပလောင်တွေကို ချည်နှောင်အကျဉ်းချထားပြီး ကိုယ့်စိတ်ကျေနပ်မှုအတွက် အရသာခံ ဇိမ်ယူပြီးလည်း ထိုင်မကြည့်ချင်ပါဘူး။

ဒါပေမယ့် အခုတလော ကျွန်တော်တို့မြို့လေးမှာ ခွေးအလှမွေးတာတွေ ခေတ်စားလာတယ်ဗျ။ အိမ်တော်တော်များများမှာ နိုင်ငံခြားမျိုးစပ်ထားတဲ့ ခွေးလေးတွေ မွေးလာကြတာကို တွေ့နေရတာပဲ။ အရင်တုန်းက ဈေးအရမ်းကြီးတဲ့ နိုင်ငံခြားခွေးတွေကို မြန်မာပြည်မှာသားဖောက်ပြီး ရောင်းကြတော့ ဈေးတွေလည်းသက်သာလာပြီး လက်လှမ်းမီလာလို့ထင်ပါရဲ့။ မွေးလိုက်ကြတဲ့ခွေးတွေ...။

ကျွန်တော့်မျက်နှာချင်းဆိုင် အိမ်မှာတောင် ပုတုတု၊ စုတ်ဖွားဖွားနဲ့ အရုပ်ကလေးလို ချစ်စရာကောင်းတဲ့ ခွေးလေးတစ်ကောင် ရောက်လာတာပဲ ကြည့်တော့။

အမှန်တော့ ဒီအိမ်ကလည်း ခွေးတစ်ကောင်ကို လွတ်လွတ်လပ်လပ် လွှတ်ထားလို့ကောင်းတဲ့ အိမ်မဟုတ်ပါဘူး။ ကျွန်တော့်အိမ်လို လူဝင်လူထွက်များတဲ့ ကုန်စုံဆိုင်လေးပါပဲ။ ဒါပေမယ့် စတိုင်ပဲထုတ်ချင်လို့လား။ တကယ်ပဲ ခွေးချစ်တတ်တာလားမသိဘူး။ အဲဒီအိမ်မှာ ခွေးလေးတစ်ကောင် စရောက်လာကတည်းက ကျွန်တော့်သားကလည်းကျွန်တော့်ကို ခွေးတစ်ကောင်ဝယ်ပေးဖို့ နေ့တိုင်း ပူဆာတော့တာပဲ။

ပြောလို့ပြောတာမဟုတ်ဘူး။ တိရစ္ဆာန်မချစ်တတ်တဲ့ ကျွန်တော်တောင် ဒီခွေးလေးကိုမြင်တော့ “ ဟယ်...ချစ်စရာလေး..” လို့ ဖွင့်ချီးကျူးမိတဲ့အထိ ခွေးလေးက အမွှေးလေးတွေတောက်ပပြီး တော်တော်လှတယ်။ မျိုးရိုးလည်းကောင်းတယ် ထင်ပါရဲ့။

အညစ်အကြေးစွန့်တာကအစ စည်းကမ်းရှိလွန်းလို့ဆိုပြီး ပိုင်ရှင်က တဖွဖွချီးကျူးတယ်။

လူတွေနဲ့လည်း ယဉ်ပါးပြီးသားဆိုတော့ သူ့ဆိုင်ထဲမှာ ဒီလိုပဲ ဈေးဝယ်လာသူတွေကြား လျှောက်သွားနေတာပဲ။ ရန်လည်းမလိုဘူး။

ဟောင်လည်းမဟောင်ဘူး။ အေးဆေးပဲ။

အဲ...ညဖက် မှောင်လို့ ဆိုင်ပိတ်ပြီလားဆိုရင်တော့ အိမ်ရိပ်ကို ချိုးချိုးချွတ်ချွတ်နဲ့များ သွားမနင်းလိုက်နဲ့။ ရိပ်ကနဲမြင်တာနဲ့ ထိုးဟောင်တော့တာပဲ။ အသံက ခပ်သေးသေး၊ ခပ်စူးစူး။ အကောင်ကြီးခွေးတွေလို မခန့်ညားလှပေမယ့် စွာတော့အစွာသား။

သူ့သခင်က “ ဟေ့ကောင်ကြီး...ဘာမှမဟုတ်ပါဘူးကွ...” ဆိုပြီး မချော့မချင်း တရစပ်ကိုတပ်လှန့်နေတတ်လို့ တစ်ခါတစ်လေများ အိပ်ရေးတောင်ပျက်ပါရဲ့။ ကျွန်တော်က ခွေးဟောင်တိုင်း ဘာများပါလိမ့်ဆိုပြီး ထထကြည့်မိနေတာကိုး။ နောက်ပိုင်းတော့ အကြောင်းသိတွေက ညဖက်ဆို သူတို့အိမ်ရှေ့က မဖြတ်တော့ဘူး။ ကျွန်တော့်အိမ်ဖက်ကို ရွေးပြီး ဖြတ်လျှောက်ရတယ်။

ခွေးတစ်ကောင်ရှိနေတော့ တော်ရုံသူခိုးလောက်က သူတို့အိမ်ကို ဘယ်ကပ်ရဲတော့မှာလဲ၊ မဟုတ်ဘူးလား။

ခွေးမချစ်တတ်တဲ့ ကျွန်တော်တောင် ဒီခွေးလေးကိုကြည့်ရင်း သဘောကျလာမိတော့တယ်။

xxxxxx

“ ဖေဖေ...ဒီတစ်ခါစာမေးပွဲမှာ သားပထမရရင် ခွေးလေးတစ်ကောင်လောက် ၀ယ်ပေးပါလားဟင်..”

အိမ်ရှေ့အိမ်က ခွေးလေးရဲ့ဆွဲဆောင်အားက ကျွန်တော့်သားအပေါ်မှာလည်း တော်တော်သက်ရောက်ရှာတယ်။ ကျွန်တော်တို့

လင်မယားက သားကို စာမေးပွဲမှာပထမရတိုင်း သူလိုချင်တဲ့ ပစ္စည်းတစ်ခုခုကိုဆုချတဲ့ အကျင့်လေးလုပ်ထားတော့ ဒီတစ်ခါဆုအဖြစ် ခွေးလေးတစ်ကောင် ၀ယ်ပေးဖို့ တောင်းဆိုနေတာလေ။

ကျွန်တော်တို့မှာက ဒီသားလေးတစ်ယောက်ပဲ ရှိတာမို့ စာမေးပွဲမှာ ပထမမရလို့၊ အဆင့်ကျလို့ဆိုပြီး ကလေးကို ရိုက်ပုတ်မာန်မဲတာမျိုးလည်း မလုပ်ရက်တော့ သူ့ရဲ့ဆန္ဒကြိုးတွေနဲ့ပဲ သူ့ကိုပြန်ချည်ဖို့ ကြိုးစားရတော့တယ်။ သားကို စာကြိုးစားချင်စိတ်ရှိအောင် ဆုပေးစနစ်နဲ့ ဆွဲဆောင်ထားတာလေ။

အဆင့်တစ်ရတိုင်း သူလိုချင်တဲ့တစ်ခုခုကို ၀ယ်ပေးမယ်လို့ ဂတိပေးထားတော့ သားက သူပြင်းပြင်းထန်ထန် လိုချင်တာရှိပြီဆိုရင် ကျွန်တော်တို့က တိုက်တွန်းစရာမလိုဘဲ စာကိုအသည်းအသန် ကြိုးစားလေ့ရှိတယ်။ အများအားဖြင့် သူလိုချင်တာတွေက အဆက်မပြတ်

တတ်သလို အရုပ်တို့၊ စကိတ်ဖိနပ်တို့၊ အမ်ပီဖိုးတို့၊ ဂိမ်းစက်တို့ ပူဆာတာများပါတယ်။ ခုတော့...ခွေးလေးတစ်ကောင်တဲ့။

“ သားဝယ်မိတဲ့ခွေးက အိမ်ရှေ့ကခွေးလေးလို ဗီဇမကောင်းရင် ဘယ်လိုလုပ်မလဲသား။ စိတ်ဆတ်တဲ့၊ ဆိုးတဲ့ ခွေးတွေလည်းရှိတတ်တယ်နော်။ အဲဒီခွေးမျိုးမွေးမိရင် သူ့သခင်တော့ ဒုက္ခများပြီပဲ။ သူ့ခွေးကိုက်လိုက်သမျှ လူတွေကို ဆေးထိုးပေးရမယ်။ တောင်းပန်ရမယ်။ စိတ်ရှုပ်ရမယ်။ ခွေးရူးကာကွယ်ဆေးကလည်း ဈေးကြီးမှကြီး...”

သားက သူ့အလိုကိုမလိုက်တော့ နှုတ်ခမ်းစူပါတယ်။ စာကိုလည်း ဟုတ်တိပတ်တိ စိတ်ဝင်တစားမကျက်ပဲ ကျွန်တော်တို့ကို မသိမသာ ဆန်္ဒပြတယ်။

“ သား...စာကျက်ဦးနော်။ အဆင့်တွေကျကုန်လိမ့်မယ်...” လို့ သူ့အမေကသတိပေးတော့ “ သားပထမရလည်း သားလိုချင်တာမှ မရနိုင်ပဲ...” လို့ ကျွန်တော်တို့ကို ပြန်ထစ်ပါလေရော။

သားကို စိတ်ဆိုးရခက်၊ အလိုလိုက်ရခက်နဲ့။ ကျွန်တော်တို့လင်မယားမှာ ကိုယ်ချည်ထားတဲ့ကြိုး ကိုယ့်ပြန်ပတ်နေတာလေ။

ဒီလိုနဲ့ ခွေးမချစ်တတ်တဲ့ ကျွန်တော်လည်း ခွေးမွေးရတော့မလို ဖြစ်လာပြီဆိုတော့ ခွေးအကြောင်း လေ့လာရတော့တယ်။

တခြားဝေးဝေးလံလံတော့ မဟုတ်ပါဘူး။ အိမ်ရှေ့ကခွေးကလေးကိုပါ။

သူ့သခင်ကိုမေးကြည့်တော့ သူ့ခွေးကို ဘာအမျိုးအစားမှန်းတောင် ရေရေရာရာမသိဘူးတဲ့။ ကျွန်တော့်လိုပဲ ခွေးမချစ်တတ်တဲ့ လူတွေ ဖြစ်နေတယ်။

ရန်ကုန်အလည်သွားရင်း သူ့ဦးလေးက လက်ဆောင်ပေးလိုက်လို့ ခေါ်လာရတာတဲ့။ ခွေးကလိမ်္မာမယ့်သာ လိမ်္မာတာ။ သူတို့က သိတ်ချစ်ခင်ယုယပုံလည်း မရှိပါဘူး။ ခွေးလေးအပေါ်လည်း သိတ်တွယ်တာပုံ မရဘူး။

“ ကျွန်တော့်သားက ခွေးမွေးချင်တယ် ပူဆာနေလို့၊ရောင်းပါလား..” ဆိုတော့လည်း လက်ဆောင်ရထားတာမို့ ရောင်းမဖြစ်ဘူးတဲ့ဗျာ။

ကျွန်တော်ကတော့ တခြားခွေးလည်း ၀ယ်မပေးချင်၊ မတတ်သာလို့ ၀ယ်ပေးရချင်းအတူတူ ဗီဇကောင်းတဲ့ အိမ်ရှေ့ကခွေးလေးကိုပဲ လိုချင်စိတ်ကြောင့် ရောင်းမလား၊ ရောင်းမလားနဲ့ ကြုံတိုင်းမေးနေမိတော့တာပေါ့။ သားကိုလည်း “ မင်းတာဝန်ကို မင်းကျေအောင်လုပ်။

အဖေ ရှေ့အိမ်ကခွေးလေး ရအောင်ဝယ်ပေးမယ်...” လို့ ချွေးသိပ်ထားရတယ်။

ခွေးမချစ်တတ်တဲ့ လူတွေဆိုတော့ တစ်နေ့နေ့ သူတို့စိတ်ပြောင်းရင် ရောင်းမှာပဲလို့ ကျွန်တော်ကလည်းကြုံတိုင်း နှဲ့နှဲ့ပြီး ပြောနေရတာပေါ့လေ။

xxxxxx

တကယ်တမ်း ခွေးပိုင်ရှင်က ရောင်းတော့မယ်လို့ ပြောလာတဲ့အချိန်ကျတော့ အဲဒီခွေးကိုဝယ်ချင်စိတ် ကျွန်တော့်မှာ လုံးလုံးမရှိတော့ဘူး။

နဂိုကတည်းက ခွေးမချစ်တတ်တဲ့သူဆိုတော့ လိမ်္မာတဲ့ခွေးလေးမို့သာ သားဆန်္ဒကိုဖြည့်ပေးဖို့ ကျွန်တော်က တောင်းဝယ်မိတာ။

ဆိုးတဲ့ခွေး၊ ဟောင်လွန်းစွာလွန်းပြီး တွေ့ကရာကိုက်ဖို့ ရန်လိုနေတဲ့ခွေးမျိုးတော့ အလကားပေးရင်တောင် “ ဟင့်အင်း...ကျေးဇူးပဲ..” လို့ ငြင်းပစ်လိုက်မှာပါ။

ဒီလိုဆိုတော့ အိမ်ရှေ့က လိမ်္မာတဲ့ခွေးကလေးကို သူ့သခင်ဆီက ကျွန်တော်ဘာလို့ မ၀ယ်ချင်တော့တာလဲဆိုတာ ရိပ်မိကြရောပေါ့။ဟုတ်တယ်။ အရင်က အင်မတန်လိမ္မာတဲ့ ခွေးလေးဟာ ခုတော့ အရမ်းကိုရန်လိုပြီး စွာတာကျဲလေး ဖြစ်လာလို့ပါပဲ။

နှမြောဖို့တော့ ကောင်းပါတယ်ဗျာ။ တကယ်က ခွေးရဲ့ဗီဇကကောင်းရဲ့သားနဲ့ လူတွေကကိုဆိုးတာပါ။ ဒီခွေးလေး ဆိုးသွမ်းရန်လိုလာရတဲ့ အကြောင်းရင်းမှာ လူသုံးယောက်ပါဝင် ပတ်သက်နေတယ်လေ။

ပထမတစ်ယောက်က ကားသမား။ ကျွန်တော့်အိမ်ရှေ့က ကုန်စုံဆိုင်မှာ ၀င်ထွက်ဝယ်နေကျ ဖောက်သည်တစ်ယောက်ပေါ့။ ကားသမားထုံးစံအတိုင်း လူပုံက ဆောင့်ကြွားကြွား။ ကွမ်းတပျစ်ပျစ်၊ ဟောင်ဖွာဟောင်ဖွာနဲ့၊ ထောင့်မကျိုးဘူးဆိုပါတော့။

သူက ကုန်စုံဆိုင်ကို ရောက်လာပြီလားဆို၊ ဆိုင်ရှေ့တင်မကဘဲ အိမ်နောက်ဖေးမီးဖိုချောင်၊ ထမင်းစားခန်းနဲ့ အိမ်သာတွေထဲအထိ ၀င်သွားတတ်တယ်။ သူ့ကားရောက်တဲ့ ရွာတွေ၊မြို့ငယ်တွေက မှာလိုက်တဲ့ကုန်တွေကို ကျွန်တော့်အိမ်ရှေ့ကဆိုင်မှာ ဖောက်သည်ယူပြီး

ဝယ်သွားပေးတော့ ဆိုင်ရှင်တွေနဲ့ ရင်းနှီးနေတာကိုး။

ပထမတော့ ကားသမားက မျက်စိနောက်စရာပုံစံ ဖြစ်နေပေမယ့် ခွေးလေးကလိမ္မာတာမို့ သူ့ဖာသာသူ အေးအေးဆေးဆေးနေတာပါ။

ဒါပေမယ့် ဒီလူက ဆိုင်ဧရိယာကနေကျူးကျော်ပြီး အိမ်အတွင်းခန်းထဲအထိ ၀င်သွားတာမြင်တော့ ခွေးကလေးက ခေါင်းထောင်ပြီး အကဲခတ်နေတာ။ တဖြေးဖြေးနဲ့ နောက်ဖေးမီးဖိုထဲထိ ၀င်သွားပြီး ထမင်းအိုးဟင်းအိုးတွေ လှန်လှောနှိုက်စားတာ မြင်ရတဲ့အခါမှာတော့

ခွေးက မာန်ဖီသံနည်းနည်း ထွက်လာတယ်။

ဒါကလည်း ခွေးတွေရဲ့ဗီဇသတ်္တိအရ သူ့သခင်ရဲ့ပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတာကိုး။

အဲဒီမှာ ကားသမားက ခွေးရဲ့ခံစားချက်ကို မြင်သွားပြီး နောက်ပြောင်ချင်လာတော့တာပဲ။ သခင်ကလည်း သူ့ခွေးသူ့အပေါ် သစ္စာရှိတာကို ဂုဏ်မယူတတ်ဘဲ သူ့ဖောက်သည်ကိုရန်လိုရမလားလို့ ဖောက်သည်စိတ်ကွက်သွားမှာစိုးပြီး ခွေးကိုချည်း ဟန့်နေတာကိုး။

ကားသမားက မီးဖိုချောင်ကအိုးခွက်တွေကို တမင်အသံမမြည် မြည်အောင်လုပ်ပြီး ခွေးကိုစတယ်။ ခွေးကမာန်ဖီသံထွက်လာရင်

ပြာယာပြာယာနဲ့ ပစ်္စည်းတွေအလစ်သုတ်တဲ့ဟန် သူခိုးပုံစံလုပ်ပြတယ်။ ခွေးက ပိုစိတ်ဆိုးလာပြီး တစ်ချက်နှစ်ချက်ဟောင်လိုက်တာနဲ့ သူကလည်း ခွေးရှေ့ကနေ ရှေ့တိုးနောက်ငင်ပြေးပြတယ်။ ခုန်ဆွခုန်ဆွနဲ့ မျောက်ကလိုမျိုး လုပ်ပြတယ်။

ခွေးမပြောနဲ့။ သူလုပ်နေပုံက ဘေးကမြင်ရတဲ့လူတောင် ပြေးရိုက်ချင်လာရော။

ခွေးကတော့ တ၀ုတ်ဝုတ်နဲ့ ထိုးဟောင်တော့တာပေါ့။ သူကခွေးကို ခြေထောက်နဲ့ကန်လိုက် စလိုက်နဲ့။ ခွေးကဟောင်လေ သူကပိုစလေ။ ခွေးပုလေးကို လူကြီးတစ်ယောက်က တို့ကနန်းဆိတ်ကနန်းလုပ်ပြီး ဒေါသဖြစ်အောင်ဆွနေတာက အကြည့်ရ တော်တော်ဆိုး

ပါတယ်။ ဒါပေမယ့် ခွေးပိုင်ရှင်က သူ့ဖောက်သည်ဆိုတော့ ပြောရမှာအားနာလို့လား မသိဘူး။ ခွေးကိုချည်း ဖိမာန်တာပဲ။

တဖြေးဖြေး ခွေးနဲ့လူ ကျီစယ်ရန်စပွဲက အကျည်းတန်လာလိုက်တာ...။ နောက်ဆုံး ခွေးကအခန်းထောင့်မှာ ချောင်ပိတ်မိပြီး

ကားသမားက ခြေထောက်နဲ့ကန်ရင်း စလိုက်တဲ့အချိန်မှာ လန့်ပြီး မိရာဆွဲကိုက်ထည့်လိုက်တော့တာပေါ့။

ဒီတော့မှ ကားသမားလည်း အစရပ်သွားတော့တယ်။ ခွေးပိုင်ရှင်လည်း ကားသမားကို ခွေးရူးကာကွယ်ဆေး လိုက်ထိုးပေးရတယ်။



ဒါပေမယ့် ဒါဏ်ရာပြန်ကောင်းပြီးနောက်တော့လည်း ဒီလိုပဲ ကြုံတိုင်းစနေသေးတာပဲ။ ခွေးကလည်း ကားသမားကို ဘယ်လောက်မုန်းသလဲဆို သူ့ကားရပ်တာနဲ့ ထိုးဟောင်တော့တာ...။

ဒုတိယတစ်ယောက်ကတော့ ကျွန်တော်တို့လမ်းထိပ်က ဆိုက်ကားဂိတ်မှာဂိတ်ထိုးတဲ့ ဆိုက်ကားသမားပါ။ သူက ကားသမားရဲ့ နောက်လိုက်ပေါ့။ အလွန်လိမ်္မာတဲ့ခွေးလေးကို ကားသမားက စိတ်ဆိုးပြီးရန်မူလာအောင် စနိုင်တာကို သူကအားကျနေတာလေ။ ကားသမားက

ခွေးကိုစလို့ ဆူညံနေအောင်ဟောင်ပြီလားဆို သူက ဆိုက်ကားဂိတ်ကနေ ကုန်စုံဆိုင်ကိုရောက်လာပြီး သဘောတကျ ကြည့်နေတတ်တယ်။

ညဖက် ဆိုင်ပိတ်ချိန်၊ သူလည်း ဆိုက်ကားသိမ်းချိန်ဆိုရင် ပိတ်ထားတဲ့ကုန်စုံဆိုင်ရှေ့မှာ တမင်ရပ်ပြီး ခွေးကိုစတော့တာပဲ။

ခွေးက နဂိုကတည်းကမှ ဆိုင်ပိတ်ချိန်ဆိုရင် လူစိမ်းတွေ အိမ်ရိပ်နင်းခံတာမဟုတ်ဘူးလေ။ အဲဒါကိုသိတဲ့ ဆိုက်ကားသမားက ခွေးကလေးရဲ့ အိမ်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်တယ်။ ရိုးရိုးလျှောက်တာမဟုတ်ဘူး။ ကားသမားစတဲ့ပုံစံမျိုး အစုံလုပ်ပြီးလျှောက်တာ..။

ညဖက်ဆိုတော့ ဆိုက်ကားသမားကလည်း ရီဝေေ၀၊ယစ်ထွေထွေနဲ့မို့လား။ ခွေးကလေးကို အမြည်းလုပ်ပြီး စနေတာလေ။

အစကတော့ ခွေးပိုင်ရှင်က ထွက်တားသေးတယ်။

“ ခင်ဗျားခွေးကို ကျုပ်ကဘာလုပ်လို့လဲ။ ကျုပ်ဖာသာ လမ်းပေါ်လျှောက်နေတာကို သူကသက်သက်မဲ့ ရန်လိုနေတာ ခင်ဗျားမမြင်ဘူးလား...” လို့ လေးလေးတွဲ့တွဲ့ရစ်နေတော့ အမူးသမားနဲ့ဖက်ပြောနေလို့ ရန်များမှာစိုးတဲ့ အိမ်ရှင်မက

သူ့ယောကျာ်းကို လက်ကုတ်ပြီး အိမ်ထဲခေါ်သွင်းသွားရတယ်လေ။

အဲဒီတော့ အမူးသမားနဲ့ဖက်မဟောင်ရအောင် ခွေးကလေးကို အိမ်အတွင်းခန်းထဲ ခေါ်ထားလိုက်တယ်။ ဒါပေမယ့်

ဘသားချောက တော်တော်ဒေါသထွက်နေပုံနဲ့ အိမ်ရှေ့ပြန်ပြေးသွားပြီး ဟောင်ပြန်တာပဲ။ သံတံခါးပိတ်ထားလို့သာ တော်တော့တယ်။

နို့မို့ဆို ပြေးကိုက်မယ့်ပုံ။

ဒီလိုနဲ့နောက်ဆုံး အတွင်းခန်းထဲကနေ မထွက်နိုင်အောင် ခွေးကလေးကို သံကြိုးနဲ့ချည်လိုက်ရတော့တာပဲ။ ဒါတောင်မှ ရှေ့ထွက်လို့မရတော့ပေမယ့် သံကြိုးကိုရုန်းပြီး တရစပ်ဟောင်နေသေးတာ။

တတိယတစ်ယောက်က လမ်းထိပ်လက်ဖက်ရည်ဆိုင်ရဲ့ စားပွဲထိုးလေးပေါ့။ သူ့ကျတော့ လူကမည်းပိန်ပိန်၊ မျက်စိစောင်းစောင်း၊ သွားခေါခေါနဲ့ဆိုတော့ ဘာမှလုပ်မပြရသေးခင် ခွေးကမျက်စိနောက်နေပြီ။ ဒီကြားထဲ သူကလည်း ကားသမားနဲ့ဆိုက်ကားသမားက ခွေးကို စနေသမျှ အားကျတဲ့သူဆိုတော့ ကုန်စုံဆိုင်လေးဆီ နို့ဆီ၊ သကြား၊ လက်ဖက်ခြောက် လာဝယ်ရင်း ခွေးကိုပြောင်ပြတယ်။

ခွေးက ဟိုနှစ်ယောက်နဲ့တင် အကျင့်ပျက်ပြီး စိတ်ကဆတ်နေတာဆိုတော့ စားပွဲထိုးကို ခုန်ကိုက်တော့တာပဲ။ ဆိုင်ရှင်လည်း ဆေးဖိုးထပ်ကုန်ပြန်တာပေါ့။

နောက်ပိုင်းတော့ ခွေးက ဘယ်သူ့ကိုမဆို ကောင်းကောင်းနေရင်နေ။ နည်းနည်းမျက်စိနောက်တာနဲ့ ခပ်စွာစွာ ထိုးဟောင်တော့တာပဲ။ အဲဒါကိုမှ လန့်ပြီး ပြေးမလိုလွှားမလိုလုပ်ရင် သူကလည်း ဟိုကောင်တွေလို သူ့ကိုစတယ်ထင်ပြီး လိုက်ဟပ်တတ်တယ်။

အထူးသဖြင့် ရန်သူတော်သုံးယောက်ကိုမြင်တာနဲ့ အရမ်းကိုစိတ်ဆိုးပြီး စူးစူးဝါးဝါးဟောင်တော့တာပဲ။ မာန်ဖီပြီး နီးရာလူကို ရန်မူတော့တာပဲ။

အဲဒီလို သွေးဆိုးသွားတဲ့ ခွေးကလေးကို သူ့သခင်ကစိတ်ပျက်ပြီး ကျွန်တော့်ကိုရောင်းမယ်လို့ ပြောပေမယ့် ကျွန်တော်လည်း မ၀ယ်ရဲတော့ဘူး။ ဗီဇဘယ်လောက်ကောင်းကောင်း ဘေးပတ်ဝန်းကျင်ရဲ့ပယောဂနဲ့ အကျင့်ပျက်သွားပြီမဟုတ်လား။

အဲဒါကြောင့်ပေါ့။ ခွေးလေးက ဟိုလူသုံးယောက်ကို အရိပ်ကလေးမြင်ရရုံနဲ့ စူးစူးဝါးဝါးထိုးပြီး ဟောင်တော့တာလေ။ ဒါဆိုရင် ပတ်ဝန်းကျင်ကိုပါ ရန်မူမှာစိုးရလို့ ပိုင်ရှင်က ခွေးကိုကြိုးနဲ့ချည်ပြီး ချုပ်နှောင်ထားရတော့တယ်။

အဲဒီအဖြစ်ကိုမြင်တိုင်း ကျွန်တော်ကလည်း အဲဒီကြိုးဟာ ဟောင်နေတဲ့ခွေးကို ချည်နှောင်သင့်တာလား။ဟောင်အောင်လုပ်တဲ့သူကို ချည်နှောင်သင့်တာလား။ ကိုယ့်အပေါ် သစ်္စာရှိချင်တဲ့စိတ်ဓါတ်ကို တန်ဖိုးမထားတတ်တဲ့ သခင်ကိုပဲ ချည်နှောင်သင့်တာလားလို့ တွေးမိတယ်။

ဆိုင်မဆိုင်တော့မသိဘူး။ ဒီလိုတွေးမိတဲ့ ကျွန်တော်ကိုယ်တိုင်လည်း ကြိုးနဲ့ချည်နှောင်ခံနေရသူ တစ်ယောက်များ ဖြစ်နေပြီလားမှ မသိတာ။

xxxxxx



ဝေ(စီးပွားရေးတက္ကသိုလ်)
ရတီမဂ္ဂဇင်း..( စက်တင်ဘာလ၊ 2012 )

2 comments: