တိမ်မင်ခိုးနှယ် ပြောင်းလဲလွယ် (ရသစာတမ်း)
သည်အမျိုးသမီးကို မြင်လိုက်ရတော့ နဂိုက မခက်ထန်တတ်သော ကျွန်မ၏စိတ်နှလုံးပင်လျှင် တင်းကနဲ အပေါ်ကြောမာခဲသွားရ၏။
       စကားကို တိုပြတ်ပြတ်ပြောတတ်သော၊ မေးတစ်ခွန်းဖြေတစ်ခွန်း မဖော်ရွေလှသော၊ အမေးအမြန်းထူလာလျှင် ၀ယ်မှာမို့လားဆိုသည့် မျက်နှာပေးနှင့် မဖြေချင့်ဖြေချင် အကြောမာလှသော... သည်မိန်းကလေးမျိုးကို အရောင်းစာရေးခန့်ထားသည့် ဆိုင်ရှင်ကိုလည်း အံ့သြလှ၏။
       သည်လိုဆိုရင်ဖြင့် ဘာလို့ ဒီဆိုင်ကိုသွားနေရသေးလဲ။ ၀ယ်စရာဈေးဆိုင် ဒီလောက်ရှားပါးနေလို့လားဟု မေးချင်စရာပင်။
        ဈေးဆိုင်ကတော့ မရှားပါ။ သို့ပေမယ့် ဈေးနှုန်းမှန်ကာ ဆက်ဆံရေးကောင်းသည်ကတော့ ရှားပါသည်။
       ကျွန်မတို့မြို့ကလေးမှာက စတိုးဆိုင်တွေပေါလှသော်လည်း လူကြည့်ကာ ရောင်းဈေးလက်တမ်းပြောသောဆိုင်၊ ဈေးနှုန်းကပ်ထားသော်လည်း တခြားဆိုင်တွေထက် အမြဲတမ်းဈေးကြီးနေသောဆိုင်၊ ဈေးမှန်သော်လည်း ဆက်ဆံရေးဆိုးသောဆိုင်၊ နှုတ်ချိုလှသော်လည်း လက်တိုလှသောဆိုင်၊ နှုတ်ချိုဈေးမှန်သော်လည်း ပစ္စည်းမမှန်ဘဲ ကန့်သတ်ရက်လွန်နေသော အစားအစာ၊ အရည်အသွေးမမီသော ပစ္စည်းတို့ကို မျက်စေ့လှည့် ရောင်းချတတ်သောဆိုင်.....၊ စသည် စသည်ဖြင့် အားနည်းချက်၊ အားသာချက်တို့ကို ချိန်ထိုးကြည့်လိုက်တော့ ခြေဦးလှည့်ချင်စရာဆိုင်က သိတ်မရှိလှတော့။
       ကျွန်မကတော့ဖြင့် လူအတော်များများ၏ သဘောထားအတိုင်းသာ ဈေးပိုပေးရင်ပေးရပေ့စေ၊ ၀ယ်သူကို တလေးတစားဆက်ဆံသည့် ဆိုင်ကိုသာ ရွေးချယ်လေ့ရှိပါသည်။
       သို့ပေမယ့် တစ်ခါတရံတော့လည်း ကျွန်မတို့သည် မချစ်သော်လည်း အောင့်ကာနမ်းရသည့် အဖြစ်မျိုးတွေ ဘ၀မှာ အခါများစွာ ကြုံတွေ့တတ်ကြသည်ပဲ မဟုတ်လား။
       အခါတစ်ပါးမှာတော့ ကျွန်မအလိုရှိသော ပစ္စည်းတစ်ခုက ထိုသို့သောဆိုင်မှာမှ ရှိနေခဲ့၏။
      ပထမတစ်ခါတုန်းကတော့ အဲသည်ဆိုင်လေးကို ဆက်ဆံရေးဆိုးသည်၊ ကောင်းသည် မသိသေး။ ဆိုင်ထဲဝင်သွားသည်နှင့် နွေးထွေးသော ကြိုဆိုမှုမရှိသည်ကိုသာ သတိထားမိသည်။
       မျက်နှာထားဆိုးဆိုးနှင့် မိန်းကလေးတစ်ယောက်က နှုတ်ခမ်းကို တင်းတင်းစေ့ကာသာ အေးစက်စက် ကြည့်နေခဲ့၏။
       သည်လိုပုံစံနှင့် အရောင်းစာရေးမျိုးတွေကို ဆိုင်ရှင်ကိုယ်တိုင်မကြီးကြပ်သော ဆိုင်တွေမှာ တွေ့ဖူးလှပြီမို့ ကျွန်မကလည်း ၀ယ်လိုသည့်ပစ္စည်းကိုသာ ရောင်းသူဝယ်သူ အသံတူစွာ ခပ်တည်တည်ပင်မေးလိုက်သည်။
       မိန်းကလေးက “ အင်း.. အဲ ” ပင် တစ်ခွန်းမှ တုံ့ပြန်သံမဟပါ။ ကျွန်မကိုကျောခိုင်းကာ နောက်ပြန်လှည့်သွားေးတာ့ နည်းနည်းတောင် ကြောင်သွားရ၏။ နောက်တော့မှ ရှိုးကေ့စ်တွေနောက်ထဲကို ၀င်သွားကာ ဘီရိုတံခါးကိုဖွင့်ပြီး ကျွန်မမေးသည့်ပစ္စည်းကို ကောင်တာတစ်ခုပေါ်တင်လိုက်သည်။
       “ ဘယ်လောက်လဲ...” ဟုမေးတော့ ဈေးနှုန်းတစ်ခုကို တုံးတိတိပင်ဖြေ၏။ တချို့ဆိုင်များမှာလို ပစ္စည်းကိုညွှန်းဆိုပြီး ဖွယ်ဖွယ်ရာရာ ၀ယ်ချင့်စဖွယ်စကားတို့ကို မပြော။
       ပစ္စည်းကိုကောက်ကိုင်ကြည့်တော့ ကျွန်မလိုချင်သည့်ပစ္စည်း အမှန်ပင်။ ဈေးနှုန်းကလည်း မများလှပါ။ သို့ပေမဲ့ ဈေးတော့ကပ်မထား။
        သည်တော့ ကျွန်မကလည်း ၀ယ်သူတို့သဘာဝအတိုင်း ထုံးစံမပျက် “ ဈေးလျှော့ပါဦး...” ဟု ဆိုမိ၏။
        သူမက ကျွန်မကို တစ်ချက်မျှပင် စွေမကြည့်ဘဲ သူ့ပစ္စည်းကို ဖျတ်ခနဲ ကောက်သိမ်းလိုက်တော့သည်။
        ရုတ်တရက် သွေးကြောများပြောင်းပြန်စီးကုန်သလား။ မျက်နှာတစ်ခုလုံး တရှိန်းရှိန်းထူပူကာ အငွေ့တလူလူထွက်လာသလို ဖျဉ်းကနဲ စိတ်ခုသွားမိရ၏။
       ဘာလုပ်ရမည်ဟုပင် ချက်ချင်းစဉ်းစားမရ။ သူမလိုပင် ရောင်းသူဝယ်သူ နောက်ထပ်အသံတူအောင် ဆတ်ကနဲ ခြေဆောင့်ကာ ထွက်သွားရမည်လား။ အတွင်းခန်းမှာထိုင်နေသည့် ဆိုင်ရှင်ကိုပင် အော်ခေါ်ကာ တိုင်တန်းလိုက်ရမည်လား။
        ကျွန်မ ကလေးမဆန်ချင်ပါ။
ရိုင်းပြသောအရောင်းစာရေးမလေး တစ်ယောက်နှင့်အပြိုင် လိုက်ရိုင်းရမှာကိုလည်း ရှက်ပါသည်။
       သည်တော့ လူမသိသူမသိ ထောင်ထလာသော မာနကို ကိုယ့်ဖာသာ အသာဖိချကာ... “ ကဲ ကဲ.. အဲဒါကိုပဲယူမယ်...” ဟု အောင့်သက်သက်ဖြင့်ပင် ၀ယ်ယူလာခဲ့ရလေ၏။
       စက်ရုပ်ဆန်စွာပင် သူမကလည်း ၀ယ်ယူမည့်ပစ္စည်းကိုထုတ်ပိုးပေးကာ ငွေချေပြီးထွက်လာတော့ ကျွန်မကလည်း အဲသည်ဆိုင်လေးကို နောက်တစ်ခါ ဘယ်တော့မှထပ်မလာဟု ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချခဲ့လိုက်မိပါသေးသည်။
                                                     xxxxxx
       ဒုတိယအကြိမ် သည်ဆိုင်လေးကို ထပ်ရောက်လာရခြင်းမှာ ကျွန်မ အရေးတကြီးလိုချင်သည့် ပစ္စည်းတစ်ခုက ကုပ္မဏီပိတ်သွားပြီမို့ မြို့ကလေးရှိ ဆိုင်တိုင်းမှာပြတ်သွားပြီး ထိုတစ်ဆိုင်မှာသာ အနည်းငယ်ကျန်တော့သည်ဟု သတင်းရပြန်သောကြောင့်ဖြစ်သည်။
       ကြားကာလ အတန်ငယ်ခြားသွားပြီမို့ အရင်ကချခဲ့မိသော ဆုံးဖြတ်ချက်ကလည်း ကာလရွေ့လျောသွားကာ မေ့သလိုဖြစ်နေခဲ့ပြီ။
       ထိုဆိုင်ကို သွားမည်ဟန်ပြင်တော့ ထိုဆိုင်မှ အရောင်းစာရေးမ၏ မျက်နှာကြောက ဖျတ်ခနဲတော့ ရေးတေးတေးပေါ်လာသား။
သို့ပေမယ့် လိုချင်ဇောကများနေတော့ မျက်နှာသေကြီးကို ဆက်တွေးမနေအားတော့။
       ကိုယ်က ပိုက်ဆံပေး၍၀ယ်မည့်သူပဲလေ။ အလကားတောင်းမှာလည်း မဟုတ်။ သူက မဖော်ရွေတော့လည်း ကိုယ်ပါ လိုတိုရှင်း...။ ၀ယ်ချင်ရာကိုပြော ၀ယ်။ ပစ္စည်းထုတ်ပေးတော့ ပိုက်ဆံရှင်းပြီး ပြန်ရုံပေါ့။ အလာပသလာပ မပြောရတော့ အချိန်တောင် အကုန် သက်သာသေး..၊ မဟုတ်လား။
       ခက်သည်က မြန်မာပီပီ ကိုယ်တိုင်ကဖော်ရွေပြုံးရွှင်စွာ နှုတ်ဆက်ချင်သလို သူများကကိုယ့်ကို ဖော်ရွေတာကိုလည်း သဘောကျချင်ပြန်၏
       မတတ်နိုင်ပါ။ သူကတင်းမှတော့ ကိုယ်ကလည်း ကင်းရပေတော့မည်။
       တကယ်တမ်း ဆိုင်ထဲသို့ ခြေလှမ်းဝင်ဝင်ချင်းမှာပင် ကျွန်မကိုမြင်တော့ ဖောက်သည်ကောင်းတစ်ယောက်ကို မြင်ရသည့်ပမာ သူမမျက်နှာက ၀င်းပပြုံးရွှင်သွား၏။
        “ ဟော မမ ... ဘာလိုချင်လို့လဲရှင်...”
        အလို...။ ကျွန်မနားကိုတောင် ကျွန်မ မယုံချင်။ ကျွန်မ လူများမှားနေသလား။
        အသစ်ပြောင်းထားသော အရောင်းစာရေးကို ယခင်မိန်းကလေးဟုပင် ကျွန်မအထင်မှားနေလေသလား။
       သူမမျက်နှာကို ကျွန်မသေသေချာချာ သတိထားကြည့်ပါ၏။ အသက်နှစ်ဆယ်ပတ်လည်လောက်...၊ နဖူးမောက်မောက်၊ မျက်လုံးပြူးပြူး၊ နှာခေါင်းတိုတို၊ နှုတ်ခမ်းထူထူ။
       သို့ပေမဲ့ ပြုံးရွှင်နွေးထွေးနေတော့ နှစ်လိုဖွယ်ကောင်းလိုက်ပါဘိ။ အသက်ဝင်နေသော မျက်လုံးများက အရင်လိုမှုန်မှိုင်းမနေဘဲ တောက်ပနုပျိုနေလေသည်။
       အရင်မိန်းကလေးတော့ အရင်မိန်းကလေးပါပဲ။ ခုတစ်ခါတွေ့ရသည်က ကြည်သာချမ်းမြရှိလှပါ၏။ လောက၏အလှတရားဆိုတာ ဘာလဲလို့ သူမရှာဖွေတွေ့ရှိသွားလေပြီလား။
       သူမက ရွေးချယ်စရာမလိုဘဲ သေချာပေါက်ဝယ်မည့် ဈေးဝယ်သူကိုတောင် ဖွယ်ဖွယ်ရာရာစကားများဖြင့် မိတ်ဖွဲ့နေပြန်သေးသည်။
ကျွန်မကလည်း ဈေးနှုန်းမကပ်ထားသောဆိုင်မို့... “ လျှော့ဦးမလား ညီမ...” ဟု အကျင့်ပါစွာ ဈေးဆစ်လိုက်မိသေး၏။
ပြီးမှ.. “ အော် ငါ့နှယ်.. အမှတ်မရှိရန်ကော..” ဟု အတိတ်က ဒေါသဖြစ်ဖွယ် အပြုအမူကို သတိရမိတော့သည်။
       အံ့သြစရာကောင်းစွာ သူမက ပြုံးပြုံးရွှင်ရွင်ဖြင့်ပင် အတွင်းခန်းမှဆိုင်ရှင်ကိုတောင် အခွင့််တောင်းခြင်းမပြုဘဲ ငွေပမာဏအနည်းငယ် ဆိုပေမယ့် ရောင်းသူလည်းမနစ်နာ၊ ၀ယ်သူလည်း စိတ်ချမ်းသာစေမည့် အနေအထားတစ်ခုကို ပါးနပ်စွာလျှော့ပေးလိုက်၏။
        “ မမက ၀ယ်နေကျဖောက်သည်ပဲ။ လျှော့ပေးရမှာပေါ့...” ဟုပင် ပြောလိုက်သေး။
       သူမ၏ ဖော်ရွေမှုတွင် စကားဖောင်ဖွဲ့ရင်း မထင်မှတ်ဘဲ ရည်ရွယ်မထားသည့် ပစ္စည်းတချို့ကိုပါ ကျွန်မ၀ယ်မိသွားသေးသည်။
       သည်လိုဆိုတော့လည်း အရင်တစ်ခါက အပြုအမူကို ကျွန်မနားလည်ပေးနိုင်သွားပြီ ဖြစ်၏။ ဤဆိုင်လေးသို့ အရင်တစ်ခေါက် လာခဲ့တုန်းက သည်မိန်းကလေး စိတ်ညစ်စရာတစ်ခုခု ကြုံထားရချိန်ဖြစ်ပေလိမ့်မည်။ ဆိုင်ရှင်၏အဆူအပူကို မတရားသဖြင့် ခံထားရချိန်လည်း ဖြစ်နိုင်သလို အိမ်တွင်းရေးပြဿနာတစ်ခုခု တက်နေ၍လည်း ဖြစ်နိုင်သည်ပဲ။
       သို့တည်းမဟုတ် ချစ်သူနှင့်စိတ်အခန့်မသင့် ဖြစ်နေချိန်၊ ငွေရေးကြေးရေး အကျပ်အတည်း၊ ကျန်းမာရေးအားနည်းချက်၊ လူမှုရေးအခက်အခဲ။ အိုး... လူ့ဘ၀မှာ စိတ်ညစ်စရာ ဒုက်္ခတွေကလည်း အများကြီးပဲမဟုတ်လား။
       ဘာပဲဖြစ်ဖြစ် သူမ၏ စိတ်ရင်းအမှန်လေး သာသာယာယာရှိချိန်မို့ ဈေးဝယ်ရသည်မှာ ကိုယ်က ပိုက်ဆံပေးရသည့်တိုင် စိတ်လက်ရွှင်ပြရှိလှသည်လေ။
      သည်လိုဆိုပြန်တော့ ကျွန်မတို့လမ်းထိပ်မှ ထာဝစဉ် မျက်မှောင်ကြုံ့ထားသော၊ စတိုးဆိုင်လေးတစ်ခု၏ ဆိုင်ရှင်ဦးလေးကြီးကို သတိရမိ၏။ သူကတော့ သူ့ဆိုင်သို့ နေ့လာလာ၊ ညလာလာ၊ လာသမျှဈေးဝယ်သူကို အဲသည်မျက်နှာပုပ်ကြီးနှင့်သာ အမြဲဆက်ဆံတတ်၏။
       သည်ကလေးမလို စိတ်ညစ်စရာကြုံရမှသာမဟုတ်။ ဆယ့်နှစ်ရာသီ အချိုးမပြောင်း။ တစ်ခါတရံပင် ကြည်လင်သောမျက်နှာကို မတွေ့ရ။ သူ့ဆိုင်က လမ်းထိပ်တင်မို့ လွယ်လွယ်ကူကူ ၀ယ်ချင်လျှင်တောင် သူ့မျက်နှာကြီးမြင်ရမှာ စိတ်ညစ်သည်နှင့် နည်းနည်းဝေးသည့်ဆိုင်ကို ရောက်သွားရမြဲ။
       သို့ပေမယ့် သူကလည်း သူ့မိတ်ကလေးနှင့်သူတော့ ရပ်တည်နိုင်သားပင်။
       သူ့ဆိုင်ကလေးမှာ ၀ယ်သူကလည်း ခပ်ကျဲကျဲဆိုသော်လည်း ရှိတော့ရှိနေသည်ပါပဲ။
       မည်သို့ပင်ဆိုစေ အမြတ်ပိုပေးလျှင် ပေးရစေဦး။ ဖော်ရွေသောဈေးသည်ကိုသာ ရွေးချယ်ချင်သူ ကျွန်မကတော့ လမ်းထိပ်ဆိုင်ကို အရေးပေါ်ကိစ္စမှလွဲ၍ ခြေဦးလှည့်လေ့မရှိခဲ့ပါ။
                                                    xxxxxx
       သိတ်မကြာခင်ကာလတစ်ခုမှာ ဖြစ်ပါသည်။
       အိမ်မှာ ပစ္စည်းတစ်ခု ၀ယ်စရာရှိလာတော့ ကျွန်မက ဘယ်ဆိုင်မှာဝယ်ဝယ် ရနေသော ပေါများသည့်ပစ္စည်းဖြစ်ပါလျက် ထိုမိန်းကလေးဆိုင်ကိုမှ ရွေးချယ်မိပြန်၏။
       ဈေးမှန်သည်ကတစ်ကြောင်း၊ ဒုတိယအခေါက်မှာတုန်းက ဖော်ရွေကာ စကားအစပ်တည့်လှသည်က တစ်ကြောင်း၊ သည်ဆိုင်လေးကို ခရီးနည်းနည်းလှမ်းသော်လည်း သတိတရနှင့် ခြေဦးလှည့်မိသည်။
       ဆိုင်ထဲသို့လှမ်းဝင်ဝင်ချင်း မျက်လုံးပြူးလေးနှင့် တန်းပြီးအကြည့်ချင်းဆုံသည်မို့ ကျွန်မက ရယ်ပြလိုက်၏။
        သည်တစ်ခါလည်း ကျွန်မ အံ့သြရပြန်ပါပြီ။
       သူမက ခံစားမှုမဲ့သော ပြူးကြောင်ကြောင်မျက်လုံးတစ်စုံဖြင့် အေးစက်စက်ကြည့်နေလေတော့ ရယ်မလိုဟန်ပြင်ဆဲ ကျွန်မပါးစပ်ကြီးက ပြဲလျက်နှင့်ဟကာသာ တိုးလို့တန်းလန်း...။
       ကျွန်မကပဲ အသက်ကြီးလာလို့ မှတ်ဥာဏ်ချို့ယွင်းကာ အမှတ်မှားလေသလားဟုပင် ဇဝေဇ၀ါ။
       စက်ရုပ်ဆန်သော သူမနှင့် စက်ရုပ်ဆန်စွာ အရောင်းအ၀ယ်လုပ်နေရင်း ကျွန်မအတွေးများကလည်း နောက်ပြန်ဆွဲလျက် ကိုယ့်ကိုယ်ကိုပင် မသင်္ကာချင်။
       ရုပ်တူသည့် ညီအစ်မနှစ်ယောက်ကိုပင် ကျွန်မက တစ်ယောက်တည်းထင်ကာ မှားနေလေသလား။
ကြားကာလ သိတ်မကြာဟု ထင်သော်လည်း ကျွန်မကပဲ သူမနှင့်ဆက်ဆံရေးကို အကောင်းဆုံးဖြစ်ချင်စိတ်ကြီးကာ အမှတ်မှားလေသလား။
        ဟိုတစ်ခေါက်က ပြုံးရွှင်စွာဆက်ဆံသည်ကရော ဟုတ်မှဟုတ်ရဲ့လားဟု ကိုယ့်ကိုယ်ကိုပင် ပုံမှန်စိတ်အနေအထား ရှိမရှိ သံသယဖြင့် စစ်ဆေးမိရသေး၏။
        သည်လောက်ကိစ္စလေးကိုတော့ စိတ္တဇဖြစ်လောက်အောင် စွဲလန်းစရာလည်း မရှိလှပါပဲနှင့်လေ။
         ခက်ပဲခက်ရချည်ရဲ့။ သူမက မရူးလျှင် ကျွန်မကပဲ ရူးရတော့မည်မဟုတ်လား။
        သည်တစ်ခါ ၀ယ်ယူခြင်းကိစ္စပြီးဆုံး၍ ဆိုင်ကလေးကို ကျောခိုင်းမိစဉ်မှာတော့ နောက်တစ်ခေါက်ထပ်လာပြီး အဖြစ်မှန်ကို အကဲခတ်ချင်စိတ်ပင် မရှိတော့ပေ။ သည်တစ်ခါလည်း သူမ စိတ်ညစ်နေရချိန်မို့ဟု နားလည်မပေးချင်တော့။ စိတ်ညစ်ချိန်မို့ဆိုလျှင်လည်း ကိုယ်ရေးကိုယ်တာနှင့် အလုပ်တာဝန်ကို အမြဲတမ်းရောထွေးချင်နေသည့် စိတ်ထားမျိုးကို သည်းခံမပေးချင်တော့။
        တကယ်တော့ ကျွန်မတို့အတွက် ပုံမှန်ဆက်ဆံရေးတစ်ခုသည် အကြိမ်ကြိမ်အခါခါဖြင့် နေသားကျနေပြီဆိုလျှင်သာ အေးစက်သောမျက်နှာပုပ်ကြီးကိုလည်း ဥပက္ခာပြုနိုင်သွားမည် ထင်ပါသည်။ ဥပမာ လမ်းထိပ်မှ ဦးလေးကြီးဆိုင်မှာ ဈေးဝယ်သူတွေ ရှိနေသေးသလိုမျိုးပေါ့။
         တစ်ခါတရံ အကောင်းဆုံးကိုသာ မျှော်လင့်ချင်သော လူ့သဘာဝအရ တင်းမာသော မျက်နှာထားကြီး ပျော့ပြောင်းချိုသာလာသည်ကိုတော့ မြင်ချင်မိသည်သာပေပဲ။
သို့ပေမယ့် တစ်ခေါက်ပျော့ပြောင်းလိုက်၊ နောက်တစ်ခေါက်ကျ မာထန်လိုက်၊ နောက်တစ်ခါတော့ အေးစက်လိုက်၊ နောက်တစ်ခါ နွေးထွေးလိုက်နှင့် မူမမှန်သော ဆက်ဆံရေးကိုတော့ ဘယ်လူသားမှ ကြုံတွေ့ချင်ကြမည် မထင်ပါ။
        အရူးနှင့်တွေ့ရသလို ငိုရမလို၊ ရယ်ရမလို...၊ အစိုးမရသော ခံစားချက်တွေနှင့် မည်သူကများ ကြုံဆုံချင်ပါမည်နည်း။
        ခုမှ သည်မိန်းကလေး၏ဆိုင် ဘာကြောင့် ဈေးဝယ်သူပါးရသည်ကို ကျွန်မသိရပေပြီ။ ကျွန်မရောက်သွားတိုင်း ဈေးဝယ်သူ ဘယ်တော့မှ မရှိ။ ဖုန်တလောလောဖြင့် ပစ္စည်းတွေဟောင်းနွမ်း။ တစ်မြို့လုံးပြတ်သွားသည့်ပစ်္စည်းကို သူ့ဆိုင်မှာမှ ကျန်နေသည်ဆိုသည့် အချက်၏ လျှို့ဝှက်ချက်ကို ကျွန်မသိသွားရသည်။
        နောက်တစ်ခါသွားလျှင် နွေးထွေးပျူငှာချင် ပျူငှာနိုင်ပေမယ့် အရူးလုပ်လှသည့် သည်လိုဆိုင်မျိုးကို သွားမည့်အစားတော့ လမ်းထိပ်မှ မပြောင်းလဲသော မျက်နှာထားမာမာဆီကိုသာ ခြေဦးလှည့်ချင်မိပါတော့သည်။
         စင်စစ် ကျွန်မတို့သည် အခြေအနေတစ်ရပ်ကို ယဉ်ပါးလာသည့်အခါ ဥပက္ခာပြုနိုင်လာသော်လည်း လှည့်စားခံရသလို အကြိမ်ကြိမ် အပြောင်းအလဲများလှသော မတည်ငြိမ်ခြင်းမျိုးကိုတော့ စိတ်ကုန်ခမ်းကြသည်သာဖြစ်ပါသည်။
          ကျွန်မ ထိုဆိုင်လေးကို ဘယ်တော့မှ သွားမည်မဟုတ်တော့ပါ။
                                                     xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
July, 2013... ပင်းယမဂ္ဂဇင်း
No comments:
Post a comment