သက်တံရောင်တံလျှပ်






 ရွက်ဝါ တဖြုတ်ဖြုတ်ကြွေစ နွေဦးတစ်ညနေတွင် အနှစ်နှစ်အလလက တမ်းတခဲ့ရသော အလွမ်းများ၏ မြစ်ဖျားခံရာသို့ ပြန်လည်ခြေချနိုင်ခဲ့လေပြီ။ တစ်ခါတစ်ရံ ငိုချင်လောက်အောင် လွမ်းသော်လည်း ထိုအလွမ်းကို ဖြန့်ခင်းမရနိုင်သော အခြေအနေမျိုးလည်း ကြုံဖူးပေလိမ့်မည်။
    အလွမ်းသည် အလွမ်းသက်သက်သာဖြစ်၍ ပြင်းပြသည့်အာသီသ မပါသောအခါ တမ်းတမှုက လက်တွေ့သို့ကပ်လျက် ပါမလာတတ်ပါ။
    ထွက်ခွာလာခဲ့ပြီးကတည်းက သူ၏ဇာတိမြို့ကလေးသည် အလွမ်းသက်သက်ဖြင့် စိတ်ကူးထဲတွင်သာ အိပ်မက်နေဆဲ...။
    စိတ်ကူးနှင့်အိပ်မက်က လက်တွေ့မပါ ဘ၀အမောကြားမှာ ကူးခတ်နေဆဲ...။
                                 ++++++
    သည်နေ့တော့ အိပ်မက်က လက်တွေ့ဖြစ်ခဲ့ရပြီ။ မြို့ကလေးသို့ မသွားမဖြစ် သွားခွင့်ကြုံလေပြီ။
    သို့ပေမဲ့ သွားရမည်က ကြည်နူးဝမ်းမြောက်စရာကိစ်္စတော့ မဟုတ်။ မိခင်ဖြစ်သူ၏ မောင်ဝမ်းကွဲတစ်ယောက် နာရေးဈာပန။
    သူတို့ငယ်ငယ် မြို့ကလေးမှာ နေခဲ့ရစဉ်တစ်လျောက်လုံး တတွဲတွဲနှင့် ရင်းနှီးခင်မင်လာခဲ့ရသူမို့ အိပ်ရာထဲမှမထနိုင်သူ လူမမာမိခင်က သူမကိုယ်စား သားကို သွားဖို့စေလွှတ်ခဲ့၏။
    သူကတော့ သည်ဦးလေး ဆိုးသမျှပေသမျှ ဒိုင်ခံသည်းခံခဲ့ရသူ မိခင်၏ ဒုက်္ခတွေကို သိနေသူမို့ လာသာလာရသော်လည်း စိတ်မသက်သာလှ။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့သူ မိခင်၏ဆန်္ဒကို ဖြည့်ဆည်းပေးရုံသက်သက်သာ။
    မည်သို့ပင်ဆိုစေ ဆွေမျိုးများကို မလွမ်းတတ်ခဲ့သော်လည်း ဇာတိမြို့လေးကိုတော့ လွမ်းနေခဲ့ဖူးပါသည်။
ငယ်သူငယ်ချင်းတွေနှင့် အဆက်အသွယ်ပြတ်နေသော်လည်း မြို့ကလေးကိုတော့ တစ်ခေါက်လောက်ဖြစ်ဖြစ် အလည်ပြန်ချင်နေခဲ့ဖူး၏။
    သည်မြို့ကလေးမှာ သူမွေးဖွား ကြီးပြင်းခဲ့သည်။ မြို့ကလေးမှာပင် အထက်တန်းကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့သည်။
မြို့ကလေးထဲမှ သူငယ်ချင်းများစွာ ရခဲ့ဖူးသည်။ မြို့ကလေးမှာ အမှတ်တရများစွာ ရှိခဲ့သည်။
    လက်ရှိအရွယ်ကို သုံးပိုင်းပိုင်းသော် အစပထမတစ်ပိုင်းသည် ဤမြို့ကလေးမှ ငြိမ်းချမ်းသော၊ ဖြူစင်သော၊ အပူအပင်ကင်းခဲ့သော ကလေးဘ၀များ...။
    အလယ်ပိုင်းက အပြောင်းအလဲများစွာနှင့် စိန်ခေါ်မှုများကြား တွန်းတိုက်ပြိုင်ဆိုင်ခဲ့ရသော မြို့ပြကြီးမှ လူငယ်ဘ၀များ...။
    ယခုလက်ရှိအပိုင်းကတော့ တည်ငြိမ်လာခါစ လူလတ်ပိုင်းတစ်ယောက်၏ ရုန်းကန်တိုးထွက်နေရဆဲ ဘ၀အမောများ...။
    သူက ဘ၀ခရီးမှာ အမောဖောက်လာတိုင်း မြို့ကလေးမှ ငယ်ဘ၀၏ အပူအပင်မဲ့သည့်နေ့ရက်များအား သတိတရရှိတတ်သူ။
    မြို့ပြ၏ မွန်းကြပ်သောဖိအားများကြားရောက်ခါမှ လွတ်လပ်ပေါ့ပါးသော ငယ်ဘ၀ကို အကြိမ်ကြိမ်အပြန်ပြန် အောက်မေ့တတ်သူ။
    သားနှစ်ယောက်အတွက် မြို့ပြကြီး၏ နင်းစရာမြေ ရှားပါးမှုကို စိတ်မသက်မသာဖြစ်ရတိုင်း ကလေးတွေကို အင်တာနက်ဘောလုံးဂိမ်းများထဲမှ ဆွဲခေါ်ကာ သူတို့ငယ်ဘ၀တုန်းကလို မြေကြီးပေါ်မှ ဘောလုံးကွင်းကျယ်ကြီးထဲသို့ လိုက်ပို့ပေးချင်သူ။
    အထပ်မြင့် တိုက်ခန်းကျဉ်းထဲမှာပင် သဘာဝဘေးအန်္တရာယ်များကို ပြေးစရာမြေမရှိအောင် ထိတ်လန့်စိုးရွံ့စွာ ရင်ဆိုင်ရသည့်အခါတိုင်း မြေကြီးပေါ်တွင်သာ ၀ံ့ဝံ့စားစားပိုင်ပိုင်နိုင်နိုင် ခြေချနိုင်ခွင့်ကို တမ်းတမိသူ။
    ခုတော့ သူတမ်းတရသည့်နေရာကို ရောက်လာခဲ့ပြီ။ ကတိုက်ကရိုက် အရေးပေါ်ထွက်လာခဲ့ရ၍ သားတို့ကျောင်းပိတ်ရက်နှင့် မတိုက်ဆိုင်။ ရုတ်ရုတ်သုတ်သုတ်မြို့ပြကြီးမှာသာ ကြီးပြင်းခဲ့ရသည့် သားတွေကို ရိုးသားအေးချမ်းသော နယ်အရသာကို ခံစားစေချင်လှသော်လည်း ခေါ်မလာနိုင်ပြန်တော့။
    ဖြစ်နိုင်လျှင် ၀င်ငွေကောင်းရာ၊ ၀မ်းစာအလုပ်ရှိရာ၊ ကလေးတွေ ပညာရေးအတွက် ရွေးချယ်စရာပေါသည့် မြို့ပြကို မစွန့်ခွာနိုင်သော်လည်း တစ်ခါတစ်ရံတော့ မိသားစုအားလပ်ရက်များကို ကိုယ့်ဇာတိမြို့ကလေးမှာ အပန်းဖြေ အချိန်ကုန်ချင်မိ၏။
    ယုတ်စွအဆုံး သူတို့ဇနီးမောင်နှံ အိုမင်းလာချိန်တွင်လည်းကောင်း၊ ဘ၀၏နောက်ဆုံးအချိန်များတွင်လည်းကောင်း၊ မြို့ပြကြီးထက်စာလျှင် နယ်မြို့လေး၏အေးချမ်းမှုက ကိုယ့်ဒုက်္ခ ကိုယ်သိမ်းရန် တရားဘာဝနာ ပွားများအားထုတ်ဖို့အတွက် ဌာနေသဗ်္ဗာရ ပို၍မျှတလိမ့်မည်ဟု သူက ယုံကြည်နေမိသည်လေ။
                                 ++++++
    တကယ်တမ်းတွင်တော့ မြို့ကလေးသည် သူထင်သလို အရင်ကလောက်နွေးထွေးစွာ သူ့ကို မကြိုဆိုပါ။
    သူကပဲ မြို့ကလေးကို မမှတ်မိသည်လား။ မြို့ကလေးကပဲ သူ့ကိုစိမ်းကားလေသည်လားမသိ။ အရာရာတိုင်းသည် သူငယ်စဉ်ကတည်းကစွဲခဲ့သည့် အမှတ်သညာနှင့်တော့ များစွာကွာခြားသွားခဲ့ပြီ။
    မြို့ပြကြီး၏ဗိုင်းရပ်စ်များက နယ်မြို့ကလေးဆီ သည်လောက်လျှင်မြန်စွာ ကူးစက်နိုင်လိမ့်မည်ဟု မထင်ခဲ့သည်မှာ သူ့အမှားများလား။ အဖိုးတန် တစ်စုံတစ်ရာကို ဆုံးရှုံးရသလို နှမြောတသမှုသည် သူ့ရင်ကို နာကျဉ်ပင်ပန်းစေတော့သည်။
    “ ကိုဖိုးကျော်ရေ မင်းက တို့မြို့နဲ့ခွဲသွားတာ ကြာပြီဆိုတော့ မှတ်ရောမှတ်မိသေးရဲ့လားကွာ။ ခေတ်ကြီးက တိုးတက်လာတာလား ဘာလား မပြောတတ်ပေမဲ့ မြို့ကတော့ မျက်စိရှုပ်နားရှုပ်၊ အရာရာရှုပ်ထွေးလာတာ အမှန်ပဲကွ...”
    စိမ်းသက်သက်ခံစားမှုထဲ နစ်နေသည့်သူ့ကို ကားဂိတ်လာကြိုသည့် နှစ်ဝမ်းကွဲညီက အသာဆွဲခေါ်သော်လည်း သူကတော့ နစ်ဆဲ။
    “ ဒါနဲ့ ခု ဘယ်ကိုသွားမှာလဲ။ အဝေးပြေးဂိတ်က မြို့သစ်မှာဆိုတော့ မြို့ထဲပြန်သွားရမှာပေါ့။ အဲလိုမှန်းသိ ကိုယ် ရထားပဲ စီးလာပါတယ်ကွာ။ ဘူတာက မြို့ထဲမှာဆိုတော့ မင်းတို့အိမ်နဲ့ နီးနီးလေးဟာ...”
    သူ့အပြောကြောင့် ညီက အံ့သြသလို တစ်ချက်ငဲ့စောင်းကြည့်ရင်း
    “ တို့ အမျိုးတွေအားလုံးလိုလို မြို့သစ်ပြောင်းနေတာ ကြာလှပြီလေ။ မြို့ထဲမှာ ဘယ်သူမှတောင် မကျန်တော့ဘူး။ မင်းမေ့နေတာလား။ မသိသေးတာလား...”
        သူ့ကိုယ်သူတောင် ဒီသတင်းကို မသိတာလား။ မေ့နေတာလား။ ရုတ်တရက် စဉ်းစားလို့မရ။ လူဆိုသည်ကလည်း ကိုယ့်အရေးကိစ်္စနှင့်ကိုယ်ပင် သပွတ်အူလိုက်ပြီး ထွေးလုံးနေရသည်မို့ ခပ်ဝေးဝေးကိစ်္စတွေဆိုလျှင် မှတ်မှတ်ထင်ထင်မရှိချင်။
    ဟိုးအရင် သူ့သားလေးတွေ လမ်းလျှောက်တတ်ခါစ၊ ပြေးလွှားဆော့ကစားချင်ခါစ၊ ဘောလုံးကန်လိုခါစ အချိန်တွေကတော့ သူတို့နေထိုင်ရာ မြို့ပြကြီး၏ အထပ်မြင့်အိမ်ရာတွေကို စိတ်ကုန်စွာဖြင့် နယ်မြို့လေးမှာ မြေကွက်လေးတစ်ကွက်လောက် ပိုင်ဆိုင်လိုစိတ် ဖြစ်ခဲ့မိသေး၏။
    နောက်တော့ ပါးစပ်မှ ဖွင့်ဟရေရွတ်မိသည်အထိ စိတ်ပြင်းပြလာရာ မိခင်ကပဲ သူ့မောင်ဝမ်းကွဲအိမ် ရောင်းမည်ကြားကြောင်း ပြောခဲ့သေးသည်ပဲ။ သူပြန်သတိရပါပြီ။ အဲသည်အချိန်တုန်းက အိမ်ခြံမြေဈေးတွေ ဘာမှရှိလှသေးသည် မဟုတ်တာတောင် သူ့မှာ လက်လှမ်းမမီနိုင်။
    သူတို့မိသားစု၏ တစ်ခုတည်းသောပိုင်ဆိုင်မှု၊ သူငယ်ငယ်ကနေခဲ့သည့် အိမ်၊ခြံမြေလေးကလည်း အခါအားလျော်စွာ မြို့ပြအိပ်မက်၏ သူကောင်းဖြစ်ရေး စိတ်ကူးယဉ်တစ်ပွေ့တပိုက်နှင့် လဲလှယ်ခဲ့ရပြီးပြီ။ အဲသည်တုန်းက နည်းနည်းငယ်သေးသည်မို့ အိမ်၏စီးပွားရေး၊ လူမှုရေး၊ အတွင်းရေးမှန်သမျှ အားလုံးတော့ ထဲထဲဝင်ဝင်မသိလှ။ စိတ်ထဲလည်း မရှိလှ။ လူငယ်ပီပီ အပေါ်ယံသာ။
    အိမ်ရောင်းသည်ဆိုတော့လည်း ရောင်းသည်ပေါ့။ မြို့တော်ကြီးကို ပြောင်းမည်ဆိုတော့လည်း ပြောင်းမည်ပေါ့။
    မိဘတွေ စီးပွားရေးကလည်း အဆိုးလှကြီးမဟုတ်တော့။ ဘယ်မှာပဲနေနေ တစ်ဦးတည်းသောသား သူ့အတွက်ကတော့ သာသာယာယာပင်။ နယ်မှအိမ်ကို ဘယ်ဈေးနဲ့ရောင်းပြီး မြို့ပြကြီးမှ အထပ်မြင့်တိုက်ခန်းကို ဘယ်လောက်နှင့်ဝယ်သည်ဆိုတာကလည်း မိဘတွေအချင်းချင်းပြောသမျှ သူ့ဒီဘက်နားက၀င်ကာ ဟိုဘက်နားမှ ပြန်ထွက်သွားတော့၏။
    မှတ်မှတ်ထင်ထင် ဘာမှစိတ်ထဲမစွဲခဲ့။ ခုပြန်တွေးတော့ ကိန်းဂဏန်းတွေက လျင်မြန်လှသည့် ခေတ်ရေစီးကြောင်းမှာ ဝေေ၀၀ါးဝါး။
    အဲသည်တုန်းက နှစ်သိန်းဆိုလား။ သုံးသိန်းဆိုလား။
    “ ခုတော့ ကိုဖိုးကျော်တို့ အိမ်နေရာဆိုရင် သုံးထောင်ဆိုလား...”
    သူ့ညီကတော့ မြို့ကလေးသတင်းတွေ တတွတ်တွတ်ပြောဆဲ။
    သူမအံ့သြမိပါ။ ခေတ်က သူ့ကို ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
    အသက်ကြီးလာ၍ပဲလားမသိ။ မျက်ခြေမပြတ်ကြည့်နေသော်လည်း သူ့စိတ်ရောကိုယ်ပါ လိုက်မမီတော့အောင် ကျန်နေခဲ့ပေပြီ။
                                 ++++++
    “ ဖိုးကျော် မင်းငွေပေါရင် သားချောနဲ့တွဲပြီး အလုပ်လုပ်ပါလား။ အေးမျိုးက ဒီကောင့်ကြောင့် သူဌေးဖြစ်သွားတာကွ။ ဒီကောင်ဝယ်ဆိုတဲ့အကွက်ကို မျက်စိမှိတ်ဝယ်ပြီး ဒီကောင်ထုတ်ဆိုတဲ့အချိန်သာ ထုတ်ကွာ။ အနည်းဆုံး နှစ်ဆယ်၊ သုံးဆယ်။ ကံကောင်းရင် ရာချီပြီးတော့ကို မြတ်တာနော်။ ငါတောင် မနှစ်ကနှစ်လယ်တုန်းက ရှိစုမဲ့စုလေးနဲ့ ကွက်သစ်မှာ တစ်ကွက်ဆွဲထားလိုက်တာ။ နှစ်ဝက်လောက်နဲ့ ဆယ်သိန်းကနေ ရာကျော်သွားတာပဲ...”
    “ အေးမျိုးက ငါးကွက်ခြောက်ကွက်ဆိုတော့ ပိုခိုင်သွားတာ။ ခုဆို သူဝယ်ထားတဲ့မြေကွက်တွေဆိုတာ မြို့ထဲမှာရော၊ မြို့သစ်မှာရော လက်ညှိုးထိုးမလွဲဘဲ ဟေ့ကောင်ရေ။ သူတင်မက သူ့ညီမတွေ အစ်မတွေကပါ အေးမျိုးနဲ့တွဲပြီး မြေကစားနေကြတာ။ သူတို့တစ်မျိုးလုံး မြေသူဌေးတွေဖြစ်နေပြီလေ...”
    ကွမ်းတပစ်ပစ်ထွေးရင်း ပေါက်ပေါက်ဖောက်သလို သတင်းပေးနေသည့် ငယ်သူငယ်ချင်းတွေကိုကြည့်ရင်း သူအံ့သြနေပါ၏။
ငယ်သူငယ်ချင်းဆိုမှ တကယ့် ငယ်သူငယ်ချင်း။ ကလေးဘ၀ ငယ်စဉ်ကသာ ကျောင်းမှာခင်မင်ခဲ့ရပြီး အထက်တန်းကျောင်းလည်းပြီး၊ သူကလည်း မြို့ကြီးသို့ပြောင်းရွှေ့ခဲ့တော့ ကွဲကွာခဲ့ကြသည်။ ခုလိုကြီးရင့်ချိန်မှ ပြန်ဆုံကြတော့ လူလတ်ပိုင်းဘ၀တစ်ခုလုံး ကြားမှာ ကျပျောက်ခဲ့သလို ပုံစံတွေက ငယ်ဘ၀နှင့်တကယ့်ကို တခြားစီ။
    သူရောက်လာသည်ဟု သူ့ညီကသာ သတင်းမပေးလိုက်လျှင် သူငယ်ချင်းတွေကလည်း သူ့ကို လမ်းမှာတွေ့လျှင်တောင် မှတ်မိပါ့မည်လား။ သူကလည်း ထိုနည်းနှင်နှင်ပင်။
    “ မင်းနဲ့ဆယ်တန်းမှာ ဘေးချင်းကပ်ထိုင်ခဲ့ရတဲ့ လှဝင်းကတော့ ခုချိန် မင်းတွေ့လည်း တန်းမှတ်မိမှာသေချာတယ်...”
    ဒီကောင်က ငယ်ရုပ်မပြောင်းသလို စိတ်ကလည်း ငယ်ငယ်ကအတိုင်းပဲကွာ။ စာကြီးပေကြီးတွေဖတ်ပြီး အူကြောင်ကြောင်နဲ့။ သူ့ကိုယ်သူ ဘ၀င်လေဟပ်နေတဲ့ကောင်။
    ဘာတဲ့။ မြေဆိုတာ အပေါ်ယံကြည့်တော့သာ ပေ၂၀xပေ၈၀ ပတ်လည်လောက် လူတွေကမြင်ကြတာ။ ၀ိသမလောဘတွေဖက်လာရင် အပေါ်ယံအကျယ်အ၀န်းတင်မက အနက်က အ၀ီစိတိုင်တဲ့အထိရှိတယ်တဲ့။ သူ ပိုက်ဆံဘယ်လောက်ပိုပို နေစရာထပ်မလိုသရွေ့ မြေကို အမြတ်တင်ဈေးကစားဖို့ မ၀ယ်ဘူးတဲ့လေ။ ဒါ သမာအာဇီဝလို့ ဆိုရင်တောင် သူ မလုပ်နိုင်ဘူးတဲ့လေ။
    ဒီ့ထက်ဆိုးတာက အမျိုးသားရေးကို သစ်္စာဖောက်သလောက် ငါတို့ကို စွပ်စွဲပြီး မြို့ထဲမှာ အသားဝါတွေ နည်းသထက် နည်းသွားရတာ၊ အဖြူနဲ့အမည်းတွေသာ နေရာကောင်းတွေ ခွထိုင်ထားတာ၊ သားချောလို စပါးကြီးမြွေကို အစာခွံ့သူတွေကြောင့်ဆိုပဲ...”
    “ အေးကွ ငါ့ကိုလည်း မြေကွက်တွေ ဈေးတက်အောင် တမင်လုပ်ရကောင်းမလားလို့ ဒေါသတွေကြီးနေသေးတယ်။ စီးပွားရေးလုပ်တာပဲကွာ။ အမြတ်ပေးပြီး လာဝယ်တဲ့သူရှိတော့လည်း ရောင်းရတာပေါ့။ နယ်စပ်က ငါ့အမျိုးတွေက ဒီမြို့မှာ စီးပွားရေးလုပ်ချင်တယ် ဆိုတော့လည်း ငါ့ဆီက၀ယ်ထားတဲ့ မြေကွက်ပေါ်မှာ ငါကပဲကူညီပြီး ရှော့ပင်းမောကြီးတွေ၊ စကိတ်ကွင်းတွေ၊ ရေကူးကန်တွေ၊ ဟော်တယ်ဲကြီးတွေ ကူဆောက်ပေးရတာပေါ့ကွာ။
    ဒါနဲ့ပဲ၊ တစ်မြို့လုံး မင်းတို့အမျိုးချည်း ၀ါးမြိုပစ်ရကောင်းလားဆိုပြီး ငါ့ကို ရန်သူလိုလုပ်နေတယ်ကွာ...”
    ဖြူဆုတ်ဆုတ်မျက်နှာကို ရှုံ့တွကာ ပြောနေသည့် အေးမျိုးက သူ့မျက်ပေါက်ကျဉ်းလေးကို ပေကလပ်ပေကလပ်နှင့်
ပြူးပြီးစကားပြောတတ်သည့် ငယ်ကျင့်ကတော့ မပျောက်သေးပေ။
    “ ငါတို့ကလည်း သူ့ကို ပစ်မထားပါဘူးကွာ။ မြေကွက်လေး အချောင်ရရင် ဒီကောင့်ကို အရင်ထိုးကျွေးတာပါ။ သူကကို ပိုက်ဆံရှိရက်နဲ့လည်း မယူဘူး။ သူ အဲလိုခေါင်းမာတော့ အားလုံးကောင်းစားချိန်မှာ သူတစ်ကောင်ပဲ ကျန်ခဲ့တာပေါ့..”
    “ ဒီကောင်က တစ်မျိုးကွ။ ပိုက်ဆံရှိသူတိုင်းလိုလို မြေ၀ယ်ရောင်းလုပ်ပြီး စီးပွားဖြစ်နေချိန်မှာ “လူတစ်စုလောဘပြိုင်လို့ ဈေးတက်ရတာ..” ဆိုပြီး ပြောလိုပြော၊ တကယ်နေစရာမရှိတဲ့လူတွေ ကျောတစ်နေရာစာအတွက် ဘယ်လောက် စိတ်ညစ်ရတာကို တို့တွေ မစာနာတတ်ဘူးလို့ ဒေါသကြီးလိုကြီး၊ ကိုယ့်နိုင်ငံသား ကိုယ့်လူမျိုးစစ်စစ်တွေမှာ မြေတစ်လက်မတောင်မပိုင်ဘဲ နေစရာအတွက် ဒုက်္ခရောက်နေသူတွေ အများကြီး၊ အသားဖြူကောင်တွေရဲ့ ကျွတ်ကျွတ်အိတ်မဲမဲကြီးထဲက ငွေတွေဖောင်းလာအောင် မင်းတို့လိုလောက်တွေကအစ အားပေးနေတာလို့ အံကြိတ်လိုကြိတ်နဲ့...”
    “ ဘာတတ်နိုင်မှာလဲကွာ။ ခေတ်ကြီးကိုက လျှင်သူစားစတမ်းဖြစ်နေတာပဲ မဟုတ်လား။ သူတို့ အ လို့ သူတို့ကျန်ခဲ့တာ။ ဘယ်အချိန်မှာ ဘာလုပ်စားရမယ်ဆိုတာ သိဖို့ကလည်း စီးပွားရေးအမြင်ရှိဖို့ လိုသေးတာကွ...”
    “ ဒါဖြင့် ၂၀၁၅ မှာ မင်းတို့ ဘာလုပ်စားမှာလဲကွာ...”
    ရုတ်တရက် သူ့အမေးကြောင့် သူငယ်ချင်းတွေအားလုံး ပြောလက်စစကားရပ်ကာ တစ်ယောက်ကိုတစ်ယောက် ကြောင်ကြည့်နေကြ၏။ အတော်ကြာသည်အထိ ဖြေသံက ထွက်မလာ...
    “ ကဲ မင်းတို့ မဖြေနိုင်ရင်လည်း ဖြေနိုင်တဲ့သူကိုပဲ သွားရှာရမှာပေါ့။ ခုချိန် လှဝင်း ဘယ်မှာရှိတတ်သလဲ ပြောကြကွာ...”
                                 ++++++
    စိမ်းစိုနေသော သစ်ပင်များကြားမှ အိမ်ကလေးကို မြင်လိုက်ရသည်နှင့် နှစ်အတော်ပင်ကြာသွားပြီ ဖြစ်သော်လည်း များစွာမပြောင်းလဲလှမှန်း သူ ချက်ချင်းမှတ်မိနေသည်မှာ အံသြစရာပင်။
    ဘာလို့ဆို သူက ဘယ်အရာကိုမှ သိပ်မှတ်မှတ်သားသား မရှိတတ်သည့်သူ။ သို့ပေမဲ့ လှဝင်းကိုမြင်တော့လည်း ငယ်ရုပ်မပျောက်မှန်း တန်း၍မှတ်မိ၏။
    “ ဒီကောင်တွေက မျက်တောင်မွှေးတစ်ဆုံးပဲ မြင်တတ်တဲ့ကောင်တွေပါကွာ။ မျက်စိတစ်ဆုံး မကြည့်နိုင်အောင်လည်း လောဘမျက်ချေးတွေက စေးထန်းပိတ်ဆို့နေတာကိုး။ အဲလို ပိတ်နေလို့လည်း သူတို့တွေကို မပြောဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခု မင်းကိုပြောပြမယ်။ ပြီးမှ မင်းလာတဲ့ကိစ်္စကို ပြော ဟုတ်ပြီလား...”
    လှဝင်းက ငယ်ရုပ်မပျောက်သလို သူယုံကြည်ရာ ခပ်ရဲရဲပြောတတ်သည့် ငယ်စရိုက်လည်း မပျောက်ပါ။
ဒါကိုပဲ သူက သဘောကျနေမိ၏။
    “ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်လောက်ကပေါ့ကွာ။ ခုလို မြေတွေအလုအယက်ဝယ်တဲ့ အခြေအနေမျိုးကိုတော့ မရောက်သေးဘူး။ ဒါပေမဲ့ ဇာတ်လမ်းတွေစခါစလို့ ပြောရမှာပဲ။ ကိုယ်တို့လမ်းထဲကို လုပ်ငန်းရှင်တစ်ယောက် ငွေထုပ်ပိုက်ပြီး မြေတွေ တစ်ကွက်ပြီးတစ်ကွက် လာဝယ်တာ။ အဲဒီအချိန်မှာ ကိုယ်တို့လမ်းကလည်း ဂျိုင့်ခွက်ထူလပျစ်နဲ့ မိုးတွင်းဆို ဗွက်ထဲကူးပြီးမှ အိမ်ရောက်ရတာဆိုတော့ ပေါက်ဈေးထက်ပိုပေးပြီး ၀ယ်မယ့်သူရှိတုန်း လမ်းထဲကလူတွေလည်း ရောင်းကြတာပေါ့ကွာ။
    တို့ခေါင်းရင်း၊ ခြေရင်း၊ ရှေ့တည့်တည့်ကအိမ်တွေလည်း အကုန်ရောင်းကြတာပဲ။ တစ်လမ်းလုံး ကုန်သလောက်ရှိတဲ့အထိ
ကိုယ်က မလှုပ်တော့ အိမ်ကို ဈေးပိုပေးပြီးဝယ်ချင်တယ်လို့ ပွဲစားကလာပြောတာပေါ့။
    ကိုယ်ကလည်း မတွေဝေပါဘူး။ လုံးဝ မရောင်းဘူးလို့ပဲ ပြန်ပြောလိုက်တယ်။ သူတို့က ဈေးတွေထပ်တိုးပေးပြီး မက်လုံးအမျိုးမျိုးပေးတယ်။ ကိုယ်ကလည်း ခေါင်းခါမြဲပဲ။ နောက်ဆုံး ကိုယ်ကလွဲပြီး တစ်လမ်းလုံးကမြေတွေ သူပိုင်သွားပြီးတဲ့အခါမှာပဲ တိုက်တိုက်ဆိုင်ဆိုင် လမ်းထဲကို ကျောက်တွေလာပုံတော့တာလေ။
    လမ်းအသစ်ခင်းတော့မယ် ဆိုတာလည်း သတင်းကြားရော လမ်းထဲက မြေဈေးတွေက သီတင်းကျွတ်မှာ ဖောက်တဲ့ တရုတ်မီးပန်းတွေလို ကောင်းကင်ပေါ် အလုအယက် ဈေးရောင်စုံလှလှကြီးတွေနဲ့ တဖွားဖွားတက်လို့..။
    တခြား “ ဘာစီမံကိန်း၊ ညာစီမံကိန်းတွေဖြစ်နိုင်တယ်။ ဘာစက်ရုံ ဆောက်မလို့ထင်တယ်။ ဘယ်ဘဏ်လာဖွင့်မယ်ဆိုလား..” နဲ့ ကောလဟလတွေကလည်း မိုးဦးကျဖားအော်သံတွေလို ဟိုကဒီက ထွက်ုလို့ပေါ့။
    အရင်လူတင်မကဘဲ တခြားက မြေလာဝယ်သူတွေလည်း ကိုယ့်အိမ်လေးကို ထပ်ရောက်လာတာပဲ။
    ကိုယ့်သဘောထားကိုတော့ ဟိုကောင်တွေပြောပြလို့ မင်း သိပြီးသားဖြစ်မှာပါလေ။
    ထားပါတော့ကွာ။ အကျဉ်းချုံးပြောရရင် ပထမ၀ယ်ထားတဲ့သူက သူဝယ်ထားတဲ့ လမ်းထဲကအကွက်တွေကို အရင်ဈေးထက် နှစ်ဆသုံးဆနဲ့ ရောင်းပစ်လိုက်တာမှ၊ တစ်လမ်းလုံးလည်း လူသစ်တွေချည်းပဲ ဖြစ်ကုန်ရော။
    အသစ်ရောက်လာတဲ့ လူတွေလည်း လမ်းဘယ်တော့ခင်းမလဲ ခင်းမလဲနဲ့ စောင့်နေရင်း လည်ပင်းသာရှည်လာတယ်။ လမ်းထဲက ကျောက်တွေက ဒီ့အတိုင်း။ တုပ်တုပ်တောင်မလှုပ်ဘူး။ ကြာလာတော့ မနေနိုင်သူတွေက အဲဒီကျောက်တွေ ဘယ်အဖွဲ့အစည်းက ပုံတာလဲလို့ စုံစမ်းကြည့်တော့လည်း ဘာအဖြေမှ ရေရေရာရာမတွေ့ဘူးလေ။
    နောက်ဆုံးတော့ လမ်းကလည်း မိုးတွင်း ဗွက်တစိစိ၊ နွေ ဖုန်တသောသော၊ ချိုင့်ဗလပွနဲ့ အရင်အတိုင်းပါပဲ။ မြေဈေးအိမ်ဈေးတွေလည်း ပြန်အေးသွားပြီး ၀ယ်မိတဲ့သူတွေမှာ ဘယ်သူ့ ဘယ်သူ အပြစ်တင်ရမှန်းမသိဘူး။
    နောက်ပိုင်းမှသာ ကိုယ်ထူကိုယ်ထ လမ်းတွေပြင်ကြ၊ စနစ်အပြောင်းအလဲ အမျိုးမျိုးကြားမှာ ဈေးတွေထပ်တက်.. နဲ့။
    ကိုယ်ကတော့ ပွဲကြည့်ပရိသတ်လိုပါပဲ။ လမ်းထဲက ထွက်သွားတဲ့သူတွေ၊ လမ်းထဲကို ၀င်လာတဲ့သူတွေ၊ လမ်းကလေးကို ကုလားဖန်ထိုးသွားတဲ့သူတွေ..။ နောက်ဆုံး ဘယ်သူတွေရဲ့ အိတ်ဖောင်းသွားသလဲဆိုတာကအစ မြင်နေရတာ။
    ဒါကြောင့်လည်း ဘယ်လောက်ခေတ်ပြောင်းပြောင်း ကိုယ် စိတ်မပြောင်းတာပါပဲကွာ...”
                                 +++++++
   
      လှဝင်းဆီက အပြန်မှာတော့ နှစ်ဦးသားစကားကောင်းနေ၍ ဘယ်အချိန်ကတည်းက ချဉ်းနင်းခဲ့သည်မသိသော ညအမှောင်က မြို့ကလေးကို လွှမ်းခြုံရစ်သိုင်းနေလေပြီ။
   နံနက်မိုးသောက်လျှင်တော့ သူသည်လည်း မြို့ပြအိပ်မက်၏ စုတ်ယူမှုထဲ တစ်ဖန် ၀ဲလှည့်ရပေဦးမည်။
   အိမ်ပြန်လမ်းတစ်လျှောက်မှ သူ့အတွေးများသည်ကား ညအမှောင်ထက် ပို၍ ပို၍ နက်ရှိုင်းစွာ ...။
                                 ++++++


ဝေ(စီးပွားရေးတက္ကသိုလ်)
ရွှေအမြုတေမဂ္ဂဇင်း..( December, 2014)

1 comment:

  1. ဖတ်ခွင့်ရလို့ကျေးဇူးပါ ဝေရေ...

    ReplyDelete