ကမ်းသို့ လမ်း




 သတိအားတွေ လျော့လာတော့
မြင်မြင်သမျှ အပြစ်လို့ပဲ ထင်လိုထင်
အချစ်ဆိုရင်လည်း နောက်ကျောလာထောက်တဲ့ ဓားများလား
ကိုယ့်အရိပ်ကတောင် အမောက်တထောင်ထောင်နဲ့
မြွေဟောက်လို ကိုယ့်စိတ်ကို ကိုယ်ပြန်ခြောက်နေပေါ့
အ၀ိဇ္ဖာဟာ အနယ်မထိုင်တဲ့မြစ်တစ်စင်းလု
ခပ်ပြင်းပြင်း ငါ့ကိုသယ်ဆောင်
ဘယ်သောင်မှာမှ ကမ်းကပ်စရာ ရေဆိပ်မမြင်ဘူး။


မြစ်လယ်မှာ ခါးချိုးခံရတဲ့ ဗြဟ္မစိုရ်တရားဆိုတာ
ခပ်ပါးပါးလိမ်းကျံထားတဲ့ သနပ်ခါးလိုပါပဲ
လောကဓံရှစ်ပါးအောက်မှာ အရောင်ပျောက်သွားတဲ့အခါ
လေနှင်ရာလွင့်လိုလွင့်၊ လေအပင့်မှာ မျောလိုမျော
အဇ္ဈတ္တသဘောကကို မရေရာ
ရိုးရာခါးပေါ်က ပုဆိုးနေရာမှာ
ခေတ်ပေါ်ဘောင်းဘီအတွက် အဖယ်ခံရသလိုမျိုး
သီလကိုခါးပတ်ပတ်ထားရင်ရော မြဲမှာသေချာရဲ့လား
ဇွဲထည့်ကာရေဆန်ကို လှော်လိုက်ချင်ပေမယ့်
ဝဲလှည့်ရာမြုပ်တစ်ချီ ပေါ်တစ်လှည့်ပါပဲ
သမုဒ္ဒရာမှာ မေခလာစောင့်တယ်ဆိုတာ...
ဒဏ္ဍာရီလားလို့တောင် မေးလိုက်စမ်းချင်။


စွဲလမ်းမှုဟာ စိတ်တံခါးဝမှာ တဖျပ်ဖျပ်ခုန်နေတုန်း
ဘ၀အဖုံဖုံမှာ ဥပါဒါန်ထပ်လာတဲ့အတ္တတွေမို့လား
ဥာဏ်ရေစီးနဲ့ အထပ်ထပ်တွန်းတင်
နုံနဲ့နဲ့အားက မြစ်ကြောင်းပြောင်းအောင်မစွမ်းနိုင်ပြန်ဘူး
ဖြစ်ပျက်မြင်တာက အာရုံစိုက်တုန်း တစ်ခဏသာပါ
ဖြစ်ချင်တာတွေ မပျက်အောင်လုပ်နေမိတာက တစ်ဘ၀စာလုံး
သံသရာခရီးမှာ ရိက္ခာစုံပြီတဲ့လား
အပုပ်ကောင်ကြီး ဇရာကျချိန်မှာ အသိဝင်လာတော့
ပညာယူ ဥာဏ်ကူမထားခဲ့ရင်ဖြင့်
ကိုယ့်လားရာ သေချာ စိတ်မအေးနိုင်ဘူး
နွယ်တစ်မျှင်လို တွယ်ငင်ဖို့ စိတ်အကြံရှိချင်ရဲ့။


ပညတ်ကို ပရမတ်နဲ့ယှဉ်
ခန္ဓာအရှိကို ဥာဏ်အသိနဲ့ဆင်ခြင်ကြည့်ပါလာ
ဖြစ် ပျက်တွေ စိပ်စိပ်မြင်ပြီဆိုရင်တော့
မဖြစ်မပျက်ဆီ ပါရမီဖြည့်နိုင်ပြီဆိုရမှာပေါ့
မဂ္ဂင်ဖောင်ရေယာဉ်စီးကာ ဆန်လိုက်ကြရင်ဖြင့်
နိဗ္ဗာန်သောင်အရိယာစခန်းကို တက်လှမ်းနိုင်မယ့်
ဝိမုတ္တိလမ်း။ ။



ဝေ(စီးပွားရေးတက္ကသိုလ်)

1 comment:

  1. အရမ်းကောင်းပါတယ် ကူးယူတင်ပြခွင့်ပြုပါ....

    ReplyDelete