တစ်စိတ်ပဲ့အလွမ်း
  “ ဒီနေ့ အချိန်မီ မိုးတိတ်သွားလို့ တော်ပါသေးရဲ့..” လို့တွေးရင်း မေသက်တင် သက်ပြင်းချမိတယ်။ နို့မို့ဆို ကျောင်းအဆင်းမှာ မိုးနဲ့တိုးတိုင်း အိမ်ပြန်မရောက်ဘဲ ဆေးရုံရောက်သွားမလား။ အရေးပေါ်ရောက်သွားမလား။ အမြဲတွေးပူနေရတာလေ။
    မိုးနဲ့လေနဲ့ဆို ဆိုင်ကယ်စီးရတာ အဆင်မပြေဆုံးပဲ။ တစ်ကိုယ်လုံး တုတ်တုတ်ရွှဲတာကို အသာထားဦး။ ဆိုင်ကယ်မောင်းရင်း ထီးမဆောင်းတတ်လို့ မိုးကာဝတ်ပြီး ဦးထုပ်ဆောင်းထားလည်း မျက်နှာတည့်တည့်ကို သဲသဲမဲမဲထိုးကျလာတဲ့ မိုးရေစက်တွေက လူကို အင်မတန်ဒုက်္ခပေးတာပဲ။
    ကျောင်းအဆင်းဆိုတော့ လူရှုပ်၊ ယာဉ်ရှုပ်၊ သဲသဲလှုပ်နေတာမျိုး မဟုတ်လား။ ခုဆိုရင် ကားတွေက တော်တန်ရုံ ပိုက်ဆံရှိတဲ့သူတိုင်း စီးနိုင်လာကြတော့ အရင်လို ကျောင်းကြိုမိဘတွေဆိုတာ ဆိုင်ကယ်တ၀ီဝီတင်မကတော့ဘဲ မော်ဒယ်လ်မြင့်ကားတွေ အပြိုင်အဆိုင်နဲ့။ လမ်းတွေက ပိုပိတ်နေတော့တာပေါ့။
    မေသက်တင်တို့ သမီးလေး ကျောင်းသူဘ၀တုန်းကတော့ သူ့အဖေမှာ ဆိုင်ကယ်တစ်ပတ်နွမ်းလေးတောင် မရှိသေးလို့ စက်ဘီးလေးနဲ့ ကျောင်းကြိုရရှာတာ။ မေသက်တင်တို့လင်မယားအတွက် ဆိုင်ကယ်အဟောင်းလေး တစ်စီးလောက် ၀ယ်နိုင်ဖို့အရေး စိတ်ကူးနဲ့ရူးနေရချိန်ပေါ့။
    ထူထောင်စဘ၀ဆိုတော့လည်း စက်ဘီးတောင် နှစ်စီးမ၀ယ်နိုင်သေးတော့ သမီးဖေဖေက တစ်ကျောင်းတည်းအတူတက်တဲ့ အမေဆရာမနဲ့ သမီးကျောင်းသူမကို နှစ်ခါခွဲပို့ရရှာတာ။ ကိုယ်တိုင်ကလည်း ရုံးသွားရဦးမှာမို့ သူ့ခမျာ ရုံးဖွင့်ရက်ဆို မနက်ခင်းတိုင်းဟာ စက်ဘီးတစ်စီးနဲ့ ဒေါင်ချာစိုင်းနေရရှာတာလေ။
    အဲဒီတုန်းကတော့ စက်ဘီးကယ်ရီယာမှာ မေသက်တင်ကိုတင်နင်းတိုင်း “ ၀ရူး..၀ရူး..” နဲ့ သူက မော်တော်ဆိုင်ကယ် လီဗာဆွဲသလို ဟန်ပြုပြီး ရူးနေကျ။
    ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။ နှစ်တွေက ဖြုတ်ကနဲဖြုတ်ကနဲ ကြွေလို့ ခေတ်ကြီးကလည်း အခြေအနေတွေ ပြောင်းသွားလိုက်တာ။ သမီးလေးလည်း အရွယ်ရောက်လို့ အထက်တန်းကျောင်းသူကြီးဖြစ်။ တရုပ်ဆိုင်ကယ်တွေ ဆိုတာကလည်း ဈေးချိုချိုနဲ့မှိုလိုပေါက်။ သမီးဖေဖေကလည်း ရုံးအလုပ်ကထွက်ပြီး ပွဲစားယောင်ယောင် ကုန်သည်ယောင်ယောင်နဲ့ အိမ်၊ခြံ၊မြေ၊ဆိုင်ကယ်၊ နောက်ဆုံး လက်ကိုင်ဖုန်း အရောင်းအ၀ယ်ကအစ ပိုက်ဆံရတဲ့အလုပ်ဆိုရင် မရှောင်နိုင်အောင်လုပ်။ မေသက်တင်တောင်မှ ကျူရှင်မပြတဲ့ စေတနာဆရာမလေး ဘ၀ကနေ အသပြာကလေး မစကြတဲ့ စာကျက်ဝိုင်းတွေ လိုက်သင်နဲ့။
မိသားစု ထမင်းဝိုင်းလေးကတော့ လက်ဆုံစားချိန်တွေ လျော့ပြီး သာယာမှု တဖြည်းဖြည်း ခြောက်ခမ်းသွားရတာ အမှန်ပဲ။
    ခေတ်ကြီးက တိုးတက်တာလား။ ဆုတ်ယုတ်တာလား ဆိုတာ တစ်ခါတစ်ခါ စိတ်လိုလက်ရ အချိန်ရှိရင် မေသက်တင် တွေးကြည့်မိတယ်။ တကယ်တမ်းကျတော့ ရုပ်ဝတ်္ထုတွေ တိုးတက်လာသလိုလို ထင်ရပေမယ့် စိတ်အဟာရတွေကတော့ ချို့တဲ့လာသလို ခံစားမိတာပဲ။
    ကြည့်လေ။ ခုဆို သမီးလေးကို ကျောင်းပို့ပြီးတာနဲ့ သူ့အဖေက ဆိုင်ကယ်တစ်စီးနဲ့ မြို့ပတ်ပြီး လက်ဖက်ရည်ဆိုင်တကာ ပွဲစားတကာနဲ့ လေဖောင်ရတာကိုက သူ့အလုပ်ဖြစ်သွားပြီမဟုတ်လား။ နှစ်ယောက်စလုံးကလည်း ၀င်ငွေကိုယ်စီကောင်းလာတော့ ဆိုင်ကယ်စီးနိုင်တာမှ သူတစ်စီး၊ ကိုယ်တစ်စီး။
    ဒါပေမဲ့ သူ့အမူအရာ၊ ဟန်ပန်၊ အပြောအဆိုတွေက အရင် အိမ်ထောင်ဦးဘ၀တုန်းကလို ရိုးသားအေးချမ်းတဲ့ သဏ္ဍာန်မျိုး လုံးဝရှာမရတော့ဘူး။ ပွဲစားဆိုမှတော့ အာချောင်ပါချောင်နဲ့ ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောရပြီပေါ့။
    “ ဒီအလုပ်တွေ မလုပ်ပါနဲ့လား..” လို့ ပွစိစိဖြစ်လာတဲ့ သူ့အမူအရာကို မကြိုက်လို့ ပြောမိတော့လည်း...
    “ အရင်းအနှီးမှမရှိဘဲ။ ဒီအလုပ်မလုပ်ရင် ငွေလွယ်လွယ် ဘယ်ကရမလဲ။ ဒီခေတ်လူနေမှုစရိတ်နဲ့ အရင်လို ရုံးသမားလေးဘ၀ကရော ရိုးသားလို့ ရဦးမယ်ထင်လို့လား..” တဲ့။
    ကဲ ဘယ်လောက်နှမြောစရာ ကောင်းလိုက်သလဲ။ အရင်တုန်းက ဖြူစင်မှုကလေးတွေ ဘယ်ရောက်ကုန်ပြီလဲ။
    သူ့သာပြောတာ။ တကယ်တော့ မေသက်တင်ကိုယ်တိုင်ကရော ဘာထူးလဲ။
    အရင်က ကျက်စာသင်တဲ့ ဆရာမတွေဆိုတာ ကျူရှင်နဲ့ ဘာဆိုင်သတုန်း။ မြန်မာစာဆရာမ ဒေါ်မေသက်တင် စာအရှင်းကောင်းလွန်းလို့ ပြန်ကျက်စရာမလိုဘူး ဆိုပြီး နာမည်ကြီးခဲ့တာဟာ ကျူရှင်ပြစားဖို့ လက်မှတ်မှမဟုတ်ခဲ့တာ။
    အံ့သြစရာကောင်းလောက်အောင် ခေတ်တွေပြောင်းပုံများ မြန်မာစာဆရာမကိုလည်း ကျက်စာဝိုင်းသင်ပေးဖို့ လာငှားတဲ့ မိဘကရှိလာတော့ သချာင်္၊ အင်္ဂလိပ်စာဆရာတွေတင် ကျူရှင်နဲ့အလုပ်ဖြစ်တာမဟုတ်ဘဲ ကျက်စာဆရာမတွေပါ ကျူရှင်ချိန်တွေအပြည့်နဲ့ သူ့ထက်ငါ အပြိုင်အဆိုင်ဖြစ်လာပါလေရော။
    အမှန်တော့ စေတနာအရင်းခံက လိုတိုးပိုလျှော့ လုပ်လို့မရပါဘူး။ မေသက်တင်က ကျောင်းမှာလည်း ဒီအာပေါင်အာရင်းအတိုင်း  လျှော့မသင်သလို ကျူရှင်ဝိုင်းမှာလည်း ဒီ့ထက်ပိုမသင်ပါဘူး။ ဒါပေမဲ့ ကလေးတွေကို ကျူရှင်ယူဖို့ဖိအားပေးတဲ့ဆရာမတွေကို စာရင်းနဲ့ ပညာရေးမှုးဆီ တိုင်စာရောက်တော့ ကိုယ်လည်းရောပါသွားတာပါပဲ။
    ထားပါလေ။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တဲ့ စကားပုံကတော့ ခေတ်ဘယ်လောက်ပြောင်းပြောင်း ဟောင်းမယ်မထင်ပါဘူး။ ကိုယ်မဟုတ်တာ လုပ်မလုပ်၊ ကိုယ့်သံသရာမှာ ကိုယ့်အကျိုးပေးက စကားပြောသွားမှာပါ။
    ဒီလိုနဲ့ မေသက်တင်တို့ မိသားစုလေးမှာ ငွေစကြေးစလေးရွှင်၊ ဆိုင်ကယ်ကိုယ်စီနဲ့ မပင်မပန်း အလုပ်ပိုတွင်သလိုရှိပေမဲ့ တကယ်တမ်းကျတော့ အရင်လိုကြည်လင်တဲ့ မျက်နှာမျိုးတွေ မတွေ့ရတော့တာ ဘယ်လောက်ကြာပြီလဲ။
    မင်္ဂလာဦးအချိန်တွေက စက်ဘီးလေးတစ်စီးနဲ့ နှစ်ယောက်သား လျှောက်လည်ရင် “ ဘီးကလေးကိုစီး.. အချစ်ကလေးကိုတင်ပြီး..” ဆိုတဲ့သီချင်းကို အော်ဆိုတတ်ခဲ့တဲ့ ကြည်နူးသာယာမှုတွေ..။ သမီးလေးရလာတော့လည်း သမီးကို ရှေ့မှာ ခြင်းလေးနဲ့ထည့်၊ မိန်းမကို ကယ်ရီယာမှာတင်နင်းပြီး “ မောတော့မောတာပေါ့။ ဒါပေမဲ့ မမောဘူး..” လို့ ပြုံးပျော်ရယ်မောခဲ့ရတဲ့ ရိုးစင်းတဲ့ဘ၀လေးတွေ..။
    နှမြောဖို့ကောင်းလိုက်တာ။
        ခုတော့ သမီးဖေဖေက ဆိုင်ကယ်လေးစက်နှိုးတိုင်း လက်ကိုင်ကို ကားစတီယာရင်လှည့်သလို “ ၀ူး..၀ူး..” နဲ့လုပ်ပြီး စိတ်ကူးယဉ် အဆင့်တိုးနေပြန်ပြီလေ။
                                +++++++
    ကျောင်းကအထွက်မှာတိတ်သွားတဲ့မိုးက လမ်းရောက်တော့ ခပ်ဖွဲဖွဲပြန်ရွာလာတယ်။ ကိုယ်သွားမယ့်နေရာကလည်း ရောက်ခါနီးပြီ ဆိုတော့ မိုးကာတွေဘာတွေ ထုတ်ဝတ်မနေတော့ပါဘူး။ ခပ်သွက်သွက်လေးပဲ ဆိုင်ကယ်ကို အရှိန်နည်းနည်းမြှင့် မောင်းခဲ့တော့တယ်။
    ယာဉ်သွားယာဉ်လာရှုပ်သလို ကိုယ့်လိုအရင်လိုတဲ့ လူတွေများနေတော့ စိတ်ကသာလောနေတာ ရှေ့တော့ သိပ်တိုးမပေါက်လှပါဘူး။ ခုနောက်ပိုင်း လူတွေကြည့်ရတာ သွားသုတ်သုတ်၊လာသုတ်သုတ်၊စားသုတ်သုတ်နဲ့ အချိန်လုနေရတာချည်းပဲ။
ကိုယ်တွေကအစ ကျူရှင်တစ်ဝိုင်းပြီး တစ်ဝိုင်းကူးဖို့ စိတ်စောနေရတာဆိုတော့၊ ဘယ်တော့များမှ ငြိမ်းချမ်းတဲ့ဘ၀လေး ပြန်ရပါ့မလဲလို့ မေသက်တင်တွေးမိရင်း ငယ်ဘ၀လေးတွေ ပြန်တမ်းတမိတယ်။
    ဟိုးတုန်းကလို အေးအေးလူလူဘ၀လေး..။ ၀င်ငွေနည်းပေမယ့် စားဖို့ဝတ်ဖို့၊ လူနေမှုစရိတ်စက မှန်သမျှ လင်မယားနှစ်ယောက် အလျှင်မီရုံမက အလှူအတန်းလေးတောင် ကောင်းကောင်းလုပ်နိုင်လိုက်သေး။
    ခုတော့ ၀င်ငွေသာပိုလာတယ်။ လိုက်လိုက်ရတဲ့ ခေတ်။ တော်ကြာနေ ဟမ်းဖုန်း၊ တော်ကြာနေ ဟမ်းဆက်အသစ်က လဲချင်၊ တော်ကြာနေ ဂြိုလ်တုစလောင်း၊ တော်ကြာနေ စကိုင်းနက်။
    “ ဟာ ဘယ်လိုမောင်းနေတာလဲ။ ဆိုင်ကယ်မစီးတတ်ဘူးလား။ သေတော့မှာပဲ...(...) ”
    ရုတ်တရက် လှလှပပကားသစ်ကြီးပေါ်က ကားနဲ့မလိုက်မဖက် ဆဲရေးတိုင်းထွာသံကြားလိုက်မှ မေသက်တင်လည်း အလန့်တကြား ဖြစ်သွားရတယ်ဲ။ မိုးရေတွေနဲ့ လမ်းကချောနေတာရော၊ အတွေးလွန်နေတာရောကြောင့် ဆိုင်ကယ်ကို လမ်းဘေးချမပေးလိုက်မိဘူး။
    ကိုယ့်အမှားဆိုပေမဲ့ ကျောင်းဝတ်စုံနဲ့ ဆရာမဆိုတဲ့ဂုဏ်ကိုတောင် အားမနာကြတော့တဲ့ အရိုင်းအစိုင်းတွေပါလားလို့ စိတ်ထဲမှာ ဖျဉ်းကနဲဖြစ်သွားရတယ်။ တစ်ဆက်တည်း အာစရိယဂုဏောလည်း ခေတ်ရေစီးထဲတိုက်စားမျောပါသွားပြီလားလို့ နှမြောဝမ်းနည်းမိပါရဲ့။
    ဒီမုန့်တိုက်က မေသက်တင်တို့ မြို့ကလေးမှာတော့ နာမည်အကြီးဆုံးနဲ့ ဈေးလည်းအကြီးဆုံး။ ဒါကြောင့် အမြဲတမ်း မစားဖြစ်ပေမဲ့ လကုန်ရက်တိုင်းလိုလိုတော့ မိသားစုလေးယောက်စာ ၀ယ်နေကျပဲဆိုပါတော့။
    ဆိုင်ထဲက ဈေးဝယ်ပြီးအပြန် လမ်းဘေးပလက်ဖောင်းကို အဖြတ်မှာ အုတ်ခုံပေါ်မှာထိုင်နေတဲ့ ပူဖောင်းသည်ကြီးဆီကို ဖျတ်ခနဲ အကြည့်ရောက်သွားမိတယ်။ အသက်ကကြီးလှပြီ။ ငွေရောင်ဆံပင်နဲ့ အသားအရေတွေ တွန့်လိပ်လို့။ ပိန်ကပ်ကြုံလှီနေပေမယ့် မာန်တော့ ချဟန်မတူသေးဘူး။ ပူဖောင်းလေးတွေရောင်းပြီး ဘ၀ကိုကျားကန်ထားရှာတုန်း။
    မေသက်တင် ခြေလှမ်းတွေက ဆိုင်ကယ်ဆီမလှမ်းဘဲ ပူဖောင်းသည်ကြီးဆီကို အလိုလိုလှမ်းမိသွားတယ်။ သက်ကြီးရွယ်အိုတွေ အရွယ်နဲ့မလိုက် ဒီလို သူ့ဝမ်းသူကျောင်းနေရတာကို မြင်ရင် စိတ်ထဲမယ် အလိုလိုဝမ်းနည်းမိတာ ဘာကြောင့်မှန်းမသိဘူး။
    မျက်လုံးထဲတော့ အိမ်မှာ ငြိမ်းငြိမ်းချမ်းချမ်း၊ ဘုရားတရားအလုပ်တွေနဲ့ ကုသိုလ်ယူနေတတ်တဲ့ အမေ့ကို မြင်ယောင်မိတယ်။
အမေသာ ဒီလို နေညိုချိန်တောင် ချွေးစိုနေရသေးတဲ့ ဘ၀မျိုးနဲ့သာဆို မေသက်တင် ဘယ်လို မြင်ရက်ပါ့မလဲ။
    “ ဘကြီး.. အသက် ဘယ်လောက်ရှိပြီလဲရှင်..”
    ရုတ်တရက်အနားကပ်ပြီးမေးလိုက်တဲ့ မေသက်တင်ကို ရီဝေေ၀မျက်လုံးအစုံနဲ့ အံ့သြသလို ပြန်ကြည့်ရှာတယ်။
    “ ခုနစ်ဆယ် ”.. လို့ ဖြေလိုက်တော့၊ အို.. မေမေနဲ့ အသက်တူတူပါလား။ ကိုယ်က ရှစ်ဆယ်ကျော်လောက်ထင်မိတာ.. လို့ စိတ်ထဲမှာ ရေရွတ်မိပေမဲ့ မှုန်ရီရီမျက်လုံးတွေက မျှော်လင့်ချက်အရောင်တွေ ထွက်နေတာတော့ တွေ့ဖြစ်အောင်တွေ့လိုက်ရတယ်။
    အလုပ်ကြမ်းလုပ်ရတဲ့သူမို့ ပိုအိုရှာတာထင်ပါရဲ့။ ဒါပေမဲ့ လက်ထဲက ပူဖောင်းလေးကို တပီပီမြည်အောင် ညှစ်လိုက်ပုံက သူ့ဘ၀မှာ မျှော်လင့်ချက်တွေ မကုန်ဆုံးသေးဘူးဆိုတာ သိသာစေတယ်။ မေသက်တင်ရဲ့ အလှူငွေလေး တတ်နိုင်သလောက် ပေးကမ်းချင်လာတဲ့ သဒ်္ဒါစိတ်ကို သူ့ဘ၀ရဲ့အားမာန်သရုပ်ဖြစ်တဲ့ လက်ထဲက ပူဖောင်းလေးတွေက တွန့်ဆုတ်သွားစေတာ အမှန်ပဲ။
    စော်ကားသလိုများ ဖြစ်သွားမလား။ အချောင်မလိုချင်လို့မှ ဒီအရွယ်ကြီးမှာတောင် ပူဖောင်းလေးရောင်းနေရှာတာ။ ဒါပေမဲ့ ဒီခေတ်ကြီးမှာ ပူဖောင်းဆော့တဲ့ကလေးရော ရှိသေးရဲ့လား။ ရောင်းရောရောင်းရလို့လား။ ညဈေးတန်းမှာတော့ လေထိုးရုပ်တွေ၊ မိုးပျံပူဖောင်းသည်တွေပဲ အတွေ့များလာပြီ။
    ခက်တာက သမီးကလည်း ပူဖောင်းဆော့တဲ့အရွယ် မဟုတ်တော့သလို၊ မေသက်တင် ဆိုင်ကယ်တစ်ဖက်နဲ့ ပူဖောင်းသယ်သွား ဖို့လည်း အဆင်မပြေဘူး။ ငွေလည်းပေးရမှာ အားနာ၊ ပူဖောင်းလည်း ၀ယ်မဖြစ်မှတော့ ၀ယ်လာတဲ့ ကိတ်မုန့်ထုပ်လေးတွေဆီကိုပဲ လက်ကရောက်သွားတော့တယ်။ ဝေစုကျ ပူတင်းကိတ်လေး လေးလုံး။ မိသားစုလေးယောက်စာ။ မေသက်တင် မစားတော့ပါဘူး။
     “ ရော့ ဘကြီး၊ အာဟာရဖြစ်အောင် စားလိုက်နော်...”
                                 +++++++
    ဒီနေ့ ကျောင်းမှာ အာဟာရကျွေးမယ်နေ့ဆိုတော့ ကလေးတွေအားလုံး ပြုံးပျော်ရွှင်လန်းနေလိုက်ကြတာမှ မြင်ရတဲ့ဆရာမတောင် စိတ်ဓာတ်တက်ကြွလာရတယ်။
    အလှူရှင် ကလေးမိဘတွေလည်း သူတို့ကျွေးမယ့်မုန့်တွေ အထုပ်ကြီး၊အထုပ်ငယ်နဲ့ သယ်လာလို့။ ကလေးတွေကလည်း ဘာမုန့်ကျွေးမှာလဲလို့ စပ်စုပြီး အထုပ်နားမှာ ၀ိုင်းဝိုင်းလည်လို့။ တချို့အတန်းက အိုးတွေခွက်တွေနဲ့ ကြာဇံချက်ဆိုလား။ တချို့က ကိတ်၊ တချို့ကအာလူးကြော်၊ တချို့ကအချိုရည်၊ တချို့ကပေါင်မုန့်နဲ့ မုန့်တွေကိုမျိုးစုံနေတာပဲ။ အတန်းတိုင်းမှာ လှုပ်လှုပ်ရှားရှား စီစီညံညံနဲ့ တပျော်တပါးကြီးပဲ။
    အမှန်တော့ အာဟာရနေ့ဆိုပြီး ကျောင်းကရန်ပုံငွေနဲ့ ကျွေးဖို့ စီမံတာကို စေတနာရှင်ကလေးမိဘတွေက သူကျွေးမယ်၊ ငါကျွေးမယ်နဲ့ အလှူရှင်တွေ ပေါ်လာတာမို့ ပိုပြီး စည်ကားသိုက်မြိုက်သွားရတာပါ။
        တကယ်လည်း ဘယ်လိုနေရာမဆို ဆရာ၊မိဘ စေတနာမှန်မှန်နဲ့သာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အနာဂတ်ကလေးတွေရဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စာရိတ်္တရေးတွေအားလုံးဟာ အဖက်ဖက်က တိုးတက်လာမယ်လို့ မေသက်တင် ယုံကြည်ပါတယ်။
    ခက်တာက ပူးပေါင်းမှုတွေမှာ မူလရည်ရွယ်ချက်ကနေ လမ်းကြောင်းတွေ သွေဖည်သွားအောင် အမှောင့်ပယောဂတွေက ၀င်ဝင်လာတတ်တာပါပဲ။ ဒီကြားထဲ စေတနာက ဝေဒနာဖြစ်ဖြစ်သွားတတ်တာတွေလည်း ရှိသေးတယ်။
    ခုပဲကြည့်၊ အာဟာရကျွေးမယ့်အခန်းတိုင်းကို အလှူရှင်မိဘတွေက အတန်းသားအတန်းသူတွေသာမကဘဲ ကျောင်းကဆရာ၊ဆရာမ အယောက်သုံးဆယ်အတွက်ပါ မုန့်တွေကို ပိုယူလာကြသတဲ့။ တကယ်က ဒီလိုယူလာပေးရမယ်လို့ ဘယ်ဆရာမက ပြောပါလိမ့်မလဲ။
သူတို့ကသာ ဂါရ၀စိတ်နဲ့ သဒ်္ဒါတရားပေါင်းပြီး ယူလာပေးကြတာ။ ဒါပေမဲ့ သေချာတာကတော့ ကလေးတစ်ယောက်ကို တစ်တန်းစီကကျွေးမယ့် မုန့်တစ်မျိုးသာ ဝေစုရပေမယ့် ဆရာမတွေကျတော့ အတန်းပေါင်းစုံက မုန့်ပေါင်းစုံ အများကြီးရတော့မှာလေ။
    ဒါဟာ တစ်ဆင့်စကားနဲ့ မလိုသူတွေနှုတ်ဖျားကို ရောက်သွားရင် ဘယ်လိုဖြစ်သွားမလဲ။ ဒါကြောင့်လည်း မေသက်တင်ကတော့ စေတနာကို ငြင်းလို့မကောင်းပေမဲ့ ရလာတဲ့မုန့်တွေကို အတန်းထဲက ဆင်းရဲတဲ့ ကလေးတွေဆီ ပြန်ဝေပေးလိုက်တာပါပဲ။
    မေသက်တင်ရဲ့ အတန်းထဲမှာက ချမ်းသာတဲ့သူတွေများပေမဲ့ ဆင်းရဲတဲ့ကလေးတွေလည်း ပါနေတယ်။ ကိုယ့်တပည့်တွေကို မျက်ခြေမပြတ်လေ့လာနေတဲ့ ဆရာမအဖို့တော့ ဘယ်သူတွေက ဘယ်လိုစရိုက်ရှိတယ်ဆိုတာ အားလုံးကို လက်ပွန်းတတီး သိနေပါပြီ။
    ဒီကလေး၊ ဒီကလေးတွေက ချမ်းသာတဲ့မိဘတွေကြောင့် ၀ံ့ဝံ့ကြွားကြွား၊ ရွှင်ရွှင်လန်းလန်းရှိသလောက်၊ ဒီကလေးတွေကတော့
ခပ်နွမ်းနွမ်းရယ်မို့ မိဘတွေ သိပ်ပြေလည်ရှာမယ်မထင်ဘူး.. ဆိုတာမျိုးပေါ့။
    ဒါကြောင့် ဘယ်သူတွေကို ကိုယ့်အတွက်ရလာတဲ့ မုန့်တွေ ဝေပေးရမလဲလို့ တွက်ချက်ရင်း အတန်းထဲကို မျက်လုံးဝေ့အကြည့်မှာ ဖျတ်ခနဲ ဆုံလိုက်ရတဲ့ မျက်ဝန်းဖျော့ဖျော့လေးက “ ဆရာမ.. ဆရာမကို သမီးမုန့်လေးကျွေးချင်လို့။ သမီးမုန့်ကလေး စားပါနော်ဆရာမ...” လို့ ပြောရင်း တွန့်ဆုတ်ဆုတ်နဲ့ အနားကိုရောက်လာပြီး အထုပ်တစ်ထုပ် ကမ်းလာပါတယ်။
    ကျွတ်ကျွတ်အိတ်ပေါ်က မုန့်တိုက်တံဆိပ်ကြောင့် မေသက်တင် မျက်ခုံးပင့်သွားရတာ အမှန်ပါ။ သူကလေးက ချို့တဲ့သူမို့ အတန်းထဲမှာ အစစအရာရာ သိမ်ငယ်ရှာသူလေး။ မေသက်တင်က တခြားတပည့်တွေရဲ့ စာကျက်ဝိုင်းမှာ စေတနာနဲ့ အခမဲ့ ခေါ်သင်ပေးချင်လို့ အိမ်ရှင်တွေကို ခွင့်တောင်းပေမဲ့ ဘယ်သူကမှ ခွင့်မပြုချင်လို့ လက်လျှော့ခဲ့ရတာ။ မျက်နှာငယ်ရှာရတာကို သနားလို့ အတန်းရှေ့ဆုံးက ခုံမှာ ပေးထိုင်ထားတော့လည်း သူ့ဘာသာ သိမ်ငယ်စိတ်နဲ့ နောက်ဆုံးတန်းကို ပြောင်းထိုင်ရှာတဲ့ ကလေးမလေး။
    သူ ဒီမုန့်ကို ဘယ်ကရလာသလဲ။ တော်တန်ရုံ လွယ်လွယ်ကူကူ ၀ယ်မစားနိုင်တဲ့ အခြေအနေမှန်းသိနေလို့ အံ့သြစိတ်နဲ့ သိလိုစိတ်က မုန့်ထုပ်ကို လက်လှမ်းယူမိဖို့ တွန်းအားဖြစ်သွားရတယ်။ ဒါ့အပြင် အိတ်ထဲကဆွဲအထုတ် မြင်လိုက်ရတဲ့ ပူတင်းကိတ်လေးကလည်း မေသက်တင်ကို မျက်ခုံးပင့်စေရုံသာမက ပူဖောင်းသံ တပိပိကိုပါ ကြားယောင်လာစေတာကလား။
    “ သမီး.. ဒါကို ဘယ်က ၀ယ်လာတာလဲဟင်...”
    မုန့်တိုက်နာမည်ပါနေတာတောင် ယောင်ယမ်းပြီး မေးမိပုံများပြောပါတယ်။။ အမှန် မေးချင်တာက ဘယ်ကရလာတာလဲလို့ မေးချင်တာ။ ဒါပေမဲ့ ဒီလိုမေးရင် သူကလေးစေတနာကို စော်ကားသလို ဖြစ်သွားမှာပေါ့။ သူ့ခမျာလည်း တခြားကလေးတွေလို ဆရာမကို မုန့်ကျွေးချင်ရှာမပေါ့။
    “ ဘွားဘွားက သမီးကို သူတို့မသိအောင် ဖွက်ပြီးကျွေးတာ။ သမီးကလည်း ဘွားဘွားလိုပဲ စားချင်ယောင်ဆောင်ပြီး ဆရာမကို ကျွေးချင်လို့ ဖွက်ပြီးယူလာတာ...”
    သူကလေးအပြောက ထူးဆန်းနေသည်မို့ မေသက်တင် ရုတ်တရက် နားရည်မလည်။ နောက်မှ...
    “ ဒါဆို ဘွားဘွားကို ဘယ်သူကပေးတာလဲ..”
    “ ဘွားဘွားကို ဘိုးဘိုးကကျွေးတာလေ။ ဘွားဘွားက အိပ်ရာထဲမှာလဲနေသူမို့ ဘိုးဘိုးက သူမစားရက်ဘဲ ကျွေးတာလို့ အဘွားကပြောတယ်။ အဘွားကလည်း သမီးက အငယ်ဆုံးမို့ ဘိုးဘိုးရော တခြားသူတွေရော မသိအောင် ပေးလိုက်တာ...”
    “ အော်.. ဒါဖြင့် ဘိုးဘိုးက မုန့်ဝယ်လာသူပေါ့...”
   “ ဟင့်အင်း ဘွားဘွားပြောတော့ ဘိုးဘိုးကိုလည်း ကျောင်းဆရာမလေးတစ်ယောက်က သူစားဖို့ဝယ်လာတဲ့မုန့်ကို ပေးသွားတာတဲ့”
    သူကလေးအပြောမှာ မေသက်တင်တစ်ယောက် ကြက်သီးများတောင် တဖြန်းဖြန်းထမိသွားပါရဲ့။
    အော် မေတ်္တာတရားရဲ့ ဆန်းကြယ်ပုံများ အံ့သြလောက်စရာပါလား။ ရင်ထဲမှာလည်း လှုပ်လှုပ်ခတ်ခတ်ရှိလိုက်တာ။ ကိုယ်ခန်္ဓာမှာ သွေးကြောတစ်လျှောက် သိမ်မွေ့နူးညံ့တဲ့တစ်စုံတစ်ရာက ပေါင်းဝင်စီးဆင်းနေတယ်လို့ ခံစားမိပြီး ကြည်နူးပီတိဖြာနေတာ အကြာကြီးပဲ။
    ပြီးမှ အတန်းပေါင်းစုံက ရထားတဲ့ မုန့်ပေါင်းစုံထည့်ထားတဲ့ အိတ်ကြီးကိုတစ်ဝက်ခွဲပြီး သူကလေးလက်ထဲ ထည့်လိုက်တယ်။ ကျန်တစ်ဝက်က ကျန်ချို့ငဲ့ကလေးတွေကို ဝေပေးဖို့။
    “ ဒါဆို သမီးရဲ့ဘိုးဘိုးရော၊ ဘွားဘွားရော၊ သမီးတို့တစ်အိမ်လုံး မျှစားလို့ ရလောက်ပါပြီနော်...”
    ကောင်မလေးမျက်နှာ ၀င်းလက်သွားပုံများ နေ့ခင်းကြောင်တောင် လမင်းကြီးသာသလိုပါလား။
    “ နောက်ပြီး သမီးပေးတဲ့ ဒီပူတင်းကိတ်ကို ဆရာမစားတော့စားမယ်။ ဒါပေမဲ့ လေးစိတ်စိတ်ပြီး တစ်စိတ်စားမယ်။ ကျန်တဲ့သုံးစိတ်က သမီးရယ်၊ ဘိုးဘိုး၊ဘွားဘွားရယ် တစ်စိတ်စီစားရမယ်။ ဘယ်လိုလဲ။ သဘောတူသလား...”
    မေသက်တင်ရဲ့ အပြောကို သူကလေးက ခပ်တွေတွေတစ်ချက် စဉ်းစားလိုက်ပြီး ပြုံးပြုံးလေး ခေါင်းညိတ်ရှာတယ်။
    ဒါနဲ့ပဲ ကိတ်မုန့်လေးကို ဓားနဲ့လေးစိတ်စိတ်၊ သူ့ကိုသုံးစိတ်ပေးလိုက်ပြီး သူ့ရှေ့မှာပဲ မေသက်တင်က ကျန်တဲ့တစ်စိတ်ကို စားပြလိုက်တယ်။
    အမြဲတမ်း ဖျော့တော့နေတတ်တဲ့ သူကလေးမျက်ဝန်းတွေက တဖျပ်ဖျပ် တောက်ပသွားလိုက်တာဆိုတာ...။
    ဒီလိုပဲ...။ မေသက်တင် စားဖူးသမျှ ပူတင်းကိတ်တွေထဲမှာ ဒီတစ်ခါကိတ်ကလည်း အရသာထူးကဲပြီး ချိုလိုက်တာဆိုတာ...။
                                 +++++++
    ဝေ(စီးပွာရေးတက္ကသိုလ်)
March, 2014...မဟေသီမဂ္ဂဇင်း
No comments:
Post a comment