လွတ်ကျသွားသော ကမ္ဘာ (၀တ္ထုရှည် စ/ဆုံး)
ဘယ်လောက်များ အံ့သြစရာကောင်းလိုက်သလဲ။
          အလွန်လှပသော ပေါ့ပါးလွတ်မြောက်မှုအရသာသည် အရုပ်ဆိုးအကျည်းတန်လှသော ဆုံးရှုံးမှုတစ်ခုထဲမှ ထွက်ကျလာခဲ့ရသတဲ့။
          ပူပူနွေးနွေးမုဆိုးမတစ်ယောက်၏ ဘ၀စာမျက်နှာသည် အကျည်းတန်လှချိန်ဟုခေါ်သော တိမ်တောက်နေသည့် ညနေစောင်းမှာပင်
ဘယ်လိုမှမလှပနိုင်သည်မှာ အသေအချာပါ။
          မနွဲ့ရီသည် နှစ်ယောက်အိပ်ကုတင်ကျယ်ကြီးပေါ်တွင် တစ်ယောက်တည်း ခြေကားရားလက်ကားရားနှင့် အလယ်ကောင်တည့်တည့်
အိပ်နေရာမှ ဘယ်ညာတစ်ချက်စီလူးလိမ့်လိုက်၏။
          ဘယ်သူ့ကိုမှ အားနာဖို့မလို။ လန့်နိုးသွားမည့်သူတစ်ယောက်မှ အနားမှာမရှိ။ ယခင်က အအိပ်ဆတ်သူကြောင့် အသက်အောင့်ပြီး
လှုပ်ရှားသော်လည်း ဒန်းလော့မွေ့ရာကြီးသည် တအိအိငြိမ့်တတ်သောကြောင့် မကြာခဏငြူစူခံခဲ့ရသည် မဟုတ်လား။
           ခင်ပွန်းသည်က အအိပ်ဆတ်ရုံတင်မက တစ်ရေးနိုးပြီးလျှင် တော်တော်နှင့်ပြန်အိပ်မပျော်တတ်။ ညဥ့်နက်သန်းကောင် အတွေးခေါင်
နေတတ်သည့်သူမက လူးလိမ့်မိ၍သူနိုးသွားတိုင်း အားနာစိတ်ကြောင့် အနေရခက်လှ၏။
           အမှန်က နံဘေးမှလွတ်နေသောနေရာသည် သူမရင်ကို “ဟာ”နေစေရမှာမဟုတ်လား။ ခုတော့ မနွဲ့ရီက မ“ဟာ”။ လပ် နေ၏။
လွတ်ဟာမနေဘဲ လွတ်လပ်နေ၏။
          သူမကိုယ်သူမလည်း အံ့သြမိသည်။ အတူနေလာသည့် နှစ်ပေါင်းသုံးဆယ်နီးပါးအိမ်ထောင်ရေးတစ်ခုကို လင်သည်မရှိတော့ကာမှ
လွတ်လပ်သွားသလို ခံစားရသည်က အံ့သြစရာမဟုတ်ဘူးလား။
           ဒါဟာဖောက်ပြန်ရေးတစ်ခုဟု အမည်တတ်နိုင်မလား။
          မနွဲ့ရီသည် ပခုံးတစ်ချက်တွန့်လိုက်မိပြီးမှ သူမအမူအရာသည် ကလေးဆန်သွားပြီလားဟု မလုံလဲစိတ်ဖြစ်သွားရ၏။
သို့ပေမယ့် အခန်းတွင်းမှာ သူမမှလွဲ၍ ဘယ်သူမှရှိမနေ။
           ဒါသည်ပင် လွတ်လပ်မှုလို့ ခေါ်တာမဟုတ်လား။
                                                       xxxxxx
          ရုတ်တရက် အိမ်ထောင်ပြုရတော့မည်ဆိုတုန်းက အိပ်မက်ယောင်ပြီးလမ်းထလျှောက်နေရာမှ ပုတ်အနှိုးခံရသူလို မနွဲ့ရီ
မှင်တက်သွားခဲ့ရဖူး၏။
          သူမက စိတ်ကူးဖြင့် တိမ်ကိုလှေလုပ်စီးကာ ၀ဠာအဆုံးရွက်လွှင့်စီးမျောချင်သူလေ။ ဘယ်ကျွန်းသောင်ကမ်းမှာမှ မနားခိုချင်သေး။
          ရည်ရွယ်ဦးတည်ရာမထား၊ လွင့်ချင်ရာလွင့်သွားနေရသည်ကိုက အရသာ။
          သို့ပေမယ့် မိဘအလိုကို ငြင်းပယ်ရန်မှာ လုံလောက်သောအကြောင်းပြချက်တော့ မရှိခဲ့ပါ။
          မနွဲ့ရီမှာ ချစ်သူရည်းစားမရှိ။ အရွယ်တော်ကတဆိတ်ဟိုင်းလို့ အသက်ပင်အစိတ်ကျော်နေပြီ။ စိတ်ကူးယဉ်မင်းသားတွေနှင့်ချည်း
နှစ်ပါးသွားနေမိ၍လားမဆိုနိုင်။ လက်တွေ့မှာချဉ်းကပ်လာသမျှ ပုရိသတိုင်းကို မနွဲ့ရီစိတ်မ၀င်စားခဲ့ပေ။
          အပြင်မှာ တကယ်ကြုံရသောယောကျာ်းများက ဖတ်ခဲ့ဖူးသမျှစာအုပ်တွေထဲမှ ဇာတ်လိုက်များလို သူရဲကောင်းမဆန်ကြ။
စင်းလုံးချောလည်း မဖြစ်။ သူငယ်ချင်းတွေပြောသလို “ စာအုပ်ထဲကဇာတ်လိုက်တွေနဲ့နှိုင်းပြီး ကြေးထူနေလို့ကတော့ နင်ဒီတစ်သက် ငှက်ပျောတုံးဖက်တော့ ” ဆိုသလိုပါပဲ။
          မနွဲ့ရီက လွတ်လပ်မှုကိုခုံမင်သည်။ ဖတ်ချင်သည့်စာတွေကို ညဥ့်နက်သန်းခေါင် စိတ်ကြိုက်ဖတ်လိုသည်။ လွတ်လွတ်လပ်လပ်
တွေးနေရတာကိုကြိုက်သည်။ ဒီတော့ ချစ်သူရည်းစားဆိုသည့် ဘောင်ခတ်ထားမှာကိုလည်းမလိုလား။ ဘယ်လောက်များမွန်းကျပ်လိုက်မလဲဟု
အတွေးနှင့်ပင် စိတ်ကျဉ်းကျပ်လှ၏။
          အိမ်ထောင်ရေးကိုတော့ဖြင့် ထောင်ကျသလိုတင်စားကြသည်မို့ ပိုလို့ပင်မစဉ်းစားချင်သေးပေ။ သူမဖတ်ချင်သည့်စာများက စာရင်းပြုစုထားသည်ပင် တော်တော်ကျန်သေး၏။ စာရင်းမသွင်းရသေးသော ဖတ်သင့်သည့်စာအုပ်များကလည်း တစ်ပုံတစ်ခေါင်း။   
         စာဖတ်ကျင့်စွဲသွားပြီးကတည်းက ဖတ်လိုက်သည့်စာတွေဆိုတာ မုဆိုးအမဲလိုက်သလို သဲကြီးမဲကြီး။ စာဖတ်သက်ကလေး
ရင့်လာတော့ ဖတ်ရုံနှင့်မပြီး။ ဖတ်လိုက်တွေးလိုက်။ အတွေးတွေများလာတော့ နောက်ကအရေးလိုက်လာသည်။ စာရေးချင်လာသည်။ ဒီတော့နောက်ပိုင်း ဖတ်လိုက်တွေးလိုက်၊တွေးလိုက်ရေးလိုက်။ တကုပ်ကုပ်နှင့်အိမ်တွင်းအောင်းကာ တစ်ယောက်တည်း အလုပ်ရှုပ်နေတော့၏။
          သည်လိုနှင့် တစ်ပုဒ်စနှစ်ပုဒ်စ ဖြိုးဖြိုးဖြောက်ဖြောက် စာမျက်နှာပေါ်တက်လာသော သူမစာလေးတွေကို ပီတိဝေလို့မှ မနွဲ့ရီမ၀သေး။
မိဘ၀တ်္တရားကျေလိုလှသော အမေနှင့်အဖေက သူတို့မိတ်ဆွေ၏သားနှင့် အိမ်ထောင်ချပေးရန် စီစဉ်လေသည်။
            “ အိမ်ထောင်တဲ့။ ကြားရတာကိုက မွန်းကျပ်ချင်စရာကြီး..”
          အရိုးများသလေး ချေးခါးသလေး ငြင်းဆန်ရန်ပြင်ဆင်နေသေးသော မနွဲ့ရီသည် ခင်ပွန်းလောင်းဒေါက်တာဇော်လတ်ကို မြင်သောအခါတွင် အာစေးထည့်ခံလိုက်ရသလို ပါးစပ်ပိတ်သွားတော့၏။
          မည်းနက်နေသော မျက်ခုံးထူထူတစ်စုံသည် အညိုရောင်မျက်ဝန်းများကို နက်ရှိုင်းတည်ကြည်သွားစေသလား။ ညိုဝါရောင်အသားက ပိရိသေသပ်သောနှုတ်ခမ်းကို တိကျအောင်အားဖြည့်သလို ကြံ့ခိုင်သောမေးရိုးများက စင်းကျနေသောနှာတံကို ပို၍ချွန်မြစေ၏။ သွယ်မြင့်သော အရပ်ကို ပခုံးကျယ်နှစ်ဖက်က အနားကွပ်လိုက်တော့ မနွဲ့ရီစွဲခဲ့သော ၀တ8ုတွေထဲက ဇာတ်လိုက်ကျော်များပင် ဆလံပေးရတော့မည့်ပုံ။
          မနွဲ့ရီ၏နှလုံးခုန်သံသည် နရီစည်းချက်မမှန်တော့ဘဲ မြင်းရိုင်းကဆုန်ပေါက်သလို ဗြောင်းဆန်နေသည်ဟု သူမကထင်လာသည်။
          လွင့်မျောနေသော စိတ်ကူးအတွေးအားလုံးသည် ဆိုက်ကပ်ရန်သောင်ကမ်းမြင်လေပြီ။ အိမ်ထောင်ဟူသည် ဘောင်ခတ်သည်ပဲ
ဖြစ်ဖြစ်၊ တံတိုင်းတားသည်ပဲဆိုဆို၊ သူမကိုယ်တိုင် ပိုးဖလံဖြစ်နေပါစေဦး။ မီးထဲတိုးဝင်ကာ ကိုယ်တိုင်လောင်ကျွမ်းချင်လာ၏။
           အချစ်ဆိုသောအရာကို သူမ ကိုယ်တွေ့ကြုံလေပြီလား။ ဘ၀မှအခြားအရာများအားလုံးသည် မှုန်ဝါးသေးငယ်ကာ ချစ်သူသည်သာ မှန်ဘီလူးဖြင့်ပုံကြီးချဲ့လိုက်သကဲ့သို့ ရှေ့တန်းသို့ အရေးကြီးစွာနီးကပ်လာလေတော့သည်။
                                                       xxxxxx
                          အချစ်နှင့်အိမ်ထောင် တစ်ထပ်တည်းကျသည်ဟု ကျေနပ်မိသောသူမသည် အိမ်ထောင်ဦးရက်များကို မိုးမမြင်လေမမြင် ကျော်ဖြတ်
လေ၏။ လုပ်လက်စအလုပ်ကိုလည်း ထွက်ပစ်လိုက်ပြီး ခင်ပွန်းသည်နံဘေးမှ ဒေါက်တာဇော်လတ် ကိုယ်ပွားအရိပ်အဖြစ် ကျေနပ်နေသည်။
          ခင်ပွန်းသည် ဆေးရုံအလုပ်သွားနေချိန်တွင် ထမင်းမြိန်စေမည့် သူကြိုက်တတ်သော ကောင်းနိုးရာရာများကို ကိုယ်တိုင်စီမံ
ချက်ပြုတ်ထား၏။ အိမ်ပြန်ချိန်အံကိုက် ရေမိုးချိုး ဖြီးလိမ်းပြင်ဆင်ထားကာ ကိုယ်တိုင်မှခူးခပ်မကျွေးရလျှင် ဇနီးမယားဝတ်္တရားမကျေပွန်သလို
လင့်အချစ်လျော့မည်စိုးကာ သူ့အတွက်ဆို ဘာမဆို ကိုယ်တိုင်သာလုပ်ပေးချင်ပြန်သည်။
          အိမ်အကူတွေရှိသော်လည်း သူတို့ကိုခိုင်းရတာ စိတ်တိုင်းမကျ။ ကိုယ်တိုင်ပင် အိမ်ခြံဝင်းအတွင်းမှာလည်း သစ်ပင်ပန်းမန်များ
စိုက်ပျိုးပြင်ဆင်ထားကာ သူကစိတ်လိုလက်ရ မချီးမွမ်းချင်နေ။ ခံစားကြည်နူးနေပုံရလျှင်ပင် မမောနိုင်မပန်းနိုင် ကျေနပ်ဂုဏ်ယူချင်၏။
          ညနေ ကိုယ်ပိုင်ဆေးခန်းချိန်မှာပင် အကူနာ့စ်အဖြစ် အခြားသူကိုမထားဘဲ သူမကိုယ်တိုင်ပါဝင်သေးသည်။
          သူမက စေတနာတွေ ရေစီးကမ်းပြိုလိုက်နေသလောက် ဒေါက်တာဇော်လတ်ကတော့ သူ့နဂိုပုံစံပဲလား။ သူမကသည်းနေတာ
တွေ့လို့ပဲ အိုက်တင်ခံလေသလားမသိ။ ကိန်းခန်းကြီးပြီး သူမအပေါ် သိတ်ရောရောဝင်ဝင်မရှိလှ။ အလုပ်အားချိန်များမှာ လင်မယားနှစ်ယောက်
ထွေရာလေးပါး ပြောဆိုကြည်နူးရတာမျိုးမရှိဘဲ သူ့ဆေးစာအုပ်ထူထူကြီးများကိုသာ စိတ်ဝင်တစားဖတ်နေလေ့ရှိ၏။
          သူမ၏ ဖတ်လက်စစာအုပ်များကတော့ ချောင်ထဲမှာ ဖုန်တက်ကုန်လေပြီ။ ဒေါက်တာဇော်လတ်က မဖတ်နဲ့လို့ တစ်ခွန်းမှ
ပြောသည်မဟုတ်။ မနွဲ့ရီထံအလည်ရောက်လာသော စာရေးဆရာတချို့နှင့်သူ့ကို မိတ်ဆက်ပေးမိပြီးသည့်နောက် ဧည့်သည်များအပြန်တွင်
သူပြောလိုက်သောစကားက သူမစိတ်ထဲကို ဆူးတစ်ချောင်းလို စိုက်ဝင်သွားရ၏။
            “ စာရေးဆရာဆိုတာ စိတ်ကူးယဉ်ပြီး အချိန်ဖြုန်းနေတဲ့လူတွေပဲ...”
          သူက လက်တွေ့သမားဆိုတော့ အတွေးသမားတွေကို နားလည်ချင်ပုံမရ။ စိတ်ကူးယဉ်စာပေနှင့် သရုပ်မှန်စာပေကိုလည်း ခွဲခြားသိပုံမပေါ်။ ကလောင်သွားသည်လည်း ဆေးထိုးအပ်လိုပင် သူ့နေရာနှင့်သူ အကျိုးပြုကြောင်း၊ ရှင်းပြလိုက်ချင်သော်လည်း မနွဲ့ရီမှာသာ ထိုစကားတစ်ခွန်းကြောင့် သူကမတားမြစ်ရပါဘဲ စာရေးစာဖတ်မလုပ်ဝံ့တော့။
          သူအထင်သေးမှာကိုလည်း မခံနိုင်သလို ကဲ့ရဲ့ရှုတ်ချလာမှာကိုလည်း စိုးရွံ့သည်မို့ စာပေမိတ်ဆွေဟောင်းများကိုရှောင်ကာ စာအုပ်များကိုလည်း သေတ်္တာထဲ သော့ခတ်သိမ်းဆည်းလိုက်တော့၏။
          အချစ်ကြောင့် ဘ၀ သာယာစိုပြေလာပြီဟု ထင်နေမိသောမနွဲ့ရီသည် နှလုံးသားက အာဟာရချို့တဲ့သူလို သွေ့ခြောက်ညှိုးရော်
လာသည်ကိုတော့ဖြင့် ထိုစဉ်က သတိမမူမိခဲ့ပေ။
                                                       xxxxxx
         အိမ်ထောင်သက်အတန်ကြာ၍ သားသမီးလည်းမရသောအခါ ဘ၀သည် မစီးဆင်းတော့ဘဲရပ်တန့်နေသကဲ့သို့ မနွဲ့ရီခံစားလာရသည်။ စက်ရုပ်ဆန်သည့် လက်တွေ့ကျကျ သူ့အပြုအမူဆက်ဆံရေးများကလည်း စီးနေသောရေကိုပင် ရပ်တန့်သွားစေနိုင်လောက်အောင် အေးခဲနေ၏။
         အပြင်စာလုံးဝမစားရဘဲ ဇီဇာကြောင်ဆရာဝန်ကြီးအကြိုက် မနက်ခင်းစာ ပဲပြုတ်ထမင်းကြော်နှင့်နွားနို့တစ်ခွက်သည် မုန့်ဟင်းခါး
ကြိုက်လှသော သူမအတွက်တော့ ကျဉ်းမြောင်းလှသောဘောင်တစ်ခုပင်။ သူ့အကြိုက်နေထိုင်ရင်း သူမဆန်္ဒနှင့်ဆန့်ကျင်ဖက်များသည်ပင် အစဉ်အလာတစ်ခုလို အသားကျလို့နေပြီ။
         သို့ပေမယ့် နဂိုညံ့သက်သောနှလုံးသားက အေးစက်နေသည့် နွားနို့ခွက်မျက်နှာပြင်လို ရှုံ့တွတင်းခြောက်လာ၏။
         ပထမပိုင်းတုန်းကတော့ အချစ်စိတ်မွှန်နေ၍ မနွဲ့ရီကမသိသေး။ ခင်ပွန်းသည်အကြိုက်လိုက်နေရသည်ကိုပင် အချစ်သက်သေ
ထူနေရသလို တက်ကြွရဲရင့်နေသေးသည်။ အချိန်တစ်ခုကြာလာလျှင်တော့ နှလုံးရည်ခမ်းလာသော သူမကိုယ်သူမသတိထားမိလာပြီး ထိတ်လန့်သွားရ၏။
          ဥပမာ မနွဲ့ရီက အားနာသနားတတ်သူဆိုတော့ ဒေါက်တာဇော်လတ်နှင့်ညားကာစမှာ ညအချိန်မတော်လိုမျိုး လူနာ အိမ်တံခါး လာခေါက်တိုင်း အကြောင်းမသိခင်က သူမ တံခါးထဖွင့်ပေးမိ၏။
           “ ဒီလို အချိန်မတော် တံခါးခေါက်တိုင်းသာ ဖွင့်ပေးမှန်းသိလို့ကတော့ ညလုံးပေါက်ဆေးကုဖို့သာ ပြင်ထား။
             ခပ်စောစောလာပြလို့ရတဲ့ လူနာမှန်သမျှ သန်းကောင်သန်းလွှဲကျမှပဲ ရောဂါသည်းသလိုလိုနဲ့ ရောက်လာကြလိမ့်မယ်..”
          တစ်ခါကတော့ သူမတောင်းပန်လွန်း၍ ဒေါက်တာဇော်လတ်က ညကြီးအချိန်မတော် အိမ်ပင့်သောလူနာနောက်ကို လိုက်သွား
ပေးဖူး၏။ အဲသည်လူနာရှင်က ရှိခိုးမတတ်အသနားခံနေသည်မို့ မနွဲ့ရီမှာ ကျားမြီးပဲဆွဲရဆွဲရ၊ ကူညီချင်စိတ်ဖြစ်သွားရခြင်းဖြစ်သည်။
          ကိုယ်တိုင်ဆရာဝန် မဖြစ်ရခြင်းအတွက် သည်တစ်ခါပဲ မနွဲ့ရီစိတ်ပျက်မိသေးသည်။ ကိုယ်တိုင်သာ ဆရာဝန်ဖြစ်လို့ကတော့
ယောကျာ်းကို ချော့မော့တောင်းပန်နေရန်မလို။ ဆေးအိတ်ဆွဲကာ တစ်ညလုံးပဲလိုက်ရလိုက်ရ လိုက်ကုပေးမည်ဟု အားမလိုအားမရ တွေးမိ၏။
          သို့ပေမယ့် လူနာအိမ်ရောက်လျှင်တော့ သူမအပြစ်တင်ခံရတော့မည်ကို ကောင်းစွာသိလိုက်ရပြီ။ သေလုမျောပါးပုံစံ လူနာရှင်
ပြောထားသောစကားနှင့် လူနာ့ပုံသဏ္ဍာန်မှာ မည်သို့မှထပ်တူမကျပါ။
          လူနာရှင်ဖက်က ရှေ့နေလိုက်မိသောမနွဲ့ရီမှာ နောက်တစ်ခါ သူနှင့်လူနာများဆက်ဆံရေးမှာ ၀င်မပါဝံ့တော့ပါ။
         “ ကိုယ်ကဆရာဝန်လုပ်သက်အရ အတွေ့အကြုံရှိပြီးသားမို့ ငြင်းဆန်တာကို မင်းက စိတ်ကောင်းမရှိတဲ့လူလို့ ထင်နေတာမဟုတ်လား။
               မင်းမြင်တဲ့အတိုင်းပဲ။ ညဖက်ဆိုတော့ လူနာရှင်ကိုယ်တိုင်က လူနာ့သည်းညည်းကို မခံချင်ကြဘူး။ ဒီလိုပဲ
            ရိုးရိုးဗိုက်နာတာလောက်ကို အစာအိမ်ပေါက်သလောက် ရေးကြီးခွင်ကျယ်ပြောပြီး ပင့်ကြလိမ့်မယ်။ ဆရာဝန်ပင့်လာနိုင်မှလည်း 
            လူနာကဂျီကဂျောင်လုပ်တာကို ဖြေရှင်းနိုင်မှာလေ။ တကယ်က အစာအိမ်ပေါက်ရင်တောင် ကိုယ်လည်းဆေးရုံကိုပဲ သွားခိုင်းရမှာပဲ။ 
                 ဒါကြောင့် ညဖက်ဆိုရင် ဆေးရုံကိုသွားလို့ပဲ ကိုယ်ကပြောခိုင်းတာ...”
          အဲသည်တုန်းက မနွဲ့ရီကိုယ်တိုင်လည်း စောဒကတက်စရာ စကားမရှိခဲ့ပါ။ အဖြစ်အပျက်ကလည်း သူ့ဖက်က ရပ်တည်သွားသည်
မဟုတ်လား။ နောက်များမှာတော့ ညဖက်တံခါးခေါက်သံများကို မနွဲ့ရီမကြားချင်ယောင် ဆောင်တတ်လာ၏။ မနေသာလွန်းမက
ဖြစ်လာရင်တော့ အိမ်အကူကောင်မလေးကို “ ဆရာမရှိပါဘူး။ ဆေးရုံသွားလိုက်ပါ...” ဟု မုသာဝါဒကို အရည်ကျိုသောက်ခိုင်းလိုက်ရမည်။
           သူမလိပ်ပြာကတော့ ခပ်ရှက်ရှက်ပါ။ သူမကိုယ်သူမ မနှစ်မြို့စိတ်ကလည်း ဖုံးဖိမရ။ ဒါသည်ပင် နှလုံးရည်ခမ်းခြောက်ရခြင်း တစ်မျိုးမဟုတ်လား။
                                                       xxxxxx
          သားသမီးမရှိသော ဘ၀တွင် မစီးဆင်းဘဲ မနေလိုသည့်မနွဲ့ရီသည် သူ့ဘက်ကိုယ့်ဘက် လိုအပ်ချက်များကို ဖြည့်ဆည်းရင်း နှလုံးသားအာဟာရပြည့်ရန် ကြိုးစားမိသေး၏။
          ဒေါက်တာဇော်လတ်၏ နွမ်းပါးသောဆွေမျိုးများနှင့် သူမ၏မပြည့်စုံလှသော သားချင်းများထဲမှ ငွေကြေးလိုသည့်လူကို ငွေကြေး
ထောက်ပံ့စောင့်ရှောက်၊ အလုပ်လက်မဲ့တွေကို အလုပ်ရှာပေး၊ လိုအပ်လျှင် အိမ်မှာခေါ်ထားပြီး ပညာသင် ကျောင်းထားပေး။
          တစ်ဖက်စောင်းနင်းဖြစ်လျှင် ဒေါက်တာဇော်လတ် အမြင်စောင်းမည်စိုး၍ နှစ်ဖက်မျှအောင် စီမံဆောင်ရွက်ရသည်ကလည်း
လွယ်တော့မလွယ်လှ။ မျှတအောင်ဆိုပေမယ့် ကိုယ့်လူဆို ဆန်ရင်းနာနာဖွပ်၍ သူ့လူဆို သာသာထိုးထိုးလုပ်ပါများတော့ မနွဲ့ရီအမျိုးတွေကပင်
သူမကို နှာခေါင်းရှုံ့ချင်ကြသေး၏။
          သို့ပေမယ့် ဆွေမျိုးတွေတရုံးရုံးနှင့် အထောက်အပံ့တွေများလာသောအခါ ဒေါက်တာဇော်လတ်က အိမ်စရိတ်ကိုကန့်သတ်လိုက်
တော့၏။ “ ကိုယ် ကားအမြင့်လဲစီးချင်လို့ ဘဏ်မှာငွေစုဦးမယ်။ တစ်လ “ ........” ပေးရင် လောက်မလား...” တဲ့။
           ဘယ်လောက် ပညာရှိပီသလိုက်သည့် စကားလဲလေ။
          တော်သေးသည်က ရှေ့ဆင့်နောက်ဆင့်ဆုံးသွားရှာပြီဖြစ်သော မိဘများထားခဲ့သည့်အမွေတွေက တစ်ဦးတည်းသောသမီး
သူမအတွက် သုံးမကုန်ပါ။
           သို့မို့ကြောင့် မီးဖိုချောင်စရိတ်နှင့် အိမ်စရိတ်မျိုးစုံသည် သူပေးမည့်ငွေနှင့် လောက်၊မလောက် ဒေါက်တာဇော်လတ်က စိတ်မ၀င်စားသလို မနွဲ့ရီကလည်းမမှုပါ။
          သို့ပေမယ့် အိမ်စရိတ်ကို စိတ်မ၀င်စားသည်က ထားပါတော့။ ဇနီးသည်ကိုယ်တိုင် ဖွယ်ဖွယ်ရာရာချက်ပြုတ်စီမံထားသည့် ထမင်းပွဲကိုတောင် ဘယ်လောက်စားကောင်းပါစေဦး။ ချီးကျူးစကားပြောဖို့ ၀န်လေးတတ်သည်ကတော့ အခံရမခက်စေဘူးလား။
          မနွဲ့ရီ အပင်ပန်းခံထားသော သန့်ရှင်းသပ်ရပ်သည့် အိမ်ကလေး အပြင်အဆင်နှင့် ပန်းပေါင်းစုံစိမ်းစိုလှပသည့် ခြံဝန်းလေးကိုလည်း ရောက်လာသမျှ ဒေါက်တာဇော်လတ်၏ ဆွေမျိုးမိတ်သင်္ဂဟများက ဘယ်လောက်ပင် ချီးမွမ်းခန်းဖွင့်ပါစေ၊ သူကတော့ ပြုံးထေ့ထေ့လောက်သာ တုန့်ပြန်၍ အသိအမှတ်မပြုချင်သလိုပင်။
          ကြာတော့ မနွဲ့ရီလည်းမိန်းမပီပီ စိတ်ခံစားချက်တစ်မျိုးဖြစ်လာရ၏။ အိမ်မှာနေရတာ စိတ်ဓာတ်ကျသလိုလို၊ မပျော်ရွှင်သလိုလို
ဖြစ်လာသည်မို့ မရောက်တာကြာပြီဖြစ်သော သူငယ်ချင်းတွေဆီ အလည်ထွက်မိသည်။ သူမမှာက သူတကာအိမ်ထောင်သည်တွေလို
အိမ်ထောင်ဖက်နှင့် အပေးအယူမျှမျှ စိုပြေသည့်ဘ၀မဟုတ်လျှင်တောင် မခြောက်ခမ်းသည့်မေတ်္တာစမ်းကလေး စီးဆင်းနိုင်မည့် သားသမီးကလေးသော်မှ တစ်ယောက်မျှမရှိသည့်ဘ၀လေ။
          အမှန်တော့ မနွဲ့ရီက အိမ်မလည်တတ်။ ယိုင်နဲ့လာသောစိတ်ဓာတ်ကြောင့်သာ ဖြေသိမ့်ပေးနိုင်မည့် သူငယ်ချင်းတွေကို သတိရမိခြင်း ဖြစ်၏။ ရောက်သွားတော့လည်း သူငယ်ချင်းတွေက သူမကိုနားလည်စွာ ကြိုဆိုကြပါသည်။
           မခေါ်ချင်မပြောချင်သလို လှိုက်လှိုက်လှဲလှဲမရှိသော ဒေါက်တာဇော်လတ်ကြောင့်သာ သူမဆီအလာကျဲကာ အဆက်အသွယ် ပြတ်နေပေမယ့် သူမလာမည်ဆိုပါက အချိန်မရွေးတံခါးဖွင့်ထားကြောင်း၊ လှောင်ချိုင့်စံငှက်ကလေးလို သူမဘ၀ကိုသနားကြောင်း၊ နွေးထွေးမှု အပြည့်နှင့် ကြင်နာစွာကမ်းလင့်ကြသောလက်များက သူမ၏ခြောက်သွေ့နေသော နှလုံးသားကို အနည်းငယ် ညံ့သက်သွားစေသလိုပင်။
          သို့ပေမယ့် သူငယ်ချင်းတွေတင်စားပြောလိုက်သော လှောင်ချိုင့်စံငှက်ကလေးသည်ပင် သူမဖြစ်ခဲ့ပါလျှင် ထိုလှောင်ချိုင့်တွင်းသို့
မိုက်မဲစွာသက်ဆင်းခဲ့သည်မှာ သူမကိုယ်တိုင်ပင်မဟုတ်လား။
            “ ကိုယ်က မင်းကို သာမန်မိန်းမတွေလို အိမ်လည်အတင်းပြော၊ အရည်မရအဖတ်မရ အကျိုးမဲ့စကားတွေနဲ့ အချိန်ကုန်တတ်တဲ့သူ
                မဟုတ်ဘူးလို့ထင်ထားတာ...”
           အပြင်မှပြန်လာသောမနွဲ့ရီသည် အပြစ်တင်သည်လည်းမဟုတ်၊ တားဆီးသည်လည်းမဟုတ်။ သို့ပေမယ့် နောက်ထပ်လည်း
မလုပ်ဝံ့အောင် ပြောတတ်သည့်သူ့ကို အံ့သြမှင်တက်နေမိသည်။
           ဒေါက်တာဇော်လတ်၏ ပညာသားပါလှသောစကားက သူမကိုလှောင်ချိုင့်တွင်းတွင် အမှန်တကယ်ပင် ခြေချုပ်မိစေခဲ့၏။
သူငယ်ချင်းများဆီ နောက်ထပ်သွားရန်လည်း ၀န်လေးရပြီ။ သူငယ်ချင်းများကြောင့် အနည်းငယ်ညံ့သက်လာသော နှလုံးသားကလည်း
ချက်ချင်းပင် မီးကျီးခဲပေါ်အတင်ခံလိုက်ရသလို ရှုံ့တွကာ အရေလန်သွားရတော့သည်။
                                                        xxxxxx
          အမှန်တော့ အိမ်မလည်တတ်သူမနွဲ့ရီအတွက် အကောင်းဆုံးအဖော်မွန်က သူမနှစ်သက်လှတဲ့စာအုပ်တွေပဲ ဖြစ်သင့်သည်မဟုတ်လား။
           သော့ခတ်ထားမိသော စာအုပ်သေတ်္တာသည် ဒေါက်တာဇော်လတ်ပယောဂမပါဟု မငြင်းနိုင်သော်ငြား တိုက်ရိုက်တော့ဖြင့်မဟုတ်ခဲ့ပါ။
သူမကသာ အိမ်ထောင်ဦးအချိန်က ချစ်စိတ်မွှန်ပြီး ခင်ပွန်းအမြင်မှာ အပြစ်ကင်းချင်လွန်း၍ အိုဗာဖြစ်သွားရခြင်းလေ။ ခုလို အိမ်ထောင်သက် ကလည်း ဆယ်စုနှစ်ကျော်လာတော့ ချစ်စိတ်ရေချိန်ကလည်း ကျသွားခဲ့ပြီ။ သူမရဲ့အပိုတွေကိုလည်း သူမကိုယ်တိုင်မြင်လာခဲ့သည်။
           မနွဲ့ရီ ကလောင်ပြန်ကိုင်လေပြီ။ စာအုပ်သေတ်္တာကိုလည်း သော့ဖွင့်လေ၏။ ဆေးခန်းကိုလည်း မလိုက်တော့။ အကူနာ့စ်တစ်ယောက်
ငှားပေးလိုက်သည်။ ပန်းခြံထဲလည်း ပေါင်းသင်မြေဆွမလုပ်အား။ သစ်ရိပ်မှာခုံလေးခင်းပြီး စာရေးစာဖတ်လုပ်ရသည်မှာ အရသာရှိပေစွ။
           ရပ်တန့်သလိုထင်ခဲ့သော မနွဲ့ရီ၏ဘ၀သည် ခုမှပြန်၍စီးလေပြီ။ လှမ်းမြင်ရသောသမုဒ်ပြင်ကျယ်သည် လှိုင်းဂယက်တွေ
ရှိသော်လည်း ကျယ်ပြော၏။
           မနွဲ့ရီသည် အိမ်ထောင်ရေးမှာ နစ်ဝင်ပစ်လိုက်သော ကုန်ခဲ့သည့်အချိန်တွေကိုပင် နှမြောနေမိသေး၏။
           ဆယ်စုနှစ်တစ်ခုကျော် အောင့်ထားခဲ့ရသောမနွဲ့ရီမှာ ဝေါကနဲ တမံကျိုးသလို စာတွေသွန်ရေးတော့သည်။
မဂ်္ဂဇင်းစာမျက်နှာတွေပေါ် မှာလည်း မနားတမ်းပြေးလေ၏။ တစ်နှစ် နှစ်နှစ်အတွင်း စာပေနယ်မှာနေရာရ စာရေးဆရာမတစ်ယောက် ဖြစ်လာသော်လည်း ဒေါက်တာဇော်လတ်ကတော့ သူ့ပုံစံ ပြုံးထေ့ထေ့လောက်နှင့်သာ အသိအမှတ်မပြုချင်ပြုချင်။ သူမရေးသောဝတ8ုများ
ကိုတော့ ဟုတ်တိပတ်တိ ဆုံးအောင်ဖတ်သည်ပင်မရှိ။ ထုံးစံအတိုင်း ကောင်းသည်လည်းမပြော၊ ဆိုးသည်လည်းမဆို။
            “ ကိုယ်ကတော့ စိတ်ကူးယဉ်တွေဖတ်လို့ကိုမရဘူး။ စာဆိုရင် ဗဟုသုတရရင်ရ၊ ဒါမှမဟုတ် နိုင်ငံရေးနဲ့စီးပွားရေးသတင်းတွေပဲ
                 ကြိုက်တယ်။ ”
          အရင်လိုဆိုရင်ဖြင့် မနွဲ့ရီ သူ့ပါးစပ်ဖျားမှာ လမ်းဆုံးမိပေဦးမည်။ ခုတော့ မနွဲ့ရီ အရင်ကလောက်မရူးတော့ပြီ။ သူကကိုယ့်ကို
အထင်မကြီးလည်း မမှုတော့။ သူမမှာ ဖြေဆေးရှိနေပြီလေ။
           သူဂရုမစိုက်လို့၊ အသိအမှတ်မပြုလို့၊ စိတ်ထဲမှာအားငယ်သလိုလို ၀မ်းနည်းသလိုလို ဖြစ်ခဲ့ရတာတွေကလည်း အရင်လိုခံစားချက် မပြင်းထန်တော့။ ဥပက်္ခာပြုနိုင်ခဲ့ပြီ။ တကယ်တော့ စာအုပ်တစ်အုပ်ကို စိတ်နှစ်ပြီးဖတ်နေရတာလောက် ဘ၀မှာ အရသာရှိတာမတွေ့နိုင်ပေ။
           နာမည်လေးနည်းနည်းရလာတော့ စာပေသမားတွေ အိမ်ကိုအ၀င်အထွက်ရှိလာ၏။ စာမူလာတောင်းတာ၊ စာအုပ်လာပေးတာ၊
စာမူခ၀င်ပေးတာတွေကလည်း မကြာခဏဆိုသလိုပင်။ ဖုန်းတွေကလည်းလာလိုက်သည်မှ ဒေါက်တာဇော်လတ်၏ အလုပ်ကိစ်္စဖုန်းနှင့်
သူမ၏စာမူကိစ်္စဖုန်းမှာ အကြိမ်တူတူလိုဖြစ်လာ၏။
           “ မင်းဆီကိုလာလိုက်သမျှကလည်း ယောကျာ်းတွေချည်းပါလား။ စာရေးဆရာမတွေက အလုပ်များပြီး စာရေးဆရာတွေက
              အားအားယားယား လမ်းထွက်အိမ်လည်နေတာပဲလား။ ”
           ဒေါက်တာဇော်လတ်၏ မလိုလားဟန် စကားများသည် သူမအတွက် အနေကျုံ့စေသည်ကတော့ အမှန်ပင်။ တစ်ခါတစ်ရံ
ဧည့်သည်စာရေးဆရာရောက်လာကာမှ ဧည့်ခန်းထဲထိုင်နေသောသူက နှုတ်လည်းမဆက်၊ ခပ်တည်တည် အိမ်ထဲဝင်သွားတာမျိုးဆိုလျှင်
သူမမှာ ရှက်ရွံ့အားနာရ၏။ သည်လိုအခါများမှာတော့ စာပေနယ်မှာလှမ်းနေသော သူမခြေလှမ်းများပင် ယိုင်ချင်ချင်။
           သူမကတော့ ဒေါက်တာဇော်လတ်နှင့် ဆေးရုံ၊ဆေးခန်းမှ သူနာပြုဆရာမများ၊ အမျိုးသမီးဆရာဝန်များ၊ ဟောက်ဆာဂျင်
ဆင်းနေသော ဆရာဝန်မလေးများ၏ အလုပ်သဘောအရဆက်ဆံရေးများကို တစ်ခါမျှ မဝေဖန်၊ မခနဲ့ဖူးပါ။ သည့်အပြင် ခပ်သည်းသည်း
ခပ်ကဲကဲ လူနာအမျိုးသမီးအချို့ကိုလည်း ဥပက်္ခာပြု နားလည်ပေးထား၏။
          သူက အိမ်လာသမျှ မနွဲ့ရီ၏ဧည့်သည်တိုင်းကို အမျိုးသမီးမမြင်ဘဲ အမျိုးသားချည်းကွက်မြင်နေသည်ကတော့ အံ့သြစရာ။ဇနီးသည်အပေါ် ချစ်ခင်ယုယဟန်၊ အလေးထားမြတ်နိုးဟန် မပြချင်သည့်သူ့ဆီက မနာလိုအူတိုသလိုအမူအရာများ တစ်ချက်တစ်ချက်
လှစ်ကနဲမြင်ရသော်လည်း သူမက မပျော်တတ်တော့ပါ။
          ယခင်ကလို နူးညံ့သည့်နှလုံးသားဖြင့်သာဆိုလျှင် တိတ်တခိုးကျေနပ်မိမည်ထင်ပါ၏။ ယခုတော့ နှလုံးသားက တင်းခြောက်နေခဲ့ပြီ။
           ဒါသည် “ အချစ် ” မဟုတ်။ “ အတ်္တ ” သာဖြစ်သည်ဟု သူမကသေချာနေပြီလေ။
                                                        xxxxxx
          အမှန်တော့ အတ်္တနှင့်ပရကို မျှတချင်သည့်နှလုံးသားပိုင်ရှင် မနွဲ့ရီသည် ကိုယ့်အတ်္တကို ကိုယ့်ဖာသာပြုစုရင်း သာယာတတ်အောင်
သင်ပေးသူမှာ ဒေါက်တာဇော်လတ်ဟု စွပ်စွဲချင်လေ၏။
          သူမက ခင်ပွန်းသည်နှင့်၊ ဆွေမျိုးစုနှင့်၊ ပတ်ဝန်းကျင်နှင့် သိုက်သိုက်ဝန်းဝန်း ပျော်ဝင်ရှင်သန်ရင်းမှ စီးဆင်းရသည်ကို ဘ၀ဟုမြင်သူ။
          သို့မှလည်း ကြည်လင်သော၊ နွေးထွေးသော၊ ကျစ်လစ်သော အပြုသဘောဆောင်သည့် ရသကောင်းတွေ ဖန်တီးနိုင်မည်ဟု သူမထင်သည်။
           ခုတော့ အေးစက်ဖယ်ကြဉ်သော အိမ်ထောင်ဖက်ကြောင့် နာကျင်ပွယောင်းသော အဖျက်စိတ်များသာ သူမမှာ အားကောင်းလေ
တော့၏။ တော်တန်ရုံကို အကောင်းမမြင်ချင်တော့။ အထူးသဖြင့် သူမ မြတ်နိုးကိုးကွယ်ချင်ခဲ့သော ခင်ပွန်းသည် ဒေါက်တာဇော်လတ်၏
မေတ်္တာကို သူမ မယုံတော့။ ငတ်မွတ်တောင့်တမိသော အကြင်နာကိုလည်း မလိုချင်တော့။
           သည်လိုသာ သူမ သေသေချာချာ စွပ်စွဲချင်၏။
           ဒီတော့လည်း သူ့လိုပင် အရွဲ့တိုက်ကာ မနွဲ့ရီလည်း ကိုယ့်အတ်္တကိုယ် အရောင်တင်ချင်တော့သည်။
           အရင်လို လင့်အချစ်လျော့မည်စိုးကာ ၀တ်္တရားကျေလိုလှသော ဇနီးမယားကောင်းစိတ်ဓါတ်များကို လွှတ်ချပစ်လိုက်ပြီး စာရေးစာဖတ်နှင့်သာ တစ်ကမ်္ဘာတည်ဆောက်နေလိုက်၏။
          မည်သို့ပင်ဖြစ်စေ လမ်းကြောင်းတည့်တည့် လှမ်းလျှောက်နေသူအတွက် အောင်မြင်မှုပန်းတိုင်ရောက်ရန် မှတ်တိုင်များကလည်း စောင့်ကြိုနေသည်ပဲမဟုတ်လား။
          စာပေသမားများတန်ဖိုးထားသော အဖွဲ့အစည်းတစ်ခုက ပေးအပ်သည့်စာပေဆုကို မနွဲ့ရီဆွတ်ခူးရရှိလိုက်လေသည်။
                                                       xxxxxx
           စာအုပ်သေတ်္တာကို ဒုတိယအကြိမ်သော့ခတ်နေသော မနွဲ့ရီသည် သေတ်္တာထဲမှအရာတွေကို စာအုပ်ဟုမမြင်။ သူမ၏အသည်းနှလုံး
ကလီစာများဟုပင် ခံစားနာကျင်နေမိ၏။
           လက်တွဲဖော်ငုတ်တုတ်ကြီး ရှိနေလျက်နှင့် ဆုပေးပွဲကို တစ်ယောက်တည်းအထီးကျန်စွာ တက်ခဲ့ရပြီးနောက် နဂိုကမှနွေးထွေးမှု
မရှိသော မနွဲ့ရီတို့လင်မယားကြားတွင် ဒါဏ်ရာကိုယ်စီနှင့် အေးခဲငြိမ်သက်ခဲ့လေသည်။ အမှန်တော့ ငြိမ်သက်နေသောရေပြင်အောက်တွင်
မကျေနပ်မှုတွေ ပလုံစီနေခဲ့သည်ကိုလည်း နှစ်ဦးစလုံးသိနေ၏။
           ဆုပေးပွဲသည် စာပေလောကတစ်ခုလုံး ဂုဏ်ယူပျော်ရွှင်ကြသည့် ကြီးကျယ်ခမ်းနားသော ပွဲတစ်ခုဖြစ်ခဲ့သည်။
           ဒေါက်တာဇော်လတ်က အဖော်လိုက်ခဲ့ဖို့ ငြင်းဆန်၏။
           “ မင်းကိုဝိုင်းပြီး အရေးတယူလုပ်နေကြမယ့်ပွဲမှာ ငါကလိုက်ပြီး ဘာလုပ်ရမှာတုန်း...”
            မနွဲ့ရီသည် အံ့သြလွန်းစွာ ပါးစပ်ဟောင်းလောင်းပွင့်သွား၏။
           ဒေါက်တာဇော်လတ်၏ ဘွဲ့လွန်အခမ်းအနားများ၊ သမားတော်ကြီးများအတွက် ဂုဏ်ပြုညစာစားပွဲများ၊ ဆေးကုမ်္ပဏီများ၏
ဂုဏ်ထူးဆောင်ဧည့်ခံပွဲများကို သူမက သာမန်မိန်းမသားတစ်ယောက်အနေနှင့် ခင်ပွန်းသည်နံဘေးမှာ ကျေနပ်စွာလိုက်ပါခဲ့သည်ပင်။
          တစ်ခါမှ “ သူ့ပဲအရေးလုပ်နေကြတာ၊ ငါ့ကိုအရေးမလုပ်လို့ အောက်တယ် ” ဟု မတွေးမိဖူးပါ။ ကိုယ့်ရဲ့လက်တွဲဖော်ဂုဏ်ရှိတာသည် ကိုယ့်အတွက် ဂုဏ်ယူစရာပဲမဟုတ်လား။ ခုတော့...
           ကိုယ်သာ မင်းသားအမြဲဖြစ်ချင်၍ သူများကိုဇာတ်ပို့မပေးချင်သောသူသည် ဘယ်တော့မှဇာတ်လိုက်မဖြစ်။ မင်းသားရူးသာ
ဖြစ်လိမ့်မည်ဟု မနွဲ့ရီကစိတ်ပျက်နေချိန်တွင် ဒေါက်တာဇော်လတ်ကလည်း ဆုပေးပွဲဓါတ်ပုံများကိုကြည့်ပြီး မကျေမနပ်ဖြစ်နေ၏။
           “ ဘယ်နှယ့်ကွာ။ ၀ိုင်းဂုဏ်ပြုနေလိုက်ကြတာများ တိုက်ပွဲအောင်လာတဲ့ စစ်သူကြီးကျနေတာပဲ။ ယောကျာ်းမပါတော့
               ပိုလွတ်လပ်ပျော်ရွှင်နေတာပေါ့...”
           ဒေါက်တာဇော်လတ်၏ ခနိုးခနဲ့စကားသည် အတွင်းကြေကြေနေသော သူမအတွက် ကျားနာခဲ ခဲစရာဖြစ်သွားတော့၏။
ခင်ပွန်းစကားကို ခွန်းတုန့်ပြန်ခဲသော ဇနီးအလိမ်္မာဖြစ်လိုလှသည့် မိန်းမတစ်ယောက်၏ ဆယ်နှစ်ကျော်အနာမြုံတစ်ခု ပေါက်ကွဲမှုသည်
တော်တော်များ ပြင်းထန်သွားသလားမသိပါ။
          ဘာတွေပြောမိမှန်းပင် မနွဲ့ရီမမှတ်မိ။ နာကျည်းမှုလိမ်းကျံနေသော သွေးစက်လက်စကားများက လှပစရာတော့ဖြင့်မရှိပေ။
          ရသစာပေတန်ဖိုးကို နားမလည်သူတစ်ယောက်အတွက် ဆုတံဆိပ်သည် ဂုဏ်ယူဝမ်းမြောက်စရာ မဖြစ်သလို၊ နှလုံးမကြီးသူအဖို့
တစ်ဦးတစ်ယောက်၏ အောင်မြင်မှုသည် မုဒိတာပွားစရာလည်း မဟုတ်ခဲ့။
          နောက်ဆုံးတော့ သွေးရူးသွေးတန်းစိတ်ကြောင့် ကိုယ့်အသည်းနှလုံးကို ကိုယ်ပြန်သော့ခတ်မိခြင်းဖြင့် ဘ၀သည် မစီးဆင်းနိုင်
တော့ဘဲ ရပ်တန့်သွားရပြန်၏။
           သမုဒ်ပြင်သည် ကျယ်ပြောစွာမြင်နေရသော်လည်း သူမအတွက်တော့ လက်လှမ်းမမီခဲ့ပါချေ။
                                                       xxxxxx
          မိန်းမတစ်ယောက်၏ အချစ်သည် စိတ်ကူးယဉ်စရာ ကောင်းလောက်အောင် နူးညံ့ချိုမြခဲ့ဖူး၏။
          မိန်းမတစ်ယောက်၏ စွဲလန်းမှုသည် အံ့သြစရာကောင်းလောက်အောင် စွန့်လွှတ်သည်းခံနိုင်ခဲ့၏။
          မိန်းမတစ်ယောက်၏ သိမ်မွေ့မှုသည် မထင်မှတ်နိုင်လောက်အောင် စီးဆင်းကျယ်ပြန့်ခဲ့ရ၏။
          ထိုမိန်းမ၏ အားငယ်မှုသည် ကြေကွဲစရာကောင်းစွာ နစ်ဝင်နက်ရှိုင်းခဲ့လိမ့်မည်။
          ထိုမိန်းမ၏ နာကျဉ်မှုသည် အသည်းခိုက်မလောက် စိမ့်ဝင်ခါးသက်ခဲ့လိမ့်မည်။
          ထို့အတူ....မိန်းမတစ်ယောက်၏ ဥပေက်္ခာသည်လည်း စက်ရုပ်ဆန်စွာ မည်သူမျှမသိအောင် လှပသေသပ်နေခဲ့လိမ့်မည်ပင်။
                                                       xxxxxx
           ဘယ်လောက်များ အံ့သြစရာကောင်းလိုက်သလဲ။
          အလွန်လှပသော ပေါ့ပါးလွတ်မြောက်မှုအရသာသည် အရုပ်ဆိုးအကျည်းတန်လှသော ဆုံးရှုံးမှုတစ်ခုထဲမှ ထွက်ကျလာခဲ့ရသတဲ့။
          ကိုယ်ချစ်ခင်တွယ်တာရသူက ခပ်မှန်မှန်၊ ခပ်တန်းတန်း၊ အသိအမှတ်မပြုသလို နေတတ်ခဲ့သည်ကို ၀မ်းနည်းသလိုလို၊ နာကျည်း
သလိုလိုဖြစ်ခဲ့သော မနွဲ့ရီသည် တကယ်တမ်း သူမရှိတော့သည့်အချိန်ကျမှ ကျေးဇူးတင်ရကောင်းမှန်းသိတော့၏။
          သူမတွင် ခင်ပွန်းသည်၏အယုအယ အမှတ်တရတွေက မရှိသလောက်နည်းခဲ့သည့်အတွက် ဒေါက်တာဇော်လတ်သေဆုံးသွားချိန်တွင်
သူမဘ၀မှာ ကွက်လပ်ကြီးလို ဟာမသွား။ အလုပ်ကိစ်္စနှင့်ခရီးထွက်နေသလောက်၊ နိုင်ငံခြားသို့ ပညာသင်သွားသလောက်သာ အထင်ရောက်၍
လွမ်းလောက်စရာမရှိခဲ့ပါ။
          မနွဲ့ရီသည် နှစ်ယောက်အိပ်ကုတင်ကြီးပေါ်တွင် လွတ်လပ်စွာ ဘယ်ညာလူးလိမ့်နေရာမှ ကုတင်ပေါ်က ပေါ့ပါးစွာခုန်ဆင်းလိုက်၏။
          ကလောင်တံကို သူမပြန်ကိုင်ရမည်။ ထေ့ထေ့ပြုံးမည့်သူ၊ ရိပ်ရိပ်စောင်းမည့်သူ မရှိတော့ပြီလေ။
          စားပွဲပေါ်မှ စာအုပ်ဟောင်းဝါကျင်ကျင်လေးကိုဖွင့်ပြီး တစ်စုံတစ်ရာကိုရေးခြစ်လိုက်တော့ ကလောင်တံကမှင်မလိုက်။
ဦးနှောက်ကလည်း အတွေးမစို။ နှလုံးသားခြောက်ခမ်းနေတာ ကြာပြီမဟုတ်လား။
          မနွဲ့ရီသည် နှလုံးသားကိုအာဟာရဖြည့်မှ အတွေးတို့စိုလက်လာမည်ကို အသေအချာသိသူပီပီ ဆယ်နှစ်ကျော် သော့ခတ်ထားသော စာအုပ်သေတ်္တာကြီးကို ဖွင့်ဖို့ပြင်လေ၏။
          သော့တံလေးသည် သူမ တမြတ်တနိုးသိမ်းထားသော စားပွဲအံဆွဲထောင့်ရှိ ယွန်းခွက်ထဲတွင် လဲလျောင်းနေရသည်မှာ ပျင်းရိလှ ရော့မည်။ သူမက တယုတယကိုင်လိုက်တော့ အေးစက်စက်နှင့်မာခဲသော အထိအတွေ့က နှလုံးသားထဲအထိ စီးသွားသလိုပင်၊ ကျင်ကနဲ။
          အလိုလိုသိစိတ်ကြောင့် စိုးရိမ်မှုတစ်ခုဖြင့် သော့ကိုအလျင်စလိုလှည့်ပြီး သေတ်္တာကိုဖွင့်လိုက်သည်နှင့် မနွဲ့ရီ၏စိတ်ကူးကမ်္ဘာသည်
လွတ်ကျသွားခဲ့ရ၏။
          သေတ်္တာထဲမှ သူမ၏နှစ်ချို့အသည်းနှလုံးများသည် ဇကာပေါက်ဖြစ်နေကာ ၀ဖီးစိုပြေနေသောခြများကသာ သေတ်္တာတစ်ပြင်လုံး ဖွေးဖွေးလှုပ်နေတော့သည်။
          မနွဲ့ရီသည် ငိုချင်ရက်လက်တို့ဆိုသကဲ့သို့ ခုမှ အကြောင်းရှာရသလို သည်းထန်စွာ တလှိုက်လှိုက်တက်လာသော ခံစားချက်ကို သူမကိုယ်တိုင်ပင် မဝေခွဲတတ်တော့။
          လွတ်ကျသွားသောကမ်္ဘာသည် နှစ်သုံးဆယ်နီးပါးရစ်ပတ်လာသော သံယောဇဉ်လား။
           သော့ခတ်ထားသောသေတ်္တာထဲမှ ရှားပါးစာအုပ်များလား။
           မနွဲ့ရီကတော့ နှလုံးကွဲမတတ် ရှိုက်ကာ...ရှိုက်ကာ...။
                                                      xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
ရွှေအမြုတေမဂ္ဂဇင်း ( မတ်လ၊ ၂၀၁၄)
No comments:
Post a comment