အလှည့်


ပထမဦးဆုံးက ကျွန်တော့်အဖေပေါ့ဗျာ။ ကျွန်တော့်ဘ၀ထဲက ရုတ်တရက်ဆွဲထုတ်ခံခဲ့ရတာ။ အမေက ယူကျုံးမရငိုကြွေးရင်း တောင်းပန်ခဲ့ပေမယ့် အချည်းနှီးပါပဲ။
“ ရှင့်အစား ကျွန်မသာ သေပါရစေတော့ ကိုအေးဖေရယ်။ ကျွန်မထက်ရှင်က ပိုတန်ဖိုးရှိပါတယ်။ လောကအတွက်ရော...၊ သားလေးအတွက်ရော...”

ဒါပေမယ့် သေမင်းက အဖေ့ကိုပဲ မျက်စေ့ကျတာပါ။ ရောဂါသည်အမေ့ကို ဆေးခန်းပြပေးဖို့ နောက်ကတင်ပြီး မောင်းလာခဲ့တဲ့

ဆိုင်ကယ်ကို မူးမူးရူးရူးနဲ့ ဒလကြမ်းမောင်းလာတဲ့ တစ်ဖက်ဆိုင်ကယ်က ၀င်တိုက်ခဲ့တာ...။ နောက်ကထိုင်တဲ့သူမှာ အန္တရာယ်ပိုများပေမယ့် အဖေက အရှိန်နဲ့မောင်းနေတဲ့ ဘေးက ကားဘီးအောက်ကို ခေါင်းဝင်သွားခဲ့တယ်။

ဇနီးနဲ့သားအပေါ်မှာ ကြင်နာယုယတဲ့၊ ရိုးသားကြိုးစားပြီး စီးပွားအရှာကောင်းတဲ့၊ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွ အားထားရတဲ့ အရွယ်ကောင်းတုန်းအဖေ့ကို အားလုံးက နှမြောလွန်းလို့ စုတ်တသတ်သတ်နဲ့ သနားကြတယ်။ ဆုံးရှုံးမှုတွေအားလုံးထဲမှာ ကျွန်တော်က ပိုထိခိုက်တယ်လို့ ခံစားရတာ ကျွန်တော်သာ အသိဆုံးပါ။

အဖေ့ရဲ့ သန်မာတဲ့လက်မောင်းတွေကို ယီးလေးခိုခွင့်နဲ့ ရင်ခွင်ကျယ်ကြီးကို ခေါင်းတိုးဝင်ခွင့် ဆုံးရှုံးခဲ့ရတယ်။

အလုပ်ကပြန်လာတိုင်း နှုတ်ခမ်းမွှေးငုတ်စိတွေနဲ့ ကျွန်တော့်ပါးကို ပွတ်တိုက်နမ်းမယ့် အဖေ...၊ အိပ်ရာပေါ်မှာ ထွေးလုံးပုတ်သတ်ပြီး နပန်းလုံးမယ့် အဖေ...၊ အမေနဲ့သားကို ပဲလှော်ဆားညှပ်မယ်ဆိုပြီး တစ်ပေါင်းတည်း မလွှတ်တမ်း ဖက်ထားတတ်တဲ့ အဖေ...။ ကျွန်တော့်ဘ၀ထဲက ရုတ်တရက်ပျောက်ရှသွားခဲ့တယ်။

ပိုဆိုးတာက အမေ့ရဲ့ အရယ်အပြုံးတွေပါ အဖေနဲ့အတူ သေဆုံးသွားခဲ့တာပါ။ အဲဒါကြောင့် ကျွန်တော့်ဆုံးရှုံးမှုက ပိုတယ်လို့ပြောတာ...။ ကျွန်တော့်ဆုံးရှုံးမှုမှာ နောက်ဆက်တွဲက များပါတယ်။ အမေ့အပြုံးအပြင် ကျွန်တော့်ဘ၀လုံခြုံမှုရယ်၊ တိုးတက်မှုရယ်၊ အေးချမ်းမှုရယ်၊ နောက်ဆုံး...ပျော်ရွှင်မှုတွေပါ ပါတယ်။

ကျွန်တော် နာကျည်းခဲ့တယ်။ ခြေသံမပေးပဲဝင်လာပြီး ကျွန်တော့်ဘ၀ထဲက အဖေ့ကိုဆွဲနှုတ်သွားတဲ့ သေခြင်းဆိုတဲ့အရာကို...။

ကျွန်တော်လည်း အမေတောင်းပန်သလို ကျွန်တော့်ကိုသာ ခေါ်သွားပါတော့လို့ ပြောချင်နေခဲ့တယ်။

xxxxxxxxxx

နောက်တစ်ယောက်က ကျွန်တော့်အမေပါပဲ။ အမေတစ်ခု သားတစ်ခုဘ၀ကနေ နောက်ထပ်တစ်ခြမ်းပဲ့အောင် ဒီမကောင်းဆိုးဝါးကပဲ ရက်စက်ခဲ့ပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော် ကြိုသိနေခဲ့ပါတယ်။

ခုနစ်တန်းနှစ်ကတည်းက လွတ်ဟာသွားခဲ့ရတဲ့ အဖေ့ရင်ခွင်အစား အမေဟာ ချိနဲ့နဲ့သူ့ရင်ခွင်လေးကို အစွမ်းကုန် စွင့်ကား ဖြန့်ကျက်ပြီး ကျွန်တော့်အပေါ် မိုးကာပေးရှာတယ်။ အရေးကြုံတော့လည်း အမေဟာ သက်လုံမကောင်း ကောင်းအောင် ညှစ်ထုတ်ခဲ့ရတယ်။

အဖေရှာဖွေထားခဲ့တဲ့ ပိုင်ဆိုင်မှုလေးတွေကို သက်ဆိုးရှည်အောင် တတ်နိုင်သလောက်တော့ ဆွဲဆန့်ရှာပါတယ်။ ဘယ်တုန်းကမှ

စီးပွားမရှာဖူးတဲ့ အမေဟာ အရင်က မကြာခဏ လှဲလှဲနေရရှာတဲ့ သူ့ရဲ့ လူမမာအိပ်ရာလေးကို ကျွန်တော့်ပညာရေး အသက်ဆက်ဖို့အတွက် သိမ်းလိုက်ပါတော့တယ်။ အိမ်ဆိုင်လေးဖွင့်ပြီး အရိုးရှင်းဆုံး အရောင်းအ၀ယ်လေးကို စတင်ခဲ့ပါတယ်။ ကျွန်တော့်ကိုလည်း အဲဒီအိမ်ဆိုင် ၀င်ငွေလေးနဲ့ပဲ တက်္ကသိုလ်ရောက်အောင် ပို့နိုင်တော့မှာပါ။

ဒါပေမယ့် ကျွန်တော် ဂုဏ်ယူကျေနပ်လို့မှ မဆုံးသေးခင် မရဏမင်းက ခြေသံမှန်မှန်နဲ့ ကျွန်တော့်ဘ၀ထဲကို ၀င်လာပြန်ပါတယ်။

ဒီတစ်ခါတော့ ကျွန်တော့်ကိုခေါ်ပါ။ ကျွန်တော့်အမေကို ချမ်းသာပေးပါလို့ ကျွန်တော် အသံတိတ် အော်နေခဲ့ပေမယ့်

ရောဂါသည်အမေ့ကို စိတ်ရောကိုယ်ပါ ဆင်းရဲပင်ပန်းလှတဲ့ မုဆိုးမဘ၀မှာ လေးနှစ်တာ ရှင်သန်ခွင့် ပေးခဲ့တာတောင် လွန်လှပြီတဲ့။

အိပ်ရာထဲလဲပြီး မကြာခင်မှာပဲ အမေလည်း အဖေ့နောက်ကို လိုက်သွားပါတော့တယ်။

မုန်းတီးခဲ့တယ်။ ကျွန်တော့်ဘ၀ရဲ့ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းစေခဲ့တဲ့ မရဏမင်းဆိုတဲ့ အရာကို...။

လောကကြီးအလယ်မှာ ကျွန်တော်ကတော့ အထီးတည်း ကျန်ခဲ့တာပေါ့ဗျာ။

xxxxxxxxxx

လဲကျရာကနေ အကြိမ်ကြိမ်အားယူထရတော့ ထင်ကျန်ရစ်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေက တွန်းကန်အားတွေဖြစ်လာတယ်။

သေခြင်းတရားကို ခါးသည်းတဲ့ ကျွန်တော်ဟာ မရဏမင်းနဲ့ စစ်ခင်းချင်စိတ် ပေါက်နေတဲ့အတွက် သူ့လက်ထဲက အသက်တွေကို

ပြန်လုယူနိုင်မယ့် ဆရာဝန်အလုပ်ကို လုပ်ချင်ခဲ့တာပါ။

ဒါပေမယ့် သေခြင်းတရားက လက်ဦးမှုရယူပြီး အမေ့ကိုဆွဲခေါ်ချိန် စောသွားတော့ ဆေးတက်္ကသိုလ် အမှတ်မီပေမယ့်

ကျွန်တော် မတက်နိုင်ခဲ့ပါဘူး။ ဒီတော့...သေခြင်းတရားရဲ့ လက်တံတွေဖြစ်တဲ့ ရောဂါပိုးတွေကို တိုက်ဖျက်ဖို့ ရှာဖွေပေးနိုင်မယ့်

ထက်မြက်တဲ့ ဓါတ်ခွဲခန်းမှုးတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့တယ်။

အဲဒီမှာ တစ်ခြမ်းပဲ့နေတဲ့ ကျွန်တော့်ဘ၀လေးကို ဖြည့်ဆည်းနိုင်မယ့် မိုးကို စတွေ့ခဲ့တာပါပဲ။

စိုးရိမ်ပူပန်မှုတွေနဲ့ အရည်လဲ့နေတဲ့ လူနာရှင်မိုးရဲ့ မျက်ဝန်းလေးတွေကို သနားကြင်နာစိတ်နဲ့ တွယ်ငြိသွားခဲ့ရတယ်။

မိုးမေမေအတွက် လိုအပ်တဲ့ သွေးပုလင်းတွေ ကြိုးစားရှာဖွေ ပေးရုံမက ကိုယ်တိုင်ပါ ချက်ချင်းဖောက်လှူပေးခဲ့တဲ့ ကျွန်တော့်ကိုမှ မိုး အားမကိုးရင် ဘယ်သူ့ကိုအားကိုးမလဲ။

မရဏမင်းလက်ထဲက ကြိုးစားလုယူနေတဲ့ ဆရာဝန်ကြီးတွေကို ကျွန်တော်ကလည်း တစ်ဖက်တစ်လမ်းက စစ်ကူပေးခဲ့ပေမယ့်

မိုးမေမေခမျာ မိုးဆီ ပြန်မရောက်နိုင်ခဲ့ပါဘူး။ တစ်ကောင်ကြွက် အားကိုးရာမဲ့နေတဲ့ မိုးကတော့ ကျွန်တော့်ရင်ခွင်ထဲ အားကိုးတကြီး ခိုဝင်ခဲ့ရရှာတာပေါ့။

အဲဒီအတွက် မိုးကို ကျေးဇူးတင်ပါတယ်။ အနာတရတွေနဲ့ ကျွန်တော့်ရင်ခွင်ကို မိုးမေတ္တာတွေနဲ့ ကုသပေးခဲ့တယ်။ အဲဒီလိုပဲ။

လတ်လတ်ဆတ်ဆတ် မိုးရင်ထဲက အမေဆုံးရှုံးရတဲ့ ဒဏ်ရာတွေကိုလည်း ကျွန်တော့်အကြင်နာတွေနဲ့ သက်သာစေခဲ့ပါတယ်။

အဲဒီနောက်...တစ်ခြမ်းပဲ့ ကျွန်တော့်ဘ၀လေးကို ပြည့်စုံစေဖို့အတွက် သမီးလေးတစ်ယောက် မိုးက လက်ဆောင်ပေးလိုက်တဲ့ အချိန်မှာတော့ တလောကလုံးကို မေ့သွားပြီး ကမ္ဘာပေါ်မှာ အပျော်ဆုံးလူ...ကျွန်တော်ဖြစ်သွားရပြီလေ။ သေခြင်းတရားရဲ့ ၀ဲဂယက် ဆိုတာကိုတောင် ဆေးရုံမှာ နေ့စဉ်မြင်တွေ့နေပါရက်နဲ့ သတိမမူ မေ့လျော့နေလောက်အောင် သမီးလေးက အစွမ်းထက်လှပါတယ်။

ကျွန်တော့်ဘ၀ဟာ သမီးအတွက်...၊ ကျွန်တော့်ခွန်အားတွေဟာ သမီးအတွက်...၊ ကျွန်တော့်စွမ်းအင်တွေဟာ သမီးအတွက်...၊

ကျွန်တော်ပိုင်ဆိုင်သမျှဟာ သမီးအတွက်...၊ ကျွန်တော့်အသက်ဟာလည်း သမီးအတွက်လို့ပဲ ကျွန်တော် ပုံအပ်လိုက်ချင်ပါတော့တယ်။

xxxxxxxxxx

ကျွန်တော်က မေ့လျော့နေပေမယ့် မမေ့မလျော့ပဲ ကျွန်တော့်ဘ၀ထဲကို နောက်တစ်ခေါက် ၀င်မွှေသွားတာကတော့ မိတ်ဆွေဟောင်းကြီးပါပဲ။ ဒီတစ်ခါ ၀င်လာပုံက လျှို့ဝှက်လှည့်စားလွန်းတော့ ကျွန်တော်တောင် မျက်စေ့လည်သွားရတယ်။ သူက

ပေးမလို ဟန်ဆောင်ပြီးမှ ရှိပြီးသားကိုပါ ဆွဲနှုတ်သွားခဲ့တာ။

ကျွန်တော် မျက်စေ့လည်ပြီး ဇောက်ထိုးပြုတ်ကျသွားရတယ်။ တစ်ခြားတော့မဟုတ်ပါဘူး။ အသူရာနက်တဲ့ သေရည်အိုးထဲကို...။

မကျလည်း ခံနိုင်ရိုးလား။ မိုး ထပ်လွယ်ထားရတဲ့ ကိုယ်ဝန်ဟာ သားသားလေးလို့ အာထရာဆောင်းရိုက်ကြည့်ပြီး သိရကာစမှာ ကျွန်တော့်အပျော်က လုံးဝရပ်လို့ ရခဲ့တာမဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ ဘ၀လေးကို ပိုင်ဆိုင်ရတော့မှာမို့ ကျွန်တော်သာလျှင် အကောင်းဆုံးဖခင် ဖြစ်စေရမယ်လို့ ဥဒါန်းကျူးရင့်လို့ မဆုံးနိုင်တော့ဘူး။ မိုးကလည်း

ကျွန်တော့်အပျော်ကိုမြင်ပြီး ပီတိတွေဝေလို့ပေါ့။ သမီးလေးကလည်း သူ့မောင်လေးကို သူကိုယ်တိုင် ချီပိုးယုယမယ်လို့ ဟန်ရေးတပြင်ပြင်နဲ့ရယ်လေ။

သားနဲ့သမီးကို တစ်ဖက်စီလက်တွဲပြီး မိုးနဲ့အတူ ကမ်္ဘာကုန်ကျယ်သရွေ့ လျှောက်လည်ကြတယ်လို့ အိပ်မက်တွေမက်လို့ ကောင်းနေတုန်းမှာပဲ ကျွန်တော့်လက်ထဲက ကမ္ဘာဟာ လွတ်ကျသွားခဲ့ရတယ်။

ကလေးအချင်းကွာတာတဲ့။ သွေးတွေသွန်တာ မိုးတစ်ကိုယ်လုံး မြင်မကောင်းဘူး။ ကျွန်တော်ရှာပေးတဲ့ သွေးပုလင်းတွေလည်း မိုးအသက်ကို မရဏမင်းလက်က လုယူပေးဖို့ စစ်ကူမရခဲ့ဘူး။ အံ့သြတုန်လှုပ်ပြီး ကျန်ခဲ့ရတဲ့ ကျွန်တော်တို့သားအဖမှာ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ဆောက်တည်ရာမဲ့ခဲ့ရတယ်။

ကျွန်တော် ခါးသည်းခဲ့တယ်။ ငယ်ရွယ်နုနယ်တဲ့ သမီးလေးရဲ့နှလုံးသားကို ချက်ချင်း အိုမင်းညှိုးရော်စေခဲ့တဲ့ မမြင်ရတဲ့ အနစ္စတရားကို....။

ကျွန်တော့်ရဲ့ဆုံးရှုံးမှုထက် သမီးလေးရဲ့ အမိမဲ့ကြေကွဲမှုကို သနားရင်နင့်ရတာက ပိုပြီး အခံရဆိုးပါတယ်။

xxxxxxxxxx

သမီးကိုငဲ့ညှာပြီး ကိုယ့်ကိုယ်ကို အတင်းထူမတ်ဖို့ ကြိုးစားပေမယ့် ဒီတစ်ခါရိုက်ချက်က ပြင်းလွန်းတော့ ထလိုက်တိုင်း

ယိုင်တိယိုင်ထိုးနဲ့ ပြန်ပြန်လဲနေရတော့တယ်။ သမီးလေးရှေ့ရေးအတွက် အလုပ်တွေကို နေ့မနားညမအား ဖိလုပ်သလို၊ မိုးနဲ့ မမြင်လိုက်ရတဲ့

သားလေးကို မေ့မရတိုင်း ရှင်တော်ဗုဒ်္ဓတားခဲ့တဲ့ အဆိပ်ရည်ကိုပဲ သောက်မြိုမိတယ်။

သနားစရာသမီးလေးကတော့ ဖအေကို လူလိမ္မာကြီးဖြစ်အောင် ပြုပြင်မပေးနိုင်ပေမယ့် အရက်သမားကြီးလုံးလုံး မဖြစ်အောင်တော့ ဘေးနားကနေ အဆီးအတားတစ်ခုအဖြစ် ဖေးမခဲ့ရှာတာပေါ့။

မိုးနဲ့သားလေးကိုတွေးမိရင် ကြေကွဲရလွန်းလို့ သေမင်းကို အရှုံပေးချင်စိတ်နဲ့ မြန်မြန်ခေါ်လှည့်ပါဆိုပြီး အရက်တွေ ဖိသောက်မိ တယ်။ သမီးလေးကိုမြင်ပြန်တော့ အမိမဲ့သမီးအတွက် ဖခင်မေတ္တာရိပ် မရှိလို့မဖြစ်ဘူးဆိုတာ သတိဝင်ပြီး အလန့်တကြားဖြစ်ရပြန်တယ်။

ဒီလိုနဲ့ အရက်နဲ့အလုပ်ကြားမှာ မအားမလပ်နိုင်အောင် ကျင်လည်ရင်း...၊ လွမ်းဆွတ်ကြေကွဲမှုတွေကို သမီးအတွက် အားတင်းကျော်ဖြတ်ရင်းနဲ့ပဲ ကျွန်တော့်မှာ မရဏရဲ့ ရှေ့ပြေးနမိတ်တွေ ထင်ဟပ်လာပါတော့တယ်။

အစာအိမ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်... တစ်ခုမှ ကျွန်တော့်ခန်္ဓာထဲမှာ ပုံမှန်မရှိတော့ပါဘူး။ အသည်းက ခြောက်စပြုနေပြီ။ နှလုံးက သွေးကြောကျဉ်းလာတယ်။ သွေးတိုးကြောင့် ကျောက်ကပ်ရောင်ချင်တယ်။ အစာအိမ်က သွေးစိမ့်ထွက်ဖူးတယ်။

ဆေးရုံတက်လိုက် ဆင်းလိုက်နဲ့ အဖေကို ပြုစုရတာကြောင့် အပျိုဖော်ဝင်စ သမီးလေးခမျာမှာလည်း ပင်ပန်းရှာတယ် ထင်ပါရဲ့။ အသွေးအရောင်တွေ ဖျော့တော့တော့နဲ့ မူးကနဲမိုက်ကနဲတွေတောင် ဖြစ်လို့...။ “ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးဦးမှပါပဲ...” လို့ တွေးနေတုန်းရှိသေးတယ်။ စာမေးပွဲခန်းထဲမှာ မူးလဲလာတဲ့ သမီးလေးကို မရဏမင်းက ရက်ရက်စက်စက် တံဆိပ်တပ်လွှတ်လိုက်ပြန်တယ်။

“ သွေးကင်ဆာ ”...တဲ့။

သမီးလေးငယ်ငယ်က တလျှောက်လုံး ဖျော့တော့တော့နဲ့မို့ သွေးအားနည်းတာလောက်ပဲ ထင်ခဲ့မိတာ။ ရာသီအလိုက် အာဂန္တု နှာစေးဖျားနာတာလောက်က လွဲရင် ကြီးကြီးမားမား ဘာရောဂါမှ မရှိခဲ့ပါဘူး။ တစ်ခါတစ်ရံ နှာခေါင်းသွေးလျှံတတ်ပေမယ့် ရာသီဥတုပူရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကလေးတွေသဘာဝမို့ ခပ်ပေါ့ပေါ့ပဲ နေခဲ့မိတယ်။ အကြိမ်အရေအတွက်ကလည်း စိုးရိမ်ရလောက်အောင် မစိပ်ခဲ့တာမို့

ကျန်းမာရေးအသိုင်းအ၀ိုင်းထဲက ကျွန်တော်တောင် သတိမမူခဲ့မိပါဘူး။

ခုတော့ သေမင်းက သူ့ရဲ့လက်နက်ဟောင်းကြီးကို ထုတ်သုံးပြီး ကျွန်တော့်ကို အလဲထိုးခဲ့ပြန်ပြီ။

သမီးရဲ့ နောက်ဆုံးရက်တွေနဲ့အတူ ကျွန်တော့်ရဲ့ ခံနိုင်ရည်စွမ်းတွေလည်း အောက်ဆုံးအမှတ်ကို ရောက်ရှိခဲ့ပါပြီ။

ကျွန်တော့်ကို အရင်မခေါ်ပဲ ကျွန်တော့်ရဲ့သံယောဇဉ်တွေကိုပဲ တစစီဆွဲနှုတ်သွားခဲ့တာ...။ အားလုံးလည်း ကုန်သွားပါပြီဗျာ။

ကိုယ်တိုင်လိုက်ပါသွားရရင်တောင် တစ်ယောက်စီဖဲ့ထုတ်ခံနေရတာလောက် အခံရခက်ပါ့မလား။

တစ်ချက်တည်းနဲ့ ဇာတ်သိမ်းမယ့် ဦးနှောက်တည့်တည့်ကို သေနတ်နဲ့ချိန်မပစ်ပဲ ခြေကလေးတွေ၊ လက်ကလေးတွေ တစ်ခုချင်း ချိုးဖြတ်ခံနေရသလို....။ မျက်လုံးကိုဖောက်ထုတ်လိုက်၊ အသည်းကိုဆွဲဖဲ့လိုက်၊ နှလုံးကိုဆိတ်ဆွလိုက်နဲ့ လောကငရဲ ခံနေရသလိုပါပဲ။

ကျွန်တော့်ရဲ့ရင်တစ်ခုလုံး ဟင်းလင်းပွင့် ကျန်စေခဲ့တဲ့ သေခြင်းတရားဆိုတဲ့ မမြင်နိုင်တဲ့အရာကို နာကျည်းမုန်းတီးလွန်းလို့ ကျွန်တော် သူ့ကို အနိုင်ရချင်လာပါတော့တယ်။

xxxxxxxxxx

မိုးနဲ့မြေတွေ အားလုံး ပြိုကျပျက်စီးခဲ့ပြီးတဲ့နောက်မှာတော့ ဘယ်အရာမှ တန်ဖိုးထားစရာ မကျန်တော့ပါဘူး။

ကျွန်တော်က သေမင်းဆိုတာကို တစ်ချက်တစ်ချက်မှ ပေါ်လာပြီး အလစ်ဝင်ဝင် ကြုံးသွားတယ်လို့ ထင်နေတာ။ ခုတော့ ကျွန်တော် တဖြေးဖြေး သဘောပေါက်လာရပြီ။ ဒီမိတ်ဆွေဟောင်းကြီးဟာ ကျွန်တော်တို့က မလိုလားပေမယ့် ကျွန်တော်တို့နားမှာကပ်ပြီး လိုက်ပါနေတာ။ မွေးကတည်းကနေ ဘ၀တစ်လျှောက်လုံးပါပဲလား။ တစ်ခါတစ်ခါ အရိပ်ယောင်လေးပြသလို၊ တစ်ခါတလေကျ အသံလေးပေးလို့...၊ တစ်ခါတလေကျတော့ ဘွားကနဲ လှန့်တတ်ပြန်တယ်။

နောက်ဆုံး ကိုယ်တိုင်အလှည့် ရောက်လာပြီဆိုတော့ ရင်ကိုကော့ပြီး နာနာကျည်းကျည်း ခေါင်းမော့ စောင့်ဆိုင်းနေလိုက်တယ်။

“ ယူစမ်းပါ။ ငါ့ရဲ့အသက်ကို ယူစမ်းပါ။ ငါတစ်ယောက်တည်းပဲ ကျန်တော့တယ်။ နောက်ထပ်ဘယ်သူ့ကိုမှ ငါ့စိတ် ထိခိုက်အောင် မင်းခေါ်သွားဖို့ မကျန်တော့ဘူး...”...လို့ နာကျဉ်သံကြီးနဲ့ ၀မ်းခေါင်းလှိုက်အော်မိတယ်။

သူကလည်း လှိုဏ်သံကြီးနဲ့ ပြန်ရယ်တယ်။

မကြောက်ဘူး။ ချစ်ခင်သူတွေ တစ်ယောက်မှ မရှိတော့တဲ့ဘ၀မှာ ကျန်တာဘာမှ ကျွန်တော်မကြောက်ဘူး။

ဒါပေမယ့် ခေါ်ပါဆိုလို့လည်း မခေါ်တဲ့ မရဏကောင်ကို စိတ်နာနာနဲ့ ကျွန်တော် ပေပေတေတေနေတယ်။ အရက်တွေ ဒလကြမ်းသောက်တယ်။ ဘာဆိုဘာမှ မစားတော့ဘူး။ အရက်ကလွဲရင် ကျွန်တော့်ဗိုက်ထဲ ဘာမှ အ၀င်မခံတော့ဘူး။

ကဲ...ဖြစ်စမ်း...အသည်းကင်ဆာ။ ထွက်စမ်း...အစာအိမ်ထဲကသွေးတွေ။ ပြတ်စမ်း...ဦးနှောက်သွေးကြော။

ပိတ်စမ်း...နှလုံးသွေးကြောတွေ။

ကားလမ်းအလယ်ကောင်မှာ...၊ လမ်းဘေးကခြုံစပ်မှာ...၊ ပလက်ဖောင်းဘေး မြောင်းထဲမှာ...၊ လမ်းကြိုလမ်းကြား အမှိုက်ပုံမှာ...။

သေမင်းက ဘယ်မှာသွားပုန်းနေမှန်း မသိပါဘူး။ ကျွန်တော်ရှာဖွေလေ...၊ သူက ခြေသံလုံလေပါ။

ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကျွန်တော့်ကို ဘယ်သူမှ မမှတ်မိကြတော့ဘူးလို့ ထင်ထားတာ...။ လူတစ်ယောက်မှန်းတော့ သိသာတဲ့ အသွင်သဏ္ဍာန် ကျန်သေးတယ်ထင်ပါရဲ့။

“ ဟဲ့...အရူးကြီးလား...”

“ မသိဘူးလေ။ အမှိုက်ပုံထဲ ရောက်နေတာပဲ..”

“ သေများနေပြီလားဟဲ့။ ကြည့်ကြစမ်းပါဦး...”

“ အရက်စော်တွေ နံဟောင်နေတာပါဗျာ။ သေလည်းအေးတာပဲ...”

“ တုတ်ကလေးနဲ့ နည်းနည်းထိုးကြည့်စမ်း။ အသက်ရှိမရှိ သိရအောင်...”

“ နေကြစမ်းပါဦးဗျာ။ ကျွန်တော့်မိတ်ဆွေများလားလို့...”

မှိန်ဖျော့ဖျော့ အသိစိတ်ထဲမှာ ရင်းနှီးတဲ့ အသံတစ်သံ ကြားလိုက်ရတယ်။ အဲဒါ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ တွဲလုပ်လာခဲ့တဲ့ ကျွန်တော့်ဌာနက ချာတိတ်ကလေးရဲ့ အသံပဲ။

မကယ်ကြပါနဲ့။ ကျွန်တော့်ကို မကယ်ကြပါနဲ့ဗျာ။ ကျွန်တော် သေမင်းနဲ့တွေ့ချင်လွန်းလို့ စောင့်နေတာပါ။ ခေါ်မသွားကြပါနဲ့။ မလိုက်ပါရစေနဲ့။

စိတ်ထဲကသာ ငြင်းဆန်နေတာ။ လူက မျက်လုံးလေးတောင် ဖွင့်ဖို့အားမရှိတော့ဘူး။

ဘယ်သူ မချီသွားမှန်းလည်း မသိဘူး။ ဘယ်ကိုခေါ်သွားတာလည်း မသိဘူး။ ဆေးခန်းတစ်ခုခုလား။ ဆေးရုံလား။ အိမ်ကိုလား။

xxxxxxxxxx

တရားဟောသံသဲ့သဲ့ကို ကြားနေရတယ်။ ကျွန်တော့်ကို တရားခွေလေးတစ်ခွေ ဖွင့်ပေးကြတာလား။ သေခါနီးလူတစ်ယောက်အတွက် ဘ၀ကူးကောင်းအောင် နောက်ဆုံးလုပ်ပေးတဲ့ ကုသိုလ်ကောင်းမှုလား။

ဟော...သေခြင်းတရားအကြောင်း ဟောနေတာပါလား။ သေခြင်းတရားကို အောင်နိုင်မယ့်အရာဟာ လောကမှာ တစ်ခုတည်းပဲရှိတယ်တဲ့။ အဲဒါ ၀ိပဿနာတဲ့။ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းတဲ့နေရာဟာ နိဗ္ဗာန်ကလွဲပြီး တခြားမရှိနိုင်ဘူး။ နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကတော့ ၀ိပဿနာကျင့်ကြံနည်းပဲတဲ့။ ဖြစ်ခြင်း ပျက်ခြင်းကို သိအောင်လုပ်ရမယ်တဲ့။ မှတ်ရမယ်တဲ့။ ၀င်လေ ထွက်လေ..၊ ရှူထုတ်...၊ နှာသီးဖျားအသိကိုမှတ်...။

ဒါပေမယ့် အချိန်မရှိတော့ဘူး။ ကျွန်တော် ဘာမှ မကြားရတော့ဘူး။ ကျွန်တော် မျှော်လင့်ထားသလို သေမင်းနဲ့ ရင်ဆိုင်ရပြီမို့ ကျွန်တော့်စိတ်ကို လျှော့ချပစ်လိုက်တယ်။

အဲဒီနောက်...မဲမှောင်နေတဲ့ အမြင်အာရုံတွေကနေ ပိုပြီးနက်ရှိုင်းတဲ့ အမှောင်ထုကြီးထဲကို မျောလွင့်သွားတော့တယ်။

xxxxxxxxxx

မျက်စေ့ဖွင့်လိုက်တော့ ကျွန်တော်အံ့သြသွားရတယ်။ ဘယ်လိုဖြစ်တာလဲ။ မရဏမင်းဆီ ကိုယ်တိုင် အရောက်သွားခဲ့ပေမယ့် သူက ကျွန်တော့်ကို ဘာမှမလုပ်ဘူးလား။ သူ လောဘတကြီး နှုတ်ယူနေတဲ့အသက်တွေ အများကြီး...၊ ကျွန်တော့် မျက်မြင်ကိုယ်တွေ့ပဲ။ ကျွန်တော့်အသက်ကိုကျ ဘာလို့ နှုတ်မသွားရတာလဲ။

မဟုတ်သေးပါဘူး။ သူနှုတ်တော့ နှုတ်သွားတယ်။

အဲဒါ...ကျွန်တော့်အသက် မဟုတ်ဘူး။ ကျွန်တော့် ကိုယ်တစ်ပိုင်းက အာရုံအသိစိတ် ခံစားမှု....။

ကျွန်တော့်ခြေထောက်တွေ လှုပ်လို့မရတော့ဘူး။

“ လေဖြတ်သွားတာဗျ။ ကိုယ်တစ်ပိုင်းသေသွားပြီ..”

ခပ်လှမ်းလှမ်းမှာ ဆရာဝန်လေးက တစ်ယောက်ယောက်ကို ခပ်တိုးတိုး ပြောနေသံကြားရတယ်။ ကျွန်တော် သိတ်လန့်သွားတယ်။

ကျွန်တော် မျှော်လင့်ထားတာ ဒါ မဟုတ်ဘူး။ ကျွန်တော် ဖြစ်ချင်တာ ဒီလို မဟုတ်ဘူး။

ကျွန်တော် နာကျဉ်စွာ ညီးတွားအော်ဟစ်လိုက်တယ်။ ဒါပေမယ့် အသံက လည်ချောင်းထဲမှာတင် ပျောက်သွားတယ်။

အပြင်ကို ထွက်မလာနိုင်တော့ဘူး။

xxxxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)

Faces Magazine...( September, 2011)

6 comments:

  1. Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog

    ReplyDelete
  2. ဒီပို့စ်လေးဖတ်ရတာ သေခြင်းတရားဆိုတာကို ပိုလန့်သွားတယ်...
    ကိုယ်ကလက်ဦးမှုရယူပြီး စိတ်ချရအောင် ဘာဝနာပွားထားရမယ်လို့ အသိဝင်မိပါတယ်...

    ReplyDelete
  3. ရက်စက်လိုက်တဲ့ သေခြင်းတရား..
    သေချင်နေတဲ့သူကို မခေါ်ဘဲ ချစ်တဲ့သူတွေကိုမှ ဆွဲခေါ်သွားပြီး နောက်ဆုံးမှာတော့ ကိုယ်တစ်ပိုင်းသေစေရက်တယ်။
    ဆိုးလိုက်တဲ့ လောကဓံ

    ReplyDelete
  4. ဒါဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာ ဆိုရင် သိပ်ကို ပြင်းထန်ရက်စက်လွန်းတယ်...

    ReplyDelete
  5. ရက်စက်လိုက်တဲ့ကံကြမ္မာရယ်... အဲလောက်တောင်ပဲလား....။

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete
  6. ကိုယ့်အလှည့်မှာ ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာတွေးမိရင်းက....
    ငါလည်းပြင်ဆင်ထားသင့်ပြီလို့ သတိပေးသလိုပါပဲလား...။

    ReplyDelete