မှန်သားပေါ်က မျက်နှာ



 အောင်မလေးတော်။ မတွေ့ချင်လို့ ရှောင်နေပါတယ်ဆိုခါမှ ဒီမျက်နှာကြီးနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ လာတိုးရတယ်လို့။
ဘယ်သူငယ်ချင်းကများ Like လုပ်လိုက်လို့ ကိုယ့် Timeline ပေါ် တက်လာရတယ် မသိဘူး။
     သူနဲ့ကိုယ်နဲ့ ဖေ့စ်ဘွတ်ပေါ်မှာ သူငယ်ချင်းလုပ်မထားတာတော့ သေချာတယ်။
     ဒီလိုပြောလို့ အပြင်မှာတော့ သူငယ်ချင်းလို့လည်း ထင်မသွားနဲ့ဦး။ သူနဲ့ သူငယ်ချင်းလုပ်မယ့်အစားများတော့ ရပ်ကွက်ထဲ မနက်တိုင်း ရောက်ရောက်လာတတ်တဲ့ အရူးမကိုသာ အဖက်လုပ် ပေါင်းလိုက်ချင်သေးတာပါပဲ။
     ခုတစ်မျိုး၊ ခုတစ်မျိုး။ သူ့စိတ်က အရူးမထက်တောင် အကြောင်းဆိုးသေး။
     ခုရွဲ့၊ ခုမဲ့။ သူ့ရုပ်က အရူးမထက်တောင် ကျက်သရေတုံးသေး။
     အရူးမကမှ ရူးနေတော့ သူများကို မကောင်းကြံဖို့ အကောက်ဥာဏ်ထွင်နိုင်ဦးမှာ မဟုတ်ဘူး။ သူလိုမိန်းမက သူများကို ဘယ်လို အပြစ်ရှာချောက်တွန်းလိုက်ရမလဲ၊ အချိန်ပြည့် ဥာဏ်ဆင်နေတဲ့သူ။
     ဒီလိုလူမျိုးနဲ့မှ တစ်မိုးအောက်မှာ အတူနေဖြစ်အောင် ရေစက်လာဆုံရတာကတော့ ကိုယ့်အကြောင်းကိုက မကောင်းတာပါလေ။ လင်ညီအစ်မတဲ့။ ဆွေမျိုးစပ်ပုံ နာမည်ကြီးကိုက ဆိုးလိုက်ချက်။
                                xxxxxx
     တကယ်တော့ စကတည်းက ယဉ်သကို ဆိုသလို လူချင်းမမြင်ဖူးခင်ကတည်းက ဘေးစကားတွေ အကြားနဲ့တင် သူ့အပေါ် မုန်းဇာတ်ပျိုးခဲ့တာ။
     “ အစ်မက မျိုးလေးကိုချစ်လို့ စေတနာနဲ့ သတိပေးတာနော်။ ကိုလေးမရီးဆိုတဲ့ တစ်ယောက်ကိုတော့ လျှော့မတွက်မိစေနဲ့ သိလား။ သူက အစ်ကိုကြီးမိန်းမဆိုပြီး ကိုလေးအပေါ်မှာလည်း ပိုင်ကြောင်းနိုင်ကြောင်း ပြချင်ပုံရတယ်။
     ဘာမဆိုင်ညာမဆိုင် ကိုလေးအတွက် မျိုး ပေးခိုင်းလိုက်တဲ့ ပါဆယ်ဗူးကို အစ်မလက်ထဲက ဆွဲယူသွားပြီး ဖွင့်ကြည့်တာသာကြည့်။ ပြီးတော့ ဟယ် ဒီကလေးမနှယ် ကိုလေးက ချောင်းဆိုးရင်ကျပ်ဖြစ်နေပါတယ် ဆိုခါမှ ချောကလက်တွေ ပို့လိုက်ပြန်ပြီ။ မင်းစားလို့ မဖြစ်ဘူးနော်ကိုလေး။ ညကြီးအချိန်မတော် ရင်ကျပ်နေရင် တစ်အိမ်လုံး ဘယ်သူမှ နေရတာမဟုတ်ဘူး။
     မဖြစ်ဘူး။ မဖြစ်ဘူး။ ဒီချောကလက်တွေ မစိုးပဲ သိမ်းထားလိုက်မယ်။
     ကဲ မင်းလည်းပြန်တော့... ဆိုပြီး အစ်မကိုပါ တစ်ခါတည်း နှင်ထည့်လိုက်တာ။
     တော်တော်မုန်းဖို့ကောင်းတဲ့ မိန်းမပဲ မျိုးရယ်။ လေသံကလည်း အထက်စီးကြီးနဲ့..”
     အမှန်ဆို သူ့စကားမဆုံးခင်ကတည်းက ကိုယ့်အမုန်းတွေက မိုင်ကုန် ဂိတ်အဆုံးထိ ရောက်ပြီးသွားပြီ။
     အိမ်မှာ အ၀တ်လာလျှော်ပေးနေကျ အစ်မကြီးကို မနက်စောစော ကိုလေးဆီကိုလွှတ်ပြီး ချစ်သူများနေ့အထိမ်းအမှတ် ချောကလက် ပို့ခိုင်းလိုက်မိတာကိုတောင် တော်တော် နောင်တရမိသွားတယ်။
     လူချင်းတွေ့မှ ပေးလို့ရပေမဲ့ ချစ်သူအံ့သြသွားစေချင်လို့ လုပ်ခါမှ။ လူချင်းမတွေ့ဖြစ်တဲ့ တစ်ရက်တစ်ပိုင်းလေးမှာ ကိုလေး ကလည်း ဘယ်လိုများ ရင်ကျပ်ရောဂါသည်ကြီး ဖြစ်သွားရတာပါလိမ့်။ လျှောမွေးနဲ့ ဗာရာဏသီချဲ့တယ်ဆိုတာ သူလို မိန်းမမှအစစ်။
     ဒါနဲ့ပဲ အဲဒီကနေစလိုက်တဲ့ အမုန်းဇာတ်ဟာ ခုထက်ထိ အဆုံးမသတ်နိုင်တော့တာပဲ။
     တစ်ခါတစ်လေတော့လည်း မုန်းမိတဲ့ကိုယ်ကပဲ လွန်သလိုလို ခံစားရပြီး ကိုယ့်ကိုယ်ကို ရှက်မိတာတော့ တကယ်ပါ။
     ဘာလို့လဲဆိုတာ့ ချိတ် ချိတ်ချင်းမှ ချိတ်တာလို့ လူတိုင်းက ဆိုကြ၊ လက်ခံကြသကိုး။ ဒီတော့ သူကချိတ်ကောက်ဆိုရင် ချိတ်မိတဲ့ ကိုယ်ကရော ချိတ်မဟုတ်လို့ ဘာဖြစ်မလဲ။
     လူဆိုတာကလည်း သူများကိုသာ မကောင်းမြင်ပြီး လူဆိုးသတ်မှတ်ချင်တာ။ ကိုယ်တိုင်ကျတော့ ကိုယ့်ကိုယ်ကို လူဆိုးအဖြစ် မမြင်ချင်ကြဘူး မဟုတ်လား။ ဒီတော့ သတိဝင်တိုင်း ကိုယ့်ကိုယ်ကို ရှက်စိတ်နဲ့ ပြင်ဖို့ကြိုးစားကြည့်တယ်။ ဒါပေမဲ့ ကိုယ့်လိုသူရော ရှက်တတ်ရဲ့လားလို့ တွေးမိပြန်တော့ တစ်ခါ ပိုပြီး စိတ်ပျက်မိပြန်လေရော။
                               xxxxxx
     “ ဟယ် ဟင်းချိုကြီးကလဲ။ ဘာလို့ ဒီလောက်တောင် ငံတူးနေရတာလဲ။ ဖေဖေနဲ့မေမေ့မှာ သွေးတိုးရှိတာသိရက်နဲ့ ဒီလောက်ငံအောင် ချက်ရသလား မေမျိုးမြင့်ရယ်။ ကောင်မလေးတွေ ချက်တာဆိုပေမဲ့ ကိုယ်က စီမံရတာဆိုတော့ မြည်းပြုကြည့်ရတယ်ကွဲ့။ မမစိုးဆိုရင် ဘယ်တော့မှ သူတို့ချည်းလွှတ်မထားဘူး။ အလုပ်သမားဆိုတာ ပြောနိုင်လွန်းမှ တန်ကာကျတာ။ ဒီအတိုင်းလွှတ်ထားလို့ကတော့ ထမင်းတစ်ဝိုင်းလုံး ခွေးကျွေးပစ်ရတဲ့ဘ၀ ရောက်သွားမှာနော်...”
     ကဲ.. ဒီလိုစကားမျိုးကို စေတနာလို့ ဘယ်လို ခေါင်းစဉ်တပ်ရမလဲ။ နှစ်ယောက်တည်းပြောတာဆို တော်ဦးမယ်။ ခုတော့...။
     ရုတ်တရက် အားလုံး ဘာပြောရမှန်း မသိလောက်အောင် တိတ်ဆိတ်သွားကြတာ။ သူ့စကားတွေရဲ့ပြင်းအား ဘယ်လောက် တာသွားသလဲဆိုတာသာ ကြည့်။
     တကယ်တမ်းသာ စေတနာမှန်ရင် သူ ဒီစကားတွေကို လူစုံတက်စုံရှေ့မှာ ပဏာလုပ် မပြောသင့်ဘူးမဟုတ်လား။
     အဲဒီတုန်းက ဒီအိမ်ကြီးပေါ်ကို ရောက်လာခါစဆိုတော့ ကိုယ်လည်း ဘာပြောရမှန်းမသိအောင် ကြောင်အနေမိတာ။
     “ မမမျိုးမို့ ငြိမ်ခံနေတာ။ သမီးသာ မမနေရာမှာဆို... ဟင်း..” လို့ ဟင်းချက်ကူခဲ့တဲ့ ကောင်မလေးက ကိုယ့်ကိုယ်စား နောက်ကွယ်မှာ ဒေါမနဿပွားပေးရှာတယ်။
     ဒါပေမဲ့ ကိုလေးက တစ်ခွန်းမှဝင်မပြောဘူး။ ကိုလေးရဲ့ ဖေဖေ၊မေမေကလည်း တစ်ချက်ဝင်မဟန့်ဘူး။ ကိုကြီးဆိုတာကတော့ ဘာမှမကြားသူလို ထမင်းကိုသာ သဲမဲစားလို့။ အဲဒီမှာတင် သူ့ပါဝါက ဒီအိမ်ကြီးမှာ မနည်းပါလားလို့ ရိပ်မိသွားရတော့တာပဲ။  
     အဲဒီကတည်းက နေရာဆိုတာ ယူတတ်ရင်ရတယ်ဆိုပေမဲ့ ရတဲ့နေရာနဲ့ မလိုက်ဖက်တဲ့ အာဏာပါဝါ အမူအရာတွေ ပြလွန်းရင်လည်း လူကြည်ညိုစရာ မဖြစ်ဘူးဆိုတဲ့ အသိကိုရလိုက်တော့တယ်။
                               xxxxxx
   
     သူ့အပြောလေးတွေ၊ မထိတထိ ကလိတာလေးတွေ၊ နေရာတကာ သူသိသူတတ် အမှတ်ဝင်ဝင်ယူတာတွေက ကျန်တဲ့သူတော့ ဘယ်လိုမြင်မလဲ မသိဘူး။ ကိုယ့်မှာတော့ အတော်လေး ခံရခက်လှတယ်။ နှစ်ယောက်ချင်းက အရေးမကြီးလှပေမဲ့ အများရှေ့မှာ၊ သူ့ယောကျာ်း၊ သူ့ယောက်္ခမ၊ သူ့မတ်တော်မောင်နဲ့ အိမ်မှာအတူနေရတဲ့ အလုပ်သမားတွေရှေ့မှာဆို ကိုယ့်ကို အလို့ငြိမ်ခံနေတာလို့ ထင်မလားဆိုပြီး နည်းနည်းရှက်မိတယ်။ အဲလိုတွေးမိလိုက်ရင်တော့ မာနဟာ ထိုးထိုးထောင်ထောင်နဲ့ အမောက်ထောင်လာတော့တာပဲ။
     “ ဆိုင်ထဲက ဆပ်ပြာတွေ ယူသုံးထားတာ ဘာလို့ မပြောတာလဲ မေမျိုးမြင့်ရယ်။ တို့တွေက စီပွားမခွဲသေးဘူး ဆိုပေမဲ့ အလုပ်က ခွဲထားပြီးသားဆိုတော့ ကိုယ့်လုပ်ငန်းခွင် သူ့လုပ်ငန်းခွင်တော့ လေးစားသင့်တယ်။ စားသောက်ဆိုင်အတွက် ယူမယ်ဆိုရင် စာရင်းဇယားနဲ့ယူ။ တို့ဆီကို အရင်ခွင့်တောင်းပါ။ စာရင်းသွင်းပြီးမှ ယူပါ။
     စည်းကမ်းမရှိရင် ဘယ်လုပ်ငန်းမှ ကြာရှည်ခံမှာမဟုတ်ဘူး။ ဒီလိုပဲ ယူယူသုံးရင်း ဆိုင်ပြုတ်သွားရင် တို့ကိုပဲ အဘိုးကြီး အဘွားကြီးတွေက အပြစ်တင်ကြမှာ။ မင်းမသိသေးလို့နော်။ အဘွားကြီးက သိပ်အပြစ်ပြောသန်တာ..။ သူများများ အပြစ်ပြောရမယ်ဆိုရင်.....”
     အဲဒါသာကြည့်။ ရှေ့တင်တော့ ဖေဖေနဲ့ မေမေရဲ့ ကျန်းမာရေးပဲ အသက်နဲ့လဲပြီး ကာကွယ်တော့မယောင်ယောင် ဖားပြီး၊ နောက်ကွယ်ကျ အတင်းတုပ်နေပြန်ပြီ။ သူ့စကားလမ်းကြောင်းအတိုင်း မှေးပြီးလိုက်သွားရင် ယောက်္ခမ မကောင်းကြောင်း ဋီကာကို ကမ်္ဘာဦးလူသားတွေ လက်ထက်ကတည်းက ထုံးစံလိုလို..၊ သူသိသူတတ် ဆရာကြီးလုပ်ပြီး ပြောဦးမယ်။
     အမှန်ပြောရရင် ကိုယ်ကတော့ ခုမှ စပေါင်းရတယ်ဆိုပေမဲ့ ယောက်္ခမတွေကို မိဘလိုစိတ်ထားပြီး ချစ်ခင်လေးစား၊ ရိုသေချင်သူ။ ယောက်္ခမနဲ့ချွေးမရဲ့ ကမ်္ဘာဦးထုံးစံကိုလည်း ငြင်းပယ်လိုသူ။
     သူကလည်း လူပါးပဲ။ ကိုယ့်ဆီက သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း အစီအစဉ်၊ ဆက်ရန်မရှိဘူးဆိုတာ သိတာနဲ့ ပူးသတ်လို့မရဘူးဆိုတာ ရိပ်မိတော့ ခွာပြီး အလုံးကြီးကြီးနဲ့ ထုပြန်တာပေါ့။
     “ အစ်မလည်း ကျွန်မတို့ဆိုင်အတွက် ၀ယ်ထားတဲ့ ဆီပေပါတွေထဲက ဆီတွေ လာလာယူသုံးနေတော့ ဒီလိုပဲ ယူသုံးရတယ်ထင်လို့ ယူမိတာပါ...”
     “ အလို.. ဖြစ်မှဖြစ်ရလေတော်။ သူ့အပြစ်ကို ငါ့အပြစ် ပြန်ဖို့နေပြန်ပြီ။ ညည်းတို့ဆိုင်ထဲက ဆီ ယူသုံးတယ်ဆိုတာ အခါတစ်ရာမှ တစ်ခါပါအေ။ မိသားစုအားလုံးစာ ချက်ရင်းတန်းလန်း ရုတ်တရက်လိုလို့သာ နည်းနည်းယူမိတာ။
     ဒါကလည်း တို့စားတဲ့ ဟင်းမျိုးပဲသုံးတာ။ စားသောက်ဆိုင်မှာ သုံးတဲ့ဆီက ပဲဆီမှမဟုတ်ဘဲ။ မေမေတို့ ဖေဖေတို့အတွက် ချက်တာမှာ ဘယ်လိုလုပ်သုံးရမလဲ။
     ညည်းပြောပုံနဲ့ ဟိုကကြားရင် ငါ့ကို ဆီမသန့်တာတွေနဲ့ ချက်ကျွေးတယ်ဆိုပြီး အပြစ်တင်ခံရဦးမယ်။ တစ်ယောက်တစ်လ၊ တစ်လှည့်စီချက်နေရတာဆိုတော့ ညည်းလည်းသိမှာပါ။ နဂိုကမှ သွေးတိုးရင်လည်း ဟင်းတွေငံလို့၊ ဆီချိုတက်လည်း ဆန်မှားချက်သလား၊ နှလုံးအောင့်လည်း ဆီတွေမှသန့်ရဲ့လားနဲ့ ရမယ်အရှာခံနေရတာကို...”
     ဒီလို အကြောင်းတစ်ခုခုနဲ့ စောဒကပြန်တက်မိတိုင်း မဆုံးတော့တဲ့ သူ့စကား အချဲ့အကားတွေကို နားနဲ့မဆန့်အောင် ကြားရပြန်တော့ နောက်ဆို ဒီလိုကို နည်းနည်းလေးမှ ပြန်မပြောချင်တော့ဘူး။
     မပြောတတ်လို့ မဟုတ်ပေမဲ့ မပြောချင်လို့ မပြောဖြစ်တဲ့စကားတွေ..၊ မြိုသိပ်ထားရတာတွေ..၊ အကြိမ်များလာတော့ ရင်ပတ်ကြီးက တင်းကျပ်လာတယ်။
     ညီအစ်ကိုနှစ်ယောက်တည်းမို့ အိမ်ထောင်ကျတာတောင် အိမ်မခွဲဘဲ အတူနေရမယ်ဆိုတဲ့အချက်ဟာ ဒီလောက် အရေးမကြီးဘူးလို့ အစက ထင်မိတာ...။ မှားမှန်းသေချာသွားတဲ့ အချိန်မှာတော့ သူပေးတဲ့သင်ခန်းစာတွေလည်း သင်ရိုးကုန်သလောက် ရှိနေပြီ။ ကိုယ်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အိုစနာကျလာပြီ။
                               xxxxxx
     “ မွေးရာပါမဟုတ်ရင် သုံးဆယ်ကျော်နဲ့ နှလုံးရောဂါဖြစ်နိုင်ချေ နည်းပါတယ်။ စိတ်မပူပါနဲ့။
      သမီးခန်္ဓာကိုယ်က ပိန်ပိန်ပါးပါးဆိုတော့ ကိုလက်စထရောလည်း များစရာမရှိလောက်ဘူးလေ။
      သမီးမှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေတော့ ရှိပုံရတယ်။ အဲဒီပေါ်မှာ စိတ်ခံစားမှုတွေ လိုက်ပြင်းထန်နေရင်တော့ နှလုံးသွေးကြောနံရံတွေက ကျဉ်းလာပြီး သွေးကောင်းကောင်းမလျှောက်တဲ့အခါ အောင့်မှာပေါ့။ ဒါပေမဲ့ သေချာအောင် အီးစီဂျီလည်းရိုက်၊ သွေးလည်းစစ်။
      အဓိကကစိတ်ပဲ သမီး။ စိတ်ထားတတ်အောင် ကျင့်ပေးရမယ်။ စိတ်နဲ့ရုပ်က အပြန်အလှန်မှီခိုနေတာ မဟုတ်လား...”
     နောက်ဆုံးတော့ ဆရာဝန်ကြီးပြောသလို “ စိတ်ပါပဲ ” လို့ လက်ခံလိုက်ရတော့တယ်။ ရင်ပတ်တွေအောင့်အောင့်နေတာ၊ အသက်ရှူမ၀ ဖြစ်ဖြစ်နေတာ၊ မခံနိုင်လွန်းလို့ ဆရာဝန်ပြရတဲ့အထိ ဖြစ်လာတော့ ကိုယ့်ကိုယ်ကိုလည်း ရှက်မိပါရဲ့။
     ဆရာဝန်က အီးစီဂျီနဲ့ သွေးစစ်ဆေးချက်အဖြေတွေကို ကြည့်တာနဲ့ နှလုံးရောဂါမဟုတ်ပါဘူးဆိုပြီး အကြံပေးလိုက်တော့ အာနာပါနလေးကို အိပ်ရာဝင်တိုင်းလုပ်ဖြစ်လာတယ်။ အဲဒီကဆစ်ဆင့် ၀ိပဿနာတရားတွေနာဖြစ်ရင်း တရားထိုင်ကျင့်လေးရလာတော့ နှလုံးက အောင့်ပါဆိုလို့တောင် မအောင့်တော့ပြန်ဘူး။
     ဒီကြားထဲ တိုက်တိုက်ဆိုင်ဆိုင် အိမ်ထောင်ကျကျချင်းကတည်းက ကိုလေးကို တာဝန်ပေးထားတဲ့ စားသောက်ဆိုင်မှာ ၀င်ကူနေတော့ အလုပ်ထဲက သူတို့ပြဿနာလေးတွေကလည်း ကိုယ်နဲ့ခပ်ဆင်ဆင်ပါပဲ။
     “ အန်တီရယ် သူက တစ်ယောက်မဟုတ် တစ်ယောက်နဲ့ ထစ်ထားရမှ နေတတ်တာလား။ အရင်က မအေးနဲ့မခေါ်တော့ သမီးနဲ့အဆင်ပြေလို့။ ခု အန်တီက မအေးကို ဆုံးမစကားပြောလိုက်လို့ မအေးကလည်း သူ့ကိုစခေါ်လိုက်ရော မအေးနဲ့ပြန်လုံးသွားပြီး သမီးကို စကားမပြောတော့ဘူး။ ဘာမှလည်း ရန်ဖြစ်တာမရှိဘဲနဲ့။ စကားမပြောဘဲနေကြရင်း ရန်ဖြစ်ထားသလိုမျိုးကြီး ဖြစ်သွားရော..”
     အသက်တစ်ရာမနေရ၊ အမှုတစ်ရာပွေရ ဆိုသလို အလုပ်သမားအချင်းချင်း အစောင်းအမြောင်းဇာတ်လမ်းတွေကလည်း ကိုယ်မှမရှင်းရင် ဘယ်သူရှင်းမလဲ။ အပြင်ကကြည့်တော့ ဘာမဟုတ်တဲ့ ပြဿနာလေးတွေဆိုပေမဲ့ ကာယကံရှင်တွေအတွက်ကျတော့ မျက်ရည်နဲ့မျက်ခွက်လေ။
    “ ကိုယ့်တုန်းကလည်း လူတန်းစားသာကွာတာ စိတ်ဓာတ်ကဘာထူးလို့လဲ။ မနက်မိုးလင်းတာနဲ့ သူ့မျက်နှာထားဆိုးကြီးနဲ့ ချီထားတဲ့ မျက်ခုံးအစုံဟာ ကိုယ်ကမှ စကားစမပြောရင် သူက ဘယ်တော့မှ စမပြောဘူး။
    တစ်ခါတလေ ကိုယ်ကလည်း စိတ်အချဉ်ပေါက်ပြီး စကားမပြောဘဲ နေကြည့်လိုက်တာ။ တစ်နေသာကုန်သွားရော။ ရန်ဖြစ်ထားကြသလားလို့ ဘေးကမေးယူရတဲ့အထိ အခြေအနေတွေက တင်းမာကုန်ရော။
    ဒါနဲ့ ကိုယ်က လျှော့ပြီး စခေါ်ကြည့်တော့လည်း သူက စိတ်ခုပြီး မကြားချင်ယောင် ဆောင်တော်မူတယ်လေ။ အကြောင်း မသိခင်ကတော့ လူရှေ့သူရှေ့ ကိုယ့်စကားကို မကြားချင်ယောင်ဆောင်နေရင် ရှက်ပြီး နေမထိထိုင်မသာနဲ့ ကတုန်ကယင်ကြီးပေါ့။
    နောက်တော့လည်း ရိုးသွားတော့ ကိုယ်က စကားစပြောတာကို မကြားချင်ယောင် ဆောင်နေလို့များတော့ လက်တို့ပြီးကို ထပ်ပြောပစ်လိုက်တာပဲ။ အများရှေ့မှာ လက်တို့ပြီး မကြားကြားအောင် ပြောတာကိုမှ မတုန့်ပြန်ရင် ဘယ်သူအလွန်လဲကွယ်..”
    ကိုယ့် ကိုယ်တွေ့ ဆုံးမစကားက ဘယ်လောက် တာသွားသလဲတော့ မသိဘူး။
နောက်ရက်တွေမှာ အလုပ်သမားတစ်ဖွဲ့လုံး ရယ်ရယ်ပြုံးပြုံးနဲ့ အဆင်ပြေနေကြပြန်ပါရောလား။
                                xxxxxx
    သူများကိုတော့ ဆုံးမစကား ဟန်ကျပန်ကျပြောနိုင်ခဲ့ပြီး ဖေ့စ်ဘွတ်ပေါ်မှာ သူနဲ့ သူငယ်ချင်းဖြစ်ရမှာ ကြောက်တဲ့ ကိုယ့်ကိုယ်ကိုကျ ဘယ်လိုမှ ဆုံးမလို့မရဘူးဖြစ်နေတယ်။
    အပြင်မှာ သူက အနိုင်ယူဗိုလ်ကျပြီး အထက်စီးကနေ ဘယ်လောက်ပြောပြော၊ ကိုယ်ကသည်းခံနိုင်တယ်ဆိုတာ..၊ ဒီအသိုင်းအ၀ိုင်းက အတွင်းသိ အစင်းသိ လူတွေလေ။
    ခေတ်မီသူတိုင်း သုံးနေကြတဲ့ ဖေ့စ်ဘွတ်ဆိုတဲ့ လူမှုကွန်ယက်ကြီးထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာ မမြင်ဖူးကြပေမဲ့ တူရာတူရာ အုပ်စုလေးတွေဖွဲ့ပြီး ဓာတ်ပုံလေးတွေတင်ကြ၊ မလှ လှလှ တစ်ယောက်နဲ့တစ်ယောက် လှတယ်လို့ အားပေးကြ၊ ဒဿ      နလေးတွေရေးတင်  ကြ၊ အမြင်တွေဖလှယ်ကြ၊ တရားစာတွေ မျှဝေကြနဲ့ ဖေ့စ်ဘွတ်ယဉ်ကျေးမှုအရ အပြင်မှာ ဘယ်လောက်ရင်းနှီးနှီး လိုင်းပေါ်မှာတော့ ဘယ်သူ့ဘယ်သူမှ မဖဲ့ရဘူး။ မရင့်ကြဘူး။ မိုက်ရိုင်းလို့မရဘူး။
    ဖဲ့ရင်၊ ရင့်ရင်၊ မိုက်ရိုင်းရင်လည်း ကိုယ့်မြင်ကွင်းထဲမှာ မတွေ့ရတော့အောင် ဖယ်ထုတ်ပစ် (ဘလော့ပစ်) လိုက်တာပဲလေ။
    ခက်တာက သူရောကိုယ်ရော ဖေ့စ်ဘွတ်သုံးကြပေမဲ့ မသိယောင်ဆောင်ပြီး သူငယ်ချင်းမလုပ်ဘဲနေခဲ့ကြတာ အတော်တောင်ကြာခဲ့ပြီ။ ဘာလို့လဲဆိုတော့ အပြင်မှာ ဘယ်လောက်ပဲ သူ စကားရင့်ရင့်ပြောပြော သည်းခံနိုင်ပေမယ့်
ဖေ့စ်ဘွတ်ပေါ်မှာ၊ ကိုယ်နဲ့ခင်မင်သူတွေကြားမှာ ကိုယ့်ကိုယ်နှိမ်တာမျိုးတော့ သည်းခံနိုင်မယ် မထင်ဘူး။
    ဖေ့စ်ဘွတ်ပေါ်မှာက ကိုယ့်မိသားစုဓာတ်ပုံတွေ၊ ကိုယ်ငယ်ငယ်က ပုံလေးတွေ၊ ကိုယ့်ရင်ထဲက ခံစားချက်တွေ၊ ထင်မြင်ချက်လေးတွေ၊ တရားစာတွေ၊ တင်ထားသမျှကို ၀ိုင်းချီးကျူး အားပေးထားတဲ့ ကောမန့်တွေက အများကြီးလေ။
    ဒါကို သူက အပြင်မှာ အနိုင်ကျင့်နေကျအတိုင်း အမနာပ တစ်ခုခုဝင်မရေးဘူးလို့ ပြောနိုင်မလား။ သူ့အကျင့်ကို ကြောက်လို့လည်း ဖေ့စ်ဘွတ်မှာတော့ သူနဲ့ မတွေ့အောင်ရှောင်ရတာပဲ။
    ဘာပဲဖြစ်ဖြစ် သူနဲ့ကိုယ့်ကြားက သူငယ်ချင်းတွေရဲ့  Like တွေ     ၊ Comment တွေကြောင့် ကိုယ့် Timeline မှာ သူ့ပုံတွေ ပေါ်ပေါ်လာသလို သူ့Timeline မှာလည်း ကိုယ့်ပုံတွေ သွားသွားပေါ်နေမှာ အသေအချာပဲ။
    အမယ် သင်းက အပြင်မှာသာ လူတကာအပေါ် မာရေကျောရေနဲ့။ ဖေ့စ်ဘွတ်ထဲမှာကျတော့ ရေးထားလိုက်တဲ့ Comment  တွေက ချိုလို့မြလို့၊ သူမဟုတ်တဲ့အတိုင်း..။
    ကိုယ့်အပေါ်သာ စောင်းလိုက်မြောင်းလိုက်၊ မလိုတမာတွေ များပေမဲ့ ဖေ့စ်ဘွတ်ပေါ်ကျတေှာ့မေန  လိုက်ရတဲ့ တရားစာတွေဆိုတာ သူတော်ကောင်းမကြီး အတိုင်း...။
    သူ့ဘော်ဒါတွေနဲ့ဆို ကလေးကလား မပီကလာစာသားတွေနဲ့ ဖလန်းဖလန်းထ၊ မြူးကြွနေလိုက်တာ၊ သူများမကောင်းကြောင်း ဘယ်တော့မှ မပြောတတ်တော့မယ့် အတိုင်း...။
     တစ်ခါတလေတော့လည်း တွေးမိပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာသာ သူနဲ့ကိုယ် နဖူးတွေ့ဒူးတွေ့ ဆုံဖြစ်ကြရင် အပြင်မှာလိုပဲ အကျောကြီးနဲ့ ဆရာကြီးလုပ်ပြီး ဃသာာနညအ တွေ ပေါက်ကရ၀င်ရေးမှာလား။ ဖေ့စ်ဘွတ်ယဉ်ကျေးမှုအတိုင်း “ ညီမလေးရေ..၊ ကျေးဇူးပါနော်..” လို့ ပီယ၀ါစာ ချိုမြလေမလား။ သိချင်စမ်းလှတယ်။
    ဒါကြောင့်လည်း ဖေ့စ်ဘွတ်ပေါ်မှာ သူ့ပုံတွေ တွေ့တိုင်း စဉ်းစားတွေဝေမိတာက တစ်မိုးအောက်အတူနေပြီး ဂြိုလ်တုပတ်ရှောင်နေရတဲ့ သံသရာကြွေးရှင်ကြီးကို သူငယ်ချင်းအဖြစ် ကိုယ်ကပဲ စ ခွင့်တောင်းလိုက်ရမလား။ နောက်ဘယ်တော့မှ မမြင်တွေ့ရလေအောင် ဘလော့ပစ်လိုက်ရင်ပဲ ကောင်းမလား.. ဆိုတာပါပဲ။
     အမယ် ပြောရင်းဆိုရင်း သူ့ပုံကြီးပေါ်လာပြန်ပြီ။
     အပြုံးလေးက ချိုလို့တော်...။
     ဟောတော့... သူ့ပုံနဲ့ ရှေ့ဆင့်နောက်ဆင့် ပေါ်လာတာက ကိုယ့်ပုံကြီးပါလား။
     ကိုယ်ကလည်း ပြန်ပြီး ပြုံးကြည့်နေတာများ မှန်ကြည့်နေရသလို ပါပဲနော်။
                                xxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
August, 2014... မဟေသီမဂ္ဂဇင်း
   

No comments:

Post a comment