တိမ်မင်ခိုးနှယ် ပြောင်းလဲလွယ် (ရသစာတမ်း)
သည်အမျိုးသမီးကို မြင်လိုက်ရတော့ နဂိုက မခက်ထန်တတ်သော ကျွန်မ၏စိတ်နှလုံးပင်လျှင် တင်းကနဲ အပေါ်ကြောမာခဲသွားရ၏။
       စကားကို တိုပြတ်ပြတ်ပြောတတ်သော၊ မေးတစ်ခွန်းဖြေတစ်ခွန်း မဖော်ရွေလှသော၊ အမေးအမြန်းထူလာလျှင် ၀ယ်မှာမို့လားဆိုသည့် မျက်နှာပေးနှင့် မဖြေချင့်ဖြေချင် အကြောမာလှသော... သည်မိန်းကလေးမျိုးကို အရောင်းစာရေးခန့်ထားသည့် ဆိုင်ရှင်ကိုလည်း အံ့သြလှ၏။
       သည်လိုဆိုရင်ဖြင့် ဘာလို့ ဒီဆိုင်ကိုသွားနေရသေးလဲ။ ၀ယ်စရာဈေးဆိုင် ဒီလောက်ရှားပါးနေလို့လားဟု မေးချင်စရာပင်။
        ဈေးဆိုင်ကတော့ မရှားပါ။ သို့ပေမယ့် ဈေးနှုန်းမှန်ကာ ဆက်ဆံရေးကောင်းသည်ကတော့ ရှားပါသည်။
       ကျွန်မတို့မြို့ကလေးမှာက စတိုးဆိုင်တွေပေါလှသော်လည်း လူကြည့်ကာ ရောင်းဈေးလက်တမ်းပြောသောဆိုင်၊ ဈေးနှုန်းကပ်ထားသော်လည်း တခြားဆိုင်တွေထက် အမြဲတမ်းဈေးကြီးနေသောဆိုင်၊ ဈေးမှန်သော်လည်း ဆက်ဆံရေးဆိုးသောဆိုင်၊ နှုတ်ချိုလှသော်လည်း လက်တိုလှသောဆိုင်၊ နှုတ်ချိုဈေးမှန်သော်လည်း ပစ္စည်းမမှန်ဘဲ ကန့်သတ်ရက်လွန်နေသော အစားအစာ၊ အရည်အသွေးမမီသော ပစ္စည်းတို့ကို မျက်စေ့လှည့် ရောင်းချတတ်သောဆိုင်.....၊ စသည် စသည်ဖြင့် အားနည်းချက်၊ အားသာချက်တို့ကို ချိန်ထိုးကြည့်လိုက်တော့ ခြေဦးလှည့်ချင်စရာဆိုင်က သိတ်မရှိလှတော့။
       ကျွန်မကတော့ဖြင့် လူအတော်များများ၏ သဘောထားအတိုင်းသာ ဈေးပိုပေးရင်ပေးရပေ့စေ၊ ၀ယ်သူကို တလေးတစားဆက်ဆံသည့် ဆိုင်ကိုသာ ရွေးချယ်လေ့ရှိပါသည်။
       သို့ပေမယ့် တစ်ခါတရံတော့လည်း ကျွန်မတို့သည် မချစ်သော်လည်း အောင့်ကာနမ်းရသည့် အဖြစ်မျိုးတွေ ဘ၀မှာ အခါများစွာ ကြုံတွေ့တတ်ကြသည်ပဲ မဟုတ်လား။
       အခါတစ်ပါးမှာတော့ ကျွန်မအလိုရှိသော ပစ္စည်းတစ်ခုက ထိုသို့သောဆိုင်မှာမှ ရှိနေခဲ့၏။
      ပထမတစ်ခါတုန်းကတော့ အဲသည်ဆိုင်လေးကို ဆက်ဆံရေးဆိုးသည်၊ ကောင်းသည် မသိသေး။ ဆိုင်ထဲဝင်သွားသည်နှင့် နွေးထွေးသော ကြိုဆိုမှုမရှိသည်ကိုသာ သတိထားမိသည်။
       မျက်နှာထားဆိုးဆိုးနှင့် မိန်းကလေးတစ်ယောက်က နှုတ်ခမ်းကို တင်းတင်းစေ့ကာသာ အေးစက်စက် ကြည့်နေခဲ့၏။
       သည်လိုပုံစံနှင့် အရောင်းစာရေးမျိုးတွေကို ဆိုင်ရှင်ကိုယ်တိုင်မကြီးကြပ်သော ဆိုင်တွေမှာ တွေ့ဖူးလှပြီမို့ ကျွန်မကလည်း ၀ယ်လိုသည့်ပစ္စည်းကိုသာ ရောင်းသူဝယ်သူ အသံတူစွာ ခပ်တည်တည်ပင်မေးလိုက်သည်။
       မိန်းကလေးက “ အင်း.. အဲ ” ပင် တစ်ခွန်းမှ တုံ့ပြန်သံမဟပါ။ ကျွန်မကိုကျောခိုင်းကာ နောက်ပြန်လှည့်သွားေးတာ့ နည်းနည်းတောင် ကြောင်သွားရ၏။ နောက်တော့မှ ရှိုးကေ့စ်တွေနောက်ထဲကို ၀င်သွားကာ ဘီရိုတံခါးကိုဖွင့်ပြီး ကျွန်မမေးသည့်ပစ္စည်းကို ကောင်တာတစ်ခုပေါ်တင်လိုက်သည်။
       “ ဘယ်လောက်လဲ...” ဟုမေးတော့ ဈေးနှုန်းတစ်ခုကို တုံးတိတိပင်ဖြေ၏။ တချို့ဆိုင်များမှာလို ပစ္စည်းကိုညွှန်းဆိုပြီး ဖွယ်ဖွယ်ရာရာ ၀ယ်ချင့်စဖွယ်စကားတို့ကို မပြော။
       ပစ္စည်းကိုကောက်ကိုင်ကြည့်တော့ ကျွန်မလိုချင်သည့်ပစ္စည်း အမှန်ပင်။ ဈေးနှုန်းကလည်း မများလှပါ။ သို့ပေမဲ့ ဈေးတော့ကပ်မထား။
        သည်တော့ ကျွန်မကလည်း ၀ယ်သူတို့သဘာဝအတိုင်း ထုံးစံမပျက် “ ဈေးလျှော့ပါဦး...” ဟု ဆိုမိ၏။
        သူမက ကျွန်မကို တစ်ချက်မျှပင် စွေမကြည့်ဘဲ သူ့ပစ္စည်းကို ဖျတ်ခနဲ ကောက်သိမ်းလိုက်တော့သည်။
        ရုတ်တရက် သွေးကြောများပြောင်းပြန်စီးကုန်သလား။ မျက်နှာတစ်ခုလုံး တရှိန်းရှိန်းထူပူကာ အငွေ့တလူလူထွက်လာသလို ဖျဉ်းကနဲ စိတ်ခုသွားမိရ၏။
       ဘာလုပ်ရမည်ဟုပင် ချက်ချင်းစဉ်းစားမရ။ သူမလိုပင် ရောင်းသူဝယ်သူ နောက်ထပ်အသံတူအောင် ဆတ်ကနဲ ခြေဆောင့်ကာ ထွက်သွားရမည်လား။ အတွင်းခန်းမှာထိုင်နေသည့် ဆိုင်ရှင်ကိုပင် အော်ခေါ်ကာ တိုင်တန်းလိုက်ရမည်လား။
        ကျွန်မ ကလေးမဆန်ချင်ပါ။
ရိုင်းပြသောအရောင်းစာရေးမလေး တစ်ယောက်နှင့်အပြိုင် လိုက်ရိုင်းရမှာကိုလည်း ရှက်ပါသည်။
       သည်တော့ လူမသိသူမသိ ထောင်ထလာသော မာနကို ကိုယ့်ဖာသာ အသာဖိချကာ... “ ကဲ ကဲ.. အဲဒါကိုပဲယူမယ်...” ဟု အောင့်သက်သက်ဖြင့်ပင် ၀ယ်ယူလာခဲ့ရလေ၏။
       စက်ရုပ်ဆန်စွာပင် သူမကလည်း ၀ယ်ယူမည့်ပစ္စည်းကိုထုတ်ပိုးပေးကာ ငွေချေပြီးထွက်လာတော့ ကျွန်မကလည်း အဲသည်ဆိုင်လေးကို နောက်တစ်ခါ ဘယ်တော့မှထပ်မလာဟု ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချခဲ့လိုက်မိပါသေးသည်။
                                                     xxxxxx
       ဒုတိယအကြိမ် သည်ဆိုင်လေးကို ထပ်ရောက်လာရခြင်းမှာ ကျွန်မ အရေးတကြီးလိုချင်သည့် ပစ္စည်းတစ်ခုက ကုပ္မဏီပိတ်သွားပြီမို့ မြို့ကလေးရှိ ဆိုင်တိုင်းမှာပြတ်သွားပြီး ထိုတစ်ဆိုင်မှာသာ အနည်းငယ်ကျန်တော့သည်ဟု သတင်းရပြန်သောကြောင့်ဖြစ်သည်။
       ကြားကာလ အတန်ငယ်ခြားသွားပြီမို့ အရင်ကချခဲ့မိသော ဆုံးဖြတ်ချက်ကလည်း ကာလရွေ့လျောသွားကာ မေ့သလိုဖြစ်နေခဲ့ပြီ။
       ထိုဆိုင်ကို သွားမည်ဟန်ပြင်တော့ ထိုဆိုင်မှ အရောင်းစာရေးမ၏ မျက်နှာကြောက ဖျတ်ခနဲတော့ ရေးတေးတေးပေါ်လာသား။
သို့ပေမယ့် လိုချင်ဇောကများနေတော့ မျက်နှာသေကြီးကို ဆက်တွေးမနေအားတော့။
       ကိုယ်က ပိုက်ဆံပေး၍၀ယ်မည့်သူပဲလေ။ အလကားတောင်းမှာလည်း မဟုတ်။ သူက မဖော်ရွေတော့လည်း ကိုယ်ပါ လိုတိုရှင်း...။ ၀ယ်ချင်ရာကိုပြော ၀ယ်။ ပစ္စည်းထုတ်ပေးတော့ ပိုက်ဆံရှင်းပြီး ပြန်ရုံပေါ့။ အလာပသလာပ မပြောရတော့ အချိန်တောင် အကုန် သက်သာသေး..၊ မဟုတ်လား။
       ခက်သည်က မြန်မာပီပီ ကိုယ်တိုင်ကဖော်ရွေပြုံးရွှင်စွာ နှုတ်ဆက်ချင်သလို သူများကကိုယ့်ကို ဖော်ရွေတာကိုလည်း သဘောကျချင်ပြန်၏
       မတတ်နိုင်ပါ။ သူကတင်းမှတော့ ကိုယ်ကလည်း ကင်းရပေတော့မည်။
       တကယ်တမ်း ဆိုင်ထဲသို့ ခြေလှမ်းဝင်ဝင်ချင်းမှာပင် ကျွန်မကိုမြင်တော့ ဖောက်သည်ကောင်းတစ်ယောက်ကို မြင်ရသည့်ပမာ သူမမျက်နှာက ၀င်းပပြုံးရွှင်သွား၏။
        “ ဟော မမ ... ဘာလိုချင်လို့လဲရှင်...”
        အလို...။ ကျွန်မနားကိုတောင် ကျွန်မ မယုံချင်။ ကျွန်မ လူများမှားနေသလား။
        အသစ်ပြောင်းထားသော အရောင်းစာရေးကို ယခင်မိန်းကလေးဟုပင် ကျွန်မအထင်မှားနေလေသလား။
       သူမမျက်နှာကို ကျွန်မသေသေချာချာ သတိထားကြည့်ပါ၏။ အသက်နှစ်ဆယ်ပတ်လည်လောက်...၊ နဖူးမောက်မောက်၊ မျက်လုံးပြူးပြူး၊ နှာခေါင်းတိုတို၊ နှုတ်ခမ်းထူထူ။
       သို့ပေမဲ့ ပြုံးရွှင်နွေးထွေးနေတော့ နှစ်လိုဖွယ်ကောင်းလိုက်ပါဘိ။ အသက်ဝင်နေသော မျက်လုံးများက အရင်လိုမှုန်မှိုင်းမနေဘဲ တောက်ပနုပျိုနေလေသည်။
       အရင်မိန်းကလေးတော့ အရင်မိန်းကလေးပါပဲ။ ခုတစ်ခါတွေ့ရသည်က ကြည်သာချမ်းမြရှိလှပါ၏။ လောက၏အလှတရားဆိုတာ ဘာလဲလို့ သူမရှာဖွေတွေ့ရှိသွားလေပြီလား။
       သူမက ရွေးချယ်စရာမလိုဘဲ သေချာပေါက်ဝယ်မည့် ဈေးဝယ်သူကိုတောင် ဖွယ်ဖွယ်ရာရာစကားများဖြင့် မိတ်ဖွဲ့နေပြန်သေးသည်။
ကျွန်မကလည်း ဈေးနှုန်းမကပ်ထားသောဆိုင်မို့... “ လျှော့ဦးမလား ညီမ...” ဟု အကျင့်ပါစွာ ဈေးဆစ်လိုက်မိသေး၏။
ပြီးမှ.. “ အော် ငါ့နှယ်.. အမှတ်မရှိရန်ကော..” ဟု အတိတ်က ဒေါသဖြစ်ဖွယ် အပြုအမူကို သတိရမိတော့သည်။
       အံ့သြစရာကောင်းစွာ သူမက ပြုံးပြုံးရွှင်ရွင်ဖြင့်ပင် အတွင်းခန်းမှဆိုင်ရှင်ကိုတောင် အခွင့််တောင်းခြင်းမပြုဘဲ ငွေပမာဏအနည်းငယ် ဆိုပေမယ့် ရောင်းသူလည်းမနစ်နာ၊ ၀ယ်သူလည်း စိတ်ချမ်းသာစေမည့် အနေအထားတစ်ခုကို ပါးနပ်စွာလျှော့ပေးလိုက်၏။
        “ မမက ၀ယ်နေကျဖောက်သည်ပဲ။ လျှော့ပေးရမှာပေါ့...” ဟုပင် ပြောလိုက်သေး။
       သူမ၏ ဖော်ရွေမှုတွင် စကားဖောင်ဖွဲ့ရင်း မထင်မှတ်ဘဲ ရည်ရွယ်မထားသည့် ပစ္စည်းတချို့ကိုပါ ကျွန်မ၀ယ်မိသွားသေးသည်။
       သည်လိုဆိုတော့လည်း အရင်တစ်ခါက အပြုအမူကို ကျွန်မနားလည်ပေးနိုင်သွားပြီ ဖြစ်၏။ ဤဆိုင်လေးသို့ အရင်တစ်ခေါက် လာခဲ့တုန်းက သည်မိန်းကလေး စိတ်ညစ်စရာတစ်ခုခု ကြုံထားရချိန်ဖြစ်ပေလိမ့်မည်။ ဆိုင်ရှင်၏အဆူအပူကို မတရားသဖြင့် ခံထားရချိန်လည်း ဖြစ်နိုင်သလို အိမ်တွင်းရေးပြဿနာတစ်ခုခု တက်နေ၍လည်း ဖြစ်နိုင်သည်ပဲ။
       သို့တည်းမဟုတ် ချစ်သူနှင့်စိတ်အခန့်မသင့် ဖြစ်နေချိန်၊ ငွေရေးကြေးရေး အကျပ်အတည်း၊ ကျန်းမာရေးအားနည်းချက်၊ လူမှုရေးအခက်အခဲ။ အိုး... လူ့ဘ၀မှာ စိတ်ညစ်စရာ ဒုက်္ခတွေကလည်း အများကြီးပဲမဟုတ်လား။
       ဘာပဲဖြစ်ဖြစ် သူမ၏ စိတ်ရင်းအမှန်လေး သာသာယာယာရှိချိန်မို့ ဈေးဝယ်ရသည်မှာ ကိုယ်က ပိုက်ဆံပေးရသည့်တိုင် စိတ်လက်ရွှင်ပြရှိလှသည်လေ။
      သည်လိုဆိုပြန်တော့ ကျွန်မတို့လမ်းထိပ်မှ ထာဝစဉ် မျက်မှောင်ကြုံ့ထားသော၊ စတိုးဆိုင်လေးတစ်ခု၏ ဆိုင်ရှင်ဦးလေးကြီးကို သတိရမိ၏။ သူကတော့ သူ့ဆိုင်သို့ နေ့လာလာ၊ ညလာလာ၊ လာသမျှဈေးဝယ်သူကို အဲသည်မျက်နှာပုပ်ကြီးနှင့်သာ အမြဲဆက်ဆံတတ်၏။
       သည်ကလေးမလို စိတ်ညစ်စရာကြုံရမှသာမဟုတ်။ ဆယ့်နှစ်ရာသီ အချိုးမပြောင်း။ တစ်ခါတရံပင် ကြည်လင်သောမျက်နှာကို မတွေ့ရ။ သူ့ဆိုင်က လမ်းထိပ်တင်မို့ လွယ်လွယ်ကူကူ ၀ယ်ချင်လျှင်တောင် သူ့မျက်နှာကြီးမြင်ရမှာ စိတ်ညစ်သည်နှင့် နည်းနည်းဝေးသည့်ဆိုင်ကို ရောက်သွားရမြဲ။
       သို့ပေမယ့် သူကလည်း သူ့မိတ်ကလေးနှင့်သူတော့ ရပ်တည်နိုင်သားပင်။
       သူ့ဆိုင်ကလေးမှာ ၀ယ်သူကလည်း ခပ်ကျဲကျဲဆိုသော်လည်း ရှိတော့ရှိနေသည်ပါပဲ။
       မည်သို့ပင်ဆိုစေ အမြတ်ပိုပေးလျှင် ပေးရစေဦး။ ဖော်ရွေသောဈေးသည်ကိုသာ ရွေးချယ်ချင်သူ ကျွန်မကတော့ လမ်းထိပ်ဆိုင်ကို အရေးပေါ်ကိစ္စမှလွဲ၍ ခြေဦးလှည့်လေ့မရှိခဲ့ပါ။
                                                    xxxxxx
       သိတ်မကြာခင်ကာလတစ်ခုမှာ ဖြစ်ပါသည်။
       အိမ်မှာ ပစ္စည်းတစ်ခု ၀ယ်စရာရှိလာတော့ ကျွန်မက ဘယ်ဆိုင်မှာဝယ်ဝယ် ရနေသော ပေါများသည့်ပစ္စည်းဖြစ်ပါလျက် ထိုမိန်းကလေးဆိုင်ကိုမှ ရွေးချယ်မိပြန်၏။
       ဈေးမှန်သည်ကတစ်ကြောင်း၊ ဒုတိယအခေါက်မှာတုန်းက ဖော်ရွေကာ စကားအစပ်တည့်လှသည်က တစ်ကြောင်း၊ သည်ဆိုင်လေးကို ခရီးနည်းနည်းလှမ်းသော်လည်း သတိတရနှင့် ခြေဦးလှည့်မိသည်။
       ဆိုင်ထဲသို့လှမ်းဝင်ဝင်ချင်း မျက်လုံးပြူးလေးနှင့် တန်းပြီးအကြည့်ချင်းဆုံသည်မို့ ကျွန်မက ရယ်ပြလိုက်၏။
        သည်တစ်ခါလည်း ကျွန်မ အံ့သြရပြန်ပါပြီ။
       သူမက ခံစားမှုမဲ့သော ပြူးကြောင်ကြောင်မျက်လုံးတစ်စုံဖြင့် အေးစက်စက်ကြည့်နေလေတော့ ရယ်မလိုဟန်ပြင်ဆဲ ကျွန်မပါးစပ်ကြီးက ပြဲလျက်နှင့်ဟကာသာ တိုးလို့တန်းလန်း...။
       ကျွန်မကပဲ အသက်ကြီးလာလို့ မှတ်ဥာဏ်ချို့ယွင်းကာ အမှတ်မှားလေသလားဟုပင် ဇဝေဇ၀ါ။
       စက်ရုပ်ဆန်သော သူမနှင့် စက်ရုပ်ဆန်စွာ အရောင်းအ၀ယ်လုပ်နေရင်း ကျွန်မအတွေးများကလည်း နောက်ပြန်ဆွဲလျက် ကိုယ့်ကိုယ်ကိုပင် မသင်္ကာချင်။
       ရုပ်တူသည့် ညီအစ်မနှစ်ယောက်ကိုပင် ကျွန်မက တစ်ယောက်တည်းထင်ကာ မှားနေလေသလား။
ကြားကာလ သိတ်မကြာဟု ထင်သော်လည်း ကျွန်မကပဲ သူမနှင့်ဆက်ဆံရေးကို အကောင်းဆုံးဖြစ်ချင်စိတ်ကြီးကာ အမှတ်မှားလေသလား။
        ဟိုတစ်ခေါက်က ပြုံးရွှင်စွာဆက်ဆံသည်ကရော ဟုတ်မှဟုတ်ရဲ့လားဟု ကိုယ့်ကိုယ်ကိုပင် ပုံမှန်စိတ်အနေအထား ရှိမရှိ သံသယဖြင့် စစ်ဆေးမိရသေး၏။
        သည်လောက်ကိစ္စလေးကိုတော့ စိတ္တဇဖြစ်လောက်အောင် စွဲလန်းစရာလည်း မရှိလှပါပဲနှင့်လေ။
         ခက်ပဲခက်ရချည်ရဲ့။ သူမက မရူးလျှင် ကျွန်မကပဲ ရူးရတော့မည်မဟုတ်လား။
        သည်တစ်ခါ ၀ယ်ယူခြင်းကိစ္စပြီးဆုံး၍ ဆိုင်ကလေးကို ကျောခိုင်းမိစဉ်မှာတော့ နောက်တစ်ခေါက်ထပ်လာပြီး အဖြစ်မှန်ကို အကဲခတ်ချင်စိတ်ပင် မရှိတော့ပေ။ သည်တစ်ခါလည်း သူမ စိတ်ညစ်နေရချိန်မို့ဟု နားလည်မပေးချင်တော့။ စိတ်ညစ်ချိန်မို့ဆိုလျှင်လည်း ကိုယ်ရေးကိုယ်တာနှင့် အလုပ်တာဝန်ကို အမြဲတမ်းရောထွေးချင်နေသည့် စိတ်ထားမျိုးကို သည်းခံမပေးချင်တော့။
        တကယ်တော့ ကျွန်မတို့အတွက် ပုံမှန်ဆက်ဆံရေးတစ်ခုသည် အကြိမ်ကြိမ်အခါခါဖြင့် နေသားကျနေပြီဆိုလျှင်သာ အေးစက်သောမျက်နှာပုပ်ကြီးကိုလည်း ဥပက္ခာပြုနိုင်သွားမည် ထင်ပါသည်။ ဥပမာ လမ်းထိပ်မှ ဦးလေးကြီးဆိုင်မှာ ဈေးဝယ်သူတွေ ရှိနေသေးသလိုမျိုးပေါ့။
         တစ်ခါတရံ အကောင်းဆုံးကိုသာ မျှော်လင့်ချင်သော လူ့သဘာဝအရ တင်းမာသော မျက်နှာထားကြီး ပျော့ပြောင်းချိုသာလာသည်ကိုတော့ မြင်ချင်မိသည်သာပေပဲ။
သို့ပေမယ့် တစ်ခေါက်ပျော့ပြောင်းလိုက်၊ နောက်တစ်ခေါက်ကျ မာထန်လိုက်၊ နောက်တစ်ခါတော့ အေးစက်လိုက်၊ နောက်တစ်ခါ နွေးထွေးလိုက်နှင့် မူမမှန်သော ဆက်ဆံရေးကိုတော့ ဘယ်လူသားမှ ကြုံတွေ့ချင်ကြမည် မထင်ပါ။
        အရူးနှင့်တွေ့ရသလို ငိုရမလို၊ ရယ်ရမလို...၊ အစိုးမရသော ခံစားချက်တွေနှင့် မည်သူကများ ကြုံဆုံချင်ပါမည်နည်း။
        ခုမှ သည်မိန်းကလေး၏ဆိုင် ဘာကြောင့် ဈေးဝယ်သူပါးရသည်ကို ကျွန်မသိရပေပြီ။ ကျွန်မရောက်သွားတိုင်း ဈေးဝယ်သူ ဘယ်တော့မှ မရှိ။ ဖုန်တလောလောဖြင့် ပစ္စည်းတွေဟောင်းနွမ်း။ တစ်မြို့လုံးပြတ်သွားသည့်ပစ်္စည်းကို သူ့ဆိုင်မှာမှ ကျန်နေသည်ဆိုသည့် အချက်၏ လျှို့ဝှက်ချက်ကို ကျွန်မသိသွားရသည်။
        နောက်တစ်ခါသွားလျှင် နွေးထွေးပျူငှာချင် ပျူငှာနိုင်ပေမယ့် အရူးလုပ်လှသည့် သည်လိုဆိုင်မျိုးကို သွားမည့်အစားတော့ လမ်းထိပ်မှ မပြောင်းလဲသော မျက်နှာထားမာမာဆီကိုသာ ခြေဦးလှည့်ချင်မိပါတော့သည်။
         စင်စစ် ကျွန်မတို့သည် အခြေအနေတစ်ရပ်ကို ယဉ်ပါးလာသည့်အခါ ဥပက္ခာပြုနိုင်လာသော်လည်း လှည့်စားခံရသလို အကြိမ်ကြိမ် အပြောင်းအလဲများလှသော မတည်ငြိမ်ခြင်းမျိုးကိုတော့ စိတ်ကုန်ခမ်းကြသည်သာဖြစ်ပါသည်။
          ကျွန်မ ထိုဆိုင်လေးကို ဘယ်တော့မှ သွားမည်မဟုတ်တော့ပါ။
                                                     xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
July, 2013... ပင်းယမဂ္ဂဇင်း
ပွဲသိမ်းခရာသံ
           သည်တစ်ချီတော့ သေချာပေါက်ပွဲပြတ်ပြီဟု သူက ထင်နေပုံရ၏။ သူ့ပစ်္စည်းကို သူ ယုံကြည်စိတ်ချစွာ အစစအရာရာ စိတ်ကြိုက်စစ်ဆေးနိုင်ကြောင်း ရဲရဲကြီးအာမခံနေသည်။
   “ ဒီတစ်ခါတော့ အစ်ကိုကြိုက်မှာ လုံးဝသေချာတယ်။ ရှယ်... အသန့်လေး၊ စင်းနေတာပဲ။ စောင်ခြုံကြားက ခုမှဆွဲထုတ်လာတာ။ ဒီအချိန်မှာ ဒီဈေးနဲ့ဆိုရင် ဒီလိုအသန့်က နတ်ပြည်တက်ရှာရင်တောင် မတွေ့နိုင်ဘူးအစ်ကိုရေ။ ကြိုက်ဈေးညှိပြီးရင် ဆွဲသာပစ်လိုက်တော့။ အလွတ်မခံနဲ့အစ်ကို...”
   အားလုံးက ကျွန်တော်ကြေးများတာကို ကောင်းကောင်းသိနေကြသူချည်းမို့ တော်ရိလျော်ရိလောက်နှင့်တော့ လာမပြရဲကြသည်မှာ သေချာပါသည်။ အပြင်ပန်းကြည့်လိုက်တာနှင့်ပင် ကျွန်တော်ကလည်း သိနေ၏။ ပင်ကိုယ်အလှလား၊ မိတ်ကပ်တွေကြောင့် ချောနေတာလားဆိုတာ တို့စရာ ထိစရာမလိုဘဲ အမြင်နှင့်ပင် ခံစားလို့ရနေပြီ။
   “ အမှန်ပြောရရင် ငါက ဖင်ကောက်မှ ပိုကြိုက်တာကွ...”
   မချင့်မရဲပြောလိုက်သည့် ကျွန်တော့်ကို သူက အရိုးများသလေး၊ ချေးခါးသလေး လုပ်ရန်ကောဆိုသည့် အကြည့်နှင့်ကြည့်ပြီး...
   “ ဟာ အစ်ကိုရာ... ကိုယ်နိုင်တဲ့ဈေးနဲ့ မှီတာသာ ဆွဲစမ်းပါ။ မမီတာကြီးကို လွမ်းမနေစမ်းပါနဲ့။ အစ်ကိုမဆွဲရင် ဆွဲမယ့်သူတွေ တန်းစီနေတာနော်။ ဒါလေးက တစ်လက်ကိုင်ဗျ။ ခုမှ သူ့ပိုင်ရှင်က လက်လွှတ်လိုက်လို့ ကျွန်တော် မ လာတာ။ ဈေးတန်းထဲ ချမခင်းရသေးဘူး။ ငါ့အစ်ကိုက အကောင်းကြိုက်တတ်လွန်းလို့ အရင်လာပြတာ။ ၀ိုင်းထဲ အရင်ချပြလိုက်လို့ကတော့ ၀ိုင်းဆွဲကြတော့မှာ။ အစ်ကိုတောင် မြင်လိုက်ရမှာမဟုတ်ဘူး...”
   သူ့အညွှန်းက ညွတ်လှသည်မို့ ရုတ်တရက်ဆိုသလိုတောင် ကိုယ့်ရှေ့ရောက်နေသည့်သားကောင်ကို အပိုင် ခုန်အုပ်ရတော့မလို အစားမာန်တက်သွားရသေး၏။
   လွတ်သည့်ငါးမှ ကြီးချင်တတ်သည်မှာ သဘာဝမို့ ကိုယ်အရင်မမြင်လိုက်ရသေးခင် ဈေးကွက်မှာ သူများလက်ထဲသာ တွေ့လိုက်ရလို့ကတော့.... “ ဒါမျိုးပိုင်ရမယ်ဆို အချိန်မဆိုင်းဘူး။ ဈေးမဆစ်ဘူး...” ဟု ပြောမိပေဦးမည်။
   “ အေးကွာ ပစ်္စည်းကတော့ မဆိုးပါဘူး။ ဈေးနည်းနည်းညှိပေးဦး ညီလေးရာ။ အစ်ကိုက ရေမပေါဘူးကွ။ လေသာပေါတာ...”
   “ ဟားဟား.. စိတ်ချအစ်ကို။ ကျွန်တော်ညှိပေးပါ့မယ်။ ကိုယ့်အစ်ကိုကို ပစ်္စည်းကောင်းကိုင်စေချင်တဲ့ စေတနာပါဗျာ။ ကျွန်တော့်အတွက် မပါပါဘူး။ သူ့သခင်ဆီ သွားညှိပြီးရင် ပြန်လာခဲ့မယ်။ ခဏလေးစောင့်...”
   “ အိုကေ ညီ..”
   သူက လေကလေးချွန်ကာ ထွက်သွား၏။ သူ့လေချွန်သံကြားခါမှ နောက်ကျောက မလုံချင်။ စိတ်ထဲ အင်တင်တင် ဖြစ်သွားပြန်သည်။
   အော်... လူ့စိတ်တွေများ ခက်ပဲခက်ရချည့်။
                               xxxxxx
   ကျွန်တော် သည်လို လေချွန်နိုင်ခဲ့သော နေ့တစ်နေ့တုန်းကတော့ ကျွန်တော့်အိမ်သူက သတိပေးခဲ့သေးသည်။
   “ ၀ဋ်မှာအမြဲ၊ ငရဲမှာအပ တဲ့နော်ဆရာကြီး။ သံသရာမပြတ်နိုင်သေးသရွေ့ အလှည့်က တစ်ပတ်ပြီးတစ်ပတ်လည်နေဦးမှာ...”တဲ့။
   ကံ၊ ကံ၏အကျိုး ဆိုသည်ကိုဖြင့် ကျွန်တော်လည်း ဗုဒ်္ဓဘာသာဝင်တစ်ယောက်ပေမို့ သိသည်ပေါ့။ သေသေချာချာလည်း ယုံကြည်သည်ပဲပေါ့။ သို့ပေမဲ့ သတ်္တ၀ါတိုင်းက လက်ရှိဘ၀ကိုသာ ပို၍ခုံမင်တတ်ကြသည်မှာ သဘာဝပဲမဟုတ်လား။
   တရုတ်သိုင်းကားတွေထဲတွင် နောက်ဘ၀မှ အကြွေးပြန်ဆပ်မည်ဟုပင် ၀ံ့ဝံ့စားစားပြောရဲကြသေးသည်မှာ သည်တဏှာကြောင့်ပင်ဖြစ်မည်။ ကျွန်တော်ကလည်း ဘာသားနှင့်ထုထားသည်မို့လဲလေ။ လက်ရှိဘ၀၊ လက်ရှိသားမယားသာလျှင် လောလောလတ်လတ် အရေးကြီးသည်ပဲပေါ့။ နောက်ဘ၀ကတော့ နောက်မှ ကြည့်ရှင်းတော့မည်။
   သည်ဘ၀မှာ မခိုးမ၀ှက်၊ သူတစ်ပါးအသက်မသတ်၊ သူများသားမယား မပစ်မှား။ ဒီလောက်ဆို တော်လှပြီမဟုတ်လား။
   မုသားကတော့ လင်္ကာချောအောင် လိုအပ်လို့ ပြောသင့်လျှင် ပြောရဦးမည်လေ။
   ထိုနေ့က ကျွန်တော်လည်း လေကလေးတချွန်ချွန်နှင့် အလွန်ပေါ့ပါးနေခဲ့၏။ တစ်နှစ်နီးပါး ပွေ့ပိုက်ထားရသော နာတာရှည်ဝေဒနာဆိုးကြီးကို လွှတ်ချခွင့်ရလိုက်သူလို လွတ်မြောက်မှုအရသာမှာ အထူးတကဲရှိလှသည်။
   ဘာမဆို ပညတ်နှင့်ပရမတ်ခွဲကာ နေရာတကာ အတွေးခေါင်ချင်လှသည့် အိမ်သူကတော့ ကံပေးလာသမျှဆိုလျှင် နာတာရှည်ရောဂါမှန်းသိရက်နှင့်တောင် လက်ပြောင်းလက်လွှဲ လုပ်ချင်ပုံမရ။
   “ ပစ်္စည်းတစ်ခု ၀ယ်လိုက်ကတည်းက ကိုယ့်အတွက် အသုံးဝင်ဖို့သာအဓိကပါ။ ဒီပစ်္စည်း ကိုယ်နဲ့အသုံးတည့်နေမယ်ဆိုရင် တော်ပြီပေါ့။ ဘာလို့ ဒီပစ်္စည်းအပေါ်မှာ ဈေးတက်တာ၊ ဈေးကျတာ၊ မြတ်တာ၊ ရှုံးတာတွေ လိုက်တွက်နေပြီး ဈေးအတက်အကျမှာ လှိုင်းလိုက်စီးနေတော့မလဲ။
   ကိုယ်က မြတ်ချင်လို့ ၀ယ်တာလည်းမဟုတ်။ ငွေကစားချင်လို့ ရောင်းမှာလည်းမဟုတ်၊ ကိုယ်က သုံးဖို့ဝယ်တာ။ ဒီတော့ ဈေးအတက်အကျမှာ လှိုင်းလိုက်စီးနေရင် ကိုယ်ပဲ မူးလာမှာပေါ့။ ဘာလုပ်မလဲ။ အကျိုးမရှိဘူးလေ...”
   ဟုတ်တော့လည်း ဟုတ်ပေသည်။ လူ့အသုံးအဆောင်ပစ်္စည်းတွေ မှန်သမျှက ၀ယ်ပြီးသွားလျှင် ကိုယ့်လက်ထဲရောက်တာနှင့် တန်ဖိုးက ကျသွားပြီ။ အသစ်အဆန်း ပေါ်ပေါ်ချင်း ဦးဆုံးစ၀ယ်လျှင် ပိုပြီးဈေးကြီးပေးရမည်။ သူများသုံးပြီးလို့ ရိုးသွားခါမှ ၀ယ်မယ်ဆိုလျှင် ဈေးသက်သာသွားမည်။
   ရွှေဝယ်စုသလို၊ အိမ်ခြံမြေ၀ယ်ထားသလို မဟုတ်။ ရွှေတွေမြေတွေက အချိန်စောင့်နိုင်လျှင်၊ ရင်းထားနိုင်လျှင် ဈေးတက်လာမည်၊ အမြတ်ထွက်လာမည်မှာ သေချာသလောက်ရှိနေသည်။ အသုံးအဆောင်ပစ်္စည်းဆိုသည်ကတော့ ခုဝယ်ပြီးလို့ လက်ထဲရောက်တာနှင့် မကြိုက်တော့ဆိုကာ အသစ်အတိုင်းကို ပြန်ရောင်းမည်ဆိုလျှင်ပင် ဈေးကတော့ မူလဈေးကို လက်ငင်းရနိုင်ဖိှု့ မသေချာတော့။
      “ ကိုယ်လည်း အရှုံးအမြတ်ကို တွက်နေတာ မဟုတ်ပါဘူးကွာ။ အဲဒီအတွက် အလဲအလှယ်လုပ်ချင်တာလဲ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်တို့ပစ်္စည်းက တစ်သက်လုံး ရေရှည်သုံးသွားဖို့ မကောင်းတော့ဘူးလေ။ အဲဒါ မင်းအသိဆုံးပဲဟာ။ “အော်” ပျက်သွားပြီကွ...”
    ကျွန်တော့်စကားကို ကြားတော့ အိမ်သူက ဟက်ဟက်ပက်ပက် ရယ်ပါလေတော့သည်။
    “ အော်... ကိုရင်အေး... ကိုရင်အေး ဒီပစ်္စည်းကို “အော်” ပျက်တယ်လို့ ပြောရအောင် လောကမှာ ဘယ်ဟာများ “အော်”မပျက်တာရှိသေးလို့လဲ။ ခန်္ဓာကိုယ်ကြီးလည်း ဒရစပ် အချိန်တိုင်းပျက်နေတာ၊ ရှင် သိသိရက်ကြီးနဲ့ ဘာမဆို “အော်” မှ၊ အော်ရီဂျင်နယ်မှ ဆိုတဲ့ အစွဲကြီးကို စွန့်လိုက်ပါတော့ရှင်။
    ဒီပစ်္စည်းတွေက နှစ်အစိတ်ကျော်၊ ရှင်နဲ့ သက်တမ်းတူတူနီးပါးရှိနေတဲ့၊ ပိုင်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလာခဲ့တဲ့ ပစ်္စည်းတွေပဲ။ ရှေ့ပိုင်ရှင်က “အော်” လို့ပြောတိုင်းရော ယုံစရာလား။ ကိုယ့်လက်ထဲမှာ ပျက်သမျှသာ ကိုယ်သိတာ။ သူများလက်ထဲမှာ ဘာတွေဖြစ်ခဲ့ပျက်ခဲ့မလဲ ရှင်သိလို့လား။ ရှင်ကိုယ်တိုင်တောင် ဗိုက်ဖွင့်ထားဖူးတယ်။ အူတွေဖြတ်ထုတ်ခံထားရတယ်လေ။ “အော်” ဟုတ်သေးလို့လား... အဟက်..ဟက်...”
    သူမက ပြောလိုက်ရယ်လိုက်နှင့် ကျွန်တော့်ကို လှောင်သလိုလို၊ တရားချသလိုလို လုပ်နေ၏။
    “ ဒါတော့ ဒါပေါ့ကွာ။ ဒါပေမဲ့ ဒီလောက်ဖြစ်ထားတဲ့ ဟာကြီးတော့ ဆက်မသုံးချင်တော့ဘူးကွာ။ ရှုံးလည်းရှုံးပေ့စေ။ အရှုံးခံ ရောင်းသင့်တာပဲမဟုတ်လား...”
    ဒီလိုနှင့် အိမ်သူက လိုက်လိုက်လျောလျော မရှိလှပါဘဲနှင့် ကျွန်တော်က ၀ယ်လက်ရှိတုန်း အမြန်ပင် အိမ်မှကားကို ရောင်းလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ၀ယ်သူက ပိုက်ဆံချေပြီး ကား အိမ်မှထွက်သွားသည်နှင့် ကျွန်တော်လည်း လေလေးချွန်ကာ စိတ်အတော်ပေါ့သွားခဲ့ရသည်။
                                xxxxxx
    “ ဒီနံပါတ်နဲ့ ဒီမော်လ်ဒယ်မှာ အတွင်းခန်းတွေ ဒီလောက်သန့်နေတာ မသင်္ကာစရာပဲကွာ။ နံပါတ်က အက်္ခရာတန်းဖြစ်နေပြီး ပစ်္စည်းက အရမ်းလတ်နေတော့ ဒီကောင်တွေ တစ်ခုခုအတိုက်အခိုက်ရှိလို့များ ပြန်ရှိုင်းထားတာလားလို့...။ ဈေးကလည်း ဆစ်သလောက်မလျှော့ဘဲ နည်းနည်းလျှော့ပေးတယ်ဆိုပေမဲ့ သူများထက် သက်သာနေသေးတာပဲ။ တစ်ခုခုများ ချို့ယွင်းချက်ရှိနေလား...”
    ကျွန်တော့်စကားကိုကြားတော့ အိမ်သူက သက်ပြင်းချလေ၏။
    “ တကယ်တော့ ရှင့်လိပ်ပြာက ရှင့်ကိုခြောက်နေတာပါတော်..”
    အမှန်လည်း သူမပြောသလိုပင် ကျွန်တော် ကားပြန်ဝယ်ဖို့ လိုက်ရှာသမျှ၊ လာပြသမျှကာလမှာ တော်တော်ကြာခဲ့၏။ တစ်စီးပြီးတစ်စီး စိတ်တိုင်းမကျနိုင်ဘဲ ချေးများနေမိခြင်းမှာ ကျွန်တော့်လိပ်ပြာက ကျွန်တော့်ကို ပြန်ခြောက်နေခြင်းသာ...။
    ယခင် ကျွန်တော်ရောင်းလိုက်သော ကားလေးကို ၀ယ်သွားသည့်သူက ကားလေးမှာ ဆေးကအစ အလွန်ကောင်းပြီး၊ အတွင်းခန်းတွေလည်း သန့်နေသောကြောင့် ကားသစ်တွေ ဒီလောက်ပေါနေတာတောင် ပြန်မလဲတော့ဘဲ ဒါပဲစီးဦးမယ့်အကြောင်း ကျွန်တော့်ကို ဖုန်းဆက်ပြောတော့ ကျွန်တော့်မှာ စိတ်ကမလုံလှ။
    တကယ်တော့ ကျွန်တော်ရောင်းကတည်းက သူတို့ သေချာစစ်ဆေးပြီး စိတ်ကြိုက်ဖြစ်မှ ၀ယ်သွားခြင်းပါ။
    “ ဆေးက နောက်ဆေးဆိုပေမယ့် အင်ဂျင်ခန်းရော၊ နောက်ခန်းတွေကပါ “အော်” ဆေး။ ရှေ့မှန်ရော၊ နောက်မှန်ပါ အော်ရီဂျင်နယ် မဟုတ်တော့ပေမဲ့ ရုတ်တရက်ကြည့်ရင် မသိသာပါဘူး...”
    “ အတိုက်အခိုက်တော့ ကင်းပါတယ်နော်...”
    “ အား စိတ်ချ။ အတိုက်အခိုက် လုံးဝကင်းပါတယ်...”
    တကယ်လည်း ကျွန်တော် မုသားစကား မပြောခဲ့ပါ။ သူက အတိုက်အခိုက် ကင်း၊ မကင်းကိုသာ မေးခဲ့ခြင်းလေ။ တခြား ဘာမှ သူမမေးပါ။ အမေးမရှိသောပုစာ်္ဆကိုတော့ ကျွန်တော်ကလည်း ဘာအဖြေမှ ပေးစရာမလို။ ညာစရာလည်း မလိုခဲ့ပါ။
    “ တကယ်တော့လည်း ကိုယ့်လက်ထဲမှာ ဘာဆိုဘာမှ လုံးဝမတိုက်ခဲ့ဘူးပဲလေ။ ကိုယ်မညာပါဘူးကွ... နော်...”
    ကျွန်တော်က ဤသို့ရယ်ဟဟပြောလျှင်တော့ အိမ်သူက မျက်စောင်းဖွဖွ လှမ်းချိတ်ပါလိမ့်မည်။
    “ စိတ်မပူပါနဲ့။ ရှင်လည်း မုသားမပြောတဲ့သူနဲ့ ပြန်တွေ့ပြီး ကျွန်မတို့လို အတိုက်အခိုက်ကင်းတဲ့ ကားမျိုးပဲ ၀ယ်မိဦးမှာပါ...”
    သူမက ဒီလိုပြောလေလျှင်တော့ ကျွန်တော်လည်း ထပ်ဝယ်မည့်ကားအပေါ်တွင် လိုသည်ထက်ပို၍ ဇီဇာကြောင်လေတော့၏။
    “ အစ်ကို ဒီလောက် စာဖတ်နေရင်တော့ ကုပ်္မဏီသွားပြီး အသစ်သာ ဒါရိုက်လှမ်းမှာတော့ဗျာ။ ဒါတောင်မှ သဘောင်္ကချလာရင် စာချုပ်ထားတဲ့အတိုင်း ပစ်္စည်းစုံတာမဟုတ်သေးဘူး။ အနည်းနဲ့အများတော့ လွဲကြသေးတာပဲ။ တစ်ချို့ဆို ဘက်ထရီပျက်နေလို့ ဘက်ထရီလဲလိုက်ရတာနဲ့၊ အလွိုင်းတွေ ပါမလာတာနဲ့၊ အသုံးအဆောင်ပစ်္စည်းလေးတွေ အဖြုတ်ခံထားရတာနဲ့၊ စုံနေတာပဲ။ ဘီးလေးဘီးစလုံး ပြန်လဲတပ်ရတဲ့ ကားမျိုးတောင် ရှိကြသေးတာဗျာ...”
    ဒါတွေ ကျွန်တော် မသိလို့မှမဟုတ်တာလေ။ ခုတစ်လော အသစ်ဝင်နေသော မော်ဒယ်မြင့်ကားသစ်များကိုတော့ ကျွန်တော်လည်း မျက်စေ့ကျသည်ပဲပေါ့။ သို့ပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ။
    ကားဟောင်းဝယ်ဝယ်၊ ကားသစ်မှာမှာ၊ ကျွန်တော့်ကိုခြောက်လှန့်နေသော လိပ်ပြာကတော့ တောင်ပံခတ်နေမှာပင်။
    ဘာပဲဖြစ်ဖြစ် အဟောင်းထဲက သန့်သန့်ကောင်းကောင်းလေးတော့ ကြိုးစားရှာကြည့်ချင်မိပါသည်။
မသကာ ခုတစ်လော အမျိုးမျိုးပြောင်းနေသော ကားဈေးကွက်အခြေအနေအရ ကိုယ်ဝယ်သောကားဟောင်းလေးက တစ်သက်လုံး သခင်ချစ်နေပါကလည်း သခင်က အောင့်နမ်းနိုင်လောက်အောင် ဖီလင်လာဖို့ လိုသေးသည်မဟုတ်လား။
    အမှန်တော့ ယခင်ကားလေးကို ကျွန်တော်မကြိုက်လို့ ရောင်းခဲ့ခြင်းမဟုတ်ပါ။ စ၀ယ်ကတည်းက ကျွန်တော်ရော၊ ကျွန်တော့်မဟေသီပါ နှစ်သက်ကြလို့လည်း စိတ်တူကိုယ်တူ ၀ယ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းပါ။
    ကားတစ်စီးဝယ်ရာမှာလည်း ဟင်းရွက်ကန်ဇွန်း မဟုတ်သည်မို့ မူးနောက်ညည်းတောက်နေလောက်အောင် ပွဲစားပေါင်းစုံ၏ ပညာပေး ပုံစံအစုံကိုခံပြီး အရွှီးအရွှန်းလေဒဏ်မျိုးစုံကိုပါ ခံခဲ့ရ၏။ ကျွန်တော်ကလည်း ကြေးများသကိုး။
    ကြေးများသလောက်လည်း တော်တော်သန့်တာလေး ရခဲ့ပါသည်။ သို့သော်....
   ထိုသို့သော်သည် ကားမှာ အမှားအယွင်း တစ်စုံတစ်ရာပါလာလို့ အညာခံရလို့မဟုတ်ပါ။ ကျွန်တော်ဝယ်ယူခဲ့သော ကားလေးသည် နောက်ဆုံးပေါ်မဟုတ်သော်လည်း သူ့နံပါတ်နှင့် မလိုက်ဖက်လှအောင်ပင် တော်တော်သန့်သည့်ကားလေးဟုပင် ပြောရပေလိမ့်မည်။
   သို့သော်....
                               xxxxxx
   တစ်မြန်နှစ်က နွေရာသီတွင် ကျွန်တော်တို့မိသားစု ခရီးထွက်ခဲ့ကြ၏။ ကိုယ့်ကားနှင့်ကိုယ် ကျွန်တော်တို့လင်မယား တစ်လှည့်စီ မောင်းခဲ့ကြခြင်းပင်။ သားနှစ်ယောက်က နောက်ခန်းမှာ။ ကားလေးက သနေ်္ဓကောင်းစွာ ဘာဒုက်္ခမှမပေး။ နံပါတ်နိမ့်သော်လည်း အဲယားကွန်းကလည်း အေးမှအေး။ အမြန်လမ်းကွန်ကရစ်ခင်းမှာ လူကလည်းရှင်း။ လမ်းကလည်းရှင်း။ နေ့လည်ခင်း နေပူပြင်းပေမယ့် စိတ်အေးချမ်းစွာ မောင်းနှင်ခဲ့ကြ၏။
   တစ်လမ်းမောင်းမို့ အရှောင်အတိမ်းက နည်းပါသည်။ လမ်းကရှင်းတော့ အရှိန်ကလည်း ပြင်းသည်။ လမ်းကွေ့လေးတွေရှိသော်လည်း ခပ်ပြေပြေမို့ အရှိန်သိပ်မလျှော့ဖြစ်ဘဲ မောင်းနေသည့်မဟေသီက ကားမောင်းသက်မကြာလှသေးပေမဲ့ သူ့ကိုယ်သူ ယုံကြည်မှုက အပြည့်ရှိနေ၏။
   “ ဒီလိုလမ်းပေါ်မှာ ဒီလောက်အရှိန်နဲ့မောင်းနေတုန်း ခွေးတွေ၊ ကြောင်တွေလို တိရိစာ်္ဆန်တွေဖြတ်တာမြင်ရင် မရှောင်ပစ်နဲ့နော်...”
   ကျွန်တော်က အဝေးပြေးလမ်း မောင်းနှင်သည့်အတွေ့အကြုံများပြီမို့ သူမကို ဤသို့ သတိပေးစကားပင် ပြောလိုက်မိသေးသည်။
   “ ဘာလို့ မရှောင်ရမှာလဲ။ သူတို့လည်း အသက်နဲ့ပဲလေ...”
   သူမက ကျွန်တော်ဆိုလိုသည့် အဓိပ်္ပါယ်ကို တကယ်မသိတာလား။ အဝေးပြေးလမ်းမောင်းနှင်သည့် အတွေ့အကြုံနည်းသူမို့ နားမလည်သည်လား။ ထိုခဏမှာတော့ တကယ်ပင် ရှေ့မြင်ကွင်းထဲသို့ ရုတ်တရက် ဖြတ်ဝင်လာသောပုံရိပ်တစ်ချို့က ခပ်လှမ်းလှမ်းမှာဆိုပေမယ့် ကျွန်တော်တို့အားလုံး သေသေချာချာမြင်လိုက်ရ၏။
    တိရိစာ်္ဆန်မဟုတ်ပါ။ မိန်းမကြီးသုံးယောက် ခေါင်းပေါ်မှာအထုပ်ကိုယ်စီနှင့် ကားလမ်းကိုဖြတ်ဖို့ ဟန်ပြင်နေပြီ။ ဘေးဘီကိုလည်း မကြည့်ပါ။ အမြန်လမ်းမှာ ယာဉ်ရှင်းလှသော်လည်း မောင်းလာသမျှကားတိုင်းက အရှိန်မသေးလှ။
   သည်လို အရှိန်ပြင်းပြင်းမောင်းကြလို့လည်း အမြန်လမ်းမှာ လူတွေ၊ တိရိစာ်္ဆန်တွေ၊ ဆိုင်ကယ်တွေ၊ မဖြတ်နိုင်အောင် တားမြစ်ထားသည့် ဆိုင်းဘုတ်တွေ၊ သံဇကာတွေလည်း တစ်ချို့နေရာတွေမှာ ရှိနေရက်နှင့်။ ဤသို့ အမှတ်တမဲ့ကူးလာတတ်သော လူတွေ၊ အမြန်လမ်းပေါ်တက်မောင်းနေသော ဆိုင်ကယ်တွေကို တစ်ခါတရံ ဘွားကနဲတွေ့ရတတ်သည်မှာ အန်္တရာယ်ကြီးလှ၏။
   သည်လောက်အရှိန်နှင့် သည်လိုကွန်ကရစ်လမ်းမှာ ဖြစ်ပျက်ခဲ့သည့် ကားဇာတ်လမ်းပေါင်းများစွာကို အရင်တုန်းက ကျွန်တော်တို့ မကြားဖူး၊ မသိဖူးခဲ့ကြသည်လည်းမဟုတ်။ ကြားမိတိုင်းလည်း သည်အမြန်လမ်းမှာ အရှိန်ပြင်းပြင်းမမောင်းသင့်မှန်း အထပ်ထပ် သင်ခန်းစာယူခဲ့ပြီးသား။ ကိုယ်သာဆို ဒီလိုမိုက်မဲသည့်နှုန်းနှင့် မောင်းမည်မဟုတ်.. ဟု တွေးခဲ့ဖူးသား။
   သို့သော်...
   ကျွန်တော် ကိုယ်တိုင်လည်း သည်အမြန်လမ်းမှာ အရှိန်ခပ်ပြင်းပြင်း မောင်းခဲ့မိပါ၏။ ကျွန်တော့်ဇနီးမောင်းတော့လည်း အရှိန်ပြင်းပြင်းမောင်းနှင်ခဲ့ပါ၏။ ကားရှင်း၊ လမ်းကျယ်၊ တစ်လမ်းမောင်းမို့ အန်္တရာယ်မဖြစ်လောက်ဟုဘဲ တွေးထင်ခဲ့ပါ၏။
   လမ်းဘေးတစ်လျှောက် လူနေအိမ်ခြေမရှိသောကြောင့်...၊ အရှောင်အတိမ်း နည်းသောကြောင့်...၊ ရာသီဥတု သာယာသောကြောင့်..၊ လူကလည်း ရွှင်ရွှင်လန်းလန်းရှိသောကြောင့် (အိပ်မငိုက်သောကြောင့်)...၊ သည်လို ကံဆိုးကြသူများထဲတွင် ကိုယ်မပါနိုင်ဟု ယုံကြည်သောကြောင့်...၊ .....ကြောင့်...၊ ကြောင့်...၊ ကြောင့်....။
   သို့သော်....
                                xxxxxx
   နောက်ဆုံးတော့ အခါများစွာ ဇီဇာကြောင် ကြေးထူပြီးသောအချိန်တွင် တစ်စုံတစ်ရာကို မဖြစ်မနေ ဖမ်းဆုပ်ရမည့် အခြေအနေတစ်ခုကို ရောက်လာခဲ့ပါ၏။
   ဘာလို့ဆို သားနှစ်ယောက်၏ ကျောင်းအကြိုအပို့၊ ချစ်ဇနီးအတွက် စီးတော်ယာဉ်၊ ကျွန်တော်ကိုယ်တိုင်လည်း ရုံးအဆင်းအတက်တို့အတွက် မရှိမဖြစ် ကားတစ်စီးကို လပေးနှင့်ငှားထားရသည်မှာလည်း စရိတ်အတော်ထောင်းလှပြီ။
   သို့နှင့် ကိုယ့်လိပ်ပြာကိုယ်လန့်ကာ ဘယ်သူ့ကိုမှမယုံနိုင်၊ ဘယ်ကားကိုမှ စိတ်မချ၊ ဘယ်ပစ်္စည်းမှမစစ် ဟု ဖြစ်ရလွန်းသည်နှင့် ပွဲစားများ အရွဲ့တိုက်ပြောသလိုပင် ကုပ်္မဏီမှသာ တိုက်ရိုက်မှာလိုက်ပါတော့သည်။
   ငွေမလောက်တော့လည်း ဟိုထုဒီခွဲ၊ ဟိုချေးဒီဆွဲပေါ့လေ။
   သို့သော်...
   မိန်းမက သူမကြောင့် ပျက်စီးသွားသည့်ကားကို ပြန်ပြင်ပြီးကတည်းက ဘယ်သူ့ကိုမှ ညာမရောင်းဘဲ တစ်သက်လုံး စီးမည်ဟုပြောခဲ့သူ....။
    “ အဲဒီနေရာမှာ အဲဒီမိန်းမကြီးသုံးယောက် လမ်းဖြတ်ကူးတဲ့ဇာတ်လမ်းက နာမည်ကြီး။ အဲဒီ မှတ်တိုင်က အမြန်လမ်းမှာ နာမည်ကျော်...” ဟု အများက ဘယ်လောက်ပြောပြော မယုံကြည်ဘဲ အကြောင်းအကျိုးကိုသာ ဆက်စပ်ဆင်ခြင်တတ်သူ..။
   ကံ၊ ကံ၏အကျိုးကို လက်မလွှတ်တတ်သူဆိုတော့ “ နိုင်ငံခြားမှာရော ကားတွေကို ပိန်လိန်သွားရင် ပြန်မပြင်တော့ဘူးတဲ့လား...” ဟု မသိသားဆိုးရွားစွာ မေးပြန်လေ၏။
   လမ်းဆုံးနေသော ကျွန်တော့်မှာလည်း နောက်ဆုံးပြောစရာတစ်ခုသာ ကျန်တော့သည်လေ။
   “ အေးဟာ ဟိုမှာကတော့ ဘော်ဒီပြန်လုပ်တယ်ပဲထားဦး။ ဒီမှာထက်တော့ သာမှာပါ။ အနည်းဆုံး နှစ်ပတ်ကျွမ်းမဟုတ်ရင် ပြီးတာပဲမဟုတ်လား..” ဟုသာ...။
                               xxxxxx
   ဝေ(စီးပွားရေးတက္ကသိုလ်)
မဟေသီမဂ္ဂဇင်း... July, 2013
မီးခိုးဖြစ်သွားသောတိမ်နှင့် တိမ်ဖြစ်သွားသောမီးခိုး
              ထိုနေ့က နေပူကျဲကျဲ နေ့လည်ခင်းမို့ အကြော်ဆိုင်လေးထဲတွင် လူရှင်းနေလေသည်။ ဘယ်လောက်နေပူပေ့စေဦး။
ကျောင်းဖွင့်ရက်သာ ဖြစ်လျှင်တော့ သည်အကြော်ဆိုင်လေးက ဒီလောက် လူပြတ်လေ့တော့ မရှိပါ။
              နွေကျောင်းပိတ်ရက်မို့ တက်္ကသိုလ်ကျောင်းကြီးက လွမ်းမောဖွယ် တိတ်ဆိတ်နေသလောက် တက်္ကသိုလ်နှင့် မလှမ်းမကမ်းရှိ
ကန်ရိပ်နံဘေးက အကြော်တဲမှာလည်း ၀တ်ကျေတမ်းကျေ ဖွင့်ထားပုံက ခြောက်သွေ့လေးတွဲ့လှ၏။
              သူကတော့ ကဗျာဆရာပီပီ လူခြေတိတ်လေ ကြိုက်လေပေါ့။ တစ်ခါတစ်ရံ လေးတွဲ့တွဲ့ပတ်ဝန်းကျင်ကမှ ထက်မြက်သည့်
အတွေးစတွေ မွေးဖွားလာတတ်သည်။ ခြောက်သွေ့သည့် ရာသီကြောင့် စိုလက်သောစိတ်ကူးမှုန်တွေ ဖမ်းဆုပ်မိတတ်သေးသည် မဟုတ်လား။
              ဒါကြောင့်လည်း သူက...၊ တစ်ယောက်တည်းပေမယ့် ငိုက်မြည်းနေသော သူ့ဖောက်သည်ဆိုင်ရှင်ကို အဖော်ပြုရင်း
အကြော်တစ်ပွဲကို ရေနွေးတစ်ခရားပြီး တစ်ခရားနှင့် စီးမျောနေလိုက်သည်။
              အကြော်ဆိုင်မှ မီးခိုးငွေ့တအူအူ..၊ ပူခြောက်ခြောက် ပတ်ဝန်းကျင်ထဲ စီးမျော...။ အကြော်တချို့ အစာအိမ်ထဲသို့ ရေနွေးနှင့်အတူ စီးမျော...။ ခြောက်သွေ့တိတ်ဆိတ်မှုထဲမှ အတွေးစတချို့..၊ ကဗျာဆရာ့စိတ်ကူးထဲ စီးမျော...။
              ရုတ်တရက်...လေးတွဲ့နေသော စီးမျောခြင်းအားလုံး ရပ်တန့်သွားစေမည့် ကားတစ်စီးက အကြော်ဆိုင်လေးထဲသို့ ချိုလွင်လွင်
ရယ်မောသံများကို သွက်လက်စွာ သယ်ဆောင်စီးဝင်လာခဲ့တော့၏။
              အမျိုးသမီးလေးယောက်...။ သည်ပတ်ဝန်းကျင်မှာ ကျွမ်းဝင်နေကျ ဆယ်ကျော်သက် ကျောင်းသူရွယ်လေးတွေ မဟုတ်တာက
လေးတွဲ့စွာ စီးမျောနေသော သူ့အာရုံကို လှုပ်နိုးစေခဲ့သည်။
              ဖြစ်နိုင်သည်က သုံးဆယ်ကျော် လေးဆယ်တွင်း..။ သို့ပေမယ့် ဘယ်လောက်ထိ ကျော်မည်ဆိုတာကို မှန်းရခက်လောက်အောာင်
အခုခေတ်ဝတ်စားဆင်ယင်ပုံက မျက်စေ့လည်စရာ ကောင်းလှသည်။ ဆယ်ကျော်သက်အပျိုလေးတွေ ၀တ်သည့်ပုံစံဒီဇိုင်းကို သုံးလေးဆယ်ကျော်
ကလေးအမေတွေကလည်း ၀တ်ချင်ဝတ်ကြသလို၊ စကပ်အတိုနှင့် ဂျင်းဘောင်းဘီတွေကိုလည်း အရွယ်မရွေး ၀တ်နေကြသည်မဟုတ်လား။
              ကားမောင်းလာသူ အမျိုးသမီးက ဖိုးကွားတားပင်၊ ဆံပင်အကောက်နှင့်...။ ရဲတင်းသွက်လက်သော ဟန်ပန်ကိုကြည့်ရတာ
သည်နယ်မြို့က ဟုတ်ဟန်မတူ။ ဆံပင်အဖြောင့်နှင့် စကပ်အတိုဝတ်ထားသည့် တစ်ယောက်ကလည်း အဝေးက အမှတ်တမဲ့ကြည့်မိရင်
ကျောင်းသူတစ်ယောက်ဟန်လို ပုံမှားရိုက်ထားသလိုမျိုး...။
              ကျန် အမျိုးသမီးနှစ်ယောက်ကတော့ ၀တ်ပုံစားပုံ ခေတ်ရှေ့ပြေးသော်လည်း ထမီလေးတွေနှင့်မို့ အမြင်နည်းနည်းရိုးပေမယ့်
အရွယ်နှင့်လိုက်ဖက်ကာ ကြည့်ရတာ ပိုတင့်တယ်သည်ဟု သူကတော့ ထင်လေသည်။
              သို့ပေမယ့် အခုခေတ်က ဘောင်းဘီအတို ၊ စကပ်အတို ၀တ်တာလောက်ကို အမြင်ရိုင်းသည် မဆိုသာတော့။
ရင်ပတ်လုံလုံ၊ ခါးလုံလုံ ၀တ်ထားရင်ကို တော်လှလေပြီ။ မကြည့်ဝံ့ မမြင်သာ ချိုင်းပြတ်ပြတ်ကြားက အတွင်းသားမြင်နေရတာမျိုး၊
ဘောင်းဘီချက်အပြုတ်လွန်ပြီး အောက်ကအတွင်းခံပါ တ၀က်လောက် မြင်နေရတာမျိုးက တော်တော်ဆိုးလှသည် မဟုတ်လား။
              တက်္ကသိုလ်ကျောင်းနားက ရပ်ကွက်မှာနေသည့် သူကတော့ သည်မြင်ကွင်းတွေကို မမြင်ချင်မှအဆုံးပေါ့။ ဒါတောင်...
တက်္ကသိုလ်စာသင်ခန်းတွေထဲမှာ “ဘောင်းဘီရှည်မ၀တ်ရ”..ဟု ကျောင်းအုပ်ဆရာကြီးက အမိန့်ထုတ်ထားပေလို့ တော်တော့သည်။
              ကျောင်းပိတ်ရက်နှင့် ညနေခင်း... အဆောင်ရှေ့လမ်းမတွေမှာတော့ ခေတ်ကောင်လေးတွေစကားနှင့် ပြောရလျှင်
လန်ထွက်နေသည့် ကောင်မလေးတွေက အလန်းဆုံးဖြစ်နေတတ်သည်လေ။
              ဘာကိုလှတယ်ထင်ပြီး ၀တ်ကြသည်တော့ သူ နားမလည်။ ဘောင်းဘီချက်ပြုတ်ဝတ်ပြီး အကြော်ဆိုင်လာထိုင်သော မိန်းကလေးတစ်ချို့...၊ ဟိုဆွဲသည်ဆွဲနှင့် ဘယ်လောက်ဖုံးဖုံး အင်္ကျီနှင့်ဘောင်းဘီ လွတ်နေသည့်ကြားက အောက်ခံဘောင်းဘီအရောင်က
အတိုင်းသား မြင်နေရတတ်သည်။ မလုံမလဲနှင့် ဆွဲဖုံးနေရမှတော့ ဘာလို့ ၀တ်တော့မည်နည်း။
              ခုခေတ်က မင်းသမီးတွေ အဆိုတော်တွေ ၀တ်ပြတိုင်း လိုက်ဝတ်ချင်ကြသည်။ သူတို့က သူတို့အလုပ်နှင့်သူတို့ အပြိုင်အဆိုင်
ဈေးကွက်စီးပွားရေးအရ ၀တ်ရတာ ဖြစ်ချင်ဖြစ်မှာပေါ့။ ကိုယ်က ကျောင်းသူ...။ ပညာရှာရမည့်အချိန်မှာ ဒါမျိုးတွေ လိုက်တုပပြီး မ၀တ်သင့်ဟု
သူကတော့ ထင်လေသည်။
                                               xxxxxxxxxx
              ထင်သည့်အတိုင်း ဖိုးကွားတားဘောင်းဘီဝတ် အမျိုးသမီးက အသွက်လက်ဆုံး၊ ဦးဆောင်သူ ဖြစ်လေသည်။ အကြော်စုံနှင့်
အကြော်သုပ်ကို အငံလျှော့၊အစပ်လျှော့၊ ခရမ်းချဉ်သီးများများ၊ဟိုအကြော်မထည့်နဲ့၊ဒီအကြော်ပိုထည့်ဆိုပြီး ထောင့်စေ့အောင် ပြောဆိုမှာကြား၏။ တဆက်တည်း...“ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ ဒီနေရာလေးကို လာရတာ ကျောင်းသူဘ၀ပြန်ရောက်သွားသလို ခံစားရတယ်ဟာ။
               လေးမှုံတို့စုံတွဲကတော့ သမီးရည်းစားဘ၀တုန်းကလို ချစ်ကြတုန်းပဲနော်။ ငါတော့ ငါ့ယောကျာ်းကို သားသမီးမျက်နှာ
               ကြောင့်သာ မဟုတ်ရင် အဆောင်အယောင်တစ်ခုလိုကို ဆုပ်ကိုင်မထားချင်တော့ဘူး။ လွှတ်ချပစ်လိုက်ချင်ပြီ....”
              စကပ်တိုလေးက ရေနွေးခွက်တွေကို ရေနွေးနှင့်ကျင်းပစ်နေရင်း သူ့သူငယ်ချင်းကို စကားမတုန့်ပြန်ပဲ ခပ်ပြုံးပြုံးကြည့်နေ၏။
              “ အဲဒါတော့ နင်တင်မဟုတ်ဘူး စန်္ဒီ။ ငါတို့အားလုံးလည်း သူတို့လင်မယားကို အားကျရတာပဲ။ ဒါပေမယ့် တို့ကတော့
               ယောက်ျားကို အဆောင်အယောင်လို့တော့ သဘောမထားနိုင်ပေါင်...”
              “ နင်က ဆရာဝန်မကြီးဆိုတော့ ပြောအားရှိတာပေါ့ဟာ။ ဒေါက်တာ သက်ထားရဲ့ယောကျာ်းကလည်း ငွေအရှာကောင်းတဲ့
               ပွဲစားတစ်ယောက် မဟုတ်လား။ ဒီတော့ ငွေနဲ့ဂုဏ်က အချိုးညီညီ အပြန်အလှန် အပေးအယူတည့်နေမှာပေါ့။
                 ငါတို့လို သာမာန်အိမ်ရှင်မဘ၀ ရောက်နေရတဲ့မိန်းမတွေက ငွေအရှာကောင်းတဲ့ ယောကျာ်းကျတော့လည်း မျက်နှာချိုသွေးပြီး 
              ချော့ထားရတယ်။ ရာထူးအရှိန်အ၀ါကြီးတဲ့ ယောကျာ်းကျတော့လည်း အရိပ်တကြည့်ကြည့်နဲ့ ဖားနေရသေးတာလေ။
                 သူတို့က သူတို့လက်အောက်ငယ်သားတွေကို ဆက်ဆံသလို အိမ်ကမယားကိုတောင် ဆက်ဆံချင်သေးတာ...”
              အမျိုးသမီး၏ ခပ်မဲ့မဲ့မျက်နှာက သူမစကားထဲကအတိုင်း ရာထူးခပ်ကြီးကြီး ခင်ပွန်းသည်ကို နာကျည်းဟန် အပြည့်ပေါ်နေ၏။
                          ကဗျာဆရာက အချိန်အားရှိတိုင်း သည်အကြော်ဆိုင်လေးထဲကို လာထိုင်နေကျပေမယ့် တက်္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ကိုသာ မြင်နေကျ။ လူငယ်ဇာတ်လမ်းတွေသာ ကြားရနေကျ။ ဒီနေ့တော့ အမှတ်တမဲ့ ကြားနေရသော အမျိုးသမီးလေးယောက်၏
စကားဝိုင်းကို သူပို၍ စိတ်ဝင်စားသွားရပြီ။
            ဘောင်းဘီဝတ်အမျိုးသမီးက အရာရှိကြီးတစ်ယောက်၏ကတော်...“ စန်္ဒီ ” ၊ စကပ်တိုနှင့်က “လေးမှုံ” ၊ ပါတိတ်ဝမ်းဆက်လေးက
ဆရာဝန်မ..“သက်ထား” ၊ နောက်တစ်ယောက်က....
            “ နော်နော်ကတော့ ကိုယ့်ကိုယ်ကို သာမာန်အိမ်ရှင်မလို့ တစ်ခါမှ မတွေးမိပါဘူး။ သူ့အလုပ် အဆင်မပြေချိန်မှာ ငါကပဲ
             စာအုပ်အငှားဆိုင်လေးဖွင့်ပြီး တတ်အားသရွေ့ အိမ်စရိတ်ကို ကျားကန်ပေးခဲ့ရတာ။
               ခု..သူ သဘောင်္လိုက်သွားတော့လည်း ငွေသာများများ ရှာနိုင်လာတာ။ သားသမီး ပညာရေးကိစ်္စ၊ လူမှုရေးနဲ့ အိမ်မှုကိစ်္စတွေ
             မှန်သမျှ ငါပဲ လုံးချာလည် စီမံနေရတာ။ စာအုပ်ဆိုင်ကိုလည်း ပိတ်မပစ်ဘူး။ ကိုယ်နိုင်သလောက်တော့ လုပ်ချင်သေးတယ်။ 
             ဒါမှလည်း သူ့ကိုချည်း ပစ်မှီလိုက်တယ်လို့ သူ မထင်မှာလေ...”
            “ ဟုတ်တယ်။ မှုံလည်း မီးဖိုချောင်ထဲမှာပဲ အချိန်ကုန်ရတဲ့ သာမာန်မိန်းမသားဘ၀မျိုးတော့ ကိုယ့်ကိုယ်ကို အရောက်မခံဘူး။
              ချက်ပြုတ်ဖို့ ပြေးလွှားစီမံပြီးရင် ဆေးဆိုင်ထဲမှာ လိုတဲ့နေရာ ၀င်ကူတာပဲ။
               နှစ်ကိုယ်တူဘ၀ အစကတည်းက လက်တွဲရုန်းကန်လာရတာဆိုတော့ တစ်လျှောက်လုံး တက်ညီလက်ညီ ချီတက်သွားရတဲ့
             ဘ၀ကိုပဲ ကြိုက်တာ...။ မိန်းမဆိုပြီး နောက်တန်းချန်ခဲ့မှာမျိုးတော့ ဘယ်ရမလဲ...”
            စကပ်တိုလေးက ဆေးဆိုင်ဖွင့်ထားပြီး ထမီလေးနဲ့တစ်ယောက်က သဘောင်္သားကတော် “နော်နော်”..တဲ့။
            ငယ်သူငယ်ချင်းတွေ မတွေ့တာကြာပြီထင်သည်။ စကားကို အလုအယက် လက်ပံပင်ဇရက်ကျ ပြောကြ၏။ သည်ကြားထဲ အလှည့်စောင့်ရတာ အားမရတော့ အုပ်စုနှစ်စုကွဲသွားပြီး နှစ်ယောက်တစ်တွဲ ပြောကြပြန်သည်။
            ပတ်ဝန်းကျင်က လူရှင်းသည်မို့ သူတို့အသံတွေသာ ဖုံးလွှမ်းနေ၏။ တစ်ထောင့်တစ်ညပုံပြင် နားထောင်နေရသူလို သူကတော့
ဆေးပေါ့လိပ်တစ်လိပ်နှင့် စီးမျောနေပြန်သည်။ စောစောကလို လေးတွဲ့စွာ မဟုတ်တော့။ သွက်လက်စွာ ဟိုခုန်ဒီရောက်....။
            အကြောင်းအရာက စုံလှ၏။ အိမ်ထောင်ရေးအကြောင်းတွေ ပြောလိုက်၊ စီးပွားရေးအကြောင်း ရောက်လိုက်၊ မိတ်ကပ်နှုတ်ခမ်းနီ
အကြောင်း ဆက်လိုက်၊ တခြားသူငယ်ချင်းအကြောင်း ၀င်လိုက်၊ သားသမီးအကြောင်း ကြွားလိုက်...။
            “ မကိုခင်မှ ဥကိုခင်တယ်လို့ ဆိုကြတယ်မဟုတ်လား။ သူကတော့ ငါ့ကိုသာ ကိန်းကြီးခန်းကြီး မနွေးထွေးတာ။
             ငါမွေးပေးထားတဲ့ သူ့သားနှစ်ယောက်ကျတော့ တထွေးတပွေ့နဲ့ ချစ်ချင်သား....။
               တစ်နေကုန်နေလို့မှ ငါ့ကို စကားတစ်ခွန်းလောက် စပြောဖို့ အင်မတန်ဝန်လေးတဲ့သူက သားတွေကျတော့ အစည်းအဝေး 
             ခန်းမထဲ ရောက်နေတာတောင် ဖုန်းလှမ်းဆက်ပြီး “စာမေးပွဲဖြေနိုင်ရဲ့လား” ဆိုတာလိုမျိုး စိတ်ပူတတ်သေးတာလေ”
            “ ငါတို့အားလုံးထဲမှာတော့ လေးမှုံက သတ်္တိအကောင်းဆုံးနဲ့ ကံအကောင်းဆုံးပဲ။ သူလိုချင်တဲ့အချစ်ကို အသိုင်းအ၀ိုင်းနဲ့
             ဆန့်ကျင်ပြီး ရအောင်ယူခဲ့သလို အောင်မြင်တဲ့ဘ၀ကိုလည်း ရောက်အောင် ချီတက်နိုင်ခဲ့တယ်...”
            “ ဒီလိုလည်း မဟုတ်သေးဘူးဟ။ လောကမှာ လူတိုင်းဟာ အရာခပ်သိမ်း မပြည့်စုံနိုင်သလို၊ အခါခပ်သိမ်းလည်း ကံမဆိုးနိုင်ဘူး။
             ဥပမာ နင်တို့အားကျတဲ့ ငါဆိုပါတော့။ ငါ့ဘ၀က ပြည့်စုံသွားပြီလို့ နင်တို့ထင်ပေမယ့် နင်တို့လို သားသမီးမရသေးဘူးလေ။
             ခုချိန်ထိ ငါတို့မှာ  မိသားစုကွက်လပ်တွေ...ရှိနေတုန်းပဲ...”
            “ ဒါပေမယ့်...နင်ပျော်နေတာပဲ မဟုတ်လား...”
            “ ဒါတော့ဒါပေါ့ဟာ။ အဓိကကတော့ ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်နိုင်ဖို့ပဲ။ ကိုယ့်ထက် လိုအပ်ချက်များတဲ့ ဘ၀တွေကို 
             လှမ်းကြည့်လိုက်ရင် ကိုယ့်ဘ၀က နေသာသွားတာချည်းပါပဲ..”
            “ ဒါပေမယ့် စန်္ဒီဆိုတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ်တိုင်ကားထည်လဲ မောင်းပြီး လက်ညှိုးညွှန်ရာ ရေဖြစ်နေစေဦး။
             နေထိုင်မကောင်းတာတောင် သက်သာရဲ့လားလို့ တစ်ခွန်းမေးဖော်မရတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဥပေက်္ခာဟာ ငါ့ဘ၀အတွက်
             အခါးသည်းဆုံး ကွက်လပ်ကြီးမဟုတ်ဘူးလား...”
            “ မဟုတ်သေးပါဘူးဟယ်။ သူကနင့်ကို ချစ်လွန်းလို့ မိဘတွေဆီမှာ တခမ်းတနား တောင်းရမ်းယူခဲ့သေးတာပဲ။ သူကကို ဒီလိုပဲ 
             နေတတ်တာ ဖြစ်မှာပါ။ ခုအချိန်ထိ တခြားကောင်မလေးနဲ့ ရှုပ်တဲ့သတင်းတွေ ဘာတွေ မကြားဘူးမဟုတ်လား...”
            “ ဟင့်အင်း။ ဒါမျိုးတော့ မရှိပါဘူး....”
            “ ဒါပဲပေါ့ဟာ။ နင်ကလည်း သူနေတတ်သလို နေတာကို သိတ်လောဘမကြီးနဲ့။ လေးမှုံတို့လင်မယားက ချစ်သူရည်းစားဘ၀က
             လာတာဆိုတော့ သူတို့လို ငယ်မူမပျက်ချစ်ဖို့က ဘယ်သူမှ မဖြစ်နိုင်ဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာတောင်
             စိတ်မချသလို ဖုန်းခဏခဏဆက်နေတော့လည်း မမိုက်ပါဘူးကွာ....”
            ပြောတုန်းဆိုတုန်း လေးမှုံ၏ဟမ်းဖုန်းလေး ထမြည်တာကြောင့် နော်နော်က တလက်စတည်း နှုတ်ခမ်းမဲ့ရင်း ပြောလိုက်၏။
            “ ချစ်လွန်းအားကြီးတိုင်းလည်း ကောင်းတယ်မထင်နဲ့ဟေ့။ အဲဒီဒုက်္ခကို နင်တို့မသိလို့...”
            လေးမှုံက ရယ်ကျဲကျဲနှင့် ဖုန်းပြောဖို့ ခပ်လှမ်းလှမ်းထသွားတော့မှ စကားလမ်းကြောင်းလည်း ပြောင်းသွားတော့သည်။
            “ နေပါဦး။ ငါ့အကြောင်းတွေချည်း ပြောနေမိတယ်။ ဒီမိန်းမက အရင်တုန်းကတော့ လေးမှုံနဲ့တစ်လေသံတည်း။  
             ဘယ်လောက်ငွေကြေး ခက်ခဲပေ့စေ။ ယောကျာ်းကို နိုင်ငံခြားလွှတ်ပြီး ငွေမရှာခိုင်းဘူးဆို..မိနော်။ ခု ဘယ်လိုစိတ်ပြောင်းပြီး
             သဘောင်္လိုက်ခိုင်းတာတုန်း။ ခွဲနိုင်သွားပြီပေါ့လေ...”
            “ အေးဟာ။ ငွေကြေးကြပ်တည်းမှုနဲ့ ရင်ဆိုင်ရတော့ ငါလည်း လေးမှုံလောက် သတ်္တိမကောင်းနိုင်ခဲ့ဘူး။ သူ့အရင်အလုပ်ကလည်း
             ဌာနထဲမှာ အတိုက်အခိုက်တွေများလို့ ထွက်ပစ်လိုက်တယ်လေ။ စီးပွားရေးတစ်ခုခု လုပ်မယ်ဆိုတော့လည်း အရင်းအနှီး
             မရှိတာရော၊ ဘယ်က စလုပ်ရမယ်မှန်း မသိတာရော....။
               သားတွေကလည်း ကြီးလာပြီဟ။ သူများတကာလို ၀တ်ချင်စားချင် သုံးချင်လာကြပြီ။ သူတို့အရွယ်ရောက်လာလို့
             နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တယ်ဆိုပြီး ပူဆာရင် ဘယ်လိုလုပ်မလဲ။ အဲဒီအချိန်ကျတော့ ငါတို့ကလည်း အသက်ကြီးပြီ။                    
                          ဒါကြောင့် အရွယ်ရှိတုန်း သားတွေအတွက်ပိုက်ဆံရှာဖို့ ငါတို့ခံစားချက်ကို စတေးရတော့တာပေါ့...”
           “ ဟုတ်တယ်။ ခုခေတ်ကလေးတွေကလည်း နိုင်ငံခြားမှာ ပညာသွားသင်ဖို့ချည်း ပူဆာကြတော့တာ၊ ဖက်ရှင်တစ်ခုလိုကို
            ဖြစ်နေတယ်နော်။ ငါတောင် ရိုးရိုးဆရာဝန်လေးမို့ အထူးကုဘွဲ့ ထပ်ယူဖို့၊ နိုင်ငံခြားကို ပညာသင်သွားဖို့၊ ယောကျာ်းက
            တိုက်တွန်းပေမယ့် သမီးကို မခွဲနိုင်တာနဲ့ပဲ ငါ့လောဘကို ငါ သတ်ထားလိုက်ပြီဟာ။
              သမီးကတော့ ခုကတည်းက သူ့အဖေကို စရံသတ်နေပြီ။ မေကြီးမသွားချင်ရင် နေပေ့စေ။ သမီးကြီးလာမှ နိုင်ငံခြားမှာ     
            စာသွားသင်မယ်နော်..တဲ့။ နင့်သားတွေရော ခု..ဘယ်နှတန်းလဲ...”
           “ အင်း....ဒီနှစ်တော့ နိုင်ငံခြားကျောင်းမှာ ပြောင်းထားလိုက်ပြီ။ ဒီကပြီးရင် ဟိုကို တစ်ခါတည်း သူတို့ဖာသာ           
            ဆက်သွယ်ပေးမှာဆိုတော့ ပြီးရောပေါ့ဟာ...”
           “ ဟယ်...အရင်က နာမည်အကြီးဆုံးကျောင်းမှာ ၀င်ခွင့်ရအောင် အလှူငွေတွေ နင် မနည်းမနော ထည့်ခဲ့ရတာမဟုတ်လား။
            တစ်နှစ်နှစ်နှစ်ပဲ တက်ပြီး ပြောင်းလိုက်တော့ နှမြောစရာဟာ။ အဲဒီငွေပမာဏက တို့နယ်မြို့မှာဆို အတန်းတစ်တန်းလုံးအတွက်
            တစ်နှစ်စရိတ်ရတယ်ဟ။ ခုကျောင်းကရော ဘယ်လောက်ကုန်လဲ...”
           “ အဟင်းဟင်း...တောမှာဆိုရင်တော့ တောကျောင်း တစ်ကျောင်းစာလောက်ပေါ့ဟာ။ အက်ဖ်အီးစီနဲ့ ပေးရတာ....”
           “ အိုး....များလိုက်တာဟာ...”
           တစ်လျှောက်လုံး အလိုမကျမှုတွေ ဖုံးလွှမ်းခဲ့သော စန်္ဒီဆိုသည့် အမျိုးသမီးမျက်နှာက တိမ်စင်လနှယ် ၀င်းပနေလေ၏။
သားတို့အတွက် ဖြည့်ဆည်းနိုင်၍ ကျေနပ်ဂုဏ်ယူနေသည်လား။ သူ့ဘ၀ အလိုမပြည့်မှုတွေကြားမှ ကျေနပ်မှုကို ရှာတွေ့သွားပြီလား။
           “ အမှန်တော့ လောကကြီးက လှပတဲ့လက်ဆောင်တွေကို အားလုံးအတွက် မျှတအောင် ပေးထားပါတယ်ဟာ။
            ဘ၀ပေးကံကို ကျေနပ်တတ်ပြီး လက်ရှိအခြေအနေကို ရင်ဆိုင်ရုန်းကန်ရဲမှသာ လူပီသမှာပေါ့။ မဟုတ်ဘူးလား...”
           စကားသံတွေကြား စီးမျောနေသောကဗျာဆရာ့ နှလုံးသားထဲတွင် ကဗျာတပုဒ်က လှုပ်ခတ်တိုးတိုက်နေလေပြီ။
           “ ဟော...ငါ့အိမ်က ဖုန်းလှမ်းဆက်နေပြီ။ ကြည့်စမ်း ငါမေ့နေလိုက်တာ။ လူနာတစ်ယောက်ကို ဆေးပုလင်းချိတ်ထားခဲ့တာ  
            ကုန်ပြီထင်ပါရဲ့။ ပိုက်ဆံရှင်းမယ်ဟေ့...”
           အကြော်သည်အမျိုးသမီးက ပိုက်ဆံယူရန်ထလာ၏။ နေ့တိုင်း ကူရောင်းပေးနေကျ သူမယောကျာ်းက အရောင်းပါးသည့်နေ့မို့
လိုက်မလာတာထင်ပါရဲ့။
           “ အစ်မတို့ရယ် ပိုက်ဆံလေးနည်းနည်းလောက် သနားခဲ့ပါရှင်။ သားလေးက ဗိုက်ဆာပြီး ငိုနေလို့ပါ...”
           ရုတ်တရက် သူဖုန်းစားမိန်းမတစ်ယောက်က ညစ်ပေနံစော်နေသော ကလေးတစ်ယောက်ကို ခါးထစ်ခွင်ထက်ချီရင်း
အကြော်ဆိုင်လေးထဲက လူကုံတန်အမျိုးသမီးဝိုင်းကို ချဉ်းကပ်လာ၏။
           “ အကြွေမပါဘူးဟေ့....သွား...သွား..”
           ပိုက်ဆံအိတ်ကို လက်လှမ်းနေသော နော်နော်က စန်္ဒီ့စကားကြောင့် အန်းတမ်းတမ်းဖြစ်သွားပြီး လေးမှုံကို လှမ်းကြည့်လိုက်သည်။
           “ ခြေလက်အပြည့်အစုံရှိလျက်သားနဲ့ ဘာကြောင့်များ ဘ၀ကို ရေသာခို အချောင်လိုက်ချင်ရတယ် မသိဘူး။
            ချီထားတဲ့ကလေးတွေကို သနားပြီး စွန့်ကြဲချင်ပေမယ့် အချောင်ခိုချင်စိတ်ကို အားပေးအားမြှောက် လုပ်မိမှာစိုးလို့
            ရင်နာနာနဲ့ ငြင်းဆန်ခဲ့ရတာ အကြိမ်ကြိမ်ပဲ ...”
           ဆရာဝန်မလေးစကားကို လေးမှုံက သူဖုန်းစား၏ကလေးငယ်ကို ငေးရီနေရင်း ယောင်တောင်တောင် ခေါင်းညိတ်၏။
           ကဗျာဆရာကတော့ နှလုံးသားထဲမှ သူ့ကဗျာကို အဆုံးသတ်ရောက်ခါမှ ကာရန်ချိတ်မရသလို မအီမလည်ဖြစ်နေလေသည်။
           “ ရော့...ရော့...ကလေးစားဖို့ အကြော်လေးတော့ ပေးလိုက်မယ်..”
           အသံကြားရာ သူ လှည့်ကြည့်လိုက်တော့ အကြော်ဖိုနံဘေးမှာ အရောင်အသွေးမပေါ်တော့သော ဖျင်ကြမ်းဝတ်စုံနှင့် အဆီပြန်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
           “ ကိုယ့်ဟာကိုယ်လည်း လုပ်ကိုင်စားဦး။ ကလေးတွေ ဗန်းပြပြီး ဒီလိုချည်း တောင်းစားနေလို့ကတော့ မသေရုံတမယ်ပဲ
            ကျွေးနိုင်မှာပေါ့။ ဘယ်တော့မှ ကလေးကို စာသင်ကျောင်းပို့နိုင်မလဲ...”
           ရွာကျောင်း ဆရာလေးတစ်ယောက်အဖြစ် အဝေးသင်တက်ရင်း လုပ်နေသော အကြော်သည်၏သားလေးကို ဖြတ်ကနဲ အမှတ်ရ သွားသည့် ကဗျာဆရာသည် သူ့နှလုံးသားထဲမှ ရေးလက်စအတွေးကဗျာအတွက် ပြီးပြည့်စုံသော အဆုံးသတ်ကို တွေ့ရှိသွားရတော့၏။
           နွေနေ့လည်တစ်ခု၏ လေးတွဲ့ခြင်းနှင့်စခဲ့သော ကဗျာဆရာ၏ စီးမျောမှုများသည် ယခုတော့ ထွက်ခွာသွားပြီဖြစ်သော ကားတစ်စီးနောက်မှ မီးခိုးငွေ့တွေလို ကျန်မနေခဲ့ချင်ပါ။ အကြော်တဲလေးထဲမှ တလူလူအူထွက်နေသော မီးခိုးလေးများကဲ့သို့သာ
ကောင်းကင်ယံထဲ စီးမျောသွားချင်ပါတော့သည်။
                                              xxxxxxxxxx
                ဝေ(စီးပွားရေးတက္ကသိုလ်)
June, ရွှေအမြုတေမဂ္ဂဇင်း
သက်တံ တံတား
အမေ့ရဲ့မျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေ ဖျတ်ကနဲ စိမ့်အိုင်သွားတာ သား မြင်လိုက်ရပါတယ်အမေ။
သားရဲ့ ကံဆိုးလွန်းတဲ့ဘ၀အတွက် အမေ စိတ်ထိခိုက် ကြေကွဲနေရတယ် မဟုတ်လား။ အမေ ၀မ်းနည်းနေရတယ် မဟုတ်လား။
သားကို အားပေးပြုံးပြနေပေမယ့် အမေ့ရဲ့ရင်ထဲမှာ စိတ်ထိခိုက် ညှိုးနွမ်းနေမယ်ဆိုတာ သားသိတယ်။
သားရဲ့ရင်ထဲမှာလည်း ရှိုက်ငင်ငိုကြွေးချင်စိတ်တွေ ပြိုဆင်းလာနေပြီအမေ။
နောက်ထပ် သားရဲ့ဘ၀ကို “ မြှင့်တင်ပေးမယ် ” ဆိုတဲ့ စကားမျိုးနဲ့ နှစ်သိမ့်အားပေးဖို့ မကြိုးစားချင်ပါနဲ့တော့ အမေရယ်။
++++++
အပိုင်း (၁)
++++++++
အမေ့ နှစ်သိမ့်အားပေးစကားများ ကြားရခါမှ ကိုယ့်စိတ်ကိုဖုံးကွယ်ရန် ကြိုးစားနေခဲ့သော ၀မ်းနည်းအားငယ်စိတ်များ ပြင်းထန်စွာ လှုပ်ရှားနိုးထလာကြ၏။ လှိုက်လှဲဆို့နင်လာသော ခံစားမှုဖြင့် တုန်ယင်မလိုဖြစ်လာသော မျက်နှာပေါ်မှ အစိတ်အပိုင်းတချို့ကို ထိန်းလိုက်နိုင်ရန် အသက်ရှူကိုပင် ခဏအောင့်လိုက်မိသည်။
အမေ့မျက်နှာကို (ပထမဆုံးအကြိမ်အဖြစ်) မယုံကြည်နိုင်သလို ငေးမောနေမိသည်။ အမေ့မျက်လုံးအိမ်သည် ရှေ့မှ အရည်လွှာပါးပါးတစ်ခု ကြားခံနေသလို ရီလဲ့နေ၏။ အမြင်အာရုံတွင်လည်း စိုက်ငေးနေသော သား၏မျက်နှာသည် မှုန်ဝါးနေပေလိမ့်မည်။
သားကို ခွင့်လွှတ်ပါအမေ။ အမေ့စကား၊ အမေ့ဆန်္ဒ၊ အမေ့စေတနာကို မယုံသလို ငြင်းဆိုလိုက်မိတဲ့အတွက် အမေ စိတ်ထိခိုက်ရတာဟာ သားရဲ့အပြစ်ပါ။ အမြဲတမ်း ယုံကြည်လိုက်နာနေကျ အမေ့စကားတွေထဲက ဩဒီစကားတစ်ခွန်းကို အကြောက်အကန် ငြင်းဆိုမိတာဟာ အမေ့ကို ဆန့်ကျင်လိုစိတ်နဲ့ မဟုတ်ရပါအမေ။
သားဟာ ဘယ်တုန်းကမှ အမေ့အပေါ်ကို ဆန့်ကျင်လိုစိတ် လုံးဝ မရှိခဲ့ဖူးပါ အမေ။
အမှန်က ကိုယ့်ကိုယ်ကို မယုံကြည်နိုင်မှု၊ မယုံရဲနိုင်မှု သက်သက်သာ ဖြစ်လေသည်။ အမေ့အပေါ်မှာ မည်သို့မျှ မယုံမကြည်နှင့် သံသယရှိစရာ မလိုအပ်။ အမေတိုင်းသည် သားများ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ယုံကြည်ကိုးစားတတ်ကြ၏။ အကောင်းမြင်တတ်ကြ၏။ အထင်ကြီးတတ်ကြ၏။
အမေသည်လည်း သား၏အစွမ်းအပေါ်တွင် ယုံကြည်ကိုးစားလိုပေလိမ့်မည်။ သား၏အောင်မြင်မှုအပေါ်တွင် ဂုဏ်ယူချင်ပေလိမ့်မည်။ သား၏ဘ၀ တိုးတက်မှုများတွင် ကျေနပ်ပီတိဖြစ်လိုပေလိမ့်မည်။
သို့ပေမဲ့ ယခုမူ သားသည်သာ အမေ့အား အားကိုးမှီခိုနေရ၏။ သားရှိနေခြင်းသည် အမေ့အတွက် စိတ်ဖြေသိမ့်မှုတစ်ခုသာဖြစ်၍ ဘာမှ အားကိုအားထား မျှော်လင့်ဖို့ အသုံးဝင်နိုင်မည် မဟုတ်။ အနာဂတ်အတွက် ဘာကိုမှ အားကိုးမှီခိုနိုင်ဖို့ မျှော်လင့်ချက် မပေးနိုင်သော၊ အာမခံချက်မရှိသော သားတစ်ယောက်အဖြစ် အမေ့အပေါ် အားနာနေမိသည်။ သနားနေမိသည်။
အတုံ့အလှည့် မမျှော်လင့်တတ်သော မိဘတို့၏ စုန်ရေမေတ်္တာကို နားမလည်နိုင်ခြင်း မဟုတ်ပါ။ ဒုက်္ခိတသားငယ်တစ်ယောက်၏ အားငယ်ကြေကွဲမှုသာ ဖြစ်ပါသည်။
+++++++
“ သား ဒီကိစ်္စကိုတော့ မလုပ်ပါရစေနဲ့။ အလုပ်ရဲဘူး အမေရယ်..”
အမေသည် ရုတ်တရက် ပျက်ယွင်းအံ့သြသွားသော၊ ကြောက်လန့်တကြား ငြင်းပယ်နေသော သား၏မျက်နှာကို ဂရုဏာသက်စွာ ငေးကြည့်နေ၏။ သားရင်ထဲက ခံစားချက်ကို နားလည်နေသူမို့လည်း မျက်ရည်စို့မိမတတ် သနားနေရှာလိမ့်မည်။
တစ်ခါတရံတွင် လူတစ်ယောက်၏ မစွမ်းဆောင်နိုင်သော ကိစ်္စတစ်ခုကို အားပေးတိုက်တွန်းမိခြင်းက ထိုလူအား ပို၍ပင် အားငယ်သွားစေတတ်ကြောင်း အမေလည်း ကိုယ်ချင်းစာနေမှာပါ။
“ ဘာ မလုပ်ရဲစရာရှိလဲ သား။ သားကို အမေယုံတယ်။ သားလုပ်နိုင်မယ်လို့ ယုံတယ်။ သားလုပ်နိုင်မယ်ဆိုတာ သိလို့ အမေစီစဉ်ခဲ့တာပေါ့။ မဖြစ်နိုင်တာကို အမေက စီစဉ်ပါ့မလားကွယ်။ သား အမေ့ကို ယုံတယ်မဟုတ်လား...”
မယုံကြည်သလို မျက်လုံးများဖြင့် ငေးကြည့်နေမိသည့်အတွက် အမေ့အပေါ် အားတော့နာမိပါသည်။ သို့သော်လည်း မတတ်နိုင်ပါ။ ဒီကိစ်္စမှာတော့ သား ဘယ်အရာကိုမှ မယုံရဲ။ ဘာကိုမှလည်း မမျှော်လင့်ရဲ။ လူ့ဘ၀ထဲ စ၀င်ကတည်းက အရှုံးနှင့် ၀င်ခဲ့ရသော မိမိဘ၀မှာ တစ်စုံတစ်ခုကို ရှုံးနိမ့်၍ ထပ်ခံစားရမှာမျိုး မကြုံချင်တော့ပေ။ ရှုံးမယ်ထင်ရတဲ့ ပြိုင်ပွဲတစ်ခု ဒါမှမဟုတ် အလောင်းအစားတစ်ခုခုကို အနိုင်ရမယ့် အဖိုးကြီးဆုကြေးကို မျှော်တွေးပြီး သား မလောင်းရဲ။ မပြိုင်ရဲ။
“ အားလျော့တွေးနဲ့ မတွေးရဘူးလေ သားရယ်။ မဖြစ်နိုင်တဲ့ ကိစ်္စမှမဟုတ်တာ။ ဖြစ်အောင်လုပ်စမ်းပါကွယ်။ ဒါမှ သားလို ဘ၀တူလူငယ်တွေ နမူနာယူစရာရှိပြီး အားတက်လာကြမှာ။
ဒီလိုလုပ် သား။ အဦးဆုံး အရင် စမ်းလုပ်ကြည့်။ ဖြစ်မဖြစ် သားဖာသာလည်း အကဲခတ်ကြည့်။ အခြေအနေ ကျေနပ်လောက်မှ ဆက်လုပ်ပေါ့။
ဒါဆို သားဖြစ်ချင်နေတဲ့ လောကကို တစ်ဖက်တစ်လမ်းကအကျိုးပြုတဲ့ လူငယ်တစ်ယောက်ဖြစ်လာမယ်။ သားလည်း ပျော်မှာပါပဲ။ မဖြစ်မြောက်မှာ ရှုံးနိမ့်မှာ စိုးတဲ့အတွေးနဲ့ အပျက်ဖက်ကို တွေးနေလို့ကတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။
ကြိုးစားကြည့်စမ်းပါ။ သတိ္တရှိစမ်းပါ သားရယ်။ မကြိုးစားဘဲ မအောင်မြင်တာထက် ကြိုးစားရင်း ရှုံးနိမ့်ရတာက ပိုပြီး အဓိပ်္ပါယ်ရှိပါတယ်ကွယ်။ ဖြစ်နိုင်လို့သာ အမေ တိုက်တွန်းတာပေါ့။ ငါ့သား အမေ့ကိုယုံစမ်းပါ။ ကိုယ့်ကိုယ်ကို ယုံစမ်းပါ...”
အမေ့စကားသံတို့သည် အားမာန်အပြည့်နှင့် သား၏ရင်ကို နွေးထွေးစေ၏။ အားလျော့စိတ်ကို ပြည့်တင်းစေ၏။
သို့ပေမဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် အရိုးပျော့ဒုက်္ခိတသည် တစ်ယောက်အနေဖြင့် လူတောထဲတိုးဝင်ရန် ဘယ်လိုမှ လိပ်ပြာမရဲ။ ကိုယ့်ဘ၀အတွက် ထူးထူးထွေထွေ ရှက်ရွံ့ခြင်းမဟုတ်သော်လည်း သိမ်ငယ်စိတ်တော့လည်း မကင်းနိုင်ပြန်။
“ သား စဉ်းစားပါရစေ အမေရယ်...”
တကယ်က “ အားမွေးပါရစေ ” ဟု ပြောလိုက်ဖို့ပင် ကောင်း၏။ မိသားစုကမ်္ဘာလေးထဲ၌သာ အဆက်အဆံရှိ၍ အိမ်တွင်းပုန်းနေခဲ့သော သားအဖို့ အပြင်လောက လူတွေကြားထဲ ခြေချဖို့ရာမှာ တွန့်ဆုတ်နေမိသည်။ မိမိမကြုံဖူးသော လူမိတ်ဆွေများသည် စာအုပ်မိတ်ဆွေများလောက် သစ်္စာရှိပါ့မလား။ ရိုးသားကြပါ့မလား။ ဟန်ဆောင်မှုကင်းပါ့မလား။ မိမိအပေါ် နားလည်တတ်ပါ့မလား။
ဘာဘဲဖြစ်ဖြစ် လူတချို့သည် ကောက်ကျစ်တတ်ကြသည်။ ဟန်ဆောင်တတ်သည်။ လိမ်ညာတတ်သည်။ စကားတင်းဆိုတတ်သည်။ စောင်းမြောင်းတတ်သည်ဟု စာအုပ်တချို့၌ သူ ဖတ်ဖူး၏။ ဒါတွေကို ခံနိုင်ရည်ရှိဖို့ သူ အားမွေးရန် လိုအပ်သည်မဟုတ်လား။
“ သားဟာ ဘ၀တူ အဖော်တွေကို အားတက်စေမယ့် စံပြတစ်ယောက် ဖြစ်စေရမယ် သား။ ဘ၀တူတွေကို ဖေးမလမ်းပြနိုင်အောင် ကြိုးစားစမ်းပါကွယ်..”
အမေကတော့ သားအပေါ်တွင် ယုံကြည်စိတ်၊ အထင်ကြီးစိတ်၊ များလွန်းနေလေသည်။
+++++++
အမေသည်သာ သားဘ၀၏ အနီးကပ်အားပေး လက်တွဲဖော်ဖြစ်ခဲ့လေသည်။ အဖေက သူ့လုပ်ငန်းများဖြင့် အားလပ်ချိန် နည်းပါးသောကြောင့် သားအား အရိပ်တကြည့်ကြည့် မနေနိုင်ခဲ့သမျှ အမေက ပို၍ ဂရုစိုက်ကြင်နာပေးခဲ့၏။
အမေသည် အိမ်အလုပ်များ လုပ်ချိန်မှလွဲ၍ ကျန်အချိန်တိုင်းတွင် သား၏ဝေယျာဝစ်္စများကို လုပ်ပေးနေတတ်၏။ ငယ်စဉ်ကတည်းက စာသင်ပြပေးရသောအလုပ်ကို အမေက သားအတွက် အလေးထားကာ အချိန်ပေးခဲ့လေသည်။
အမေသည် သားအတွက် အစစအရာရာကို သူမကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်အားရတတ်ခဲ့သူ။
“ မင်းမှာ အိမ်အလုပ်တွေရော၊ သားအတွက် အစစအရာရာ လုပ်ပေးရတာရော၊ ပင်ပန်းလှပါပြီကွာ။ သားကို စာပြပေးဖို့ ဆရာမတစ်ယောက် ငှားလိုက်ပါလား...”
အဖေက အားလပ်ချိန် နည်းနည်းမှ မရှိရှာသောအမေ့ကို ညှာတာစွာ ဆရာမငှားဖို့ စီစဉ်လိုခဲ့သော်လည်း အမေက လက်မခံခဲ့ပေ။
“ သားလေးက သိပ်အားငယ်တတ်တာ။ အမေ့ကိုလည်း သိပ်အားကိုးရှာတာ။ ကျွန်မကိုယ်တိုင်သင်ရင် သူ ပိုပြီး စိတ်ဝင်စားတော့ တတ်လွယ်တာပေါ့။ ပင်ပန်းတယ်လို့မထင်ပါဘူး။ ပြီးတော့ သားဘ၀ကို မြှင့်တင်နိုင်အောင် ကျွန်မ ကြိုးစားချင်ပါတယ်...”
အမေက သားဘ၀ကို မြှင့်တင်နိုင်ရန် အမှန်တကယ် အပင်ပန်းခံခဲ့လေသည်။ သား၏ ပင်ကိုယ်ဥာဏ်မှာ အတန်အသင့် ထက်မြက်သော်လည်း သား၏စိတ်ဓာတ်များမှာမူ ပျော့ညံ့လျက်ရှိပေရာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလွန်းလှ၏။
ဒုက်္ခိတသားငယ်အဖို့ ကုသိုလ်ကံပါးလျားမွဲနုံလွန်းသော သူ့ဘ၀ကို နာကျဉ်ကြေကွဲစွာ ခါးသည်းနေခဲ့သည်မှာ သား၏အမှား မဟုတ် ဟုလည်း အမေကသားကို နားလည်စွာ အပြစ်တစ်ခွန်းမှ မဆိုခဲ့။ ငယ်စဉ်ကပင် သားအတွက် စိတ်ခွန်အားဖြစ်စေမည့် စာအုပ်ကောင်းများကို အမေကိုယ်တိုင် ဖတ်ပြ၊ ရှင်းပြပေးခဲ့သည်။ သား၏စိတ်ဓာတ်များ တည်ငြိမ်ရင့်ကျက်လာစေရန် အမေက စာအုပ်များကို သားအတွက် အဖော်ကောင်းအဖြစ် ဆောင်ကြဉ်းပေးခဲ့လေသည်။
ကျောင်းစနေရမည့်အရွယ်က သားသည် အမြဲတမ်း ညှိုးငယ်ငေးငိုင်နေတတ်၏။ နေ့စဉ်နေ့တိုင်း ဘီးတပ်ကုလားထိုင်ပေါ်မှ ပျော့ခွေနွဲ့လျစွာ ငေးမောနေတတ်သော သား၏အကြည့်များသည် ပျော်ရွှင်ဆူညံစွာ ကျောင်းသွားနေကြသော လမ်းမပေါ်မှ ကလေးများအပေါ်တွင် အားကျငေးရီနေတတ်သည်။ တစ်ခါတရံ အသံမထွက်ဘဲ ကြိတ်ရှိုက်တတ်ပြန်၏။
သားစိတ်ထဲတွင် ရွယ်တူကလေးငယ်များနည်းတူ ပြေးလွှားခုန်ပေါက် ကစားလိုသောဆန်္ဒများသည် ဆို့နင့်စွာ မြိုချလိုက်ရသောတံတွေးနှင့်အတူ ရင်ထဲမှာပင် သိုသိပ်ထားလိုက်ရ၏။
သား၏ဆန်္ဒအတိုင်း လမ်းမပေါ် ကောင်းစွာမြင်နေရသော စာကြည့်ခန်းအတွင်းသို့ လိုက်ပို့ပေးရသော အမေ့၏ အသည်းနှလုံးသည်လည်း ယူကြုံးမရစွာ ကြေကွဲနေခဲ့လိမ့်မည်။ တိတ်တဆိတ် မျက်ရည်ကျချင် ကျနေခဲ့မည်။
သို့ပေမဲ့ အမေသည် သားရှေ့တွင်မူ ဘယ်သောအခါမှ မျက်ရည်ကျမပြတတ်ခဲ့။ အမေ့၏ အလွန်ဆုံးသော စိတ်ထိခိုက်မှု အမူအရာသည် မျက်နှာတဒင်္ဂညှိုးသွားရုံသာဖြစ်၏။ သားရှေ့တွင် မည်သည့်အခါမျှ အမေ မညည်းညူခဲ့ဖူးပေ။
သားအတွက် အားပေးစကားများ၊ ဖြေသိမ့်စကားများကို တည်ငြိမ်သောမျက်နှာ၊ တက်ကြွသောအမူအရာများဖြင့် ပြောဆိုနိုင်မှသာ သား၏ အားငယ်စိတ်များ ဖြေဆည်လာနိုင်မည်ဟု အမေက ယုံကြည်ခဲ့ပေလိမ့်မည်။
“ ငါ့သားလေး ကံဆိုးရှာတယ်..” ဆိုသော စကားမျိုးများတော့ စိတ်အားငယ်သွားမည်စိုး၍ သားရှေ့တွင် ဘယ်တော့မှ မညည်းညူမိရန် အမေက အလွန်ဂရုပြုခဲ့ပုံရ၏။
တစ်ခါက သားသည် အမေ့ရင်ခွင်တွင် မျက်နှာဝှက်ကာ ရှိုက်ကြီးတငင် ၀မ်းပမ်းတနည်း ငိုမိသေး၏။
“ သားဘ၀က သိပ်ကံဆိုးတာပဲ အမေရယ်။ သူများတွေလို သားလည်း ကျောင်းသိပ်တက်ချင်တာပဲ။ လက်ကလေးမှ စာရေးဖို့ မလှုပ်နိုင်တဲ့ဘ၀မှာ လူလာဖြစ်နေမယ့်အစား သေလိုက်ပါရစေတော့။ ဒါမှမဟုတ်လည်း ဦးနှောက်တွေပါ အားလုံးပျက်နေလိုက်။ ဒါဆို ၀မ်းနည်းတတ်မှာလည်း မဟုတ်ဘူး။ ကြေကွဲတတ်မှာလည်း မဟုတ်ဘူး။ ဘာမှ ခံစားရမှာမဟုတ်ဘူး။
သား ဒီဘ၀မှာ အပျော်ဘူးအမေ။ သေရမယ့်ရက်ကို ဒီကုလားထိုင်လေးပေါ်ကနေ၊ လမ်းမကိုငေးရင်းကနေ၊ ကုတင်ပေါ် လှဲနေရင်းကနေ၊ စောင့်နေရတာ ဘာအဓိပ်္ပါယ်ရှိလို့လဲ။ အချိန်တွေမြန်မြန်ကုန်ပြီး မြန်မြန်သေရမယ့်ရက် ရောက်လာပါစေလို့ပဲ ဆုတောင်းနေရတော့တယ်...”
“ အို ဒီလိုမပြောနဲ့ သား။ ရက်တွေ မြန်မြန်ကုန်ပါစေလို့ ဆုမတောင်းရဘူးလေ။ တစ်စက်္ကန့်၊ တစ်မိနစ်တောင်မှ သိပ်ပြီးအဖိုးတန်တာ။ အတိတ်ဆိုတာ ပြန်လိုချင်လို့မရဘူး သား။ ပစ်္စုပ်္ပန်ဟာ အဖိုးအတန်ဆုံးအချိန်ပဲ။ အကျိုးရှိအောင် အသုံးချတတ်ဖို့ပဲ အရေးကြီးတာ။ သားဘ၀ဟာ အလကားမဟုတ်ဘူး။ သားမှာ ကြိုးစားနိုင်ခွင့်တွေရှိပါတယ်။
သားကိုအမေလမ်းပြမယ်။ လက်တွဲခေါ်မယ်။ သားဘာမှ အားမငယ်နဲ့။ သားဟာ မသန်ပေမဲ့ စွမ်းရမယ် သား...”
အက်ကွဲနေသော နှလုံးသားကို ဖုံးကွယ်ကာ၊ မချိသောရင်ကို အားတင်းကာ၊ အမေက သားအား နှစ်သိမ့်အားပေးခဲ့၏။ အမှန်တကယ်လည်း သားအတွက် ကြိုးစားပေးခဲ့လေသည်။
သားသည် ငယ်စဉ်က ခြေများလက်များကို ကိုယ်တိုင် လုံးဝမလှုပ်ရှားနိုင်ခဲ့။ အမေက ဆရာဝန်နှင့်တိုင်ပင်ကာ လက်ချောင်းလေးများကို ပထမဦးစွာ အမေ့အကူအညီဖြင့် လေ့ကျင့်လှုပ်ရှားစေခဲ့သည်။ အမေ၏အားပေးတတ်မှု၊ စိတ်ဓာတ်မြှင့်တင်ရာတွင် ကျွမ်းကျင်မှုတို့ကြောင့် သားသည် အမေ့ကို ယုံကြည်အားထားလာကာ အမေ သွန်သင်သမျှ လိုက်နာလေ့ကျင့်ခဲ့၏။
တဖြေးဖြေး လက်များ လှုပ်ရှားရလာသောအခါ၌ အမေက အော်ဂင်တစ်လုံးကို ၀ယ်ယူကာ သားအားသင်ကြားပေးလေသည်။ သားသည် ဂီတဖက်တွင်မူ ပါရမီရှိသူဖြစ်ပြီး သား၏အသံသည် ကြည်လင်ချိုမြကာ ဂရုဏာငွေ့လွှမ်းသည်ဟု အမေကဆို၏။
သား၏ လျော့ရဲပျက်ပြားနေသော စိတ်ဓာတ်များကို အမေက ဂီတဖြင့်လည်း တစ်ဖက်တစ်လမ်းမှ တည်ငြိမ်အေးချမ်းအောင် လမ်းပြတွဲခေါ်ခဲ့ခြင်းပင်။
+++++++
အပိုင်း(၂)
++++++
မယုံရဲရဲဖြင့် ကြိုးစားလာခဲ့ရသမျှ ခုလောက် အဓိပ်္ပါယ်ပြည့်ဝစွာ ပျော်ရွှင်လာရမည်ဟု တစ်ခါမျှ မမျှော်လင့်ရဲခဲ့ပေ။
ခုလို သား ဘယ်တော့မှ မမျှော်လင့်ရဲခဲ့သော ဘ၀မျိုးကို သားတောင့်တ၍မျှပင် မကြည့်ခဲ့ဖူးပေ။ တောင့်တဖို့ရာမှာလည်း မတန်မရာနိုင်လွန်းသည်ဟု သားက ထင်မှတ်၏။
ခုတော့ သားမမျှော်မှန်းဝံ့ခဲ့သော ရွှေရောင်တောက်ပသည့်ဘ၀မျိုးကို အမေက လက်တွဲဖေးမပို့ခဲ့လေပြီ။
“ သား စီးရီး အောင်မြင်တယ်သား။ အမေမပြောဘူးလား။ သားအရည်အချင်းကို အမေယုံပါတယ်လို့။ ငါ့သားဟာ လူတော်တစ်ယောက်ပါကွယ်...”
အရာရာတို့ထက် အမေသည် သားအပေါ်တွင် မြော်မြင်ဥာဏ်ကြီးမားလွန်းလှသည်။ မေတ်္တာစေတနာ များပြားလွန်းလှသည်။ တွဲခေါ်နိုင်မှု ထူးချွန်လွန်းလှသည်။
ပထမဆုံး သီချင်းတစ်ပုဒ်ကို အားမာန်ရှိသည့်၊ စိတ်တက်ကြွမည့်၊ ကိုယ့်ကိုယ်ကို ယုံကြည်အားထားသည့် သဘောများဖြင့် ရေးဖွဲ့ရန် အမေက သီချင်းရေးသူအား တိုင်ပင်ခဲ့လေသည်။ သား၏ စိတ်ဓာတ်မြှင့်တင်နိုင်ရန်၊ အားတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အစစအရာရာကို အမေက ဦးဆောင်စီစဉ်ကာ သားအတွက် ဖန်တီးပေးခဲ့၏။ အမေသည် သားအား အကျိုးပြုလူသားတစ်ယောက် မဖြစ်ဖြစ်အောင် အနှစ်နှစ်အလလ အပင်ပန်းခံ ပြုစုပျိုးထောင်ကာ လောကအတွက် မွေးထုတ်ပေးလိုက်လေသည်။
လေလှိုင်းထဲတွင် ကြည်လင်ချိုမြစွာ ထွက်ပေါ်နေသော၊ ပရိသတ်ကချစ်ခင်အားပေးသော၊ တီဗွီဖန်သားပြင်တွင် နောက်မှီကုလားထိုင်ဖြင့် ခပ်လျော့လျော့ထိုင်ကာ ကိုယ်တိုင် အော်ဂင်တီး သီချင်းဆိုနေသော ပြည်သူ့အတွက်တေးသံရှင်သည် အမေ၏သား ဖြစ်ခဲ့လေပြီ။
ဤတစ်ကြိမ်တွင်တော့ ယုံကြည်လေးစားစွာ အမေ့မျက်နှာကို မော့ကြည့်လိုက်မိသည်။
ဘီးတပ်ကုလားထိုင်ပေါ်မှ သားအား ကြင်နာစွာငုံ့ကြည့်နေသော အမေ့ရင်ထဲ၌...
သား၏အစွမ်းအစပေါ်တွင် ယုံကြည်အားထားစွာ..၊ သား၏ အောင်မြင်မှုအပေါ်တွင် ဂုဏ်ယူကြည်နူးစွာ..၊
သား၏ အနာဂတ်ရှေ့ရေးအတွက် စိတ်ချရင်အေးစွာ...။
+++++++
အမေ့မျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေ ဝေ့၀ဲနေတာ သား မြင်လိုက်ရပါတယ်အမေ။
အမေ သားအတွက် ၀မ်းသာကြည်နူးစိတ်တွေ ပြည့်လျှမ်းနေတယ် မဟုတ်လား။
အမေ့ရဲ့ ပျော်ရွှင်ကျေနပ်နေတဲ့ မျက်နှာကို ငေးမောကြည့်နေရင်း သားရဲ့ရင်ထဲမှာလည်း အမေ့ဆန်္ဒကို ပြည့်ဝစေနိုင်မယ့် အစွမ်းတွေ အမြဲရရပါစေလို့ ဆုတောင်းနေမိတယ်။
ခုဆို သားရဲ့အနာဂတ်ဟာ သက်တံရောင်စုံတွေ ဖန့်ဝင်းနေပြီအမေ။
တကယ်တော့ အမေဟာ သားဘ၀အတွက် မေတ်္တာအလင်းကို ရောင်ပြန်ကွန့်မြူးစေပြီး နှလုံးသားနဲ့ သက်တံတံတား ခင်းပေးခဲ့သူပါ အမေရယ်။
+++++++
ဝေ(စီးပွားရေးတက္ကသိုလ်)
May, 2013... Fashion Image Magazine
( အမေနေ့အမှတ်တရအတွက် မဂ္ဂဇင်းမှာထည့်ဖို့ အယ်ဒီတာညီမလေးက တောင်းဆိုတာကြောင့် ရေးပြီးသားအဆင်သင့်မရှိတာနဲ့ အသက်နှစ်ဆယ်တုန်းက ရေးထားတဲ့ ၀တ္ထုလေးကို ပေးဖြစ်တာပါ။ သည်းခံဖြည့်စွက်ပြီး ဖတ်ပေးပါရှင်...)
နံနက်ခင်း၏ ခြေလှမ်းများ ( ရသစာတမ်း )
     မနက်ခင်းစောစော အရသာနှင့် ဝေးခဲ့သည်မှာ အတော်ပင်ကြာခဲ့လေပြီ။
    ကြာပြီဆိုသည်ထက် မနက်ခင်းစောစောအရသာများ ကျွန်မဘ၀တွင် နည်းခဲ့သည်ဆိုပါက ပိုမှန်ပေလိမ့်မည်။
    ကျွန်မက အိပ်ရာစောစောထလေ့ မရှိပါ။ ညဥ့်နက်နက်အထိ စာရေးစာဖတ်လုပ်တတ်သူမို့ ငယ်စဉ်ကတည်းက မနက်ခင်းစောစော အရသာကို ကြုံရခဲ၏။ အရုဏ်ဦးအချိန်သည် ကျွန်မဘ၀အတွက် ရှာမှရှားသောမြင်ကွင်း...။
လက်ချိုးရေလို့ပင်ရဦးမည့် အကြိမ်အရေအတွက်သာ မြင်ခဲ့ရဖူးမည်ထင်ပါသည်။
    သည်မနက်တော့ ခပ်စောစောလေး အိပ်ရာမှနိုးလာမိတော့ ဆောင်းမနက်ခင်းအရသာကို သိသိသာသာ ခံစားလိုက်ရသည်။
အချိန်က သိတ်မစောလှတော့ပါ။ သို့ပေမဲ့ အလင်းက မပီပြင်သေး။
    ဆောင်းရောက်ပြီဆိုလျှင် မနက်စောစော လမ်းလျှောက်ချင်လာသည်မှာ ဘယ်ကတည်းက အစပျိုးလာသည့် စိတ်အာသီသမှန်းမသိပါ။
လူက အေးအေးလေးနှင့် ဆက်ကွေးချင်သေးသော်လည်း လန်းလန်းဆန်းဆန်းနှင့် လှမ်းရမည့် ခြေအစုံက သွေးကြွနေလေပြီ။
    ခင်ပွန်းသည်ကို အဖော်စပ်တော့ ချက်ချင်းပင် တက်တက်ကြွကြွ ထလာကာ မျက်နှာသစ်၊ ၀တ်စုံလဲလေ၏။
    နှစ်ဦးသား လမ်းလျှောက်ဖိနပ်ကိုယ်စီနှင့် လမ်းမပေါ်ရောက်ချိန်မှာတော့ နှင်းမြူဝိုးတ၀ါးကြောင့် နေထွက်မလာနိုင်သေးသော်လည်း မိုးကဖြင့် လင်းလုနေပြီ။ သို့ပေမဲ့ လမ်းပေါ်မှာ လူသူမရှိလှသေး။
    မနက်ခြောက်နာရီဆိုသည်မှာ အရုဏ်တက်ကို အတော်လေးကျော်လာပြီ ဖြစ်သော်လည်း လုပ်ငန်းခွင်ဝင်ရန်မှာတော့ စောနေသေးသည်။
    အချို့အိမ်များက တံခါးဖွင့်ကာ လူရိပ်လူရောင် တွေ့နေရပြီဖြစ်ပေမဲ့ အများစုက အိပ်ကောင်းနေကြဆဲသာ။
မြို့ကလေးမှာ မနိုးထချင်သေးဘဲ အိပ်ရာထဲ လူးလိမ့်ဆဲသာ ရှိပါသေးသည်။
    မနက်ခင်းလေသည် လတ်ဆတ်ကာ အေးမြကြည်လင်နေ၏။ မီးခိုးနှင့်ညှော်နံ့များ မပီပြင်၊ စွန်းထင်းကာစပဲရှိသေးသည်။
မနက်စောစောဖွင့်သည့် အကြော်ဆိုင်တချို့နှင့် မော်တော်ယာဉ်တစ်စီးတလေသာ တွေ့ရသေးသည်လေ။
    မြစ်ကမ်းနံဘေး လမ်းအတိုင်း လျှောက်လာကြသည်မို့ လေက ပိုရှင်းသန့်လာသလိုပင်။
    သည်မှာ ပန်းခြံ၊ သည်မှာ တံတား၊ သည်မှာ သဲသောင်....။ လမ်းကလေးမှာ အရင်ကလိုပင် မပြောင်းလဲလှပါ။
    လွန်ခဲ့သည့်နှစ်များကလည်း ဆောင်းတွင်းရောက်လျှင် လမ်းလျှောက်ချင်လာသော ကာလအာသီသကြောင့် နှစ်တိုင်းလိုလိုပင် ဆောင်းရောက်တိုင်း လမ်းလျှောက်တတ်ခဲ့၏။ နွေနှင့်မိုးကတော့ လမ်းလျှောက်ချင်စိတ်ကို ပျက်ပြယ်စေသည်မှာ ပူအိုက်သည်ကတစ်မျိုး၊ မိုးတစိစိက တစ်ဖုံ၊ စိတ်အနှောင့်အယှက်ပေးလှသည်ကိုး။
    လမ်းလျှောက်ဖိနပ်၏ ပေါ့ပါးမှုသည် ဒေါက်ဖိနပ်ထက်တော့ အဆများစွာ သွက်လက်တက်ကြွစေသည်လား။
ကျွန်မတစ်ကိုယ်လုံး မြောက်ကြွကာ သွက်လက်ပေါ့ပါးနေ၏။
    “ ဖြေးဖြေးလျှောက်ပါ ဆရာမကြီးရယ်...” ဟူသော ခင်ပွန်းသည်၏ ပြုံးစနနအပြောကို “ နှင်းဆီဆောင်သူလေ...။ သိတယ်မဟုတ်လား။ ဟိုက်ကင်ကျွမ်းတယ်..” ဟု အမှတ်မထင် ခွန်းတုန့်ပြန်မိသွားရလောက်အောင်ပင်။
    ဘုရားရေ..။ ကျွန်မ ငယ်မူပြန်နေသည်ပါလား။
    လမ်းလျှောက်ပြိုင်ပွဲမှန်သမျှ နှစ်စဉ်ပထမရနေကျ ကျွန်မတို့ နှင်းဆီဆောင်၏ ဂုဏ်ရည်က ခုချိန်ထိ ကျွန်မသွေးကို နွေးစေဆဲပဲကိုး။
    ကျွန်မ၏ လက်ချိုးရေတွက်နိုင်သော အရုဏ်ဦးမနက်ခင်းများတွင် နှင်းဆီဆောင်၏ သမိုင်းသည် အထင်ကရပါဝင်ခဲ့ပါသည်။
သည်လို ဆောင်းမနက်ခင်းများကတော့ အထင်ရှားဆုံးပေါ့။
    ဆောင်းရာသီဆိုရင်ဖြင့် အားကစားပြိုင်ပွဲများ၏ အခါသမယပေပဲလေ။ နှင်းဆီဆောင်မို့ အားကစားပြိုင်ပွဲဆိုလျှင် ဟိုက်ကင် (လမ်းလျှောက်ပြိုင်ပွဲ) မှာတော့ နှစ်စဉ်ပထမရသည်သာ။
    သည်လိုဆိုတိုင်း ကျွန်မက ပြိုင်ပွဲဝင် အားကစားသမားတော့ဖြင့် မဟုတ်ခဲ့ပါ။ ကိုယ့်အဆောင်နှင့် မောင်နှမဆောင်တို့အတွက် လက်ခုပ်တီးအားပေးသူသာလျှင် ဖြစ်ခဲ့ပါသည်။
    ကျွန်မတို့ခေတ်က တက်္ကသိုလ်ကျောင်းသူ ကျောင်းသားဘ၀သည် အလွန်ပျော်စရာကောင်းခဲ့သည်မှာ ကြုံဖူးသူတိုင်းရော၊ မကြုံဖူးတော့သည့် ခုခေတ်ကလေးများကပါ မငြင်းနိုင်သည့်အချက်ဖြစ်၏။
    အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများ ရန်ကုန်တွင်စုတက်ရသည့် အသက်မွေးဝမ်းကျောင်း တက်္ကသိုလ်များဆိုလျှင် ပိုလို့ပင် အသက်ဝင်လှသည်ဟု ထင်မိသည်။
    မြန်မာပြည်အရပ်ရပ်မှ လာဆုံကြသည်မို့ ယဉ်ကျေးမှုပေါင်းစုံ၊ ဓလေ့ထုံးစံမျိုးစုံ၊ ဗဟုသုတအဖုံဖုံ၊ စိတ်တွေကလည်း ရောင်စုံပင်..။
တစ်ယောက်နှင့်တစ်ယောက် ရေစက်ဆုံကြမှတော့ ဗဟုသုတဖလှယ်ကြ၊ ယဉ်ကျေးမှုဖလှယ်ကြ၊ ဓလေ့ထုံးစံ စောင့်ထိန်းကြနှင့်..။ နောက်ဆုံးတော့ အားလုံးက ခင်မင်ရင်းနှီးကာ စိတ်ချင်းနီးစပ်ကြရသည်သာ။
    သမိုင်းဝင်းက မိန်းကလေးဆောင်များတွင် နယ်ပေါင်းစုံမှလာသော ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသူများနေကြရပြီး နောက်ဆုံးနှစ်ရောက်လျှင်တော့ ပင်မတက်္ကသိုလ်(မိန်း)ထဲမှ အဆောင်များသို့ ပြောင်းရွှေ့ရ၏။
    ကျွန်မတို့ စီးပွားရေးတက်္ကသိုလ် ကျောင်းသူများအတွက် သမိုင်းဝင်းမှာက နှင်းဆီ၊ ကံ့ကော်၊ ဂန်္ဓမာနှင့် သရဖီ ဆိုပြီး အဆောင်လေးဆောင်ရှိကာ ကျွန်မက နှင်းဆီဆောင်သူဖြစ်ခဲ့သည်ပေါ့။
    အဆောင်များက ကျောင်းပိတ်ရက်မနက်တိုင်း အစောကြီးထကာ လမ်းလျှောက်လေ့ကျင့်ရာတွင် ပြိုင်ပွဲဝင်များသာမက အဖွဲ့ဝင်အဆောင်သူတွေလည်း လေ့ကျင့်ခန်းယူရင်း လိုက်လျှောက်လေ့ရှိသည်။
    တစ်ခါတရံ အီကိုဆောင်ပေါင်းစုံ အဖွဲ့ဝင်တွေစုပြီး ကမ်္ဘာအေးဘုရား၊ ရွှေတိဂုံဘုရားနှင့် နာဂလှိုဏ်ဂူလိုမျိုး မြို့ထဲ အနီးအနားကို မနက်စောစော လမ်းလျှောက်ထွက်ကြသလို၊ တစ်ခါတလေတော့ သာဓုကန်လိုမျိုး၊ တွံတေးဗောင်းတော်ချုပ်ဘုရားလိုမျိုး၊ ခပ်လှမ်းလှမ်းကိုလည်း ကားတစ်တန်၊ သင်္ဘောတစ်တန်၊ ခြေလျင်တစ်တန်ဖြင့် လမ်းလျှောက်ကျင့်ရင်း ပစ်ကနစ်သဘောမျိုး သွားဖြစ်ကြ၏။
       သို့မို့ကြောင့် ကျွန်မက လမ်းလျှောက်ရမည်ဆို ဘယ်တော့မှ မငြီးငြူတတ်ဘဲ အမြဲတက်ကြွနေတတ်သလို ခြေလှမ်းတွေကလည်း အင်မတန်သွက်လှသည်လေ။
     သည်လို ခြေလှမ်းညီညီ ခပ်သွက်သွက် လှမ်းနေကြရင်း လမ်းဘေးမြေကွက်လပ်တစ်ခု အရောက်မှာတော့ နှစ်ဦးသား တိုင်ပင်စရာမလိုဘဲ အရှိန်အသာလျှော့ကာ ခေတ်္တရပ်နားလိုက်ကြ၏။
     သည်နေရာမှာ ယခင့်ယခင်နှစ်တွေက လမ်းလျှောက်တိုင်းလည်း အမောဖြေရပ်နားကာ သူက ခြေမြှောက်လက်မြှောက်ဖြင့် လေ့ကျင့်ခန်းလုပ်နေကျ။
     ကျွန်မကတော့ လူမြင်ကွင်းမှာ လေ့ကျင့်ခန်းမယူလိုသူမို့ သူ့ကို ရပ်စောင့်ရင်း နှင်းမြူရစ်သိုင်းနေသော မြစ်ပြင်ရှုခင်းမှာ ငေးမောငြိမ့်သက်နေကျ။
     ခုမှ ဆောင်းရာသီပီပြင်ကာစ ဒီဇင်ဘာလဆန်းဆိုသော်လည်း နွေရောက်ဖို့ အချိန်အတော်လိုသေးသည့်တိုင် သဲသောင်ခုံတွေက မြစ်ဧရာလက်ပြင်ကြောမှာ ဖွေးဖွေးထင်ထင်နေရာယူနေပြီ။ 
     တစ်နှစ်ထက်တစ်နှစ် ပိုမို ပြန့်ပြောကျယ်လွင့်လာသော သည်သောင်ခုံတွေက ဧရာဝတီ၏ ယိုယွင်းလာသော ကျန်းမာရေးအတိမ်အနက်ကို လှစ်ဟပြနေသည့် ပြယုဂ်တစ်ခုအလား။
     မြစ်ကြမ်းပြင်မြင့်တက်လာခြင်းက မြစ်ကြောင်းတစ်လျှောက် ရာသီအလိုက် မှီခိုတွဲဆက်နေသော ဂေဟစနစ်ကို ခြိမ်းခြောက်နေလေပြီ။
     သောင်ဖြူလွလွသည် အမှတ်တမဲ့ကြည့်လျှင် လွမ်းမောဖွယ် သာတောင့်သာယာ ထင်ရသော်လည်း သေချာကြည့်လျှင်တော့ မြစ်ဧရာ၏ရင်ဘတ်တွင်းက ဒဏ်ရာဒဏ်ချက်များ အသားမာတက်၊ အနာရွတ်နက်လာသည်ကို ရင်ဖွင့်ပြနေသလိုပင်။
     မြစ်ရှုခင်းကို ငေးမိတော့ သည်ပုံရိပ်နှင့်မတူ ကွဲပြားသော မြစ်ရှုခင်းတစ်ခုက အတွေးအာရုံထဲမှာ လွမ်းမောတမ်းတလှစွာ တရေးရေးထင်ရှားလာရ၏။
     ကလေးဘ၀က မိဘများတာဝန်ကျရာ လိုက်ပါရင်း ရောက်ဖူးခဲ့သည့် ကချင်ပြည်နယ်မှ မြို့ကလေးနံဘေးမှာ ကြည်လဲ့အေးချမ်းစွာ စီးဆင်းနေခဲ့သော မြစ်ဧရာ၏အစ မေလိခ။
     သည်လို ဒီဇင်ဘာဆောင်းဆိုလျှင်တော့ မြူများထူပိတ်ကာ ရေခဲရည်အတိုင်း အေးခဲကျင်တက်စေသော၊ ကျောက်တုံး ကျောက်ဆောင်ကြားမှ ငါး၊ပုစွန်တွေကိုပါ အတိုင်းသားမြင်နေရသည့် ဖန်သားပမာ ရေ၏ ကြည်လင်မှု..။
လောဘနည်းလှသော ဒေသခံတိုင်းရင်းသားများ၏ ရိုးသားဖြူစင်သည့်မေတ်္တာ...။ ဖျက်လိုဖျက်ဆီးနည်းသော သဘာဝပတ်ဝန်းကျင်၏ သန့်ရှင်းလတ်ဆတ်သည့်လေ...။ သည်လို အဖိုးတန်လှသည့် သဘာဝ၏လက်ဆောင်များက နှစ်လိုဖွယ်ရာအတိ ဖြစ်ခဲ့၏။
     အဲသည်အချိန်က လျှပ်စစ်မီးမရသေးသော်လည်း ပိုးစုန်းကြူးလေးတွေမြူးလှသည့် လရောင်၊ကြယ်ရောင်အောက်တွင်ပဲ မြို့ကလေးက ချစ်စရာကောင်းနေခဲ့သည်။
     ရေပေးဝေရေးစနစ်မရှိသေး၍ မြစ်ရေကိုသာ ချောက်ကမ်းပါးက တက်လိုက်ဆင်းလိုက် ပင်ပန်းစွာ သယ်ခပ်သောက်သုံးခဲ့ရသော်လည်း မြစ်ရေသည် သန့်စင်ချိုမြိန်နေခဲ့သည်။
     နွေနှင့်ဆောင်းမှာ ထွန်းတတ်သည့် သောင်ခပ်ပါးပါးလေးသည်ပင် မြေသြဇာအဆီအနှစ်ပြည့်သည်မို့ စိုက်ပျိုးကြဖို့ အဖိုးတန်ခဲ့ဖူး၏။
သောင်ခုံစိုက်ခင်းနားမှာ ကျင်းပခဲ့သည့် ကောက်သစ်စားပွဲတစ်ခုကိုပင် ဝေးလှသောအတိတ်ဆိုသော်လည်း မမေ့မလျော့ သတိရနေဆဲ။
     မြို့ကလေးတစ်ဖက်ကမ်းမှ သောင်ခုံဆီ လှေတွေနှင့်ကူးကာ ကချင်ရိုးရာ ခေါင်ရည်နှင့် ဂျိန်းဖောအကတို့ဖြင့် မြူးထူးတက်ကြွ ပျော်ခဲ့ရ၏။ ကချင်ထမင်း၊ဟင်းက ဖက်ထုပ်လေးတွေနှင့်မို့ ဖက်စိမ်းနံ့မွှေးမွှေးက စားချင့်ဖွယ်ရာ။
     တော်ရုံအလှူ၊မင်္ဂလာဆောင်မှာပင် ပန်းကန်ခွက်ယောက်မသုံးကြသဖြင့် ကျွန်မတို့လို မြေပြန့်သူတွေအတွက် ကျောက်စိမ်းပန်းကန်အဖြစ် တင်စားချင်စရာ အမြင်ဆန်းကာ တစ်မျိုးဆွဲဆောင်လှ၏။
     ခုတော့ နှစ်တွေကြာညောင်းလာခဲ့သလို၊ ခေတ်တွေစနစ်တွေလည်း အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါပြီ။
    မေလိခသည် အရင်လို ငြိမ့်ညောင်းကြည်လင် အေးမြသေးရဲ့လား။ တောင်ပေါ်လေကရော အရင်လို လတ်ဆတ်ရှင်းသန့် ဖြူစင်ပါသေးသလား။ ဒေသခံတိုင်းရင်းသားတို့ရဲ့ မေတ်္တာတရားကရော စိတ်နှလုံးငြိမ်းသက်စေလောက်အောင် လောဘ၊ ဒေါသတွေကို သိမ်းပေးနိုင်ပါ့မလား။
     ကျွန်မကိုယ်တိုင်လည်း မေလိခကိုနှုတ်ဆက်ကာ ဧရာဝတီမြစ်ကမ်းနံဘေးမှ မြေလတ်မြို့လေးသို့ ပြောင်းရွှေ့နေထိုင်ဖြစ်တာ ကြာခဲ့ပြီ။ အရင်လို ရိုးသားအေးချမ်းသည့် တောင်ပေါ်မှာလောက် ပတ်ဝန်းကျင်က မကြည်လင်တော့။ ကိုယ်တိုင်ကလည်း ကလေးဘ၀တုန်းကလို စိတ်အခံက အဖြူသက်သက်မှ မဟုတ်တော့ဘဲလေ။
     ကျွန်မမျက်စေ့ရှေ့မှ ဧရာဝတီသောင်ခုံကလည်း မြေဆီမြေနှစ်ရှိပုံ မပေါ်။ နုံးနှစ်တွေညိုညစ်ညစ်နှင့် ရေအစပ်မှာ အမြှုပ်တစီစီ၊ ညစ်ပတ်လို့သာနေခဲ့သည်။ ကမ်းနားလမ်းတစ်နေရာမှာ မြင်တွေ့ခဲ့ရသော အမှိုက်ပုံများကလည်း မြို့အလှကို အင်မတန်မှ ဖျက်လှသည်။
     မြစ်ရေက နည်းရသည့်ကြားထဲ မြစ်အထက်မှ သကြားစက်ရုံ၊ ဘိလပ်မြေစက်ရုံတို့နှင့်...။ သူတို့၏ စွန့်ပစ်ပစ်္စည်းတွေသည်
မြစ်ရေထဲတွင် ပျော်ဝင်ညစ်ထေးကာ မြို့နေလူထုကို ခြောက်လှန့်နေခဲ့ပြီ။
     သောက်ရေအဖြစ်သုံးဖို့ နေနေသာသာ၊ ချိုးရေအဖြစ်ပင် မတတ်သာ၍သုံးရသော်လည်း စိတ်က သိတ်မသတီချင်။
     သဘာဝပတ်ဝန်းကျင်သည် တစ်နေ့တခြား လောဘ၊ဒေါသ၊ကိလေသာတွေ ထူပြောလာသော သတ်္တလောကကြီးအတွက်
သူ၏ လက်ဆောင်မွန်များကို တဖြေးဖြေးရုတ်သိမ်းနေပြီလားဟုပင် စိုးစိတ်ဝင်ချင်စရာ။
     မြစ်ပြင်ကိုငေးကာ အတွေးလွန်နေသောကျွန်မကို လေ့ကျင့်ခန်းယူပြီးသူက လောဆော်မှသာ ပြန်ကြဖို့ကို သတိဝင်တော့သည်။
     အိမ်အပြန်လမ်းတွင်တော့ လမ်းကြောင်းပြောင်းကာ မြို့တွင်းလမ်းကို ရွေးချယ်လိုက်ပါသည်။
     မြို့ပြရှုခင်းသည် မနက်စောစောမို့ အင်္ဂါမစုံသေးသော်လည်း မြစ်ပြင်ကိုငေးရသလောက်တော့ မျက်စေ့မအေးလှပါ။
မိုးစင်စင်လင်းပြီမို့ လက်ဖက်ရည်ဆိုင်များ လူစည်ကားစပြုကာ ကြော်သံ၊ လှော်သံ၊ အော်ဟစ်မှာကြားသံတွေ စီညံနေပြီ။
     မြို့လေထုထဲတွင် နှင်းမှုန်ခပ်ဝါးဝါးက ပါးသထက် ပိုပါးလျလာသည်သာမက မီးခိုးနှင့်ညှော်နံ့များပါ တဖြေးဖြေးမင်းမူလာနေသည်။   
     စတိုးဆိုင်များ၊ မုန့်ဆိုင်များ၊ အ၀တ်အထည်ဆိုင်ကြီးများက တစ်နေ့တာ ယန်္တရားစဖို့ ဆိုင်တံခါးတွေ တွန်းဖွင့်ခါစ...။
     ကျောင်းတက်ချိန်ရောက်ဖို့ စောနေသေးသော်လည်း ကျောင်းဝတ်စုံနှင့် ကျောင်းသားတချို့က လမ်းပေါ်မှာ...။
ခေတ်ရေစီး၏ တွန်းပို့မှုဖြင့် ကျူရှင်လမ်းကြောင်းထဲ မျောလာပုံရ၏။
     အစာရှာထွက်လာသည့် ကျီးတချို့ကို ဟိုမှသည်မှ တစ်ကောင်တစ်လေ တွေ့မိသော်လည်း မြို့ပြကောက်ကြောင်းထဲမှာ မပီပြင်လှပါ။
    တစ်ဖက်ကမ်း၊ ရွာတွေမှ ဈေးလာရောင်းသောအုပ်စုက ဈေးတောင်းကိုယ်စီနှင့် သွက်လက်သောခြေလှမ်းဖြင့် ကျွန်မတို့ကို ကျော်တက်သွားပြီ။
    မြို့ထဲကို ဆွမ်းခံကြွစပြုသည့် ကိုယ်တော်တချို့ကလည်း နေရောင်နုနုထဲတွင် အိနြေ်္ဒကြီးစွာခြေလှမ်းရင်း ကြည်ညိုဖွယ်ရာ...။
    လမ်းထိပ်မှ ထီဆိုင်ကလေးက လဆန်းရက်မို့ ထီလက်မှတ်တွေကို သွက်သွက်လက်လက်စီချိတ်ရင်း အိပ်မက်အသစ်တွေ ရောင်းချဖို့ တာစူနေပြီ။
    အပြန်လမ်းဆိုသော်လည်း ကျွန်မတို့၏ခြေလှမ်းတစ်စုံက ကျ မသွားပါ။ တစ်နေ့တာလုပ်ငန်းခွင် ၀င်ရဦးမည်မို့ သွက်သွက်မှန်မှန်တော့ လှမ်းနေရသည်။
    ရှေ့မလှမ်းမကမ်းမှ လမ်းကွေ့ထဲတွင် ကျွန်မတို့၏ ဂေဟာလေးက စောင့်ကြိုနေပေပြီ။
   အိပ်မက်နေဆဲ သားနှင်သမီးကို အိပ်ရာမှနှိုးကာ အနာဂတ်ခရီးရှည်အတွက် အားအင်ဖြည့်တင်းဖို့ ပညာရင်နို့ သောက်စို့စေရဦးမည်။
    ထိုခဏ၌...၊ နောက်ကိုလှည့်ကြည့်မိလျှင်တော့ နေခြည်ဖြာစပြုသော နံနက်ခင်းတွင် အတိတ်သည် ခပ်ဝေးဝေးတွင် ကျန်နေခဲ့သည့် ပုံရိပ်များပမာ မပီဝိုးတ၀ါး...၊ လွမ်းမောဖွယ်ရာပါ။
                                                 xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
မေလ၊ ၂၀၁၃... ကလျာမဂ္ဂဇင်း
မေတ္တာတွဲယှက် အချစ်သော့ချက် ( အက်ဆေး )
            ဒီအသက် ဒီအရွယ်မှာ အချစ်အကြောင်း ပြောရမည်ဆိုလျှင်တော့ အေးမြတည်ငြိမ်သော မေတ္တာအရင်းခံသည့် အချစ်စစ်အကြောင်းကိုသာ ပြောချင်မိပါတော့သည်။
         အချစ်ဆိုသည်ကို လူတို့က အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြရာ... ကျွန်မကတော့ အချစ်စစ်ဆိုသည်မှာ အေးမြသော မေတ္တာကနေ မြစ်ဖျားခံပြီး စီးဆင်းခဲ့သည်ဟု ဆိုချင်ပါသည်။
         သည်လို မေတ္တာကို အခြေခံထားမှလည်း ဘ၀တစ်လျှောက် ကြုံဆုံရသမျှကို သည်းခံကျော်ဖြတ်နိုင်ပေလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် နားလည်စာနာပေးပြီး ညှိနှိုင်းနိုင်မည်။
         ဤသို့မဟုတ်ဘဲ လိုချင်တပ်မက်စိတ်ကို အချစ်ဟု ထင်မိသူတွေကတော့ အချစ်ကို ချိုသည်လို့ချည်း အမြဲထင်ချင်သူတွေမို့ တကယ်တမ်း အခါးလေးဝါးမိသည်နှင့် လန့်ဖျပ်ကာ ထွေးထုတ်ပစ်ချင်တော့သည်ပေါ့။
         ဘ၀ဆိုသည်ကကို ရုန်းကန်ရခြင်းဆိုမှတော့ ဘ၀ထဲက အချစ်မှာ ချိုတာလည်းကြုံမည်။ ခါးတာလည်းကြုံမည်။ တစ်ခါတစ်ရံ ချဉ်မည်၊ ဖန်မည်၊ စပ်မည်... အစုံပေါ့။ ရသစုံကြုံရမည်လေ။
         ဒါကို မေတ္တာအရင်းခံသည့်အချစ်က နားလည်နိုင်၏။ ဖြတ်ကျော်နိုင်၏။ ခါးလည်း နောက်မတွန့်။ ကျော်ရမည်သာ...။
         အခါးကိုဝါးမိမှလည်း အချို၏တန်ဖိုးကို ပိုသိနိုင်မည်မဟုတ်လား။
         အချစ်စစ်မှန်လျှင် ခါးတုန်းလည်း သည်းခံပြီး ဆက်ဝါးနိုင်ရမည်။ ခါးလျှင် ကိုယ်က ဥာဏ်သုံးပြီး ခပ်ဖွဖွဝါးပေါ့။
ခဏငုံထားသင့်လျှင်လည်း ငုံထားပေါ့။ အခါးကုန်တော့ ပြန်ချိုလာလိမ့်မည်ဟု ကျွန်မက ယုံကြည်ချင်မိပါသည်။
                                                     xxxxxx
         ဆယ်ကျော်သက်အရွယ်တုန်းကတော့ ရင်ခုန်တိမ်းမူးသော၊ ညှို့ယူဆွဲငင်သော၊ တွေဝေမြိုသိပ်သော၊ လွမ်းမောတမ်းတရသော... ဝေဒနာမျိုးစုံနှင့် အချစ်ကို ခံစားဖူးသည်ပေါ့။
         “ အချစ် ” ဆိုသည်နှင့် သူ၏ဖွားဖက်တော် “ အလွမ်း ” ကလည်း နောက်မှထပ်ကြပ်မခွာ လိုက်ပါလာတော့၏။
         ချစ်တတ်သူတိုင်း လွမ်းဖူးကြမည်ပင်။ လွမ်းဖူးသူတိုင်းလည်း တမ်းတတတ်လိမ့်မည်။
တမ်းတမှုမပါသော အလွမ်းဟူသည် မရှိစကောင်း။ ထို့အတူ မလွမ်းဖူးသော အချစ်ဟူသည်လည်း မရှိစကောင်းပါပေ။
         ကျွန်မတစ်ဦးတည်းအတွက် ဆိုလျှင်ဖြင့် အလွမ်းရင့်လေ... အချစ်မြင့်လေ.. ဟုပင် တင်စားချင်မိပါသေးသည်။
ကျွန်မအချစ်သည် အလွမ်းတောထဲ၌ ကာလရှည်ကြာစွာ နစ်မျောနေခဲ့ရ၍ဖြစ်၏။
         မငိုဖူးသော မျက်လုံးများသည် အလှစစ်ကို ရှာမတွေ့နိုင်သလို၊ မလွမ်းဖူးသောအချစ်သည် မြတ်နိုးမှုအမှန်ကို တန်ဖိုးမသိနိုင်..ဟု ကျွန်မက ထင်မိပါသည်။
          သည်တော့... ဆိုကြပါစို့။
         အချစ်သည် အလွမ်းကြောင့် ပိုနင့်သည်းတွယ်ငင်လာသည် ဆိုပါလျှင်... အလွမ်း၏နင့်သည်းမှုသည် အချစ်ပေါ်တွယ်ငင်မှုနှင့် တိုက်ရိုက်အချိုးကျမည်ပင် မဟုတ်ပါလား။
                                                     xxxxxx
         ငယ်ငယ်တုန်းကတော့ “ အလွမ်း ” ဆိုသည့်အရာကို အလွန်ပင် မုန်းတီးခဲ့မိသေးသည်။
         ဘာလို့ဆို... “ အချစ် ” ကိုစတွေ့ပြီဆိုကတည်းက မျက်စေ့အောက်က ပျောက်သည်နှင့် ကျွန်မက လွမ်းတတ်ခဲ့သူကိုး။
         တစစ်စစ်၊ တမြေ့မြေ့နှင့် စိတ်နှလုံးနာကျဉ်ရသော အလွမ်းကို ကျွန်မ မနှစ်မြို့သော်လည်း မတွန်းလှန်နိုင်ပါ။
သူ့ဒဏ်ကို အချိန်အတော်ကြာကြာ ခံလိုက်ရသေး၏။
         သည်ကြားထဲ တက္ကသိုလ်တက်ချိန်မှာ ကျွန်မက ရန်ကုန်မှာသွားတက်ရပေမဲ့ ချစ်သူက မြို့ကလေးမှာ ကျန်ခဲ့ပြန်လေတော့ တက္ကသိုလ်ကျောင်းသူအရသာကို အပြည့်အ၀မပျော်ဝင်နိုင်ဘဲ လွမ်းလို့မဆုံး... တနုန်းနုန်းတခွေခွေရယ်ပေါ့လေ။
         အဲသည်အချိန်မှာ စာလေး၊ ကဗျာလေးကလည်း မတောက်တခေါက် ခံစားရေးဖွဲ့ချင်ပြန်သေးတော့ တလူလူလွင့်ပျံနေသည့် ခံစားမှုအပိုင်းအစတွေဆိုတာ စကားလုံးဒဿနတွေအဖြစ် တသွင်သွင်စီးဆင်းလို့ပင် မဆုံးလေခဲ့။
         သို့ပေမဲ့ အလွမ်းတာရှည်လာတော့ သူ့ကြောင့်တိုးလာသော တွယ်တာမှုအထပ်ထပ်ကို သတိထားမိလာရ၏။
အလွမ်းဆိုတာသာ မရှိလျှင် အချစ်ပေါ် သည်လောက်တွယ်တာ တန်ဖိုးထားမိလိမ့်မည်လားဟုပင် တွေးမိချင်သည့်အထိပင်။
         အလွမ်း၏ သယ်ပို့မှုဖြင့် အချစ်က တန်ဖိုးတက်လာပြီးသကာလတွင် တစ်စုံတစ်ခု၏တန်ဖိုးကို ပြသနိုင်ဖို့ တစ်စုံတစ်ခုက နှိုင်းယှဉ်ချိန်ထိုး ခံပေးနေ၍သာဖြစ်ကြောင်း သတိထားမိလာတော့၏။
         ဥပမာ... အချစ်က မည်မျှကြည်နူးနှစ်သက်စရာကောင်းကြောင်း အလွမ်း၏နာကျင်ခံခက်မှုကို ခံစားရမှ ပိုသိလာသလို...။
အချစ်ကိုမတွေ့မမြင်ရ၍ လွမ်းဆွတ်တမ်းတရလေ...၊ အချစ်ကို မြင်တွေ့ခွင့်လေးရအောင် ကြိုးစားမိလေနှင့်...၊ ပိုတန်ဖိုးသိလာသလို....။
         သည်လိုနှင့် သူငယ်ချင်းများကြားတွင် ကျွန်မက အလွမ်းမင်းသမီး...၊ အချစ်စံပြကြီး ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရလေသည်။
                                                     xxxxxx
     အဆက်မပြတ်စီးဆင်းနေသော ရေအလျဉ်ကဲ့သို့ပင် အချိန်ကာလများ တရွေ့ရွေ့ဖြတ်ကျော်သွားခဲ့လေရာ အချစ်နှင့် သူ၏နောက်ဆက်တွဲ အလွမ်းသာမက၊ အိမ်ထောင်တစ်ခု၏ သောက၊ ဒေါသ၊ မာန.. စသဖြင့် အချစ်နှင့်စပ်လျဉ်းနိုင်သမျှ ချို၊ ချဉ်၊ ဖန်၊ စပ်၊ ခါး... ရသမျိုးစုံကို ကျွန်မတို့ခံစားဖူးခဲ့လေပြီ။
     ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ပြောင်းသွားခဲ့ရာ သားတွေသမီးတွေနှင့် မိသားစုအဆောက်အဦတွေလည်း တောင့်တင်းလာခဲ့သည်။
      မည်သို့ပင်ဖြစ်စေ...၊ ခုချိန်ထိလည်း သူငယ်ချင်းများက ကျွန်မကို အချစ်စံပြရာထူးမှာ ထားနေကြဆဲ။
      ရယ်စရာတော့ ကောင်းပါသည်။
      ကျွန်မက သိတ်မငြီးငြူတတ်လေတော့ ကျွန်မဆိုလျှင် အချစ်နှင့်ပတ်သက်သမျှ အစစအရာရာ အဆင်ပြေသည်ဟုချည်း ထင်နေကြပုံရ၏။ သူငယ်ချင်းတွေ စုမိဆုံမိကြပြီလားဆို သူတို့၏အချစ်ပြဿနာ၊ အိမ်ထောင်ရေးပြဿနာတွေကို ကျွန်မနှင့်နှိုင်းယှဉ်ကာ ပြောတတ်ကြ၏။ အစပိုင်းတုန်းကတော့ ကျွန်မကလည်း အလိုက်သင့်ပင် ပြုံး၍သာ နေခဲ့မိသေးသည်ပေါ့။
      နောက်ပိုင်းတော့ မိဘစီစဉ်ပေးသော အိမ်ထောင်ရေးတစ်ခုမှ သူငယ်ချင်း၏ မပြေလည်မှုတွေ အန်ကျပါများလာသောအခါ ကျွန်မမှာ စဉ်းစားစရာတွေဖြစ်လာရပြီ။
      သူငယ်ချင်းက သူမခင်ပွန်းသည်၏ အေးစက်သောဆက်ဆံရေးကို ရင်နာနေတတ်သူဆိုတော့ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်မှာ ၀ိုင်းဖွဲ့ချိန်ကြာသွားသည့်အခါမျိုးမှာ ကျွန်မအိမ်သားက ဖုန်းလေးလှမ်းဆက်ပြီး သတင်းမေးတတ်သည့်အခါတိုင်း   “ နင်တို့တွေက အရင်လို နွေးထွေးနေကြတုန်းပဲနော်...” ဟု အားကျစကားဆိုတတ်သည်။
      “ သူကဆို ငါ့ကို ဘယ်တော့မှ သတိတရ ဂရုတစိုက်မရှိတတ်ဘူး။ ဘယ်တုန်းကမှလည်း စိတ်မပူဖူးဘူး။ သူ့အလုပ်ကလွဲရင် ဘာကိုမှ စိတ်ဝင်စားရကောင်းမှန်း မသိတဲ့လူ...” ဆိုပြီးလည်း သူ့ဘ၀ကိုသူ အားမရစိတ်ဝင်တတ်သည်။
      ကျွန်မက ဘာမှစောဒကမတက်ဘဲ ပြုံး၍သာနေတတ်ပြန်တော့ သူ့စကားကို အကြွင်းမဲ့ထောက်ခံသလိုလည်း ရှိနေခဲ့လိမ့်မည်။
      အမှန်တော့ သူမက မိဘစီမံရာကို လိုက်နာခဲ့ရသည့် သူ့အိမ်ထောင်ရေးကို ကျွန်မ၏ သူရဲကောင်းဆန်ဆန် ရင်ခုန်ရသော အချစ်စွန့်စားခန်းများနှင့် နှိုင်းယှဉ်ကာ အချစ်စစ်မဟုတ်သလိုလို အထင်ရောက်နေခြင်းသာ။
      ဒါဖြင့်... သူမမှာ ငယ်ငယ်က ချစ်သူဟောင်းရှိခဲ့သလားဆိုတော့လည်း အင်မတန်ရိုးသား ရှင်းလင်းလှသော သူမနှလုံးသားကိစ္စကို ကျွန်မအသိဆုံးပေါ့။
      နောက်တစ်ခုက လူကြီးချင်း စီမံကြသည်ဆိုသော်လည်း သူတို့ချင်းတွေ့ဆုံကာ သဘောကျပြီးမှသာ ကျေနပ်လက်ခံခဲ့ကြသည့် အိမ်ထောင်ရေးမို့ သိတ်တော့လည်း ဇာတ်မနာလှပါ။ တကယ်တမ်း သူမ နာကျည်းနေသည်က ခင်ပွန်းသည်၏ အေးစက်မှုသာဖြစ်၏။
      သူငယ်ချင်း၏ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးသောအခါ ဒီတစ်ခါဆုံဖြစ်လျှင် သူမ၏စိတ်ဒဏ်ရာအား စိတ်ဖြင့်ပင် ဆေးကြောသန့်စင် ကုသပေးရန် စဉ်းစားမိပါသည်။
      သို့ပေမဲ့ သူငယ်ချင်းအုပ်စုထဲမှာလည်း အိမ်ထောင်ရှင်တွေပဲ ဖြစ်နေလေတော့ ကိုယ့်ကိစ်္စနှင့်ကိုယ် ရှုပ်နေကြပြီး တစ်နှစ်မှ တစ်ခါနှစ်ခါစုမိဖို့ပင် မလွယ်ကူလှပေ။
      စုမိဆုံမိကြပြီဆိုသည်နှင့် ထိုသူငယ်ချင်းပြောပြသမျှ အိမ်ထောင်ရေးအေးစက်မှုတွေက သေချာပေါက် စိုးရိမ်ရေမှတ်သို့ ရောက်နေပြီမှန်း သတိပြုမိရသည်။
      ကျွန်မ သည်အတိုင်း အရင်လို မြိန့်မြိန့်ကြီးပဲ ပြုံးနေလို့ဖြင့် မဖြစ်ချေတော့ပါ။
                                                  xxxxxx
      သူငယ်ချင်း၏ မကျေနပ်ချက်များကို နားထောင်နေရင်း ကိုယ့်အိမ်ထောင်ရေးမှ အဆင်မချောတာလေးတချို့ကို အပြေးအလွှား စဉ်းစားနေရ၏။ ကျွန်မက မငြီးငြူတတ်၍သာ သူတို့ကို မပြောဖြစ်ပေမဲ့ ကျွန်မတို့လည်း ပုထုဇဉ်လူသားများသာမို့ စိတ်သဘော မတိုက်ဆိုင်တာတွေ၊ ငြင်းခုန်ရန်ဖြစ်ရတာတွေ၊ စိတ်ဆိုးစကားများရတာတွေ...၊ အဘယ်မှာ ကင်းနိုင်ပါမည်နည်း။
      သို့ပေမဲ့ ပထမကတည်းက ကျွန်မဆိုခဲ့သလို မေတ္တာနှင့်ယှဉ်သည့် ချစ်ခြင်းမို့ သစ္စာအမှန်ကို မြင်တတ်ခဲ့ပါ၏။ စိတ်အခန့်မသင့်တိုင်း သူနှင့်မို့ သည်လိုပြဿနာတွေ ကြုံရလေခြင်းဟု မတွေးလိုပါ။ မည်သူနှင့်ပဲဖြစ်ဖြစ် တစ်ဘ၀လုံး လက်တွဲလျှောက်မှတော့ တစ်ကွေ့မဟုတ်တစ်ကွေ့တော့ အနည်းဆုံး သဘောထားကွဲလွဲကြမည်ပေါ့။
သည်လိုပဲ သည်းခံကျော်ဖြတ်ရမည်သာ မဟုတ်လား။
      သူမပြောသည့် ခင်ပွန်းသည်၏ အေးစက်မှုများထဲတွင် သူမအပေါ် အရေးတယူမရှိတာ၊ ကယုကယင်မကြင်နာတာ၊
တမြတ်တနိုး မဆက်ဆံတာတွေသာ ပြည့်နှက်နေလေ၏။
      “ ကဲ.. ဒါဖြင့်.. သူ နင့်အပြင် ရှုပ်တာပွေတာတွေ၊ မသင်္ကာစရာရှိလား...” ဟု သူငယ်ချင်းများက မေးတော့လည်း လေသံလေးတောင် လုံးဝမကြားရပါတဲ့လေ။
      စီးပွားရေးအလုပ်ထဲမှာသာ ခေါင်းစိုက်နေသည့် ယောကျာ်းမျိုးမို့ ဇနီးနှင့်သားသမီးအပေါ် အချိန်မပေးနိုင်သည်ကသာ ချို့ယွင်းချက်ဖြစ်နေခြင်းပါ။
      မည်သို့ဆိုစေ တစ်ကြိမ်တစ်ခါမျှ အဆင်မပြေတာ မကြားဖူးသော ကျွန်မဘ၀၏ချစ်ခြင်းကို ရှိစုမဲ့စုပြဿနာတချို့ အစထုတ်ပြလိုက်တော့ သူမသာမက ကျန်သူငယ်ချင်းများပါ အံ့သြကုန်တော့၏။
      “ ငါကတော့ အခါးဝါးမိတုန်းအချိန်ဆို ခဏနေ အခါးကုန်သွားတော့လည်း သူမဟုတ်သလို ချိုလာပြန်ဦးမယ်လို့ တွေးမိပြီး ရယ်ချင်လာတာပဲ။ ဒီလိုဆိုတော့လည်း လောကမှာ မပြီးဆုံးတဲ့အရာရယ်လို့ ဘယ်မှာရှိလို့လဲဟယ်။ ဖြစ်ပြီးရင်ပျက်ရမှာ ဓမ္မတာပဲမဟုတ်လား...” ဆိုပြီးလည်း စကားအနားသတ်ကာ သူမခံစားချက်ကို ဖော့ပေးလိုက်ပါသည်။
      သူငယ်ချင်းက... “ ဒီလောက်ချစ်ကြတဲ့ နင်တို့တွေလည်း ဒီလိုကိစ္စမျိုးရှိတာပဲလား...” ဟု စိတ်မကောင်းသလို ပြောနေသော်လည်း စိတ်အတန်ပေါ့သွားရှာသည့် ခံစားချက်ကိုတော့ သူမမျက်နှာမှာ အထင်အရှားတွေ့လာရ၏။
      ဘာပဲဖြစ်ဖြစ်... ငါတစ်ယောက်တည်း မဟုတ်ပါလား.. ဟု သူမ အားတက်သွားမည်ကတော့အမှန်။
      တစ်ခါတရံ ကိုယ်က အရေးမကြီးလှဟု ထင်သောကိစ္စများက သူတစ်ပါးအတွက် တစ်ဘ၀စာလုံး ပြောင်းလဲသွားလောက်အောင် အရေးပါအရာရောက် နေတတ်သေးပါလားဟု အံ့သြမိပါသည်။
      ကျွန်မအတွက်က အသေးအမွှားပြဿနာလေးတွေမို့ သူငယ်ချင်းတွေကြားမှာ ချခင်းမပြမိခြင်းသည် သူတို့အတွက်က နှိုင်းယှဉ်စရာစံပြကြီးက လက်လှမ်းမမီအောင် ဝေးကွာလာသယောင် စိတ်အားလျော့စရာဖြစ်နေသည်ကိုး။ 
      သည်လိုနှင့် နောက်ထပ်လည်း မေ့မေ့ပျောက်ပျောက်အရာများကို တူးဖော်ကာ သူမနားလည်စေမည့် ဥပမာများနှင့် ကျွန်မပြောပြခဲ့၏။
      ကိုယ်လိုချင်တာကို ရယူနိုင်ဖို့ ကိုယ်က အရင်စပေးတတ်အောင်လည်း သတိချပ်သင့်ကြောင်း...၊
သူ့ဆီက အကြင်နာ၊ အယုအယကိုခံချင်လျှင် ကိုယ်ကအရင် သူ့အပေါ် ကြင်နာယုယဖို့ မမေ့အပ်ကြောင်း...၊ လိုချင်တပ်မက်စိတ်တစ်ခုကိုသာ အခြေခံကာ အချစ်ကို မခံစားသင့်ကြောင်း...၊ မိဘစီမံသည့် အိမ်ထောင်ရေးဆိုပေမဲ့ သစ္စာရှိသည့် ခင်ပွန်းသည်ဆိုလျှင်ပင် အချစ်စစ်အတွက် ခရီးမဝေးလှကြောင်း...၊ မေတ္တာကို မျှဝေရင်းသာ အချစ်စိတ်ကို နားလည်မှုယူသင့်ကြောင်း...၊ သားသမီးသံယောဇဉ်သည်လည်း မေတ္တာနှောင်ကြိုးများပေမို့ မေတ္တာအရင်းခံသည့် အချစ်စစ်ကို ခုချိန်မှာ ဦးတည်၍ရကြောင်း...။
      ကျွန်မကပဲ အပြောကောင်းလို့လား၊ သူမကပဲ သတ်္တိရှိရှိပြောင်းလဲဖို့ ၀န်မလေးသူမို့လား မသိ။ နောက်အခေါက်တွေမှာ သူငယ်ချင်းနှင့် ဆုံဖြစ်တော့ သူမတို့အိမ်ထောင်ရေးက အတော်ပင် အဆင်ပြေနေခဲ့ပြီ။
      “ သူက ငါ့ကို ဂရုမစိုက်ပေမဲ့ သားတွေကိုတော့ သိတ်ဂရုစိုက်တယ်ဟ။ အဲဒီတော့ ငါကလည်း သားတွေကို ဂရုစိုက်တာနဲ့တင် ကျေနပ်ပေးလိုက်တာပေါ့။ နင်ပြောသလို သားတွေကနေတဆင့် သူ့အကြင်နာကို ငါခံစားတတ်လာပါပြီ...” ဟုလည်း ပြောသေး၏။
      တကယ်တော့ သူမခင်ပွန်းသည်က ပြောင်းလဲလာသည်မဟုတ်ပါ။ အရင်တုန်းကလိုပင် ခပ်အေးအေး၊ ခပ်ရိုးရိုးသာ အလုပ်ထဲ ခေါင်းစိုက်နေမြဲ။ တကယ်တမ်းပြောင်းလဲလာသည်က သူမ၏ စိတ်သာပင်ဖြစ်၏။
      ရှေ့ရောက်လွန်းနေသည့် လိုချင်စိတ်တွေ နည်းနည်းလျှော့လိုက်ပြီး မေတ္တာဓါတ်ကလေးနှင့် နားလည်မှုယူလိုက်တော့ အရင်ဆုံး အေးငြိမ်းသွားရသည်က ကိုယ့်စိတ်သာပဲမဟုတ်ဘူးလား။
      ဘာပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခု၏ အက်ကြောင်းများကို ဖာထေးလိုက်နိုင်ဖို့ သူငယ်ချင်းကို စိတ်ဓါတ် အကူအညီပေးလိုက်နိုင်၍
ကျေနပ်မိပါသည်။ ကျွန်မဘ၀၏ အဆင်မပြေတာလေးတွေ ရှာကြံပြောကာ သူ့စိတ်ဖိဆီးမှုများကို ဖွဖော့ပေးရင်း ကျွန်မလိုပင် စိတ်ပေါ့ပါးစွာနေတတ်စေဖို့ နည်းလမ်းမျှဝေပေးနိုင်ခဲ့၏။
      ဒါဟာ... ကျွန်မ ပေါ့ပေါ့ပါးပါး နေနိုင်ခြင်း၏ အဓိကသော့ချက်ပါပဲ။
ကျွန်မက ငါ့ကျမှဖြစ်ရလေခြင်း၊ သူနဲ့မို့ ဖြစ်ရလေခြင်း.. ဟု ဘယ်တော့မှမတွေးပါ။ အကြောင်းအကျိုးကိုသာ ဆက်စပ်တွေး၍ အကျိုးမလိုချင်လျှင် အကြောင်းကို ပယ်ဖြတ်နိုင်ဖို့သာ ကြိုးစားပါသည်။
      ဘယ်ကိစ္စမဆို နာကျည်းမှုတွေကို သယ်ပိုးလွယ်ပိုက်ထားပြီး ကိုယ်က အလှည့်ကြုံတော့ ပြန်ကလဲ့စားချေခြင်းဖြင့် အကြောင်းသစ်တွေ မဖန်တီးချင်တော့ပါ။
      စင်စစ် ကျွန်မတို့အားလုံးသည် သံသရာမှာ ကိုယ့်ကိုဆွဲနှစ်ပစ်မည့် အကုသိုလ်အထုပ်အပိုးများကို အမိုက်ခံပြီး မသယ်ပိုးဘဲ တတ်နိုင်သမျှ လွှတ်ချပစ်ခဲ့ဖို့ကိုသာ ကြိုးစားသင့်သည်မဟုတ်လား။
                                                 xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
( မသိနားမလည်မှု၏ အသီးအပွင့်များ- ကလောင်စုံ )