တီးတိုး ပဲ့တင်သံ



အမှန်တော့ ဒီဇာတ်လမ်းက ကိုမောင် အလုပ်ကနေ တစ်ခေါက် ပြန်လာကာမှ စခဲ့တာပါ။ အရင်ကတော့ ညဖက်ဘုရားရှိခိုးရင် ကျွန်မတစ်ယောက်တည်း စိတ်ထဲကနေပဲ သြကာသရွတ်၊ ငါးပါးသီလယူ၊ ဆီမီးကပ်၊ မေတ္တာပို့၊ အမျှဝေ...။ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။ 

သားနှစ်ယောက်ကတော့ အိပ်ကာနီးမှ အိပ်ရာထဲမှာပဲ ဦးချတဲ့ညလည်း ချ၊ မေ့တဲ့ညလည်း မေ့နဲ့ပေါ့။ တစ်ခါမှ အကြာကြီး မခွဲခွာဖူးသေးတဲ့ ကျွန်မတို့မိသားစုလေးမှာ ပထမဆုံးအကြိမ် ကိုမောင်က အဝေးကြီးမှာ တစ်နှစ်နီးပါးလောက် အလုပ်လုပ်ပြီး ပြန်လာတော့ မိသားစုလေးယောက်ရဲ့ စည်းလုံးညီညွတ်မှုဟာ အရင်တုန်းကနဲ့ ဘာမှမဆိုင်အောင် ပိုကျစ်လစ်သွားကြတယ်။ မခွဲစဖူး ခွဲရတာကတစ်ကြောင်း၊ အသွားအလာ ခက်ခဲဝေးလံတဲ့အပြင် တယ်လီဖုန်းဆက်သွယ်မှုမှာလည်း ရာသီဥတုမကြည်ရင် မကြည်သလို ခက်ခဲပြတ်တောက်တတ်တဲ့ ဟိုး မြောက်ဖျားပိုင်းမှာ တာဝန်ကျတာမို့ သားတို့ကလည်း ဖအေကို တော်တော်လွမ်းနေကြတယ် ထင်ပါရဲ့။

ခွဲနေရမှ စုစုစည်းစည်း နေရတဲ့တန်ဖိုးကို သိလာကြတယ်။ မမြင်တာကြာမှ မျက်စေ့အောက်က ပျောက်သွားမှာ စိုးလာတယ်။ ဝေးနေရတာကြာတော့ ပြန်ဖမ်းဆုပ်မိတဲ့အခါ မလွတ်တမ်း ဖက်တွယ်ချင်လာတယ်။ ခွင့်တစ်လနဲ့ပြန်လာတဲ့ အဖေကို မျက်စေ့အောက်ကနေ အပျောက်ကို မခံကြတော့ဘူး။ ထမင်းစားလည်း အဖေကို ဦးချရတာ အမော၊ ရေချိုးလည်း ဖေဖေချိုးပေးမှ၊ ကျောင်းသွားလည်း ဖေဖေလိုက်ပို့၊ စာကျက်လည်း အဖေ့ဆီမှာပဲ စာပြန်ချင်ကြတယ်။ ညအိပ်ရာဝင်ခါနီးလည်း အဖေနဲ့အတူ ဘုရားရှိခိုးချင်ပြန်ရော။ ဒါနဲ့ပဲ သားအဖသုံးယောက်သား ဘုရားစင်ရှေ့မှာ ကျွန်မနဲ့အတူ ပူပေါင်းပြီး ညတိုင်း ဘုရားဝတ်တက်တဲ့ အကျင့်ကောင်းလေး တစ်ခု အစပျိုးလာခဲ့ပါတယ်။ 

အမှန်တော့ ကိုမောင်ဆိုတာ ခပ်ငယ်ငယ်တုန်းကတော့ ဘုရားတရား သိတ်အချိန်ပေးခဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ခုတော့ အသက်ကလည်း လေးဆယ်ကျော်လာ၊ မိသားစုနဲ့အဝေးမှာ တစ်ယောက်တည်းမို့ အိမ်လွမ်းနာကလည်း ရင့်နေ၊ ...ဆိုတော့ စိတ်ကုစား ဖြေသိမ့်ဖို့ရာမှာ ဘုရားတရားအလုပ်ဖက် အာရုံကျလာတယ် ထင်ပါရဲ့။ ဘုရားစာအုပ်တွေဖတ်၊ တရားထိုင်နဲ့ ကိုမောင်တစ်ယောက် အတော်လေးကြည်လင် ရင့်ကျက်လာတာ တွေ့ရတော့ ကျွန်မ ဝမ်းသာရတယ်။ အပေါင်းအသင်းဖက်ပြီး အပျော်အပါးမက် မသွားတာပဲ ကျေးဇူးတင်ရဦးမယ် မဟုတ်လား။ အရွယ်ကောင်း အိမ်ထောင်သည် ယောကျာ်းတစ်ယောက်ကို အဝေးကြီးမှာ ရက်ရှည်လများ အဖော်မဲ့လွှတ်ထားရတာ....၊ ဘယ်လိုမိန်းမသားမျိုးကများ စိတ်ချရင်အေး နေနိုင်မယ်တဲ့လဲ။

မိဘဆွေမျိုးတွေက ' ယောင်နောက်ဆံထုံးပါ...၊ ချန်မနေခဲ့သင့်ဘူး။ လိုက်သာသွား...' လို့ တိုက်တွန်းကြပေမယ့် လိုက်ရမယ့်ဆံထုံးက အမျှင်မပြတ်ပဲ ဘိုကေလေးနှစ်ခု တန်းလန်း ဖြစ်နေရတယ်။

ကိုမောင် ပြောင်းရွှေ့ရမယ့် မြောက်ဖျားပိုင်း ရာသီဥတုကလည်း သားတို့မွေးဖွား ကြီးပြင်းလာရတဲ့ မြစ်ဝကျွန်းပေါ် ရာသီဥတုနဲ့ တခြားစီလေ။ မျှတတဲ့ရာသီဥတုမှာတောင် ချူချာချင်လှတဲ့ သားငယ်လေးရဲ့ ကျန်းမာရေးကလည်း ရေခဲမတတ်အေးမယ့် ရာသီအပြောင်းအလဲဒဏ်ကို ခံနိုင်ရှာမယ် မထင်ဘူး။ အလယ်တန်းတက်ရတော့မယ့် သားကြီးပညာရေးကလည်း ဟိုပြောင်းဒီရွှေ့နဲ့ဆို ကသီလင်တဖြစ်နေရှာမယ်လို့ စာတော်တဲ့ ကလေးကိုလည်း ငဲ့ညှာရသေးတယ်။ ကျွန်မကိုယ်တိုင်ကလည်း ကိုမောင့်ပခုံးပေါ်က အိမ်ထောင့်ဝန်ကို နိုင်သလောက် ဝင်ရွက်ကူလာခဲ့တာ...။ 

ခုဆို ကျွန်မ အိမ်ဆိုင်လေးက ပစ္စည်းမှန်၊ ဈေးမှန်နဲ့မို့ နာမည်လေးရပြီး ဝင်ငွေလေးမှန်နေခဲ့ပြီ။ ဒီဝင်ငွေလေးကို လစ်လျူရှုလို့ မဖြစ်နိုင်လောက်အောင် သားနှစ်ယောက်အတွက် လိုအပ်ချက်တွေကလည်း သားတို့ အရွယ်ရောက်လာတာနဲ့အမျှ ထွားကျိုင်းလာခဲ့ပြီ။ ထားပါတော့။ မိသားစု မခွဲခွာရေးကိုသာ ရှေ့ရှုပြီး ဒီဝင်ငွေလေးကို ခဏ လစ်လျူရှု ဖယ်ထားကြပါစို့။ အသုံးအစွဲဆိုတာ စစ်စီချွေတာပြီး ခြိုးခြံနိုင်တယ်ပဲ ထားဦး။ မုဆိုးမ အမေအိုကြီးကိုလည်း တစ်ယောက်တည်း ထားခဲ့ဖို့...၊ ဘယ်လိုမှ အဆင်မပြေပါဘူး။ 

ဒီလို အကြောင်းကြောင်းတွေကို ကိုမောင်နဲ့ကျွန်မ အပြန်ပြန်အလှန်လှန် ဆွေးနွေးပြီးကြတဲ့အခါမှာ နယ်ဝေးတာဝန်ကလည်း နှစ်နှစ် လောက်ပဲ ကြာမှာမို့ 'တို့နှစ်ယောက် သစ္စာရှိကြေး' ဆိုတဲ့ သစ္စာတိုင်ရတုကိုပဲ သမီးရည်းစားဘဝတုန်းကလို တစ်ကျော့ပြန် သီရတော့တယ်။ 

xxxxxxxxxx 

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက မိန်းမသားဆိုတော့ မောင်တို့ယောကျာ်းတွေကို စိတ်မချနိုင်တာ လွန်မယ်မထင်ပါဘူးရှင်။ ရုပ်ရှင်တွေထဲမှာ၊ ဝတ္တုတွေထဲမှာ၊ လူ့ဘောင်အသိုင်းအဝန်းမှာ၊ ရပ်ကွက်ထဲမှာ... ယောကျာ်းတွေဖောက်ပြားတဲ့ သတင်းတွေကလည်း မျိုးကို စုံပါ့။အဝေးရောက်သွားလို့ အစိုးရိမ်ပိုလာကာမှ အရင်က သတိမမူမိတဲ့ အဖြစ်အပျက်တွေကလည်း အနီးရောက်ထင်ရှားလာသလိုပါပဲ။ ဘယ်သူ့ယောကျာ်းကတော့ဖြင့် မိန်းမကွယ်ရာမှာဆို တွေ့ကရာမိန်းမ ပျိုပျိုအိုအို...၊ ဘယ်သူ့မှမရှောင်ပဲ မျက်နှာရူးလုပ်နေတာတဲ့။

ဟိုတစ်ယောက်ယောကျာ်းကလည်း အိမ်ကမိန်းမ မသိအောင် ကြိတ်ပြီးခြေပုန်းခုတ်နေတာ။ အနှိပ်ခန်းတွေ တစ်ခုမှ မလွတ်ဘူးတဲ့။ ဒီအမျိုးသမီး ငနဲကြီးကဆို...ရှေ့နောက် နံပါတ်တွေတန်းစီနေလိုက်တာ။ ဒီတစ်ယောက်က လက်ဆယ်ချောင်းအထက် ဆိုလား။ လမ်းထိပ်က တစ်ခုလပ် သူဌေးမကြီးကိုလည်း မောင်ငယ်လေး တစ်ယောက်က ချူစားနေတာ...။ 

ဟိုတစ်ညကတော့ ကောင်လေးအိမ်မှာ ချာတိတ်မတစ်ယောက် ရောက်နေတာ တွေ့သွားပြီး နပန်းသတ်ကြတယ်ဆိုပဲ။ ဟိုဦးလေးကြီးကလည်း စမောတွေ ဆွဲထားလိုက်တာများ မြေးအရွယ်တွေတောင် လက်လွတ်မခံချင်သေးဘူးတဲ့။ ဒီလို အတင်းအဖျင်းတွေကလည်း ကျွန်မက မမေးရပဲ ဆိုင်မှာ ဈေးလာဝယ်တဲ့သူတွေက ဆိုင်ရှေ့တည်ထားတဲ့ ရေအိုးထဲကရေကို အလကားသောက်ပြီး ဖောက်သည်ချကြတာလေ။

ဈေးဝယ်လာသူအချင်းချင်း သတင်းသယ်ဆောင်ကြတယ်။ ကျွန်မကသာ အတင်းအဖျင်း ကြားခံဖြန့်ဖြူးရေးဌာန မဖြစ်ရလေအောင် ကိုယ့်ပါးစပ်ကို တင်းတင်းစေ့ပြီး ကိုယ့်မျက်စေ့ကို ကျဉ်းကျဉ်းမှေးထားရတယ်။ ဒါပေမယ့် နားရွက်ဆိုတာကတော့ မျက်စေ့နဲ့ပါးစပ်လို သူ့အလိုလို မှေးထားပိတ်ထားလို့ ရတာမဟုတ်ဘူးလေ။ တမင်ပိတ်ထား ရအောင်ကလည်း လက်နှစ်ဖက်က ဇယ်ဆက်သလို အလုပ်မပြတ်တာမို့ ထောင်မိတဲ့နားကတော့ ကြားနေရတာပေါ့။ ဒီလိုသစ္စာမဲ့ကြ၊ ဖောက်ပြားကြတာတွေ မြင်နေကြားနေရတော့ တစ်ခါတစ်လေများဆို ရင်တွေပူလာပြီး ကိုမောင့်နောက်ကို အပြေးသာ လိုက်သွားချင်မိတယ်။ 

ဘယ်လောက်သမာဓိရှိတဲ့ ယောကျာ်းပဲဖြစ်ဖြစ် သူလည်းပုထုဇဉ်ပဲ။ ဘယ်လောက်သစ္စာရှိတယ်ပဲ ဆိုဆို၊ ' မီးဝေးရင်၊ ချိတ်မာ ' သတဲ့။ 

' တစ်ခြုံကွယ်၊ တစ်မယ်မေ့ ' ဆိုသလောက် မဆိုးပေမယ့် အပေါင်းအသင်း အဆွယ်ကောင်းရင်၊ မရှောင်သာတဲ့ လမ်းမြှောင်ကြားသာဆိုရင်...' ငါးကြော်မကြိုက်၊ ကြောင်မိုက် ' ပေါ့။ 

ရင်ပူပါတယ်ဆိုမှ ပတ်ဝန်းကျင်မှာကလည်း ဇာတ်လမ်းအဆန်းတွေ မြင်နေကြားနေရပြန်တယ်။ လမ်းထိပ်ကိုပြောင်းလာတဲ့ ခပ်ငယ်ငယ်စုံတွဲလေးဆို မရခင်ကတော့ သူတို့လောက် ချစ်ကြတဲ့ ချစ်သူမျိုး မရှိတော့သလိုနဲ့။ သုံးနှစ်လောက် မိဘတွေ သဘောမတူတဲ့ကြားက သစ္စာရှိရှိ ချစ်ထားတာဆိုလို့ ဒီနေ့ခေတ်ကြီးထဲမှာ စံပြုထားရတဲ့ အတွဲပေါ့။ ခုဆို ညားကြတာ တစ်နှစ်လောက်ပဲ ရှိဦးမယ်။ ကောင်လေးက တစ်ခြားကောင်မလေးတစ်ယောက်နဲ့ တွဲနေလို့တဲ့။ပြဿနာတွေဖြစ်ပြီး ကွဲကြပြီတဲ့။

ကျွန်မဖြင့် ကြားစက ယုံတောင်မယုံဘူး။ ဒုတိယကောင်မလေးကို မြင်တော့ ပိုအံ့သြရတယ်။ ပထမကောင်မလေးလောက်လည်း မလှ၊ အိနြေ္ဒလည်းမရ။ 
ကလက်တက်တက် ရှပ်ပြာပြာနဲ့ မြင်လိုက်ရတော့မှ...

'အော်...ဒါ့ကြောင့်ကိုး' လို့ မှတ်ချက်ချလိုက်မိတယ်။ 

ယောကျာ်းတွေဟာ ဘယ်လောက်ပဲ သမာဓိရှိတယ် ဆိုဆို ဒီလို ပျံတံတံ နံ့တံ့တံ့ဆိုရင် ဒီ့အတိုင်းမြင်ရင်သာ နှာခေါင်းရှုံ့ပြီး အထင်သေးဟန်ပြတာ။ သူတို့ကို လာနွယ်ပြီဆိုရင်ဖြင့် လည်ထွက်သွားကြတာပါပဲ။ 

ဒါပေမယ့် ခေါင်းရင်းအိမ်ကို အခန်းငှားပြီး ရောက်လာတဲ့ နှစ်ယောက်ကျတော့လည်း ကြည့်ဦး။ ကောင်မလေးက အပျိုစင် ချောချောလှလှ နှစ်ဆယ်ကျော် ပညာတတ်ကလေး။ ပုံစံကလည်း တည်တည်ကြည်ကြည် အိနြေ္ဒရှင် ဒီဇိုင်းလေး။ ဒီခေတ်ဒီကာလထဲမှာ ရင်ဖုံးနဲ့ထမီ ဝမ်းဆက်လေးတွေပဲ အမြဲဝတ်တဲ့ မြန်မာဆန်ဆန် ယဉ်ကျေးမယ်လေး။ မြင်လိုက်ရတာနဲ့ ရင်ထဲမှာ အေးသွားရတဲ့ ပုံစံမျိုးလေး။ အပြင်သဏ္ဍာန်နဲ့ ဆန့်ကျင်ဖက် အတွင်းစိတ်အတွေးအခေါ်ကတော့ဖြင့် နှမြောစရာ...။ 

သူယူလာတဲ့ ယောကျာ်းက သားကြီးမယားကြီးနဲ့။ သားသမီးတွေတောင် လူပျိုအပျိုတွေ ဖြစ်နေပြီတဲ့။ ငါးဆယ်ကျော် အန်ကယ်ကြီးကို ရှော့ပင်တွေဦးထုပ်တွေနဲ့ တန်ဆာဆင်ပြီး အဖိုးကြီးဟော့ရှော့ လုပ်ထားတာများ...။ အော်ဂလီတောင်ဆန်ချင်တယ်။ ဒါက ဘေးကကျွန်မတို့ အမြင်ပေါ့။ ကောင်မလေးကတော့ မိုးကျရွှေကိုယ်များ ထင်နေမလား မသိပါဘူး။ ကျွန်မမှာ မမြင်ချင် မကြားချင်ကာမှ အိမ်ဘေးကပ်ရက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာလေ။ အသက်ကြီးကြီး ယောက်ျားက မြို့ပေါ်မှာ ပိုက်ဆံတော်တော်ရှိပြီး အရင်တုန်းကတော့ လူကြီးလူကောင်း စာရင်းဝင်ပေါ့။ 

ဒါပေမယ့် ဒီလို ကောင်မလေးနဲ့ အကြောင်းထပ်ပါပြီး ကျွန်မတို့ အိမ်ခေါင်းရင်းမှာ လာငှားနေကာမှ သူ့မိန်းမကြီးက လိုက်လာပြီး ဆဲဆိုသောင်းကြမ်းလိုက်တာ ဆိုတာ...။ ရပ်ကွက်ထဲမှာ ပွက်လောကို ညံသွားတာပဲ။ ဒီတော့မှာ ဒီလူကြီးရဲ့ ငယ်ကျိုးငယ်နာတွေ သူ့မိန်းမကြီး ဖော်သွားမှပဲ အကုန်ပေါ်ကုန်တော့တာ။ ဒီလူကြီးက အရင်ကတည်းက 'ဇ' ရှိတဲ့ လူတဲ့လေ။ မိန်းမကြီးက လိုက်ပြီးဖုံးဖိ ဖြေရှင်းပေးနိုင်လွန်းလို့ မျက်နှာဖုံးကောင်းကောင်း စွပ်ထားနိုင်ခဲ့တာပဲ။

ခု လှယဉ်ကျေးလေးကျမှ ဖုံးမရဖိမရ နှလုံးသား သူငယ်ပြန်တော့တာတဲ့။ လူပဲရမယ်တဲ့။ ဘာပစ္စည်းမှ ခြူးတစ်ပြားမရစေရဘူး လို့ အော်ဟစ်ရန်တွေ့ သွားလိုက်ကြတာ။

မျက်နှာဖုံးတွေ အကုန်ကွာကျကုန်တော့တာပဲ။ လှယဉ်ကျေးလေးကလည်း ပုံစံနဲ့မလိုက် ကက်ကက်လန်အောင် ပြန်ရန်တွေ့လိုက်တာများ...။ သူ့လူကြီးကို လူပဲမက်တာ၊ ကျန်တာ ဘာမှ မယူဘူး။
လူကို အရည်ညှစ်မတတ် ခိုင်းစားပြီးတာတောင် စိတ်ပါ ပိတ်လှောင်နှိပ်စက်နေတဲ့ အိမ်မှာ သူ့လူကြီးကို မထားရက်တော့လို့ သူ့ဘဝကို စတေးပြီး ကယ်တင်လိုက်တဲ့ သဘောမျိုး ပြန်အော်တယ်။

မယားကြီးက ' သေနာကောင်ကြီး..ဘာဖြစ်တယ်၊ ညာဖြစ်တယ်..' ဆိုပြီးအော်။

ကောင်မလေးက ' ကိုကို...ကိုကို..' နဲ့ ကာကွယ်ပြီး ပြန်ခံအော်။ 
ဟိုလူကြီးကတော့ ဘယ်လိုနေမယ် မသိဘူး။ ကျွန်မက အိမ်ပြင်လည်း ထွက်မကြည့်ဝံ့တော့ အသံပဲ ကြားရတာလေ။ 

အဲဒီကိစ္စတွေ ရပ်ကွက်ထဲမှာ ဖြစ်ပြီးတဲ့နောက်မှာတော့ အမေကလည်း...

' သမီးရယ် ကလေးတွေကျောင်းပိတ်ရင် နွေရာသီလေးတော့ လိုက်သွားနေလိုက်ပါဦးအေ။ မယားကောင်းဆိုတာ လင်ယောကျာ်းကို ပြုစုယုယဖို့ တာဝန်ရှိတယ်။ သိတ်အကြာကြီး ပစ်ထားဖို့ မကောင်းဘူး...' 

နွေရာသီဆိုရင် သားကြီးလည်း ကျောင်းပိတ်၊ သားငယ်လည်း သိတ်မအေးတော့မှာမို့ ကိုမောင့်နောက်ကို လိုက်သွားဖို့ အဆင်တော့ အပြေသား။ ဒါပေမယ့် တစ်ဦးတည်းသော သမီးဆိုတော့ အမေ့အတွက်လည်း ကျွန်မ စိတ်မဖြောင့်နိုင်ပါဘူး။ အမေ့ကိုပါ အလည်ခေါ်သွား ချင်ပေမယ့် လမ်းပန်းခရီး ဝေးလှတာမို့ ပင်ပန်းမှုဒဏ်ကို အမေ့အသက်အရွယ်နဲ့ ကျန်းမာရေးက ခွင့်မပြုပြန်ဘူးလေ။ 

ဒီလိုနဲ့....ကိုမောင့်ဆီ စာရေးပြီး တိုင်ပင်မိတယ်။ ခုနစ်နှစ်ခုနစ်မိုး သစ္စာရှိရှိ ချစ်ခဲ့ကြတဲ့ ချစ်သူချင်းမို့ ကိုမောင့်ကို ယုံကြည်ပေမယ့် ခေတ်ကာလသမီး ပျံတံတံလေးတွေ မြင်ပြန်တော့ ရင်ပူမိတဲ့အကြောင်း၊ လမ်းထိပ်က ချာတိတ်စုံတွဲရယ်၊ ခေါင်းရင်းအိမ်က ဦးလေးကြီး စုံတွဲရယ်၊ ဥပမာပေးရင်း ပြောပြမိတယ်။ ကိုမောင်ကတော့ သူ့ကို စိတ်ချဖို့နဲ့ ဝိပဿနာကို စိတ်ဝင်တစား လေ့လာနေတဲ့ အကြောင်း၊ ကလေးတွေ စာမေးပွဲရက်မှာ ခွင့်ယူပြီး သူပြန်လာမယ့် အကြောင်း စာပြန်တယ်။ တကယ်လည်း ပြန်ရောက်လာတော့ ကြည်လင်ပြီး ပိုတည်ငြိမ်လာတဲ့ ကိုမောင့်မျက်နှာက သီလပြည့်တဲ့ တရားသမားတစ်ယောက်လို ရင့်ကျက်နေတယ်။

သူလေ့လာထားတဲ့ ဝိပဿနာတရားတွေ၊ တရားထိုင်ပုံ ထိုင်နည်းတွေ ကျွန်မနဲ့အမေ့ကိုလည်း ပြန်ဟောပြနေသေးတာ...။ သားတို့ကိုလည်း ညတိုင်း ဘုရားရှိခိုးတဲ့ အကျင့် လုပ်ပေးသွားသေးတယ်။ ကိုမောင် ခွင့်ရက်ပြည့်လို့ ပြန်သွားတော့လည်း ကျွန်မနဲ့ သားနှစ်ယောက် ဆက်ပြီး ဝတ္တရားမပျက် ညတိုင်းရှိခိုးဖြစ်သွားတယ်။ 

တကယ်တော့ ကျွန်မက အလိုလောဘ နည်းခဲ့သလောက် ကံကောင်းခဲ့ပါတယ်လေ။ မိသားစုနဲ့ဝေးပြီး အဖော်မဲ့နေတဲ့ အရွယ်ကောင်း ယောကျာ်းတစ်ယောက်ဟာ သူ့ရဲ့အထီးကျန်ရက်တွေ ညတွေကို အရက်နဲ့ အပေါင်းအသင်းတွေ၊ မိန်းမရှုပ်တွေနဲ့ မကုန်လွန်စေပဲ စာအုပ်တွေ၊ တရားဓမ္မတွေနဲ့ အဖော်ပြုပြီး ဖြတ်သန်းနေတယ်။ အကျိုးမယုတ်တဲ့အပြင် အကျိုး ပိုရှိအောင် အသုံးချနေတယ်ဆိုရင် ကျွန်မ စိတ်အေးချမ်းရပါပြီ။ အဲဒီအတွက် ကိုမောင့်ကိုလည်း ကျေးဇူး အရမ်းတင်ပါတယ်။

xxxxxxxxxx


' အဲဒီ ဘုရားရှိခိုးသံကြီး ဆုံးမှ တက်ချင်ပါတယ် ဆိုကွာ။ ကိုကို နားမလည်ဘူးလား...' 

ခပ်သဲ့သဲ့ဆိုပေမယ့် အသံက မာဆတ်ဆတ်နိုင်လှတာမို့ ကျွန်မနားထဲကို ဘေးခတ်နံခတ် ဝင်လာတယ်။

ကြည့်စမ်း။ ဘုရားစင်ဘေး ပြတင်းပေါက်နဲ့ မျက်စောင်းထိုးလောက်က ခေါင်းရင်းအိမ်အခန်းမှာ ဟိုစုံတွဲရှိနေတာပဲ။ ကျွန်မ ပတ်ဝန်းကျင်ကို မေ့နေတာ ဘယ်လောက်များ ကြာသွားခဲ့ပါလိမ့်။ 

ကိုမောင် ပြန်ရောက်ကတည်းက ခု..ခွင့်ရက်စေ့ပြီး ပြန်သွားတဲ့အထိ ကျွန်မစိတ်ထဲမှာ ကိုယ့်မိသားစုပဲ တစ်ကမ္ဘာ ဖြစ်နေခဲ့တာလေ။
သားတွေနဲ့ဖအေ စည်းလုံးချစ်ခင်နေတာ ကြည့်ပြီး ဝမ်းသာဝမ်းနည်း ဖြစ်လိုက်၊ ကိုမောင် ပြန်ပြောပြတဲ့ ဒေသအသစ်၊ လုပ်ငန်းခွင် အသစ်က အတွေ့အကြုံတွေ နားထောင်လိုက်၊ ကိုမောင်ဟောတဲ့ တရားတွေနာပြီး တရားထိုင်ကြည့်လိုက်၊ မိသားစုလိုက် ဘုရားဝတ်တက်ပြီး ကြည်နူးချမ်းမြေ့နေလိုက်၊ ခွင့်စေ့ပြီး ပြန်ကာနီးတော့ အဖေနဲ့သားတွေ အလွမ်းသယ်နေတာကြည့်ပြီး မျက်ရည်ကြိတ်ကျလိုက်နဲ့...။ 
တကယ်ပါပဲ။ 

ပတ်ဝန်းကျင်ကို မှုန်ဝါးဝါး လစ်လျူရှုထားမိခဲ့တယ်။ အရင်က အိမ်ပေါ်ထပ် ဘုရားစင်နံဘေးက ပြတင်းပေါက်ကို ဖွင့်ထားရင် ခေါင်းရင်းအိမ် ပြတင်းပေါက်နဲ့ ခပ်နီးနီး ကြားနေမြင်နေ ရတာမို့ ဟိုစုံတွဲ ရောက်လာပြီးကတည်းက အမြဲပိတ်ထားခဲ့တာ။

ညဖက် ဘုရားရှိခိုးချိန်လေးပဲ လေဝင်အောင် ခဏဖွင့်ပြီး ဘုရားရှိခိုးပြီးတာနဲ့ ပြန်ပိတ်ခဲ့တယ်။ ကျွန်မတို့ သားအမိတွေကလည်း အောက်ထပ်မှာ အိပ်တာလေ။ 
ကိုမောင်ရောက်လာပြီး မိသားစု ဘုရားရှိခိုးတော့လည်း ဒီလိုပဲ ပြတင်းတံခါးဖွင့်၊ ပြီးရင် ပြန်ပိတ်ခဲ့တာပါပဲ။ 

ဒါပေမယ့် သားတို့နဲ့ ဘုရားရှိခိုးတော့ ကလေးတွေက ဘုရားစာကို အော်ဆိုကြတယ်။ သူတို့ကျောင်းမှာ မနက်တိုင်းဆိုရသလို ပါဠိလိုတပိုဒ်၊ မြန်မာလိုတပိုဒ် ဆိုကြတာ။ ငါးပါးသီလယူတော့လည်း ဒီလိုပဲ ဆိုလိုက်တာပဲ။ ကျွန်မတို့လူကြီးတွေက ခပ်တိုးတိုးဆိုပေမယ့် ကလေးသံလေးတွေကတော့ တစ်ချက်တစ်ချက် စူးစူးကျယ်ကျယ်လေး ထွက်ရင်ထွက်သွားတာပေါ့။ ကြည့်စမ်း။ ကျွန်မမေ့နေခဲ့တာပဲ။ ခေါင်းရင်းအိမ်မှာ ဒီစုံတွဲရှိနေတယ်ဆိုတာ ဘာလို့များ သတိမရခဲ့တာပါလိမ့်။ 

ငါးပါးသီလယူတိုင်း ကာမေသုမိစ္ဆာ စာရာ ( သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ခြင်း ) နေရာမှာ သူတို့တွေ အနေရ ခက်နေကြမှာပေါ့။ 

ကိုမောင် ပြန်သွားပြီးနောက်လည်း ကျွန်မတို့သားအမိ ဒီလိုပဲ ညတိုင်း ရှိခိုးရွတ်ဆိုနေတုန်းပဲ။ ဘယ်လောက် ကြာသွားခဲ့ပြီလဲ။ သူတို့ စကားများသံလိုလို၊ ရန်ဖြစ်သံလိုလို၊ ကျွတ်စီကျွတ်စီလေးတွေတော့ ကြားမိသလို အရှိသား။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်မယ်လို့တော့ မထင်မိဘူး။ ဘုရားရှိခိုးတာ ကောင်းတဲ့အလုပ်မို့ ပတ်ဝန်းကျင်ကို အားနာစရာလို့လည်း တစ်ခါမှ မတွေးမိခဲ့ဘူး။ 

အို...ဒုက္ခပါပဲ။ ကလေးတွေရဲ့ စည်းချက်ညီ အသံလေးတွေကို ဘယ်လိုပြောပြီးတော့များ ရပ်ပစ်ရမှာတဲ့လဲ။ သူတို့လေးတွေက သူတို့အဖေကို လွမ်းတဲ့စိတ်နဲ့ စိတ်ဖြေရာ တရားရေအေး သောက်စို့နေကြရှာတာ။ ဖအေ အစပြုပေးခဲ့တဲ့ အကျင့်ကောင်းလေးကို အလွမ်းပြေ လုပ်ဆောင်ပြီးသွားရင် ဖအေကို မေတ္တာပို့ပြီး ဆုတောင်းကြသေးတာ။ အစကတည်းက သတိမရမိခဲ့တာ ကျွန်မရဲ့အပြစ်ပါပဲ။ 

ခုတော့ ကလေးတွေကို ဘယ်လိုပြောရင်ကောင်းမလဲလို့ တွေးရင်း သူတို့ကို မတားရက်တာနဲ့ပဲ နေ့တိုင်း အားနာနာ ကျော်ဖြတ်နေရတော့တယ်။ဘယ်တော့များ အိမ်ရှေ့လာပြီး ရန်တွေ့လေမလဲလို့တောင် စိုးထိတ်မိတယ်။ ဟုတ်တယ်လေ။ ကောင်မလေးက ခပ်စွာစွာရယ်။ ဟိုတစ်ခါ သူ့လူကြီးမိန်းမဟောင်းကို ကက်ကက်လန် ပြန်ရန်တွေ့တာလည်း မြင်ထားရတာမို့ ကျွန်မကတော့ ခပ်လန့်လန့်ပဲ။ သူတို့ကို စောင်းမြောင်း ဆိုပါတယ်ဆိုပြီး အော်ဟစ်ရန်တွေ့မှဖြင့် ရှက်စရာ...။

သူလိုလူမျိုးနဲ့ သွားပြဿနာတက်မိရင်ကို ကျွန်မတော့ နာမည်ပျက်ပြီ။ တော်နေကြာ...သူ့လူကြီးကို ကြိတ်ကြိုက်နေလို့ သူ့ကိုမနာလို ဖြစ်နေတာလို့များ ပြောချလိုက်ရင် သွားပါပြီ။ အမလေး...သူ့လိုလူမျိုးက စကားအနိုင်ရ ပြီးရော၊ ပြောချင်ပြောမှာ။ ကိုယ်က မဟုတ်မှန်း တစ်လောကလုံး ဘယ်လောက်ပဲသိသိ၊ ဒီလိုအပြောခံရရင်ကို ရှက်လှပါပြီ။ တော်ပြီ၊ တော်ပြီ။ သားတို့ကိုတော့ တားမှပါပဲ။

တစ်ခုခုပြောပြီး တားရမှာပဲ။ 

တစ်ယောက်တည်း အတွေးလွန်တတ်တဲ့ ကျွန်မကတော့ ထုံးစံအတိုင်း တစ်ယောက်တည်း တွေးတော စိတ်ပူပြီး ချွေးပြန်နေမိပါတယ်။ ကြောက်ပါတယ်ဆိုကာမှ ခုတလော ညဖက်ဘုရားရှိခိုးတိုင်း တစ်ဖက်က အသံကို စိုးရိမ်စိတ်နဲ့ နားစွင့်မိရက်သား ဖြစ်နေတယ်ထင်ပါရဲ့။ 


တစ်ညမှာတော့...
' ကိုကို မကြားဘူးလား။ ဒီမှာ အမြဲတမ်း သဲကို စောင်းမြောင်းခံနေရတာ...' 

ခပ်ကျယ်ကျယ် ခပ်စူးစူး အသံအဆုံးမှာ တစ်ဖက်အိမ်က ပြတင်းတံခါးကို ဝုန်းကနဲ ဆောင့်ပိတ်သံ ကြားလိုက်ရပါတယ်။ ကျွန်မ စိတ်ထိခိုက် ဝမ်းနည်းသွားရပါတော့တယ်။ လောကမှာ မှန်တာ လုပ်ပေမယ့် လည်း ဘေးဘီကိုတော့ ဆင်ခြင်ကြည့်မြင်ရဦးမှာပဲလို့ အသိတရားတစ်ခု ရလိုက်ပါတယ်။ 

xxxxxxxxxx 

မျက်စေ့မှိတ်ပြီး သားတို့နဲ့အတူ ခပ်တိုးတိုး ဘုရားရှိခိုးနေရင်းမှာ စိတ်တွေက ပျံ့လွင့်ကုန်ပြန်တယ်။ ခုတလော စိတ်ရှုပ်ထွေး ရလွန်းလို့လား မသိဘူး။ စိတ်တွေ စုစည်းလို့ မရဘူး ဖြစ်နေတယ်။ ခပ်တိုးတိုးဖြစ်အောင် ကြိုးစားထိန်းဆိုနေရတဲ့ သားတို့အသံလေးတွေက တစ်ချက်တစ်ချက် ကျယ်လာလိုက်၊ သားကြီးက 'ရှုး'..လို့ သတိပေးလိုက်၊ သားငယ်က 'ရှုး'...လို့ ဘရိတ်အုပ်လိုက်နဲ့။ ကြားနေရတဲ့ ကျွန်မရင်ထဲမှာ သားတို့ကို တိတ်တိတ်လေး တောင်းပန်နေမိတယ်။

' ဟိုဖက်အိမ်က ဆယ်တန်းကျောင်းသားလေး စာမေးပွဲနီးနေလို့ အနှောင့်အယှက် မဖြစ်အောင် ခပ်တိုးတိုး ဆိုကြရအောင်နော်..' 

လို့ကလေးတွေကို လူကြီးက မုသားသုံးလိုက်ရပြီလေ။ အမှန်အတိုင်းပြောဖို့ကလည်း နုနယ်သေးတဲ့ ကလေးတွေရဲ့စိတ်ကို မရှုပ်ထွေးစေချင်ဘူး။ ငါးပါးသီလယူကြတော့ မုသာဝါဒါ (လိမ်ညာပြောဆိုခြင်း) အပိုဒ်မှာ သားတို့ရဲ့ သံပြိုင်အသံက ခပ်တိုးတိုးဆိုပေမယ့် ကျွန်မနားထဲမှာ အကျယ်ကြီး ပဲ့တင်ထပ်နေတော့တယ်။

ကာမေသုမိစ္ဆာ စာရာ ဆိုတဲ့ အသံကတော့ အရင်ကထက် ခပ်တိုးတိုးမို့ဟိုဖက် ပြတင်းပေါက်က ကြားရတော့မယ် မထင်ပါဘူး။ ဒီအချိန်မှာပဲ တစ်ဖက်အိမ် ပြတင်းပေါက်က ခိုးခိုးခစ်ခစ် ရယ်မြူးသံက ကျွန်မနားထဲကို ခပ်စူးစူး တိုးဝင်လာပါတော့တယ်။ အာရုံပျံ့လွင့်နေတဲ့ ကိုယ့်ကိုယ်ကို သတိနဲ့ထိန်းချုပ်ပြီး သားတို့အသံ တိုးတိုးလေးနဲ့အတူ အမြန်လိုက်ရွတ်ရပါတယ်။ 


' ........အနန္တ စကြာဝဠာ...အနန္တ သတ္တဝါတို့ ............ ..........နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ....' 
xxxxxxxxxxx 

ဝေ (စီးပွားရေးတက္ကသိုလ်) 
၂၀၀၉ခုနှစ် သြဂုတ်လ မဟေသီမဂ္ဂဇင်း

10 comments:

  1. ညီမ ချစ်သူကိုလည်းဒီ ဝတ္ထုလေးထဲက
    ကိုမောင့် လိုဖြစ်စေချင်တယ်အမရယ်..
    တန်ဘိုးရှိတဲ့ယောက်ကျားတယောက်ဖြစ်စေချင်တယ်

    ReplyDelete
  2. သာယာတဲ့ မိသားစုလေးတစ်စုကို သွားမြင်ယောင်မိပါတယ်ရှင်။ အရေးအသား ချောမွေ့ညက်ညောပါပေ့ရှင်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  3. အစ်မဝေရေ

    www.moba4all.org >> ဒီကိုလည်းလာရောက်ပြီး ပို့စ်လေးတွေ တင်ပေးဖို့မျှော်လင့်ပါတယ်။ www.moba4all.org ဆိုတဲ့ ခင်မင်ရာ blogger လေးတွေစုစည်းထားတဲ့ ဆိုရှယ်ဆိုက်လေးကကြိုနေပါတယ်နော်။

    ခင်တဲ့
    မေသိမ့် နှင့် မိုဘာ မိသားစု
    www.moba4all.org

    ReplyDelete
  4. မဂ္ဂဇင်းမှာ ဖတ်ပြီးသားပေမယ့် သေချာပြန်ဖတ်ခဲ့ပါတယ် ခင်ဗျ။

    ReplyDelete
  5. အရမ်းဖတ်လို့ကောင်းတယ် မမ....ယောကျာ်းတိုင်းကို ဒီထဲကအမျိုးသားလို သီလ၊ သစ္စာနဲ့ ပြည့်စုံစေချင်မိတယ်။

    ခင်မင်စွာဖြင့်
    ညီမ
    အင်ကြင်း

    ReplyDelete
  6. ကိုမောင်ရဲ့ သေစ္စာရှိတဲ့ အပြုမူလေးတွေ ကြည့်ပြီး အလိုလို ကြည်နူးရတယ် မမရယ်...
    ကိုယ့်ချစ်သူလည်း အဲဒီလို ဖြစ်မယ်လို့ ယုံကြည်နလုံးသွင်းလျှက်ပါပဲ..။

    ReplyDelete
  7. စာရေးကောင်းတဲ့ မဝေ ရေ လာရောက်အားပေးသွားပါ တယ် ရှင်.

    ReplyDelete
  8. Hi! Impressive blog you have .Come and visit my website too.http://ads.com.mm/?cid=4fd60e94e4b0fa6db841e33c&utm_
    campaign=ads_mm_lb_blog_gvisoy&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete
  9. ဒီဝတ္တုလေး လွတ်သွားတယ် မမဝေ..
    အခုမှ ဖတ်မိတယ်...
    ကာမေသုလွန်ကျုးနေသူတွေကို အားနာမိလို့ အမေကိုယ်တိုင် မုသားသုံးလိုက်ရတာလေးကို သဘောကျမိတယ်။ အဆုံးသတ်မေတ္တာပို့လေးကြောင့် ပိုပြည့်စုံသွားတယ်။

    ReplyDelete
  10. လာရောက်အားပေးဖတ်ရှုသွားပါတယ်

    ReplyDelete