အံဝှက် မပါတဲ့ တံခါး


တကယ်တော့ သူတံခါး ခေါက်တော့မယ် အထင်နဲ့ အလျင်စလို ဖွင့်ပေးလိုက်မိတာ ကျွန်မ အမှားပါ။
သူက ပိတ်ထားတဲ့ တံခါးချပ်ကိုမှ တန်ဖိုးထားချင်သူ၊ ဟပေးထားတဲ့ တံခါးမျိုးကို စိတ်ဝင်တစား ဆွဲဖွင့်ချင် သူမှ မဟုတ်တာကိုး။ ဒီတော့ မိန်းမသား မာနနဲ့ တံခါးကို ခပ်တင်းတင်း စေ့ပြီး ဖွင့်ပေးချင်ရဲ့နဲ့ တံခါးခေါက်သံကိုတောင် မကြားချင်ယောင် ဆောင်နေရမယ့် မိန်းမ မာယာကို မကျွမ်းကျင် မလိမ္မာခဲ့တဲ့ ကျွန်မကပဲ ညံ့တယ် ထားလိုက်ပါတော့လေ။
+++++++

ပြတ်တောက်သွားပြီ ထင်ထားတဲ့ ရှေးရေစက် တစ်ခုဟာ တစ်ကျော့ပြန် ဆုံချင်တော့လည်း မမျှော်လင့်တဲ့ တစ်နေ့မှာ ကျွန်မ အနားကို သူ ပြန်ရောက် လာခဲ့ရတယ်။ အဲဒီနေ့က ရှော့ပင်းမောတစ်ခုရဲ့ ရယ်ဗလွန်ကောင်တာ ရှေ့မှာ နှုတ်ခမ်းနီ အရောင်တွေကို အာရုံ စူးစိုက်ပြီး ရွေးချယ် နေတုန်းမှာပေါ့။ အကြားအာရုံကို ရိုက်ခတ်လာတဲ့ အသံလေးတစ်ခုဟာ ဝေးကွာပြီးတဲ့ အတိတ်နေ့ရက်တွေဆီ ဖျတ်ခနဲ  ပြန်ခေါ်သွားနိုင်တဲ့ အစွမ်းတွေ ရှိနေတာများ အံ့သြမိပါရဲ့။ “နှုတ်ခမ်းနီ မဆိုးတတ်တဲ့ မင်း နှုတ်ခမ်းလေးတွေက ပိုတောက်ပခဲ့တာပါ”တဲ့။

မထင်မှတ်တဲ့ အချိန်၊ မမျှော်လင့်တ နေရာမှာ သူ့ အသံကို အနီးကပ်ကြားလိုက်ရတော့ အိပ်မက်လားလို့ တောင် ဇဝေဇ၀ါ ဖြစ်သွားရတဲ့ အထိ ကျွန်မ ဣနြေ္ဒ ပျက်သွား ရတယ်။ ဆယ်စုနှစ် တစ်စု ကျော်လောက် ကြာသွား ခဲ့ပေမဲ့ မနေ့တစ်နေ့ကလိုပါပဲ လား။ သူ့မျက်လုံး၊ သူ့နှုတ်ခမ်း၊ သူ့အကြည့်၊ အားလုံးဟာ ငယ်ငယ်တုန်းကလို နုပျို စိုလက်နေတုန်းပဲ။ ခန္ဓာကိုယ် ကလည်း ပါးလျလျ၊ ရှည် ကိုင်းကိုင်း။ ကျွန်မမှာသာ။

“ကော်ဖီဆိုင် တစ်ခုခု မှာထိုင်ဖို့ ကိုယ့်ကို အချိန် ပေးနိုင်မလားဟင်”

ဟိုတုန်းကလိုပဲ မပြောင်းလဲသေးတဲ့ သူ့ရဲ့ စည်းတစ်ဖက်ခြားက ဆက်ဆံ ရေးမျိုးကို ဒီအသက်အရွယ် မှာတော့ ကျွန်မ နာကျင်ခြင်း ကင်းစွာ လက်ခံ နိုင်သွားပါ ပြီ။ အဲဒီ အတွက်လည်း ကိုယ့် ကိုယ်ကို ကျေနပ်သွားရ တယ်။ ကျွန်မ ကြီးပြင်းခဲ့တာ သေချာပြီပဲ။

အပြုံးနုနုနဲ့ ကျွန်မကိ လည်း သူက အံ့သြဟန်နဲ့ ပခုံး တွန့်ပြတယ်။ ကျွန်မရဲ့ တည်ငြိမ်မှုကို ရှင် အံ့သြသွား စေရမယ် ကိုအံ့စွမ်းမောင်။ ဒါပေမဲ့ သူမအံ့သြ သေးခင် ကျွန်မ ပခုံးကို ခပ်ဖွဖွ လှမ်းဖက်လိုက်တဲ့ သူ့ အမူ အရာကြောင့် ကျွန်မ ထိတ် လန့်ပြီး ခြေလှမ်း တုံ့သွားရတယ်။ ဒါ အံ့စွမ်းမောင်မှ ဟုတ်ရဲ့လား။

ကျွန်မ ခံစားချက်ကို ရိပ်မိသွားပုံရတဲ့ သူကလည်း ခပ်ဟက်ဟက်ရယ်ရင်း ပခုံး ပေါ်က လက်ကိုပြောင်းပြီး ကျွန်မ လက်ဖ၀ါးကို ခပ် ဆတ်ဆတ်ဆွဲခေါ်သွားတော့ တယ်။
“မင်း တော်တော် တည် ငြိမ်လာပြီနော် မြဖူးခိုင်”

“ဟင့်အင်း ရင့်ကျက် လာတာပါ။ ရှင်ကရော သိပ် ဗိုလ်ဆန်လာတယ်ပေါ့”

ကော်ဖီခွက်ကို ကိုင်ရင်း ကျွန်မ အပြောကို သဘောတကျ ရယ်မောနေတဲ့ သူဟာ မယုံနိုင်စရာ ပြောင်း လဲသွားခဲ့ပြီပဲ။ သိုသိပ်တဲ့ အပြုံးနေရာ မှာ ပွင့်လင်းတဲ့ ရယ်မော ခြင်း၊ တည်ငြိမ်တဲ့ စကားလုံး တွေအစား သွက်လက်တဲ့ အပြောအဆို၊ စောင့်စည်း တတ်တဲ့ အမူအရာတွေမှာ ရဲတင်းတဲ့ ဆက်ဆံရေးတွေက အစားထိုးဝင်ရောက်သွားခဲ့ ပြီ။ အရင်တုန်းကလို စည်း တစ်ဖက်ခြားကို ရောက်နေသလိုမျိုး သူ့ပုံစံကရော။ နယ်နမိတ် ကန့်သတ်ချက်မဲ့ ပြီး ကျွန်မနဲ့ တစ်သားတည်း ရောနှောတော့မလို့လား။

ဒါဆိုရင်တော့ ရှင် နောက်ဆုတ်လိုက်ပါ ကိုအံ့စွမ်းမောင်။
အရင်တုန်းက ရှင်တားခဲ့တဲ့ စည်းမှာ ကျွန်မ နှလုံးသားလေး ကွဲကြေခဲ့ပြီးပြီမို့ ခုချိန်မှာ ရှင်က အဲ့ဒီစည်းကို ဖျက်ပစ်တော့မယ်ဆိုရင် တောင် ကျွန်မကတော့ ဘ၀ နဲ့ရင်းထားတဲ့ နောက်စည်း တစ်ကြောင်းကို ကျွန်မတို့ နှစ် ယောက်ကြားမှာ ထပ်သားရ လိမ့်မယ်။
+++++++

“လူ့စည်း၊ ဘီလူးစည်း ဆိုတာ မင်း နားမလည်ဘူးလား မြဖူးခိုင်။ လူမှန်ရင် လူ့ စည်းလေးတော့ ရှိရတယ် ကွ”

ကလေးစိတ် မကုန့် တကုန် အရွယ်မှာ ကလေး ဆန်ဆန် ရိုးသား ပွင့်လင်းခဲ့မှု အတွက် နာကြည်းစရာ ကောင်းလောက်အောင် ကျွန်မ အရှက် ရခဲ့ဖူးပါရော လား။
“မြလေးရယ်။ ငါ့ အစ်ကိုက ခွစာကြီးဟ။ သူ စိမ်း မိန်းကလေး မပြောနဲ့၊ ညီမအရင်း ငါ့ကိုတောင် သိပ် ရောနှောတာ မဟုတ်ဘူး။

“ရှစ်တန်းကတည်းက ယောက်ျားလေး ဘော်ဒါ ဆောင်မှာချည်း နေလာခဲ့လို့လား မသိဘူး။ မိန်းကလေး တွေအပေါ် အရှက်ကြီးပြီး စကားတောင် ဟဟ မပြော ဖူးဘူး။ နင် စိတ်မဆိုးပါနဲ့ ဟာ။ အစ်ကို့အစား ငါ တောင်းပန်ပါတယ်နော်”

တကယ်တော့ မြို့ ကလေးကို ပြောင်းလာခါစ ရှစ်တန်းကျောင်းသူ တစ်ယောက်က နွေရာသီမှာ တက္ကသိုလ်က ပြန်ရောက်လာတဲ့ သူငယ်ချင်းရဲ့ အစ်ကိုကို တစ်ခါမှ မဆုံဖူးပေမဲ့ သူငယ်ချင်းပြတဲ့ ဓာတ်ပုံတွေထဲမှာ မြင်ဖူးနေတာကြောင့် ရင်းနှီးနေခဲ့တာပါ။

မွေးချင်းပေါက်ဖော် မရှိတဲ့ ကျွန်မအတွက်က သူငယ် ချင်းပြောပြတဲ့ သူ့အစ်ကို အကြောင်းတွေ နားထောင်ပြီး သူတို့ မောင်နှမ နှစ်ယောက်ကို ကိုယ့်မောင်နှမအရင်း တွေလို ခံစားခင်မင်နေမိတာ။ ဒါပေမဲ့ သူကလည်း တက္ကသိုလ်ကျောင်းသားဆိုတဲ့ အရှိန်နဲ့ ဟန်တစ်ခွဲသားပေးပြီး ဘ၀င်ကိုင်နေချိန်မှာ တစ်ခါ မှ မမြင်ဖူးတဲ့ မလောက် လေးမလောက်စား ချာတိတ်မလေး တစ်ယောက်က ညစ်ပတ်ပေတူးနေတဲ့ လက်နဲ့ မျက် လုံးကို ဆတ်ခနဲ ဖုံးတာ ခံလိုက်ရတာကိုး။

ဖြစ်ချင်တော့ အဲဒီနေ့က သူငယ်ချင်းနဲ့ အတူ မီးဖိုချောင် မှာ သူ့မေမေကို ကူရှုပ်ပြီး ထမင်းအိုးဟင်းအိုး တည်ဖို့ ၀င်စပ်စုနေတဲ့ အချိန်လေ။ မီး ၀င်မွှေး၊ ကြက်သွန်အဖြူ အနီ ၀င်သင်နဲ့ ပေတူးနေတဲ့ လက် ကို မဆေးဖြစ်ဘဲ ကိုစွမ်း ပြန် ပြီဟေ့ ဆိုတာနဲ့ ပြေး ထွက်သွားကြတဲ့ သူငယ်ချင်း နဲ့ သူ့ မေမေ နောက်ကို လိုက်ချောင်းကြည့်ခဲ့တာ။

ဧည့်ခန်းဆက်တီမှာ မိသားစုနဲ့ ရေပက် မ၀င်အောင် စကားပြောနေတဲ့ သူ့ ကို နောက်ခိုင်းလေးမြင်ရ တော့ အစ်ကိုတစ်ယောက်လို စနောက်ချင်စိတ် ရုတ်တရက် ပေါ်လာပြီး မျက်လုံးကို အသာလေးပြေးပိတ်လိုက် တာ။

လက်ကိုပုတ်ချပြီး အံ့ သြတကြီး လှည့်ကြည့်လိုက် တဲ့ သူ့မျက်လုံးတွေ၊ ပေတူး နေတဲ့ ကျွန်မလက်ကို မြင်တော့ ရဲတက်သွားတဲ့ သူ့ ဒေါသမျက်နှာကတော့ တစ် သက်တာ အမှတ်တရ ဖြစ် ခဲ့ရပြီပေါ့။
“ကိုကို အဲဒါ ညီမလေး သူငယ်ချင်း မြဖူးခိုင်ပါ”

မြင်သူတိုင်းက ချစ်ချင် ကြတဲ့ ချာတိတ်မလေးကို  သူဘာလို့ မေတ္တာမထားနိုင် တာလဲ မသိဘူး။ ပြောလိုက် တာများ ကျွန်မမှာ မျက်ရည် ပေါက်ပေါက် ကျရတဲ့အထိ။ အဲဒီကတည်းက ကျွန်မ အပေါ် အမြင်ကတ်သွားတဲ့ စိတ်ဟာ တွေ့လိုက်တိုင်း နှာခေါင်းတရှုံ့ရှုံ့နဲ့ ဘယ်လိုမှ ကြည်လင်မလာတော့တာပါ ပဲ။
++++++++

သူက အမြင်မကြည် ပေမဲ့ ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်ကတော့ မခွဲနိုင် မခွာရက်အောင် ပိုအတွဲမိလာ ကြတယ်။ တစ်ယောက်အိမ် တစ်ယောက် တစ်လှည့်စီ ညအိပ်ညနေ စာအတူ သွားကျက် ကြ၊ ဘယ်အိမ်က မုန့်လုပ် စားစား နှစ်ယောက်စလုံး နေရာတကာ ပါဝင် ကူညီနေ ကျ။ ဘယ်မိသားစုက အပျော်ခရီးထွက်ထွက် သူငယ်ချင်းကိုပါ အပါခေါ် နေကျ။

ဒါကြောင့်လည်း သူတို့ မိသားစုရဲ့ နွေရာသီခရီးတိုင်း လိုလို သူနဲ့အတူ ကျွန်မ သွားခဲ့ရသလိုပါပဲ။ သူငယ် ချင်းနဲ့ ခင်မင်ခဲ့တာ ကာလ ကြာလေလေ၊ သူနဲ့ ကျွန်မ ကြားမှာ အမှတ်တရ ခရီးတွေ ပိုများလာလေ။ ဒါပေမဲ့ ကျွန်မကသာ ပျော်ရွှင်ကြည် နူးစရာ အမှတ်တရတွေ အဖြစ် တမြတ်တနိုး တန်ဖိုး ထားရတာ။ သူ့ကိုကြည့်ရ တာတော့ ကျွန်မပါနေတာကို စိတ်ရှုပ်ထွေးနေပုံမျိုးနဲ့ အမြဲ တမ်းမှုန်တေတေပါပဲ။

ဘာကြောင့်များ သူ ကျွန်မကို လျစ်လျူ ရှုရက်တာလဲ။ ငွားငွားစွင့်စွင့် ပွင့် လန်းလာတဲ့ ပန်းကလေးဟာ လက်တစ်ကမ်းအကွာတင်မို့ သူ အနီး မှုန်နေတာလား။ ကြိုင်လှိုင်နေတဲ့ သင်းရနံ့က သူ့ အနီးလေးတင်မို့ မွှန်ထွန်  ပြီး နှာပိတ်သွားတာလား။ မိန်းကလေးက သွက်လက် လွန်းလို့ သူက ပိုအေးခဲသွား တာလား။ ကျွန်မက လိုက်နေ တယ်ထင်လို့များ သူက ပြေး ချင်လေသလား။

“ယောက်ျားလေးတွေ ၀ိုင်းဝိုင်းလည်နေတာကို ဂုဏ်ယူစရာများ ထင်နေလို့ လား မိသန္တာ။ တကယ်တော့ သူများစိတ်မ၀င်စားဝင်စား အောင် ညိုမြ လုပ်နေတာကမှ ရှက်စရာ သိပ်ကောင်းတာ”
အဲသလို သူ့ညီမကို ပြောသလိုလိုနဲ့ ကျွန်မကို ရှေ့ တည့်တည့်ထားပြီးလည်း သူက ပေါ်တင်ချိုးဖဲ့ တတ်ပါ သေးတယ်။

“ရပါတယ်ဟာ။ ငါက သူ မနာလိုသ၀န်တိုတတ်မှန်း သိလို့ သူဘာပြောပြော ခွင့် လွှတ်ပြီးသားပါ”
သူငယ်ချင်းကလည်း ကျွန်မကို သူ့အစ်ကိုနဲ့ သဘော တူတာမို့ သူငယ်ချင်း က လှော်ပေးသလောက် ကျွန်မကလည်း ပျော်ပျော်ကြီး ရဲတင်းမိခဲ့တာတော့ ၀န်ခံပါတယ်။ ဒါပေမဲ့ သူ့ အပေါ်မှာသာ အစ်ကို တစ် ယောက်လို ခံစားရတာရော၊ ရင်ထဲကနှစ်နှစ်ကာကာ ချစ်မိ တာရောကြောင့်သာ ဗလွတ် ရွှတ်တ နောက်ပြောင်ရင်း တိတ်တခိုးခံစားချက်တွေကို  မသိမသာ သူ့တစ်ယောက် အပေါ်မှာသာ ဆွတ်စေချင် လွန်းလို့ ညွတ်ကျမိတာ။ မြဖူးခိုင်ဆိုတာ သူဖြစ်တည်ရာ ၀န်းကျင် တစ်ဝိုက်မှာတော့ မျက်နှာထားတည် အနေမှန် ပြီး ချူဖို့ခက်တဲ့ မဉ္ဇူသက ပန်းလေးလို ဂုဏ်သတင်း မွှေးပျံ့သူဆိုတာ သူလည်း ကြားမိမှာပါ။

“ကိုကိုက ရှေ့တင်သာ ရှောင်ဖယ်ဖယ် လုပ်နေတာ။ နောက်ကွယ်မှာကျ ငါ့ကို နင့် အကြောင်းတွေ မသိမသာ မေးတယ်ဟ။ ယောင်းမ စိတ်မလျှော့နဲ့သိလား။ အားတင်းထား”

သူငယ်ချင်းကတော့ ကျွန်မ ဘေးနားမှာ ၀ိုင်းဝိုင်းလည် မေတ္တာ တောင်းခံနေသူ အပေါ် ကျွန်မ စိတ်ညွတ် သွားမှာစိုးပြီးများ လင်္ကာ ချောအောင် မုသား ပြောနေတာလား မသိဘူး။ ဆွတ်စေ ချင်လွန်းတဲ့ ပန်းလေးကလည်း လေလာလာမလာ လာ ဘယ်ညာယိမ်းပြီး ဟန် ရေးပြရတာ မောလှပေါ့။

ဘာပဲဖြစ်ဖြစ် ကိုယ့် မေတ္တာပန်းကို မဆွတ်လှမ်း သလို ဘယ်ပန်းမာလာကိုမှ လည်း စိတ်ဝင်စားဟန် မပြ တာကြောင့် တစ်မျိုးတော့ စိတ်အေးရသေးတယ်။ ဒီလို ဆိုတော့ မျှော်လင့်ခွင့်လေး ရှိသေးတယ်ပေါ့။
+++++++

“မင်းလူက ဘယ်မိန်း ကလေးမှ စိတ်မ၀င်စားဘူး ဆိုတော့ ယောက်ျားချင်းမှ စိတ်ဝင်စားတတ်တဲ့ အခြောက်ကြီးများလားဟယ်”

ကျွန်မဘက်က မခံချင် တဲ့ တခြားသူငယ်ချင်းတွေက လည်း သူ့အပေါ် အဲဒီလို မြင်ပြင်းကတ်ကြ သေးရဲ့။
တကယ်ဆိုတော့ လည်း အားလုံးရဲ့ အမြင်မှာ သူနဲ့ ကျွန်မလောက် နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်ညီ တာ ရှိမှမရှိဘဲကိုး။ မိဘချင်းက လည်း ဂုဏ်ရည်ညီ၊ သူငယ် ချင်းနှစ်ယောက်ကလည်း သင့်မြတ်ချစ်ကြည်၊ သူက သာ ချစ်တေးသီမယ်ဆိုရင် ကျွန်မ ဘ၀အတွက်က ချိုမြိန် ခြင်းနေ့ရက်တွေ စီရီနေမှာပါ။
ဒါပေမဲ့ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တာတွေ ရွေး ချယ်သီချုပ်ထားတဲ့ ဇာတ် လမ်းတွဲတစ်ပုဒ်မှ မဟုတ် တာ။
“မြဖူးခိုင်တစ်ယောက် တည်း Sweet Smile ကော်ဖီ ဆိုင်ကို လာခဲ့ပါလား” ဆိုတဲ့ မထင်မှတ်တဲ့ ချိန်းဆိုမှု တစ် ခုကြောင့် ရင်တွေ တဖျတ်ဖျတ် ခုန်သွားရတဲ့ မိန်းက လေးတစ်ယောက်ဟာ အသည်းတံခါးကို သူ မခေါက်ခင်ကတည်းက ဖွင့် ချင်နေနှင့်သူဆိုတော့။ စကား စရခက်ပြီး အိုးတိုးအမ်းတမ်း ဖြစ်နေတဲ့ သူ့ကို သနားမိရာ ကနေ အမှားတွေ ဆင့်ကုန် တော့တယ်။

“တစ်နေ့နေ့တော့ ကိုကို မြလေးကို ဖွင့်ပြောမယ်ဆို တာ မြလေးသိပါတယ် ကိုကို ရယ်။ မြလေးမှာ ကိုကို့ကို ပေးဖို့ အဖြေလည်း အဆင် သင့်ပါ”

သူ့ မျက်နှာပေါ်က အံ့ သြတဲ့ မျက်လုံးတွေနဲ့ တဖြည်းဖြည်းကွေး ညွတ်ကျ လာတဲ့ နှုတ်ခမ်းကို မြင်လိုက် ရတဲ့ အခိုက်အတန့်မှာမှ ကျွန်မ ဆန္ဒတွေ စောမိပြီ ဆိုတဲ့ အသိနဲ့ ဇောချွေးပြန်လာ ရတော့တယ်။

“ကိုယ်က ကိုယ့်ညီမ လေး ချစ်သူရနေပြီဆိုတဲ့ သတင်းကြားလို့ မှန်မမှန် မင်းကိုမေးမလို့ပါ”တဲ့။
မိန်းမသားတစ် ယောက်ရဲ့ အရှက်ကို ရေ လိုက်ငါးလိုက် ဖေးမဖို့ သူ့မှာ တကယ်ပဲ စေတနာမရှိတာ လား။ ချော်လဲရာ ရောထိုင် လိုက်ဖို့ ကျွန်မအပေါ်မှာ ဒီ လောက်တောင် မေတ္တာ ခေါင်းပါးလေသလား။

ဘာပဲဖြစ်ဖြစ် ကျွန်မက တော့ အဲဒီနေ့ကတည်းက သူငယ်ချင်းအိမ်ကိုလည်း မသွားရဲတော့ဘူး။ သူ့ကို လည်း မျက်နှာချင်းမဆိုင်ရဲ တော့ဘူး။ ကိုယ့်ကိုယ်ကို လည်း နှုတ်ရဲမိလေခြင်းလို့ နောင်တဆိုးတွေ ဖိစီးနေ တော့တယ်။ ဒီ့ထက်ဆိုးတာ က အိမ်ကိုအ၀င်အထွက် မပျက်တဲ့ သူငယ်ချင်းဆီက နေပဲ သူ့ခံယူချက်တွေ၊ ထင် မြင်ချက်တွေ ကြားသိရပြန် တော့ ပိုပြီးဆွေးရတယ်။

“ကိုကိုက မိန်းကလေး ဆိုတာ ဣနြေ္ဒကြီး တစ်ခွဲသားနဲ့ နေရမယ် မဟုတ်ပေမဲ့ မိန်းမသား သိက္ခာတော့ ရှိရ မယ်တဲ့။ ယောက်ျားလေးတွေ ရှေ့ ညိုမြလုပ်တာ၊ ရေလာ မြောင်းပေးလုပ်တာဟာ ကိုယ့်အပေါ် မြတ်နိုးမယ့် သူအတွက် တန်ဖိုးကျစေ သတဲ့။ အချစ်ရေးမှာ မိန်းကလေးက စရတာမျိုး ဆိုရင် တော့ ကိုယ့်ကိုယ်ကို သတ် လိုက်တာနဲ့ အတူတူပဲတဲ့။ ငါ ရည်းစား ထားတာ ရိပ်မိလို့ များလား မသိဘူး။ အဲဒီလို တွေပြောနေတယ် မြလေးရေ”

သူနဲ့ ကျွန်မကြားက ရှက်စရာ အဖြစ်ဆိုးကို မသိ ရှာတဲ့ သူငယ်ချင်းက ဒီလို ပြောပြတော့ ကျွန်မရဲ့ မျှော် လင့်ချက်တွေ နိဂုံးချုပ်အဆုံး သတ်ခဲ့ရပြီလေ။ သူက ပြော ပြထားပုံမရတာကြောင့် ကျွန်မလည်း သူငယ်ချင်းကို  ရင်မဖွင့်ရဲဘဲ ရေငုံနှုတ်ပိတ် နေခဲ့ရတယ်။

ဒီလောက် လမ်းသင့်ပြီး ကမ်းလင့်နေတဲ့ ပန်းတစ်ပွင့် ကိုမှ သူက ဥပက္ခာ ပြုရက် တယ်ဆိုတော့လည်း မျှော်တော်ဇောနဲ့ မောနွမ်းသွားရ တဲ့ မေတ္တာပန်းလေးကို ကိုယ့် ဘာသာပဲ နှလုံးသားထဲမှာ သော့ခတ် သိမ်းထားဖို့ ကျွန် ဆုံးဖြတ်လိုက်ရတော့တယ် လေ။
++++++

“တကယ်တော့ ကိုယ် က လောဘကြီးလွန်းခဲ့တာ ပါ။ ကိုယ်တန်ဖိုးထားမြတ် နိုးချင်တဲ့ မိန်းကလေးဟာ ကိုယ့်ပေတံနဲ့ စံလွဲနေတာကို မြင်တွေ့နေရတော့ ကိုယ်ရင် နာခဲ့ရတယ်။ နှမြောကြေကွဲ ခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်ညှိ ဖို့ မကြိုးစားခဲ့မိဘူး။ ကိုယ် သတ္တိ နည်းခဲ့တာကို ၀န်ခံပါ တယ်။ ကိုယ်ချစ်ပေမဲ့ မနှစ်သက်တဲ့ မိန်းကလေးမို့ လက်မတွဲရဲသလို လျစ်လျူရှု ထားရတာကိုလည်း မခံစား နိုင်တာနဲ့ ကိုယ်အဝေးကို ထွက်ပြေးမိတာပါ”

သူငယ်ချင်းနဲ့ အခင်အမင် မပျက်ခဲ့ပေမဲ့ အလုပ် ကိုယ်စီနဲ့ လူကြီးဘ၀မှာတော့ ကျောင်းသူတုန်းကလို တပူး တွဲတွဲမနေနိုင်ခဲ့ပါဘူး။ သူ နိုင်ငံခြားကို ထွက်သွားကြောင်း ကြားသိရပေမဲ့ အရင်လို နှိုက်နှိုက်ချွတ်ချွတ် လည်း မမေးမိတော့ဘူး။ သူငယ်ချင်းကလည်း အခြေ အနေကို ရိပ်စားမိပုံနဲ့ သူ့ အစ်ကိုအကြောင်းတွေ သိပ် မပြောရှာတော့ဘူး။

“နိုင်ငံခြားက ယဉ် ကျေးမှုနဲ့ လက်ပွန်းတတီးရှိ လာတာနဲ့အမျှ ကိုယ့်ပေတံ ဟာ အတ္တကို အခြေခံပြီး စံလွန်နေမှန်း တဖြည်းဖြည်း သိလာရတာပါ။ မြန်မာမိန်း ကလေးတွေရဲ့ တန်ဖိုး အတိမ်အနက်ကို အသိ နောက်ကျလေခြင်းလို့ ကိုယ် တကယ် ကြွေကွဲရပါတယ် မြလေးရယ်။ မြလေးရဲ့ ရိုး သားတဲ့ ပွင့်လင်းမှုတွေဟာ စည်းတစ်ခုရဲ့ ဘောင်အတွင်း မှာပဲ ရှိခဲ့တယ်ဆိုတာ ကိုယ် အဲဒီတော့မှ ဘ၀င်ကျခဲ့ရ တာ။ ဒါကြောင့်လည်း ကိုယ် မြလေးကို တောင်းပန်ဖို့ ၀န်ခံဖို့ ပြန်လာခဲ့တာပါ။ ကိုယ် မြလေးကို ချစ်ခဲ့တယ်။ ခုချိန်ထိလည်း ချစ်နေဆဲပဲ။ မြလေးလည်း ကိုယ့်လိုပဲ မဟုတ်လားဟင်”

“ဒါပေမဲ့ ကျွန်မ”

“ဟင့်အင်း ဘာမှ မငြင်းလိုက်ပါနဲ့ မြလေးရယ်။ မြလေးရဲ့ ဖြူစင်တဲ့ မေတ္တာ ကို ဥပက္ခာပြုခဲ့မိတဲ့ ကိုယ့် အပြစ်တွေကို ကိုယ် ပြန်ပေး ဆပ်ပါရစေ။ ကျဉ်းမြောင်းတဲ့ အယူအဆတွေကို ကိုယ် စွန့် ပစ်ခဲ့ပြီးပြီ။ မြလေး အိမ် ထောင်ရေး မသာယာတာ တွေလည်း ကိုယ် ကြားခဲ့ပြီး ပြီ။ ညီမလေးဆီက မြလေး မိဘတွေ အတင်းစီစဉ်တဲ့ မြလေး မင်္ဂလာပွဲ အကြောင်းကို ကြားရတုန်းကထက် မြလေး ယောက်ျားက မြလေး အပေါ် မကြင်နာဘဲ ငွေကို ချည်း လောဘတကြီး ကုန်းရှာနေတဲ့ လူ့အန္ဓကြီးမှန်း သိလိုက်ရတာက ကိုယ့်ရင်ကို ပိုနာကျင်စေခဲ့တယ်။ ရင်နာ စရာအတိတ်တွေကို ထားခဲ့ ပြီး ကိုယ်တို့နှစ်ယောက် ဘ၀ အသစ်ကို ပြန်စရအောင်ပါ မြလေးရယ်”

ကျွန်မ အံ့သြလွန်းလို့ ကိုယ့်နားကိုယ် မယုံနိုင်အောင် ပါပဲ။ ဒီလောက် တစ်ယူသန် စိတ်ကြီးတဲ့ သူ့ဆီက ဒီလို ပျော့ပျောင်း နူးညံ့တဲ့ စကား မျိုးတွေကြားရတာ ကျွန်မ အတွက် ဘယ်လောက်များ တန်ဖိုး ကြီးလိုက်သလဲ။ ဒါပေမဲ့ ကျွန်မ ဘ၀ဟာ အိမ်ထောင်ရေး ချောက်ကြီးထဲကို ထိုးကျပြီးခဲ့ပြီ။ အဲဒီချောက် ကြီးထဲကနေ ပြန်ဆယ်တင် ချင်လို့လည်း နောက်ထပ် ချောင်းကမ်းပါး တစ်ခုထဲ ပြန် ကျရဦးမှာပဲ။

“ကိုယ်က အချစ်သက်သက်နဲ့ မြလေးဆီ ပြန်လာခဲ့တာပါ။ အားလုံးနဲ့ ဝေးရာ ကို ကိုယ်ခေါ်သွားပါရစေ”

“ဒါပေမဲ့ နောက်ကျ သွားပြီ ကိုအံ့စွမ်းမောင်”

“မြလေး သားတွေကို မခွဲနိုင်ရင် ခေါ်ခဲ့ပါ။ ကိုယ် အရင်လို သဘောထား မသေးတော့ပါဘူး”

“ဒါပေမဲ့ ကျွန်မက အရင်လို ဆယ်ကျော်သက် ကလေးမလေး မဟုတ်တော့ ဘူးလေ။ ကျွန်မက အိမ် ထောင်သည် တစ်ယောက် ပါ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က အလွန် အဖိုးတန်မယ့် စကားတစ်ခွန်းဟာ ခုချိန်မှာတော့ အမှည့်လွန် သစ်သီး တစ်လုံးလို ပုပ်အဲ့ သွားခဲ့ပြီ။ တန်ဖိုးမဲ့ သွားတဲ့ အပြင် မသတီစရာ ဖြစ်သွား ခဲ့ရပါပြီရှင်”

မထင်မှတ်တဲ့ လက် သီးပုန်းတစ်ခုကို မကာကွယ် နိုင်လိုက်သူလို သူ့ မျက်နှာ ပျက်ယွင်း မှုန်မှိုင်းသွား တယ်။
“ကိုယ်က မင်းကြိုဆိုမယ် ထင်ထားတာ”
“အချိန် လွန်သွားခဲ့ပြီပဲ ကိုအံ့စွမ်းမောင်။ မသာယာတဲ့ အိမ်ထောင်ရေးဆိုပေမဲ့ မပြိုကွဲအောင် ထိန်းသိမ်းဖို့ တာဝန် ကျွန်မမှာ ရှိသေးတယ်။ မိသားစု အသိုက်အမြုံ မှာ ကွဲထင်နေတဲ့ အက် ကြောင်းတွေကြားကို သားလေးနှစ်ယောက် ညပ်ကျွံ သွားမှာမျိုး ကျွန်မ အဖြစ်မခံ နိုင်ဘူး။ သားတို့နှစ်ယောက် ရဲ့ ချစ်ခြင်း မေတ္တာနဲ့ပဲ အက် ကြောင်းတွေကို ပြန်ဖာထေး ရဦးမှာ”

“ဒါဖြင့်”

“ကျွန်မက မြန်မာ အမျိုးသမီး တစ်ယောက်ပါ ကိုအံ့စွမ်းမောင်”
ကြေကွဲဆွေးမြည့်သွားတဲ့ သူ့မျက်လုံးတွေထဲမှာ တဖြည်းဖြည်း ဆန့်ကျင် ဘက် အရောင်တွေ တဖျတ် ဖျတ်လက်လာတယ်။

“မင်းကို လေးစားသွား ပြီ မြဖူးခိုင်”

အခြေအနေကို သဘော ပေါက်သွားသလို စောဒက ထပ်မတက်တော့တဲ့ သူ့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အမှန်တော့ ကျောခိုင်း သွားတဲ့ သူ့ကျောပြင်နောက်မှာ တင်းတင်းစေ့နေတဲ့ တံခါးချပ်လေး တစ်ခု ကျန် နေခဲ့တာပါ။ တစ်ချိန်က ဟကြည့်မိတဲ့ တံခါးချပ် နောက်ကွယ်မှာ မချင့်မရဲနဲ့ သော့ခတ်ပိတ်ပစ်လိုက်ရတဲ့ အသည်းနှလုံးတစ်စုံရှိခဲ့ တယ်။ ခုတော့ လူမှုကျင့်ဝတ် စည်းဝိုင်းတစ်ခု အတွင်း က အသည်းနှလုံး တစ်စုံရှေ့ မှာ ဟခဲ့မိတဲ့ တံခါးတစ်ချပ် ဟာ တင်းတင်းပိတ်သွားခဲ့ ပြီးပါပြီ။

ဘာပဲဖြစ်ဖြစ် တံခါး တစ်ချပ်ဟာ ဟခဲ့တာဖြစ်စေ၊  ပိတ်ခဲ့တာဖြစ်စေ။ တံခါး နောက်မှာ အံဝှက်တစ်ခု ရှိမ နေတာကတော့ အသေအချာ ပါပဲ။ သူ့ကို တစ်ချိန်က ဟ ပေးခဲ့မိတဲ့ တံခါးတစ်ချပ် နောက်မှာ ရိုးသားတဲ့ ချစ် မေတ္တာတွေပဲ ရှိခဲ့သလို ခု ချိန်မှာ အသေအချာ စေ့ပိတ် သွားပြီဖြစ်တဲ့ တံခါးချပ် နောက်မှာလည်း သိုသိပ်တဲ့ အကျင့်သိက္ခာတွေပဲ ရှိပါတယ်။

မာနတွေ၊ အာဃာတ တွေလို မရိုးသားတဲ့ အံဝှက် တွေ တစ်ခုမှမပါတဲ့ တံခါး တစ်ချပ်ပါ။
သြော် သူက ပိတ်ထား တဲ့ တံခါးချပ်ကိုမှ တန်ဖိုး ထားချင်ခဲ့သူလေ။
+++++++
ဝေ၊စီးပွားရေးတက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

5 comments:

  1. ကောင်းတယ်အစ်မရေ.. တစ်ချို့ အမျိုးသားတွေဟာ ကိုယ့်အနားမှာရှိနေတဲ့သူတွေကိုတန်ဖိုးမထားတတ်ကြဘူး .. တကယ်ဝေးကွာသွားပြီဆိုမှ ပြန်လိုချင်တတ်ကြတယ်..

    ReplyDelete
  2. hi impressive blog.
    We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete
  3. ဆရာမရဲ့ အံဝှက်မပါတဲ့တံခါးလေးကို
    ရွှေအမြုတေမှာ ဖတ်ပြီးခဲ့ပါပြီ
    အိမ်ထောင်ရေးအဆင်မပြေလည်ပေမယ့်
    အိမ်ထောင်စုလေး မပျက်စီးသွားအောင်
    စောင့်ရှောက်မယ့် မယားဝတ္တရားကျေပွန်သူလေး
    မြဖူးခိုင်ကို လေးစားမိတယ်
    အရမ်းကြိုက်တယ်ဗျာ

    ReplyDelete
  4. ဇာတ်လမ်းလေးကောင်းတယ် ဝေရေ။
    အိမ်ထောင်တစ်ခုမှာတစ်ဦးအပေါ်တစ်ဦး
    နားလည်မှု ယုံကြည်မှုနဲ့ အနစ်နာခံမှုလေးတွေ
    သိုင်းခြုံထားမယ်ဆိုရင် အေးချမ်းပျော်ရွှင်စရာကောင်းတဲ့
    မိသားစုတစ်စုအဖြစ် ရေရှည်ရပ်တည်သွားနိုင်မယ်ထင်ပါတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. အရေးအသားကို အရမ်းသဘောကျတာပဲ...
    နှိုင်းသွားတာလေးတွေ သိတ်လှတယ်...
    ပညာလည်းပေးရင်း ဇာတ်သိမ်းသွားတာ ပိရိသေသပ်လိုက်တာ...

    ReplyDelete