ဆုံမှတ်မသိသော ဖြတ်မျဉ်း

  

ပတ်ဝန်းကျင် အရိပ်အာဝါသနှင့်ထပ်တူ ဒေါ်တင့်ရီရင်ထဲမှာ အေးမြကြည်စင်နေရသည်မို့ နိဗ္ဗာန်ဆော်ဒါနရှင် သူငယ်ချင်းကို ကျေးဇူးတွေ အတိုင်းမသိ တင်နေမိသည်။ သည်ပတ်ဝန်းကျင် သည်လို စိတ်ခံစားမှုတွေက သူငယ်ချင်းခင်လေးသာ လမ်းပြခေါ်ဆောင်မလာခဲ့ရင် ဒေါ်တင့်ရီဘဝနှင့် အအပ်အစပ် ကွာလှပါသည်။
        ငယ်သူငယ်ချင်းဆိုပေမယ့် ဘဝကို ကူးဖြတ်ရပုံချင်း ကွာလှသည်မို့ သက်တူရွယ်တူလို့ ပြောရင်တောင် မယုံချင်လောက်အောင် အသွင်သဏ္ဍာန်က ခြားနားနေပြီ။ 

 ဒေါ်တင့်ရီက ဘဝကို အလျားလိုက် ရေဆန်ကူးနေရသူလို ပင်ပန်းစွာအားစိုက်ခဲ့ရ သလောက် ဒေါ်ခင်လေး ကတော့ ရေစုန်ကို ထောင့်ဖြတ်ကူးသူပမာ သက်တောင့်သက်သာ တက်မလေးနှင့် ကမ်းရောက်အောင် ထိန်းသိမ်းလမ်းကြောင်းခဲ့ရုံသာ...။ ဒေါ်ခင်လေးအတွက် ဆိုက်ကပ်ရန် ကမ်းကလည်း အဆင် သင့်။ ဒေါ်တင့်ရီမှာသာ ခုအသက်အရွယ်ထိ ဘယ်သောင်ဘယ်ကမ်းမှာ နားရမည်မှန်းမသိ။
လမ်းပျောက်ပြီး ဝင်္ဂပါလှည့်နေတုန်း...။
           မမျှော်လင့်ပဲ ငယ်သူငယ်ချင်းနှစ်ယောက် ဇာတိမြို့ကလေးမှာ ပြန်ဆုံရတော့...၊ အိုမင်းရင့်ရော် မှုတွေ မေ့ပျောက်ပြီး ချက်ချင်းငယ်ဘဝပြန်ရောက်သလို နုပျိုလတ်ဆတ်သွားကြရ၏။
           ' နင်က ဘဝပေးကောင်းသလောက် ငါ့ဘဝကတော့ ပြောရမှာ အမောတွေချည်းပါပဲ ခင်လေးရယ်။ တိုတိုတုတ်တုတ်ပြောရရင် ငါ လင်ကံမကောင်းသလို သားသမီးကံလည်း မကောင်းပါဘူး။ ခုအရွယ်ထိ သားသမီးတွေက ငါ့ဆီက ဘာရဦးမလဲလို့  လက်ဖြန့်နေကြတုန်း...'
           ဒေါ်တင့်ရီ ပြောတာလည်း မမှားပါ။ မုဆိုးမဆိုသည့် အဖြစ်တစ်ခုကလွဲပြီး သူတို့နှစ်ယောက်ဘဝက အရှေ့နှင့် အနောက်ပမာ ဆန့်ကျင်ဖက်ဖြစ်နေသည်။ ငယ်စဉ်ဘဝက မိသားစုအနေအထားချင်း မကွာခြား လှပေမယ့် အရွယ်ရောက်စမှာ တစ်မိသားစုက စီးပွားတက်ပြီး မြို့ကြီးပြောင်းသွားသလို တစ်မိသားစုက စီးပွားပျက်ပြီး မြို့သစ်ဖက် ရွှေ့သွားရသည်။
  ဝေးကွာခဲ့သည့် သူငယ်ချင်းနှစ်ယောက် အဆက်အသွယ်ပြတ်ခဲ့သလို အနိမ့်အမြင့်အတက် အကျ လောကဓံက နှစ်ယောက်စလုံးကို မချန်ခဲ့ပါ။ မခင်လေးက မိဘပံ့ပိုးမှု၊ ကိုယ်တိုင်ကြိုးစားမှု၊ ကံတရားတွန်းပို့မှုတွေနှင့် သက်တောင့်သက်သာ အမြင့်ရောက်ခဲ့ပေမယ့် မတင့်ရီကတော့ မိဘမပြေလည် မှု၊ ကိုယ်တိုင်အားနည်းမှု၊ ကံတရားထိုးနှက်မှုတွေကြောင့် နိမ့်ပါးခဲ့ရသည်။
           ' ဒါပေမယ့် နောက်ဆုံးတော့ တို့တွေ ပြန်ဆုံရပြီ မဟုတ်လား တင့်ရီရယ်။ ငယ်ဘဝအစက ကစားဖော်၊ ကျောင်းနေဖက် တို့နှစ်ယောက်ဟာ ဘဝဆည်းဆာချိန်ကျတော့လည်း ဘုရားသွားဖော်၊ တရားဝင်ဖက် ဖြစ်ရမှာပေါ့။  ဒီမြို့ကို ပြန်ပြောင်းဖို့ အကြောင်းဖန်လာတဲ့ တို့ကလေးတွေ ကိုပဲ ကျေးဇူး တင်ရဦးမယ်....'
           ဒေါ်ခင်လေး၏သားက ရာထူးတက်ပြီး ဇာတိမြို့ကို ပြောင်းလာရသလို ဒေါ်တင့်ရီ၏ သားသမီးတွေက ပြဿနာထူ ကြွေးပူလွန်းသည့် မြို့သစ်မှရန်ရှောင်ပြီး မြို့ထဲကို ခေတ္တခိုဝင်လာခဲ့ရ၏။ မြို့ကလေးဆီ လာခြင်းကောင်းကောင်းမကောင်းကောင်း၊ သူငယ်ချင်းနှစ်ယောက် ပြန်ဆုံတွေ့ရတာကတော့ ကောင်းခြင်းမင်္ဂလာ တစ်ပါးဆိုတာ မလွဲနိုင်ပါ။
 အရွယ်အလျောက် ဝင်ရောက်နေသည့် ရောဂါတွေကလည်း တစ်ဝက်လောက်သက်သာ ရုံမက ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး အဘွားကြီးနှစ်ယောက် တတွဲတွဲနှင့် တစ်နေ့တစ်ခါမှ မတွေ့ရလျှင် နေမထိထိုင်မသာ ဖြစ်နေကြပြီ။ ဒေါ်ခင်လေး သားသမီးတွေက သူတို့အမေ ခုနစ်ဆယ်နားနီးကာမှ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း ဖြစ်လာတာမို့ ဝမ်းပမ်းတသာနှင့် ဒေါ်တင့်ရီကို ဆီးကြိုလက်ခံကြသလို ဒေါ်တင့်ရီ သားသမီးတွေကလည်း ပြည့်စုံသူ ဒေါ်ခင်လေးဆီက ဘာအထောက် အပံ့တွေ များ ရမလဲလို့ မျှော်ကိုးအားထားကြသည်။
           ဒေါ်တင့်ရီက အလုပ်သွား ရုံးသွားကြမည့် သားသမီး၊ မြေးတို့အတွက် ထမင်းဟင်း ချက်ပြုတ်ပြင်ဆင်ပေးပြီးသည်နှင့် ဒေါ်ခင်လေးအိမ်ကို သွားကာ တစ်နေကုန်နေသည်။ သူငယ်ချင်းနှစ်ယောက် အတူ ထမင်းစားသည်။ စကားလက်ဆုံပြောသည်။
  ပြည့်စုံသူ ဒေါ်ခင်လေးက သူ့သူငယ်ချင်းအတွက် အကျွေးအမွေး၊ အဝတ်အစားသာ မက နေမကောင်း လျှင်လည်း ဆေးဖိုးဝါးခအကုန်ခံကုပေး၏။ မြန်မာပြည်အနှံ့ ဘုရားဖူးထွက်လည်း ဒကာခံခေါ်သည်။ တရားစခန်းဝင်လည်း ဒကာခံကုသိုလ်ယူသည်။
ဒါနဲ့တင် အားမရသေးဘဲ ဒေါ်တင့်ရီ၏ အလုပ်လက်မဲ့ သားတစ်ယောက်အတွက် အရင်းအနှီးပါ ထုတ်ပေးထားသေးသည်။            
   သည်လိုနှင့် ဘဝအမောတွေကြားမှာ တစ်သက်တာ ထွေးလုံးနေရလို့ ဘုရားတရားမေ့နေ ရသည့် ဒေါ်တင့်ရီတစ်ယောက် သူငယ်ချင်း ဆွယ်တရားဟောကောင်းတာကြောင့် ဤအရိပ်မှာ ခိုဝင်မိခြင်းဖြစ်ပါသည်။
           ဒေါ်ခင်လေးက တရားစခန်းဝင်ကျင့် ရှိပြီးသားမို့ သူငယ်ချင်းကို ဖေးမလမ်းပြပေး၏။ သူဆောက်လုပ် လှူဒါန်းထားသည့် ဇရပ်အဆောင်မှာ နှစ်ယောက်သားနေရသည်မို့ သီးသီးသန့်သန့် အေးအေးချမ်းချမ်း လည်းရှိသည်။ ရေချိုးခန်း၊ အိမ်သာပါ တွဲလျက်ပါသည့်အပြင် ဒေါ်ခင်လေးတရားဝင်ချိန်မှာ အဆင်ပြေပြေ စားနိုင်သောက်နိုင်ဖို့ ငါးပိကြော်၊ ငါးခြောက်ကြော်၊ မိုင်လို၊ အိုဗာတင်းကအစ သားသမီးတွေက စီစဉ်ပေးလိုက်တာမို့ ဒေါ်တင့်ရီအဖို့ သူ့အိမ်မှာထက်ပင် သာလွန်ကောင်းမွန် နေသေးတော့၏။
           ကျောင်းပရဝုဏ်ကလည်း ကျယ်ဝန်းပြီး သစ်ကြီးဝါးကြီးများနှင့်အေးချမ်းလှသည်။ ယောဂီအားလုံး အယောက်နှစ်ရာလောက်ရှိပေမယ့် အသံဗလံ ဆူညံခြင်းမရှိ။ ပကတိ သူတော်စင်များနှယ် လှုပ်ရှားသွား လာပုံ ညင်သာသိမ်မွေ့ရုံမက တရားနားချိန်များမှာလည်း ဆရာတော်ဘုရား၏ စည်းစနစ်တကျ ဆုံးမသြဝါဒ များကြောင့် အိနြေ္ဒရရ နှုတ်စနည်းကြလေသည်။
 ကျောင်းဝန်းထောင့်က ယောဂီဇရပ်ဆောင်ကြီး နှစ်ဆောင်မှာ အမျိုးသားအမျိုးသမီး သီးသန့်ခွဲထားပေးပြီး ထိုဇရပ်ဆောင်ကြီးဘေးမှာတော့ သီးသန့်ဆောက်လုပ် လှူဒါန်းထားသော လုံးချင်းဇရပ်ဆောင်လေးများက အစီအရီ...။
  'အင်း....တရားစခန်းမှာတောင် ပိုက်ဆံရှိသူများကတော့ ကိုယ်ပိုင်လုံးချင်းဇရပ်တွေနဲ့ စမတ် ကျကျနေရတယ်။ သူလိုကိုယ်လို             လူတွေကတော့ အဆောင်ကြီးထဲ အရောရောအထွေးထွေးပေါ့...'
           တရားစခန်း အရိပ်အာဝါသမှာ ကြည်လင်ချမ်းမြေ့နေရာမှ ဒေါ်တင့်ရီ၏ အတွင်းစိတ်ထဲ ခိုအောင်းနေသော အချဉ်ဓါတ်က အမှတ်မထင် ခေါင်းပြူလာတာကြောင့် လွှတ်ကနဲ ပြောထွက်သွားရ၏။
           ဒေါ်ခင်လေးက သူငယ်ချင်းကို သနားကြင်နာစွာ ကြည့်ရင်း နားလည်ပေးလေသည်။
           ဒါကြောင့်လည်း ဒီသူငယ်ချင်းကို ဘဝအပူမီးတွေကြားက ဆွဲခေါ်ပြီး အအေးဓါတ် မျှဝေခံစားစေရခြင်း ဖြစ်၏။ တစ်သက်လုံး စားဝတ်နေရေးအတွက် ပင်ပန်းစွာ ရှာဖွေရုန်းကန်ခဲ့ရသည့်အပြင် လင်ယောက်ျားကလည်း ဆိုးသွမ်း၊ သားသမီးတွေကလည်း မလိမ္မာကြတော့
လောကကြီးအပေါ် အချဉ်ဓါတ်ဖုံးနေပြီး အဆိုးမြင်စိတ်သာ ရှေ့ဆောင်နေခဲ့ပြီ။
           သားသမီးငါးယောက်ရှိပြီး တစ်ယောက်တစ်ပေါက်၊ ငါးယောက်ငါးပေါက် ဆိုသလို စည်းလုံးညီညွတ်မှု မရှိ။ တစ်အိမ်တည်းနေပြီး
သူတစ်လူ ငါတစ်မင်း အော်ဟစ် ရန်ဖြစ်ကြ၊ သတ်ပုတ်ကြ။ အိမ်ထောင်ကျသူ ကလေးရသူတွေနှင့် လူဦးရေကျပ်ညပ်လာပြီမို့ အိမ်ခွဲနေကြဖို့ ပြောလည်း အပိုငွေ ကုန်ရမှာကြတော့ တစ်ယောက်မှ မလှုပ်ကြတော့။
           ဒေါ်ခင်လေးက သူငယ်ချင်းကို အိမ်ခေါ်ထားမယ်ဆိုပြန်တော့ ချက်ရေးပြုတ်ရေးမှာ ဒီမအေအိုကြီး အကူအညီကို လက်လွှတ်မခံနိုင် ကြသေးပြန်။ မနက်စာ ချက်ပြုတ်ပေးပြီးမှ သူငယ်ချင်းအိမ် နေ့လည်ခဏသွားနေ၊ ညနေစောင်းကျ ညစာချက်ပြုတ်ဖို့အမီ ပြန်လာရသေး၏။
ခုလို တရားစခန်း ခေါ်လာတာတောင် မတတ်သာလို့ ထည့်လိုက်ရပုံမျိုး..။
           ခေါ်လာသည့် ဒေါ်ခင်လေးအပေါ်မှာတောင် အခွင့်အရေးယူလိုစိတ်နှင့် တရားစခန်းထိ လိုက်လာပြီး ဒေါ်တင့်ရီကို အိမ်လခ အြေ<ွကးတွေ အတင်းလာတောင်းနေကြောင်း၊ မပေးနိုင်ရင် ချက်ချင်းဆင်းပေးရမယ် ဆိုကြောင်း ငိုယိုပြီး လာတိုင်တည်နေကြသေး၏။
           ဒေါ်ခင်လေးက ဒီအသက်အရွယ်ထိ မအေးချမ်းနိုင်သေးသည့် သူငယ်ချင်းကို သနားလွန်းလို့ တရားစခန်းမှာ လှူဖို့တန်းဖို့ ထည့်လာသည့် ငွေထဲကထုတ်ပြီး ပေးလိုက်သည်။ ဒေါ်တင့်ရီကမူ သည်ယုန်မြင်၍ သည်ခြုံထွင်သော သူ့ကလေးတွေအကြောင်း သူအသိမို့
သားသမီးတွေကို ဒေါသလည်းထွက်၊ သူငယ်ချင်းကိုလည်း အားနာလှသည်။
           ဒီအထိလိုက်ပြီး ဒုက္ခပေးသည့် သူ့သားသမီးတွေနှင့် ခင်လေးသားသမီးတွေကို ယှဉ်ကြည့်ပြီး ကံမကောင်းသည့် သူ့ဘဝသူ ဝမ်းလည်းနည်း မကျေမချမ်းလည်း ဖြစ်ရသည်။ ဒေါ်ခင်လေး သားနှင့်သမီး ကတော့ အမေဖို့ ဟင်းလာပို့ရတာနဲ့၊ သောက်နေကျဆေးကုန်မှာစိုးလို့ ဖုန်းဆက်မေးရတာနဲ့၊ ညဖက် ဖျော်ရည်ပို့ပေးရတာနဲ့...။ ဒေါ်ခင်လေးက အနှောင်အတွယ်ကင်းကင်း တရားထိုင်ချင်လို့
မလာပါနဲ့ ဆိုပြီး အတင်းတားရသည်။ ကွာလိုက်သည့် အဖြစ်။
           ဘာပဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်း စိုစိုပြေပြေနှင့် ပြည့်ဝရင့်ကျက်သော ဒေါ်ခင်လေးကို ဒေါ်တင့်ရီက အားကိုးတွယ်တာသလို နွမ်းယဲ့ယဲ့ မှိန်ဖျော့ဖျော့နှင့် လှုပ်ခတ်အားငယ် တတ်သော ဒေါ်တင့်ရီ ကိုလည်း ဒေါ်ခင်လေးက သနားကြင်နာလှလေသည်။
ဘုန်းကြီးကျောင်းဝင်းနှင့် ခပ်လှမ်းလှမ်း လက်ဖက်ရည်ဆိုင်လေးကနေ ခပ်သုတ်သုတ် ပြန်လျှောက် လာရင်း ဒေါ်တင့်ရီ ပတ်ဝန်းကျင်ကို ကျီးကြည့်ကြောင်ကြည့် ဝေ့ကြည့်ရသေး၏။ ယောဂီဝတ်စုံကြီးနှင့် သူ့ကို အပြင်က ပြန်လာတာမြင်ရင် ဆရာတော်ကများ ဆူလေမလား။ တခြားယောဂီတွေကများ စပ်စုကြမလား။ သူငယ်ချင်းကပဲ အပြစ်တင်လေမလား။ ကိုယ့်အပြစ်နဲ့ကိုယ် မလုံလဲလှပါ။
 တရားခဏနားချိန်မှာ တစ်ရေးမှေးနေသည့် သူငယ်ချင်းမသိအောင် အသာထွက်လာ ခဲ့တာမို့ ဒေါ်ခင်လေးမနိုးခင် ပြန်ရောက်ဖို့ကအရေးကြီးသည်။ နို့မို့ဆို အကြောင်းပြစရာက သိတ်မရှိ။ အိမ်သာကလည်း အခန်းနှင့်တွဲရက်။ သောက်စရာဖျော်ရည်ကလည်း အပြည့်အစုံ ဆိုတော့ အပြင်ထွက်စရာ အကြောင်းက ဘာမှမရှိ။ 
 သို့ပေမယ့် ဒေါ်တင့်ရီမှာ မနက်စောစောက အိမ်လခလာတောင်းသွားသည့် သမီးလက်ထဲ ကို ဒေါ်ခင်လေး မသိအောင် တိတ်တဆိတ် ထည့်ပေးလိုက်သော စာရွက်လေးထဲက ဂဏန်းတွေရဲ့ အဖြေကို သိချင်လှပြီ။
 ညက အိပ်မက်ကောင်းလို့ အတိတ်ကောက်ကြည့်တော့ ထုံးစံအတိုင်း အတွေးထဲမှာ ဂဏန်းလေးတွေ တန်းစီနေကြသည်။
မျက်စိမှိတ်တိုင်းလည်း မှောင်နေသည့် အမြင်အာရုံထဲမှာ အလင်းတန်းရောင်စုံက ရုပ်ရှင်ပိတ်ကားထက် ဆလိုက်ထိုးပြနေသလိုမျိုး အဲဒီဂဏန်းတွေချည်း မြင်နေရသည်။
           အာရုံ အရမ်းမိနေသည်မို့ လက်လွတ်မခံချင်စိတ် ပြင်းထန်နေတုန်း သမီးရောက်လာတာမို့ စာရွက်ထဲ ချရေးပြီး ' ထုံးစံအတိုင်း လုပ်ထားလိုက်...' လို့ တိုးတိုးမှာလိုက်ရ၏။
သူတော်ကောင်းမကြီး သိသွားရင် အံ့သြဘနန်းဖြစ်ပြီး စုတ်တသတ်သတ် သနားနေဦးမည် မလွဲ။ အေးချမ်းစေချင်လို့ တရားရိပ်ခေါ်လာတာတောင် လောဘမီးမသတ်နိုင်ပါလား ဆိုပြီး အထင်သေးစိတ်ပျက်သွားမလားလည်း မဆိုနိုင်။ ဒါကြောင့်လည်း အဖြေသိချင်စိတ်ကို တိတ်တဆိတ် အပြင်ထွက်ပြီး သတင်းမေးရခြင်းဖြစ်သည်။ စိတ်စောပြီး နာရီမကြည့်ပဲထွက်သွားမိတာ အချိန်က မကျသေးတော့ အဖြေမသိခဲ့ရ။
 ဒေါ်တင့်ရီ ဇရပ်ဆောင်အခန်းထဲ ခြေဖွဖွနင်းဝင်သွားတော့ ဒေါ်ခင်လေးက ပြောလက်စ ဟမ်းဖုန်းလေးကို ' ဒါပဲနော်' ဆိုပြီး စကားစသတ်ရင်း ပိတ်ပစ်လိုက်ပြီ။ တော်သေးတာက ပြောပြီးဆိုပြီးကာ မှ ဒေါ်တင့်ရီ ပြန်ရောက်လာလို့ပေါ့။
အမှန်က ဒေါ်ခင်လေးသားသမီးတွေမှာ အမေ့အ ပေါ် သိတတ်လိမ္မာသလောက် ချို့ယွင်းချက်လေး တစ်ခုတော့ ရှိ၏။
 သမီးအပျိုကြီးက မီးဖိုချောင်နိုင်နင်းပြီး ပစိပစပ်မများတတ် သလို၊ ချွေးမကလည်း ရေခဲတုံးငုံထားသလား ထင်ရလောက်အောင် အနေအေးပေမယ့်...  

' ငယ်ငယ်တုန်းကသာ ဒီလောက် အတွက်အချက် စိတ်ဝင်စားခဲ့ရင် သချာင်္ဂုဏ်ထူးတွေ တန်းစီနေကြမှာပဲ...' လို့ သားက သူ့အမနဲ့မိန်းမကို ချစ်စနိုး စနောက်နေရသည့် ဝါသနာဆိုးတွေတော့ ရှိကြသည်။
 တတွတ်တွတ်နှင့် တွက်ကြချက်ကြ၊ အတွဲညီကြလွန်းသည်ကတော့ ဒေါ်ခင်လေးဘယ်လိုမှ တားဆီးလို့မရနိုင်။
'ဘာပဲဖြစ်ဖြစ် ဒါလေးတစ်ခု စိတ်ဝင်စားစရာ ရှိနေကြလို့များ သမီးယောက်မနှစ်ယောက် တည့်နေကြတာ များလား...' လို့ သားကတွေးတွေးဆဆပြောတော့လည်း ဟုတ်နေသလိုလို။
 သူတို့မှာ အချင်းချင်း မနာလို၊ တွက်ကပ်ပြီး ရန်ဖြစ်ဖို့ အချိန်ကသိပ်မရှိ။ တစ်နေ့တစ်နေ့ ကိုယ့်အိပ်မက် သူ့အိပ်မက် အပြန်အလှန်ပြောကြ၊ အတိတ်ကောက်ကြ၊ သူနည်းကိုယ့်နည်း ဖလှယ်ကြနှင့် အင်မတန် စည်းလုံးကြသည်။ တစ်ခါတစ်ရံ အမေ့ဆီမှ အိပ်မက်ဆန်းများ ကိုပင်မေးမြန်းကာ အဆင်ပြေ သွားကြ တာတွေတောင် ရှိဖူး၏။ နောက်ပိုင်းတော့ ဒေါ်ခင်လေးကလည်း အိပ်မက်ဆန်းရင် ပြောပြမိသည်အထိ လိုက်လျောရတော့သည်။ သို့ပေမယ့် အလွန်အကျွံမဖြစ်အောင်တော့ ဒေါ်ခင်လေးက သတိပေးနေ ရ၏။
           သူငယ်ချင်း ဒေါ်တင့်ရီကိုတော့ ဒီအကြောင်းတွေ မသိစေချင်။ သူ့သားတစ်ယောက် လောင်းကစား ဝါသနာကြီးလွန်းလို့ အလုပ်မလုပ်၊ စီးပွားရေးစိတ်မဝင်စားတာ ကို ဒေါ်ခင်လေးကပဲ ပြောဆိုဆုံးမပြီး ငွေ အရင်း ထုတ်ပေးထားသေးသည်လေ။ 
           ဆုံးမစကား ပြောထားသည့် လူကြီးက ' ငါပြောသလိုလုပ်၊ ငါ့ကလေးတွေလို မလုပ်နဲ့...' ဆိုသလိုမျိုး ဖြစ်နေမှန်းသိသွားရင် သိက္ခာကျမည် မဟုတ်လား။ ဒါကြောင့် သူငယ်ချင်းဒေါ်တင့်ရီကို အတွင်းသိအစင်းသိ ဆိုသလောက် ပေါင်းဖြစ်ပေမယ့် ဒီကိစ္စကိုတော့ အသိမခံခဲ့။
           ဒေါ်ခင်လေးက တရားစခန်းဝင်တိုင်း တရားထိုင်ရုံမက တရားစခန်းအတွက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုရည်..အလျဉ်းသင့်သလို လှူဒါန်းနေကျဖြစ်သည်။ ဒီတစ်ပတ်တော့ လှူနေကျ တရားစခန်းအလှူမဟုတ် ဘဲ အပြင်အလှူတစ်ခု လုပ်ဖြစ်၏။ သူငယ်ချင်း ဒေါ်တင့်ရီ၏ အိမ်လခကြွေးပေးရန် ငွေ အလှူ။ လေးသောင်း ငါးထောင်တိတိ။
           လှူပြီးကတည်းက ဒီငွေပမာဏကို မှေးကနဲအိပ်ပျော်လည်း အိပ်မက်ထဲ မြင်သည်။ ညတိုင်းလည်း အိပ်ဖို့ မျက်လုံးမှိတ်လိုက်တိုင်း တဖျတ်ဖျတ် ပေါ်လာသည်။ ဒါနဲ့ပဲ မနေနိုင်သည့်အဆုံး ဒေါ်တင့်ရီအလစ်မှာ ပါလာသည့်ဟမ်းဖုန်းလေး ထုတ်ပြီး သမီးကိုဆက်ရခြင်းဖြစ်၏။
           ဒေါ်ခင်လေးကလည်း သူ့လျှို့ဝှက်ချက်နဲ့သူ ဒေါ်တင့်ရီ ဘယ်သွားတာလဲ စိတ်မဝင်စားနိုင်။ မေးဖို့လည်း သတိမရ။
  ဒေါ်တင့်ရီကလည်း သူ ခိုးကြောင်ခိုးဝှက် ကျောင်းအပြင်ထွက်သွားတာ ဒေါ်ခင်လေး မေးလေမလားဆိုပြီး တထိတ်ထိတ်နှင့်မို့ ဒေါ်ခင်လေးဖုန်းဆက်တာကို မြင်ပေမယ့် လောကဝတ်လုပ်ပြီး မေးဖို့တောင် သတိမဝင်။ အမ်းတမ်းတမ်းနှင့် အခန်းထဲဝင်ထိုင်ရင်း လုပ်မိလုပ်ရာ ခေါင်းရင်းမှာချိတ်ထားသည့် ဒေါ်ခင်လေး ဘုရားရှိခိုး အမျှဝေပြီး ထုနေကျ ကြေးစည်လေးကို လက်ဖြင့် လှည့်နေမိသည်။
           ဒီအချိန်မှာပဲ ဒေါ်ခင်လေး၏ ဟမ်းဖုန်းလေးက ရုတ်တရက် ထမြည်တာကြောင့် နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ဖြတ်ကနဲ လှမ်းအကြည့်....။
           ဒေါ်တင့်ရီ ယောင်ယမ်းပြီးလှည့်နေမိသော ကြေးစည်လေးက ကြိုးပြတ်ပြီး ' ဒူဝေ..ဝေ..' မြည်သံ အမှန်မထွက်နိုင်ပဲ ကြမ်းပြင်ပေါ် ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားလေတော့၏။

------------                                   
                                         
ဝေ(စီးပွားရေးတက္ကသိုလ်)
          
         

          

1 comment:

  1. အသက်တွေကြီးလာတာတောင် အပူမီး မငြိမ်းနိုင်တဲ့ လူကြီးနှစ်ယောက် ဘ၀ကို နှိုင်းယှဉ်ရေးသွားတာ နှစ်သက်စရာ မမဝေ..။ တစ်ယောက်က ဖွင့်အံပြီး သူ့ သောကကို သူများကို မျှဝေတယ်။ ကျန်တစ်ယောက်က အပူရုပ် ဟန်လုပ်၊ လူမသိအောင် ဖုံးဖိရတယ်။ ဒုတိယတစ်ယောက် ဘ၀က ပိုစိတ်ကျဉ်းကြပ်နေမလားပဲနော်။

    ReplyDelete