ဆက်ထုံးများ၏ အဆုံးသတ်

       
     
        သံယောဇဉ်တစ်ခု၏ ဆွဲငင်အားသည် အရာအားလုံးကို ကျော်လွှားနိုင်လေသလား။
        ကျောခိုင်းကာ အိမ်တံခါးဝဆီ လျှောက်သွားနေသော အရိပ်သေးသေးလေးက အသံတစ်သံကြောင့် ဆတ်ကနဲ ရပ်သွားကာ လည်ပြန်လှည့်လာသည်။
          “ စုစု... အင့်ဟင့်ဟင့်...မသွားရဘူး... စုစု...”
         လက်ဆန့်တန်းကာ အာခေါင်ခြစ်ပြီး စိုးရိမ်တကြီးအော်ဟစ်လိုက်သော သမီးလေးအသံကြောင့် အထွဋ်အထိပ်ရောက်နေသည့် သူမ၏ဒေါသများကလည်း ရုတ်တရက် ခါးပြတ်သွားရ၏။
       သမီးအသံက စိုးရိမ်တကြီး...၊ အထိတ်တလန့်။ သူမြတ်နိုးသော အရာတစ်ခုကို ဆုံးရှုံးသွားမှာ ပူပန်နေသလိုမျိုး...။
         “ ပုံပုံလေး... အီးဟီးဟီး...ပုံပုံရယ်...စုစုလည်း မသွားချင်ပါဘူး.. အီးဟီး...”
          ပြန်လှည့်ပြေးလာသော အရိပ်သေးသေးလေးသည် အရိပ်ပိစိကွေးလေး ဘေးနား၌ ဒူးထောက်ထိုင်ချလိုက်ကာ အရိပ်နှစ်ခု ပူးကပ်သွားကြ၏။ ပိစိကွေးလေးမျက်ရည်ကို သုတ်ပေးနေသော အရိပ်ကလေးက တသိမ့်သိမ့်ရှိုက်ငင်နေဆဲ...။
          ကလေးနှစ်ယောက်ကို ကျောခိုင်းထားသော နန်းမြအေးသည် နံရံပေါ်မှအရိပ်ကလေးများ၏ သံယောဇဉ်ကြိုးကို လှည့်မကြည့်သော်လည်း ကွက်ကွက်ကွင်းကွင်းမြင်နေရလေသည်။ သူတို့နှစ်ဦး၏ သံယောဇဉ်ကြိုးတုံ့ဆွဲနေကြပုံက ဒေါသကြောင့် ထုံပေပေဖြစ်နေသော သူမကိုပင် ထိထိခိုက်ခိုက် လှိုက်တက်သွားစေရ၏။
          သံယောဇဉ်ဟူသည်... တွယ်တာနှောင်ဖွဲ့ခြင်းဟု သေချာလာသည့်တစ်နေ့မှာတော့ အဲဒီနွယ်ကိုဖြတ်ဖို့ သူမကြိုးစားရတော့မည်။
                                                      xxxxxx
        
        အထပ်ထပ်ရစ်ပတ်မိလေသော ကြိုးတစ်ချောင်းကတော့ဖြင့် ဖြေလျှော့ရန်ခက်တော့မည်မှာ အသေအချာပါ။
သံယောဇဉ်ဆိုသည့် ကြိုးက ဆက်ထုံးဘယ်လောက်များများ ပြတ်ရန်ကတော့ ခက်သည်ပါပဲ။
         သို့ပေမဲ့ အခါခါဆက်ခဲ့ရသော ကြိုးတစ်ချောင်းမည်သည် ဆက်ထုံးပြေသည်နှင့်ပင် ပြတ်ရရိုးမဟုတ်ဘူးလား။
ဘယ်လောက်ပဲပြန်၍ ဆက်နိုင်သည်ပင်ဆိုစေဦး။ ဆက်ထုံးဗလပွတွေက ပြေကျနေသမျှ လိုက်ဆက်ရသည်မှာ ကြာတော့လည်း လက်ပန်းကျပေမည်ပေါ့။
          “ ဒီတစ်ခါနောက်ဆုံးပဲနော် မိစု။ နောက်တစ်ခါထပ်ဖြစ်ရင်တော့ သိကြားမင်းကြီးဆင်းတားတောင် မရတော့ဘူး။
       ခုလည်း သက်လုံးပုံကိုသာ ညည်းကျေးဇူးတင်...။ သူ့ကြောင့်မို့မဟုတ်ရင် ငါ ညည်းကို ပြန်လက်ခံမှာ မဟုတ်ဘူး...”
       သူမစကားကြားတော့ မျက်ရည်များနှင့်စိုစွတ်နေသော မှုန်ရီရီမျက်ဝန်းလေးတစ်စုံက ဖျတ်ခနဲ တလက်လက် တောက်ပ သွားလေသည်။ နန်းမြအေးရင်ထဲတွင် တနင့်နင့်နှင့် သနားဝမ်းနည်းနေသော်လည်း မျက်နှာကို ခပ်တည်တည်တင်းထားရသေး၏။
       မတင်း၍လည်းမဖြစ်ပါ။ မျက်နှာသာပေးသည်နှင့် ရွှေရေးပန်းကန်တက် လုပ်တတ်လွန်းသည်လေ။
       ခုပဲကြည့်...။ သည်လို ခိုးမှုအသေးစားလေးတွေကို ခွင့်လွှတ်လာတာ အကြိမ်များပြီဆိုတော့ ဒါမျိုးဆို ကျိန်းသေပေါက် လွတ်မည်ဆိုတာ ကလေးမကတွက်ပြီးသား။
       အိမ်မှာ သည်လောက်အလျှံပယ် ကျွေးထားသည့်ကြားက သကြားလုံးကအစ ကြောင်အိမ်ထဲက ဟင်းအထိပါ ခိုးစားချင်ရသေး၏။ မိလျှင်လည်း လိမ်ညာလိုက်သည်မှာ ပုဆိန်ကိုပင်အပ်ဖြစ်အောင် မျက်စေ့စုံမှိတ် ငြင်းတော့မည်။
       အဲသည်လို အကျင့်ဆိုး၊ ဗီဇဆိုးတွေကို သမီးလေးဆီ ကူးစက်မည်စိုး၍လည်း သည်ကလေးမကို အိမ်မှာခေါ်ထားဖို့ ကြီးကြီးကို သူမ အတန်တန်ငြင်းခဲ့ရသည်ပေါ့။
       “ သုံးကြည့်စမ်းပါဦး တူမကြီးရယ်...။ ငါ့တူမ တစ်ယောက်တည်း ချက်ရပြုတ်ရ၊ လျှော်ဖွပ် ကလေးထိန်းရနဲ့ ပင်ပန်းလွန်းတာကို ကြီးဒေါ်က မကြည့်ရက်လို့ပါအေ။
          ရန်ကုန်မှာက အိမ်ဖော်ရှာရတာလည်း ခက်တယ်မဟုတ်လား။ သမီးအမေကလည်း အသန့်အပြန့်ကြိုက်တော့ ချက်ဖို့ပြုတ်ဖို့က ကိုယ်တိုင်မှစိတ်တိုင်းကျတာဆိုတော့ လူကြီးထဲကလည်း မလိုဘူးလေ။ ဒီအရွယ်လေးတွေက ပုံသွင်းရလွယ်တယ်။ ငယ်ငယ်ကတည်းက မွေးထားရင် ကြီးလာတော့ အားကိုးရတာပေါ့။
          သန့်ပြန့်မှုကတော့ ကိုယ်ကြိုက်သလို ပုံသွင်းလိုက်ရင် ရပါတယ်အေ။ ရွှေပင်နားတော့ ရွှေကျေးပေါ့။
       သုံးကြည့်ပါဦး။ လက်တိုလက်တောင်း အသုံးတည့်မှာပါ...”
      အ၀တ်အစားသစ်တွေနှင့်ပေမယ့် ချဉ်တူးတူး၊ ညစ်စုတ်စုတ်၊ နှပ်တရှုံ့ရှုံ့ဖြစ်နေသော ဆယ်နှစ်အရွယ်ချာတိတ်မလေးကို ကြီးကြီးပြောသလို အရှည်မျှော်တွေးပြီး သူမ မည်သို့မျှ အားကိုးကြည့်၍ မရပါ။ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ကြီးကြီးက ၀ယ်ဆင်ပေးထားသည့် ၀တ်စုံသစ်တွေက နယ်မှရန်ကုန်အလာ ခြောက်နာရီကျော်စီးရသည့် ကားပေါ်မှာ မူးပြီးအကြိမ်ကြိမ်အန်လာသည်မို့ ချဉ်စုတ်စုတ်အနံ့ထွက်နေပြီ။ မည်းတူးတူး ရုပ်ဆိုးဆိုးလေးက မူးဝေပြီး နှာရည်တွေပါ
ထွက်နေတော့ ဆံပင်စုတ်ဖွားနှင့် မျက်လုံးကြောင်တောင်လေးက ရယ်စရာပင် ကောင်းသေးတော့...။
           “ စိတ်ကူးမလွဲနဲ့ မိရွှေနန်း။ ပြီးမှ ကျုပ်ကို ကျေးဇူးတင်နေမှာနော်။ အနည်းဆုံး ငါ့မြေးမလေး သက်လုံးပုံကို ကစားပေးဖို့ အဖော်ရတယ်အေ့။ တစ်ဦးတည်းသောသမီးဆိုတော့ သူ့ခမျာ အဖော်ငတ်နေရှာတာ။ ကလေးထိန်း၊ ပန်းကန်ဆေး၊ တံမြက်လှည်း၊ ကြမ်းတိုက်၊ သေချာသင်ပေးရင် သန့်ရှင်းရေးကိစ်္စတော့ ငါ့တူမသက်သာတာပေါ့။ ကုသိုလ်လည်း  ရပါတယ်ကွယ်။ ဒီကလေးမက မိဘမရှိတော့ဘူး။ အဒေါ်တွေအဘွားတွေနဲ့ နေရတာ။ ဆင်းရဲကြတော့ ငတ်တစ်လှည့် ပြတ်တစ်လှည့်ရယ်။ တူမကြီးတို့အိမ်မှာက စားမကုန်လို့ လွှတ်ပစ်ရတာတွေတင် နည်းသလား။
           ကြီးကြီးလာတိုင်း အဲဒါတွေမြင်ရတာ သိတ်နှမြောတာပဲ။ ဒီလို စားရမဲ့သောက်ရမဲ့လေးခေါ်ပြီး ကျွေးမွေးထားတာနဲ့တင် ကုသိုလ်ရနေပါပြီအေ။ အစားအသောက်က သီးသန့်ပိုမကုန်ပါဘူး။
         လခလည်းပေးစရာမလိုတော့ အ၀တ်အစားလေးပဲ ဆင်ရုံရှိတာပဲ။ မကြိုက်ရင်လည်း ဖုန်းသာဆက်လိုက်၊ ပြန်လာခေါ်ပြီး ကြီးကြီးပဲမွေးလိုက်တော့မယ်။ ခု ကြီးကြီးအိမ်မှာက ကောင်မလေးတွေများနေလို့..။ နို့မို့ဆို သူကလေးကို ခေါ်ထားလိုက်ချင်တာ..။ သနားစရာပါကွယ်...”
         သည်လိုကလေးမျိုးတွေအတွက် စေတနာ့ဝန်ထမ်းလုပ်ကာ ထမင်းအိုးတည်ပေးတတ်သည့် ကြီးကြီးစေတနာကလည်း ဆန်းတော့ဆန်း၏။ သူမို့ အပင်ပန်းခံ၊ စရိတ်အိတ်စိုက်ကာ ခိုကိုးရာမဲ့နေသည့် သည်လိုကလေးမမျိုးတွေကို မိတ်ဆွေတွေ၊ အမျိုးတွေအိမ်ကို လိုက်ပို့ပေးတတ်သည်။ ကံစပ်၍များ နှစ်ဦးနှစ်ဖက်အဆင်ပြေသွားလျှင် အိမ်ရှင်ကလည်း စိတ်ချမ်းသာ၊ ကလေးမတွေလည်း နားခိုရာလေးရ။ ကျေးဇူးတင်ကြသည်ပေါ့။
             အဆင်မပြေလျှင်တော့လည်း အိမ်ရှင်က တညည်းညူညူတိုင်သည့် အပြစ်စကားတွေကို လိုက်ဖြေရှင်းပေးရ၏။ ဘယ်လိုမှညှိမရလျှင်တော့ ပြန်သွားခေါ်၊ နောက်တစ်အိမ်ထပ်ပို့နှင့်..။ ကြီးကြီးမို့ပဲ ဒုက်္ခခံနိုင်ရှာသည်။
             တစ်ခါတစ်ရံ ကြီးတော်အိမ်က ဒုက်္ခသည်စခန်းလို လူစည်ကားနေတတ်ပါ၏။ ကြီးကြီးက သူ့အိမ်မှာ စားစရာ၊ အိပ်စရာလေးတော့ မငြိုမငြင်ပေးထားတတ်သည်မို့ ကြီးကြီးသတင်းကြားသည့် ဆွေမျိုးနီးစပ်တော်သော ဒုက်္ခရောင်စုံတောမှ ကလေးမတစ်ချို့ကလည်း အလုပ်ရှာကြဖို့ ကြီးကြီးအိမ်မှာ စခန်းချတတ်သည်လေ။
             အနည်းဆုံး ကြီးတော်၏စေတနာကိုတော့ လေးစားရပါသည်။
             “ ပရဟိတဆိုတာ ဆိုင်းဘုတ်ကြီးအောက်ဝင်မှ၊ အုပ်စုလိုက်သွားလာ အချိန်ပေးနိုင်မှ၊ ငွေကြေးသိန်းသန်းချီ အကုန်ခံနိုင်မှရယ် မဟုတ်ပါဘူးကွယ်။ ကိုယ့်အတ်္တကို ဖယ်ခွာပြီး ကိုယ့်ပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ လက်လှမ်းမီသလောက်ကို အကျိုးရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ရင်လည်း ပရဟိတလုပ်တာပါပဲ...” ... ဟု ကြီးတော်က ကြွေးကြော်နေကျ။
        သည်လိုနှင့် သူမ၏ဂေဟာကလည်း ကြီးတော်အကျိုးဆောင်မှုနှင့် စုစုတစ်ယောက်စာ ပရဟိတဂေဟာ ဖြစ်လာရ၏။
        အမှန်တော့ စေတနာခေါင်းပါးသူအဖြစ် ကိုယ့်ပုံရိပ်ကို ကိုယ်မမြင်လို၍သာ ဆက်မငြင်းဘဲ လက်ခံလိုက်ရခြင်းဖြစ်သည်။ ဆယ်နှစ်ကျော်ကျော် ဥမမယ်စာမမြောက်ကလေးကို ဘယ်နေရာသွား ခိုင်းရက်ပါမည်နည်း။
        ပထမဦးဆုံး သူမတို့နှင့် တစ်အိမ်သားတည်း အတူနေထိုင်မည့် ကလေးမလေး၏ တစ်ကိုယ်ရေသန့်ရှင်းရေးတာဝန်က သူမခေါင်း ပေါ် အရင်ကျလာသည်။ ဆယ်နှစ်ကျော် အရိုးစွဲလာသည့် နေထိုင်မှုစရိုက်ကို ရုတ်တရက်ပြောင်းလဲဖို့ရာမှာ ထင်သလောက်မလွယ်လှပါ။
        အိမ်သာဝင်ပြီးတိုင်း အထွက်မှာ ဆပ်ပြာနှင့် လက်ကို စင်ကြယ်အောင်ဆေးဖို့ ဘယ်လောက်ပြောပြော၊ နှပ်တွေကို ရေချိုးတုန်း သေချာဆေးကြောထားပြီး ခဏခဏ နှာခေါင်းမနှိုက်ဖို့ ဘယ်လိုသင်သင်၊ စားသောက်စရာတွေ ကူညီကိုင်တွယ်နေချိန်မှာ ခေါင်းကုတ်၊ဖင်ကုတ် မလုပ်မိစေဖို့ ဘယ်နှစ်ကြိမ်တားတား။ ကလေးမက မျက်နှာလွှဲသည်နှင့် လုပ်ချင်ရာလုပ်တတ်သူသာဖြစ်သည်။
            ရေချိုးလျှင်လည်း ငုတ်တုတ်ထိုင်စောင့်ကာ ချောင်ကြိုချောင်ကြားမကျန် ဆပ်ပြာတိုက်ပြီး သေချာချေးတွန်းဖို့ နှိုးဆော်ရ၏။ သွားကိုလည်း နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် တိုက်ပုံတိုက်နည်းကအစ နည်းပြလုပ်ပေးရ၏။ ယုတ်စွအဆုံး အိမ်သာတက်လျှင်ပင် တောသူမကို ဗိုလ်ထိုင်အိမ်သာ သုံးတတ်ဖို့နှင့် သန့်ရှင်းရေးလုပ်ရမည့် ရေပန်းသုံးပုံကအစ သရုပ်ပြရသေး၏။
        ကိုယ်သက်သာဖို့က ဘယ်ဆီမသိသေး။ သူ့ သင်တန်းပေးနေရတာနှင့်ပင် အချိန်လည်းကုန်၊ စိတ်လည်းပင်ပန်း။
        သမီးလေးနားကို ကပ်ခိုင်းဖို့က တော်ရုံ သန့်ရှင်းရေးနှင့်မရသည်မို့ အကျင့်ဟောင်းတွေ ပျောက်သည်အထိ စောင့်ကြည့်ဆော်သြရသည်ကပင် အလုပ်တစ်ခုလို ဖြစ်နေသေးတော့သည်။
                                 xxxxxx
          

       တကယ်တမ်းတွင်တော့ ကိုယ်တိုင် အပင်ပန်းခံ ပုံသွင်းပြီးသား ကလေးမလေးကို နန်းမြအေးကလည်း လက်မလွှတ်ချင်ပါ။ သည်လိုအနေအထားမျိုးနှင့် အသုံးတည့်လာအောင် ဘယ်လောက်ထိ စိတ်ပင်ပန်း၊ နှုတ်ပင်ပန်းခဲ့ရမှန်း သူမသာလျှင် အသိဆုံးလေ။
            ပထမဆုံးအကြိမ် သကြားလုံးထုပ်ထဲ လက်နှိုက်လျက်သားတွေ့ရချိန်က သူမ သိတ်မအံ့သြမိသေး။ လက်တစ်ဆုပ်စာလောက် သကြားလုံးတွေကို အိတ်ကပ်ထဲထည့်ပေးထားပြီး တတွတ်တွတ်စားရသည့် အခြေအနေရောက်နေတာတောင် မတင်းတိမ်နိုင်လောက်အောင် ငတ်ခဲ့ရှာပါလားဟုသာ သနားစိတ်ဝင်မိသေး၏။ ချောင်းတွေတဟွတ်ဟွတ်ဆိုးလာတော့မှ ဂရုဏာဒေါသနှင့် မာန်မဲတားမြစ်ရတော့သည်။
            ဒုတိယအကြိမ် ရေခဲသေတ်္တာထဲမှ အအေးဗူးတွေ ခိုးသောက်ထားမှန်း စစ်ဆေးတွေ့ရှိချိန်မှာတော့ လျော့ရဲရဲဆူရုံနှင့် မဖြစ်တော့။ ခပ်ဖိဖိလေး ပြစ်ဒဏ်ချမှတ်ရပြီ။ ကလေးမဆီမှာက ကြီးကြီးလာတိုင်း ပေးသွားသော...၊ နန်းမြအေးမေမေက စေတနာကောင်းသူပီပီ တစွတ်စွတ်ပေးတတ်သော...၊ နယ်မှ အမျိုးတွေလာတိုင်း ဖင်ပေါ့ပြီး ကူညီတတ်သည့်အတွက် စို့စို့ပို့ပို့ပေးသွားတတ်သော မုန့်ဖိုးလေးတွေ စုထားသည်မှာ မနည်းလှ။ များလာလျှင် နားကွင်းလေးတစ်စုံ သူမက စိုက်ဖြည့်ပြီးလုပ်ပေးမည်ဟု ပြောထားသည့်အတွက် သည်ငွေလေးတွေကို ကလေးမက အင်မတန် နှမြောမက်မော၏။ သို့မို့ကြောင့်လည်း သူမက ....
        “ နောက်တစ်ခါ ခိုးစားတာမိလို့ကတော့ ဒဏ်ငွေတစ်ထောင်ဖြတ်မယ်မိစု။ ခဏခဏခိုးစားနေလို့ကတော့  ညည်း နားကွင်းနဲ့ဝေးပြီ အောက်မေ့....” ဟု ခြောက်လှန့်ထားရသည်။
        ကလေးမ မျက်ဝန်းထဲမှ ပူပန်ဟန်လေးတွေ တငွေ့ငွေ့လှိုက်တက်နေတာမြင်ရတော့ သူမ သတ်မှတ်လိုက်သည့် ပြစ်ဒဏ်ကို သူမဖာသာ ကျေနပ်မိရသေးသည်။
         သေချာပါပြီ။ နောက်တစ်ခါ သည်ကလေးမ ခိုးစားရဲမည် မဟုတ်တော့။
နန်းမြအေးတို့ အိမ်မှာက စားစရာတွေပေါလွန်းသည်မို့ ကလေးမလေး ရောက်စက အစားလွန်ပြီး အန်ထွက်တဲ့အထိ ဖြစ်ခဲ့ဖူး၏။    
        သူကလေးက မစားဖူးသည်များရော၊ အငတ်နေခဲ့ရသည်များပါ အတိုးချပြီးစားသလို သူမတို့ကလည်း သဒ်္ဒါလွန်ပြီး ပိုလျှံသမျှအကုန် ကျွေးခဲ့မိသည်ကိုး။ သူမတို့အိမ်မှာက သူမမိဘနှစ်ပါးနှင့် သူမတို့သားအမိသာလျှင် ရှိ၏။ သူမခင်ပွန်းက နယ်မှာ တာဝန်ကျနေသည့် အရာရှိတစ်ဦးဖြစ်တာကလည်း သူမတို့အိမ်မှာ အစားအသောက်တွေ လျှံပယ်နေရသည့် အဓိကအချက်ဖြစ်သည်။
        သူမခင်ပွန်းပို့လိုက်သမျှ လက်ဆောင်ရထားသည့် ( ဥပမာ.. ထိုးမုန့်၊ လမုန့်၊ ကိတ်မုန့်လိုမျိုး..) အချိုအစိမ့်မုန့်တွေ ဆိုတာက ၀မှာစိုးသည့် သူမတို့လူကြီးတွေနှင့် မတည့်တာမို့ ဒိတ်မအောက်ခင်၊ မပုပ်သိုးခင် သည်ကလေးမမှ မစားလျှင် စားမည့်သူလည်း မရှိ။ သူမသမီးလေး သက်လုံးပုံဆိုသည်ကတော့ ဒါမျိုးတွေမစား။ ညွန့်ပေ့ဖူးပေ့ဆိုသည့် နိုင်ငံခြားဖြစ်အကောင်းစား တန်ဖိုးကြီးတွေကိုမှ သပ်သပ်ဝယ်ပေးထားသည်လေ။
        အဲဒီအညွန့်အဖူးတွေကို လက်လှမ်းသည်အထိ အတင့်ရဲလာသည့် အချိန်မှာတော့ သူမ သည်းမခံနိုင်တော့ပါ။
       အဆူအပူကိုလည်းမမှု၊ ဒဏ်ရိုက်တာကိုလည်း မကြောက်မှတော့ လက်ပါရတော့မည်မဟုတ်လား။
        နားရွက်ကလေးကို ခပ်နာနာလိမ်ထားလိုက်လျှင်တော့ ကလေးမမျက်နှာကြီး နီရဲပြီး မျက်ရည်များဝိုင်းလာမလားဟု သူမ အထင်..။ တက်တက်စင်အောင် လွဲတော့၏။ ခပ်နာနာလေး ဖိလိမ်လေ ကလေးမမျက်နှာက စပ်ဖြီးဖြီးကြီးဖြစ်လာလေ။
         “ ညည်း မနာဘူးလားအေ။ ကျုပ်လက်တောင် အံသေနေပြီ...”
        နောက်ဆုံးတော့ နန်းမြအေးအသည်း သည့်ထက်မမာနိုင်တော့။ လုပ်ပြီးမှ သနားသွားပြီး ရောင့်တက်မှာကိုပင် စိတ်မပူနိုင်ဘဲမေးမိရသည်အထိ။
         “ ဟင့်အင်း အန်တီ။ နာတော့နာတာပေါ့။ ဒါပေမယ့် အဲ့လောက်က ဒေါ်ကြီးအိမ်မှာ အပျော့ရယ်...”
         ဘုရားရေ... သူမက စိတ်ဆိုးဆိုးနှင့် လက်အံသေသည်အထိ ရက်စက်မိသလောက်က သူ့အဒေါ်အိမ်မှာ အပျော့တဲ့။
        ဖြစ်မှဖြစ်ရလေ...ဟု စိတ်ထဲသနားသွားသော သူမကတော့ နောက်တစ်ခါ ဘယ်လောက်စိတ်ဆိုးဆိုး လက်မပါတော့ရန် ကိုယ့်ကိုယ်ကို သတိပေးခဲ့မိပါသည်။
        တကယ်တမ်း လက်တွေ့တွင်မူ လျှင်မြန်သောဒေါသစိတ်၏ ဦးဆောင်မှုနောက်ကို သတိတရားက အချိန်မီချွန်းမအုပ်နိုင်ခဲ့။ စိတ်ဆိုးလွန်းမက ဆိုးမိ၍သာ တဒေါင်ဒေါင်မြည်အောင် ခေါက်မိသော်လည်း ခေါင်းကို ပြန်ပွတ်ပေးချင်လောက်အောင် စိတ်မကောင်းဖြစ်မိချိန်မှာတော့ ခေါက်ပြီးခဲ့ပြီ။
         “ ညည်း နာပြီမဟုတ်လား...”
        တိုပြတ်ပြတ် သူမအမေးကို မျက်ရည်လဲ့လဲ့နှင့်ပေမယ့် ခေါင်းကတော့ ခပ်သွက်သွက်ခါမြဲ။
         “ ဒေါ်ကြီးက တွေ့တာနဲ့ကောက်ထုနေကျဆိုတော့ ခေါင်းကမာနေပြီ..”
        အရွယ်နှင့်မလိုက် ဖြေလိုက်ပုံက ကြားရသူပင် ရင်ထဲနင့်သွားရ၏။
        သို့ပေမဲ့ ဆွမ်းလောင်းရန် ဦးဖယ်ထားသည့်ဟင်းခွက်ကိုမှ ခိုးနှိုက်နေခြင်းကိုတော့ မည်သို့မျှ လစ်လျှူရှု၍ မရနိုင်ခဲ့ပါ။
        သည်လိုနှင့် အကြောင်းပေါင်းစုံအောင် ကလေးမက ဒေါသနှိုးဆွမှု လုပ်မြဲလုပ်၏။ သူမကလည်း အမြဲလက်လွန်ပြီးကာမှ သတိက ထပ်ချပ်မကွာ လိုက်လာသည်မို့ စိတ်ထိခိုက်ရမြဲ။
        အသိတရားမရှိလျှင်တော့လည်း တစ်မျိုးကောင်းသား။ သို့ဆိုလျှင် ရိုက်မိခေါက်မိသမျှ နောင်တမရတတ်ဘဲ စိတ်ထိခိုက်မိတော့မည်မဟုတ်။ ခုတော့ စိတ်မထိန်းနိုင်၍ လုပ်မိလိုက်၊ သတိဝင်လာတော့ လုပ်မိပြန်ပြီဆိုပြီး စိတ်ညစ်လိုက်နှင့် သံသရာလည်နေတော့၏။
        ပို၍ဆိုးသည်က ခုတလော နန်းမြအေးဖတ်နေသည့် တရားစာအုပ်တွေမှာ “ ၀ဋ်မှာအမြဲ ငရဲမှအပ” ဆိုသည့် စကားလုံးတွေကို ထပ်တလဲလဲ မြင်နေတွေ့နေရသည်ပါပဲ။ ၀ဋ်လည်မှာတော့ သူမကြောက်လှပါ၏။         
        သည်လိုဆိုတော့ သူမမှာ ၀ဋ်ကြွေးမတင်အောင် လုပ်နိုင်ဖို့က ဘယ်လောက်ပြင်ပြင် အကျင့်ဆိုးမပျောက်သည့် ကလေးမကို ပြန်ပို့ရုံသာ ရှိတော့သည်မဟုတ်လား။
        ခက်သည်က ကောင်မလေးကိုယ်တိုင်က ပြန်ပို့မှာကို  အသေအလဲ ကြောက်နေခြင်းပါ။
“ ညည်းကို ပြန်ပို့တော့မယ်..” လို့များ ပြောလိုက်လျှင် ပျက်သွားသည့်မျက်နှာက သေတွင်းဆင်းခိုင်းသလား ထင်ရမလောက်ပင်။
        “ ကဲ...ဒါဆို ဒီတစ်ခါနောက်ဆုံးပဲ။ နောက်တစ်ခါ ခိုးစားတာတွေ့လို့ကတော့ အိမ်ပေါ်ကဆင်းဖို့သာ ပြင်ထား...”
        အသားနာမှာ မကြောက်၊ ဒဏ်ငွေရိုက်တာမဖြုံသော ကလေးမလေးက အိမ်ပြန်ပို့မှာကိုတော့ မျက်စိမျက်နှာပျက်စွာ ထိတ်လန့်တတ်ခဲ့ပါသည်။
                                xxxxxx
        “ ဒီလက်စွပ်ကို ညည်းက ပွဲဈေးတန်းမှာ ဗန်းခင်းရောင်းတဲ့ဟာများ ထင်နေလို့လား မိစုရဲ့။ စိန်လက်စွပ်ဟဲ့။
        ညည်းမှာ မရိုးသားတဲ့စိတ်မရှိရင် ရေချိုးခန်းထဲမှာတွေ့တာနဲ့ ငါ့လက်စွပ်မှန်းသိနေတာပဲ..၊ ဘာလို့ပြန်လာမပေးသလဲ။
           ဘယ်လောက်ဆုံးမ ဆုံးမ ညည်းရဲ့အရိုးစွဲနေတဲ့အကျင့်က ဖျောက်လို့ရမှာ မဟုတ်တာ သေချာသွားပြီ။
        ငါ့မလည်း ညည်းရောက်လာကာမှ အကုသိုလ် အထုပ်လိုက်ဝင်တာပဲ။ ခဏခဏ စိတ်ဆိုးရလွန်းလို့ လူလည်းအိုစာလာပြီ။ ညည်းကိုလုပ်မိသမျှလည်း ငါ ၀ဋ်ပြန်ခံရဦးတော့မယ်။ အဲဒီတော့ ဒီအရှုပ်ထုပ်ကိုရှင်းမှ ဇာတ်လမ်းမြန်မြန် အဆုံးသတ်လိမ့်မယ်။
            ညည်း ပြန်တော့အေ...၊ သွား.. ခုထွက်သွား...”
        အခါခါဆက်နေရသည့် ကြိုးတစ်ချောင်းအတွက် ဒုက်္ဒများငြိမ်းချုပ်စေဖို့ အကောင်းဆုံးနည်းလမ်းမှာ ဆက်ထုံးဖြေလိုက်ရန်သာ ရှိတော့သည်လေ။
        လျှာရိုးမရှိတိုင်း တွေ့ကရာလျှောက်ပြောနေသည့် ဆင်ခြေတွေကလည်း အပ်ကြောင်းထပ်နေပြီမို့ နန်းမြအေး နား သည်းညည်း မခံနိုင်တော့ပါ။ ဘယ်လို အကြောင်းပြချက်တွေပြောပြော ခေါင်းကိုသာ တွင်တွင်ခါနေလိုက်၏။ သူမ၏စိတ် ပြန်ပျော့မသွားစေဖို့ ကလေးမမျက်နှာကို မကြည့်ဘဲ ကျောခိုင်းနေလိုက်တာသည်သာ အကောင်းဆုံးမဟုတ်လား။
        သည်တစ်ခါ သူမစိတ်ဆိုးမှုက နောက်မဆုတ်နိုင်အောင် ပြင်းထန်မှန်း ရိပ်မိသွားသော ကလေးမကလည်း သူ့အထုပ်လေး သူပိုက်ကာ အိမ်မှဆင်းဖို့ ပြင်ရတော့သည်။ စိတ်ကုန်သွားခြင်းသည် စိတ်ဆိုးသည်နှင့်မတူပါ။ စိတ်ဆိုးသည်က စိတ်ဆိုးပြေလျှင် ပြီးပျောက်နိုင်သော်လည်း စိတ်ကုန်သည်ကတော့ ရှေ့ဆက်ရန်လမ်း မရှိတော့ပြီလေ။
        သို့ပေမဲ့ သူကလေးမရှိလျှင် သမီးလေးသက်လုံးပုံ အိပ်ရာမှနိုးလာတော့ မည်သို့ပြောရပါ့။ သမီးလေး အိပ်ရာအထမှာ သွားတိုက်လျှင်လည်း ကလေးမကပါရသည်။ မနက်စာ၊ နေ့လည်စာ၊ ညစာ ဘာအစာကျွေးကျွေး မစားချင်တတ်သောသမီးအတွက် ကလေးမက ဘေးမှ ကလူရ၊ မြှူရသေးသည်။ သူပြောသမျှ၊ လုပ်သမျှကို သမီးက တခစ်ခစ်နှင့်ရယ်နေချိန်မှာ ဟနေသောပါးစပ်ထဲကို အလစ်ထိုးထည့်ပြီး ကျွေးရသည်က အကြိမ်တိုင်းလိုလို...။
        သူမက မီးဖိုချောင်ထဲ စီမံချက်ပြုတ်နေလျှင်လည်း သမီးကို မငိုအောင်၊ သူမဆီလာမရှုပ်အောင် အဘိုးအဘွားများထက် ဆွဲဆောင်စည်းရုံးထားနိုင်သည်ကလည်း စုစုပါပဲ။ ရှော့ပင်းစင်တာသွားသွား၊ ကစားကွင်းသွားသွား စုစုကပါနေကျမို့ အလှူမင်္ဂလာဆောင်မို့ မခေါ်ခဲ့လျှင်တောင် “ စုစုရော..စုစုရော...” နှင့် တဖွဖွမေးတတ်သည့် သမီး...။
        ယုတ်စွအဆုံး သမီးလေး အီအီးတည်လျှင်တောင် စုစုပါမှ။ စုစုက အိုးပေါ်ထိုင်နေသည့်သမီးကို ဂျီမကျအောင်၊ တစ်ဝက်တစ်ပြတ်နှင့် ထမပြေးအောင် စကားတွေပြောပေးနေရတတ်၏။
        သမီးအတွက်သာမကပါ။ တစ်အိမ်လုံးသန့်ရှင်းရေးကို သူမ လှည့်မကြည့်ရသည်မှာ ကြာခဲ့ပြီကော။
        သမီးလေးမနိုးခင် အိမ်သန့်ရှင်းရေးကို စုစုက အားလုံးပြီးစီးအောင် စွမ်းဆောင်နိုင်နေသည်မှာ နှစ်ပင်ချီနေပါပြီ။ သန့်ရှင်းရေးလုပ်ပြီးလျှင် ထမင်းပေါင်းအိုးကို ကျွမ်းကျင်စွာ သူကလေးက ချက်ပြုတ်ထားဦးမည်။ အ၀တ်လျှော်စက်နှင့်လည်း အ၀တ်တွေကိုလျှော်တတ်နေပြီ။ ပြီးလျှင် အ၀တ်လှန်း၊ ခြောက်တော့ မီးပူတိုက်...။ ကလေးမ၏ အသုံးဝင်မှုတွေ တွေးမိသွားတော့
သူမ ရင်မောသွားရသည်။
        သမီးလေးတစ်နှစ်လောက်ကတည်းက ရောက်နေသည်မို့ သူကလည်း အိမ်သားတစ်ပိုင်းဖြစ်နေပြီလေ။ နောက်နှစ်ဆိုလျှင်ပဲ သမီးက ကျောင်းတက်ရတော့မည်။
         စုစုမရှိလျှင်...။
         ရှိခြင်းသည် မရှိခြင်းထက် ပို၍ အဖိုးထိုက်တန်ပါ့မည်လား။
         နန်းမြအေးစိတ်ထဲတွင် မုန်တိုင်းက အနည်းငယ်တော့ အားပျော့လာသယောင်ယောင်...။
                                 xxxxxx
        
       သူကလေးနှင့် နန်းမြအေးတို့ကြားရှိ အတိတ်ပဌာန်းဆက်က ဘယ်လောက်များ အထပ်ထပ်ဥပါဒါန်စွဲခဲ့သည် မသိ။  ပြတ်လုလု သံယောဇဉ်ကြိုးတစ်ချောင်းကို နှောင်တွယ်မှုသမုဒယလေးက အခါခါပြန်ဆက်နေသည်မို့ ဆက်ထုံးတွေသာ ပို၍ပို၍များလာရသည်။
            ဆက်ထုံးများသည့် ကြိုးတစ်ချောင်းအဖို့ မည်သို့မျှ စင်းလုံးမချောမွတ်နိုင်သော်လည်း အဆက်အသွယ်ကင်းလွတ်အောင်တော့ ပြတ်မကျနိုင်သေး။
            အံ့သြစရာကောင်းသည်က အဆိုးကိုအဆိုးနှင့် တန်ပြန်ပြီး ကောင်းအောင်လုပ်ယူလို့ မရသည်ကို သူမ၏သမီးလေးက လက်တွေ့သက်သေပြပေးလိုက်ခြင်းပါ။ သူမ မည်သို့မျှ ပြုပြင်မရ၊ ဆုံးမ၍မရခဲ့သော စုစုဆိုသည့် သနေ်္ဓဆိုးစွဲနေသည့် ကလေးမလေးကို သမီးလေးသက်လုံးပုံက မေတ်္တာဖြင့် ပြောင်းလဲစေခဲ့သည်ပဲ။
            “ ပုံပုံလေးကယ်လိုက်လို့သာ စုစုမပြန်ရတာ...” ဟု ကလေးမက မကြာခဏ သမီးပါးကို တရွှတ်ရွှတ်နမ်းရင်း ပြောတတ်ခဲ့၏။ သမီးလေးကလည်း “ ချုချု နောက်တစ်ခါ ထိုးနဲ့တော့နော်” လို့ မပီကလာသတိပေးရင်း၊ သူတို့နှစ်ဦးကြား သံယောဇဉ်ကြိုးတွေ တင်းခဲ့ကြသည်။
            အဆိုးကိုအဆိုးနှင့် သူမ တုန့်ပြန်စဉ်ကတော့ ကလေးမဗီဇဆိုးကလည်း ပိုပြီးတောင် ပါးပြင်ထောင်လာသေးသည်။ အဆိုးဒဏ်ကိုသာ ကြံ့ကြံ့ခံနိုင်ပေမဲ့ အကောင်းဒဏ်ကိုတော့ သူကလေးမခံနိုင်တော့။ သမီးလေး၏ မျက်ရည်လည်ရွှဲ တားဆီးပေးမှု၊ မုန့်စားတိုင်း အောက်ကို မသိမသာပစ်ချလိုက်ပြီး...“ စုစုစားလိုက်တော့၊ အောက်ကျသွားပြီ..” ဆိုပြီး လူကြီးတွေအပေါ်လူလည်ကျပြီး သဒ်္ဒါမှု။
            ဟုတ်သည်လေ။ အောက်ကျပြီးသားမုန့်များဆို သက်လုံးပုံမစားရ။ စုစုသာလျှင် စားရသည်ပဲ။
            လူဆိုသည်က တားမြစ်ထားသည့် အရာကိုမှ ပိုကျူးလွန်ချင်တတ်သည့် သဘောရှိသည်မဟုတ်လား။ ကလေးမက သူ အလျှံအပယ်စားနေရသော မုန့်များထက် သက်လုံးပုံ၏မုန့်များကိုသာ သွားရည်ကျနေခဲ့ဖူးလိမ့်မည်။ သမီးက ခဏခဏချချကျွေးသောအခါ စားရပါများ၍ ခိုးစားချင်စိတ် ပျောက်သွားသည်လားတော့ မသိ။ နောက်ပိုင်းများမှာ စုစုခိုးစားသည်ကို တစ်ခါမျှ လက်ပူးလက်ကြပ်မမိတော့ပါ။
            မမိတော့ ဆိုကတည်းက လုံးဝမကင်းစင်ရင်တောင် ပါးလျားလာလို့သာ ဖြစ်တော့မည်ပေါ့။ သူမတို့တစ်အိမ်သားလုံး ကြိတ်ပြီး အံ့သြ၀မ်းသာရသည်နှင့်အမျှ ပုံပုံနှင့်စုစုတို့ကြားမှ သံယောဇဉ်၊ စုစုနှင့်သူမတို့ကြားမှ သံယောဇဉ်ကြိုးကလည်း ဆက်စရာမလိုတော့အောင် ကာလအတော်ကြာ ချောမွေ့နေခဲ့သည်။
            သည့်ထက်မက ကလေးငယ်နှစ်ဦးကြားမှ သံယောဇဉ်နှင့် ကျေးဇူးတရားသိတတ်မှုကို ရင်သပ်ရှုမောဖြစ်ရသည့် မြင်ကွင်းတစ်ခုက နန်းမြအေးတို့တစ်သက် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပါ။
            အဲသည်နေ့က သူမဦးဆောင်ပြီး ကလေးနှစ်ယောက်ကို ကစားကွင်းပို့မည်ဆိုတော့ အဘိုးအဘွားနှစ်ယောက်ကပါ သက်လုံးပုံလေး ဆော့ကစားသည်ကို လိုက်ကြည့်ကြည်နူးဖို့ ပြင်ဆင်ကြသည်ပေါ့။
            တစ်အိမ်သားလုံး ထွက်ကြမည်ဆိုတော့ ပြတင်းတံခါးတွေပိတ်ရ၊ အိမ်မီးစစ်ရ၊ အိမ်သော့ခတ်ရနှင့် အလုပ်ရှုပ်နေကြတုန်း သမီးလေးက အပျော်လွန်ပြီး လမ်းမပေါ် ဖြတ်ကနဲခုန်တက်လိုက်၏။
            ထိတ်ကနဲ သူမ ရင်အခုန်၊ “ဟိတ်” ကနဲ အဘွားကအအော်၊ ရိပ်ကနဲ စုစုက ပုံပုံလေးကိုဆွဲအဖက်။ အားလုံးလျှပ်တပြက်အတွင်း ဖြစ်ပျက်အပြီးမှာ ကားတစ်စီးက အော်ငေါက်ကာ အရှိန်ပြင်းပြင်း ဖြတ်ကျော်သွားခဲ့ပြီဖြစ်သည်။
            အစပ်ကလေးပါပဲ။ တကယ်တော့ လမ်းမပေါ် နှုတ်ခမ်းစပ်ကလေးမှာပါ။ သို့ပေမယ့် စုစုသာလှမ်းမဆွဲခဲ့လျှင်တော့ သက်လုံးပုံလေးကို ပွတ်ဆွဲသွားနိုင်သည်ပေါ့။ ကလေးဆိုတော့ ယိမ်းယိုင်ပြိုကျပြီး အထိနာနိုင်သည်လေ။ ကလေးမက ဆွဲဖက်ပြီး လှည့်လိုက်သည်မို့ သမီးလေး ဘာအနာတရမှမဖြစ်ခဲ့သော်လည်း ကားဖက်ကိုရောက်သွားသည့် ကလေးမတံတောင်ဆစ်ကို ကားပွတ်သွားသည့် ဒဏ်ရာက ချက်ချင်းအသားနီလန်ကာ ရောင်ကိုင်းလာခဲ့ရ၏။
            အံ့သြမင်တက်နေမိသော သူမတို့လူကြီးအားလုံး၏ ရင်ထဲမှာတော့ စုစု၏ ကျေးဇူးပြန်ဆပ်မှုကို မျက်ဝါးထင်ထင် အသိအမှတ်ပြုရတော့ပြီလေ။ တစ်ယောက်က သံယောဇဉ်ကြီးပြီး ပြန်မလွှတ်အောင် အော်ဟစ်ငိုယိုတားမြစ်ပေးသလို တစ်ယောက်ကလည်း ဆင်းရဲတွင်းထဲ ပြန်ဆင်းရမည့်အဖြစ်ကို တားဆီးပေးသူ ကယ်တင်ရှင်အဖြစ် ကျေးဇူးပြန်ဆပ်ခဲ့၏။
             ကလေးမနှင့် နန်းမြအေးတို့ကြားမှာ ချည်မိသောကြိုးတစ်ချောင်းက ဆက်ထုံးတွေ မည်မျှများခဲ့သည်ဆိုသော်လည်း သမီးလေးက ဆက်ထုံးများကို ထစ်ငေါ့မနေစေဘဲ ချောမွတ်ပြေပြစ်သွားအောင် အပေါ်မှ မေတ်္တာဖြင့် တစ်ထပ်လွှမ်းပေးလိုက်သလိုပါ။
             ကလေးမလည်း အကျင့်ဆိုးပျောက်သလောက် ရှိနေပြီမို့ အရင်လို ကြိုးခဏခဏ ပြတ်စရာမလိုတော့။  ခဏခဏပြန်ဆက်ရသည့် စိတ်ပင်ပန်းမှုလည်း မရှိနိုင်တော့သည်မို့ ဆက်ထုံးတွေ အဆုံးသတ်ပြီဟု စိတ်အေးရပါသည်။
                                                    xxxxxx
          
       သို့ပေမဲ့ သံယောဇဉ်ဆိုသည်မှာ တွယ်တာနှောင်ဖွဲ့ခြင်းဟု သေချာလာသည့်တစ်နေ့မှာတော့ အဲသည်နွယ်ကိုဖြတ်ဖို့ သူမ ကြိုးစားရတော့သည်။ သည့်ထက်ပို၍ နှောင်ဖွဲ့လို့မကောင်းနိုင်သော အခြေအနေတစ်ခုက ဖြုန်းကနဲ ရောက်ရှိလာ၏။
             ယခင်ကတည်းက ရှိနေခဲ့သည်လား။ သူမတို့အိမ် ရောက်ပြီးကာမှ တစ်နေရာရာက ကူးလေသည်လားတော့ မသိ။ ကလေးမမှာ တီဘီပိုးရှိနေမှန်း သိလိုက်ရသည့်နေ့က သူမတို့တစ်အိမ်သားလုံး သက်လုံးပုံအတွက် စိတ်ပူပန်ကာ လန့်ဖျပ်သွားခဲ့ရသည်။
             ကလေးမ၏ တီဘီပိုးက သလိပ်စစ်ချက်အရ အခြားသူများကို ကူးစက်နိုင်သောအဆင့်မှာ ရှိနေသည်တဲ့။
             မိုးဥတု ရက်တစ်ရက်မှာ ကလေးမကို အိမ်နှင့်နီးသည့် စတိုးဆိုင်တစ်ခုကိုလွှတ်ပြီး လိုအပ်တာလေး သွားဝယ်ခိုင်းလိုက်စဉ် မိုးမိခဲ့ရ၏။ မထင်မှတ်ဘဲ အဆုတ်အအေးပတ်ပြီး အဖျားကြီးခဲ့သည်။ အဖျားကျတော့လည်း ချောင်းဆိုးက အချိန်တော်တော်ကြာသည်အထိ မပျောက်ခဲ့။ လချီလာတော့ င်္သကာမကင်းဖြစ်လာပြီး ဓါတ်မှန်ရိုက်၊ သလိပ်စစ်၊ လုပ်ကြည့်လိုက်တော့ အဖြေကမကောင်း။ ကလေးမအတွက် ပူပန်နေရာမှ သက်လုံးပုံအတွက်ပါ သောကကူးသွားရသည်။
             ခုခေတ်မှာ တီဘီရောဂါအတွက် ငွေမကုန်ဘဲ ဆေးကုနိုင်သည်ဆိုပေမဲ့ ကူးစက်နိုင်သည့်အဆင့်ရှိ ပိုးအရေအတွက် တွေ့ထားရသော ရောဂါရှင်တစ်ယောက်နှင့် သမီးလေးကို လက်ပွန်းတတီးနေစေဖို့က...၊ တော်တော် စဉ်းစားရကြပ်လှပါသည်။
              သူမ အတ်္တကြီးလွန်းနေပြီလားဟု အကြိမ်ကြိမ်တွေးပြီး စိတ်ကိုပြင်ဖို့ကြိုးစားလည်း မရပါ။ အကယ်၍ ရောဂါပိုးရှိသူက ပုံပုံဆိုလျှင်...၊ သမီးလေးအလွန်ခင်တွယ်သည့် စုစုကို ကူးမည်စိုးကာ ပြန်လွှတ်ပါမည်လား။ အကယ်၍ စုစုသာ သမီးအရင်းဆိုလျှင်ရော...၊ ပုံပုံလေးကို ကူးမည်စိုးကာ တခြားတစ်နေရာကို ပို့ထားရက်မည်လား။
              ဟင့်အင်း...။
             ခုခေတ်ကြီးမှာ ဆေးတွေက သိတ်အစွမ်းထက်နေပါပြီ။ ဆေးသောက်လိုက်လျှင် မကြာခင်ပျောက်သွားမှာ..။ ပြီးတော့ စုစုဆိုသည်က သမီးလေးသက်လုံးပုံကို ကယ်တင်ရာမှာ သူ့အသက်ကိုပင် မငဲ့ခဲ့သည့် သာဓကရှိဖူးသူ။ ကျေးဇူးသိတတ်သူလေး။
သူမတို့လို လူကြီးလူကောင်းတွေက သူ့ကျေးဇူးကို သည်လောက်တောင် ပြန်မသိတတ်နိုင်လျှင် ရှက်စရာ..။ အယောင်ဆောင် လူကြီးလူကောင်း အဖြစ် သူမပုံရိပ်ကို သူမ မမြင်ချင်ပါ။
             သူမအတ်္တနှင့် သူမအဇ်္ဈတ်္တ၊ တိုက်ပွဲတွေ ပြင်းထန်လှ၏။
             သို့ပေမဲ့ ရန်ကုန်အိမ်ဆိုသည်ကလည်း ကျဉ်းကျဉ်းလေး..။ ကလေးမလေးနှင့် သမီးပုံပုံကို မည်သို့ပင် ခပ်ခွာခွာထားစေဦး။ အခန်းကျဉ်းထဲမှာ ရှူသွင်းရှူထုတ်နေသည့် လေတွေကရောနှောကာ ရှောင်နိုင်မည်မထင်ပါ။ သည်ကြားထဲ သမီးကို တရွှတ်ရွှတ်နမ်းတတ်သည့် ကလေးမအကျင့်ကိုလည်း ပြတ်ပြတ်သားသား တားမြစ်ရဦးမည်။ သမီးအတွက် ပြင်ဆင်ထားသည့် အစားအသောက်များကို စုစု လုံးဝမထိရ။
အရင်လို ပြင်ဆင်သယ်ယူပေးတာမျိုးပင် လုပ်ခွင့်မရှိတော့ပါ။ သယ်လာနေတုန်း ချောင်းဟန့်မိတာ၊ ရှူထုတ်လိုက်သည့်လေတွေ အစားအသောက်ပေါ်က ဖြတ်သန်းသွားမှာမျိုး... လုံးဝမဖြစ်ပါ။
             အိမ်မှာ စုစုရှိနေခြင်းသည် အန်္တရာယ်ရှိသောအရာတစ်ခုကို ရှောင်ရှားနေရသကဲ့သို့ သမီးလေးပုံပုံကို ဟိုရွှေ့သည်ရွှေ့လုပ်နေမိ၏။
             ဟို၊သည်အတွေးများနှင့် စိတ်ရှုပ်ထွေးနေစဉ် ဖျတ်ခနဲ အလင်းတစ်ချက် နန်းမြအေးခေါင်းထဲတွင် လက်သွားချိန်မှာတော့ သူမစိတ်အေးသွားရတော့သည်။
             ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေတစ်ခု သူမဖန်တီးယူနိုင်ရမည်ပေါ့။
             ပုံပုံလေးကို ကျောင်းပို့လိုက်တော့မည်။ သမီးလေးအသက်က သုံးနှစ်ကျော်ခဲ့ပြီဆိုတော့ လမ်းထိပ်က ပုဂ်္ဂလိကကျောင်းတစ်ခုမှာ ထားလိုက်လျှင်ရနေပြီလေ။ သည်လိုဆိုလျှင် ကလေးနှစ်ယောက်တွေ့ချိန် အလွန်ပင် နည်းသွားလိမ့်မည်မဟုတ်လား။
             သူမ၏ အစီအမံများကို မိဘနှစ်ပါးက မကန့်ကွက်သော်လည်း ဘ၀င်ကျပုံတော့ သိတ်မပေါ်ပါ။ ၀င်မကန့်ကွက်သည်ကတော့ သူတို့လည်း သမီးနှင့်စုစု သံယောဇဉ်ကို မျက်ဝါးထင်ထင် မြင်ထားရသည်ကိုး။
             သို့ပေမဲ့ ရောဂါရှိသူတစ်ယောက်ကို သမီးလေးနားမှ ဖယ်ထုတ်ရမည်မှာ မိခင်တစ်ယောက်၏တာဝန်ဟု သေချာပေါက် တွက်ထားပြီးသော ခင်ပွန်းသည်ကတော့ အံ့သြနေ၏။ သူကတော့ အဝေးရောက်နေသူမို့ ကလေးမနှင့် သမီးတို့ကြားက သံယောဇဉ်ကြိုးကို ကြားသာကြားဖူးသူလေ။ လက်တွေ့သိထားသော အဘိုး၊ အဘွားတွေထက်တော့ ပို၍လှုပ်ခတ်ပေလိမ့်မည်။
             “ သမီးလေးက သိတ်ငယ်လွန်းသေးတယ် နန်းရယ်။ ရောဂါကူးသွားခဲ့ရင် ဆေးသောက်ရတာကအစ ဒဏ်ပိသွားနိုင်တယ်နော်...”
             “ လောလောဆယ် သမီးကိုစစ်ကြည့်တာတော့ ဘာသံသယမှမရှိဘူး မောင်။ မကူးစက်အောင်တော့ သတိထားရမှာပေါ့ကွယ်..”
              ပြောသာပြောရသော်ငြား သူမလည်း ပူပန်မိသည်ပါပဲ။
             သမီးက နုနယ်လှသည့်အရွယ်လေး။ ၀၀တုတ်တုတ်၊ ထွားထွား   ကျိုင်းကျိုင်းဆိုလျှင်လည်း တော်ဦးမည်။ ခုတော့ သမီးလေးက လူပုံကလည်း နွဲ့နွဲ့သေးသေးလေးဆိုတော့...။ ကူးစက်သွားလျှင်တောင် ချုံးချုံးကျသွားနိုင်သည့် အနေအထားမျိုး။
              သို့ပေမဲ့ စုစုကြည့်လိုက်တော့လည်း သနားစရာ၊ မျက်လုံးကလယ်ကလယ်လေးနှင့်။
              နေမကောင်းသည့်ရက်များမှာတောင် သူ့ကို အသုံးမ၀င်တော့ဘူးဆိုကာ ပြန်ပို့မည်စိုး၍ တားနေသည့်ကြားမှ အလုပ်တွေ ထလုပ်ပေးနေသေး၏။
             တီဘီကိုလည်း သူနားမလည်။ အဆုတ်ရောဂါကိုလည်း သူမသိ။ ခံစားရသည့်ဝေဒနာကိုလည်း သူမဖြုံ။ သူသိသည်က သူ့ဒေါ်ကြီးအိမ်ကို မပြန်လိုခြင်းသာ။ သူနားလည်ထားသည်က အိမ်ရှင်ကျေနပ်အောင် အလုပ်လုပ်မပေးနိုင်လျှင်၊ ခိုးဝှက်လိမ်ညာလျှင် ပြန်ပို့မည်ဆိုသည်ကိုသာ။ သူအလေးထားသည်က သက်လုံးပုံလေးနှင့် ဝေးရမည်ကို စိုးရွံ့သည်သာ....။
                                                         xxxxxx                       
               
           နန်းမြအေး တိတ်တခိုးပူပန်နေမိသော အချိန်တစ်ခုကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်ကတော့ စောလွန်းနေသည်လား မပြောတတ်။
           တစ်ဦးတည်းသော သမီးလေးမို့ အသက်ပုံ၍ ချစ်ရပါသောသမီးလေး..။ တစ်ဦးတည်းသော မြေးလေးမို့ အဘွားကိုယ်တိုင် ချစ်စနိုးနာမည်ပေးထားသော သက်လုံးပုံလေး...။ အဖျားကြီးပြီး ဆေးရုံတက်ရသည်အထိ ဖြစ်လာတော့ တစ်အိမ်သားလုံးလည်း ဗြောင်းဆန်ကာ သမီးအဖေပါ နယ်မှအမြန်လိုက်လာရတော့၏။
           တစ်ရာ့သုံး၊ တစ်ရာ့လေး... အဖျားက ခပ်တင်းတင်းနှင့် နှစ်ရက်သုံးရက်ကြာသည်အထိ မကျခဲ့ပါ။ ပထမ တစ်ရက်နှစ်ရက်က အိမ်မှာသာ မိသားစုဆရာဝန်နှင့်ပြကာ ဆေးတိုက်ရုံဖြင့် အရင်လို ပျောက်မည်လားဟု ထင်မိ၏။ သမီးကလည်း ကလေးပီပီ အဖျားဒဏ်ကိုမမှု။ ဆော့ကစားနေတုန်း၊ သွက်လက်နေတုန်း။
           နှစ်ရက်နေလို့မှ အဖျားမကျဘဲ မျက်ဖြူလန်ကာ တက်သွားသည့်အခါမှာတော့ တစ်အိမ်သားလုံး ရင်ဘတ်ဖိကာ ဆေးရုံပြေးရတော့သည်။
           ပထမတော့ ငှက်ဖျားလား၊ သွေးလွန်တုပ်ကွေးလား၊ သံသယမျိုးစုံဖြင့် သွေးတွေ ဖောက်စစ်ကြ၏။ သမီးကို စောင့်ကြည့်ရ၏။
           သွေးတစ်ခါလာဖောက်တိုင်း သမီးကအော်၊ အဘွားကငို၊ အကြောကလွဲနှင့်..။ သမီးလေးလက်မှ အပ်နှင့်ပိုက်တန်းလန်းကိုလည်း မကြည့်ရက်နိုင်။ သွေးအဖြေ တစ်ခါထွက်လာတိုင်း ဘာရောဂါများ ဖြစ်လေမလဲလို့ တထိတ်ထိတ်နှင့်၊ ဆရာဝန်များ ဆရာမများကို တကျည်ကျည်လည်း  မေးမိရ၏။
           နောက်ဆုံး... ဘာမှ ထွေထွေထူးထူး လက်္ဒဏာမပြဘဲ တဖြည်းဖြည်း အဖျားပြန်ကျသွားတော့မှသာ အားလုံးရင်ထဲမှ အပူလုံးကြီးလည်း ကျသွားရတော့သည်။
           ဆေးရုံမှ လေးငါးရက်သည် တစ်ကမ်္ဘာမက ကြာသည်ဟုထင်မိကြ၏။ စိုးရိမ်စိတ်များ၊ ပူပန်သောကများ၊ သနားစိတ်များနှင့် အပြင်းထန် အလောင်မြိုက်ဆုံး အချိန်များပင်။ အရွယ်နှင့်မလိုက် ပင်ပန်းရရှာသော သမီးလေးအတွက် တစ်မိသားစုလုံး စကားပင်ဟဟ မပြောနိုင်ကြ။ ဆေးရုံမှ လေးငါးရက်ကြာပြီး အိမ်ပြန်ခါနီးချိန်မှာတော့ နဂိုကမှ သေးသေးသွယ်သွယ် နုဖတ်ရသည့်သမီးလေးက ပိုးဟတ်ဖြူလေးလို ဖျော့တော့တော့သာ ကျန်တော့သည်။
           ဆရာဝန်ကလည်း ကိုယ်ခံအားနည်းနေသေးသည့် အချိန်မို့ ဘေးမှရောဂါတွေ ၀င်မလာစေရန် အထူးကြပ်မတ် ဂရုစိုက်ရမည့်အကြောင်း အသေအချာမှာကြားပါသည်။ ကျောင်းကိုလည်း မပို့ရန်၊ ရောဂါရှိသူများနှင့်လည်း မနီးစပ်စေရန်၊ လူထူထပ်သောနေရာများသို့ ခေါ်မသွားသေးရန်၊ အအေးမမိစေရန်၊ အပူမရှပ်စေရန်....။
           သမီးအတွက် ပူပန်ရသည်နှင့်၊ သမီးနားမှ တစ်ဖ၀ါးမခွာဘဲ အိမ်တောင်မပြန်ဖြစ်သည့်နှင့်...၊  အရာရာကို မေ့လျော့နေမိသော နန်းမြအေးသည် အိမ်ပြန်ရောက်ခါမှ ကလယ်ကလယ် မျက်ဝန်းကြောင်တောင်လေးကို ဖြတ်ကနဲ သတိရသွားတော့၏။
           “ မောင် စုစုရော .... မတွေ့ပါလား..”
           “ ကြီးကြီးဆီ ပြန်ပို့ထားလိုက်တယ် နန်းရေ။ သမီးလေး ဆေးရုံကဆင်းလာရင် သူနဲ့ အတူနေလို့မှ မဖြစ်တော့တာ...။  
             ဆရာဝန်ကပြောတယ်လေ။ ကိုယ်ခံအားနည်းနေချိန်မှာ အပြင်ကရောဂါတွေ ၀င်လွယ်တယ်တဲ့...”
           ရုတ်တရက် ဟာသွားသောရင်ကို အရေးတယူမပြုအားသေးဘဲ သမီးများကြားသွားပြီး ဂျီကျလာမည်လား အကဲခတ်ရသေး၏။ သမီးက သူ့အဖေစကားကို မကြားလိုက်သည်လား။ သူ့ဖာသာသူပင် အနိုင်နိုင်မို့ ပတ်ဝန်းကျင်ကို အကဲမခတ်နိုင်လောက်အောင် အင်အားချိနဲ့ နေသည်လား။ ပိန်ကပ်ကပ်ခန်္ဒာကိုယ်လေးက ပွေ့ချီထားသော သူမရင်ခွင်တွင်းမှာ အသက်ရှူသံပြင်းပြင်းနှင့်မှေးစင်းကာ ဖိုလှိုက်နေလေသည်။
           သူမကလည်း သည်အရေးကိစ်္စကို နောက်အေးအေးဆေးဆေးမှ စဉ်းစားနိုင်ပါမည်။
           လောလောဆယ် သူမအတွေးထဲမှာ သမီးလေးသာကြီးစိုးနေ၏။ ပိန်ကပ်နေသော ဖြူဖျော့ဖျော့ သမီးငယ်လေးအား ပြန်လည်ထူမတ်လာအောင် ပြုစုပျိုးထောင်ရန်အတွက် သူမ အားစိုက်ရဦးမည် မဟုတ်လား။
           အတ်္တက ဖြတ်ချလိုက်သည့် တစ်နေ့မှာတော့ အခါခါဆက်ခဲ့ရသည့် ကြိုးတစ်ချောင်း...။
 အဆုံးသတ် ပြတ်တောက်သွားတော့မည်လား မသိပါ။
                                                         xxxxxx



ဝေ(စီးပွားရေးတက္ကသိုလ်)
ရွှေအမြုတေမဂ္ဂဇင်း၊ ၀တ္ထုရှည် စ/ဆုံး
 နိုဝင်ဘာလ၊ ၂၀၁၃

No comments:

Post a comment