မပြည့်ကိန်းတစ်ခု၏ သီအိုရီ

စိတ်စေတနာရှိပါသော်လည်း သူတစ်ပါးလိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်း မပေးနိုင်သည့်အခါမျိုး လူတိုင်းမှာ အနည်းဆုံး တစ်ကြိမ်တော့ ကြုံဖူးလိမ့်မည်ထင်ပါသည်။    ထိုသို့သောအခါ သူတို့ ဘယ်လိုခံစားရသနည်း။ နာကျင်မည်လော။ ဝမ်းနည်းမည်လော။ ကြေကွဲမည်လော။   အကူအညီလိုသူအတွက် စိတ်မကောင်းဖြစ်ရမည်လော။ မကူညီနိုင်သည့် ကိုယ့်အခြေအနေအတွက် စိတ်ထိခိုက်ရမည်လော။
xxxxxx
          ဒီနေ့မှ စီးနေကျစက်ဘီးလေးက နင်းရတာပိုလေးသလို တရွေ့ရွေ့လိမ့်နေ၏။ အတွေးအမျှင်တန်းနေသည့် ဦးနှောက်ပိုင်ရှင်ကို ထမ်းပိုးထားရလို့ပဲ လေးနေတာလား။ ဘီးကပဲ လေလျော့နေလို့ နင်းသလောက်မရွေ့တာလား။
 ရွေ့သလောက်ကတော့ ပိန်ခြောက်ခြောက်နှင့် တစ်စုံတစ်ရာကို အမြဲတမ်းအတွေးနက်နေတတ်သည့် မျက်မှောင်ကျုံ့လူသားတစ်ယောက်က စက်ဘီးကို ဝတ္တရားကျေနင်းနေခြင်းဖြစ်၏။ တူရှူလမ်းတည့်တည့်ကို ပေစောင်းစောင်းသာကြည့်တတ်ပုံနှင့် ကြည့်သာ ကြည့်သော်လည်း မြင်ပုံမရပါ။
         ကြည့်မိသမျှလောကကြီးမှ မြင်သမျှ၊ကြားသမျှ၊ ဖြစ်ပျက်ကြုံဆုံရသမျှကို ရင်ပတ်ကြီးထဲမချိမဆန့် ထည့်သွင်းသယ်ဆောင်ထားရင်း၊ မမြိုသိပ်နိုင်သည့်တစ်ချိန်မှာ ပွင့်အန်ထွက်ကျတတ်သော စာရေးဆရာ၊ ကဗျာဆရာပီပီ လူနှင့်စိတ်က ဘယ်တော့မှမကပ်။ သူနင်းလာသည့် စက်ဘီးလေးကတောင် သခင့်ပုံစံအတိုင်း စွေစောင်းစောင်း...။  လောလောဆယ် သူ့အတွေးထဲမှာ ကဗျာတစ်ပုဒ် ပုန်းခိုမှီတွယ်နေသည်တော့ မဟုတ်ပါ။ ရင်ထဲထိ နက်ရှိုင်းစွာစိမ့်ဝင်နေသည့် မပြည့်ဝမှုတစ်ခုကို ခေါင်းစဉ်ဘယ်လိုတပ်ရမည်မှန်းမသိ၍ စဉ်းစားနေခြင်းဖြစ်၏။
          ' စားရေးသောက်ရေးအတွက်ဆို ငါဘယ်လောက်ငတ်ငတ် မင်းကိုဒုက္ခမပေးပါဘူး။ ခုဟာက ငါ့သမီးလေးအတွက် ကျောင်းအပ်ဖို့   ငွေတစ်ထောင်လိုနေလို့ပါ။ ကျောင်းဖွင့်တာလည်း တစ်ပတ်ကျော်သွားပြီဆိုတော့ သမီးလေးက တငိုငိုတရယ်ရယ်နဲ့    ပူဆာနေပြီကွာ။ ဘယ်ကမှရှာမရတာနဲ့ မင်းကိုသတိရပြီး...'
          အကူအညီတောင်းသူက မောဟိုက်နေသလို သူကိုယ်တိုင်ကလည်းမောနေပါသည်။ စားပွဲပေါ်တင်ထားသည့် ငံပြာရည်ပုလင်းလေး နှစ်လုံးက မဲကြုတ်ကြုတ်နှင့်မျက်နှာလေးငယ်နေရှာ၏။ သူ အိပ်ကပ်ထဲလက်နှိုက်စမ်းလိုက်တော့ ငါးရာတန်တစ်ရွက်က မဲ့မဲ့ရွဲ့ရွဲ့ပါလာသည်။
          ' ကဲ ရော့ ငါ့မှာလည်း ငါးရာပဲပါတာ မင်းမြင်တဲ့အတိုင်းပဲ။ ဒါတောင် လက်ဖက်ရည်သောက်ဖို့ ထည့်လာတာ။ '
          ' ငါလိုတာ တစ်ထောင်ထဲပါ။ မင်းဆိုင်က...'
          ' တော်..တော် ဟေ့ကောင်။ အဲဒါ ငါ့ဆိုင်မဟုတ်ဘူးကွ။ ငါ့မိန်းမဆိုင်။ ငါ သူ့ဆိုင်ထဲကနေတော့ နှိုက်မပေးချင်ဘူးကွာ။  သူလည်း ဈေးရောင်းမကောင်းလို့ ညည်းနေတာ။ သားကလည်း ဒီနှစ်ဆယ်တန်းဆိုတော့ စရိတ်တော်တော်ထောင်းသတဲ့..'
          ပြောနေရင်းမှ ကိုယ့်အခြေအနေ၏ တစ်ဝက်လောက်တောင် အဆင်မပြေရှာသည့် လူရှေ့မှာ သူ့ညည်းချင်းတွေကို ဖြေမချချင်။ ဒီကောင့်အပြောတွေကို အလုံးစုံယုံကြည်ဖို့ကလည်း ထွက်နေသည့်အနံ့က တသင်းသင်း။ ဒီလိုလူတစ်ယောက်ဟာ ရေချိန်ကိုက်ဖို့ဆို ကိုယ့်သမီးကို ဇာတ်နာအောင်ချခင်းဖို့လည်း ဝန်လေးမည်မထင်။
          ' ဒီလိုလုပ်ကွာ။ မင်းလိုတဲ့ဟာ ငါတစ်ဝက်ပေးပြီးပြီပဲ။ ကျန်တဲ့တစ်ဝက်ကိုတော့ မင်းဘာသာရှာတော့လေ။ ငါ့အတွက်ယူလာတဲ့ ငံပြာရည်လက်ဆောင်ကို မင်းပြန်ယူသွား။ ဈေးထိပ်မှာ သွားရောင်းလိုက်ရင် လိုတဲ့ငါးရာတော့ရမှာပဲ။ အချိန်ရှိတုန်း  သွားရောင်းချည် သွား...'
          ပေကပ်ကပ်ဖြင့် မထချင်ထချင်ထွက်သွားသည့်လူနှင့် မရှေးမနှောင်းမှာပဲ သူလည်းလက်ဖက်ရည်ဆိုင်ကနေ ပြန်လာခဲ့ရသည်။ ဒီနေ့တော့ မနက်စာငတ်ပြီ။ တွေ့နေကျ မိတ်ဆွေတွေနှင့်လည်း ငြင်းခုန်ဆွေးနွေးစရာ အားမရှိတော့။
          အမှန်ဆိုလျှင် လက်ဖက်ရည်ဆိုင်မှာ အကြွေးမှတ်စားရင်လည်း မရတာမဟုတ်။ မိန်းမပိုက်ဆံပုံးထဲက ပြန်နှိုက်ယူလိုက်ရင်လည်း ဖြစ်သည်။ သို့ပေမယ့် သူ ဒီလောက်တော့ မာနရှိသင့်သလားလို့ ထင်သည်လေ။ မာနမဟုတ်ရင်တောင် သိတတ်မှုပေါ့။ိတတ်မှုဆိုလျှင်တော့ အဓိပ္ပါယ်အနည်းငယ် ဆန့်ထွက်ကျယ်ဝန်းသွားလေမလား။ ဘယ်သူ့အပေါ်သိတတ်မှုလဲ။ မိသားစု အပေါ်လား။ မိန်းမအပေါ်လား။ သူ၏ယုံကြည်ရာ ကဗျာဆရာ သိက္ခာအတွက်လား။
          မိသားစုအပေါ်ဆိုရင်တော့ အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့် သူ မျက်နှာပူနွေးစွာ..။ မိန်းမနှင့်ဆိုပြန်လျှင် မိန်းမ၏သူ့အပေါ် သိတတ်နားလည်မှုက ပိုနေပြန်သည်။ စာရေးဆရာ၊ ကဗျာဆရာတစ်ယောက် အနေနှင့်ကတော့ သူသည် ထာဝစဉ်လိပ်ပြာလုံစွာ ရှိနေမည်သာ။
          အိမ်ကထမင်းအိုးအတွက် သူစာမရေးပါ။ မိသားစုအရေးအခင်းအတွက် သူကဗျာမစပ်ပါ။ နှလုံးသား၏စေစားမှုဖြင့်သာ သူ့အနုပညာ စီးဆင်းချင်သည်။ ဒါကြောင့်လည်း အိမ်အတွက်ထမင်းအိုးကို မိန်းမက အသုပ်စုံဆိုင်လေးဖြင့် တည်ခဲ့ခြင်းဖြစ်၏။   ခုတလော အရောင်းအဝယ်ကမကောင်းသည်မို့ အသုပ်စုံဆိုင်လေးကလည်း လှုပ်တုတ်တုတ်။ မိသားစုအရေးအခင်းများကိုတော့ သူ လူအားဖြင့် ဖြည့်ဆည်းနိုင်သော်လည်း ငွေအားကတော့ မပါဝင်နိုင်ခဲ့။ မိန်းမကလည်း သူသာ စာရေးစားပွဲထိုင်နေလို့ကတော့ ကိစ္စအားလုံးကို အသံတိတ်သူမဘာသာဖြေရှင်းတတ်သူ။ သူ့လုပ်အားဖြင့်ရမည့်ငွေထက် သူ့ဝတ္တု၊ ကဗျာပါသည့် မဂ္ဂဇင်းတစ်အုပ်ကို ပိုမြတ်နိုးတန်ဖိုးထားသူ။ အကယ်၍ မိန်းမကသာ အိမ်စရိတ်တွေအတွက် တပွစိစိနှင့် သူ့အပေါ်ဖိဆီးစေပါက သူလည်း နှလုံးသွေးဖောက်ကာ စာတွေအလျင်မပြတ် ရေးနေရမည်လားမပြောတတ်။
         တစ်လောက ငွေထုတ်ပိုက်ထုတ်ဝေသူတစ်ယောက် လာကမ်းလှမ်းသော ရှဲဒိုးလုံးချင်းတွေကို သူငြင်းပယ်လိုက်တုန်းကလည်း သူ့မိန်းမမှပြစ်တင်ဝေဖန်သံ တစ်လုံးတစ်ပါဒမှထွက်မလာပါ။ သူမလည်း လောကီသူမိန်းမသားပေပ။ သို့ပေမယ့် နှလုံးရည်ပြည့်ဝရှာပါသည်။                     
          ဒီလိုမိန်းမကိုမှ အလိုက်မသိရင်လည်း သူ့ပြင်ငမိုက်သား ရှိတော့မည်မဟုတ်။ မိန်းမက သူ ယုံကြည်ရာစာကိုမှ ရေးလိုခြင်းကို မငြိုငြင်သည့်အပြင် အိမ်စရိတ်ကိုလည်း သူမဘာသာရှာဖြည့်သည်မို့ သူကလည်း သူ့ကိုယ်ပိုင်ကိစ္စများအတွက် သူ့မိန်းမဈေးရောင်းသည့် ပိုက်ဆံပုံးထဲက ဘယ်တော့မှမနှိုက်။ နှိုက်ရအောင်ကလည်း သူမပိုက်ဆံပုံးလေးက ထမင်းအိုးတစ်လုံးတောင် အနိုင်နိုင်မဟုတ်လား။
         သူရသည့်စာမူခလေးများကလည်း သူဖတ်ချင်သည့် စာအုပ်ကလေးတွေ ဝယ်ရတာနှင့်ပင် ကုန်တာများ၏။ ဝယ်စရာပိုက်ဆံမရှိလျှင် ငှားဖတ်ရသည်။ မိတ်ဆွေသူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်ချင်လျှင် မနက်စာအတွက် သူ့ခွဲတမ်းကို နှစ်ရာထက်ပိုမသုံး။လက်ဖက်ရည်တစ်ခွက်၊ ဆေးပေါ့လိပ်နှင့် ဝါသနာတူတွေ ဆွေးနွေးငြင်းခုန်နေကျစကားဝိုင်းက သူ့အတွက်ပြည့်စုံသော မနက်စာ။
         ဒီနေ့ မနက်စာအငတ်ခံပြီး သူတစ်ပါးကို ဖြည့်ဆည်းလိုက်သော်လည်း ပြည့်စုံမှုကို သူမခံစားရ။ တစ်ဝက်သာပေးလိုက်နိုင်၍ တစ်နေကုန် တနင်နင်ဖြစ်နေရသည်။
         ဒီကောင်ကလည်း ကံမကောင်းတာပါ။ သူလိုကောင်နှင့်မှ ကံလာဆုံရသည်။ ဒီကောင့်ကို သူ့မိဘတွေခေါ်မွေးတုန်းကတော့ သူတို့မိသားစုအခြေအနေက သိတ်မဆိုးခဲ့။ အဖေက ရာထူးအလယ်အလတ် ဝန်ထမ်းဆိုပေမယ့် ပြည့်ပြည့်စုံစုံ နေနိုင်ကြသေးသည်။
         ဒီကောင့်ကို မြို့ငယ်လေးတစ်မြို့မှာ အဖေ့တပည့်တစ်ယောက်က မိဘမဲ့သူ့တူလေးကို စောင့်ရှောက်ပေးဖို့ အကူအညီတောင်း၍ အဖေက ခေါ်မွေးခဲ့ခြင်းဖြစ်၏။ စရောက်ကတည်းက ဥာဏ်ရည်မမီသလို အူတိအူကြောင်။ စာပေမတတ်တော့ စရိုက်ကြမ်းတွေကို သွန်သင်ပြုပြင်ရတာ မလွယ်။ လက်တိုလက်တောင်းခိုင်းရတာနှင့် ပြောဆိုဆုံးမလို့မောရတာက မကာမိ။ အပျင်းကလည်း ကြီးသေး။
        သူနှင့်က အရွယ်ချင်းမတိမ်းမယိမ်းမို့ ဒီကောင့်အကျင့်ဆိုးတွေ သားကိုကူးမှာစိုးသောအမေက ပြန်ပို့မယ်ချည်းတကဲကဲ။ သို့ပေမယ့် တစ်မြို့ပြီးတစ်မြို့ပြောင်းရင်း ဒီကောင့်ဦးလေးကလည်း သေသွားပြီလိုလို သတင်းကြားရသည်။
        ဦးနှောက်သာမပြည့်သလိုရှိတာ။ လူပျိုပေါက်အရွယ်မှာပဲ မိန်းမခိုးပြေးပါလေ၏။ သူ့မိဘတွေက အရင်းအနှီးအနည်းငယ် ပေးလိုက် သော်လည်း ဒီကောင်ကလက်လာဖြန့်လိုက်၊ ဒီကောင့်မိန်းမကလက်လာဖြန့်လိုက်နှင့် သူ့မိဘတွေအသက်ရှင်သရွေ့မှာ ဒီကောင့်ဒုက္ခက မငြိမ်းခဲ့ပါ။ တောင်းတိုင်းမပေးနိုင်ပြန်လျှင်လည်း ခေါ်တုန်းကတော့ခေါ်လာပြီး ပစ်ထားရက်သည်ဟု ရန်လုပ်တာကို ခံရသေးသတဲ့။   
         ခုတော့လည်း အဖေနှင့်အမေ မရှိရှာတော့။ ဒီကောင်က မွေးစာရင်းချဲ့ကာ သူ့အပေါ်မှာပင် တာဝန်ပုံချင်ပြန်ပြီထင်၏။ သူကတော့ မိဘတွေ၏တစ်ဝက်ပင် မကူညီမစောင့်ရှောက်နိုင်သည်မို့ စိတ်ကတော့မကောင်းပါ။ ဒီကောင်ရေချိန်ကိုက်ဖို့ သမီးကိုဘမ်းပြသည်ဟု ထင်ရသော်လည်း တကယ်အမှန် သမီးလေးကျောင်းတက်ဖို့ဖြစ်နေပါက..။
        သူ့ရင်ထဲမှာတွေးမိတိုင်း စိတ်မကောင်း။ သူ့ကိုယ်ပိုင်ငွေလေးရွှင်ရင်တော့ ဒီကောင့်ကိုသွားပေးလိုက်ဦးမလားလို့ စဉ်းစားထားသည်။ သို့ပေမယ့် စာကလေးရေးပါမှ ကိုယ်ပိုင်အသုံးစရိတ်လေးရမည်မို့ ရင်ထဲတိုးဝှေ့လှုပ်ခတ်နေသော ဒီကောင့်အကြောင်းကိုပင် ဝတ္တုတစ်ပုဒ်ရေးရပေဦးမည်။ ကြုံလာသည့်အခြေအနေတစ်ခုဆိုပေမယ့် နှလုံးသားကစေစားမှသာ အနုပညာစီးဆင်းချင်သူမဟုတ်လား။
xxxxxx
         တကယ်တမ်းတွင် ကြုံလာသည့် အခြေအနေတစ်ခုကို အသုံးချတတ်သည့်နေရာမှာ ဥာဏ်ရည်မပြည့်မီဟု သူတို့ကထင်ထားသော မွေးစားသားက သူ့ထက်သာသည်လား မပြောတတ်။ ထိုနေ့က လက်ဖက်ရည်ဆိုင်တွင် မနက်စာလက်ဖက်ရည်နှင့် ငြင်းခုန်ဆွေးနွေးမှုများကို သူတို့အဖွဲ့ မြိန်ရေရှက်ရေ စားသုံးနေခိုက်ဖြစ်၏။ ဆိုင်ကယ်တစ်စီးက သူတို့ထိုင်နေကျ ဆိုင်ရှေ့မှာရပ်လိုက်တော့လည်း သူက သာမန်ကာလျှံကာပင် ငြင်းခုန်မပျက် စကားကောင်းနေတုန်း။ ဆိုင်ကယ်ပေါ်မှဆင်းလာသူက သူတို့ဝိုင်းမှာ ဝင်ထိုင်လိုက်ကာမှ သူ့မှာ တအံ့တသြဖြစ်ရတော့သည်။
         ' ဟာ ဟေ့ကောင်။ မတွေ့တာတောင် အတော်ကြာပြီ။ မင်း အဆင်ပြေနေတယ်လား...'
         ' အေး မင်းနဲ့တွေ့ပြီးတဲ့မနက်မှာပဲ ငါ ဈေးကိုငံပြာရည်နှစ်ပုလင်း သွားရောင်းရင်း ဖောက်သည်တစ်ခါတည်းရလာတာလေ။ အရင်က ငံပြာရည်ချက်တဲ့အလုပ်မှာ လုပ်တုန်းကရလာတဲ့နည်းနဲ့ ငါ့ကိုယ်ပိုင်တံဆိပ်တပ်ပြီး ငံပြာရည်ကျိုရောင်းခဲ့တာပဲ။  ခုတော့ တော်တော် အဆင်ပြေနေပြီကွ။ အဲဒီတုန်းက မင်းသာအပြည့်ပေးခဲ့ရင်....  ဒါပေမယ့် လောကမှာ အပြည့်မရတိုင်း စိတ်ပျက်စရာတော့မရှိဘူးကွ။ တစ်ခါတစ်ရံ တစ်ဝက်လောက်အခံရှိတာက  အပြည့်ထက်တောင် လျှံသွားအောင်လုပ်ဖို့ အခွင့်အလမ်းပိုသာတယ်။ ဥပမာ ငါ့ကိုကြည့်ပေါ့ကွာ။ ရေတစ်ဝက်   ငပိကျရည်တစ်ဝက်ရောချက်ပြီး ငါ့ငံပြာရည်တွေ ရောင်းကောင်းနေတာပဲ ဟဲဟဲဟဲ...'
         စာမဖတ်ပေမတတ် မပြည့်မဝကောင်က စာရေးဆရာရှေ့မှာ လက်တွေ့ဆန်ဆန် ဒဿနတွေလာထုတ်နေသည်က သူ့အတွက် ခံပြင်းစရာကောင်းလှသည်။ ဒီကောင့်အပြောအရသာဆို နှလုံးရည်ပြည့်ဝသည့် သူ့မိန်းမကိုပင် လောဘဇောတွေ တက်ခိုင်းကာ အပြည့်အဝစီးဆင်းချင်သည့် သူ့အနုပညာကိုလည်း အရောအနှောတစ်ဝက်လုပ်ရမည့်ပုံ။
         စာသမားတွေ၏စကားဝိုင်းကလည်း ဒီကောင့်ဒဿနတွေအောက်မှာ ခြောက်သွေ့သွားရပြီ။
         ' ကဲ ငါသွားလိုက်ဦးမယ်။ ဈေးထဲမှာ အကြွေးတွေလာသိမ်းရင်း မင်းကိုသတိရလို့ဝင်လာတာ။ မင်းတို့ဝိုင်းဖိုး ငါရှင်းသွားပြီဟေ့..'
         ' ဟေ့ကောင် မရှင်းနဲ့..'
        ဖျဉ်းကနဲဖြစ်သွားသောစိတ်ကြောင့် ကောင်တာမှဆိုင်ရှင်ကို လက်ကာပြီး မယူဖို့လှမ်းတားလိုက်သည်။ သို့ပေမယ့် ဆိုင်ရှင်က ကောင်တာခုံပေါ်တင်လာသော ကျသင့်ငွေကို လက်လှမ်းနေလေပြီ။ သူကသာ အကြွေးမထားသော်လည်း သူ့ဘော်ဒါတစ်ချို့က စာရင်းမှတ်စားသူနှင့် ကြုံမှပေးသူနှင့်..။ တစ်ခါတည်း အပြေအကျေရှင်းသောငွေကို ဆိုင်ရှင်က လက်လှမ်းနေသည်မှာ မဆန်း။
         ' ဟားဟားဟား..ရှင်းပြီးပါပြီကွ။ တစ်ဝက်မဟုတ်ဘူးနော် ဟေ့ကောင်။ အပြည့်...အပြည့်...'
         လှစ်ကနဲ ပေါ့ပါးသွက်လက်စွာ ထွက်ခွာသွားသော ဆိုင်ကယ်နောက်မှာတော့ မီးခိုးနှင့်ဖုန်များ လုံးကနဲထကျန်ခဲ့လေသည်။
  xxxxxx
         အိမ်အပြန်လမ်းတစ်လျှောက် သူနင်းနေကျစက်ဘီးလေးက လေးလံလွန်းလှသည်။  အားစိုက်နင်းနေပေမယ့် ရှေ့ကိုရွေ့မှရွေ့သေးရဲ့လား သူမသိ။  အခါများစွာကလိုပဲ...၊ သူ့စက်ဘီးလေးက လေလျော့နေပြန်ပြီလား...။
    xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
January, 2011.... 
အလင်္ကာဝတ်ရည် မဂ္ဂဇင်း

2 comments:

  1. အရမ်းကောင်းတာပဲ ဆရာမရေ..

    ReplyDelete
  2. သီအိုရီကိုဖတ်လိုက်ရတော့ စဉ်းစားစရာတွေ ရသွားတယ်...

    ReplyDelete