ရေတိမ်ထဲက ချောက်


“ မိမဆုံးမ...၊ ဖမဆုံးမ..” တဲ့။
          နားစည်ကို ခပ်ကြမ်းကြမ်းတိုးဖြတ်သွားတဲ့ စကားလုံးတွေက ပဲ့တင်လှိုင်းအထပ်ထပ်ဖြစ်ပြီး နှလုံးသားကို ရိုက်ပုတ်နာကျည်းစေခဲ့ပြီ။
          ဟုတ်ပါတယ်လေ။ သူက လူမှန်းသိတတ်စကတည်းက အဖေမရှိတာဆိုတော့ ဖမဆုံးမ...ဆိုတဲ့စကားက မှန်နေတာကိုး။ မိမဆုံးမ...ဆိုတာကတော့....။
          တစ်နေ့ကျရင်...အမေ့နားရွက်ကို ကိုက်ဖြတ်မယ့် သားမိုက်ဘ၀များ သူ ရောက်ရဦးမလား...မဆိုနိုင်ဘူး။
                                             xxxxxxxxxx
          အမှန်က သူ ဒီကိုရောက်လာခဲ့ရတာ..။ အဓိကရည်ရွယ်ချက်က ကျောတစ်ခင်းစာ ပထွေးရဲ့အရိပ် လွတ်ရာမှာ နေရဖို့ပါ။
နပ်မှန်မှန်မစားရရင် နေပလေ့စေဦး။ ပထွေးအရိပ်က လွတ်မြောက်ရင်တော်ပြီ။ ဘာအလုပ်ဖြစ်ဖြစ် ပင်ပန်းလွန်းလို့ လဲကျရင်လဲကျသွား
ပေ့စေဦး။ ပထွေးသောက်မယ့်အရက် ၀ယ်ပေးရတဲ့အလုပ် မဟုတ်ရင်ရပြီ။ ဘယ်သူတွေ သူ့ဦးခေါင်းကို တက်နင်းသွားစေဦး။ ပထွေးရဲ့
မျက်ထောင့်နီ အကြည့်တစ်ချက် ဝေ့မလာရင် သူ သည်းခံနိုင်ပြီ။ အဲလောက်ထိ ပထွေးကို ခါးသည်းတယ်။
          ပထွေးကို မုန်းတဲ့စိတ်တွေ ရိုးတွင်းချဉ်ဆီထဲအထိ စူးနစ်နေတဲ့သူဟာ ကြိတ်ထားမိတဲ့ အံကို ည အိပ်မက်ထဲမှာတောင် မလျှော့မိတော့တာ...။ ထောင်နေတဲ့ မေးကြောတွေရယ်၊ မှုန်ကုတ်ကျဉ်းမြောင်းနေတဲ့ သူငယ်အိမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သူ့မျက်နှာဟာ ဘယ်လိုများ ရည်မွန်နှစ်လိုဖွယ်ကောင်းမတဲ့လဲ။
          ပထွေးနဲ့တစ်ခွန်းမှ ပြေပြေလည်လည် မပြောဖူးတဲ့အပြင် အမေ့ကိုလည်း နှုတ်လှန်ထိုးနေကျ ဒီပါးစပ်တွေကရော...။
ပြေပြေလည်လည် အေးအေးဆေးဆေးများ ပြောတော့မယ်ဆို...၊ စကားက ထစ်ချင်နေရသေးတယ်။ မြန်မြန်ပြောရင်တော့လည်း ထစ်မှန်းတောင်မသိသာဘူး။ ဒီတော့...ပထွေးကိုအခဲမကျေတဲ့ ခပ်မာမာလေသံမျိုးနဲ့ မြန်မြန်လေးလည်း ပြောလိုက်ရော...။  
          မျက်နှာမြင် ချစ်ခင်ပါစေ။ အသံကြားသနားပါစေ...ဆိုတာ တောင်းကောင်းတဲ့ဆုလို့တောင် သူက သိခဲ့တာ မဟုတ်ဘူးလေ။
          ဒါပေမယ့် ခက်တာက သူ ၀မ်းကျောင်းတဲ့အလုပ်က စားပွဲထိုးဖြစ်နေတယ်။ သူ့ပုံစံက ဖော်ရွေပျူငှာရမယ့် အလုပ်ကို ဘယ်လိုမှ အထောက်အကူမပေးနိုင်တာ အသေအချာပဲ။ ဒီ့ထက်လိုက်ဖက်မယ် ထင်ရတဲ့ ကားဝပ်ရှော့တို့၊ စပယ်ယာတို့၊ ကုန်တင်ကုန်ချတို့...၊
ဒီ့အရင်က သူဝင်လုပ်ဖူးသေးတယ်။ လူကသာ ခံတန်တန်နဲ့ ထောင့်မကျိုးတာ။ ပင်ပန်းတဲ့အလုပ်ကြတော့လည်း လက်ကြောကမတင်းပြန်ဘူး။
          အင်းလေ...သူ အိမ်ကဆင်းလာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မယ်လို့ အလုပ်စလုပ်တဲ့အရွယ်ကလည်း ဆယ်ကျော်သက်လေး ရှိသေးတာကိုး။ ပထွေးနဲ့အမေကို အာခံပြီး အစ်ကို့အိမ်ဆင်းလာတော့လည်း အစ်ကို့ကလေးတွေနဲ့ သူနဲ့က မျက်နှာချင်းဆိုင်လိုက်တာနဲ့ ရန်ပွဲပဲ။
          အစ်ကိုသွင်းပေးတဲ့ စပယ်ယာအလုပ်မှာလည်း ကားသမားတွေက ပါးစပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း လူတွေ။ သူက ဂျစ်တစ်တစ်
ခံတန်တန်ဆိုတော့ နားရင်းပါးရင်းတွေဆိုတာ အမြဲတမ်းကို ပူထူနေတော့တာ။
          ဒီလိုနဲ့ အစ်ကို့အိမ်မှာလည်း တစ်လတောင် မကြာလိုက်ပါဘူး။ ထမင်းကျွေး လခမပေးတဲ့ ၀ပ်ရှော့တစ်ခုမှာ အစ်ကိုပဲ အပ်ပေးရ ပြန်တာပေါ့။ ထောင့်မကျိုးတဲ့ သူနဲ့ ဒီလိုလူကြမ်းစိတ်ကြမ်းတွေနဲ့ ကောင်းကောင်းကြီးတွေ့တော့တာလေ။ ပထွေးက ပါးတွေရိုက်တယ်။
ကားသမားတွေက နားရင်းအုပ်တယ်။ ၀ပ်ရှော့ဆရာတွေကျကာမှ ခေါင်းကို ပေါက်ကရောပဲ။ ဆဲဆိုကြိမ်းမောင်းတာကို မေးကြောထောင်ပြီး မျက်လုံးစွေကြည့်လို့တဲ့။ လက်ထဲကိုင်ထားတဲ့ ဂွရှင်နဲ့ လှမ်းပေါက်ပစ်လိုက်တာ။ သွေးတွေ ရဲကနဲပဲ။ သုံးချက်တောင် ချုပ်လိုက်ရတယ်။
          ခေါင်းမထူနိုင်တဲ့သူ့ကို ဘာမှပြောမနေပဲ အစ်ကိုက ဆိုက်ကားပေါ်တင်ပြီး အမေ့ဆီပြန်ပို့ပစ်လိုက်တာ။ ပြောနေရင်လည်း သူက ငြင်းဦးမှာကိုး။ အစ်ကို့အိမ်မှာလည်း အစ်ကို့မိန်းမက လက်မခံတော့ဘူး။ ၀ပ်ရှော့ဆရာကလည်း ဆေးဖိုးပေးပြီး ပြန်လွှတ်လိုက်ပြီ။
“ ဆက်ထားရင် မင်းကောင် ငါ့လူတွေကြားမှာ အသက်ပျောက် သွားလိမ့်မယ်...” ...တဲ့။
          အမေ့အိမ်ရောက်တော့လည်း ကြိုဆိုရေးက သင်းနေပြန်တယ်။
          “ ခွေးမသား...။ သောက်သုံးကဖြင့် မကျဘူး။ ငါ့ကို ခြေရာလာတိုင်းချင်သေးတယ်။ လူတွေနဲ့မဆက်ဆံတတ်ပဲ လူရာဝင်ချင်လို့
          ရမလား။ ဘယ်မှာမှ သုံးမရရင် အိမ်မှာပဲ ကလေးထိန်း၊ အနှီးလျှော်။ လောလောဆယ် ငါသောက်ဖို့အရက် သွားဝယ်ပေးစမ်း...”
          ပထွေးလုပ်စာစားပြီး အသက်ရှင်ရတာနဲ့စာရင် ခေါင်းပဲပေါက်ပေါက်၊ သွေးပဲထွက်ထွက်၊ နောက်ဆုံး အသက်ပဲသေသေလို့
သူနာကျည်းမိတယ်။ ဒီလိုပထွေးမျိုးကို သူတို့ဘ၀ထဲ ၀င်ခွင့်ပေးခဲ့တဲ့ အမေ့ကိုလည်း စိတ်နာတယ်။
                                            xxxxxxxxxxx
          အဖေဆုံးတော့ သူက နှစ်နှစ်သားလေးလားပဲ ရှိသေးတာလေ။ အစ်ကိုက ပြန်ပြောပြတယ်။ အဖေဆုံးပြီးစက သူတို့ညီအစ်ကို
နှစ်ယောက်ကို အမေ အားတင်းပြီး ရုန်းကန်ကျွေးမွေးခဲ့သေးတယ်တဲ့။ အစ်ကိုက သူ့ထက်ခုနစ်နှစ်လောက်ကြီးတော့ အမေနဲ့အတူ
ကူဖော်လောင်ဖက် ရခဲ့မှာပေါ့။ ဒါပေမယ့် နှလုံးရောဂါအခံရှိတဲ့ အမေက အပင်ပန်းလည်း သိတ်မခံနိုင်ရှာဘူး။ တချူချူတချာချာနဲ့
သူကျောင်းနေအရွယ် ရောက်တဲ့အထိတော့ အံခဲလုပ်ရှာသား။
          သူကတော့ ဖတဆိုးသားလေးဆိုပြီး အမေအလိုလိုက်သလောက် ကမ်းကုန်အောင် ဆိုးခဲ့တာတဲ့။ အမေက ကျောင်းပို့ပြီး
ပြန်သွားတာ လမ်းထိပ်မရောက်သေးဘူး။ ကျောင်းနောက်ပေါက်ကလျှိုပြီး ပြန်ပြေးတဲ့သူက အိမ်ကိုရောက်နေနှင့်ပြီ။
          အမေကလည်း အလုပ်တစ်ဖက်နဲ့ ဘယ်လောက်ပင်ပန်းပေ့စေ။ ကျောင်းကို ထပ်ပြန်ပို့တာပဲ။ ကျောင်းမတက်မချင်း လက်ဆွဲပြီးကို ထိုင်စောင့်နေတော့တာ။ ဒီလို အမေဒုက်္ခခံခဲ့လို့လည်း သေစာရှင်စာလေးတော့ သူ တတ်မြောက်ခဲ့တာပေါ့။
          ဒါပေမယ့် ပထမတန်းနှစ်ဝက်လောက်မှာပဲ ဘယ်လိုမှ ကျောင်းတက်ခိုင်းလို့ မရတော့တာလေ။ ကျောင်းအတင်း လိုက်ပို့ရင် အမေ့အိမ်ကို မပြန်တော့ပဲ လေး၊ငါးရက်လောက် ပျောက်နေတော့တယ်။ အမေကတော့ စိတ်တွေပူပြီး ရထားများ ကြိတ်သွားပြီလားလို့ ရထားလမ်းတလျှောက် လိုက်ရှာရတာနဲ့...၊ တွေ့သမျှလူကို မေးရတာနဲ့...၊ ရေနစ်လေမလားဆိုပြီး မြစ်ဆိပ်တွေလည်း ရောက်လိုရောက်နဲ့ပေါ့။
          သူ အိမ်ပြန်ရောက်လာကာမှ “ အမလေး သားရယ် မသေကောင်းမပျောက်ကောင်း...” ...ဆိုပြီး ဖက်ငိုရှာတယ်။ ချော့မေးရင်တော့
ဘုန်းကြီးကျောင်း သွားအိပ်နေတယ် ပြောလိုပြော၊ အမှိုက်ရှာဖွေရေး ကလေးတစ်သိုက်ကြား ၀င်အိပ်နေတယ် ပြောလိုပြောနဲ့ပါ။
ဒီလို နှစ်ခါ သုံးခါလောက်လည်း ဖြစ်ပြီးရော အမေလည်း သူ့ ပညာတတ်မြောက်ရေး ကြိုးပမ်းမှုကို လက်လျှော့လိုက်တော့တာလေ။
          ကျန်းမာရေးလည်းမကောင်း၊ သူ့ကိုလည်း မထိန်းနိုင်တဲ့အမေဟာ တစ်ချိန်မှာတော့ အားကိုးရှာတော့တာပေါ့။ ကားဂိတ်မှာ
ကြက်ဥငုံးဥပြုတ် ရောင်းတဲ့အမေနဲ့ ကားနောက်လိုက်နဲ့ ညားကြတာ ဆန်းတော့မဆန်းလှပါဘူး။ ဒါပေမယ့် သူ့အစ်ကိုကတော့ အမေ
နောက်အိမ်ထောင်ပြုတာနဲ့ စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားတာ။ မကြာခင်မှာပဲ အိမ်ထောင်ကျသွားတယ်။ သူသာ ကလေးမကလူကြီးမကျနဲ့ အိမ်မှာကျန်ခဲ့တာလေ။
          ပထွေးက အလုပ်တော့ ကောင်းကောင်းလုပ်တယ်။ အမေ့ကို ပိုက်ဆံလည်း မှန်မှန်အပ်တယ်။ သူမုန်းတာက သူ့ကိုနှိမ်လွန်းတာပဲ။
ကျောင်းမနေပဲ အလေလိုက်တဲ့ကောင်ဆိုပြီး မှိုချိုးမျှစ်ချိုးပြောရုံမကဘူး။ အရက်ဝယ်ခိုင်းရတာနဲ့၊ နင်းခိုင်းနှိပ်ခိုင်းရတာနဲ့။  
          သူကလည်း ဦးမကျိုးပါဘူး။ အော်ခိုင်းခိုင်း၊ ဆဲခိုင်းခိုင်း၊ ရိုက်ခိုင်းခိုင်း..၊ လုပ်ကိုမပေးတာ။ အမေကတော့ လင်နဲ့သားကြားမှာ
ဗျာများရတာပေါ့။ သူ့ရဲ့အိမ်ပြေးဇာတ်လမ်းတွေလည်း အခန်းဆက်တွေဖြစ်လာတယ်။ အိမ်မှာအဆင်မပြေရင် ရှာဖွေရေးအဖွဲ့နဲ့ ရှာဖွေစားသောက်လိုက်။ အဲဒီအဖွဲ့နဲ့ အဆင်မပြေရင် အိမ်ကို ပြန်လာလိုက်ပေါ့။
          ပိုဆိုးလာတာက ပထွေးနဲ့ရတဲ့ ကလေးတစ်ယောက်လည်း မွေးပြီးရော ပထွေးက သူ့ကို ပိုနှိမ်လာသလို အမေကပါ သူ့ဖက်ကမပါ တော့ဘူးလို့ သူထင်လာတာပဲ။ ဒါနဲ့ သူ့အခန်းဆက်ဇာတ်လမ်းကို အဆုံးသတ်လိုက်ပြီး အမေ့ကိုပါ စိတ်နာနာနဲ့ စွန့်ခွာခဲ့တာပါပဲ။
                                             xxxxxxxxxx
          ကံကောင်းထောက်မလို့ စားပွဲထိုးနေရာလွတ်တစ်ခုကို သူရလိုက်တာ။ ပထွေးလောင်းရိပ်ကလည်းလွတ်၊ ကျောတစ်ခင်းစာလည်းရ၊
ထမင်းလည်း ၀၀စားရ၊ ဒီ့ပြင် လခလည်းပေးတယ်။ သူ့အတွက်ကတော့ ကံကောင်းတာပေါ့။ စားချိန်အိပ်ချိန် မှန်မှန်နဲ့ တစ်နှစ်အတွင်းမှာတင် အရပ်ကြီးရှည်ပြီး ထွားကျိုင်းလာတယ်။ ပြောင်းပြန်အချိုးချရရင် ဆိုင်ရှင်ကတော့ အကုသိုလ်ဝင်တာပဲ။
          “ ဒီကောင် ရောက်လာကာမှ ငါ့ယောကျာ်းလည်း လူဆိုးထိန်းဘ၀ကို ရောက်ရတော့တာလေ။ အရင်က အင်မတန်သိမ်မွေ့တဲ့လူက
          ခုများဆို ဒီကောင်ကြောင့် ဒေါသထွက်ရ၊ နင့်နင့်သည်းသည်းတွေ ပြောရ၊ လက်ပါရနဲ့ လူကြမ်းကြီးကို ဖြစ်ရော...”
          ဒါက ဆိုင်ရှင်အမျိုးသမီး ညည်းတွားနေကျစကား။ သူ့ယောကျာ်းကို ပတ်ဝန်းကျင်က လူဆိုးထင်မှာစိုးလို့ သူ့ကို လူဆိုးနေရာ
ပေးတဲ့ ပညာတတ်စကား။ သူတို့က စကားအရာမှာတော့ လိမ်္မာပါးနပ်သလားမမေးနဲ့။ လိုရာမရောက်ရောက်အောင် ဆွဲပြောတဲ့နေရာမှာ စံ။ သူ့ကိုလည်း ပုံတိုပတ်စ၊ ဥပမာ ဥပမေယျတွေနဲ့ အမြုပ်စီမတတ်တော့ သွန်သင်ရှာပါတယ်။
          ဒါပေမယ့် ခေါက်ရိုးကျိုးနေတဲ့ သူ့အပြောအဆို အမူအရာတွေက တော်ရုံမီးပူအပူလောက်ကို ချက်ချင်းပြန့်ပြူးသွားခဲ့ရင်
ရာဇ၀င်လှနေပါဦးမယ်။ သူ့ရဲ့ပြဿနာတွေက ပုံစံစုံ၊ ဆိုဒ်စုံ၊ နေရာစုံ၊ လူမျိုးမရွေး ဆိုသလိုပဲ။ အလုပ်ထဲမှာ အလုပ်သမားအချင်းချင်း၊
ဆိုင်ကိုလာနေကျ ဖောက်သည်တွေ၊ ဆိုင်ဘေးပတ်ဝန်းကျင်၊ တစ်ယောက်နဲ့မှကို မတည့်ဘူး။ ရန်ဖြစ်စရာလူကုန်ရင် ဟိုပန်းကန်ကွဲ၊
ဒီဖန်ခွက်ခွဲနဲ့ သူ့ပတ်ဝန်းကျင်ဟာ ဘယ်နေရာမှ မချမ်းသာစေရဘူးလို့များ ကျိန်စာမိနေသလား ထင်ရတယ်။
          ဆိုင်ရှင်က ဖျန်ဖြေထိန်းသိမ်းရင်လည်း ပထွေးကိုကြည့်တဲ့ အကြည့်မျိုးနဲ့ပဲ ပေစောင်စောင် အံတကြိတ်ကြိတ် ကြည့်တတ်တော့
ဘယ်ခန်္တီစတရားမှလည်း မခံနိုင်တော့ဘူး။
          “ ဟေ့ကောင်...ဘယ်တိရစ်္ဆာန်မှတောင် မင်းလောက်မရိုင်းစိုင်းဘူးကွ။ မင်း မလေးမစားဆက်ဆံလို့ တချို့ဖောက်သည်တွေ
           မိတ်ပျက်ပြီး မလာကြတော့ဘူး။ မင်းပုံစံမပြင်နိုင်ရင် ငါ့ဆိုင်မှာဆက်လုပ်မနေနဲ့တော့...”
          ဒီလိုဆိုတော့လည်း ပထွေးရဲ့ အရက်ခိုးဝေတဲ့ မျက်ထောင့်နီကြီးကို မြင်ယောင်ပြီး သူ ချက်ချင်းမာန်ချရတယ်။ ပထွေးကလွဲရင်
ကျန်ဘယ်သူ့ကို အဖေခေါ်ရခေါ်ရဆိုတဲ့ ဘ၀အခြေအနေဆိုတော့လည်း...။
          ပထွေးဆီ ပြန်မရောက်ချင်တဲ့သူမို့ အလုပ်ထဲမှာ ပြေလည်အောင် ကြိုးစားနေထိုင်ကြည့်လိုက်တယ်။ အလုပ်ကြမ်းတွေကလည်း
အဆင်မပြေတော့ ဒီအလုပ်လေးကိုပဲ မလွတ်တမ်း ဖက်တွယ်ထားသင့်မှန်း ဘ၀ပေးအသိက သူ့မှာရှိနေပြီ။ ပညာမတတ်ပေမယ့် ဘယ်သူက သခင်လဲဆိုတဲ့ ဗီဇအသိလေးတော့ ခပ်ရေးရေးရှိနေသေးလို့ တော်သေးတာပေါ့။
          စားပွဲထိုးအလုပ်က သူကြုံဖူးတဲ့အလုပ်တွေထက်စာရင် လူသက်သာပြီး ပိုစားသာတယ်လေ။ ဒါပေမယ့် သူက အလုပ်ထဲမှာလည်း ရန်လိုလိုက်တာမှ တစ်နေ့သုံးလေးခါမှ ပြဿနာမဖြစ်ရင် ညမိုးမချုပ်ဘူး။ တစ်ခါကများဆိုရင် ဆိုင်မှာလာစားတဲ့ ဖောက်သည်ရဲ့
ဆိုင်ကယ်ဘီးကို လေလျှော့ထားလို့ ဦးလေးက နီးရာတုတ်ချောင်းဆွဲပြီး ဆော်ပလော်တီးတာ ခံရသေးတယ်။          
         “ လူဆိုတာ နာခံတတ်တဲ့စိတ်၊ ကြောက်တတ်တဲ့စိတ်လေးရှိမှ ပြုပြင်လို့ရတာ။ ဘယ်သူ့ကိုမှ ကြောက်တဲ့စိတ်မရှိလို့
           မင်း ဒီလို မိမဆုံးမ၊ ဖမဆုံးမ..လို့ ပတ်ဝန်းကျင်ရဲ့ အပြောခံရတာ။ မင်းလိုကောင် ငါ့ဆိုင်ကနေ အပြင်ထွက်ပြီး အလုပ်လုပ်ရင်      
           ဒီပုံစံနဲ့ဆို မကြာခင် ဓားထိုးခံရမယ့်ကောင်....”
          ဦးလေးပြောတာတော့ သူလည်းလက်ခံပါတယ်။ ဓားက သူများက လာမထိုးရင်တောင် သူက ထိုးချင်နေတဲ့ကောင်လေ။
ဒါပေမယ့် သူ့မှာပြေးစရာမြေ မရှိပါဘူး။ သူ ဘယ်လောက်ဆိုးဆိုး ပြောဆိုဆုံးမတတ်တာ ဒီဆိုင်ရှင် ဦးလေးလင်မယားပဲ ရှိတာမဟုတ်လား။
သူ့အမေလည်း ဒီလို အကျိုးအကြောင်း ဆက်စပ်ပြီး မပြောတတ်သလို၊ ပြောလည်းမပြောအားဘူး။ တခြားလုပ်ခဲ့ဖူးသမျှ အလုပ်တွေမှာလည်း သူအချိုးမပြေရင် ထသာနားရင်းတီးကြတာ။ ဘယ်လိုနေ ဘယ်လိုထိုင် အဖက်လုပ်ရှင်းပြတာမှ မဟုတ်ပဲ။
          လူ့ကျင့်ဝတ်၊ လူ့ယဉ်ကျေးမှု ဆိုတာတွေကို ဦးလေးပြောပြမှသာ သူ ကြားဖူး နားထောင်ဖူးရတာ။ တစ်ခါတစ်လေ စိတ်ရှည်
လက်ရှည် သွန်သင်ဆုံးမနေလိုက်တာများ၊ သူ့စိတ်ထဲမှာ သူ့အဖေ အသက်ပြန်ရှင်လာသလိုလို ရင်ထဲမှာ တုန်တုန်လှုပ်လှုပ် ခံစားလာရတယ်။ သံယောဇဉ် တွယ်ချင်သလိုလို ဖြစ်လာတယ်။ ဒါပေမယ့် ဦးလေးရဲ့မိန်းမကတော့ သည်းမခံချင်ဘူး။
          “ နင့်ကြောင့် ငါတို့မှာ လူဆိုးထိန်းဖြစ်ရတာ။ ငါလည်း တစ်သက်နဲ့တစ်ကိုယ် မပြောဖူးတဲ့ စကားကြမ်းတွေ ပြောရဆိုရ၊
          စိတ်တိုရနဲ့ လူတွေပါကြမ်းတမ်းရတယ်။ နင်နဲ့လိုက်ဖက်တဲ့ တခြားအလုပ်တွေ့ရင် သွားလုပ်ချင်လုပ်တော့...”
          ဇွတ်မနှင်ရက်ကြလို့သာ တော်တော့တယ်။ စိတ်ဆိုးတိုင်း သွားပါတော့လို့ချည်း လမ်းဖွင့်ပေးတယ်။ သူကလည်း မသွားချင်တော့
ကြိုးစားပြီးပြင်လိုက်၊ ခွေးမြီးကောက် ကျည်တောက်စွပ်သလို နဂိုပုံစံ ပြန်ဖြစ်သွားလိုက်၊ ပြဿနာတွေတက်လိုက်၊ သွားပါတော့လို့ပြောလိုက်နဲ့
သံသရာလည်နေတယ်။ တစ်နေ့နေ့တော့ ဦးလေးဖြစ်ဖြစ်၊ ဦးလေးမိန်းမဖြစ်ဖြစ် ဒေါသအိုးပေါက်ကွဲတဲ့ အချိန်တော့ သူ့ကို အတင်းနှင်ချရင်
သူတကယ် ဆင်းရတော့မှာ။ ဒေါသအိုးဆိုတာကလည်း ဘယ်လောက်အားကောင်းမယ်မှန်း မှန်းလို့ရတာမဟုတ်ဘူးလေ။
                                               xxxxxxxx
          အကြောက်တရားမရှိဘူးလို့ ဦးလေးပြောတာလည်း ဟုတ်တော့ဟုတ်တယ်။ သူ့ဘ၀မှာ ပထွေးအိမ် ပြန်ရမှာရယ်၊ ဦးလေးရယ်ပဲ သူ ကြောက်တာ။ ကျန်တာ သူ ဘာမှမကြောက်ဘူး။ ကြောက်တတ်တဲ့ အတွေးအခေါ်မရှိသလို ကြောက်ရကောင်းမှန်းလည်း အသိဥာဏ်မရှိဘူး။ ဥပမာ သေရမှာမကြောက်ဘူး။ ထောင်ကျမှာ မကြောက်ဘူး။ ငတ်မှာလည်း မကြောက်လှဘူး။ နောက်ပြီး အမေ့ကိုမကြောက်ဘူး။ ပထွေးကို မကြောက်ဘူး။ ရပ်ကွက်လူကြီးကိုလည်း မကြောက်ဘူး။ သူက အဲဒီလိုကောင်။ ဒါကြောင့်လည်း ပြဿနာတွေ ခဏခဏ ဖြစ်နေရတာပေါ့။       
          တစ်ခါတစ်ရံတော့လည်း ပြဿနာတွေဟာ သူက တမင်ဖန်တီးတာမဟုတ်ပဲ သူ့ဆီ အလိုလို ရောက်လာတတ်ပါတယ်။
          ဆိုင်မှာ လူရှင်းနေတဲ့တစ်ရက်တော့ ဆိုင်ကယ်အနီရဲလေးနဲ့ ခပ်မိုက်မိုက် ကောင်လေးတစ်ယောက် သူတို့ဆိုင်မှာ မုန့်ဝင်စားတယ်။
ကောင်လေးက မေ့သွားတာလား။ ပေါ့ပေါ့ဆဆ တမင်ထားခဲ့တာလား မသိဘူး။ သော့က ဆိုင်ကယ်မှာ တန်းလန်းလေးပေါ့။
          ဆတ်စလူးထချင်တဲ့ သူကလည်း ဦးလေးအလစ်မှာ ဆိုင်ကယ်ပေါ် တက်ခွကြည့်မိပါတယ်။ ကောင်လေးကလည်း ကျောခိုင်း
ထိုင်နေတာမို့ သူ့ကို မမြင်နိုင်ဘူးလေ။ သူ့စိတ်ထဲမှာ သူလည်း ဆိုင်ကယ်စီးလာတဲ့ ကောင်လေးဖြစ်သွားပြီ။ သူဝတ်ထားတဲ့ ဆိုင်ဝတ်စုံ
ကလည်း ဘောင်းဘီရှည်နဲ့ စတိုင်ခပ်မိုက်မိုက်လေး ဆိုတော့ သူ့ကိုယ်သူ စိတ်ကူးယဉ်မင်းသားပေါ့။
          တန်းလန်းတပ်ထားတဲ့ သော့လေးကို အသာလှည့်လိုက်ပြီး စက်နှိုးကြည့်လိုက်တော့ စက်သံကလည်း ညက်ညက်ညောညော၊
ညင်ညင်သာသာလေး။ ဆိုင်ကယ်က အသစ်လေးဆိုတော့ စက်သံကညက်တာပေါ့။ ပြေးအားကလည်း ကောင်းမှာပေါ့။ စီးလိုက်ရရင်
အိကနဲ၊ ရိပ်ကနဲ..လွင့်နေမှာပဲ။
          ဆိုင်ရှင်ဦးလေးဆီမှာ ဆိုင်ကယ်နှစ်စီးတောင် ရှိပေမယ့် သူတို့ကို ပေးမစီးပါဘူး။ အပြင်သွားရင် စက်ဘီးဟောင်းလေးပဲစီးရတာ။ သူကဖြင့် ဆိုင်ကယ်ကို စီးချင်လိုက်တာမှ တပိုင်းကိုသေနေပြီ။“ မင်းတို့အားတဲ့တစ်နေ့ကျ သင်ပေးထားမယ်”..လို့တော့ ဦးလေးကပြောဖူးတယ်။
          ဒါပေမယ့် ဘာသင်စရာလိုလို့လဲ။ စက်ဘီးစီးတတ်ရင် ဆိုင်ကယ်ဆိုတာ စီးတတ်ပြီးသားပဲ။ ဦးလေးက ပေးမစီးချင်လို့
လျှောက်ပြောနေတာ။ သူက သူများတွေ မောင်းတာကို လိုက်ကြည့်ထားပြီးသား။ စက်နှိုးပြီးရင် ဟောဒီလို ဂီယာနံပါတ်ဝမ်းကို ထည့်၊
ပြီးတော့ လီဗာကို ဖြေးဖြေးချင်းတင်၊ ထောက်ထားတဲ့ ခြေထောက်ကို တဖြေးဖြေးလွှတ်...လွှတ်...
          “ ဟေ့ကောင်...ဒါ ဘာလုပ်တာလဲ...”
          ဒိန်းကနဲ မိုးကြိုးပစ်ချလိုက်သလို...ဦးလေးအသံကြောင့်...၊ ၀ူးကနဲ လန့်ပြီး ဆိုင်ကယ်လီဗာကို သူဖျစ်လိုက်မိပြီ။
          ဆိုင်ကယ်က ဒယီးဒယိုင်နဲ့ အရှိန်ပြင်းပြင်း ဆောင့်ထွက်သွားတယ်။
          “ ဟေ့ကောင်...ရပ်စမ်း...ရပ်စမ်း...”
          ဘယ်သူ့အော်သံမှန်းလည်း သူမသိဘူး။ ဦးလေးပဲ နောက်ကလိုက်လာတာလား။ ဘေးကလူတွေပဲ ၀ိုင်းအော်တာလား။
          “ ရပ်လေ...ရပ်...ဘရိတ်ကိုနင်း...”
          သူ ကယောင်ကတမ်းနဲ့ ဘရိတ်ကို ညှစ်တယ်။ ဆိုင်ကယ်ဆိုတာ သူစီးနေကျ စက်ဘီးလို ဘရိတ်က လက်ကိုင်မှာ မဟုတ်ဘူး။
သူညှစ်နေမိတာ လီဗာကြီးမှန်း သူလည်း သတိမရဘူး။ ဘေးကမြင်ကွင်းတွေ ရိပ်ကနဲနေအောင် ဆိုင်ကယ်က အရှိန်ပိုမြင့်သွားပြီ။
          “ ဟာ...သေတော့မှာပဲ။ ဒီလောက်အရှိန်ကြီးနဲ့...”
          သူ ခေါင်းနားပန်းကြီးသွားရတယ်။ ဆိုင်ကယ်ကို သူ မရပ်တတ်တော့ဘူး။ ဘရိတ်ညှစ်လေ အရှိန်ပိုတက်လေ ဖြစ်နေပြီ။
တစ်ခုခုကို ၀င်တိုက်မှရပ်တော့မယ် ထင်တယ်။ ဆိုင်ကယ်ပျက်စီးတော့မယ်။ ဒီဆိုင်ကယ် တန်ဖိုးက နည်းမှာမဟုတ်ဘူး။ သူ ဘယ်လို လုပ်ရမလဲ။ ဦးလေးတော့ စိတ်ဆိုးတော့မှာပဲ။ အန်တီကလည်း နှင်ချမှာပဲ။
           ဦးလေးကိုတော့ သူကြောက်တယ်။ ပထွေးဆီပြန်ရမှာလည်း သူကြောက်တယ်။ ဒုက်္ခပါပဲ။ ဘယ်လိုလုပ်ရမလဲ။
           ဟာ....ရှေ့မှာ ကားကြီး။ ရှောင်ဖို့လည်း အချိန်မမီတော့ဘူး။ ဘရိတ်လည်း သူ ရှာမတွေ့ဘူး။ သွားပြီ။ ဒီတစ်ခါတော့
တကယ်သွားပြီ။
           သူ မျက်လုံးကို စုံမှိတ်ပစ်လိုက်မိတယ်။
           ဒါပေမယ့်...သေရမှာတော့ သူ....သိပ်မကြောက်လှဘူး။
                                             xxxxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
 June, 2010....အလင်္ကာဝတ်ရည်မဂ္ဂဇင်း

5 comments:

  1. ရူးရူးမိုက်မိုက်လို့ပဲ ပြောရမလား...
    အပေအတေလို့ပဲ ပြောရမလား...
    သူ့ဘ၀ သူ့ခံစားချက်တွေ အခုလို အားပြင်းလာဖို့ ပတ်ဝန်းကျင်ကပဲ ပံ့ပိုးတွန်းအားပေးလာတာ..။ အရမ်းပြောလွန်းလို့ အဲ့လို ထူ.. ထုံသွားတဲ့သူတွေ တွေ့ဘူးတယ်..။

    ReplyDelete
  2. ဒီလိုပုံစံမျိုးနဲ့ ဇာတ်သိမ်းသွားရတာ စိတ်မကောင်းစရာ..
    ဖတ်ပြီး နင့်ကနဲခံစားရတယ် မဝေရယ်။။
    မိသားစု ကံဆိုးရတဲ့အထဲ ဘဝကံပါ ဆိုးရှာတယ်နော် ..
    ပြုပြင်ချင်စိတ်လေး ရှိခဲ့ရင် သိပ်ကောင်းမှာ

    ReplyDelete
  3. hi impressive blog.
    We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete
  4. ဆိုရွားလိုက်တဲ့ဘ၀ .. ရူးရူးမိုက်မိုက်နဲ့ စိတ်ကြမ်းကိုယ်ကြမ်း လူသားတစ်ဦးရဲ့ ဘ၀ ဇာတ်သိမ်းက ရင်နာစရာကောင်းလွန်းတယ် ..

    ReplyDelete
  5. Hi your blogs looks so impormative and interesting.would you come and visit us back too
    http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete