ရှာဖွေခြင်း


ကဗျာဖြစ် နိုးကြားမှုစိတ်အလျဉ်တွေက
ငါ့ဝတ်ရုံအပြင်ဖက်
ယိုစိမ့်ထွက်ကျနေခဲ့ပေါ့...
အရေးအသားရယ်
အကြောင်းအရာရယ်ဆိုတော့
အရေးရယ် အကြောင်းရယ်ပေါ့
ငါ့ကို ခေါင်းခါဆဲ။

ဝိညာဉ်တွေအတွက် ဆန္ဒရှိရင်
ဝါးလုံးတွေမလာခင် လှမ်းဆုပ်လိုက်ကြ
ပေါ်မပေါ် မြုပ်မမြုပ်ကတော့
ကုသိုလ် အကုသိုလ်၊ အထုပ်အကြီးအသေးနဲ့ပဲ ဆိုင်တယ်။

အရေးရယ် အကြောင်းရယ်ဆို
လက်တွန်းလှည်းပေါ် ပက်လက်
ပိုက်တန်းလန်းနဲ့ ကြက်ခြေခတ်
ကောက်ရိုးမျှင်တွေပဲ တွေ့တယ်...
အရေးရယ် အကြောင်းရယ်ဆို
ဂျိမ်းစဘွန်းအပြုံးနဲ့ အပြိုင်
ဒိုင်ယာဘောလစ်မျက်လုံး
ကောက်ရိုးမျှင်တွေပဲ တွေ့တယ်...
အရေးရယ် အကြောင်းရယ်ဆို
အတွင်းနဲ့အပြင်ကို ဈေးညှိ
ခံစားချက်မရှိတဲ့ သံတိုင်
ကောက်ရိုးမျှင်တွေပဲ တွေ့တယ်...
အရေးရယ် အကြောင်းရယ်ဆို
အရသာမသိ တမြည့်မြည့်ဝါးတတ်တဲ့
ကျားပါးစပ်ထဲက သွား
ကောက်ရိုးမျှင်တွေပဲ တွေ့တယ်...
အရေးရယ်အကြောင်းရယ်ဆို
အလေးခိုးတတ်တဲ့ ချိန်ခွင်တစ်ခု
အညှီဓာတ်တွေနဲ့ သံချေးစွဲ
ကောက်ရိုးမျှင်တွေပဲ တွေ့တယ်...

ကောက်ရိုးပုံထဲမှာ
အရေးတကြီး ရှာဖွေနေတာက
ငါ့ကဗျာဝတ်ရုံကို ဖာထေးဖို့
အပ်ကလေးတစ်ချောင်းရယ်ပါ
ရက်လနှစ်တွေ ကြာပေါ့။

သစ်ခက်အိမ် 
( November, 2010...ပိတောက်ပွင့်သစ်မဂ္ဂဇင်း )

1 comment:

  1. စကားလုံးတစ်လုံးချင်းစီတိုင်းကို ချိတ်ဆက်ထားတာ သိပ်ကိုလှပါတယ်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete