မင်္ဂလာဦးမျက်ရည်


နံနက်မိုးမလင်းခင်...၊ အရုဏ်ကျင်း၍ အလင်းမလာမီ အချိန်ကာလကလေး။
     ကျွန်မဘ၀တစ်လျှောက်မှာ ဒီလိုအချိန်မျိုး သိပ်များများစားစားတော့ မကြုံဆုံခဲ့ရဖူးပါ။ သို့ပေမဲ့ ကြုံခဲ့ရသမျှ အရုဏ်မလာမီ   မလင်းတုံ့ လင်းတုံ့ ဒီလိုအချိန်မျိုးထဲမှာတော့ ယနေ့မနက်လောက် ကြည်နူးပီတိဖြစ်ရသောနေ့ မရှိခဲ့ဖူးတာ သေချာပါသည်။
                                +++++++
     အသိစိတ်တစ်ခု၏ အလိုအလျောက် လှုံ့ဆော်မှုကြောင့် ဖျတ်ခနဲ နိုးလာလာချင်း နဘေးမှနာရီလေးကို ကောက်ယူကြည့်လိုက်မိ၏။ ညအိပ်မီးသီးအရောင် ပြာလဲ့လဲ့အောက်မှ နာရီလက်တံလေးနှစ်ခုက လေးနှင့် ဆယ့်နှစ် ဂဏန်းနှစ်ခုမှာ တိတိကျကျ ညွှန်ပြလို့နေသည်။
     နှိုးစက်ကလေးက အသံတော့ မမြည်သေး။ ညက လေးနာရီဆယ်မိနစ်မှာ သံပါတ်ပေးထားတာမို့ အသံမြည်ရန် ဆယ်မိနစ်လိုသေးသော်လည်း နှိုးစက်ခလုတ်ကိုပိတ်ကာ အိပ်ရာမှ အသာအယာပင် ထလိုက်တော့သည်။ နှိုးစက်အသံကြောင့် သားနှင့်သမီးကို အနှောင့်အယှက်မဖြစ်စေချင်ပါ။ ကလေးတို့အဖေကိုလည်း မနိုးစေချင်သေးပါ။
     ခုလည်း ထလိုသောအချိန်ထက် ဆယ်မိနစ်သာစောတော့သည်။ ထို့ထက်ပို၍ အိပ်ရေး နည်းနည်းပျက်လျှင်ပင် မူးချင်တတ်သောခေါင်းကလည်း အလွန်ပင်ကြည်လင်ကာ မျက်လုံးများကလည်း ကျိန်းစပ်ခြင်း အလျဉ်းကင်းနေလေသည်။
     မိမိ၏ ကိုယ်စိတ်နှစ်ပါးစလုံး လန်းဆန်းနေကာ ကျေနပ်မှုမှ ဖြစ်လာရသော ကြည်နူးမှုလှိုင်းများကလည်း တစ်ကိုယ်လုံး တငြိမ့်ငြိမ့်လွှမ်းခြုံကာ တစ်ကိုယ်တည်း ပြုံးတအိအိဖြစ်ရလေသည်။
     လွန်ခဲ့သော အနှစ်နှစ်အလလကတည်းက ကျွန်မမျှော်လင့်တောင့်တခဲ့ရသော မနက်ခင်းကလေးကိုဖြင့် ရောက်လာရလေပြီ။
     အိပ်ခန်းထဲမှထွက်လာပြီး မျက်နှာကို အရင်ဆုံးသစ်လိုက်တော့ မိုးအကုန်ဆောင်းအကူးမှာ အုတ်ကန်လေးထဲမှ ညသိပ်ရေက
ကြည်လင်နေပြီးသော ကျွန်မ၏စိတ်ကို တက်ကြွရွှင်လန်းသွားစေပါတော့သည်။
     အသွက်လက်ဆုံး သွားတိုက်ပြီးလျှင်တော့ သနပ်ခါးရေကျဲကို ကပျာကသီပွတ်ကာ ချည်ဝမ်းဆက် ခပ်လတ်လတ်တစ်စုံနှင့် ည၀တ်ကို လဲလှယ်လိုက်၏။
     “ ကိုရေ.. ထတော့ ထတော့။ လေးနာရီကျော်နေပြီ။ တော်ကြာနေ သူတို့ရောက်လာကြတော့မှာ။ အိမ်ရှင်ဖြစ်ပြီး ကိုယ်က အဆင်သင့်မဖြစ်သေးရင် အားနာစရာကြီး။ သားနဲ့သမီးကိုတော့ လင်းခါနီးလောက်မှပဲ နှိုးကြတာပေါ့...”
     ဆတ်ကနဲ ထထိုင်လိုက်သော ခင်ပွန်းသည်ကို ကြည့်ပြီး အအိပ်မက်သောကျွန်မနှင့် စောစောထတတ်သော “သူ”။ ပြောင်းပြန်ဖြစ်နေသည်ကို သဘောကျကာ အသံထွက်အောင်ပင် ပြုံးရယ်မိတော့ သူက မျက်မှောင်ကျုံ့ကာ စူးစမ်းကြည့်ကြည့်၏။
     စိတ်ပျော်ရွှင်လွန်းနေ၍ နှစ်နှစ်ခြိုက်ခြိုက်ပင် ထပ်ပြုံးပြလိုက်တော့မှ သူကပါ နာလည်ပြုံး ပြုံးကာ ကုန်းထလာတော့သည်။
     အိမ်ရှေ့တံခါးမကြီးကို ဖွင့်ရန် ဖြတ်အသွား...၊ လမ်းတစ်လျှောက် ဘေးကပ်ထားသော အ၀တ်ဖြူအုပ်ထားသည့် ထမင်းတောင်းကြီးများကို လက်ဖြင့်အသာ စမ်းကြည့်လိုက်တော့ နွေးနွေးထွေးထွေးရှိနေဆဲပင်။
     မနေ့ည ညဦးပိုင်းကတည်းက ဆွမ်းချက်အဖွဲ့က ဆွမ်းထမင်းဆွမ်းဟင်းတွေကို တောင်းကြီးများ၊ ဒန်အိုးကြီးများဖြင့် လာပို့သွားခဲ့သည်။ သားနှင့်သမီးကတော့ ကလေးများပီပီ လူရှုပ်ရှုပ်၊ ရုတ်ရုတ် ရုတ်ရုတ်နှင့် ပြုံးပြုံးရွှင်ရွှင်မြင်ကြတော့ ပျော်ကာ ခုန်ဆွခုန်ဆွဖြစ်နေကြ၏။
     “ မေမေ ဒီထမင်းတွေက ညကတည်းက ချက်ထားရတာဟုတ်လား။ ဒါဆို မနက်ရောက်ရင် အေးကုန်မှာပေါ့...”
     သားကြီးက ဆယ်နှစ်ကျော်နေပြီဆိုတော့ တွေးတွေးဆဆလေး မေးတတ်လာပြီ။
     “ မအေးအောင်လို့ ပိတ်ဖြူတွေနဲ့ကာရံပြီး အုပ်ဆိုင်းထားတာပေါ့သားရယ်။ ဒါမှ မနက်ထိ နွေးနေမှာလေ..”
     သမီးကလည်း ထမင်းတောင်းတွေကို သူ့အစ်ကိုကိုင်သလို တစ်တောင်းချင်း လိုက်ကိုင်ကြည့်ပြီး စပ်စုနေလေသည်။
     သူတို့လေးတွေ ပျော်ရွှင်တက်ကြွနေတာကို မြင်ရတော့ ချစ်ရသည့်မိသားစုနှင့်အတူ အလှူဒါန ရေစက်ဆုံရတော့မည်မို့ ကြည်နူးပီတိ အတိုင်းမသိဖြစ်မိရ၏။
     “ မနက်ကျရင် ဘုန်းကြီးတွေ အများကြီး မီးတို့အိမ်ရှေ့ကို လာမှာပေါ့နော်။ မီးတို့က ဒီထမင်းတွေဟင်းတွေကို လှူရမှာလား။ မီးလည်းပါမှာနော် မေမေ။ သမီးကိုလည်း ဘုန်းကြီးတွေလာရင် နှိုးနော်...”
     သုံးနှစ်အရွယ် သမီးငယ်က သူအိပ်ပျော်နေတုန်း အလှူပွဲလွတ်သွားမည်စိုးကာ သူ့ကိုနှိုးဖို့ တတွတ်တွတ်မှာနေသည်မှာ ဘယ်နှကြိမ်မြောက်မှန်းမသိ။
     “ သမီးရဲ့ ဘုန်းကြီးကို ကြွလာမှာလို့ ပြောရတယ်...”
     “ အော်.. ဟုတ်ကဲ့။ ဘုန်းကြီးတွေ ကြွလာရင် နှိုးပါနော်မေမေ...”
     “ အင်းပါ သမီးလေးရယ်...”
     သူ့အမှားကို လျှာလေးတစ်လစ်နှင့် ချစ်စရာကောင်းစွာ ပြင်ပြောပြီးသည်နှင့် သမီးက သူ့အစ်ကိုနားကို ပြေးသွားတော့၏။
     ကျွန်မဘ၀မှာ သည်အရွယ်ထိ အလှူဒါနပေါင်းများစွာ လုပ်ဖူးခဲ့ပြီ။ ဒီမနက်ခင်းအလှူလောက် ရိုးရှင်းပြီး ပီတိဝေမိတာမျိုး မရှိဖူးခဲ့သေး။
     အတွေ့အကြုံထူးကြောင့် မြူးထူးနေကြသည့် သားနှင့်သမီးကလည်း ထမင်း၊ ဟင်းတောင်းတွေကြားမှ မခွာကြတော့။ကလေးတွေ ပျော်ရွှင်တက်ကြွနေပုံကို ကြည့်ရသည်မှာ ကျွန်မ ငယ်ငယ်ကအတိုင်းပင်။
     အမှန်တော့ မိရိုးဖလာဗုဒ်္ဓဘာသာဝင်တို့ ထုံးစံအတိုင်း သည်လိုအလှူအတန်းမျိုးစုံကို ကျွန်မဘ၀တစ်လျှောက်မှာ မိဘများနှင့်အတူ ကြုံခဲ့ဖူးပေါင်း မနည်းလှပါ။
    မိဘတွေကလည်း အလှူအတန်း ရက်ရောကြသည်မို့ ရာသီအလိုက် အလှူပွဲမျိုးစုံရော၊ ဘုန်းကြီးကျောင်းအတွက် ပစ်္စည်းလေးပါး ဒါယိကာအဖြစ်ရော၊ လစဉ်ဆွမ်းချိုင့်များရော၊ အလှူရေစက် လက်နှင့်ပြတ်သည်ဟူ၍ မရှိခဲ့။။
    သည်လို လှူချင်တန်းချင်စိတ်ကလည်း မိဘတွေချပေးလိုက်သည့် မျိုးစေ့ဟုဆိုလျှင် မမှားပါ။
    သို့ပေမဲ့ ငယ်တုန်းကတော့ နိဗ်္ဗာန်ရောက်ကြောင်းအတွက် အထောက်အပံ့ဟူသည့် အသိနှင့် လှူဒါန်းခြင်းမျိုးမဟုတ်ခဲ့။
မိဘများလုပ်သည့် ကောင်းသောအမှုမို့ ပျော်ရွှင်တက်ကြွစွာ လိုက်လုပ်သည်သာရှိ၏။ ရည်ရွယ်ချက်မရှိခဲ့။
    ကုသိုလ်ရသည်ဟု လူကြီးများအပြောမှာ ကြည်နူးသည်သာရှိ၏။ ကုသိုလ်၊ အကုသိုလ်ကိုလည်း ကောင်းစွာ မခွဲခြားတတ်ခဲ့။
    အရွယ်ကလည်း အလွန်ငယ်သေးသည်ကိုး။
    သည်လိုနှင့် အချိန်တွေကျော်လွန်ကာ တဖြေးဖြေး အရွယ်ရောက်လာတော့ ကုသိုလ်၊ အကုသိုလ် ခွဲခြားတတ်ခဲ့ပြီ။
မိသားစုနှင့်အတူ ပြုခဲ့သမျှ အလှူအတန်းတွေမှာ ရည်ရွယ်ချက်တွေ ထားတတ်လာသည်။
    အသက်အရွယ်အလျောက် စာမေးပွဲအောင်ဖို့၊ အလိုဆန်္ဒပြည့်ဝဖို့၊ အကြံအစည်ပြီးမြောက်ဖို့၊ လုပ်ငန်းကိုင်ငန်း အဆင်ပြေစေဖို့..၊ စသဖြင့် ရည်ရွယ်ချက်မျိုးစုံ၊ ဆုတောင်းမျိုးစုံ။
    သို့ပေမဲ့ ဒါတွေသည် ကိလေသာတောမှာ သံသရာရှည်စေမည့် သမုဒယနွယ်တွေမှန်းတော့ မသိတတ်ခဲ့သေးပါ။
                                +++++++
    ဆွမ်းလောင်းအသင်းမှ အဖွဲ့ဝင်များ ရောက်လာသည်နှင့် သားနှင့်သမီးကို နှိုးပြီးချိန်မှာ ကွက်တိဖြစ်နေ၏။
    စားပွဲနှင့် ခုံတန်းရှည်များခင်းကာ ထမင်းတောင်း၊ ဟင်းတောင်းတွေ တင်ပြီးချိန်တွင် ပထမဦးဆုံး ဆွမ်းခံသံဃာတန်းကလည်း ကြွလာလေပြီ။
    ရောင်နီပျို့မလာသေးသလို လမ်းမီးများလည်း မငြိမ်းသေး။ သို့ပေမဲ့ ကျွန်မရင်ထဲမှာ ပီတိသောမနဿဖြင့် ထိန်လင်းနေသလို၊ မြတ်နိဗ်္ဗာန်ကို ရည်မှန်းကာ ဆွမ်းလောင်းလှူနေခိုက်မှာ ကိလေသာမီးများ တဒင်္ဂတော့ ငြိမ်းအေးနေရလေသည်။
    ပကာသနမပါ။ အရိုးရှင်းဆုံး အလှူလေးအတွက် ပီတိအဟုန်က အနှစ်နှစ်အလလ ပျိုးလာရသည့် သဒ်္ဒါမျိုးစေ့မှ အပင်ပေါက်လေပြီဟု တလှိုက်လှိုက်ကြည်နူးလှပါ၏။
    တဖြေးဖြေးနှင့် လမ်းမီးရောင်မှာ သံဃာတန်းကြီး စီတန်းနေသည်မှာ တသီတတန်းကြီးဖြစ်လာသည်။ တစ်ချို့ကျောင်းတိုက်များက ဆွမ်းထမင်းကိုသာ အလှူခံကာ ဆွမ်းဟင်းကို သပိတ်ထဲအလှူမခံတော့ဘဲ ကျောင်းသားလေးများက ချိုင့်ဖြင့် သပ်သပ်အလှူခံပေး၏။
    ဘုန်းကြီးကျောင်း နှစ်ကျောင်းသုံးကျောင်းမှ ဆွမ်းခံကိုယ်တော်တွေ ဆုံမိကြလျှင်တော့ တစ်လမ်းလုံးပြည့်လျှံကာ အလျင်မီလောင်းလှူနိုင်ဖို့အတွက် စိတ်စောမိရတော့သည်။
    သည်လိုဆိုတော့ ဆွမ်းလောင်းအဖွဲ့မှ သံဃာတန်းကို နှစ်တန်းခွဲစေကာ နှစ်နေရာ ပြိုင်တူလောင်းလှူနိုင်ရန် စီစဉ်ပေးကြ၏။
    “ မေမေ ဒီကိုရင်လေးက ခုနကတစ်ခါ သား ဆွမ်းဟင်းလောင်းပြီးသားကို ထပ်လာခံတာ သိလား...”
    ရုတ်တရက် နှစ်ဦးသားကြားရုံ ခပ်တိုးတိုး သားအပြောကြောင့် ကြည်နူးနေသည့်စိတ်ကလေး ဖျတ်ခနဲ အရှိန်တန့်သွားရသည်။
    “ အို မဖြစ်နိုင်တာသားရယ်။ သားထင်လို့ပါ။ မျက်နှာချင်းဆင်လို့ နေမှာပါ။ အလှူပေးနေချိန်မှာ အဲလို သံသယစိတ်တွေ မ၀င်စေနဲ့သား။ ကိုယ်က လှူပြီဆိုကတည်းက စိတ်ပြတ်ပြီးမှ လှူရတယ်။ အလှူခံပုဂ်္ဂိုလ်ရှိမှလည်း အလှူဆိုတာက ဖြစ်မြောက်အောင်မြင်တာ။ ခုချိန်မှာ ဘယ်လိုအနှောင့်အယှက်မှ စိတ်ထဲ မ၀င်စေနဲ့နော်...”
    သားကိုလည်း ဆုံးမရင်း ကိုယ့်စိတ်ကိုလည်း ပြုပြင်ရင်း အလှူမှာသာ အာရုံပြန်နှစ်လိုက်ပါသည်။
    ကောင်းသောအလုပ် လုပ်နေစဉ်မှာ အဖျက်အဆီးဝင်ခြင်းကို မာရ်နတ်ဟုဆိုပါလျှင် ကိုယ်တိုင်၏စိတ်သည်သာ  မာရ်နတ်လည်းဖြစ်နိုင်သလို နတ်ကောင်းနတ်မြတ်လည်း ဖြစ်နိုင်သည်ပဲမဟုတ်လား။
    ဆွမ်းလောင်းလှူစဉ်မှာလည်း သတိပဌာန်တရားကို ကြိုးစားပြီး နှလုံးသွင်းမိရသည်။ ဆွမ်းလောင်းနေသည့် ရုပ်ခန်္ဓာသည် လက်ကို ရုပ်ချည်ဆန့်ချည်၊ ဆွမ်းကို ခူးချည်ခပ်ချည်။ ဖြစ်လိုက်၊ ပျက်လိုက်၊ အဆက်မပြတ်အောင် အစားထိုးလိုက်။
    ကြီးမားသည့် ပီတိအဟုန်ကလည်း ဖြစ်လိုက်၊ ပျက်လိုက်၊ အစဉ်တန်းပြီး မပြတ်အစားထိုးလိုက်။
    မြတ်စွာဘုရား၏ တရားတော်သည် မိမိခန်္ဓာနှင့် တိုက်ဆိုင်ကြည့်လေ၊ မှန်လေစွ၊ ဟုတ်လေစွဟု သဒ်္ဒါတိုးကာ ကြည်ညိုရလေ။
    မြတ်စွာဘုရား၏ သားတော်များကလည်း ကြည်ညိုဖွယ်ရာ အိနြေ်္ဒအပြည့်ဖြင့်။
    သည်လို ရဟန်းသံဃာများက ဗုဒ်္ဓ၏တရားတော်များကို ခုချိန်ထိ သယ်ဆောင် စောင့်ထိန်းပေးထား၍သာ ကျွန်မတို့လို သံသရာမှ မလွတ်နိုင်သေးသူတွေအဖို့ နိဗ်္ဗာန်ရောက်ကြောင်း တရားထူးတရားမြတ်များ နာကြားခွင့်ရခဲ့သည် မဟုတ်လား။
    သို့ကြောင့်လည်း ဤကျေးဇူးတရားကို အောက်မေ့၍ မြတ်နိဗ်္ဗာန်ကိုရည်မှန်းကာ နေ့တစ်နေ့၏အဦးအစမှာ အရုဏ်ဦးအလှူအဖြစ် မြို့ရှိသံဃာကုန် ဆွမ်းကပ်လှူရန် ဆန်္ဒပြင်းထန်ခဲ့သည်မှာ ကာလအတန်ကြာခဲ့ရလေသည်။
    ကျွန်မက ပကာသနအရေခြုံကာ ရွှေရောင်စိန်ရောင်ရောသည့် ဟန်ဆောင်အပြုံးတွေ လင်းလက်တောက်ပနေသော အလှူမျိုးကို လုပ်ရန် စိတ်မ၀င်စားပါ။ ကျွန်မတို့ မင်္ဂလာဦးတုန်းက  မင်္ဂလာဧည့်ခံပွဲအစား ဆွမ်းကျွေးမင်္ဂလာလေးသာ ပြုလုပ်မည်ဟု စီစဉ်ခဲ့ကြဖူး၏။
    နှစ်ဖက်မိဘတွေက ဧည့်ခံပွဲနှင့် ဒင်နာကို တိုင်ပင်ညှိနှိုင်းနေကြဆဲ။ တစ်ဖက်က ဧည့်ခံပွဲလုပ်ပေးလျှင် တစ်ဖက်ကလည်း ဒင်နာလုပ်မည်ဟု ဂုဏ်ပြိုင်နေကြဆဲ။ ကျွန်မတို့နှစ်ယောက်က ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးဖို့ လှူဒါန်းစီစဉ်လာသည်မို့ ဆွေမျိုးများ ဆူပူကာ ငြူစူကြသည်ကို ခံခဲ့ရဖူး၏။
    သို့ပေမဲ့ နောက်ဆုံးတော့လည်း ဆွေမျိုးအားကို မလွန်ဆန်နိုင်ပြန်ပါ။
    ဘုန်းကြီးကျောင်းမှာ မနက်ပိုင်း မင်္ဂလာဆွမ်းကပ်ကာ ညပိုင်းမှာ ဧည့်ခံပွဲလုပ်ဖြစ်ခဲ့ကြပါသည်။
    အဲသည်အချိန်ကတော့ ငယ်ရွယ်သူများဖြစ်သည့်အလျောက် အလှူဆိုသော်လည်း ဘယ်လိုစိတ်အာရုံမျိုး နှလုံးသွင်းလှူရကောင်းမှန်း မသိတတ်ခဲ့။ ညဖက်မှာ ဧည့်ခံပွဲကလည်းရှိသေးတော့ လူတွေကသာ ဘုန်းကြီးကျောင်းမှာ။
စိတ်က ညပွဲအတွက် ပူပန်ကာ စေတနာသဒ်္ဒါတရားမှာ အာရုံမမိဘဲ သတို့သမီးအလှပြင်ဖို့၊ မိတ်ကပ်လိမ်းဖို့၊ ဆံထုံးထုံးဖို့ အချိန်မမီမည်စိုး၍ နာရီတကြည့်ကြည့်။
    သည်ကြားထဲ ကိုယ်တွေ သမီးယောက်မ ညီညွတ်ချစ်ခင်စိတ်နှင့် ချိတ်ထမီဆင်တူဝတ်ဖို့ စီစဉ်ထားသည်ကို အဝေးမှ ရောက်လာသူ ဆွေမျိုးတွေက ကန့်ကွက်ကြတော့၏။
    “ အို ကြံကြံဖန်ဖန်။ သတို့သမီးနဲ့ ဆင်တူဝတ်စရာလားအေ။ သတို့သမီးဆိုတာ အားလုံးထက် အထူးခြားဆုံးဖြစ်နေရမှာ။ ဆင်တူဝတ်ရအောင် သတို့သမီးအရံတွေမှ မဟုတ်ဘဲ..” ဟု ဆိုသူကဆို။
    “ နင့်ယောက်မတွေ ကြည့်ရတာ တော်တော်ထက်ပုံပဲနော်။ နင်က အေးတိအေးစက်နဲ့ဆိုတော့...။ ကြည့်လည်းပေါင်းဦး..” ဟု စေတနာလိုလို ဝေဒနာလိုလို စကားသပ်ထိုးသူ မိတ်ဆွေတွေကတစ်မျိုး။
    ကိုယ်တိုင်ကလည်း ငယ်ရွယ်သူမို့ စိတ်မထားတတ်သေးသည်လား မသိ။ အာရုံတွေနောက်ကာ မင်္ဂလာဦးမှာ ဘာမင်္ဂလာမှ မဦးနိုင်ခဲ့ပါ။
     မနက်ခင်းအလှူမှာလည်း ညဧည့်ခံပွဲအတွက် စိတ်များပြီး ကုသိုလ်စိတ် ကြည်ကြည်လင်လင် အာရုံမပြုနိုင်ခဲ့။ ညဧည့်ခံပွဲကျတော့လည်း လူတွေတရုံးရုံးနှင့်၊ မိဘဆွေမျိုးများ၏ မိတ်ဆွေတွေရော၊ ကိုယ်မသိသူတွေရော၊ အရင်က မြင်ဖူးဖူး မမြင်ဖူးဖူး၊ အားလုံး ကိုယ့်စည်းဝိုင်းထဲဝင်လာလျှင် အစွမ်းကုန် သွားဖြဲလေးနှင့်ကြိုဆို။ တဖျပ်ဖျပ် ကင်မရာမီးရောင်တွေ၊ ဗွီဒီယိုမီးရောင်တွေကြား၊ ခမ်းမပတ်ပြီး လက်တွဲလျှောက်နေရသည်ကလည်း စိတ်အိုက်စရာ။
    သည်လိုနှင့် ရုတ်ရုတ် ရုတ်ရုတ်၊ ရှုပ်ရှုပ် ရှုပ်ရှုပ်တွေကြားထဲ တလှုပ်လှုပ်စီးမျောရင်း ပြီးတော့လည်း ပြီးသွားကြသည်ပါပဲ။
     ခုချိန်မှာ ပြန်တွေးကြည့်တော့ စေတနာစကားလေးတွေကို စေတနာလို့ မသိခဲ့တော့ အကုသိုလ်တွေဖြစ်။ ကုသိုလ်ယူရမယ့် အချိန်မှာ ကုသိုလ်မယူတတ်တော့ မင်္ဂလာမဖြစ်။ ငွေကုန်ကြေးကျသာ များခဲ့ပြီး တကယ်တမ်းတွင်တော့ ကျက်သရေမင်္ဂလာ အပြည့်အ၀ရခဲ့မည် မထင်ပါ။
    သို့ကြောင့်လည်း အတွေးအခေါ်လေး ရင့်ကျက်လာသည်နှင့်အမျှ ကုသိုလ်၊ အကုသိုလ် ခွဲခြားတတ်လာသည့်အချိန်တွင် တကယ်မင်္ဂလာရှိမည့် အလှူလေးတစ်ခု ဖြစ်မြောက်ဖို့ စိတ်ကူးရည်မှန်းခဲ့ရ၏။ ငွေကြေးလေး ပိုလျှံတိုင်း သည်အလှူလေးအတွက် ကြိုးစားကာ စုဆောင်းခဲ့၏။
    တော်တန်ရုံ ရှောင်လွှဲ၍ရသော အသုံးစရိတ်များကို ချွေတာကာ စုဆောင်းရင်း တစ်စတစ်စ ငွေလေးစုမိလာတော့ အလှူလေးကို စိတ်ကူးဖြင့် ကြည်နူးနေမိရ၏။ ဤသည်ကား မလှူခင်ကတည်းက ဖြစ်ခဲ့ရသောပီတိ။ စေတနာ။
    ယခု လှူုဒါန်းချိန်မှာလည်း စေတနာရှိသလောက် အစွမ်းကုန် မဟုတ်သော်ငြား ကိုယ့်ငွေကြေးလေးနှင့် လက်လှမ်းမီသည့် ကိုယ့်စိတ်ကြိုက် ဟင်းကိုလည်း စီစဉ်ခွင့်ရသဖြင့် ကြည်နူးပီတိက အပြည့်။ ဤသည်ကား အလှူလုပ်နေစဉ်အတွင်း ဖြစ်နေရသော ပီတိ။ စေတနာ။
    သည်တစ်ကြိမ် အလှူလုပ်ပြီးသွားသော်၊ နောက်ထပ် သည်လိုအလှူမျိုး သေချာပေါက် ထပ်လုပ်ရန် အကြိမ်ကြိမ် ကြိုးစားနေဦးမည်မို့ ဤသည်ကလည်း ပြန်တွေးတိုင်း ကျေနပ်ကြည်နူးနေမည့် ပီတိ။ စေတနာ။
    သည်လို စေတနာသုံးတန်နှင့် ကျက်သရေရှိလှသည့် အလှူမျိုးသည်သာ မင်္ဂလာအရှိဆုံး။ ကျွန်မတို့ ဘ၀အတွက် ကိုယ်ပိုင်ဝင်ငွေဖြင့် ပထမဦဆုံး ကုသိုလ်ယူရသည့် မင်္ဂလာဦးအစစ်။
    သည်လို မင်္ဂလာအလှူမျိုး ကျွန်မတို့မိသားစုအတွက် အဦးဆုံးအကြိမ်မှသည် နောက်ထပ်အကြိမ်ပေါင်း များစွာ....။
နောက်ထပ် မင်္ဂလာများစွာ...။
     “ မေမေ ဘာလို့ မျက်ရည်တွေဝဲနေရတာလဲ။ အိပ်ချင်လို့လားဟင်..”
     သမီးအသံကြားခါမှ ပီတိကြောမှာ မျောသွားသော ကိုယ့်ကိုယ်ကို သတိပြန်ကပ်မိရ၏။
     “ မဟုတ်ပါဘူး သမီးရယ်။ အလှူလေးကိုကြည့်ပြီး ကြည်နူးပီတိဖြစ်လွန်းလို့ မျက်ရည်လည်မိတာပါ..”
     “ နောက်လည်း ဒီလိုမျိုး ခဏခဏလှူကြရအောင်နော် မေမေ။ မီးလည်းပျော်တယ်...”
    သမီးစကားကြောင့် ကြည်နူးနေသော ကျွန်မရင်မှာ ပို၍ကျေနပ်မိရပါတော့သည်။
    မိရိုးဖလာဆိုသော်လည်း ငယ်ရွယ်နုနယ်စဉ်မှာ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ် ဆိုသည့် မိဘ၀တ်္တရားအတိုင်း၊ ကောင်းမွန်ရာလမ်းဖြစ်သည့် သာသနာတော်အတွက် သဒ်္ဒါမျိုးစေ့ကိုတော့ သားနှင့်သမီးအတွက် ရင်ထဲသို့အရောက် ပျိုးပေးနိုင်ခဲ့ပြီဟု ယုံကြည်ရပါသည်။
    မိရိုးဖလာမှသည် ကိုယ်ပိုင်အသိဖြင့် ကိုယ်တိုင် ယုံကြည်သက်ဝင်လာမည့် ဗုဒ်္ဓဘာသာစစ်စစ် ဘ၀ကိုတော့ဖြင့်၊ တဖြေးဖြေးအရုဏ်ကျင်း၍ လင်းလာသော မနက်ခင်းလေးပမာ၊ သားနှင့်သမီးဘ၀မှာလည်း တစ်စတစ်စ လင်းပွင့်လာမှာ သေချာသည်ဟုသာ...။
                                 +++++++

ဝေ(စီးပွားရေးတက္ကသိုလ်)
မင်္ဂလာဦးဝတ္ထုတိုစုစည်းမှု