မေတ္တာတွဲယှက် အချစ်သော့ချက် ( အက်ဆေး )



            ဒီအသက် ဒီအရွယ်မှာ အချစ်အကြောင်း ပြောရမည်ဆိုလျှင်တော့ အေးမြတည်ငြိမ်သော မေတ္တာအရင်းခံသည့် အချစ်စစ်အကြောင်းကိုသာ ပြောချင်မိပါတော့သည်။
         အချစ်ဆိုသည်ကို လူတို့က အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြရာ... ကျွန်မကတော့ အချစ်စစ်ဆိုသည်မှာ အေးမြသော မေတ္တာကနေ မြစ်ဖျားခံပြီး စီးဆင်းခဲ့သည်ဟု ဆိုချင်ပါသည်။
         သည်လို မေတ္တာကို အခြေခံထားမှလည်း ဘ၀တစ်လျှောက် ကြုံဆုံရသမျှကို သည်းခံကျော်ဖြတ်နိုင်ပေလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် နားလည်စာနာပေးပြီး ညှိနှိုင်းနိုင်မည်။
         ဤသို့မဟုတ်ဘဲ လိုချင်တပ်မက်စိတ်ကို အချစ်ဟု ထင်မိသူတွေကတော့ အချစ်ကို ချိုသည်လို့ချည်း အမြဲထင်ချင်သူတွေမို့ တကယ်တမ်း အခါးလေးဝါးမိသည်နှင့် လန့်ဖျပ်ကာ ထွေးထုတ်ပစ်ချင်တော့သည်ပေါ့။
         ဘ၀ဆိုသည်ကကို ရုန်းကန်ရခြင်းဆိုမှတော့ ဘ၀ထဲက အချစ်မှာ ချိုတာလည်းကြုံမည်။ ခါးတာလည်းကြုံမည်။ တစ်ခါတစ်ရံ ချဉ်မည်၊ ဖန်မည်၊ စပ်မည်... အစုံပေါ့။ ရသစုံကြုံရမည်လေ။
         ဒါကို မေတ္တာအရင်းခံသည့်အချစ်က နားလည်နိုင်၏။ ဖြတ်ကျော်နိုင်၏။ ခါးလည်း နောက်မတွန့်။ ကျော်ရမည်သာ...။
         အခါးကိုဝါးမိမှလည်း အချို၏တန်ဖိုးကို ပိုသိနိုင်မည်မဟုတ်လား။
         အချစ်စစ်မှန်လျှင် ခါးတုန်းလည်း သည်းခံပြီး ဆက်ဝါးနိုင်ရမည်။ ခါးလျှင် ကိုယ်က ဥာဏ်သုံးပြီး ခပ်ဖွဖွဝါးပေါ့။
ခဏငုံထားသင့်လျှင်လည်း ငုံထားပေါ့။ အခါးကုန်တော့ ပြန်ချိုလာလိမ့်မည်ဟု ကျွန်မက ယုံကြည်ချင်မိပါသည်။
                                                     xxxxxx

         ဆယ်ကျော်သက်အရွယ်တုန်းကတော့ ရင်ခုန်တိမ်းမူးသော၊ ညှို့ယူဆွဲငင်သော၊ တွေဝေမြိုသိပ်သော၊ လွမ်းမောတမ်းတရသော... ဝေဒနာမျိုးစုံနှင့် အချစ်ကို ခံစားဖူးသည်ပေါ့။
         “ အချစ် ” ဆိုသည်နှင့် သူ၏ဖွားဖက်တော် “ အလွမ်း ” ကလည်း နောက်မှထပ်ကြပ်မခွာ လိုက်ပါလာတော့၏။
         ချစ်တတ်သူတိုင်း လွမ်းဖူးကြမည်ပင်။ လွမ်းဖူးသူတိုင်းလည်း တမ်းတတတ်လိမ့်မည်။
တမ်းတမှုမပါသော အလွမ်းဟူသည် မရှိစကောင်း။ ထို့အတူ မလွမ်းဖူးသော အချစ်ဟူသည်လည်း မရှိစကောင်းပါပေ။
         ကျွန်မတစ်ဦးတည်းအတွက် ဆိုလျှင်ဖြင့် အလွမ်းရင့်လေ... အချစ်မြင့်လေ.. ဟုပင် တင်စားချင်မိပါသေးသည်။
ကျွန်မအချစ်သည် အလွမ်းတောထဲ၌ ကာလရှည်ကြာစွာ နစ်မျောနေခဲ့ရ၍ဖြစ်၏။
         မငိုဖူးသော မျက်လုံးများသည် အလှစစ်ကို ရှာမတွေ့နိုင်သလို၊ မလွမ်းဖူးသောအချစ်သည် မြတ်နိုးမှုအမှန်ကို တန်ဖိုးမသိနိုင်..ဟု ကျွန်မက ထင်မိပါသည်။
          သည်တော့... ဆိုကြပါစို့။
         အချစ်သည် အလွမ်းကြောင့် ပိုနင့်သည်းတွယ်ငင်လာသည် ဆိုပါလျှင်... အလွမ်း၏နင့်သည်းမှုသည် အချစ်ပေါ်တွယ်ငင်မှုနှင့် တိုက်ရိုက်အချိုးကျမည်ပင် မဟုတ်ပါလား။
                                                     xxxxxx

         ငယ်ငယ်တုန်းကတော့ “ အလွမ်း ” ဆိုသည့်အရာကို အလွန်ပင် မုန်းတီးခဲ့မိသေးသည်။
         ဘာလို့ဆို... “ အချစ် ” ကိုစတွေ့ပြီဆိုကတည်းက မျက်စေ့အောက်က ပျောက်သည်နှင့် ကျွန်မက လွမ်းတတ်ခဲ့သူကိုး။
         တစစ်စစ်၊ တမြေ့မြေ့နှင့် စိတ်နှလုံးနာကျဉ်ရသော အလွမ်းကို ကျွန်မ မနှစ်မြို့သော်လည်း မတွန်းလှန်နိုင်ပါ။
သူ့ဒဏ်ကို အချိန်အတော်ကြာကြာ ခံလိုက်ရသေး၏။
         သည်ကြားထဲ တက္ကသိုလ်တက်ချိန်မှာ ကျွန်မက ရန်ကုန်မှာသွားတက်ရပေမဲ့ ချစ်သူက မြို့ကလေးမှာ ကျန်ခဲ့ပြန်လေတော့ တက္ကသိုလ်ကျောင်းသူအရသာကို အပြည့်အ၀မပျော်ဝင်နိုင်ဘဲ လွမ်းလို့မဆုံး... တနုန်းနုန်းတခွေခွေရယ်ပေါ့လေ။
         အဲသည်အချိန်မှာ စာလေး၊ ကဗျာလေးကလည်း မတောက်တခေါက် ခံစားရေးဖွဲ့ချင်ပြန်သေးတော့ တလူလူလွင့်ပျံနေသည့် ခံစားမှုအပိုင်းအစတွေဆိုတာ စကားလုံးဒဿနတွေအဖြစ် တသွင်သွင်စီးဆင်းလို့ပင် မဆုံးလေခဲ့။
         သို့ပေမဲ့ အလွမ်းတာရှည်လာတော့ သူ့ကြောင့်တိုးလာသော တွယ်တာမှုအထပ်ထပ်ကို သတိထားမိလာရ၏။
အလွမ်းဆိုတာသာ မရှိလျှင် အချစ်ပေါ် သည်လောက်တွယ်တာ တန်ဖိုးထားမိလိမ့်မည်လားဟုပင် တွေးမိချင်သည့်အထိပင်။
         အလွမ်း၏ သယ်ပို့မှုဖြင့် အချစ်က တန်ဖိုးတက်လာပြီးသကာလတွင် တစ်စုံတစ်ခု၏တန်ဖိုးကို ပြသနိုင်ဖို့ တစ်စုံတစ်ခုက နှိုင်းယှဉ်ချိန်ထိုး ခံပေးနေ၍သာဖြစ်ကြောင်း သတိထားမိလာတော့၏။
         ဥပမာ... အချစ်က မည်မျှကြည်နူးနှစ်သက်စရာကောင်းကြောင်း အလွမ်း၏နာကျင်ခံခက်မှုကို ခံစားရမှ ပိုသိလာသလို...။
အချစ်ကိုမတွေ့မမြင်ရ၍ လွမ်းဆွတ်တမ်းတရလေ...၊ အချစ်ကို မြင်တွေ့ခွင့်လေးရအောင် ကြိုးစားမိလေနှင့်...၊ ပိုတန်ဖိုးသိလာသလို....။
         သည်လိုနှင့် သူငယ်ချင်းများကြားတွင် ကျွန်မက အလွမ်းမင်းသမီး...၊ အချစ်စံပြကြီး ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရလေသည်။
                                                     xxxxxx

     အဆက်မပြတ်စီးဆင်းနေသော ရေအလျဉ်ကဲ့သို့ပင် အချိန်ကာလများ တရွေ့ရွေ့ဖြတ်ကျော်သွားခဲ့လေရာ အချစ်နှင့် သူ၏နောက်ဆက်တွဲ အလွမ်းသာမက၊ အိမ်ထောင်တစ်ခု၏ သောက၊ ဒေါသ၊ မာန.. စသဖြင့် အချစ်နှင့်စပ်လျဉ်းနိုင်သမျှ ချို၊ ချဉ်၊ ဖန်၊ စပ်၊ ခါး... ရသမျိုးစုံကို ကျွန်မတို့ခံစားဖူးခဲ့လေပြီ။
     ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ပြောင်းသွားခဲ့ရာ သားတွေသမီးတွေနှင့် မိသားစုအဆောက်အဦတွေလည်း တောင့်တင်းလာခဲ့သည်။
      မည်သို့ပင်ဖြစ်စေ...၊ ခုချိန်ထိလည်း သူငယ်ချင်းများက ကျွန်မကို အချစ်စံပြရာထူးမှာ ထားနေကြဆဲ။
      ရယ်စရာတော့ ကောင်းပါသည်။
      ကျွန်မက သိတ်မငြီးငြူတတ်လေတော့ ကျွန်မဆိုလျှင် အချစ်နှင့်ပတ်သက်သမျှ အစစအရာရာ အဆင်ပြေသည်ဟုချည်း ထင်နေကြပုံရ၏။ သူငယ်ချင်းတွေ စုမိဆုံမိကြပြီလားဆို သူတို့၏အချစ်ပြဿနာ၊ အိမ်ထောင်ရေးပြဿနာတွေကို ကျွန်မနှင့်နှိုင်းယှဉ်ကာ ပြောတတ်ကြ၏။ အစပိုင်းတုန်းကတော့ ကျွန်မကလည်း အလိုက်သင့်ပင် ပြုံး၍သာ နေခဲ့မိသေးသည်ပေါ့။
      နောက်ပိုင်းတော့ မိဘစီစဉ်ပေးသော အိမ်ထောင်ရေးတစ်ခုမှ သူငယ်ချင်း၏ မပြေလည်မှုတွေ အန်ကျပါများလာသောအခါ ကျွန်မမှာ စဉ်းစားစရာတွေဖြစ်လာရပြီ။
      သူငယ်ချင်းက သူမခင်ပွန်းသည်၏ အေးစက်သောဆက်ဆံရေးကို ရင်နာနေတတ်သူဆိုတော့ သူငယ်ချင်းတွေ လက်ဖက်ရည်ဆိုင်မှာ ၀ိုင်းဖွဲ့ချိန်ကြာသွားသည့်အခါမျိုးမှာ ကျွန်မအိမ်သားက ဖုန်းလေးလှမ်းဆက်ပြီး သတင်းမေးတတ်သည့်အခါတိုင်း   “ နင်တို့တွေက အရင်လို နွေးထွေးနေကြတုန်းပဲနော်...” ဟု အားကျစကားဆိုတတ်သည်။
      “ သူကဆို ငါ့ကို ဘယ်တော့မှ သတိတရ ဂရုတစိုက်မရှိတတ်ဘူး။ ဘယ်တုန်းကမှလည်း စိတ်မပူဖူးဘူး။ သူ့အလုပ်ကလွဲရင် ဘာကိုမှ စိတ်ဝင်စားရကောင်းမှန်း မသိတဲ့လူ...” ဆိုပြီးလည်း သူ့ဘ၀ကိုသူ အားမရစိတ်ဝင်တတ်သည်။
      ကျွန်မက ဘာမှစောဒကမတက်ဘဲ ပြုံး၍သာနေတတ်ပြန်တော့ သူ့စကားကို အကြွင်းမဲ့ထောက်ခံသလိုလည်း ရှိနေခဲ့လိမ့်မည်။
      အမှန်တော့ သူမက မိဘစီမံရာကို လိုက်နာခဲ့ရသည့် သူ့အိမ်ထောင်ရေးကို ကျွန်မ၏ သူရဲကောင်းဆန်ဆန် ရင်ခုန်ရသော အချစ်စွန့်စားခန်းများနှင့် နှိုင်းယှဉ်ကာ အချစ်စစ်မဟုတ်သလိုလို အထင်ရောက်နေခြင်းသာ။
      ဒါဖြင့်... သူမမှာ ငယ်ငယ်က ချစ်သူဟောင်းရှိခဲ့သလားဆိုတော့လည်း အင်မတန်ရိုးသား ရှင်းလင်းလှသော သူမနှလုံးသားကိစ္စကို ကျွန်မအသိဆုံးပေါ့။
      နောက်တစ်ခုက လူကြီးချင်း စီမံကြသည်ဆိုသော်လည်း သူတို့ချင်းတွေ့ဆုံကာ သဘောကျပြီးမှသာ ကျေနပ်လက်ခံခဲ့ကြသည့် အိမ်ထောင်ရေးမို့ သိတ်တော့လည်း ဇာတ်မနာလှပါ။ တကယ်တမ်း သူမ နာကျည်းနေသည်က ခင်ပွန်းသည်၏ အေးစက်မှုသာဖြစ်၏။
      သူငယ်ချင်း၏ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးသောအခါ ဒီတစ်ခါဆုံဖြစ်လျှင် သူမ၏စိတ်ဒဏ်ရာအား စိတ်ဖြင့်ပင် ဆေးကြောသန့်စင် ကုသပေးရန် စဉ်းစားမိပါသည်။
      သို့ပေမဲ့ သူငယ်ချင်းအုပ်စုထဲမှာလည်း အိမ်ထောင်ရှင်တွေပဲ ဖြစ်နေလေတော့ ကိုယ့်ကိစ်္စနှင့်ကိုယ် ရှုပ်နေကြပြီး တစ်နှစ်မှ တစ်ခါနှစ်ခါစုမိဖို့ပင် မလွယ်ကူလှပေ။
      စုမိဆုံမိကြပြီဆိုသည်နှင့် ထိုသူငယ်ချင်းပြောပြသမျှ အိမ်ထောင်ရေးအေးစက်မှုတွေက သေချာပေါက် စိုးရိမ်ရေမှတ်သို့ ရောက်နေပြီမှန်း သတိပြုမိရသည်။
      ကျွန်မ သည်အတိုင်း အရင်လို မြိန့်မြိန့်ကြီးပဲ ပြုံးနေလို့ဖြင့် မဖြစ်ချေတော့ပါ။
                                                  xxxxxx

      သူငယ်ချင်း၏ မကျေနပ်ချက်များကို နားထောင်နေရင်း ကိုယ့်အိမ်ထောင်ရေးမှ အဆင်မချောတာလေးတချို့ကို အပြေးအလွှား စဉ်းစားနေရ၏။ ကျွန်မက မငြီးငြူတတ်၍သာ သူတို့ကို မပြောဖြစ်ပေမဲ့ ကျွန်မတို့လည်း ပုထုဇဉ်လူသားများသာမို့ စိတ်သဘော မတိုက်ဆိုင်တာတွေ၊ ငြင်းခုန်ရန်ဖြစ်ရတာတွေ၊ စိတ်ဆိုးစကားများရတာတွေ...၊ အဘယ်မှာ ကင်းနိုင်ပါမည်နည်း။
      သို့ပေမဲ့ ပထမကတည်းက ကျွန်မဆိုခဲ့သလို မေတ္တာနှင့်ယှဉ်သည့် ချစ်ခြင်းမို့ သစ္စာအမှန်ကို မြင်တတ်ခဲ့ပါ၏။ စိတ်အခန့်မသင့်တိုင်း သူနှင့်မို့ သည်လိုပြဿနာတွေ ကြုံရလေခြင်းဟု မတွေးလိုပါ။ မည်သူနှင့်ပဲဖြစ်ဖြစ် တစ်ဘ၀လုံး လက်တွဲလျှောက်မှတော့ တစ်ကွေ့မဟုတ်တစ်ကွေ့တော့ အနည်းဆုံး သဘောထားကွဲလွဲကြမည်ပေါ့။
သည်လိုပဲ သည်းခံကျော်ဖြတ်ရမည်သာ မဟုတ်လား။
      သူမပြောသည့် ခင်ပွန်းသည်၏ အေးစက်မှုများထဲတွင် သူမအပေါ် အရေးတယူမရှိတာ၊ ကယုကယင်မကြင်နာတာ၊
တမြတ်တနိုး မဆက်ဆံတာတွေသာ ပြည့်နှက်နေလေ၏။
      “ ကဲ.. ဒါဖြင့်.. သူ နင့်အပြင် ရှုပ်တာပွေတာတွေ၊ မသင်္ကာစရာရှိလား...” ဟု သူငယ်ချင်းများက မေးတော့လည်း လေသံလေးတောင် လုံးဝမကြားရပါတဲ့လေ။
      စီးပွားရေးအလုပ်ထဲမှာသာ ခေါင်းစိုက်နေသည့် ယောကျာ်းမျိုးမို့ ဇနီးနှင့်သားသမီးအပေါ် အချိန်မပေးနိုင်သည်ကသာ ချို့ယွင်းချက်ဖြစ်နေခြင်းပါ။
      မည်သို့ဆိုစေ တစ်ကြိမ်တစ်ခါမျှ အဆင်မပြေတာ မကြားဖူးသော ကျွန်မဘ၀၏ချစ်ခြင်းကို ရှိစုမဲ့စုပြဿနာတချို့ အစထုတ်ပြလိုက်တော့ သူမသာမက ကျန်သူငယ်ချင်းများပါ အံ့သြကုန်တော့၏။
      “ ငါကတော့ အခါးဝါးမိတုန်းအချိန်ဆို ခဏနေ အခါးကုန်သွားတော့လည်း သူမဟုတ်သလို ချိုလာပြန်ဦးမယ်လို့ တွေးမိပြီး ရယ်ချင်လာတာပဲ။ ဒီလိုဆိုတော့လည်း လောကမှာ မပြီးဆုံးတဲ့အရာရယ်လို့ ဘယ်မှာရှိလို့လဲဟယ်။ ဖြစ်ပြီးရင်ပျက်ရမှာ ဓမ္မတာပဲမဟုတ်လား...” ဆိုပြီးလည်း စကားအနားသတ်ကာ သူမခံစားချက်ကို ဖော့ပေးလိုက်ပါသည်။
      သူငယ်ချင်းက... “ ဒီလောက်ချစ်ကြတဲ့ နင်တို့တွေလည်း ဒီလိုကိစ္စမျိုးရှိတာပဲလား...” ဟု စိတ်မကောင်းသလို ပြောနေသော်လည်း စိတ်အတန်ပေါ့သွားရှာသည့် ခံစားချက်ကိုတော့ သူမမျက်နှာမှာ အထင်အရှားတွေ့လာရ၏။
      ဘာပဲဖြစ်ဖြစ်... ငါတစ်ယောက်တည်း မဟုတ်ပါလား.. ဟု သူမ အားတက်သွားမည်ကတော့အမှန်။
      တစ်ခါတရံ ကိုယ်က အရေးမကြီးလှဟု ထင်သောကိစ္စများက သူတစ်ပါးအတွက် တစ်ဘ၀စာလုံး ပြောင်းလဲသွားလောက်အောင် အရေးပါအရာရောက် နေတတ်သေးပါလားဟု အံ့သြမိပါသည်။
      ကျွန်မအတွက်က အသေးအမွှားပြဿနာလေးတွေမို့ သူငယ်ချင်းတွေကြားမှာ ချခင်းမပြမိခြင်းသည် သူတို့အတွက်က နှိုင်းယှဉ်စရာစံပြကြီးက လက်လှမ်းမမီအောင် ဝေးကွာလာသယောင် စိတ်အားလျော့စရာဖြစ်နေသည်ကိုး။ 
      သည်လိုနှင့် နောက်ထပ်လည်း မေ့မေ့ပျောက်ပျောက်အရာများကို တူးဖော်ကာ သူမနားလည်စေမည့် ဥပမာများနှင့် ကျွန်မပြောပြခဲ့၏။
      ကိုယ်လိုချင်တာကို ရယူနိုင်ဖို့ ကိုယ်က အရင်စပေးတတ်အောင်လည်း သတိချပ်သင့်ကြောင်း...၊
သူ့ဆီက အကြင်နာ၊ အယုအယကိုခံချင်လျှင် ကိုယ်ကအရင် သူ့အပေါ် ကြင်နာယုယဖို့ မမေ့အပ်ကြောင်း...၊ လိုချင်တပ်မက်စိတ်တစ်ခုကိုသာ အခြေခံကာ အချစ်ကို မခံစားသင့်ကြောင်း...၊ မိဘစီမံသည့် အိမ်ထောင်ရေးဆိုပေမဲ့ သစ္စာရှိသည့် ခင်ပွန်းသည်ဆိုလျှင်ပင် အချစ်စစ်အတွက် ခရီးမဝေးလှကြောင်း...၊ မေတ္တာကို မျှဝေရင်းသာ အချစ်စိတ်ကို နားလည်မှုယူသင့်ကြောင်း...၊ သားသမီးသံယောဇဉ်သည်လည်း မေတ္တာနှောင်ကြိုးများပေမို့ မေတ္တာအရင်းခံသည့် အချစ်စစ်ကို ခုချိန်မှာ ဦးတည်၍ရကြောင်း...။
      ကျွန်မကပဲ အပြောကောင်းလို့လား၊ သူမကပဲ သတ်္တိရှိရှိပြောင်းလဲဖို့ ၀န်မလေးသူမို့လား မသိ။ နောက်အခေါက်တွေမှာ သူငယ်ချင်းနှင့် ဆုံဖြစ်တော့ သူမတို့အိမ်ထောင်ရေးက အတော်ပင် အဆင်ပြေနေခဲ့ပြီ။
      “ သူက ငါ့ကို ဂရုမစိုက်ပေမဲ့ သားတွေကိုတော့ သိတ်ဂရုစိုက်တယ်ဟ။ အဲဒီတော့ ငါကလည်း သားတွေကို ဂရုစိုက်တာနဲ့တင် ကျေနပ်ပေးလိုက်တာပေါ့။ နင်ပြောသလို သားတွေကနေတဆင့် သူ့အကြင်နာကို ငါခံစားတတ်လာပါပြီ...” ဟုလည်း ပြောသေး၏။
      တကယ်တော့ သူမခင်ပွန်းသည်က ပြောင်းလဲလာသည်မဟုတ်ပါ။ အရင်တုန်းကလိုပင် ခပ်အေးအေး၊ ခပ်ရိုးရိုးသာ အလုပ်ထဲ ခေါင်းစိုက်နေမြဲ။ တကယ်တမ်းပြောင်းလဲလာသည်က သူမ၏ စိတ်သာပင်ဖြစ်၏။
      ရှေ့ရောက်လွန်းနေသည့် လိုချင်စိတ်တွေ နည်းနည်းလျှော့လိုက်ပြီး မေတ္တာဓါတ်ကလေးနှင့် နားလည်မှုယူလိုက်တော့ အရင်ဆုံး အေးငြိမ်းသွားရသည်က ကိုယ့်စိတ်သာပဲမဟုတ်ဘူးလား။
      ဘာပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခု၏ အက်ကြောင်းများကို ဖာထေးလိုက်နိုင်ဖို့ သူငယ်ချင်းကို စိတ်ဓါတ် အကူအညီပေးလိုက်နိုင်၍
ကျေနပ်မိပါသည်။ ကျွန်မဘ၀၏ အဆင်မပြေတာလေးတွေ ရှာကြံပြောကာ သူ့စိတ်ဖိဆီးမှုများကို ဖွဖော့ပေးရင်း ကျွန်မလိုပင် စိတ်ပေါ့ပါးစွာနေတတ်စေဖို့ နည်းလမ်းမျှဝေပေးနိုင်ခဲ့၏။
      ဒါဟာ... ကျွန်မ ပေါ့ပေါ့ပါးပါး နေနိုင်ခြင်း၏ အဓိကသော့ချက်ပါပဲ။
ကျွန်မက ငါ့ကျမှဖြစ်ရလေခြင်း၊ သူနဲ့မို့ ဖြစ်ရလေခြင်း.. ဟု ဘယ်တော့မှမတွေးပါ။ အကြောင်းအကျိုးကိုသာ ဆက်စပ်တွေး၍ အကျိုးမလိုချင်လျှင် အကြောင်းကို ပယ်ဖြတ်နိုင်ဖို့သာ ကြိုးစားပါသည်။
      ဘယ်ကိစ္စမဆို နာကျည်းမှုတွေကို သယ်ပိုးလွယ်ပိုက်ထားပြီး ကိုယ်က အလှည့်ကြုံတော့ ပြန်ကလဲ့စားချေခြင်းဖြင့် အကြောင်းသစ်တွေ မဖန်တီးချင်တော့ပါ။
      စင်စစ် ကျွန်မတို့အားလုံးသည် သံသရာမှာ ကိုယ့်ကိုဆွဲနှစ်ပစ်မည့် အကုသိုလ်အထုပ်အပိုးများကို အမိုက်ခံပြီး မသယ်ပိုးဘဲ တတ်နိုင်သမျှ လွှတ်ချပစ်ခဲ့ဖို့ကိုသာ ကြိုးစားသင့်သည်မဟုတ်လား။
                                                 xxxxxx


ဝေ(စီးပွားရေးတက္ကသိုလ်)
( မသိနားမလည်မှု၏ အသီးအပွင့်များ- ကလောင်စုံ )