တန်ဖိုးပျက် အလဲထပ်ကိန်း









သက်ဆက်ရေ

မောင်သက်စကားကို အသံတိတ်ခေါင်းညိတ်လိုက်ရပေမယ့် ဘွားရွှေရင်ထဲမှာတော့ အဆူညံဆုံးငြင်းဆန်သံတွေ ပဲ့တင်ထပ်နေတာ တစ်နေ့လုံးလိုပဲ။          ထိုင်လိုက်၊ ထလိုက်၊ လမ်းလျှောက်လိုက်၊ တရားမှတ်ဖို့ကြိုးစားလိုက်နဲ့ ၊ ဘယ်လိုပဲ ကြိုးစားပေမယ့် လှိုင်းတစ်လုံးပြီးတစ်လုံး မ...ရပ်မနား ရိုက်ခတ်ခံနေရတဲ့ ကမ်းစပ်က သဲပြင်လေးလိုပဲ။ အသည်းထဲစိမ့်နေတဲ့ နာကျင်ဝမ်းနည်းမှုဝေဒနာက ဘယ်လိုမှ မခြောက်သွေ့နိုင်ဘူး ဖြစ်နေတယ်။           မိုးခါးရေသောက်ရတော့မတဲ့လား။ အများနည်းတူ မလွန်ဆန်နိုင်တော့ဘူးပေါ့လေ။           ငယ်ငယ်တုန်းကတော့ ပုံပြင်ထဲက ဘုရင်ကြီးဟာ တစ်နန်းတော်လုံး တစ်တိုင်းပြည်လုံး မိုးခါးရေသောက်မိလို့ ရူးကုန်တော့ အရူးတွေကြားထဲမှာ သူတစ်ယောက်တည်းမနေနိုင်လို့ သူပါ မိုးခါးရေသောက်လိုက်တာပေါ့..လို့​ ခပ်လွယ်လွယ် တွေးခဲ့မိတယ်။            ဘွားရွှေကိုယ်တိုင် ဘုရင်ကြီးနေရာရောက်သလို ဖြစ်လာတော့ အရူးတွေကြားထဲ မနေနိုင်တာထက် သောက်စရာရေချိုမရှိတော့တဲ့ အဖြစ်ဆိုးကို မြင်ရတော့တယ်။            ပထမတော့ သောက်စရာရေချိုမရှိလည်း ကိုယ့်တံတွေးကိုယ်ပြန်မျိုပြီး အာသာဖြေ အားတင်းနေခဲ့သေးတာပဲ။ ဒါပေမဲ့ အာခေါင်တွေ ကွဲအက်ခြောက်ကပ်လို့ နှုတ်ခမ်းတောင် ဟဟမဖွင့်နိုင်တော့မှ ၀မ်းနည်းစရာသတိထားမိတာက ပုံပြင်ထဲကဘုရင်ကြီးလို ကိုယ်က တစ်ယောက်တည်းမဟုတ်ဘူး ဆိုတာပဲ။            ကျန်နေတာက ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ ကိုယ့်ဘေးမှာ မှီခိုတွယ်ကပ်နေကြတဲ့ အသိုက်အမြုံတစ်ပြုံလုံးဟာ သောက်စရာရေမရှိလို့ ငံ့လင့်နေကြပြီ။            ရေချိုအိုင်တွေ တဖြည်းဖြည်းခမ်းနေပြီဖြစ်တဲ့ လောကကြီးထဲမှာ ဘွားရွှေလို အိုကြီးအိုမ ခပ်ယဲ့ယဲ့ အဘွားကြီးတစ်ယောက်ကများ ဘယ်လိုအားမာန်မျိုးနဲ့ ကျားကန်ထားနိုင်မှာတဲ့လဲ။            ဒီတော့လည်း အများနည်းတူ မိုးခါးရေကိုပဲ သောက်ကြဖို့ သဘောတူခေါင်းညိတ်လိုက်ရတယ်။            အများ မိုးခါးရေသောက်၊ ကိုယ်လည်း သောက်ရတော့မယ်ပေါ့။ 
                              ​                              ​                         xxxxxx      
   
“ ဒါမျိုးက ခေတ်နဲ့မဆိုင်ဘူး၊ လူနဲ့ပဲဆိုင်တာ...။ တို့များငယ်ငယ်တုန်းက ခေတ်မှာလည်း မရှိမဟုတ်ဘူး။ ရှိခဲ့တာပါပဲ မောင်သက်ရယ်။ ဒါပေမဲ့....လူ့အဖွဲ့အစည်းက နှာခေါင်းရှုံ့ကြတယ်။ ကြဉ်ကြတယ်။ ခုများတော့ ကိုရီးယားကား၊ နိုင်ငံခြားကားတွေ အတုခိုးမှားကုန်ကြပြီထင်ပါရဲ့။ လုပ်တဲ့သူကလည်း ခပ်တည်တည်ပဲ။ ဘေးပတ်ဝန်းကျင်ကလည်း ဖြစ်ရိုးဖြစ်စဉ် သမားရိုးကျလိုပဲ...။ ကောင်း ကောင်းကြသေးရဲ့လားဟယ်...”            ဘွားရွှေရဲ့ခပ်တိမ်တိမ်စကားသံနော​ က်မှာ အနက်ရှိုင်းဆုံးခံစားချက်တွေ ပုန်းကွယ်နေတာကိုသိနေတဲ့ မောင်သက်လည်း ဖြေသိမ့်စရာစကား ချက်ချင်းရှာမရဘူး။             ခက်တာက မောင်သက် ဘယ်စကားနဲ့ ဖြေသိမ့်ပြောပြော ဘွားရွှေမှာလည်း စောဒကတက်စရာ ချေပစကားက အသင့်လေ။             ဘာလို့လဲဆိုတော့ ဘွားရွှေဆိုတာက အသက်ခုနစ်ဆယ်ကျော် အဘွားကြီးဆိုပြီး ခေတ်နောက်ကျန်ခဲ့သူမှမဟုတ်တာ။ အိမ်ကမြေး အပျိုကြီး၊ အပျိုလတ်၊ အပျိုပေါက်ဆိုဒ်စုံကိုလည်း ခုအရွယ်ထိ အ၀တ်အစားကအစ ကလစ် ဖိနပ်အဆုံး ခေတ်မီမီ ကိုယ်တိုင် ၀ယ်ဆင်နေတုန်းပါ။             ဒေါက်ဖိနပ်မှ ဖိနပ်မှတ်တဲ့မြေးရယ်၊ ဘောင်းဘီမချွတ်တမ်း ၀တ်တဲ့မြေးရယ်၊ ဆံပင်ကို ဖြောင့်လိုက်ကောက်လိုက် ခဏခဏပြောင်းတတ်တဲ့မြေးရယ်....။ ဒါတွေက မြေးအရင်းတွေရော၊ ညီမကမွေးတဲ့ မြေးဝမ်းကွဲတွေရော။            နောက်ပြီး စကပ်တိုနဲ့ ဆလင်းဘက်ကလေး တယမ်းယမ်း၊ ရုံးချိန်တစ်ခုပဲ ထမီဝတ်တတ်တဲ့ တူမ အပျိုတွေရော...၊            နောက်တစ်ခါ အိမ်နေရင်းဆို ဂါဝန်ကြီးတဖားဖားနဲ့ မျက်စိနောက်လောက်အောင် ကလေးတွေနဲ့ အပြိုင်လှချင်နေကြတုန်း လေးဆယ်ကျော် ငါးဆယ်နီး သမီးတွေရော..၊            ဘွားရွှေတို့အိမ်မှာက အရွယ်စုံ အမျိုးသမီးတပ်စုက ပိုများတယ်လေ။             ရှားရှားပါးပါး မြေးယောကျာ်းလေးတစ်ယောက်ကတော့ ကံကောင်းသူလေးပေါ့။             မြေးထဲမှာ အငယ်ဆုံးဆိုတော့ ဖူးဖူးမှုတ် ၀ိုင်းချစ်ကြလွန်းလို့ မိန်းမအုပ်စုကြားမှာ မိန်းမလျာလေးဖြစ်သွားမှာတောင် စိတ်ပူရသေးတာ။              ဟော...နောက်ထပ် ယောကျာ်းလေးဆိုလို့ တူလိုသားလို တစ်သက်လုံးနေလာခဲ့တဲ့ မန်နေဂျာ မောင်သက်။             ဘွားရွှေခင်ပွန်း လက်ထက်ကတည်းက လုပ်ငန်းကျွမ်းကျင်ပြီး ယုံကြည်စိတ်ချရတဲ့သူ။              သမီးတွေချည်း ငါးယောက်မွေးထားတဲ့ ဘွားရွှေမှာ လုပ်ငန်းကိစမှန်သမျှ သူ့ပဲ အားကိုးနေရတယ်လေ။              သမီးကြီးနှစ်ယောက်က ရွာတွေမှာ အိမ်ထောင်ကျပြီး သူတို့စီးပွားနဲ့သူတို့ သင့်တင့်ကြပေမယ့် မွေးထားတဲ့ မြေးမလေး နှစ်ယောက်စီကိုတော့ မြို့ပေါ်မှာ ကျောင်းနေစေချင်တာမို့ ဘွားရွှေဆိ ပို့ထားတာ ခပ်ငယ်ငယ်ကတည်းကပါပဲ။             ကျောင်းပြီးတော့လည်း မြို့ပေါ်မှာပဲ အလုပ်ဆက်လုပ်၊ အဘွားဆီမှာပဲ ဆက်နေကြပေါ့။              သမီးလတ်က အပျိုကြီး၊ ကျန်သမီးနှစ်ယောက်မှာ တစ်ယောက်က အိမ်ထောင်ပျက် တစ်ခုလပ်၊ သမီးတစ်ယောက်နဲ့။ အငယ်ဆုံးက မုဆိုးမ...သမီးနှစ်ယောက်၊ သားတစ်ယောက်။               ကဲ...ဘယ်မှာလဲ ယောကျာ်းလေးသာ ဦးဆောင်သင့်တဲ့ ဘွားရွှေတို့လုပ်ငန်းမှာ အားကိုးစရာ သားလည်းမပါ၊ သမက်လည်း တစ်ယောက်မှ အနားမရှိ။                ဒီတော့...ခပ်ရွယ်ရွယ်ကတည်းက တူလိုသားလို ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ တစ်ကောင်ကြွက် မောင်သက်ကို လုပ်ငန်း သဘောသဘာဝတွေ သင်ပေးပြီး မန်နေဂျာခန့်ခဲ့တဲ့ ဘွားရွှေခင်ပွန်းဟာ အမြော်အမြင်ကြီးရှာပေတာပဲ။               သူကတော့ သူစိမ်းသာ ဆိုတယ်၊ အရင်းအချာတွေထက်တောင်မှ ဘွားရွှေကို ပိုလို့နားလည်၊ ပိုလို့သိတတ်ရှာတယ်။ ဘွားရွှေရဲ့ အခက်အခဲကိုလည်း သူတစ်ယောက်တည်းပဲ သိရှာတယ်။ 
                              ​                              ​                            xxxxxxx        
      
ဒီသမီးတွေ၊ တူမတွေ၊ မြေးတွေကြားမှာ ဘွားရွှေက ခေတ်လည်းမီရသလို၊ နေထိုင်မှုစရိတ်တွေ ရိုက်ချက်ပြင်းပြင်းခံရရှာတဲ့ ကလေးတွေကို ထောက်ပံ့ရေးတာဝန်လည်း လတိုင်းယူရပြန်တယ်။               “ ဘွားဘွားရယ်...ဆုပေးပွဲမှာ ဆုယူဖို့ကို မနှစ်က ဂါဝန်ပဲဝတ်ဖို့ မေမေကပြောနေတယ်။ သမီးနဲ့လည်း ကျပ်နေတဲ့ဟာကို အသစ်ဝယ်မပေးနိုငဘူးတဲ့။ သူငယ်ချင်းတွေက အကုန်လုံး အသစ်ဝတ်ကြမှာကို၊ စဉ်းစားကြည့်ပါ ဘွားရယ်..”              မျက်ရည်တလဲ့လဲ့နဲ့ တိုင်တည်တဲ့မြေးကို သနားသလို၊ သားသမီးသုံးယောက်ဝန် တစ်ယောက်တည်း မနည်းထမ်းနေရရှာတဲ့ မုဆိုးမ သမီးငယ်ကိုလည်း မကြည့်ရက်တာမို့ ဘွားရွှေ ချွေးခံအိတ်ကလေးထဲက ခြင်္သေ့အစိမ်းလေးတွေပဲ ဖျတ်ကနဲ ခုန်ထွက်သွားရပြီ။              အဘွားအိုမှာက အပိုကုန်စရာ ဘာအသုံးမှလည်း မလိုပါဘူးလေ။ ဒါပေမဲ့....မြေးက တစ်ယောက်တည်းမှ မဟုတ်တာ။              “ သမီးတို့ရုံးမှာ GSM ဖုန်းကို မဲနှိုက်ပေးတာ သမီးပေါက်တယ်တဲ့။ ငွေသွင်းနိုင်အောင် သမီးကို ချေးပါဦးနော်။ သမီး လခထုတ်တိုင်း အရစ်ကျဆပ်ပါ့မယ် ဘွားရဲ့...နော်...နော်”               “ နေစမ်းပါဦး၊ ငွေက ဘယ်လောက် သွင်းရမှာတဲ့တုံး”               “ သိပ်မများပါဘူး ဘွားရဲ့...”               မြေးလေးအဘိုးရဲ့ ငွေရတု အထိမ်းအမှတ်လက်ဆောင် ဆွဲကြိုးနှစ်ကျပ်သားလေး ဘွားရွှေလည်ပင်းကနေ လှုပ်တုပ်လှုပ်တုပ်နဲ့ ပြုတ်ထွက်သွားရပြန်ပြီ။ အင်းလေ...အဘွားအိုမှာက ပွဲလမ်းသွားစရာ ဘာအဆင်တန်ဆာမှ မလိုတော့ပါဘူး။ လူရိုသေ ရှုင်ရိုသေ နားကပ်လေးတစ်ရန် ၀တ်ထားရရင်ပဲ လုံလောက်ပါပြီလေ။               ဒါပေမဲ့...နားကပ်လေးလည်း ဥစာဆိုတော့ မမြဲရှာပါဘူး။               “ ဘွား...သားကလေ တကသိုလ်တက်ရတော့မှာကို မေမေက ဆိုင်ကယ်ဝယ်မပေးသေးဘူးတဲ့။ သူ ရစရာရှိတဲ့ အကြွေးတွေ မရသေးလို့ဆိုတာချည်း အကြောင်းပြပြီး နေ့ရွှေ့ညရွှေ့လုပ်နေတယ်။ ကူပြောပေးပါဦး”                “ အေးလေဟယ်...ကတိပေးထားပြီးကာမှ လူကြီးတွေဖြစ်ပြီး ဘာကြောင့် ကလေးကို စိတ်ဆင်းရဲအောင် လုပ်နေကြတာလဲ။း ပြောစမ်းပါဦးမြေးရဲ့ ဆိုင်ကယ်က ဘယ်လောက်မို့လဲ“               ဒါက ဘွားရွှေ့အသည်းကြော်ဆိုတော့ ဘယ်မျက်နှာအငယ်ခံနိုင်ပါ့မတုံး။               ကိုယ်က အဘွားအိုပဲ၊ လူရိုသေ ရှင်ရိုသေ နားကပ်ဆိုတာ တရားစခန်းသွားရင်တောင် ချွတ်ထားခဲ့သေးတာ မဟုတ်လား။ မလိုအပ်လှပါဘူးလေ။                ဒီလိုနဲ့...ဘွားရွှေလည်း မလိုအပ်တော့တာတွေ များများလာလိုက်တာ၊ နောက်ထပ် မလိုအပ်တာတောင် ရှာမရတော့ဘူး။     
                          ​                              ​                             xxxxxxx       

       
ဘွားရွှေမှာ ခုချိန်ထိမြဲနေသေးတာ ကိုယ်ကျင့်တရားနဲ့ သဒါတရားပဲရှိတော့တယ်။               ခုအရွယ်ထိ ကိုယ်ကျင့်တရားပျက်တဲ့အလုပ် ဘာတစ်ခုမှ မလုပ်ခဲ့သလို၊ ကိုယ့်ကို မှီခိုအားထားကြတဲ့ ကလေးတွေကို စိတ်ရောကိုယ်ပါ ငွေကုန်ခံ စောင့်ရှောက်နေတုန်းပဲ။               တစ်အိုးတစ်အိမ် တစ်စီးပွားဖြစ်အောင် ထူထောင်ပေးထားတဲ့ ညီမလေးမိသားစုကလည်း ဘာကိစလေးပဲဖြစ်ဖြစ် အစ်မကြီးဆီကိုပဲ အားကိုးတကြီးပြေးလာကြတယ်။                တူမတွေ ကျန်းမာရေးကအစ အိမ်ထောင်ရေးအဆုံး...“ မမရွှေပဲ အားကိုးနေရတာ” ဆိုပြီး ညီမကပြေးလာလိုက်၊ မတ်တော်မောင်က ရောက်လာလိုက်။                အားကိုးကြပါ...အားကိုးကြပါ။ ဒီညီမတစ်ယောက် အားအကိုးကောင်းလို့ ခု...ဘွားရွှေတို့နေကြတဲ့တိုက်လည်း ဘဏ်မှာပေါင်ထားရတာ ကျေးဇူးရှင်ကြီး မဆုံးခင်ကတည်းကပဲ။               ဘွားရွှေယောကျာ်း ဦးဖိုးသောင်တို့ စိတ်ကောင်းရှိပုံကလည်း အံ့မခန်းပါပဲ။                အစ်မနားမှာ ခိုကပ်နေရတဲ့ ညီမနဲ့မတ်တော်မောင် ကြာရင် လူရေးလူစညံ့သွားလိမ့်မယ်...ဆြို​ပီး ခယ်မလင်မယားကို အိမ်ပေါင်ပြီးရတဲ့ငွေနဲ့ မြို့သစ်မှာ အိမ်ခပ်သင့်သင့်တစ်လုံးဝယ်ပြီး လုပ်ကိုင်စားစရာ ဈေးဆိုင်ပါတည်ပေးလိုက်တာ။ အရစ်ကျပြန်ဆပ်မယ်ဆိုတဲ့ ငွေလည်း တစ်လလား၊ နှစ်လလားပဲ ရလိုက်တယ်။                ဈေးရောင်းမကောင်းလို့၊ အရောင်းခွန်ဆောင်လိုက်ရလို့၊ သူခိုးခိုးခံရလို့နဲ သူတို့ပဲ အကြောင်းပြချက်ကောင်းလွန်းလို့ ကိုယ်ကတောင် အိတ်ထဲက ထပ်ထပ်ထုတ်ပေးနေရရော။               တူမသုံးယောက်ကလည်း အလုပ်အကိုင်က မြို့ထဲကမှ အဆင်ပြေတာဆိုပြီး ဘွားရွှေဆီလာနေကြပြန်ရော။ အိမ်နဲ့ခြံက ကျယ်လို့သာ တော်တော့တယ်။ ထားပါလေ...ဒါက အစ်မကြီးအမိအရာဆိုတော့ ဘွားရွှေက ကျေနပ်ပြီးသားပါ။               တစ်နေ့...သူတို့ အဆင်ပြေလာတဲ့ အခါကျတော့လည်း သိတတ်ကြမှာပါလို့ ဖြေသိမ့်ပြီးသားပါ။               ဒါပေမဲ့ ဒီလူအုပ်ကြီးရဲ့ နေ့စဉ် စားစရိတ်ရယ်၊ သူတို့လေးတွေအတွက် ကူညီထောက်ပံ့ရေးစရိတ်ရယ်၊ ကိုယ်တိုင်ရဲ့ သာရေးနာရေး အလှူအတန်းလေး မှန်မှန်ကုသိုလ်ယူဖို့ရယ်...၀င်​ငွေနဲ့ထွက်ငွေဟာ မလောက်ငချင်တော့ဘူး။ ဘဏ်ချေးငွေ အတိုးလည်း မှန်မှန်မသွင်းနိုင်တော့ တိုးရင်းတွေပေါင်းပြီး ဘယ်လောက်တောင် ဖြစ်ကုန်ပြီလဲ တွက်တောင် မကြည့်ရဲတော့ဘူး။               ခင်ပွန်းသည် လက်ထက်ကတည်းက လုပ်လာတဲ့ တည်းခိုခန်းလုပ်ငန်းကလည်း အရင်လို မကောင်းလှတော့ဘူးလေ။ တခြား ဘာအလုပ်မှလည်း ပြောင်းမလုပ်တတ်တော့ ဒါပဲ ဆက်လုပ်နေရတာ။                တခြားစီးပွားရေးလုပ်တဲ့ သမီးတွေလည်း အရောင်းအ၀ယ်ပါးလို့ လက်မှိုင်ချနေရတာပါပဲ။                ခုခေတ်မှာက ဟိုတယ်တွေ၊ မိုတယ်တွေ၊ အရမ်းသားသားနားနား ဆန်းဆန်းပြားပြားတွေ များကုန်ပြီ။                ခုတင်၊ မွေ့ရာ၊ လေအေးပေးစက်...အစရှိတဲ့ သားနားတဲ့ပြောင်းလဲမှုအတွက် အရင်းအနှီးငွေကြေး ထပ်မထည့်မြှုပ်နိုင်သလို၊ ဆန်းပြားတဲ့ပြောင်းလဲမှုအတွက်လည်း တစ်သက်လုံး ရိုးသားခဲ့တဲ့ ကိုယ်ကျင့်တရားကို အပွန်းအပဲ့မခံနိုင်ပါဘူး။               ငယ်ငယ်ရွယ်ရွယ် စုံတွဲလေးတွေ၊ အသက်ကြီးကြီး သူဌေးဂိုက်လူကြီးနဲ့ ခပ်ငယ်ငယ်ကောင်မလေးတွေ၊ ကျောင်းသူအရွယ် ကောင်မလေးနဲ့ ကောင်လေးအတွဲတွေ...ဒါမျိုးတွေကေ​တာ့ ဟိုအရင်ကတည်းက ဘွားရွှေတို့တည်းခိုခန်းကို ရောက်လာတတ်တာပါပဲ။ ဒါပေမဲ့ နာရီပိုင်းခဏတစ်ဖြုတ်လာတည်းတဲ့ ဒီလိုဧည့်သည်မျိုးကို ဘွားရွှေတို့ ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။               ဘွားရွှေယောကျာ်းရှိကတည်းက “ နာမည်တပ်ထားတာကိုက မိသားစုတည်းခိုခန်း...တွေ့တယ်မဟုတ်လား” လို့ ပြတ်ပြတ်သားသား ငြင်းခဲ့တာချည်းပဲ။               ဘွားရွှေလက်ထက်ကျတော့လည်း တည်းခိုခန်းမှာလူတစ်ယောက်မှ မရှိလည်း ဒါမျိုးဆို ငွေဘယ်လောက်ရရ၊ ခေါင်းခါလိုက်တာပဲ။              မောင်သက်ကတော့ ဘွားရွှေရဲ့ ၀င်ငွေ ထွက်ငွေဒုကကိုသိနေတော့...               “ မာမီရယ်...ဘယ်တည်းခိုခန်းမှ မကင်းကြပါဘူး။ မာမီ မျက်နှာသာ လွှဲထားပါ။ တည်းခိုဆောင်ဘက် မလာချင်လည်း မလာနဲ့၊ စီးပွားရေးကိစ ကျွန်တော် ကြည့်လုပ်လိုက်ပါ့မယ်” တဲ့။               အမှန်တော့ ဒီကလေးကလည်း စိတ်ရင်းကောင်းသူလေးပါ။ ဘွားရွှေတို့ အစဉ်အလာကိုလည်း သိခဲ့ မီခဲ့ စောင့်ခဲ့သူ။ ဒါပေမဲ့ ဟိုတစ်နေ့ကမှ ဘဏ်က ရောက်လာတဲ့ တိုးရင်းပေါင်း ငွေတောင်းခံတဲ့စာရွက်ကို သူပဲ ဘွားရွှေလက်ထဲကို လာထည့်ခဲ့တာလေ။ ဘွားရွှေ အကျပ်အတည်းတွေ သူသိတာပေါ့။               အတိုးတောင် မပေးနိုင်လို့ အိမ်တစ်ခုလုံး ရောင်းရမယ်ဆိုရင်လည်း လည်မှာဆွဲထားတဲ့ ပုတီးတစ်ကုံးကို ဆွဲဖြုတ်ခံလိုက်ရတာမှ မြေပေါ်ကျသွားတဲ့ ပုလဲတစ်လုံးစီကို ပြန်ကောက်လို့ ရချင်ရဦးမယ်။ ခုဟာက..တစ်ပြုံတစ်မ ..တစ်ထွေးကြီး။               ဒီကြားထဲ ရွာကသမီးတွေကလည်း ပဲရှုံးလို့၊ လယ်ပျက်လို့နဲ့ သတင်းကြားရပြန်တော့ ဘွားရွှေမှာ ကူစရာကယ်စရာ လက်ထဲမှာလည်း ဘာမှမကျန်တော့ဘူး။               မျက်နှာလွှဲထားလို့သာ မောင်သက်ကပြောတာ တည်းခိုဆောင်နဲ့ မိသားစုနေတဲ့အဆောင်က တစ်ဆောင်စီဆိုပေမယ့် တစ်ဝန်းတည်၊ တစ်ဆက်တည်း။              သွားလေသူကြီးသာ သိများသိသွားရင် ရောက်ရာဘ၀ကနေ ငရဲကို ခုန်ဆင်းသွေားလေမလားတောင် ထင်မိတယ်။ ဘွားရွှေကတော့ ရူးများတောင် ရူးချင်ပါရဲ့။              ဒါကြောင့်လည်း မိုးခါးရေ မချိုပါဘဲ သောက်ကြရတာပေါ့လို့ ၀မ်းပန်းတနည်းတွေးမိပြန်တယ်။    
                           ​                              ​                        xxxxxxxx       
       
ကျဉ်းထဲကျပ်ထဲက လွတ်လိုလွတ်ငြား အေးရိပ်ရှာခိုနေပြန်တော့လည်း လောကီအပူငွေ့တွေက တရားစခန်းထိတောင် ဘွားရွှေနောက်ကို လိုက်ဟပ်နေပြန်တော့ စိတ်ပျက်မိတယ်။             “ ဘာဖြစ်လို့ လိုက်လာတာလဲ မြေးရယ်၊ ဒီလောက်ဝေးတဲ့နေရာကို ပင်ပန်းလှပါတယ်။ တစ်လစခန်းသိမ်းတော့ အဘွားပြန်လာမှာပေါ့”              “ မဟုတ်ဘူး အဘွားရဲ့၊ လေးသက်က ဘွား စိတ်ဖြောင့်ဖြောင့် တရားထိုင်နိုင်အောင် သွားပြောစေချင်တယ်။ မြေးကလည်း သူငယ်ချင်းတွေနဲ့ ကြုံတုန်းမို့ လိုက်လာတာ။ သတင်းကောင်း ဘွားရဲ့”               သူတို့ “သတင်းကောင်း” ကို ဘွားရွှေကတော့ လန့်လှပါတယ်။              “ သမီးသူငယ်ချင်းတွေ ကျောင်းလာတက်တာ နောက်ကျပြီး အဆောင်ငှားမရလို့တဲ့။ သမီးကို အကူအညီတောင်းတာနဲ့ လေးသက်ကို ပြောပြလိုက်တာ၊ အဆောင်ငှားစားလည်း မဆိုးဘူးဆိုပြီး လေးသက်က ဆယ်ယောက်ကျော် လက်ခံထားတယ် အဲဒါ အဘွားကို မိသားစုတည်းခိုခန်းတင် မဟုတ်တော့ဘူး၊ မိသားစု ဘော်ဒါဆောင်ပါ ဖြစ်နေပြီလို့ လာပြောပြတာ...”               အို...ဘုရား...ဘုရား ဘွားရွှေရဲ့ သစာစကားတွေ တကယ်ထိရောက်ခဲ့ပြီတဲ့လား။             “ အများမိုးခါးရေ သောက်တာကိုလည်း ဘယ်တုန်းကမှ အားမကျခဲ့ပါဘူး။ ဗိုက်ကယ်အောင်လည်း မသောက်လိုပါဘူး။ အာစွတ်ရုံရေချိုလေးတော့ ပေးသနားတော်မူပါ...” လို့ တရားထိုင်ပြီးတိုင်း ဘွားရွှေ သစာတိုင် ဆုတောင်းခဲ့မိတယ်။               ခုနောက်ပိုင်း နယ်မြို့ကြီးတွေမှာ ကောလိပ်ကနေ တကသိုလ်အဆင့် မြှင့်လိုက်တော့ ကျောင်းသူကျောင်းသားတွေ နယ်ပေါင်းစုံ၊ ရွာပေါင်းစုံက ရောက်လာကြပြီး ဘွားရွှေတို့မြို့လည်း စည်ကားလာတယ်လေ။ တကသိုလ်နဲ့နီးတဲ့ အိမ်တွေလည်း အဆောင်ငှားစားတာနဲ့၊ ထမင်းချက်ရောင်းတာနဲ့ တော်တော် အဆင်ပြေကုန်ကြတယ်။             ဘွားရွှေတို့အိမ်က တကသိုလ်နဲ့ သိပ်မနီးပေမယ့် မြေးလေးအဆက်အသွယ်နဲ့ ခုတော့ အဆောင်တစ်ပိုင်း ဖြစ်နေပြီပေါ့။ အကြံကုန်နည်းလမ်းပျောက်နေတဲ့ ဘွားရွှေတို့ကို နတ်ကောင်းနတ်မြတ်တွေက လမ်းပြကြပြီထင်ပါရဲ့။              “ အေးပါ...မြေးရယ်၊ သာဓု...သာဓု...သာဓုပါတော်၊ ငါ့မြေးလေးတို့ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လောကကြီးကို အလှဆင် နိုင်တဲ့သူတွေ ဖြစ်ကြပါစေ”               အဘွားအိုရဲ့ ပေါ့ပါးတဲ့အပြုံးကို မြေးမလေးက ငေးမောကြည်နူးမိတယ်။ အဝေးကြီးက စက်ဘီးနင်းလာရပေမယ့် အမောပြေသွားရှာပြီထင်ပါရဲ့။ ဘွားရွှေကတော့ အသက်ကြီးလှပြီမို့ လောကကြီးကို အလှဆင်နိုင်တဲ့ အားအင်မရှိတော့ပေမယ့် လောကကြီးကို အလှဖျက်တဲ့သူတော့ မဖြစ်ချင်ပါဘူးကွယ်။              ဖြစ်နိုင်ရင်တော့လည်း မိုးခါးအိုင်နံဘေးမှာ တွေ့ရတဲ့ ရေချိုလေးတစ်ပေါက်ကိုပဲ အသက်ဆက်နိုင်ဖို့အတွက် မျှဝေသောက်ကြပါဦးစို့လို့...ဘွားကတော့ တစ်လောကလုံးကို မေတာရပ်ခံချင်တာပါပဲ။ 
                              ​                              ​                      xxxxxxx
ဝေ ( စီးပွားရေးတကသိုလ်)
January, 2010...မဟေသီမဂ္ဂဇင်း 
လင်းလွန်းခင်စိတ်ကြိုက်..(၁)
အလင်းသစ်ရွေးသီရာ...၂၀၁၀

ဆုံးရှုံးခြင်း



နှင်းဆီပန်းကို၊ နမ်းပါရစေ
မြတ်နိုးချစ်ခင်၊ ကြင်ပါရစေ
တစ်ငုံတစ်ဖူး၊ ခူးပါရစေ။

ဆူးခက်ကို ကြောက်မိပေမယ့်
ပန်းလောက်မှ အာရုံမတွယ်
ခူးပါရစေကွယ်။

ဆူးတွေကို ရှောင်ကာရှား
ချစ်သူကိုတော့ မာယာမများလောက်ပါဘူး
ညှာတာသနားမယ် စိတ်အကူးနဲ့
ထိပ်အဖူးကိုမှ ဆွတ်မိတယ်။

ဆူးထိပြီကွယ်...
ရှိုက်ငင်ကာ ဗျာပါနွမ်း
ယမ်းယောင်ကာ စိတ်အကြမ်းမှာ
ပန်းအကြွေ သွေးနီနဲ့ ရောကာယှက်
ကြေပျက်လေတယ်။

နှင်းဆီသခင်ရယ်
စူးမလားထင်ရဲ့နဲ့
ခူးတအား ငင်ခဲ့မိတယ်၊
လက်ထဲရောက်ကာမှ
ပန်းလည်းကြွေ ဆူးလည်းစူးပြီမို့
နွမ်းအသည်းတွေ ရူးလောက်ပါရဲ့
ခုတော့လေ
ရှုံးမှန်း သိရက်နဲ့မို့
ပြုံးနမ်းဖို့ ခက်နေပြီကွယ်။

ဝေ(စီးပွားရေးတက္ကသိုလ်)
ပေဖူးလွှာမဂ္ဂဇင်း
January, 2012

တန်ဖိုး



မင်းတန်ဖိုးကို သတ်မှတ်နိုင်ဖို့

ငါဆိုတာက ကြမ်းခင်းဈေးပေါ့။



ဘ၀တစ်ခုရဲ့ အလျားနဲ့တွက်ရင်

တို့နှစ်ယောက်ကြားက အမှတ်တရအချိန်ဟာ

ဘယ်လောက်ကြာခဲ့လို့လဲ။



ရှင်သန်ခြင်းရဲ့ တန်ဖိုးဟာ

သေဆုံးခြင်းရှိလို့ မြင့်တက်လာတာဆိုရင်

ဝေးဖူးမှသာ အနီးဆုံးရောက်အောင်လာချင်မယ်..

နိမ့်ကျလို့သာ အမြင့်ကိုတက်ချင်မိမယ်...

ပူလောင်မှသာ အေးချမ်းမှုကိုသတိရမယ်...

နာကျင်ရမှ ကြင်နာသူကိုတမ်းတတတ်မယ်...



ဒါကြောင့်လည်း

ငါတို့နှစ်ယောက် ဇာတ်လမ်းမှာ

ငါကနောက်ရောက်နေလို့သာ မင်းကရှေ့

ငါကနိမ့်ကျနေလို့သာ မင်းကမြင့်

ငါကလှုပ်ခတ်မိလို့သာ မင်းကငြိမ်

ငါကကြမ်းတမ်းလာလို့သာ မင်းကသိမ်မွေ့

ငါကညံ့ဖျင်းလာလေ မင်းကတော်

ငါကအားငယ်လာတော့ မင်းကအားပေး...



နောက်ဆုံးတော့

မင်းရဲ့တန်ဖိုးကို သတ်မှတ်နိုင်ဖို့

ငါက ကြမ်းခင်းထားတဲ့ ဈေးပေါ့။



ဝေ (စီးပွားရေးတက္ကသိုလ်)
Women World Journal

ခြေရာပျောက် နှလုံးသား

မျက်နက်ဝန်းလေး တစ်စုံ ကိုယ့်လှုပ်ရှားမှုနောက် လိုက်ငြိနေတာကို သိလိုက်ရတော့ သူ့အစား ရင်မောသွားရတယ်။ လာပြန်ပြီလား တစ်ယောက်လို့ပေါ့။


ကိုယ့်အကြောင်း မင်း မသိဘူးလား ချာတိတ်ရေ။ ကိုယ့်သတင်း မင်း မကြားဖူးဘူးလား။ ဘေးနားက မင်းသူငယ်ချင်းကရော ပြောမပြဘူးလား။ ကိုယ့်ကို ငြိနေရင်တော့ ကိုယ့်အကြောင်း မသိတဲ့ ကောင်ပဲလို့ ကိုယ် နားလည် လိုက်ပါတယ်။ ဒီနယ်တစ်ဝိုက်မှာ ကိုယ့်အကြောင်း သိတဲ့သူ မှန်သမျှ ကိုယ့်ကို မငြိရဲဘူး။ ငြိမိရင်လည်း မထိရဲဘူး။ ဘယ်ထိရဲမလဲ။ သူတို့က သိနေတာကိုး။ ကိုယ့်ကိုမရနိုင် ဆိုတာ။ ဒီလိုပြောလို့ အတွေးတွေ ဘေးချော် မနေနဲ့ဦး။ မထိရဲရအောင် ရောဂါသည် မို့လို့လား၊ ဇာတ်ရှုပ်တတ်တဲ့ မာယာသည်လား၊ ဂုမ္ဘာန်တစ်ထောင် စောင့်ကြပ်နေလို့လား။ မဟုတ်ဘူး၊ တစ်ခုမှ မဟုတ်ဘူး။ စောင့်တော့ စောင့်တယ်၊ တစ်ယောက်တည်း။ ကိုယ့်ရဲ့ အသည်း ဗိမာန်ရှင်က မောင်တစ်ယောက်တည်း။

ကိုယ့်အသည်းရဲ့ စွဲနစ်မှုက တစ်သက်တာ သေချာပြီးသားမို့ နောက်ထပ် ဘယ်သူ့ကိုမှ ကိုယ် မျှော်လင့်ချက် မပေးချင်ဘူး။ အချိန်ကုန် မခံစေချင်ဘူး။ ကိုယ့်စိတ်ဓာတ်က ရှင်းတယ်။ အီစီကလီ လုပ်ပြီး ဇာတ်လမ်းကို ဆွဲဆန့်တဲ့ အလုပ်မျိုး ကိုယ်ဘယ်တော့မှ အားမပေးဘူး။ ကိုယ့်အချစ်က သေချာတယ်။ နောက်တစ်ယောက် ဆိုတာ မရှိဘူး။ ပူးတွဲ ဆိုတာလည်း အကြံ အဖန် လုပ်တာလို့ ခံယူ ထားသူမို့ ဘေးတွဲ ဘယ်တော့မှ မချိတ်ဘူး။ အားနာပြီးတော့လည်း မိတ်ဆွေ မဖွဲ့ဘူး။ ကိုယ် အားမနာတတ်ဘူး။ ဒါပေမယ့် လူမှုရေးတော့ မခေါင်းပါး ဘူးပေါ့လေ။

"မြတ်လေးသွယ် မဟုတ်လား ခင်ဗျာ"

ရဲတင်းလှတဲ့ ကောင်လေးပါလား။ ဒီလောက် အနေ တည်တဲ့ ကိုယ့်ကို လာစရဲတယ် ဆိုတော့ တော်ရုံသတ္တိ မဟုတ်နိုင်ဘူး။ မျက်မှောင် ခပ်တင်းတင်းနှင့် ကိုယ့်အမူအရာကြောင့် ကောင်လေးက အဟက်လို့ အရှက်ပြေ တစ်ချက်ရယ်လိုက်တယ်။

"သွယ် ကျွန်တော့်ကို မမှတ်မိဘူး ထင်တယ်။ လင်းအောင်လေ"

အဲဒါမှ ပိုဆိုးရော။ သိပ်သေချာတဲ့ မျက်နှာလေးနဲ့ သူပြောလိုက်တဲ့ နာမည်က တစ်ခါမှတောင် မကြားဖူးဘူး ဖြစ်နေတယ်။ ဒီလို နာမည်မျိုးနဲ့ ကိုယ့်အသိ မိတ်ဆွေ တစ်ယောက်မှ မရှိတာ သေချာတယ်။ စိတ်ရှုပ်ရှုပ်နဲ့ ချာခနဲ လှည့်ပစ် လိုက်ချင်ပေမယ့် တက္ကသိုလ်ကျောင်းသူ ဖြစ်ပြီး ဒီလောက် ကလေးဆန်ဖို့ မကောင်းဘူးလို့ ကိုယ့် သူငယ်ချင်းက အဆောင်ပြန် ရောက်ရင် ဝေဖန် နှိပ်ကွပ်ဦးမှာ စိုးမိတယ်။

ကေသီက အခုမှ တက္ကသိုလ်ကျောင်းသူ ဖြစ်စချင်း အတူတူ ရင့်ကျက်ပြီးသားပုံ သိပ်ဖမ်းချင်တာ။ ကောင်လေးတွေနဲ့ မခေါ်မပြောချင်တဲ့ ကိုယ့်ကိုလည်း သိပ်ဝေဖန် ချင်တာ။ ယောက်ျားလေးတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆို ပေါင်းသင်း ရဲတာကိုပဲ ရင့်ကျက်တယ်လို့ ခက်ဆစ်မှား ဖွင့်နေသေးတာ။

"ဟိုလေ ပုသိမ်မှာလေ ...။ ငယ်ငယ်တုန်းက ဖိုးတူး ဆိုရင်ရော မှတ်မိမလား"

တွန့်ခေါက်နေတဲ့ မျက်လုံးနှစ်ခု ဖျတ်ခနဲ ပြေသွားချိန်နဲ့အပြိုင် တင်းစေ့နေတဲ့ နှုတ်ခမ်းနှစ်လွှာ အမှတ်တမဲ့ ဟသွားရတယ်။

"အင်း...၊ ဖိုးတူး ဖိုးတူး...၊ ဟုတ်လို့လား"

င၀န်မြစ်ရဲ့ ရနံ့ကို ဖျတ်ခနဲ ပြန်ရှိုက်မိသလိုပဲ။ ကိုယ့်ရဲ့ ကျောင်းနေရွယ် အစဟာ မိဘတွေ ပြောင်းရွှေ့ တာဝန်ကျရာ င၀န်မြစ်ကမ်း နံဘေးက ပုသိမ်မြို့လေး ဖြစ်ခဲ့ဖူးတယ်။

"သီတာခင်ရယ်၊ သွယ်ရယ်၊ ကျွန်တော်ရယ်လေ။ ခု သီတာက ရိုးရိုး မေဂျာတက်ပြီး ကျန်ခဲ့တယ်"

ငယ်သူငယ်ချင်း နာမည်တွေပါ သက်သေထူနေတဲ့ သူ့ကိုကြည့်ပြီး ပြုံးလိုက်မိတယ်။ ကိုယ်က ယောက်ျားလေး မှန်ရင် အဖြူထည်လို့ကို မထင်ချင်တော့တာ။ အကျင့် ပါနေပြီ။

"တက္ကသိုလ် ရောက်ရင် ယောက်ျားလေး သူငယ်ချင်းတွေ မထားနဲ့ သွယ်ရယ်။ သူငယ်ချင်း မျက်နှာဖုံး စွပ်ပြီး သွယ့်ဆီ ချဉ်းကပ်လာမယ့် ကောင်တွေထဲမှာ တစ်ယောက်မှ ရိုးသားမယ့်သူ မပါနိုင်ဘူး။ ယောက်ျားဆိုတာ ချစ်သူဖြစ်နိုင်မယ့် အခွင့်အရေး မရရင် ဘယ်သူမှ အဖြူထည် သူငယ်ချင်း မလုပ်နိုင်ဘူး"

ကိုယ်ချစ်တဲ့ မောင်က ဒီလို အတွေးအခေါ်မျိုး ရိုက်ထည့်ပေးလိုက်တော့ ချဉ်းကပ်လာသမျှ ယောက်ျားလေး မှန်သမျှကို ကိုယ် အပေါင်း အသင်း မလုပ်ချင်ခဲ့ဘူး။ သူငယ်ချင်းလို့ မသတ်မှတ်နိုင်ခဲ့ဘူး။ မြို့လေးမှာ ကျန်ခဲ့တဲ့ မောင့်ဆီ ဘယ်လို သတင်းဆိုးမျိုးမှ မှားယွင်းပြီး ဖြစ်စေ၊ လုပ်ကြံခံရပြီးဖြစ်စေ ရောက်မသွား စေချင်ဘူး။ ကျန်ရစ်တဲ့ မောင့်မှာ ကိုယ့်သတင်းဆိုးတွေကြောင့် ၀မ်းနည်းရလိမ့်မယ်။

ဒါကြောင့် ကိုယ်က ကောင်လေး သူငယ်ချင်း မထားဘဲ ခပ်ကင်းကင်း နေချင်သလို သူ့ကိုယ်သူ ရင့်ကျက်တဲ့ပုံစံ ဖမ်းချင်တဲ့ ကေသီက လာရောသမျှ ယောက်ျားလေးတွေကို အပေါင်းအသင်း လုပ်ချင်နေတာကြောင့် အခန်းဖော်နှစ်ယောက်မှာ ပြဒါးတစ်လမ်း သံတစ်လမ်းလို ရထားလမ်းကို သူငယ်ချင်း ဆိုတဲ့ ဇလီဖားတုံးနဲ့ မနည်း တွဲဆက်ထားရတယ်လေ။

ရေချိုးနေတုန်း တစ်ပိုင်း တစ်စမှာ "မြတ်လေးသွယ် ဧည့်သည်" ဆိုတာကြောင့် စိတ်ညစ် သွားရတယ်။ ကိုယ်က ရေဆို အချိန် ဆွဲပြီး ချိုးရမှ ကျေနပ်တဲ့ သူလေ။ အကြောင်းသိမို့ ရေချိုးပြီးစ ကေသီက "ငါ ဆင်းတွေ့လိုက်မယ်" ဆိုပြီး အပြေးတစ်ပိုင်း ထွက်သွားသည်။

ရေချိုးခန်းက ထွက်လာတော့ ပြုံးစပ်စပ်မျက်နှာပေးနဲ့ ကေသီက အခန်းထဲ ပြန်ရောက် နေနှင့်ပြီ။

"နင့်ချာတိတ်လေးက သွက်လှချည်လားသွယ်။ မနေ့ကပဲ ပြန်တွေ့တယ်။ ဒီနေ့ ညနေ အဆောင်ပါလာထဲ ရောက်လာပြီ။ မြန်မြန်လုပ် နင်ပြီးတဲ့ အထိ စောင့်နေမယ် တဲ့"

စိတ်ရှုပ်ထွေးမှုကို ဘရိတ် မအုပ်နိုင်ခင် ကျွတ်ခနဲ အသံက အရင် ထွက်သွားနှင့်ပြီ။ ခက်လိုက်တာနော်။ ဒီလို ဇာတ်လမ်း ရှည်လာမှာ စိုးလို့ကို အဆောင် လိပ်စာမပေးခဲ့တာ။ သူမေးတုန်းက "ကိုယ်က အဆောင်မှာ အဆောင်ပိတ်ချိန်လောက်ပဲ ကပ်တာ" လို့ အပြီးသတ် ခဲ့သေးတယ်။ ကေသီကတောင်
"နင် တော်တော် ရက်စက်တဲ့ မိန်းမ" ဆိုပြီး ကြားထဲက နှမြောနေသေးတာ။

အင်းလေ ဘာပဲဖြစ်ဖြစ် ငယ်သံယောဇဉ်လေးတော့ ရှိပါသေးတယ်။ ပုသိမ်က သူငယ်ချင်းတွေ တက္ကသိုလ် ရောက်မှ ပြန်တွေ့ရတာ ရှားရှားပါးပါး သုံးယောက်လား ပဲရှိတာ ဆိုတော့ မပစ်ပယ် ကောင်းပါဘူးလေ။

"ခုပဲ ကျူရှင် သွားတော့ မလို့၊ ဘာလာလုပ်တာလဲ ဖိုးတူး"

အစ်မကြီး လေသံနဲ့ ခပ်ဖိဖိပဲ ကိုယ်ရှိန် သတ်ပေးလိုက်မိတယ်။ မောင် ပြောထားသလို အီစီကလီ လုပ်ချင်နေရင် ခုကတည်းက စည်းတားထားရမှ ဖြစ်မယ်လေ။

"အလည် လာတာလေ သွယ်။ ပြီးတော့ ဒီကောင်ကလည်း သွယ်နဲ့ ပြန်တွေ့တယ် ပြောပြတော့ တွေ့ချင်တယ် ဆိုလို့ ခေါ်လာတာ။ သွယ် မှတ်မိလား ကျော်သူစိုးလေ။ ကျွန်တော်တို့ တစ်တန်းတည်း အတူ ထိုင်ခဲ့ရတာလေ"

"သြော်... ဟုတ်လား"

လှိုက်လှိုက်လှဲလှဲ မရှိတဲ့ ကိုယ့်အမူအရာကြောင့် စိတ်အား ထက်သန်နေပုံရတဲ့ သူတို့ နှစ်ယောက် အိုးတိုးအမ်းတမ်းတော့ ဖြစ်သွားကြတယ်။ ကျော်သူစိုးက ငယ်ဘ၀တွေ တူးဖော် နေပေမယ့် ကိုယ့်နားထဲတော့ မကြားတစ်ချက် ကြားတစ်ချက်နဲ့။ အမှန်က ကျော်သူစိုး ဆိုတာ ငယ်ငယ်က အတန်းထဲမှာ ဆိုးလွန်း ကဲလွန်းလို့ ကိုယ် သိပ်မုန်းခဲ့တဲ့ ကောင်ပဲ။ အပေါင်းအသင်း မလုပ်ချင်ပါဘူး။ ဖိုးတူးကမှ ငယ်ငယ်ကတည်းက ခပ်အေးအေးနဲ့ လိမ္မာသေး။ ကြည့်ရတာလည်း ကိုယ့်အပေါ် ရိုးသားတဲ့ မျက်လုံးတွေနဲ့။

မြိတ်သူ ကေသီ့ရဲ့ ခပ်ဝဲ၀ဲလေသံကိုပဲ တစ်ချိန်လုံး စနောက်နေတာ။ ကေသီကလည်း ကလေးမျက်နှာလေး နဲ့ ချာတိတ် ဆိုပြီး ဖိုးတူး စနေတာကို သဘောတွေကျလို့။ အင်း ကြည့်ရတာ ဖိုးတူးက ကေသီ့ကို မျက်စိကျပြီး ကိုယ့်အဆောင်ကို လာလည်တယ်ထင်ပါရဲ့။ ကိုယ်ကလည်း ကိုယ့် ဆီလာသမျှ ကောင်လေးတိုင်း ကိုယ့်ကိုကြိုက်လို့ချည်း သံသယ ဖြစ်နေမိတာ။ ရှက်တောင်ရှက်ပါရဲ့။ အမှန်တော့ ကေသီက ကိုယ့်ထက်တောင် လှသေးတာ။ မိန်းမလည်း ဆန်ပြီး ပျော့ပျော့ပျောင်းပျောင်း ညင်းညင်းညံ့ညံ့ လေး။ ကိုယ့်လို ခပ်တည်တည် ခပ်ထန်ထန် ယောက်ျား ဆန်တဲ့ ပုံစံမျိုးကို ဘယ်လို ယောက်ျားက သဘောကျမှာတုံး။ အမလေး ရှက်စရာ ကောင်းလိုက်တာ။ ကိုယ့်အဖွဲ့ကို လာကပ်သမျှ ကောင်တိုင်းကို ကိုယ့်လာကြိုက်တယ် ထင်ပြီး ခါးခါးသီးသီး လုပ်လွှတ်နေရင် နောက်ကွယ်မှာ လူရယ်စရာ ဖြစ်ရချည့်။ မဖြစ်သေးပါဘူး။ အလိုက်အထိုက်တော့ နေပေးမှပါ။ ရည်းစား မရှိသေးတဲ့ ဟိုကောင်တွေလည်း စိတ်ကစားချင်မှာပေါ့။ ကျူရှင်သွားဖို့ ထွက်လာတဲ့ သူငယ်ချင်းတွေကိုပါ မိတ်ဆက် ပေးလိုက်ရတော့တယ်။

"ဒါ ကရင်မလေး နော်နဲ့ မွန်မလေး မှုံတဲ့။ သွယ်တို့ ဘော်ဒါ။ လေးယောက်တစ်ဖွဲ့ပေါ့"

"ဟား အချောအလှတွေချည်း ရွေးပေါင်းကြတာလား"

ကျော်သူစိုးရဲ့ အားရ ၀မ်းသာ သံကြီးကြောင့် ကိုယ် စိတ်ပျက်သွားမိတယ်။

"ကျွန်တော်လည်း သွယ်တို့ ကျူရှင်ဘက်ကို လမ်းကြုံတယ်။ လိုက်ခဲ့မယ်နော်"

မ၀ံ့မရဲ ပြောလိုက်တဲ့ ဖိုးတူးကို ဘယ်လိုငြင်းရမလဲလို့ အားယူနေတုံး

"လိုက်ခဲ့လေ ကိုလင်းအောင်။ သီတို့ အဖော်ရတာ ပေါ့"

ကေသီက သွက်သွက် လက်လက်ကလေး ၀င်ပြောလိုက်တော့ ကိုယ်လည်း ခပ်အမ်းအမ်းနဲ့ ခေါင်းညိတ် လိုက်ရတယ်။ နော်နဲ့ မှုံကလည်း မြူးထူး တက်ကြွနေ လိုက်တာ။ တကယ့်ကို အပူ အပင် ကင်းတဲ့ ဖရက်ရှာလေး တွေပါပဲ။ ငယ်ရွယ်ပေမယ့် တည်ငြိမ်နှင့်ပြီးသား အသည်းနှလုံး ပိုင်ရှင် ကိုယ့်မှာသာ အစတွေ ဆွဲဆန့်ကုန်ပြီလို့ သက်ပြင်း ရှိုက်မိတယ်။ မတတ်နိုင်ဘူး မောင် ရယ်။ လောကမှာ ကိုယ့်လိုလူ ချည်းပဲတော့ မဟုတ်ဘူးလေကွယ်။

"ပါလာဘီမှ မြတ်လေးသွယ်တို့ အဖွဲ့အတွက်ပါဗျို့"

သံပြိုင်အော်နေတဲ့ အဆောင်ရှေ့က အသံတွေကြောင့် ကိုယ့်ဦးခေါင်းက နှစ်ဆလောက် ပိုကြီးသွားရတယ်။ ထင်တဲ့အတိုင်းပါပဲ။ ဒီကောင်တွေ တစ်ထစ်ချင်း အဆင့်တက်လာပြီ။ ကိုယ့်ကိုရည်ရွယ်တာ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကိုယ့်နာမည်တော့ ခေါင်းစဉ် တပ်ပြီး မအော်သင့်ဘူး။ နေ့လယ်ကပဲ ဖိုးတူး အဆောင် ကိုအလာ စိပ်လွန်းလို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ မောင့် အကြောင်း စကား အတင်း စပ်ပြီး ပြောလိုက်မိသေးတယ်။ ဖိုးတူးက ဟန်မပျက်ပါဘူး။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးပဲ။ ကိုယ့်ကို မကြိုက်တာ သေချာပြီလို့ စိတ်ထဲကတောင် ကျိတ်ဝမ်းသာရသေးတယ်။ သူ ကေသီ့ကို ကြိုက်တာ ဆိုရင် အကောင်းဆုံးပဲလေ။ သီက လှတယ်။ မိန်းမ ဆန်တယ်။ စိတ်ရင်းလည်း ကောင်းတယ်။ ရည်းစားလည်း မရှိသေးဘူး။ သူ့ကိုလည်း စိတ်ဝင်စားနေတယ် ဆိုတော့ သူငယ်ချင်း အားလုံးကတောင် ကေသီနဲ့ ဖိုးတူးကို စနေကြပြီ။ တော်သေးတာက ဖိုးတူး ဆိုသမျှ သီချင်းတွေ အားလုံး အဆောင်သီချင်း၊ အချစ် သီချင်းတွေ ဖြစ်ပေမယ့် သူငယ်ချင်း သီချင်း တစ်ပုဒ်မှ မပါတာပဲ။ ဒီတော့မှ တင်းနေတဲ့ ကိုယ့်စိတ်တွေလည်း ပြေလျော့ သွားရတော့တယ်။ ကိုယ့်ကို ဦးတည်လာတာ မဟုတ်ရင် ကိုယ်ကလည်း ဘာမှ ခါးသီးစရာ မလိုဘူး မဟုတ်လား။ မောင့်ကို သစ္စာရှိချင်ဇောနဲ့ ကြိုတင် ကာကွယ်ဖို့ချည်း ဆန္ဒစောနေတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် ရယ်ချင်မိတယ်။ သူငယ်ချင်းတွေများ သိရင် အဖြစ်သည်း လှချည့်လို့ အမြင်ကတ် ခံရနိုင်တဲ့အဖြစ်လေ။
ကိုယ့်သံသယနဲ့ကိုယ် ဖိုးတူးကို အားနာနေမိတာကြောင့် နောက်နေ့ ကျောင်းမှာတွေ့တော့ "ညက သွယ်တို့ အဆောင်ရှေ့မှာ ကျွန်တော့် သူငယ်ချင်းတွေ နည်းနည်း သောင်းကျန်းတာ သွယ် စိတ်ဆိုးနေလား" လို့ စိုးရိမ်ဟန် အမေးကို ခေါင်းခါ ပြလိုက်မိတယ်။

"ဒါဆို ညတိုင်း ကျွန် တော်တို့ လာဆိုမယ်နော်"

"အင်း...၊ အဲ..."

ယောင်နန သံရှည်ဆွဲနေတဲ့ ကိုယ့်ကို မ၀ံ့မရဲကြည့်နေ တဲ့ ဖိုးတူးမျက်ဝန်းတွေက တကယ့်ကို သန့်စင်နေပါလား။ ဒီကိစ္စတွေက ဒီလို ခွင့်တောင်းစရာ ဘာလိုလို့လဲ။ ပြည်သူပိုင် လမ်းမပေါ်မှာ ဒီလိုပဲ ကောင်လေးအဖွဲ့တွေ အများကြီး ညညဆို ဂစ်တာတီး သီချင်းဆိုနေကြတာ အများကြီးပါပဲ။

"အမလေး အစ်မတော်ကို ခွင့်ပန်နေရှာတဲ့ မောင်တော်လေးပါလား။ သနားစရာ ကွယ်။ ဆိုချင် ဆိုပေါ့။ ဘာဖြစ်လဲ။ ဒါ သွယ်ပိုင်တဲ့လမ်းမှ မဟုတ်ဘဲ"

မှုံက ဒိုးဒိုးဒေါက်ဒေါက် ၀င်ပြောရင်း မျက်စောင်းချိတ်တော့ သီနဲ့ နော်က ၀ိုင်းရယ်ကြတယ်။ ကိုယ်တောင် ဟုတ်သားပဲလို့ လိုက်ရယ်မိတော့ ဖိုးတူးကလည်း အဟဲ ဆိုပြီး သွားဖြဲကလေးနဲ့။

"ဖိုးတူးတစ်ယောက်လည်း ပေါ်မလာပါလား သွယ်"

"စားမေးပွဲရော အောင်ရဲ့လား မသိဘူးနော်"

ကျောင်းဖွင့်ပြီး တစ်ပတ်ကျော်အထိ ပျောက်ချက်သား ကောင်းနေတော့ ကေသီ ကလည်း မျှော်ရှာပြီ။ နော်နဲ့မှုံ ကလည်း စိုးရိမ်ကြတယ်။ စာမေးပွဲ အောင်၊ မအောင် ကိုယ် မသိပေမယ့် ဒီကောင်ပေါ် မလာရဲတဲ့ အကြောင်းရင်းကိုတော့ ကိုယ်တစ်ယောက်တည်းပဲ သိတယ်လေ။ ကျောင်းပိတ်လို့ အသီးသီး အိမ်ပြန်ကြတော့ ကိုယ် ငြင်းတဲ့ကြားက ဘူတာရုံဆီ လိုက်ပို့ခဲ့တာ။ လမ်းမှာ ဖတ်ဖို့ ဆိုပြီးပေးတဲ့ မဂ္ဂဇင်းစာအုပ်ကြားမှာ စာတစ်စောင် ညှပ်ထားခဲ့တာ။ စာထဲမှာ ကိုယ့် အကြောင်းတွေ သိရက်နဲ့ ဒုတိယလူ ဖြစ်ခွင့်တောင်းခဲ့တာ။ ဒါတွေအားလုံး ကေသီ တို့ကို အသိပေး ပြောပြဖို့ တော်တော် အားယူနေရတယ်။
ကိုယ် ညိုမြ မလုပ်ဘူး။ ရေလာအောင်လည်း မြောင်း မပေးဘူး။ ငယ်သူငယ်ချင်း ဆိုပေမယ့် ဘယ်တစ်ခါမှ လိုက်လိုက်လျောလျော မရှိခဲ့ဘူး။ ကိုယ့်ဘက်က အနေမှန်တာ သေချာတယ်လို့ အပြန်ပြန် အလှန်လှန် သုံးသပ်ပြီးမှ သီ့ကို အားနာစိတ်တွေ လျော့ကျသွားပြီး စာကို ထုတ်ပြဖို့ အားမွေးလို့ ရသွားတယ်။

နောက်ပြီး နှစ်ပတ်ကျော်မှ ကျောင်းပြန်တက်တဲ့ နှစ်ကျ ကျောင်းသားလေး ဖိုးတူးကိုလည်း ပြတ်ပြတ်သားသား ငြင်းပစ်လိုက်တယ်။ ငယ်စာရင်းမဖျက်ဖို့ တောင်းပန်လွန်းတာနဲ့ အဆောင်ကို ခဏခဏ လာမလည်နဲ့လို့ စည်းကမ်း သံပတ်ကို တင်းပစ်ခဲ့သေးတာလေ။ ဒါပေမယ့် ဘယ်လို စိတ်ကူးနဲ့များ ဖိုးတူး ကိုယ့် အပေါ် ခင်တွယ် နေသေးတာလဲ စဉ်းစားမရဘူး။ မောင် ပြောသလို ချစ်သူဖြစ်ဖို့ အခွင့် အရေးမရနိုင်တာ သေချာတာတောင် အသွားအလာ မလျော့၊ အခင်အမင် မပျက်ချင်ဘူး။

ဒါဆို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မောင်နဲ့ကိုယ် ပြတ်စဲကြလေမလားလို့ မျှော်လင့် နေတာလား။ သနားကရုဏာ နဲ့ စိတ်လည်လာမလားလို့ ကိုယ့်ကို အထင်သေးလေသလား။ ငါးမရရင် ရေချိုးပြန်မယ်လို့ တစ်ယောက်ယောက်ကို ကြိုးစားချင်သေးလို့လား။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က သေချာအောင်တော့ ရှင်းထားချင်တယ်။ အဝေးမှာ နေရတဲ့ ချစ်သူလည်း သတင်းကြားပြီး သံသယ မပွားရအောင်၊ သူငယ်ချင်းလည်း နောက်ဆံမငင်ဘဲ သူ့လမ်းသူ လျှောက်နိုင်အောင် ကိုယ် တစ်ခုခု လုပ်မှဖြစ်တော့မယ် လို့ တွေးမိတယ်။

ဒါပေမယ့် ဒီလိုလုပ်မယ်လို့ အကွက်ကျကျ စီစဉ် ထားတာတော့ မဟုတ်ဘူးလို့ ကိုယ် သစ္စာဆိုဝံ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရုတ်တရက် ပေါ်လာတဲ့ အခြေအနေ တစ်ခုမှာ ကိုယ် ပြုမူလိုက်တဲ့ အတိုင်းအတာဟာ တစ်ဖက်သား ရင်ကို ဒီလောက် ထိခိုက် သွားစေမယ်လို့ ကိုယ် မထင်ခဲ့မိလို့ပါပဲ။

"နင် ရက်စက်လွန်းတယ် သွယ်။ ရှုံးနေပါတယ် ဆိုတဲ့ လူတစ်ယောက်ကို အနိုင်ရ သူရဲ့ရှေ့ကိုခေါ်ပြီး ဦးညွှတ် ခိုင်းတာ နင် ရက်စက်လွန်းအား ကြီးတယ်"

ကေသီ့ရဲ့ နာကြည်း စက်ဆုပ်သံက ကိုယ့်နှလုံးသားကို နာကျင်စေပေမယ့် နောင်တတော့ မရပါဘူး။

မောင် အလည်ရောက်လာတဲ့ တစ်နေ့ ကိုယ်ရယ်၊ မောင်ရယ်၊ ကေသီရယ် ကင်တင်းမှာ ထိုင်နေတုန်း ခပ်လှမ်းလှမ်းက ရပ်ကြည့်နေတဲ့ ဖိုးတူးကို သီကိုယ်တိုင်ပဲ လက်တို့ပြခဲ့တာပါ။ ခေါ်လိုက်ဟာ ဆိုတော့ သီပဲ လက်ယပ် ခေါ်ပေးခဲ့တာ။ စားပွဲမှာ ခပ်တွန့်တွန့်ဝင် ထိုင်တဲ့ ဖိုးတူးကို

"မောင် အဲဒါ ငယ်သူငယ်ချင်း ဖိုးတူးတဲ့။ ဖိုးတူး ဒါ တို့ချစ်သူ ရဲမောင်"

နှစ်ယောက်စလုံး ခေါင်းညိတ်ကြပေမယ့် နှစ်ယောက်စလုံး မပြုံးနိုင်ကြဘူး။ ရုတ်တရက်မို့ နှစ်ယောက်စလုံး ပျက်နေတဲ့ မျက်နှာတွေကို ပြင်ဆင်ချိန် မရကြဘဲ တစ်ဝိုင်းလုံး တိတ်ဆိတ်ပြီး တော်တော် အကျည်း တန်သွားခဲ့ရတယ်။ ကေသီပြောလည်း ပြောစရာပါ။ ကိုယ်တိုင်လည်း မထိန်းသိမ်း နိုင်တဲ့ အခြေအနေကို ကိုယ်က ဖန်တီးမိတာကိုး။ တိတ်ဆိတ်မှု ရှည်ကြာတဲ့ နောက်ဆုံးမှာတော့ ဖိုးတူးကပဲ "ကျွန်တော် ပြန်တော့မယ် သွယ်" ဆိုပြီး အရင် တပ်ဆုတ်ရှာပါတယ်။ ကေသီကလည်း အဆောင်ပြန်နှင့်မယ် ဆိုပြီး ထသွားတော့ တိတ်ဆိတ်နေတဲ့ စားပွဲဝိုင်းမှာ ကိုယ်နဲ့ မောင်လည်း တိတ်ဆိတ်စွာပဲ ကျန်နေခဲ့တယ်။
တိတ်ဆိတ်ခြင်းရဲ့ အသံဟာ မောင့်ရင်ထဲမှာ တိုက်ပွဲတစ်ခုလို ဆူညံနေမယ်လို့တော့ ကိုယ် မထင်ခဲ့မိဘူးလေ။

နောက်ဆုံးတော့ နာကြည်း ကြေကွဲမှုတွေနဲ့ အဝေးဆုံးကို လွင့်သွားခဲ့လို့ သူငယ်ချင်း တစ်ယောက် ဆုံးရှုံးခဲ့ရသလို တွေဝေ ၀န်တိုမှုတွေကြောင့် သံသယတွေ မောင့်ရင်ထဲမှာ ပေါက်ဖွား စေခဲ့တယ်။ ကိုယ်တိုင် ပျိုးပေးခဲ့မိပြီး ကိုယ်တိုင် မရိတ်သိမ်းနိုင်တဲ့ ကိုယ့်မှာတော့ ရိုင်းစိုင်းကြီးထွားလာတဲ့ သံသယတွေကြားမှာ လမ်းပျောက် ခဲ့ရတာပေါ့။

တကယ်ဆို စိုးရိမ်မှု မလွန်ကဲဘဲ ချစ်သူ မသိသင့်တာတွေကို သူ မမေးဘဲ ကြိုပြောပြတာမျိုးနဲ့ မသိစေခဲ့ရင်၊ ငယ်သူငယ်ချင်းကိုလည်း လိမ္မာပါးနပ်စွာ ရှေ့မတိုး နောက်မဆုတ် ငယ်စာရင်း မပျက်စေခဲ့ရင်၊ ကင်တင်းမှာ ချစ်သူနဲ့ အတူ ထိုင်နေခဲ့တဲ့ တစ်ညနေတုန်းက သူငယ်ချင်းကို မမြင်ချင်ယောင် ဆောင်တတ်ခဲ့ရင်၊ မပွင့်လင်းသင့်တဲ့ အခြေအနေ တစ်ခုကို မိန်းမ ဆန်စွာ လျှို့ဝှက် သိုသိပ်တတ်ခဲ့ရင် အခြေ အနေဟာ တစ်မျိုးတစ်ဖုံ ဖြစ်ခဲ့နိုင်ပါတယ်။
ဒါပေမယ့် ကိုယ် နောင်တမရပါဘူး။ ကိုယ့် လိပ်ပြာ ကိုယ်လုံတယ်။

ဘယ်ဆီ ရောက်နေမှန်း မသိတဲ့ ငယ်သူငယ်ချင်းကိုရော၊ သူ့မိသားစုနဲ့သူ အသားကျ နေပြီ ဖြစ်တဲ့ ချစ်သူဟောင်းကိုရော ခုချိန်မှာ လွတ်လွတ်လပ်လပ် တွေးခွင့် ရှိတဲ့ ကိုယ်ဟာ နှမြော တသခြင်းကင်းစွာ သတိရ နေနိုင်တာကတော့ ကိုယ်က ဘ၀ကို အလျားလိုက် ကူးဖြတ် နေရတဲ့ တစ်ကိုယ်တော် ခရီးသွား တစ်ယောက်မို့ပေါ့။


ဝေ၊စီးပွားရေးတက္ကသိုလ်၊

နေလောင်ပန်းတစ်ပွင့်ရှိုက်သံ

“ဒီနေ့ သမီးတို့ ကျောင်းမှာ ဆုပေးပွဲရှိတယ်။ သမီးလည်း ဆုယူရမှာ၊ မေမေ လိုက်ခဲ့ပါနော်”

ခရီး ရောက်မဆိုက် ပြောလိုက်မိတဲ့ စကားကြောင့် မေမေက စိတ်ရှုပ် သွားသလို “ကျွတ်”ခနဲ တစ်ချက် အသံ ထွက်လာတယ်။ စလင်းဘက်ကို စားပွဲပေါ် ပစ်တင် လိုက်သံကလည်း လိုတာထက် ပိုကျယ်နေသလိုလို။ ဘာဖြစ်လို့လဲ မေမေရယ်။ မလိုက်ချင်ဘူးလား။ သမီးကို မေမေ အချိန် မပေးနိုင်ဘူးလား။ ဆုယူရမယ့် နေ့ကို အတန်းထဲမှာ ဆရာမက ကြေညာတော့ အိမ်မှာ မေမေ မရှိတာမို့ သမီး ၀မ်းနည်းသွားခဲ့ရတာ။ မိဘတွေ အစုံအလင်နဲ့ ပျော်တပြုံးပြုံး ဆုလာယူကြမယ့် သူငယ်ချင်းတွေ ကြားမှာ သမီး မျက်နှာ ငယ်ရမှာ စိုးလို့ပါ။ ခု အချိန်မီ မေမေ ပြန်ရောက်လာတော့ သမီး ၀မ်းသာအားရ ပူဆာမိတာ၊ မေမေ စိတ်ညစ် သွားပြီလား။

“မေမေ ပင်ပန်းလာတယ် သမီးရယ်။ မလိုက်ချင်တော့ဘူး။ ဘွားဘွားကိုပဲ ခေါ်သွားလိုက် တော့နော်”

မေမေ ဘယ်တွေသွားပြီး ဘာတွေ လုပ်လာလို့ ပင်ပန်းတာလဲ မေမေရယ်။ သမီးထက် အရေးကြီးတဲ့ ကိစ္စတွေ မေမေ့မှာ ရှိနေပြီလား။ ထွေးငယ် ပါးစပ်က မမေးရဲပေမယ့် ရင်ထဲမှာ မေးခွန်းတွေ ပလုံ စီနေပြီ။ ရပါတယ်လေ။ ဆုပေးပွဲတိုင်း ဘွားဘွားနဲ့ပဲ သွားခဲ့ရတာ၊ ထွေးငယ်အတွက် ရိုးသွားပါပြီ။ ဘွားဘွားက မေမေ့ကို စိတ်ဆိုးပြီး စကား မပြောတာ ကြာပြီ ဆိုပေမယ့် ထွေးငယ်ကိုတော့ သနားလို့တဲ့၊ ဆုပေးပွဲတိုင်း အ၀တ်အစား အသစ်တွေနဲ့ လက်ဝတ် လက်စားတွေ ထုတ်ဆင်ပြီး ပြည့်ပြည့်စုံစုံ စီစဉ် ပေးရှာပါတယ်။ ဒါပေမယ့် သမီး ရင်ထဲက ဟာနေတဲ့ ကွက်လပ်တွေက ဘွားဘွားဖြည့်လို့ မပြည့်နိုင်တာ မေမေမှ မသိဘဲနော်။ ဟိုး လွန်ခဲ့တဲ့ နှစ်တွေက ထွေးငယ် ကျောင်းစ တက်တော့ ဖေဖေနဲ့ မေမေ အတူ ကျောင်းလိုက်ပို့ကြတာ မှတ်မိသေးတယ်။ အတွေ့အကြုံ သစ်မို့ သမီးက အေး စက်နေတဲ့ လက်ဖျားလေး တွေနဲ့ ဖေဖေ့လက်ကို တစ်ဖက်၊ မေမေ့လက်ကို တစ်ဖက် ဆုပ်ကိုင်ထားတော့ ဖေဖေရော၊ မေမေရော သမီး လက်ကလေးတွေကို တင်း တင်းဆုပ်ထားပြီး...

“ကြောက်စရာ မဟုတ်ဘူး သမီး။ သူငယ်ချင်းတွေ အများကြီး တွေ့ရတော့မှာ၊ ပျော်စရာကြီး”
တဲ့။ ဖေဖေက အားပေးသလို ပြောတော့ မေမေကလည်း ပြုံးပြီး ခေါင်းညိတ် ပြတယ်။

ကျောင်းခန်းထဲ အ၀င်မှာ ဆုပ်ကိုင် ထားခဲ့တဲ့ ဖေဖေနဲ့ မေမေ့ရဲ့ လက်တွေကို လွှတ်လိုက်ရတဲ့ အချိန်၊ ထွေး ငယ်ရင်ထဲက အားငယ် လစ်ဟာသွားတဲ့ ၀မ်းနည်းစိတ်ဟာ တဒင်္ဂရယ်ပါ။ ကျောင်းစာတွေ သင်အံရင်း၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားရင်း နေသား ကျသွားတဲ့ အချိန်မှာ မေ့ပျောက် သွားခဲ့တယ်။ ဒါပေမယ့် ထွေးငယ် ဆုပ်ကိုင် ထားခဲ့တဲ့ ဖေဖေနဲ့ မေမေ့ရဲ့ လက်တွေဟာ တစ်ဘ၀စာ ဖမ်းမမိနိုင်အောင် ဝေးကွာ သွားရပြီ ဆိုကတည်းက ဘယ်တော့မှ မမေ့ ပျောက်နိုင်မယ့် နှလုံးသားက ဒဏ်ရာကတော့ တစ်သက်လုံး အတွက် နာကြည်းစရာပါ။

ဖေဖေနဲ့ မေမေ အရင်လို ပြန်မချစ်နိုင် ကြတော့တာ ဘာကြောင့်လဲ။ သမီး နောက်ကွယ်မှာ တိုးတိုးတိတ်တိတ် ရန်ဖြစ် နေကြပေမယ့် သမီး ရှေ့ကျ ဟန်ဆောင် အပြုံးတွေ မျက်နှာမှာ ချိတ်ဆွဲ ထားကြတာ အချိန်အတိုင်း အတာ တစ်ခု အထိပဲ ခံခဲ့ပါတယ်။ တိုးတိုးတိတ်တိတ် ရန်ဖြစ်သံဟာ တဖြည်းဖြည်း ကျယ်လာ တယ်။ ဟန်ဆောင် အပြုံးတွေဟာ တစ်လွှာချင်း ကွာကျလာတယ်။ ဒီ့ထက်ဆိုးပြီး အော်ဟစ် ပေါက်ကွဲ လာကြပေမယ့် သမီးက ငယ်သေး တော့ ရေရေရာရာ နားမလည် ခဲ့ပါဘူး။ သမီး မသိအောင် အချိန် တော်တော်ကြာကြာ ဖုံးကွယ် ထားကြတဲ့ မြုံနေတဲ့ ပြဿနာရဲ့ စနက်တံကို မီးရှို့ခဲ့တဲ့ သူက မေမေတဲ့လေ။ ဘွားဘွားကလည်း မေမေ့ကို “မိုက်လိုက်တဲ့ ကောင်မ၊ တံလျှပ်ကို ရေထင်တဲ့ မိန်းမ” တဲ့။ ဖေဖေကလည်း ပါးကြောကြီး ထောင်ပြီး မျက်ထောက်နီ ကြီးနဲ့။ ဘဘလေး က “လာ သမီးလေး၊ ကာတွန်းကား အသစ် သွားကြည့်ကြမယ်” တဲ့။

“ဟင့်အင်း၊ မကြည့်ချင်ဘူး။ ဖေဖေနဲ့ မေမေ ဘာဖြစ် နေကြတာလဲ”

ထွေးငယ် ကိုယ်လုံး သေးသေးလေးက ဘဘလေး ပွေ့ချီမှု အောက်မှာ ယက်ကန် ယက်ကန်နဲ့ ပါသွားသလို ထွေးငယ် မေးခွန်းတွေ၊ အခြေအနေ ရှုပ်ထွေးမှုကြား မှာ နစ်မြုပ် ပျောက်ကွယ် သွားရပြီ။ ဘဘလေးက တီဗွီသံကို အကျယ်ကြီး ဖွင့်ထားပေမယ့် အောက်ထပ်က ဖေဖေ၊ မေမေနဲ့ ဘွားဘွားတို့ အသံတွေက တစ်ချက်၊ တစ်ချက် စူးခနဲ ဖောက်ထွက်လာတယ်။

“ဖြန်း”ခနဲ ရိုက်သံနဲ့ မရှေးမနှောင်းမှာ မေမေရဲ့ အသံ
“မိထွေးဆိုတော့ သမီး ဘက်က မပါဘဲ သူစိမ်းဘက် ကပေါ့လေ”
တဲ့။ ဗလုံးဗထွေး ငိုသံကြီးနဲ့။ အရမ်း စိတ်ပူသွားတဲ့ ထွေးငယ်၊ ၀ရန်တာကို ပြေးထွက်ကြည့်တော့ ဖေဖေက လေးပင်တဲ့ ခြေလှမ်းတွေနဲ့ ကျောခိုင်း လျှောက်ထွက်သွားပြီ။

“ဖေဖေ”

သမီး အော်ခေါ်သံကြောင့် လှည့်ကြည့်လိုက်တဲ့ ဖေဖေ့ မျက်နှာပေါ်မှာ မျက်ရည်တွေနဲ့။ ကြောက်စရာ နီရဲ အိုမင်း နေလိုက်တာ။ မသွားပါနဲ့ ဖေဖေ။ သမီးဆီကနေ ဘယ်မှ မသွားပါနဲ့။ သမီး ဖေဖေနဲ့ မေမေ့ကို ချစ်တယ်။ သမီး ရင်ထဲက အော်ဟစ်နေတဲ့ စကားလုံးတွေ အပြင်ကို
ရောက်မလာခင်မှာဘဲ ဖေဖေက လေးတိလေးကန် လှည့်ပြီး ဆက်လျှောက်သွားတော့ သမီးလည်း ဆို့နင့် တင်းကျပ်ပြီး မှောင်အတိ ကျသွားတော့တယ်။
အဲဒါ ထွေးငယ် အသည်း ကွဲခဲ့ရတဲ့ တတိယတန်း တက်နေတဲ့ နှစ်ပေါ့။

ဖေဖေ၊ မေမေနဲ့ အတူ ဆုပေးပွဲ တက်ခဲ့ရတဲ့ အကြိမ်ဟာ ထွေးငယ် ဘ၀မှာ နှစ်ကြိမ်ပဲ ရှိခဲ့တယ်။ သမီးက စာမတော်ခဲ့ရင်လည်း အကောင်းသားနော်။ ဆုပေးပွဲ ဆိုတာ မိဘတွေက ပီတိအပြုံး ကိုယ်စီနဲ့ ကျေနပ်ဂုဏ်ယူပြီး တက်ချင် ကြတာပါ။ သူငယ်တန်းနဲ့ ပထမတန်း ဆုတွေကို မိဘစုံညီနဲ့ အပူအပင် ကင်းကင်း တက်ယူခွင့် ပေးခဲ့တဲ့ အတွက် ဖေဖေနဲ့ မေမေကို ကျေးဇူး တင်ပါတယ်။ နောက်နှစ်တွေလည်း ဆက်တိုက် ဆုတွေရတဲ့ သမီးနောက်ကို ဘွားဘွားက လိုက်ပေးပေမယ့် ပြည့်စုံမှုကို ခံစားရဖူးတဲ့ သမီးက မပြည့်စုံမှုကိုလည်း ခံစား တတ်ခဲ့တယ်။ ဖေဖေနဲ့ မေမေ့ရဲ့ လက်တစ်ဖက် တစ်ချက်ကို ကိုင်ဆွဲရတဲ့ ပြည့်စုံမှုကို ပြန်တမ်းတ မိခဲ့တယ်။

ဒီလက်နှစ်ဖက်ရဲ့ ဝေးကွာမှုဟာ သမီးနှလုံးသား အတွက် အေးစက်မှုနဲ့ တိုက်ရိုက် အချိုးကျပါတယ် မေမေရယ်။
“ဒီခေတ်ကြီးထဲမှာ ကဗျာလေး ချောက်ချီးချောက်ချက် ရေးပြီး ဘယ်လိုလုပ် ကြီးပွားမလဲ ကိုမင်းမောင်။ မိဘ လက်ငုတ်လက်ရင်း အရောင်းအ၀ယ် ကျတော့ ဘူဇွာ မဖြစ်ပါရစေနဲ့တဲ့။ ယောက္ခမပိုင် ဆီစက် ကျတော့လည်း မန်နေဂျာ အလုပ် တောင်နိုင်နင်းအောင် မလုပ်တတ်လို့ သူများကို ငှားထား ရတယ်။ ရှင်ဒီလို အသုံး မကျပုံ၊ အပုံနဲ့ ကျွန်မတို့ သားအမိ လူမွေးလူတောင် ဘယ်တော့မှ ပြောင်မှာလဲ”

မေမေ ဘာပြောပြော ခွန်းတုံ့ မပြန်ဘဲ ဆေးပေါ့လိပ်ပဲ တွင်တွင် ထိုင်ဖွာ နေတတ်တာ ဖေဖေ့ အကျင့်ပါ။
“ရှင်နေရာ မယူတတ်လို့ ဘေးလူလက်ထဲ လုပ်ပိုင်ခွင့်တွေ ရောက်ကုန်ရတာ။ အမှန်က ဒီဆီစက်က ကျွန်မ အဖေ ပိုင်တဲ့ လုပ်ငန်း။ အခု ဖေဖေ မရှိရင် ဦးစီး ဦးဆောင်ဟာ သူ့ သမက်နဲ့ သူ့သမီးပဲ ဖြစ်ရမှာ။ ဘာဆိုင်လဲ။ ခုတော့ မိထွေး ရဲ့မောင်က မန်နေဂျာ ဖြစ်နေတာ”

မေမေ ဘယ်လောက် ပေါက်ကွဲပေမယ့် ဖေဖေက ခေါင်းကြီးငုံ့ပြီး သက်ပြင်း ရှိုက်နေတုန်းပဲ။ ထွေးငယ် နားမလည်တာတွေ မေးလိုက်ချင်ပေမယ့် ဘယ်သူ့ကို မေးရ မလဲ။ ခေါင်းငိုက်စိုက်နဲ့ စိတ်ထိခိုက်နေတဲ့ ဖေဖေ့ကိုလည်း သနားလွန်းလို့ သမီး ရူးတော့မယ်။ အော်ဟစ် ပေါက်ကွဲနေတဲ့ မေမေကလည်း ကြောက်ဖို့ ကောင်းလိုက်တာ။

ဘွားဘွားက မေမေ့ မိထွေး ဆိုပေမယ့် အဒေါ် အရင်းဆို။ ဘွားဘွားကြီး ဆုံးပြီးမှ ယူကြတာဆို။ ဒီတော့ မန်နေဂျာ လုပ်နေတဲ့ ဘဘ လေးက မေမေ့ဦးလေး အရင်း ပဲပေါ့။ သူစိမ်း ဘယ်ဟုတ်မလဲ။ ဘဘလေးရဲ့ မိန်းမ ဘွားလေးကြည်က ပြောတယ်။ မေမေက သိပ်ဆိုးတာတဲ့။ ဘိုးဘိုးကြီးက ဘွားဘွားကို ယူရ ကောင်းလားလို့ အားလုံးကို ရန်လုပ် နေတာတဲ့။ ဘွားဘွားက သားသမီး ထပ်မယူဘဲ မေမေ့ကို သိပ်ချစ်ခဲ့တာတဲ့။ ဖေဖေနဲ့ မရခင်ကလည်း ရည်းစားတွေ အများကြီး ထားသတဲ့။ လူကြီးတွေကို အမြဲ ရွဲ့စောင်းပြီး ခွတိုက်နေတာတဲ့။ အမျိုးမျိုး ဒုက္ခ ပေးနေတဲ့ မိန်းမဆိုး တဲ့။

ဖေဖေနဲ့ ရခါစက လိမ္မာ သွားသလိုလိုနဲ့ သမီး မွေးပြီး တော်တော်ကြာတဲ့ အထိ အကောင်းတဲ့။ နောက် ပိုင်းကျမှ မေမေ့ ရည်းစားဟောင်း သင်္ဘောသားက နိုင်ငံခြားက ပြန်ရောက်လာ ပြီး ကားတ၀ီဝီနဲ့ ကြီးပွားနေ တာမြင်ရမှ ဗွေပြန် ဖောက်လာတာတဲ့။ ဖေဖေ့ကို အပြစ် အမျိုးမျိုး ရှာတာတဲ့။ ဟိုလူကြီးကလည်း မယားကြီး ရှိရက်နဲ့ မေမေ့ဆီ ခဏခဏ အလည်လာပြီး လက်ဆောင်တွေ ပေးသတဲ့။သူများ သုံးနိုင် ဖြုန်းနိုင်သလို မသုံးဖြုန်းနိုင်လို့ မေမေက ဖေဖေ့ကို စိတ်ဆိုး နေတာတဲ့။ ဘွားဘွားကို
“ဘွားလေးကြည် ပြောတာတွေ ဟုတ်လား” လို့မေးတော့ ဘွားဘွားက
“ကလေးကို ဘာတွေ လျှောက်ပြော နေတာလဲ မကြည်ရယ်” တဲ့။ ဒါပေမယ့် မေမေ က သမီးကိုတော့ သိပ်ချစ်ပါတယ်။ သမီး သိတာပေါ့။ သမီး ဘာလိုချင်လဲ၊ သမီး ဘာစားချင်လဲ။ ဘယ်တော့မဆို မပူဆာရခင် မေမေက ဖြည့်ဆည်းခဲ့တာချည်းပဲ။ လွယ်အိတ်၊ ဖိနပ်၊ အ၀တ် အစား၊ အရုပ် အားလုံး နောက်ဆုံးပေါ် အကုန် သမီးပူဆာ စရာမလိုဘဲ ၀ယ်ပေးတာ ချည်းပဲ။

အတန်းထဲက သူငယ်ချင်းတွေ ကြားမှာ စုထွေးငယ်က ကွန်ပါဘူး အဆန်းလေးတွေ၊ အ၀တ်အစား အမိုက်စားလေးတွေနဲ့ မုန့်အကောင်း စားတွေ စားနိုင်လို့ မျက်နှာ ပွင့်လန်းသူပေါ့။ ကျောင်း အလှူငွေနဲ့ ကျောင်းကိစ္စတိုင်းမှာ လက်မနှေးသူမို့လည်း ဆရာ၊ ဆရာမတွေက မျက်နှာသာ ပေးခံရသူပေါ့။

ဒါပေမယ့် ဒီပြည့်စုံမှု တွေကို ဖြည့်ဆည်းနိုင်ဖို့ ဘယ်လို လိုအပ်ချက်တွေ ရှိတယ်ဆိုတာ သမီးက မသိ ခဲ့ဘူးလေ။ မေမေ လိုချင်တဲ့ ပြည့်စုံမှုတွေကို မဖြည့်ဆည်း နိုင်တဲ့ ဖေဖေ့ရဲ့ လိုအပ်ချက်တွေကို သမီးကတော့ နားမလည်ခဲ့ပါဘူး။ မေမေ လိုချင်တဲ့ ပြည့်စုံမှုတွေနဲ့ ဖေဖေ့ရဲ့ မဖြည့်ဆည်း နိုင်မှုတွေ ကြားမှာ စုထွေးငယ်ရဲ့ နှလုံး သားလေး ဓားစာခံ ဖြစ်ပြီး လိုအပ်ချက်များစွာ အောက်မှာ စတေး ခံလိုက်ရတယ်။ သမီး လိုချင်တာ ဖေဖေနဲ့ မေမေ့ရဲ့ လက်တစ်ဖက်စီကို သမီး လက်ကလေးနဲ့ တစ်ဖက် တစ်ချက်စီ ပြိုင်တူ ဆုပ်ကိုင် နိုင်ခွင့်ပါ မေမေရယ်။ ကျန်တာ ဘာမှ မလိုချင်ပါဘူး။

အချိန် ကြာလာတာနဲ့ အမျှ ရင့်ကျက် လာတတ်တဲ့ အရာတွေထဲမှာ သမီး နှလုံးသားထဲက ဒဏ်ရာတော့ မပါဘူး မေမေ။ အဝေး ရောက်သွားတဲ့ ဖေဖေ့ကို လွမ်းစိတ်နဲ့၊ အတူတူ နေရပေမယ့် ဝေးကွာ နေရတဲ့ မေမေ့ကိုတမ်းတ စိတ်ဟာ မကျက်တဲ့ ဒဏ်ရာဟောင်းကို ထိုးဆွကြတဲ့ အပ်ကလေးတွေလိုပဲ။ အချိန် ကြာတာနဲ့အမျှ ပိုပြီးနက်ရှိုင်း နာကျင်လာတယ်။

မေမေကလည်း သမီး နားက ခဏခဏ ပျောက်သွားတတ်တယ်။ ခရီးတွေ ထွက်နေရတာတဲ့။
“ဘာတွေ လုပ်နေတာ လဲ မေမေရယ်”
လို့ သမီးကမေးတော့
“အရောင်းအ၀ယ်ပေါ့။ မေမေ့ သမီးလေး လိုချင်တာ မှန်သမျှ ၀ယ်ပေးနိုင်အောင် မေမေ ငွေရှာနေတာပေါ့ သမီးရယ်”

“ဟင့်အင်း ငွေမလိုချင်ဘူး။ သမီး ဖေဖေ့ကိုပဲ ပြန်လိုချင်တယ်”

“တော်စမ်း သမီး။ ငါ့ သမီး ငယ်သေးတယ်။ ယောက်ျား တစ်ယောက်ရဲ့ ညံ့ဖျင်းမှုကို ဘယ်အတိုင်းအတာ အထိ မိန်းမ တစ်ယောက်က သည်းခံနိုင်မယ် ဆိုတာ သမီး နားမလည်နိုင်သေးဘူး”

ပြတ်ရှတဲ့ မေမေ့ စကားလုံးတွေက ထွေးငယ်ရဲ့ မ၀ံ့မရဲ မျှော်လင့်ချက် အိပ်မက်လေးကို အပိုင်းပိုင်း မွှဖြတ်လိုက်တဲ့ ဓားတစ်လက်လိုပဲ။ သမီး တကယ် နားမလည်ပါဘူး မေမေရယ်။ သမီးကို သိပ်ချစ်တဲ့ မေမေဟာ သမီး ဘာကို တကယ် လိုအပ်တယ် ဆိုတာ မသိတာကိုရော။ မေမေ ဘာတွေ လုပ်နေတယ် ဆိုတာကိုရော။ သူငယ်ချင်းတွေက ပြောတယ် မေမေ။

“နင်ပြောတော့ နင့် မေမေက ခရီး သွားတယ်ဆို။ ဟိုတစ်နေ့က ကျူရှင်သွားရင်း မြို့ထဲက ဟိုတယ် တစ်ခုရှေ့မှာ လူကြီး တစ်ယောက်နဲ့ ရပ်စကား ပြောနေတာ တွေ့ခဲ့တယ်” တဲ့။ အလယ်တန်း ကျောင်းသူ ဖြစ်လာတဲ့ ထွေးငယ်ကို မေမေက ဘယ်ကိုမှ ထွက်ပြီး ကျူရှင် မတက်ရအောင် အိမ်မှာပဲ လိုလေသေး မရှိ စီစဉ်ပေးထားတယ်လေ။ ဒီတော့ အိမ်နဲ့ နှစ်လမ်းဖြတ် လောက်ဝေးတဲ့ ကျောင်းကိုပဲ သွားရတဲ့ သမီးမှာ ပတ်ဝန်းကျင် လေ့လာမှုက သူငယ်ချင်းတွေလောက် မရှိတာ အမှန်ပါ။ သူငယ်ချင်းရဲ့ အပြောကို ရုတ်တရက် နားမလည်နိုင်လို့ ပြန်ထပ် မေးမိတာကလည်း သမီးရဲ့ အမှား ပါပဲလေ။
“နင်ပြောတာ ငါ နားမလည်ဘူး”

“သြော် နင်ကလည်း ဟာ၊ နင့်အမေက နင့်ကို ခရီး ထွက်မယ်လို့ ညာပြောပြီး ဟိုတယ် တစ်ခုမှာ တခြား တစ်ယောက်နဲ့”

“ဘာ ဘာ ဘာပြောတယ်”

သူငယ်ချင်းရဲ့ စကား တစ်ဝက် တစ်ပျက်မှာ ထွေးငယ် မတွေးရဲတဲ့ အဓိပ္ပာယ် တစ်ခုကို ဖျတ်ခနဲ လှပ်ပြ လိုက်သလို၊ လန့်အော်မိတဲ့ ထွေးငယ်ကို သူငယ်ချင်းက လည်း လန့်သွားတယ်။ ဒီ့ထက် လန့်ဖို့ ကောင်းတာက ကျောင်းတက်နေတဲ့ အချိန်မှာ စာသင်ခန်းကနေ အိမ်ကို ဘယ်လိုပြန်ရောက် လာမှန်း မသိတာပါပဲ။ ထွေးငယ် သတိရတော့ ဘွားလေးကြည်က တစ်ကိုယ်လုံး မျက်ရည်တွေ၊ ချွေးတွေနဲ့ အေးစက် တုန်ယင်နေတဲ့ သမီးကို ပွေ့ဖက်ထားပြီး
“သနားစရာကောင်း လိုက်တဲ့ ကလေးရယ်” လို့ ရေရွတ် နေတာပါပဲ။

တိုင်တည်စရာ ဘွားဘွားကလည်း တရားစခန်း ၀င်နေတယ်တဲ့။ ခုတစ်လော ဘွားဘွားနဲ့ မေမေ ခဏခဏ ကြိတ်ပြီး ရန်ဖြစ် အော်ဟစ် နေကြတာလည်း မေမေ့ လုပ်ရပ်တွေကို ဘွားဘွားက တားမရလို့ များလား။ ဘွားဘွားလည်း မေမေဆိုးလွန်းလို့ စိတ်ညစ်ပြီး လတိုင်း တရား စခန်းမှာပဲ အနေများတာလို့ ဘွားလေးကြည်က ပြောတယ်။ သမီးက ငယ်သေးပေမယ့် အကောင်းအဆိုးတော့ ခွဲခြားတတ်ပါပြီ။ ဘာဆိုတာ တိတိကျကျ မသိပေမယ့် မကောင်းဘူးဆိုတာ တော့ သမီးသိတယ်။

မေမေနဲ့ သမီးမှာ သမီးက သမီးဆိုတော့ သူငယ်ချင်း ပြောပြတဲ့ ဟိုတယ်ကြီး ဆီလိုက်သွားပြီး မေမေ့ကို တွေ့အောင်ရှာ၊ တွေ့ရင် အတင်းဖက်တွယ် ဆွဲငင်ပြီး ပြန်ခေါ်လာလို့လည်း မရဘူး ပေါ့နော်။ သမီး ဘာလုပ်ရ မလဲ မေမေ၊ သမီး ဘာလုပ် ရမလဲ။ သူငယ်ချင်း ပြောတာကရော အမှန် ဖြစ်နိုင်ပါ့ မလား။ လူမှားတာရော မဖြစ်နိုင်ဘူးလား။ မေမေက သမီးကို သိပ်ချစ်တာ၊ အကြွင်းမဲ့ ယုံကြည်နေတုန်းပဲ မေမေရယ်။

ခေတ်ပေါ်အသုံး အဆောင်တွေ အကုန်လုံး တခြား သူငယ်ချင်းတွေထက် နောက်မကျဘဲ သမီးကို ၀ယ်ပေးတာ၊ ကျောင်းကိစ္စတွေ အားလုံး မငြိုမငြင် လိုသမျှ ငွေထုတ်ပေးတာ၊ ဘာသာရပ် အစုံ အိမ်မှာ လိုလေသေး မရှိ ခေါ်သင် စေခဲ့တာ၊ သမီး လိုချင်တာ မှန်သမျှ ဖေဖေက လွဲပြီး အားလုံး ပြည့်စုံအောင် ဖြည့်ဆည်း ပေးနိုင်ခဲ့တာ။ ဒါပေမယ့် မေမေရယ်။ သမီး လိုချင်တယ်ဆိုတဲ့ ဖေဖေဟာ နောက်ထပ် အဖေသစ် တစ်ယောက်တော့ မဟုတ်ဘူး ဆိုတာ မေမေ့ကို သိအောင် အမြန် ပြောပြချင် လိုက်တာ။

ညက အိပ်မက်ထဲမှာ ထွေးငယ် ဖေဖေနဲ့ တွေ့ရတယ်။ ဖေဖေ ရှိနေတဲ့ တောင်တန်း ပြာပြာတွေ နောက်ခံ ထားတဲ့ စိမ်းညို့ညို့ စိုက်ခင်း တွေကြားကို မေမေနဲ့သမီး အတူ သွားကြတာတဲ့။ ဖေဖေနဲ့ မေမေက ရုပ်ရှင်ကား တွေထဲက မင်းသားနဲ့ မင်းသမီးလို ၀မ်းသာအားရ ပြေးဖက်ကြတော့ သမီးက လက်ခုပ် လက်ဝါးတီးပြီး အော်ဟစ် ပျော်ရွှင် နေတာပေါ့။ သမီး ညာလက်ကလေးက ဖေဖေ့ ဘယ်ဘက် လက်ဖ၀ါးကြမ်း ကြီးကို ဆုပ်လို့။ သမီး ဘယ်ဘက်လက်က မေမေ့ ညာ ဘက်လက်နုနုလေးကို ဆုပ်လို့။

“ဟင် ဖေဖေ့လက်ကြီး ကလည်း ကြမ်းလိုက်တာ” လို့ သမီးက ပြောမိတယ်။

“ဟုတ်တယ်လေ။ သမီး မေမေက ကဗျာရေးတဲ့ လက်ကို မကြိုက်တော့ ပိုက်ဆံရမယ့် အပင်တွေ စိုက်ပြီး ဖေဖေ့လက်တွေ ကြမ်းလာတာပေါ့”

“ဖေဖေက ဘာအပင် တွေ စိုက်တာလဲ”

“ပဒေသာပင်”

“ဟင် ဘာ ပင်”

“လိုချင်တာ အကုန်ရတဲ့ ပဒေသာပင်”

ဖေဖေ့ အပြောကို သမီးနဲ့ မေမေက အံ့သြနေတုန်းမှာပဲ နွေးနေတဲ့ သမီး လက်ကလေး တွေဟာ အိပ်မက်ထဲမှာ ကျန်ခဲ့ပြီမှန်း သိလိုက်ရတယ်။ ဖေဖေနဲ့ မေမေက ဘယ်ရောက်သွားပြီလဲ။ အေးစက်နေတဲ့ သမီး လက်နှစ်ဖက်နားမှာ ဖေဖေရော၊ မေမေရော မရှိကြပါဘူး။ အိပ်ရာထဲမှာ သမီးက တစ်ယောက်တည်းရယ်။ ညက အိပ်ရာ မ၀င်ခင် ရေးနေခဲ့တဲ့ စာစီစာကုံးလေးက စာကြည့် စားပွဲပေါ်မှာ ဖွင့်လျက် သားလေး။

ဒီတစ်ခါ စာစီစာကုံး ပြိုင်ပွဲမှာလည်း သမီး ဆုရဦးမယ် ထင်ပါတယ် မေမေရယ်။ အတန်းထဲက စာမေးပွဲတိုင်း၊ ကျောင်းက စာစီစာကုံး ပြိုင်ပွဲတိုင်း သမီးက ဆုရ နေကျလေ။ ဒီတစ်ခါ ဆုရရင် ရော၊ ဆုပေးပွဲမှာ မေမေလိုက် နိုင်ပါ့မလား။ အိပ်မက်ထဲကလို ဖေဖေပါ အနားမှာ ရှိနေရင် ဘယ်လောက် ကောင်းလိုက်မလဲ။ သမီးရဲ့ ငယ်အိပ်မက်လေး ကို တစ်ခါပြန် မက်ခွင့် ပေးပါဦးလား မေမေရယ်။ သမီး ရေးထားတဲ့ စာစီ စာကုံးလေးကိုလည်း ဖတ်ကြည့်ပါဦး။ ပြိုင်ပွဲမှာ သေချာပေါက် ဆုရမယ့် စာစီ စာကုံးလေးပါ။ ခေါင်းစဉ်လေးက “မေမေ့ဆီက အလိုချင်ဆုံး လက်ဆောင်”တဲ့ မေမေ။



ဝေ
၊စီးပွားရေးတက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)

နှလုံးသားပေါ် သွေးတဲ့ဓား


သူ ဒီဓားကို မြည့်နေအောင် သွေးထားခဲ့တာ ကြာပြီ။ ကြုံရာဆိုင် တစ်ဆိုင်က ၀ယ်လာမိတဲ့ ကိုးလက်မ ဓားမြှောင်။ အထပ်ထပ် သွေးနေမိ တာလည်း ဘယ်နှခါမှန်း မသိတော့ဘူး။

အထပ်ထပ် ထိုးနေမိ တာလည်း ဘယ်နှချက်မှန်း မသိတော့ဘူး။ ဘယ်သူ့ ဗိုက်မှန်းလဲ မသိဘူး။ စိတ်ကူးထဲမှာ ပြောပါတယ်။ စိတ်ရိုင်းတွေ ထိန်းမရအောင် ဖြစ်လာရင် မြည့်နေအောင် သွေးထားတဲ့ ဓားကို ထုတ်လာပြီး တစွပ်စွပ် ထိုးတော့တာပဲ။

ဦးနှောက် အသိဉဏ် သေးသိမ်ပြီး သမီးတွေ အပေါ် ထင်ရာ ကြိုးဆွဲနေတဲ့ သူ့မိန်းမကိုလား။ ကမ်းကုန်အောင် မိုက်တွင်း နက်နေတဲ့ သမီး အကြီးမကိုလား။ စိတ်အခြေခံလေး ဖြူပါရက်နဲ့ ဆင်းရဲတွင်းကို ပိုနက်တယ် ထင်ပြီး မိုက်တွင်းထဲ ခုန်ချခဲ့တဲ့ သမီးလတ်ကိုလား။ ကိုယ်မွေးထားတဲ့ သမီးတွေကိုလည်း မနိုင်၊ ကိုယ်ကျွေး ထားတဲ့ မိန်းမကိုလည်း မပိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်လား။

တစ်မိသားစုလုံးကို ပတ်သတ်ထိုးပြီး အဲဒီဓားနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် တစ်ဆုံး စိုက်ချလိုက်ချင်တော့တယ်။ ဒါမှ တမြည့်မြည့် လောင်ကျွမ်းနေတဲ့ မီးတွေ ငြိမ်းမယ် ထင်ပါရဲ့။ ဒေါသမီး၊ ဒေါသမီး။ တငွေ့ငွေ့ တရှိန်ရှိန် တက်နေတဲ့ ကရုဏာ ဒေါသမီး။ တောက်တောက်ပြောင်ပြောင် ၀တ်စား ဆင်ယင်ထားတဲ့ အလတ်မကို မြင်တိုင်း ဖြစ်နေရတဲ့ မီးတွေ။ ကရုဏာ ဒေါသတွေ။ နှမြော ကြေကွဲမှုတွေ။ သစ်လွင်လှပတဲ့ အပေါ်ယံ အ၀တ်အစားတွေ အောက်က ညှိုးနွမ်း တန်ဖိုး မဲ့သွားပြီ ဖြစ်တဲ့ သမီးရဲ့ကိုယ်ကျင့်တရား အတွက် ဘယ်သူ့ကို အပြစ်ပေးရမှန်း မသိတော့ဘူး။

ရွှေဆိုင်ပိုင်ရှင် မိန်းမက သမီးထုတ်ပေးတဲ့ ပိုက်ဆံကို ကိုင်ရမှာ ရွံတဲ့ပုံစံနဲ့-
“ဟဲ့- မိနီ၊ ရေလိုက်စမ်း အေ”
လို့ ဆိုင်အကူ ကောင်မလေးကို ပြောပြီး ဆတ်ခနဲ ထထွက်သွားတယ်။ သမီးကတော့ ဘယ်လိုနေမယ်
မသိဘူး။ သူ့ရင်ထဲမှာတော့ ရှက်စိတ်ကြောင့် အငွေ့ ပြန်ချင်နေပြီ။ သဘောကတော့ ဒီဆိုင်မှာ လာဝယ်တာကို ဘ၀င်မကျတဲ့ အမူအရာ ပြလိုက်တာပဲ။ အရင်တုန်းက-
“အေးလေးကို ပြန် မခေါ်ပါနဲ့ဦး။ သမီးလေးလို မွေးပါ့မယ်”
လို့ ပြောခဲ့တာ ဒီမိန်းမ မဟုတ်တော့သလိုနဲ့။

သူဆိုက်ကားပေါ် တက်ထိုင်လိုက်မှ သမီးက မျက်နှာငယ်လေးနဲ့ ရှေ့ခုံမှာ ဖြည်းဖြည်း ၀င်ထိုင်တယ်။ ဒီလို သမီးမျက်နှာလေး နည်းနည်း ညှိုးနေတော့လည်း သူ့စိတ်ထဲမှာ ကရုဏာ သက်မိပြန်ရော။“သမီးကလည်း ရွှေဆိုင်တွေ ဒီလောက် အများကြီး။ သူ့ဆိုင်မှ ၀ယ်ချင်ရတယ်လို့ကွာ”

“သမီးက အန်တီ့ကို အားပေးချင်လို့ပါ အဖေရယ်”

“အိုကွယ်- သူတို့လို ပင်လယ် သမုဒ္ဒရာကြီးထဲ သမီးက ရေတစ်ခွက် သွားလောင်း ထည့်ပေးတာနဲ့တော့ ဒီရေတိုးမလား သမီးရယ်။ ပြီးတော့ သမီးရဲ့ ပိုက်ဆံတွေ ဘယ်က ရလာတာမှန်း ဒေါ်မမခင်က သိပြီးသား”
ပြောရင်းကနေ နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်ချင်လာတဲ့ သူ့စကားကို သူ အမြန်ဘရိတ် အုပ်လိုက်ရတယ်။ တော်ပါပြီ။ အရင်တုန်းကလို ဒေါသတကြီးနဲ့ သမီးကို သူ မအော်ဟစ်ချင်တော့ဘူး။ အရက်စက်ဆုံး စကားလုံးတွေနဲ့ ကိုယ့်ပေါင် ကိုယ်လှန် ထောင်းနေရသလို သူ မပေါက်ကွဲချင်တော့ဘူး။ ဒီလို လုပ်လို့လည်း သမီးရဲ့ ဘ၀က ပြန်ဖြူလာမှာမှ မဟုတ်တော့တာ။

အရင်တုန်း ကတော့ ဖြူစင်ခဲ့တယ်။ ဒီသမီး အလတ်မက သားသမီးတွေ ထဲမှာ အလိမ္မာဆုံး။ အစ်မ အပေါ်လည်း ဦးစားပေး တယ်။ အငယ်တွေ ကိုလည်း ညှာတာတယ်။ မိဘအပေါ် လည်း သိတတ်ရှာတယ်။ သိ တတ်လို့လည်း အရွယ် မရောက်ခင် ကတည်းက လုပ်ငန်းခွင် ရောက်ခဲ့ရရှာတာ။ အစ်မကိုတော့ ကျောင်းဆက် တက်စေပြီး ခုနစ်နှစ် အရွယ် ကတည်းက ကိုယ့်အသိစိတ်နဲ့ ကိုယ် ဈေးတောင်းခေါင်း ရွက်ခဲ့တယ်။ ဖရဲသီး၊ မြေပဲ ပြုတ်ကစလို့ ရာသီပေါ်စာ လေးတွေ မြို့ထဲလှည့်ရောင်း ပြီး မိသားစု ၀န်ကို နိုင်သလောက် ၀င်ထမ်းရှာတယ်။

ဖအေ ဖြစ်တဲ့သူက တားဖို့ ပါးစပ် ပြင်ပေမယ့် တံတွေးပဲ နင်နေခဲ့ရတယ်။ မိသားစု စားဝတ်နေရေးက အလတ်မ ၀င်ကူမှ အသက် ရှူချောင်တာ မို့ အငယ်လေး သုံးကောင်ကို ငဲ့ပြီး မတားသာခဲ့ပါဘူး။ သူကလည်း ဆိုက်ကားကို ကြိုးစားနင်းတာပဲ။ ညဆိုလည်း ဆယ့်တစ်နာရီ၊ ဆယ့်နှစ်နာရီထိ အဝေးပြေး ကားတွေ အ၀င်ကို စောင့်ပြီး တော့ကို နင်းတာ။ ဂိတ်မှာလည်း တခြား ဆိုက်ကားသမားတွေ ဇယ်ခုံမှာ မဲတောက် နေရင် သူကချည်း ဒိုင်ခံဆွဲ တာပဲ။ တခြား ကောင်တွေကလည်း ကလေးငယ်တွေ များတဲ့ သူ့ကို ဦးစား ပေးနေကျ။

မိန်းမကတော့ အိမ်တကာလည် အ၀တ် လျှော်တယ်သာ နာမည်တပ်တာ။ ရသမျှကလည်း ဂဏန်း ဆယ်လုံးကြားမှာ တစ်ပတ်ကို ငါးရက် ပြန်ပေးဆွဲ ခံနေရတာနဲ့ပဲ အဖတ် မတင်နိုင်ဘူး။ ဂဏန်းစစ်ပွဲ နားတဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်လောက်ပဲ ထမင်းဝိုင်းမှာ ငါးလေးဘာလေး မျက်စိ လည်လာတတ်တယ်။ အကြီးမကတော့ ခုနစ်တန်းမှာ နှစ်နှစ် ဆက်ကျမှပဲ ကျောင်းထွက် အလုပ်လုပ် တော့တာ။ ဒါတောင် မအေ က အငယ်နှစ်ယောက် ကျောင်းထားရမှာမို့ ထွက်ခိုင်းတာကို ဆောင့်အောင့် ဆန္ဒပြ နေသေးတယ်။ အမေ ရှာပေးထားတဲ့ အလုပ်က လည်း အိမ်ဖော်အလုပ်မို့ မလုပ်ဘူးဆိုပြီး အိပ်ရာထဲမှာ ပေကတ် အိပ်နေတယ်။ မအေ ကလည်း ပိုက်ဆံ ကြိုယူထား ပြီးသားမို့ မသွားရကောင်း လားလို့ ရိုက်မယ်ပုတ်မယ် ဖြစ်နေကြတာနဲ့ နောက်ဆုံး အနစ်နာ ခံနေကျ အလတ်မကပဲ ကောက်ခနဲ ထလိုက် သွားခဲ့တယ်။

အဲဒီမှာ ရွှေဆိုင်ပိုင်ရှင် ဒေါ်မမခင်ရဲ့ အိမ်ကို သမီး အလတ်မ ရောက်သွားရတာပဲလေ။ သူကတော့ ဆိုက်ကား သိမ်းပြန်လာတဲ့ ညကျမှ အကြောင်းစုံ သိရတော့တာပါ။ သူ့အပြန်ကို ထွက်ကြိုနေကျ အလတ်မကို မတွေ့ရတော့ ညတိုင်း အိမ်ပြန်ရတာ ဟာတာတာနဲ့။ အငယ်တွေ တွတ်တီးတွတ်တာ ဆူညံ နေပေမယ့် သူ့ရင်ထဲမှာ ကွက်လပ်ကြီး ဖြစ်ပြီး ဆွံ့အ သွားခဲ့ ရတယ်။

ရွှေပင်နားတဲ့ ရွှေကျေးလေးကို ကြည့်ပြီး ကြည်နူး ပီတိ ဖြစ်ရသလို ၀မ်းလည်း နည်းမိသေးတယ်။ သူသာ ရွှေပင် စိုက်နိုင်ခဲ့ရင် ရွှေကျေးလေးကို သူ့ရွှေပင်မှာပဲ နားစေချင်တာပေါ့။ ဒါပေမဲ့ သမီးလေး ရွှေကျေးဖြစ်ရင်ပဲ သူ ကျေနပ်ပါပြီလေ။ အနစ်နာ ခံတတ်တဲ့ စိတ်ကောင်းလေးဟာ သမီးလတ် ကို ရွှေပင်ဆီ ပို့ပေး လိုက်တာပဲ။ အိမ်ရှင်က သဘော ကောင်းသလို သမီးကလည်း အလုပ် ကြိုးစားတော့ ဒေါ်မမခင်ရဲ့ လက်စွဲ ဖြစ်လာတယ်။ ဈေးထဲက ရွှေဆိုင်ကို သွားဖွင့်ရင် လိုက်ပြီး ဈေးကူ ရောင်းရသလို ဈေးသိမ်းပြန် ရင်လည်း ရွှေအိတ် ဆွဲရသူ ကလည်း သမီးပဲ။ အိမ် အလုပ်တွေတောင် သိပ်မလုပ် ရတော့ဘဲ လူယုံ တစ်ပိုင်း ဖြစ်လာတော့ တစ်သွေးတစ်မွေးနဲ့ လမ်းမှာ တွေ့ရင်တောင် သူ့ သမီး သူ မမှတ်မိချင်ဘူး။

ရွှေဆိုင်မှာ နှစ်နှစ်လောက် အနေကြာလာရင်ပဲ အာဟာရ ပြည့်ပြည့်၀၀ စားရ ပြီး အရိပ်ထဲနေရတော့ သမီး လတ်က အပျိုကြီးဖားဖား ဖြစ်ပြီး ထွားလာလိုက်တာ။ အကြီးမကတောင် ညှက်ပြီး ကျန်ခဲ့တယ်။ ဆိုင်ရှင် ချစ်လို့ ဆိုပြီး ဆင်ထားတဲ့ ရွှေနား ကပ်လေးကလည်း သမီး အသားအရေကို ပိုပြီးဝင်း လက်စေသလားပဲ။ ဈေး တောင်းခေါင်းရွက်ရတဲ့ ဘ၀ နဲ့ ဘာမှ မဆိုင်အောင် တောက်ပနေတာ မြင်ရတော့ အိမ်မှာ အတူ မနေရပေမယ့် ကျေနပ်ပါတယ်လေ။

ဒါပေမဲ့ တစ်ရက် သမီး လတ်က အိမ်အလည်ပြန်ချင် တယ်ဆိုလို့ သူကိုယ်တိုင် ဆိုက်ကားနဲ့ တင်ခေါ် လာခဲ့တာ။ နေလောင် အသားမည်းမည်းနဲ့ ချွေးသံတရွှဲရွဲ သူက ၀င်းပပြီး ရှိုးစမိုးအပြည့်နဲ့ သမီးကို တင်နင်းလာရတော့ ပျော်လိုက်တာဆိုတာ။ ဆိုက် ကားနင်းရတာ ဒီနေ့လောက် ပေါ့ပါးတာ မရှိတော့ဘူး။ သမီးကလည်း အဖေ၊ အမေ၊ မောင်နှမတွေ အတွက် ၀ယ်လာလိုက်တာ ဆိုတာ စုံလို့။ သမီးခမျာလည်း တစ်နှစ်မှ တစ်ခါလောက် ပြန်ရတာမို့ ပျော်နေရှာတယ်။ တစ်နေကုန် ဆူညံ ပျော်ရွှင်ပြီး ပြောလိုက်တဲ့ စကားတွေ ဆိုတာ မကုန်နိုင်ဘူး။ အမေကိုလည်း ကူညီ ချက်ပြုတ်ပြီး လျှော်ဖွပ်ပေးတယ်။ ကလေးတွေကလည်း ၀တ်ကောင်း စားကောင်းနဲ့ အစ်မနားက မခွာကြဘူး။ အားတကျကျနဲ့ တရစ် သီသီလေ။ ညနေ စောင်းလို့ ပြန်တော့မယ် ဆိုခါမှ အကြီးမက ဗွေထ ဖောက်တာပဲ။

“အလတ်မ၊ နင်မပြန်နဲ့တော့။ နင့်အစား ငါသွားနေလိုက်မယ်။ နင်တစ်လှည့် အိမ်မှာ နေလိုက်ဦး”
အကြီးမက ဘယ်ကတည်းက ကျိတ်ကြံထားမှန်း မသိဘူး။ ဒီလို ကြားရတော့ သူရော သမီးလတ် ရော အံ့အား သင့်သွားတယ်။
“မဖြစ်နိုင်တာ သမီး ကြီးရယ်။ ဆိုင်ရှင်က အလတ်မကို အလုပ် ကျွမ်းကျင်ပြီးသားမို့ လခတိုးပေး ထားတာ။ အဖေတို့ ကြိုယူ ထားတဲ့ သုံးလစာကလည်း အလတ်မ အတွက် ပေးတာ။ သမီးကြီးက အခုမှ အလုပ်စ ၀င်ရင် ဒီဈေး ဘယ်ပေးမှာလဲ”

“အို- ဘာပဲဖြစ်ဖြစ် ညီအစ်မချင်းပဲ အဖေ။ သူ လုပ်နိုင်သလောက် သမီး လုပ်နိုင်ပါတယ်။ သူ့ထက်တောင် တွတ်တာချက်တာ ပိုတတ် သေးတယ်။ သမီးက သူ့ ထက် ပညာတတ်တာ ပြော ပြလိုက်မှာပေါ့”

“မဖြစ်နိုင်ဘူး အစ်မ။ သူတို့က လုပ်ငန်း ကျွမ်းကျင်မှုကို သိပ်အလေးထားတာ။ လုပ်သက်ကြောင့် လခတိုး ပေးတာ”

“နင် လျှာမရှည်နဲ့ အလတ်မ။ နေရာကောင်း ဖယ်ပေးရမှာတော့ ကြောက်နေတယ်ပေါ့လေ။ အမှန်က ဒါ ငါ့နေရာပဲ။ နင်က ဖြတ်ခုတ်သွားတာ“

အကြီးမ စကားကြောင့် သူ တော်တော် စိတ်ပျက်သွားတယ်။
“တော်စမ်း အကြီးမ။ နင်မလုပ်ချင်လို့ နင့်ညီမက ၀င်လုပ် ပေးခဲ့ရတာ။ ခုမှ သူများ ကောင်းစားတာ မြင်ပြီး မနာလို ဖြစ်မနေနဲ့။ နင်လိုက်မယ် ဆိုလည်း ဟိုက လက်ခံမှာ မဟုတ်ဘူး။ ငါ့သမီး အကြီးမက အိမ်ထောင်ပျက် တစ်ခုလပ်၊ ဆတ်ဆတ်ကြဲမှန်း ငါ့ဆိုက်ကား တစ်ဂိတ်လုံးက သိတယ်။ ဈေးထဲက မုန့်ဆိုင်မှာ လုပ်တုန်းကလည်း လူပုံ အလယ်မှာ ဆိုင်ရှင်ကို ဖတ်သတ်ပြီး နာမည် ပျက်ခဲ့တာ တစ်ဈေးလုံး သိတယ်။ ရွှေဆိုင်ကလည်း သိတယ်။ ကိုယ့်နေရာ ကိုယ်နေစမ်း အကြီးမ”

သူ့စကား နည်းနည်း လွန်သွားတော့ မိန်းမက သောက်လက်စ ဆေးပေါ့လိပ်ကို ထိုးချပြီး ထလာတယ်။
“ဦးအောင်ဖေ၊ နှစ် ယောက်စလုံးက ရှင့်သမီး အရင်းတွေချည်းပါနော်။ ရှင်ဒီလို မျက်နှာလိုက် စကား မျိုးတော့ မပြောပါနဲ့။ ကျုပ် သမီး အကြီးမ တစ်ခုလပ် ဖြစ်ရတာကလည်း မိသားစု အကျပ်အတည်းကို ဖြေရှင်းဖို့ ကြွေးရှင်မုဆိုးဖို အိုကြီးအိုမကို ယူလိုက်ရရှာတာ။ ဘယ်သူ အသုံး မကျလို့တုံး။ ပြောစမ်းပါဦး။
“ဆိုက်ကား နင်းရတဲ့ ငွေထောင့်ငါးရာ၊ နှစ်ထောင်လောက်ကို လောက်မယ်များ ထင်နေလို့လား။ ကလေးသုံး ယောက် ကျောင်းစရိတ်နဲ့ လူခြောက်ယောက် ပါးစပ်ပေါက်နဲ့။ ဒီကြားထဲ ရှင်က အရည်တွေ မျိုချင်သေးတယ် မဟုတ်လား။

“အလတ်မလစာ တစ် သောင်းခွဲကရော ဘာသုံး လောက်လို့တုံး။ အပြင်မှာ အလုပ်ထွက်လုပ်ရင် ပန်းရန် ၀င်လုပ်ဦးတော့ တစ်နေ့ ထောင့်နှစ်ရာလောက်ရတယ်။ တစ်လဆို သုံးသောင်းကျော်။ မိသားစုဖြစ်သလို ဒိုးတူ ပေါင်ဖက်စားရင် အိမ်စရိတ် ပိုကာမိတာပေါ့။ ခုတော့သူ က ကောင်းကောင်းစား သက်သက်သာသာနေပြီး တစ်ကိုယ်ကောင်းဆန်နေတာ ကြည့်ပါလား။ မောင်၊ ညီမ တွေကတော့ ၀တ်စရာမရှိလို့ တုံးလုံး။ သူက ရွှေနားကပ်နဲ့ ဒေါက်ဖိနပ်နဲ့။ ရှင့်အစီအစဉ် တရားမျှလို့လားတော်”

ပြောရက်တဲ့ မအေ့ စကားတွေကြောင့် သမီး လတ်ကတော့ ချုံးပွဲချ ငိုနေပြီ။ ဒီဇာတ်လမ်းရဲ့ မြစ်ဖျားခံရာ ကို ဒီမိန်းမ မေ့သွားတာလား၊ မေ့ချင်ယောင် ဆောင်နေတာလား။ သူလည်း မတွေး တတ်တော့ဘူး။

သူ့မိန်းမနဲ့ သမီးကြီးက လိုက်ဖက်ညီတယ်။ အကြီးမ က ၀တ်ချင်တယ်ဆို မအေက ရှေ့နောက် မစဉ်းစားတော့ဘူး။ နေ့ပြန်တိုးနဲ့ ချေးပြီး ၀မ်းဆက်ဆိုလည်း ၀ယ်ပေးလိုက် တာပဲ။ အကြွေး မပေးနိုင်မှသာ တိုးရင်းပေါင်းပြီး ၀မ်းဆက် တစ်စုံဖိုး ဘယ်လောက် ဖြစ်သွားပြီလဲ သူတို့မတွတ် တတ်တော့ဘူး။ တပူပူ အကြွေးတောင်း ခံရရင် တစ် ခါနှစ်ခါ ၀တ်ပြီးသား ၀မ်းဆက်ကို ပေါင်ပြီး အကြွေးကို ဖဲ့ဆပ်ကြဦးမယ်။ အဲဒီတော့ အကြွေးလည်းတင် ၀မ်းဆက် လည်းဆုံး။ ဦးနှောက် မသုံးတတ်တော့ ဒါမျိုးတွေ နဲ့ပဲ ဆင်းရဲတွင်း နက်နေရတာ လေ။

သမီးကြီးကလည်း မအေဂဏန်း ဆယ်လုံးနဲ့ တိုက်ပွဲပြင်းထန် နေပြီလားဆို သူ့ အလုပ်ကနေ လုပ်ခကြိုထုတ် လာပေးတယ်။ မဟုတ်တဲ့ နေရာမှာ ဒီလို အတွဲညီနေတော့ သမီးကြီးရဲ့ အပျိုစင် ဘ၀လေး နွမ်းကြေခဲ့ရတာပေါ့။ ဒါတောင် အလတ်မအောက်က သမီးနှစ်ယောက် အဖတ် မတင်ခဲ့လို့။ နို့မို့ဆို ခုချိန် အပြိုင်းအရိုင်း အပျိုမလေး တွေ ဖြစ်လာရင် ဒီမိန်းမ အတွေး တိမ်ပုံမျိုးနဲ့ အားလုံး ဒုက္ခများ ကုန်ကြမှာ။

သူ့မိန်းမကို ဒီလောက် ဦးနှောက် မဲ့လိမ့်မယ်လို့ သူ မထင်ခဲ့မိဘူး။ သူ့အသက် လေးဆယ်ကျော်မှ ရပ်ကွက် ထဲကို ရောက်လာတဲ့ ခိုကိုးရာမဲ့ တောသူမလေး အဖြစ် စတွေ့ရတာ။ ဆွေမျိုးနီးစပ် တော်တဲ့ အိမ်မှာ အိမ်ရှင်တွေ မလိုလားတဲ့ကြားက ခိုကပ် နေရတဲ့ ကလေးမလေးပေါ့။ မုဆိုးမ အမေအိုကြီးကို လုပ်ကျွေးနေတဲ့ လူပျိုသိုး ကြီးလည်း အရွယ်ရောက် ကတည်းက အဖော်လုပ်လာ ခဲ့တဲ့ သူရာရည်ကို နံပါတ်နှစ် နေရာ ခဏရွှေ့ပြီး သူ ကလေးကို နံပါတ် တစ်နေရာ ပေးလိုက်မိတယ်။ အမေအို ကြီးကတော့ သူနဲ့အတူ နှစ်ကိုယ့်တစ်စိတ်မို့ နံပါတ် မထိုး တော့တာပါ။ အမေဟာ သူ့ အရိပ်ဆို သူကလည်း အမေ့ ကိုယ်ပွားအဖြစ် နေလာခဲ့တာ သူ့တစ်သက်ပဲ ဆိုပါတော့။

သူ့ဘ၀ရဲ့ ခရီးဖော်တွေ ထဲမှာ အမေက သူ့ကို အရင် ဆုံး လက်တွဲဖြုတ်သွားခဲ့သူ လေ။ ကျန်ခဲ့တဲ့ မိန်းမနဲ့ သူရာကို ဖက်တွယ်ရင်း နှစ်တွေကြာလာတော့ အဖော်တွေ ထပ်တိုးလာတယ်။ တောသူ အရိုးခံလေးကလည်း ဆယ်နှစ်ကျော် ငယ်တဲ့ အသက်ကို အခွင့်အရေး ယူပြီး သူ့ကို နိုင် စားလာတယ်။ သူကလည်း သောက်ပြီးရင် မကြမ်းဘူး။ ပိုနုသွားတာ။ စကားကို မပြောချင်တော့ဘဲ ငြိမ်နေတတ်တာ။

ညသန်းခေါင်နီးမှ နေ့တွက်လည်းကိုက်၊ ရေချိန် လည်း ကိုက်ပြီးရင် အိမ်ပြန် ရောက်လာတော့ မိန်းမဘာ ပြောပြော၊ ဘယ်လောက် ဆူပူ ပေ့စေ။ သူကတော့ ဆက်ရက်မင်း စည်းစိမ်ကြောင့် သူ့မိန်းမ ပူညံသံက နတ်စောင်းသံလို့ ထင်နေတာ။ ဒီလို သူက အနေအေးလေ မိန်းမက စိတ်ထင် တိုင်းကြဲ လေပဲ။ သူတစ်နေကုန် အိမ်မှာ မရှိလေ၊ မိန်းမနဲ့ သမီးကြီး လည်း အကြွေးတွေ နစ်လေ။ အပေါင်ခံတဲ့ မုဆိုးဖိုကြီးအိမ် မှာပဲ တစ်နေကုန်လေ။ နောက်ဆုံးတော့ သမီးကြီးကို ထိုးပေးလိုက်ရရော။ တစ် နည်းပြောရရင် အကြွေးနဲ့ အသိမ်း ခံလိုက်ရရော။

ရခါစတုန်းကတော့ အဘိုးကြီးက ဟုတ်တုတ်တုတ်။ အကြီးမလည်ပင်းမှာ ရွှေဆွဲကြိုးလေး မြင်လိုက်ရ သေးတယ်။ သူ့ထက်တောင် ကြီးတဲ့ သမက်ကို သူကတော့ ရင်နာလို့ စကားကို ခုချိန်ထိ အကြီးမနဲ့ ကွဲသာသွားရော တစ်ခွန်း မပြောခဲ့ဘူး။ သူ့ မိန်းမကတော့ “မောင်မျိုး... မောင်မျိုး..”နဲ့။ သူ့ထက် အသက် ကြီးတာကြီးကို အရှက်မရှိ။ ရွံစရာ။

အကြီးမကလည်း အဘိုးကြီးကို ချိုင်ထားမှန်း တစ်ရပ်ကွက်လုံးက သိနေတာတောင် မျက်နှာခပ်ပြောင် ပြောင်နဲ့ လက်ချင်းချိတ် လျှောက်ဝံ့သေးတာ။ တော်သေးတာက အကြီးမ ဆွဲကြိုးကြီး တ၀င်းဝင်းနဲ့ ခပ်ကြွကြွ သွားတွေ့လည်း အလတ်မက အားမကျ တတ်တာဘဲ။
“မချစ်ဘဲ ယူရတော့ အစ်မ စိတ်ညစ်ရမှာ စိုးတာ တစ်ခုပါပဲ အဖေရယ်”
လို့တောင် ပြောရှာတယ်။

သမီး စိုးရိမ်သလိုပဲ။ ဘာကြာလိုက်လို့လဲ။ အဘိုးကြီး သားသမီးတွေ ဆိုတာ ရောက်လာပြီး အဘိုးကြီးကို ဆွဲလွဲ ခေါ်သွားကြတာ ဘသားချောက ခေါင်းငိုက်စိုက်နဲ့ လိုက်သွားပါ လေရော။အကြီးမ လည်ပင်းက ဆွဲကြိုးတောင် ဖြုတ်ယူသွား ကြသေးတာလေ။ သူကတော့ သမီးကြီး အဖြစ်ကို ရင်နာပေမယ့် ဖြစ် ပြီးခါမှ ပြောနေလည်း မထူး တော့တာမို့ ဆိတ်ဆိတ်ပဲ နေ လိုက်ပါတယ်။ မှန်းချက် မကိုက်တဲ့ သားအမိကိုလည်း နောင်တရနေပြီလို့ ထင်ထား တာ။ တစ်ည သူပြန်လာတော့ အိမ်ရှေ့မှာ ရပ်စောင့် နေတဲ့ သမီးလတ်ကို မြင်လိုက်ရတယ်။ သူ မျက်စိ တောင်ပွတ်ကြည့်မိတဲ့ အထိ။
“ဘာလာလုပ်တာလဲ သမီး။ အိမ်ပြန်လာတာလား”

နားမလည်နိုင်တဲ့ ဇဝေ ဇ၀ါအတွေးနဲ့ သူ့အမေးကို သမီးက မ၀ံ့မရဲလေး ပြန်ဖြေ တယ်။
“မနက်ကတည်းက သမီးကို အမေ လာခေါ်ပြီး အစ်မ လုပ်နေတဲ့ အလုပ်မှာ ပြောင်းလုပ်ခိုင်းထားတာ အဖေ”

“ဟေ- ရွှေဆိုင်က ယူထားတဲ့ လစာ ကျေပြီမို့လို့ လား။ ဒီမိန်းမ ငါ့လည်း ဘာမှ မတိုင်ပင်ပါလား”

“လစာက တစ်လစာပဲ ကျန်တော့တာပါ အဖေရယ်။ အမေက ရွာက အဘွားလေး ဆုံးလို့ဆိုပြီး ညာခေါ်လာတာ။ ဒီကျတော့မှ အစ်မ အလုပ်က ပိုက်ဆံ တော်တော် ရလို့တဲ့။ လူလည်း အရေးတကြီး လိုနေ တယ်လို့ပြောပြီး သမီးကို ချက်ချင်း လိုက်သွားခိုင်းတာပဲ”

“ဘာအလုပ်လဲ သမီးရ”

“ဆံပင်ညှပ် ဆိုင်တဲ့ အဖေ။ ဆံပင်ညှပ်ဆိုင်မှာ ခေါင်းလာလျှော်တဲ့ လူတွေကို နှိပ်ပေးရတာ”

“ဘာ”

သူတစ်ခါမှ မိန်းမကို အော်တောင် အော်ငေါက်ဖူးတာ မဟုတ်ဘူး။ ဒါပေမဲ့ တဆတ်ဆတ် တုန်အောင် ဒေါသထွက်လွန်းလို့ အိမ်ထဲကို ၀ုန်းခနဲ ၀င်လိုက်မိပြီ။

“အို- ဦးအောင်ဖေ၊ ကျွန်မက ၀မ်းနဲ့ လွယ်မွေးထားတဲ့ မအေပါရှင့်။ သမီး တွေကို မကောင်းတာ လုပ် ခိုင်းပါ့မလား။ ဆံပင်ညှပ် ဆိုင်မှာ ခေါင်းလျှော် ပေးရတဲ့ အလုပ်ကို တစ်နေ့နှစ်ထောင် တောင် ပေးတာ။ လှလှပပနဲ့ ကြွကြွရွရွလေး လုပ်ရုံပဲ။ ပင်လည်း မပင်ပန်းဘူး။ ခေါင်း လျှော်ပေးရင်း နားထင်လေး၊ ဇက်ကြောလေး ဆွဲပေးရတာ ပါရှင်။ အထင်မလွဲပါနဲ့။ ရှင်က ရွှေဆိုင်ပိုင်ရှင် သဘော ကောင်းတာပဲ မြင်နေတာ။ သူ့ယောက်ျား စားသောက် ဆိုင်တွေမှာ အဆိုတော်တွေကို ပန်းကုံးစွပ်တာ၊ အနှိပ်ခန်း တကာ လှည့်ဇိမ်ခံတာ ရှင်မှ မသိဘဲကိုး။ ကျုပ်သမီးကို အဲလို ယောက်ျားရှိတဲ့ အိမ်မှာ စိတ်မချလို့ ကျုပ်ပြန်ခေါ် လာတာပဲ”

“ဘာပဲဖြစ်ဖြစ်ကွာ အနှိပ်ခန်းမှာတော့ ငါ့သမီးတွေ မလုပ်ရဘူး။ ဒါပဲ”

“အို- ဘယ့်နှယ် အနှိပ် ခန်းရမှာတုံး။ ဗြူတီပါလာ ရှင့်၊ ဗြူတီပါလာ”

“တော်စမ်းကွာ။ အတူတူနဲ့ အနူနူပဲ။ မလုပ်ရဘူး”

“ဒါဖြင့်လည်း ဈေးတောင်း ပြန်ရွက်ပေါ့တော်”


“ရွှေပင်မှာ နားခဲ့ဖူးတော့ တမာပင်ကို ခါးတယ် ထင်ပြီပေါ့ အလတ်မရေ”
လို့ ရေချိန်ကိုက်တာနဲ့ သူ့ရင်ထဲက အနာတွေ အန်ကျ လာတော့တာပဲ။ အဆီအငေါ် တည့်တာ၊ မတည့်တာ အသာထား။ သောက်ပြီးရင် ပိုငြိမ်တဲ့ သူက ခုဆို ဒီလိုလေး တစ်ခါလောက် အော်လိုက်ရမှ နေ သာသလိုပဲ။ အော်ပြီးရင် ဟိုးတုန်းက အတိုင်း ပြန်ငြိမ် ကျသွားတာပဲ။

ပြီးရင် သူ့လိုပဲ သန်း ခေါင်ကျော်မှ အိမ်ပြန်မယ့် သမီးလတ်ကို စားသောက် ဆိုင်မှာ သွားကြိုရဦးမယ်။ အဆိုတော်တစ်ဖြစ်လဲ အလတ်မက သူ့လည်မှာ ပန်းကုံးတွေ များများလာစွပ် အောင် တွန့်လိမ်ကောက်ကွေးပြီး နျူးကလီးယားဗုံးတွေ စင်ပေါ်ကနေ အဆုပ်လိုက် ကြဲနေတုန်းမှာ အဖေအိုကြီး ကလည်း ဆိုင်ဘေးက အမှောင် ရိပ်မှာ ဆိုက်ကားပေါ် ဇက်ကျိုးနေပြီ။

ရင်ထဲမှာသာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ သမီးကို မထိတထိရော၊ ပျစ်ပျစ် နှစ်နှစ်ရော ပြစ်မှားပြောဆို နေကြတဲ့ ပုရိသတွေရဲ့ ခပ်လှမ်းလှမ်းမှာ ကိုယ့်သမီး မဟုတ်သလို မျက်စိကို မှိတ်ထားရဦးမှာ။ ငယ်ငယ်က အဖြူထည် ဘ၀တုန်းကလို ချွေးတွေသံတွေနဲ့ ဈေးတောင်း ခေါင်းရွက်ရမှာ ရှက်လို့တဲ့။ အဆီပြန် ယစ်ခိုးဝေ နေတဲ့ လူတွေကြားမှာ အမြည်းခံဖြစ်ရတဲ့ ဘ၀ကို ကျတော့ မရှက်ဘူးတဲ့လား သမီးရေ။

သူ မနိုင်တဲ့ အကြီးမ ကတော့ ဗြူတီပါလာမှာ ကျန်ခဲ့တယ်။ အဆို ၀ါသနာ ပါတဲ့ သမီးလတ်ကိုတော့ စား သောက်ဆိုင်မှာ သီချင်းဆိုဖို့ မအေကပဲ စီစဉ်တာလေ။ မထူးပါဘူး။ ဗြူတီပါလာက အနှိပ်သည်နဲ့ စားသောက်ဆိုင် က အဆိုတော်။ သမီးတွေကို သွန်သင် ဆုံးမရမယ့် မအေ ကိုယ်၌က ငါးစာပဲ မြင်ပြီး ငါးမျှားချိတ် အန္တရာယ်ကို မသိတော့ ခက်တာပေါ့။ တစ်နေ့လယ်လုံး ဆိုက်ကား နင်းရတဲ့ သူမို့ နေ့လယ်မှာ သမီး ဘယ်လိုနေတယ် ထိုင်တယ်ဆိုတာ မသိပေမယ့် ညဘက် အိမ်အပြန်ကိုတော့ သူ တစ်ရက်မပျက် ကြိုတယ်။ သမီး ဘ၀လေး အရောင်စုံ မစွန်းထင်းအောင်တော့ သူတတ်နိုင်သလောက် အားတင်းပြီး ရှေ့မျက်နှာ နောက်ထား စောင့်ရှောက်ရတာပဲ။ ညတိုင်း ဆိုက်ကားနဲ့ လာကြိုတဲ့ အဆိုတော်ဆိုလို့ သူ့သမီး တစ်ယောက်တည်း ရှိတာ။ ကျန်တဲ့ အဆိုတော်တွေ ကတော့ ကားတွေ၊ ဆိုင်ကယ်တွေ အသီးသီးနဲ့ အကြိုတော်တွေ တစ်ညတစ်ယောက် မထပ်ကြပါလား။

အိမ်မှာ ရုပ်ဝတ္ထု ပစ္စည်းတွေ တစ်နေ့တခြား တိုးတက် လာပေမယ့် စိတ်ဓာတ် အင်အားတွေ အောက်ဆုံးထိ ထိုးဆင်းနေတာ သူ ရင်အနာဆုံးပဲ။ ကက်ဆက်၊ တီဗွီ၊ ဗီစီဒီစက်တွေ တစ်ဟုန်ထိုး အိမ်ဆီကို စီးဝင်လာပေမယ့် အိမ်ထဲက စီးထွက်သွားတဲ့ ကိုယ်ကျင့် သိက္ခာတွေကို သူ ဘယ်လိုမှ အဖတ်မဆယ်နိုင် တော့ဘူး။ ရပ်ကွက်ထဲမှာ မိန်းမက ရွှေဆွဲကြိုးကြီး တ၀င်းဝင်းနဲ့ ခေါင်းမော့ပြီး လမ်းသလား နေပေမယ့် သူကတော့ အိမ်ထဲမှာ ပုန်းနေရတာတောင် ကိုယ့်လိပ်ပြာ ကိုယ်မလုံဘူး။ သမီးတွေက ဆိုက်ကားမနင်း တော့ဖို့ ဘယ်လောက်တားတား ရပ်ကွက်ထဲမှာ နေရတာလည်း ရှက်လို့မို့ ဆိုက် ကားဂိတ်မှာ ငူငူကြီး ထိုင်နေ မိတတ်တယ်။

“ဟေ့ကောင်၊ မင်းသမီးတွေကို ကြည့်လည်း ထိန်းဦးကွာ။ သတင်းတွေ ကြားရတာ မကောင်းဘူး”
လို့ အပေါင်းအသင်း တွေက ၀ိုင်းပြောပြန်တော့လည်း စိတ်ညစ်ညစ်နဲ့ အရက်ဆိုင်ကို ရောက်သွားရ ပြန်တာပဲ။
သူ အတွေးလွန်နေတုန်း ဆိုက်ကားပေါ် တစ်ယောက်ပြီး တစ်ယောက် တက်ထိုင် လိုက်ခါမှ-
“အဖေ၊ ပြန်ကြစို့”

“ဟေ့- နေဦးလေ။ တို့ လည်းလိုက်မှာပေါ့။ တို့က ရန်ကုန်က ဧည့်သည်ပါ။ ဦးလေး၊ ဟိုတယ်နင်းဗျာ”
“ရှင်- ဒါဘာလုပ်တာ လဲ။ ကျွန်မ အဖေရှင့်“

“ဒက်ဒီလား၊ ဟုတ်လား။ အိုး၊ စားသောက် ဆိုင်က အဆိုတော်ရဲ့ ဒက်ဒီကလည်း ဆိုက်ကားကြီးနဲ့ လား။ ဒီလို ကောင်မလေးတွေ မွေးထားတဲ့ ဒက်ဒီတို့၊ မာမီတို့ဆိုတာ လောပန်ကြီး တွေပါ။ ကားနဲ့ အကြိုအပို့ လုပ်မှပေါ့။ ဟား ဟား ဟား၊ ဆိုက်ကားနဲ့ ဆိုရင် ဈေးကောင်း ဘယ်ရမလဲ ဗျာ”

သူ့မျက်စိထဲမှာ မီးတွေ ၀င်းဝင်းတောက်သွားသလိုပဲ။ ဒီကောင် ဘာကောင်လဲ။ စော်ကားလှချေလား။
“မလုပ်နဲ့၊ မလုပ်နဲ့ အဖေ”

သမီးရဲ့ ငယ်သံပါ အောင် အော်တဲ့ အသံက နား ထဲမှာ နီးလိုက် ဝေးလိုက်နဲ့။ ဧည့်သည်သော၊ ဘာသော သူ့မျက်စိထဲမှာ ဘာမှ မမြင်တော့ဘူး။ မြည့်နေအောင် သွေးထားတဲ့ ဓားကို ဆွဲထုတ်ပြီး တစွပ်စွပ် ထိုးနေမိတယ်။ ဦးနှောက် မရှိတဲ့ သူ့ မိန်းမကိုလား။ မနာလို စိတ်ကြီးတဲ့ အကြီးမကိုလား။ မိုက်တွင်းထဲ ခုန်ချတဲ့ အလတ်မကိုလား။ အမြည်း ရှာနေတဲ့ ယစ် ထုပ်ကြီးကိုလား။ အသုံးမကျတဲ့ ကိုယ့် ကိုယ်ကိုယ်လား။ တစ် ယောက်မကျန် အကုန်လုံး ကိုလား။ အားရှိသမျှ တစ်ဆုံးထိ တစွပ်စွပ်နဲ့ ထိုးနေမိတယ်။ မသေမချင်း။ မကုန်မချင်း။ မဆုံးမချင်း။

မနက် မိုးလင်းတော့ အိမ်ရှေ့က ဆိုက်ကားပေါ်မှာ ကန့်လန့်ကြီး အိပ်ပျော်နေတဲ့ သူ့ကိုယ်သူ မြင်လိုက် ရတာနဲ့ အမြန် ထထိုင်လိုက်မိတယ်။ ထိုင်ခုံ အံဖုံးထဲ ထည့်ထားနေကျ ဓားမြှောင်ကို အမြန်ဖွင့် ကြည့်လိုက်တော့ အရာမယွင်း ရှိနေတုန်းပဲ။ သူ့စိတ်ထဲမှာ ညတုန်းက တစ်ခုခု ဖြစ်ခဲ့တယ်လို့ ၀ိုးတ၀ါး ထင်နေတာ။

အိမ်ထဲ လှမ်းကြည့်လိုက်တော့ ဘုရားစင်ရှေ့မှာ သားအမိ တစ်စုနဲ့ အတွင်းခန်း မှာ သမီးနှစ်ယောက်က အိပ်မော ကျနေတုန်း၊ လှမ်းမြင် နေရတယ်။ သူ့ကိုယ်သူ ငုံ့ကြည့် တော့လည်း အရင်အတိုင်း မြင်ရသေးတယ်။ ဒါဆို အားလုံး အကောင်းအတိုင်း ရှိနေတုန်းပဲပေါ့။

ဒါပေမဲ့ သူ့ဆိုက်ကားက ဆိုဖာဖုံလေးနှစ်ခုကတော့ ဓားရာတွေနဲ့ မွစာတက်လို့။ မြင်မကောင်းဘူး။ နောက်ပြီး သူ့ရင်ထဲက နှလုံးသားကလည်း သွေးစိမ်းရှင်ရှင် ပန်းထွက်လို့။ ဘယ်သူမှတော့ မမြင်ကြဘူး။


ဝေ၊စီးပွားရေးတက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၁)
လင်းလွန်းခင်စိတ်ကြိုက်-၂-

လိပ်ပြာတောင်ပံထက်က ပန်း ပန်းချီ


“ခင်ထွေးရီကို ကျောင်းအပ်မလို့ပါ ဆရာမ”

ပြာအက်အက် တွန့်ဆုတ်ဆုတ် အသံကြောင့် မနှစ်က ကျောင်းသားစာရင်း နှင့် အပ်ပြီးသား အရေအတွက်ကို တိုက်စစ်နေသော ကျွန်မ၊ ဖျတ်ခနဲ မော့ကြည့် လိုက်မိသည်။ တစ်ပြိုင်နက်တည်း မှာပဲ ဖျဉ်းခနဲ တောင့်သွားရသည့် နှလုံးသားကို သမားဂုဏ်ဖြင့် အမြန် ပွတ်သပ် ချလိုက် ရ၏။ နာသုံးနာကို နက်ရှိုင်းစွာ ပိုက်ပွေ့ထားရသည့် နှလုံးသားမှာ ဝေဒနာ ဆိုတာကိုတော့ ထည့်သွင်း ခံစားလို့ဖြင့် မဖြစ်ချေပါ။ “ရော့ ဒီလျှောက်လွှာကို အရင်ဖြည့်” “ဆရာမ ကျွန်မ” သူမထံမှ ရှေ့ဆက်မည့် စကားသံကို ငံ့လင့်နေသော်လည်း ငွေ့ရည်ဖွဲ့သီနေသော မျက်ဝန်းတစ်စုံသာ အမြင့်ဆုံး သင်္ကေတ အဖြစ်နှင့် ရပ်တန့် နေပါတော့သည်။ လူတွေဟာ ၀န်ခံတောင်းပန်ရမှာကို ဘာကြောင့် ဒီလောက်တောင် တွန့်ဆုတ်ကြပါ သနည်း။ စော်ကား လွန်ကျူးဖို့ကျ သူမလောက် သွေးဆူသွက်ရှသူ မရှိတော့ သလိုနှင့်။ “ဆရာမပဲ ဖြည့်ပေးပါလား” အနည်းငယ် မှုန်တင်းသော်လည်း စိုလက်နေသော မျက်ဝန်းနှင့် ခပ်ကွေးကွေး နှုတ်ခမ်းတွင် အားငယ်ရိပ်က ဖုံးဖိမရ ထင်ဟပ်နေသည်။ အို ဟုတ်သားပဲ။ ကျွန်မ ဘာကြောင့် ဒါကို မေ့သွားခဲ့ပါလိမ့်။ အားနာစိတ်ကြောင့် တင်းခြောက်နေသည့် နှလုံးသားပင် တစ်ခဏချင်း ပြေ လျော့ညံ့သက်သွားသလို ထင်ရသည်။ သူမမှ စာမရေး တတ်ပေပဲ။ ဒါနဲ့များ...။

လျှံတက်လာသည့် ဝေဒနာကို ခဏဘေးချကာ ဆောင်ရွက်ဖွယ် ကိစ္စမှန်သမျှကို ကျွမ်းကျင်သွက်လက်စွာ ဖြည့်ဆည်း ကူညီလိုက်ရ၏။ မသိတတ် သည်လား။ မ၀ံ့ရဲ သည်လားတော့ မဆိုနိုင်။ သူမကိစ္စများ ကူညီလုပ် ဆောင်ပေးသူကို နှုတ်ဆက် စကားပင် ပြောဖော်မရဘဲ လာလမ်းကို လှည့်ပြန်လေပြီ။ ဒီလိုဆိုတော့ ဘေးမှ ပါလာသော ပေစုတ်စုတ် ကလေးမလေးက မနေသာ သလို “ပြန်တော့မယ် ဆရာမ” ဟု မပွင့်တပွင့် ဆိုလေ၏။

ခေါင်းညိတ်လိုက်ရ သော်လည်း စိတ်ထဲမှာတော့ ခေါင်းခါနေမိသည်။ မျက်နှာမှာ နှပ်ချေးတွဲလောင်း၊ ဆံပင် ငှက်သိုက်ခေါင်းနှင့် သည်ကလေးမက စည်းကမ်းကြီး လှသည့် ဆရာမ ဒေါ်အေးမိ၏ တပည့်တဲ့။ သူမကို မနှစ်က စာသင် နှစ်တစ်နှစ်လုံး သနပ်ခါး အဖွေးသား၊ အုန်းဆီ တစိုစိုဆံပင်နဲ့ သူငယ်တန်း ကျောင်းသူ ခင်ထွေးရီပါဟု ပြောရင် ဘယ်သူ ယုံမှာလဲ။

အဲဒီတုန်းက သူကလေး ပါးပေါ်က သနပ်ခါးကို ဘယ်သူ လိမ်းပေးခဲ့သလဲ။ ဆံပင်ကို အုန်းဆီထည့်ပြီး ဖြီးသင်ပေးတာ ဘယ်သူလဲ။ မည်းညစ် နံစော်နေသည့် ကျောင်းဂါဝန်ကို လျှော်ဖွပ်ပြီး ၀တ်ဆင်ပေးခဲ့တာ ဘယ်သူလဲ။ အတွေးကို သမင်လည် ပြန်မိသည့် ခဏ နှလုံးသားမှ ဝေဒနာဟောင်းက တိုးဝှေ့လာ ပြန်သည်။ ခံပြင်းမှု...။ ပြင်းထန်လှသော အခံ ရခက်မှုကို ခံပြင်းမှုဟု ခေါ်ပါ သလား။ အားထုတ်မှုလုံ လောက်ပါလျက် ရည်ရွယ်ချက် မပြည့်လျှင် ခံပြင်းတတ်ပါ သလား။ ရလိုသူက ကြိုးစား ပါလျက် မလိုသူက ရသွားပါလျှင် ခံပြင်းနိုင်ပါသလား။ မှန်လျက်နှင့် အမှားဟုပြော ခံရလျှင်ကော ခံပြင်းဖူးပါ သလား။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ မိမိထားမိ သည့်စေတနာက အရာမထင်ဘဲ ဝေဒနာအဖြစ် ပြောင်းလဲ သွားခြင်းအတွက် ယူကျုံးမရ စွာ ခံပြင်းခဲ့ဖူးပါသည်။

ပထမဆုံး ကျောင်းဖွင့်စ နံနက်ခင်းမို့ ကျွန်မတို့အားလုံး ဖြူစင်စိမ်းလန်းစွာ သစ်လွင် တက်ကြွနေကြ၏။ ပြုံးရွှင် နွေးထွေးစွာ ဆီးကြိုနေသော ဆရာ၊ ဆရာမများ၏ ရင်ခွင်ဆီသို့ ကလေးများကလည်း ပျော်ရွှင် လှိုက်လှဲစွာ ပြေးဝင် လာကြသည်။
“ဆရာမကို လွမ်းနေ တာ”

“ဆရာမနဲ့ပြန်တွေ့ရဖို့ သမီးတို့ ဆုတောင်းနေတာ”

“သားက ကျောင်းပြန် ဖွင့်လို့ ပျော်နေတာ”

တစ်ယောက်တစ်ပေါက် နှုတ်ဆက်သံ စီစီညံညံ ကြားထဲတွင် အခန်းထောင့် နောက်ဆုံးတန်းမှ တိတ်ဆိတ် ငြိမ်ကုတ်နေသော ပုံရိပ် တစ်ခုကို ကျွန်မက အတန်း ထဲတစ်ချက် ဝေ့အကြည့်မှာ မြင်လိုက်ပါသည်။ ဖြူဝင့်စိမ်း တောက်မှုများကြားမှ ညှိုးငယ် ညစ်ထပ်နေသော ပုံရိပ် သဏ္ဌာန်မှာ ရောင်စုံ ပန်းခင်းထဲ ၀ဲပျံနေသော အသွေးစုံ လိပ်ပြာများကြားမှ လိပ်ပြာမည်း တစ်ကောင်လို သိမ်ငယ် နေရှာသည်။

ကျွန်မတို့ ကျောင်းကလေးမှာ သူငယ်တန်းမှ လေးတန်း အထိ ရင်ခွင်ပိုက် စနစ်ဖြင့် ကျောင်သားနှင့် ဆရာမ တစ်တွဲတည်း အတန်း တက်သွားသော စနစ်ကို ကျင့်သုံးသောကြောင့် မနှစ်က ကျွန်မ သင်ခဲ့သော သူငယ်တန်းမှ ကလေးများ အားလုံး ယခု ကျွန်မ၏ ပထမတန်း စာသင်ခန်းထဲမှာ အစုံအလင် ရှိနေခဲ့၏။ ဤစနစ်၏ အားသာချက် တစ်ခုမှာ ကလေး တစ်ယောက်ချင်းစီ ၏ အကျင့်စရိုက်ကို ကျွန်မ အသစ် လေ့လာစရာ မလိုတော့ပါ။ အားလုံးက ရင်းနှီး ကျွမ်းဝင်ပြီးသား။ ဘယ်လို ကိုင်တွယ် သင်ကြားရမည်ကို နားလည်ပြီးသား။ မိဘဆရာ ပေါင်းကူး တံတားကလည်း ခိုင်ခံ့ပြီးသားမို့ ကလေးတို့ စိတ်ချဝံ့ရဲစွာ လျှောက်လှမ်း ရုံသာ။

ဒီနေ့တော့ နောက်ဆုံး တန်းမှ လိပ်ပြာနွမ်းလေးကို ခေါ်ငင် နွေးထွေးလိုက်ဖို့ ကျွန်မကိုယ်၌က အားလျော့ တွန့်ဆုတ်မိတာအမှန်။ “ဆရာမက ပန်းပွင့်တွေလို ဘယ်လိပ်ပြာကိုမဆို ၀တ်ရည် မျှဝေချင်တာပါ ကွယ်။ အသွေးအရောင် မခွဲခြားရက်ပါဘူး။ ဒါပေမယ့်” အတွေး လက်စမသတ် နိုင်ခင်မှာ တစ်နွေလုံး အိပ် ပျော်ခဲ့ရသည့် ကျောင်းတက် ခေါင်းလောင်းလေးကလည်း လွင်လွင်စီစီညာသံ ပေးကာ တစ်နှစ်တာ၏ အဦးဆုံးနေ့ကို ကြိုဆို နှုတ်ခွန်းဆက်တော့သည်။

“မင်္ဂလာပါ ဆရာမ”

“မင်္ဂလာပါ ကလေး တို့ရယ်”

မင်္ဂလာရှိလှသော ဆရာ တပည့်နှုတ်ဆက်သံကလည်း ကျောင်းကလေးတစ်ခုလုံး အတန်းတိုင်း လွင်ဟိန်းသွား ကာ ကျွန်မတစ်ကိုယ်လုံး ကြက်သီးမွေးညင်း ညံ့ညံ့ပြေးသွားတော့၏။
ကျွန်မ ဒီအလုပ်ကို ချစ်မြတ်နိုးလှပါသည်။ ဥယျာဉ်မှူးလို ရေလောင်း ပေါင်းသင် သြဇာ ထည့်ကျွေး ရသော ဘ၀၊ အိုးသည်လို ပုံစံကျန ခိုင်ခံ့စေရန် စေတနာ ကောင်းဖြင့် ပုတ်ရိုက်ပုံသွင်း ပေးရသော ဘ၀၊ ပန်းပွင့်လို ၀တ်ရည်မျှဝေ တိုက်ကျွေးရသော ဘ၀။

သို့ပေမယ့် ကျွန်မကပဲ အကဲပါ ဆတ်ဆော့လွန်းလေ သလား။ သင်ကြားရေး တစ်ခုတည်းမှာ အာရုံလက်စ မသိမ်းနိုင်ဘဲ ကလေးတွေ၏ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကျန်းမာရေး၊ စိတ်ဓာတ်ရေးရာတွေ အထိ ထဲထဲဝင်ဝင် လုပ်ပိုင်ခွင့် စည်းတွေ ကျော်မိ၏။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ရှင်းလင်းသင်ပြလျှင် တာဝန် ကျေပေမယ့် ကိုယ်တိုင် ခြေသည်းလက်သည်း ညှပ်ပေး၊ နားဖာချေး(ဂျီး)ကလော် ပေးနှင့် သူများမျက်မှောင် ကျုံ့စရာ ဖြစ်အောင် စေတနာ ပိုချင်မိတာ ကျွန်မ အမှားလား။ ကျန်းမာရေး အသိ အတွက် နည်းပေး လမ်းညွှန်လျှင် လုံလောက်ပါလျက် ကိုယ်တိုင်ဆေးတိုက်၊ အနာ သုတ်သင်ပေးနှင့် ပတ်ဝန်းကျင်မှာ အပိုအလုပ်တွေကို အများတကာ နှာခေါင်း ရှုံ့စရာ ဖြစ်စေပြီလား။ သုစရိုက် ဒုစရိုက် ခွဲခြားပြရုံ၊ အပြစ် ပေးရုံလောက်နှင့် အားမရဘဲ စေတနာ လွန်ကဲကာ ကရုဏာ ဒေါသနှင့် ရိုက်နှက်မိပြန်တော့လည်း ပြဿနာအိုးကို တုတ်နဲ့ ထိုးမိတာပါပဲလား။

“ဆရာ၊ ဆရာမတွေ ကျောင်းသားကို ရိုက်နှက်ပြီး စာမသင်ရဘူးလို့ စည်းကမ်း ထုတ်ထားတာ ဆရာမ သိတယ် မဟုတ်လား”

“ကျွန်မ ရိုက်လိုက်မိတာ ၀န်ခံပါတယ် ဆရာကြီး။ ဒါပေမယ့် ဒီကလေး စာမရလို့ ရိုက်တာ မဟုတ်ပါဘူး။ စာမတတ်တာကို တတ်အောင် ကျွန်မ သင်ပေးပါတယ်။ ကျွန်မ ရိုက်တာက စာရိတ္တ ချို့ယွင်းနေလို့ပါ”

“ဘာပဲဖြစ်ဖြစ် မရိုက် ရဘူးလို့ စည်းကမ်း ထုတ်ထားရင် မရိုက်ပါနဲ့ ဆရာမ။ စေတနာကို ရပ်သင့်တဲ့နေရာ မှာ ရပ်လိုက်နိုင်ရင် ဝေဒနာ မဖြစ်တော့ဘူးပေါ့။ နောက် တစ်ခါ ဆင်ခြင်လိုက်ပါ ဆရာမရယ်”

ကျွန်မ ရင်ထဲကဝေဒနာ အတိမ်အနက်ကို ခန့်မှန်းမိပုံ ရသည့် မြို့နယ် ပညာရေးမှူး ၏ ကရုဏာ မျက်ဝန်းက ကျွန်မစိတ်ကို ဖြေသိမ့်မှုပေး ဖို့ မလုံလောက်ပါ။ စေတနာဟာ ရပ်သင့်တဲ့ နေရာမှာ မရပ်ရင် ဝေဒနာ ဖြစ်မယ်တဲ့။ အမှန်ပါပဲ။ မိဘက လမ်းဘေးမှာ ကွမ်းယာရောင်းပြီး မိသားစု ငါးယောက် ပါးစပ်ပေါက်တွေ အတွက် ရုန်းကန် ရှာဖွေ နေရသည်မို့ ခင်ထွေးရီလေးကို ခဲတံကောင်းကောင်း ၀ယ်မပေး နိုင်ပါ။ ကလေးမကလည်း အများတကာ သုံးသလို ခဲတံ ဘောပင် လှလှလေးတွေ သုံးချင်၏။ ဒီတော့ အတန်းထဲမှာ ခဲတံ ဘောပင်တွေ ခဏခဏ ပျောက်တော့သည်။ ကျွန်မက စစ်ဆေး ရှာဖွေလိုက်လျှင် ခင်ထွေးရီ လွယ်အိတ်ထဲက ချည်း အမြဲပြန်တွေ့တတ်သည်။ ပုံတိုပတ်စ၊ ဥပမာ တွေနှင့် ပြောဆိုဆုံးမရ၏။ လခထုတ်တော့ သူကလေး အတွက် ခဲတံဘောပင်တစ် ချောင်းဝယ်ပေးလိုက်သည်။ ကိစ္စက ဤမျှနှင့် မပြီးသေး။

ပိုက်ဆံရှိသူတွေ သုံးနိုင် သည့် နှစ်ထပ်ကွန်ပါ၊ သံလိုက်ကွန်ပါ၊ အရုပ်ကွန်ပါ ဘူးတွေကို ခင်ထွေးရီ လိုချင်လျက်နှင့် စိတ်ပင်မကူးနိုင်။ သူများ ကွန်ပါဘူးတွေကို ငေးကြည့်နေတာ မြင်ရတော့ ကျွန်မ စိတ်က မအေးနိုင်ပြန်။ အပွေးကုန်နေသည့် သနပ်ခါး တုံးကို အခွံခွာပြီး အနှစ်ကို သွေးလူးလျှင် အချိန်နည်း နည်းပိုကြာတာက လွဲပြီး ဆေးဖက်လည်းဝင်၊ ငွေကုန်လည်း သက်သာသွားမည်။ အဲဒီအတွက် သူကလေးကို သံကွန်ပါဘူးအသစ်တစ်ခု တော့ ၀ယ်ပေးလိုက်နိုင်ပါ သည်။ ဒါနှင့်လည်း ဇာတ်လမ်းက မသိမ်းသေး။

ကျောပိုးအိတ်ရောင်စုံ တွေကြားက လွယ်အိတ်စုတ်လေးကို အသနားပိုမိပြီး စွဲ လမ်းလှသည့် လက်ဖက်ရည်ကို နှစ်ပတ်လောက်အငတ် ခံလိုက်တော့ စွန့်လွှတ်ရကျိုးနပ်စွာ သူကလေးအပြုံးက လက်ဖက်ရည်ထက် ချိုအီနေ သဖြင့် ပီတိတွေ စားမိရပြန် သည်။ ဒီလိုနဲ့ ဂါဝန်တွေနံစော် ညစ်ပတ်နေတော့လည်း ကျောင်းရေကန်မှာ လျှော်ဖွပ်လှန်း၊ အသစ်ဝယ်ဝတ်ပေး။ သူမအမေ မီးဖွားနေတုန်းက ချေးလက်လေးသစ်နဲ့ ခေါင်းတွေ ချဉ်တူးနေတော့လည်း ကျောင်းရေကန်မှာပဲ ရေချိုး ခေါင်းလျှော်၊ အိမ်က သနပ်ခါး သွေးထည့်လာပြီး ဖြီးလိမ်း သန့်စင်ပေး။ တစ်ခါတစ်ရံ နေ့လယ်စာတောင် ကျွန်မ ထမင်းချိုင့်မှ မျှဝေကျွေးရ သည့် အခါလည်းရှိ၊ ဗလာ စာအုပ် ၀ယ်ပေးရသည့်အခါ လည်းရှိ၊ နေမကောင်းလို့ ဆေးခန်းလိုက်ပြပေးရသည့် အခါလည်းရှိ။

ဒါကို ကျောင်းနှင့် မနီးမဝေးမှာ ကွမ်းယာရောင်းသည့် ကလေးမိဘတွေက သိ၊ မသိ ကျွန်မ မြော်မြင်စရာ အကြောင်း မရှိပါ။ သူတို့ မပေး၊ မကျွေး၊ မဆင်နိုင်သော ကလေးကို ကျွန်မက တတ်နိုင်သလောက် စောင့်ရှောက် ပေးတာသာပဲ ရှိသည်။ ဘာအကျိုးမှ မျှော်ကိုးစရာ လည်း မလို။
“အပျိုကြီး ကလေး မွေးစားချင်နေပြီ ထင်တယ်။ အဲလောက်ထိ ဒုက္ခခံစရာလို လို့လားကွယ်”
လုပ်ဖော်ကိုင်ဖက် တချို့ကတော့ စာနာစိတ်ပဲ ထားသည်လား။ စကားနာ ထိုးပြီး ကဲ့ရဲ့ချင်သည်လား မဆိုနိုင်။ ကိုယ့်အလုပ်မဟုတ်ဘဲ အပိုတွေ လျှာရှည်လွန်း သည်ဟုလည်း ထင်ချင်ထင် ကြပေမည်။

ဒါပေမယ့် ဆင်းရဲသားလည်း လူပဲကွယ်။ လူသား ချင်း ရိုင်းပင်းရမည် မဟုတ်လား။ ကလေးမိဘတွေက ဆင်းရဲသည့်အပြင် စာပေလည်းမတတ်၊ အသိပညာ လည်းမရှိတော့ ကလေးတွေ မွေးပြီး ပြုစုပျိုးထောင် ပေးဖိုတာဝန် မသိ။ ဆိုဆုံးမဖို့လည်း အချိန်မရှိ။ ဒီတော့ ကလေးကို စာပြသည့် ဆရာမကပဲ လိုအပ် တာတွေ အလိုက်တသိဖြည့်၊ ဆုံးမပဲ့ပြင်ရမည့် တာဝန်ကို အလိုအလျောက်ယူ၊ ကလေး ဘ၀ရှေ့ရေးအတွက် အပူအပင်ကို ပခုံးတစ်ဖက် ၀င်လျှိုခဲ့ မိရသည်။ စေတနာသည် နေရာအထား မှားသွားပြီလား။

ကျွန်မက ဘယ်လောက် ဖြည့်ဖြည့် အတန်းထဲမှာ ခဲဖျက်ပျောက်၊ ပေတံပျောက်က တစ်ရက်မှ မလွတ်ပါ။ မအေကိုခေါ်ပြောတော့လည်း မတုန်မလှုပ်။ တဖြည်းဖြည်းနှင့် ပိုက်ဆံတွေပါ ပျောက်လာသည်။ ဒီတော့ ကလေးတွေ ကိုရော၊ ကလေးမိဘတွေကို ပါ မုန့်ဖိုး ပိုက်ဆံထည့် မပေးဖို့၊ တန်ဖိုးရှိတာတွေ ယူမလာဖို့ မှာရပြန်ပါသည်။ တစ်ဖက် ကလည်း ကလေးမကို ဆုံးမ စကားတွေ အမျှင်မပြတ် ပြောနေရသည်ပေါ့။

တစ်ရက်တော့ ကျောင်းသူလေး တစ်ယောက်၏ နာရီ ပျောက်မှုက ကျွန်မ၏ ကရုဏာ ဒေါသကို နှိုးဆွပေးလိုက်တော့ သည်။ ကောင်မလေးက သူ့အဖေမြို့တော်ကြီးမှ ၀ယ် လာသော နာရီပုံဆန်းလေးကို ခပ်ကြွားကြွား ပတ်နေခဲ့တာ တစ်ပတ်မျှ ရှိပါပြီ။ အဖိုးလည်း တန်ပြီး ကျွန်မတို့မြို့ လေးမှာလည်း ၀ယ်မရနိုင် သော ဒီဇိုင်း လှလှလေးမို့ ကျွန်မက အစ တစ်တန်းလုံးက စိတ်ဝင်တစားရှိကြသည်။ စပတ်လာသည့်နေ့က ကျွန်မ ကို ချွတ်ပြနေ၍ နောက်ဘယ် တော့မှ မချွတ်ဘဲ အမြဲပတ် ထားဖို့ ကျွန်မက သတိပေး ခဲ့ရသေး၏။


သို့ပေမယ့် မကြာခင်မှာပဲ ကျွန်မ စိုးရိမ်သလို နာရီပျောက် တိုင်ကြားမှုက မျက်ရည်စက်လက်နှင့် အတူ ကျွန်မ စားပွဲရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ ပါတော့သည်။ နာရီကလစ် ပြုတ်သွားလို့ ကွန်ပါဘူးထဲ ထည့်သိမ်းထားတာ မရှိ တော့လို့တဲ့။ လိုအပ်သမျှကို တတ်စွမ်းသရွေ့ ကျွန်မ စိုက်ထုတ် ဖြည့်ဆည်းပေးခဲ့၏။ ပုံတို ပတ်စတွေလည်း တတ်သမျှ မှတ်သမျှ ကုန်ပြီ။ ချော့တစ် ချက် ခြောက်တစ်လှည့် ပညာ ကုန်လည်း သုံးပြီးပြီ။ နွေး ထွေးမှုရော၊ ကြင်နာမှုရော အစွမ်းကုန် ပွေ့ပိုက်၍လည်း သွန်သင်ပြီးပြီ။ ဒီတစ်ခါတော့ တုတ်ကိုင်ရန်ပဲ ရှိတော့ သည်လေ။

“ကဲ ၀န်ခံမလား။ ဆရာမ ရှာရမလား”

ငြိမ်သက်နေသော အတန်းထဲမှာ ခဲတံတစ်ချောင်း ပြုတ်ကျလျှင်တောင် ကြားရ လောက်အောင် တိတ်ဆိတ်နေ ၏။ သူငယ်တန်း ကျောင်း သားလေးတွေ အတွက် နာရီ ပျောက် တရားစီရင်ခန်းက အလွန်ရိုးစင်းပါသည်။
“တစ်တန်းလုံး ခုံပေါ်မှာ ခေါင်းငုံ့ အိပ်လိုက်ကြပါ။ ခေါင်းကို လုံးဝ မော့မကြည့် ရဘူးနော်။ အေး ဆရာမက ဘယ်သူ့ လွယ်အိတ်ထဲမှာ နာရီ ရောက်နေသလဲ ဆိုတာ သိပြီးသား။ ဒီတော့ ဆရာမက နာမည် ခေါ်လိုက်တာနဲ့ အဲဒီ လူက နာရီကို စားပွဲပေါ်လာ တင်ပေးပါ”

အမှန်တော့ ဘယ်သူ့ နာမည်မှ မခေါ်လိုက်ရပါ။ တစ်ခန်းလုံး ခေါင်းငုံ့ပြီးချိန် မှာ ကျွန်မက “အဟမ်း” ဟု ချောင်းတစ်ချက်ဟန့်လိုက်ရင် ပဲ မျက်ရည်ဝေ့လည်နေသော မျက်ဝန်းတစ်စုံက စိုးထိတ် လန့်ဖြတ်စွာ မော့ကြည့်လာ ပါသည်။ ကျွန်မက လက်ညှိုး ထောင်ပြီး မျက်လုံးပြူးပြ လိုက်တော့ ပိုးပိုးပေါက်ပေါက် မျက်ရည်များနှင့် နာရီကို စားပွဲပေါ်လာတင်ပါ တော့သည်။

“ဘယ်သူမှ မော့ မကြည့်နဲ့။ အပြစ်ရှိတဲ့ သူကို ဆရာမ အပြစ်ပေးမယ်။ ဆရာမ မော့လို့ ရပြီပြောမှ မော့ရမယ်နော်”
နောက်ဆုံးချိန်အထိ ကလေးမလေး၏ စိတ်မှာ ဒဏ်ရာ ရမသွားအောင် ကျွန်မ ကာကွယ်ပေးခဲ့မိသေးသည်။ ရွံရှာစက်ဆုပ်စွာ ၀ိုင်းကြည့် ကြမည့် မျက်လုံးများ၊ အများ က တရားခံဟုသိသွားရင် ခံစားရမည့် သိမ်ငယ်စိတ် များကို အတတ်နိုင်ဆုံး ရှောင်ကွင်းစေခဲ့သည်။
စားပွဲပေါ်မှ ကလစ် ပြုတ်နေသည့်နာရီလေးကို ကိုင်ပြီး “ဘာလို့ ယူတာလဲ” ဟု ကျွန်မက မေးတော့ ကလေးမမျက်လုံးတွေက ကျဉ်းမြောင်းမှေးကုတ်သွား ၏။ ငိုမဲ့မဲ့နှင့် အံကလေးကြိတ် နေပြီး ပြန်တော့မဖြေပါ။

ကျွန်မ ကြိမ်လုံးနှင့် သုံးချက် ရိုက်လိုက်ပါသည်။ ရင်ထဲမှာတော့ မကောင်းလှပါ။ ဒေါသလည်းဖြစ်၏။ ၀မ်းလည်းနည်း၏။ စိတ်လည်း ထိခိုက်ပါသည်။ နာရီ တစ်လုံးလောက်အ ထိတော့ ၀ယ်ပေးနိုင်သည့် အင်အား ကျွန်မမှာ မရှိတာ သေချာပါ သည်။

“ဟယ် ဒီကလေးမ ဒေါ်အေးမိ အခန်းထဲမှာပဲလား”

ကျောင်းကို လှည့်လည် ကြည့်ရှုနေသော ကျောင်းအုပ် ဆရာမကြီးက ကျွန်မအခန်း ရှေ့အရောက်မှာ အံ့အားတသင့် ပြောလိုက်၏။ “ကျွန်မမှ မဟုတ်ရင် ဘယ်အခန်းကရော လက်ခံချင်ပါ့မလဲ ဆရာမကြီးရယ်”

“အင်းလေ ဟုတ်ပါ တယ်။ သူ့အမေကသာ ကျောင်းပြောင်း မလေးဘာလေး နဲ့ အသံကောင်း ဟစ်နေတာ။
“ဒေါ်အေးမိလည်း စိတ် အနှောင့်အယှက် မဖြစ်ပါနဲ့ ကွယ်။ စေတနာဟာ တစ်နေ့ တော့ အရာ ထင်မှာပါ”

စေတနာက အရာထင် မထင် မသေချာသော်လည်း နာနာကျင်ကျင် ထိခိုက်ခဲ့ရတာ ကတော့ နာရီတရားစီရင်ခန်း အပြီး နှစ်ရက်အကြာမှာပဲ ဖြစ် သည်။
“ဆရာမ ဒေါ်အေးမိကို မြို့နယ် ပညာရေးမှူးဆီမှာ တိုင်စာရောက်လို့တဲ့။ တိုင်တဲ့ သူက ခင်ထွေးရီရဲ့အမေ ဒေါ်အမာတဲ့”ဆိုသည့် သတင်းဟာ ကျွန်မတို့၏မူလတန်း ကျောင်းလေးမှာရော ၀န်းကျင် တစ်ဝိုက်က ကျောင်းသား မိဘတွေကြားမှာရော ဟိုးလေး ကိုကျော်သွားပါရောလား။
“ဟဲ့ အမာက တိုင်စာပို့ ရအောင် စာတောင် တစ်လုံး မတတ်တဲ့သူကများ”

“အမလေး ရပ်ကွက် ထိပ်က လက်ဖက်ရည်ဆိုင်မှာ အမြဲစတည်း ချနေကျ ဦးသာစိန်လေ။ သူက ဘယ်ရုံးက ဆိုလဲ စာရေးဟောင်းတဲ့။ ဘာကိစ္စညာကိစ္စ တိုင်ချင် တောချင်တာရော၊ လျှောက်လွှာတွေ ဘာတွေရော ဒိုင်ခံ ရေးပေးသတဲ့။ အမာက သူ့ သမီးကို ဆင်းရဲလို့၊ တံစိုး လက်ဆောင် မပေးနိုင်လို့ တမင်နှိမ်ပြီး အပြစ်ရှာရိုက် ပါတယ်လို့ တိုင်သတဲ့”

ဒီလို ရပ်ကွက်သတင်း တွေကလည်း စုံနေအောင် ထွက်လာပါတော့သည်။ ကျွန်မမှာ ရှက်လည်းရှက်၊ စိတ်လည်းထိခိုက်ရပါသည်။ လောကမှာ လူတွေဟာ သူတို့ အပေါ် အခါတစ်ရာကောင်းခဲ့ ပါစေဦး။ တစ်ခါအလိုမကျ တာနှင့် ရှေ့ကကောင်းခဲ့သမျှ ဟာ အကုန်ပျက်တော့တာပါ လားဟု သံဝေဂလည်းရမိပါ သည်။
“ဆရာမလောက် သူတို့ အပေါ်ကောင်းတဲ့သူကို ဒီလို မိုက်ရိုင်းတာ အံ့ပါရဲ့ရှင်။ ဆရာမ ဘာမှစိတ်မပူနဲ့။ ပညာရေးမှူးရုံးကို ကျွန်မတို့ လိုက်ပြီး သက်သေခံမယ်”ဟု ကျွန်မဘက်က ခံပြင်းပြီး နားလည်သူလည်းရှိရဲ့။ “အဲဒါပဲလေ။ ဒီလို အတန်း အစားတွေနဲ့ အရောဝင် ပတ်သက်ချင်တာကိုး။ အပို အလုပ်တွေနဲ့ သူတော်ကောင်း မကြီး၊ ကယ်တင်ရှင်မကြီး ဖြစ်ချင်တာကိုး” ဟု အားရတဲ့ သူကလည်း အားရကြပါသည်။

“ကျွန်မကတော့ အလုပ်တောင် ထွက်ချင်စိတ် ပေါက်သွားတယ် ဆရာမကြီးရယ်”

“ဒေါ်အေးမိ ဘေး စကားတွေကြားပြီး ဘာမှ မတုန်မလှုပ်ပါနဲ့။ပညာရေး မှူးရုံးဆီ ကျွန်မတို့ နှစ်ယောက် သွားကြမယ်။ ဘာတစ်ခုမှလည်း ညာစရာမလိုဘူးလေ။ ကျွန်မ ယုံကြည်တယ်။ အဖြစ် မှန်ကို အကုန် ပြောပြလိုက်ရင် ပညာရေးမှူးလည်း နားလည် မှာပါ”

အားလုံးထဲမှာ ကျောင်းအုပ် ဆရာမကြီး၏ နားလည် ဖေးမမှုကတော့ ကျွန်မ ရှေ့ ဆက်ရမည့် ခရီးကို ရဲဝံ့ခိုင်မာ စေခဲ့ပါ၏။
သည်လိုနှင့် ပထမ တန်းစာသင်နှစ်တစ်ပတ်သာ ကျော်လာသည်။ ပစ္စည်း ပျောက်တိုင်သံ မကြားရသေးပါ။ ဘယ်အချိန်တိုင်သံ ကြားရမလဲဟု တထိတ်ထိတ်နှင့် ကျောင်းဆင်းတိုင်းလည်း ကိုယ့်ပစ္စည်း ကိုယ်တစ်ခုချင်း စစ်တတ်ဖို့ အော်ဟစ်သတိ ပေးရ၏။ ပစ္စည်းပျောက်တိုင်သံ မကြားရသေးသလို ဒေါ်အမာ၏ တောင်းပန် စကားကိုလည်း တစ်ခွန်းမှ မကြားရသေးပါ။ ထို့အတူ ကျောင်းတက်ချိန်တိုင်း မရွံ့မရဲလေး ခိုးကြည့် နေတတ်သော မျက်ဝန်းလေး ကိုလည်း ကျွန်မ လျစ်လျူရှု ရှောင်ရှားနေမိပါသည်။

မနှစ်က နာရီပျောက် ကိစ္စများ၊ တိုင်စာ ကိစ္စများကို မောလျစွာ ကျော်ဖြတ်ပြီးသည့် နောက်မှာတော့ ကျောင်းအုပ် ဆရာမကြီးက ဆရာမကို တောင်းပန် စကားပြောရမည် ဟု ဒေါ်အမာအား ခပ်တင်းတင်း သတိပေးခဲ့သေး၏။ “နောင်နှစ်ကျ ကျောင်းပြောင်းမယ်” ဆိုသည့် သတင်းသာ ထွက်လာသည်။ တောင်းပန် စကားက ကျွန်မ နားကို ရောက်မလာပါ။

စာမတတ်ရုံနှင့် အမှား အမှန်ကို သည်လောက်တောင် မခွဲခြားတတ်တော့သည့် နုံနဲ့ သောဦးနှောက်ကိုတော့ ကျွန်မ အံ့သြရသည်။ ကလေးကဖြင့် တစ်တန်းလုံးက တဖြည်းဖြည်း ဖယ်ကြဉ်ရင်း နောက်ဆုံးတန်း မှာ ချောင်ကပ်ပြီး အထီးကျန် နေပြီ။ ဆရာမက ကြီးသည့် အမှုငယ်အောင်၊ ငယ်သည့် အမှုပပျောက်အောင်၊ အတန်း ထဲကကိစ္စ အတန်းထဲမှာ တင်ပြီးအောင် ဆောင်ရွက် သော်လည်း စာတစ်တန်ပေ တစ်ဖွဲ့နှင့် သူတို့က ကိုယ့် အထုပ်ကိုယ်ဖြေခဲ့သည်လေ။ ဒီတော့ မိဘတွေကလည်း ကိုယ့်ကလေးကို လူရွေးပေါင်းဖို့ သွန်သင်မည်မှာ အသေ အချာ။ ဆရာမကိုယ်တိုင် ကလည်း ဘေးရောက်သူကို စိတ်နှလုံးကြီးကြီးနှင့် လက်ကမ်း ထွေးပွေ့ဖို့ တွန့် ဆုတ်သွားခဲ့ပြီ။ လှမ်းကြည့် မိတိုင်း ရင်နာနာနှင့် မျက်လုံး လွှဲဖယ်မိပြီ။

တောင်းပန်စကား မဟုတ်ရင် နေပါစေဦး။ မအေ ကများ တစ်ခွန်းလောက် အားနာစကားလေးဆိုလိုက်ရင်။ တွေဝေနေသော ကျွန်မနှလုံးသားက ချက်ချင်းပူနွေးလာ မည်မှာ အသေအချာပါ။ နွေရာသီသုံးလ လခထုတ်တိုင်း ၀ယ်ထားမိသည့် ခဲတံ၊ ပေတံ နှင့် ဂါဝန်စိမ်း တချို့က ကျွန်မ ဗီရိုလေးထဲမှာ ပေကပ်ကပ် ဖြင့် ကျန်နေခဲ့ရတာ နေ့တိုင်းလေ။ ကျွန်မ လက်တွန့်သွား ခဲ့ရတာ ဘာကြောင့်လဲ။ ကျွန်မစိတ်တွေ မရဲတင်းတော့တာ ဘာကြောင့်လဲ။ ကဲ့ရဲ့ တင်းဆို ငြိုငြင်ချင်သည့် ပတ်ဝန်းကျင်ကို လျစ်လျူရှု ပြီး ယုံကြည်ရာ ဆက်လျှောက် ၀ံ့သည့် ကျွန်မ ၀ိညာဉ်တွေ အတွက် အင်အား တစ်ခုခုလို နေပြီ ဆိုတာကိုတော့ ကျွန်မ သိလိုက်ပါသည်။

မနက်ခင်း နေခြည်နုနုမှာ ကျောင်းစိုက်ခင်းထဲ ဆင်းရမည်ကို ကျွန်မတို့ ဆရာ တပည့်တွေ စိတ်စောနေကြ လေသည်။
ကျွန်မတို့ ကျောင်းမှာက မနက်တိုင်း အတန်းတစ်တန်းစီ အလှည့်ကျ ကျောင်းတာဝန် တွေကို ခွဲဝေပြီး လုပ်နေကျ ဖြစ်သည်။ ဒီနေ့တော့ ကျွန်မ တို့အခန်းက စိုက်ခင်းထဲ တာဝန်ကျသည်။ ကျောင်း စိုက်ခင်းက သိပ်မကျယ်သော်လည်း ပန်းမျိုးတော်တော်စုံ သည်မို့ ပျော်စရာ ကောင်းလှသည်။ ပန်းတချို့ပွင့်နေသည် မို့လည်း မွှေးရနံ့နှင့်အတူ လိပ်ပြာလေးတွေ ၀ဲပျံနေ၏။ ကလေးတွေက ရေလောင်း ပေါင်းသင်ရင်း၊ သစ်ပင်စိုက် ရင်း ရောင်စုံလိပ်ပြာလေးတွေ ကို သူ့လိပ်ပြာ၊ ငါ့လိပ်ပြာနှင့် လက်ညှိုးထိုးကာ ခွဲဝေ လုယက်နေ၏။

“ဆရာမ၊ ဆရာမ လိပ်ပြာတွေက ရှိတဲ့ပန်းထက် ပိုများနေတော့ ၀တ်ရည်တွေ ဘယ်လောက်မှာလဲနော်။ ဟေ့ ဒီပန်းပွင့်ကို ငါဦးလိုက် ပြီ။ ငါ့လိပ်ပြာအဖြူလေးက လွဲပြီး ဘယ်သူ့လိပ်ပြာမှ ပေး မနားတော့ဘူး။ ငါ့လိပ်ပြာလေး ပန်းဝတ်ရည် မ၀မှာ စိုးလို့”

“ဟေး ဒါဆို ဒါငါ့ပန်း။ ငါ့လိပ်ပြာက အ၀ါ”

“ငါ့လိပ်ပြာက အကျား လေး”

“ငါ့လိပ်ပြာက...”
ကလေးတို့သဘာဝ ဆရာမကို ပြောရင်း၊ ငြင်းခုံလုယက်ရင်း ပျော်ရွှင်ရယ် မောနေကြတာ မြင်ရတော့ ကျွန်မလည်း မွန်းကျပ်မှုတွေ လျော့ပါးသွားသလို ထင်ရ၏။ သဘာဝ၏အသွေး အရောင်တွေကြားမှာ သဘာဝ ၏ရင်သွေးငယ်တွေ လွတ်လပ် စွာ ပျံဝဲကြပါစေ။
“ဟာ ဒီလိပ်ပြာမည်း ကြီးက ဒီလောက်မောင်းထုတ် နေတာတောင် မရဘူး။ ကြည့် စမ်း၊ ငါ့ပန်းလေးကိုပဲလာဝဲ နေတာပဲ။ သွား၊ သွား။ ဟဲ့ ခင်ထွေးရီ နင့်လိပ်ပြာမည်းကြီးကို လာခေါ်သွားစမ်း။ ရုပ်ဆိုးလိုက်တာ”

ကလေးသဘာဝ ကတ် သီးကတ်သတ် အနိုင်ယူချင်ပုံ များတော့ မလှသည့်လိပ်ပြာ အမည်းရောင်ကို ကျတော့ မျက်နှာမွဲလေး ခင်ထွေးရီကို ပေးသတဲ့။ ကျွန်မရယ်လည်း ရယ်ချင်။ သနားလည်း သနား သွားရသည်။
“အို ကလေးတို့က လည်းကွယ်။ ပန်းဆိုတာ ဘယ်လိပ်ပြာ နားနား မငြိုငြင် ရှာပါဘူး။ အရောင်အဆင်း ခွဲပြီး တောက်ပတဲ့ လိပ်ပြာတော့လာ၊ မွဲခြောက်တဲ့ လိပ်ပြာတော့ သွားလို့လည်း မနှင်တတ်ပါဘူး။ အနားမှာ ရှိသမျှ လိပ်ပြာလေးတွေကို သူ့ဝတ်ရည်တွေ မျှဝေ တိုက်ကျွေး တာပါပဲကွယ်။
“ဆရာ၊ ဆရာမတွေက ပိုက်ဆံချမ်းသာတဲ့ တပည့်ပဲ ဖြစ်ဖြစ်၊ ဆင်းရဲတဲ့ တပည့်ပဲ ဖြစ်ဖြစ်၊ လိမ္မာတဲ့ တပည့်ရော ဆိုးတဲ့တပည့်ရော၊ စာတော် တဲ့သူရယ် စာညံ့တဲ့သူရယ် မခွဲခြားဘဲ အားလုံးကို တန်း တူချစ်ခင်ပြီး ပညာသင်ပေး သလိုပဲပေါ့။

“သားတို့၊ သမီးတို့လည်း ကိုယ့်အတန်းသား အချင်းချင်း ခွဲခြားဆက်ဆံတာ၊ နှိမ့်ချအထင်သေးတာ၊ အနိုင်ကျင့်တာမျိုး ဘယ်တော့မှ မလုပ်ရဘူးနော်။ ဒါမှ မြင့်မြတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်သူဖြစ်မှာ”

ပြောသာ ပြောရသည်။ ကျွန်မဆိုသည့် ၀တ်ရည်ဝေမျှ ချင်သည့်ပန်းက လေပြင်း အတိုက်မှာ အငိုက်မိသွားလို့ စိတ်နှလုံး မလန်းရွှင်နိုင်တာ ကိုယ့်ဘာသာကိုယ်ပဲ သိပါ သည်။ မြင့်မြတ်သည့်နှလုံး သားကို မြတ်မြတ်နိုးနိုးတွယ် ဖက်ထားနိုင်ဖို့ အားတစ်ခုတော့ လိုနေလိမ့်မည်။ အဲဒါက ဒေါ်အမာ၏ တောင်းပန် သံလား။ တစ်စုံတစ်ဦး၏ နှစ်သိမ့်မှုလား။ ပတ်ဝန်းကျင်၏ နားလည်မှုလား။ မသေချာ ပါ။

ဘာပဲဖြစ်ဖြစ် လန်းဆတ်သည့် လေကို ရှူရှိုက်ပြီး စိမ်းမြသည့် အပင်တွေကြားမှာ နေလိုက်ရလို့လား မသိ။ ကျွန်မစိတ်တွေ ကြည်ရှင်း သွားပါသည်။ အတန်းထဲ ရောက်ပြီး မကြာပါ။ ကျွန်မ စားပွဲပေါ် ပေတံလှလှလေး တစ်ချောင်း ဖျတ်ခနဲ တင်လိုက်တာ တွေ့သည်မို့ အမှတ် ခြစ်နေရာမှ မော့ကြည့်လိုက် မိ၏။
 
လိပ်ပြာမည်းလေး ခင်ထွေးရီ။

“သမီးခုံအောက်မှာ ကျနေတာတွေ့လို့ လာတင်တာပါ ဆရာမ”

ရုတ်တရက် အားလျော့ နေသည့် နှလုံးသားသည် ခေါင်းမတ်သွားသလို ထင်ရ၏။ ဆရာမကြီး ပြောသလို စေတနာသည် အရာ ထင်လေပြီလား။ ယုံကြည်ရာလမ်းကို ဆက်လက် လှမ်းလျှောက်ဖို့ရာ အား များစီးဝင်လာသလို ပေတံလေးကို ကျေးဇူးတင်စွာ ခပ်တင်းတင်း ဆုပ်ကိုင်လိုက် မိသည်။
အရောင်မွဲမွဲ လိပ်ပြာမည်းလေး တစ်ကောင်၏ တောင်ပံပေါ်မှာ အဖြူရောင် ဆေးကွက်တွေ သဘာဝ ပြောင်းပြီး ပေါ်လာတာ မြင်ဖူးကြ မလားတော့ မသိပါ။ စိုက်ခင်းထဲက လိပ်ပြာရောင် စုံကြားမှာ ပန်းတစ်ပွင့်ကတော့ ကျန်းမာစွာ ပြုံးနေလေသည်။


 ဝေ၊စီးပွားရေးတက္ကသိုလ်၊