စိတ်ကျွံ ဒဏ်ရာ



ကိုယ့်ကိုယ်ကို မဆယ်နိုင်တဲ့တစ်နေ့မှာ
မင်းဟာ ကိုယ့်ရဲ့ကောက်ရိုးတစ်မျှင်ပါ။

မျှော်လင့်ခြင်း လတစ်စင်းရဲ့ဆွဲငင်အား
ဆန္ဒရောင်စုံတွေ ဘောင်ဘင်ခတ်လာတဲ့နှလုံးသားမှာ
တကယ်တော့ ကိုယ်ဟာ မောဟကိုမျှားနေခဲ့သူ။

မိုးကလည်း မသည်းဘူး
လေကလည်း မထန်ဘူး
ဒါပေမဲ့ ရင်ထဲမှာ မုန်တိုင်းသံတွေညံနေတယ်။

တိုက်ပွဲက နှစ်ဖက်မရှိဘဲ ပြင်းထန်ခဲ့တာ အံ့သြစရာပဲ
ခရာမမှုတ်ခင် သောသောညံခဲ့ စစ်ချီတေး
စကားလုံးကျည်ထိုးပြီး ပစ်တဲ့ သေနတ်များ
ယမ်းငွေ့မဝေဘဲ သွေးစက်တွေချင်းချင်းနီခဲ့ပေါ့။

စိတ်ဒဏ်ရာကို ကုစားနိုင်မှာ စိတ်နဲ့လား
အကောင်းအတိုင်းမဖြစ်တောင် အနာတရအနည်းဆုံး
အဆိုးဆုံးမရောက်အောင် စာနာမှုအများဆုံး။

ကိုယ်သာနာစေ စိတ်မနာစေနဲ့..တဲ့
သံကွန်ချာအထပ်ထပ် ဘယ်လောက်ကာရံထား
သညာအသိက ဥာဏ်အရှိလို အနှစ်မပါ
စိတ်ကျွံတာ စကားအကျွံထက် နှုတ်ရပိုခက်ခဲ။

မနစ်ခင် အမီဆယ်နိုင်ပါ့မလား
တအိအိပြိုကျလာတဲ့ သောကများ
သံသယက အားပေးစကားအယောင်ဆောင်
ကောက်ရိုးမျှင်နဲ့ ထိုးဝါးလွန်ဆွဲပွဲ
ကမ်းလက်တွေလား ဓားသွားလား...

ကိုယ့်ကိုယ်ကို မဆယ်နိုင်တဲ့ တစ်နေ့မှာ....


ဝေ(စီးပွားရေးတက္ကသိုလ်)

“ တိုက်ပွဲခေါ်သံ တိတ်စေရန် ” ( ရသစာတမ်း)


ဒါကိုတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်က အပေါင်းလက္ခဏာ အပြောင်းအလဲအဖြစ် မသတ်မှတ်ချင်ပါ။

ဒီနှစ် ဗြောက်အိုးဖောက်သံတွေက အရင့်အရင်နှစ်တွေကထက် နားကွဲလုမတတ်၊ လန့်ခုန်ရမတတ်၊ စိတ်အနှောင့်အယှက် ပေးလှသည်။

တစ်ခါတစ်လေများဆို လက်နက်ကြီးနှင့် အထုခံရသလို အုန်းကနဲ အုန်းကနဲ မြေကြီးပင် သိမ့်သိမ့်တုန်သွားမတတ်။

တစ်ချက်တစ်ချက်တော့လည်း အိပ်တန်းတက်ပြီးသား ငှက်တွေပင် လန့်ပျံရလောက်အောင် ၀ုန်းကနဲ။ ပေါက်ကွဲပြန်ပါသေး၏။

ဒီဗြောက်အိုးတန်ဖိုးတွေ မသေးလှတာ သမီးလေးပူဆာသည်နှင့် မီးရှူးမီးပန်းဆိုင်ရောက်ခဲ့၍ သိခဲ့ရပြီးပြီ။

သမီးက ဆယ်နှစ်သာသာ ကလေးစိတ်ပဲရှိသေးသည်မို့ သူများတွေကိုအားကျကာ မီးပန်းဝယ်ပေးဖို့ သူ့အစ်ကိုကို ပူဆာပါသည်။

အစ်ကိုကလည်း ဒီအရွယ်ကိုဖြတ်ကျော်လာတာ မကြာသေးသူမို့ နှမငယ်ကို ကိုယ်ချင်းစာပြီး မိဘတွေဆီမှာ ရှေ့နေလိုက်ပေးလေ၏။

သည်လိုနှင့် အန္တရာယ်ရှိနိုင်တာတွေ၊ အသံဆူညံတာတွေ မ၀ယ်ကြဖို့၊ ချစ်စရာမီးပန်းလေးလောက်နှင့်သာ ကျေနပ်ကြဖို့.. သဘောတူညီချက် အရင်ယူရတော့သည်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ငယ်ငယ်တုန်းကလည်း မီးပုံးလေးတွေထွန်းရတာ၊ မီးပန်းလေးတွေ လက်ထဲဝှေ့ယမ်းကစားရတာကိုက သီတင်းကျွတ်ညချမ်း၏ မမေ့နိုင်သည့်အရသာမဟုတ်လား။

ဆိုင်ရှေ့ကိုရောက်လာတော့ ကျွန်မက ငွေတစ်ထောင်ထုတ်ပေးလိုက်ပြီး မောင်နှမနှစ်ယောက်ကို အတူသွားဝယ်စေလိုက်သည်။ပြန်အလာမှာ ပေသီးလေးတစ်ထုပ်နှင့် မီးပန်းလေးတစ်ခုသာ ပါလာကာ.. “ တစ်ထောင်ဖိုးဆို... အရင်လို ဘာမှလည်းမရတော့ဘူး... မေမေ..” ဆိုပြီး သမီးက လူကြီးလေးလို ညည်းညူတော့၏။

“ သူများတကာ အနှောင့်အယှက်ဖြစ်မယ့် အသံတွေမ၀ယ်တာ အကောင်းဆုံးပဲ သမီး။ တစ်ထောင်ဆိုတာ လက်လုပ်လက်စား မိသားစုအတွက် ဟင်းတစ်ခွက်ရတယ်” ဟု ကျွန်မကပြောတော့လည်း ထူးထူးခြားခြား မအေစကားကို သမီးက စောဒကမတက်ရှာပါ။

ဆိုင်ရှေ့မှာတော့ လူတွေတိုးကြိတ်ဝယ်ယူနေကြသည်မှာ စီးပွားရေး ကျပ်တည်းမှုအကြောင်း တစ်ခါမျှ မညည်းညူဖူးသူတွေအတိုင်းပင်။

ဆိုင်ကလေးပတ်ပတ်လည် ချိတ်ဆွဲထားသည့် မီးပုံးတွေမှာရော၊ စီခင်းထားသည့်ပစ်္စည်းများ အားလုံးပေါ်မှာပါ ဘူးသီးငါးပေါင်းကြော် စာတွေကလည်း အခန့်သား။

ကြည့်နေရင်း ကြည့်နေရင်း... ၀ယ်သူတွေလက်ထဲမှ ငွေစက်္ကူတွေ ဈေးသည်ပိုက်ဆံပုံးထဲသို့ လက်ပြောင်းရောက်သွားသည်ဟု

တည့်တည့်မမြင်နိုင်တော့ဘဲ မြန်မာပြည်သားတွေရင်ဘတ်ထဲမှ တစ်စုံတစ်ခုက အရှေ့ဘက်နယ်စပ်ကိုကျော်ပြီး မဟာတံတိုင်းပေါ် သွားချိတ်နေသလိုလို ခံစားလာရပါတော့သည်။

xxxxxx

“ ဒီဗြောက်သံတွေ၊ မြေကြီးသိမ့်သိမ့်တုန်သွားစေတဲ့ အမြှောက်သံလိုဟာတွေကို အရသာခံပြီး ဖောက်နေကြတဲ့သူတွေကို တကယ်ပစ်ခတ်နေကြတဲ့ တိုက်ပွဲတွေထဲကို ခေါ်သွားပြချင်တယ်။ သူတို့ အပျော်ကစားပစ်လိုက်တဲ့၊ မီးရှို့ပစ်လိုက်တဲ့ ပိုက်ဆံတွေဟာ အဲဒီတိုက်ပွဲဖြစ်နေတဲ့ ဒေသက စစ်ပြေးဒုက်္ခသည်တွေအတွက် ဘယ်လောက်လိုအပ်နေတယ်ဆိုတာကို သိစေချင်လိုက်တာ...” ဟု အိမ်ပြန်ရောက်သည်နှင့်ကျွန်မက မနေနိုင်မထိုင်နိုင် ပြောလိုက်မိသွားတော့...

“ ဟင်.. မေမေက တိုက်ပွဲထဲ ရောက်ဖူးတာကျနေတာပဲ.. ပြောပုံကြီးက...” ဆိုပြီး သမီးလေးက ချက်ချင်းပဲ ဒိုးဒိုးဒေါက်ဒေါက်နှင့် ၀င်ထောက်ပါတော့သည်။။

သည်တော့ ကျွန်မက “ တိုက်ပွဲထဲတည့်တည့်တော့ မဟုတ်ပေမဲ့ သေနတ်သံတွေကြားမှာ ဘယ်လောက်ရင်တုန်စရာ ကောင်းတယ်ဆိုတာ.. ကိုယ်တွေ့ ကြုံဖူးတယ်သမီးရဲ့။ ဒီဗြောက်သံတွေ၊တ၀ုန်းဝုန်းအသံတွေဟာ တကယ့်သေနတ်သံ၊အမြှောက်သံတွေနဲ့ တော်တော်လေးကိုတူတာ..” ဆိုပြီး ပြောလိုက်ရာ... သားနှင့်သမီးက ချက်ချင်းဆိုသလို အနားကိုတိုးလာပြီး ကြုံရင်ကြုံသလို ပြောပြနေကျ ကျွန်မငယ်ဘ၀ အကြောင်းကို နားထောင်ဖို့ အသင့် နေရာယူကြတော့သည်ပေါ့။

ကျွန်မ ငယ်ငယ်က နေခဲ့ဖူးသည့် ကချင်ပြည်နယ်မှ တောင်ပေါ်မြို့ကလေး မချမ်းဘောမှာ အဲသည်အချိန် လွန်ခဲ့သော နှစ်အစိတ်ကျော်လောက်က နယ်မြေ သိတ်မအေးချမ်းလှသေး။ မြို့ကလေးကတော့ အဖြူရောင်နယ်မြေပါ။ စစ်တပ်ရှိသည်။ ပါတီ၊ကောင်စီ အုပ်ချုပ်ရေးရှိသည်။

သို့ပေမဲ့ သူ့အနီးတစ်ဝိုက်မှ ရွာတွေ၊ တောင်ယာတဲတွေထဲကို ကချင်သူပုန်တွေက မကြာခဏ၀င်လာတတ်လေရာ

သူတို့ဝင်လာပြီလားဆို ညဖက်တွေမှာလာတတ်ပြီး အများအားဖြင့်တော့ ပေါ်တာဆွဲသလိုမျိုး လူတွေဖမ်းသွားတာပဲဖြစ်၏။

နောက်တစ်နေ့မနက်ဆိုလျှင်တော့ မြို့ကလေးတောင်ဘက်က တောဈေးလေးမှာ အသီးအရွက်လာရောင်းသည့် ရွာသူတွေဆီမှ သတင်းတွေ ပြန်ကြားရတော့သည်ပေါ့။ ဘယ်သူ့သားလေးတော့ သူပုန်တပ် စုဆောင်းရေးထဲ ပါသွားရှာပြီ။ ဘယ်သူ့ကိုတော့ ရိက်္ခာသယ်ပေးဖို့ ဆွဲသွားပြန်ပြီနှင့် စိတ်ချမ်းသာစရာဖြင့် တစ်ကွက်မှမရှိပါ။

ကျွန်မပြောပြသမျှကို နားထောင်နေရင်းမှ ကလေးပီပီ စူးစမ်းချင်စိတ်ထက်သန်နေသည့် သမီးက “ မေမေ.. ပေါ်တာဆွဲတယ်ဆိုတာ ဘာလဲဟင်...” .. ဟု မေးပါတော့သည်။

“ ပေါ်တာဆွဲတယ်ဆိုတာ တပ်ရဲ့ ရိက်္ခာတွေ၊ လက်နက်တွေကို တပ်ဖွဲ့နဲ့အတူ သူတို့သွားမယ့်နေရာထိ လိုက်ပြီးတော့ သယ်ပို့ပေးဖို့ လူတွေကို အဓမ်္မဖမ်းပြီး ခိုင်းတာကိုဆိုလိုတာပေါ့။ များသောအားဖြင့် ပစ်္စည်းသယ်ဖို့ဖမ်းတာကိုတော့ ကိစ်္စပြီးရင် ပြန်လွှတ်တတ်ပါတယ်။ သူတို့တပ်မှာ အင်အားနည်းနေလို့ တပ်သားဆွဲပြီဆိုရင်တော့ အရွယ်ကောင်းတဲ့ကောင်လေးတွေကို ဖမ်းခေါ်သွားပြီး သူပုန်တပ်ထဲ အတင်းဝင်ခိုင်းတော့တာ...” ဟု ကျွန်မကလည်း သိသလောက် ပြောပြလျှင်တော့ မခံချင်စိတ်ကြီးသည့်သားက..

“ ကိုယ်မလုပ်ချင်တာကိုများ ငြင်းလို့မရဘူးလားဟင်။ ထွက်ပြေးလို့ရော မရဘူးလား...” ဟု မေးခွန်းထုတ်ပြန်၏။

“ တကယ့် ကိစ်္စတွေက ရုပ်ရှင်ထဲမှာလိုတော့ မလွယ်လှဘူးပေါ့ကွယ်။ ငြင်းတာတော့ မိဘတွေရောကလေးတွေရော ငိုယိုပြီးငြင်းကြမှာပဲ။ ထွက်ပြေးဖို့ကျတော့ ဘယ်လုပ်ရဲမလဲ။ ပစ်သတ်လိုက်မှာ စိုးရိမ်တာပေါ့...” ဟု ကျွန်မကပြောလိုက်တော့ သားနှင့်သမီးက သူတို့ကြည့်ဖူးနေကျ ဗွီဒီယိုကားတွေထဲမှ သူပုန်စခန်းတွေကို မျက်စေ့ထဲမြင်ယောင်သွားပုံရကာ ခေါင်းတညိတ်ညိတ်နှင့်

“ ကြောက်စရာပဲ.. ” ဆိုပြီး ညည်းနေကြလေ၏။
xxxxxx

အဲသည်ရက်ပိုင်းက မြို့ကလေး၌ ခေတ်အစားဆုံးမှာ သူပုန်သတင်းပင်ဖြစ်တော့သည်။ မြို့အနီးဝန်းကျင်က ရွာတွေမှာ လူတွေ အတင်းဖမ်းခေါ်နေကြောင်း၊ မချမ်းဘောကိုလည်း မြို့ထဲထိဝင်မည်ဟု သတင်းကြားကြောင်း၊ မချမ်းဘောမှာလည်း စစ်တပ်က တပ်စုတစ်စု ရွာဘက်ကို ကင်းလှည့်ထွက်သွားသည်မို့ လုံခြုံရေးအားနည်းနေကြောင်း၊ ရပ်ကွက်ထဲမှာ၊ ဈေးထဲမှာ၊ ကျောင်းမှာ၊ လူစုမိရာနေရာတိုင်းမှာ အဲသည်သတင်းတွေပဲ ပြောနေခဲ့ကြလေသည်။

မချမ်းဘောမြို့ကလေးမှာ စစ်တပ်က မြို့အနောက်က တောင်ကုန်းထိပ်မှာ တပ်စွဲထား၏။ ကျွန်မတို့က ဆေးရုံနှင့်သိတ်မဝေးလှသည့် နေရာမှာ အစိုးရပေးသော အိမ်ကြီးနှင့်နေရသည်မို့ လူနေရပ်ကွက်နှင့်ရော၊ စစ်တပ်နှင့်ပါ နည်းနည်းလှမ်းသည်။ မြစ်ကမ်းပါးထိပ်မှာဆိုတော့ ရေလမ်းကသာလာလျှင် ကျွန်မတို့ဘက်ကို အရင်ရောက်ပေမည်။

မြစ်ကမ်းပါးတစ်လျှောက်မှာက ဆေးရုံရယ်၊ ဆေးရုံဝန်ထမ်းတွေအတွက် အိမ်တချို့နှင့် ဆရာဝန်အိမ်..။ ပြီးလျှင် ဆောက်လက်စ မိုးလေ၀သရုံး...၊ ပြီးမှ ပါတီရုံး၊ ကောင်စီရုံး။ နောက် တော်တော်လှမ်းလှမ်းမှာမှ ဂူဘားဧည့်ရိပ်သာ...။ ဆိုတော့ စဉ်းစားသာကြည့်တော့။

အဲသည်အချိန်က လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲသည်။ မချမ်းဘောကို ပူတာအိုမှတစ်ဆင့် ကားနှင့်သွားရသည် ဆိုသော်လည်း မြစ်ကြီးနား-ပူတာအို လေယာဉ်က ခပ်သေးသေး တွင်အော်တာလေး တစ်စီးတည်းသာ။ ကျွန်မတို့ပြောင်းလာခါစကတောင် မိုးတွင်းကြီးဆိုတော့ ရာသီဥတုမကောင်းသည်နှင့် မြစ်ကြီးနားမှာ တစ်လလောက် သောင်တင်နေခဲ့သေးသည်လေ။

အဲသည်လို လမ်းပန်းဆက်သွယ်ရေးခက်တာကြောင့် ဧည့်ရိပ်သာမှာလည်း ဧည့်သည်က အမြဲတမ်း မရှိသလောက်ကို ရှားလှ၏။

လူနေအိမ်ခြေဆို၍ ကျွန်မတို့နားမှာ ဆေးရုံဝန်ထမ်းအိမ်ရာ သုံးလေးလုံးပဲ ခပ်လှမ်းလှမ်းမှာရှိသည်။

ပြီးတော့ အဲသည်ဘက်မှ ခြံတွေက အကျယ်ကြီး။ ကျွန်မတို့အိမ်နှင့်ခြံကြီးပင် တစ်ဧကလောက်ကျယ်တာဆိုတော့ ဟိုဘက်အိမ်ဒီဘက်အိမ်ဆိုတာကလည်း ခေါ်မကြားအော်မကြား။ ပတ်ပတ်လည်ကလည်း ရုံးတွေဆိုတော့ တိတ်ဆိတ်အေးချမ်းလိုက်တာမှ လူသူအသွားအလာမရှိသော ညဖက်တွေဆို ခြောက်ခြားစရာတောင် ကောင်းလှသေး၏။

အဲသည်လို အခြေအနေမျိုးမှာမှ သူပုန်ဝင်မည်ဟု သတင်းတွေကထွက်။ စစ်တပ်ကလည်း တပ်အင်အားလျော့နေသည့်အချိန်ဆိုတော့ မြို့ကလေးမှာ တော်တော့ကို တုန်လှုပ်နေခဲ့ရှာ၏။

နယ်ခံလူများတောင်မှ သည်လောက်စိုးရွံ့နေကြလျှင် မြေပြန့်မှပြောင်းလာတာ မကြာလှသေးသော ဆရာဝန်မိသားစုအဖို့မှာ အဘယ်မျှလောက်သွေးပျက်နေလိမ့်မည်လဲ။ ပြီးတော့ ဆရာဝန်ဆိုတာ သူတို့အတွက်က သိတ်အသုံးဝင်သည်တဲ့။ သူပုန်တပ်မှာ အရေးကြီးလူနာရှိနေခဲ့လျှင် သည်လိုမျိုး မြို့ပေါ်တက်ပြီး ဆရာဝန်တွေကို လာခေါ်သွားတတ်ကြတာကလည်း ရုပ်ရှင်ထဲမှာရော၊ အပြင်က ဟိုဟိုဒီဒီ သတင်းစကားများမှာရော ကြားဖူးထားသည်မို့ လူကြီးတွေကလည်း စိတ်ပူလှပြီ။

အဲသည်တုန်းက အိမ်မှာ ကျွန်မတို့မောင်နှမသုံးယောက်ရယ်၊ ဖေဖေနှင့်မေမေရယ်၊ ဖေဖေ့အစ်မ ကျွန်မတို့အဒေါ် အပျိုကြီးရယ်၊ မြေပြန့်ကနေခေါ်လာခဲ့သည့် အိမ်အကူနှစ်ယောက်ရယ်၊ အိမ်သားအားလုံး ရှစ်ယောက်ရှိလေသည်။။

ဖြစ်ချင်တော့ ကျွန်မမောင်အငယ်ဆုံးလေးက လသားလေးသာရှိသေးသည်မို့ ညဖက်ဆိုလျှင် နို့စို့လိုက်၊ သေးပေါက်လိုက်၊ အနှီးလဲ

ပေးလိုက်နှင့် အလုပ်ရှုပ်ရသည့်ကြားထဲ ငိုချင်ထငိုပြန်သေး၏။ အဲသည်အချိန်က မချမ်းဘောမြို့လေးမှာ လျှပ်စစ်မီးလည်း မရသေးတော့ ဖေဖေ၊မေမေနှင့် မောင်လေးနှစ်ယောက် အိပ်ခန်းထဲမှာ ရေနံဆီမီးအိမ်လေးကို ညတိုင်း ဖျော့ဖျော့လေး ထွန်းထားရလေသည်။

အိမ်ကြီးကလည်း ရှေးခေတ်ပုံစံဆောက်ထားသည်မို့ ပြတင်းပေါက်တွေအားလုံးက မှန်တွေချည်းသာ။

မိုးရွာလို့များ လျှပ်စီးလက်ပြီဆိုလျှင် ပတ်ဝန်းကျင်ကို အတိုင်းသားမြင်နေရသည်မှာ စိတ်ချောက်ချားစရာ။

အမှန်တော့ ကလေးဆိုသည်မှာ လူကြီးတွေဘယ်လောက် စိတ်ညစ်ညစ် သူတို့က ဘာမဆို ပျော်နေတတ်သည့်အရွယ်ပါ။ မြို့ရေပေးဝေရေးစနစ်မရှိ၍ မြစ်ထဲမှာပဲ ရေချိုး၊ အ၀တ်လျှော်၊ ရေခပ်ဆင်းလုပ်ရသောကြောင့် လူကြီးတွေက စိတ်ညစ်သော်လည်း

ကျွန်မတို့က ပိုတောင်မှပျော်လိုက်သေး...

ဖေဖေ့တပည့်တွေ ပေါက်ပေးထားသည့် ထင်းကုန်ချိန်မှာ တောထဲသို့ ကိုယ်တိုင်ထင်းခွေထွက်ရတော့လည်း အပျော်လိုက်သွားပြီး ဆော့ကစားရသည်မို့ ပိုလို့တောင် ကြိုက်လိုက်သေး...။

သို့ပေမဲ့ ဒီတစ်ခါကိစ်္စကတော့ တော်တော်ကြောက်လန့်စရာကောင်းမှန်း အဲသည်အချိန်က သိနေခဲ့ပါသည်။

ဘာလို့ဆို လူကြီးတွေက ညဖက် မှောင်လာပြီလားဆို အိမ်ကြီး၏အရှေ့တံခါးကို အပြင်မှ သော့ခလောက်ကြီး ထွက်ခတ်လိုက်ပြီး အိမ်နောက်ဖက်တံခါးမှ ပြန်ဝင်၊ ကလေးလေးရှိသည့်အခန်းထဲမှာ ရေနံဆီမီးအိမ်လေးကို မှိန်မှိန်လေးထွန်း၊ မှန်ပြတင်းတွေကို စောင်တွေနှင့်ကာကာ အိမ်ထဲ၌ လူမရှိသည့်ပုံစံမျိုး တစ်အိမ်လုံးအမှောင်ချ၊ တိတ်ဆိတ်နေလိုက်ကြတော့သည်မှာ ညတိုင်းလိုလိုပင်။

သည်ကြားထဲ ညကြီးအချိန်မတော် အရေးပေါ်လူနာရောက်၍ဆိုကာ ဆေးရုံကလာခေါ်လျှင်တော့ တစ်အိမ်သားလုံး အထိတ်တလန့် ဖြစ်ကြရပြန်၏။ ဖေဖေက မြို့နယ်ဆရာဝန်ကြီးဆိုတော့ သူ့ဆေးရုံကတာဝန်ကိုလည်း အပျက်မခံချင်ပေ။ ဘယ်အချိန်လာခေါ်ခေါ် လိုက်သွားတတ်၏။

မေမေကတော့ မိန်မသားမဟုတ်လား။ ဖေဖေပြန်မလာမချင်း စိတ်တပူပူနှင့် သောကများရရှာသည်။ ဆရာဝန်ဆိုတော့ သူပုန်တွေ အသုံးလိုပြီး ဖမ်းခေါ်သွားမှာလည်း စိုးရိမ်သည်လေ။

သည်လိုနှင့် တကယ်တမ်း မြို့ထဲကို သူပုန်တွေဝင်လာသည့် ညမှာတော့ ညရှစ်နာရီလောက်တွင် အိမ်ရှေ့ လမ်းတစ်လျှောက်မှာရော၊ ဟိုဟိုဒီဒီကရော... သေနတ်ပစ်သံတွေ တရစပ်စကြားရတော့၏။ ပထမတော့ မြေပြန့်မှာတုန်းက ကစားခဲ့ရသော ဗြောက်အိုးသံတွေနှင့် တူနေသည်မို့ ကျွန်မတို့က မသိသေး။ ဖေဖေကပြောပြမှ သေနတ်တွေပစ်နေပြီမှန်း သိသိချင်း အင်မတန်အဆော့သန်သည့် ကျွန်မတို့မောင်နှမ နှစ်ယောက်မှာ အသက်ပင် မရှူဝံ့အောင် ငြိမ်ကုတ်နေတော့သည်ပေါ့။

အဲသည်မှာ ကျွန်မတို့အိမ်ကြီးက အောက်ခံကသာ အုတ်တိုက်ဆိုပေမဲ့ အပေါ်ထပ်က ပျဉ်ထောင်၊ မှန်ပြတင်းတွေနှင့်မို့ ဖေဖေက ကျည်ဆန်တွေဖောက်ဝင်လာနိုင်သည်ဆိုကာ အောက်ထပ်ဧည့်ခန်းထဲမှ မီးလင်းဖိုနားတွင် တစ်အိမ်သားလုံး ရင်တထိတ်ထိတ်နှင့် ပုဝပ်နေခဲ့ရသည်။

သေနတ်သံတွေ ဝေးရာမှ တဖြေးဖြေးနီးလာချိန်တွင်တော့....

ကျွန်မက ထိုနေရာအရောက်တွင် စကားကို ခဏဖြတ်လိုက်ပြီး အကဲခတ်လိုက်သည်တွင် သားနှင့်သမီးက စိတ်ဝင်စားလွန်းပြီး မျက်လုံးလေးတွေ လက်နေကြလေ၏။

သူတို့တွေကို စချင်လာသည်နှင့် ကျွန်မက “ အဲဒီအချိန်မှာ မေမေက ဆီးသွားချင်လာတာပဲ...” ဟု စကားကိုလျှောချလိုက်တာကြောင့် သားရောသမီးကရော... ” ဟယ်... မေမေကလည်း...” ဆိုကာ ထအော်ပါတော့သည်။

ထိုညက ကံကောင်းသည်ပဲ ဆိုရမည်လား။ သူတို့မှာ အရေးပေါ်လူနာပဲ မရှိလို့လား။ မြေပြန့်ကဆရာဝန်မို့ စစ်တပ်က တောနင်းရှာပြီး အခြေအနေတွေရှုပ်ထွေးကုန်မှာပဲ စိုးလေသလား။ ဆရာဝန်ခြံရှေ့ကရော၊ ဆေးရုံရှေ့ကရော.. ဖြတ်သွားသံတွေသာ ကြားခဲ့ရပေမယ့် တစ်စုံတစ်ဦးမျှ ခြံထဲသို့ဝင်မလာခဲ့ပါ။ သေနတ်သံတွေ၊ လူသံတွေသာ တဖြေးဖြေးနှင့် ဝေးသွားခဲ့လေသည်။

အဲသည်လို သေနတ်သံတွေ တဖြေးဖြေးဝေးလာကာစမှာပဲ တောင်ပေါ်စစ်တပ်ကနေ အမြှောက်နှင့်ပစ်သည့်အသံတွေ တ၀ုန်းဝုန်း ကြားရတော့၏။ သို့ပေမဲ့ လေး၊ငါး၊ဆယ်ချက်လောက် ပစ်ပြီးနောက်တော့ အသံများ တိတ်ဆိတ်သွားပြန်ရာ ပတ်ဝန်းကျင်မှ အင်းဆက်ပိုးမွှားတွေ အသံမှလွဲပြီး ငြိမ်နေလိုက်ပုံမှာ သွေးပျက်ချင်စရာပင် ကောင်းနေသေးတော့သည်။

အတော်ကြာသည့်အထိ ကျွန်မတို့မှာ အပေါ်ထပ်အိပ်ခန်းဆီကို ပြန်မတက်ရဲခဲ့ပါ။ ဘယ်အချိန်ကျမှ အိပ်ရာဝင်ခဲ့ရမှန်းပင် မသိနိုင်လောက်အောင် တစ်အိမ်သားလုံး ဇောချွေးတပြိုက်ပြိုက်နှင့် မောဟိုက်နေခဲ့ရသော တစ်ညပင်။

ကျွန်မဇာတ်လမ်း ဆုံးလျှင်တော့ “ ဟား... တော်ပါသေးရဲ့ဗျာ။ သားက ဘိုးဘိုးကြီးကိုများ လာဖမ်းခေါ်မလားလို့ စိတ်ပူနေတာ။ တောထဲသာလိုက်သွားရရင်...” ဆိုပြီး သားက ပြောလည်းပြော အတွေးတွေလည်း တော်တော်အစရှည်ရှည် ဆွဲဆန့်မိသွားပုံရ၏။

“ ဟုတ်တယ် သား။ ဘိုးဘိုးကြီးက အဲဒီအချိန်တုန်းကသာ လူနာလိုက်ကြည့်ဖို့များ လာခေါ်ခဲ့ရင်လည်း သူ့မိသားစုကိုသာ ဒုက်္ခမပေးဖို့ တောင်းဆိုပြီး လိုက်သွားရမှာပဲတဲ့...”

ကျွန်မစကားကြောင့် ကလေးနှစ်ယောက်စလုံး အံ့အားသင့်သွားကြပြီး... “ ဘာလို့လဲ မေမေ..” ဟုပြိုင်တူအသံထွက်လာပါလေသည်

“ အော်... ဆရာဝန်ဆိုတာ ရန်သူ၊ မိတ်ဆွေခွဲခြားရမှာက နောက်၊ ဘယ်လူနာမဆို မေတ်္တာရှေ့ထားပြီး ကုသပေးချင်တာက အရင်ကွဲ့...”

ဟု ကျွန်မကပြောတော့ သားနှင့်သမီးက ကိုယ်စီခေါင်းလေးတညိတ်ညိတ်လုပ်ကာ မျက်လုံးလေးတွေ တောက်ပလို့နေရှာ၏။

သမီးလေးက “ မီး ကြီးလာရင် ဘိုးဘိုးကြီးလို ဆရာဝန်လုပ်မယ် မေမေ...” ဟုလည်း ပြောလိုက်သေး၏။

ကျွန်မပြုံးမိပါသည်။ အမှန်တော့ ကလေးဆိုသည်မှာ လူကြီးတွေသတ်မှတ်ထားသော သူရဲကောင်းပုံပြင်တွေထက် သူတို့ဖာသာ သူရဲကောင်းသတ်မှတ်နိုင်မည့် အဖြစ်မျိုးတွေကို ပိုလို့စိတ်ဝင်စားတတ်သည် မဟုတ်လား။

နောက်တစ်နေ့မနက်တွင်တော့ မြို့ကလေး၏နေရာတော်တော်များများ၌ အမေတွေ မျက်ရည်ချောင်းစီးနေရှာသည်ကို တွေ့ရသည်မှာ ရင်နာစရာ။ အဖေတွေကတော့ မေးကြောပြတ်မတတ် အံတွေကြိတ်ကာ အားမတန်တော့လည်း မာန်လျှော့ရသည်သာ။

ခု သီတင်းကျွတ်မှာ လူငယ်တွေ အပျော်သက်သက် ပိုက်ဆံဖြုန်းပြီး ဖောက်လိုက်သော ဗျောက်အိုးသံလို၊ ယမ်းအိုးသံလို၊ ပေါက်ကွဲသံများက အဲသည်ဒေသမှမိဘတွေ၏ အသည်းနှလုံးကို ဆွဲထုတ်ယူသွားခဲ့သည့် ငရဲသံများပေပဲ။

သူတို့၏သားလေးတွေသည် ဆယ်ကျော်သက်အရွယ် ငယ်ငယ်လေးတွေနှင့် သည်လို ငရဲသံတွေကြားထဲကို ဆွဲခေါ်ခံလိုက်ရရှာပြီ။ တိုက်ပွဲတွေကြားထဲမှ မရေရာသောအပြန်လမ်းကို ဘယ်လိုယုံကြည်ချက်နှင့် မျှော်လင့်ရဲမည်လဲ။ သေချာစဉ်းစားကြည့်လေ ရင်နာရလေ။

အရွယ်ရောက်ပြီဟုပင် ပြောမရသေးသည့်အရွယ်တွေ...။ ဆယ်ကျော်သက်ကလေးတွေ အကုန်လုံးလိုလို ပါကုန်သည်မှာ

ကျွန်မသူငယ်ချင်း၏ အစ်ကိုပါ ပါသွားသည်မို့ သူတို့အိမ်ကိုတောင် သူငယ်ချင်းဆီ သတင်းမေးရင်း ရောက်ခဲ့လိုက်သေး၏။ သူတို့မိခင်ကြီးခမျာ ငိုရှိုက်နေသည်မှာ ကြည့်ရက်စရာပင်မရှိပါ။

ကျွန်မကိုယ်တိုင်ပင် လောလောဆယ် ပြောပြနေရင်းမှ အတိတ်ဆိုးက ရုတ်တရက် အနီးကပ် ကိုယ်ထင်ပြလာသလို နှလုံးသားထဲမှာ နာကျဉ်လာပါတော့သည်။

ကလေးနှစ်ယောက်ကလည်း စိတ်မကောင်းဟန်ကိုယ်စီနှင့် ငြိမ်သက်လို့ပေါ့။

ဘာပဲဖြစ်ဖြစ် အတိတ်ကို တူးဆွရာမှာ အမြတ်တစ်ခုတော့ ရလိုက်ပါသည်။ နောက်ဆို ဗြောက်အိုးတွေ၊ ရှူးဒိုင်းတွေ ဘယ်တော့မှ ၀ယ်မဖောက်တော့ဘူးဆိုသည့် သမီးလေး၏ဂတိပါ။ သီတင်းကျွတ်ကို ပျော်ဝင်ခံစားချင်လျှင် မီးပန်းလေးသာ ဝှေ့ရမ်းကစားတော့မည်တဲ့။

စင်စစ်တော့ ကိုယ့်အိတ်ထဲမှပိုက်ဆံတွေကို တိုက်ပွဲခေါ်သံလို အသံတွေနှင့်ဖြုန်းတီးပြီး အရှေ့ဘက်မဟာတံတိုင်းကို အလှဆင်ပေးမလား။ မြောက်ဘက်က မိခင်များ၏ ငိုကြွေးသံတွေ တိတ်စေဖို့၊ မျက်ရည်တွေသုတ်ပေးနိုင်မည့် ကယ်ဆယ်ရေးစခန်းတွေမှာ တတပ်တအား ကူညီသင့်သလား။

ကိုယ်တိုင် ချင့်ချိန်ဆင်ခြင်နိုင်သော အသိဥာဏ်မျိုးတွေ သားနှင့်သမီးအပါအ၀င် လူငယ်အားလုံးမှာ ရှိစေချင်လှပါသည်။

xxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
February, 2013... TREASURE LAND MAGAZINE