မီးခိုးဖြစ်သွားသောတိမ်နှင့် တိမ်ဖြစ်သွားသောမီးခိုး

                         

              ထိုနေ့က နေပူကျဲကျဲ နေ့လည်ခင်းမို့ အကြော်ဆိုင်လေးထဲတွင် လူရှင်းနေလေသည်။ ဘယ်လောက်နေပူပေ့စေဦး။
ကျောင်းဖွင့်ရက်သာ ဖြစ်လျှင်တော့ သည်အကြော်ဆိုင်လေးက ဒီလောက် လူပြတ်လေ့တော့ မရှိပါ။
              နွေကျောင်းပိတ်ရက်မို့ တက်္ကသိုလ်ကျောင်းကြီးက လွမ်းမောဖွယ် တိတ်ဆိတ်နေသလောက် တက်္ကသိုလ်နှင့် မလှမ်းမကမ်းရှိ
ကန်ရိပ်နံဘေးက အကြော်တဲမှာလည်း ၀တ်ကျေတမ်းကျေ ဖွင့်ထားပုံက ခြောက်သွေ့လေးတွဲ့လှ၏။
              သူကတော့ ကဗျာဆရာပီပီ လူခြေတိတ်လေ ကြိုက်လေပေါ့။ တစ်ခါတစ်ရံ လေးတွဲ့တွဲ့ပတ်ဝန်းကျင်ကမှ ထက်မြက်သည့်
အတွေးစတွေ မွေးဖွားလာတတ်သည်။ ခြောက်သွေ့သည့် ရာသီကြောင့် စိုလက်သောစိတ်ကူးမှုန်တွေ ဖမ်းဆုပ်မိတတ်သေးသည် မဟုတ်လား။
              ဒါကြောင့်လည်း သူက...၊ တစ်ယောက်တည်းပေမယ့် ငိုက်မြည်းနေသော သူ့ဖောက်သည်ဆိုင်ရှင်ကို အဖော်ပြုရင်း
အကြော်တစ်ပွဲကို ရေနွေးတစ်ခရားပြီး တစ်ခရားနှင့် စီးမျောနေလိုက်သည်။
              အကြော်ဆိုင်မှ မီးခိုးငွေ့တအူအူ..၊ ပူခြောက်ခြောက် ပတ်ဝန်းကျင်ထဲ စီးမျော...။ အကြော်တချို့ အစာအိမ်ထဲသို့ ရေနွေးနှင့်အတူ စီးမျော...။ ခြောက်သွေ့တိတ်ဆိတ်မှုထဲမှ အတွေးစတချို့..၊ ကဗျာဆရာ့စိတ်ကူးထဲ စီးမျော...။
              ရုတ်တရက်...လေးတွဲ့နေသော စီးမျောခြင်းအားလုံး ရပ်တန့်သွားစေမည့် ကားတစ်စီးက အကြော်ဆိုင်လေးထဲသို့ ချိုလွင်လွင်
ရယ်မောသံများကို သွက်လက်စွာ သယ်ဆောင်စီးဝင်လာခဲ့တော့၏။
              အမျိုးသမီးလေးယောက်...။ သည်ပတ်ဝန်းကျင်မှာ ကျွမ်းဝင်နေကျ ဆယ်ကျော်သက် ကျောင်းသူရွယ်လေးတွေ မဟုတ်တာက
လေးတွဲ့စွာ စီးမျောနေသော သူ့အာရုံကို လှုပ်နိုးစေခဲ့သည်။
              ဖြစ်နိုင်သည်က သုံးဆယ်ကျော် လေးဆယ်တွင်း..။ သို့ပေမယ့် ဘယ်လောက်ထိ ကျော်မည်ဆိုတာကို မှန်းရခက်လောက်အောာင်
အခုခေတ်ဝတ်စားဆင်ယင်ပုံက မျက်စေ့လည်စရာ ကောင်းလှသည်။ ဆယ်ကျော်သက်အပျိုလေးတွေ ၀တ်သည့်ပုံစံဒီဇိုင်းကို သုံးလေးဆယ်ကျော်
ကလေးအမေတွေကလည်း ၀တ်ချင်ဝတ်ကြသလို၊ စကပ်အတိုနှင့် ဂျင်းဘောင်းဘီတွေကိုလည်း အရွယ်မရွေး ၀တ်နေကြသည်မဟုတ်လား။
              ကားမောင်းလာသူ အမျိုးသမီးက ဖိုးကွားတားပင်၊ ဆံပင်အကောက်နှင့်...။ ရဲတင်းသွက်လက်သော ဟန်ပန်ကိုကြည့်ရတာ
သည်နယ်မြို့က ဟုတ်ဟန်မတူ။ ဆံပင်အဖြောင့်နှင့် စကပ်အတိုဝတ်ထားသည့် တစ်ယောက်ကလည်း အဝေးက အမှတ်တမဲ့ကြည့်မိရင်
ကျောင်းသူတစ်ယောက်ဟန်လို ပုံမှားရိုက်ထားသလိုမျိုး...။
              ကျန် အမျိုးသမီးနှစ်ယောက်ကတော့ ၀တ်ပုံစားပုံ ခေတ်ရှေ့ပြေးသော်လည်း ထမီလေးတွေနှင့်မို့ အမြင်နည်းနည်းရိုးပေမယ့်
အရွယ်နှင့်လိုက်ဖက်ကာ ကြည့်ရတာ ပိုတင့်တယ်သည်ဟု သူကတော့ ထင်လေသည်။
              သို့ပေမယ့် အခုခေတ်က ဘောင်းဘီအတို ၊ စကပ်အတို ၀တ်တာလောက်ကို အမြင်ရိုင်းသည် မဆိုသာတော့။
ရင်ပတ်လုံလုံ၊ ခါးလုံလုံ ၀တ်ထားရင်ကို တော်လှလေပြီ။ မကြည့်ဝံ့ မမြင်သာ ချိုင်းပြတ်ပြတ်ကြားက အတွင်းသားမြင်နေရတာမျိုး၊
ဘောင်းဘီချက်အပြုတ်လွန်ပြီး အောက်ကအတွင်းခံပါ တ၀က်လောက် မြင်နေရတာမျိုးက တော်တော်ဆိုးလှသည် မဟုတ်လား။
              တက်္ကသိုလ်ကျောင်းနားက ရပ်ကွက်မှာနေသည့် သူကတော့ သည်မြင်ကွင်းတွေကို မမြင်ချင်မှအဆုံးပေါ့။ ဒါတောင်...
တက်္ကသိုလ်စာသင်ခန်းတွေထဲမှာ “ဘောင်းဘီရှည်မ၀တ်ရ”..ဟု ကျောင်းအုပ်ဆရာကြီးက အမိန့်ထုတ်ထားပေလို့ တော်တော့သည်။
              ကျောင်းပိတ်ရက်နှင့် ညနေခင်း... အဆောင်ရှေ့လမ်းမတွေမှာတော့ ခေတ်ကောင်လေးတွေစကားနှင့် ပြောရလျှင်
လန်ထွက်နေသည့် ကောင်မလေးတွေက အလန်းဆုံးဖြစ်နေတတ်သည်လေ။
              ဘာကိုလှတယ်ထင်ပြီး ၀တ်ကြသည်တော့ သူ နားမလည်။ ဘောင်းဘီချက်ပြုတ်ဝတ်ပြီး အကြော်ဆိုင်လာထိုင်သော မိန်းကလေးတစ်ချို့...၊ ဟိုဆွဲသည်ဆွဲနှင့် ဘယ်လောက်ဖုံးဖုံး အင်္ကျီနှင့်ဘောင်းဘီ လွတ်နေသည့်ကြားက အောက်ခံဘောင်းဘီအရောင်က
အတိုင်းသား မြင်နေရတတ်သည်။ မလုံမလဲနှင့် ဆွဲဖုံးနေရမှတော့ ဘာလို့ ၀တ်တော့မည်နည်း။
              ခုခေတ်က မင်းသမီးတွေ အဆိုတော်တွေ ၀တ်ပြတိုင်း လိုက်ဝတ်ချင်ကြသည်။ သူတို့က သူတို့အလုပ်နှင့်သူတို့ အပြိုင်အဆိုင်
ဈေးကွက်စီးပွားရေးအရ ၀တ်ရတာ ဖြစ်ချင်ဖြစ်မှာပေါ့။ ကိုယ်က ကျောင်းသူ...။ ပညာရှာရမည့်အချိန်မှာ ဒါမျိုးတွေ လိုက်တုပပြီး မ၀တ်သင့်ဟု
သူကတော့ ထင်လေသည်။
                                               xxxxxxxxxx
              ထင်သည့်အတိုင်း ဖိုးကွားတားဘောင်းဘီဝတ် အမျိုးသမီးက အသွက်လက်ဆုံး၊ ဦးဆောင်သူ ဖြစ်လေသည်။ အကြော်စုံနှင့်
အကြော်သုပ်ကို အငံလျှော့၊အစပ်လျှော့၊ ခရမ်းချဉ်သီးများများ၊ဟိုအကြော်မထည့်နဲ့၊ဒီအကြော်ပိုထည့်ဆိုပြီး ထောင့်စေ့အောင် ပြောဆိုမှာကြား၏။ တဆက်တည်း...“ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ ဒီနေရာလေးကို လာရတာ ကျောင်းသူဘ၀ပြန်ရောက်သွားသလို ခံစားရတယ်ဟာ။
               လေးမှုံတို့စုံတွဲကတော့ သမီးရည်းစားဘ၀တုန်းကလို ချစ်ကြတုန်းပဲနော်။ ငါတော့ ငါ့ယောကျာ်းကို သားသမီးမျက်နှာ
               ကြောင့်သာ မဟုတ်ရင် အဆောင်အယောင်တစ်ခုလိုကို ဆုပ်ကိုင်မထားချင်တော့ဘူး။ လွှတ်ချပစ်လိုက်ချင်ပြီ....”
              စကပ်တိုလေးက ရေနွေးခွက်တွေကို ရေနွေးနှင့်ကျင်းပစ်နေရင်း သူ့သူငယ်ချင်းကို စကားမတုန့်ပြန်ပဲ ခပ်ပြုံးပြုံးကြည့်နေ၏။
              “ အဲဒါတော့ နင်တင်မဟုတ်ဘူး စန်္ဒီ။ ငါတို့အားလုံးလည်း သူတို့လင်မယားကို အားကျရတာပဲ။ ဒါပေမယ့် တို့ကတော့
               ယောက်ျားကို အဆောင်အယောင်လို့တော့ သဘောမထားနိုင်ပေါင်...”
              “ နင်က ဆရာဝန်မကြီးဆိုတော့ ပြောအားရှိတာပေါ့ဟာ။ ဒေါက်တာ သက်ထားရဲ့ယောကျာ်းကလည်း ငွေအရှာကောင်းတဲ့
               ပွဲစားတစ်ယောက် မဟုတ်လား။ ဒီတော့ ငွေနဲ့ဂုဏ်က အချိုးညီညီ အပြန်အလှန် အပေးအယူတည့်နေမှာပေါ့။
                 ငါတို့လို သာမာန်အိမ်ရှင်မဘ၀ ရောက်နေရတဲ့မိန်းမတွေက ငွေအရှာကောင်းတဲ့ ယောကျာ်းကျတော့လည်း မျက်နှာချိုသွေးပြီး 
              ချော့ထားရတယ်။ ရာထူးအရှိန်အ၀ါကြီးတဲ့ ယောကျာ်းကျတော့လည်း အရိပ်တကြည့်ကြည့်နဲ့ ဖားနေရသေးတာလေ။
                 သူတို့က သူတို့လက်အောက်ငယ်သားတွေကို ဆက်ဆံသလို အိမ်ကမယားကိုတောင် ဆက်ဆံချင်သေးတာ...”
              အမျိုးသမီး၏ ခပ်မဲ့မဲ့မျက်နှာက သူမစကားထဲကအတိုင်း ရာထူးခပ်ကြီးကြီး ခင်ပွန်းသည်ကို နာကျည်းဟန် အပြည့်ပေါ်နေ၏။
           
                          ကဗျာဆရာက အချိန်အားရှိတိုင်း သည်အကြော်ဆိုင်လေးထဲကို လာထိုင်နေကျပေမယ့် တက်္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ကိုသာ မြင်နေကျ။ လူငယ်ဇာတ်လမ်းတွေသာ ကြားရနေကျ။ ဒီနေ့တော့ အမှတ်တမဲ့ ကြားနေရသော အမျိုးသမီးလေးယောက်၏
စကားဝိုင်းကို သူပို၍ စိတ်ဝင်စားသွားရပြီ။
            ဘောင်းဘီဝတ်အမျိုးသမီးက အရာရှိကြီးတစ်ယောက်၏ကတော်...“ စန်္ဒီ ” ၊ စကပ်တိုနှင့်က “လေးမှုံ” ၊ ပါတိတ်ဝမ်းဆက်လေးက
ဆရာဝန်မ..“သက်ထား” ၊ နောက်တစ်ယောက်က....
            “ နော်နော်ကတော့ ကိုယ့်ကိုယ်ကို သာမာန်အိမ်ရှင်မလို့ တစ်ခါမှ မတွေးမိပါဘူး။ သူ့အလုပ် အဆင်မပြေချိန်မှာ ငါကပဲ
             စာအုပ်အငှားဆိုင်လေးဖွင့်ပြီး တတ်အားသရွေ့ အိမ်စရိတ်ကို ကျားကန်ပေးခဲ့ရတာ။
               ခု..သူ သဘောင်္လိုက်သွားတော့လည်း ငွေသာများများ ရှာနိုင်လာတာ။ သားသမီး ပညာရေးကိစ်္စ၊ လူမှုရေးနဲ့ အိမ်မှုကိစ်္စတွေ
             မှန်သမျှ ငါပဲ လုံးချာလည် စီမံနေရတာ။ စာအုပ်ဆိုင်ကိုလည်း ပိတ်မပစ်ဘူး။ ကိုယ်နိုင်သလောက်တော့ လုပ်ချင်သေးတယ်။ 
             ဒါမှလည်း သူ့ကိုချည်း ပစ်မှီလိုက်တယ်လို့ သူ မထင်မှာလေ...”
            “ ဟုတ်တယ်။ မှုံလည်း မီးဖိုချောင်ထဲမှာပဲ အချိန်ကုန်ရတဲ့ သာမာန်မိန်းမသားဘ၀မျိုးတော့ ကိုယ့်ကိုယ်ကို အရောက်မခံဘူး။
              ချက်ပြုတ်ဖို့ ပြေးလွှားစီမံပြီးရင် ဆေးဆိုင်ထဲမှာ လိုတဲ့နေရာ ၀င်ကူတာပဲ။
               နှစ်ကိုယ်တူဘ၀ အစကတည်းက လက်တွဲရုန်းကန်လာရတာဆိုတော့ တစ်လျှောက်လုံး တက်ညီလက်ညီ ချီတက်သွားရတဲ့
             ဘ၀ကိုပဲ ကြိုက်တာ...။ မိန်းမဆိုပြီး နောက်တန်းချန်ခဲ့မှာမျိုးတော့ ဘယ်ရမလဲ...”
            စကပ်တိုလေးက ဆေးဆိုင်ဖွင့်ထားပြီး ထမီလေးနဲ့တစ်ယောက်က သဘောင်္သားကတော် “နော်နော်”..တဲ့။
            ငယ်သူငယ်ချင်းတွေ မတွေ့တာကြာပြီထင်သည်။ စကားကို အလုအယက် လက်ပံပင်ဇရက်ကျ ပြောကြ၏။ သည်ကြားထဲ အလှည့်စောင့်ရတာ အားမရတော့ အုပ်စုနှစ်စုကွဲသွားပြီး နှစ်ယောက်တစ်တွဲ ပြောကြပြန်သည်။
            ပတ်ဝန်းကျင်က လူရှင်းသည်မို့ သူတို့အသံတွေသာ ဖုံးလွှမ်းနေ၏။ တစ်ထောင့်တစ်ညပုံပြင် နားထောင်နေရသူလို သူကတော့
ဆေးပေါ့လိပ်တစ်လိပ်နှင့် စီးမျောနေပြန်သည်။ စောစောကလို လေးတွဲ့စွာ မဟုတ်တော့။ သွက်လက်စွာ ဟိုခုန်ဒီရောက်....။
            အကြောင်းအရာက စုံလှ၏။ အိမ်ထောင်ရေးအကြောင်းတွေ ပြောလိုက်၊ စီးပွားရေးအကြောင်း ရောက်လိုက်၊ မိတ်ကပ်နှုတ်ခမ်းနီ
အကြောင်း ဆက်လိုက်၊ တခြားသူငယ်ချင်းအကြောင်း ၀င်လိုက်၊ သားသမီးအကြောင်း ကြွားလိုက်...။
            “ မကိုခင်မှ ဥကိုခင်တယ်လို့ ဆိုကြတယ်မဟုတ်လား။ သူကတော့ ငါ့ကိုသာ ကိန်းကြီးခန်းကြီး မနွေးထွေးတာ။
             ငါမွေးပေးထားတဲ့ သူ့သားနှစ်ယောက်ကျတော့ တထွေးတပွေ့နဲ့ ချစ်ချင်သား....။
               တစ်နေကုန်နေလို့မှ ငါ့ကို စကားတစ်ခွန်းလောက် စပြောဖို့ အင်မတန်ဝန်လေးတဲ့သူက သားတွေကျတော့ အစည်းအဝေး 
             ခန်းမထဲ ရောက်နေတာတောင် ဖုန်းလှမ်းဆက်ပြီး “စာမေးပွဲဖြေနိုင်ရဲ့လား” ဆိုတာလိုမျိုး စိတ်ပူတတ်သေးတာလေ”
            “ ငါတို့အားလုံးထဲမှာတော့ လေးမှုံက သတ်္တိအကောင်းဆုံးနဲ့ ကံအကောင်းဆုံးပဲ။ သူလိုချင်တဲ့အချစ်ကို အသိုင်းအ၀ိုင်းနဲ့
             ဆန့်ကျင်ပြီး ရအောင်ယူခဲ့သလို အောင်မြင်တဲ့ဘ၀ကိုလည်း ရောက်အောင် ချီတက်နိုင်ခဲ့တယ်...”
            “ ဒီလိုလည်း မဟုတ်သေးဘူးဟ။ လောကမှာ လူတိုင်းဟာ အရာခပ်သိမ်း မပြည့်စုံနိုင်သလို၊ အခါခပ်သိမ်းလည်း ကံမဆိုးနိုင်ဘူး။
             ဥပမာ နင်တို့အားကျတဲ့ ငါဆိုပါတော့။ ငါ့ဘ၀က ပြည့်စုံသွားပြီလို့ နင်တို့ထင်ပေမယ့် နင်တို့လို သားသမီးမရသေးဘူးလေ။
             ခုချိန်ထိ ငါတို့မှာ  မိသားစုကွက်လပ်တွေ...ရှိနေတုန်းပဲ...”
            “ ဒါပေမယ့်...နင်ပျော်နေတာပဲ မဟုတ်လား...”
            “ ဒါတော့ဒါပေါ့ဟာ။ အဓိကကတော့ ကိုယ့်ဘ၀ကိုကိုယ် ကျေနပ်နိုင်ဖို့ပဲ။ ကိုယ့်ထက် လိုအပ်ချက်များတဲ့ ဘ၀တွေကို 
             လှမ်းကြည့်လိုက်ရင် ကိုယ့်ဘ၀က နေသာသွားတာချည်းပါပဲ..”
            “ ဒါပေမယ့် စန်္ဒီဆိုတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ်တိုင်ကားထည်လဲ မောင်းပြီး လက်ညှိုးညွှန်ရာ ရေဖြစ်နေစေဦး။
             နေထိုင်မကောင်းတာတောင် သက်သာရဲ့လားလို့ တစ်ခွန်းမေးဖော်မရတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဥပေက်္ခာဟာ ငါ့ဘ၀အတွက်
             အခါးသည်းဆုံး ကွက်လပ်ကြီးမဟုတ်ဘူးလား...”
            “ မဟုတ်သေးပါဘူးဟယ်။ သူကနင့်ကို ချစ်လွန်းလို့ မိဘတွေဆီမှာ တခမ်းတနား တောင်းရမ်းယူခဲ့သေးတာပဲ။ သူကကို ဒီလိုပဲ 
             နေတတ်တာ ဖြစ်မှာပါ။ ခုအချိန်ထိ တခြားကောင်မလေးနဲ့ ရှုပ်တဲ့သတင်းတွေ ဘာတွေ မကြားဘူးမဟုတ်လား...”
            “ ဟင့်အင်း။ ဒါမျိုးတော့ မရှိပါဘူး....”
            “ ဒါပဲပေါ့ဟာ။ နင်ကလည်း သူနေတတ်သလို နေတာကို သိတ်လောဘမကြီးနဲ့။ လေးမှုံတို့လင်မယားက ချစ်သူရည်းစားဘ၀က
             လာတာဆိုတော့ သူတို့လို ငယ်မူမပျက်ချစ်ဖို့က ဘယ်သူမှ မဖြစ်နိုင်ဘူး။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်တာတောင်
             စိတ်မချသလို ဖုန်းခဏခဏဆက်နေတော့လည်း မမိုက်ပါဘူးကွာ....”
            ပြောတုန်းဆိုတုန်း လေးမှုံ၏ဟမ်းဖုန်းလေး ထမြည်တာကြောင့် နော်နော်က တလက်စတည်း နှုတ်ခမ်းမဲ့ရင်း ပြောလိုက်၏။
            “ ချစ်လွန်းအားကြီးတိုင်းလည်း ကောင်းတယ်မထင်နဲ့ဟေ့။ အဲဒီဒုက်္ခကို နင်တို့မသိလို့...”
            လေးမှုံက ရယ်ကျဲကျဲနှင့် ဖုန်းပြောဖို့ ခပ်လှမ်းလှမ်းထသွားတော့မှ စကားလမ်းကြောင်းလည်း ပြောင်းသွားတော့သည်။
            “ နေပါဦး။ ငါ့အကြောင်းတွေချည်း ပြောနေမိတယ်။ ဒီမိန်းမက အရင်တုန်းကတော့ လေးမှုံနဲ့တစ်လေသံတည်း။  
             ဘယ်လောက်ငွေကြေး ခက်ခဲပေ့စေ။ ယောကျာ်းကို နိုင်ငံခြားလွှတ်ပြီး ငွေမရှာခိုင်းဘူးဆို..မိနော်။ ခု ဘယ်လိုစိတ်ပြောင်းပြီး
             သဘောင်္လိုက်ခိုင်းတာတုန်း။ ခွဲနိုင်သွားပြီပေါ့လေ...”
            “ အေးဟာ။ ငွေကြေးကြပ်တည်းမှုနဲ့ ရင်ဆိုင်ရတော့ ငါလည်း လေးမှုံလောက် သတ်္တိမကောင်းနိုင်ခဲ့ဘူး။ သူ့အရင်အလုပ်ကလည်း
             ဌာနထဲမှာ အတိုက်အခိုက်တွေများလို့ ထွက်ပစ်လိုက်တယ်လေ။ စီးပွားရေးတစ်ခုခု လုပ်မယ်ဆိုတော့လည်း အရင်းအနှီး
             မရှိတာရော၊ ဘယ်က စလုပ်ရမယ်မှန်း မသိတာရော....။
               သားတွေကလည်း ကြီးလာပြီဟ။ သူများတကာလို ၀တ်ချင်စားချင် သုံးချင်လာကြပြီ။ သူတို့အရွယ်ရောက်လာလို့
             နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တယ်ဆိုပြီး ပူဆာရင် ဘယ်လိုလုပ်မလဲ။ အဲဒီအချိန်ကျတော့ ငါတို့ကလည်း အသက်ကြီးပြီ။                    
                          ဒါကြောင့် အရွယ်ရှိတုန်း သားတွေအတွက်ပိုက်ဆံရှာဖို့ ငါတို့ခံစားချက်ကို စတေးရတော့တာပေါ့...”
           “ ဟုတ်တယ်။ ခုခေတ်ကလေးတွေကလည်း နိုင်ငံခြားမှာ ပညာသွားသင်ဖို့ချည်း ပူဆာကြတော့တာ၊ ဖက်ရှင်တစ်ခုလိုကို
            ဖြစ်နေတယ်နော်။ ငါတောင် ရိုးရိုးဆရာဝန်လေးမို့ အထူးကုဘွဲ့ ထပ်ယူဖို့၊ နိုင်ငံခြားကို ပညာသင်သွားဖို့၊ ယောကျာ်းက
            တိုက်တွန်းပေမယ့် သမီးကို မခွဲနိုင်တာနဲ့ပဲ ငါ့လောဘကို ငါ သတ်ထားလိုက်ပြီဟာ။
              သမီးကတော့ ခုကတည်းက သူ့အဖေကို စရံသတ်နေပြီ။ မေကြီးမသွားချင်ရင် နေပေ့စေ။ သမီးကြီးလာမှ နိုင်ငံခြားမှာ     
            စာသွားသင်မယ်နော်..တဲ့။ နင့်သားတွေရော ခု..ဘယ်နှတန်းလဲ...”
           “ အင်း....ဒီနှစ်တော့ နိုင်ငံခြားကျောင်းမှာ ပြောင်းထားလိုက်ပြီ။ ဒီကပြီးရင် ဟိုကို တစ်ခါတည်း သူတို့ဖာသာ           
            ဆက်သွယ်ပေးမှာဆိုတော့ ပြီးရောပေါ့ဟာ...”
           “ ဟယ်...အရင်က နာမည်အကြီးဆုံးကျောင်းမှာ ၀င်ခွင့်ရအောင် အလှူငွေတွေ နင် မနည်းမနော ထည့်ခဲ့ရတာမဟုတ်လား။
            တစ်နှစ်နှစ်နှစ်ပဲ တက်ပြီး ပြောင်းလိုက်တော့ နှမြောစရာဟာ။ အဲဒီငွေပမာဏက တို့နယ်မြို့မှာဆို အတန်းတစ်တန်းလုံးအတွက်
            တစ်နှစ်စရိတ်ရတယ်ဟ။ ခုကျောင်းကရော ဘယ်လောက်ကုန်လဲ...”
           “ အဟင်းဟင်း...တောမှာဆိုရင်တော့ တောကျောင်း တစ်ကျောင်းစာလောက်ပေါ့ဟာ။ အက်ဖ်အီးစီနဲ့ ပေးရတာ....”
           “ အိုး....များလိုက်တာဟာ...”
           တစ်လျှောက်လုံး အလိုမကျမှုတွေ ဖုံးလွှမ်းခဲ့သော စန်္ဒီဆိုသည့် အမျိုးသမီးမျက်နှာက တိမ်စင်လနှယ် ၀င်းပနေလေ၏။
သားတို့အတွက် ဖြည့်ဆည်းနိုင်၍ ကျေနပ်ဂုဏ်ယူနေသည်လား။ သူ့ဘ၀ အလိုမပြည့်မှုတွေကြားမှ ကျေနပ်မှုကို ရှာတွေ့သွားပြီလား။
           “ အမှန်တော့ လောကကြီးက လှပတဲ့လက်ဆောင်တွေကို အားလုံးအတွက် မျှတအောင် ပေးထားပါတယ်ဟာ။
            ဘ၀ပေးကံကို ကျေနပ်တတ်ပြီး လက်ရှိအခြေအနေကို ရင်ဆိုင်ရုန်းကန်ရဲမှသာ လူပီသမှာပေါ့။ မဟုတ်ဘူးလား...”
           စကားသံတွေကြား စီးမျောနေသောကဗျာဆရာ့ နှလုံးသားထဲတွင် ကဗျာတပုဒ်က လှုပ်ခတ်တိုးတိုက်နေလေပြီ။
           “ ဟော...ငါ့အိမ်က ဖုန်းလှမ်းဆက်နေပြီ။ ကြည့်စမ်း ငါမေ့နေလိုက်တာ။ လူနာတစ်ယောက်ကို ဆေးပုလင်းချိတ်ထားခဲ့တာ  
            ကုန်ပြီထင်ပါရဲ့။ ပိုက်ဆံရှင်းမယ်ဟေ့...”
           အကြော်သည်အမျိုးသမီးက ပိုက်ဆံယူရန်ထလာ၏။ နေ့တိုင်း ကူရောင်းပေးနေကျ သူမယောကျာ်းက အရောင်းပါးသည့်နေ့မို့
လိုက်မလာတာထင်ပါရဲ့။
           “ အစ်မတို့ရယ် ပိုက်ဆံလေးနည်းနည်းလောက် သနားခဲ့ပါရှင်။ သားလေးက ဗိုက်ဆာပြီး ငိုနေလို့ပါ...”
           ရုတ်တရက် သူဖုန်းစားမိန်းမတစ်ယောက်က ညစ်ပေနံစော်နေသော ကလေးတစ်ယောက်ကို ခါးထစ်ခွင်ထက်ချီရင်း
အကြော်ဆိုင်လေးထဲက လူကုံတန်အမျိုးသမီးဝိုင်းကို ချဉ်းကပ်လာ၏။
           “ အကြွေမပါဘူးဟေ့....သွား...သွား..”
           ပိုက်ဆံအိတ်ကို လက်လှမ်းနေသော နော်နော်က စန်္ဒီ့စကားကြောင့် အန်းတမ်းတမ်းဖြစ်သွားပြီး လေးမှုံကို လှမ်းကြည့်လိုက်သည်။
           “ ခြေလက်အပြည့်အစုံရှိလျက်သားနဲ့ ဘာကြောင့်များ ဘ၀ကို ရေသာခို အချောင်လိုက်ချင်ရတယ် မသိဘူး။
            ချီထားတဲ့ကလေးတွေကို သနားပြီး စွန့်ကြဲချင်ပေမယ့် အချောင်ခိုချင်စိတ်ကို အားပေးအားမြှောက် လုပ်မိမှာစိုးလို့
            ရင်နာနာနဲ့ ငြင်းဆန်ခဲ့ရတာ အကြိမ်ကြိမ်ပဲ ...”
           ဆရာဝန်မလေးစကားကို လေးမှုံက သူဖုန်းစား၏ကလေးငယ်ကို ငေးရီနေရင်း ယောင်တောင်တောင် ခေါင်းညိတ်၏။
           ကဗျာဆရာကတော့ နှလုံးသားထဲမှ သူ့ကဗျာကို အဆုံးသတ်ရောက်ခါမှ ကာရန်ချိတ်မရသလို မအီမလည်ဖြစ်နေလေသည်။
           “ ရော့...ရော့...ကလေးစားဖို့ အကြော်လေးတော့ ပေးလိုက်မယ်..”
           အသံကြားရာ သူ လှည့်ကြည့်လိုက်တော့ အကြော်ဖိုနံဘေးမှာ အရောင်အသွေးမပေါ်တော့သော ဖျင်ကြမ်းဝတ်စုံနှင့် အဆီပြန်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
           “ ကိုယ့်ဟာကိုယ်လည်း လုပ်ကိုင်စားဦး။ ကလေးတွေ ဗန်းပြပြီး ဒီလိုချည်း တောင်းစားနေလို့ကတော့ မသေရုံတမယ်ပဲ
            ကျွေးနိုင်မှာပေါ့။ ဘယ်တော့မှ ကလေးကို စာသင်ကျောင်းပို့နိုင်မလဲ...”
           ရွာကျောင်း ဆရာလေးတစ်ယောက်အဖြစ် အဝေးသင်တက်ရင်း လုပ်နေသော အကြော်သည်၏သားလေးကို ဖြတ်ကနဲ အမှတ်ရ သွားသည့် ကဗျာဆရာသည် သူ့နှလုံးသားထဲမှ ရေးလက်စအတွေးကဗျာအတွက် ပြီးပြည့်စုံသော အဆုံးသတ်ကို တွေ့ရှိသွားရတော့၏။
           နွေနေ့လည်တစ်ခု၏ လေးတွဲ့ခြင်းနှင့်စခဲ့သော ကဗျာဆရာ၏ စီးမျောမှုများသည် ယခုတော့ ထွက်ခွာသွားပြီဖြစ်သော ကားတစ်စီးနောက်မှ မီးခိုးငွေ့တွေလို ကျန်မနေခဲ့ချင်ပါ။ အကြော်တဲလေးထဲမှ တလူလူအူထွက်နေသော မီးခိုးလေးများကဲ့သို့သာ
ကောင်းကင်ယံထဲ စီးမျောသွားချင်ပါတော့သည်။
                                              xxxxxxxxxx
                ဝေ(စီးပွားရေးတက္ကသိုလ်)
June, ရွှေအမြုတေမဂ္ဂဇင်း

သက်တံ တံတား




အမေ့ရဲ့မျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေ ဖျတ်ကနဲ စိမ့်အိုင်သွားတာ သား မြင်လိုက်ရပါတယ်အမေ။
သားရဲ့ ကံဆိုးလွန်းတဲ့ဘ၀အတွက် အမေ စိတ်ထိခိုက် ကြေကွဲနေရတယ် မဟုတ်လား။ အမေ ၀မ်းနည်းနေရတယ် မဟုတ်လား။
သားကို အားပေးပြုံးပြနေပေမယ့် အမေ့ရဲ့ရင်ထဲမှာ စိတ်ထိခိုက် ညှိုးနွမ်းနေမယ်ဆိုတာ သားသိတယ်။
သားရဲ့ရင်ထဲမှာလည်း ရှိုက်ငင်ငိုကြွေးချင်စိတ်တွေ ပြိုဆင်းလာနေပြီအမေ။
နောက်ထပ် သားရဲ့ဘ၀ကို “ မြှင့်တင်ပေးမယ် ” ဆိုတဲ့ စကားမျိုးနဲ့ နှစ်သိမ့်အားပေးဖို့ မကြိုးစားချင်ပါနဲ့တော့ အမေရယ်။
++++++
အပိုင်း (၁)
++++++++
အမေ့ နှစ်သိမ့်အားပေးစကားများ ကြားရခါမှ ကိုယ့်စိတ်ကိုဖုံးကွယ်ရန် ကြိုးစားနေခဲ့သော ၀မ်းနည်းအားငယ်စိတ်များ ပြင်းထန်စွာ လှုပ်ရှားနိုးထလာကြ၏။ လှိုက်လှဲဆို့နင်လာသော ခံစားမှုဖြင့် တုန်ယင်မလိုဖြစ်လာသော မျက်နှာပေါ်မှ အစိတ်အပိုင်းတချို့ကို ထိန်းလိုက်နိုင်ရန် အသက်ရှူကိုပင် ခဏအောင့်လိုက်မိသည်။
အမေ့မျက်နှာကို (ပထမဆုံးအကြိမ်အဖြစ်) မယုံကြည်နိုင်သလို ငေးမောနေမိသည်။ အမေ့မျက်လုံးအိမ်သည် ရှေ့မှ အရည်လွှာပါးပါးတစ်ခု ကြားခံနေသလို ရီလဲ့နေ၏။ အမြင်အာရုံတွင်လည်း စိုက်ငေးနေသော သား၏မျက်နှာသည် မှုန်ဝါးနေပေလိမ့်မည်။
သားကို ခွင့်လွှတ်ပါအမေ။ အမေ့စကား၊ အမေ့ဆန်္ဒ၊ အမေ့စေတနာကို မယုံသလို ငြင်းဆိုလိုက်မိတဲ့အတွက် အမေ စိတ်ထိခိုက်ရတာဟာ သားရဲ့အပြစ်ပါ။ အမြဲတမ်း ယုံကြည်လိုက်နာနေကျ အမေ့စကားတွေထဲက ဩဒီစကားတစ်ခွန်းကို အကြောက်အကန် ငြင်းဆိုမိတာဟာ အမေ့ကို ဆန့်ကျင်လိုစိတ်နဲ့ မဟုတ်ရပါအမေ။
သားဟာ ဘယ်တုန်းကမှ အမေ့အပေါ်ကို ဆန့်ကျင်လိုစိတ် လုံးဝ မရှိခဲ့ဖူးပါ အမေ။
အမှန်က ကိုယ့်ကိုယ်ကို မယုံကြည်နိုင်မှု၊ မယုံရဲနိုင်မှု သက်သက်သာ ဖြစ်လေသည်။ အမေ့အပေါ်မှာ မည်သို့မျှ မယုံမကြည်နှင့် သံသယရှိစရာ မလိုအပ်။ အမေတိုင်းသည် သားများ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ယုံကြည်ကိုးစားတတ်ကြ၏။ အကောင်းမြင်တတ်ကြ၏။ အထင်ကြီးတတ်ကြ၏။
အမေသည်လည်း သား၏အစွမ်းအပေါ်တွင် ယုံကြည်ကိုးစားလိုပေလိမ့်မည်။ သား၏အောင်မြင်မှုအပေါ်တွင် ဂုဏ်ယူချင်ပေလိမ့်မည်။ သား၏ဘ၀ တိုးတက်မှုများတွင် ကျေနပ်ပီတိဖြစ်လိုပေလိမ့်မည်။
သို့ပေမဲ့ ယခုမူ သားသည်သာ အမေ့အား အားကိုးမှီခိုနေရ၏။ သားရှိနေခြင်းသည် အမေ့အတွက် စိတ်ဖြေသိမ့်မှုတစ်ခုသာဖြစ်၍ ဘာမှ အားကိုအားထား မျှော်လင့်ဖို့ အသုံးဝင်နိုင်မည် မဟုတ်။ အနာဂတ်အတွက် ဘာကိုမှ အားကိုးမှီခိုနိုင်ဖို့ မျှော်လင့်ချက် မပေးနိုင်သော၊ အာမခံချက်မရှိသော သားတစ်ယောက်အဖြစ် အမေ့အပေါ် အားနာနေမိသည်။ သနားနေမိသည်။
အတုံ့အလှည့် မမျှော်လင့်တတ်သော မိဘတို့၏ စုန်ရေမေတ်္တာကို နားမလည်နိုင်ခြင်း မဟုတ်ပါ။ ဒုက်္ခိတသားငယ်တစ်ယောက်၏ အားငယ်ကြေကွဲမှုသာ ဖြစ်ပါသည်။
+++++++
“ သား ဒီကိစ်္စကိုတော့ မလုပ်ပါရစေနဲ့။ အလုပ်ရဲဘူး အမေရယ်..”
အမေသည် ရုတ်တရက် ပျက်ယွင်းအံ့သြသွားသော၊ ကြောက်လန့်တကြား ငြင်းပယ်နေသော သား၏မျက်နှာကို ဂရုဏာသက်စွာ ငေးကြည့်နေ၏။ သားရင်ထဲက ခံစားချက်ကို နားလည်နေသူမို့လည်း မျက်ရည်စို့မိမတတ် သနားနေရှာလိမ့်မည်။
တစ်ခါတရံတွင် လူတစ်ယောက်၏ မစွမ်းဆောင်နိုင်သော ကိစ်္စတစ်ခုကို အားပေးတိုက်တွန်းမိခြင်းက ထိုလူအား ပို၍ပင် အားငယ်သွားစေတတ်ကြောင်း အမေလည်း ကိုယ်ချင်းစာနေမှာပါ။
“ ဘာ မလုပ်ရဲစရာရှိလဲ သား။ သားကို အမေယုံတယ်။ သားလုပ်နိုင်မယ်လို့ ယုံတယ်။ သားလုပ်နိုင်မယ်ဆိုတာ သိလို့ အမေစီစဉ်ခဲ့တာပေါ့။ မဖြစ်နိုင်တာကို အမေက စီစဉ်ပါ့မလားကွယ်။ သား အမေ့ကို ယုံတယ်မဟုတ်လား...”
မယုံကြည်သလို မျက်လုံးများဖြင့် ငေးကြည့်နေမိသည့်အတွက် အမေ့အပေါ် အားတော့နာမိပါသည်။ သို့သော်လည်း မတတ်နိုင်ပါ။ ဒီကိစ်္စမှာတော့ သား ဘယ်အရာကိုမှ မယုံရဲ။ ဘာကိုမှလည်း မမျှော်လင့်ရဲ။ လူ့ဘ၀ထဲ စ၀င်ကတည်းက အရှုံးနှင့် ၀င်ခဲ့ရသော မိမိဘ၀မှာ တစ်စုံတစ်ခုကို ရှုံးနိမ့်၍ ထပ်ခံစားရမှာမျိုး မကြုံချင်တော့ပေ။ ရှုံးမယ်ထင်ရတဲ့ ပြိုင်ပွဲတစ်ခု ဒါမှမဟုတ် အလောင်းအစားတစ်ခုခုကို အနိုင်ရမယ့် အဖိုးကြီးဆုကြေးကို မျှော်တွေးပြီး သား မလောင်းရဲ။ မပြိုင်ရဲ။
“ အားလျော့တွေးနဲ့ မတွေးရဘူးလေ သားရယ်။ မဖြစ်နိုင်တဲ့ ကိစ်္စမှမဟုတ်တာ။ ဖြစ်အောင်လုပ်စမ်းပါကွယ်။ ဒါမှ သားလို ဘ၀တူလူငယ်တွေ နမူနာယူစရာရှိပြီး အားတက်လာကြမှာ။
ဒီလိုလုပ် သား။ အဦးဆုံး အရင် စမ်းလုပ်ကြည့်။ ဖြစ်မဖြစ် သားဖာသာလည်း အကဲခတ်ကြည့်။ အခြေအနေ ကျေနပ်လောက်မှ ဆက်လုပ်ပေါ့။
ဒါဆို သားဖြစ်ချင်နေတဲ့ လောကကို တစ်ဖက်တစ်လမ်းကအကျိုးပြုတဲ့ လူငယ်တစ်ယောက်ဖြစ်လာမယ်။ သားလည်း ပျော်မှာပါပဲ။ မဖြစ်မြောက်မှာ ရှုံးနိမ့်မှာ စိုးတဲ့အတွေးနဲ့ အပျက်ဖက်ကို တွေးနေလို့ကတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။
ကြိုးစားကြည့်စမ်းပါ။ သတိ္တရှိစမ်းပါ သားရယ်။ မကြိုးစားဘဲ မအောင်မြင်တာထက် ကြိုးစားရင်း ရှုံးနိမ့်ရတာက ပိုပြီး အဓိပ်္ပါယ်ရှိပါတယ်ကွယ်။ ဖြစ်နိုင်လို့သာ အမေ တိုက်တွန်းတာပေါ့။ ငါ့သား အမေ့ကိုယုံစမ်းပါ။ ကိုယ့်ကိုယ်ကို ယုံစမ်းပါ...”
အမေ့စကားသံတို့သည် အားမာန်အပြည့်နှင့် သား၏ရင်ကို နွေးထွေးစေ၏။ အားလျော့စိတ်ကို ပြည့်တင်းစေ၏။
သို့ပေမဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် အရိုးပျော့ဒုက်္ခိတသည် တစ်ယောက်အနေဖြင့် လူတောထဲတိုးဝင်ရန် ဘယ်လိုမှ လိပ်ပြာမရဲ။ ကိုယ့်ဘ၀အတွက် ထူးထူးထွေထွေ ရှက်ရွံ့ခြင်းမဟုတ်သော်လည်း သိမ်ငယ်စိတ်တော့လည်း မကင်းနိုင်ပြန်။
“ သား စဉ်းစားပါရစေ အမေရယ်...”
တကယ်က “ အားမွေးပါရစေ ” ဟု ပြောလိုက်ဖို့ပင် ကောင်း၏။ မိသားစုကမ်္ဘာလေးထဲ၌သာ အဆက်အဆံရှိ၍ အိမ်တွင်းပုန်းနေခဲ့သော သားအဖို့ အပြင်လောက လူတွေကြားထဲ ခြေချဖို့ရာမှာ တွန့်ဆုတ်နေမိသည်။ မိမိမကြုံဖူးသော လူမိတ်ဆွေများသည် စာအုပ်မိတ်ဆွေများလောက် သစ်္စာရှိပါ့မလား။ ရိုးသားကြပါ့မလား။ ဟန်ဆောင်မှုကင်းပါ့မလား။ မိမိအပေါ် နားလည်တတ်ပါ့မလား။
ဘာဘဲဖြစ်ဖြစ် လူတချို့သည် ကောက်ကျစ်တတ်ကြသည်။ ဟန်ဆောင်တတ်သည်။ လိမ်ညာတတ်သည်။ စကားတင်းဆိုတတ်သည်။ စောင်းမြောင်းတတ်သည်ဟု စာအုပ်တချို့၌ သူ ဖတ်ဖူး၏။ ဒါတွေကို ခံနိုင်ရည်ရှိဖို့ သူ အားမွေးရန် လိုအပ်သည်မဟုတ်လား။
“ သားဟာ ဘ၀တူ အဖော်တွေကို အားတက်စေမယ့် စံပြတစ်ယောက် ဖြစ်စေရမယ် သား။ ဘ၀တူတွေကို ဖေးမလမ်းပြနိုင်အောင် ကြိုးစားစမ်းပါကွယ်..”
အမေကတော့ သားအပေါ်တွင် ယုံကြည်စိတ်၊ အထင်ကြီးစိတ်၊ များလွန်းနေလေသည်။
+++++++
အမေသည်သာ သားဘ၀၏ အနီးကပ်အားပေး လက်တွဲဖော်ဖြစ်ခဲ့လေသည်။ အဖေက သူ့လုပ်ငန်းများဖြင့် အားလပ်ချိန် နည်းပါးသောကြောင့် သားအား အရိပ်တကြည့်ကြည့် မနေနိုင်ခဲ့သမျှ အမေက ပို၍ ဂရုစိုက်ကြင်နာပေးခဲ့၏။
အမေသည် အိမ်အလုပ်များ လုပ်ချိန်မှလွဲ၍ ကျန်အချိန်တိုင်းတွင် သား၏ဝေယျာဝစ်္စများကို လုပ်ပေးနေတတ်၏။ ငယ်စဉ်ကတည်းက စာသင်ပြပေးရသောအလုပ်ကို အမေက သားအတွက် အလေးထားကာ အချိန်ပေးခဲ့လေသည်။
အမေသည် သားအတွက် အစစအရာရာကို သူမကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်အားရတတ်ခဲ့သူ။
“ မင်းမှာ အိမ်အလုပ်တွေရော၊ သားအတွက် အစစအရာရာ လုပ်ပေးရတာရော၊ ပင်ပန်းလှပါပြီကွာ။ သားကို စာပြပေးဖို့ ဆရာမတစ်ယောက် ငှားလိုက်ပါလား...”
အဖေက အားလပ်ချိန် နည်းနည်းမှ မရှိရှာသောအမေ့ကို ညှာတာစွာ ဆရာမငှားဖို့ စီစဉ်လိုခဲ့သော်လည်း အမေက လက်မခံခဲ့ပေ။
“ သားလေးက သိပ်အားငယ်တတ်တာ။ အမေ့ကိုလည်း သိပ်အားကိုးရှာတာ။ ကျွန်မကိုယ်တိုင်သင်ရင် သူ ပိုပြီး စိတ်ဝင်စားတော့ တတ်လွယ်တာပေါ့။ ပင်ပန်းတယ်လို့မထင်ပါဘူး။ ပြီးတော့ သားဘ၀ကို မြှင့်တင်နိုင်အောင် ကျွန်မ ကြိုးစားချင်ပါတယ်...”
အမေက သားဘ၀ကို မြှင့်တင်နိုင်ရန် အမှန်တကယ် အပင်ပန်းခံခဲ့လေသည်။ သား၏ ပင်ကိုယ်ဥာဏ်မှာ အတန်အသင့် ထက်မြက်သော်လည်း သား၏စိတ်ဓာတ်များမှာမူ ပျော့ညံ့လျက်ရှိပေရာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလွန်းလှ၏။
ဒုက်္ခိတသားငယ်အဖို့ ကုသိုလ်ကံပါးလျားမွဲနုံလွန်းသော သူ့ဘ၀ကို နာကျဉ်ကြေကွဲစွာ ခါးသည်းနေခဲ့သည်မှာ သား၏အမှား မဟုတ် ဟုလည်း အမေကသားကို နားလည်စွာ အပြစ်တစ်ခွန်းမှ မဆိုခဲ့။ ငယ်စဉ်ကပင် သားအတွက် စိတ်ခွန်အားဖြစ်စေမည့် စာအုပ်ကောင်းများကို အမေကိုယ်တိုင် ဖတ်ပြ၊ ရှင်းပြပေးခဲ့သည်။ သား၏စိတ်ဓာတ်များ တည်ငြိမ်ရင့်ကျက်လာစေရန် အမေက စာအုပ်များကို သားအတွက် အဖော်ကောင်းအဖြစ် ဆောင်ကြဉ်းပေးခဲ့လေသည်။
ကျောင်းစနေရမည့်အရွယ်က သားသည် အမြဲတမ်း ညှိုးငယ်ငေးငိုင်နေတတ်၏။ နေ့စဉ်နေ့တိုင်း ဘီးတပ်ကုလားထိုင်ပေါ်မှ ပျော့ခွေနွဲ့လျစွာ ငေးမောနေတတ်သော သား၏အကြည့်များသည် ပျော်ရွှင်ဆူညံစွာ ကျောင်းသွားနေကြသော လမ်းမပေါ်မှ ကလေးများအပေါ်တွင် အားကျငေးရီနေတတ်သည်။ တစ်ခါတရံ အသံမထွက်ဘဲ ကြိတ်ရှိုက်တတ်ပြန်၏။
သားစိတ်ထဲတွင် ရွယ်တူကလေးငယ်များနည်းတူ ပြေးလွှားခုန်ပေါက် ကစားလိုသောဆန်္ဒများသည် ဆို့နင့်စွာ မြိုချလိုက်ရသောတံတွေးနှင့်အတူ ရင်ထဲမှာပင် သိုသိပ်ထားလိုက်ရ၏။
သား၏ဆန်္ဒအတိုင်း လမ်းမပေါ် ကောင်းစွာမြင်နေရသော စာကြည့်ခန်းအတွင်းသို့ လိုက်ပို့ပေးရသော အမေ့၏ အသည်းနှလုံးသည်လည်း ယူကြုံးမရစွာ ကြေကွဲနေခဲ့လိမ့်မည်။ တိတ်တဆိတ် မျက်ရည်ကျချင် ကျနေခဲ့မည်။
သို့ပေမဲ့ အမေသည် သားရှေ့တွင်မူ ဘယ်သောအခါမှ မျက်ရည်ကျမပြတတ်ခဲ့။ အမေ့၏ အလွန်ဆုံးသော စိတ်ထိခိုက်မှု အမူအရာသည် မျက်နှာတဒင်္ဂညှိုးသွားရုံသာဖြစ်၏။ သားရှေ့တွင် မည်သည့်အခါမျှ အမေ မညည်းညူခဲ့ဖူးပေ။
သားအတွက် အားပေးစကားများ၊ ဖြေသိမ့်စကားများကို တည်ငြိမ်သောမျက်နှာ၊ တက်ကြွသောအမူအရာများဖြင့် ပြောဆိုနိုင်မှသာ သား၏ အားငယ်စိတ်များ ဖြေဆည်လာနိုင်မည်ဟု အမေက ယုံကြည်ခဲ့ပေလိမ့်မည်။
“ ငါ့သားလေး ကံဆိုးရှာတယ်..” ဆိုသော စကားမျိုးများတော့ စိတ်အားငယ်သွားမည်စိုး၍ သားရှေ့တွင် ဘယ်တော့မှ မညည်းညူမိရန် အမေက အလွန်ဂရုပြုခဲ့ပုံရ၏။
တစ်ခါက သားသည် အမေ့ရင်ခွင်တွင် မျက်နှာဝှက်ကာ ရှိုက်ကြီးတငင် ၀မ်းပမ်းတနည်း ငိုမိသေး၏။
“ သားဘ၀က သိပ်ကံဆိုးတာပဲ အမေရယ်။ သူများတွေလို သားလည်း ကျောင်းသိပ်တက်ချင်တာပဲ။ လက်ကလေးမှ စာရေးဖို့ မလှုပ်နိုင်တဲ့ဘ၀မှာ လူလာဖြစ်နေမယ့်အစား သေလိုက်ပါရစေတော့။ ဒါမှမဟုတ်လည်း ဦးနှောက်တွေပါ အားလုံးပျက်နေလိုက်။ ဒါဆို ၀မ်းနည်းတတ်မှာလည်း မဟုတ်ဘူး။ ကြေကွဲတတ်မှာလည်း မဟုတ်ဘူး။ ဘာမှ ခံစားရမှာမဟုတ်ဘူး။
သား ဒီဘ၀မှာ အပျော်ဘူးအမေ။ သေရမယ့်ရက်ကို ဒီကုလားထိုင်လေးပေါ်ကနေ၊ လမ်းမကိုငေးရင်းကနေ၊ ကုတင်ပေါ် လှဲနေရင်းကနေ၊ စောင့်နေရတာ ဘာအဓိပ်္ပါယ်ရှိလို့လဲ။ အချိန်တွေမြန်မြန်ကုန်ပြီး မြန်မြန်သေရမယ့်ရက် ရောက်လာပါစေလို့ပဲ ဆုတောင်းနေရတော့တယ်...”
“ အို ဒီလိုမပြောနဲ့ သား။ ရက်တွေ မြန်မြန်ကုန်ပါစေလို့ ဆုမတောင်းရဘူးလေ။ တစ်စက်္ကန့်၊ တစ်မိနစ်တောင်မှ သိပ်ပြီးအဖိုးတန်တာ။ အတိတ်ဆိုတာ ပြန်လိုချင်လို့မရဘူး သား။ ပစ်္စုပ်္ပန်ဟာ အဖိုးအတန်ဆုံးအချိန်ပဲ။ အကျိုးရှိအောင် အသုံးချတတ်ဖို့ပဲ အရေးကြီးတာ။ သားဘ၀ဟာ အလကားမဟုတ်ဘူး။ သားမှာ ကြိုးစားနိုင်ခွင့်တွေရှိပါတယ်။
သားကိုအမေလမ်းပြမယ်။ လက်တွဲခေါ်မယ်။ သားဘာမှ အားမငယ်နဲ့။ သားဟာ မသန်ပေမဲ့ စွမ်းရမယ် သား...”
အက်ကွဲနေသော နှလုံးသားကို ဖုံးကွယ်ကာ၊ မချိသောရင်ကို အားတင်းကာ၊ အမေက သားအား နှစ်သိမ့်အားပေးခဲ့၏။ အမှန်တကယ်လည်း သားအတွက် ကြိုးစားပေးခဲ့လေသည်။
သားသည် ငယ်စဉ်က ခြေများလက်များကို ကိုယ်တိုင် လုံးဝမလှုပ်ရှားနိုင်ခဲ့။ အမေက ဆရာဝန်နှင့်တိုင်ပင်ကာ လက်ချောင်းလေးများကို ပထမဦးစွာ အမေ့အကူအညီဖြင့် လေ့ကျင့်လှုပ်ရှားစေခဲ့သည်။ အမေ၏အားပေးတတ်မှု၊ စိတ်ဓာတ်မြှင့်တင်ရာတွင် ကျွမ်းကျင်မှုတို့ကြောင့် သားသည် အမေ့ကို ယုံကြည်အားထားလာကာ အမေ သွန်သင်သမျှ လိုက်နာလေ့ကျင့်ခဲ့၏။
တဖြေးဖြေး လက်များ လှုပ်ရှားရလာသောအခါ၌ အမေက အော်ဂင်တစ်လုံးကို ၀ယ်ယူကာ သားအားသင်ကြားပေးလေသည်။ သားသည် ဂီတဖက်တွင်မူ ပါရမီရှိသူဖြစ်ပြီး သား၏အသံသည် ကြည်လင်ချိုမြကာ ဂရုဏာငွေ့လွှမ်းသည်ဟု အမေကဆို၏။
သား၏ လျော့ရဲပျက်ပြားနေသော စိတ်ဓာတ်များကို အမေက ဂီတဖြင့်လည်း တစ်ဖက်တစ်လမ်းမှ တည်ငြိမ်အေးချမ်းအောင် လမ်းပြတွဲခေါ်ခဲ့ခြင်းပင်။
+++++++
အပိုင်း(၂)
++++++
မယုံရဲရဲဖြင့် ကြိုးစားလာခဲ့ရသမျှ ခုလောက် အဓိပ်္ပါယ်ပြည့်ဝစွာ ပျော်ရွှင်လာရမည်ဟု တစ်ခါမျှ မမျှော်လင့်ရဲခဲ့ပေ။
ခုလို သား ဘယ်တော့မှ မမျှော်လင့်ရဲခဲ့သော ဘ၀မျိုးကို သားတောင့်တ၍မျှပင် မကြည့်ခဲ့ဖူးပေ။ တောင့်တဖို့ရာမှာလည်း မတန်မရာနိုင်လွန်းသည်ဟု သားက ထင်မှတ်၏။
ခုတော့ သားမမျှော်မှန်းဝံ့ခဲ့သော ရွှေရောင်တောက်ပသည့်ဘ၀မျိုးကို အမေက လက်တွဲဖေးမပို့ခဲ့လေပြီ။
“ သား စီးရီး အောင်မြင်တယ်သား။ အမေမပြောဘူးလား။ သားအရည်အချင်းကို အမေယုံပါတယ်လို့။ ငါ့သားဟာ လူတော်တစ်ယောက်ပါကွယ်...”
အရာရာတို့ထက် အမေသည် သားအပေါ်တွင် မြော်မြင်ဥာဏ်ကြီးမားလွန်းလှသည်။ မေတ်္တာစေတနာ များပြားလွန်းလှသည်။ တွဲခေါ်နိုင်မှု ထူးချွန်လွန်းလှသည်။
ပထမဆုံး သီချင်းတစ်ပုဒ်ကို အားမာန်ရှိသည့်၊ စိတ်တက်ကြွမည့်၊ ကိုယ့်ကိုယ်ကို ယုံကြည်အားထားသည့် သဘောများဖြင့် ရေးဖွဲ့ရန် အမေက သီချင်းရေးသူအား တိုင်ပင်ခဲ့လေသည်။ သား၏ စိတ်ဓာတ်မြှင့်တင်နိုင်ရန်၊ အားတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အစစအရာရာကို အမေက ဦးဆောင်စီစဉ်ကာ သားအတွက် ဖန်တီးပေးခဲ့၏။ အမေသည် သားအား အကျိုးပြုလူသားတစ်ယောက် မဖြစ်ဖြစ်အောင် အနှစ်နှစ်အလလ အပင်ပန်းခံ ပြုစုပျိုးထောင်ကာ လောကအတွက် မွေးထုတ်ပေးလိုက်လေသည်။
လေလှိုင်းထဲတွင် ကြည်လင်ချိုမြစွာ ထွက်ပေါ်နေသော၊ ပရိသတ်ကချစ်ခင်အားပေးသော၊ တီဗွီဖန်သားပြင်တွင် နောက်မှီကုလားထိုင်ဖြင့် ခပ်လျော့လျော့ထိုင်ကာ ကိုယ်တိုင် အော်ဂင်တီး သီချင်းဆိုနေသော ပြည်သူ့အတွက်တေးသံရှင်သည် အမေ၏သား ဖြစ်ခဲ့လေပြီ။
ဤတစ်ကြိမ်တွင်တော့ ယုံကြည်လေးစားစွာ အမေ့မျက်နှာကို မော့ကြည့်လိုက်မိသည်။
ဘီးတပ်ကုလားထိုင်ပေါ်မှ သားအား ကြင်နာစွာငုံ့ကြည့်နေသော အမေ့ရင်ထဲ၌...
သား၏အစွမ်းအစပေါ်တွင် ယုံကြည်အားထားစွာ..၊ သား၏ အောင်မြင်မှုအပေါ်တွင် ဂုဏ်ယူကြည်နူးစွာ..၊
သား၏ အနာဂတ်ရှေ့ရေးအတွက် စိတ်ချရင်အေးစွာ...။
+++++++
အမေ့မျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေ ဝေ့၀ဲနေတာ သား မြင်လိုက်ရပါတယ်အမေ။
အမေ သားအတွက် ၀မ်းသာကြည်နူးစိတ်တွေ ပြည့်လျှမ်းနေတယ် မဟုတ်လား။
အမေ့ရဲ့ ပျော်ရွှင်ကျေနပ်နေတဲ့ မျက်နှာကို ငေးမောကြည့်နေရင်း သားရဲ့ရင်ထဲမှာလည်း အမေ့ဆန်္ဒကို ပြည့်ဝစေနိုင်မယ့် အစွမ်းတွေ အမြဲရရပါစေလို့ ဆုတောင်းနေမိတယ်။
ခုဆို သားရဲ့အနာဂတ်ဟာ သက်တံရောင်စုံတွေ ဖန့်ဝင်းနေပြီအမေ။
တကယ်တော့ အမေဟာ သားဘ၀အတွက် မေတ်္တာအလင်းကို ရောင်ပြန်ကွန့်မြူးစေပြီး နှလုံးသားနဲ့ သက်တံတံတား ခင်းပေးခဲ့သူပါ အမေရယ်။
+++++++

ဝေ(စီးပွားရေးတက္ကသိုလ်)
May, 2013... Fashion Image Magazine
( အမေနေ့အမှတ်တရအတွက် မဂ္ဂဇင်းမှာထည့်ဖို့ အယ်ဒီတာညီမလေးက တောင်းဆိုတာကြောင့် ရေးပြီးသားအဆင်သင့်မရှိတာနဲ့ အသက်နှစ်ဆယ်တုန်းက ရေးထားတဲ့ ၀တ္ထုလေးကို ပေးဖြစ်တာပါ။ သည်းခံဖြည့်စွက်ပြီး ဖတ်ပေးပါရှင်...)