ဇာတိမာန်


မန္တလေးသည် ကျွန်မ၏ ငယ်အိပ်မက်ဖြစ်ပါသည်။ မန္တလေး ဆိုတာကို ကြားလိုက်ရသည်နှင့် ဆွေမျိုးရင်းချာကို တွေ့ရသလို ကျွန်မရင်မှာ နွေးထွေးလှိုက်ခုန်ပြီးသား ရင်းနှီးချစ်ခင်ပြီးသား ဖြစ်နေခဲ့သည်။

ဘာလို့လဲဆိုတော့ ကျွန်မက မန္တလေးသူလေ။ မန္တလေးက ကျွန်မရဲ့ ဇာတိချက်မြှုပ်။
ငယ်ငယ်ကတော့ မန္တလေးသူ စစ်စစ်တွေလို စကားပြောရင် "ကျွန်တော် ကျွန်တော်" နှင့် ထည့်ပြောတတ်ခဲ့၏။ အရွယ်ရလာတော့ အလုပ်ထဲမှာ လူကြီးတွေနှင့်ဆက်ဆံရာမှာ အဆင်ပြေစေဖို့ "ကျွန်တော်" နေရာမှာ "ကျွန်မ" နာမ်စားကို သုံးရင်း အကျင့်ဖြစ်သွားခဲ့ပြီ။

သို့ပေမယ့် အခုချိန်ထိ ရွယ်တူ မတိမ်းမယိမ်း သင့်တော်ရာအခြေအနေမှာ "ကျွန်တော်"လို့ ပြောမိသည့်အခါ ပြောမိဆဲ။ ဇာတိမပျောက်သည့် သဘောလေးတွေပေါ့။

တချို့က "အံမယ်... မန္တလေးသူလားဟ" ဟု စသလို နောက်သလို ပြောလိုက်ရင်လည်း ကျွန်မက ကျေနပ်ညွတ်နူးမိမြဲ။

"တကယ့်ကို မန္တလေးသူအစစ်ပါရှင်"လို့ အံ့သြသလို ဖြစ်သွားသည့်သူတွေကို မျက်နှာလေးမော်ပြီး ပြုံးပြရတာ ဂုဏ်ယူမြဲ။

သို့ပေမယ့် ကျွန်မ မန္တလေးကို တစ်ခါမျှ မရောက်ဖူးပါ။ သည်လိုပြောလျှင် မိတ်ဆွေတချို့က ရယ်မောကြပါသည်။ "ဘုရားစူး... မန္တလေးသူပေါ့" ဟု စကြ၏။

ကျွန်မမွေးပြီးခါစ လသားအရွယ်မှာပင် မိဘတွေက တာဝန်ကျရာ မန္တလေးမြို့ကြီးဆီမှ တခြားနယ်မြို့တမြို့ကို ပြောင်းရွှေ့မိတ်ကျလာသည်မို့ မန္တလေးနှင့်ကျွန်မ အဲဒီအချိန်ကတည်းက ဝေးခဲ့ရသည်။
ဖေဖေနှင့်မေမေက အစိုးရ၀န်ထမ်းပီပီ နယ်တကာလှည့်လည် ရွှေ့ပြောင်းနေရလေတော့ ကျွန်မ၏ ဇာတိချက်ကြွေ မန္တလေးမြေကို ခြေဦးပြန်မလှည့်အားတော့။

ဘယ်မြို့ဘယ်နယ်ရောက်ရောက် `သမီးက မန္တလေးသူမို့ အသားမည်းတာပေါ့´ ဟု မိသားစုထဲမှာ အသားနည်းနည်းညိုသည့် ကျွန်မကို မေမေအမြဲစနေကျ စကားလေးက ကိုယ့်ကိုယ်ကိုယ် မန္တလေးသူဆိုပြီး ပညတ်စွဲစေခဲ့၏။ `မန္တလေး´ ကို မမြင်ဖူးပေမယ့် သံယောဇဉ်ထူးကဲစေခဲ့သည်။ မန္တလေးနှင့်ကျွန်မက တသားတည်းဟု စွဲမှတ်စေခဲ့သည်။

သည်လိုနှင့် `မန္တလေး´ `မန္တလေး´ ဟု နှလုံးသားထဲမှာ ရေရွတ်နေရင်းနှင့် မိဘများနှင့်အတူ ကချင်တောင်တန်းတွေပေါ်ကလည်း ပြန်လာခဲ့ပြီ၊ မြစ်ဝကျွန်းပေါ် သောင်ခုံတွေပေါ်ကိုလည်း ကူးဖြတ်ခဲ့ပြီ၊ မြေပြန့်လွင်ပြင်တွေကိုလည်း ဖြတ်သန်းပြီးပြီ။

သို့ပေမယ့် အနီးအပါးကသာ ပွတ်ကာသီကာဖြတ်သွားရပေမယ့် ကျွန်မအရွယ်ရောက်လာသည်အထိ မန္တလေးကို မရောက်ဖူးခဲ့သေးပါ။ မိဘများက အလုပ်တဖက်နှင့် မအားလပ်သလို ကျွန်မကလည်း ရောက်ဖူးချင်သည့် စိတ်ဆန္ဒ ပြင်းပြပေမယ့် တယောက်တည်း ခရီးသွားနိုင်မည့် အရွယ်မတိုင်သေး။

နောက်ဆုံးတော့ မိဘများ ပင်စင်ယူ အခြေချသည့် မြေလတ်မြို့ကလေးမှာ မန္တလေးနှင့် သိပ်မဝေးလှသလို သိပ်တော့လည်း မနီးလှ။ `မန္တလေးမှာ အခြေမချဘူးလား မေမေ´ ဟု ဇာတိစွဲသံယောဇဉ်နှင့် ပြောမိသော ကျွန်မကို မေမေက ခေါင်းလေးအသာပုတ်က `ရေကြည်ရာ မြက်နုရာပေါ့သမီးရယ်´ ဟု ဖြေခဲ့၏။

ကျွန်မ မန္တလေးကို မရောက်ဖူးဘဲနှင့် လွမ်းပါသည်။ မေမေတို့ အခြေချသော မြေလတ်မြို့လေးမှာလည်း မပျော်ပါ။

အဲသည်မှာ မန္တလေးကို အလွမ်းပြေစေဖို့ မြေလတ်မြို့ကလေးမှာ အနေပျော်စေဖို့ မန္တလေးသားတစ်ယောက် ကျွန်မနားကို ရောက်အောင်ပို့ပေးလိုက်သော ကံကြမ္မာကို ကျွန်မကျေးဇူးတင်ရတော့၏။

`မန္တလေးက ပြောင်းလာတဲ့ မန္တလေးသား´ ဆိုသည်နှင့် ကျွန်မရင်မှာ နွေးပြီးသား။

ကျွန်မကလည်း `မန္တလေးသူ´ ဆိုတော့ သူကလည်း မျက်လုံးများ အရောင်လက်လာကာ ငယ်ပေါင်းကြီးဖော်ပမာ နားလည်မှုတွေကိုယ်စီနှင့် ရင်ခုန်သံတူညီသွားတော့၏။

ကျွန်မမရောက်ဖူးသည့် မန္တလေးအကြောင်းတွေ သူက ပြောပြသည်။ နန်းရှေ့မှာနေသည့် သူက နန်းတွင်းမှ စက်ဘီးဖြတ်စီးကာ ကျောင်းသွားတက်သည့်အကြောင်း၊ ရေနီမြောင်းမှာ ရေအကူးကောင်းလို့ ရေနစ်မလိုဖြစ်ခဲ့သည့် အကြောင်း၊ ဦးပိန်တံတားနားမှ မယ်ဇယ်ပင်တန်းအကြောင်း လွမ်းလောက်အောင် သူပြောပြသည်။

အံ့သြစရာကောင်းသည်က မန္တလေးသားက ခွဲခွာလာခါစ မန္တလေးကို မလွမ်းလှဘဲ ကျွန်မရှိရာ မြေလတ်မြို့ကလေးမှာ ပျော်သည်တဲ့။ ချစ်သူရှိရာ မြေမို့တဲ့။ ကျွန်မ မယုံပါ။

ကျွန်မကတော့ ချစ်သူရောက်လာပေမယ့် မန္တလေးကိုသာ လွမ်းပါသည်။ ချစ်သူလာခဲ့ရာလမ်းကိုသာ မျှော်မှန်းနေပါသည်။ ကျွန်မအစွဲအလမ်း ကြီးလွန်းနေသည်လား။ မန္တလေးသားနှင့် ချစ်သူဖြစ်ကာမှ မန္တလေးကို ပိုလို့ပင် တသလာပါသည်။

သူကတော့ အနုပညာထွန်းကားရာ ယဉ်ကျေးမှုရှင်သန်ရာမြေမှ လာသူမို့လားမသိ။ စကားပြော နူးညံ့ယဉ်ကျေး၍ ဂစ်တာအတီးလည်း အလွန်ကောင်းပါသည်။ အပျော်တမ်း တီးဝိုင်းတစ်ခု ဦးဆောင်ဖွဲ့စည်းကာ တီးခတ်တော့လည်း ( အဲသည်တုန်းက မြို့ကလေးမှာ မင်္ဂလာဆောင်တိုင်း တီးဝိုင်းပါတတ်သည်မို့) အလွန်အောင်မြင်ခဲ့၏။

ကျွန်မသူနှင့် လက်ထပ်ပြီးတော့လည်း သူ့တီးဝိုင်းပေါ်တက်ကာ အပျော်တမ်းအဆိုတော်လုပ်၊ မင်္ဂလာဆောင်များ၊ ရပ်ကွက်ပွဲများ လိုက်ဆိုနှင့် ပျော်စရာအလွန်ကောင်းပါသည်။
သို့ပေမယ့် ကျွန်မ မန္တလေးကို မမေ့ပါ။ သူနှင့်အတူ မန္တလေးသွားဖို့သာ မျှော်လင့်နေပါသည်။

ဖြစ်ချင်တော့ သူ့မိဘတွေကလည်း ကျွန်မတို့ မြို့ကလေးမှာ အခြေချနေပြီ။ ဘိုးဘွားများကလည်း ရန်ကုန်ကို ပြောင်းရွှေ့တာကြာခဲ့ပြီ။ ဦးလေး အဒေါ်များကလည်း ရန်ကုန်မှာ အခြေချကုန်တာ များသည်။ မန္တလေးမှာ ဆွေပြမျိုးပြ လည်ပတ်စရာ အရင်းအချာတွေမရှိတော့။

သို့ဖြစ် မန္တလေးနှင့်ကျွန်မ ဝေးမြဲဝေးနေခဲ့ပါသည်။

ငယ်ရွယ်တက်ကြွသည့်အရွယ်မို့ ဇွတ်သွားချင်လှပေမယ့် အဲသည်တုန်းက ကျွန်မတို့မှာ အခြေအနေ မပေးခဲ့ပါ။ စီးပွားရေးကလည်း တူနှစ်ကိုယ်ဘ၀မှာ ထူထောင်ရုန်းကန်ခါစ။ ဆည်းလည်းလေးတွေ အိမ်မှာ ချိတ်ဆွဲမိတော့လည်း သူတို့လေးတွေကို ပြုစုပျိုးထောင်ဖို့ အချိန်ပေးရနှင့် မန္တလေးသားနှင့် ရခါမှ မန္တလေးက ကျွန်မဘ၀ခပ်ဝေးဝေးတွင် မှုန်ပျပျဖြစ်နေခဲ့ရသည်။

သို့ပေမယ့် ကျွန်မနှလုံးသားထဲကတော့ ထွက်ခွာမသွားပါ လွမ်းမြဲလွမ်းဆဲသာ ဖြစ်ပါ၏။ `တနေ့တလံ ပုဂံဘယ်ပြေးမလဲ´ဆိုသလိုပေါ့။ `တနေ့တစ်ခါ စိတ်ကူး၊ မန္တလေးမဝေးလောက်တော့ဘူး´ ဟုပဲ အားတင်းရပါတော့သည်။

-----
မဝေးတော့သည့် ထိုတစ်နေ့သည် တကယ်တမ်းရောက်လာတော့လည်း ဖျတ်ခနဲ လျင်မြန်စွာ ကျော်လွှားလွန်မြောက်သွားတော့မည်သာ။

မန္တလေးကို ကျွန်မရောက်လာခဲ့ပြီ။ ကျွန်မ မွေးရပ်မြေ၊ ကျွန်မ ဇာတိ၊ ကျွန်မ၏ ချက်မြှုပ်။

ကျွန်မ ကြက်သီးမြမြထရင်း ကျုံးလေကို အားရပါးရ ရှူသည်။ မန္တလေးသား ကျွန်မခင်ပွန်းသည်၏ ဆိုင်ကယ်နော်ကမှာထိုင်ရင်း မန္တလေးကို ရင်ခုန်ကြည်နူးသည်။

ခုတော့ မန္တလေးကို ကျွန်မတကယ်ရောက်ခဲ့ပြီဖြစ်သည်။ မြို့ကလေးမှ ရန်ကုန်၊ ရန်ကုန် မှ မန္တလေးသို့ ကျွန်မတို့မိသားစု လေးယောက်အပြင် ကျွန်မခင်ပွန်း၏ မိဘမောင်နှမများပါ အလည်အပတ် ခရီးထွက်လာကြခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် မန္တလေးမရောက်ဖူးသော မန္တလေးသူ ကျွန်မကို မန္တလေးလိုက်ပို့ ကြခြင်းပင်။

မန္တလေးကို မမှတ်မိခင် ခွဲခွာလာရသည်မှာ သုံးဆယ့်ရှစ်နှစ်ရှိခါမှ မန္တလေးကို ရောက်ရတော့သည်။ မန္တလေးရောက်ရောက်ချင်း တည်းခိုမည့်အိမ်မှာ ခရီးဆောင်အိတ်များ ချပြီးသည်နှင့် ကျွန်မက ခရီးမပန်းဘဲ တက်ကြွနေ၏။ ခင်ပွန်းကလည်း အလိုက်တသိ ဆိုင်ကယ်ငှားကာ နှစ်ယောက်သားထွက်ဖို့ပြင်သည်။

လူကြီးတွေက `ဟဲ့... နားကြဦးလေ။ ခရီးပန်းလာတဲ့ဟာ။ မနက်ကျတော့ တစ်မြို့လုံးအနှံ့ ပို့ပေးမှာပဲ´ ဟုပြောလည်း အမျိုးသားက ရယ်ကျဲကျဲနှင့် `ဒီနားလေးတင်ပါ´ ဟုပြောပြီး ထွက်ခဲ့ကြ၏။ သားနှင့်သမီးကို ချော့မော့ဖျောင်းဖျပြီး အဒေါ်တွေနှင့် ထားခဲ့ရသည်။

`ကိုဇာနည်က မန္တလေးမရောက်တာ အနှစ်နှစ်ဆယ်ကျော်ပြီ မဟုတ်လား။ မန္တလေးက အရင်တုန်းကလို မဟုတ်တော့ဘူးနော်။ ဆိုင်ကယ်တွေနဲ့ လမ်းအရမ်းရှုပ်တယ်။ သတိထားသွားဦး။ မျက်စိလည်နေဦးမယ်´ ဟုလည်း အိမ်ရှင်က သတိပေးသေး၏။

တကယ်တမ်း လမ်းမပေါ်ရောက်လာတော့လည်း သူက မျက်စိလည်နေသလိုလို စမ်းတ၀ါးဝါး။
`အိမ်တွေက ပုံစံပြောင်းသွားပြီကွ။ အသစ်တွေဖြစ်ကုန်ပြီ´ တဲ့။
`ဘယ်သွားမလို့လဲ´ လို့ ကျွန်မမေးတော့လည်း ရေရေရာရာ မဖြေ။

မန္တလေးအကြောင်းပြုပြီး သံယောဇဉ်ဖွဲ့တည်ခဲ့ကြစဉ် ယခင်ရည်းစားဘ၀တုန်းကတော့ မန္တလေးရောက်ရင် စက်ဘီးရှေ့ဘားတန်းမှာ တင်စီးမည်ဟု သူပြောခဲ့ဖူးတာ သတိရ၏။ မန္တလေးက တခြားမြို့တွေလိုမဟုတ်။ ယောက်ျားစီးဘီး၏ ရှေ့ဘားတန်းတွင် ချစ်သူမိန်းကလေးကို တင်စီးကြသည်တဲ့။

အခုတော့ စက်ဘီးထက် ဆိုင်ကယ်တွေ ပိုတွင်ကျယ်နေသောခေတ်မို့ စက်ဘီးစီးသူပင် သိပ်မတွေ့ရတော့။ လမ်းပေါ်မှာ ဆိုင်ကယ်တွေသာ နေရာအပြည့်ယူနေတော့သည်။ ဒီတော့ စက်ဘီးဘားတန်းရှေ့တင်စီးမည့် သူ့အစီအစဉ်ကလည်း အချိန်ကာလရွေ့လျောကာ ပျက်ပြယ်သွားရပြီ။

မျက်စိလည်နေသလို ဟိုဝင်ဒီထွက်နှင့် လိုရာမရောက်ဖြစ်နေသော သူ့နောက်မှ လိုက်ပါလာရပေမယ့် ကျွန်မ စိုးစဉ်းမျှ စိတ်မပူပါ။ ဒါ ကျွန်မရဲ့ ဇာတိမြေလေ။ အသိအကျွမ်းတယောက်မှ မရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် မန္တလေးသူဆိုပြီး တမြို့လုံးနှင့် ဆွေမျိုးတော်သလို လုံခြုံမိသည်မှာ အံ့သြစရာ။
သည်လိုနှင့် `ဒါ ကိုတို့နေခဲ့တဲ့ အိမ်´ ဆိုပြီး နန်းရှေ့ကျုံးရေပြင်ကြီးကို ဘွားခနဲတွေ့လိုက်ရပါတော့သည်။ သူနေခဲ့သည့် အိမ်လေးကို သူငေးနေစဉ် ကျွန်မက ကျုံးရေပြင်ကြီးကို မျှော်ရင်း ရင်တလှပ်လှပ်ခုန်နေပါသည်။
ရောက်ပြီ။ ရောက်ပြီ။ ကျွန်မရောက်ချင်လှသည့် ဇာတိမြေကို ရောက်နေပြီ။ မနက်ဖြန် ဘုရားစုံဖူးမည်။ မယ်ဇယ်ပင်တန်းဆီ သွားမည်။ နန်းတွင်းထဲ လှည့်လည်ကြည့်ရှုမည်။ မန္တလေးတောင် စစ်ကိုင်းတောင် နေရာအနှံ့သွားဦးမည်။

`ကိုက မရောက်တာကြာပေမယ့် လမ်းတွေမှတ်မိသေးသားပဲနော်´
ကျွန်မက ချီးကျူးတော့ သူက ဟက်ခနဲရယ်သွမ်းသွေး၏။

`သိပ်တော့လည်း အထင်မကြီးနဲ့ဦး။ ပထမတော့ လမ်းတွေ တိုက်တွေက ပုံစံပြောင်းနေလို့ မျက်စိလည်ချင်နေတာ။ ဒါပေမယ့် ဒီနန်းတော်ကြီးနဲ့ ကျုံးကြီးရှိနေသရွေ့ကတော့ ဘာတွေ ဘယ်လောက်ပြောင်းပြောင်း မျက်စိမှိတ်ပြီးတောင် ဆိုင်ကယ်ကို မောင်းဦးတော့ ဒီနေရာကိုတော့ ကိုရောက်အောင် လာနိုင်တယ်ကွ´

သူက ဇာတိမာန်တက်ကြွလှသော အသံနှင့် အပြောမှာ ကျွန်မကလည်း ကြက်သီးတဖြန်းဖြန်းနှင့် သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်မိပါသည်။

နန်းတော်ကြီးက ကျုံးတစ်ဖက်မှာ တည်ငြိမ်ကျက်သရေရှိစွာ တိတ်တိတ်ဆိတ်ဆိတ်။
ကျွန်မတို့ ဆိုင်ကယ်လေးကတော့ ကျုံးနံဘေးမှာ တရိပ်ရိပ်။

-------

ဝေ(စီးပွားရေးတက္ကသိုလ်)
မဟေသီမဂ္ဂဇင်း (၂၀၁၁ခုနှစ် မတ်လ)

မြေစိမ့်မိုး၏ မြစ်အိပ်မက်

ဒီညကျမှ မိုးကတော်တော်သည်းနေသည်။ တစ်နေကုန် သာသာယာယာ ရှိနေရာမှ ညသည် အမှောင်နှင့်အတူ သူကဲ့သို့ နက်ရှိုင်းသောမိုးကို ခေါ်ဆောင်လာ၏။ မြစ်ပြင်ကျယ်ကိုဖြတ်၍ တရှူးထိုးတိုက်ခတ်လာသော လေကလည်း တ၀ှီးဝှီး၊ တရွှီးရွှီးနှင့်။

သူမ၏ မြေစိုက်တဲကလေးကို ဆွဲလှန်ပစ်လိုက်မည်သို့ ခြိမ်းခြောက်နေသလား ထင်မှတ်ရသည်။

သက်တမ်းကုန်တာကြာပြီဖြစ်သော သက်ကယ်မိုးကြားမှ မြင်နေကျ စိန်ပွင့်သဏ္ဍာန် ကြယ်လေးများအစား အရောင်ကင်းမဲ့သော အေးစက်စက်မိုးရေများက နေရာအနှံ့ စီးကျလာနေသည်။ တဲထဲက နင်းသားကျပြီးသား မြေတလင်းမာမာလေးက ခုတော့ ဗွက်ကလေးတွေ ဟိုတစ်ကွက်၊ ဒီတစ်ကွက်။ ကျလာသည့် မိုးစက်လေးတွေကို ပြန်တွန်းကန်ပြီး ခုန်ထလာသော ရေမွှားလေးများက ဗွက်မြေပေါ်မှာ ဖွာရာကြဲလို့။

သူမဘ၀ကရော ဘာထူးသေးလဲ။ အဲဒီ ဗွက်အိုင်လေးထဲကျလာသည့် မိုးရေစက်လေလိုပဲ။ ဖြစ်နိုင်လျှင် သူမ နေထိုင်ရာ ကမ်းနဖူး ကျူးကျော်တဲလေးက လှမ်းမြင်နေရသည့် မြစ်ပြင်ကျယ်ကြီးထဲကိုပဲ ကျချင်ရှာလိမ့်မပေါ့။ တပျော်တပါး အဖော်အပေါင်းတွေနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုမည့် မြစ်တစ်စင်းအဖြစ် စီးဆင်းသွားချင်ရှာမှာပဲ။

ဒါပေမယ့် ရွေးချယ်ခွင့်မရှိလေတော့ ယိုင်တိယိုင်ထိုးနဲ့ အမိုးက အပေါက်ဗရပွ အကာကလည်း ပလတ်စတစ်စတချို့ ဖျာကြမ်းစုတ်တချို့နဲ့ ဆာလာအိတ်အဟောင်းလေး တံခါးလုပ်ကာထားသည့် သူမ၏ တဲစုတ်လေးထဲကို ထိုးဆင်းလာရရှာသည်။ တဲပိုင်ရှင် ဆင်းရဲသူမတို့ သားအမိကိုလည်း ဘာအကျိုးမှ မပြုသည့်အပြင် ပို၍အနေစုတ်စေသော ဗွက်ကလေးထဲကို ရောက်သွားရတော့ အလန့်တကြား ရုန်းထွက်လိုက်လေသလား။ ရေပေါက်ေးလက ဗွက်မြေအထက် အနည်းငယ်ခုန်ပေါက် ရောက်လာပေမယ့် အားမတန်မာန်လျော့ပြီး ပြန်ငြိမ်ကျသွားရတာပါပဲ။

ဒီလိုပဲလေ။ သူမကလည်း ရွေးချယ်ခွင့်မရှိသော ဘ၀ထဲကို လောကကြီးက သတ်မှတ်နေရာချပေးသည့်အတိုင်း ရောက်ရှိလာခဲ့ရ သည်။ သူမ ဖြစ်ချင်၊ ရောက်ချင်သည့်ဘကို ရုန်းကန်ကြိုးသားချင်စိတ်ရှိပေမယ့်၊ ကြိးစားကြည့်ပေမယ့် အခြေမခိုင်သော သူမဘ၀က လည်း အောက်ဆုံးအဆင့်မှ တက်နိုင်ဖို့ရာမှာ ဗွက်အိုင်ထဲက ပြန်တက်ဖို့ကြိုးစားနေသည့် ရေမွှားလေးတွေအဖြစ်နဲ့ ဘာထူးသေးလို့လဲ။

xxxxxxxxx

အပြင်မှာ မိုးက သိပ်သည်းစွာ နေရာလပ်မရှိ ရွာနေပုံရ၏။ တဲကလေးဘေးနားက မြေပြင်ပေါ်ကျသော မိုးကြမ်းသံများကိုပင် ကြားနေရလေသည်။ မိုးလေကြမ်းအောက်မှာ သူမတဲကလေးက သနားစဖွယ် ၀ပ်ပြား နစ်ဆင်းနေရ၏။ သူမကိုယ်တိုင် ခွဲခြမ်း၍ ချောနေအောင် သပ်ထားသော ၀ါးခြမ်းကွပ်ပျစ်လေးပေါ်မှာတောင် မိုးစီးကြောင်းတွေက အလွတ်မပေး။ အတတ်နိုင်ဆုံး လွတ်သည့်နေရာလေးမှာတော့ ငါးနှစ်အရွယ် ကလေးတစ်ယောက်က ပုဆိုးပိုင်းလေးတစ်ထည်ကို မလုံ့တလုံ ခြုံပြီးကွေးနေအောင် အိပ်မောကျနေပြီ။

သြော်...သူကလေးက တစ်နေကုန် ခုန်ပေါက်ပြေးလွှား ဆော့ကစားထားတော့ မောရှာပေမပေါ့။ မိုးရွာပေမယ့် မနက်ကနေ ညနေထိတစ်နေကုန် ကျောင်းမှာဆိုတော့ မိုးလေလုံခြုံပြီး ရသမျှအချိန်မှာ ဖြစ်သလို ဆော့ကစားနေမှာက သေချာလှပါသည်။ ကျောင်းဆင်း ပြီးချိန်မှာတောင် သူမ အလုပ်သွားရာနောက် တကောက်ကောက်လိုက်ကာ မိုးထဲမှာပင် ပြေးလွှားဆော့ကစား နေသေးတာပဲ။

“ သားကြီး ”

တိုးတိုးဖွဖွ ရွတ်လိုက်မိသော သူမအသံကို သူမပြန်ကြားလိုက်ရသည့် ခဏမှာတော့ ပတ်ဝန်းကျင် ရာသီဥတုအခြေအနေနှင့် ဆန့်ကျင်စွာ သူမရင်ထဲ နွေးထွေးလုံခြုံသွားရသည်။ သူမဘ၀၏ ရောင်ခြည်တန်းလေး။ မျှော်လင့်ချက် အလင်းရောင်လေး။

တန်ဖိုးရှိတာ ဘာတစ်ခုမှ မပိုင်ဆိုင်သော သူမ၏ နုံချာမွဲတေလှသည့်ဘ၀မှာ တစ်ခုတည်းသော အဖိုးတန်ရတနာ။

ရှုမောဖွယ်ရာ တစ်စုံတစ်ရာမရှိသော ရုပ်ဆိုးအကျည်းတန်သည့် သူမဘ၀မှာ တစ်ခုတည်းသော အလှတရား။ သာယာနာပျော်ဖွယ်ရာ တေးတစ်ပုဒ်မှ မကြားခဲ့ရဖူးသော ဆွံ့အတိတ်ဆိတ်လှသည့် သူမဘ၀၏ တစ်ခုတည်းသော သံစဉ်လေး။

သူမက သားကို သူမလိုဘ၀ထဲ ရောက်လာခဲ့ရ၍ “ ကံဆိုးလှတဲ့ သားကလေး” လို့ တစ်ခါမှတော့ တွေးမကြည့်ဖူးပေ။ ကံကောင်းလှသော လူကလေးတစ်ယောက်တော့ သားကမဖြစ်နိုင်ပေမယ့် သူမလို မိခင်မျိုးနှင့် ကံဆုံရတာ သားကလေးကံမဆိုးပါ။

ဆီဦးထောပတ် မစားရပေမယ့် သူတကာလို လူတန်းစေ့ စားနိုင်အောင် သူမ နပ်မှန်မှန်ကျွေးသည်။ ၀တ်ကောင်းစားလှ မဟုတ်ပေမယ့် သူတကာလို လုံလုံခြုံခြုံ ၀တ်နိုင်အောင် သင့်တင့်လျောက်ပတ်စွာ သူမဆင်သည်။ သူတကာလို ကျောင်းနေချိန် ကျောင်းတက်နိုင်အောင် လည်း မြို့ထဲက အဆင့်မီကျောင်းမှာ သူမထားသည်။ ကျောင်းမှာ လိုအပ်သမျှ အလှူငွေ၊ စာအုပ်ဖိုး၊ ခဲတံဖိုး၊ သူမ မရရအောင် ကြိုးစားရှာသည်။

သူမအလုပ်က နာမည်မလှပေမယ့် ငွေကတော့ရသင့်သလောက် ရသည်။ ဘယ်အလုပ်မှ မရွေးသော၊ မညည်းသော သူမအတွက် လုပ်စရာအလုပ်တွေက ပေါလှသည်။ အိမ်တကာလှည့် အ၀တ်လျှော်၊ ကြမ်းတိုက်၊ အချက်အပြုတ်ကူခဲ့တာ သူမသက်တမ်းသုံးပုံတစ်ပုံ

ကျော်လောက်ပြီ။ သူမက သွက်လက်မြန်ဆန်တော့ တစ်အိမ်ကို သုံးလေးနာရီတောင် မကြာလှပါ။ အိမ်တိုင်းကလည်း လုပ်နေကျ ဖောက်သည်တွေ။ သူမကိုလည်း ရင်းနှီးနေ၊ သနားနေတော့ အနည်းဆုံး လေးငါးရာပေးရုံမက ထမင်းဟင်း အပိုအလျှံလေးတွေ၊ မုန့်လေးတွေ၊ အ၀တ်အစားလေးတွေ အမြဲရတတ်သည်။ တစ်နေ့ တစ်ထောင်၊ ထောင့်ငါးရာနီးပါးကတော့ သူမအတွက် ပြေးမလွတ်ပါ။

သားကိုငေးကာ သူမအတွေးလွန်နေတုန်း သားက တစ်ချက်တွန့်ပြီး တစ်ဖက်သို့ ပြောင်းလှည့်လိုက်ချိန်မှာတော့ ခေါင်းရင်းနားက ရေစီးပေါက်ကို ကာထားပေးသော အရောင်မွဲ ထီးဟောင်းလေးက ချာကနဲ လည်ထွက်သွားရ၏။ မနေ့တစ်နေ့ကမှ ဆရာမဆီက တောင်းယူလာခဲ့သော ထီးဟောင်းလေး။ ကိုင်းတစ်ကိုင်းလိမ်နေသော ဆေးကုမ္ပဏီတံဆိပ်ပါ ထီးကလေး။

ဆရာမဟု သူမအသိဥာဏ်ထဲ လျှပ်စီးပြက်သလို ၀င်လာကာမှ တင်းထားခဲ့သော သူမ၏စိတ်ကလည်း ရွာနေဆဲမိုးလို ပြိုဆင်းလာရသည်။ ဆီးစပ်နှင့် ခါးတစ်ဝိုက်ကလည်း ပို၍ တိုးကိုက်လာသလိုလို။

“ ဒီလမကုန်ခင်တော့ မင်းမွေးမှာ သေချာတယ်ကလေးမ။ အလုပ်လည်းနားလိုက်တော့။ ကိုယ်ပေးထားတဲ့ အားဆေးတွေလည်း မှန်မှန်သောက်။ မိခင်နဲ့ကလေးစောင့်ရှောက်ရေးကိုလည်း မှန်မှန်သွားပြဦးနော်။ မင်းအသက် သုံးဆယ်ကျော်နေပြီမဟုတ်လား။ သိပ်တော့ မပေါ့စေချင်ဘူးကွဲ့...”

သူမ ဖောက်သည် ဆရာဝန်မကြီးက သူမဗိုက်ကို အခမဲ့စမ်းသပ်ပေးရင်း သတိပေးခဲ့သေးသည်။ သူမက အလွယ်တကူ ဆရာနှင့် ဆရာမဟုသာ ခေါ်သော ဆရာဝန်လင်မယားအိမ်မှာ သူမက အိမ်ဗာဟီရလည်း အကုန်ကူလုပ်နေကျ။ ဆရာဝန်လင်မယားနှစ်ယောက် တည်းသာ တနိုင်ဖွင့်ထားသော သားဖွားခန်းလေးမှာ မွေးလူနာရှိလျှင်လည်း သူမက သန့်ရှင်းရေးအလုပ်သမား။ တစ်ခါတစ်ရံ လူနာများ ကိုပင် ကူညီပြုစုပေးနေကျ။ အညစ်အကြေး အကုန် ဆေးကြောသုတ်သင်ပေးနေကျ။ လေးငါးနှစ်ပင် ရှိရော့မည်။

“ ကျွန်မ ဗိုက်နာရင် ဆရာမဆီ လာခဲ့ရမလား ဆရာမ ”

“ အလိုတော်...မင်း ပထမဗိုက်တုန်းကရော ဘယ်မှာများမွေးခဲ့လို့တုန်း။ ခုမှ ဒီမှာ လာမွေးချင်ရပြန်ပြီ ”

အပြုံးလဲ့လဲ့ဖြင့် ဆရာမကပြောတော့ သူမကလည်း “ အဟီး“ ဟု ရှက်ရယ်သာ တစ်ချက်ရယ်လိုက်ရ၏။ ဆရာမက သဘောတော့ ကောင်းပါသည်။ သူမအပေါ်လည်း တော်တော်လေး ကြင်နာပုံရကာ ကိုယ်ဝန်ဆောင်မိခင်လောင်းတစ်ယောက်အတွက် ဆောင်ရန် ရှောင်ရန်များကို ဂရုတစိုက် မှာကြားတတ်သည်။ ဒါပေမယ့် သူမကိုတော့ မွေးပေးချင်ပါ့မလား မသိ။ ငြင်းပယ်စကား မဟုတ်သော်လည်း

ဆရာမ၏စကားက သူမကို တွန့်ဆုတ်သွားစေသည်။ သူမက ပိုက်ဆံတစ်ပြားမှ ပေးနိုင်မည့်သူလည်း မဟုတ်ဘဲလေ။

အမှန်ကတော့ ဆရာမ၏ သားဖွားခန်းလေးက တခြားပုဂ္ဂလိက ဆေးရုံများ သားဖွားခနှုန်း၏ ထက်ဝက်ပင်မပေးရသော ဈေးနှုန်း ချိုသာသည့် ပုဂ္ဂလိကဆေးခန်းလေးတစ်ခု ဖြစ်သည်။ တခြားလူနာမပါဘဲ သားဖွားလူနာသာ သီးသန့်ထား၏။ ဆရာမတို့ ဆေးခန်းကို ပိုက်ဆံချမ်းသာသည့် သူဌေးတွေ မလာတတ်ကြပါ။ သူတို့က ခမ်းနားသော ပုဂ္ဂလိကဆေးရုံကြီးများ၏ အထူးခန်းမှာ တစ်ရက်ကို သောင်းချီပေးပြီး တစ်ခါမွေးလျှင် ဘယ်နှသိန်းကုန်ကျသည် ဆိုတာကိုပဲ အပြိုင်အဆိုင် ကြွားချင်ကြသည်ကိုး။

ပိုက်ဆံသိတ်မရှိပေမယ့် ဆေးရုံကြီးနှင့် ဝေး၍ မသွားချင်ကြသည့် လူလတ်တန်းစားတချို့နှင့် လက်လုပ်လက်စားများအတွက် ရည်ရွယ်ကာ ဆရာမက ဆရာဝန်အကူတွေ၊ သူနာပြုဆရာမတွေ၊ စာရေးမတွေနှင့် တခမ်းတနားမဟုတ်ဘဲ ဆရာနှင့်ဆရာမ နှစ်ယောက်တည်းနှင့် အကူမိန်းကလေးတစ်ယောက်ပဲ ထားသည်။ ဒါကြောင့်လည်း စရိတ်ကျဉ်းပြီး ဈေးလျှော့ယူနိုင်တာပေါ့။ တစ်ခါတလေ မွေးလူနာများလို့ မိန်းကလေးတစ်ယောက်တည်း မနိုင်လျှင် သူမက ၀င်ကူရတတ်သည်။

ဆရာက လူနာကို မွေးပေးလျှင် ဆရာမက ဘေးကလိုအပ်တာကူ၊ ကလေးကောက်။ ဆရာမက မွေးပေးလျှင် ဆရာက ဘေးကအကူ၊ ကလေးပြုစု။ အကူမိန်းကလေးက လက်မှတ်ရသူနာပြုမဟုတ်လေတော့ ဆရာနှင့်ဆရာမကသာ မွေးဖွားခြင်းကိစ္စမှန်သမျှ တာဝန်ယူကြကာ မိန်းကလေးက ဘေးမှကူရသည်။ တစ်ခါတလေကျတော့ သူမကပါ မွေးလူနာမိန်းမနားမှာ နာနေသည့်ဗိုက်ကို ၀င်ပွတ်၊ လမ်းလျှောက်ဖို့ ကူတွဲ၊ နဖူးသပ် ဆံပင်သပ်ရင်း အားပေးစကားပြောပေါ့။

သေစာရှင်စာ ဖတ်တတ်ရုံသာ တတ်သောသူမအဖို့ကတော့ ထိုမျှလောက်လုပ်ခွင့်ရလျှင်ပင် ပျော်နေလေပြီ။ မည်သို့မျှမမီနိုင်သော အဆင့်တစ်ခု၊ ဥပမာ...သားဖွားဆရာမကြီးပဲ ဖြစ်နေသလိုလို သူမကိုယ်သူမ မြောက်နေတာလေ။ ဒီကြားထဲ လူနာရှင်တွေက ဘုမသိဘမသိနှင့် သူလိုငါလို လက်လုပ်လက်စားတွေလည်း များတော့ ဆရာမလို့များ သူမကို ခေါ်လိုက်လျှင် ကြည်နူး၍မဆုံးတော့ပေ။

ဒါကြောင့်လည်း ဒီဆေးခန်းလေးက သူမ၏ဖောက်သည်ကောင်း ဖြစ်နေရလေသည်။ အမြဲခန့်အလုပ်သမား မဟုတ်သော်လည်း မွေးလူနာရှိသည့်ရက်ဆိုလျှင် တစ်နေကုန်အောင်ပင် သူမ ပြန်ချင်မှပြန်သည်။ တခြား အလုပ်အိမ်တွေကို နောက်နေ့မှ တောင်းပန်ပြီး ပေါင်းလုပ်ပေးမည်။ ပိုက်ဆံအရနည်းချင် နည်းပေ့စေတော့။ ဆရာမဆေးခန်းမှာ ရတတ်သမျှနှင့်သာ သူမက လူနာမွေးမပြီးမချင်း ဝေယျာဝစ္စအကုန် သိမ်းကျုံးလုပ်ပေးတော့သည်။

လူနာရှင်တွေကလည်း မနေရှာကြပါ။ ပိုက်ဆံအချမ်းသာကြီး မဟုတ်သော်လည်း ဖော်ရွေကူညီသော သူမကို မုန့်ဖိုးတော့ ပေးလိုက်

ကြသည်ချည်းဖြစ်သည်။ သူမကလည်း ပေးတာမပေးတာ၊ ရတာမရတာကို သိပ်အရေးမစိုက်လှပါ။ သူမ ၀ါသနာပါသော အလုပ်ကို ကူလုပ်ခွင့်ရသည်ကိုသာ ဂုဏ်ယူကျေနပ်နေလေသည်။

xxxxxxxxx

သူမကိုယ်တိုင် ကိုယ်ဝန်ဆောင်ထားရပြီဆိုတော့ ဆရာမက အလန့်တကြားမေး၏။

“ မင်း ဘယ်သူနဲ့ရလာတဲ့ ကိုယ်ဝန်လဲ။ သုံးလတောင် ကျော်နေပြီ။ မင်းမလဲ...တယ်ဒုက္ခကြီးပါလား ကလေးမရယ်။ ဘယ်သူ့အညာ ခံလာပြန်ပြီလဲ။ သားတစ်ယောက်နဲ့ ဒုက္ခများရတဲ့ကြားထဲ၊ မင်းမို့ကွယ်။ ဆေးခန်းမှာလည်း ဒီလောက် ၀င်ထွက်လုပ်ကိုင်နေတာပဲ။ ကိုယ်ဝန်မရအောင်တားဖို့အသိ မင်းမှာရှိသင့်တယ်။ ပြော..ကိုယ့်ကိုပြောစမ်း၊ ဘယ်ကောင်နဲ့လဲ၊ ဘယ်ကလဲ။ သူ့ကို ဒီဗိုက်တာဝန်ယူခိုင်း”

သူမကလည်း ဒီလိုမဖြစ်ချင်ပါ။ သားတစ်ယောက်နှင့်ပင် သူမ၏ဒုက္ခက လုံလောက်နေလေပြီ။ သားကလည်း တခြားကလေးတွေ ထက်ကို ပို၍ကဲလွန်းဆော့လွန်းသည်။ ဆတ်ဆလူးခါနေသည်မှာ အမလုပ်သည့် သူမပင် မျက်စိနောက်ယူရသည်အထိ။

သားကျောင်းမတက်ရသေးခင် နှစ်နှစ်၊ သုံးနှစ်လောက်တုန်းကဆိုလျှင် သူမ ဖောက်သည်အိမ်တွေကို အလုပ်သွားလုပ်တိုင်း သားနှင့် ပြဿနာတက်ရစမြဲ။ မြစ်ကမ်းနဖူးက သူမတဲလေးမှာ ဒီလိုမျောက်ရှုံးအောင်ကဲသည့် ကလေးကို တစ်ယောက်တည်း ထားရက်ခဲ့ လောက်အောင်တော့ သူမ မနုံအသေးပါ။ မြစ်ထဲမျောပါသွားလျှင်တောင် မည်သူမှ သိလိုက်မည် မဟုတ်ဘဲလေ။ ဒါကြောင့် သူမ သွားလေရာ ခေါ်သွားပြန်တော့လည်း အိမ်ရှင့်သား၊ သမီး၊ မြေး၊ မြစ်၊ တူ၊ တူမ ကလေးရှိသမျှနှင့် သားက အဆင်ပြေအောင် မနေတတ်ပြန်။

ကလေးကတော့ သူ ဘာကောင်လဲ၊ သူ့အမေ ဘာလုပ်ရတာလဲ၊ သူ ဘယ်လိုကျိုးနွံသင့်သလဲ ဆိုတာတွေ မပိုင်းခြားတတ်သေးတော့ ပခုံးချင်းယှဉ်ပြီး ဆော့သည်။ လုသည်။ မန်ဖြစ်သည်။ နောက်ဆုံးတော့ ကလေးရှိသည့် အိမ်တိုင်းက သားကို ခေါ်လာလျှင် သူမကို လက်မခံချင်ကြတော့။ ကေးလမရှိသည့် အိမ်တွေကျပြန်တော့လည်း ဟိုဟာကိုင်၊ ဒီဟာကိုင်၊ ၀င်သင့်သည့် အခန်းမှန်းမသိ၊ မ၀င်သင့်သည့် အခန်းမှန်းမသိ တစ်အိမ်လုံးအနှံ့ လျှောက်သွားနေပြီး ဟိုဟာဖျက်၊ ဒီဟာပျက်နဲ့ ကြာလာတော့ သူမအလုပ် လာလုပ်တိုင်း သူမသားနောက် သူတို့က တကောက်ကောက်လိုက်ပြီး မျက်ခြည်ပြတ်မခံရဲတာနဲ့ဘဲ ကလေးထိန်းပေးနေရသလိုကို ဖြစ်လာရော။

ဒီတော့ ဖောက်သည်မပျက်အောင် သူမကပဲ ကြံရဖန်ရတော့သည်။ မြို့လယ်က ဖောက်သည်အိမ်တွေနှင့် နီးသော ဘုရားတစ်ဆူပေါ်မျာ သားကို တိုင်နှင့် ကြိုး ပူးတုပ်ထားရတော့၏။ မတတ်နိုင်ဘူးလေ။ ဒီလိုမှမလုပ်လျှင် သားမမွေးခင် သေသွားသော သား၏အဖေကို အသေစော၍ အပြစ်တင်ရုံသာ ရှိတော့သည်မဟုတ်လား။

ဒါပေမယ့် မကြာပါဘူး။ ဒီလိုလုပ်နေရင်း တစ်နေ့တော့ အလုပ်ပြီးချိန် ဘုရားပေါ်ရောက်သည်ဆိုလျှင်ပဲ သူမငယ်ထိပ် မိုးကြိုးအပစ်ခံ

ရတော့သည်။ ပြေနေသည့်ကြိုးကလွဲပြိး သားကို ဘယ်နေရာမှာမှ ရှာမတွေ့တော့။ ဘုရားလူကြီးတွေလည်း မနေရ။ ရပ်ကွက်လူကြီးတွေ ရော၊ ဖောက်သည်အိမ်တွေရော၊ ဆရာမတို့ရော တစ်မြို့လုံးနှံ့အောင် လိုက်ကူရှာကြသည်။ သူမ ငိုယိုရှာဖွေရတာ မောပြီး မှောင်လို့ အိမ်ပြန်ရောက်ကာမှ သားက ၀ါးကွပ်ပျစ်ပေါ်မှာ အိပ်ပျော်လို့။ အဲဒီကတည်းက သူမ သားကို ကြိုးမချည်တော့ပါ။ ဘုရားဂေါပက လူကြီးတွေကလည်း သူတို့မသိအောင် သားကိုထားခဲ့၍ ပြင်းပြင်းထန်ထန် တားမြစ်သည်။ ခုတော့ သားကို ကျောင်းစထားပြီးကတည်းက သူမလည်း စိတ်ဖြောင့်ဖြောင့် အလုပ်လုပ်နိုင်လာသည်။

သား ကျောင်းစရိတ်ကလည်း ထင်သလောက်တော့ မလွယ်ကူလှ။ သားကို ကျောင်းသားနှင့်တူအောင် ပြင်ဆင်ဖို့ရာ ပထမဦးဆုံး လိုအပ်လာသည်က ကျောင်းဝတ်စုံဖြစ်လေသည်။ ဘယ်လောက်ပဲ ဟောင်းနွမ်းနေစေဦးတော့ ရှပ်အင်္ကျီအဖြူနှင့် ဘောင်းဘီအစိမ်းတော့ ဖြစ်ဖို့လိုသည် မဟုတ်လား။ ကျောင်းအလှူငွေ တော်တော်များများကိုလည်း နွမ်းပါးသူမို့ ငဲ့ညှာချန်လှပ်ထားနိုင်သည်ပဲ ထားဦး။ စာအုပ်ဖိုး၊ ခဲတံဖိုးနှင့် စာမေးပွဲကြေးများကိုတော့ သူမကိုယ်တိုင်ပဲ ပေးဆောင်ရမည် မဟုတ်လား။

သူမ၏ အခက်အခဲ တော်တော်များများကို ဆရာမ၏ အကူအညီပါမှသာ ကျော်လွှားနိုင်ခဲ့ရသည်က များလေသည်။ ဆရာမ မြေးတွေ၏ ကျောင်းဝတ်စုံ အဟောင်းလေးများ၊ လွယ်အိတ်၊ ကွန်ပါဘူးအဟောင်းများဖြင့် သားက ကျောင်းမှာ ဘယ်တော့မှ မျက်နှာငယ်ရသည်တော့ မရှိခဲ့ပါ။ သူမတို့သားအမိ နေထိုင်မကောင်းဖြစ်သမျှကလည်း ဆရာမ၏ ကျန်းမာရေး ဒါနကုသိုလ်များသာ ဖြစ်ခဲ့ရပြန်သည်။ ကြာလာတော့ ဆရာမက သူမ၏ မိခင်သဖွယ် သူမစိတ်ထဲ ခံစားလာရသည်။

အမေဆိုတာကိုတော့ သူမဘ၀မှာ တစ်ခါမျှ မမြင်ဖူးခဲ့ရ။ သူမ လူမှန်းသိတတ်စ အရွယ်မှာတော့ မွေးစားမိသားစုထဲ သူမက ရောက်နေခဲ့ပြီ။ နေကုန်အောင် အမူးသောက်နေသော မွေးစားအဖေနှင့် ကြုံရာကျဘန်း ယောက်ျားတကာနှင့်သာ ငွေရှာတတ်သော မွေးစားအမေ။ သူမနှင့် ရွယ်တူရော မတိမ်းမယိမ်းတွေပါ ပါသည့် လမ်းတွေ့သမျှ လူတကာထံ လက်အုပ်ကလေးချီကာ ရတတ်သမျှ တောင်းခံတတ်သော ညစ်ကျယ်ကျယ် ကလေးတစ်သိုက်။ ဒီထက်ဆိုးသော ဘ၀တစ်ခုကို ပြပါဆိုလျှင်တောင် သူမအဖို့ ဥာဏ်မမီတော့ပါ။ တစ်နေကုန် အော်ဟစ်ဆူပူ ရန်ဖြစ်နေသော မိသားစုထဲမှာမှ ချန်ထားခဲ့သော အမေကလည်း မွေးစားအအမေနှင့်အတူ ငွေရှာဖော်ရှာဖက် ဖြစ်သတဲ့။

ဒီလိုမိသားစုမှာမှ သူမက မလွှဲသာ၍ မွေးစားထားရသော ကလေးတစ်ယောက် ဖြစ်နေရသောအခါ...။

သူမက ကျောင်းသင်ခန်းစာများ မသင်ခဲ့နိုင်ပေမယ့် ဘ၀သင်ခန်းစာများကတော့ ကြေညက်နားလည်ခဲ့ရပြီ။ မမြင်လိုက်ရသော သူမအမေနှင့် နေ့စဉ် စိတ်ပျက်ဖွယ်ရာ မြင်တွေ့နေရသော မွေးစားအမေတို့၏ နမူနာများက သူမကို အသိတရားရစေခဲ့ပြီ။ မည်သို့ပင် နီးစပ်ခဲ့သော်လည်း ဒီလိုဘ၀နွံမျိုးမှာ မနစ်ရလေအောင် သူမ ကြိုးစားရုန်းထွက်နိုင်ခဲ့လေသည်။

သူမဘ၀မှာ အတွေ့နောက်ကျလေခြင်းဟု တမ်းတရသော ဆရာမကျတော့ ဘ၀တစ်လျှောက်လုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကာ၊ မည်သူ့ကိုမှ အားမကိုးတတ်၊ အသနားခံ အောက်မကျို့တတ်သော သူမအတွက် ဆရာမ၏အကြင်နာတရားနှင့် ကူညီစောင့်ရှောက်မှုများက အလွန်နွေးထွေး အရာရောက်လှကာ တဖြည်းဖြည်းနှင့် မှီခိုလိုစိတ်များ ဖြစ်လာမည်ပင် စိုးရိမ်ရတော့သည်။

xxxxxxxx

နာကြင်လွန်း၍ တွန့်ကော့ထားမိသော ခါးကို အနာနည်းနည်းလျော့သည်နှင့် လိမ်မထားသင့်ကြောင်း အသိ ချက်ချင်းဝင်လာရသည်။ သူများတကာတုန်းကတော့ သူမက အားပေးပြုစုဖော်၊ သတိပေးလှုံ့ဆော်သူပေါ့။

“ အနာစိပ်လာတာ ကောင်းတယ်။ ဒါမှ မွေးဖို့နီးလာမှာ။ အားတင်းထားနော်။ ကျွန်မလက်မောင်းကို စိတ်ရှိတိုင်းသာ ဆုပ်ညှစ်ပြီး အားယူ သိလား။ ကျွန်မက မနာတတ်ဘူး။ အို...အို.... ခါးကြီးကို ကော့မပစ်နဲ့လေ။ ပါးစပ်ကို အသာဖွင့်ပြီး အသက်ဝအောင် ရှူလိုက်။ ဟုတ်ပြီ၊ ဟုတ်ပြီ။ မြန်မြန်မွေးချင်ရင် လမ်းထလျှောက်ပါလား။ ကျွန်မ တွဲထူပေးမယ်လေ”

ဟုတ်သားပဲ။ ဒီဝေဒနာဆိုးကြီးမှ မြန်မြန်လွတ်မြောက်အောင် လမ်းထလျှောက်လိုက်ရလျှင် ကောင်းမည်။ ဘာပဲဖြစ်ဖြစ် အဆုံးစွန်သော ဝေဒနာ ပြီးမြောက်ကျော်လွှားသွားလျှင်တော့ ဒီတိုက်ပွဲဟာ အောင်မြင်ပြီးဆုံးသွားမည်ပေါ့။

ကြိုးစား၍ ထရပ်မည် လုပ်ပြီးကာမှ ခြေခင်းလက်ခင်းမသာသော သူမတဲလေးထဲမှာ မိုးပေါက်တွေ၊ ဗွက်ကလေးတွေကြားမှာ မြေက ချောက ချောသနဲ့။ ချော်လဲနေလျှင် ဘယ်သူမှ ကူမယ့်ကယ်မယ့်သူမရှိ။ ဘေးပတ်ဝန်းကျင်မှ တဲလေးများကလည်း မိုသည်း လေထန်ကြားမှာ ဘယ်လောက်အော်ပေမယ့် ကြားမည်မထင်။ ငယ်လွန်းလှသည့် လူမမယ် ငါးနှစ်သားလေးကရော ဘာမှ လုပ်ပေးတတ်မှာ မဟုတ်လို့ သူကလေး စိတ်ပင်ပန်း ချောက်ချားရုံသာ ရှိသည်လေ။ ဘာပဲဖြစ်ဖြစ် ဘာမှ လုပ်ကိုင်မပေးတတ်သည့် တိုင်အောင် မျက်စိအောက်ရှိနေသော အိပ်ပျော်နေသည့် သားလေးကပင် သူမအတွက်တော့ ခွန်အားတစ်ရပ် ဖြစ်စေသည်။

သားကိုမွေးတုန်းကတော့ သူမက ဆရာမတို့ မိသားစုနှင့်လည်း မသိကျွမ်းသေး။ သူမထက် အသက်တော်တော်ကြီးသော သူမယောကျာ်း ဆိုက်ကားသမားအဘိုးကြီးကလည်း ဆုံးပြီးသွားပြီ ဆိုပေမယ့် ကျန်ခဲ့သော ဆိုက်ကားလေးရောင်းချပြီး လက်သည်ခေါ် မွေးနိုင်ခဲ့သေးသည်။ ခုလို သားတစ်ယောက် ကျောင်းစရိတ်၊ စားစရိတ်နှင့်ပင် တစ်နေကုန် သူမ ရှာသမျှ မနည်းလောက်ငအောင် သုံးနေရသော အခြေအနေမှာ လက်သည်ခေါ်စရာလည်း ပိုက်ဆံမရှိပါ။ ဗိုက်စနာနာချင်း ဆရာမဆီ အားကိုးတကြီး သွားကြည့်မိတော့ နှစ်ယောက်စလုံး ရန်ကုန်သွားကြ၍ “ဆေးခန်း နှစ်ရက်ပိတ်သည်” ဆိုသည့် ဆိုင်းဘုတ်ကလေးကသာ သူမကို ကြိုဆိုလျက်သား။ ဘယ်သူ့မှ အားမကိုးခဲ့ရသော၊ အားလည်းမကိုးချင်သော သူမဘ၀မှာ တစ်ကြိမ်တစ်ခါသာ ရေးရေးလေး ပေါ်လာခဲ့ရသော မှီခိုချင်စိတ်လေးကလည်း အခွင့်မကြုံခဲ့ပြန်ပါ။

အမှန်တကယ်လည်း သူမဘ၀မှာ ဘယ်သူ့ကိုမှ မမှီခိုခဲ့ဖူး၊ အောက်ကျို့မတောင်းခံခဲ့ဖူးပါ။ သိတတ်စ အရွယ်မှစ၍ အလှတရား တစ်စုံတရာ( ရုပ်အလှ၊ ဘ၀အလှ) မရှိခဲ့ရှာသော သူမဘ၀မှာ ကိုယ့်ကိုယ်ကိုယ် အားထားခြင်း မာနလေးတစခုကသာ စိတ်အလှအနေနှင့် ရှိသည်လေ။

“ ကလေးမရယ်...မင်းကို ယူပါ့မယ်လို့ ကတိပေးထားတဲ့ အဲဒီလူကြီးဆီကို သွားပြီး သူ့ကလေး သူ တာဝန်ယူရမယ်လို့ သွားပြောချည် စမ်းပါ။ နောက်ပြီး ကလေးစရိတ်စက မှန်သမျှ အားလုံး အကုန်ခံခိုင်း။ ဒါမှမဟုတ်လည်း မွေးပြီးရင် သူ့ဆီ သွားပေးထားလိုက်။ ဒါမှ မင်း နောက်ဆံမတင်းဘဲ အလုပ်လုပ်နိုင်မှာ။ မင့်သားကြီးအတွက် မင်းအလုပ်မလုပ်လို့မှ မရတာဘဲ။ သူ့မှာ ဖအေ မရှိတော့ဘူးလေ။ ”

“ ဆရာမရယ်...ကတိပေးခဲ့တာ မှန်ပေမယ့် သူ့မှာလည်း ရွာမှာ ကျန်ခဲ့တဲ့ မိန်းမကြီး ရှိသေးတယ်လေ။ သားတွေ၊ သမီးတွေတောင် လူပျို အပျိုတွေ ဖြစ်နေပြီတဲ့။ ကျွန်မက လူလွတ်ထင်ပြီး လိုက်လျောမိတာ။ သူများမိသားစုကို ဖျက်ဆီးတဲ့သူတော့ မဖြစ်ချင်ပါဘူး။ သူတို့ဆီမှာ စီးပွားရှာမကောင်းလို့ ဒီမြို့မှာ စက်ဘီးပြင်ဆိုင်လေး လာဖွင့်တာဆိုတော့။ ကျွန်မလည်း ပြောတော့ ပြောတာပဲ။ သူ့ကလေး မဟုတ်ဘူးတောင် ငြင်းချင်နေသေးတာ..”

“ ဟယ်...ကလေးမလေးရယ်၊ မင်းအစား ရင်လေးလိုက်တာကွယ်”

ဆရာမကို သတိရကာမှ ဗိုက်အနာက ပိုစိပ်လာနေမှန်း သတိထားမိတော့သည်။ မနက် မိုးလင်းအောင်အထိတော့ သူမ စောင့်နိုင်တော့မည် မထင်။ မိုးလေကလည်း သည်းလျက်မည်းလျက် ကောင်းနေတုန်း။ ကမ်းနဖူးမှာမို့ လေက ပိုကြမ်းနေရော့သလား မသိ။ လေတစ်ချက် ဝှေ့လိုက်တိုင်း မိုးစက်များက ကျဲကွက်နေသော တဲအကာများကြားမှ သူမ ထိုင်မှီနေရာ ကွပ်ပျစ်ဘေး မြေတလင်းပေါ်ထိ မမှီ့တမှီ လှမ်း၍ ကျီစယ်နေပြန်သည်။ မျက်နှာပေါ်မှာတော့ နာကြင်မှုကြောင့် စိမ့်ထွက်လာသော ချွေးသီးလေးများနှင့် ဖြန်းစင်လာသော မိုးစက်များက အရောရော အနှောနှော။

ဒီမိုးသည်းထဲမှာ ထွက်ပြီး ဆေးရုံတစ်ခုခုကိုလည်း သူမ မသွားချင်တော့။ ပိုက်ဆံ တစ်ပြားမှ ပေးစရာမရှိသော သူမကို တစ်စုံတစ်ဦးက ( ဥပမာ- ပို့ဆောင်ပေးရမည့် ဆိုက်ကားဆရာကဖြစ်စေ) ငြူစူခဲ့လျှင် သူမနာကြင်ခံခက်ရမည်ထက် နံဘေးမှ သားငယ်လေး ခံစားရင်နာရမှာ၊ လောကကြီးကို နာကြည်းသွားမှာ သူမ မလိုလားပါ။ ဒီနေ့ မမွေးလောက်သေးဘူး ထင်ကာ ဆရာမကိုလည်း စောင့်နေချင်စိတ် ကြီးစိုးနေသော သူမကိုယ် သူမလည်း ပေါ့လျော့မှုအတွက် အပြစ်တင်ချင်လာသည်။ ဆရာမ ပြန်ရောက်လာလျှင်လည်း ဆေးခန်းမှာ ဒီလောက်ဝင်ထွက် လုပ်ကိုင်နေလျက်က မိမိ အခြေအနေကို မိမိ မသုံးသပ်တတ်ရန်ကောဟု ကရုဏာဒေါသဖြင့် အဆူခံရဦးတော့မည်။ ခုချိန်မှတော့ ဘယ်လက်သည်မှလည်း အလွယ်တကူ ခေါ်မရနိုင်တော့။ မိုးက သည်းလွန်းနေပြီ။ ညဥ့်ကလည်း နက်လှနေပြီ။ သူမ ဗိုက်အနာကလည်း ပို၍ပို၍ စိပ်လာနေပြီ။

“ အမေ့ ”

မမှီ့တမှီဖြစ်နေသော ဆာလာအိတ် အဟောင်းလေးကို လှမ်းဆွဲယူပြီး တင်ပါးအောက် ကျောရိုးတစ်လျှောက် ဖြစ်သလို ထိုးခင်းနေရင်း လှိုင်းလုံးတစ်လုံး ဖြတ်အရိုက်ခံလိုက်ရသလို ရင်ထဲမှာ ဟာလှပ်ပြီး သူမ ကျောကော့လန်ကျသွားသည်။

“ အမေ...အမေ၊ ဆရာမ...ဆရာမ”

အားပြုစရာ ဘယ်သူမှ အနားမရှိတော့ သူမ လက်နှစ်ဖက်ကို တစ်ဖက်နှင့်တစ်ဖက် ယှက်ထွေး ဆုပ်ညှစ်နေမိသည်။ တစ်ခါမှ မမြင်ဖူးလိုက်ရသည့် အမေကိုလည်း ယမ်းယောင်တမ်းတမိသည်။ တိုက်တိုက်ဆိုင်ဆိုင် ခရီးထွက်သွားသော အားကိုးချင်မိရာ ဆရာမကိုလည်း တမ်းတမိပြန်သည်။

တိုးတိုးညင်ညင် ရုန်းကန်အော်ဟစ်နေရင်း သူမကိုယ်သူမ ဆရာမဆေးခန်းလေးထဲက မွေးစင်ပေါ်မှာပဲ ရောက်နေသလိုလို ထင်ယောက်လာ၏။ သူတကာ နဖူးဆံစပ်အား ပွတ်သပ်ပေးခဲ့ဖူးသော သူမ၏လက်ဖြင့် သူမနဖူးကို သူမ၊ သူမခေါင်းကို သူမ အားပေးပွတ်သပ်ပေးလျက်၊ သူတကာ ဗိုက်ကို ပွတ်ပေးခဲ့ဖူးသော သူမလက်ဖြင့် သူမဗိုက်ကို သူမ ကိုယ်တိုင်ပွတ်လျက်၊ သူတကာကို အားပေးစကားပြောခဲ့ဖူးသော သူမနှုတ်ခမ်းအတွင်းမှ သူမ အံကို သူမခဲလျက်....။

ပါးစပ်ကိုဟ၍ မိုးနှင့်ရောနေသော စိုထိုင်းထိုင်းလေများကို ရတတတ်သမျှ ရှိုက်ငင်နေမိပြန်သည်။

“ ဆရာမ...ဆရာမ...ကျွန်မကို မွေးမပေးချင်ဘူးလားဟင်...”

ယမ်းယောင်အော်ဟစ်နေရင်း အနာဒဏ် သည်းခိုက်လာသည့်အဆုံး ခံတွင်းဝမှ စုသည်းလိုက်သော အားသည် ရင်ခေါင်းတေစ်လျှောက်၊ ထိုမှတစ်ဆင့် ကျောရိုးအောက်ခြေဆုံးတိုင် အစွမ်းကုန် အားစိုက်စီးဆင်းသွားတော့သည်။

တစ်ခါမှ မမြင်ဖူးသော အမေကိုလည်း တမ်းတ၍ မျက်ရည်မကျဖူးသော၊ မွဲချာသည့် ကိုယ့်ဘ၀ကို တွေးပြီးတော့လည်း ကြေကွဲ မနေဖူးသော၊ နှစ်လလောက်သာပေါင်းလိုက်ရသည့် အသက်ကြီးကြီး ယောက်ျားသေတာတောင် မငိုခဲ့သော၊ မပြည့်စုံရှာသည့် သားကလေးဟု တွေး၍ပင် မျက်ရည်မလည်ဖူးသော ခပ်ထုံထုံ ခပ်ထိုင်းထိုင်း သို့ပေမယ့် လောကအလယ် မတ်မတ်ရပ်တည် ရင်ဆိုင်နိုင်ခဲ့သော မိန်းမတစ်ယောက်။ နားထင်နှစ်ဖက်မှာ စီးကျလာတာ မိုးရေတွေလား၊ မျက်ရည်တွေလားဆိုတာ သူမကိုယ်သူမလည်း မသိတော့ပါ။ သိလည်း မသိချင်တော့ပါ။

xxxxxxxx

နံနက် မိုးလင်းတော့ လောကကြီးတစ်ခုလုံး အသစ်ဖြစ်နေသလို ကြည်လင်သန့်စင်လို့။ တစ်ညလုံး အားသွန်ခွန်စိုက် ဆေးကြောပေးခဲ့သည့် မိုးကို ကျေးဇူးတင်ရလောက်အောင် စိမ်းစိုလန်းဆန်းနေသည်။

ငှက်ကလေးတွေလည်း မိုးခိုနေရာက အစာရှာဖို့ တစီစီ တစာစာ အော်မြည်ပျံသန်းနေကြပြီ။ ပန်းကလေးတွေလည်း ငုံထွေးမိုးရှောင်နေရာက နေခြည်သောက်ဖို့ ဖူးအာလန်းစွင့်လာကြပြီ။ လူသားတွေကလည်း ပညာရှာမှီး သင်ယူရဦးမှာမို့ မျက်လုံးလေးပွင့်လာသည် ဆိုလျှင်ပဲ....

“ ဟယ်...မေမေ၊ ညီလေးလား၊ ညီမလေးလားဟင်”

ပုဆိုးစုတ်ထွေးလေးထဲမှ နီတာရဲလေးကို မြင်တော့ သူကလေးက အူမြူးရွှင်သွားရသည်။

“ သားရေ...ဒီနေ့ ကျောင်းမသွားနဲ့တော့။ အမေ့နားမှာ နေပေးစမ်းပါနော်။ ဒါ သားရဲ့ ညီလေးပေါ့”

“ ဟား...ဆော့ဖို့အဖော်ရပြီ။ ညီလေး...ညီလေး...”

ခုန်ပေါက် မြူးထူးသွားသော သား၏အပျော်က တစ်ညလုံး တစ်ကိုယ်တည်း တိုက်ပွဲဝင်ထားရသော သူမအတွက် အတိုင်းထက်အလွန်ကို တန်ရာသွားပြီ ဖြစ်သည်။

တစ်ရေးလောက် အိပ်လိုက်ပြီး အားပြည့်လန်းဆန်းသွားလျှင်တော့ တဲကလေးတစ်ဖ်ကထိပ်မှ လှမ်းမြင်နေရသည့် ဧရာဝတီမြစ်ကြီးကို သူမ ထကြည့်ချင်သေးသည်။ အမြဲမြင်တွေ့နေကျဖြစ်ပေမယ့် အခုကို ထကြည့်စပ်စုချင်နေသည်။

ညက ရွာကျထားသော မိုးစက်ကလေးတွေ ပေါင်းဝင်စီးဆင်းသွားနေမည့် မြစ်ကြီးကို သေချာကြည့်ချင်သည်။ သူတို့ ဘယ်လို ပျော်ဝင်ပြီး ဘယ်ကို စီးဆင်းသွားမည်ဆိုတာ စူးစမ်းချင်သေးသည်။

သို့ပေမယ့် သူမတဲလေးထဲ စီးကျခဲ့ရသော မိုးစက်ကလေးများကတော့ ညတုန်းက ဖြစ်တည်ခဲ့ရာ ဗွက်ကလေးအတွင်းမှာ ရှိမနေတော့။ စိုထိုင်းထိုင်း မြေပြင်တစ်ခုသာ သဲံလွန်စချန်ထားရစ်ခဲ့ပြီး အောက်ခံမြေပြင်ထဲသို့ စိမ့်ဝင်သွားကုန်ပြီ ဖြစ်လေသည်။

xxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်) (October, 2007...ရွှေအမြုတေမဂ္ဂဇင်း၊ ရွှေအသစ်ကဏ္ဍ)

ရော့(ခ်) ဂီတပွဲတစ်ခု

ကျောက်ဆောင် ပင်လယ်ကြယ်တွေမှိတ်တုတ်

ကမ်းစပ်က ညလည်းမဟုတ်။



ကျောက်တုံးကျောက်ဆောင်

တောင်နံရံလို စင်မြင့်ထက်မှာ

ကြယ်စင်တစ်စုဟာ...

မီတာမှတ်အလွန် တစ်နေရာ

နီယွန်မီးတွေ ဆုတ်ဖြဲခံထားရတဲ့

ကန္တာရဆူးတွေလို

စည်းချက်နဲ့လေမှာ ဟိုဒီယိမ်းထိုး။



အဲဒီစင်မြင့်ထက်မှာ...

သံမဏိကြိုးကိုင်ပြီး လျှပ်စစ်စီးနေတဲ့လက်တွေ၊

မှော်ဝင်ကြိုးတပ် လွှစက်ဖြတ်သံနဲ့

ပျံသန်းနေတဲ့ ဂစ်တာဝိညာဉ်တွေ။



ကဝေလက် ကကြိုးမှာ

မိုးချုန်းသံတွေနဲ့

ကခုန်နေရတဲ့ ဗုံတွေ...။



မီးတောက်တွေ မြိုထား

ကျားတစ်ကောင်လိုအားမျိုးနဲ့

အကောင်းစားလည်ချောင်းတွေ။



ဖြူနက်ရောင်တံတားပေါ်

ဂဏန်းသွား လမ်းသလားနေတဲ့ လက်တစ်စုံ၊

ပြီးတော့...

အဲဒီ တံတားပေါ်မှာ

ရုန်းကြွှပြီး ကုန်းထလာတဲ့

သံစဉ်သက်တန့် တစ်ခု။



ဒါတွေကို ဖန်တီးမှုပြု

ရော့(ခ်)တန်ခိုးနဲ့ ပျိုးခင်းတစ်ခုမှ

လွင့်စင်လာတဲ့ သက်ဝင်သင်္ကေတတွေ

လူပင်လယ်ထဲ ရွက်လွှင့်

တစ်ဖန်ပြန်ပြီး

လူပင်လယ်ထဲက ဆန္ဒလှိုင်းလုံးများ ရုန်းကြွ

အင်အားအပြည့်နဲ့ ဦးတည်

ကျောက်ဆောင်စင်မြင့်ဆီ ညာသံညီညီ

ဒါ...ပန်းချီကားတစ်ချပ် မဟုတ်၊

ရော့ခ်တေးသွားတစ်ပုဒ်နဲ့ ချည်နှောင်

ကျောက်ဆောင်၊ ပင်လယ်၊ ကြယ်တွေရယ်...

ဒါမှမဟုတ်

ရော့ခ်စင်မြင့်ရယ်၊ ရော့ခ်ကြယ်ပွင့်တွေရယ်၊ ရော့ခ်ပရိသတ်ရယ်...။



သစ်ခက်အိမ် ( October, 2009...Beauty Magazine)

မှည့်ဝင်းရင့်ရော် ဥပမာနော်...


လူတစ်ယောက်ရဲ့ဘ၀ကိုကြည့်ရင် သက်တမ်းကတိုတိုလေးပါ။

ဥပမာလေးနဲ့ပြောရရင်...

သစ်ပင်ပေါ်မှာ ပွင့်နေတဲ့ပန်းလေးဟာ မွေးကာစကလေးလေးပါ။

တဖြည်းဖြည်းနဲ့ အသီးဖြစ်လာတယ်။

အဲဒီအသီးဟာ ပညာသင်ကြားနေတဲ့ ကလေးတစ်ယောက်ပါ။

တဖြည်းဖြည်းနဲ့ အသီးက မှည့်ဝင်းရင့်ရော်လာတယ်။

အဲဒါက အဘိုးကြီးတွေ၊ အဘွားကြီးတွေ ဖြစ်နေတဲ့အချိန်ပေါ့။

အဲဒီအသီး ပန်းပွင့်ဖြစ်ခဲ့တုန်းက လေဒဏ်၊ မိုးဒဏ်တွေကို ခံနိုင်သေးတယ်။

အခုတော့ ဘယ်လိုလုပ်ပြီး ခံနိုင်တော့မှာလဲ။

လေလေးလည်း တစ်ချက်ဝှေ့လိုက်ရော မှည့်ဝင်းနေတဲ့အသီးလေးဟာ ကြွေကျသွားတာပေါ့။

အဲဒါနဲ့တူတာဟာ အဘိုးကြီးတွေ၊ အဘွားကြီးတွေ သေသွားတဲ့အခါမှာပေါ့။

ဒါကြောင့် အခုနေနေတဲ့ ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နေပြီး ကျန်းမာရေးကိုလည်း ဂရုစိုက်နော်။

စာဖတ်သူအားလုံး အသက်ရာကျော်ရှည်ပါစေလို့ သမီးဆုတောင်းပေးလိုက်ပါတယ်။

သမီးကတော့ အသီးလေးပါ။

သမီးကြီးလာရင်လည်း သမီးပြောခဲ့သလို ဖြစ်လာမှာပါ။



ထူးတွယ်တာ

တတိယတန်း၊ ပြည်မြို့။

( February, 2010...ပေဖူးလွှာမဂ္ဂဇင်း )

လမ်းပျောက်မြစ်၏ ခြေရာ


ပုခက်လွှဲရမယ့် လက်တစ်စုံက ခုလို မျက်ရည်တွေ သုတ်နေရတာ. .လောကကြီးက ချမှတ်လိုက်တဲ့  ပြစ်ဒဏ်တစ်ခုများလား....။

ကိုယ်တိုင် ဆတ်ဆော့ကျူးလွန်ခြင်း မရှိပေမယ့် ပြဿနာအားလုံးရဲ့ တရားခံဟာ သူမဖြစ်ခဲ့ရပြီ။ ပြစ်မှုတိုင်းအတွက် မျက်မြင်သက်သေ တစ်ယောက်မှ မရှိလည်းဘဲ သူမကတော့ တရားခွင်ပေါ် ရောက်လာခဲ့ရပြီ။

အပြစ်မဲ့တရားခံတစ်ယောက်အတွက် စီရင်ချက်ကရော...။ နည်းနည်းများ မပြင်းထန်မရက်စက်လွန်းဘူးလား။

ပြင်းထန်ရက်စက်လွန်းတဲ့ စီရင်မှုအတွက် အယူခံဝင်လို့ရော...မရတော့ဘူးလား။ တကယ်လို့...သူမရဲ့ အသည်းနှလုံးတစ်စုံနဲ့ လာဘ်ထိုးမှ ရမယ်ဆိုရင်တောင် အစိမ်းလိုက်ပဲဖြစ်ဖြစ် ရင်နှစ်ခြမ်းခွဲပြီး ဆွဲထုတ်ပူဇော်လိုက်ချင်ပါသေးသည်။

ရင်မှဖြစ်သော အသွေးအသားကိုတော့ဖြင့် တစိမ်းသူလက်ထဲ မထည့်လိုက်လိုပါ။

xxxxxxxx

“ အန်တီမြရယ်...သမီးလေးကို ခဏလောက်ဖြစ်ဖြစ်တော့ ကြည့်ပါရစေနော်....”

အားကုန်မောလျနေတဲ့ ကြားကနေ အငမ်းမရ ရှိုက်ငင် တောင်းဆိုမိတော့...တုန်ယင်နေတဲ့ လက်အစုံကပါ ရင်ညွန့်ထက်မှာ လက်အုပ်ချီ တိုးလျှိုးပြီးသား ဖြစ်နေရ၏။

“ မိနွယ်ရယ်...သံယောဇဉ်ဆိုတာ တိကနဲဖြတ်ရင်ဖြတ်။ မဖြတ်နိုင်ရင် အမျှင်တန်းပြီး ပိုပင်ပန်းရတယ်။

သမီးမိဘတွေရဲ့ အစီအစဉ်ကလည်း သမီးကောင်းဖို့ အတွက်ပါ မိနွယ်ရယ်...”

အန်တီမြစကားကြားရမှ သမီးဇောနဲ့ တစ်လောကလုံးကို မေ့ချင်ချင်ဖြစ်သွားရတဲ့ နွယ်...။ ကိုယ့်ဘ၀ကိုကိုယ် သတိပြန်ဝင်သွားရပြီ။ နာကျည်းစက်ဆုပ်မှုက မောလျနွမ်းနယ်မှုကို ကျော်လွန်ပြီး သွေးနုသားနု နှလုံးသားလေးကို ဖိချေကြပြန်သည်။

လူယုတ်မာရဲ့ သွေး..။ အောက်တန်းစား ကလေကချေရဲ့ တိရစ္ဆာန်စိတ်...။ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ အပြုအမူ...။ ညှီဟောက်ချဉ်တူးနေတဲ့ အနံ့အသက်...။ ယခုပင် မျက်ဝါးထင်ထင် ဘီလူးဆိုင်းဝင်သကဲ့သို့ အော့နှလုံးနာလွန်း၍ မျက်စေ့ကို စုံတင်းတင်းမှိတ်ပစ်လိုက်မိ၏။

မျက်ရည်ပူစီးကြောင်းနှစ်ခုက ဆံစပ်ထဲသို့ စီးဝင်ကာ ချွေးစေးများနှင့် ရောနှောစေးကပ် သွားရလေသည်။

“ ခဏလေးပါ အန်တီရယ်...။ ကိုးလလုံးလုံး တစ်ခန္ဓာတည်းမှာ အတူတူ ပူးတွဲရှင်သန်နေခဲ့ရတာ...။ ၀မ်းထဲက ကျွတ်ပြီးကာမှ

တစ်ချက်ကလေးတောင် မကြည့်လိုက်ရရင်...တစ်သက်လုံး...ကျွန်မ...ကျွန်မ....”

တိမ်ဆို့နစ်ဝင်သွားသည့် သူမအသံနှင့် တစ်ဆက်တည်း သူနာပြုဆရာမ ဒေါ်မြလေး၏ ပင့်သက်ရှိုက်သံက အခန်းကျဉ်းလေးထဲတွင်

မွန်းကြပ်သွားရသည်။ ဆွေရိပ်မျိုးရိပ်မကင်းသည့်အပြင် ကျေးဇူးလည်းမကင်း လှတာကြောင့်သာ ဒီကိစ္စကို ကူညီဖို့ လက်ခံခဲ့ရတာ...။ ၀ဋ်လည်မှာတော့ ကြောက်ရွံ့လှပါသည်။ ဒေါ်မြလေးမှာကလည်း ကိုယ်ချင်းစာနာစရာ သမီးလေး ရှိနေသည် မဟုတ်ပါလား။

အနှီးထုပ်လေးထဲမှ နီတာရဲ ပုတုကွေးလေးကို သူမရှေ့နား တိုးကပ်မြှောက်ပွေ့ပြလိုက်တော့...ညှိုးဖျော့နေတဲ့ သူမမျက်လုံးအစုံက ညဥ့်နက်ကောင်းကင်မှောင်မှ ကြယ်ပွင့်လေးတွေလို လက်ကနဲ တောက်ပသွားရ၏။

မိခင်တိုင်းရဲ့ ဖြူစင်မြင့်မြတ်တဲ့ မေတ္တာအလင်းရောင်ဟာ တစ်လောကလုံးရှိသမျှ မိခင်အားလုံး တစ်သွေးတစ်ရောင်တည်းပါပဲ။ လူတန်းစားမရွေး တန်းတူလင်းလက်ကြတာပဲ။ အားလုံးအတူတူ ဖြူစင်တောက်ပကြတာပဲ။

သို့ပေမယ့်...သူမရဲ့ မေတ္တာအလင်းရောင်ဟာ သမီးလေးပေါ်မှာ ဖြန့်ကျက်မိုးကာပေးနိုင်လောက်တဲ့ အဖြူရောင်သက်သက် သန့်စင်တဲ့အရောင် မဖြစ်နိုင်ခဲ့ဘူး။ အမည်းစက်တွေ စွန်းထင်းပြီး ညစ်ထေးမွဲပြာနေတဲ့ သူမဘ၀ဟာ သမီးလေးကို လုံခြုံနွေးထွေးစေ လောက်အောင် စွမ်းအင်မပြည့်ဝခဲ့ဘူး။ သမီးငယ်ကို ပွေ့ချီသိမ်းဖက်ရမယ့် လက်အစုံဟာ လူတကာရဲ့ တံတွေးခွက်မှာ သူမ၏ မိဘနှစ်ပါးကို မနစ်မွန်းအောင် ဆယ်မ ကယ်တင်ရတော့မည်။

ဘ၀ပေး ကြမ္မာရိုင်းက မဆန်နိုင်တဲ့ သူမဘ၀ရေပြင်ကို စုန်ဆင်းခွင့်လည်း မပေးတော့ ဘဲ လှောင်ကန်ထဲက ရေသေလို ဘ၀ရောက်အောင် တမံတုတ် အကျဉ်းချလိုက်တော့သည်။

xxxxxxxx

တရားခံပြေးတစ်ယောက်လို ပုန်းလျှိုးကွယ်လျှိုးဖြင့် အန်တီမြ ခေါ်ဆောင်ရာ မြို့ပြတစ်ခုကို လိုက်လာရသော ညတစ်ညက ခါးသက်နာကျည်းစရာ ကောင်းလှသည်။

ဘယ်နေရာကြည့်ကြည့် သူစိမ်းဆန်လှသော မြို့ပြမြင်ကွင်းများက ရွာသို့ ရံဖန်ရံခါမျှသာ ရောက်လာတတ်သော... မနည်းကြီး ကြိုးစားစပ်ကာမှ အဝေးကြီး ဆွေမျိုးလှမ်းတော် ရသော...အန်တီမြထက်ပင် အေးစက်ဝေးကွာသေးသည်ဟု အားငယ်ရသည်။

ရုပ်ရှင်၊ ၀တ္ထု ဇာတ်ကွက်များနှင့် ဆန့်ကျင်ဖက်ဖြစ်နေသော သူမ ဘ၀ဖြစ်အင်ကလည်း တွေးမိတိုင်း သရော်ပြုံးမဲ့စရာတော့ အကောင်းသားပင်။

မြို့ပြမှ မိန်းမငယ်များ ဘ၀အမှားကို ပြင်ဆင်ဖုံးကွယ်ရန် တောရွာများမှာ ပုန်းခိုလေ့ရှိပေမယ့် သူမကျကာမှ တောသူအစစ်ကနေ မြိဲ့ပေါ်တက်ပြီး ဘ၀အမှားကို ပြင်ရမတဲ့လေ။

ရွာဆိုပေမယ့် ကားလမ်းမပေါ်က မြို့နှင့်နီးသော ရွာကြီးပေမို့ သူမတို့ မိသားစုက လူနေမှု အဆင့်အတန်း မနိမ့်ကြချေ။ ပဲ၊ နှမ်း လှောင်ရုံကြီးများ၊ စပါးကျီကြီးများဖြင့် စီးပွား အထူးပြေလည်ကြသည် မို့လည်း ဒေါ်မြလေးတို့လို မြို့နေဟန်များ လူလတ်တန်းစားများထက်ပင် ပြည့်စုံကုံလုံကြသေးသည်။

ဒေါ်မြလေးသည်ပင် မြို့ပြ၏ ၀င်ငွေထွက်ငွေက ဟန်ချက်မညီလှသည်မို့ ဆွေမျိုးနီးစပ်တော်သော ဦးသာမြတို့ရွာကို အပိုဝင်ငွေလေးရအောင် ပဲ၊နှမ်း ပေါ်ချိန်တိုင်း ဦးသာမြ၏ ပဲလှောင်၊ နှမ်းလှောင်၊ စပါးလှောင်ငွေထဲမှာ ရှယ်ယာလာဝင်ရ၏။ ရွာရှိ သူမတို့ မိသားစုကျန်းမာရေးကိုလည်း ကူညီစောင့်ရှောက်ပေး၏။ ဦးသာမြကလည်း ငွေပေါ်ချိန်မှာ အမြတ်ကို ပိုပိုသာသာလေး ခွဲပေးတတ်ပြီး ရှုံးသည့်နှစ်များမှာလည်း ငွေရင်းကိုတော့ မဆုံးရှုံးစေဘဲ ပြန်ပေးခဲ့သည်ပင်။

ဒီလို အသွားအပြန်လေးတွေကြောင့်လည်း ရွာမှ သူမတို့မိသားစု ကျန်းမာရေးကောင်းမွန် ဖျတ်လတ်သလောက် ဒေါ်မြလေးတို့ မြို့ပြကြပ်တည်းမှုကလည်း အသက်ရှူချောင်လည် ပြေပြစ်ရသည်။

သူမတို့မိသားစုက အနေရိုးကုပ်ပြီး မိသားစုသုံးဦးတည်းသာ ရှိသောကြောင့် မိဘများက တစ်ဦးတည်းသောသမီးလေး မြတ်လေးနွယ်ကို ရွာကျောင်းရှိ ရှစ်တန်းထိသာ စာသင်စေခဲ့သည်။ ထိုစဉ်က ယခုကဲ့သို့ တွဲဖက် အထက်တန်းကျောင်းကလည်း ရွာမှာ မရှိသေးတော့ သူမ၏ ပညာရေးက ရှစ်တန်းနှင့်ပင် ပြီးဆုံးခဲ့ရသည်။ မြို့ပို့ပြီး ကျောင်းထားရလောက်အောင် ပြည့်စုံကြွယ်ဝပေမယ့် မခွဲရက်နိုင်ကြ။ မျက်စေ့အောက်မှာသာ ရင်အုပ်မကွာ စောင့်ရှောက်လိုခဲ့ကြသည်။ အရိပ်ကြည့် မြတ်နိုးလိုခဲ့သည်။

ဘိုးဘွားပိုင်လယ်ယာများ အမြောက်အများရှိသော်လည်း လယ်အကြောင်း၊ စပါးအကြောင်း မြတ်လေးနွယ် ဘာတစ်ခုမှ တီးမိခေါက်မိ မရှိ။ မိဘများကသာ စီးပွားရေး၊ လူမှုရေး၊ အိမ်မှုကိစ္စ အကုန်သိမ်းကြုံးလုပ်၍ သမီးလေးကို ရွှေပေါ်မြတင် ထားခဲ့သည်။

တောရွာသာဆိုပေမယ့် ရွာကျောင်းကလည်း ကားလမ်းမကြီးပေါ်မှာ။ သူမတို့ အိမ်ကလည်း ကားလမ်းမကြီးပေါ်မှာ။ ပင်ကိုယ်ဗီဇကလည်း အေးဆေးရှက်ကြောက်တတ်သူမို့ ကျောင်းနှင့် အိမ်သာ အသွားအပြန်ရှိ၍ ရွာထဲသို့ လည်ပတ်ခဲလှသည်။ ရှစ်တန်းအောင်ပြီးတော့လည်း အိမ်မှုကိစ္စလေး ကူညီလုပ်ကိုင်ပြီးသည်နှင့် မြို့မှ သူမဖခင် ၀ယ်လာပေးသော စာအုပ်များနှင့်သာ အိမ်တွင်းအောင်းနေလေ့ရှိသည်။

ယုတ်စွအဆုံး မိုးတွင်းဖက် လယ်စိုက်ချိန် ရေဗွက်စိထဲမှာ လယ်ကန်သင်းပေါ် တစ်ခါဖူးမှ လမ်းမလျှောက်ခဲ့စဖူး။ လယ်နှင့် စပါးခင်းကို တောသူသာဆိုသေး မြို့သူနှင့်မခြား အဝေးမှသာ မြင်ဖူးသည့်သူ။ ရေခြောက်သည့် နွေလောက်သာ တစ်ခါတစ်ရံ ဖြတ်လျှောက်ကြည့်ဖူးသူ...။

ဤမျှလောက် ပတ်ဝန်းကျင် လေ့လာမှုနည်းပြီး အပေါင်းအသင်း နီးစပ်မှု မရှိသောကြောင့်များ ဤမျှ အကျည်းတန်သော အဖြစ်ဆိုးနှင့် ကြုံဆုံရသလော။ အတိတ်ဝဋ်ကြွေးကြီးမားလွန်း၍သာ ရိုးသားအေးဆေးသော၊ ငြိမ်သက်တည်ကြည်သော၊ ရည်းစားသနာပင် တစ်ယောက်မှ မရှိသော...တောရိုင်းပန်းလေးတစ်ပွင့် လွယ်လင့်တကူ ကြေမွသွားခဲ့ရလေသလော။

ထင်မှတ်မထားသည့် ကြမ္မာဆိုးက မိုးတစိမ့်စိမ့်နှင့်အတူ သူမဘ၀ထဲ ၀င်ရောက်မွှေနှောက် သွားခဲ့သည်။ ထိုနေ့က...သူမ အသက်ရှင်သမျှကာလပတ်လုံး တစိမ့်စိမ့် နာကျည်း ငိုကြွေးနေရတော့မည်ကို သိနေသည့်အလား ရှစ်ခွင်တိုင်း အုံ့မှိုင်းကာ ညိုမှောင်နေခဲ့လေသည်။

ဘုန်းကြီးကျောင်း ဥပုသ်ဇရပ်မှ ပြန်လာသော အမေနှင့် ကောက်စိုက်စ လယ်ကွက်များဆီမှ ပြန်လာသော အဖေတို့က ခြံဝမှာ အသက်ပျောက်နေသော အိမ်စောင့်ခွေးကြီးကို မြင်လိုက်ရတော့ စိုးရိမ်စွာ အိမ်ပေါ်သို့ အပြေးအလွှားတက်လာကြသေးသည်။

သို့ပေမယ့် ကိစ္စအားလုံးက လွန်ပြီးခဲ့လေပြီ။

သူမဘ၀က အဖြူထည်သက်သက်မှ ဘယ်တော့မှဖျက်မရနိုင်မည့် မည်းညစ်စုတ်ချာသော အရောင်များဖြင့် သုတ်လိမ်းခံလိုက်ရပြီ။

ရွံရှာစက်ဆုပ်လွန်း၍ မည်သို့ပင် ဆေးကြောသော်လည်း မစင်ကြယ်နိုင်တော့သော အညစ်အကြေးများက သူမဘ၀ကို ညစ်နွမ်းစေခဲ့ပြီ။ ထိုအညစ်အကြေးများကို သူမဘ၀မှ ဖယ်ရှားလိုပါက ဘ၀စာမျက်နှာကို ဆုတ်ဖြဲပစ်ရုံမှတစ်ပါး တခြားမရှိတော့ပါ။

xxxxxxxx

သူမဘ၀ကို သူမ မည်မျှပင် လည်စင်းခံလိုက်ရန် အားလျှော့အရှုံးပေးချင်ပေမယ့် ဆုတ်ဖြဲပစ်ရန် မဖြစ်နိုင်သော သူမဘ၀ စာမျက်နှာကို ဖြတ်ညှပ်ကပ် ပြင်ဆင်ရန် မိဘများက ကြိုးပမ်းကြပြန်သည်။ မိဘမေတ္တာ ကြီးမားကျယ်ပြန့်လှသည်မှာ သူမဘ၀ တစ်လျှောက်လုံး အကြွင်းမဲ့ ထင်ရှားလှသည်။ ငယ်စဉ်တောင်ကျေးမှ ယခုအရွယ်ထိ ပြီးပြည့်စုံစွာ အပူပင်မဲ့စေရုံမက အပူနှင့် ကြုံလာပြန်

တော့လည်း တတ်နိုင်သမျှ ငြိမ်းအေးအောင် စွမ်းဆောင်ပေးကြပြန်သည်။

တည်ငြိမ်အေးချမ်းေးသာ သူမဘ၀ကို မွှေနှောက်ပူလောင်စေခဲ့သူကလည်း ဖခင်၏ လယ်လုပ်သားများထဲမှ အကျင့်ပျက်ပြား ဆိုးသွမ်းလွန်းသူမို့ အဆင့်အတန်းမခွဲခြားဘဲ လက်ဆက်ပေးရန်လည်း မဖြစ်နိုင်ပါ။ လူယုတ်မာကိုယ်တိုင်ကလည်း သိမ်ဖျင်းသေးနုတ်သူ ပီပီ ပြဿနာကို ရင်မဆိုင်ရဲဘဲ ရွာမှပင် ထွက်ပြေးပုန်းရှောင်နေသည်။

ဒီလိုဆိုပြန်တော့...ကာယကံရှင်မိသားစုနှင့် ပြစ်မှုကျူးလွန်သူသာ သိသောကိစ္စမို့ ပတ်ဝန်းကျင်တစ်ရွာလုံး မရိပ်မိနိုင်မည့်အတူတူ...

လူယုတ်မာ၏သွေးကို လောကကြီးထဲ အရောက်မခံဘဲ ဖောက်ထုတ်ဖျက်ဆီးပစ်ရလျှင်ကော...။

မိဘနှစ်ပါးက ဗုဒ္ဓဘာသာစစ်စစ် မြန်မာလူမျိုးများ ဖြစ်ကြသည့်အပြင် သူမကိုယ်တိုင်ကလည်း ဒီိလိုရက်စက်မှုမျိုးကိုတော့ ဘ၀အသစ် ပြန်ဖြစ်မည်ဆိုလျှင်တောင် မလုပ်ရက်နိုင်ပါ။

မိသားစုပြဿနာမှာ ဖုံးမရ၊ ဖိမရ ခေါင်းမီးတောက်တမျှ ဖြစ်နေချိန်တွင် ရွာသို့ စပါးလှောင်ရန် ငွေလာထည့်သော သူနာပြုဆရာမ ဒေါ်မြလေးကို ကယ်တင်ရှင်အဖြစ် မိဘများက ရွေးချယ်လိုက်တော့သည်။ သူမ မိဘနှစ်ပါးက ခေါင်းချင်းရိုက် အကြံဥာဏ်ထုတ်သမျှကို

ဒေါ်မြလေးက ကောင်းနိုးရာရာ စီမံမှုများ ဖြည့်စွက်၍ မြို့ပြအလည်အပတ်ခရီးအဖြစ် ပတ်ဝန်းကျင်ကို အသိပေးစေခဲ့သည်။

မနည်းကြိုးစားစပ်ကာမှ တော်ရသော ဆွေမျိုးဆိုပေမယ့် ဒေါ်မြလေးက အဒေါ်အရင်းအချာပမာ သူမ အနေရခက်လောက်အောင်

စေတနာကောင်းလွန်းလှသည်။ ဒေါ်မြလေး ခင်ပွန်းက အလုပ်တာဝန်ဖြင့် တစ်မြို့တစ်နယ်မှာ...။ ဒေါ်မြလေး သမီးငယ်ကလည်း တစ်နေကုန် ကျောင်းတက်ရသူမို့ ဒေါ်မြလေး ဆေးရုံသို့ အလုပ်သွားချိန်ဆိုလျှင် သူမတစ်ယောက်တည်း။

အိမ်ကလေးမှာ ဆိတ်ငြိမ်လှသည်။

အိမ်မှုကိစ္စတွေ တတ်စွမ်းသမျှ ကူညီလုပ်ကိုင်ပေးပေမယ့် လူနည်းသောအိမ်ကလေးမှာ မယ်မယ်ရရ အလုပ်မရှိလှပါ။ စိတ်လေလွင့်

တွေးတောချိန်နည်းအောင် မည်သို့ပင် အလုပ်ရှာလုပ်ပေမယ့် အချိန်အားရတိုင်း မိဘများအပေါ် ကျေးဇူးမဆပ်နိုင်ဘဲ စိတ်သောကများသာ ဝေစေခဲ့သည့် သူမအဖြစ်ကိုသူမ ၀မ်းနည်းနေမိမြဲ...။ ရင်ဝယ် လွယ်ပိုက်ထားရသော ကလေးငယ်ကို ပွတ်သပ်မိတိုင်း မိခင်မေတ္တာဖြင့် ထွေးပွေ့ခွင့်မရတော့မည့် အခြေအနေအတွက် နာကျည်းမိမြဲ....။

သူမ၏မိဘမိများကတော့ မမြင်တွေ့ရသေးသော ကလေးငယ်ထက် သူတို့၏သမီး ရှေ့ရေးကိုသာ အကောင်းဆုံးဖြစ်ရန် စဉ်းစား စီစဉ်သည်က သဘာဝကျလှပါသည်။ သွေးကလည်း လူယုတ်မာ တိရိစ္ဆာန်ကောင်၏ သွေးပေကိုး။

သူမကတော့ မည်မျှပင် စက်ဆုပ်နာကျည်းစေဦးတော့ ရင်မှာလွယ်ထားရသည်က ကိုးလ ဆယ်လ။ နေ့စဉ်နှင့်အမျှ စားစား၊ သွားသွား၊ အိပ်အိပ် တစ်သွေးတစ်သားတည်း ဖြစ်နေရသူ။ အလိုဆန္ဒ ဆံချည်တစ်မျှင်မျှ မပါပေမယ့် ဖြစ်တည်ရောနှောနေသည်မှာ သူမ၏ သွေးကတစ်ဝက်။

မည်ကဲ့သို့သော ရက်စက် ပြတ်တောက်မှုမျိုးနှင့် မိခင်စိတ်ကို ချိုးနှိမ်နိုင်ပါအံ့နည်း။

ကမ္ဘာပေါ်ရှိ မိခင်အပေါင်းကို သူမ လိုက်မေးချင်စမ်းပါတော့သည်။

xxxxxxxxxx

“ ကလေးတော့ ကံကောင်းပြီ လေးနွယ်ရေ..။ ရန်ကုန်က အန်တီမြ မိတ်ဆွေလင်မယားက ယူမွေးမယ်တဲ့...”

သူမနှလုံးသား အေးခဲမြောက်တက်သွားသည်က ၀မ်းသာပျော်ရွှင်လွန်းလို့တော့ မဖြစ်နိုင်တာ သေချာပါသည်။ တစစ်စစ် နာကျဉ် ကိုက်ခဲလာသည်မှာ ရင်ထဲမှ အသည်းနှလုံးကို ဆွဲထုတ်ယူငင်သွား သည့်အလား...။

မိဘများ အစီအမံကို ခေါင်းညိတ်မိစဉ်ကတော့... တဖြည်းဖြည်းကြီးမားလာသော ပြဿနာအကျပ်အတည်းကို ဖြေရှင်းရန် ကြံရာမရဖြစ်နေတုန်းမို့ ထင်ပါရဲ့။ ဘာကိုမှ မဝေခွဲ၊ မပိုင်းခြားနိုင်ချိန်မှာ ပူပူထူထူနှင့် လက်ခံမိတဲ့ အစီအစဉ်တစ်ခုက တကယ်တမ်း အောင်မြင်ပြီးဆုံးတော့မည်၊ ထင်ထားတာထက် ပိုမို လွယ်ကူချောမောနေပြီ...ဆိုကာမှ ..။ သူမ ဘာကြောင့် တွေဝေတွန့်ဆုတ်နေရပါသနည်း။

မိဘ စီမံရာကို မငြင်းဆို၊ နာခံရုံမျှဖြင့် မိဘကျေးဇူးဆပ်ရာ ရောက်ပါ့မလား။ ကိုယ်တိုင်က မိဘစိတ် မမွေးနိုင်ဘဲ လူယုတ်မာ၏သွေး ဖြစ်ရသည်နှင့် အလိုမတူဘဲ နာကျည်းစက်ဆုပ်လှသည်နှင့်...အပြစ်မရှိသော ရင်သွေးငယ်ကို စွန့်ပစ်ရမည်ကရော... လူသားဆန်မည် တဲ့လား။ မိဘကျေးဇူး မဆပ်ဖူးသေးသည့် သူမ။ ရေဆန်ကို မလှော်ခတ်နိုင်သေးသည်နှင့် ရေစုန်ကို မစီးဆင်းဝံ့သည်မှာ သိမ်ဖျင်းရာကျ မနေဘူးတဲ့လား။

ဒါဖြင့်...သူမ သတ္တိရှိပါသည်။ ပတ်ဝန်းကျင် ထင်မြင်ချက်တွေ၊ မိဘနှစ်ပါးခံစားချက်တွေ... အားလုံးကို ရင်သွေးလေးအပေါ် ထားသည့်မေတ္တာ၊ ရင်သွေးလေးက ပေးသည့် ခွန်အားသတ္တိတွေဖြင့် ရင်ဆိုင်မည်။ သူမ ကလေးကို သူမကိုယ်တိုင်မွေးမည်။ သူမကိုယ်တိုင် လူလားမြောက်အောင် သွန်သင်ပျိုးထောင်မည်။ သူမကိုယ်တိုင် လုံခြုံနွေးထွေးအောင် ကာကွယ်စောင့်ရှောက်မည်။

ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်မို့ ကြာလာတော့လည်း သူမကိုယ်တိုင်ရော မိဘများပါ ခံနိုင်ရည်ရှိလာမည်။ ရင်သွေးငယ်ကို ကြည့်ကာ မြေးငယ်ကိုကြည့်ကာ.. အားအင်အသစ် ပြန်မွေးမည်။ အဖြစ်မှန်ကို ရဲရဲရင့်ရင့် ရင်ဆိုင်မည်။ အချိန်၏ ကုစားမှုမှာ နေသာသက်သာ ရှိလာမည်။

သို့ပေမယ့်...မိမိတို့က ရင့်ကျက်အနည်ထိုင်လာသည်ပဲ ထားဦး။ လူယုတ်မာ ကလေကချေက အနှောင့်အယှက်မပေးဘဲ လက်ပိုက်ကြည့်နေမတဲ့လား။ ရိပ်မိသိရှိသွားသည်နှင့် ကလေးရော လူကြီးများပါ သူ့စက်ကွင်းက အလွတ်ပေး စိတ်အေးရမတဲ့လား။

ကဲ... သူ့ကဏ္ဍကို ကျော်လွှားသွားနိုင်သည်ပဲ ထားပါဦး။ သူမတို့မိသားစုက တခြားတစ်မြို့တစ်ရွာကို ပြောင်းချင်ပြောင်း..။ ဒါမှမဟုတ် ထိုသူက အကြောင်းတစ်ကြောင်းကြောင်းကြောင့် ရွာကို ဘယ်တော့မှ ရောက်မလာတော့ဘူးဘဲ ဆိုပါတော့။

သူမ၏ ရင်သွေးကလေးက အဖေအပေါ်တဲ့ ကလေးတစ်ယောက်အဖြစ် လောကအလယ်မှာ မျက်နှာငယ်ရရှာတော့မည်။ မိစုံဖစုံနှင့် လုံခြုံနွေးထွေးစွာနေရသော သူမပင်လျှင် ရက်စက်ယုတ်မာသော စော်ကားမှုမျိုးနှင့် ကြုံရသေးလျှင်...။

သူမရင်သွေးလေးမှာ သားယောကျာ်းလေးဆိုလျှင် တော်သေး၏။ ကံဆိုးစွာ သမီးမိန်းကလေးသာ ဖြစ်ခဲ့ပါလျှင်...။ သူမလို သာမန်အရည်အချင်းနှင့် နုံအသော မိခင်တစ်ဦးတည်းက မည်မျှလုံခြုံမှုပေးနိုင်ပါမည်လဲ...။

“ ခုမှ တွေဝေမနေပါနဲ့တော့ လေးနွယ်ရယ်...။ သမီးမိဘတွေကလည်း အကြံဥာဏ်ကောင်း၊ အန်တီမြ အစီအစဉ်တွေကလည်း ပိရိသေသပ်တော့ သမီးက ရွာပြန်ရောက်တာနဲ့ အရင်တုန်းကလို အပျိုမလေး မြတ်လေးနွယ်ပဲ။ မြို့ကြီးပြန် မြတ်လေးနွယ်ပဲ။

ခု..မွေးစားမယ့် သူတွေကလည်း ကလေးမရနိုင်တော့လို့ တကယ့်ကို အမွေစားအမွေခံစာချုပ်နဲ့ မွေးမယ့်သူတွေပါ။ ချမ်းသာလိုက်တာကလည်း အရမ်းပဲအေ။

ခုလည်း ...လိုချင်တဲ့ ကလေးရပြီးရင် ပတ်ဝန်းကျင်ကပါ သားသမီးရင်းလို့ပဲထင်အောင်...ကလေးကိုယ်တိုင်ကလည်း မိဘရင်းလို့ပဲ မှတ်အောင် နိုင်ငံခြားကို အပြီးထွက်ပြီး ဇာတ်မြှုပ်ကြတော့မယ်တဲ့။

ကဲ... ဘယ်လောက် နောက်ကြောင်းရှင်းလိုက်သလဲ။ မွေးလာမယ့် ကလေးကတော့ ကံကောင်းတဲ့ ကလေးပါအေ...”

“ ပညာရော...ငွေကြေးဥစ္စာရော... ထက်မြက်မှုရော သာတဲ့မိဘတွေပါ...” လို့ ပါးစပ်က ဆက်မပြောရက်ပေမယ့် မျက်လုံးတွေနဲ့ ပြောနေတဲ့ အန်တီမြကို ငေးကြည့်နေရင်း.. ကလေးရဲ့ဘ၀ လုံခြုံတိုးတက်ဖို့အတွက် ဒီအစီအစဉ်ထက်ကောင်းမွန် သင့်တော်တာ မရှိတော့ဘူးလို့ နားလည်လိုက်ရပါပြီ။

xxxxxxxx

မိုးတစိမ့်စိမ့်နှင့်အတူ သူမဘ၀ထဲ ၀င်ရောက်လာခဲ့သော နာကျည်းခါးသက်မှု ဒဏ်ရာများက နွေနေပူ ကျဲကျဲတောက်ချိန်တွင် သည်းအူပြတ်မတတ် သောကများအဖြစ် တိုးပွားလာင်မြိုက်လာရသည်။

ကိုးလလုံးလုံး ရင်ခွင်မှာ မခွဲတမ်း လွယ်ပိုက်ထားခဲ့ရသော သွားတူလာဖက်...။ ညင်သာစွာ ပွတ်သပ်ပေးသော မိခင်ကို လက်ကလေး ခြေကလေးများဖြင့် တိုးဝှေ့နှုတ်ဆက်တတ်သော ကြင်နာဖော် ယုယဖက်...။ ခွဲခြားမရသည့် နှစ်ယောက်ဘ၀မို့ ပူဆွေးမှုကို အံတုကာ သူကလေး အားပြည့်စေမည့် အာဟာရများကို ကြိတ်မှိတ်မြုချခဲ့ရသော ကောင်းတူဆိုးဖက်...။

သမီးကလေးလို့ သိလိုက်ရချိန်မှာ... သူမ၏ မျှော်လင့်ချက် ရေးရေးလေးက ဆပ်ပြာပူပေါင်းပမာ လွင့်စင်ပျောက်ကွယ်ခဲ့ရသည်။

သားကလေးသာဖြစ်ခဲ့လျှင် သူကလေးဘ၀ လုံခြုံမှုက သမီးကလေးလောက် မပူပန်ရသောကြောင့် သူမ စွန့်စားရင်ဆိုင်ရ ကောင်းမည်လားဟု စိတ်ကူး ကြံစည်နေမိသေးသည်။ ယခုတော့... သူမ၏ မရေရာမှုကို ဒုံးဒုံးချ စိတ်လျှော့လိုက်ရလေပြီ။

ဖမ်းဆုပ် ထွေးပွေ့စရာ လက်မဲ့ဘ၀ဖြင့် ကိုးလလုံးလုံး လွယ်ပိုက်ထားခဲ့ရသော သမီးငယ်လည်း သူမရင်ခွင်မှာ ရှိမနေတော့။ ဖြတ်ညှပ်ကပ် ဘ၀တစ်ခုဖြင့် စိတ်သစ်၊ လူသစ်၊ ဘ၀သစ် စစေချင်သော မိဘနှစ်ပါး၏ စေတနာကို လစ်လျူမရှုရက်ပေမယ့် သူမ မည်သို့မျှ ဟန်ဆောင်ရန် အင်အားမရှိတော့ပါ။

ကိစ္စအားလုံး စီစဉ်လုပ်ဆောင်ပြီးချိန်တွင် ပိုမိုလှိုက်စား နာကျင်နေသော ရင်မှ ဒဏ်ရာကို အချိန်သမားတော်က ကုစားနိုင်လိမ့်မည်ဟု အားလုံးက ယုံကြည်မျှော်လင့်နေကြလေသည်။

သို့ပေမယ့် ဘယ်ကို မျှော်ကြည့်လိုက် ကြည့်လိုက် စိုးမိုးမြင်ယောင်နေသော တစ်ခါသာ မြင်လိုက်ရသည့် သမီးငယ်လေး မျက်နှာက သူမ၏ ရင်ကွဲနာကို အပ်များဖြင့် ထိုးဆွနေသကဲ့သို့ နာကျင်လှစေသည်။ အချိန်သမားတော်၏ ဆေးစွမ်းကောင်းများသည် အရိုးစွဲ ဇကာကျ ပိုးထိုးနေပြီးသော သူမ၏ ရင်ကွဲနာကို ဆေးမတိုး...။ မကုစားနိုင်တော့ပေ။

သမီးငယ်ကို ရင်ခွင်မှ ဆွဲထုတ်ယူသွားခဲ့သော်လည်း သူမ၏ မိခင်မေတ္တာကတော့ဖြင့် ဆွဲနှုတ်၍ ရကောင်းသည့် အရာမဟုတ်ခဲ့ပါ။ တစ်နေ့တခြား တစိမ့်စိမ့် တိုးပွားလာသော မိခင်တစ်ယောက်၏ ချစ်မြတ်နိုးမှုများသည်...စီးဆင်းရန်လားရာမရှိဘဲ အတွင်းလှိုက်စားမှု ပြင်းထန်လွန်းမက ပြင်းထန်အားကြီးလာသောအခါ....။

မြစ်၊ ချောင်းများ၏ အသက်သည် စီးဆင်းခြင်းဖြစ်လေသည်။ စီးဆင်းခြင်းနှင့်မှ သက်ဝင်လှုပ်ရှားနိုင်သော ရေစီးကြောင်းလေးတစ်ခုသည်... စီးဆင်းရန် လားရာလည်းမရှိ။ ဆန်တက်ရန် အားအင်လည်း မရှိတော့သောအခါ....။

xxxxxxxxx

အနယ်နယ် အရပ်ရပ်သို့ တာဝန်လှည့်လည်ထမ်းဆောင်ရင်း...၊ မျက်စေ့တဆုံး တွေ့မြင်ရသော လယ်ကွင်းပြင် ရှုခင်းများကို မြင်ရသည့်အခါတိုင်း... အရောက်ဖြစ်တာ ကြာပြီဖြစ်သော ရွာကလေးကို သတိရစိတ်ပြင်းထန်လာလေ့ရှိသည်။ နိုင်ငံခြားရောက် မိတ်ဆွေ၏ သမီးလေး ထူးချွန်ထက်မြက်သည့် သတင်းများကြားရတိုင်းလည်း တစ်စုံတစ်ယောက်ကို မျှဝေခံစားစေချင်ခဲ့သည်။

သို့ပေမယ့်....ဒေါ်မြလေး မသွားရဲခဲ့ပါ။ သူမ၏ ကြေမွနေပြီးသော ဘ၀စာမျက်နှာကို မကြည့်ရက်ချေ။ ထို့ထက်မက... တွေးမကြည့်

ရဲသော အခြေအနေတစ်ခုကိုလည်း မြင်ရကြားရလေမလာုး စိုးသောကြောင့် သတင်းမမေး လူမသွားဘဲ နေခဲ့မိသည်။

ထို့အတူ...သားချော့တေးကို အော်ဟစ်သီဆိုကာ လမ်းတကာလှည့် လျှောက်သွားနေတတ်သော...၊ အဆီအင်ါမတည့် စကားများကို တစ်ယောက်တည်း အဆက်အစပ်မရှိ ပြောနေတတ်သော....၊ မိန်းမငယ်များကို ဘယ်နေရာ ဘယ်မြို့မှာပဲတွေ့တွေ့ စေ့စေ့ကြည့်ရဲသည့် သတ္တိမရှိတော့ပါ။

မည်သို့ပင်ဖြစ်စေ...စုန်ဆန်နိုင်ခွင့် မရှိတော့သော တမံတုတ်ခံထားရသည့် ရေများသည် ရေလှောင်ကန်အတွင်း တည်ရှိနေရမည်

ဖြစ်သော်လည်း...၊ ရေသေမဟုတ်သော မိခင်မေတ္တာများကတော့ စုန်ဆင်းနိုင်ခွင့် မရှိတော့လျှင်လည်း သူမ၏ နှလုံးသားထဲတွင် စိမ့်စမ်းကဲ့သို့ ထာဝစဉ် တစိမ့်စိမ့်ဖြင့် ဘယ်သောအခါမှ ခမ်းခြောက်နိုင်လိမ့်မည် မထင်ပါ။

တစ်လောကလုံးရှိ မိခင်များ၏ ချစ်ခြင်းမေတ္တာသည် အားလုံး အတူတူပင်...။ ထာဝစဉ် စီးဆင်းချင်ကြမည် ဖြစ်ပါသည်။

xxxxxxxxx



ဝေ (စီးပွားရေးတက္ကသိုလ်)
( May, 2010...Beauty Magazine )
မြစ်နှစ်မြွှာ မိဘမေတ္တာဖွဲ့ဝတ္ထုတိုစု

ညွှန်ဆေးမယ့်မျက်ရည်


“ညီမလေးသေပြီတဲ့”
ဆိုင်ရှင်ကပြောပြီး အကဲခတ်သလို သူ့ကို ကြည့်နေတယ်။ သူ့မျက်နှာက မပြောင်းတာ သေချာတော့မှ…
“တကယ်ပြောတာ ဟေ့ကောင်.. အငယ်ဆုံးညီမတဲ့။ အခုလေးတင် မင်းအမေဖုန်းဆက်တာ”
ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားပေမယ့် သူ့မျက်နှာက သိပ်မပျက်တော့ ဆိုင်ရှင်က အံ့သြသွားပုံရတယ်။
“နေပါဦး မင်းက ဘာမှ မခံစားရဘူးလား”
“ကျွန်တော့်အတွက် ဒါ ပထမအကြိမ်မှ မဟုတ်တော့တာ”
ဟုတ်တယ်။ သူတို့မိသားစုက အားလုံးရှစ်ယောက်ရှိတာ။ ဒီတစ်ယောက်နဲ့ဆို မိသားစုကနေ နှုတ်ထွက်သွားကြတာ သုံးယောက်မြောက်။ ဒါကြောင့်လည်း သူစိတ်မကောင်းဖြစ်ပေမယ့် မထူးဆန်းတော့ပါဘူး။
ဆင်းရဲခြင်းညွှန်ထဲက ရုန်းမထွက်နိုင်မယ့်အတူတူ ဒါကမှ ဝဋ်ကျွတ်ဦးမလားလို့လေ။ ဆင်းရဲတာတစ်ခုတည်းဆို ဖြေသာသေးတယ်။ ခုဟာက မိဘတွေအိမ်ထောင်ရေး မပြေလည်တာကလည်း ကလေးတွေအတွက် နွံထဲကို ဝါးကူထိုးပေးနေသလိုပဲ။
အမှန်တော့ အမေက မိသားစုလေး ဖရိုဖရဲမဖြစ်အောင် ကျားကန်ထားချင်စိတ် ဘယ်ရှိပါ့မလဲ။ ဒီမိသားစုဘဝက အမေ့စိတ်တိုင်းကျ တည်ဆောက်ထားခဲ့ရတဲ့ ဘဝမှမဟုတ်တာ။
“မင်းအဖေသာ ယောက်ျားကောင်းပီသခဲ့ရင် အမေ့သားတွေ သမီးတွေ ဒီလို ဒုက္ခများရမှာ မဟုတ်ဘူး”
“ဒါဆို အမေကရော ဘာလို့ကလေးတွေကို မငဲ့ရတာလဲ”
“လူဆိုတာ စားစရာမရှိရင် အငတ်ခံနေနိုင်တယ်သား။ ဘယ်လောက်ငတ်ငတ် ရှိတဲ့မုန့်ကိုလည်း ဝေမျှစားနိုင်သေးတယ်သား။ လင်တစ်ယောက်ကိုတော့ ဘယ်မိန်းမတစ်ယောက်နဲ့မှ ဝေမျှမချစ်နိုင်ဘူး”
အဲဒီတုန်းက အမေ့ဒဿနတွေကို သူ စေ့စေ့ငုငု နားမလည်နိုင်ခဲ့သလို အဖေနဲ့အမေကြားက အေးစက်တဲ့တင်းမာမှုဟာ သားသမီးတွေအတွက် ဆင်းရဲခြင်းထက် ပိုခံရခက်တယ်ဆိုတာကိုရော အမေတို့ နားလည်ခဲ့ရဲ့လား။
………….
အိမ်ကိုရောက်ဖို့ ပေါင်ရင်းလောက်ရှိတဲ့ ရေတွေကို ဖြတ်လာရတယ်။ ညက ရွာတဲ့မိုးဟာ သည်းလွန်းတော့ သူနေတဲ့ဆိုင်မှာတောင် ယိုနေကျမဟုတ်တဲ့ သွပ်မိုးပေါက်သေးသေးလေးတွေက မိုးယိုလာသေးတယ်။ အဲဒီတုန်းကတော့ ဒီလောက်ရေပါမယ်လို့ မထင်မိခဲ့ဘူး။
အိမ်ပြန်လာရတော့မှသာ ညကမိုးဟာ ကန်ပေါင်ဘေး အနိမ့်ပိုင်းမှာရှိတဲ့ သူတို့ရပ်ကွက်လေးကို ရေမြုပ်စေပြန်ပြီလို့ သတိရလာတာ။ အလုပ်ဘဝထဲကနေ မိသားစုဘဝထဲကို ပြန်ရောက်လာရတာ။
အလုပ်ထဲမှာ အနေကြာတော့ သန့်သန့်ပြန့်ပြန့်ဝတ်စားထားတဲ့ သူက နောက်ကျိညစ်ပတ်နေတဲ့ ရေထဲကို ခြေချဖို့ တော်တော် မသတီ ဖြစ်နေမိသေးတယ်။
“သြော် ငါ့နှယ် … ဘဝမေ့ရန်ကော”
လို့ ရေရွတ်မိရင်းက တွန့်ဆုတ်တွန့်ဆုတ်နဲ့ မနည်းရှေ့တိုးနေရတာလေ။
နှစ်တိုင်း မိုးသည်းပြီိဆို ရပ်ကွက်ကရေမြုပ်နေကျမို့ မဆန်းတော့ပေမယ့် လက်ဖက်ရည်ဆိုင်မှာ နှစ်မိုးတွင်းအောင်းခဲ့ပြီးတဲ့ သူကတော့ မဆန်းတဆန်းဖြစ်နေတယ်။
“သားရေ… မင်းညီမလေးကတော့ ဝဋ်ကျွတ်သွားရှာပြီကွဲ့”
အိမ်အဝင်ဝမှာ အမေ့ငိုသံက သူ့ရင်ကို ဆီးပြီး ရိုက်ပုတ်လိုက်သလိုပဲ။ ဖျဉ်းခနဲ နာကျင်စိတ်ကြောင့် အံကြိတ်လိုက်မိပြီ။
လှေခါးအတက် ဖိနပ်ချွတ်မှာပဲ ထိုင်ချလိုက်ပြီး အိမ်ကျဥ်းလေးထဲ ဝေ့ကြည့်လိုက်တော့ အလောင်းရဲ့ခြေရင်း တဲထောင့်မှာ နို့ညှာကောင် သူ့ညီလေးက ဒူးနှစ်လုံးကို ပိုက်ပြီး ကြားမှာ ခေါင်းစိုက်ထားတယ်။ သူ့ကို တွေ့ပေမယ့် နှုတ်မဆက်ဘဲ တွေတွေကြီး စိုက်ကြည့်နေရှာတယ်။ အထက်အောက်ဆိုတော့ သူကပိုခံစားရပေမပေါ့။ သူ့အောက်က ညီမအကြီးကတော့ အလောင်းခေါင်းရင်းမှာ မျက်လုံးကြီးမို့အစ်နီရဲပြီး သူရောက်လာကာမှ တစ်ကျော့ပြန် ထပ်ငိုနေပုံရတယ်။ အစ်မကလည်း ပဝါလေးမျက်လုံးတတို့တို့နဲ့။
“ရော့…အမေ။ ဆိုင်ရှင်ပေးလိုက်တဲ့ အကူငါးထောင်ရယ်၊ လုပ်ဖော်ကိုင်ဖက်တွေ စုပေးလိုက်တဲ့ ငါးထောင်ရယ်။ အားလုံးတစ်သောင်း။ နေပါဦး ဟိုလူကော ဘယ်သွားနေတာတုံး။ ဒီလိုအချိန်မှာတောင် ဟိုရောက်နေပြန်ပြီလား။”
သူက နာနာကျည်းကျည်း မေးလိုက်ပေမယ့် အမေကတော့ ဘာမှသတိမရလောက်အောင် ပရိဒေဝမီး တောက်လောင်နေပုံရပါတယ်။
“နာရေးကူညီမှုအသင်းကို သွားတာပါသားရယ်။ ဒီအချိန်မှ အရယ်သောက်နေရင်လည်း ရပ်ကွက်က ဝိုင်းလုပ်ကြတော့မယ်လေ။ မင်းညီမက ဖျားနေတာ တစ်ပတ်ကျော်ပြီ။ မနေ့ညက မိုးတအားသည်းပြီး ရေတွကလည်း တက်လာတော့ တစ်ညလုံး အပေါ်အေးအောက်အေးနဲ့ မိုးလင်းစောစောကျတော့ အသက်ပျောက်သွားတာပါပဲ သားရယ်”
အမေ့ရှိုက်သံတွေက မြားအစင်းများစွာလို သူ့ရင်ကိုလာမှန်ပြန်တယ်။ တကယ်တော့ ဒီညီမအငယ်နဲ့သူ ငါးရက်ပြည့်အောင်တောင် နေဖူးရဲ့လား မသိပါဘူး။ ဒီကောင်မလေးမွေးတုန်းက သူက ထမင်းဆိုင်တစ်ဆိုင်မှာ စားပွဲထိုးသွားလုပ်နေတာ။
ချစ်ကြိုက်ပြီးမှ ညားတာမဟုတ်တဲ့ အဖေနဲ့အမေကတော့ ဘယ်တုန်းကမှ အိမ်ထောင်ရေးသုခကို ရခဲ့ပုံမပေါ်ပါဘူး။ အမေ့ရဲ့အမေဟာ အရင်က ပိုက်ဆံတော်တော်ရှိပြီး ရပ်ကွက်ထဲမှာ ဝန်းကြီးခြံကြီးနဲ့ ကုန်စုံဆိုင်ကြီးဖွင့်ပြီး အနေအထိုင်ကလည်း ကိန်းခန်းကြီးသတဲ့။ အမေက ဘာသာမတူလူမျိုးခြားတစ်ယောက်နဲ့ ချစ်ကြိုက်နေတာမို့ အဘွားက အဖေနဲ့ အတင်းပေးစားခဲ့တာတဲ့။
အဖေနဲ့ရပြီးတဲ့နောက်ပိုင်း အမေက မယားကောင်းဖြစ်အောင် ကြိုးစားပေမယ့် အဖေက မွေးလားသမျှ သားသမီးတွေကို ရည်းစားဟောင်းနဲ့ချည်း ရိုးစွပ်နေတာပဲတဲ့။ ဘာအလုပ်မှလည်း မယ်မယ်ရရ မလုပ်ချင်ဘူး။ ဒီကြားထဲ အရက်သောက်၊ ဖဲရိုက်၊ လောင်းကစားပါ ဝါသနာကြီးတော့ ကောင်းကောင်းတောင်းလို့ ပေးရင်ပေး၊ မပေးရင် လုတယ်၊ ခိုးတယ်၊ ရန်လုပ်တယ်။
တစ်တိတစ်တိနဲ့ အဘွားလည်း သူကိုယ်တိုင်ရွေးချယ်ပေးခဲ့တဲ့ သမက်နှိပ်စက်တဲ့စိတ်နဲ့ပဲ ဆုံးရှာတော့သတဲ့။
အမေပြန်ပြောပြလို့သာ သိရတာ။ သူကတော့ မမှတ်မိပါဘူး။ သူ့ကလေးဘဝအစမှာ မှတ်မိတာကတော့ အမေက ကျောင်းလိုက်ပို့ပေမယ့် သူက အိမ်ကို ပြန်ပြန်ပြေးတာပဲ။ အဖေက အမြဲမူးနေတတ်တော့ သူကျောင်းမနေတဲ့ ကိစ္စကလည်း ဒီလိုပဲ လွယ်လွယ်ကူကူ ပြီးမြောက် ကျော်လွှားသွားခဲ့ရတာ။
ဒီဆိုင်ရောက်မှသာ ဆိုင်ရှင်က စာသင်ပေးလို့ စာရေးစာဖတ်တတ်ခဲ့ရတယ်။ သူ့ဘဝကို သနားပြီး အစစအရာရာ ပြုပြင်လမ်းညွှန်ပေးလို့လည်း ဒီဆိုင်မှာ သူကြာကြာနေမိတာ။ အဖေကတော့ လစာပိုပေးတဲ့ဆိုင်မှာ ပြောင်းထားဖို့ သူ့ကိုလာခေါ်သေးတယ်။
“ဟင့်အင်း အဖေ။ ကျွန်တော် ဒီမှာပဲ စွဲစွဲမြဲမြဲလုပ်တော့မယ်။ ဒါမှလည်း အဖျော်ဆရာဖြစ်လာရင် ဘဝရပ်တည်ချက် ခိုင်မာလာမှာ”
အဖေက သူ့ကိုခေါ်မရတော့ ဆိုင်ရှင်ဆီ လခကို တိုးတောင်းလိုက်သေးတယ်။ သူကဖြင့် ဆိုင်ရှင်နဲ့အဖေ ညှိနှိုင်းလို့ အဆင်မပြေခဲ့ရင် အိမ်ပြန်ရတော့မှာပဲ။ ထမင်းငတ်ဦးတော့မှာပဲ ဆိုပြီး စိတ်ပူလိုက်ရတာဆိုတာ။ ခုလို အိမ်ကမောင်နှမတွေ စားရမဲ့သောက်ရမဲ့ ဖြစ်နေတာတွေ့ရမှ ငါတစ်ကိုယ်ကောင်း ဆန်နေပြီလားလို့ တွေးမိလာတယ်။
သေသွားတဲ့ သုံးနှစ်သာသာ ညီမအငယ်ဆုံးကလည်း အရိုးပေါ်အရေတင် မွဲခြောက်ခြောက် လိန်တိန်တိန်လေး။ နို့ညှာကောင် ညီလေးကျတော့ ခေါင်းကြီးဗိုက်ပူ အရိုးဂေါက်ဂက်နဲ့။ ငါးနှစ်ပြည့်ပြီးပေမယ့် ကျောင်းမထားနိုင်သေးဘူး။ ညီမအကြီးကျတော့ ဆယ်နှစ်လောက်ရှိကာမှ သူငယ်တန်းစတက်နေသတဲ့။ လူကြည့်တော့ ငါးနှစ်သမီးလောက်ပဲ ထင်ရလောက်အောင် ညှက်စိကလေး။ ပိန်ညှော်ညှော် အစ်မကလည်း မုန့်တိုက်မှာ မုန့်ထုပ်ပေမယ့် အလုပ်က ပိတ်တစ်ရက်၊ နားတစ်ရက်တဲ့။
အမေပဲ နေ့လည်ဘက် အိမ်တချို့ကို အဝတ်လိုက်လျှော်၊ ညဘက် မြို့ထဲ မြေပဲလှော် လှည့်ရောင်းပြီး ရသမျှငွေနဲ့ မိသားစုဖြစ်သလို နပ်ကျော်စားသောက်နေရရှာတယ်။ အဖေက အလုပ်လက်ကြောမတင်းတဲ့အပြင် အမေ့ဆီကတောင် တစ်ခါတစ်ခါ အရက်ဖိုး လက်ဖြန့်လို့မရရင် ရိုက်ပုတ်မာန်မဲနေခဲ့တာလေ။
သူ့ဆီက လစာကိုလည်း ခဏခဏ အကြောင်းအမျိုးမျိုးပြပြီး လာကြိုထုတ်တယ်။ အမေ့လက်ထဲတော့ ဘယ်တော့မှ မရောက်ပါဘူး။ မြို့စွန်ရပ်ကွက်က မယားငယ်အိမ်မှာ သောက်စားပေးကမ်းပြီး တစ်ရက်နှစ်ရက် ကြာမှ တစ်ပြားမှမကျန်ဘဲ အိမ်ပြန်လာတတ်တယ်တဲ့။ ကဲ အမေ စိတ်နာမယ်ဆိုလည်း မနာလောက်ပေဘူးလား။
ဒါနဲ့ပဲ အမေကလည်း အဖေ့ကို အိမ်ပေါ်အတက်မခံတော့ဘဲ တစ်ပင်မကောင်းတစ်ပင်ပြောင်းလိုက်သတဲ့။ ခုဆိုရင် တစ်နှစ်ကျော်ပြီပေါ့။ မိသားစုလေး ပြိုကွဲခဲ့ရတာ။ ဒါပေမယ့် ဒီတစ်ပင်လည်း မထူးပါဘူး။
ဘာပဲဖြစ်ဖြစ် အဖေက အမေ့အပေါ် ဘယ်လောက်ဆိုးဆိုး သားသမီးတွေအတွက်ကတော့ အဖေပဲလေ။ ပထွေးဆိုတာကတော့….။
“နာရေးကူညီမှုအသင်းက ဒီနေ့မှောင်သွားပြီမို့ မနက်ဖြန်မှချဖို့ ပြောလိုက်တယ်ဟေ့။ အိမ်မှာအငယ်ဆုံးမို့ ညမသိပ်ကောင်းဘူးဆိုတာ ဟိုကောင် ငစိုးကိုစောင့်နေရတာနဲ့ပဲ နောက်ကျသွားရပြီ။ မင်းကွာ ဖုန်းဆက်လည်း ချက်ချင်းရောက်မလာဘူး။ မိဘတွေကို ဝိုင်းကူလုပ်ပေးမယ် မရှိဘူး။ ခွေးမသား။”
ထုံးစံအတိုင်း ပထွေးဆိုတာက သူများကို အပြစ်တင်စကားတွေနဲ့ပဲ သူ့အပြစ်ကို သူဖုံးနေကျလေ။ အမှန်က မျက်ထောင့်ကြီးနီပြီး အနံ့တွေ တထောင်းထောင်းထနေတာ၊ ဘယ်ကိုသဝေထိုးနေသလဲဆိုတာ အမေလည်းသိမှာပါ။
“ကျွန်တော် ပြန်မယ်အမေ မနက်ဖြန်မှ ခပ်စောစော လာခဲ့မယ်”
သူ့အတွက် ကျော်တစ်နေရာစာ မပြောနဲ့ ကျန်တဲ့သူတွေတောင် ဘယ်လိုအိပ်ကြမယ်မသိဘူး။
ပထွေးကတော့ အိမ်ရှေ့မှာ ဖဲဝိုင်းမထောင်နိုင်လို့ ပြန်မကျသေးတဲ့ ရေကိုပဲ အော်ဆဲနေသေးတယ်။
………….
ရေမရှိတော့ပေမယ့် ဗွက်ထူနေဆဲလမ်းထဲကို စက်ဘီးလေးနဲ့စီးဝင်လာတော့ အိမ်ရှေ့ရောက်တာနဲ့ မွှေးကြိုင်နေတဲ့ ဟင်းနံ့တွေက သူ့ကို သူစိမ်းဆန်ဆန် ဆီးကြိုနေကြတယ်။ ဒီအိမ်နဲ့ ဒီမွှေးရနံ့နဲ့ ဘာမှမဆိုင်ဘူးလို့ သူဖြတ်သန်းရတဲ့ အတွေ့အကြုံအရ သိနေတယ်လေ။ ဒါ ဟင်းကောင်းတစ်ခုခု ချက်နေတဲ့ အနံ့မျိုး။
မီးဖိုနားက အမေ့ကို ကြည့်ရတာလည်း နည်းနည်းဝနေသလားလို့ မသင်္ကာတာနဲ့ “အမေ နောက်တစ်ဗိုက်လား” လို့မေးတော့ “အေး” တဲ့။ အေးအေးဆေးဆေး ပါပဲ။ ဘာမှမဆန်းသလို “သား ထမင်းစားပြီးမှပြန်နော်” လို့တောင် ပြောလိုက်သေးတယ်။
သူကတော့ ရင်တွေပူလာတယ်။ သူ့ဆိုင်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့စေတနာက မိသားစုကို အူစိုစေပြီဆိုတာ သဘောပေါက်သွားပြီး သက်ပြင်းလည်း ရှိုက်မိတယ်။
နေပါဦး အဖေရော။ အဖေဘာလို့ မလာတာလဲ။ အမေနဲ့ကွဲကြပြီဆိုပေမယ့် ဒါက အဖေ့သမီးလေ။ နောက်အိမ်ထောင်နဲ့ ကလေးဘယ်နှစ်ယောက် ထပ်မွေးမွေး ဒါလည်း အဖေ့သမီးပဲမဟုတ်လား။ ဟိုအရင်တစ်ခါ ညီအလတ်ကောင် မေးခိုင်ပိုးဝင်ပြီး ဆုံးတုန်းက အဖေသူ့ခေါင်းကိုသူ ထုထုပြီး ငိုတာ သတိရမိသေးတယ်။ မိသားစုကနေ ထွက်သွားကြတာ ညီအလတ်ပြီးရင် အဖေ၊ ခု ညီမအငယ်ဆုံးက တတိယမြောက်ပေါ့။
သူအဖေ့ကို ထွက်ရှာမလို့ လုပ်နေတုန်း လမ်းထဲဝင်လာတာ မြင်ရမှပဲ စိတ်အေးသွားတော့တယ်။ အဖေလည်း တော်တော်စိတ်ထိခိုက်နေပုံရတယ်။ ညက သူပြန်သွားပြီးမှ အဖေရောက်လာတာတဲ့။ “အဖေ့မိုက်ပြစ်တွေပါကွာ” လို့ပြောပြီး မျက်ရည်ကျတယ်။
ဒီသမီးအငယ်ဆုံးက အဖေ့အသည်းကျော်လေ အရင်က မယားငယ်အိမ်သွားရင်တောင် ခေါ်ခေါ်သွားတတ်တာ။ နောက်ပိုင်း ဟိုမိန်းမက ကလေးတစ်ယောက်မွေးလိုက်မှ ညီမလေးကို ခေါ်အလာမခံတော့ဘူးတဲ့။ အဲဒီနောက် အမေပါ နောက်ယောက်ျားယူလိုက်တော့ သားအဖနှစ်ယောက် ပိုဝေးသွားကြတာပဲ။ အဲဒီဒဏ်တွေလည်း ကလေးမှာ တော်တော်ခံလိုက်ရရှာတယ်။ အဖေကိုလွမ်းတဲ့စိတ်ပေါ့။ အဲဒီကတည်းက အမြဲတရှောင်ရှောင် ဖြစ်တော့တာ။ ခုတော့လည်း ဝဋ်ကျွတ်သွားတာပေါ့လေ။
သူလည်း တွေးရင်း လည်ချောင်းထဲမှာ တစ်ဆို့ဆို့ကြီး ဖြစ်လာတာမို့ အာရုံလွှဲပြီး ဟိုဟိုဒီဒီလိုက်ကြည့်နေတာ နာရေးအသင်းက ကားကြီးနဲ့အတူ ပထွေးကိုတွေ့လိုက်ရတာနဲ့ ပိုပြီး စိတ်ရှုပ်ထွေးသွားရတယ်။
စုတ်တိစုတ်ချာတဲအိမ်ရှေ့မှာ ကားကြီးထိုးရပ်လိုက်တော့ …
“အင်း ဘယ်လောက်ပဲ ဆင်းရဲခဲ့ပေမယ့် ငါ့ညီမလည်း နောက်ဆုံးတော့ သိန်းရာကျော်တန်ကားကြီး စီးလိုက်ရဖူးတာပါလား” လို့ တွေးမိပြီး ဘာဖြစ်မှန်းမသိ မျက်ရည်လည်ချင်သလိုလို ဖြစ်သွားတယ်။
“ကိုကြီးစိုး.. ကားကြီးက အပျံစားပဲနော်။ လမ်းထိပ်အပေါင်ဆိုင်က ကားနဲ့ ဘာမှမဆိုင်ဘူး။ ဘာလို့ အသုဘယာဉ်လုပ်တာလဲ မသိဘူး။ နှမြောစရာဗျာ။”
“မင်းကလည်း သူဌေးတွေက လှူထားတာနေမှာပေါ့ကွာ။ အရင်က တို့မြို့မှာ နိဗ္ဗာန်ယာဉ်ဆိုတာ လူဆွဲရတဲ့ ရထားလေးတွေ”
“ဟာ… ဒါဆို ညီမလေး ကံကောင်းတာပေါ့။ ဒါပေမယ့်….အင်း…”
ငါးနှစ်အရွယ် ပေတူးတူးကောင်လေးက သူဆက်ပြောမယ့်စကားကို ပြောသင့် မပြောသင့် ခပ်တွေတွေ စဉ်းစားနေပါသေးတယ်။ ပြီးတော့မှ ပြောချင်တာကို စိတ်မထိန်းနိုင်ဘဲ ဇွတ်ပြောချရပုံမျိုးနဲ့…
“သားတို့က ပိုကံကောင်းသလိုပဲ ညီမလေး သေသွားတော့ အဖေကလည်း အိမ်ကိုပြန်လာတယ်။ ညက သားတို့ကို ခေါက်ဆွဲကြော် တစ်ထုပ်တောင် အဖေက ဝယ်ကျွေးသေးတယ်။ ခုလည်း အမေက အမဲနှပ်ချက်ထားတယ်တဲ့။ မနက်စောစောကလည်း အဖေက ငွေနှစ်ရာထုတ်ပေးလို့ မုန့်ပျားသလက်နှစ်ခု ဝယ်စားပစ်လိုက်တယ်။ ကျန်တဲ့တစ်ရာကိုတော့ ညီမလေး စားချင်လှချည်ရဲ့ အမြဲပြောတဲ့ ချောကလက်တောင့်တစ်ခု ဝယ်ပြီး ညီမလေးလက်ထဲ ထည့်ထားပေးလိုက်တယ်လေ။ အဲသလိုသာ အဖေက လိမ္မာသွားပြီး မိသားစုအတူပြန်နေရရင် ဘယ်လောက်ကောင်းမလဲနော်”
သူကတော့ ပြန်ပြောစရာ စကားလည်း ရုတ်တရက် ရှာမရသလို အသံလည်း မထွက်နိုင်ဘဲ တစ်ဆို့ဆို့ လည်ချောင်းကို တံတွေးချည်း ဖိမျိုချနေရတော့တယ်။
ညီမလေးအလောင်းကို လှမ်းကြည့်လိုက်တော့ နာရေးအသင်းက လူကြီးတွေထည့်ပေးထားတဲ့ ခေါင်းတလားထဲမှာ တောင့်တောင့်ကလေး လဲလျောင်းလို့။ ကားပေါ်ရောက်နေပြီ။ လက်ကြားထဲက ချောကလက်တောင့်လေးက မထင်မရှား ခပ်ထောင်ထောင်လေး ထွက်လို့။ ညီအငယ်ကောင်ကို ပြန်လှည့်ကြည့်တော့ မနေ့ညနေတုန်းကလို တွေဝေငေးမောမနေတော့ဘဲ မျက်လုံးထဲမှာ အရောင်တွေစိုလက်လို့။
ညီမလေးသေပြီလို့ ကြားစက မငိုချင်ခဲ့တဲ့ သူ့ရင်ထဲမှာ ရုတ်တရက် လှိုက်လှိုက်တက်ပြီး ဆို့နင့်လာလိုက်တာဆိုတာ မြင်ကွင်းထဲမှာ လမ်းတစ်ခုလုံး ဝေဝါးလာကာမှ..
“ညီလေး မင်းကျောင်းတက်ချင်လား။ အစ်ကို ညဘက်အချိန်ပိုလုပ်ပြီး ရတဲ့ပိုက်ဆံနဲ့ မင်းကို ကျောင်းထားပေးမယ်”
အငယ်ကောင်က အံ့သြတဲ့မျက်နှာနဲ့ သူ့ကို မော့ကြည့်ပြီး ခေါင်းကို ခပ်တွေတွေခါလိုက်တယ်။
“ကျွန်တော့်ကို အစ်ကို့ဆိုင်မှာ စားပွဲထိုးလုပ်ဖို့သာ ပြောပေးစမ်းပါဗျာ..”
ပြောစရာစကား မရှိတော့ဘဲ သူ့မှာသာ မျက်ရည်တွေက လိမ့်ခနဲ စီးကျလာတော့တယ်။
အဲဒါ ဘာကြောင့်ကျရတဲ့ မျက်ရည်တဲ့လဲ။
သူလည်း မစဉ်းစားတတ်တော့ဘူး။


ဝေ(စီးပွားရေးတက္ကသိုလ်)

နံရံမှာချိတ်ထားတဲ့ ကင်မရာ


ရှပ်တာ အဖွင့်အပိတ်

နိမိတ် ၀န်းကျင်

ပုံရိပ်အလျင်များ

တိုးဝင်လာ

အမြင်အာရုံမှာ။


အလင်းကို လက်မခံ

အမှောင်ဓာတ်ခံက

မှန်ပဲ ပြန်ပြန်ကြည့်

စိတ်ကွန်ရက် ဥာဏ်အသိ

ဆော့(ဖ်)၀ဲတစ်ခုပဲရှိ...

ဗိုင်းရပ်(စ်)ထိထား။


“အမြင်“ နဲ့ “အသိ“

တူယှဉ်ရှိပေမယ့်

ချိတ်မိဖို့ စံမကိုက်

အမြင်အသိကြားထဲ

ပေါက်ကွဲခတ်ရိုက်

ဗိုင်းရပ်(စ်)တွေ ထပ်ပွား

ပုံရိပ်ထွက်ေ၀၀ါး

အပြင်းဖျားနေတဲ့ ကင်မရာတစ်လုံး

အသုံးမတည့်တာကြာ။ ။


သစ်ခက်အိမ် ( January, 2010. မဟေသီမဂ္ဂဇင်း) 
( မော(၀်)နေခြည်စာပေ၀ိုင်း အကြိုက်ဆုံးကဗျာဆုရ ကဗျာ)

ဆုပေးပွဲ

ဆုပေးပွဲ
ဝီရ ရသနဲ့ အဟာရပြည့်လက်ခုပ်သံတွေကြား
မြားတွေ..မြားတွေဆိုတာ သဲကနဲ..မဲကနဲ။

အဲဒီမြားအစင်းစင်းတိုင်းရဲ့
အဇျွတအတွင်းပိုင်းမှာက..
မနုသ သမိုင်းစဉ်ဆက် ထိန်းကျောင်း
အပေါင်းလကဏာပုံဆောင် ကျောရိုးယဉ်ကျေးမှု...မြားတံ
စကန့်တံနောက်မှာ ကျန်ခဲ့ပေမယ့်
အလံမလှဲ အံခဲအကျိုးပြု ပဲ့ထိန်းနည်းပညာဟောင်း..မြားတောင်
ပစုပါန်ဥခွံစည်းဘောင်ကို အသာလှပ်
အနာဂါတ်မျှော် ထောင်မြင်ရာစွန့် စွန့်ဦးတီထွင်မှု...မြားဦး
ဒီလိုအဓိပါယ်တွေနဲ့ အထူးပြုခဲ့ကြတယ်။
လောဘ...ဒေါသ...မောဟ ဒီနာမနဲ့လေးကိုင်းမှ
အတကြိုးအားနဲ့ ညှို့လိုက်တဲ့မြားတိုင်း
အားလုံး..ကမာကြီးရဲ့ စက်ဝိုင်းတည့်တည့်ကိုမှန်ပါတယ်
ပထမဆု...မုန်တိုင်း
ဒုတိယဆု...ရေလှိုင်း
တတိယဆု...အပူလှိုင်း အအေးလှိုင်း
အခြားနှစ်သိမ့်ဆုတွေ အပြိုင်းအရိုင်းနဲ့
လူတိုင်းလူတိုင်းကို ဂုဏ်ပြုချင်သမို့
ဆုယူဖို့ စင်ပေါ်ကြွပါတဲ့။

ကမာကြီးကပေးတဲ့ ဆုပေးပွဲ
ဘယ်သူလက်ခုပ်တီးနိုင်ဦးမလဲ ဆိုတဲ့အဖြေဟာ
မကြာတော့ပါဘူး...မကြာတော့ပါဘူး။

သစ်ခက်အိမ် ( August,2010...မဟေသီမဂ္ဂဇင်း)