နံနက်ခင်း၏ ခြေလှမ်းများ ( ရသစာတမ်း )

  



     မနက်ခင်းစောစော အရသာနှင့် ဝေးခဲ့သည်မှာ အတော်ပင်ကြာခဲ့လေပြီ။
    ကြာပြီဆိုသည်ထက် မနက်ခင်းစောစောအရသာများ ကျွန်မဘ၀တွင် နည်းခဲ့သည်ဆိုပါက ပိုမှန်ပေလိမ့်မည်။
    ကျွန်မက အိပ်ရာစောစောထလေ့ မရှိပါ။ ညဥ့်နက်နက်အထိ စာရေးစာဖတ်လုပ်တတ်သူမို့ ငယ်စဉ်ကတည်းက မနက်ခင်းစောစော အရသာကို ကြုံရခဲ၏။ အရုဏ်ဦးအချိန်သည် ကျွန်မဘ၀အတွက် ရှာမှရှားသောမြင်ကွင်း...။
လက်ချိုးရေလို့ပင်ရဦးမည့် အကြိမ်အရေအတွက်သာ မြင်ခဲ့ရဖူးမည်ထင်ပါသည်။
    သည်မနက်တော့ ခပ်စောစောလေး အိပ်ရာမှနိုးလာမိတော့ ဆောင်းမနက်ခင်းအရသာကို သိသိသာသာ ခံစားလိုက်ရသည်။
အချိန်က သိတ်မစောလှတော့ပါ။ သို့ပေမဲ့ အလင်းက မပီပြင်သေး။
    ဆောင်းရောက်ပြီဆိုလျှင် မနက်စောစော လမ်းလျှောက်ချင်လာသည်မှာ ဘယ်ကတည်းက အစပျိုးလာသည့် စိတ်အာသီသမှန်းမသိပါ။
လူက အေးအေးလေးနှင့် ဆက်ကွေးချင်သေးသော်လည်း လန်းလန်းဆန်းဆန်းနှင့် လှမ်းရမည့် ခြေအစုံက သွေးကြွနေလေပြီ။
    ခင်ပွန်းသည်ကို အဖော်စပ်တော့ ချက်ချင်းပင် တက်တက်ကြွကြွ ထလာကာ မျက်နှာသစ်၊ ၀တ်စုံလဲလေ၏။
    နှစ်ဦးသား လမ်းလျှောက်ဖိနပ်ကိုယ်စီနှင့် လမ်းမပေါ်ရောက်ချိန်မှာတော့ နှင်းမြူဝိုးတ၀ါးကြောင့် နေထွက်မလာနိုင်သေးသော်လည်း မိုးကဖြင့် လင်းလုနေပြီ။ သို့ပေမဲ့ လမ်းပေါ်မှာ လူသူမရှိလှသေး။
    မနက်ခြောက်နာရီဆိုသည်မှာ အရုဏ်တက်ကို အတော်လေးကျော်လာပြီ ဖြစ်သော်လည်း လုပ်ငန်းခွင်ဝင်ရန်မှာတော့ စောနေသေးသည်။
    အချို့အိမ်များက တံခါးဖွင့်ကာ လူရိပ်လူရောင် တွေ့နေရပြီဖြစ်ပေမဲ့ အများစုက အိပ်ကောင်းနေကြဆဲသာ။
မြို့ကလေးမှာ မနိုးထချင်သေးဘဲ အိပ်ရာထဲ လူးလိမ့်ဆဲသာ ရှိပါသေးသည်။
    မနက်ခင်းလေသည် လတ်ဆတ်ကာ အေးမြကြည်လင်နေ၏။ မီးခိုးနှင့်ညှော်နံ့များ မပီပြင်၊ စွန်းထင်းကာစပဲရှိသေးသည်။
မနက်စောစောဖွင့်သည့် အကြော်ဆိုင်တချို့နှင့် မော်တော်ယာဉ်တစ်စီးတလေသာ တွေ့ရသေးသည်လေ။
    မြစ်ကမ်းနံဘေး လမ်းအတိုင်း လျှောက်လာကြသည်မို့ လေက ပိုရှင်းသန့်လာသလိုပင်။
    သည်မှာ ပန်းခြံ၊ သည်မှာ တံတား၊ သည်မှာ သဲသောင်....။ လမ်းကလေးမှာ အရင်ကလိုပင် မပြောင်းလဲလှပါ။
    လွန်ခဲ့သည့်နှစ်များကလည်း ဆောင်းတွင်းရောက်လျှင် လမ်းလျှောက်ချင်လာသော ကာလအာသီသကြောင့် နှစ်တိုင်းလိုလိုပင် ဆောင်းရောက်တိုင်း လမ်းလျှောက်တတ်ခဲ့၏။ နွေနှင့်မိုးကတော့ လမ်းလျှောက်ချင်စိတ်ကို ပျက်ပြယ်စေသည်မှာ ပူအိုက်သည်ကတစ်မျိုး၊ မိုးတစိစိက တစ်ဖုံ၊ စိတ်အနှောင့်အယှက်ပေးလှသည်ကိုး။
    လမ်းလျှောက်ဖိနပ်၏ ပေါ့ပါးမှုသည် ဒေါက်ဖိနပ်ထက်တော့ အဆများစွာ သွက်လက်တက်ကြွစေသည်လား။
ကျွန်မတစ်ကိုယ်လုံး မြောက်ကြွကာ သွက်လက်ပေါ့ပါးနေ၏။
    “ ဖြေးဖြေးလျှောက်ပါ ဆရာမကြီးရယ်...” ဟူသော ခင်ပွန်းသည်၏ ပြုံးစနနအပြောကို “ နှင်းဆီဆောင်သူလေ...။ သိတယ်မဟုတ်လား။ ဟိုက်ကင်ကျွမ်းတယ်..” ဟု အမှတ်မထင် ခွန်းတုန့်ပြန်မိသွားရလောက်အောင်ပင်။
    ဘုရားရေ..။ ကျွန်မ ငယ်မူပြန်နေသည်ပါလား။
    လမ်းလျှောက်ပြိုင်ပွဲမှန်သမျှ နှစ်စဉ်ပထမရနေကျ ကျွန်မတို့ နှင်းဆီဆောင်၏ ဂုဏ်ရည်က ခုချိန်ထိ ကျွန်မသွေးကို နွေးစေဆဲပဲကိုး။
    ကျွန်မ၏ လက်ချိုးရေတွက်နိုင်သော အရုဏ်ဦးမနက်ခင်းများတွင် နှင်းဆီဆောင်၏ သမိုင်းသည် အထင်ကရပါဝင်ခဲ့ပါသည်။
သည်လို ဆောင်းမနက်ခင်းများကတော့ အထင်ရှားဆုံးပေါ့။
    ဆောင်းရာသီဆိုရင်ဖြင့် အားကစားပြိုင်ပွဲများ၏ အခါသမယပေပဲလေ။ နှင်းဆီဆောင်မို့ အားကစားပြိုင်ပွဲဆိုလျှင် ဟိုက်ကင် (လမ်းလျှောက်ပြိုင်ပွဲ) မှာတော့ နှစ်စဉ်ပထမရသည်သာ။
    သည်လိုဆိုတိုင်း ကျွန်မက ပြိုင်ပွဲဝင် အားကစားသမားတော့ဖြင့် မဟုတ်ခဲ့ပါ။ ကိုယ့်အဆောင်နှင့် မောင်နှမဆောင်တို့အတွက် လက်ခုပ်တီးအားပေးသူသာလျှင် ဖြစ်ခဲ့ပါသည်။
    ကျွန်မတို့ခေတ်က တက်္ကသိုလ်ကျောင်းသူ ကျောင်းသားဘ၀သည် အလွန်ပျော်စရာကောင်းခဲ့သည်မှာ ကြုံဖူးသူတိုင်းရော၊ မကြုံဖူးတော့သည့် ခုခေတ်ကလေးများကပါ မငြင်းနိုင်သည့်အချက်ဖြစ်၏။
    အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများ ရန်ကုန်တွင်စုတက်ရသည့် အသက်မွေးဝမ်းကျောင်း တက်္ကသိုလ်များဆိုလျှင် ပိုလို့ပင် အသက်ဝင်လှသည်ဟု ထင်မိသည်။
    မြန်မာပြည်အရပ်ရပ်မှ လာဆုံကြသည်မို့ ယဉ်ကျေးမှုပေါင်းစုံ၊ ဓလေ့ထုံးစံမျိုးစုံ၊ ဗဟုသုတအဖုံဖုံ၊ စိတ်တွေကလည်း ရောင်စုံပင်..။
တစ်ယောက်နှင့်တစ်ယောက် ရေစက်ဆုံကြမှတော့ ဗဟုသုတဖလှယ်ကြ၊ ယဉ်ကျေးမှုဖလှယ်ကြ၊ ဓလေ့ထုံးစံ စောင့်ထိန်းကြနှင့်..။ နောက်ဆုံးတော့ အားလုံးက ခင်မင်ရင်းနှီးကာ စိတ်ချင်းနီးစပ်ကြရသည်သာ။
    သမိုင်းဝင်းက မိန်းကလေးဆောင်များတွင် နယ်ပေါင်းစုံမှလာသော ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသူများနေကြရပြီး နောက်ဆုံးနှစ်ရောက်လျှင်တော့ ပင်မတက်္ကသိုလ်(မိန်း)ထဲမှ အဆောင်များသို့ ပြောင်းရွှေ့ရ၏။
    ကျွန်မတို့ စီးပွားရေးတက်္ကသိုလ် ကျောင်းသူများအတွက် သမိုင်းဝင်းမှာက နှင်းဆီ၊ ကံ့ကော်၊ ဂန်္ဓမာနှင့် သရဖီ ဆိုပြီး အဆောင်လေးဆောင်ရှိကာ ကျွန်မက နှင်းဆီဆောင်သူဖြစ်ခဲ့သည်ပေါ့။
    အဆောင်များက ကျောင်းပိတ်ရက်မနက်တိုင်း အစောကြီးထကာ လမ်းလျှောက်လေ့ကျင့်ရာတွင် ပြိုင်ပွဲဝင်များသာမက အဖွဲ့ဝင်အဆောင်သူတွေလည်း လေ့ကျင့်ခန်းယူရင်း လိုက်လျှောက်လေ့ရှိသည်။
    တစ်ခါတရံ အီကိုဆောင်ပေါင်းစုံ အဖွဲ့ဝင်တွေစုပြီး ကမ်္ဘာအေးဘုရား၊ ရွှေတိဂုံဘုရားနှင့် နာဂလှိုဏ်ဂူလိုမျိုး မြို့ထဲ အနီးအနားကို မနက်စောစော လမ်းလျှောက်ထွက်ကြသလို၊ တစ်ခါတလေတော့ သာဓုကန်လိုမျိုး၊ တွံတေးဗောင်းတော်ချုပ်ဘုရားလိုမျိုး၊ ခပ်လှမ်းလှမ်းကိုလည်း ကားတစ်တန်၊ သင်္ဘောတစ်တန်၊ ခြေလျင်တစ်တန်ဖြင့် လမ်းလျှောက်ကျင့်ရင်း ပစ်ကနစ်သဘောမျိုး သွားဖြစ်ကြ၏။
       သို့မို့ကြောင့် ကျွန်မက လမ်းလျှောက်ရမည်ဆို ဘယ်တော့မှ မငြီးငြူတတ်ဘဲ အမြဲတက်ကြွနေတတ်သလို ခြေလှမ်းတွေကလည်း အင်မတန်သွက်လှသည်လေ။
     သည်လို ခြေလှမ်းညီညီ ခပ်သွက်သွက် လှမ်းနေကြရင်း လမ်းဘေးမြေကွက်လပ်တစ်ခု အရောက်မှာတော့ နှစ်ဦးသား တိုင်ပင်စရာမလိုဘဲ အရှိန်အသာလျှော့ကာ ခေတ်္တရပ်နားလိုက်ကြ၏။
     သည်နေရာမှာ ယခင့်ယခင်နှစ်တွေက လမ်းလျှောက်တိုင်းလည်း အမောဖြေရပ်နားကာ သူက ခြေမြှောက်လက်မြှောက်ဖြင့် လေ့ကျင့်ခန်းလုပ်နေကျ။
     ကျွန်မကတော့ လူမြင်ကွင်းမှာ လေ့ကျင့်ခန်းမယူလိုသူမို့ သူ့ကို ရပ်စောင့်ရင်း နှင်းမြူရစ်သိုင်းနေသော မြစ်ပြင်ရှုခင်းမှာ ငေးမောငြိမ့်သက်နေကျ။
     ခုမှ ဆောင်းရာသီပီပြင်ကာစ ဒီဇင်ဘာလဆန်းဆိုသော်လည်း နွေရောက်ဖို့ အချိန်အတော်လိုသေးသည့်တိုင် သဲသောင်ခုံတွေက မြစ်ဧရာလက်ပြင်ကြောမှာ ဖွေးဖွေးထင်ထင်နေရာယူနေပြီ။ 
     တစ်နှစ်ထက်တစ်နှစ် ပိုမို ပြန့်ပြောကျယ်လွင့်လာသော သည်သောင်ခုံတွေက ဧရာဝတီ၏ ယိုယွင်းလာသော ကျန်းမာရေးအတိမ်အနက်ကို လှစ်ဟပြနေသည့် ပြယုဂ်တစ်ခုအလား။
     မြစ်ကြမ်းပြင်မြင့်တက်လာခြင်းက မြစ်ကြောင်းတစ်လျှောက် ရာသီအလိုက် မှီခိုတွဲဆက်နေသော ဂေဟစနစ်ကို ခြိမ်းခြောက်နေလေပြီ။
     သောင်ဖြူလွလွသည် အမှတ်တမဲ့ကြည့်လျှင် လွမ်းမောဖွယ် သာတောင့်သာယာ ထင်ရသော်လည်း သေချာကြည့်လျှင်တော့ မြစ်ဧရာ၏ရင်ဘတ်တွင်းက ဒဏ်ရာဒဏ်ချက်များ အသားမာတက်၊ အနာရွတ်နက်လာသည်ကို ရင်ဖွင့်ပြနေသလိုပင်။
     မြစ်ရှုခင်းကို ငေးမိတော့ သည်ပုံရိပ်နှင့်မတူ ကွဲပြားသော မြစ်ရှုခင်းတစ်ခုက အတွေးအာရုံထဲမှာ လွမ်းမောတမ်းတလှစွာ တရေးရေးထင်ရှားလာရ၏။
     ကလေးဘ၀က မိဘများတာဝန်ကျရာ လိုက်ပါရင်း ရောက်ဖူးခဲ့သည့် ကချင်ပြည်နယ်မှ မြို့ကလေးနံဘေးမှာ ကြည်လဲ့အေးချမ်းစွာ စီးဆင်းနေခဲ့သော မြစ်ဧရာ၏အစ မေလိခ။
     သည်လို ဒီဇင်ဘာဆောင်းဆိုလျှင်တော့ မြူများထူပိတ်ကာ ရေခဲရည်အတိုင်း အေးခဲကျင်တက်စေသော၊ ကျောက်တုံး ကျောက်ဆောင်ကြားမှ ငါး၊ပုစွန်တွေကိုပါ အတိုင်းသားမြင်နေရသည့် ဖန်သားပမာ ရေ၏ ကြည်လင်မှု..။
လောဘနည်းလှသော ဒေသခံတိုင်းရင်းသားများ၏ ရိုးသားဖြူစင်သည့်မေတ်္တာ...။ ဖျက်လိုဖျက်ဆီးနည်းသော သဘာဝပတ်ဝန်းကျင်၏ သန့်ရှင်းလတ်ဆတ်သည့်လေ...။ သည်လို အဖိုးတန်လှသည့် သဘာဝ၏လက်ဆောင်များက နှစ်လိုဖွယ်ရာအတိ ဖြစ်ခဲ့၏။
     အဲသည်အချိန်က လျှပ်စစ်မီးမရသေးသော်လည်း ပိုးစုန်းကြူးလေးတွေမြူးလှသည့် လရောင်၊ကြယ်ရောင်အောက်တွင်ပဲ မြို့ကလေးက ချစ်စရာကောင်းနေခဲ့သည်။
     ရေပေးဝေရေးစနစ်မရှိသေး၍ မြစ်ရေကိုသာ ချောက်ကမ်းပါးက တက်လိုက်ဆင်းလိုက် ပင်ပန်းစွာ သယ်ခပ်သောက်သုံးခဲ့ရသော်လည်း မြစ်ရေသည် သန့်စင်ချိုမြိန်နေခဲ့သည်။
     နွေနှင့်ဆောင်းမှာ ထွန်းတတ်သည့် သောင်ခပ်ပါးပါးလေးသည်ပင် မြေသြဇာအဆီအနှစ်ပြည့်သည်မို့ စိုက်ပျိုးကြဖို့ အဖိုးတန်ခဲ့ဖူး၏။
သောင်ခုံစိုက်ခင်းနားမှာ ကျင်းပခဲ့သည့် ကောက်သစ်စားပွဲတစ်ခုကိုပင် ဝေးလှသောအတိတ်ဆိုသော်လည်း မမေ့မလျော့ သတိရနေဆဲ။
     မြို့ကလေးတစ်ဖက်ကမ်းမှ သောင်ခုံဆီ လှေတွေနှင့်ကူးကာ ကချင်ရိုးရာ ခေါင်ရည်နှင့် ဂျိန်းဖောအကတို့ဖြင့် မြူးထူးတက်ကြွ ပျော်ခဲ့ရ၏။ ကချင်ထမင်း၊ဟင်းက ဖက်ထုပ်လေးတွေနှင့်မို့ ဖက်စိမ်းနံ့မွှေးမွှေးက စားချင့်ဖွယ်ရာ။
     တော်ရုံအလှူ၊မင်္ဂလာဆောင်မှာပင် ပန်းကန်ခွက်ယောက်မသုံးကြသဖြင့် ကျွန်မတို့လို မြေပြန့်သူတွေအတွက် ကျောက်စိမ်းပန်းကန်အဖြစ် တင်စားချင်စရာ အမြင်ဆန်းကာ တစ်မျိုးဆွဲဆောင်လှ၏။
     ခုတော့ နှစ်တွေကြာညောင်းလာခဲ့သလို၊ ခေတ်တွေစနစ်တွေလည်း အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါပြီ။
    မေလိခသည် အရင်လို ငြိမ့်ညောင်းကြည်လင် အေးမြသေးရဲ့လား။ တောင်ပေါ်လေကရော အရင်လို လတ်ဆတ်ရှင်းသန့် ဖြူစင်ပါသေးသလား။ ဒေသခံတိုင်းရင်းသားတို့ရဲ့ မေတ်္တာတရားကရော စိတ်နှလုံးငြိမ်းသက်စေလောက်အောင် လောဘ၊ ဒေါသတွေကို သိမ်းပေးနိုင်ပါ့မလား။
     ကျွန်မကိုယ်တိုင်လည်း မေလိခကိုနှုတ်ဆက်ကာ ဧရာဝတီမြစ်ကမ်းနံဘေးမှ မြေလတ်မြို့လေးသို့ ပြောင်းရွှေ့နေထိုင်ဖြစ်တာ ကြာခဲ့ပြီ။ အရင်လို ရိုးသားအေးချမ်းသည့် တောင်ပေါ်မှာလောက် ပတ်ဝန်းကျင်က မကြည်လင်တော့။ ကိုယ်တိုင်ကလည်း ကလေးဘ၀တုန်းကလို စိတ်အခံက အဖြူသက်သက်မှ မဟုတ်တော့ဘဲလေ။
     ကျွန်မမျက်စေ့ရှေ့မှ ဧရာဝတီသောင်ခုံကလည်း မြေဆီမြေနှစ်ရှိပုံ မပေါ်။ နုံးနှစ်တွေညိုညစ်ညစ်နှင့် ရေအစပ်မှာ အမြှုပ်တစီစီ၊ ညစ်ပတ်လို့သာနေခဲ့သည်။ ကမ်းနားလမ်းတစ်နေရာမှာ မြင်တွေ့ခဲ့ရသော အမှိုက်ပုံများကလည်း မြို့အလှကို အင်မတန်မှ ဖျက်လှသည်။
     မြစ်ရေက နည်းရသည့်ကြားထဲ မြစ်အထက်မှ သကြားစက်ရုံ၊ ဘိလပ်မြေစက်ရုံတို့နှင့်...။ သူတို့၏ စွန့်ပစ်ပစ်္စည်းတွေသည်
မြစ်ရေထဲတွင် ပျော်ဝင်ညစ်ထေးကာ မြို့နေလူထုကို ခြောက်လှန့်နေခဲ့ပြီ။
     သောက်ရေအဖြစ်သုံးဖို့ နေနေသာသာ၊ ချိုးရေအဖြစ်ပင် မတတ်သာ၍သုံးရသော်လည်း စိတ်က သိတ်မသတီချင်။
     သဘာဝပတ်ဝန်းကျင်သည် တစ်နေ့တခြား လောဘ၊ဒေါသ၊ကိလေသာတွေ ထူပြောလာသော သတ်္တလောကကြီးအတွက်
သူ၏ လက်ဆောင်မွန်များကို တဖြေးဖြေးရုတ်သိမ်းနေပြီလားဟုပင် စိုးစိတ်ဝင်ချင်စရာ။
     မြစ်ပြင်ကိုငေးကာ အတွေးလွန်နေသောကျွန်မကို လေ့ကျင့်ခန်းယူပြီးသူက လောဆော်မှသာ ပြန်ကြဖို့ကို သတိဝင်တော့သည်။
     အိမ်အပြန်လမ်းတွင်တော့ လမ်းကြောင်းပြောင်းကာ မြို့တွင်းလမ်းကို ရွေးချယ်လိုက်ပါသည်။
     မြို့ပြရှုခင်းသည် မနက်စောစောမို့ အင်္ဂါမစုံသေးသော်လည်း မြစ်ပြင်ကိုငေးရသလောက်တော့ မျက်စေ့မအေးလှပါ။
မိုးစင်စင်လင်းပြီမို့ လက်ဖက်ရည်ဆိုင်များ လူစည်ကားစပြုကာ ကြော်သံ၊ လှော်သံ၊ အော်ဟစ်မှာကြားသံတွေ စီညံနေပြီ။
     မြို့လေထုထဲတွင် နှင်းမှုန်ခပ်ဝါးဝါးက ပါးသထက် ပိုပါးလျလာသည်သာမက မီးခိုးနှင့်ညှော်နံ့များပါ တဖြေးဖြေးမင်းမူလာနေသည်။   
     စတိုးဆိုင်များ၊ မုန့်ဆိုင်များ၊ အ၀တ်အထည်ဆိုင်ကြီးများက တစ်နေ့တာ ယန်္တရားစဖို့ ဆိုင်တံခါးတွေ တွန်းဖွင့်ခါစ...။
     ကျောင်းတက်ချိန်ရောက်ဖို့ စောနေသေးသော်လည်း ကျောင်းဝတ်စုံနှင့် ကျောင်းသားတချို့က လမ်းပေါ်မှာ...။
ခေတ်ရေစီး၏ တွန်းပို့မှုဖြင့် ကျူရှင်လမ်းကြောင်းထဲ မျောလာပုံရ၏။
     အစာရှာထွက်လာသည့် ကျီးတချို့ကို ဟိုမှသည်မှ တစ်ကောင်တစ်လေ တွေ့မိသော်လည်း မြို့ပြကောက်ကြောင်းထဲမှာ မပီပြင်လှပါ။
    တစ်ဖက်ကမ်း၊ ရွာတွေမှ ဈေးလာရောင်းသောအုပ်စုက ဈေးတောင်းကိုယ်စီနှင့် သွက်လက်သောခြေလှမ်းဖြင့် ကျွန်မတို့ကို ကျော်တက်သွားပြီ။
    မြို့ထဲကို ဆွမ်းခံကြွစပြုသည့် ကိုယ်တော်တချို့ကလည်း နေရောင်နုနုထဲတွင် အိနြေ်္ဒကြီးစွာခြေလှမ်းရင်း ကြည်ညိုဖွယ်ရာ...။
    လမ်းထိပ်မှ ထီဆိုင်ကလေးက လဆန်းရက်မို့ ထီလက်မှတ်တွေကို သွက်သွက်လက်လက်စီချိတ်ရင်း အိပ်မက်အသစ်တွေ ရောင်းချဖို့ တာစူနေပြီ။
    အပြန်လမ်းဆိုသော်လည်း ကျွန်မတို့၏ခြေလှမ်းတစ်စုံက ကျ မသွားပါ။ တစ်နေ့တာလုပ်ငန်းခွင် ၀င်ရဦးမည်မို့ သွက်သွက်မှန်မှန်တော့ လှမ်းနေရသည်။
    ရှေ့မလှမ်းမကမ်းမှ လမ်းကွေ့ထဲတွင် ကျွန်မတို့၏ ဂေဟာလေးက စောင့်ကြိုနေပေပြီ။
   အိပ်မက်နေဆဲ သားနှင်သမီးကို အိပ်ရာမှနှိုးကာ အနာဂတ်ခရီးရှည်အတွက် အားအင်ဖြည့်တင်းဖို့ ပညာရင်နို့ သောက်စို့စေရဦးမည်။
    ထိုခဏ၌...၊ နောက်ကိုလှည့်ကြည့်မိလျှင်တော့ နေခြည်ဖြာစပြုသော နံနက်ခင်းတွင် အတိတ်သည် ခပ်ဝေးဝေးတွင် ကျန်နေခဲ့သည့် ပုံရိပ်များပမာ မပီဝိုးတ၀ါး...၊ လွမ်းမောဖွယ်ရာပါ။
                                                 xxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
မေလ၊ ၂၀၁၃... ကလျာမဂ္ဂဇင်း