တန်ဖိုးပျက် အလဲထပ်ကိန်း




           မြင်နေကျမြင်ကွင်းပေမယ့် ကျွန်မစိတ်တွေက ယိမ်းထိုးနေတော့ အိတ်ထဲက အစိမ်းထုပ်လေးကလည်း လှုပ်ခုန်နေသလိုပဲ။            
           လက်ယပ်ခေါ်နေတာလား။ လက်ခါပြနေတာလား။
လက်လှမ်းလိုက်ရင်တော့ ဆုပ်ကိုင်မိတော့မှာ သေချာတယ်။ လက်ပြန်အရုတ်မှာ ကျွန်မဘဝဟာ ပြောင်းလဲသွားမှာကလည်း အသေအချာပါပဲ။ လက်ထဲပါလာတဲ့တန်ဖိုးဟာ များလေလေ.. ကျွန်မရဲ့တန်ဖိုးဟာ နိမ့်လေလေ။ 
           လက်ထဲ ဘာမှမပါခဲ့ရင်တော့ ကျွန်မတန်ဖိုးဟာ မပြောင်းလဲဘူးပေါ့။ ဒါပေမယ့် လက်မလှမ်းမိအောင် စိတ်ထိန်းနိုင်လိုက်ရင်  ပိုအဖိုးတန်မှာ မဟုတ်လား။ ဒီတော့ အစောကတည်းက စိတ်မယိမ်းယိုင်ဘဲ ရိုးသားမှုခိုင်မာခဲ့ရင် တန်ဖိုးဟာ အမြင့်ဆုံးဖြစ်မယ်ထင်ပါရဲ့။
                           
                  xxxxxxxx
           ဆိုင်ရှေ့ စက်ဘီးရပ်လိုက်တယ်ဆိုရင်ပဲ...' ဟော သင်းသင်းမွှေးရောက်လာတာ အတော်ပဲဟေ့...' လို့ မမစိုးက ခုမှ စိတ်သက်သာရာ ရသွားတဲ့မျက်နှာနဲ့ ကျွန်မကိုကြိုဆိုပါတယ်။
           အမှန်တော့ သူတို့မလုပ်ချင်တဲ့ အလုပ်တစ်ခုကို မလွှဲမရှောင်သာ ဖြစ်နေတုန်း ကျွန်မရောက်လာလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတာပါ။
           အိမ်အကူ ဘယ်တော့မှမမြဲတဲ့ ဆိုင်ရှင်တွေက အရောင်းအဝယ်နဲ့ အမြဲလည်းမအားလပ်တော့ ' ဘယ်သူဘယ်ဝါရေ.. တံမြက်စည်းလှည်းလိုက်ပါဦး။ ပန်းကန်လေး ဆေးပေးပါဦး' ...နဲ့ ဒီလိုပဲ နီးစပ်ရာ တွေ့တဲ့သူကို ခိုင်းတတ်တယ်။
           အခွင့်အရေးဆိုရင်သာ အလုအယက်ဦးချင်တာ။ ဒါမျိုးကျတော့ ဘော်လီဘောလို ကိုယ့်ဆီမကျအောင် ပုတ်ထုတ်နေတတ်တော့ နောက်ဆုံး.. စီနီယာတွေကိုကျော်ပြီး ကျွန်မဆီသာ ရောက်လာတာပါပဲ။
           ' ဆေးရောင်းဖို့ အလုပ်ဝင်တာ။ ပန်းကန်ဆေး၊ ကလေးထိန်းလုပ်ချင်မှတော့ စားသောက်ဆိုင်တို့ အိမ်ဖော်တို့ပဲ လုပ်တော့မှာပေါ့။ အဲဒါကမှ စားစရိတ်ငြိမ်းမို့ တွက်ခြေကိုက်ဦးမယ်....'
          မမစိုးက ဒီလိုမကြားတကြားပြောပြီး ခပ်တင်းတင်းပဲ။ ကျွန်မမှ မဆေးပေးဘဲ ယောင်လည်လည် ရှောင်ဖယ်နေမိရင် ဆိုင်ရှင်ရဲ့မိခင် ရောဂါသည် အမေအိုက တပျစ်တောက်တောက်နဲ့ ထလုပ်ရရှာတာဆိုတော့ ကျွန်မလည်း အသည်းမာမာနဲ့ မနေရက်ဘူးလေ။
           အိမ်မှာဆို ကိုယ့်ပန်းကန်ကိုတောင် တစ်ခါတစ်လေ ကျောင်းချိန်မမီဖြစ်နေရင်၊ ဒါမှမဟုတ် အလုပ်ချိန်နောက်ကျနေရင် အမေက ' ထားခဲ့သမီး။ ထားခဲ့ပြီး မြန်မြန်သွားတော့...' လို့ နားလည်ပေးတတ်တာကို သတိရမိတယ်။
           ပြည့်စုံတဲ့မိသားစု မဟုတ်ပေမယ့် အဖေနဲ့အမေက သားသမီးကို ပညာအမွေတော့ ပြည့်စုံအောင်သင်ပေးမယ်လို့ ရည်ရွယ်ချက်ကြီးခဲ့ရှာတယ်။ ကျွန်မ အထက်တန်းအောင်တော့လည်း အဝေးသင်တက်ရင်း အလုပ်လုပ်တာတောင် မိဘတွေက စိတ်မကောင်းရှာဘူး။
           ကံကောင်းချင်တော့ ဆေးဆိုင်တစ်ခုမှာ အရောင်းစာရေးအလုပ်ရခဲ့တယ်။ တခြားအရောင်းအဝယ်ထက်စာရင် ဆေးဆိုင်ဆိုတာ လုပ်ငန်းအတွေ့အကြုံရလာရင် ဆိုင်မှာ ဝင်ထွက်နေတဲ့ ဆေးကုမ္ပဏ္ဏီတွေမှာ အလုပ်ရနိုင်တယ်လေ။ မမဇာလိုပေါ့။
           မမဇာဆိုတာ ခု ကျွန်မအလုပ်လုပ်နေတဲ့ ဆေးဆိုင်မှာ အရင်ကတော့ အရောင်းစာရေးပါပဲ။ ကျွန်မတို့လို အဝေးသင်တက်ရင်း ဆေးရောင်းလာခဲ့တာ...။ ခုဆို ဘွဲ့လည်းရ။ ဆေးကုမ္ပဏ္ဏီတစ်ခုမှာ အလုပ်လည်းရ။ ပြောင်လို့၊ ရောင်လို့။ ငွေဆိုတာလည်း ရွှင်လို့။
           ဆေးဆိုင်ပိုင်ရှင်ကိုယ်တိုင်က သူကိုယ်စားလှယ်ယူထားတဲ့ ဆေးကုမ္ပဏ္ဏီမှာ ခန့်ပေးလိုက်တာ။ ကုမ္ပဏ္ဏီအလုပ်တွေအားတာနဲ့ ဒီဆိုင်မှာပဲ တစ်နေကုန် ကူရောင်းပေးတာဆိုတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိနေတဲ့ပုံပဲ။ ဆေးဆိုင်မှာလည်း ပါဝါရှိသလား မမေးနဲ့။ ဆိုင်ရှင်ပြီးရင် သူပဲ။ တစ်ခါတစ်ခါ သူ့အအော်အငေါက်က ဆိုင်ရှင်ထက်တောင် ကြမ်းနေသေးလို့ သူ့တောင်ပိုကြောက်ရင် ကြောက်နေရသေးတာ။
           ' ဟဲ့...ပန်းကန်ဆေးဆိုပြီး တွေးနေငေးနေလိုက်တာ၊ တစ်နေကုန်တော့မယ်။ သင်းသင်းဟာလေ။ အဲလို နှေးကွေးလို့ကို ရှေ့မရောက်နိုင်တာ။ ဆိုင်ရှေ့မှာ အော်ဒါတွေကျနေတာ မသိဘူးလား။ ထွက်စမ်း ရှေ့ကို၊  မြန်မြန်...'
           မမဇာရဲ့အော်သံကြောင့် ကျွန်မဘေးမှာ ဟင်းအိုးပြင်နေတဲ့ အဘွားက သက်ပြင်းချတယ်။
' အင်း...လူအိုရင် ခွေးတောင်မှ မခန့်ချင်တော့ဘူးဆိုတာ တကယ်ပဲ...' လို့ ညည်းရှာတယ်။ ဟုတ်လည်းဟုတ်ပါရဲ့။ မမဇာဟာ ဆိုင်ရှင်လင်မယားကိုကျတော့ ဖားလိုက်တာဆိုတာ။ အဘွားများဆို သူ့သားကွယ်တာနဲ့ မထီလေးစားလုပ်ချင်တယ်။
           အဲဒါကြောင့်လည်း ကျွန်မက အဘွားကိုသနားပြီး ဟင်းချက်ကူ၊ ပန်းကန်ဆေး၊ သန့်ရှင်းရေးလုပ်ပေးရင်း တဖြေးဖြေး တစ်ဆိုင်လုံးရဲ့ ခိုင်းဖတ်ကိုဖြစ်ရော။ အားနာတတ်သူကို အားမနာလျှာမကျိုး...' ကော်ဖီလေး ဖျော်ပေးပါဦး..' ၊ ' တလက်စတည်း
ဒီဂျိုင့်လေး ထည့်ဆေးလိုက်ပါဟယ်...' ၊ ' ကြုံရင် သောက်ရေလေးတစ်ခွက် ခပ်ခဲ့စမ်းပါ...' နဲ့။
           မမဇာတို့ မမစိုးတို့က အဆိုးဆုံးပေါ့။ နွယ်နွယ်အေးကတောင် သူငယ်ချင်းအချင်းချင်း၊ အတူတူ အလုပ်ဝင်တာချင်းတောင်မှ စီနီယာတွေနဲ့ အဖွဲ့ကျပြီး ကျွန်မကို ဆရာလုပ်ချင် လုပ်တတ်သေးတာ။
                     xxxxxx
           မမဇာက ဆေးကုမ္ပဏ္ဏီဝန်ထမ်းဆိုတော့ ထောတယ်။ရဲတင်းသွက်လက်တယ်။ကြည့်
လိုက်ရင် အမြဲတောက်ပတက်ကြွနေတာပဲ။
နယ်တွေကို အရောင်းမြှင့်တင်ရေးခရီး တစ်ခေါက်ထွက်ရင် ခရီးစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်တွေ တော်တော်ရတယ်ဆိုပဲ။ ဆေးနမူနာ တွေလည်း အတော်ရတာမို့ ဆေးဆိုင်တွေကို ပြန်ရောင်းစားတာနဲ့တင် ကုမ္ပဏ္ဏီကပေးတဲ့ လစာလောက်ကို အရေးမလုပ်ဘဲ နေနိုင်တယ်တဲ့။
ဆေးဆိုင်မှာ မမဇာရှိတဲ့နေ့ဆို မမဇာရဲ့ ပြောလုံးတွေအောက်မှာ ကျန်တဲ့သူတွေက အားအကျကြီးကျလို့ပေါ့။
           မမစိုးကလည်း နောက်ထပ်ကိုယ်စားလှယ်ယူမယ့် ဆေးကုမ္ပဏ္ဏီမှာ အလုပ်သွင်းပေးဖို့ စောင့်နေတာ။ သူ့ရှေ့ကစီနီယာ ကိုဇော်လင်းနဲ့မမဇာတို့ပြီးရင် သူ့အလှည့်ရောက်ပြီကိုး။
           မမစိုးလည်း ကိုဇော်လင်းလို စက်ဘီလေးနင်းရတဲ့ ဘဝကနေ ဆိုင်ကယ်လေးနဲ့အကြော့သား ဟန်ပေးချင်မှာပေါ့။ မမဇာလို ရွှေကြိုးမျှင်လေးကနေ စိန်လော့ကက်တပ် ဆွဲကြိုးကြီးနဲ့ ခေါင်းမော့ချင်မှာပေါ့။ ဒါပေမယ့် မမစိုးလည်း ဟိုတလောကမှ ရွှေလက်ကောက်လေး ဝယ်ထားတာ ဘာကြာသေးလို့တုန်း။
           ပြောရရင် ကျွန်မတစ်ယောက်တည်း မတိုးတက်ဘဲ ဒုန်ရင်းဖြစ်နေတာပါ။ ကျွန်မနဲ့အတူ အလုပ်ဝင်တဲ့ သူငယ်ချင်းကတောင် အိမ်မှာ တီဗွီနဲ့ဗွီစီဒီစက် ဝယ်နိုင်သွားပြီ။ အဝေးသင်တက်ခါနီးအမှီ စက်ဘီးအသစ်တစ်စီးဝယ်နိုင်ဖို့ ကြိုးစားရမယ်လို့တောင် မနေ့က အလုပ်သိမ်းအပြန်မှာ ညည်းနေသေးတယ်။
           အမှန်က ကျွန်မရောနွယ်နွယ်အေးရော တစ်ရပ်ကွက်တည်းက ဘဝတူ ပိန်မသာလိမ်မသာတွေပါ။ သူ့အဖေက ဈေးရှေ့မှာ လက်သဲညှပ်တို့၊ နားဖာကလော်တို့၊ ပရုပ်လုံးတို့လိုမျိုး စုံစီနဖာ ဗန်းလေးနဲ့ လွယ်ရောင်းလိုက်၊ ချရောင်းလိုက်လုပ်တဲ့ လမ်းလျှောက်ဈေးသည်။
အမေက ရာသီပေါ်သီးနှံလေးတွေ မြို့ထဲလှည့်ရောင်းတဲ့ ဈေးသည်။ မောင်နှမကလည်း များတယ်။
           ကျွန်မအဖေကတော့ ဆိုက်ကားဆရာ၊ အမေက မနက်ဈေးမှာ မုန့်စိမ်းပေါင်းရောင်းတယ်။ မောင်နှမသုံးယောက်မှာ ကျွန်မက အကြီးဆုံး။ အဖေရောအမေရော ကြိုးစားကြပေမယ့် အဖေက ပန်းနာရောဂါသည်ဆိုတော့ တစ်ခါတစ်လေ ရောဂါထလာရင် ဆိုက်ကားနင်း
မထွက်နိုင်ဘူး။ ဒါဆို အမေက ညဈေးမှာ အသုပ်ဆိုင်လေး တစ်ခေါက်ပြေးထွက်ပြီး အဖေ့ဝင်ငွေကို အစားဖြည့်ပေးရရှာတယ်။
           ကျွန်မက ဆယ်တန်းအောင်ပြီး အဝေးသင်တက်ရင်း အလုပ်လုပ်လိုက်တော့ ကိုယ့်ကျောင်းစရိတ်ကိုယ် စုနိုင်တဲ့အပြင် အိမ်ကိုပါ အနည်းအကျဉ်းပေးနိုင်လာတယ်။ ဒါပေမယ့် ကျောင်းစရိတ်ဖယ်ပြီးမှဆိုတော့ ကျွန်မပေးနိုင်တာက မစို့မပို့ပါ။ မောင်လေးနှစ်ယောက်အတွက် စာအုပ်ဖိုးတောင် အထောက်အကူမရသလို ကျွန်မအဝတ်အစား အဆင်အပြင်ကလည်း ထူးပြီး တောက်ပမလာနိုင်ပါဘူး။
           တစ်ခုအံ့သြတာက နွယ်နွယ်အေးကျတော့ အလုပ်ရပြီးကာမှ သူကိုယ်တိုင်လည်း အဝတ်အစားသစ်တွေ မကြာခဏဝယ်နိုင်သလို တစ်နှစ်အတွင်းမှာ သူ့အဖေတောင် စုံစီနဖာအရောင်းသည်လေး မဟုတ်တော့ဘဲ ဈေးထဲမှာ ဆိုင်နဲ့ကနားနဲ့ ကုန်စုံဆိုင်လေးဖွင့်နိုင်နေပြီ။
ဆိုင်က ငှားထားတာဆိုပေမယ့် တစ်နှစ်စာချုပ်နဲ့ လခကြိုပေးရတာဆိုတော့ အရင်းအနှီးက ဘယ်သေးမှာလဲ။
           မေးရမှာအားနာပေမယ့် တခြားရပေါက်တစ်ခုခု မရှိတာကိုလည်း အချင်းချင်းမို့ သိနေတယ်လေ။ ဥပမာ အမွေရစရာတို့၊ ထီပေါက်တာတို့ ရှိမှမရှိတာ။ ပြီးတော့ နွယ်နွယ်အေးကို မသိမသာ အကဲခတ်ကြည့်တော့လည်း သူ့အမူအရာတွေက အကဲမရဘူး။
           ရုတ်တရက် အလုပ်လုပ်နေရာကနေ ကောက်ကာငင်ကာ ဖြတ်ကနဲပျောက်သွားတာတို့၊ ဆေးအော်ဒါထုတ်ဖို့ဆိုပြီး ဂိုဒေါင်ထဲဝင်သွားတာ တော်တော်ကြာနေတာတို့၊ ခေါင်းမူးလို့ အချဉ်ထုပ်ဝယ်စားဦးမယ် ဆိုပြီး လမ်းထိပ်ခဏခဏ ထွက်တာတို့။ ပြီးရင် သူ့အိမ်က အမတို့၊ ညီမတို့၊ မောင်တို့ကလည်း ခဏခဏရောက်လာတတ်သေးတယ်။ ဘာကိစ္စ ညာကိစ္စ အကြောင်းပြချက်ကလည်းစုံတယ်။
           သူငယ်ချင်းမို့ ဖွင့်မမေးရက်ပေမယ့် သူတစ်ခုခု မရိုးသားတာ လုပ်နေတယ်လို့တော့ အလိုလိုသိစိတ်နဲ့ ကျွန်မရိပ်မိနေတယ်။ သူက ကျွန်မကိုသာ လျှို့ဝှက်ချင်တာ။ ခုတစ်လော မမစိုးနဲ့တော့ တော်တော်လုံးထွေးနေတာ သတိထားမိတယ်။
           ဒါပေမယ့် မနက်တိုင်း ကျွန်မကို အိမ်အလုပ်ကူညီဖို့ မီးဖိုချောင်ထဲ တွန်းလွှတ်နေကျမို့ ဆိုင်ရှေ့ကတစ်ဖွဲ့လုံးဟာ ကျွန်မနဲ့ စည်းတစ်ခုခြားနေသလိုမျိုး သူစိမ်းဆန်ဆန်ကြီး။ တစ်ခါတစ်လေ သူတို့အားလုံးစီစီညံညံ ပြောနေတဲ့စကားဟာ ကျွန်မဝင်လာကာမှ တိကနဲ ပြတ်ချင်ပြတ်သွားတတ်သလို၊ ဆက်ပြောနေရင်လည်း သူတို့ဘာသာစကားက ကျွန်မနဲ့စိမ်းနေပြန်ရော။
           ဒီလိုအခါမျိုးမှာ ကျွန်မအားငယ်မိတယ်။ တစ်ယောက်တည်း အဖော်ကွဲသလို ဝမ်းနည်းနေတတ်တယ်။ အောက်ခြေသိမ်း အလုပ်တွေ သူတို့မလုပ်ချင်တာကျတော့ ကျွန်မကို ခိုင်းတတ်ပြီး အဖွဲ့ထဲကဘေးဖယ်ထားသလို ခံစားရတယ်။ မီးဖိုချောင်အလုပ်သာ ကူမလုပ်ချင်တာ။ ဖောက်သည်ဆိုင်တွေက ငွေလာရှင်းတာတို့၊ ကုပ္မဏီနဲ့ ငွေပေးငွေယူတို့ဆိုရင် သူတို့ချည်းပဲ ငွေထုပ်ကိုင်ချင်ကြသေးတာ။ ငွေရေပေးတာတို့၊ ဘောက်ချာဖွင့်ရမှာတို့ကျတော့ ပန်းကန်ဆေးရမှာလို၊ တံမြက်စည်းလှည်းရမှာလို မတွန့်ဆုတ်ကြပါဘူး။
           တစ်ခါကတော့ ဖောက်သည်ဆိုင်တစ်ဆိုင်က ငွေလာချေတဲ့ဆယ်သိန်းကို တစ်ယောက်တစ်အုပ်စီ ဝိုင်းရေပေးကြတာ။ တစ်သိန်း အုပ်တွေ ရေပြီးသွားလို့ အုပ်လိုက်ပြန်ရေတော့ ကိုးအုပ်၊ ကိုးသိန်းပဲရှိတယ်။ တစ်ထောင်အုပ်တစ်အုပ် ပျောက်နေရော။ငွေလာချေတဲ့သူကလည်း သူသေချာယူလာတာ၊ ဆယ်သိန်းတိတိ။ လုံးဝမမှားဘူးတဲ့။ ဆိုင်ရှင်က ' ဟိုဟိုဒီဒီ ကျနေလား။ ရှာကြ..' ဆိုတော့လည်း မတွေ့ဘူး။
           နောက်ဆုံးတော့ ငွေလာချေတဲ့သူက မကျေမချမ်းနဲ့ ကိုးသိန်းပဲ အဝင်လုပ်လိုက်ရတယ်။ ဒါပေမယ့် ဆိုင်ရှင်ကိုတော့.. ' ခင်ဗျားကောင်တွေ သတိထားဗျို့...' လို့ ပြောသွားတယ်လေ။ မမစိုးတို့ဆိုတာ စွေ့စွေ့ကို ခုန်ရော။ သူ့သိက္ခာကို ထိပါးလို့ စိတ်ဆိုးတဲ့ အကြောင်း၊ သူတို့က အခြေနဲ့အနေနဲ့ မိကောင်းဖခင် သားသမီးဖြစ်ကြောင်း၊ ဒီအလုပ်ကို ပညာသင်လာလုပ်နေတာ၊ အထင်သေးတော့ မခံနိုင်ကြောင်း၊ နောက်တစ်ခါစော်ကားရင် သူ့အမျိုးတွေထဲက ဆိုင်ရာပိုင်ရာတွေကို တိုင်မယ်ဆိုတဲ့အကြောင်း၊ ပွစိပွစိနဲ့ ရေရွတ်နေလိုက်တာ.. မဆုံးတော့ဘူး။ ကိုယ်ကျင့်သိက္ခာကလွဲပြီး ကျန်တာဘာမှ ခြေခြေမြစ်မြစ်မရှိလှတဲ့ ကျွန်မမှာတော့ အားတွေငယ်လို့ပေါ့။
           ဒါနဲ့ ရက်တော်တော်ကြာပြီး နောက်တစ်ခါ ဒီလိုပုံစံမျိုးလည်း ထပ်ဖြစ်ရော ဆိုင်ရှင်က မြေလှန်ပြီးတော့ကို ရှာတော့တာပဲ။  စားပွဲအပေါ်အောက်၊ ဆေးဗီရိုကြား၊ ချောင်ကြိုချောင်ကြား၊ စာအုပ်ကြားပါမကျန်။ နောက်ဆုံး ဘယ်မှာမှရှာမတွေ့ရင် လူ့ခန္ဓာကိုယ်တွေကိုပါ စမ်းတော့မယ့်ပုံမျိုး၊ ပိုက်စိပ်တိုက်တော့တာ။
           သဘောကောင်းတဲ့ဆိုင်ရှင်က တော်ရုံဆို ဝင်လိုက်ထွက်လိုက် ဧည့်သည်များတဲ့ နွယ်နွယ်အေးကိုလည်း အပြစ်မပြောဘူး။ လက်လီရောင်းရငွေတွေ စားပွဲပေါ်မှာ ဟိုဒီတင်ထားလည်း အပြစ်မတင်တတ်ဘူး။ တစ်ခါတစ်လေ အကြွေးလာဆပ်တဲ့ ငွေထုပ်ကြီးကို စားပွဲအောက် ထိုးထည့်ထားတတ်တာ သုံးလေးငါးထုပ်။ ဆိုင်ငကလည်း ရောင်းကောင်းတော့ ဖောက်သည်ရော၊ လက်လီရော ၀ယ်သူသိတ်ကျနေရင် ဆိုင်ရှင်တောင် ၀င်ကူရောင်းရတာမျိုးဆိုတော့ ဒီငွေထုပ်တွေက တော်တော်နဲ့မသိမ်းဖြစ်ဘဲ ဆိုင်ပိတ်တဲ့အထိ ဒီအတိုင်း။
           ငွေတစ်အုပ်နှိုက်တာမပြောနဲ့ တစ်ထုပ်လုံးအိတ်လိုက် မ သွားရင်တောင် သူတို့သိပါ့မလားလို့ တွေးမိတော့ ကြက်သီးများတောင် ထမိတဲ့အထိ ကျွန်မ ပြစ်မှားမိမတတ် စိတ်ကဖြစ်သွားသေးတယ်။ လွယ်ရင် သူကြွယ်တောင် သူခိုးဖြစ်သေးတယ်လို့ ဆိုတာကိုး။
           ဒါပေမယ့် အိမ်မှာ အဖေနေမကောင်းဖြစ်တုန်းက ပေါင်ထားတဲ့အိမ်ဂရံလေး ဆုံးခါနီးတဲ့ အကျပ်တည်းဆုံးအချိန်မှာတောင် ကျွန်မရဲ့ကြောက်စိတ်က ငွေထုပ်တွေကို လက်လှမ်းဖို့ အားမပေးခဲ့ပါဘူး။ တစ်ဖွဲ့လုံးရဲ့ဘေးမှာ ရောက်နေရကတည်းက ပိုအားငယ်တတ်လာတာလေ။ မျက်လုံးအစုံတိုင်း ကျွန်မကို ဝိုင်းကြည့်နေတယ်လို့ ခံစားရလို့ အိမ်အလုပ်တွေကူလုပ်ပေးတိုင်း အဘွားကတခြားသူတွေ
မသိအောင်ကျွေးလိုက်တဲ့ မုန့်ကိုတောင် ရဲရဲမြိုမကျနိုင်ပါဘူး။
            ' ဟော.. ဒီမှာတွေ့ပြီဟေ့။ အမှိုက်ပုံးထဲမှာ...'
           အော်သံကြောင့် လှည့်ကြည့်လိုက်တော့ အလုပ်သမားကောင်လေးတစ်ယောက် လက်ထဲမှာ အစိမ်းရောင်ငွေထုပ်တစ်ထုပ်။
အမှိုက်ပုံးထဲက ပြန်ကောက်လာတာတဲ့။ အားလုံးရဲ့အကြည့်တွေက ကျွန်မဆီကို ပြုံကျလာတယ်။
           ' ခုနတုန်းက အမှိုက်ပုံးထဲ သင်းသင်းမွှေး အမှိုက်လာသွန်တယ် မဟုတ်လား...'
           ဟုတ်ပါရဲ့။ အဘွားကို မီးဖိုချောင်မှာ ဟင်းချက်ကူပြီးတော့ နောက်ဖေးကအမှိုက်တွေ အိမ်ရှေ့အမှိုက်ပုံးထဲကို ကျွန်မ လာသွန်ခဲ့ တာပဲ။ အမှိုက်ပုံးထဲတော့ ငုံ့မကြည့်ဖြစ်ပါဘူး။ အဖုံးဖွင့်ပြီး ဝေါကနဲသွန်ချခဲ့တာ။ နောက်တော့ လက်ဆေးပြီး ဆိုင်ထဲတန်းဝင်ခဲ့တာပဲ။

           ကျွန်မ ဘာမှ မဟုတ်တာမလုပ်ခဲ့ပါဘူး။ စိတ်နဲ့တောင်မပြစ်မှားခဲ့ဘူး။ ဒါပေမယ့် မပြေးသော်လည်း ကန်ရာရှိဆိုသလို အမှိုက်ပုံးကို နောက်ဆုံးဖွင့်သူအဖြစ် အားလုံးရဲ့အကြည့်တွေက ကျွန်မပေါ်မှာ အစိမ်းရောင်ပြောင်းနေကြပြီ။
           ကျွန်မ ဘယ်လိုဖြေရှင်းရမလဲ။ မင်္သကာဖွယ်ရာ အုပ်စုကို လက်ညှိုးညွှန်လိုက်ရမလား။ မြင်ခဲ့ဖူးတဲ့ မရိုးသားတဲ့မြင်ကွင်းတချို့ကို ဖွင့်ချလိုက်ရမလား။ ဒါပေမယ့် ကိုယ်ကသူများကို လက်ညှိုးထိုးရင် ကိုယ့်ဖက်လှည့်နေမယ့် လက်တွေက အများကြီးရယ်။
           လူအများအလယ်မှာ အားငယ်ထိတ်လန့်စိတ်နဲ့ ကျွန်မတစ်ကိုယ်လုံး တဖြေးဖြေးကျုံ့ဝင်သွားလိုက်တာ။ ဆိုင်အခန်းလေးရဲ့ ထောင့်မှာ ချောင်ပိတ်မိပြီး ခိုက်ခိုက်တုန်နေတဲ့ လိပ်ပြာငယ်လေးတစ်ကောင်လို သိမ်ငယ်လာတယ်။
           ' နေဦးဟေ့၊ ငါမေးပါရစေဦး...'
           အသံနဲ့အတူ ဆေးဆိုင်ထဲကို ဝင်လာတဲ့အဘွားကို ကျွန်မအားကိုးတကြီး လှမ်းမြင်လိုက်ရတယ်။ ဒီအချိန်မှာ အလင်းတစ်စက် ကလည်း လိပ်ပြာငယ်အတွက် ထွက်ပေါက်ကို လမ်းပြနိုင်တယ်မဟုတ်လား။
                                                  xxxxxx
           အမှန်က ကျွန်မကိုကယ်ခဲ့တာ ကျွန်မရဲ့ကြောက်စိတ်ပါပဲ။ ကြောက်စိတ်ကြောင့်သာ မဟုတ်ရင် အလွယ်တကူမြင်နေရတဲ့ ငွေစက္ကူထုပ်တွေ၊ ပြန့်ကျဲနေတဲ့ ဆေးကပ်တွေက အခြေခံရိုးသားတဲ့ ကျွန်မစိတ်ဓါတ်ကို နည်းနည်းတော့ စိတ်လှုပ်ရှားအောင်
စွဲဆောင်ခဲ့ဖူးတယ်။ ဒါပေမယ့် ' ရိုးသားမှုပဲ တို့မှာချမ်းသာတာ။ သစ္စာတရားသာ တို့ဘဝရဲ့ ဂုဏ်ပုဒ်...' လို့ မိဘတွေအမြဲဆုံးမခဲ့တာကြောင့် ငယ်ငယ်ကတည်းက မရိုးသားတဲ့အလုပ် လုပ်ရမှာ ကြောက်တတ်ခဲ့တယ်။
           သူတကာလို ဝတ်စား သုံးစွဲချင်စိတ်တော့ ရှိတာပေါ့။ ငွေရပေါက်လမ်းတွေလည်း မသိလို့မဟုတ်ဘူး။ သိတယ်။ အဖော်ကောင်းရင်တောင် ငရဲတစ်ခေါက် ရောက်မိဦးမလားပဲ။ ဒါကြောင့် အဘွားကို အိမ်အလုပ်တွေ ကူညီပေးခဲ့ရတာကလည်း ကျွန်မအတွက် ကုသိုလ်လည်းရ၊ ငရဲလမ်းလည်း ပိတ်သလိုဖြစ်ခဲ့တယ်။ ဟိုအဖွဲ့တွေနဲ့ရောနှောပြီး အဖွဲ့တောင့်ရင် စိတ်က နဲ့ချင်နဲ့မိမှာလေ။ တစ်ယောက်တည်း အဖွဲ့ကွဲသလိုဖြစ်နေတော့ ကျန်ခဲ့တာပေါ့။
           ခုတော့ အဘွားကပဲ ' ပိုက်ဆံထုပ်က အမှိုက်တွေအပေါ်ကလား။ အောက်ထဲကတွေ့တာလား...' ဆိုတဲ့အမေးနဲ့ ကျွန်မကို ကယ်တင်ခဲ့တယ်။ နို့မို့ဆို အများနဲ့တစ်ယောက် ကျွန်မ ချောင်ပိတ်မိတော့မလို့။
           သူတို့ လာထည့်ထားတဲ့ငွေထုပ်ကို ကျွန်မက အပေါ်ကနေ အမှိုက်တွေလောင်းထည့်လိုက်မိတာ။ ရှာတဲ့သူက အမှိုက်ပုံး ဖွင့်ကြည့်တော့ တန်းမြင်တာမဟုတ်ဘူး။ တုတ်နဲ့ ဟိုထိုးဒီဆွလုပ်ရင်းကမှ အမှိုက်အောက်ကထွက်လာတာမို့ တော်သေးတာပေါ့။
           ခုတော့ မမစိုးနဲ့ နွယ်နွယ်အေးတို့အုပ်စုကို ဆိုင်ရှင်ကပြန်စစ်တာ။ ရှေ့ကအမှုတွေပါပေါ်ပြီး တစ်ယောက်ကို သိန်း ဆယ်နဲ့ချီပြီး ပြန်လျော်ရတယ်။ မမစိုးကတော့ သူ့မိဘတွေက အိနြေ္ဒမပျက် လာလျော်ပေးသွားတယ်။ နွယ်နွယ်အေးခမျာတော့ လျော်စရာငွေမရှိလို့ ရပ်ကွက်လူကြီးဆီတောင် ရောက်လိုက်ရသေးတယ်လေ။
           တကယ်တမ်းတော့ လွယ်လွယ်ရထားတဲ့ ငွေတွေဟာ လွယ်လွယ်ကုန်သွားပြီမို့ လက်ထဲမှာ ဘာမှ ဆုပ်ဆုပ်ကိုင်ကိုင် မရှိတော့ဘူးပေါ့။ နောက်ဆုံး အိမ်ရောင်းပြီး ဆပ်လိုက်ရတော့တယ်။ ဇာတ်သိမ်းတွေ မကောင်းကြပါဘူး။ မမဇာလည်း ကုမ္ပဏ္ဏီကငွေတွေ အလွဲသုံးစားလုပ်မှုနဲ့ အလုပ်ပြုတ်သွားတယ်။
           ကျွန်မကတော့ ဆိုင်မှာလုပ်သက်အရင့်ဆုံး အားအထားရဆုံး စီနီယာအဖြစ်နဲ့ ကျန်ခဲ့တာပေါ့။ နောက်ထပ်အသစ်ရောက်လာတဲ့ အရောင်းစာရေးလေးတွေကို သင်ပြပေး၊ကူညီပေးရင်း၊ ဒီတစ်ခါဆိုင်ရှင်က အသစ်ထပ်ကိုယ်စားလှယ်ယူမယ့် ဆေးကုမ္ပဏ္ဏီမှာ သွင်းပေးမယ်တဲ့။
           ဝင်ငွေတိုးပြီး ရာထူးတက်လာပေမယ့် ကျွန်မကတော့ အရင်လိုပဲ စက်ဘီးစုတ်လေးစီးနေရတုန်း။ ရွှေတွဲလဲ ငွေတွဲလဲမဖြစ်နိုင်ဘဲ အရောင်မှေးမှိန်နေတုန်း။ အဖေကဆိုက်ကားနင်းပြီး အမေကလည်းမုန့်ရောင်းနေရတုန်း။ အဘွားရဲ့အိမ်အလုပ်တွေလည်း ကူလုပ်ပေးနေတုန်း။
           ကျွန်မစိတ်ထင် ကိုယ့်အစွမ်းအစနဲ့ ထိုက်တန်သလောက်သာ တင်းတိမ်ရောင့်ရဲနိုင်တာ အကောင်းဆုံးပါ။
ဒီ့ထက်ပိုပြီး အလိုရမ္မက်ကြီးလာရင်တော့ ဖြူစင်တဲ့လိပ်ပြာလေးကို တစ်ခုခုနဲ့ အလဲထပ်ရလိမ့်မလားလို့...။
                                                  xxxxxx


ဝေ (စီးပွားရေးတက္ကသိုလ်)
December, 2010...Faces Magazine

တိမ်ခြေရာမထင်သော ကောင်းကင်



ညှိုးငယ်နွမ်းလျနေတဲ့ နှလုံးသားထဲက ဦးတည်ရာပျောက် အလွမ်းတွေဟာ...မြိုသိပ်ချုပ်တည်း ရလွန်းလို့ မွန်းကြပ်လှပါပြီကွယ်။
တမ်းတမှုမပါတဲ့ အလွမ်းဆိုတာ မရှိစကောင်းဘူးလို့ လွမ်းဖူးသူတိုင်း တွေးမိကြမှာပါ။ ချစ်တတ်သူတိုင်း လွမ်းဖူးကြမယ်။
လွမ်းဖူးသူတိုင်း တမ်းတတတ်ကြမယ်။
ဒါပေမယ့်....သိတ်ချစ်တတ်ခဲ့တဲ့ သက်နှလုံးသားထဲက အလွမ်းဟာ....ဘယ်လောက်ပဲရင့်ရင့်...၊ တမ်းတမှုမပါတဲ့ အလွမ်း...။
အမှန်တကယ်က....မတမ်းတရဲတဲ့.....၊ မတမ်းတသင့်တဲ့.....အလွမ်းပါပဲကွယ်။
xxxxxxxxxxx
လူက ဆွမ်းလောင်းချိန်မီအောင် ခပ်သွက်သွက်ကလေး ကြော်လှော်ချက်ပြုတ်နေရပေမယ့် စိတ်အလျဉ်က အဖြေတစ်ခုကို ပြေးလွှားရှာဖွေရလွန်းလို့ နွမ်းလျခွေယိုင်နေတယ်။ မျက်ရည်တစိမ့်စိမ့် ထွက်လာနေတဲ့ မျက်ဝန်းတမံကို ဆည်မကျိုးအာင် နှလုံးသားမြေကတုတ်နဲ့ တင်းခံထားရတော့ အက်ကွဲကြောင်း ဗလပွနဲ့ ရင်တစ်ခုလုံး နာကျဉ်မောပန်းနေရပြီလေ.......။
ဒီနေ့.....။ စွန့်ခွာကျောခိုင်း သွားပြီးသူက တစ်ကျော့ပြန် စောင်းငဲ့ကြည့်ဦးမတဲ့.....။ ဘာသဘောလဲကွယ်။
' ကိုလေးရယ်...' လို့ တမ်းတညည်းခွင့်လေးတောင်မှ မပေးထားခဲ့ဘဲ ဘာကြောင့်များ ပြန်ကြည့်ချင်ရတာလဲ။
တကယ်တော့ တမ်းတတယ်ဆိုတာ.....အရင်လိုဘ၀မျိုး ပြန်လိုချင်တာ မဟုတ်လား။ ဒါဆို... .မတမ်းတသင့်တော့တဲ့ သက်တို့နှစ်ယောက်ဘ၀မှာ အလွမ်းနဲ့တင် ရင်နာနာပဲ ရပ်ရမယ်လေ။
နှလုံးသားရေးရာ ခံစားချက်တွေမှာ သင့်၏၊ မသင့်၏ ဆုံးဖြတ်ချက်ကို ဘယ်ပေတံနဲ့ စံထားတိုင်းတာကြမှာလဲ။ မနာကျည်းသင့်၊ မတမ်းတသင့်၊ မပေါက်ကွဲသင့်တာတွေဟာ ကိုယ့်တစ်ယောက်ကျမှ ဘာကြောင့်များ ပိုလို့စည်းတား ခြားနားကြတာလဲ။
အမှန်တကယ်က ဘယ်သူကမှ စည်းတားသတ်မှတ် မပေးကြပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ အသိစိတ်ကကို စည်းခြား နေမိတယ်။ အလွမ်းမှာတင်ရပ်.....။ တမ်းတမှုဟာ မပြုသင့်တဲ့အရာ.....။ အဲဒီလိုမျိုးပေါ့....။
တစ်ခါတစ်လေကျတော့လည်း သတိရလွမ်းဆွတ်မိတာတောင် အပြစ်ရှိသလို ခံစားမိပြန်တယ်။ လှိုင်းထန်ရုန်းကြွနေတဲ့ လွမ်းစိတ်ကို မီးခိုးငွေ့၊ မီးခိုးမျှင်တွေလို လေနှင်ရာလိုက်ပါ ပျောက်ကွယ်သွားစေချင်တယ်။ ကိုလေးမျက်နှာကို မမြင်ယောင်ဝံ့ဘူး။
xxxxxxxxxxxx
အနည်းငယ် ညှိုးလျနေပေမယ့် ဆုံးဖြတ်ချက်ခိုင်မာပြီးပုံရတဲ့ ကိုလေးရဲ့မျက်နှာဟာ နောက်ဆုံးတွေ့ရတဲ့ ညနေခင်းနဲ့အတူ အဝေးမှာ ကျန်နေရစ်ခဲ့ပြီ။ ' ကျေးဇူးတင်ပါတယ် ညီမလေးရယ် ' တဲ့လား ကိုလေး။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် လောက်တုန်းကလည်း ဒီလိုစကားမျိုး ကိုလေးနှုတ်ဖျားက ကြားခဲ့ရဖူးတယ်။ အဲဒီတုန်းက... ကိုလေးနဲ့သက် ချစ်ခွင့်ရလို့...။ ခုတစ်ခါကျတော့.... သက်နဲ့ကိုလေး ခွဲခွာခွင့် ပေးလို့.....။
ဒီနေရာမှာ ချစ်ခွင့်ရဖို့ ကြိုးစားမှုစတင်ခဲ့ရသူက သက်ဆိုတဲ့ မိန်မသားတစ်ယောက်ဖြစ်နေပြီး ခွဲခွာခွင့်ပေးဖို့ တောင်းဆို နောက်ဆုတ်မယ့်သူက သက်ထက် ဆယ်နှစ်ကျော်ကြီးတဲ့ ကိုလေးဖြစ်နေခဲ့တာ.. .လောကကြီးရဲ့ ပြက်ရယ်ပြုမှုတစ်ခုလား။
သက်ကတော့ မရယ်နိုင်ပါ ကိုလေး။
ကချင်တိုင်းရင်းသားတစ်ယောက်နဲ့အိမ်ထောင်ကျလို့ ဆွေမျိုးစုတွေနဲ့ ဝေးကွာနေရာကနေ မွေးရပ်မြေ မြေပြန့်ကို အခြေပြန်ချချင်ခဲ့တဲ့
မေမေကပဲ မြားနတ်မောင်လား။ ရပ်ဝေးရပ်နီးက သားသမီးမြေးမြစ် အစုံအလင်ကို ဖိတ်ကြားတွေ့ဆုံစေခဲ့တဲ့ အသက်ရှစ်ဆယ် မွေးနေ့ရှင် အဖွားကပဲ မြားနတ်မောင်လား။
ဒီအသက်အရွယ်တွေ ရောက်ကာမှ သက်တို့နှစ်ယောက်ကို ဆုံတွေ့စေခဲ့တယ်။
' သမီးနဲ့ဆို အကိုနှစ်ဝမ်းကွဲ တော်မယ်သမီးရဲ့။ သမီးအမေနဲ့ မောင်မိုးနိုင်အမေနဲ့က ညီအစ်မတ၀မ်းကွဲ ဆိုတော့လေ..... '
ပထမတော့ ပြုံးပြီးခေါင်းညိတ်နေတဲ့ ကိုလေးကို တလေးတစား ပြန်ပြုံးပြမလို့ မော့ကြည့်လိုက်တာပါပဲ။
မည်းနက်နေတဲ့ မျက်ခုံးနှစ်ခုအောက်က ညိုရီရီမျက်ဝန်းတစ်စုံရဲ့ ဆွဲငင်အားဟာ မောင်နှမဆိုတဲ့အသိနဲ့ ဆန့်ကျင်စွာ တွေဝေမိန်းမူး သွားစေခဲ့တယ်။ အဲဒီကတည်းက သက်ကတော့ ကိုယ့်ကိုယ်ကို သိပ်သေချာသူပါ ကိုလေး။ သက်နဲ့ကိုလေးကြားမှာ ဆန်းကြယ်မှုတစ်ခုခု မကြာခင် ကြုံဆုံရတော့မယ်လို့ ထူးဆန်းတဲ့အာရုံတစ်ခု ခံစားလိုက်ရတယ်။
ဒါပေမယ့်.. ဟောဒီ ကမ္ဘာလောကကြီးထဲမှာ သက်မချစ်သင့်ဆုံးလူကို ပြပါဆိုရင်လည်း သက်ကိုယ်တိုင်ပဲ ကိုလေးကို လက်ညှိုးညွှန် ရမှာပါ။ မောင်နှမနှစ်ဝမ်းကွဲ တော်စပ်နေတာက တစ်ကြောင်း၊ အသက်ချင်း ဆယ်နှစ်ကျော်ကွာနေတာက တစ်ကြောင်း၊ ဒီ့ထက် မဖြစ်နိုင်တာ
တစ်ခုက သက်နဲ့ စတွေ့တဲ့အချိန်မှာပဲ ကိုလေးမှာ လက်ထပ်ဖို့ရည်ရွယ်ထားပြီးသား ချစ်သူမိန်းကလေး တစ်ယောက် ရှိနေနှင့်တာလေ။
အန်တီမြ အချစ်ဆုံး သားမို့လို့ ကိုလေးဟာ အသက်လေးဆယ်နား နီးနေတာတောင် အိမ်ထောင် မရှိနိုင်ခဲ့တာဟာလည်း သက်အတွက်တော့ ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ဖို့ ဇာတ်ကွက်ဆင်ထားခံရသလိုပါပဲ။
မောင်နှစ်မ နှစ်ယောက်တည်း ရှိတာမို့ ကိုလေးနဲ့ မမဦးတို့က ခုမှတွေ့ရတဲ့သက်ကို ညီမလေးတစ်ယောက် ရုတ်တရက်ကောက်ရသလို သိတ်ချစ်ခင်ခဲ့ကြတယ်။ ကိုလေးဖေဖေနဲ့ မေမေကလည်း ကိုလေးကို ဆိုးမယ့်နွဲ့မယ့် ညီမထွေးလေး တစ်ယောက်လိုပဲ။ သက်တို့နှစ်ယောက် တတွဲတွဲ သွားဟယ် လာဟယ် စားဟယ်၊ ရယ်လိုက်မောလိုက် ပျော်နေကြတာကို တပြုံးပြုံးနဲ့ ကျေနပ်နေခဲ့ကြတာပဲ မဟုတ်လား။
ကိုလေးမှာရှိခဲ့ဖူးတဲ့ ရည်းစားသုံးယောက်လောက်ဟာ ကိုလေးမေမေရဲ့ ပေတံနဲ့ တစ်ယောက်မှစံမမှီကြလို့ ကိုလေးတစ်ယောက်
လူပျိုသိုးကြီး ဖြစ်နေရတဲ့အကြောင်း မမဦးက ရယ်ပွဲဖွဲ့ပြောပြတော့ အန်တီမြကိုယ်တိုင်ကပဲ ကိုလေးရဲ့ လက်ရှိချစ်သူကလည်း
သက်လောက်တောင် မိန်းမ မပီသ၊ သဘောမပျော့ပြောင်းကြောင်း၊ အိမ်တွင်းမှုထိန်းသိမ်းရာမှာလည်း သက်လောက် အရည်အချင်း မရှိသူမို့ မောင်နှမသာ မတော်ခဲ့ရင် သက်ကိုသာ ချွေးမတော်လိုက်ချင်ကြောင်း ပြောခဲ့သေးတယ်။
' အို...မေမေရယ် မောင်နှမဆိုပေမယ့် နှစ်ဝမ်းတောင်ကွဲတာပဲဟာ။ အဝေးကြီးရယ်ပါ။ ယူကောင်းပါတယ်...။ .နော်..ယောင်းမ' ..လို့ မမဦးကပါ သက်ကို စနောက်ခဲ့ဖူးသေးတော့ နဂိုကမှ စိတ်မရိုးသားတဲ့ သက်ဟာ စိတ်ကူးတွေ ပိုဆန်းကြယ် လာမိတာပေါ့ကိုလေးရယ်။ အဲဒါ သက်အမှားလား။
xxxxxxxxxxxx
' မခိုင်က မလေးရှားမှာ အလုပ်သွားလုပ်နေတဲ့ ရည်းစားဟောင်းနဲ့လည်း ခုထိ အဆက်အသွယ်ရှိတုန်းပဲတဲ့။
ကိုလေးကိုလည်း လက်ထပ်ဖို့ ခေါင်းညိတ်တယ်ဆိုတော့ ငါးရံ့နှစ်ကောင်ဖမ်းတဲ့ သဘောလား။ သာတဲ့လူဖက်ယိမ်းမယ်ဆိုပြီး ဘေးတွဲအပို ချိတ်ထားတဲ့ သဘောလား။ သက်ကတော့ ကိုလေးဖက်က နာတယ်ဗျ..သိလား။ ကိုလေးနဲ့ လိုက်လည်းမလိုက်ဘူး။ '
ဒီလို ဘက်ခပ်လိုက်လိုက် စကားမျိုး ကလေးဆန်ဆန် ပြောမိတော့ ကိုလေးက ခပ်မဲ့မဲ့ ရယ်နေခဲ့တယ်။
' ကလေးက လူကြီးတွေကိစ္စ ဘယ်နားလည်မလဲ ညီမလေးရယ်...'
ကိုလေးက သက်ကို အမှုမဲ့အမှတ်မဲ့ ညီမလေးတစ်ယောက်ထက် ခံစားချက်မပိုသေးခင်မှာ ကိုလေးအပေါ် သက်ရဲ့တွယ်ငြိစိတ်ဟာ ရုန်းမပြေနိုင်အောင် ရစ်နှောင်နေခဲ့ပြီ။
' သူ့ရည်းစားဟောင်းက မလေးရှားကနေ ကွန်ပျူတာတစ်လုံး လက်ဆောင်လှမ်းပို့လိုက်သတဲ့ မမဦးရဲ့...။ သက်သူငယ်ချင်းနဲ့ မခိုင်တို့
အိမ်က ဘေးချင်းကပ်ရက်ဆိုတော့ အကုန်သိနေရတာပေါ့။ ကြွားလိုက်တာကလည်း လွန်ရောပဲတဲ့။ ကိုလေးကသူ့ကို ဘယ်လောက် ချစ်ကြောင်း၊ ဘာတွေတင်တောင်းဖို့ ဂတိပေးထားကြောင်း၊ လက်ထပ်ပြီးရင် အမေရိကား ထွက်ကြမယ့် အကြောင်းရော.... ပြောလိုက်တာများ နားမဆံ့အောင်ပဲတဲ့....'
မှန်သောစကားဆိုပေမယ့်လည်း နောက်ကွယ်ပြောတော့ အတင်းပေါ့ကိုလေးရယ်။ မဟုတ်မမှန်တာမပါလို့ ကုန်းချောတယ်မဆိုသာပေမယ့် မကြိုက်မှန်းသိရက်နဲ့ သာသာထိုးထိုးလေး ပြောလိုက်မိတော့လည်း မီးလောင်ရာ လေပင့်တဲ့သူပဲပေါ့....။
ကိုလေးမေမေဟာ သူ့သားကိုချစ်လွန်းတော့ ဘယ်မိန်းကလေးမှ သူ့သားနဲ့ မတန်ရာဘူးဆိုတဲ့ မိခင်အတ္တလွန်ကဲနေသူ ထင်ပါရဲ့။ သူ့ရင်ထဲက ဆွဲထုတ်သွားမယ့် 'အမေရိကား ထွက်ကြမယ်' ဆိုတဲ့စကားကြောင့် ကိုလေးချစ်သူ နုနုခိုင်ဆိုတဲ့ မိန်းကလေးကို ဆတ်ဆတ်ခါ နာကျည်းသွားခဲ့တယ်။ အစက သဘောတူမယောင် နှုတ်ဆိတ်နေခဲ့တဲ့ အန်တီမြဆီက မျက်နှာများတဲ့မိန်းကလေးမို့ သဘောမတူကြောင်း၊
ကန့်ကွက်စကားတွေ ဆက်တိုက်ထွက်လာခဲ့တော့...သက်က ကိုယ်သယ်ဆောင်လာမိတဲ့ အတင်းသာသာ သတင်းစကားတွေကြောင့်ပါလားလို့ နောင်တမရနိုင်ပါဘဲ.... ကျေနပ်ပျော်ရွှင်ခဲ့ဖူးတယ်။ အားရ၀မ်းသာခဲ့မိတယ်။
ဒီ့ထက်ပိုဆိုးတာက မခိုင်တို့အိမ်နဲ့ ဘေးချင်းကပ်ရက်က သူငယ်ချင်းကို အန်တီမြပြောတဲ့စကားတွေ ဖောက်သည်ပြန်ချ မိနေချိန်မှာ သက်ဟာ ကိုယ့်ကိုယ်ကို ဘယ်လိုအနေအထား ရောက်သွားနိုင်တယ်။ ဘေးလူတွေ ဘယ်လိုအမြင်စောင်းသွားနိုင်တယ်။ ယုတ်စွအဆုံး ကိုလေးကိုယ်တိုင်က ခလောက်ဆန်တဲ့ မိန်းကလေးလို့ ထင်သွားနိုင်တယ်... ဆိုတာတွေကို မတွေးမိခဲ့ဘဲ ခပ်ညံ့ညံ့မိန်းမတွေရဲ့ ဗီဇစိတ်မျိုးနဲ့ အားရပါးရ ပြောခဲ့မိတာကိုတော့ သက်ဝန်ခံပါတယ်လေ။
ဒါကြောင့်လည်း သက် ၀ဋ်ပြန်လည်ခဲ့တာနေမှာ။ သူများမပိုင်ဆိုင်နိုင်အောင် ခြေထိုးသလိုဖြစ်ခဲ့တဲ့ သက်ဟာ ကိုယ့်ခြေလှမ်းနဲ့ကိုယ် ရှုပ်ထွေးပြီး ခြေတုပ်လဲခဲ့တာပါပဲ။
' သက် ဒီလိုရှုပ်ထွေးကုန်မယ်မှန်း သိရင် ဒီစကားကို မပြောခဲ့ပါဘူး ကိုလေးရယ်...'
ရှိုက်သံတစ်ဝက်တစ်ပြတ်နဲ့ ပလုံးပထွေး စကားတစ်ခုဟာ ခွင့်လွှတ်ကြေအေးဖို့ရာ လုံလောက်မှုရှိတဲ့ တောင်းပန်စကား မဟုတ်ဘူးဆိုတာ အဲဒီအချိန်က သက် သိနေခဲ့ပါတယ်။
' လူဆိုတာ ကိုယ်ပြောလိုက်တဲ့ စကားအတွက် ဖြစ်လာမယ့်အကျိုးဆက်ကို တာဝန်ယူရဲမှသာ စကားတွေကို ရဲရဲပြောရတယ်ကွ။ ဟိုစကားဒီပို့၊ ဒီစကားဟိုပို့နဲ့ အကျိုးမရှိတဲ့ စကားကုန်သည်လုပ်တာဟာ မိန်းမကောင်းတွေရဲ့ အလုပ်မဟုတ်ဘူး။ ကိုယ်တိုင်တောင် တန်ဖိုးရှိအောင်မနေတတ်ဘဲနဲ့ သူများမကောင်းကြောင်း လျှောက်ပြောတာ ညည်းမရှက်ဘူးလား။ ဒီလိုညီမမျိုးရှိနေတာ အကိုတစ်ယောက်လုပ်ဖို့ ငါစိတ်ကုန်သွားပြီ မိသက်။ '
အံ့သြလောက်အောင် ရက်စက်တဲ့စကားမျိုး ကိုလေးနှုတ်ခမ်းက ထွက်ရက်ခဲ့တာ.... သက်ကတော့ ပြန်စဉ်းစားတိုင်း ခုချိန်ထိ မယုံကြည်ချင်သေးဘူး။ မခိုင်ရဲ့ ပြတ်စဲမှုတစ်ခုဟာ ကိုလေးကို ဒီလောက်တောင် ပြောင်းလဲရင့်သီးစေခဲ့ပြီလား။
မိန်းမကောင်း မဟုတ်ဘူးတဲ့...။ တန်ဖိုးမရှိဘူးတဲ့....။ ထင်ရက်လေခြင်း...။ ပြောရက်လေခြင်း... ကိုလေးရယ်။
သက် တစိမ့်စိမ့်တွေးပြီး ငိုတယ်။ တမြေ့မြေ့ဝမ်းနည်းပြီး ကြေကွဲတယ်။ တသသဆွေးပြီး နောင်တရတယ်။
မှားသွားပြီ။ မှားသွားပြီလို့ သတိဝင်တဲ့အချိန်မှာ အရမ်းလွန်ကုန်ပြီ။ ကိုလေးက စိတ်တအားဆိုးသွားပြီ။ အထင်လည်း သေးသွားပြီ။
ကိုလေးကို သူများပိုင်သွားမှာစိုးလို့ ထားမိတဲ့ ၀န်တိုစိတ်ရဲ့ရလဒ်ဟာ ပူပြင်းလောင်မြိုက်လိုက်တာမှ အက်ဆစ်တစ်ခွက်ကို သောက်မြိုမိသူလို ထွေးမရ အန်မရ။ ဗြောင်းဆန်လှိုက်စားကုန်ပေါ့ ကိုလေးရေ.....။
သက်လိုချင်တာ ကိုလေးရဲ့ အချစ်ပါ။ ကိုလေးရဲ့ အမုန်းကိုတော့ ခံယူရဲတဲ့သတ္တိ သက်မှာမရှိပါဘူး။ အချစ်မရနိုင်မယ့် အတူတူတော့အမုန်းကို မကြုံပါရစေနဲ့တော့။ သက်ကိုသာ ခွင့်လွှတ်ရစ်ပါတော့ ကိုလေး။
ကိုလေးကို ရင်မဆိုင်ရဲတော့လို့ လားရာမသိ အဖြေမရှိတဲ့ အမှောင်ထုကြီးထဲကို တိုးဝင်ဖို့ရွေးချယ်လိုက်ရပြီ။ ဒါဟာ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားလို့ နှစ်ရာရောက်ပေမယ့် ကိုလေးကိုတော့ မြတ်မြတ်နိုးနိုး သိပ်ချစ်မိခဲ့တယ်ဆိုတာ.... ကိုလေးသိရင်ပဲ ကျေနပ်ရပါပြီလေ။
xxxxxxxxxxxx
သေနေ့မစေ့သေးတဲ့ လူတစ်ယောက်ရဲ့အသက်ဟာ တော်ရုံ ဆွဲနုတ်ဖို့ မလွယ်ပါလားဆိုတဲ့ အသိတစ်ခုကို တစ်ပတ်လောက် အိပ်ရာထဲကမထနိုင်ဖြစ်ပြီးကာမှ သေသေချာချာ တွေးနိုင်တော့တယ်။ လူမှန်းသူမှန်း မသိလောက်အောင် အိပ်ပျော်ခဲ့တာ နှစ်ရက်ကျော်တော့ အိပ်တ၀က်နိုးတ၀က်နဲ့ မေမေ ရေပတ်သုတ်ပေးတာတွေ၊ ဆေးထိုးပေးတာတွေ၊ အားဆေးပုလင်းကြီး သွင်းပေးတာတွေ၊ ၀ိုးတ၀ါး သိသလိုလို......။ မြင်သလိုလို....။ အိပ်မက်ထဲမှာ ကိုလေးအသံကိုလည်း ကြားလိုက်ရသလိုလို.....။
' မသေကောင်း မပျောက်ကောင်း ညီမလေးရယ်။ မိုက်လှချည်လား.။ ညီမလေးသာ တစ်ခုခုဖြစ်သွားရင် ကိုလေးကိုယ့်ကိုယ်ကို ဘယ်လိုခွင့်လွှတ်ရမှာလဲ။ နောက်တစ်ခါ ထင်ရာမစိုင်းနဲ့တော့နော်။ ကိုလေး ညီမလေးစိတ်ဆင်းရဲအောင် ဘယ်တော့မှ မလုပ်တော့ပါဘူး။ ညီမလေးနေကောင်းသွားရင် ညီမလေးဖြစ်ချင်တာတွေ ကိုလေးအကုန်လုပ်ပေးမယ်။ မြန်မြန်နေကောင်းအောင်နေ... ကြားလား....'
လေးလံလှတဲ့ ဦးခေါင်းကြီးထဲမှာ သွေးတွေပျစ်ခဲကုန်ပြီလား ထင်ရလောက်အောင် အာရုံအသိဥာဏ် စီးဆင်းမှုတွေ တိုးမပေါက်လှပေမယ့် ကိုလေးစကားသံတွေကိုတော့ ကြားလိုက်ရတာသေချာတယ်။ အိပ်မက်ရှည်ကြီးကနေ နိုးထလာတော့ လောကကြီးက လင်းလွန်းနေသလိုပဲ။ တစ်လျှောက်လုံး ဖိဆီးလာခဲ့တဲ့ အမှောင်ထုကြီးလည်း ပြိုကွဲသွားကြပြီ။
' သက်ကို မဆူပါနဲ့တော့နော်...။ သက် နောက်တစ်ခါ မဖြစ်စေရတော့ပါဘူး...'
နှုတ်ခမ်းကို ဖွဖွလေးလာထိကပ်လိုက်တဲ့ ကိုလေးရဲ့လက်ဖ၀ါး အတွေ့လေးမှာ ဘယ်လိုခွန်အားတွေများ ထည့်ထားခဲ့သလဲ။ အရိပ်များစွာ ဖြတ်ပြေးနေတဲ့ ကိုလေးရဲ့မျက်ဝန်းတွေထဲမှာ အစိမ်းနု၊ ရင့် အရောင်တစ်စက်မှ မစွန်းထင်းဘဲ ပြာလဲ့ကြည်စင်နေတယ်။
' နောက်တစ်ခါဆိုတာ မရှိတော့ပါဘူး ညီမလေးရယ်....'
ဘုရားရေ....။ အဲဒါ ဘာအဓိပ္ပါယ်ပါလိမ့်။ သက်.. ကိုလေးနှလုံးသားကို အနုကြမ်းစီးလိုက်မိပြီလား..။
အံ့သြတကြီး ခေါင်းခါမိတော့ ကိုလေးက ပြုံးပြီးခေါင်းညိတ်ပြတယ်။
' ညီမလေးကို ကိုလေး နားလည်ပါတယ်....။ ကျေးဇူးလည်း တင်ပါတယ်....' တဲ့။
အရောင်ပြောင်းသွားတဲ့ လောကကြီးဟာ သက်အတွက်တော့ မယုံမရဲရှိလှပါတယ် ကိုလေးရယ်....။
သက်နဲ့ကိုလေးရဲ့ အခြေအနေတွေ ရှုပ်ထွေးခဲ့တာရော၊ ပြောင်းလဲသွားတာရော၊ ဘာမှမသိရှာတဲ့ အန်တီမြနဲ့မမဦးကို ကြည့်ရတာလည်း သက် မ၀ံ့ရဲဘူး။ ချစ်တာလား၊ သနားတာလား..ရောထွေးနေတဲ့ ကိုလေးရဲ့ မျက်ဝန်းအကြည့်ကိုလည်း ရဲရဲရင်မဆိုင်နိုင်ခဲ့ဘူး။
နောက်ဆုံးတော့ သက်ကိုယ်သက်တောင် မှန်ထဲမှာ စိုက်မကြည့်ချင်တော့တဲ့အထိ ယုံကြည်မှုတွေ ပျောက်ဆုံးပြီး သိမ်ငယ်လာခဲ့တယ်။
မမဦးက မခိုင်နဲ့ကိုလေး ပြတ်သွားကြပြီလို့ ၀မ်းပမ်းတသာ သတင်းပေးပြောတော့ အပြုံးလျာ့လျော့နဲ့ ငြိမ်သက်နေတဲ့ သက်ကို အန်တီမြကပါ အံ့သြသလို ကြည့်တယ်။ သက်နဲ့ဆိုရင်ရော....။ အန်တီမြ သဘောတူပါ့မလား။
အိမ်သားတစ်ယောက်လို တစ်အိမ်လုံး သက်ခြေသက်လက် ကြိုက်သလိုနေပြီး ကိုလေးကို တရားဝင်ဆိုးနွဲ့ခွင့် ပေးထားကြတာ...။ သမီးထွေးလေးတစ်ယောက်လို ညီမလေးတစ်ယောက်လို သဘောထားကြလို့လေ။ ချွေးမတစ်ယောက်လို၊ ယောင်းမတစ်ယောက်လို ဆိုရင်တော့ ကြည်ဖြူနိုင်ကြပါ့မလား။ မခိုင်ကျတော့ အဆင်းမှာဘီးတပ်ပေးခဲ့ပြီး ကိုယ်တိုင်ကျတော့ ပွဲလှန့်ပြီးမှ ဖျာခင်းသူလို့ နှာခေါင်းရှုံ့ကြလေမလား။
တကယ်လည်း သက်က ရင်ဆိုင်ဖွင့်ပြောဖို့ အားမွေးတိုက်တွန်းတိုင်း ကိုလေးက ဟန့်တား တွေဝေစမြဲပဲ။ ငယ်သူမို့ သက်က တော်လှန်လိုစိတ် အပြည့်နဲ့ ရဲရင့်တတ်ပေမယ့် လူကြီးဖြစ်တဲ့ ကိုလေးကတော့ ဒီအကြောင်းဆွေးနွေးမိတိုင်း မျက်နှာပျက်ပြီး ငူငိုင်နေလိုက်ပုံများ ကြည့်ရက်စရာတောင် မရှိလို့ သက်မှာ ရင်လည်းနာ ၀မ်းလည်းနည်းရသေးတယ်။
ဂရုစိုက်မှု ပိုလာတာကလွဲရင် ညီမလေးတစ်ယောက် အပေါ်ထားတဲ့ ယုယကြင်နာမှုထက်မပိုတဲ့ စောင့်စည်းနိုင်လွန်းတဲ့ ဆက်ဆံရေးကြောင့် လေးစားကြည်ညိုရတာက သတ်သတ်...။ သူ့မေတ္တာဟာ ၅၂၈ နဲ့ ၁၅၀၀ကြားမှာ လွန်ဆွဲပြီး ၁၅၀၀ဖက် အလေးမတင်းနိုင်လို့ နှမလေးအပေါ်မှာ အိုးတို့အမ်းတမ်းများ ဖြစ်နေသလားလို့...ကြေကွဲရတာကလည်း သတ်သတ်ပါပဲ။
ဘာပဲဖြစ်ဖြစ်....နောက်ဆုံးတော့ ကိုလေးစိုးရိမ်ပူပန်ထားခဲ့သလို ပတ်ဝန်းကျင်ရဲ့ စကားသယ်ဆောင်မှုကြောင့်... အန်တီမြဆီက ကိုလေးအတွက် အဖြေရခက်မယ့် မေးခွန်းတွေနဲ့ ရှေ့လှမ်းရခက်မယ့် တားဆီးစကားတွေကို အနှေးနဲ့အမြန် ရင်ဆိုင်ရတော့တယ်။
သက်ဆီကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ စာတစ်စောင်ကို ဒေါသတကြီးရေးပြီး အန်တီမြက ပို့စေလိုက် ပြန်တယ်။ အံ့သြဖို့ကောင်းတာက အဲဒီ သက်နှလုံးသားအတွက် သေမိန့်ကို သယ်ဆောင်လာပေးတဲ့ တမာန်တော်ဟာ ကိုလေးရဲ့ ချစ်သူဟောင်း မခိုင်ဖြစ်နေခဲ့တာပါပဲ ကိုလေးရယ်။ သက်အတွက်တော့ ၀ဍ်ဆိုတာ တကယ့်ကိုပဲ နောက်ဘ၀တောင် အကြွေးမချန်ခဲ့ပါဘူးကွယ်။
xxxxxxxxxxxx
အိမ်ရှေ့က ခပ်တိုးတိုးလှမ်းအော်လိုက်တဲ့ မေမေ့ရဲ့ ' သမီးရေ....ဆွမ်းတော် ' ဆိုတဲ့ အသံဟာ ကြားခဲ့ရဖူးသမျှ အသံအားလုံးထဲမှာ သူစိမ်းအဆန်ဆုံးလို့ ခံစားလိုက်ရတာ ကိုယ့်ကိုယ်ကိုလည်း အံ့သြသွားတယ်။ အဆင်သင့်ပြင်ဆင်ထားတဲ့ ဆွမ်းထမင်း ဟင်းတွေနဲ့အတူ ယောက်ယက်ခပ်နေတဲ့ သက်အတွေးစိတ်ဓါတ်တွေကိုပါ အချိန်မှီ ပြင်ဆင်လိုက်ပေမယ့် သိတ်တော့ သပ်ရပ်လိမ့်မယ် မထင်ဘူးနော်။
အတိုက်အခံ လုပ်ရသမျှ အရာအားလုံးထဲမှာ ကိုယ့်ဆန္ဒကို ကိုယ်အတိုက်အခံ လုပ်ရတာဟာ အခက်ခဲဆုံးပဲ ဖြစ်မယ်ထင်ပါရဲ့။
ရင်ဆိုင်ဖို့ သတ္တိနည်းတာပဲဖြစ်ဖြစ်၊ ခံယူချက်ပြောင်းတာပဲ ဖြစ်ဖြစ်၊ ပါရမီအဆက် ပါလာတာပဲဖြစ်ဖြစ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။
အဲဒီတုန်းကတော့ လွတ်မြောက်ရာလမ်း အစစ်အမှန်ကို ရှာတွေ့သွားသူရယ်လို့ မုဒိတာပွားနိုင်ဖို့ထက် ကိုယ်လွတ်ရုန်းသူအဖြစ် တံဆိပ်တပ် နာကျည်းချင်စိတ်ကိုသာ အကြိမ်ကြိမ် ကြိုးစားချိုးနှိမ်ခဲ့ရတယ်ဆိုရင် ပုထုဇဉ် ပီသလွန်းသူရယ်လို့ သက်ကို အပြစ်မတင်ပါနဲ့တော့ကွယ်။
' ဒကာမလေး.....နေကောင်းရဲ့လား...'
ကြားဖူးနေကျပေမယ့် မရင်းနှီးတော့သလို၊ အနီးလေးပေမယ့် ဝေးကွာလွန်းတဲ့ အရပ်ကလာသလို...။ ဒါပေမယ့်....ကြားလိုက်ရတဲ့အသံဟာ တည်ကြည်အေးမြလှပါတယ်။ တိုးလျလွန်းတဲ့ 'တင်ပါ့ဘုရား' ဆိုတဲ့အသံကတော့ အဖျားတိမ် အက်ကွဲနေခဲ့မယ် ထင်ပါရဲ့။
' ဦးပဉ္ဇင်း ဒီကိုကြွလာရတာ အကြောင်းနှစ်ရပ်ရှိတယ် ။ ပထမအကြောင်းက နောက်လဆန်းမှာ ဦးပဉ္ဇင်း ဖိုးဦးတောင်ခြေကတောရကျောင်းကို ပြောင်းပြီး ၀ါဆိုမယ်။ နောက်တစ်ကြောင်းက မယ်တော်ကြီးနဲ့ ဒကာမလေးကို တစ်လတန်သည် နှစ်လတန်သည် ရဟန်းဘောင်ဝင်ဖို့ ခွင့်တောင်းသွားခဲ့တာ.....။ ခုတော့. .တောရကျောင်းလေးမှာပဲ ၀ိပဿနာတရားတော်ကို ကျင့်ကြံအားထုတ်ရင်း အရိုးထုတ်တော့မယ့်အကြောင်း အသိလာပေးတာပဲ'
' ဦးပဉ္ဇင်းရဲ့ မယ်တော်ကြီးကိုရော အသိပေးပြီးပြီလား ဘုရာ့ '
အာစေးထည့်ခံရသလို ဖြစ်နေတဲ့ သက်ကို မေမေဟာ အကြိမ်ကြိမ် ဖေးမပေးရှာတယ်။
' ဒီကအပြန်မှ မယ်တော်ကြီးဆီ ဦးပဉ္ဇင်းကြွမယ်။ '
အဆုံးစွန်ထိ တွေးထားပြီးသား ကိစ္စတိုင်းဟာ ဒီ့ထက်ဘယ်လောက်ပဲ အဆုံးကျော်ကျော်.....၊ ခံနိုင်ရည် မပြိုလဲတော့ပါလားလို့ တုန်လှုပ်ခြင်းကင်းမဲ့စွာ အသိတရား ရလိုက်ပြီ။ မျက်လွှာမှိတ်ချ ထားပေမယ့် အနီးကပ်မြင်နေရတဲ့ အမှောင်ထဲကနေ စိတ်အာရုံဟာ အဝေးကို ရုတ်ကနဲ ပြေးထွက်သွားတယ်။
အကျည်းတန်လှတဲ့ ညနေခင်းတစ်ခုမှာ တစ်နေကုန် နည်းမျိုးစုံနဲ့ သောင်းကြမ်း ပေါက်ကွဲပြီးပြီမို့ သက်က ပြောစရာစကား မရှိတော့ လောက်အောင် နွမ်းလျနေခဲ့ဖူးတယ်။ သေချာခိုင်မာတဲ့ ဆုံးဖြတ်ချက်ပိုင်ရှင်ကတော့ ဘယ်လိုချော့ချော့...၊ ဘယ်လောက်ချောက်ချောက်....၊ ဘယ်တော့မှ မပြောင်းလဲတော့ဘူးရယ်လို့ တည်ကြည်လွန်းလှပါတယ်။
သက်တို့ရဲ့ အတွင်းကြိတ်တိုက်ပွဲလေးဟာ တဖြေးဖြေးတင်းမာ ပေါက်ကွဲလုမတတ် ဖြစ်လာတော့ လူကြီးမို့လို့ မသိချင်ယောင်ဆောင်နေခဲ့တဲ့ မေမေ့ခမျာလည်း တူဖြစ်သူနဲ့ သမီးကြားမှာ အတိုင်တည်ခံအဖြစ် ရပ်တည်ရတော့တယ်။ ဘယ်လောက်ပဲ ခေတ်မီပြီး သဘောထားကြီးတယ် ဆိုပေမယ့် သမီးကိုချစ်တဲ့၊ သနားစိတ်ကြောင့်သာ မဟုတ်ရင် မေမေ့နေရာက နားလည်မှုရှိဖို့ မလွယ်ကူလှပါဘူး။
' ကျွန်တော် ကတိပေးပါတယ် ဒေါ်လေး။ ဒီအလုပ်ကို ကျွန်တော် စိတ်မပါတော့တဲ့ တစ်နေ့ကျရင် မေမေဘယ်လောက်ပဲ တားဆီးပေ့စေ။ သက်ကို ကျွန်တော်လက်ထပ်ယူမှာပါ။ လောလောဆယ်မှာတော့ တစ်လ၊ နှစ်လလောက်ဖြစ်ဖြစ် ကျွန်တော်စိတ်အား ထက်သန်နေတာကို ခွင့်ပြုစေချင်တာပါဗျာ.....'
ကိုလေး ရှာဖွေတွေ့ရှိသွားတဲ့ ထွက်ပေါက်ဟာ သက်အတွက်တော့ ချောက်ချားစရာအကောင်းဆုံး နယ်နိမိတ်စည်းကြီး တစ်ခုပါပဲ။ အဲဒီစည်းရဲ့တစ်ဖက်ကို သက်ဘယ်လောက်ပဲ မိုက်ရူးရဲဆန်ပေ့စေ....ဘယ်လိုစွမ်းအားမျိုးနဲ့မှ မကျော်ဝံ့ပါဘူး။
သက် စိတ်နဲ့တောင်မပြစ်မှား၊ မကျော်ဖောက်ရဲတဲ့ စည်းကို ကိုလေးကိုယ်တိုင်က ခြားနားဆီးတားစေခဲ့ပြီ။
ပတ်ဝန်းကျင်က ဘယ်လိုပြောကြမလဲ ဆိုတာကို တွေးပြီးကြောက်မိတဲ့ သက်အတွက်ကတော့ မေမေ့ရဲ့ နွေးထွေးတဲ့ မေတ္တာနဲ့ နှစ်သိမ့်ဖေးမမှုတွေဟာ လှုပ်ခတ်မှုအားလုံးကို တည်ငြိမ်စေပြီး သိမ်ငယ်မှုအားလုံးကို ရင့်ကျက်လာစေခဲ့တယ်။
နောက်ဆုံးတော့လည်း ဖြစ်ခဲ့သမျှအားလုံးရဲ့ အဆုံးစွန်တစ်ဖက်မှာ ပျက်စီးခြင်းဆိုတာသာ ရှိတာပါလားလို့ သက် နားလည်လာရပြီ။ လောကမှာ ဘယ်အရာမှ မမြဲဘူးဆိုတာကို သက် လက်တွေ့ကြုံရပြီ။ အစအားလုံး ပြီးဆုံးခဲ့ပြီ။
ဖြစ်ခဲ့သမျှ သက်ရဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လွမ်းဆွေးတမ်းတခြင်းတွေဟာလည်း ပေတံတွေ၊ စည်းတွေ၊ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ... .ပြီးတော့... .တောင်းဆိုမှုတွေ၊ ခံစားချက်တွေ....အားလုံးနဲ့အတူ သံယောဇဉ်လို ဂန္တ၀င်ကြိုးတွေနဲ့ ဘယ်လိုပဲချည်နှောင် တားဆီးပေ့စေ...၊ ပျက်ချိန်တန်တဲ့ အခါမှာတော့ ပျက်ခဲ့ရတာပါပဲ။
' ဒကာမလေး....ဘာများပြောစရာရှိသေးလဲ။ ဦးပဉ္ဇင်းကြွတော့မယ်...'
တဒင်္ဂ အရှိန်လွန်နေတဲ့ အတွေးအာရုံထဲက လောင်မြိုက်နေတဲ့စိတ်တွေ ဖြုတ်ကနဲ ချုပ်ငြိမ်းသွားတဲ့အခါ... ဖြစ်ခြင်းပျက်ခြင်းရဲ့ မမြဲမှုကို သိနားလည်စေခဲ့တဲ့ တရားရှင်ကို ပထမဦးဆုံးအကြိမ် မော့ဖူးလိုက်မိတယ်။ တည်ငြိမ်ကြည်လင်လှတဲ့ မျက်နှာတော်နဲ့ကြည်ညိုဖွယ်ရာ အိနြေ္ဒသိက္ခာပြည့်ဝတဲ့ အဆင်းသဏ္ဍာန်ကြောင့် လောင်မြိုက်မှု သံသရာဟာ ဆုံးခန်းတိုင်သွားပြီ ထင်ပါရဲ့။
သာသနာတော်အတွက် တကယ့်ကို အဖိုးထိုက်တန်တဲ့ ဘုရားသားတော် တစ်ပါးကို ဖူးတွေ့ရတဲ့အချိန်မှာ အတိတ်မှာကျန်ခဲ့တဲ့ သက်နဲ့ကိုလေးဆိုတဲ့ဇာတ်လမ်းဟာ ပြီးဆုံးသွားခဲ့ပြီဆိုတာ ထင်ထင်ရှားရှား လက်ခံယုံကြည်လိုက်ရပြီ။ တကဏ္ဍစီ ပီပီပြင်ပြင် အခန်းကန့် ပြီးသွားလို့ ရှင်းသန့်ကြည်လင် ပေါ့ပါးနေတဲ့စိတ်နှလုံးနဲ့ ဦးသုံးကြိမ် အလိုအလျောက် ညွတ်တွားဝတ်ပြုမိသွားရပြီ။
တကယ်တော့ သက်ဟာ အသိခေါက်ခက် အ၀င်နက်ခဲ့တာပါလား။ ကိုယ့်ဘ၀ ကိုယ့်အဖြစ်အပျက်တွေဟာ တကယ့်ကိုအဖိုးမဖြတ်နိုင်တဲ့ ဖြစ်ပျက်အသိတရားတွေပါပဲလား။
ဖြစ်ပျက်ကိုသိမှ တရားတွေ့မယ်ဆိုတာ.....။ ခုတော့... ဒီ့ထက်နီးစပ်ပြီး ဒီ့ထက် ရှင်းလင်းနိုင်တဲ့တရား ရှိပါ့ဦးမလား။
' တင်ပါ့ဘုရား...။ မရှိတော့ပါဘူး....'
ဦးပဉ္ဇင်းရဲ့ ကြည်လင်လှတဲ့ မျက်နှာတော်ဟာ ချမ်းမြေ့မှုနဲ့ ပြုံးယောင်ယောင် ဖြစ်သွားတယ်လို့ သက်က ထင်လိုက်မိချိန်မှာ သက်ကိုယ်တိုင်လည်း ကျေနပ်ချမ်းမြေ့သွားရတယ်။ နောက်ဆိုရင်....အတိတ်လမ်းကို ဘယ်တော့မှ ခြေဦးမလှည့်တော့တာသက်...သေချာပါပြီ။
ဒီအတိုင်းပဲ.......အနာဂါတ်ဆိုတာကိုလည်း.........။
တကယ်တော့.......ပစ္စုပ္ပန်တည့်တည့်ကို ကြည့်တာသာ တရားနည်းလမ်း အကျဆုံးပဲမဟုတ်လား.....။
xxxxxxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
   May, 2009...International Magazine

တံလျှပ်ပေါ်က ရေအရိပ်


  အဆီပြန်ယစ်ခိုးဝေနေသည့် မျက်နှာဝိုင်းကြီးတစ်ခု ကျေနပ်ပီတိဖြစ်နေသည်ကို ဘေးလူတွေက နှာခေါင်းရှုံ့နေကြကြောင်း...၊ သူကတော့ သတိပြုမိပုံမရ။ အောင်ပွဲခံနေသလို တဟားဟားနှင့် အော်ရယ်နေသေး၏။
  သူတစ်ပါးအပေါ် ဖျံကျကလိမ်ကျစ်နိုင်သည်ကိုမှ ဂုဏ်ယူတတ်သူအတွက် ရိုးသားမှုတန်ဖိုးကို နားလည်နိုင်မည်မဟုတ်ပါ။
        ' ဒီကောင်က ကျုပ်အိတ်ထဲက ဖားဗျ။ အချိန်မရွေး ထုတ်ရိုက်လိုက်ရုံပဲ..ဟား..ဟား..ဟား..'
မြို့ကလေးမှာတော့ ကမ္ဘာသစ် ရေခဲသေတ္တာ၊အဲယားကွန်း ပြုပြင်ရောင်းဝယ်ရေး ဆိုသည်က ဂျပန်မှသုံးပြီးသား ၀မ်းတန်း(110-V) ရေခဲသေတ္တာ၊ အဲယားကွန်းအဟောင်းတွေလည်း ရောင်းသလို၊ အပျက်တွေလည်း ပြုပြင်ပေးသည့်ဆိုင်လေးဖြစ်၏။
  ဆိုင်ရှင်နာမည်က လူဇော်။ ဆိုင်က ဈေးကြီးနားမှ ဆယ်ပေပတ်လည်ဆိုင်ခန်းငယ်လေး။ လူပုံကကြည့်တော့ စတိုင်ပင်တကားကား၊ ဗိုက်ရွှဲရွှဲ၊ လေးဆယ်ကျော် ငါးဆယ်ဝန်းကျင်။ လုပ်သည့်အလုပ်နှင့် လိုက်မလိုက်တော့ မသိ။ အလွန်လေလုံးထွား တင်စီးသလောက် ပေါင်းလိုက်သင်းလိုက်တော့လည်း မြို့မျက်နှာဖုံးတွေနှင့်မှ။
သူဌေးတွေ အရာရှိတွေကို သူ ဘယ်လောက်အောက်ကိျု့ပြီး ပေါင်းရသည်တော့ ပတ်ဝန်းကျင်ကမသိ။ ဆိုင်မှာ သူ့သွားရှာသူတိုင်းကို ဂေါ့(ဖ်)သွားရိုက်နေသည်ဟု တပည့်တွေအား သတင်းပေးခိုင်းထားသည်မှာလည်း ကြားရဖန်များတော့ ပြုံးချင်စရာ။
   နာမည်ကြားရရုံနှင့်ပင် လူကိုသတိထားဆက်ဆံသင့်သည့် ပုဂ္ဂိုလ်မျိုး...။ ဘယ်သူ့ကိုဘယ်လိုလှီး၍ ဘယ်သူ့ကို ဘယ်လိုပုံဖြတ်ရမလဲ အလိုလိုကျွမ်းကျင် တတ်မြောက်ပြီးသားမို့ အထူးတလည် အားထုတ်ရသည်လည်းမဟုတ်။ မွေးရာပါဗီဇကလေးနှင့် ခပ်ပါးပါး
အားစိုက်လိုက်ရုံသာ...။
  ဖောက်သည်တစ်ယောက်ကို လှီးဖြတ်ပြီးသည်နှင့် တပည့်တပန်းများရှေ့မှာ မပြီးနိုင်မစီးနိုင် ဂုဏ်ယူဝံ့ကြွားတတ်သည်ကတော့ သူ၏ မုန်းစရာအကောင်းဆုံး အကျင့်တစ်ခုပင်။
    ' တွေ့တယ်မဟုတ်လား။ မင်းတို့ဆရာနဲ့တွေ့သူတိုင်း ခံသွားရတာချည်းပဲ...'
  တပည့်တွေက မကောင်းတတ်လို့ ပြုံးနေကြသည်ကိုပင် သူက အားကျငေးမောနေသည်အထင်နှင့် ဘ၀င်လေဟပ်နေတတ်သူ။
       တစ်အိမ်အိမ်မှာ ရေခဲသေတ္တာဖြစ်ဖြစ်၊ အဲယားကွန်းဖြစ်ဖြစ်များ ပျက်မသွားနဲ့။ သူ့ကိုခေါ်ပြလို့ကတော့...
        ' ကွန်ပရက်ဇာ လောင်သွားတာဗျ။ ကွန်ပရက်ဇာလဲရင် တစ်ပုံးလောက်တော့ကျမယ်...'
...လို့ မျက်လွှာကို လှန်မကြည့်ဘဲ ပစ္စည်းကို သေသေချာချာ စစ်ဆေးပေးနေပုံမျိုးနဲ့ ပထမဆုံးဗျူဟာကို ခင်းလိုက်တော့တာပဲ။ တစ်သိန်းလောက်ကုန်မယ်ဆိုတော့ ပစ္စည်းပိုင်ရှင်က စိတ်ပျက်လက်ပျက်နဲ့ အပူဒီဂရီအမြင့်ဆုံးရောက်သွားကာမှ...
   ' ကွန်ပရက်ဇာလဲတယ်ဆိုတာကလည်း အသစ်တော့မဟုတ်ဘူးနော်။ အဟောင်းပဲ ရန်ကုန်ကိုမှာပြီး ပို့ခိုင်းရဦးမှာ။ ပစ္စည်းမှာရမှာနဲ့ လုပ်ရကိုင်ရမှာနဲ့ဆိုရင် အနည်းဆုံးတော့ ဆယ်ရက်ဆယ့်ငါးရက် ကြာမယ်...'
ဒါဆိုရင် တစ်ဖက်သားက စိတ်ဓါတ်တွေ ထိုးဆင်းသွားပြီဆိုတာ သေချာပြီလေ။
      ' ဟာ...ရေခဲသေတ္တာ မရှိရင် အသားငါးတွေ ဘယ်လိုလုပ်မလဲ...'
       ' အဲယားကွန်းမရှိရင် အိမ်က ကလေးတွေက မအိပ်တတ်ကြဘူး...'
    မီးပဲ တစ်သက်လုံး တစ်ခါမှမပျက်ဖူးတဲ့ ရပ်ကွက်မှာနေသလိုမျိုး ပြောတတ်ကြတော့..၊ ဒါ.သူလိုချင်တဲ့ အမြင့်ဆုံးအခြေအနေပေါ့။
  ' ဒါဆို...ခင်ဗျားအဆင်ပြေအောင် ကျွန်တော့်ဆီက ကြိုက်တဲ့တစ်လုံးလုံးနဲ့ လဲယူသွားဗျာ။ အလဲထပ်ကတော့ ရှစ်သောင်းပဲပေး။
ခင်ဗျားအတွက် ငွေလည်းသက်သာ၊ အချိန်လည်းမစောင့်ရတော့ဘူးပေါ့။ တစ်ပတ်လောက်စမ်းသုံးပြီး စိတ် ကြိုက်ဖြစ်မှ ငွေချေ။
မကြိုက်ဘူးဆိုလည်း အဲဒီတော့မှ ကွန်ပရက်ဇာလဲချင်လဲပေါ့။ ဒါ ကျွန်တော် အတတ်နိုင်ဆုံး ကူညီတာပဲ...'
  အမှန်တော့ သူက ပျက်သည့်အလုံးတိုင်း ကွန်ပရက်ဇာလဲရတာမျိုးတာ့ မဟုတ်ပါ။ သူ့ဆိုင်မှာ ပြင်နိုင်သည့်ဟာကိုပြင်၊ ကွန်ပရက်ဇာဆိုရင်လည်း ပြန်ပတ်သင့်တာပတ်၊ ဒါမှမဟုတ် ဘော်ဒီစုတ်နေသည့်အလုံးကဟာကို ဘော်ဒီတောင့်သည့်ဟာထဲထည့်။
အဲသလိုမျိုး ကြံတတ်ဖန်တတ်သည့်လူပါ။
    သူပြုပြင်ပြီးသား ပစ္စည်းတွေကို ဆေးသုတ်သင့်တာသုတ်၊ သန့်ရှင်းသင့်တာသန့်ရှင်းပြီး ပုံပြောင်းထားတော့ များသောအားဖြင့် သူ့ခွင်မှာ မိသွားကြတာချည်းပါပဲ။ အချိန်လည်းမစောင့်ရ၊ ငွေလည်းသက်သာမယ့် လမ်းဆိုတော့ ဘယ်သူကများ ဒီ့ထက်ပိုစဉ်းစားနိုင်ကြမလဲလေ။ ဒီမြို့လေးမှာကလည်း အဟောင်းပြုပြင်ရောင်းဝယ်တာက သူ့တစ်ဆိုင်ပဲရှိတာကိုး။ ဘယ်သူက နယ်ကျော်ပြီး တခြားအပြင်ဆရာ ရှာပါတော့မလဲ။
  ရေခဲသေတ္တာတို့ အဲယားကွန်းတို့ဆိုတာကလည်း တစ်ခါပျက်တာနဲ့ အမှိုက်ပုံလွှင့်ပစ်ပြီး အသစ်နောက်ထပ်ဝယ်ရအောင်က ဒါ ဂျပန်ပြည်မှမဟုတ်တာ။ ဒီတော့ မြို့ကလေးက လူတော်တော်များများဟာ သူ့အဟောင်းဆိုင်လေးမှာ အလဲထပ်သံသရာလည်နေရတာပါပဲ။
xxxxxxxxx
  အမှန်တော့ ဒီမြို့လေးက သူ့ဇာတိတော့ဖြင့် မဟုတ်ပါ။ လွန်ခဲ့သည့်ဆယ်နှစ်လောက်ကမှ လင်မယားနှစ်ယောက်သား
မြို့ကလေးကို ရောက်လာပြီး အပြင်ဆိုင်လေးစဖွင့်ခဲ့ခြင်းဖြစ်၏။ နောက်ပိုင်း အပြင်ဆိုင်လေးအလုပ်ဖြစ်ကာမှ ဂျပန်မှာသုံးပြီးသားအဟောင်း လေးတွေပါ တွဲရောင်းလာခဲ့သည်။ တပည့်လေးငါးယောက် လက်သပ်မွေးထားပြီး နောက်ပိုင်းတော့ ဆိုင်မှာ သူကိုယ်တိုင်တောင် ပြင်တာ မတွေ့ရတော့။ ဘယ်ကဘယ်လို ထောသွားသည်မသိ။ ဟမ်းဖုန်းတစ်လုံးခါးချိတ်ပြီး ဂျစ်ကားတ၀ီဝီနှင့် ဂေါ့(ဖ်)ရိုက်ချည်းထွက်တော့၏။
  ယောက္ခမသေလို့ပဲ အမွေရသလိုလို..။ မိန်းမကပဲ အတွင်းပစ္စည်းတစ်ထုပ်ကြီး အမွေရလိုက်သလိုလို..။ ဟောင်ဖွာဟောင်ဖွာနှင့် လေလုံးထွားသလောက် မိန်းမတော့ ကြောက်ပုံရ၏။ ဆိုင်ကို ဘယ်တော့မှမလိုက်သည့်မိန်းမက သူ့ခါးကြားက ခလောက်ကိုလှမ်းဆွဲရင်ဖြင့် တန်းကနဲ အိမ်ပြန်ပြေးတတ်သည်။ ဒါကြောင့်လည်း တပည့်တွေက သူ့ခါးကြားကဟမ်းဖုန်းကို ခလောက်ဟု နာမည်ပြောင်ခေါ်ကြလေသည်။
     ' ဟေ့ကောင်တွေ လူပေါ်လူဇော်လုပ်တယ်ဆိုတာ သူများတကာထက် ဒါပိုပြေးမှ လုပ်လို့ရတာကွ...'
သူက သူ့ဦးခေါင်းကို လက်ညှိုးဖြင့် ဟန်ပါပါ တတောက်တောက်ညွှန်ပြရင်း ၀ီစကီကို ရေမရောပဲ တဂွပ်ဂွပ်နှင့် သောက်မြိုတတ်သူပါပေ။
    မတတ်သာလို့ ဆရာတော်ထားရပေမယ့် တပည့်တွေကလည်း ကွယ်တာနဲ့ ဆရာ့အတင်းတုတ်နေကျ။ ရှုံ့ချနေကျ။
     တစ်ခါကတော့ စားသောက်ဆိုင် ပိုင်ရှင်တစ်ယောက် အကြီးအကျယ်စိတ်ဆိုးပြီး ပေါက်ကွဲဖူးလေသည်။
မြို့ကလေးကသေးတော့ တစ်မြို့လုံးရှိသမျှ စားသောက်ဆိုင် လေးငါးဆိုင်စလုံး သူ့အပြောအရ သူ့အိတ်ထဲက ဖားတွေချည်းဆိုပါတော့။ နေ့စဉ်လုပ်ငန်းသုံးမို့ ရေခဲသေတ္တာတို့ ဒိဖရေဇာတို့ ပျက်သွားတိုင်း သူ့ကိုသာအားကိုးနေရသည်လေ။ အချိန်မစောင့်နိုင်တိုင်း သူကလည်း ပါးပါးရိတ်လိုက်၊ ထူထူလှီးလိုက်နှင့် ခွင်တည့်နေ၏။
   သို့ပေမယ့် လဲရသည့် အကြိမ်ပေါင်းကတော့ မနည်းလှ။ ဘာပဲဖြစ်ဖြစ် တစ်ခါလဲလျှင် ခြောက်လ၊ ခုနစ်လလောက်တော့ အသုံးခံသည်မို့ ' မဆိုးပါဘူးလေ...' ဆိုကာ ကြိတ်မှိတ်သည်းခံရသည်သာ။
ဒီတစ်ခါတော့ လဲပြီးကာစ တစ်လပင်မပြည့်သေးသော ရေခဲသေတ္တာက ပျက်သွားလို့ဆိုပြီး ပြန်ရောက်လာ၏။ သူကလည်း ခပ်အေးအေးပင်။ ' နောက်တစ်လုံးလဲယူသွား...၊ ပြင်ကြည့်ပေးမယ်...' ဆိုပြီး အလွယ်တကူပင် လဲပေးလိုက်သည်။ စားသောက်ဆိုင် ပိုင်ရှင်ကလည်း သူ့လုပ်ငန်းမပျက်ဘဲ လည်ပတ်နိုင်ဖို့နောက်တစ်လုံး ရောက်လာတော့ ကျေနပ်သည်ပေါ့။ အလိုက်ပေးပြီး လဲထားသည်ကလည်း
လတောင်မကျော်သေးဆိုတော့အပြင်ဆိုင်ကတာဝန်ယူ ပြင်ပေးလိမ့်မည်ဟု တွေးပြီး အေးအေးဆေးဆေးနေလိုက်သည်ပင်။ သည်လိုနှင့် တစ်လလောက်ကြာသွားတော့မှ...
     ' ခင်ဗျားဥစ္စာက ကွန်ပရက်ဇာ လောင်သွားတာပဲဗျ။ ကျုပ်တို့ကြိုးစားပြင်ပေးပေမယ့် မရတော့ဘူး...'
သူ ပထမအဆင့်ခင်းသော ဗျူဟာကို စားသောက်ဆိုင်ပိုင်ရှင်က မတုန်မလှုပ် အေးစက်စက်နှင့် မတုန့်ပြန်တော့နောက်တစ်ဆင့်ထပ်တက်ဖို့ သူပြင်ရပြီ။
     ' အဲဒီတော့ ခင်ဗျားက ဘယ်လိုဆန္ဒရှိလဲ။ အလုံးလိုက်လဲမလား။ ဆိုင်မှာပဲ ပြန်ပတ်မလား...'
  သူ ဒီလောက်ထိပြောနေတာတောင် စားသောက်ဆိုင်ပိုင်ရှင်က မြန်မာစကားမဟုတ်ပဲ တခြားဘာသာစကား တစ်ခုခုကြားရသလိုမျိုး နဝေတိမ်တောင် လုပ်နေသေး၏။
    ' သိပ်တော့မထူးဘူးဗျ။ ပြန်ပတ်ရင်လည်း ငါးသောင်းခြောက်သောင်းလောက်တော့ ကျမှာပဲ။ ခု ခင်ဗျားယူထားတဲ့ အလုံးကသုံးရတာ အိုကေတယ်မဟုတ်လား...'
     ' ခုထိတော့ အိုကေသားပဲ...'
  ' အဲဒါ အဘွားကြီးတစ်ယောက်က ရောင်းပေးဖို့ လာအပ်ထားတာ...။ အရေးပေါ်ငွေလိုလို့တဲ့၊ လောနေပြီဗျာ...'
စားသောက်ဆိုင်ပိုင်ရှင်က အရိပ်ပြတုန်းက အကောင်မမြင်ဘဲ အကောင်လိုက်ပြကာမှ ရိပ်မိလေတော့၏။
  ' ဟ..ခင်ဗျားဥစ္စာက လဲထားတာတစ်လတောင် မရှိသေးဘူးလေ။ ခင်ဗျားတာဝန်ယူ ပြင်ပေးရင်လည်းပြင်ပေး။ ဒါမှမဟုတ်လည်း
တခြားတစ်လုံးနဲ့ လဲပေးမှပေါ့....'
  ' ဟာဗျာ...မရှိလို့လုပ်စားကြသူ အချင်းချင်း ခင်ဗျားက လာနောက်နေပြန်ပြီ။ ကျုပ် ခင်ဗျားစိတ်ကြိုက်အလုံးကို စိတ်ကြိုက်အချိန်ယူပေးစမ်းပြီးမှ အလဲထပ်လုပ်ပေးထားတာ။ ငွေချေရတာ။ ခင်ဗျားဆီက မီးအ၀င်အထွက် မငြိမ်ရင်လည်းလောင်နိုင်တာပဲ။ ဆေ့ဖ်ဂတ်ရော ခံသုံးပါဆိုတာ လုပ်ရဲ့လားဗျ။ ခင်ဗျားတို့တွေက အဲဒါခက်တာပဲ...'
    သူက ပညာပါသည်။ ဖောရှောလောက်နဲ့မမိရင် ဟောက်စားပါ လုပ်တတ်သေး၏။ သို့ပေမယ့် သူ ဒီတစ်ခါရိုက်မည့်ဖားက ဖားပျံဖြစ်နေလေပြီ။
  စားသောက်ဆိုင်ပိုင်ရှင်က ဒေါသတကြီးအိမ်ပြန်သွားပြီး နောက်တစ်နေ့မှာ ယူထားသည့် ရေခဲသေတ္တာကို ပြန်ပို့ပေးလိုက်၏။ ထို့နောက် မြို့လေးမှငါးနာရီကြာ ကားစီးသွားရသော မြို့ကြီးတစ်မြို့မှာ ရေခဲသေတ္တာအသစ်စက်စက်တစ်လုံး နေ့ချင်းပြန်သွားဝယ်လာသည်။ ၀ယ်လာပြီး ဒီတိုင်းမပြီးသေး။ တစ်မြို့လုံးကို သတင်းဖြန့်၏။ ဘ၀တူ စားသောက်ဆိုင်တွေကို လက်တို့၏။
   ' ဈေးတွေကျနေတာများဗျာ။ ပေါချောင်ကောင်း ရေခဲသေတ္တာအသစ်စက်စက် တစ်လုံးမှ ဘယ်လောက်မှမပေးရဘူး။ ဘရမ်းနယူးဆိုတော့ သုံးပါလေ့ သုံး၊လေးနှစ်။ ဈေးကလည်းသက်သာတော့ တန်လိုက်တာမှ။ ပျက်သွားလည်း လွှင့်ပစ်လိုက်ဦး၊ တန်သေးတာပဲ။ အဟောင်းဆိုင်မှာ အရိပ်ခံမယ့်အစား ဒီလို အသစ်ဝယ်သုံးတာကမှ ငွေနည်းနည်းပိုရင်းထားရပေမယ့် သေချာတွက်ကြည့်ရင် ပိုကိုက်တယ်။ လူရေးလူစလည်း အညံ့မခံရတော့ဘူး။ နို့မို့ဆို သူ့ခွင်ထဲအပိတ်ခံနေရတာ လူညွန့်တုံးလှသဗျာ...'
မှန်တာပြောတော့ လူတွေက မျက်စေ့ပွင့်ကုန်၏။ ဟိုလူကလည်း သူ့အပေါ်ဘယ်လောက် နာကျည်းခံပြင်းစိတ် ပြင်းထန်သလဲတော့မသိ။ မြို့ကြီးမှကုမ္ပ္ပ္ပဏီနှင့်ဆက်သွယ်ကာ တီဗွီ၊ ရေခဲသေတ္တာ၊ အဲယားကွန်း ဆိုင်ခွဲတစ်ခုကို မြို့ကလေးမှာ ဖွင့်ပစ်လိုက်၏။
  သူ့အဟောင်းဆိုင်က သိသိသာသာ စီးပွားကျလာသည်။ ဒီကြားထဲ သူအားအထားရဆုံး တပည့်တစ်ယောက်ကလည်း အပြင်ဆိုင်တစ်ခုကို သူနှင့်စင်ပြိုင်ထောင်ကာ ဖွင့်လိုက်ပြန်သေး၏။ ထိုဆိုင်နောက်ကို သူ့တပည့်တော်တော်များများ ပါသွားတာမို့
သူကတော့ လက်ရုံးပြုတ်ရုံမက ခြေပါအချိုးခံရသူလို ဖြစ်သွားရသည်။
  သို့ပေမယ့် လေတော့မလျှော့သေး။ လာသမျှလူကိုပဲ အမိဖမ်းပြီးရိုက်နေတုန်း။ သူ့ခွင်အတော်များများကတော့ ပျက်ကုန်လေပြီ။ သူ့စိတ်ဓါတ်တွေလည်း ပျက်ပြားလာကာ ဂေါ့ဖ်ရိုက်ရတာပင် အရင်လိုမတက်ကြွတော့။ အရက်တွေချည်း ဖိသောက်နေမိတော့သည်။
xxxxxxx
    တစ်ရက်တော့ ခွင်ကောင်းကောင်းတစ်ခု..၊ ဟိုအရင် သူ့စကားနှင့်ပြောရလျှင်တော့ ဖားတစ်ကောင်ပေါ့။ သူ့ရှေ့မှောက်ကို ရောက်လာ၏။ ထုံးစံမပျက် သူကတော့ လေတစ်လုံးမိုးတစ်လုံးနှင့် ပစ်ထည့်ပြီး ခွင်ဆင်ထားလိုက်သည်သာ။
  ဖြစ်ချင်တော့ သူလဲထည့်ရမည့်ပစ္စည်း အဟောင်းတစ်ခုက သူ့တပည့်ဆိုင်မှာပိုနေလို့ ရောင်းမည့်ပစ္စည်းအဖြစ် သူသတင်းရထား၏။ ဒီပစ္စည်းကလည်း မြို့တက်ဝယ်ရမည့်အစား ဒီမှာပေါချောင်ကောင်း လွယ်လွယ်ရလျှင် သူ့အတွက်က မြိုးမြိုးမြက်မြက်ကျန်မည့် အနေအထား။
    ခက်နေတာက တပည့်ဟောင်းဆိုတော့ သူသိတ်မပတ်သက်ချင်။ သူ့ခွင်ကိုသိနေတော့ မရောင်းဘူးဆိုပြီး ညစ်လိုက်မှာကိုလည်း
စိုးရိမ်၏။ ဒါဆိုသွားဝယ်သည့် သူက သိက္ခာကျတော့မည်။ သို့ပေမယ့် သူ့စီးပွားကလည်း ယိမ်းယိုင်နေတာကြာပြီဆိုတော့ မိန်းမကလည်း မျက်နှာမသာယာတော့။ ဒီတစ်ခါ စို့စို့ပို့ပို့လေး အပ်နိုင်မယ်ဆိုရင် သူ့မိန်းမအပေါ် ဂုဏ်ဆယ်ပြီးသားလည်းဖြစ်၊ မမိတာကြာပြီဖြစ်တဲ့ ဖားကြီးကြီးတစ်ကောင်လောက် ရိုက်လိုက်ရမှလည်း သူ့စိတ် အာသာနည်းနည်းပြေပြီး နေသာထိုင်သာရှိလာမည် မဟုတ်လား။
  ရမည့်အကျိုးအမြတ်က များတာမို့ သူအားတင်းပြီး တပည့်ဆီရောက်သွားတော့ တပည့်က ဖော်ဖော်ရွေရွေပင် ဆီးကြိုသည်။
ပစ္စည်းအကြောင်းစုံစမ်းတော့....
  ' ဟာ ကိုယ့်ဆရာသမားပဲဗျာ။ ကူညီရမှာပေါ့။ ကျွန်တော့်မှာလည်း ပိုနေတဲ့ပစ္စည်းပါ။ ပိုက်ဆံလည်းတစ်ပြားမှ ပေးစရာမလိုပါဘူး။ ဆရာ့ကျေးဇူးတွေ ကျွန်တော့်မှာအများကြီးရှိပါတယ်...'
    မထင်မှတ်သည့် ဆက်ဆံရေးနှင့် မမျှော်လင့်သော လိုက်လျောမှုကြောင့် သူဝမ်းသာလုံးဆို့သွားရ၏။ ဒီလိုဆိုတော့လည်း တပည့်တွေ လက်သပ်မွေးခဲ့ရတာ တယ်..အကျိုးရှိပါလား...လို့ တွေးကာ ကျေနပ်ပီတိဖြစ်လို့မှ မဆုံးခင်... သူ့တပည့် ဆက်ပြောလိုက်သောစကားကြောင့် သူ တံတွေးနင်သွားရ၏။
  ' ဆရာ့ကိုလည်း ကြုံတုန်း အကူအညီလေးတစ်ခုတော့ တောင်းပါရစေဆရာ။ ကျွန်တော်လိုနေတဲ့ပစ္စည်းလေးတစ်ခု ဆရာ့ဆီမှာ ပိုနေတယ်လို့ သတင်းရထားတာ။ အဲဒါလေးတော့ ဆရာ့တပည့်ကို ဆရာ ပြန်ကူညီပါဦးနော်...'
  ဒီကောင်တောင်းလိုက်သည့် ပစ္စည်းက ဒီလောကမှာ ပေါပေါလောလောပစ္စည်းမဟုတ်။ အလွယ်တကူရှာမရသည့် ရှားပါးပစ္စည်း။ တန်ကြေးနှင့်တွက်ကြည့်လျှင် ခု သူရမည့်အကျိုးအမြတ်နှင့် မတိမ်းမယိမ်း။ ပွတ်ကာသီကာပဲ သူ့မှာ ကျန်တော့မည့် အခြေအနေ။
    ခက်တာက ဒီကောင်က သူလိုတာကို အလကားပေးမည်ဆိုထားတော့ သူကရော ဒီကောင်လိုတဲ့ပစ္စည်းကို ပိုက်ဆံတောင်းလို့ရဦးမည်လား။
    သူ စိတ်ကသိကအောင့်နှင့် ဘာပြောရကောင်းမလဲတွေးကာ ဒီကောင့်မျက်နှာကို မော့ကြည့်လိုက်တော့မှ ရင်ထဲပိုအောင့်သွားရ၏။
      ဒီကောင့်စကားသံက ချိုသာယဉ်ကျေးနေခဲ့ပါ၏။ ဆက်ဆံရေးကလည်း နွေးထွေးလိုက်လျောနေခဲ့ပါ၏။
    သို့ပေမယ့် ဒီကောင့်မျက်နှာပေးနှင့် နှုတ်ခမ်းပေါ်တွဲလွဲခိုနေသော အပြုံးကတော့ သူ့အရင်က အပြုံးမျိုး...။ ဖားတွေ အိတ်ထဲက ထုတ်ထုတ်ရိုက်ခဲ့တုန်းက သူ့မျက်နှာပေးမျိုး..။
    သူ အခံရခက်စွာ အံတစ်ချက်ကြိတ်လိုက်မိသည်။ သို့ပေမယ့် သူ ဘာများတတ်နိုင်ပါဦးမည်နည်း။
    ဒီကောင်က သူ့တပည့် အရင်းခေါက်ခေါက်လေ။
xxxxxxxx

ဝေ (စီးပွားရေးတက္ကသိုလ်)
ရနံ့သစ်မဂ္ဂဇင်း...ဖေဖော်ဝါရီ၊ ၂၀၁၁

ဒီတစ်နေ့တော့....




ဒီတစ်နေ့တော့....
ပစ္စုပ္ပါန်တည့်တည့်မှာ
တစ်ရက်လောက်နေပါရစေ။

အတိတ်က ခြေရာ...
ကျေစရာမရှိတာ ပြန်မတွေးချင်ပါနဲ့
ပြေစရာရှိတာ ခဏဖြေချထားပါရစေ
ရှေ့လျှောက်မယ့်လမ်းတွေ
အရိပ်ထောက်မှာစိုးလှပါတယ်။

အနာဂါတ် ကောင်းကင်ပြင်ကိုလည်း
အလှပဆုံး ဆေးခြယ်ချင်ရင်ဖြင့်
လောလောဆယ် ပလိန်း(အလွတ်)ထားပါရစေ။
အောက်ခံအရောင်ရှင်းမှ
ဆွဲသမျှ ဆေးရောင်လွင်လွင်
ကြည်စင်မယ်မဟုတ်လား။

ဒါကြောင့်မို့...
ဒီတစ်နေ့တော့
ပစ္စုပ္ပါန်တည့်တည့်မှာ
တစ်ရက်လောက် ကြည်ကြည်လင်လင် ပြုံးပါရစေ။

ဝေ
13.1.2012

ကြည်နူးမျက်ရည်






မျက်ရည်ဆိုတာ...

ဝမ်းနည်းမှုတစ်ခုတည်းအတွက်
အထိမ်းအမှတ် မဟုတ်ပါဘူး
ခံပြင်းလွန်းတဲ့ အခါ...
ဒေါသထွက်တဲ့ အခါ...
စိတ်လှုပ်ရှားလွန်းတဲ့ အခါ...
ကြောက်လန့်အားငယ်မိတဲ့ အခါ...
အခါများစွာမှာ
မျက်ရည်သင်္ကေတ စိုက်ထူဖူး။

အမေ့ရဲ့ မျက်ရည်
ပါးထက်မှာစိုတာ ကြာပြီပေါ့
သားအပြန်ကို မျှော်ရင်းနဲ့...။
အဖေ့ရဲ့ မျက်ရည်
အံတင်းခံခဲ့တာ နှစ်ရှည်ပေါ့
သမီးအတွက် မချိတဲ့ရင်နဲ့...။
ချစ်သူရဲ့ မျက်ရည်
စောင့်မျှော်မောရတာ ကမ္ဘာချီပေါ့
ယုံကြည်မိသူရဲ့ တမ်းမက်ခြင်းနဲ့...။
ပြည်သူတွေ မျက်ရည်
ပင်လယ်လျှံခဲ့တာ အလီလီပေါ့
ငြိမ်းချမ်းရေးအတွက် အားတင်းရင်းနဲ့....။

ဖြုန်းဆို...
မျက်ရည်သုတ်မယ့် လက်တစ်စုံ
မေတ္တာတော် အဟုန်နဲ့
နှလုံးသားတွေကို စာနာပေးခဲ့....

ခုတော့...
အပြုံးပန်း တဝေေ၀
ပါးမို့မို့ထက်တွေမှာ
တလက်လက် ကျက်သရေပြည့်စုံစွာနဲ့
တလိမ့်လိမ့်စီးလာပြန်တာက...
ကြည်နူးမျက်ရည်။

ဝေ
13-1-2012

သံတူကြောင်းကွဲ ချစ်ခြင်းလင်္ကာ

      

            ရုတ်တရက် အတွင်းဒဏ်ရာတစ်ခုမှ သွေးစိမ့်လွန်သူတစ်ယောက်လို အားဆုတ်နုံးခွေသွားရ၏။ စိုးရွံ့ခြောက်လှန့်နေခဲ့သော အချိန်ကာလတစ်ခုသည် ကျွန်မနောက်ကျောနားမှာ ခြေသံလုံစွာ ကပ်နေခဲ့ပြီလား။
            ကျွန်မကတော့ တစ်စိုးတစ်စိမျှပင် မရိပ်မိလေခဲ့။ သမီးကပဲ ပိရိလွန်းလေသလား။
ကျွန်မကပဲ အယုံလွန်ခဲ့လေသလား။ သေချာ ပြန်စဉ်းစားလည်း သမီးအပေါ်မှာ သံသယဝင်စရာ မြူတစ်မှုန်စာလေးပင် မမြင်မိပါ။ သို့ပေမယ့် ဒီအသက်ဒီအရွယ်နှင့် မိဘကိုလိမ်လည် လှည့်စားပြီး ကျူရှင်ပျက်ရသည့် အကြောင်းရင်းက ဘာဖြစ်နိုင်မလဲ။ ကျွန်မ မတွေးဝံ့ဝံ့ တွေးကြည့်မိသည်။
            ကျူရှင်ရှေ့အရောက်ပို့ပေးခဲ့ပြီး အမေပြန်သွားကာမှ ဘယ်သူနှင့် ဘယ်ကိုထွက်သွားလို့ စာသင်ခန်းထဲ မရောက်ရသနည်း။ ဆရာမက ကျူရှင်ပျက်ရက်များလာ၍ ဖုန်းဆက်တိုင်လေပြီ။
             ကျွန်မကတော့ သမီးတို့ခေတ်က ကျွန်မတို့ခေတ်ထက် အရွယ်ရောက်ကြီးပြင်းတာ ပိုလျင်မြန်သည်ဟု ထင်မြင်တာကြောင့် ငယ်သေးပေမယ့် သမီးကိုတစ်ချက်ကလေးမှ အလစ်မပေးခဲ့ပါ။ သမီးတို့က ကျွန်မတို့လို လမ်းထဲမှာ ခွက်ပေါက်တမ်း၊ ထုတ်ဆီးတိုးတမ်း ကစားသည့်ခေတ် မဟုတ်တော့။ ကွန်ပျူတာဂိမ်းတွေ ခေတ်စားကုန်ပြီ။
            ဟော....ကွန်ပျူတာဂိမ်းဆိုကာမှ ကျွန်မ ဆတ်ကနဲခေါင်းမတ်သွားရ၏။ သမီးက မိန်းကလေးဆိုပေမယ့် ကွန်ပျူတာဂိမ်းတော့ တော်တော်စွဲလန်းသူဖြစ်သည်။ အိမ်မှာဆိုလျှင် ကန့်သတ်ချိန်နှင့်သာ ပေးဆော့သည်မို့ သူ ဘယ်တော့မှ မတင်းတိမ်တတ်။
            သေချာပြီ။ သမီးတို့ကျူရှင်ဘေးမှာက ကွန်ပျူတာဆိုင်လေးတစ်ဆိုင် ရှိသည်လေ။ သမီးရဲ့လှည့်ကွက်ကို ကျွန်မ မိခဲ့သည်ပေါ့။ ကျွန်မက ကျူရှင်အိမ်ရှေ့ပို့ပေးပြီး ပြန်သည်နှင့် သမီးက ကွန်ပျူတာဆိုင်ထဲ အသာလျှိုဝင်လိုက်ပေလိမ့်မည်။ ကျူရှင်ဆင်းပြီး ဆရာမပြန်ကာမှ ကွန်ပျူတာဆိုင်မှထွက်ကာ ကျူရှင်နှင့်ဆိုင်ကြားမှာ ခပ်တည်တည်ရပ်နေတော့ ကျွန်မကလည်း ကျူရှင်ဆင်းလာသည်ပဲ ထင်သည်ပေါ့။
            ကောင်းလေစွ။ ကျွန်မကတော့ ဝဋ်လည်လေပြီထင်သည်။
           မှတ်မှတ်ရရ ကျွန်မငယ်စဉ်ရှစ်တန်းနှစ်က ဝတ္တုခိုးဖတ်ဖူးလေပြီ။ကျောင်းစာအုပ်ကြားမှာ အချစ်ဝတ္တုညှပ်ကာ ညဥ့်နက်သန်းကောင်ထိ စာကျက်ချင်ယောင်ဆောင်နေ၏။ ဖေဖေနှင့်မေမေကတော့ သူတို့သမီးလေး စာကြိုးစားလှချည့်ဆိုကာ ပီတိတွေ ဝေနေကြသည်။ အချိန်တန်တော့ စာအလွန်တော်သည့်ကျွန်မက အစမ်းစာမေးပွဲမှာ ကျတော့၏။
           မိဘတွေက မဆူရက်ပါ။ အိပ်ရေးအပျက်ခံလွန်း၍ဆိုကာ ဖြေသိမ့်စကား ဆိုကြသည်။ ကျွန်မကတော့ ငိုပွဲဆင်လို့မဆုံး။
သို့ပေမယ့် ကျွန်မဝတ္တုခိုးဖတ်တာကိုတော့ ဘယ်သူမှမရိပ်မိခင် ကျွန်မဖာသာ ပြုပြင်ခဲ့ပါသည်။
            သမီးကရော ကျွန်မလိုအသိဥာဏ်မှ ရှိပါ့မလား။ သူ့ဖာသာသူရော ပြင်တတ်ပါ့မလား။
ဘယ်လောက် အထိနာပြီးမှ ပြုပြင်သင့်ပြီလို့ လန့်ဖျတ်လာပါ့မလဲ။ ပြိုင်ဖက်တွေကြားမှာ နှောင်းနောင်တကို ပိုက်ပွေ့ပြီး လောင်ကျွမ်းညှိုးနွမ်းနေမည့် သမီးကိုလည်း ကျွန်မ မမြင်ရက်ပါ။
            သို့ဖြင့် ကွန်ပျူတာဆိုင်ကို တိတ်တဆိတ်စုံစမ်းကြည့်တော့ သမီးက ဂိမ်းတင်မကပဲ အင်တာနက်မှာ ချက်တင်ဝင်နေသတဲ့။  ခုခေတ်ကလေးတွေ အလွန်စွဲကြသည့်ကိစ္စမို့ ကျွန်မတို့နှစ်ယောက်သား ဘယ်လိုလုပ်ရမလဲ အပူတပြင်းတိုင်ပင်ရပြီ။အဖိုးနှင့်အဖွားလည်း မနေနိုင်။
            ' ညည်းငယ်ငယ်က ဝတ္တုခိုးဖတ်တဲ့ကိစ္စ၊ တို့မသိဘူးထင်ရင် ညည်းမှားတာပေါ့အေ...'
            တစ်သက်လုံး ဖုံးကွယ်နိုင်ခဲ့ပြီလို့ ထင်ထားသည့်ကိစ္စကို အမေက ဖွင့်ချလိုက်တော့ ကျွန်မအံ့သြသွားရသည်။
            ' အမေနဲ့အဖေ ဘယ်လောက်စိတ်ညစ်ခဲ့ရသလဲ။ ဘယ်လောက်ကြံရာမရ ဖြစ်ခဲ့ရသလဲ။ နောက်ဆုံး သမီးဆရာမဆီ သွားပြီး
             သမီးကို စာမေးပွဲချဖို့ တိုင်ပင်ရတာပေါ့။ အမေတို့က မချခိုင်းလည်း သမီးအမှတ်တွေက ကျမတတ်နည်းနေတာပါ...'
            ကျွန်မဖြင့် အံ့သြရလွန်းလို့ ဘာပြောရမှန်းပင်မသိတော့။ အဖေနှင့်အမေ အဲဒီ့လောက်လှုပ်ခတ်ခဲ့ရမှန်း ကျွန်မကတော့ မသိခဲ့ပါ။
ကျွန်မမှတ်မိသလောက်ကတော့ ရှစ်တန်းနွေရာသီမှာ ဖေဖေကိုယ်တိုင် ကျွန်မအတွက် စာအုပ်စင်လုပ်ပေးကာ စာအုပ်တွေတပုံကြီး ဝယ်ပေးခဲ့ သည်။ ဇိနတ္တပကာသနီကျမ်း၊ ညီတော်အာနန္ဒာမှတ်တမ်း၊ မှန်နန်းရာဇဝင်နှင့် ဝတ္တုတွေထဲက သူလိုလူအပါအဝင် စာအုပ်များ....။
            သို့ပေမယ့် ကျွန်မသမီးကိုတော့ ကျွန်မတုန်းကလိုနည်းလမ်း သုံးလို့မဖြစ်နိုင်ပါ။ ခေတ်တွေကလည်း ပြောင်းကုန်ပြီလေ။
            ' ဘာမှစိတ်ညစ်မနေနဲ့ မိကေရေ။ အိမ်ကကွန်ပျူတာမှာ အင်တာနက်ချိတ်ပေးလိုက်ပြီး အချိန်နဲ့ပေးဆော့လိုက်။
             အရင်ခေတ်ကလို အခြေအနေကို စောင့်ကြည့်နေဖို့အချိန်မရဘူး။ ခုခေတ်က မြန်တယ်။ ဝင်ပူးပြီး ထိန်းမှဖြစ်မှာ....'
            ထူပူနေသည့် ကျွန်မတို့လင်မယားကတော့ ဖေဖေ့အကြံကိုဘဲ စမ်းသပ်ကြည့်ရတော့မှာပေါ့။
                                                     xxxxxxxx
            ဟိုးအရင်..၊ မိဘတွေမျှော်လင့်ချက်ကို ရိုက်ချိုးမိစဉ်တုန်းက ကျွန်မကိုယ်ကျွန်မ အပြစ်ကြီးလှသည်ဟု မထင်ခဲ့မိပါ။
ကျွန်မသမီးလေး အလှည့်ကျကာမှ တစ်ဦးတည်းသောသမီးလေးမို့ မျှော်လင့်ချက်တွေ မိုးပျံတိုက်ဆောက်မိ၏။
            သမီး စာဖတ်တတ်စကတည်းက အသိပညာတိုးမည့် ကာတွန်းစာစောင်မျိုးစုံ ဝယ်ပေးခဲ့သည်။ ပန်းချီဦးဘကြည် ရေးဆွဲသည့် ဇာတ်တော်ကြီးဆယ်ဘွဲ့ကို ကိုယ်တိုင်ဖတ်ပြပြီး သမီးလေးမေးသမျှ အချိန်ပေးရှင်းပြရ၏။ အလယ်တန်းလောက်ရောက်လာတော့
ကျွန်မစာအုပ်စင်မှ ကောင်းနိုးရာရာစာအုပ်များကို ကိုယ်တိုင်ရွေးပေးခဲ့သည်။ သမီးနှင့်လိုက်ဖက်မည့် သုတရသ စာများ...၊ ကဗျာများ...။
သို့ပေမယ့် အချစ်ဦးစားပေး မိုက်ရူးရဲဝတ္တုများ မပါခဲ့ပါ။ ဒီကြားထဲကမှ သမီးက အမေ့ထက်တစ်လကြီးလေသည်။
           ' မေမေရေ....ဒီမှာကြည့်စမ်း။ သမီးရဲ့ကဗျာလေး မဂ္ဂဇင်းထဲ ပါလာပြီ...'
          အပျော်ကိုမဖုံးဖိနိုင်သည့်သမီးက မြူးထူးခုန်ပေါက်နေသလောက် သမီးပြသည့်စာအုပ်ကိုကိုင်ထားရင်း ကျွန်မက ရင်တွေတလှပ်လှပ် တုန်နေခဲ့ရပြီ။ အဲဒါ..သမီးရေးတဲ့ကဗျာလား။ အချစ်အကြောင်း ဘယ်လောက်သိလို့မို့ အချစ်ကဗျာကို သမီးက ရေးတတ်ခဲ့သည်တဲ့လဲ။
            ကျောင်းအကြိုအပို့ကလည်း အဖေနှင့်အမေ...။ ဆယ်တန်းနှစ် အရေးကြီးသည်မို့ ကျူရှင်အားလုံး အိမ်ပြင်မထွက်ရလေအောင် စီစဉ်ပေးခဲ့သည်။ သမီးအတွက် အချိန်ပြည့် ဂိုက်ကလည်း ကျွန်မကိုယ်တိုင်...။ ညဖက် သမီးစာကျက်ပြီး အိပ်ပျော်သည်အထိ ကျွန်မက သမီးကိုသိပ်ပြီးမှ ကိုယ့်အခန်းကိုယ်ပြန်သူ...။ သမီးမှာ တစ်ယောက်တည်းနေရချိန်က မရှိသလောက်ရှားလှ၏။
            ခုတော့...ရှားရှားပါးပါး ညတစ်ရေးနိုး ထရေးထားသည့်ကဗျာလေးက မဂ္ဂဇင်းမှာပါလာသတဲ့။  ဒီလိုဆိုတော့ သမီးရဲ့သွေးက စကားပြောလေပြီထင်သည်။ သူ့အမေ၏အနုပညာပိုးတွေက သမီးလေးဆီ စီးဆင်း မျောပါသွားခဲ့ပြီလား။
                      ကျွန်မငယ်ငယ်ကလည်း ဒီလိုဆယ်တန်းနှစ်မှာပဲ ကဗျာတွေအများကြီးရေးဖြစ်ခဲ့၏။ မဂ္ဂဇင်းကိုပို့ဖို့တော့ စိတ်ကူးလည်းမရခဲ့။ မဂ္ဂဇင်းစာမျက်နှာထက် ဝတ္တုတစ်ပုဒ်စပါလာတော့ အသက်နှစ်ဆယ်ပင်ရှိခဲ့ပြီ။ သမီးကတော့ အီးမေးလ် ကနေ စမ်းပို့ကြည့်လိုက်တာတဲ့။ အမေ့ထက်တောင် လက်စောင်းထက်သည့် သမီးပါလား။ ဆယ့်ငါးနှစ်နှင့် မဂ္ဂဇင်းစာမျက်နှာပေါ် တက်လေပြီ။
           ကျွန်မမှာ တားလည်းမတားရက်။ အားလည်းမပေးနိုင်...။ ဆယ်တန်းနှစ်မို့ တစ်သက်လုံးစာတော်ခဲ့သည့် ရည်ရွယ်ချက်ကြီးခဲ့ရှာသည့် သမီးလေး ခြေခေါက်လဲမှာ စိုးလှသည်။
           ကျွန်မငယ်စဉ်က မောင်နှမသုံးယောက်ထဲမှာ အကြီးဆုံးလည်းဖြစ်၊ဥာဏ်လည်းထက်မြက်သည်မို့ မိဘတွေက သူတို့အရိုက်အရာကိုဆက်ခံမည့် ဆရာဝန်မကြီးဖြစ်ဖို့ ဂိုက်လိုင်းချပေးခဲ့သည်။ ငယ်စဉ်ကတည်းက အစပျိုးရင့်သန်ခဲ့သည့် ရည်မှန်းချက်၊ စိတ်ကူးအိပ်မက်တွေကို ကျွန်မက အလွယ်တကူ လွှတ်ချခဲ့သည်တော့မဟုတ်ပါ။
           လူရယ်လို့သိတတ်စကတည်းက ဆရာဝန်မိဘနှစ်ပါး၏ ဆေးခန်းထဲမှ ဆေးနံ့များ၊ ဆေးထိုးပိုက်များ၊ အရက်ပျံ၊ ကတ်ကြေး၊ နားကြပ်များနှင့် ယဉ်ပါးရင်းနှီးလာခဲ့သူဆိုတော့...' သမီးကြီးရင် ဘာလုပ်မလဲ...' ဟု မေးလာလျှင်... ' ဆရာဝန်မကြီး လုပ်မယ်...' ဆိုသည့် အဖြေကလွဲပြီး တခြားရော ရှိဦးမည်လား။
           ဖေဖေနှင့်မေမေကို အားကိုးလေးစားကြသည့် လူနာများ၊ ရောဂါပျောက်ကင်းသွား၍ အသက်သခင်ဆိုပြီး ကျေးဇူးတင်ကြသည့် လူနာများကိုမြင်နေရတော့ ကလေးဘဝကတည်းက အသားကျနေခဲ့သော ဆန္ဒတစ်ခုက ဝါသနာနှင့် လေးစားအားကျမှုပေါင်းကာ ရင့်သန်လာ ခဲ့သည်။ မူလတန်း၊ အလယ်တန်းတစ်လျှောက် စာတွေကြိုးစားသင်ယူခဲ့၏။ အတန်းထဲမှာ အတော်ဆုံး၊ မိဘတွေက အားအထားဆုံး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအရှိဆုံး...။ အနာဂါတ်အိပ်မက်တွေက တလူလူလွင့်ပျံလို့ပေါ့။
           သို့ပေမယ့် ရှစ်တန်းနှစ်ရောက်ကာမှ အချစ်ဝတ္တုတွေဖတ်ပြီး နှလုံးသားလေးယိမ်းထိုးလာခဲ့သည်။ ဆယ်တန်းတက်သည့်နှစ်မှာတော့ ကဗျာဆရာလေး မောင်နှင့်တွဲမိပြီး ကဗျာတွေအပြန်အလှန်ရေးကာ ငယ်အိပ်မက်လေး ဇောက်ထိုးပြောင်းပြန် ဖြစ်သွားလေသည်။
          တကယ်တမ်း အနုပညာမှာလည်း ဟုတ်တိပတ်တိ နေရာမရခဲ့သလို ပညာရေးမှာလည်း သာမန်ဘွဲ့လေးတစ်ခုထက် မပိုခဲ့။
           သမီးကိုတော့ ဒီလို မဖြစ်စေချင်ပါ။ ကျွန်မတုန်းက မပြည့်ဝခဲ့ရသည့် မိဘတွေမျှော်လင့်ချက်ကိုလည်း မြေးမလေးအလှည့်မှာ
အကြွေးပြန်ဆပ်ချင်ခဲ့သည်ကရော ကျွန်မ အတ္တကြီးလွန်းနေသည်လား။ ကိုယ်တိုင်တောင် မလုပ်နိုင်ခဲ့ဘဲနှင့် ကလေးကို ပင်ပန်းစေပြီလား။
           ' သမီးက ဖိုးဖိုးနဲ့ဖွားဖွားလို ဆရာဝန်မကြီးလုပ်မှာ မဟုတ်လား။ ဆရာဝန်ဆိုတာ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့အလုပ် သမီးရဲ့။
            သမီးဆရာဝန်ဖြစ်မှ ရောဂါထူတဲ့ မေမေလည်း အသက်ရှည်ရှည်နေရမှာ....'
           သမီးငယ်ငယ်ကတည်းက ကျွန်မရိုက်သွင်းပေးခဲ့သည့် စကားလုံးများ..။ သမီးဆီသို့ ကျွန်မဆီမှမျောပါသွားခဲ့သော ကဗျာပိုးများ..။
ကျွန်မကဲ့သို့ မိဘမသိအောင် လွင့်ပျံနေမည့် စိတ်ကူးအတွေးများ...။
           ထိန်းမတ်ပဲ့ပြင်ဖို့ရာ အပြောလွယ်သလောက် ကိုင်တွယ်ဖြေရှင်းရန်မှာ သိမ်မွေ့နက်နဲလှပါသည်။
                                                xxxxxxxx
           နားကြပ်တစ်ဖက်နှင့် စာရေးခဲ့သည့် ဆရာမကြီးကြည်အေးကို သမီးက လေးစား၏။ ဆေးထိုးအပ်ကိုင်ရင်း ကလောင်ထက်သည့် ဆရာမဂျူးကို သမီးကအားကျ၏။ သမီးဝေယျာဝစ္စနှင့် ဗျာများရင်း စာဆက်မရေးနိုင်သည့် ကျွန်မအဖြစ်ကို သမီးကသဘောမကျ။
           သည်လိုနှင့် သမီးလေး မဂ္ဂဇင်းမှာ ဝတ္တုတိုလေးတွေ၊ကဗျာလေးတွေ ကြိုကြားကြိုကြားပါရင်း ဆရာဝန်မကြီးဖြစ်လာတော့မှ ကျွန်မ လည်း ပင့်သက်မောကို အသာချရပါတော့သည်။သမီးက ကျွန်မထက် အများကြီးလိမ္မာလှသည်။ အချစ်ကဗျာတွေ၊ အချစ်ဝတ္တုတွေ ရေးပေမယ့် ချစ်သူရည်းစား မရှိရှာသေး။ တက္ကသိုလ်တစ်လျှောက်လုံးလည်း ချစ်ခွင့်ပန်သူတွေ အများအပြားရှိခဲ့ပေမယ့် တစ်ယောက်မှ မေတ္တာမတုန့်ပြန်ခဲ့။ အမေကို သူငယ်ချင်းပေါင်း ပေါင်းပြီး အားလုံးဖွင့်ဟတိုင်ပင်တော့ ကျွန်မပင် တည်ငြိမ်လွန်းသည့် သမီးနှလုံးသားကို အံ့သြရ၏။
           ဆရာဝန်ဖြစ်လာသည်အထိ အကြိုက်မတွေ့ပြန်တော့လည်း မအေပီပီ စိတ်ပူရပြန်ပြီ။ တစ်ဦးတည်းသောသမီးမို့ အတ္တကြီးမှာစိုး၍ ငယ်စဉ်ကတည်းက သတိထားသွန်သင်ခဲ့ပါသည်။ သမီးမှာ တစ်ကိုယ်ကောင်းစိတ် မများတာတော့ သေချာ၏။ မွေးချင်းအဖော် မရှိသူတို့ ထုံးစံအတိုင်း မိဘကို အခင်တွယ်လွန်မှာစိုး၍လည်း အမှီသိတ်မခံခဲ့။ ငယ်ငယ်ကတည်းက သမီးအရိပ်သာ ကျွန်မကဖြစ်ခဲ့ပေမယ့်
အမေ့အရိပ်တော့ သမီးကို မဖြစ်စေခဲ့ပါ။ သမီးက စိတ်ထားနူးညံ့သော်လည်း စိတ်ဓာတ်ပျော့ညံ့သူတော့ မဟုတ်။
           ဒါဖြင့် တကယ်ပဲ ဖူးစာရှင်မဆုံသေးတာ ဖြစ်မည်ပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မသမီးလေး အိမ်ထောင်ပြုမစောတော့ မိဘရင်ခွင်ထဲ ကြာကြာထွေးပွေ့ခွင့်ရသည် မဟုတ်လား။
           သို့ပေမယ့် ထူးခြားသော အပြောင်းအလဲတစ်ခုက တစ်နေ့တော့ ရောက်လာခဲ့ပါသည်။
           ' ဒီနေ့ စကာင်္ပူကနှလုံးအထူးကုအဖွဲ့ ရောက်လာကြတယ်မေမေ။ အဲဒီထဲမှာ မြန်မာတစ်ယောက်လည်းပါလာတယ်....'
           တကယ်တမ်း သမီးနှလုံးသားကို လှုပ်ခတ်စေနိုင်သူ ပေါ်လာချိန်မှာတော့ ဂုဏ်ရည်လည်းတူပါ၏။ ရည်မွန်ယဉ်ကျေးသူလည်းဖြစ်ပါ၏။ ရိုးသားထက်မြက်သူလည်း မှန်ပါ၏။ နေနဲ့လ၊ ရွှေနဲ့မြပမာ သမီးနှင့်လည်း လိုက်ဖက်လှပါ၏။ သို့ပေမယ့်....
           ' မောင်တို့တုန်းက ယောက္ခမကြီးပေါက်ကွဲသလို သမက်လောင်းကို ရေနွေးပူနဲ့ ထွက်ပက်မယ်လို့ ကြိမ်းမောင်းလို့လည်းမရ။
            ဒီကောင်နဲ့ယူရဲယူကြည့် အမွေဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်ခွင့်လည်းမရ။ ဒီခံစားချက်ကလည်း ဆိုးတာပါပဲလားအမေကြီးရေ..'
သမီးဖေဖေကလည်း ခုမှ ယောက္ခမကြီးခံစားချက်ကို ကိုယ်ချင်းစာတတ်ပုံရပြီး မျက်ရည်လဲ့မျက်ဝန်းနှင့် ရယ်မောဟန်ဆောင်ကာ ငြီးငြူရှာ၏။
           ကျွန်မတို့နှစ်ယောက် ချစ်သူဖြစ်တော့ ဆယ်တန်းနှစ်မို့ ရည်ရွယ်ချက်ကြီးရှာသည့် သူတို့သမီးအတွက် အဖျက်အမှောင့်ဝင်ပြီဟု ဖေဖေနှင့်မေမေက မောင့်ကိုအကြီးအကျယ်စိတ်ဆိုးခဲ့သည်။ ဆေးရုံတာဝန်တစ်ဖက်နှင့်မို့ ကျွန်မကိုဘယ်တုန်းကမှ ကျောင်းလိုက်မပို့ဖူးသည့် ဖေဖေက အကြိုအပို့လုပ်လာတော့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးရကောင်းလားဆိုပြီး ကျွန်မက စိတ်ကောက်ခဲ့မိသေး၏။
           အငယ်ဆုံးသားက ကျန်းမာရေးချူချာလှသည်မို့ စာတော်လိမ္မာသည့်ကျွန်မကို ဘယ်တုန်းကမှ စာမပြဖူးသည့်မေမေက စာကြည့်စားပွဲမှာ ညဥ့်နက်သည်အထိ လာစောင့်ပေးတော့လည်း ကျွန်မက ချုပ်ချယ်လွန်းလှချည့်ဆိုပြီး စိတ်ခုခဲ့မိပြန်သည်။
           ဒါကြောင့်လည်း သမီးလေးအရွယ်ရောက်လာတော့ ကျွန်မတို့လင်မယား ဝဋ်လည်မှာ ကြောက်လာသည်လေ။ ကိုယ်တိုင် မိဘဖြစ်လာမှ မိဘတွေ၏ရင်တွင်းခံစားချက်ကို နားလည်လာပါသည်။ ကိုယ့်လိုဖြစ်မှာစိုး၍ ငယ်ငယ်ကတည်းက သမီးနှင့်ပူးကာ သူငယ်ချင်းပေါင်း ပေါင်းခဲ့၏။ သမီးအဖေကလည်း အိမ်ဆောက်တော့ သမီးအတွက် အန္တရာယ်ကြိုရှောင်သည့်အနေဖြင့် ဝရံတာမထုတ်ခဲ့။ ဝရံတာသိတ်ကြိုက်သည့်ကျွန်မနှင့် ဝရံတာမှာ အပေါ်အောက်စကားပြောခဲ့ကြသည့် အချစ်ဇာတ်လမ်းကို သူလည်း ခုတော့ ဝဋ်လည်မှာကြောက်လေပြီ။
           သို့ပေမယ့် ဝဋ်က အဲဒီအချိန်တုန်းက မလည်ခဲ့ပါ။ သမီးက ကျွန်မထက် လိမ္မာပါသည်။
           ကျွန်မ မောင်နှင့်လိုက်ပြေးတော့ အသက်နှစ်ဆယ်ကျော်ကာစပဲ ရှိပါသေးသည်။ ဘွဲ့လွန်တက်နေသည်မို့ ကျောင်းပြီးကာနီး တစ်နှစ် အလိုလောက်မှာဖြစ်၏။ အမှန်က မိဘတွေသဘောမတူဘဲ  ခိုးပြေးဖို့ စိတ်ကူးမရှိခဲ့ပါ။ ဘွဲ့ကိုယ်စီရအောင်ယူပြီး အလုပ်အကိုင် အတည်တကျ ဖြစ်ကာမှ လက်တွဲကြဖို့ စိတ်ကူးကိုယ်စီနှင့်ပါ။ သို့ပေမယ့် သူ ငယ်ငယ်က ဂျစ်တူးတူးနှင့် လူကြီးတွေ မျက်စေ့ဆံပင်မွေးစူးစရာ ပုံစံဖြစ်၏။ ကျွန်မအသိုင်းအဝိုင်းက သူနှင့်ကျွန်မကို ခါးခါးသီးသီး သဘောမတူပါ။ ပြင်းပြင်းထန်ထန် ကန့်ကွက်ပိတ်ပင်ခဲ့ပါသည်။
           အဖေနှင့်အမေက မျက်ရည်လေးတစမ်းစမ်းနှင့် တရားချလွန်းတော့လည်း ကျွန်မကသနားပြီး သူနှင့်အဆက်အသွယ် မလုပ်ဘဲနေလိုက်၏။
         ကျွန်မတို့နှစ်ယောက်က မတွေ့ရဘဲ နှစ်ချီကြာသည့်တိုင် မေတ္တာမပျက်၊သစ္စာမယိုင်၊စွဲမြဲလွ န်းခဲ့သည်။ မိဘတွေက ပြတ်ပြီအထင်နှင့် ဝမ်းသာလို့မှမကြာခင် ဒိုင်ယာရီကို ခိုးဖတ်မိသွားပြီး ကျွန်မအတွင်းသဘောကို သိသွားကာ မေမေက အကြီးအကျယ်ပေါက်ကွဲတော့၏။
           ' နင်တို့က မိဘတွေကို အယုံသွင်းပြီး အပိုင်ကြံနေကြတာကိုး။ ပညာစုံမှ ထင်ရာစိုင်းကြမယ်ပေါ့လေ။ နင် မပြတ်နိုင်တာသေချာရင် ခုချက်ချင်းလိုက်သွားတော့ဟေ့။ လူလည်ကျပြီးကျောင်းပြီးမှတွေ၊ အခြေကျမှတွေ လုပ်မနေနဲ့။ ငါတို့ကို လှည့်စားမနေနဲ့...'
           ' အဲဒီလို မဟုတ်ပါဘူးမေမေရယ်။ အထင်မလွဲပါနဲ့...'
           ' တော်တော့မိကေ။ ညည်းကောင်ကို ညည်းမပြတ်နိုင်ရင် ငါတို့ကိုသာ ခုချက်ချင်းဖြတ်လိုက်။ အဲလိုမှမဟုတ်ဘဲ မိဘကို ကလိမ်ကျလို့ကတော့ ညည်းတို့နှစ်ယောက် ဘယ်တော့မှ မပေါင်းရပါစေနဲ့..လို့ ငါကျိန်လိုက်မယ်...'
           ကျွန်မ စိတ်ထိခိုက်လွန်း၍ နှလုံးကြေကွဲခဲ့ရပါသည်။ မေမေ ဘယ်လောက်ဆူဆူ၊ ဖေဖေ ဘယ်လောက်ဆဲဆဲ၊ မိဘမေတ္တာ စေတနာမို့ ကျွန်မ မနာကျည်းတတ်ပါ။ ခုလို ပြောလိုက်တာကိုတော့ အလွန်ဝမ်းနည်းထိတ်လန့်သွားရပါသည်။ မေမေပြောသလို ကျွန်မတို့ တကယ်ကို လူလည်လုပ်မိနေပြီလား။ တစ်နေ့လုံး အပြန်ပြန်အလှန်လှန်စဉ်းစားကာ ထိုညမှာပင် ကျွန်မ အိမ်မှထွက်ခဲ့ပါတော့သည်။
           မေမေပြောသည့် စကားများအတွက် မေမေ့ကိုကျွန်မ အရမ်းအားနာသွားရခြင်း ဖြစ်ပါ၏။   မေမေကလည်း နောက်ပိုင်းစိတ်ပြေတော့ သူကိုယ်တိုင်လည်း ကောင်လေးအပေါ် သမီးစိတ်ပြတ်သွားမလားလို့ ပြောမိပြောရာ ပြောလိုက်မိသည်ဟု စိတ်မကောင်းဖြစ်ရှာပါသည်။
           အချိန်စက်ဝိုင်း တစ်ပတ်လည်ပြီး မိခင်တစ်ယောက်ဖြစ်လာတော့ ကျွန်မက ဒီလိုအကြောင်းကြောင်းတွေကို သင်ခန်းစာရှိသူပီပီ ကျွန်မသမီးနှင့် ကျွန်မတို့တတွေကြားမှာ ဒီလိုမဖြစ်ရအောင် ရှောင်ကြဉ်ပါတော့သည်။
           ရှောင်လည်းရှောင်နိုင်ခဲ့ပါ၏။ သို့သော် ကျွန်မကြုံရသည့် သောကများကတော့ တစ်မျိုး။
           လိမ္မာလှသည့်သမီး၊ မိဘစိတ်တိုင်းကျ တစ်ဘဝစာလုံး နေလာသည့်သမီး၊ အခါမလင့်တလင့် ဖြစ်လာသည်အထိ မိဘနှင့်မခွဲမခွာနေလာသည့် သမီးကညာက ကြင်ဖက်ဖူးစာတွေ့လာတော့လည်း....
           တစ်ချက်ကလေးရှိသည့် ချွင်းချက်ကိုတော့ မိဘနှစ်ပါးကိုငဲ့ကာ မငြင်းသင့်သည်မို့ ကျွန်မတို့နှစ်ယောက်စလုံး ရင်တွင်းဝေဒနာကို ဖုံးဖိကာ မိဘဝတ္တရားရှိသည်နှင့်အညီ စီမံဆောင်ရွက်ပေးရ၏။ နောက်ဆံတင်းနေရှာသည့် သမီးကိုလည်း မကြာခဏ အပြန်အလှန် လည်ပတ်လို့ရတာပဲဟုလည်း ဖြေသိမ့်ရ၏။
           သို့ပေမယ့် ဤမြေဤရေကို ချစ်လှသော ကျွန်မတို့နှစ်ယောက်။ အမိမြေမှလွဲ၍ ဘယ်မှာမှ ခေါင်းမချနိုင်ကြောင်း၊ သမီးလေးကိုစိုးစဉ်းမျှ မသိစေချင်တော့ပါ။
           လေဟုန်ခွင်း၍ လေယာဉ် ပျံတက်သွားသည်နှင့် နှလုံးသည်းပွတ်တစ်မြုံလုံး သမီးနဲ့အတူလိုက်ပါသွားသလို လှိုက်ဟာကျန်ခဲ့ချိန်မှာတော့ ကျွန်မဖြတ်ကနဲ သတိရမိသွားသည်က ' သမီးကိုခွင့်လွှတ်ပါ ဖေဖေနဲ့မေမေ...' ဆိုသည့် စာရွက်ကလေးကိုကိုင်ရင်း မျက်ရည်တွေတွေ
ကျနေခဲ့ရှာမည့် ကျွန်မဖေဖေနှင့် မေမေ့မျက်နှာမှလွဲ၍ ဘာများဖြစ်နိုင်ပါဦးမည်နည်း။
                                                xxxxxxxxx  
                                                                                    ဝေ (စီးပွားရေးတက္ကသိုလ်)
                                                                               January, 2010... Faces Magazine

တိမ်တောက်သည့် ဆည်းဆာ


လက်ထဲ ရောက်လာသည့် နှစ်ရာတန် လေးကို ကြည့်ပြီးဘွားဆုံ ရုတ်တရက် နားမလည်နိုင်။ အခြေ အနေကို အံ့အားသင့်ပြီး တွေဝေ ငေးငိုင် နေမိ၏။ သူမ ပုံစံက ဘာကို ကိုယ်စားပြု နေပြီနည်း။
“အမေကြီး၊ နေအရမ်း ပူတယ်။ လမ်းလျှောက် မနေနဲ့ ဦးနော်။ ကားစီးသွား” ပေးတဲ့ သူကတော့ စေတနာ အပြည့်နှင့် အဘွားအို အတွက် ရာသီဥတု ဒဏ်က ကင်းလွတ်ပြီး လိုရာခရီး အမြန် ရောက်စေဖို့ ကူညီလိုက်တာ ဖြစ်သည်။ ဘွားဆုံကတော့ သူများ အထင်လွဲ လောက်အောင် သူမ ပုံစံက ညစ်ထေး နွမ်းဖတ်  နေပြီလားဟု သုံးသပ် နေမိဆဲ။

လမ်းသွားလမ်းလာ တချို့က နွမ်းယဲ့ယဲ့ အဘွားအိုနှင့် လက်ထဲမှ ပေးကမ်းထားသော နှစ်ရာတန် ငွေစက္ကူ တစ်ရွက်။ ထိုပုံရိပ် တို့မှ တစ်ဆင့် စီးကျလာသော လျှပ်တစ်ပြက် သဒ္ဓါတရား တို့ဖြင့် ဘွားဆုံ လက်ထဲသို့ ငွေစက္ကူ လေးများ တစ်ရွက်ပြီး တစ်ရွက် ထပ်ရောက် လာရ၏။ ငါးဆယ်တန်များ၊ တစ်ရာတန် အချို့၊ နှစ်ရာတန် လည်းပါ။

ယောင်နနနှင့် ငွေစက္ကူ လက်တစ်ဆုပ် ကိုင်ပြီး အချိန် အတန်ကြာ ရပ်နေမိတော့ နောက်ထပ် တဖွဲဖွဲ ရောက်လာသည့် ငွေများက လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လို့ပင် မဆံ့တော့။ ခေါင်းပေါ်က တဘက်ဟောင်း လေးချွတ်ပြီး ထည့်လိုက်ရင်း သက်ပြင်း ရှိုက်မိသည်။

“လာ လာ မြို့သစ်ကို တစ်ရာတည်းရယ် လိုက်မလား”

ထိုးရပ်လာသော လိုင်းကားလေးပေါ် တုန်ချည့်ချည့်နှင့် ပိုက်ဆံတစ်ရာ ပေးရင်း တုတ်ကောက်လေး အားပြု တက်လိုက်တော့ စပယ်ယာက ဖေးမပြီး ဆွဲတင်ပေး၏။ ခုနက စပယ်ယာလို “ပိုက်ဆံ မပါရင် လမ်းပဲလျှောက်တော့ အမေကြီး” လို့ ရက်ရက်စက်စက် မစိမ်းကားပါ။

သည်လို မစိမ်းကားအောင် ကူညီ ပေးသွားသည့် စေတနာ ရှင်ကို သတိရ သွားတော့ လက်ထဲမှ တဘက်ဟောင်း လေးကို ခပ်တင်းတင်း ဆုပ်ကိုင်မိသည်။ တဘက်ထဲမှာ စုထုပ်ထားသည့် ငွေစက္ကူ တွေက ဘယ်လောက်များ ရှိမည်မသိ။ နည်းတော့ မနည်းလှ။ တစ်ခါမှ စိတ်မကူး ဖူးသည့် အခြေအနေ တစ်ခုကို မမျှော်လင့်ဘဲ ရောက်ခဲ့ ရသည်မို့ ဘွားဆုံ ရင်ကတော့ ကတုန်ကယင် ဖြစ်နေတုန်း။

အိမ်ပေါက်ဝမှာ ဆီးကြို နေသည့် မြေးမလေးက ထွေးလုံးနေသည့် တဘက်ဟောင်း ထဲက ငွေစက္ကူ တွေကိုမြင်တော့ အံ့သြသွားပုံ ရ၏။
“အဘွား၊ ပိုက်ဆံတွေလည်း ပွစာကျဲလို့။ ချော်လဲ လာတာလား”

“ဟုတ်ပါဘူး မြေးရယ်။ မြေးဖေဖေ ပို့တဲ့ ပိုက်ဆံက ဒီမြို့က ဘဏ်ကို မရောက်သေး လို့တဲ့။ ထုတ်မရ ခဲ့သေးဘူး။ ဒါတွေက”

ဘွားဆုံ စကားကို ဖြတ်ပြီး ရေတစ်ခွက် အရင် သောက်လိုက်သည်။ မြေးမလေးကို ပြောသင့်၊ မပြောသင့် မဝေခွဲ နိုင်သေး။ ကိုယ့်ကိုယ်ကိုယ်ပင် ဘာဖြစ်ခဲ့မှန်း ရေရေရာရာ ပြန်မတွေးဝံ့ သေး။ ငွေစက္ကူတွေကို ထိုင် စီနေသော မြေးမလေးမျက်နှာ ကတော့ ၀င်းလက်နေပြီ။ မနက်ဖြန် ဗလာ စာအုပ်ဝယ်ပြီး ကျောင်းတက် နိုင်ပြီလို့ ပျော်နေ လေသည်လား မပြောတတ်။ သူ့ခမျာ ရေးစရာ ဗလာစာအုပ် ကုန်နေတာကို ၀ယ်ပေးဖို့ ပိုက်ဆံ မရှိသေးသည်နှင့် ကျောင်းမသွား ၀ံ့တာ သုံးလေးရက်တောင် ရှိရှာပြီ။

“ဖိုးကဲကော”

“မောင်လေးက အဖျား ပြန်တက်လာလို့ အိပ်နေတယ် အဘွား”

ရေတစ်ခွက် သောက်လိုက်ရလို့ အေးသလို ရှိသွားသည့် ဘွားဆုံရင်ထဲ အပူလုံးကြီး ချက်ချင်းပြန်ဆို့ လာပြန်သည်။ နုံးချည့် နေပေမယ့် ရုန်းထပြီး မြေးငယ်လေး ရှိရာ အတွင်းခန်းကို ပြေးသွားလိုက်၏။ စိတ်ကသာ ပြေးသည် ဆိုသော်လည်း ချည့်နဲ့နဲ့ အဘွားအိုမို့ တစ်လှမ်းချင်းသာ ရွေ့နိုင်၏။ ကြမ်းခင်းကလည်း ခနော်နီ ခနော်နဲ့ ဆိုတော့ လိုရာကို တော်တော်နှင့် မရောက်နိုင်။
အသက်ကြီး လာတော့ ဘာမှ မကောင်းတော့ ပါဘူး။  ဒူးလည်းမကောင်း၊ ခါးလည်းမကောင်း၊ မျက်စိလည်း မကောင်း၊ နားတောင်မှ လေတွေထွက်ပြီး အူနေလို့ သိပ်ကောင်းကောင်း မကြားချင် တော့ဘူး။ ငယ်ငယ်တုန်းကလို စိတ်သွားတိုင်းသာ ကိုယ်ပါလို့ ကတော့ ဈေးတောင်း ခေါင်းရွက်ပြီး မြေးတွေကို ဒေါင်းတင်မောင်းတင် ရှာကျွေး လိုက်ချင်သေးသည်။ ခုတော့ သမက် ဖြစ်သူ၏ လုပ်စာကို မျှော်ကိုးပြီး စောင့်နေရတာ။ မြေးအဘွား တစ်တွေ ငတ်တာလည်း အကြိမ်ကြိမ်၊ ပြတ်တာလည်း အခါခါ၊ ချေးရတာလည်း အတိုးနဲ့ ဆိုပေမယ့် ကြာတော့ ထပ်ချေး ချင်တဲ့သူတောင် မရှိတော့။ အိမ်လခ ကလည်း သုံးလေးလ မပေးနိုင်လို့ အိမ်ရှင်က နှင်ချနေပြီ။

ရေနံမှော် လိုက်သွားသည့် သမက်က ငွေပို့ မမှန်တော့ သူပို့လိုက်သည့် ငွေက ရောက်တာနဲ့ အတိုးတွေ၊ အကြွေးတွေ၊ အိမ်လခတွေ ထိုးဆပ်လိုက်တာ နှင့်ပင် ဘာမှ မကျန်တော့။ ဒီတော့ လိုအပ်သမျှ ထပ်ချေးရင်း နဲ့ပဲ လုံးလည်လိုက် နေရသည်။
ဘွားဆုံ သက်ပြင်းမောကို ရှိုက်ရင်း မြေးငယ် နဖူးကို စမ်းလိုက်တော့ လက်ဖ၀ါးမှ အပူက နှလုံးအိမ် အထိ မြိုက်ခနဲ ကူးစက်ပူလောင် သွား၏။

“ဘုရား ဘုရား ပူချစ် နေတာပါလား။ သားရေ ဖိုးကဲ ဖိုးကဲ”

ကလေးက တော်တော်နှင့် ပြန်မထူးတော့ ဘွားအေရင်ထဲ မီးခဲ မျိုမိသလို ဖြစ်လေပြီ။
“မိစု၊ မိစု၊ အမြန်လာ ကြည့်စမ်း။ ညည်းမောင်လေး သတိများ လစ်နေ သလားဟယ်။ ငါလည်း ဘာမှ ကောင်းကောင်းမမြင် ရဘူး”

အစ်မ လုပ်သူက လှုပ်လှုပ်နှိုးမှ ကလေးငယ်က “အင်း” ခနဲ သံရှည်ဆွဲ ညည်းရှာ၏။ သတိပဲ လစ်နေသည်လား။ အိပ်ပဲ ပျော်နေသည် လားတော့မသိ။ ဘာပဲဖြစ်ဖြစ် ဆေးခန်း သွားပြမှ ဖြစ်တော့မည်။ ဖျားနေတာ နှစ်ရက် ရှိပေမယ့် ပိုက်ဆံလည်း မရှိသည်မို့ ကွမ်းယာဆိုင်မှ အုပ်ဆေးလေး ၀ယ်လူးလိုက်၊ အဖျားကျ ဆေးလေး ၀ယ်တိုက်လိုက်နှင့် နေခဲ့ရသည်။ ခုတော့ မိမိ ရလာသည့် ပိုက်ဆံလေးနှင့် ဆေးခန်းသွားပြ လိုက်မည်။ လောက်ပါ့မလား တော့မသိ။

“သမီး ခုနက ပိုက်ဆံရေတာ ဘယ်လောက်ရလဲ”

“နှစ်ထောင့် သုံးရာနဲ့ ငါးဆယ်”

“ဟယ်” ခနဲ ဘွားဆုံ ရင်ထဲ လှိုက်ခုန် သွားရ၏။ ရလာတာ မနည်းပါလား။ ဈေးထွက် ရောင်းရင်တောင် အမြတ် နှစ်ထောင်ကျော် ရဖို့ဆိုတာ တစ်နေကုန် တာတောင် မသေချာ။ ဒီကြားထဲ ရှုံးချင် ရှုံးနိုင်သေးသည် မဟုတ်လား။
ဒါကြောင့်လည်း မြို့ထဲက လူစည်းကားရာ တစ်ဝိုက်မှာ တောင်းရမ်းစားသောက် နေသူတွေ ပိုပို များလာတာ ဖြစ်မည်ပေါ့။
သက်ကြီးရွယ်အို ဒုက္ခိတတွေ ကတော့ ထားပါတော့။ တချို့ဆို ခြေလက် အပြည့် အစုံနှင့် အရွယ်ကောင်း တွေကလည်း တောင်းရမ်းနေတာ မြင်ဖူး၏။ တစ်ခါတလေ အကောင်းက ဒုက္ခိတ ယောင်ပင် ဆောင်လိုက်သေး၏။ လုပ်ကိုင် စားရတာထက် တောင်းစား ရသည်က ပိုတွက်ခြေ ကိုက်နေသည် လားမှ မသိတာ။ ဒီလို ရေသာခို အချောင် လိုက်ချင်စိတ်က လူကို အညွန့်ကျိုး စေသည်ဟု ဘွားဆုံကတော့ နှမြောမိသည်။

“အဘွား ဘာတွေတွေး နေတာလဲ။ ဆေးခန်း သွားမယ်ဆို”

သူ့မောင်လေးကို မနိုင်မနင်း ချီထားသော မြေမလေးက သတိပေးမှ ဘွားဆုံ စိတ်နှင့်လူ ပြန်ကပ်တော့၏။ သုံးနှစ် သားလေးကို ရှစ်နှစ် သမီးက ချီထားသည့် မောင်နှမနှစ် ယောက်မြင်ကွင်းက ဘွားဆုံ ရင်ကို ဆို့နင့်စေသည်။ အဘွားအိုက ယိုင်နဲ့နဲ့မို့ မြေးကို ချီပိုးဖို့ နေနေသာသာ ကိုယ့်အရိုး ကိုပင် အနိုင်နိုင် သယ်နေရသည့် အခြေအနေ။

အသေစော ရှာသည့် သမီးကို သတိရ မိတော့ ရေနံမှော်မှာ ပင်ပန်း နေရှာမည့် သမက်ကလည်း အတွေး အာရုံမှာ နောက်ဆက်တွဲ တွယ်ငြိလာ ပြန်သည်။ အရင်ကတော့ သမက်က ဆိုက်ကားနင်း၊ သမီးက ဈေးရောင်း၊ အမေက ချက်ပြုတ် ကလေးထိန်းနှင့် မိသားစု လေးဟန် ချက်ညီနေခဲ့ သေးသည်။ လင်မယား နှစ်ယောက်က ဒိုင်ခံ ရှာဖွေ၍ တစ်သက်လုံး ဈေးတောင်း ခေါင်းရွက် ကျွေးလာခဲ့သည့် အမေကို သမီးရော၊ သမက်ကရော အိမ်မှုကိစ္စ လောက်နှင့်သာ အနားပေး ထားခဲ့၏။

“အမေ ဈေးရောင်း နိုင်သေးတယ်။ ငွေရှာ ချင်သေးတယ်။ သုံးယောက်လုံး တက်ညီလက်ညီ ကြိုးစားပြီး စုလိုက်ရင် တို့ဘိုးဘွားပိုင် အိမ်လေး သပ်သပ်ရပ်ရပ် ပြင်ဆောက် နိုင်တာပေါ့” လို့ ပြောလည်း သမီးနှင့် သမက်က လက်မခံ ခဲ့ပါ။
ခုတော့ သမီးလေး ဆုံးတာပင် သုံးနှစ်ပြည့် တော့မည်။ မြေးအငယ်ကောင် မွေးပြီး ကတည်းက နှလုံး အားနည်းသော သမီးခမျာ အိပ်ရာထက်မှ မထနိုင်ခဲ့။ သမီး အသက်ကို ကယ်တင်နိုင်ဖို့ ဘိုးဘွားပိုင် အိမ်လေးကို လက်လွှတ် ခံလိုက်သော်လည်း ကံကြမ္မာက သမီးကို လွတ်ငြိမ်းခွင့် မပေးခဲ့ပါ။ သားကလေးမှ လူမှန်း မသိတတ် သေးခင် ဘွားအေ လက်ထဲမှာ စိတ်ချလက်ချ ထားသွား ခဲ့လေသည်။

မိသားစုလေး တစ်ခု ခိုင်ခိုင်မတ်မတ် ရပ်တည်နိုင်ဖို့ ဟန်ချက်ညီ ထမ်းပိုးထားသည့် ဒေါက်တစ်ချောင်းပြုတ် ထွက်သွားပြီးသည့် နောက်မှာတော့ ဘွားဆုံတို့ တစ်တွေ အယိုင်ယိုင် အလဲလဲ ဖြစ်ခဲ့ရသည်။ ဘွားဆုံလည်း စိတ်ထောင်း၍ ကိုယ်ကြေ ဆိုသလို အသက်ထက် ပိုအိုစာ နေပြီ။

အသောက် အစားကင်းသည့် သမက် ကလေးက နှစ်ဆတိုးပြီး ကြိုးစား ရှာပေမယ့် ယိမ်းသထက် ယိမ်းလာသည့် အသိုက် အမြုံလေး အတွက် ကျားကန်နိုင်ဖို့ အဖော်ကောင်း သဖြင့် ရေနံမှော်ကို လိုက်သွားခဲ့သည်။ “ပိုက်ဆံ ရပေမယ့် ပင်ပန်း ဆင်းရဲရှာတယ်” လို့ ပတ်ဝန်းကျင် ကရော လူကြုံများ ဆီကပါ သတင်း ကြားရတော့ ဘွားဆုံ စိတ်မကောင်း။

လူကြုံနှင့် သမက်ကလေး ပို့ပေးသည့် ငွေစလေး များကို ကျစ်ကျစ်လျစ်လျစ် ခြိုးခြံ သုံးစွဲ၏။ ကျောင်းနေ ရွယ်ရောက်လာသည့် မြေးအကြီး မကို ကျောင်းထား၏။ ပိုလျှံ ငွေလေးများကို ချွေတာ စုဆောင်းပြီး ဈေးရင်းလေး ရရင် ဘွားဆုံလည်း တစ်ဖက် တစ်လမ်းက ၀င်ငွေရအောင် တစ်ခုခု လုပ်ရ ကောင်းမလားဟု အမြဲကြံဆ နေတတ်၏။ ဈေးကို လျှောက်မရောင်း နိုင်တော့လည်း ထိုင်ရောင်းရမည့် တစ်ခုခုပေါ့။ လမ်းဆုံမှာ မုန့် ပျားသလက် ဆိုင်လေးပဲ ဖြစ်ဖြစ် ဖွင့်ချင်သည်လေ။

တဖြည်းဖြည်းနှင့် သမက်လေး ဆီက လူကြုံ အလာကလည်း ကျဲလာသည်။ အမေအို့ စုငွေကလည်း လျှောသွား ရုံမက ချေးငွေတွေပင် ပတ်လည် ၀ိုင်းနေရပြီ။ သုံးလေးလမှ တစ်ခါ လူကြုံ လာတတ်သလို နောက်ဆုံး တစ်ခေါက်ကတော့ လူကြုံ မရှိ၍ ဆိုကာ ဘဏ်မှ ငွေလွှဲလိုက်၏။

လူကြုံ တချို့ကတော့ အမေအို့ သမက်ကလေး နောက်အိမ်ထောင်ပဲ ကျနေ သလိုလို။ သောက်တတ် စားတတ်လာပြီး ပျက်စီးနေ သလိုလို။ မရေမရာ သတင်းပေး ကြ၏။ အရွယ်ကောင်းရှာ သေးသည့် သမက်ကို အပြစ် မပြောချင် ပေမယ့် မြေးကလေး နှစ်ယောက် လူလား မြောက်ဖို့ အတွက်တော့ ဘွားဆုံ ရင်လေးလှသည်။ လမ်းဘေး လက်ဖက်ရည်ဆိုင် များမှ စားပွဲထိုး လေးတွေ နေရာမှာ မြေးကလေးကို မြင်ယောင် ကြည့်မိတိုင်း ရင်ထဲမှာ နာကျင်ဝမ်းနည်း မိ၏။

သို့ပေမယ့် မယ်ဆုံငယ် ငယ်တုန်းက မုဆိုးမ ဘွဲ့ကို ခါးစည်း အံကြိတ်ရင်း တစ်ကိုယ်တည်း ရုန်းကန်ပြီး သမီးကို ပညာသင်ပေး ခဲ့သေးသည် မဟုတ်လား။ မပြည့်စုံသည့် ကြားက အလယ်တန်း အထိတော့ သမီးက ပညာ သင်ခဲ့ရသည်။ သက်ဆိုး မရှည်ရှာသည့် သမီးလေး။ ခုလို သူ့ ရင်သွေးလေးတွေ ဘွားအေကြီး တစ်ယောက်လုံး ရှိပါ သေးရက်နှင့် ပညာမသင် နိုင်။ ငယ်ငယ်ရွယ်ရွယ်နှင့် ခိုင်းစားနေတာများ သိရင် ရောက်ရာဘ၀မှာ ရတက်အေး ရှာမည်မဟုတ်။

ဘွားဆုံ မလုပ်ရက်ပါ။ မြေးလေးတွေကို ဘယ်တော့မှ ခိုင်းမစားပါ။ ဘွားဆုံ အသက်ရှင် နေသရွေ့ သည်မြေးလေး နှစ်ယောက် ငတ်မသေ စေရ။ အလင်းမကွယ် စေရ။ ရသည့်နည်းဖြင့် ရှာကျွေးမည်။ ဖြစ်အောင် ကျောင်းထားမည်။ အမေအို့ ရင်ထဲမှာ တီးတိုး ကျူးရင့်နေပြီး အရိုးထဲမှ ခွန်အားတွေ ညှစ်ထုတ်စုစည်း မိလေပြီ။ အဘွားအို အတွက် မြေးလေးတွေက နှလုံးသားရဲ့ အနှစ်တွေပဲ မဟုတ်လား။

“ဒေါ်မယ်ဆုံ နာမည်နဲ့ ငွေလွှဲ ဒီနေ့လည်း ရောက်မလာ သေးဘူး အမေကြီး။ ဘဏ်များ လွဲနေလား။ သတင်းများ မှားနေလား”
လေအေး ပေးစက်ကြောင့် အေးစိမ့်နေသော ဘဏ်ထဲမှာ ဘွားဆုံတစ်ယောက် ဇောချွေး ပြန်နေရ၏။ သမက် ကလေးက ငွေလွှဲမယ်လို့ ဖုန်းဆက်ကြောင်း လမ်းထိပ် လက်ဖက်ရည် ဆိုင်က လာပြောသွားတာ သည်ဘဏ်ပါပဲ။ ဘွားဆုံတို့ မြို့လေးမှာ ဘဏ်က လေးငါးခု ရှိတာမို့ သေချာအောင် စာရွက်ထဲ ရေးမှတ်ထား ခဲ့သည်ပဲ။

ပို့မယ် အကြောင်းကြား ပြီးကာမှ ကိစ္စ တစ်ခုခုပဲ ပေါ်လေသလား။ သတင်းပဲ မှားပို့မိ တာလား။ ဘွားဆုံ မနေ့က လာတော့လည်း ငွေလွှဲ မရောက်သေး ဆို၍ ဒုက္ခများ ခဲ့ရသေးသည်။ လမ်းထိပ်မှ ဆိုက်ကားငှား စီးလာခဲ့ရာ ဘဏ်ရှေ့ရောက်တော့ ဆိုက်ကားခက ငါးရာတဲ့။ ဘွားဆုံမှာက ကွမ်းယာဆိုင်မှ ချေးလာခဲ့သော ငွေနှစ်ရာသာ လက်ထဲ ပါခဲ့၏။ ဆိုက်ကား သမားကို “ဘဏ်က ငွေထုတ်ပြီးရင် လိုတဲ့ငွေလည်း ပေးပါ့မယ်။ အပြန်လည်း ဆိုက်ကား ထပ်ငှားစီးမယ်” ဆိုပြီး တောင်းတောင်း ပန်ပန်နှင့် ဘဏ်ရှေ့မှာ စောင့်ခိုင်းခဲ့သည်။

သို့ပေမဲ့ ငွေလွှဲက မရောက်သေး ဆိုတော့ဘွားဆုံ အကျပ် ရိုက်ရပြီ။ ဆိုက်ကား သမားကို “နောက်နေ့ ငွေလာထုတ်မှ ပေါင်းပေးပါ့မယ်။ အိမ်ပြန်ပို့ ပေးပါ။ မနက်ဖြန်လည်း အကြိုအပို့ လုပ်ပေးပါ” လို့ ရလိုရငြား ထပ်ပြော ကြည့်ပေမယ့် ဆိုက်ကား ဆရာက ယုံကြည်ပုံ မပေါ်တော့။ မရေရာသည့် ငွေအတွက် ခရီးလှမ်းသော အိမ်ကိုလည်း လိုက်ပို့ချင် ပုံမရ။ “မြို့သစ် ဘက်သွားတဲ့ လိုင်းကားသာ စီးသွားတော့ အမေကြီးရေ။ လိုင်းကားခ ကတော့ သက်သာလိမ့်မယ်” တဲ့။

အသက်ကြီး လာသည့် နောက်ပိုင်း မြို့ထဲကို အသွား အလာနည်းပြီး မြို့စွန်ရပ် ကွက်လေး အတွင်းသာ အနေ များတော့ ဆိုက်ကားခတွေ ဒီလောက် ဈေးကြီး တာလည်းမသိ။ လိုင်းကားတွေ လမ်းကြောင်းလည်း နားမလည်၊ မြို့ထဲမှာ မျက်စိပင်လည် ချင်ချင်။

သို့နှင့် ချွေးခံအိတ်ထဲ စမ်းသပ်ရှာဖွေ ပြန်တော့ ပိုက်ဆံက အကြွေလေးပင် တစ်ရွက်မှ မကျန်တော့။ ကားသမား ကလည်း ဟိုစမ်း ဒီစမ်းနှင့် ယောင်လည်လည် ဖြစ်နေသော အဘွားအိုကို စိတ်မရှည်။ မြို့လယ်ကောင် နေပူပူ ထဲမှာ အသည်း မာမာနှင့် ထားခဲ့ပြန်သည်။

ဒီအချိန် မှာပဲ တုတ်ကောက် တစ်ချောင်းကို အားပြုကာ ခါးကကိုင်းကိုင်း၊ ခေါင်းဆောင်း တဘက်က ညစ်နွမ်းနွမ်း၊ အင်္ကျီ လုံချည်က မွဲကြေကြေနှင့် အရောင် အဆင်းမှုန်မှိုင်း နေသောအမေ အိုကို နေပူထဲ တရွေ့ရွေ့ လှမ်းနေရတာ မကြည့်ရက်သည့် သူတော်ကောင်းလေး တစ်ယောက်က “ကားစီးသွားပါ” ဆိုပြီး ငွေနှစ်ရာ လှူလေသည်။ သူငယ်က အမေအို့ အဖြစ် အပျက်ကို အစအဆုံး မြင်သွားပုံလည်း ရ၏။

သူငယ်လှူသည့် ငွေကို ကြောင်အမ်းအမ်း ကိုင်ရင်း တွေဝေ နေမိသော အဘွားအိုကို လမ်းသွား လမ်းလာများ ကလည်း တစ်မျိုး မြင်သွားပြီး ငွေတွေဆက်တိုက် ထည့်ဝင်လှူဒါန်း ကြပြန်တော့ မနေ့က အိမ်အပြန်မှာ ဘွားဆုံ ငွေထုပ် ကလေးပိုက်ပြီး ပြန်သွား ခဲ့ရသည်လေ။

စိတ်ထဲ မသိုးမသန့် ဖြစ်မိသော်လည်း ကြာကြာ အတွေး မပွားနိုင်။ မြေးအငယ်ကောင် တက်မတတ် ချက်မတတ် အဖျားကြီး နေတာကို ဆေးခန်းသွားပြ ရသေး၏။ အမေအို့ကို ပေးကမ်းကြသည့် ငွေလေးတွေ ကပဲ မြေးကလေး အတွက် ဆေးတစ်ပေါက် ဖြစ်ခဲ့ရပြီ။ သာဓု၊ သာဓု၊ သာဓု။ ကိုယ့်ကို တောင်းရမ်းသူလို့ အထင် ခံရခြင်းကို တစိမ့်စိမ့် ၀မ်းနည်းဖို့ထက် မြေးလေး အသက်ကို ကယ်ဖို့က အရေးကြီးသည် မဟုတ်လား။

ဒီနေ့လည်း ဘဏ်ကို မျှော်လင့်ခြင်း ကြီးစွာနှင့် ရောက်လာပေမယ့် ငွေလွှဲက မရောက်ဆိုတော့ ဘွားဆုံ နေပူကျဲကျဲ လမ်းမပေါ်မှာ ယောင်လည်လည် ဖြစ်ရပြန်၏။ သို့ပေမဲ့ ဒီနေ့တော့ ဘွားဆုံ ပါးသွားပြီ။ ဆိုက်ကား စီးမလာဘဲ လိုင်းကား စီးလာခဲ့သည်။ အပြန် စရိတ်လည်း ချန်ထားခဲ့လို့ ပူစရာ မလို။

ခက်သည်က မြေးငယ်လေး အတွက် ဆေးခန်း ပြစရာ ငွေမရှိတော့။ မနေ့က ရသည့် ပိုက်ဆံကလည်း ဆေးတစ်ပေါက် ထိုးပြီး သောက်ဆေးလေးဝယ်၊ မြေးအဘွား တစ်တွေ ညစာလေး စီမံချက် ပြုတ်လိုက်တာ ကုန်လေပြီ။ မြေးငယ်က အဖျားချို သွားပေမယ့် ရှင်းရှင်းတော့ မကျသေး။ ဆရာဝန်က ဆေးကို သုံးရက်လောက်တော့ ဆက်ထိုး ရမည်တဲ့။ အကြီးမလေး ကလည်း စာအုပ် ၀ယ်စရာ ငွေမကျန် တော့၍ မျက်နှာလေး ညှိုးနေသော်လည်း ဘာမှတော့ မပြောရှာပါ။

ဒီနေ့ မနက်တော့ ညကကျန်သည့် ထမင်းခဲ လေးကို မြေးအဘွား သုံးယောက် ဝေမျှ စားခဲ့ပြီးပြီ။ ဝေမျှတယ်သာ ဆိုတာပါ။ မြေးတွေကို ငဲ့ပြီး ဘွားဆုံက တစ်လုတ် တစ်ဆုပ်သာ မြို့ထဲထွက်မည် မို့အားရှိအောင် လည်ချောင်း နင်နင်နှင့် ရေဖြင့်မျှော ချခဲ့ရသည်။ ဒီလိုသာ ဆိုရင်ဖြင့် ညစာကတော့ ထုံးစံအတိုင်း ကုန်စုံဆိုင်က ဘုမကို အသနား ခံပြီး ဆန်ထပ်ချေးဖို့ အောက်ကျို့ ရဦးမည့်ပုံ။

အတွေးဖြင့် စိတ်မောစွာ သက်ပြင်းအချ လူက နိမ့်ခနဲ ချော်ကျသွားကာ နဂိုက ကိုင်းညွတ် နေသည့်ခါးက ဘယ်လိုမှ ပြန်မတ်၍ မရတော့။ တောင်ဝှေးတခြား လူတခြား လဲကျသွားသော အမေအိုကို လမ်းသွားလမ်းလာ တစ်ယောက်က ထူမ ပေးဖို့လက် ကမ်းစဉ်မှာ မနေ့က သူတော်ကောင်း လေးများလားလို့ သတိ ရမိ၏။ အမေအိုကို ကူညီဖို့ ရောက်လာ ပြန်လေပြီ။
မနေ့က အဖြစ် အပျက်ကို သတိ ရမိတော့ ဘွားဆုံ မျက်ရည်တွေ လည်ပြီး ရင်တွေခုန်လာ ပြန်၏။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊ ဘယ်လောက်ပဲ ရှားပါးတယ် ပြောပြော၊ တို့မြန်မာတွေရဲ့ ချစ်စရာ ကူညီ လိုစိတ်နဲ့ သဒ္ဓါ တရားကတော့ ကျန်နေသေး ပါလားလို့ ၀မ်းသာပြီး မျက်ရည် လည်မိတာပါ။

သို့ပေမဲ့ လွယ်လွယ် ကူကူ ရလာမည့် ငွေစတွေကို ဒီလိုသာ ခဏခဏ လက်ခံနေရင် ဒီဘ၀ကို သာယာ မိလာမှာ မဟုတ်လား။ ဒီလို အလွယ်လမ်းကို ရေစုန်မျောပြီး မိန်းမော နေခဲ့လို့ လူညွန့် တုံးသွားရသည့် သူတွေ ဘယ်နှယောက် ရှိနေပြီလဲ။

မျက်ရည်စ များနှင့် ဝေသီနေသော အမေအို့ မျက်လုံးထဲတွင် ငွေစအချို့ လှမ်းပေးနေသည့် လက်များ၊ ထူမရန် ကမ်းပေးနေသည့် လက်တစ်စုံ၊ အဖျား တက်နေမည့် မြေးငယ်လေး မျက်နှာ၊ ကျောင်းသွားဖို့ ညှိုးငယ်နေရှာသည့် မြေးမလေး၊ အားလုံးကို မှုန်ဝါးဝါး မြင်နေ ရလေသည်။ ထို့ ပြင် မျိုးရိုးမညံ့ ခဲ့သည့် မိဘ ဘိုးဘွားများ မျက်နှာကလည်း တရေးရေး ပေါ်လာ ပြန်သေး၏။

ထို့နောက် မှိုင်းရီမွဲဖျော့ နေသော မျက်လုံးများ တဖြည်းဖြည်း ကြည်လင်လာသည့် အမေအိုက လက်ကျန် ခွန်အားများကို စုစည်းကာ ဘေးမှာ ကျနေသော တောင်ဝှေးလေးကို ကောက်ယူ အားပြုပြီး မိမိကိုယ်တိုင် ကြိုးစား၍ ထရပ်လိုက်၏။
တရွေ့ရွေ့ လှမ်းသွားသော အမေအိုကို လက်ကမ်း ပေးသူက နားလည်နိုင် ပါ့မလား မသိပေမယ့် အမေအို ကတော့ အရင်ကထက် သွက်လက်သော ခြေလှမ်းများဖြင့် အဝေးသို့ ရောက်သွားလေပြီ။ ကိုင်းနေသော ခါးပင် အနည်းငယ် ပိုမတ်လာ သယောင်။

ကမ်းထားသော လက်ကို ငြင်းပယ်ရသည့် အတွက် အားတော့ နာပါသည်။ သို့ပေမယ့် အမေအို့ မှာက သူ့မျိုး ဆက်တွေကို လက်ဆင့် ကမ်းစရာ အမွေဆိုလို့ စိတ်ဓာတ်ခွန်အား တစ်ခုသာ ရှိတော့သည် မဟုတ်လား။    
ဝေ၊စီးပွားရေးတက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)