ပွဲသိမ်းခရာသံ



           သည်တစ်ချီတော့ သေချာပေါက်ပွဲပြတ်ပြီဟု သူက ထင်နေပုံရ၏။ သူ့ပစ်္စည်းကို သူ ယုံကြည်စိတ်ချစွာ အစစအရာရာ စိတ်ကြိုက်စစ်ဆေးနိုင်ကြောင်း ရဲရဲကြီးအာမခံနေသည်။
   “ ဒီတစ်ခါတော့ အစ်ကိုကြိုက်မှာ လုံးဝသေချာတယ်။ ရှယ်... အသန့်လေး၊ စင်းနေတာပဲ။ စောင်ခြုံကြားက ခုမှဆွဲထုတ်လာတာ။ ဒီအချိန်မှာ ဒီဈေးနဲ့ဆိုရင် ဒီလိုအသန့်က နတ်ပြည်တက်ရှာရင်တောင် မတွေ့နိုင်ဘူးအစ်ကိုရေ။ ကြိုက်ဈေးညှိပြီးရင် ဆွဲသာပစ်လိုက်တော့။ အလွတ်မခံနဲ့အစ်ကို...”
   အားလုံးက ကျွန်တော်ကြေးများတာကို ကောင်းကောင်းသိနေကြသူချည်းမို့ တော်ရိလျော်ရိလောက်နှင့်တော့ လာမပြရဲကြသည်မှာ သေချာပါသည်။ အပြင်ပန်းကြည့်လိုက်တာနှင့်ပင် ကျွန်တော်ကလည်း သိနေ၏။ ပင်ကိုယ်အလှလား၊ မိတ်ကပ်တွေကြောင့် ချောနေတာလားဆိုတာ တို့စရာ ထိစရာမလိုဘဲ အမြင်နှင့်ပင် ခံစားလို့ရနေပြီ။
   “ အမှန်ပြောရရင် ငါက ဖင်ကောက်မှ ပိုကြိုက်တာကွ...”
   မချင့်မရဲပြောလိုက်သည့် ကျွန်တော့်ကို သူက အရိုးများသလေး၊ ချေးခါးသလေး လုပ်ရန်ကောဆိုသည့် အကြည့်နှင့်ကြည့်ပြီး...
   “ ဟာ အစ်ကိုရာ... ကိုယ်နိုင်တဲ့ဈေးနဲ့ မှီတာသာ ဆွဲစမ်းပါ။ မမီတာကြီးကို လွမ်းမနေစမ်းပါနဲ့။ အစ်ကိုမဆွဲရင် ဆွဲမယ့်သူတွေ တန်းစီနေတာနော်။ ဒါလေးက တစ်လက်ကိုင်ဗျ။ ခုမှ သူ့ပိုင်ရှင်က လက်လွှတ်လိုက်လို့ ကျွန်တော် မ လာတာ။ ဈေးတန်းထဲ ချမခင်းရသေးဘူး။ ငါ့အစ်ကိုက အကောင်းကြိုက်တတ်လွန်းလို့ အရင်လာပြတာ။ ၀ိုင်းထဲ အရင်ချပြလိုက်လို့ကတော့ ၀ိုင်းဆွဲကြတော့မှာ။ အစ်ကိုတောင် မြင်လိုက်ရမှာမဟုတ်ဘူး...”
   သူ့အညွှန်းက ညွတ်လှသည်မို့ ရုတ်တရက်ဆိုသလိုတောင် ကိုယ့်ရှေ့ရောက်နေသည့်သားကောင်ကို အပိုင် ခုန်အုပ်ရတော့မလို အစားမာန်တက်သွားရသေး၏။
   လွတ်သည့်ငါးမှ ကြီးချင်တတ်သည်မှာ သဘာဝမို့ ကိုယ်အရင်မမြင်လိုက်ရသေးခင် ဈေးကွက်မှာ သူများလက်ထဲသာ တွေ့လိုက်ရလို့ကတော့.... “ ဒါမျိုးပိုင်ရမယ်ဆို အချိန်မဆိုင်းဘူး။ ဈေးမဆစ်ဘူး...” ဟု ပြောမိပေဦးမည်။
   “ အေးကွာ ပစ်္စည်းကတော့ မဆိုးပါဘူး။ ဈေးနည်းနည်းညှိပေးဦး ညီလေးရာ။ အစ်ကိုက ရေမပေါဘူးကွ။ လေသာပေါတာ...”
   “ ဟားဟား.. စိတ်ချအစ်ကို။ ကျွန်တော်ညှိပေးပါ့မယ်။ ကိုယ့်အစ်ကိုကို ပစ်္စည်းကောင်းကိုင်စေချင်တဲ့ စေတနာပါဗျာ။ ကျွန်တော့်အတွက် မပါပါဘူး။ သူ့သခင်ဆီ သွားညှိပြီးရင် ပြန်လာခဲ့မယ်။ ခဏလေးစောင့်...”
   “ အိုကေ ညီ..”
   သူက လေကလေးချွန်ကာ ထွက်သွား၏။ သူ့လေချွန်သံကြားခါမှ နောက်ကျောက မလုံချင်။ စိတ်ထဲ အင်တင်တင် ဖြစ်သွားပြန်သည်။
   အော်... လူ့စိတ်တွေများ ခက်ပဲခက်ရချည့်။
                               xxxxxx
   ကျွန်တော် သည်လို လေချွန်နိုင်ခဲ့သော နေ့တစ်နေ့တုန်းကတော့ ကျွန်တော့်အိမ်သူက သတိပေးခဲ့သေးသည်။
   “ ၀ဋ်မှာအမြဲ၊ ငရဲမှာအပ တဲ့နော်ဆရာကြီး။ သံသရာမပြတ်နိုင်သေးသရွေ့ အလှည့်က တစ်ပတ်ပြီးတစ်ပတ်လည်နေဦးမှာ...”တဲ့။
   ကံ၊ ကံ၏အကျိုး ဆိုသည်ကိုဖြင့် ကျွန်တော်လည်း ဗုဒ်္ဓဘာသာဝင်တစ်ယောက်ပေမို့ သိသည်ပေါ့။ သေသေချာချာလည်း ယုံကြည်သည်ပဲပေါ့။ သို့ပေမဲ့ သတ်္တ၀ါတိုင်းက လက်ရှိဘ၀ကိုသာ ပို၍ခုံမင်တတ်ကြသည်မှာ သဘာဝပဲမဟုတ်လား။
   တရုတ်သိုင်းကားတွေထဲတွင် နောက်ဘ၀မှ အကြွေးပြန်ဆပ်မည်ဟုပင် ၀ံ့ဝံ့စားစားပြောရဲကြသေးသည်မှာ သည်တဏှာကြောင့်ပင်ဖြစ်မည်။ ကျွန်တော်ကလည်း ဘာသားနှင့်ထုထားသည်မို့လဲလေ။ လက်ရှိဘ၀၊ လက်ရှိသားမယားသာလျှင် လောလောလတ်လတ် အရေးကြီးသည်ပဲပေါ့။ နောက်ဘ၀ကတော့ နောက်မှ ကြည့်ရှင်းတော့မည်။
   သည်ဘ၀မှာ မခိုးမ၀ှက်၊ သူတစ်ပါးအသက်မသတ်၊ သူများသားမယား မပစ်မှား။ ဒီလောက်ဆို တော်လှပြီမဟုတ်လား။
   မုသားကတော့ လင်္ကာချောအောင် လိုအပ်လို့ ပြောသင့်လျှင် ပြောရဦးမည်လေ။
   ထိုနေ့က ကျွန်တော်လည်း လေကလေးတချွန်ချွန်နှင့် အလွန်ပေါ့ပါးနေခဲ့၏။ တစ်နှစ်နီးပါး ပွေ့ပိုက်ထားရသော နာတာရှည်ဝေဒနာဆိုးကြီးကို လွှတ်ချခွင့်ရလိုက်သူလို လွတ်မြောက်မှုအရသာမှာ အထူးတကဲရှိလှသည်။
   ဘာမဆို ပညတ်နှင့်ပရမတ်ခွဲကာ နေရာတကာ အတွေးခေါင်ချင်လှသည့် အိမ်သူကတော့ ကံပေးလာသမျှဆိုလျှင် နာတာရှည်ရောဂါမှန်းသိရက်နှင့်တောင် လက်ပြောင်းလက်လွှဲ လုပ်ချင်ပုံမရ။
   “ ပစ်္စည်းတစ်ခု ၀ယ်လိုက်ကတည်းက ကိုယ့်အတွက် အသုံးဝင်ဖို့သာအဓိကပါ။ ဒီပစ်္စည်း ကိုယ်နဲ့အသုံးတည့်နေမယ်ဆိုရင် တော်ပြီပေါ့။ ဘာလို့ ဒီပစ်္စည်းအပေါ်မှာ ဈေးတက်တာ၊ ဈေးကျတာ၊ မြတ်တာ၊ ရှုံးတာတွေ လိုက်တွက်နေပြီး ဈေးအတက်အကျမှာ လှိုင်းလိုက်စီးနေတော့မလဲ။
   ကိုယ်က မြတ်ချင်လို့ ၀ယ်တာလည်းမဟုတ်။ ငွေကစားချင်လို့ ရောင်းမှာလည်းမဟုတ်၊ ကိုယ်က သုံးဖို့ဝယ်တာ။ ဒီတော့ ဈေးအတက်အကျမှာ လှိုင်းလိုက်စီးနေရင် ကိုယ်ပဲ မူးလာမှာပေါ့။ ဘာလုပ်မလဲ။ အကျိုးမရှိဘူးလေ...”
   ဟုတ်တော့လည်း ဟုတ်ပေသည်။ လူ့အသုံးအဆောင်ပစ်္စည်းတွေ မှန်သမျှက ၀ယ်ပြီးသွားလျှင် ကိုယ့်လက်ထဲရောက်တာနှင့် တန်ဖိုးက ကျသွားပြီ။ အသစ်အဆန်း ပေါ်ပေါ်ချင်း ဦးဆုံးစ၀ယ်လျှင် ပိုပြီးဈေးကြီးပေးရမည်။ သူများသုံးပြီးလို့ ရိုးသွားခါမှ ၀ယ်မယ်ဆိုလျှင် ဈေးသက်သာသွားမည်။
   ရွှေဝယ်စုသလို၊ အိမ်ခြံမြေ၀ယ်ထားသလို မဟုတ်။ ရွှေတွေမြေတွေက အချိန်စောင့်နိုင်လျှင်၊ ရင်းထားနိုင်လျှင် ဈေးတက်လာမည်၊ အမြတ်ထွက်လာမည်မှာ သေချာသလောက်ရှိနေသည်။ အသုံးအဆောင်ပစ်္စည်းဆိုသည်ကတော့ ခုဝယ်ပြီးလို့ လက်ထဲရောက်တာနှင့် မကြိုက်တော့ဆိုကာ အသစ်အတိုင်းကို ပြန်ရောင်းမည်ဆိုလျှင်ပင် ဈေးကတော့ မူလဈေးကို လက်ငင်းရနိုင်ဖိှု့ မသေချာတော့။
      “ ကိုယ်လည်း အရှုံးအမြတ်ကို တွက်နေတာ မဟုတ်ပါဘူးကွာ။ အဲဒီအတွက် အလဲအလှယ်လုပ်ချင်တာလဲ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်တို့ပစ်္စည်းက တစ်သက်လုံး ရေရှည်သုံးသွားဖို့ မကောင်းတော့ဘူးလေ။ အဲဒါ မင်းအသိဆုံးပဲဟာ။ “အော်” ပျက်သွားပြီကွ...”
    ကျွန်တော့်စကားကို ကြားတော့ အိမ်သူက ဟက်ဟက်ပက်ပက် ရယ်ပါလေတော့သည်။
    “ အော်... ကိုရင်အေး... ကိုရင်အေး ဒီပစ်္စည်းကို “အော်” ပျက်တယ်လို့ ပြောရအောင် လောကမှာ ဘယ်ဟာများ “အော်”မပျက်တာရှိသေးလို့လဲ။ ခန်္ဓာကိုယ်ကြီးလည်း ဒရစပ် အချိန်တိုင်းပျက်နေတာ၊ ရှင် သိသိရက်ကြီးနဲ့ ဘာမဆို “အော်” မှ၊ အော်ရီဂျင်နယ်မှ ဆိုတဲ့ အစွဲကြီးကို စွန့်လိုက်ပါတော့ရှင်။
    ဒီပစ်္စည်းတွေက နှစ်အစိတ်ကျော်၊ ရှင်နဲ့ သက်တမ်းတူတူနီးပါးရှိနေတဲ့၊ ပိုင်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလာခဲ့တဲ့ ပစ်္စည်းတွေပဲ။ ရှေ့ပိုင်ရှင်က “အော်” လို့ပြောတိုင်းရော ယုံစရာလား။ ကိုယ့်လက်ထဲမှာ ပျက်သမျှသာ ကိုယ်သိတာ။ သူများလက်ထဲမှာ ဘာတွေဖြစ်ခဲ့ပျက်ခဲ့မလဲ ရှင်သိလို့လား။ ရှင်ကိုယ်တိုင်တောင် ဗိုက်ဖွင့်ထားဖူးတယ်။ အူတွေဖြတ်ထုတ်ခံထားရတယ်လေ။ “အော်” ဟုတ်သေးလို့လား... အဟက်..ဟက်...”
    သူမက ပြောလိုက်ရယ်လိုက်နှင့် ကျွန်တော့်ကို လှောင်သလိုလို၊ တရားချသလိုလို လုပ်နေ၏။
    “ ဒါတော့ ဒါပေါ့ကွာ။ ဒါပေမဲ့ ဒီလောက်ဖြစ်ထားတဲ့ ဟာကြီးတော့ ဆက်မသုံးချင်တော့ဘူးကွာ။ ရှုံးလည်းရှုံးပေ့စေ။ အရှုံးခံ ရောင်းသင့်တာပဲမဟုတ်လား...”
    ဒီလိုနှင့် အိမ်သူက လိုက်လိုက်လျောလျော မရှိလှပါဘဲနှင့် ကျွန်တော်က ၀ယ်လက်ရှိတုန်း အမြန်ပင် အိမ်မှကားကို ရောင်းလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ၀ယ်သူက ပိုက်ဆံချေပြီး ကား အိမ်မှထွက်သွားသည်နှင့် ကျွန်တော်လည်း လေလေးချွန်ကာ စိတ်အတော်ပေါ့သွားခဲ့ရသည်။
                                xxxxxx
    “ ဒီနံပါတ်နဲ့ ဒီမော်လ်ဒယ်မှာ အတွင်းခန်းတွေ ဒီလောက်သန့်နေတာ မသင်္ကာစရာပဲကွာ။ နံပါတ်က အက်္ခရာတန်းဖြစ်နေပြီး ပစ်္စည်းက အရမ်းလတ်နေတော့ ဒီကောင်တွေ တစ်ခုခုအတိုက်အခိုက်ရှိလို့များ ပြန်ရှိုင်းထားတာလားလို့...။ ဈေးကလည်း ဆစ်သလောက်မလျှော့ဘဲ နည်းနည်းလျှော့ပေးတယ်ဆိုပေမဲ့ သူများထက် သက်သာနေသေးတာပဲ။ တစ်ခုခုများ ချို့ယွင်းချက်ရှိနေလား...”
    ကျွန်တော့်စကားကိုကြားတော့ အိမ်သူက သက်ပြင်းချလေ၏။
    “ တကယ်တော့ ရှင့်လိပ်ပြာက ရှင့်ကိုခြောက်နေတာပါတော်..”
    အမှန်လည်း သူမပြောသလိုပင် ကျွန်တော် ကားပြန်ဝယ်ဖို့ လိုက်ရှာသမျှ၊ လာပြသမျှကာလမှာ တော်တော်ကြာခဲ့၏။ တစ်စီးပြီးတစ်စီး စိတ်တိုင်းမကျနိုင်ဘဲ ချေးများနေမိခြင်းမှာ ကျွန်တော့်လိပ်ပြာက ကျွန်တော့်ကို ပြန်ခြောက်နေခြင်းသာ...။
    ယခင် ကျွန်တော်ရောင်းလိုက်သော ကားလေးကို ၀ယ်သွားသည့်သူက ကားလေးမှာ ဆေးကအစ အလွန်ကောင်းပြီး၊ အတွင်းခန်းတွေလည်း သန့်နေသောကြောင့် ကားသစ်တွေ ဒီလောက်ပေါနေတာတောင် ပြန်မလဲတော့ဘဲ ဒါပဲစီးဦးမယ့်အကြောင်း ကျွန်တော့်ကို ဖုန်းဆက်ပြောတော့ ကျွန်တော့်မှာ စိတ်ကမလုံလှ။
    တကယ်တော့ ကျွန်တော်ရောင်းကတည်းက သူတို့ သေချာစစ်ဆေးပြီး စိတ်ကြိုက်ဖြစ်မှ ၀ယ်သွားခြင်းပါ။
    “ ဆေးက နောက်ဆေးဆိုပေမယ့် အင်ဂျင်ခန်းရော၊ နောက်ခန်းတွေကပါ “အော်” ဆေး။ ရှေ့မှန်ရော၊ နောက်မှန်ပါ အော်ရီဂျင်နယ် မဟုတ်တော့ပေမဲ့ ရုတ်တရက်ကြည့်ရင် မသိသာပါဘူး...”
    “ အတိုက်အခိုက်တော့ ကင်းပါတယ်နော်...”
    “ အား စိတ်ချ။ အတိုက်အခိုက် လုံးဝကင်းပါတယ်...”
    တကယ်လည်း ကျွန်တော် မုသားစကား မပြောခဲ့ပါ။ သူက အတိုက်အခိုက် ကင်း၊ မကင်းကိုသာ မေးခဲ့ခြင်းလေ။ တခြား ဘာမှ သူမမေးပါ။ အမေးမရှိသောပုစာ်္ဆကိုတော့ ကျွန်တော်ကလည်း ဘာအဖြေမှ ပေးစရာမလို။ ညာစရာလည်း မလိုခဲ့ပါ။
    “ တကယ်တော့လည်း ကိုယ့်လက်ထဲမှာ ဘာဆိုဘာမှ လုံးဝမတိုက်ခဲ့ဘူးပဲလေ။ ကိုယ်မညာပါဘူးကွ... နော်...”
    ကျွန်တော်က ဤသို့ရယ်ဟဟပြောလျှင်တော့ အိမ်သူက မျက်စောင်းဖွဖွ လှမ်းချိတ်ပါလိမ့်မည်။
    “ စိတ်မပူပါနဲ့။ ရှင်လည်း မုသားမပြောတဲ့သူနဲ့ ပြန်တွေ့ပြီး ကျွန်မတို့လို အတိုက်အခိုက်ကင်းတဲ့ ကားမျိုးပဲ ၀ယ်မိဦးမှာပါ...”
    သူမက ဒီလိုပြောလေလျှင်တော့ ကျွန်တော်လည်း ထပ်ဝယ်မည့်ကားအပေါ်တွင် လိုသည်ထက်ပို၍ ဇီဇာကြောင်လေတော့၏။
    “ အစ်ကို ဒီလောက် စာဖတ်နေရင်တော့ ကုပ်္မဏီသွားပြီး အသစ်သာ ဒါရိုက်လှမ်းမှာတော့ဗျာ။ ဒါတောင်မှ သဘောင်္ကချလာရင် စာချုပ်ထားတဲ့အတိုင်း ပစ်္စည်းစုံတာမဟုတ်သေးဘူး။ အနည်းနဲ့အများတော့ လွဲကြသေးတာပဲ။ တစ်ချို့ဆို ဘက်ထရီပျက်နေလို့ ဘက်ထရီလဲလိုက်ရတာနဲ့၊ အလွိုင်းတွေ ပါမလာတာနဲ့၊ အသုံးအဆောင်ပစ်္စည်းလေးတွေ အဖြုတ်ခံထားရတာနဲ့၊ စုံနေတာပဲ။ ဘီးလေးဘီးစလုံး ပြန်လဲတပ်ရတဲ့ ကားမျိုးတောင် ရှိကြသေးတာဗျာ...”
    ဒါတွေ ကျွန်တော် မသိလို့မှမဟုတ်တာလေ။ ခုတစ်လော အသစ်ဝင်နေသော မော်ဒယ်မြင့်ကားသစ်များကိုတော့ ကျွန်တော်လည်း မျက်စေ့ကျသည်ပဲပေါ့။ သို့ပေမဲ့ ကိုယ့်ဝမ်းနာ ကိုယ်သာသိ။
    ကားဟောင်းဝယ်ဝယ်၊ ကားသစ်မှာမှာ၊ ကျွန်တော့်ကိုခြောက်လှန့်နေသော လိပ်ပြာကတော့ တောင်ပံခတ်နေမှာပင်။
    ဘာပဲဖြစ်ဖြစ် အဟောင်းထဲက သန့်သန့်ကောင်းကောင်းလေးတော့ ကြိုးစားရှာကြည့်ချင်မိပါသည်။
မသကာ ခုတစ်လော အမျိုးမျိုးပြောင်းနေသော ကားဈေးကွက်အခြေအနေအရ ကိုယ်ဝယ်သောကားဟောင်းလေးက တစ်သက်လုံး သခင်ချစ်နေပါကလည်း သခင်က အောင့်နမ်းနိုင်လောက်အောင် ဖီလင်လာဖို့ လိုသေးသည်မဟုတ်လား။
    အမှန်တော့ ယခင်ကားလေးကို ကျွန်တော်မကြိုက်လို့ ရောင်းခဲ့ခြင်းမဟုတ်ပါ။ စ၀ယ်ကတည်းက ကျွန်တော်ရော၊ ကျွန်တော့်မဟေသီပါ နှစ်သက်ကြလို့လည်း စိတ်တူကိုယ်တူ ၀ယ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းပါ။
    ကားတစ်စီးဝယ်ရာမှာလည်း ဟင်းရွက်ကန်ဇွန်း မဟုတ်သည်မို့ မူးနောက်ညည်းတောက်နေလောက်အောင် ပွဲစားပေါင်းစုံ၏ ပညာပေး ပုံစံအစုံကိုခံပြီး အရွှီးအရွှန်းလေဒဏ်မျိုးစုံကိုပါ ခံခဲ့ရ၏။ ကျွန်တော်ကလည်း ကြေးများသကိုး။
    ကြေးများသလောက်လည်း တော်တော်သန့်တာလေး ရခဲ့ပါသည်။ သို့သော်....

   
   ထိုသို့သော်သည် ကားမှာ အမှားအယွင်း တစ်စုံတစ်ရာပါလာလို့ အညာခံရလို့မဟုတ်ပါ။ ကျွန်တော်ဝယ်ယူခဲ့သော ကားလေးသည် နောက်ဆုံးပေါ်မဟုတ်သော်လည်း သူ့နံပါတ်နှင့် မလိုက်ဖက်လှအောင်ပင် တော်တော်သန့်သည့်ကားလေးဟုပင် ပြောရပေလိမ့်မည်။
   သို့သော်....
                               xxxxxx
   တစ်မြန်နှစ်က နွေရာသီတွင် ကျွန်တော်တို့မိသားစု ခရီးထွက်ခဲ့ကြ၏။ ကိုယ့်ကားနှင့်ကိုယ် ကျွန်တော်တို့လင်မယား တစ်လှည့်စီ မောင်းခဲ့ကြခြင်းပင်။ သားနှစ်ယောက်က နောက်ခန်းမှာ။ ကားလေးက သနေ်္ဓကောင်းစွာ ဘာဒုက်္ခမှမပေး။ နံပါတ်နိမ့်သော်လည်း အဲယားကွန်းကလည်း အေးမှအေး။ အမြန်လမ်းကွန်ကရစ်ခင်းမှာ လူကလည်းရှင်း။ လမ်းကလည်းရှင်း။ နေ့လည်ခင်း နေပူပြင်းပေမယ့် စိတ်အေးချမ်းစွာ မောင်းနှင်ခဲ့ကြ၏။
   တစ်လမ်းမောင်းမို့ အရှောင်အတိမ်းက နည်းပါသည်။ လမ်းကရှင်းတော့ အရှိန်ကလည်း ပြင်းသည်။ လမ်းကွေ့လေးတွေရှိသော်လည်း ခပ်ပြေပြေမို့ အရှိန်သိပ်မလျှော့ဖြစ်ဘဲ မောင်းနေသည့်မဟေသီက ကားမောင်းသက်မကြာလှသေးပေမဲ့ သူ့ကိုယ်သူ ယုံကြည်မှုက အပြည့်ရှိနေ၏။
   “ ဒီလိုလမ်းပေါ်မှာ ဒီလောက်အရှိန်နဲ့မောင်းနေတုန်း ခွေးတွေ၊ ကြောင်တွေလို တိရိစာ်္ဆန်တွေဖြတ်တာမြင်ရင် မရှောင်ပစ်နဲ့နော်...”
   ကျွန်တော်က အဝေးပြေးလမ်း မောင်းနှင်သည့်အတွေ့အကြုံများပြီမို့ သူမကို ဤသို့ သတိပေးစကားပင် ပြောလိုက်မိသေးသည်။
   “ ဘာလို့ မရှောင်ရမှာလဲ။ သူတို့လည်း အသက်နဲ့ပဲလေ...”
   သူမက ကျွန်တော်ဆိုလိုသည့် အဓိပ်္ပါယ်ကို တကယ်မသိတာလား။ အဝေးပြေးလမ်းမောင်းနှင်သည့် အတွေ့အကြုံနည်းသူမို့ နားမလည်သည်လား။ ထိုခဏမှာတော့ တကယ်ပင် ရှေ့မြင်ကွင်းထဲသို့ ရုတ်တရက် ဖြတ်ဝင်လာသောပုံရိပ်တစ်ချို့က ခပ်လှမ်းလှမ်းမှာဆိုပေမယ့် ကျွန်တော်တို့အားလုံး သေသေချာချာမြင်လိုက်ရ၏။
    တိရိစာ်္ဆန်မဟုတ်ပါ။ မိန်းမကြီးသုံးယောက် ခေါင်းပေါ်မှာအထုပ်ကိုယ်စီနှင့် ကားလမ်းကိုဖြတ်ဖို့ ဟန်ပြင်နေပြီ။ ဘေးဘီကိုလည်း မကြည့်ပါ။ အမြန်လမ်းမှာ ယာဉ်ရှင်းလှသော်လည်း မောင်းလာသမျှကားတိုင်းက အရှိန်မသေးလှ။
   သည်လို အရှိန်ပြင်းပြင်းမောင်းကြလို့လည်း အမြန်လမ်းမှာ လူတွေ၊ တိရိစာ်္ဆန်တွေ၊ ဆိုင်ကယ်တွေ၊ မဖြတ်နိုင်အောင် တားမြစ်ထားသည့် ဆိုင်းဘုတ်တွေ၊ သံဇကာတွေလည်း တစ်ချို့နေရာတွေမှာ ရှိနေရက်နှင့်။ ဤသို့ အမှတ်တမဲ့ကူးလာတတ်သော လူတွေ၊ အမြန်လမ်းပေါ်တက်မောင်းနေသော ဆိုင်ကယ်တွေကို တစ်ခါတရံ ဘွားကနဲတွေ့ရတတ်သည်မှာ အန်္တရာယ်ကြီးလှ၏။
   သည်လောက်အရှိန်နှင့် သည်လိုကွန်ကရစ်လမ်းမှာ ဖြစ်ပျက်ခဲ့သည့် ကားဇာတ်လမ်းပေါင်းများစွာကို အရင်တုန်းက ကျွန်တော်တို့ မကြားဖူး၊ မသိဖူးခဲ့ကြသည်လည်းမဟုတ်။ ကြားမိတိုင်းလည်း သည်အမြန်လမ်းမှာ အရှိန်ပြင်းပြင်းမမောင်းသင့်မှန်း အထပ်ထပ် သင်ခန်းစာယူခဲ့ပြီးသား။ ကိုယ်သာဆို ဒီလိုမိုက်မဲသည့်နှုန်းနှင့် မောင်းမည်မဟုတ်.. ဟု တွေးခဲ့ဖူးသား။
   သို့သော်...
   ကျွန်တော် ကိုယ်တိုင်လည်း သည်အမြန်လမ်းမှာ အရှိန်ခပ်ပြင်းပြင်း မောင်းခဲ့မိပါ၏။ ကျွန်တော့်ဇနီးမောင်းတော့လည်း အရှိန်ပြင်းပြင်းမောင်းနှင်ခဲ့ပါ၏။ ကားရှင်း၊ လမ်းကျယ်၊ တစ်လမ်းမောင်းမို့ အန်္တရာယ်မဖြစ်လောက်ဟုဘဲ တွေးထင်ခဲ့ပါ၏။
   လမ်းဘေးတစ်လျှောက် လူနေအိမ်ခြေမရှိသောကြောင့်...၊ အရှောင်အတိမ်း နည်းသောကြောင့်...၊ ရာသီဥတု သာယာသောကြောင့်..၊ လူကလည်း ရွှင်ရွှင်လန်းလန်းရှိသောကြောင့် (အိပ်မငိုက်သောကြောင့်)...၊ သည်လို ကံဆိုးကြသူများထဲတွင် ကိုယ်မပါနိုင်ဟု ယုံကြည်သောကြောင့်...၊ .....ကြောင့်...၊ ကြောင့်...၊ ကြောင့်....။
   သို့သော်....
                                xxxxxx
   နောက်ဆုံးတော့ အခါများစွာ ဇီဇာကြောင် ကြေးထူပြီးသောအချိန်တွင် တစ်စုံတစ်ရာကို မဖြစ်မနေ ဖမ်းဆုပ်ရမည့် အခြေအနေတစ်ခုကို ရောက်လာခဲ့ပါ၏။
   ဘာလို့ဆို သားနှစ်ယောက်၏ ကျောင်းအကြိုအပို့၊ ချစ်ဇနီးအတွက် စီးတော်ယာဉ်၊ ကျွန်တော်ကိုယ်တိုင်လည်း ရုံးအဆင်းအတက်တို့အတွက် မရှိမဖြစ် ကားတစ်စီးကို လပေးနှင့်ငှားထားရသည်မှာလည်း စရိတ်အတော်ထောင်းလှပြီ။
   သို့နှင့် ကိုယ့်လိပ်ပြာကိုယ်လန့်ကာ ဘယ်သူ့ကိုမှမယုံနိုင်၊ ဘယ်ကားကိုမှ စိတ်မချ၊ ဘယ်ပစ်္စည်းမှမစစ် ဟု ဖြစ်ရလွန်းသည်နှင့် ပွဲစားများ အရွဲ့တိုက်ပြောသလိုပင် ကုပ်္မဏီမှသာ တိုက်ရိုက်မှာလိုက်ပါတော့သည်။
   ငွေမလောက်တော့လည်း ဟိုထုဒီခွဲ၊ ဟိုချေးဒီဆွဲပေါ့လေ။
   သို့သော်...
   မိန်းမက သူမကြောင့် ပျက်စီးသွားသည့်ကားကို ပြန်ပြင်ပြီးကတည်းက ဘယ်သူ့ကိုမှ ညာမရောင်းဘဲ တစ်သက်လုံး စီးမည်ဟုပြောခဲ့သူ....။
    “ အဲဒီနေရာမှာ အဲဒီမိန်းမကြီးသုံးယောက် လမ်းဖြတ်ကူးတဲ့ဇာတ်လမ်းက နာမည်ကြီး။ အဲဒီ မှတ်တိုင်က အမြန်လမ်းမှာ နာမည်ကျော်...” ဟု အများက ဘယ်လောက်ပြောပြော မယုံကြည်ဘဲ အကြောင်းအကျိုးကိုသာ ဆက်စပ်ဆင်ခြင်တတ်သူ..။
   ကံ၊ ကံ၏အကျိုးကို လက်မလွှတ်တတ်သူဆိုတော့ “ နိုင်ငံခြားမှာရော ကားတွေကို ပိန်လိန်သွားရင် ပြန်မပြင်တော့ဘူးတဲ့လား...” ဟု မသိသားဆိုးရွားစွာ မေးပြန်လေ၏။
   လမ်းဆုံးနေသော ကျွန်တော့်မှာလည်း နောက်ဆုံးပြောစရာတစ်ခုသာ ကျန်တော့သည်လေ။
   “ အေးဟာ ဟိုမှာကတော့ ဘော်ဒီပြန်လုပ်တယ်ပဲထားဦး။ ဒီမှာထက်တော့ သာမှာပါ။ အနည်းဆုံး နှစ်ပတ်ကျွမ်းမဟုတ်ရင် ပြီးတာပဲမဟုတ်လား..” ဟုသာ...။
                               xxxxxx

   ဝေ(စီးပွားရေးတက္ကသိုလ်)
မဟေသီမဂ္ဂဇင်း... July, 2013