လိပ်ပြာလန့်သူ
မလုံတဲ့အိုးက တုတ် မိုးမိုး မ မိုးမိုး
လေတိုးတိုင်း ထထခုန်တယ်။
အိုးမလုံတာကမှ အုံပွင့်ရုံပဲရှိတာ
စိတ်မလုံတာက ကမ္ဘာကြီးတစ်ခုလုံး လည်မျိုထဲတစ်နေသလို
တစစ်စစ်နာတဲ့ စိတ္တဇက ငါ့ကိုဝါးမြို
ကြယ်ပျိုညတွေ လမင်းအိုဆီ အလျားရှည်ဆန့်ထွက်။
ဟိုဘက်နားက လေသံတိုးတိုး
စကား သပ်ထိုးတယ်လို့ ထင်မိပြန်
စိတ်အကာ အဟကြားက စိမ့်ဝင်လာတဲ့သံသယ
စိန်မှုန်ကြဲကတ္တီပါတစ်စ ဆွဲလှန်ပစ်သလို
အိပ်မက်တွေ တစ်စစီ ဟိုဒီကျဲမှောက်
ကိုယ့်လိပ်ပြာ ကိုယ်ပြန်ကြောက်မိတာ ကျိန်စာဆိုးပါပဲ။
ခပ်ရိုးရိုး စုန်းပုံပြင်
ကြားသူတွေ ရယ်ချင်မှာ ရှက်မိပါရဲ့
ကိုယ့်စိတ်ကို ကိုယ်ပြုစား၊ ကိုယ့်အတွေး ကိုယ်ပြန်စုပ်
ကိုယ့်အတတ်နဲ့ ကိုယ်စူး၊ ကိုယ့်အရိပ်က ကိုယ့်ပြန်ခြောက်ပါပေါ့
စိတ်ထောင်ချောက်မှာ ထွက်ပေါက်မဲ့ရင်ဖြင့်
ကိုယ့်မေ့ဆေး ကိုယ်ပြန်သောက်ရတော့မယ်
လမ်းပျောက်တဲ့ သူ။
ဝေ
အနာဂတ်၏ အရောင်
“လောကကြီးမှာ အပေါ်စီး ကနေ ငုံ့ကြည့်ပြီး အသေသပ်ဆုံး ပြုံးပြ နိုင်တာ ဘာဆန်းသလဲ။
တကယ်တမ်းက အောက်ကနေ မော့ကြည့်ရင်း အကြည်လင်ဆုံး ပြုံးနိုင်ဖို့က ပိုခဲယဉ်းတယ်” တဲ့။
အဲဒါ သူပြော နေကျ စကားပါ။ သူက သူ့ကိုယ် သူ အောက် ကနေ မော့ကြည့် နေရတယ် ချည်း ထင်ပြီး စိတ်ဓာတ် ကျနေတဲ့သူ။ ဒါပေမဲ့ သူထင် သလို မိုးကလည်း အပေါ်စီး ကနေ ပြုံးတတ်တဲ့ သူတော့ မဟုတ်ပါဘူး။ အမှန်တော့ အပေါ်ရယ် အောက်ရယ် ခွဲခြား ပြောနေရတာ ကိုက မဟုတ်တာ။ သူနဲ့မိုးက တစ်ဘ၀တည်း ပေါင်းစည်း ထားတဲ့ ချစ်သူ နှစ်ယောက် မဟုတ်တာ ကျနေ တာပဲ။ တစ်ဘ၀စာ အတွက် ခရီးလမ်း ကို အတူတူ လက်တွဲ လျှောက်ကြ ပြီဆိုမှတော့ ကောင်း ရင်အတူစံ၊ ဆိုးရင်လည်း အတူတူ ခံရတာလေ။ ဘယ်သူ့ ဘယ်သူက သာတယ်၊ နာတယ်၊ နိမ့်တယ်၊ မြင့်တယ်ရယ် ရှိဦးမှာလဲ။
တကယ်လို့ မိုးနဲ့သူက နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်ရတဲ့ စွယ်တော်ရွက် ကလေးဆို ရင် အဲဒီစွယ်တော်ရွက်ကလေးနှစ်လွှာကြားမှာ ပေါင်းကူးယှက်ဖြာနေတဲ့ သစ်ကြောလွှာစိမ်းစိမ်းလေးဟာ မိုးတို့ရဲ့ သားကလေးပါ။
စွယ်တော်ရွက် ကလေး နှစ်လွှာမှာ တစ်လွှာကညှိုး လာရင် (ဥပမာ နေထိ လို့ပဲ ဖြစ်ဖြစ်) နောက်တစ်လွှာက လည်း တဖြည်းဖြည်း လိုက်ညှိုး လာမှာပဲ။ တစ်ရွက်လုံး ညှိုးခြောက် လာတော့ အကြော စိမ်းလေးလည်း ညှိုးခြောက် ရတော့တာပေါ့။
စွယ်တော်ရွက် ကလေး သာ တကယ်တမ်း ကြွေကျပြီ ဆိုမှတော့ နှစ်လွှာ စလုံး အကြောစိမ်းလေး ပါမကျန် မြေခ ရတာပါပဲ။ အဲဒါမှ ဘ၀တစ်ခု အစစ် ပါလို့ မိုးက ပြောရင်တော့ သူ့ အပြုံးတွေ လက်လာ တတ်တယ်။
++++++++
တကယ်တော့ တလက်လက် တောက်ပမယ့် အနာဂတ် တစ်ခုကို ပိုင်ဆိုင် မယ် ထင်ပြီး ခပ်မှိန်မှိန် အတိတ် ကောက်ကြောင်းကို ဖျက်ပစ် ခဲ့မိလို့ မိုးတို့ရဲ့ ပစ္စုပ္ပန် ဘ၀ဟာေ၀၀ါးမှုတွေ အောက်ကို ရောက်ခဲ့ ရတာပါ။
“ယောက်ျားလည်း အသည်း နှလုံးနဲ့ပဲ မိုး။ မောင် ကတော့ ဟန်လုပ်ပြီး မာန် တင်းမထား နိုင်ပါဘူး။ လွမ်းလို့ငိုချင် လာရင် ငိုမှာပဲ။ ခု မောင် မိုးနဲ့သားကို လွမ်းလို့ ငိုနေရပြီ”
အဲဒီလို အလုပ် ကိစ္စနဲ့ နယ်ထွက် ရရင်တောင် သူက ဖုန်းဆက်ပြီး ငိုတတ်သူဆို တော့ ခုလို ရေမြေ ခြားဝေးနေ ရချိန်မှာ သူဘယ်လောက် ငိုထား သလဲဆိုတာ ကွန်ပျူ တာမှာ သူ့မျက်နှာ ကြီးပေါ် လာတော့ မိုးထင် ထားတာ ထက် တောင် ထူအမ်း နီမြန်း နေသေးတယ်။ ယောက်ျား တန်မယ့် ရုပ်ပျက်ဆင်း ပျက် သိသိသာသာ ကြီးဖြစ်နေ တော့ တော်ရုံ နယ်ထွက်လို့ သူ ငိုရင်တောင် မတုန်လှုပ် တတ် တဲ့ မိုးလည်း ထိုင်ပြီး ငိုချ ပစ်လိုက်တော့ တာပဲ။
ဟုတ်တယ်လေ။ တစ် နိုင်ငံတည်း ဆိုတဲ့အသိက တစ်သားတည်း ခံစားချက် နဲ့မို့ တစ်ရက် နှစ်ရက် လောက်က တော့ မိုးအသည်းက ခိုင် တယ်။ ခုဆို သူ စင်ကာပူ ထွက်သွားတာ တစ်ရက် မပြည့်တတ် သေးပါဘူး။ မနက်ဆယ် နာရီ လေယာဉ်နဲ့ သွားတာ ဆိုတော့ ခုမှ ညနေ သုံးနာရီ ရှိသေးတယ်။ နေ့တစ်ဝက် တောင် မကျိုးသေးဘူး။ ဒါပေမဲ့ သိပ်ဟာ တာပဲ။ ရေ မြေခြားဆိုတဲ့ ခံစားချက်က ဘာနဲ့မှ မတူဘူး။ ရင်ထဲမှာ ပူ နေတယ်။
သားကလည်း ကွန်ပျူတာ မော်နီတာ ပေါ်က သူ့ အဖေပုံ ကိုကြည့်ပြီး “ဖေဖေ ဘာလုပ် နေတာလဲ။ ပြန်လာ လေ” လို့ ပြောပြီးငိုတော့ သူရော မိုးရော သားကိုချော့ ရင်း သားမသိ အောင် ကြိတ် ငိုရပြန်ရော။
ဒါဖြင့်လည်း ပြန်လာခဲ့ ပါလား မောင်ရယ်။ ဟင့်အင်း ဒီလို ပြောလို့ မဖြစ်ဘူး။ ဒီလို ပြောရင်လည်း သူက လက်ခံ မှာ မဟုတ်ပါဘူး။ သူဒီလို လုပ်လို့လည်း မဖြစ်ဘူး။ ဒီလို အသည်း ကွဲနာနဲ့ ရေမြေခြား ဝေးနေရ တာကမှ အတူတူရှိ ပြီး စိတ်ချင်းဝေး နေရတာ ထက်စာရင် တော်ဦးမယ် ဆိုတာ အတူတူ ယှဉ်ထိုင်ပြီး ပင်လယ်ခြား နေရတဲ့ ဒဏ်ကို ခံရပြီးတဲ့ မိုးတို့နှစ်ယောက် စလုံး အသေအချာ သိပြီး ခဲ့ပြီ လေ။
ေ၀၀ါးမှုတွေ အောက်  မှာ ဒီထက် အချိန်ကြာကြာ သာ ရုန်းမထွက် နိုင်ခဲ့ရင် သူရင် လည်း စိတ်ကျ ဝေဒနာသည် ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် မိုး တို့ဘ၀လေး လည်း ပြိုကွဲချင် ကွဲသွား နိုင်ခဲ့တယ်။ ဒါကြောင့် လည်း လမ်းပျောက်လို့ ဆိုပြီး ထိုင်ငိုနေ တာထက်စာရင် ဆူးတောပဲ ဖြစ်ဖြစ် အနာကျင်ခံ စမ်းတိုးပြီး လမ်းထွင်သင့် သလားလို့ မိုးတို့ နှစ်ယောက် စွန့်စားရ တော့တယ်လေ။
“လမ်းဆိုတာ ကိုယ် တိုင်ထွင်လျှောက်မှ သူများ ထက် ခရီး ပိုပေါက် မှာပေါ့ သမီးရဲ့။ လမ်းဟောင်းကြီး အတိုင်း မှေးပြီး လျှောက်နေ ရင် ဒီလိုပဲ သာမန် လူတွေ ကြားမှာ သာမန် လူမျိုးပဲဖြစ် တော့မှာပေါ့”
အန်တီချောက ရဲရင့် ပြတ်သားသူ ပီပီ မိုးကို အားမလို အားမရ ဖြစ်ခဲ့ဖူးတယ်။
“သမီးတို့ နှစ်ယောက် က အချစ် တစ်ခုနဲ့ ပြည့်စုံ ပါပြီ တဲ့။ မစွန့်စား ချင်တော့ပါ ဘူးတဲ့။ သမီးတို့ ရင်သွေးလေး အတွက် ကျတော့ ဒီ လောက်နဲ့ လုံလောက်ပါ့ မလား။ ခုခေတ်က အတွန်း အတိုက်၊ အပြိုင်အဆိုင် တွေများတဲ့ ခေတ်သမီးရေ။ ယူအက်စ်မှာ သာဆို သားကလေး အတွက် ပညာရေး က အမြင့်ဆုံးပဲ မဟုတ် လား”
သားနဲ့ မီးမောင်း ထိုးပြ လိုက်တော့လည်း ဒီလမ်းက လွဲပြီး အားလုံးဟာ မှိန်ဖျော့နေ သယောင်ယောင်၊ မိုးအတ္တ တွေ လင်းပလာ တော့တာ ပေါ့။
“ကဲ ဒီလောက် အဆင် သင့်နေတဲ့ လမ်းကိုမှ မလျှောက် လိုက်ရင် အမိုက် နင့်ပြင်ရှိ ဦးမလားဆိုတဲ့ ကိန်းဆိုက် နေပြီ မောင်ရေ။ မောင့် အဒေါ်က သူ့ဆိုင်မှာပဲ အလုပ် လုပ်၊ သူ့အိမ်မှာပဲနေ၊ အားလုံးတာဝန် ယူမယ် ဆိုမှတော့ စွန့်စား ကြည့်ရင် ကောင်း မလားလို့”
ထုံးစံ အတိုင်း ခပ်အေးအေး ခပ်လေးလေး သူ့ကို မိုးကပဲ ဦးဆောင်ပြီး ပြောခဲ့မိတယ် ထင်တာပဲ။ သူကမပွင့် တပွင့်နဲ့ အနေ အေးတော့ သွက် လက်တဲ့မိုးက နေရာ အတော် များများမှာ ဦးဆောင် ရလေ့ ရှိတယ်လေ။ ရိုးလွန်းတော့ အ သတဲ့။ တစ်ခါတလေ မိုး သူ့ကို အား မရဘူး။ ကိစ္စ တစ်ခုခုဆို သူ က အေးဆေးပြီး တွေဝေ စဉ်းစားနေတုန်း မိုးက စိတ်မြန် လက်မြန် ဆုံးဖြတ်ချက်ချပြီး နှင့်ပြီ။ တစ်ခါတလေ လုပ်တောင် လုပ်ပြီးနှင့်ပြီ။ ကြာလာတော့ မိုးကပွစိ စိ၊ သူက ကျစ်ကျစ် လစ်လစ်နဲ့ ကိုယ့်ကိုယ်ကိုတောင် စိတ် ပျက်မိတယ်။ ပိုဆိုးတာက သူ့အရည်အချင်း တွေ မိုးရဲ့ သွက်လက်မှု အောက်မှာ လောင်းရိပ်မိ သွားမှာလည်း စိုးရ သေးတာလေ။ ဒါကြောင့် လည်း နောက်ပိုင်းတော့ သတိလေး ထားပြီး ဆုံးဖြတ် ချက်ဆို မိုးက မပေးဘဲ သူ့ကို ရှေ့တန်းတင်ပြီး တွန်းပို့ နေရ တယ်။ ဒီလိုနဲ့ပဲ ခပ်လျော့လျော့ သူ့မာနကို ဆွပေးလိုက်၊ လင်းလက် တောက်ပမယ့် သားရှေ့ရေးကို ဆွေးနွေးလိုက်၊ တွန့် ဆုတ် တွေဝေ နေတဲ့ သူ့နောက် ကနေ တွန်းလိုက်နဲ့ပဲ သူ့လက် ရှိအလုပ်ကို ထွက်ပစ်ဖို့၊ သူ က အရင် သွားနှင့်ပြီး မိုးတို့ သားအမိက နောက်မှ လိုက်ခဲ့ ဖို့၊ ဆုံးဖြတ်ချက် ကျသွားတော့ တယ်။ မှိန်ဖျော့ဖျော့ အတိတ် ကောက်ကြောင်း တစ်ခုကို ဖျက်ပစ် လိုက်ပြီး တောက်ပ တဲ့အနာဂတ် တစ်ခုဆီ ချီတက် ဖို့အားယူ ကြမယ်ပေါ့။
ဒါပေမဲ့ အလွယ်ဆုံးလို့ ထင်ထားတဲ့ ပထမ အဆင့်မှာ တင် မိုးတို့ရဲ့ခြေလှမ်း ကို စပြီး ကြိုးအငင်ခံရတော့ တာပါ။ လုပ်သက် ဆယ်နှစ်ကျော် သက်တမ်း ကြာပြီးတဲ့ အလုပ် တစ်ခုက ထွက်ဖို့ဆို တာ ထင်သလောက် မလွယ် ကူလှဘူး။ ကျွမ်းကျင် အဆင့်ကို ရောက်နေတဲ့ သူ့ရဲ့လုပ်ရည် ကိုင်ရည်နဲ့ ရိုးသားမှုကို လက်မလွှတ် ချင်တော့ လစာ တွေတိုးပေး၊ အခွင့် အရေးတွေ ပေးနဲ့။ ပြုပြင် ထိန်းသိမ်းရေး ဆိုတာကလည်း လုပ်သက် ရင့်လေ တန်ဖိုးရှိလေ ဆိုတော့ ဒီလို ကုမ္ပဏီကြီး တစ်ခု အနေနဲ့ ကလည်း သူ့ကို အမျိုးမျိုး မက်လုံး ပေးပြီး ဆွဲဆောင် ပြန် တာပဲ။ နောက်ဆုံးတော့ မရ ရင်တောင် လူစားမရ မချင်း တော့ လုပ်ပေးပါဦး ဆိုတာ မျိုး တောင်းဆို ကြတယ်။
ဒါပေမဲ့ စိတ်ကူး တစ်ခု က ဖျတ်ခနဲ ပေါ်တုန်း ဆတ်ခနဲ လုပ်ရင်လုပ်၊ မဟုတ်လို့ ကတော့ အချိန်ကြာလေေ၀၀ါးလာ တတ်တာပဲ မဟုတ် လား။
“မိုးကလေ အနောက် နိုင်ငံ ယဉ်ကျေးမှု တွေကြားမှာ မိုးသားလေး ဘုရား တရား မသိ၊ မိဘဆရာ ကျေးဇူး မသိ နဲ့ ဒိဋ္ဌိဖြစ်မှာ အကြောက်ဆုံး ပဲ”
“မိုးတို့မှာက ဒီသားလေး တစ်ယောက်ထဲ ရှိတာ။ ဟိုမှာ ကြီးပြင်းလာပြီး ဟိုက မိန်းမနဲ့ ရသွားရင် ဘယ်လို လုပ်မလဲ။ မောင့်အန်တီတို့ မိသားစု တောင် စုမိ ဆောင်းမိ ရင် မြန်မာပြည် မှာပဲ ပြန်အခြေ ချမှာတဲ့။ သူ့သမီး ကလည်း ဟိုမှာ နေတာကြာ လာတော့ မိဘအပေါ် ရိုသေ လေးစား၊ အားထားမှု မရှိလှဘူး။ ခုဆို အပျိုပေါက်လေး ဖြစ်လာတော့ ဟိုက ယဉ်ကျေးမှုထဲ မျော သွားမှာ စိုးရိမ် လာပြီလေ။ မိုး တို့ဆီ လာလည်တုန်းက သူတို့ သားအမိ ဆက်ဆံရေးက လည်း ခြောက်ကပ်ကပ် နဲ့ စိုစို ပြည်ပြည် မရှိတာတွေ့ရတယ်။ အနောက် နိုင်ငံထက စာရင် အရှေ့သား အချင်းချင်း အာရှ ကမှ တော်ဦးမယ်။ စင်ကာပူ လောက်ဆို မကောင်းဘူး လားမောင်။ မိုးမောင်တစ်ဝမ်း ကွဲလေးရှိတယ်”
တကယ်တော့ သူ့ အလုပ်ရှင်ကို နားလည်မှုနဲ့ လူစား စောင့်ပေး နေရတဲ့ အချိန်မှာ မိုးစိတ်တွေ ဦးတည်ချက် ပြောင်းသွား ခဲ့တာပါ။
အစကတော့ ရေခြား မြေခြား မိဘ ဆွေမျိုး တွေနဲ့ အဝေးမှာ တစ်စိမ်း တွေကြားထဲ ရုန်းကန် ရတော့မှာမို့ စိတ်ဓာတ် ရင့်ကျက် လာအောင် ဘုရားတရား မမေ့အောင် ဘာသာရေး လေးကိုင်းရှိုင်းရုံ တင်ပါ။ တရားခွေ လေးတွေ နာပြီး ဘုရား အဆုံးအမကို နှလုံးသွင်း ရုံတင်ပါ။
အံ့သြစရာ ကောင်းတာ က လောကရဲ့သစ္စာ တရားကို တကယ်သိ သွားခဲ့ချိန်မှာ ထူ ပြိန်းနေတဲ့ အလိုဆန္ဒတွေ လျော့ပါးသွား တော့တာပဲ။
“မိုးလေ အရင်ကတော့ သားရဲ့ အနာဂတ်ကို အတောက်ပဆုံး စိတ်ကူးယဉ် ခဲ့တယ်။ နိုင်ငံခြားမှာ ကြီး ပွားနေတဲ့ သူငယ်ချင်း တွေကို အားကျခဲ့တယ်။ အလှဆုံး ဘ၀တစ်ခု ကြိုးစားတည် ဆောက်ဖို့ ဟန်ပြင်ခဲ့တယ်။ တကယ်တမ်း “ငါ” ဆိုတာ တောင် မရှိမှန်း သိလိုက်ရတဲ့ အချိန်မှာ မိုးရဲ့ ဆန္ဒအားလုံး ဟာ လက်ဆုပ် လက်ကိုင်ပြ စရာ ဘာတစ်ခု မှကို မကျန် တော့ဘူး”
ခက်တာက မိုး စိတ် ကူးလည်း ပြောင်းသွားရော သူ့အလုပ် ကလည်း လူစားရ သွားတာပါ။ ထွက်စာ တင်ပြီး သားမို့သာ ထွက်ခဲ့ရ ပေမယ့် အချိန်မရွေး ပြန်ဝင်ပါ လို့တော့ ပြောရှာတယ်။ ဒါပေမဲ့ သူ ကိုယ်တိုင် ကကို မလုပ်ချင် တော့ဘူးတဲ့။ နိုင်ငံခြား ထွက်မယ် ဘာညာ လုပ်ပြီးမှ ပြန် ၀င်ရမှာ အောက်သလိုလို ခံစားနေ ရတယ်တဲ့။
ကဲ ဒါဆိုလည်း စင်ကာပူပဲ သွားကြမယ် ဆိုပြန်တော့ မိုးမောင်လေး ဆီက သတင်းရ တာတော့ ဒေါ်လာဈေးတွေ ကျသတဲ့။ မြန်မာငွေက မာ နေလို့တဲ့။ ဒီကြားထဲ စင်ကာပူမှာ လည်း အပြောင်းအလဲ တွေနဲ့။ သူတို့ နိုင်ငံသား တွေကို ပဲ အလုပ်ပို ခန့်ရမတဲ့။ နိုင်ငံခြားသား တွေဆို လုပ်ခနှိမ် သတဲ့။ အလုပ်ရ ဖို့တောင် မလွယ်တော့ ဘူးတဲ့။ အလုပ် မရလို့ ပြန်လာတဲ့ သူတွေ တောင် ရှိသတဲ့။
အဓိက ကတော့ အရင်လို အလုပ် လွယ်လွယ်၊ ငွေ များများ မရတော့ တာပါပဲ။ မိုးတို့တော့ သေမယ့်နှစ်မှ စစ်ထဲလိုက် မိသလို ဖြစ်နေပြန်ပြီ လေ။ မိုးမောင်လေးကတော့ “ကိုမောင့် အရည်အချင်း နဲ့ဆို ရင် အလုပ်က ရတော့ ရမှာပါ။ ဒါပေမဲ့ စင်ကာပူ မှာက စရိတ် တွေကြီးတော့ ငွေဈေးနည်း နည်းတက်အောင် စောင့်လိုက် ပါဦးလား” တဲ့။
ဒါနဲ့ပဲ သူလည်း အလုပ် လက်မဲ့ ဘ၀ကို သေသေ ချာချာ ချိန်ပစ် သလိုကို ရောက်သွား တော့တယ်။ အဲဒီမှာ သူ့ လက်သုံး စကားကြီး စလာတော့ တာပါပဲ။
++++++++
“မောင်အလုပ် မရှိ လည်း မပူနဲ့ မောင်ရေ။ သား လည်းနှစ်နှစ် ကျော်ပြီ ဆိုတော့ မိုးအလုပ် တစ်လှည့် ပြန်လုပ် မယ်။ မိုးအလုပ်က တကယ် ကြိုးစားရင် မောင့်ထက် တောင် ထောဦးမှာ”
အဲဒီမှာ စလွဲတာပဲ။ မိုး က စေတနာနဲ့ ရိုးရိုးသားသား ပြောလိုက်တာ။ သူက မျက်လုံးကြီး ပြူးပြီး မိုးကို ကြည့်တယ်။ ရုတ်တရက် မိုး နားမလည်ဘူး ဖြစ်နေတာက မိုးဘာများ မှားပြောမိသလဲ ပေါ့။ နောက်မှ သူ့လစာကို နည်းတယ် လို့ အဓိပ္ပာယ် ကောက်သွား ပြီလား။ သူ့ အလုပ်ကို လခစား လေးဆိုပြီး နှိမ်သလို ဖြစ်သွားပြီလား။
အမှန်တော့ မိုးတို့မိဘ လက်ထက် ကတည်းက လုပ် ခဲ့တဲ့အလုပ်က မိုးတို့ ညီအစ်မ လက်ထက်မှာ တော်တော်ကို အောင်မြင် ခဲ့တာ။ မိုးမမနဲ့မိုး ကလည်း အိမ်ထောင် ကိုယ်စီ ကျသွားပေမယ့် မိဘ အလုပ်ပဲ ဆက်လုပ်ပေးပြီး ကိုယ့် ယောက်ျားတွေရဲ့ ၀င်ငွေကို တော့ အိမ်စရိတ် တွေသုံးကြ တယ်။ မိဘ လုပ်ငန်းအမြတ် အစွန်းမှန် သမျှက မိဘလက် ထဲပဲ ခုထိ အပ်ကြတုန်း။
နောက်မှ မိဘတွေ ဆီက မုန့်ဖိုးဆိုပြီး ပြန်လက်ဖြန့် သုံး တာ။ မုန့်ဖိုး ကလည်း လက် ဖြန့်ရင် ဖြန့်သလောက် တစ်လဆို လေးငါးသိန်း လောက်တော့ ပျော့ပျော့လေး ရတာလေ။ မမ ကလေး မွေးပြီးကာစ တုန်းက လည်း မိုးတစ်ယောက်တည်း ပဲ အလုပ်ကို ဦးစီး လုပ်ခဲ့ရ တယ်။ မမက သူ့ကလေးနဲ့ သူ မအားလပ် နိုင်ခဲ့ဘူး။ ခု မိုးသား မွေးပြီးတော့ လည်း မမပဲ အလုပ်ကို တစ်ယောက် တည်း မနိုင်မနင်း လုပ်ရတာ ပဲ။
ကိုယ်က အလုပ်ကို ၀င်မကူ ဖြစ်တော့ မုန့်ဖိုးဆိုပြီး လက်မဖြန့် ဖြစ်တော့ဘူး။ ဒါပေမဲ့ မိဘတွေက ဆန်အိတ် ပို့လိုက်၊ ဆီပုံး ပို့လိုက်နဲ့ပါ။ မမ ကလည်း သူဝယ်သမျှ အ၀တ်အစား ကအစ ဖိနပ် အဆုံး မိုးအတွက် ဆင်တူပါ ပြီးသား။
ဘာပဲ ဖြစ်ဖြစ် အသေး သုံး၊ အကြီးသုံး မှန်သမျှက တော့ သူ့လခ နဲ့ပဲ နှစ်ပါးသွား ခဲ့တာ သားတစ်သက်ပေါ့။ စိတ်တိုင်းကျ မသုံးနိုင် ပေမယ့် လောက်အောင်တော့ ဒီလိုပဲ လှည့်ပတ် သုံးရတာပဲ။ မိုးက နည်းနည်း လက်ဖွာတာမို့ စိတ် တော့ညစ်ရတယ်။ ဒါပေမဲ့ မိုး မညည်းဘူး။
သူက မိုးမိဘတွေ ဘက်လိုက် နေတာ ဆိုတော့ သူ အားငယ်မှာ စိုးလို့ မိုးက အမြဲ တမ်း နောက်တစ်လှမ်းဆုတ် နေရတာ။ ဒါပေမဲ့ မိုးတို့ အတွက် ပေးထားတဲ့ တိုက်ခန်းက မိဘတွေနဲ့ တစ်တိုက် တည်း၊ အထက် အောက်ဆို တော့ မိဘနဲ့လည်း အနေ မဝေးဘူး။ လင်မယားနှစ် ယောက်လည်း လွတ်လွတ် လပ်လပ် ရန်ဖြစ်လို့ ရတယ် ဆိုတာမျိုး။
မိုးအလုပ် ပြန်လုပ်နိုင် တော့ မမလည်း သက်သာ၊ အလုပ်လည်း ပိုတွင် ကျယ် တာပေါ့။ မိုးတို့ညီ အစ်မ အလုပ်က ဌာန ဆိုင်ရာတွေ၊ တက္ကသိုလ်တွေ၊ ကျောင်း တွေနဲ့ ဆက်သွယ်ပြီး ပြက္ခဒိန်တို့၊ အမှတ်တရ စာအုပ်တို့၊ ယပ်တောင်၊ ဘောပင်၊ သော့ချိတ် ကအစ မဂ္ဂဇင်း စာအုပ်အဆုံး အကုန် တာဝန်ယူ လုပ်ပေးတဲ့ မီဒီယာ အလုပ်ပါ။ မမ ယောက်ျားက ဌာန ဆိုင်ရာ တစ်ခုက လူကြီးဆို တော့ သူ့အလုပ်နဲ့ သူမအား တာမို့ မိုးတို့ ညီအစ်မ အလုပ် ကို စိတ်မ၀င်စား အားပါဘူး။ ဒီတော့ မမက သူ့ကို အလုပ်လည်း ထွက်ထားတုန်း မိုးတို့ နဲ့အတူဝင် လုပ်ဖို့ခေါ်တယ်။ ယောက်ျားလေး တစ်ယောက် ပါတော့ အားကိုး ရတာပေါ့။ ဒါပေမဲ့ ဒီအလုပ်ကို နှစ်ပေါင်းများစွာ လုပ်လာကြတဲ့ မိုးတို့ ညီအစ်မက မိတ်ဆွေ လည်းပေါတယ်။ လုပ်ငန်း သဘောလည်း ကျွမ်းကျင်ပြီး သားဆိုတော့ ဘယ်ဌာန၊ ဘယ်ကျောင်း ကိုပဲဖြစ်ဖြစ် သူ့ကိုလွှတ် လိုက်ရင် အလုပ်အပ် ဖို့ကအစ ဟိုနေ့ချိန်း ဒီနေ့ချိန်း နဲ့ အင်တင်တင် ဖြစ်ကြပေမယ့် မိုးတို့ ညီအစ်မ မျက်နှာကို မြင် လိုက်တာနဲ့ ချက်ချင်း လေသံ ပြောင်းပြီး မီးစိမ်းပြသွား ရော။ ဒါကြောင့်လည်း သူက အလုပ် လက်ခံဖို့ ဈေးစကား ပြောဖို့ လိုမျိုး အရေးပါတဲ့ ကိစ္စ တွေမှာ ၀င်လို့မရဘဲ ပစ္စည်း အပ်ရတာတို့၊ ပစ္စည်းပို့ ရတာ တို့လိုမျိုး နောက်ပိုင်း ကိစ္စလောက် နဲ့ပဲ ပြီးနေရတော့ ဒီလုပ်ငန်းမှာ အရာ မ၀င် သလို ဖြစ်နေတာပေါ့။
အလုပ်နဲ့ ပတ်သက်ရင် ယောက်ျား ဗီဇပဲ ဆိုရမလား၊ တလွဲ မာနပဲ ပြောရမလား။ သူ က ဦးမဆောင် ရဘဲ မိုးက ချည်း ရှေ့ရောက် နေတော့ မိုး နဲ့ဆို ခဏခဏ စိတ်အခန့် မသင့် ဖြစ်ရတယ်။ သူနဲ့မိုး ငြိ နေတဲ့ကြိုး ကိုချည်း ဖြည်နေရ တာနဲ့ပဲ ဘယ်လိုလုပ် ခရီးတွင် တော့မလဲ။ သူမပါလည်း ဖြစ်နေတဲ့အလုပ် တစ်ခုဟာ သူပါလာကာမှ ကြိုးတွေရှုပ် ကုန်တော့တာပဲ။
“လောကကြီးမှာ အပေါ် စီးကနေ ငုံ့ကြည့်ပြီး အသေသပ်ဆုံး ပြုံးပြနိုင်တာ ဘာဆန်းသလဲ။ တကယ်တမ်း က အောက်ကနေ မော့ကြည့် ရင်း အကြည်လင်ဆုံး ပြုံးနိုင် ဖို့က ပိုခဲယဉ်းတယ်”
“မောင်မှားနေပြီ။ မောင့် ကိုဘယ်သူက အပေါ်စီးက ဆက်ဆံလို့လဲ။ ဘာလို့ကိုယ့် ကိုယ်ကို အောက်တယ်လို့ စိတ်အားငယ် ရတာလဲ”
“ဟိုစာရွက်ဆိုင်က ကောင်၊ မောင်နဲ့ ဈေးညှိနေ ရင်းကနေ ကားပေါ်ထိုင်နေ တဲ့မိုးဆီကို အတင်းသွားပြီး ဈေးဖြတ်ခိုင်းတာ ဘာ သဘောလဲ”
“သြော် မိုးနဲ့က အလုပ် တွဲလုပ်နေ ကျဆိုတော့ မိုးဆီပဲ ဦးတည်လာ ကြတာပါ။ အချိန်တော့ လိုဦးမှာပေါ့ မောင်ရယ်။ နောက်တော့လည်း မောင့်ကို သိလာ ကြမှာပေါ့။ မောင်က လုပ်ငန်းကိစ္စ တွေမှာ မိုး ထက်တောင် အကွက်မြင် သေးတာ”
“မဟုတ်ပါဘူး။ မောင့် ကို မယုံကြည်တဲ့ သဘော။ သက်သက် အထင်သေး တာ ပါကွာ”
သူ့ဒေါသ တွေဟာ နောက်ဆုံးတော့ စိတ်အား ငယ်မှုတွေ အဖြစ် ပြောင်းသွား တော့တာပါပဲ။ တစ်ခါ တလေ အဓိပ္ပာယ်ရှိ သလိုလို နဲ့၊ တစ်ခါတလေ တော့လည်း တော်တော့ကို အဓိပ္ပာယ် မဲ့လှ ပါတယ်။
မိုးအလုပ်တွေ ၀င်ကူ တိုင်း တစ်ခုမဟုတ် တစ်ခု ပြဿနာတက် နေရတော့ နောက်ဆို မိုးကလည်း သူ့ကို ခိုင်းရမှာ ကြောက်လာတယ်။ အမှန်ဆို သူဝင်ကူရင် မိုးတို့ အလုပ်က ပိုတွင်ကျယ်တာ အမှန်ပါ။ ဒါပေမဲ့ သူက သူ့ နေရာကို သူမကျေနပ် ပါဘူး။
“တို့တွေ လုပ်ငန်းမှာ သူကတစ်သား တည်းမကျနိုင် တော့ လုပ်ငန်းချင်း ဆက်စပ် နေတဲ့ ပုံနှိပ်စက်ထောင်ပေး ချင်တာဟယ်။ ငွေအင်အား က မမီဘူး ဖြစ်နေတယ်။ ငါ့ ပြင်ဦးလွင်က ခြံလေးရောင်း ရရင် ကောင်းမှာပဲ”
မမက ယောက်ျားဘက် က အမွေရ ထားတဲ့ ခြံလေးကို ရောင်းပြီး လုပ်ငန်း တစ်ခု ထူ ထောင်ပေးဖို့ ကြိုးစား ခဲ့သေး တယ်။ ဒါပေမဲ့ လိုတဲ့ငွေက ခြံရဲ့ ပေါက်ဈေးထက် တော် တော်ပိုနေတော့ မမကလည်း မတန်မဆ ဈေးခေါ် ထားတာ။ ခြံက ဘယ်လို လုပ်ရောင်း ထွက်ပါ့ မလဲ။
နောက်ပိုင်းတော့ မိုးနဲ့ဆို သူက အလုပ်တွဲ လုပ်ဖို့ အကြောင်း အမျိုးမျိုး ပြပြီး ရှောင်တော့တယ်။ မမခိုင်း တာလောက်ပဲ အားနာပါးနာ လုပ်ပေးပြီး များသော အား ဖြင့် သားနဲ့သာ အချိန်ကုန် တော့တယ်။ သားဝေယျာ ၀စ္စ သူအကုန် လုပ်တယ်။ သား ထမင်းခွံ့တာ၊ ရေချိုးတာ၊ ချော့သိပ်တာ ကအစ ညတစ် ရေးနိုး သေးတည်တာ အဆုံး ပါပဲ။ အလုပ် ပင်ပန်း လာတဲ့ မိုးကိုလည်း ညှာပြီး ရေခပ် တိုက်တာ၊ အားဆေးတိုက် တာကအစ ရေချိုးခန်း အထွက် တဘက်နဲ့စောင့် သုတ်ပေးတဲ့ အထိ ကြင်နာရှာ တယ်။
တစ်ခုပဲ။ စကားပြော နည်းသွားပြီး ငေးနေတာများ လာတယ်။ အရင်တုန်းက အတူ သွားနေကျ မိုးတို့အလုပ် နဲ့ပတ်သက်တဲ့ မိတ်ဆွေတွေ ရဲ့ သာရေး နာရေး ဘယ်တော့ မှ သူ့ကို ခေါ်မရ တော့ဘူး။ နောက်ပိုင်း အိမ်ဘေး ပတ်ဝန်းကျင် နဲ့ရော၊ မိုးရဲ့ မိဘ ဆွေမျိုး တွေနဲ့ပါ ခပ်ရှောင်ရှောင် မပွင့်တပွင့် ဖြစ်လာတော့ သူ့ အခြေ အနေက စိုးရိမ်ရေမှတ် ရောက်လာပြီလို့ မိုး လန့်လာ တယ်။
ဘာပဲဖြစ်ဖြစ် တစ်ခုခု တော့ သူ့အတွက် လုပ်ပေးမှ ဖြစ်တော့ မယ်လို့ မိုး အရေး တကြီး တွေးရပြီလေ။
+++++++
တကယ်တမ်း လောက မှာ ဘာအရေး ကြီးဆုံးလဲဆို တဲ့ မေးခွန်းဟာ လူတိုင်း အတွက် အဖြေတစ်မျိုး စီထွက် မှာပါလားလို့ သိသွားရတဲ့ အချိန်ကျတော့ မိုးတို့ခြေလှမ်း တွေ ကျွံကုန် ကြပြီ။ သား အနာဂတ် အတွက်လို့ အကြောင်းလှလှ လေးပြပေမယ့် ကိုယ့်လမ်း ကြောင်းကို ကိုယ် မရွေးချယ်တတ် သေးတဲ့ ကလေးရဲ့ဆန္ဒကို ရှေ့တန်း တင်နိုင်တာမှ မဟုတ်ဘဲ။ အမှန်တော့ မိဘတွေ ကြားမှာ ရေပန်းစားနေတဲ့ သားသမီး ကို နိုင်ငံခြားမှာ စာသင်ပေး နိုင်တယ်ဆိုတဲ့ ဂုဏ်ကို လိုချင် တဲ့ ကိုယ့်အတ္တက အရင်းခံ ပါ။
ဒါကို မိုး ကောင်းကောင်း သိသွားတဲ့ အချိန်ကျ တော့ သူက စင်ကာပူလမ်း တွေပေါ်မှာ ဘယ်ဆက် လျှောက်ရင် ကောင်းမလဲလို့ ယောင်ဝါးဝါးနဲ့ ဖြစ်နေပြီ။ အလုပ်ရှာ အင်တာဗျူးတွေက လည်း ရက်ချိန်းလို သေးတာမို့ မိုးမောင်လေးက သူ့ကို သွားတတ် လာတတ်အောင် လမ်းတွေ၊ ရထားစီး ပုံတွေ လိုက်ပြပေး နေသတဲ့လေ။ မောင်လေးကတော့ အဖော်ရ ပြီဆိုပြီး ၀မ်းသာ တက်ကြွနေ သလောက် သူကတော့ မိုးဆီ ဖုန်းဆက်လိုက်၊ ဂျီတော့ပြော လိုက်၊ ငိုလိုက်နဲ့ လိမ်ပိန်ခွေ ခေါက်နေ တာပဲ။ တစ်နေကုန် ဂျီတော့ရှေ့ မှာချည်း အချိန်ကုန် လို့ကုန် မှန်းလည်းမသိ၊ မိုးကိုယ်တိုင် လည်း မစားနိုင် မသောက်နိုင်၊ တငိုငို တရယ်ရယ်ဆို တော့ မိဘတွေနဲ့ မမက မိုးတို့ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ကြ တာပေါ့။
“မနေနိုင်ရင် ပြန်လာ ခိုင်းလိုက်ဟာ။ ဒီမှာ ဆားဗစ် စင်တာလေး ထောင်ပြီး ရသလောက်နဲ့ ကျေနပ် ကြစမ်း ပါ။ ဒီမှာက သူဌေး ဟိုကျ တော့ အလုပ်သမား လုပ်ရ မှာ။ ကိုယ့်မြေမှာသာ ကိုယ့်လေကို ၀၀ရှူကြစမ်းပါ။ ဒုက္ခ ခံမနေ ကြစမ်းနဲ့”
မမကတော့ နိုင်ငံခြား ကို အထင် မကြီးသူ ပီပီ ပြတ်ပြတ်သားသား ဆုံးဖြတ်ခိုင်း နေပြီ။ မိုးက သူ့ကို လွမ်းရုံ မကဘူး။ သူမရှိတော့ တရိပ် ရိပ်တက် နေတဲ့ သူ့တန်ဖိုးတွေ လေ။ သားကို ချော့သိပ်ပေးမယ့် သူမရှိ၊ ထမင်းခွံ့ကျွေး မယ့်သူ မရှိ၊ တစ်ရေးနိုး သေး ထတည် ပေးမယ့်သူ မရှိ။
ပိုဆိုးတာက ရေချိုးခန်း အထွက်ဆိုလည်း တဘက် ကိုင်စောင့် တတ်တဲ့သူ့ကို သတိရလို့ မျက်ရည်ကျ ရပြန် တာပဲ။ ဒါပေမဲ့ မိုး သူ ပြန်လာမှာ ကြောက်တယ်။ ဒီ အခြေအနေနဲ့ တပ်ခေါက်ပြီး ပြန်လာရရင် သူ့စိတ်ကျ ဝေဒနာက ဆရာဝန် ပြရတဲ့ အဆင့် ရောက်တော့မှာ။ မိုး သိတယ်။
ဒီတော့ နှလုံးသားရေး ရာ ခံစားမှုထက် စိတ်ဓာတ် ရေးရာ ခံစားမှုကို ဦးစားပေးရ လိမ့်မယ်။ ဒီကြားထဲ ကံဆိုးတာ လား၊ ကံကောင်းတာလား မသိ။ မမရဲ့ မတန်မဆဈေး ခေါ်ထားတဲ့ခြံကို ၀ယ်မယ့်သူ ပေါ်လာပါ လေရော။ မိုးဖြင့် အံ့သြ လိုက်တာ။ ဖြစ်နိုင်ချေ တစ်-ရာခိုင်နှုန်းက ထဖြစ် သွားတာလေ။ မမ ကတော့ မိုးတို့ရဲ့ကံ ပဲဆိုပြီး ငွေချေ သွားတာနဲ့ သူ့ ဆီကို ၀မ်းသာ အားရ ဖုန်း ဆက်တော့ တာပဲ။
“မောင်လေးရေ စင်ကာ ပူကို အလည် သွားတယ်ပဲ အောက်မေ့ လိုက်တော့။ သုံး လေးရက်နှံ့ အောင်လည် ပြီးရင် ပြန်သာလာခဲ့”
သူလည်း ကြားကြား ချင်း တော်တော် အံ့သြသွား မှာ။ မိုးနဲ့ဂျီတော့ ပြောတော့ သူ့ရုပ်ကြီးက မအီမလည် ကြီး။ ငိုရမလို ရယ်ရမလိုနဲ့။
“မောင် ဘာဆက်လုပ်ရ မလဲ မိုးရယ်။ မနက်ဖြန် အင်တာဗျူး ဖြေဖို့ ချိန်းထားတဲ့ ရက်ရောက်ပြီ” တဲ့။
ဘာမဆို ဖျိုးဖျိုး ဖျတ်ဖျတ်နဲ့ ဆုံးဖြတ်ချက်တွေ မြန်တတ်တဲ့ မိုးလည်း ဆွံ့အနေမိ တယ်။ မိုးစိတ်ရင်း အမှန်တိုင်း သာဆို “အပြေးသာ ပြန်ခဲ့ တော့” လို့ ပြောချင်တာပဲ။ ဒါပေမဲ့ သူ့ငူငူ ငိုင်ငိုင်ပုံကြီး ပြန်သတိရပြီး စကားလုံးတွေ ပြန်မြိုချ နေမိတယ်။
လောကမှာ ဘယ်အရာ က သေချာခိုင်မာလို့လဲ။ မမ ထူထောင်ပေးမယ့် ပုံနှိပ်စက် ဆိုတာကရော အောင်မြင်မှာ သေချာလို့လား။ ဘယ်သူက ရေရေရာရာ အာမခံချက်ပေး နိုင်မှာလဲလေ။
ကိုယ်ညွှန်မိတဲ့ လမ်းကို သူလျှောက် လာပြီးလို့ေ၀၀ါး မှုတွေအောက် အရင်ကလို ပြန်ရောက် သွားရင် သူခံနိုင်ပါ့ မလား။ လမ်းဆုံ တင်မက ဘူး။ လမ်းခွဲ တစ်ဖက်ထဲ တောင် ခြေတစ်လှမ်း ၀င်ပြီး ကာမှ ဘက်ဂီယာနဲ့ ပြန်ဆုတ် ရမယ့်အဖြစ်။ ဆက်လျှောက် မယ့်လမ်းက မဖြောင့်ဖြူးရင် ဆုတ်မိတဲ့ လမ်းကိုမှန်းပြီး နှမြော ပူဆွေး မနေတာ သေချာ လို့လား။
“မောင် အလုပ် အင်တာဗျူး ဖြေကြည့် ချင်သေးလား”
“အင်း”
“ဒါဆို မနက်ဖြန်ကျမှ ဆက်စဉ်းစား ကြစို့လေ”
သူ့ဆန္ဒကို ညှာရင်း ကိုယ့်ဆန္ဒတွေ အကြိမ်ကြိမ် မြိုချ နေရတာ လည်ပင်းတွေ နင်နေပြီမို့ ဘာဖြစ်လာမလဲ အဖြေကို မနက်ဖြန် လက်ထဲပဲ ထည့်လိုက်တာ ပိုကောင်း မလားလို့လေ။
++++++++
တစ်ညလုံး မိုး ကောင်းကောင်း အိပ်မပျော်ဘူး။ တစ် နေ့လုံးလည်း သူ အင်တာဗျူး သွားဖြေ နေချိန်မှာ စိတ်ဖြောင့်ဖြောင့် နေမရဘူး။ အနာဂတ်ကို လှမ်းမျှော်လိုက်၊ အတိတ်ကို ပြန်ဆင်ခြင်လိုက်၊ ပစ္စုပ္ပန်ကို ရင်နာလိုက်နဲ့။
ညဘက် တွေ့နေကျ အချိန် ကွန်ပျူတာ မော်နီတာ မှာ သူ့မျက်နှာ ပြုံးပြုံးကြီး ပေါ်လာတော့မှ မိုးစိတ်တွေ ပေါ့ပါးသွား ရတယ်။ သူ ပြန် လာသည် ဖြစ်စေ၊ မလာသည် ဖြစ်စေ၊ သူ့ဆန္ဒကို မစွက်ဖက် ဖို့ သူ့အပေါ် ငြိုငြင်စိတ် မ၀င်ဖို့ ဆုံးဖြတ်ထား တယ်လေ။
“မောင့်ကို အလုပ်ရှင်က မနက်ဖြန် ချက်ချင်း အလုပ် ဆင်းဖို့ ပြောလိုက်တယ် မိုး။ မောင်တောင်းဆိုတဲ့ လစာကို လည်း သဘောတူတယ်။ မိုး မောင်လေး ကတော့ စစချင်း ဒီလိုလစာ ရဖို့ မလွယ်ဘူး။ ကိုမောင် သိပ်ကံကောင်း တယ်” ဆိုပြီး အံ့သြနေတယ်။
မိုးရင်ထဲမှာ ဟာခနဲ ၀မ်းနည်း သွားရတယ်။ မောင် က ဟိုမှာ နေချင် နေတာပဲ။ သူ့ မာနကို အရောင် တင်ဖို့ ပို အရေးကြီး နေတာပဲ။
“ဒါပေမဲ့ မောင်ပြန်လာ တော့မယ်”
“ဟင်”
“ဟုတ်တယ် မိုး။ အရင်ကတော့ မောင် ဒီ အတိုင်း တပ်ခေါက် ပြန်ရမှာ သေမလောက် ကြောက်ခဲ့တယ်။ ပတ်ဝန်းကျင်က ဆွေမျိုးတွေ က ဒီကောင် အလကား ပါဆို ပြီး အထင်သေး မလား တွေး ပူခဲ့တယ်။ မမရဲ့ အစီအစဉ်ကို ပစ်မှီ လိုက်ရမှာ အားငယ်ခဲ့ တယ်။ သူများ အထင်သေး မခံရဖို့ ကိုယ့်ကိုယ်ကို ဒုက္ခခံ နေရတာ၊ ကြာရင် ကိုယ့်ကိုယ် ကို အထင်သေး လာတော့မှာ”
“ဒါပေမဲ့ သေချာစဉ်း စားပါဦး မောင်။ အရင်လို ပုံစံမျိုးကြီးနဲ့ မောင့်ကို မိုး မမြင်ရက်ဘူး။ စိတ်ကျ ရောဂါဝင် သွားမှာ မျိုးလည်း မိုး အဖြစ် မခံနိုင်ဘူး”
“မဖြစ် စေရဘူး မိုး။ ဒီ အင်တာဗျူး အောင်တာက ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုး စေတယ်။ အင်တာဗျူးဖြေ ခိုင်းတဲ့ မိုးကိုလည်း ကျေးဇူး သိပ်တင် တယ်ကွာ။ ပုံနှိပ်စက် မအောင်မြင် ရင်လည်း ဆားဗစ် စင်တာ လုပ်မယ်။ ဆားဗစ် စင်တာ မဖြစ်ရင် လည်း”
ပေါ့ပါး သွက်လက်နေ တဲ့ သူ့အသံဟာ သူ့ကို မိုးက ဆုံးဖြတ်ချက် တစ်ခု လမ်းကြောင်း မပေးခဲ့ဘဲ သူကိုယ်တိုင် ကိုယ်ပိုင် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချနိုင် သွားတဲ့ ရလဒ်ရဲ့အကျိုးပါ။
တကယ်တော့ အနာ ဂတ်ဟာ အရောင်မှိန် မလား လင်းမလား ကိုယ့်ခံ ယူချက် အပေါ်မှာပဲ မူတည် တာပါ။
အဲဒီ ခံယူချက် အပေါ်မှာ ယုံကြည် အားထုတ်မှုလေး ထပ်လောင်းလိုက် မယ်ဆိုရင် တော့။
မနက်ဖြန်ဆိုရင်...
++++++++
ဝေ၊စီးပွားရေးတက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)
ကိုယ့်အကြောင်းနဲ့ ကိုယ်
အမှားတွေနဲ့ အသားကျနေတဲ့သူ
အမှန်တရားဆိုတာက သူ့ရန်သူလား
သစ္စာတရားအတွက် အသက်နဲ့လဲပြီး
သက်သေထူတဲ့သူဆိုတာ
ရှိတော့ရှိတယ် ရှားမယ်။
အမှောင်ထဲမှာ အနေကြာလာရင်
အလင်းမြင်တိုင်း မျက်စေ့စူးပြီပေါ့
အလင်းကနေ အမှောင်ထဲကို ၀င်လာသူအဖို့မှာတော့
ရုတ်တရက် ဘာကိုမှ သဲသဲကွဲကွဲမမြင်ချင်
ဒါပေမဲ့ အသားကျလာရင် အမြင်ကြည်လာလိမ့်မတဲ့။
အနက်အိုးထဲကို အဖြူတစ်စက်ရောရင်
အရောင်ပြောင်းမယ်လို့ ထင်ကြသလား
အဖြူကတော့ အနက်တစ်ပေါက်စင်ရင်တောင်
သူ့ဂုဏ်သတ္တိ ပြယ်ချင်တယ်
ဒါဆို... အဖြူများများ အနက်နည်းနည်းဆိုရင်ရော...။
သူများအကြောင်းတွေးတယ်ဆိုတာ အဝေးကိုလှမ်းကြည့်ရသလိုပါ
တကယ်က ကိုယ့်အကျိုးကိုသာ ကိုယ်အရင်ကြည့်တတ်တာ
ပုထုဇဉ်တွေရဲ့ အနီးစပ်ဆုံး သဘာဝ
မရှိတဲ့သူကိုမှ စွန့်ကြဲပေးဖို့ သဒ္ဒါကောင်းချင် ကောင်းနိုင်ဦးမယ်
မသိတဲ့သူကတော့ ဘယ်လောက်အားစိုက်စိုက် ဝေးနေဆဲပါပဲ။
အမှန်နဲ့အမှားကို ဥာဏ်ပညာနဲ့ခွဲခြားသိသလို....
အမှောင်နဲ့အလင်းကို သဘာဝတရားက ညှိချိန်ပေးသလို....
အဖြူနဲ့အနက်ကို လောကကြီးမှာ တွဲစပ်ထားသလို....
အနီးအဝေးချိန်ဖို့ ဆုံချက်ပျက်နေတဲ့ ကင်မရာတစ်လုံးလို...
ကဲ... ခင်ဗျားကရော
ကိုယ့်အကြောင်း ကိုယ် ဘယ်လောက်သိပြီလဲ။
ဝေ(စီးပွားရေးတက္ကသိုလ်)
မိသားစုပုံပြင်
လက်ရည်တစ်ပြင်တည်းတော့ မစားဖြစ်ကြပေမယ့်
စိတ်ရည်တစ်ပြင်တည်းတော့ ရှိချင်မိတယ်။
မိသားစုဆိုတာ....
ကိုယ်ယုံကြည်ရာ ဦးတည်လျှောက်လမ်းချင်း တူချင်မှတူမယ်
ရင်ငွေ့လှုံရာအသိုက်အမြုံရဲ့ နွေးထွေးလုံခြုံမှုကတော့
သားချီမယ့် အနာဂတ်ဆီအထိ စိတ်ခွန်အားတွေပေးလိမ့်မယ်
မိသားစုဆိုတာ....
ခံယူချက်သဘောထားတွေ တချို့နေရာမှာ ကွဲချင်ကွဲမယ်
လက်ဦးဆရာရဲ့ လူ့ယဉ်ကျေးမှု အခြေခံသင်ခန်းစာတွေကတော့
သမီးလှမ်းမယ့် ရည်ရွယ်ရာပန်းတိုင်ရောက်ဖို
အကောင်းဆုံးလမ်းတွေ ခင်းပေးလိမ့်မယ်။
မိသားစုဆိုတာ....
အပြန်အလှန်နားလည်မှုတွေ လွဲတဲ့အခါလည်း ရှိကောင်းရှိမယ်
ဆန်ရေမမျှော်တတ်တဲ့ တစ်ကြောင်းသွားမြစ်ကတော့
နှလုံးသွေးကို သက်တန့်ဖန်ဆင်းပြီး
ကောင်းကင်ဆီ တံတားခင်းပေးချင်သူတွေဖြစ်တယ်။
မိသားစုဆိုတာ....
လောကဓံမုန်တိုင်းတွေ ဘယ်နှကြိမ်ပဲကြမ်းကြမ်း
ကြယ်စုံကောင်းကင်ညချမ်းဟာ တစ်ကြိမ်ပဲလင်းစမ်းပါစေ
စိတ်နှလုံးကြေးမုံပြင်မှာ ဘယ်ခါမှမငြိမ်းတော့မဲ့ မေတ္တာမီးအိမ်လေးဖြစ်တယ်။
ဝေ (စီးပွားရေးတက္ကသိုလ်)
ကျန်ရစ်လေသောအရာ
ထိုအရာကို တွန့်ဆုတ်စွာ လက်ခံလိုက်ရချိန်၌ အချိန်အလွန်နှောင်းခဲ့ပြီ ဖြစ်သည်။ ထိုအရာသည် သူမ၏ဘ၀ကို တိုက်စားသွားခဲ့ပြီ။ ထိုအရာသည် သူမ၏မျှော်လင့်ချက်၊ သူမ၏အနာဂတ်၊ သူမ၏ဂုဏ်သိက္ခာ....၊ သူမဘ၀အတွက် ဘာမှမကျန်အောင် တိုက်စားသွားခဲ့ပြီး ဖြစ်သည်။
                                                       xxxxxx
         “ ယောကျာ်းတစ်ယောက်ကို အတွေ့နဲ့ဆွဲဆောင်ပြီး သိမ်းသွင်းမယ်လို့များ စိတ်ကူးရှိရင်ဖြင့် အဲဒီအကြံကို ခုချက်ချင်း ရပ်လိုက်စမ်းပါအေ။ ဘာဖြစ်လို့လဲဆိုတော့ အတွေ့ဆိုတာ အငွေ့လိုပဲ။ ဖမ်းဆုပ်ဖို့မလွယ်သလို ဘာမှ လက်ဆုပ်လက်ကိုင် မပြနိုင်ခင်မှာ လွင့်ပျောက်လွယ်လွန်းလို့....။
         လူဆိုတာ သူများက ကိုယ့်ကို မလေးစားမကြည်ညိုတာကို အသာထားဦး။ ကိုယ့်ကိုယ်ကို ကြည်ညိုလေးစားစိတ်ရှိဖို့က ပိုအရေးကြီးတယ်။
ဘာလို့လဲဆိုတော့ ကိုယ့်အကြောင်းကိုအသိဆုံးက ကိုယ်ကိုယ်တိုင်ပဲလေ။ ကိုယ့်ကိုယ်ကိုတောင် ကိုယ်တိုင် မကြည်ညိုချင်တော့ဘူးဆိုရင်တော့.....”
        ကြီးကျယ်ခမ်းနားသော အန်တီ့စကားလုံးများက နက်ရှိုင်းမြင့်မားလွန်းနေတော့ သူမ နားနှင့်မဆန့်ဘဲ နဝေတိမ်တောင်ဖြစ်နေရ၏။
နုံနဲ့နဲ့ဥာဏ်လေးနှင့်လည်း လိုက်၍မမီပါ။ အန်တီ့ကိုလေးစားစိတ်နှင့် မမီမကမ်းအတွေးအခေါ်လေးကို အတင်းဆွဲမြှင့်ပြီး ဆင်ခြင်ကြည့်လိုက်တော့ သူမခေါင်းထဲမှာ ရေးတေးတေးပေါ်လာသလိုလို...။
          အတွေ့ဆိုတာ အငွေ့လိုပဲတဲ့...။ နားထောင်လို့တော့ အကောင်းသား...။
        ဘာပဲဖြစ်ဖြစ် သူ့အချစ်ကိုရခဲ့တာသည် အငွေ့ကို ဖမ်းဆုပ်မိခြင်းပဲ ဖြစ်ပါစေဦး။ သူမ မလွှတ်တမ်း တင်းတင်းသာ ဆုပ်ကိုင်ထားချင်လှ၏။ ပိုင်ဆိုင်မှုလေးကို ကြည်နူးလိုစိတ်ဖြင့် ဖြန့်ဖြည်ကြည့်လျှင်ပင် လွင့်ပျောက်သွားမည့် အငွေ့ကလေးဆိုပါတော့။ သူမလက်ဆုပ်ကလေးကို ဖြည်မကြည့်တော့ပါ။ ရှိနေသည်ဆိုသည့် အသိကလေးနှင့်သာ လက်ဆုပ်ကလေးကို ရင်မှာတင်းတင်း ကပ်ဖိထားလိုက်တော့မည်။
         ခုချိန်မှာတော့ ဖမ်းဆုပ်လို့ မမိတာသည် သူမ၏ စိတ်ကူးအလျဉ်သာလျှင် ဖြစ်တော့၏။ အန်တီ့စကားမှ ဆန့်ထွက်ပြေးလွှားသွားသည့် သူမစိတ်အစဉ်သည် သူမနှင့်မလိုက်ဖက်စွာပင် ကဗျာဆန်ကာ အငွေ့ပြန်မတတ်ဖြစ်နေရသည်။
         သူမက အငွေ့လေးလို တလူလူလွင့်နေသည်လေ။ သူ့အချစ်ကို သူမ ရလိုက်ပြီပဲ။
        “ စန်းမောင်က ဒီမိန်းကလေးတွေထဲမှာ နော်စေးဖောကလွဲရင် ဘယ်သူ့ကိုမှမကြိုက်ဘူးလို့ အားလုံးရှေ့မှာ အတိအလင်းပြောပြီးသား။
ကိုယ်ကလည်း ဒီမေးခွန်းကို အားလုံးရှေ့မှာ တမင်မေးခဲ့ရတာက မင်းတို့ကိုသိစေချင်လို့ပဲ။ မင်းတို့အားလုံးဟာ ကိုယ့်တပည့်တွေပါ။
ယောက်ျား၊မိန်းမမခွဲခြားပါဘူး။ဒါပေမယ့် ကိုယ်တိုင်ကမိန်းမဖြစ်နေလို့ မိန်းကလေးတွေကို အကာအကွယ်ပေးရမယ့်တာဝန် ကိုယ့်မှာရှိတယ်။
         မချစ်မကြိုက်ဘဲနဲ့ ဘာကြောင့်များ တို့ကနန်းဆိတ်ကနန်း ကလိစရာလိုသလဲ။ ယောကျာ်းတွေဟာ သိတ်အသားယူချင်တာအေ့။
သဘောလွယ်ရင် အပြောကျယ်တဲ့ပင်လယ်ထဲကို ဆွဲနှစ်ချခံရလိမ့်မယ်။ ဒီအလုပ်မှာကလည်း ယောကျာ်းလေးဆိုလို့ သူတစ်ယောက်တည်း ရှိတာဆိုတော့ မင်းတို့တွေကိုက... ဟင်း.... မပြောလိုက်ချင်ဘူး။ ကိုးရီးယားကားတွေ အတုခိုးပြီး မိန်းမဈေးတော့ မဖျက်ကြပါနဲ့အေ...”
         နော်စေးဖောက သူမတို့လို ရွက်ကြမ်းရေကျို အလုပ်သမားမလေးတွေကြားမှာတော့ သူဌေးသား ကိုတောင် လှမ်းပြီးမျက်စပစ်နိုင်တဲ့ အနေအထားမျိုးဟု သူမက အမှတ်မပေးချင်၍ ကုတ်ကုတ်ကပ်ကပ်တွေးကြည့်တာတောင် သည်လိုအဖြေထွက်နေရ၏။
          “ ဟဲ့ စန်းမောင်... မင်းကြိုက်ရင် တစ်ယောက်ရွေးပြီး အတည်ကြံလိုက်။ ကောင်မလေးက ပြန်ကြိုက်ရင် မိဘတွေနားဖောက်ပြီး တို့ကိုယ်တိုင်ပေးစားမယ်။ တစ်အုပ်လုံးနဲ့တော့ လူမြင်မကောင်းအောင် တရုန်းရုန်းမလုပ်နဲ့။ ပြော... လုံးတင်ကို မင်းကြိုက်လား...”
          သူမ ရင်တွေ ဒိန်းကနဲ မြောက်တက်သွားခဲ့ရ၏။
           “ ဟင့်အင်း...”
          ဓါတ်လိုက်သလို ကျင်ကနဲ...။ အခံရခက်လှစွာ....။
           “ ခင်စန်းမေရော...”
          “ အမလေးလေ... မကြိုက်ပါဘူးဗျာ...”
           “ သီရိ...”
          “ ဆားနဲ့ပဲ စားပါရစေ အန်တီရာ...”
           “ အောင်မယ်...”
         အန်တီရော သီရိအသံပါ စူးကနဲ..။ နာကျင်ခံခက်နေသော သူမပင် ရယ်ချင်သွားရသည်။
           “ ဒါဆို နော်စေးဖောရော...”
          စန်းမောင်အသံက ထွက်မလာတော့။ တိတ်ဆိတ်မှုထဲ၌ သူမတစ်ယောက်ရင်တွင်းမှာသာ ဆူညံစွာ ပေါက်ကွဲမြည်ဟီးနေခဲ့ရ၏။
          “ ကိုယ်ထင်ပါတယ် စန်းမောင်ရယ်။ မင်း နော်စေးဖောတော့ မငြင်းနိုင်တော့ဘူးပေါ့။ ကဲ... နော်စေးဖောရေ...”
         “ အမလေး အန်တီရယ် စန်းမောင်များတော့ လုံးဝလုံးဝ မစဉ်းစားနိုင်ပါဘူးလို့ တစ်ခါတည်းပြောပါရစေ...”
         ကရင်မလေးကတော့ ဟောဟောဒိုင်းဒိုင်း၊ ပွင့်ပွင့်လင်းလင်း၊ အသံကလည်း ကျယ်ကျယ်လောင်လောင်...။ ၀ါးကနဲ အလုပ်သမားတစ်သိုက် ရယ်မောသံက စန်းမောင်မျက်နှာကို ရှုံ့တွသွားစေပေမယ့် သူမနှုတ်ခမ်းများကတော့ ကော့ညွတ်တက်သွားရသည်။
         သူမလို နာကျင်ခံခက်သည့် ဝေဒနာကို သူလည်း ခံလိုက်ရပြီဆိုတာ သိနေသော်လည်း သည့်အတွက်တော့ မသနားနိုင်သေးပါ။
         ကိုယ်ချင်းစာတရားဟူသည် တစ်ခါတစ်ရံ သူ့စိတ်ခံစားချက်ထဲ ကိုယ်က၀င်ကာ စာနာရမည့်သဘောလား။ ကိုယ့်ကိုယ်တိုင် စိတ်ခံစားချက်အတိုင်း သူ့အတွက်ပါ ထပ်တူနှိုင်းယှဉ်ကြည့်ပေးရမည့် သဘောလား။ သူမစိတ်ထဲ ဇဝေဇ၀ါ၊ရောထွေးလို့သာနေပါတော့သည်။
                                                        xxxxxx
         “ မင်းကို လူသိရှင်ကြား ငြင်းဆန်ထားတဲ့ ယောကျာ်းတစ်ယောက်ကို  မင်းဖက်ညွတ်လာအောင်  ဆွဲဆောင်ဖို့ဆိုတာ... ဘယ်လိုနည်လမ်းတွေ သုံးရမလဲလို့ ကိုယ်တွေးကြည့်တာနဲ့ သိတယ်လုံးတင်။ အနီးကပ်နေတဲ့ မင်းသူငယ်ချင်းတွေကတော့ မမြင်ချင်မှ အဆုံးပေါ့။ အားလုံးကို ကိုယ် မေးကြည့်ပြီးပြီ။
         စန်းမောင်ရေချိုးဖို့ ရေကန်ဖက်ထွက်ရင် မင်းက နောက်ကလိုက်သွားပြီး ရေကန်နဲ့မီးဖိုခန်းကြားက တံခါးကိုပိတ်ပစ်ခဲ့တာ...။ နောက်ဖေးမှာ နှစ်ယောက်တည်းဖြစ်နေလို့ မသင့်တော်ကြောင်း သူငယ်ချင်းတွေက၀ိုင်းပြောလည်း မင်းက ထပ်ခါတလဲလဲ ဂရုမစိုက်ဘဲ လုပ်မြဲလုပ်နေတာ..။ စန်းမောင်အ၀တ်လဲနေရင် အနားကို မယောင်မလည်နဲ့သွားရပ်ပြီး စကားမရှိစကားရှာ စနောက်၊ ရိုက်ပုတ်လာအောင် မြောင်းဖောက်တာ...။ နောက်ဆုံးအေ... စန်းမောင်နဲ့ မင်းတွေ့ရင် အောက်ပိုင်းပြက်လုံး ညစ်တီးညစ်ပတ်စကားတွေ ပြောကြလွန်းလို့ မင်းသူငယ်ချင်းတွေက နားရှက်ပြီး မင်းတို့နှစ်ယောက်စကားပြောနေရင် အနားမကပ်ဝံ့တော့တာကအစ ကိုယ်ကြားပြီးပြီ။
         မင်းသူငယ်ချင်းတွေကတော့ မင်းကို အထင်သေးကြမှာပဲ။ ကိုယ်ကလည်း မင်းကို အထင်သေးတာပဲ...”
        အန်တီ့စကားလုံးများက သူမနားထဲ သံရည်ပူလောင်းချလိုက်သလို ရင်ထဲအောင့်သွားရသော်လည်း သူ့မျက်နှာကို ဖြတ်ကနဲ မြင်ယောင်ပြီး အားတင်းရပြန်၏။
        သူတို့အထင်ကြီးတော့ရော ဘာလုပ်ရမှာမို့လို့လဲ။ သိက္ခာရှိရှိနေသည့် အန်တီ့ကိုတော့ နည်းနည်းရှက်သလို ရှိပေမယ့် ကျန်ကောင်မတွေကိုတော့ စာရင်းထဲကို မထည့်ချင်ပါ။ ဘာလို့လဲဆိုတော့ အတူတူနဲ့အနူနူပဲလေ။
        သူမတို့အားလုံး အလုပ်သမားရှစ်ယောက်မှာ အငယ်ဆုံးလုပ်သက်က သုံးနှစ်၊ အရင့်ဆုံးလုပ်သက်က ရှစ်နှစ် ကိုးနှစ်ဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက်က အူမချေးခါးမကျန် မသိချင်မှအဆုံးပေါ့။
         သူမပင်လျှင် သည် အိမ်တွင်းအထည်ချုပ်လုပ်ငန်းလေးကို ရောက်နေတာ ခုနစ်နှစ်ကျော်ကျော်ရှိနေပြီ။
         စန်းမောင်ဆိုတာ လွန်ခဲ့သည့်ငါးနှစ်လောက်က ရောက်လာကာစမှာ ဆယ့်ငါးနှစ်သားလို့ ပြောပေမယ့် ယုံစရာမရှိသည့် စုတ်ချွန်းချွန်း ပုပြတ်ပြတ်ကောင်ကလေး...။ အထည်ချုပ်လုပ်ငန်းမှာ သယ်ပို့စရာရှိသမျှ သယ်ပိုးပေးရအောင် နယ်မှခေါ်လာသူဆိုတော့ အန်တီတို့အိမ်မှာနေ အိမ်မှာစား။ အိပ်ချိန်စားချိန်မှန်နေတော့ သုံးလေးနှစ်အတွင်း အသက်နှစ်ဆယ်လို့ ပြောမယုံမည့် ဗလတောင့်တောင့် ခန့်ခန့်ညားညားကြီး ဖြစ်လာခဲ့ရ၏။ပစ်္စည်းသယ်ပိုးဖို့ဆိုသော်လည်း လုပ်သက်ခြောက်နှစ်ရှိလာတော့ ဆိုင်ကယ်တစ်ဝီ၀ီနှင့် ဆိုင်မှာမန်နေဂျာလိုဖြစ်နေသည်။
        မိန်းကလေးငါးယောက်လုံး...အဲလေ... အပျိုကြီးကိုတော့ မထည့်လိုပါ။ အပျိုကြီးက အသက်သုံးဆယ်ဆိုတော့ သူ့စိတ်ထဲပြစ်မှား နေရင်တောင် အပြင်မှာ အတင်းတည်တင်းထားမည့် မိန်းမမျိုးဆိုတော့...။
        သူမအပါအ၀င် ကျန်မိန်းကလေး လေးယောက်ကတော့ စန်းမောင်ကို အရေးပေးလွန်းသည်ဟု သူမထင်နေခဲ့ဖူးသည်။ ခုတော့ ကရင်မလေးကလည်း ငြင်းဆန်ပြီဆိုလျှင်...။ သုံးယောက်ပဲကျန်တော့သည်။ သူမနှင့်ရွယ်တူ သီရိက တစ်တစ်ရစ်ရစ်ဆိုသော်လည်း အရပ်ကတော်တော်ပုသည်မို့ တုတ်တုတ်ခဲခဲလို့တောင် ပြောလို့ရမည်။ သူမနှင့်က ရုပ်ရည်ကတော့ သူမသာကိုယ်မသာပါ။ သို့ပေမယ့် ခုခေတ်အ၀တ်အစားတွေက ပိန်သည့်သူဝတ်လျှင် တစ်ပန်းသာမည့်ဒီဇိုင်းတွေ မဟုတ်လား။
        သဲသဲကိုလည်း စာရင်းထဲထည့်စရာ သိတ်မလိုပါ။ သဲသဲက ကလေးသာသာ အပျိုပေါက်ကလေး။ မဖွံ့ထွားသေးတော့ အပျိုမပီသေးသူ။ သဲသဲစိတ်က အပျိုလုပ်ပြီး ဘယ်လောက်စိတ်ကစားစေဦး။ စန်းမောင်က ရုပ်လည်းမလှ ခန္ဓာကိုယ်လည်း အချိုးမကျသေးသည့် သဲသဲကို စိတ်ကူးထဲထည့်ဦးမည်မထင်ပါ။
        သည်တော့ သဲသဲက သည်းပြနေသမျှသည် ကလေးစိတ်မကုန်သေး..ဆိုပြီး လစ်လျူရှုလို့ရနိုင်သော်လည်း သီရိကပေးသည့် မသိမသာ အခွင့်အရေးတွေကိုတော့ သူမက မိန်းမချင်းမို့ မြင်နေရ၏။ အဲသည်တော့ အတူတူချင်းမို့ ရှက်စရာဟု သူမ မထင်ချင်တော့ပါ။
         “ ဟဲ့ ပြောတာကြားရဲ့လား လုံးတင်...”
         “ ဟုတ်...ဟုတ် အန်တီ...”
         “ အဲဒါ အရေးအကြီးဆုံးစကားပဲ။ မင်း တစ်သက်လုံးမှတ်ထား။ ဘယ်သူအထင်သေးသေး အရေးမကြီးဘူး။ သူငယ်ချင်းတွေ အထင်သေးတာ၊ ပတ်ဝန်းကျင်ကအထင်သေးတာ၊ သူ့အသိုင်းအ၀ိုင်းက အထင်သေးတာ၊ ဘာမှအရေးမကြီးလှသေးဘူး။ အေး သူက မင်းကို အထင်မသေးဖို့နဲ့ ကိုယ့်ကိုယ်ကို အထင်မသေးဖို့သာ အရေးအကြီးဆုံးပဲ။
          လင်တစ်ယောက်ရဖို့က လွယ်ပါတယ်။ လွယ်တာမှ ဘယ်ယောကျာ်းကောက်ယူယူ လင်ရမှာပဲ။ လင်လိုချင်ရင် အရင် မင်းလုပ်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်က အဖိုးကြီး ကြံစည်တာကို မင်းလက်ခံလိုက်ရင်လည်း လင်ရမှာပဲလေ။ ဒါပေမယ့် မယားငယ်ဖြစ်မယ်။ စိတ်မချမ်းမသာဖြစ်ရမယ်။ အိမ်ထောင်လည်းမြဲမှာ မဟုတ်ဘူး။
         လင်ရပြီး ပြီးရော လုပ်လို့မရသေးဘူးဟဲ့။ တို့ မိန်းမတွေဆိုတာ ကိုယ့်ယောကျာ်းကို ကိုယ့်ဘေးနားမှာ တစ်သက်လုံးနေစေချင်တာ မဟုတ်လား။ အဲလို ကိုယ့်နား အမြဲနေချင်အောင်က အတွေ့နဲ့ချည်း ဆွဲဆောင်ထားလို့မရဘူး။ အတွေ့ကအငွေ့လိုပဲလို့ ကိုယ်ပြောပြီးပြီကော။ သာယာတုန်း ခဏပဲ။ ပြီးတာနဲ့ ပျောက်ပြယ်သွားတာ။
         ယောကျာ်းတစ်ယောက်ကို တကယ်တမ်း တစ်သက်လုံးဆွဲဆောင်နိုင်တာက မေတ္တာနဲ့သိက္ခာပဲ။
         သူ့မိန်းမရဲ့ ကိုယ်ကျင့်သိက္ခာကို လေးစားမြတ်နိုးတဲ့ ယောကျာ်းတစ်ယောက်ဟာ သူ့မိန်းမကလွဲပြီး ကျန်တဲ့မိန်းမတွေကို စိတ်ဝင်စားရကောင်းတယ်လို့ မထင်တော့ဘူး။ ပြီးတော့ ကိုယ်ကျင့်သိက္ခာမကောင်းတဲ့ မိန်းမတွေကိုလည်း အထင်သေးစက်ဆုပ်လာ တာကြောင့် ဘယ်မိန်းမယုတ်ကမှ သွေးဆောင်ဖြားယောင်းလို့ မရတော့ဘူး။
         အကျင့်သိက္ခာမကောင်းတဲ့ မိန်းမကိုရထားတဲ့ယောကျာ်းဆိုရင်တော့ သူ့မိန်းမကို ဘယ်သူနဲ့များဖောက်ပြန်မလဲ။ သူ့ကို အရှက်မရှိ မြူဆွယ်ခဲ့သလို ဘယ်သူ့ကိုမြူဆွယ်နေပြီလဲနဲ့ ဘယ်ယောကျာ်းနဲ့မှ ရိုးရိုးသားသားဆက်ဆံတာတောင် မယုံနိုင်တော့ဘူးလေ။
         ဒါကြောင့် ကိုယ့်သိက္ခာကျမယ့် အပြုအမူမျိုး၊ လိုက်လျောမှုမျိုးတွေကို ကိုယ်ကစ မလုပ်မိပါစေနဲ့အေ။ ကိုယ်ကျင့်သိက္ခာဆိုတာကို မိန်းမတိုင်းက ချပ်ဝတ်တန်ဆာအဖြစ် ဆင်မြန်းသင့်တယ်။ ဒါမှ လုံခြုံတင့်တယ်တဲ့ ဘ၀ကို တည်ဆောက်နိုင်မှာ....”
         သူမ၏အတွင်းစိတ်အမှန်က အန်တီပြောသမျှကို တန်ဖိုးရှိမှန်း ယုံချင်လှ၏။နာခံချင်လှ၏။ သို့ပေမယ့် မသိစိတ်က ငြင်းဆန်နေပြန်သည်။              
        သူမက သိက္ခာတရားကို မြေမှာချနင်းခဲ့ပြီးပြီလေ။ သူ့အချစ်ကိုရဖို့ သူမက မာယာမျိုးစုံ သုံးခဲ့မိသည်။ သီရိထက်သာသည့် အခွင့်အရေးမျိုး သူမ ပေးနိုင်မှ စန်းမောင်ကိုပိုင်ဆိုင်ရမည်ဟု သူမ အတွေးတိမ်ခဲ့သည်။
          အမှန်တော့ မိန်းကလေးတစ်ယောက်အတွက် သူ့ထက်ခုနစ်နှစ်ငယ်သော ယောကျာ်းလေးတစ်ယောက်ကို ဆွဲဆောင်နိုင်ဖို့ဆိုသည်မှာ သိတ်တော့မလွယ်လှပါ။ ထိုမိန်းကလေးမှာ ရုပ်ရည်မရှိ၊ ဓနဂုဏ်မရှိ၊ ပညာမရှိ...။ မေတ်္တာတစ်ခုသာ ပေါပေါများများရှိပါသည်။
           သည်တော့ သူမ၏မေတ္တာကို အစွမ်းကုန် ဖော်ထုတ်ပြသရန်သာ အကြံထုတ်ရတော့၏။ ကြည့်နေကျ ကိုးရီးယားဇာတ်လမ်းတွဲထဲကလို အတုလိုက်ခိုးရတော့သည်။ စန်းမောင်နှင့် နှစ်ယောက်တည်းအခြေအနေကို ဖန်တီးယူကာ နောက်ကျောမှ အတင်းပြေးဖက်ပြီး ချစ်သမျှအကြောင်းတွေကို အထိတ်ထိတ်အလန့်လန့်နှင့် ပြောမိရ၏။
         ကိုးရီးယားကားတွေကို ကြည့်ပြီး စိတ်ကူးယဉ်ခွင့်၊ အတုခိုးခွင့်သည် လူကုံထံအသိုင်းအ၀န်းမှာမှ ရှိနိုင်သည်မဟုတ်ဘဲလေ။ သူမတို့လို အလုပ်သမားတွေကလည်း ခံစားတတ်သည့်နှလုံးသားနှင့် လူများပဲမဟုတ်လား။ သူမက မဟုတ်သည့်နေရာမှာ ဤကဲ့သို့ တုပြိုင်မိသေး၏။
          သို့ပေမယ့် ကိုးရီးယားကားများကို ဘယ်လောက်ပဲ အတုခိုးခိုး၊ ကိုယ်က အတွေ့အကြုံမရှိလေတော့ ရှေ့တည့်တည့်မှပြောရ လောက်အောင် စိတ်ကမရဲ။ သူမ ဖိကပ်ထားသော အသားစိုင်များ၏ အတွေ့က သူ့စိတ်ကို မှိုင်းမိသွားစေကာ တက်မက်မှုက မေတ္တာအယောင် ဆောင်သွားသည်ဆိုလျှင်လည်း သူမကတော့ မိုက်မိုက်မဲမဲ လုပ်မိခဲ့ပြီ။ မေတ္တာစစ်စစ်ကိုရဖို့ထက် လူကိုပိုင်ဆိုင်ရန်သာ သူမလုပ်ရပ်က ဦးတည်ခဲ့မှန်း အဲသည်တုန်းကလည်း ရေရေရာရာမဝေခွဲတတ်ခဲ့ပါ။
          သူမတို့နှစ်ယောက်၏ ပွင့်လင်းသွားသော ချစ်ခြင်းအတွက် သီရိ၏အပြုံးတွေက လှောင်နေသလိုလို...၊ တခြားသူများ၏ အကြည့်တွေကလည်း ပြောင်နေသလိုလို..၊ သူမ အခံရခက်ရပြန်သည်။ အန်တီပြောသည့် ကိုယ့်ကိုယ်ကို မကြည်ညိုခြင်း၏ နောက်ဆက်တွဲပင် ဖြစ်လိမ့်မည်ထင်၏။
          မည်သို့ပင်ဖြစ်စေ ခုချိန်မှာတော့ သူမ၏ အငွေ့လိုဖမ်းဆုပ်မရတော့သော စိတ်ကူးအတွေးများသည် ရှေ့ဆက်တိုးရန်သာ တလူလူလွင့်နေပေသည်။ နောက်ဆုတ်ရန်လမ်းက အငွေ့တွေကြား ၀ိုးဝိုးဝါးဝါး..၊ လှည့်ကြည့်လျှင်တောင် လမ်းကြောင်းမပေါ်နိုင်လောက်အောင် မှုန်ရီနေခဲ့လေသည်။
                                                          xxxxxx
           မှုန်ဝါးနေသော လမ်းကြောင်းတစ်ခုကို မပျောက်ကွယ်အောင် မည်သို့ကာကွယ်ရမည်ကို သူမ မသိခဲ့ပါ။
           သူမ ဖောက်၍ လျှောက်ခဲ့သောလမ်းသည် အစကတည်းက အငွေ့လမ်းဖြစ်ခဲ့သည်ကိုး။ ဆုပ်ကိုင်မရသော အငွေ့ကို မြင်သာထင်သာ သက်သေပြရန် သူမ၌ အရည်အချင်းမရှိခဲ့ပါ။ အန်တီကတော့ပြောဖူး၏။ အတွေ့သည်အငွေ့ဆိုလျှင် မေတ္တာဓါတ်နှင့်အအေးခံကာ သစ္စာရေစက်လေးတွေအဖြစ် ပြောင်းလဲစေရမည်ဆိုလား။
           အတွေးတိမ်သော သူမကတော့ လမ်းပြပေးမည့်သူတစ်ယောက်လုံး ရှိနေသည့်ကြားမှ သိက်္ခာတရားကိုငြင်းဆန်ကာ မေတ္တာဟူသည် လိုက်လျောခြင်းဟုသာ လက်ခံကျင့်သုံးခဲ့မိ၏။ သိက္ခာတရားကိုချနင်းခဲ့ရသော လိုက်လျောခြင်းတွေသည် မေတ္တာလိုမအေးမြဘဲ ပူလောင်ရမှန်း သူမ အသိနောက်ကျစွာ လက်ခံမိချိန်မှာတော့ အရာရာသည် နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့ပါ။
           “ မင်း သူ့အချစ်ကိုရဖို့ မိန်းမမာနကို ခ၀ါချခဲ့ရပြီးပြီဆိုတာ ကိုယ်တို့အားလုံး သိနေမြင်နေတာပဲ။ ဒါပေမယ့် မိန်းမမာနထက်ပိုပြီး အပွန်းအပဲ့မခံသင့်တာကတော့ ကိုယ်ကျင့်သိက္ခာပဲ မိန်းကလေးရေ။ မင်းက အသက်သုံးဆယ် နီးပြီဆိုတော့ ခုချက်ချင်းလက်ထပ်ချင်မှာပဲ။
သူက ခုမှနှစ်ဆယ်ကျော်။ ယောက်ျားလေးသဘာဝအတိုင်း လွတ်လွတ်လပ်လပ်နေချင်မှာ သေချာတယ်။ မင်းကို သူ မြန်မြန်လက်ထပ်ဖို့ ပြောလာစေချင်တိုင်း စိတ်ကူးလွဲပြီး ကြိုးချည်မမှားစေနဲ့နော်။
          သိက္ခာမဲ့တဲ့ သွေးသားဆန်္ဒအတွက် လိုက်လျောခြင်းမျိုးကို ကိုယ်ကလည်းမစနဲ့။ သူကတောင်းလည်း မပေးနဲ့။ ယောကျာ်းတွေက မိန်းမတစ်ယောက်ကို လက်မထပ်သေးခင် လင်မယားလိုနေခွင့်ရသွားရင် လက်ထပ်ဖို့မှာ ပိုနှောင့်နှေးသွားမှာပေါ့။ လိုချင်တာကို လွယ်လွယ်ကူကူရနေမှတော့ အိမ်ထောင်ဆိုတဲ့ ဘောင်ကျဉ်းလေးထဲဝင်ချင်ပါ့တော့မလား။ စဉ်းစားကြည့်...”
           မည်သို့ပင် စဉ်းစား စဉ်းစား...။ ချစ်သူ၏ ကယုကယင် တီတီတာတာ အပြုအမူများကို ဥပက်္ခာပြုနိုင်သူ ဘယ်နှစ်ယောက်များ ရှိပါမည်နည်း။ အထူးသဖြင့် သူမကစချစ်ခဲ့ရသော၊ ခက်ခက်ခဲခဲ ဆွဲဆောင်ထားရသော၊ ခုနစ်နှစ်ငယ်သည့်ချစ်သူကလေးမို့
သူမက သူငယ်ချင်းတွေရှေ့ရှောင်ဖို့တို့၊ “ဒီလိုမနေနဲ့ မကြိုက်ဘူး”.. တို့၊ “လက်မသရမ်းနဲ့”.. တို့၊ ဘယ်လိုမှ မပြောရက်ပါ။
          အမှန်က သူငယ်ချင်းတွေရှေ့မှာပင် သူက ဖက်လိုက်၊ ဆွဲလိုက်၊ မေးစေ့လေးကိုင်လိုက်၊ ဆံပင်လေးသပ်လိုက်၊ ခိုးနမ်းလိုက်နှင့်.. အကြင်နာတွေပိုနေသည်ကို သူမ သာယာနေမိသည်လားလည်း မသေချာပါ။ ကိုယ့်ကိုချစ်ကြောင်း သက်သေပြနေသည့် အပြုအမူတွေကို သူငယ်ချင်းများအားလည်း မြင်စေချင်ခဲ့မိ၏။ သက်သေပြချင်ခဲ့၏။
           အားလုံးက သူမကို မိန်းကလေးက စရသည့်အဖြစ်အတွက် အထင်သေးနေသမျှကိုလည်း အထင်ကြီးလာလေမလားဟု သူမထင်ခဲ့မိသည်။ ထိုအတွေးမှာ သိမ်ဖျင်းလွန်းမှန်း ခုတော့ အသိနောက်ကျခဲ့လေပြီ။
            “  ဒါ ကံကောင်းတာပဲပေါ့ ကလေးမရဲ့။ ကိုယ့်ဖက်က လိုက်လျောမှုစည်းမလွန်ခင် သူ့စိတ်ဓါတ်ကိုသိရတာ....”
           “ လိုက်လျောမှု စည်းမလွန်ခင်...” တဲ့။ သူမနားထဲမှ ပဲ့တင်ထပ်နေသော စကားလုံးများသည် နှလုံးသားထဲအထိ နင့်သည်းစွာ စိုက်ဝင်သွားကာ သွေးစက်စက်ကျလာရသည်။
           သူမ ဘယ်လောက်ထိ လိုက်လျောခဲ့ရပြီလဲ။ အန်တီကတော့ မသိခဲ့ပါ။ ရင်ဖွင့်မပြသာသော နစ်နာကြေးအတွက် မြိုသိပ်ရသည့်ဝေဒနာသည် အခံရဆိုးလှ၏။ အန်တီကတော့ သတိပေးခဲ့သား။
          “ ချစ်သူတွေဖြစ်သွားပြီဆိုပြီး လူရှေ့မရှောင်သူရှေ့မရှောင် အရှက်မရှိတော့ မနေကြနဲ့အေ။ တို့ဆီမှာ အလုပ်သမလေးတွေက အပျိုတွေချည်းပဲ။ သူတို့လေးတွေရှေ့မှာ ပလူးပလဲ မင်းကလည်း သည်းမပြနဲ့။ သူက ရဲရဲတင်းတင်း  ပရောပရီနေရင်လည်း အနေမခံနဲ့။
          ဆရာတော်ကြီးတွေရဲ့ အဆုံးအမတစ်ခုကို ပြန်ပြောပြရရင်တော့ မိန်းကလေးတိုင်းဟာ သောက်ရေအိုးထဲက ရေလိုပဲကျင့်သုံးသင့်တယ်တဲ့။ ခြေဆေးအိုးထဲကရေလို  မကျင့်သုံးသင့်ဘူးတဲ့။ ယောကျာ်းတွေဟာ သောက်ရေအိုးထဲကရေကို သောက်ကြတယ်။ ခြေမဆေးဘူး။ ဒီလိုပဲ ခြေဆေးအိုးထဲက ရေကိုကျတော့ ခြေပဲဆေးတာ။ ဘယ်သောက်လိမ့်မလဲ။
           ဒီဥပမာလိုပဲ။ ယောကျာ်းတိုင်းဟာ အကျင့်သီလနဲ့ပြည့်စုံတဲ့ မိန်းကလေးတွေကိုသာ ရာသက်ပန်ဇနီးမယားအဖြစ် ကြင်ကြင်နာနာ ပေါင်းသင်းတတ်ကြတယ်။ အကျင့်သီလမကောင်းတဲ့ ပေါ့ပျက်ပျက်မိန်းမတွေကိုတော့ အပျော်သာကြံတတ်ပြီး တစ်သက်လုံးဇနီးမယားအဖြစ် ပေါင်းဖို့ စိတ်တောင်မကူးကြဘူး...တဲ့...”
          ထိုစကား၏အနက်သည် သူမကိုယ်တွေ့ကြုံရမှ သွေးထွက်အောင်မှန်မှန်း လက်ခံရတော့၏။ နှလုံးသွေးတစက်စက်သည် မျက်ရည်နှင့်ရောကာ နောင်တမီးကို မငြှိမ်းနိုင်ခဲ့ပါ။
           သူငယ်ချင်းများရှေ့တွင် ပရောပရီလုပ်တတ်သည့် သူ့အကြင်နာတွေကို ဂုဏ်ယူကျေနပ်ချင်ခဲ့သော သူမအတွက် သူငယ်ချင်းမလေး၏ အားကျမှုသည် ဆန္ဒတစ်ခုကို လှုံ့ဆော်နေမှန်း မသိနိုင်လောက်အောင် သူမ နုံအခဲ့မိ၏။ သူ့ရည်ရွယ်ချက်ကို မသိသော သူမကတော့ အဆိပ်ကို အဆိပ်မှန်းမသိဘဲ မြိုချခဲ့မိသည်ပဲ။
          စန်းမောင်က သူမကို ခုတုံးလုပ်ကာ ကရင်မလေးကို မြူဆွယ်ဖျားယောင်းနိုင်ခဲ့ပြီ။ ခပ်တည်တည် ခပ်တင်းတင်းနှင့် သူ့ကိုငြင်းဆန်ခဲ့သော ကရင်မလေးနော်စေးဖောက သောက်ရေအိုးအဖြစ် တန်ဖိုးအထားခံခဲ့ရသည်ပေါ့။ ဒါဆိုလျှင် သူမက ခြေဆေးရေသာလျှင် ဖြစ်ခဲ့ရပြီ။
           “ အိုင်တွေ့တိုင်းခြေဆေးတတ်တဲ့ ယောကျာ်းမျိုးကို လွမ်းမနေပါနဲ့အေ။ သောက်ရေအိုးမဖြစ်ဘဲ ခြေဆေးအိုးပဲဖြစ်ခဲ့ပါစေဦး။ကိုယ့်အိုးထဲကရေ မလျော့သေးတာကိုသာ ကျေနပ်ပြီး သောက်ရေအိုးဖြစ်အောင် တန်ဖိုးမြှင့်တင် အနေအထိုင်ဆင်ခြင်ပေါ့ကွယ်...”
          အန်တီ့နှစ်သိမ့်သံကြားကာမှ သူမရင်ထဲမှာ ၀မ်းနည်းသိမ်ငယ်သွားရ၏။
          ခြေဆေးအိုးလေးသည် ခပ်ဆေးစရာမလိုအောင် ကိုယ်တိုင်မြောင်းဖောက်ကာ တသွင်သွင်စီးခဲ့မိသောကြောင့် တစ်ဘ၀စာ နောင်တဆိုးများသာ အိုးထဲ၌ကျန်ရစ်ခဲ့ပြီဆိုတာ....။
                                                         xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
နိုဝင်ဘာလ, 2012.... မဟေသီမဂ္ဂဇင်း
Sandwich Time
ခုတစ်လော မေမေပြောဖူးတာလေးကို ခဏခဏသတိရနေမိတယ်။
ကျွန်မတို့အရွယ်တွေကို... " ဒီအရွယ်က Sandwich Time ပဲတဲ့..."
သားသမီးတွေကလည်း အရွယ်ရောက်လာလို့ ဆန္ဒကိုယ်စီနဲ့ ပြဿနာလေးတွေ သယ်ဆောင်လာတဲ့အချိန်...၊
မိဘတွေကလည်း အသက်ကြီးလာလို့ ကဂျီကဂျောင် ချေးများလာတဲ့အချိန်...၊
အပေါ်ကဖိ၊ အောက်ကကြွနဲ့ အလယ်ကကြားညပ်နေရတဲ့ အသားညှပ်ပေါင်မုန့်လို အချိန်မျိုးတဲ့။
ကျွန်မကတော့ ပြဿနာတွေ...၊ ကဂျီကဂျောင်တွေ ကြုံနေရလို့မဟုတ်ပါဘူး။ .
ခုတလော... သားက သူ့ခံစားချက်တွေ မအေကို လာလာရင်ဖွင့်နေတော့ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်ရတဲ့ကြားထဲ သူ့အတွက်ပူပန်စိတ် နည်းနည်းဝင်မိတယ်။
 " အမေ့ရဲ့ဒုက္ခအိုးလေး... အသည်းကွဲ..." ဆိုတဲ့သီချင်းများ ဘယ်အချိန် လာဆိုပြလေမလဲ ဆိုတဲ့ ပူပန်မှုမျိုးပေါ့။
ဖေဖေနဲ့မေမေကတော့ အသက်တွေကြီးလာပြီဆိုတော့ ခုလောလောဆယ် ကျန်းမာနေပေမယ့် ဘယ်တော့.. နေထိုင်မကောင်းဖြစ်မလဲလို့... ပူပန်စိတ်ပေါ့။
မေမေကလည်း သူတို့ အသက်တွေ ဒီ့ထက်ကြီးလာတဲ့အခါ... သားသမီးအပေါ် သတိလက်လွတ်နဲ့ စိတ်အနှောင့်အယှက် ပေးမိမှာမျိုး စိုးရိမ်အားနာနေပုံရပါတယ်။
ကျွန်မစိတ်ထင်တော့ သားသမီးတိုင်းက မိဘတွေ ကဂျီကဂျောင်လုပ်မှာထက် သူတို့ကျန်းမာရေး ချို့ယွင်းလာကြမှာကိုသာ ပိုပူပန်ကြမယ်လို့ထင်တာပါပဲ
Sandwich Time... တဲ့..
နာမည်လေးက ချစ်စရာကောင်းသလိုလိုနဲ့... တကယ်ပြင်းပြင်းထန်ထန် ခံစားချက်ပေါင်းစုံချိန်ဆိုရင်တော့ တော်တော်အီမယ့်ပုံပါ။
ဘယ်သူပဲဖြစ်ဖြစ် ဒီလိုအချိန်မျိုးကို တစ်ချိန်ချိန်မှာတော့ မလွဲမသွေရင်ဆိုင်ရလိမ့်မယ် ထင်ပါတယ်။ ကြိုတွေးပြီးပူပန်နေလို့တော့ အကျိုးမရှိပါဘူး။
ဖြစ်တတ်တဲ့သဘောလေးတွေ ကြိုသိနေတော့ ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ ပြင်ဆင်ထားနိုင်တာပေါ့နော်။
ဝေ(စီးပွားရေးတက္ကသိုလ်)
ကဗျာစပ်သူ
ဖွဖွလေးခေါက်တဲ့ ရင်ကိုဖွင့်ဖို့
ကဗျာတစ်ပုဒ်လောက် ရေးချင်တယ်။
ခြေသံပြင်းပြင်းတွေ နင်းဖို့အတွက်တော့
တံတားတစ်စင်းက ရင်ထဲမှာခင်းနှင့်ပြီးသား။
အဲဒီတံတားပေါ်မှာ...
အချစ်၊ အလွမ်း၊ သရုပ်မှန်
မေတ္တာနဲ့ဂရုဏာက လက်ချိတ်တွဲ
မုဒိတာက ဥပက္ခာကိုအတင်းဆွဲခေါ်
သရော်ချင်သလို အပြုံးထေ့ထေ့နဲ့
စိတ်ရောင်စုံစာပန်းချီရေးဖို့
နှလုံးသွေးအဖြစ်စီးကျလာတာ ကျွန်မ၀ိညာဉ်ပဲ။
လောကကြီးရဲ့အမောဖောက်သံ
တံတားပေါ်မှာ လျှပ်တိုက်လျှောက်တော့
တောက်ခေါက်မိတဲ့ စိတ်နှလုံးသား
ရင်ပတ်ကြားက ထွက်ကျသွားခဲ့။
ခါတစ်ရံ မြင်မတော် စင်ပေါ်ကမျက်လှည့်ပြပွဲ
အဲဒီအတွက် စုတ်သတ်သံ...
စင်မထိုးပေမဲ့ အပေးအယူမျှတဲ့ဖေးကူမပွဲ
အဲဒီအတွက် လက်ခေါက်မှုတ်..
နောက်ထပ် ဘာပွဲ..ညာပွဲ..
အဲဒီအတွက် ခေါင်းတခါခါ...
နောက်ထပ်.. နောက်ထပ်...
အံကြိတ်၊ လက်သည်းဖွက်၊ ဟက်ဟက်ပက်ပက်
အော့နှလုံးနာ၊ မဲ့ပြုံး၊ သနားညှာတာ...
ဝေဒနာအစုံ ခြေကုန်အောင်အပြေးနှင်ခဲ့။
ဟော..ခုတစ်ခါ...
ဖြတ်တိုက်လာတဲ့ လေပြေညင်း
လရိပ်မှာ ကြာညိုနံ့တသင်းသင်းနဲ့မို့
တံတားပေါ်ကို မနင်းချင်ဘူးတဲ့။
ဖွဖွလေးခေါက်တဲ့ ရင်ကိုဖွင့်ဖို့
ကဗျာတစ်ပုဒ်လောက် ရေးချင်တယ်။
ဝေ(စီးပွားရေးတက္ကသိုလ်)
နှလုံးသားလုပ်ပိုင်ခွင့်
      ဆိုင်ရှေ့က စက်ဘီးရပ်သံကြောင့် ခေါက်သိမ်းလက်စ ရှိုးကေ့စ်ပေါ်က အထည်တွေကို ခဏချလိုက်ပြီး ကဲကြည့်လိုက်တော့ ထင်တဲ့အတိုင်း... ကို ရယ်....။ ခေါင်းညိတ်ပြီးလှမ်းခေါ်နေတာကြောင့် လက်အသာကာပြလိုက်ရင်း တဆက်တည်း ပွနေတဲ့အထည်ပုံကို လက်ညှိုးထိုးပြလိုက်ရတယ်။
      ငြိမ်းတို့ဆိုင်မှာက သူ့ကောင်တာကိုယ့်ကောင်တာ ခွဲမထားပေမယ့် ကိုယ်ပြထားတဲ့အထည်ကိုတော့ ကိုယ်ပြန်သိမ်းရမယ်လေ။ ဆိုင်ရှင်မမက သဘောကောင်းသလောက်၊ စည်းကမ်းတော့ တင်းကြပ်ပြတ်သားတယ်။                          
      ပညာမတတ်ရင်နေ....။ စေတနာထားတတ်ရင်....၊ မျက်နှာထား ထားတတ်ရင် ပန်းပွင့်ဖြူစတိုးမှာ အရောင်းစာရေးဖြစ်နိုင်ပြီ။
     “ ကြာလိုက်တာ ငြိမ်းရာ.....”
      စိတ်မရှည်သလို ကို့မျက်နှာက သုန်မှုန်နေပါတယ်။
      “ အလုပ်ချိန်မှာ ဒီလို ထွက်တွေ့တာတောင် လွန်လှပြီမဟုတ်လား ကိုရယ်...”
      “ အို..လူရှင်းချိန်တွေ့တာပဲ..ဘာဖြစ်လဲ။ အလုပ်ရှင်ကတော်တော်၊ သူကကို အကဲပါနေတာပါ ။ ငြိမ်းကိုဘာပြောထားလို့လဲ..”
      ကိုက ဘယ်အရာကိုမဆို ခပ်ပေါ့ပေါ့တွေးတတ် လုပ်တတ်သူပီပီ အလုပ်စည်းကမ်းဆိုတာကိုလည်း နားမလည်ပြန်ပါ။
      “ ပြောတော့မပြောဘူးပေါ့ကိုရယ်။ ပြောမှသိ၊ ထိမှနာဆိုတဲ့စကားလို ပြောကာမှဆင်ခြင်ရတော့ အောက်တာပေါ့...”
      “ အိုကွာ.....ကိုယ့်ယောင်္ကျားကိုယ် စကားထွက်ပြောတာ မကြိုက်ရင်လည်း ဒီမှာဆက်လုပ်မနေနဲ့....။ အလုပ်တွေမှ ပေါလို့...”
      ငြိမ်းက အထိတ်တလန့် ဘေးဘီကိုလှည့်ကြည့်မိတယ်။ ပြောတော့ဖြင့် လွယ်လိုက်တာ...။ ပေါလိုက်တဲ့အလုပ်တွေတဲ့။ ဘယ်မှာလဲ....ပေါတဲ့အလုပ်။ သူ့မှာဖြင့် တစ်ခုမှ လက်ဆုပ်လက်ကိုင် ပြစရာတောင် မရှိ။ ပေါတယ်ဆိုတာ လုပ်ရမယ့်အလုပ်ကို ပြောတာမဟုတ်ဘူး။ ပြောင်းရမယ့်အလုပ်ကို ပြောတာ....။  
      ငြိမ်းကဖြင့် ကိုနဲ့ရပြီးစကတည်းက ၀င်လုပ်ခဲ့တဲ့ ဒီစတိုးဆိုင် အရောင်းစာရေးအလုပ်ကလေးကို တန်ဖိုးတထား...။ အချိန်မှန်မှန် ကြိုးစားအလုပ်ဆင်းခဲ့တယ်။ တော်ရုံနေထိုင်မကောင်းလည်း ဆေးလေးသောက်ပြီး သွားတာပဲ။ ရက်ပျက်အတွက်လည်း လခအဖြတ်မခံချင်ဘူးလေ။ လင်မယားနှစ်ယောက် ဘယ်လိုပဲ ချွေတာသုံးစွဲပေမယ့် သူ့လုပ်စာက ပုံမှန်မရှိတော့ ငြိမ်းလစာလေးက အိမ်လခပေးပြီးရင် နေ့စဉ်စားစရိတ်တောင် အလျင်မမီချင်ဘူး။ ငြိမ်းရဲ့တပိုင်းတစ ပညာရေးလေးကတော့ ကျူရှင်လခပေးစရာ မရှိတာနဲ့ပဲ ဖုတ်လှိုက်ဖုတ်လှိုက်    အသက်ငင်ပြီး ရပ်ရတော့မလို ဖြစ်နေပြီ။ ဒီလိုဆိုတော့လည်း ကိုက မာနတော့ အကြီးသား....။
     “ ကျောင်းတော့ပြီးအောင် ကြိုးစားရမယ်ငြိမ်း...။ နို့မို့....ညီထူးဇော် ဆိုတဲ့ကောင်ကြောင့် ငြိမ်းချမ်းစံဘ၀ ဘွဲ့လေးတောင်
      မရလိုက်ဘူးလို့ ငြိမ်းမိဘတွေအပြောအောက်မှာ ကိုတသက်လုံး ခေါင်းငုံ့မနေနိုင်ဘူး။ ကျူရှင်လခတော့ မပူပါနဲ့။
      ကို့တာဝန်သာထား။ ကိုကြံပါ့မယ်..”
     ဒီလိုပြောတော့....ငြိမ်းက တိတ်တခိုး သက်ပြင်းရှိုက်ရစမြဲပါ။ ကိုနဲ့ပေါင်းလာတာကြာလေ...ကို့အကြောင်းသိလာလေမို့.... ကိုကြံမယ်ဆိုတာ.....ဘာလဲဆိုတာ ငြိမ်းသိတာပေါ့။ ငြိမ်းလည်တိုင်လေးကို ယောင်ပြီး လက်ရောက်သွားတော့.....ကိုက မသိသလို မျက်နှာလွှဲဖယ်သွားတယ်။ အမေဆင်ထားတဲ့ ရွှေကြိုးပါးပါးလေးက ကာလပေါက်ဈေးနဲ့ဆို တစ်သိန်းနီးပါးတော့ ရမှာပေါ့လေ။  လက်စွပ်ကလေးကတော့ မကြာခင်ကပဲ ကို့လုပ်ငန်းတစ်ခုအတွက် အပေါင်ဆုံး အရင်းအနှီး ဖြစ်သွားပြီးပြီ။
     ကိုဟာ...ဘာဖြစ်လို့များ အလုပ်တစ်ခုမှာမှ မမြဲတာလဲ မသိဘူး။ ဒီလောက်များအောင် ပြောင်းခဲ့တဲ့အလုပ်တွေ...။    တကယ်တမ်းဆို တစ်ခုအဆင်မပြေရင်တောင် တစ်ခုမှာတော့ အဆင်ပြေသင့်တယ် မဟုတ်လား။ ခုတော့....သူကိုယ်တိုင်ကကို လက်ကြောမတင်းလို့ အလုပ်တစ်ခုမှမမြဲတာလို့....ငြိမ်းမိဘတွေက ပြောလာကြပြီ။                            
      ငြိမ်းမိဘတွေကလည်း မလိမ္မာတဲ့သမီးကို ပံ့ပိုးနိုင်လောက်အောင်တော့ မချမ်းသာကြဘူး။ အဖေ့ပင်စင်နဲ့ အမေ့ဈေးဆိုင် ၀င်ငွေလေးက မိသားစု လောက်ငရုံလေးရှိတာ.....။ မောင်လေးနှစ်ယောက်ကလည်း ကျောင်းနေတုန်းဆိုတော့ တစ်လတစ်လ ကလေးတွေ ကျောင်းစရိတ်ကို အမေ့မှာ မနည်းဖြည့်ဆည်းနေရရှာတာ....။
     သမီးကြီးငြိမ်းကိုတော့ ဆယ်တန်းအောင်ရင် အဝေးသင်တက္ကသိုလ်တက်ပြီး ဘွဲ့တစ်ခုရအောင် ယူဖို့....သိတ်မျှော်လင့် ကြရှာတာ။ ငြိမ်းတို့ချင်းစုရွာလေးမှာက ဘွဲ့ရတဲ့သူက တော်တော်ရှားတာကိုး။ ဆယ်တန်းကိုတောင် ကျော်နိုင်တဲ့သူက ခပ်ရှားရှားရယ်....။ ငြိမ်းက ဥာဏ်လေးကောင်းပြီး ထက်မြက်တော့ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်သွားတယ်။ 
      မိဘတွေဟာ ၀မ်းသာဂုဏ်ယူ လိုက်ရတာများ။ အမေဆိုတာ...တစ်သက်လုံး မစားရက်မသောက်ရက် ခြစ်ခြုတ်စုထားတဲ့ ငွေလေးနဲ့ ရွှေဆွဲကြိုးလေးတစ်ကုံးရယ်၊ ရွှေလက်စွပ်လေးတစ်ကွင်းရယ်..ပြေးလုပ်ပြီး ငြိမ်းကိုဆင်ရှာတယ်။ အကြွေးတောင်တင်သွားသေးသတဲ့။ 
      တော်သေးတာပေါ့။ ဒီ့ထက်ခပ်စောစောကသာ ကိုနဲ့တွေ့ခဲ့ရင် ငြိမ်းဆယ်တန်းတောင် အောင်ပါ့မလားမပြောတတ်ဘူး။
      အမှန်တော့.....ကိုက ငြိမ်းတို့ရွာက မဟုတ်ပါဘူး။ ဧရာဝတီမြစ်ဝကျွန်းပေါ် ရွာလေးတစ်ရွာကတဲ့။ မိဘတွေမရှိတော့တဲ့ ကို့ကို ငြိမ်းတို့ ရွာစွန်က တံငါသည်ဦးဖိုးအေးက သူ့တူလေး လူပျိုပေါက်ဖြစ်လာတော့....တစ်ယောက်တည်းထားရင် ပျက်စီးမှာစိုးလို့ဆိုပြီး သွားခေါ်လာခဲ့သတဲ့။ ရွာထဲစရောက်တာနဲ့ ကိုက ခပ်ပေပေ မိဘမဲ့ကလေးပီပီ ထောင့်မကျိုး၊ ဦးမချိုးတော့ ရွာလူကြီးတွေ မျက်စေ့စပါးမွှေး စူးစရာပေါ့။
      ငြိမ်း ဆယ်တန်းအောင်ပြီးကာစတစ်နေ့...သူငယ်ချင်းတွေနဲ့ မြစ်ထဲရေချိုးဆင်းတုန်း ကိုနဲ့စတွေ့တာပဲ။
      ကိုက သူ့ဦးလေး ငါးဖမ်းထွက်တော့မယ့် လှေပေါ်ကို ပိုက်တွေကူတင်ပေးနေတုန်း.....၊ ရေမကူးတတ်တဲ့ငြိမ်းက အဲဒီလှေနားတ၀ိုက်မှာ ရေနက်ပိုင်း ချောက်ထဲကို ခြေချော်ကျသွားတော့တယ်။ ဒါပေမယ့်.....ဇာတ်လမ်းက ရုပ်ရှင်ထဲကလို အဆင်လာပေမယ့် ကိုက ငြိမ်းကိုကယ်ခွင့် မရလိုက်ပါဘူး။ ယက်ကန်ယက်ကန်နဲ့ ၀ူးဝူးဝါးဝါးအော်ဟစ်ပြီး အကြောက်အကန် ကူးခတ်လိုက်မိတာ.....။
      ချောက်နှုတ်ခမ်း   အပေါ်ကို ခြေဖျားပြန်ထောက်မိပြီး ကိုယ့်ဖာသာကိုယ်ပဲ ပြန်တက်လာနိုင်ခဲ့တယ်။  ဘာပဲပြောပြော...ရေထဲဆင်းပြီး ကယ်တော့မယ့်စဲစဲ ဖြစ်နေတဲ့ ကို့ကိုတော့ စိတ်ချောက်ချားနေတဲ့ကြားကပဲ မျက်လုံးချင်း စကားပြောလိုက်ရတယ်။ အဲဒီကတည်းက...ကိုဟာ ငြိမ်းအားကိုးမှီတွယ်ရမယ့် ငြိမ်းဘ၀ရဲ့ ကယ်တင်ရှင်တစ်ယောက် မဖြစ်နိုင်ခဲ့ဘူး။ ငြိမ်းဟာ....ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်မှသာ ကမ်းကပ်ရမယ့်သူဆိုတာ.....အဲဒီကတည်းက သိခဲ့မိဖို့တော့ ကောင်းသားကွယ်။
                                                xxxxxx
      “ ဟေ့....ငြိမ်း....မင်းလူကတော့ လွန်ပါတယ်ကွာ။ သမီးရည်းစားလည်း မဟုတ်တော့ဘူး။ လင်မယားပဲဖြစ်နေပြီ။
      တစ်နေ့....ဆယ့်ခြောက်ခါလောက် လာလာတွေ့နေတာ....။ သည်းကိုသည်းလွန်းတယ်ဟေ့...။ ”
         “ အလုပ်ကိစ္စနဲ့ ထွက်လာတာ ထင်ပါရဲ့ကွာ..”
      ပြောသာပြောရတယ်။ ကို့မှာ ဘာအလုပ်မှ မယ်မယ်ရရမရှိတာ....ငြိမ်းပဲသိတာမို့ လိပ်ပြာမလုံလှပါ။ နောက်ဆုံးဝင်လုပ်ခဲ့တဲ့ စားပွဲထိုးအလုပ်ကလည်း တစ်လမပြည့်ခင် အလုပ်ရှင်ကအထင်လွဲပြီး အလုပ်ထုတ်တာ ခံလာရသတဲ့လေ။ စားဝိုင်းတွေက ရှင်းတဲ့ငွေကို ကစ်ထားတယ်ထင်ပြီး အလုပ်ထုတ်ပစ်တာတဲ့။ " ကိုကရော လုပ်မိလို့လား...." လို့ ငြိမ်းကမေးတော့....
      “ အိုး....ဒါက...စားပွဲထိုးတိုင်းလုပ်တဲ့ အလုပ်....။ ဆိုင်ရှင်ကစေ့စပ်ရင် စားတဲ့သူဆီက ကျသင့်တာထက် နည်းနည်းပိုတောင်းပြီး အိတ်ထဲထည့်မယ်။ ဆိုင်ရှင်ကမစေ့စပ်ရင် ကျသင့်ငွေကိုလျှော့ပြောပြီး အိတ်ထဲထည့်မယ်။ ဒီ့ထက်ပိုမိုက်တာက ဘီယာဝိုင်းပဲ...။ ဘီယာမူးနေပြီဆိုရင် ကြိုက်သလောက် ပိုတောင်းပေတော့။ အဲဒါ....စားပွဲထိုးရဲ့ လုပ်ပိုင်ခွင့်...”
      ဘုရားရေ....။ လုပ်ပိုင်ခွင့်...တဲ့။
      “ ဒါ...သမာအာဇီဝမှ မဟုတ်တာကိုရယ်...။ သူများပိုက်ဆံကို မတရားလိမ်ညာယူတာပဲ မဟုတ်လား။ ကောင်းတဲ့အလုပ်မှမဟုတ်တာ။ အဲလိုတော့ မလုပ်ပါနဲ့ကိုရယ်။ ငြိမ်းတို့ငယ်ငယ်တုန်းကဆိုလေ....ဖေဖေ့အိတ်ကပ်ထဲက ပိုက်ဆံ နှိုက်ရင်တောင် အရိုက်ခံရတာ....။ ငြိမ်းတို့ဆိုင်ရှင်မမကဆိုလည်း အမြဲပြောတယ်။ ခိုးဝှက်လိမ်ညာယူတဲ့ ပိုက်ဆံဟာ ဘယ်တော့မှ မမြဲဘူးတဲ့...။ ကိုယ်ရတာနဲ့ ကိုယ်ကုန်တာက ပိုတောင်များတတ်သေးတယ်တဲ့...”
      “  ဟား...ဟား...ဟား...ငါ့မိန်းမက ငအမလေးပဲ။ အုပ်ချုပ်သူဆိုင်ရှင်လူတန်းစားတွေက သူတို့အပေါ်သစ္စာရှိအောင်၊ သူတို့ပစ္စည်း မဆုံးရှုံးရအောင်....အမျိုးမျိုးခြောက်လှန့် နားသွင်းပြီးပြောတာ ထုံးစံပဲဟ။ ကဲ....ဒါဖြင့်...၀ယ်သူတစ်ယောက် ပိုက်ဆံထောင်တန်တစ်ရွက် ပိုပြီးမှားပေးမိကြည့်...။ ပြန်ပေးမတဲ့လား...။ ဝေးသေး..”
       “ အို....အဲလိုမဟုတ်ဘူးကို...။ ပြန်ပေးတယ်။ တကယ်ပြန်ပေးတယ်..”
       “ အေး....အဲဒါနည်းလို့ဟ။ တစ်ထောင်လောက်က သူတို့အတွက် မက်လောက်အောင် မဆွဲဆောင်နိုင်လို့...။
      သိန်းချီသန်းချီလာရင် သူတို့မက်လာပြီ။ ငြိမ်းကမသိလို့ပါကွာ...။ သူတို့ကပိရိသေသပ်တော့ လူသိတ်မသိတာငြိမ်းရဲ့...”    
    ကို့အတွေးအခေါ်နဲ့ ပြောစကားတွေက ငြိမ်းအတွက် အံ့အားသင့်စရာတွေချည်းပါ။ ငြိမ်းမိဘဘိုးဘွား အသိုင်းအ၀ိုင်းမှာက မကောင်းတာမလုပ်ရဘူးလို့ သွန်သင်ခဲ့ကြတယ်။ ခိုးတယ်၊ ၀ှက်တယ်၊ လိမ်ညာတယ်...ဆိုတာက မကောင်းမှုရဲ့ အခြေခံအကျင့်ဆိုးတွေ...။ သူတော်စင်တစ်ယောက်လို မကျင့်ကြံနိုင်ခဲ့ရင်တောင် အခြေခံအကျင့်ဆိုးတွေတော့ လူတိုင်းလိုလို ရှောင်ရမယ်လို့
လူ့အဖွဲ့အစည်းက ဆုံးမကြတယ်။ ငြိမ်းတသက်လုံးလည်း လိုက်နာကျင့်သုံးလာခဲ့တာ....။
     ကိုကတော့ သူ့ကိုယ်သူ ရွာမှာဆယ်တန်းထိ ရောက်ပြီးသားလို့ပြောပေမယ့်... ဘယ်သူသက်သေ ရှိတာလိုက်လို့..။ နေတာထိုင်တာကလည်း ခပ်မိုက်မိုက်ကန်းကန်းဆိုတော့ ငြိမ်းအသိုင်းအ၀ိုင်းက ဆယ်တန်း ဆိုတာလည်း မယုံဘူး။ သဘောလည်း မတူကြဘူး။ ကို အတင်းခိုးပြေးတယ်ဆိုတာလည်း ရိပ်မိပုံရတယ်။ တရားတောင်စွဲပြီး ငြိမ်းကိုပြန်တောင်းသေးတာ...။ ငြိမ်းကသာ နှစ်ဦးသဘောတူ လိုက်ပြေးတာပါလို့ ဖြောင့်ချက်မပေးရင် ကို့ဘ၀က မတွေးဝံ့ဘူး။ 
      ငြိမ်းမိဘတွေက ဘယ်လောက်ပဲစိတ်ဆိုးဆိုး ငြိမ်းကိုတော့ မပြတ်နိုင်ကြပါဘူး။ ဒါပေမယ့် ဘ၀ဇာတ်ကြောင်း ခြေခြေမြစ်မြစ် မသိတဲ့ကိုနဲ့ အရာရာမှာ စည်းနဲ့ကမ်းနဲ့ နေတတ်တဲ့ မိဘတွေနဲ့ ဘယ်လိုမှ အတူနေလို့မဖြစ်တာ ငြိမ်းကသိတာပေါ့။
ဒါကြောင့်...ရွာထဲမှာပဲ အိမ်ခန်းလေးငှားပြီး နှစ်ယောက်အတူနေခဲ့တယ်။ ရရာအလုပ် ၀င်လုပ်ခဲ့တယ်။   
      ကံကောင်းချင်တော့ မမရဲ့စတိုးဆိုင်မှာ လုပ်ခွင့်ရခဲ့တာပါပဲ။ စတိုးဆိုင်က ငြိမ်းတို့ရွာကနေ နာရီဝက်လောက်ပဲ စက်ဘီးနင်းသွားရင် ရောက်တဲ့ မြို့ရဲ့ အလယ်ကောင်မှာပါ။ မြို့နဲ့ရွာကို ခွဲသာပြောနေရတာ...။ မြို့ရဲ့အစွန်ဆုံး ရပ်ကွက်ဟာ... ငြိမ်းတို့ရွာပဲ။ ငြိမ်း စီးနေကျစက်ဘီးလေးကို မိဘတွေဆီကတောင်းပြီး ကိုကငြိမ်းကို မနက်တိုင်းလိုက်ပို့...။ ညတိုင်းလာကြိုရတယ်။
     ကို့ကိုတော့ ဖေဖေ့မိတ်ဆွေ ပွဲရုံတစ်ရုံမှာ ဖေဖေက ပြောပေးလို့ အလုပ်ရပေမယ့် တစ်ပတ်ကျော်လောက်မှာ....  ပင်ပန်းလွန်းလို့...၊ မတရားခိုင်းလွန်းလို့...ဆိုတဲ့အကြောင်းပြချက်နဲ့ သူ့ဖာသာ ထွက်လာခဲ့တယ်လေ။ အဲဒီနောက်ပိုင်းလည်း  စက်ဘီးဆိုင်၊ ၀ပ်ရှော့၊ ကားပစ္စည်းဆိုင်၊ ဆီစက်၊ ဖယောင်းစက်..အို....စုံလို့ပါပဲ။ ဘယ်အလုပ်နဲ့မှကို သူကအကြောမတည့်တာပါ။                                                   
      ဒီကြားထဲ သူငယ်ချင်း တစ်ယောက်နဲ့စပ်တူ မီးသွေးလုပ်ချင်လို့ဆိုပြီး ငြိမ်းလက်စွပ်လေး ချွတ်ပေါင်ပေးလိုက်ရတယ်။ အရင်းအနှီးလေးပိုက်ပြီး မြစ်တစ်ဖက်ကမ်းကရွာကို မီးသွေးသွားဝယ်ပြီးအပြန်မှာ မော်တော်ပေါ်တင် အဖမ်းခံရလို့တဲ့။  ပစ္စည်းလည်းဆုံး....။ လူလည်းအချုပ်ထဲရောက်လို့....ငြိမ်းဖေဖေက အာမခံနဲ့ လိုက်ထုတ်ပေးရတယ်လေ။
      မကြာပါဘူး။ ငြိမ်းအလုပ်လုပ်နေတဲ့မြို့ရဲ့ နာမည်ကျော် တန်ဆောင်တိုင် ဘုရားပွဲတော်ကြီး နီးလာတယ်။    ဘုရားပွဲတော်က သုံးနှစ်တကြိမ် မြို့တွင်းကို စွယ်တော်လှည့် အပူဇော်ခံတယ်လေ။ ဒီနှစ်...စွယ်တော်လှည့်မယ့်နှစ်ဖြစ်လို့ အရမ်းစည်ကားမယ့်နှစ်ပေါ့။ ကိုနဲ့ငြိမ်းတို့ရဲ့ မင်္ဂလာသက်တမ်းမှာလည်း ဒါဟာ....ပထမဆုံးကြုံရတဲ့ ပျော်ပွဲရွှင်ပွဲပဲ။
ကို့အနေနဲ့ကလည်း ဒီမြို့ရဲ့ ဘုရားပွဲကို ပထမဆုံးတွေ့ကြုံရမှာဆိုတော့ နှစ်ယောက်စလုံး စိတ်အားထက်သန်နေကြတယ်။
      ပွဲတော်ဈေးတန်းကြီးကလည်း အရှည်ကြီး...။ တကွေ့တပတ်ကြီးမှ ညောင်းလောက်အောင်ကို လျှောက်ရတာ။ ယိမ်းကားတွေ ကလည်း ရပ်ကွက်အလိုက်၊ဌာနအလိုက် အများကြီးပဲ..။ ဒီလောက်စည်ကားတဲ့ ပွဲတော်ဈေးမျိုး ကိုက မကြုံဖူးသေးတော့ ငြိမ်းပြောပြ တာနဲ့တင် ရင်သပ်ရှုမောပေါ့...။ တစ်လကြိုလောက်ကတည်းက ဆိုင်ခန်းတွေဆောက်..။ နယ်ကဈေးသည်တွေ ကြိုရောက်နှင့်တဲ့သူက ရောက်...။ နှစ်ပတ်လောက်အလိုမှာ အကြော်သည်တဲတွေက မီးခိုးတလူလူနဲ့ စဖွင့်ကုန်ကြပြီ။ ရဟတ်ကြီးတွေကလည်း မီးရောင်စုံ
ထွန်းထားပြီး လည်ပတ်စပြုကုန်ကြပြီ။ အပျော်မက်တဲ့လူမျိုးပေမို့ တနှစ်တခါ စည်ကားလှတဲ့ ပွဲတော်ဈေးမှာဝင်နွှဲကြဖို့ ဆင်းရဲချမ်းသာ လူတန်းစားပေါင်းစုံကလည်း ဟန်ရေးပြင်ကုန်ကြပြီ။ အဲဒီထဲမှာ....ငြိမ်းတို့လင်မယားကလည်း ထိပ်ဆုံးကပါတယ်ပေါ့....။          
      “ ကိုရယ်....အလုပ်ကလေး တည်တည်တံ့တံ့လုပ်ပြီး ငွေလေးနည်းနည်း စုပါဦး။ ပွဲဈေးကလည်း နီးလာပြီမဟုတ်လား။
      ငြိမ်းလစာလေးနဲ့ကတော့ ပွဲဈေး ဘယ်သုံးလောက်ပါ့မလဲကွယ်...”
       ငြိမ်းက ချော့ချော့မော့မော့ ပူပန်စွာပြောပေမယ့် ကိုကတော့ ခပ်အေးအေးရယ်...။
     “ မပူပါနဲ့ငြိမ်းရယ်...။ ကို့မှာ အကြံရှိပါတယ်..” ...တဲ့။
      ပွဲတော်သာ တစတစ ဆိုင်ခန်းတွေစုံပြီး ဖွင့်ပွဲရက်ရောက်တော့မယ်။ ကိုကတော့ “ ကြံတုန်း..” ကနေ တက်မလာပါဘူး။ ငြိမ်းကလည်း ပိုင်ဆိုင်သမျှအဖိုးတန်ထဲက ဆွဲကြိုးလေးပဲ ကျန်တော့တာမို့ မထိချင်တော့ဘူး။ ကျောင်းစရိတ်အတွက် ချန်ရမယ်လေ။ ငြိမ်းရဲ့ အဝေးသင်ပထမနှစ်ကလည်းပွဲတော်ပြီးတာနဲ့ ကျူရှင်တွေ စတက်ရတော့မှာ...။   
      ဒီတော့...ငြိမ်းအလုပ်ရှင် မမဆီက လခလေးတလစာလောက် ကြိုထုတ်ပေးဖို့ တောင်းဆိုရတာပေါ့။
ငြိမ်းစကားအောင်ဖို့အရေး ဆိုင်အလုပ်တွေ ကြိုးစားပြီးဖိလုပ်နေရတာပေါ့။ မမကလည်း အလိုက်သိပါတယ်။
      “ ဟေး...ကောင်မလေးတွေ....ဆိုင်ပိတ်ချိန်ကျော်နေတာတောင် မပိတ်ကြသေးဘဲ ကြိုးစားလှချည်လားဟေ့။
     ငါ့ညီမတွေ ကြိုးစားကြတာကို အသိအမှတ်ပြုတဲ့အနေနဲ့ မမက ပွဲတော်ရက်မှာ တစ်လစာကြိုထုတ်ပေးမယ့်အပြင် ဘောက်ဆူးလည်းသတ်သတ် ပေးဦးမှာ...”
       “ ဟေး...”
     မမဆီက အဲဒီကြေငြာချက်ထွက်လာတော့ ငြိမ်းတို့တစ်သိုက်ရဲ့ ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်သံက ဘေးနားကဆိုင်တွေတောင် လှည့်ကြည့်ယူရတဲ့အထိလေ....။
                                                xxxxxx
      အဲဒီနေ့တုန်းက တကယ်လည်း ဆိုင်မှာဝယ်သူ အရမ်းကျနေခဲ့တယ်။ ဆိုင်ဝန်ထမ်းတွေတင်မက မမကိုယ်တိုင်ပါ ဈေးဝယ်မယ့် သူထက် အလစ်သုတ်မယ့်သူကို ပိုဂရုစိုက်နေရတယ်။ ငြိမ်းတို့မှာကလည်း အတွေ့အကြုံက ရှိနှင့်ပြီးပြီလေ။ အရောင်းစာရေး ငါးယောက်ကို မျက်စေ့မလည်လည်အောင် တစ်ယောက်တစ်မျိုး...၊ ဟိုဟာပြခိုင်း ဒီဟာပြခိုင်းနဲ့ လူခွဲပစ်ပြီး အလစ်သုတ်တဲ့အဖွဲ့တွေနဲ့ ကြုံဖူးခဲ့ပြီးပြီ။ ပါလည်းပါဖူးခဲ့ပြီးပြီ။
      လုပ်စားနေကျတွေဆိုတော့ သိတ်လျှင်တာ။ ဒီလူတွေမှန်း သိသိကြီးနဲ့ကို ခံလိုက်ရတာချည်းပဲ။ ပျောက်သွားရင်တော့ ဆိုင်စည်းကမ်းအတိုင်း အရောင်းစာရေးငါးယောက်ပေါင်းပြီး လစာထဲက အဖြတ်ခံရတာပေါ့။ တော်သေးတာက...ပျောက်သမျှတွေဟာ သိတ်တန်ဖိုးကြီးတာတွေ မဟုတ်ပဲ တန်ဖိုးသိတ်မများတာမို့ ခံသာသေးတာ။ ဘာပဲဖြစ်ဖြစ်...ကိုယ်သုံးရမယ့် လစာလေး ပဲ့သွားရတာ ခံရတော့ခက်တာပေါ့နော်။ သူခိုးကိုလည်း မေတ္တာပို့လိုက်ကြတာ...တစ်ယောက်တစ်ပေါက် စုံရောပဲ....။
      ခုလို....၀ယ်သူကျတဲ့အချိန်တွေဆို ဘောက်ဆူးကောင်းကောင်းရမှာမို့ ပျော်ရသလောက်၊ အခိုးခံရမှာစိုးလို့လည်း စေ့စေ့ စပ်စပ်လိုက်ကြည့်ရတယ်။ ငြိမ်းတို့ကလည်း အတွေ့အကြုံရှိပြီးသားမို့ မသင်္ကာတဲ့အဖွဲ့ဆိုတာနဲ့ တစ်ယောက်နဲ့တစ်ယောက် အချက်လှမ်းပေး တော့တာပဲ။ ၀ယ်သူ ဆိုင်ထဲကပြန်ထွက်ခါနီးတာနဲ့ ကိုယ့်ပစ္စည်းထဲက အဖိုးတန်တာတွေကို စိတ်နဲ့စစ်ဆေးပြီးသားပဲ။ ဒီအချိန်မှာ အမှားမခံနိုင်ကြတော့ဘူးလေ။ ပွဲတော်နီးကာမှ လျော်နေရရင်လည်း ပွဲဈေးမသုံးရပဲနေမှာစိုးလို့....၊ ငြိမ်းတို့ လုပ်ဖော်ကိုင်ဖက်ငါးယောက် တနှစ်မှာ အညီညွတ်ဆုံးအချိန်လို့တောင် ပြောလို့ရနေပြီ။
      ဒီလိုအချိန်မှာပဲ....ပွဲတော်စဖို့ တစ်ရက်ပဲလိုတော့တဲ့ ညမှာပဲ။ ဆိုင်အသိမ်း....၊ စာရင်းအစစ်မှာ ငြိမ်းတို့စတိုးဆိုင်လေးအတွင်းမှာ မျက်ရည်ယိုဗုံးတစ်လုံး ပေါက်ကွဲခဲ့တော့တာပါပဲ။
      ဘယ်သူသိနိုင်မှာလဲ။ အဲဒီ ဒါးကြီးပါတိတ်ငါးကွင်းဟာ...သူတို့အရောင်းစာရေးမလေး ငါးယောက်ပေါင်းရဲ့ မျက်ရည်တွေ ဆိုတာ....။ 
       တရှုံ့ရှုံ့ ၀ိုင်းငိုနေကြတာကို ကြည့်ပြီး မမလည်း တော်တော်ခံပြင်းနေတယ်။ တစ်ချိန်လုံး မျက်လုံးဒေါက်ထောက်ပြီး ကြည့်လာခဲ့တာ...။ နေ့လည်ပိုင်းအထိ ရှိသေးတာ...သေချာတယ်။ ဒီဒါးကြီးတွေ...တန်ဖိုးကြီးတဲ့ဟာမို့ ငြိမ်းကိုယ်တိုင် လူရှင်းတုန်း ရေတောင်ရေကြည့် လိုက်မိသေးတယ်။
      ညနေပိုင်းလောက်ကျတော့ ၀ယ်သူတွေတအားကျလာတယ်။ ဒါပေမယ့် ဒါးကြီးဘီရိုထဲက ဘာမှတောင် ထုတ်မပြရဘူး။ ဘီရိုကလည်း ကောင်တာအတွင်းကမှ ဖွင့်လို့ရတဲ့ဟာဆိုတော့..အပြင်ကလူက တော်တော်အရပ်ရှည်မှ ကုန်းနှိုက်လို့ရမှာ...။ ဒါကလည်း မဖြစ်နိုင်ပါဘူး။ အဲဒီအချိန်မှာ ငြိမ်းဆီကိုလာတွေ့တဲ့ ကိုလည်း ဆိုင်ထဲမှာရှိနေတော့ အုပ်စုတောင်ပိုတောင့်နေတယ်။ဘယ်သူလုပ်ရဲမတုန်း။
      ဘာပဲဖြစ်ဖြစ်....ခိုးတဲ့လူကတော့ ခိုးသွားပြီ။ ပါတဲ့ပစ္စည်းကလည်း ပါသွားခဲ့ပြီ။ လျော်ဖို့ထုံးစံအတိုင်း ဝေပုံချတော့ ငြိမ်းတို့အားလုံး တစ်လစာစီ ပြုတ်သွားကြတယ်။ အားလုံးရဲ့ ကျိန်ဆဲလိုက်တဲ့အသံဟာ ဆူညံသွားတာပဲ။ ငြိမ်းဆိုတာ...ကြက်သီးတောင်ထသွားတယ်။
      အပြန်လမ်းမှာ ငြိမ်းကစိတ်ညစ်ညစ်နဲ့ စကားမပြောနိုင်ပေမယ့် ကိုကတော့ အာဝဇ္စန်းရွှင်လွန်းလို့ အံ့သြရသေးတယ်။ အရက်နံ့လေးလည်း ခပ်သင်းသင်းရတာမို့ ကို ဘာတွေများ အဆင်ပြေလာပြန်ပြီလဲ...။ နှစ်လုံးများပေါက်လို့လားလို့ တွေးမိပေမယ့် စကားပြောချင်စိတ်ကိုမရှိလို့ ငြိမ်နေမိတယ်။
      အိမ်ခန်းလေးထဲ ရောက်တယ်ဆိုရင်ပဲ ကိုက.. “ စိတ်ညစ်မနေပါနဲ့တော့ ချစ်သည်းရယ်..” ...လို့ဆိုပြီး ငြိမ်းလက်ထဲကို ပိုက်ဆံတွေ အထပ်လိုက်လာထည့်တယ်။ ကြည့်လိုက်တော့ တစ်ထောင်တန်တွေ အထပ်လိုက်....                     
       “ ဒါ ဘယ်ကရလာတာလဲ ကို....။ ဘယ်သူပေးတာလဲ..”
       သိနေတယ်လေ။ ဒီလောက်ငွေ အတိုင်းအတာဟာ ကို့ရဲ့တစ်နေ့စာလုပ်အားခလည်း မဖြစ်နိုင်သလို၊ တစ်လစာလုပ်အားခ ကြိုထုတ်လာတာလည်း မဖြစ်နိုင်ဘူးဆိုတာ...။
       “ ဘယ်ကရရပေါ့ ငြိမ်းရယ်...။ ကို့မိန်းမ ပွဲတော်မှာ ပျော်ပျော်လည်ဖို့ ကိုရှာထားတာပေါ့..”
       “ ဟင့်အင်း....မဖြစ်နိုင်တာ...။ ဒီလောက်များတဲ့ငွေ ကိုဘယ်ကရနိုင်မှာမို့လဲ...။ မှန်မှန်ပြောစမ်းပါ...ငြိမ်းကို..”
       “ အော်....အသည်းလေးကလည်းကွာ....။ ဘာလို့ဒီလောက် သိချင်နေရတာလဲ။ ကို ပွပေါက်တစ်ခု တိုးလာလို့ပါ။  ငြိမ်းအတွက် ပွဲဈေးလျှောက်ရင်ဝတ်ဖို့ ဒါးကြီးပါတိတ်တစ်စုံတောင် ၀ယ်ထားပေးသေးတယ်....ရော့...”
       ငြိမ်းအံ့သြလွန်းလို့ ကြက်သေသေပြီး မယုံကြည်နိုင်လောက်အောင် အခြေအနေကို ထိတ်လန့်နေမိတယ်။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေရဲ့ ရှိုက်သံလေးတွေ ပြန်ကြားယောင်လာတယ်။ ရက်စက်လိုက်တာ ကိုရယ်....။ ဒါလည်း...အရောင်းစာရေးတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်လို့ပြောဦးမှာပဲလား။                    
      လုပ်ပိုင်ခွင့်လို့ စကားလုံးလှလှ သုံးလိုက်တဲ့လုပ်ဆောင်မှုရဲ့နောက်မှာ.....ဘ၀ကို ကိုယ့်ဒူးကိုယ်ချွန်
တက်လမ်းရှာဖို့ ကြိုးစားနေကြသူတို့ရဲ့ မျက်ရည်တွေ....၊ မကျန်းမာတဲ့မိဘကို လုပ်ကျွေးနေရသူရဲ့ ငတ်မွတ်ခြိုးခြံမှုတွေ....၊ မပြည့်စုံရှာတဲ့ မောင်ငယ်နှစ်မငယ်တွေကို ကျောင်းထားပေးနေသူရဲ့ အားငယ်လိုအပ်ချက်တွေကို နင်းချေဆုတ်ဖြဲပစ်ခဲ့ပြီဆိုတာ......။
                                                xxxxxx
       စားပွဲပေါ်က ငွေစက်္ကူအထပ်လိုက်ကို ကြည့်ပြီး ဆိုင်ရှင်မမက မယုံနိုင်သလို ငြိမ်းကိုကြည့်နေတယ်။
      “ မမ ကြိုက်သလို အရေးယူပါ။ ငြိမ်းရှက်လည်းရှက်တယ်။ ၀မ်းလည်းနည်းတယ်။ ဒါပေမယ့် ဒီလမ်းကိုပဲ ရွေးလိုက်ပြီ။  ငြိမ်း သူ့ဆီလည်း မပြန်တော့ဘူး...”
      ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာတယ်ဆိုတာ တကယ်မှန်တဲ့စကားပါ။ ငြိမ်းကိုယ်တိုင် မကျူးလွန်ခဲ့ပေမယ့် ငြိမ်းချစ်တဲ့ ကိုက ငြိမ်းအတွက်ရည်ရွယ် လုပ်ခဲ့တဲ့ပြစ်မှုတွေမို့ ငြိမ်းပဲပြန်ပေးဆပ်ရတာ ထင်ပါရဲ့။
      ပွဲတော်ဈေးစတဲ့နေ့မှာပဲ ပွဲဈေးတန်းမလည်ရဘဲ ငြိမ်းဆေးရုံရောက်ခဲ့ရတယ်။ အူအတက်ပေါက်လို့ ချက်ချင်းခွဲစိပ်ရမယ်ဆိုတော့ လည်ပင်းကဆွဲကြိုးလေး ချွတ်ပေးလိုက်ရတယ်။
       ငြိမ်းကတော့ စိတ်ထိခိုက်လွန်းလို့ မျက်ရည်တွေပဲ အားအားရှိ ကျနေတော့တယ်။ ကိုကလည်း သူ့ကိုစိတ်ဆိုးနေတယ်   ထင်ပြီး အမျိုးမျိုးချော့မော့တယ်။ ပြာပြာသလဲ ပြုစုရှာတယ်။
      သတင်းကြားပြီး လာကြည့်ကြတဲ့ ဆိုင်ရှင်နဲ့လုပ်ဖော်ကိုင်ဖက်တွေကို ငြိမ်းစေ့စေ့မကြည့်ရဲဘူး။ ငြိမ်းရဲ့အခက်အခဲကို သိနေတဲ့ မမကတော့ ငွေတသောင်း ကူညီသွားသေးတယ်။ နေပြန်ကောင်းကာမှ အလုပ်ပြန်ဆင်းဖို့လည်း ခွင့်ပေးသွားတယ်။
       ဒါပေမယ့် နေကောင်းပြီးရင် အလုပ်ကို ဘယ်မျက်နှာနဲ့ သွားရမှာလဲ။
       “ အလုပ်တွေ ပေါပါတယ် ငြိမ်းရာ...။ တခြားအလုပ်ပြောင်းရအောင်..” လို့ သူက တဖွဖွပြောတယ်။
      ကို့ကိုတော့ တကယ်အံ့သြရတယ်။ ငြိမ်းကိုငြိမ်းလည်း အံ့သြမိတယ်။ ငြိမ်းမကြိုက်တဲ့ အကျင့်ဆိုးတွေရှိနေမှန်း သိလိုက်ရပေမယ့် ငြိမ်းရဲ့ချစ်စိတ်က မပြောင်းလဲတာပဲ။ ကိုဟာ ငယ်ငယ်ကတည်းက မိဘတွေမရှိတော့လို့ ဆိုဆုံးမမှုတွေ မနာခံခဲ့ရရှာဘူး... ဆိုပြီး ဂရုဏာသက်မိတယ်။ အမှန်တော့....တရားခံဟာ ငြိမ်းရဲ့စိတ်အာရုံထဲမှာ ထင်ထင်ရှားရှားကြီး ပေါ်နေပြီဖြစ်ပေမယ့်
ဝန်ခံစကားကို ကြားရဲတဲ့သတိ္တ ငြိမ်းမှာမရှိပါဘူး။ မေးလည်းမမေးရဲဘူး။ မေးလည်းမမေးခဲ့ဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ငြိမ်းသစ္စာမဖောက်နိုင်ပါဘူး။
      “ အဲလိုတော့လည်း မဟုတ်သေးဘူးညီမလေးရယ်။ မမက ငြိမ်းကိုအပြစ်ပေးစရာမရှိပါဘူး။ ငြိမ်းလုပ်တာလည်း မဟုတ်တဲ့အပြင် သူများလုပ်တာကို ငြိမ်းကလာဝန်ခံတဲ့သူလေ။ အလုပ်လည်း မမမထုတ်ဘူး။ အဲဒီကိစ္စကို ထားလိုက်တော့။
      သူ့ဆီ ငြိမ်းမပြန်တော့ဘူးဆိုတာကိုတော့ မမသဘောမတူဘူး။ ငြိမ်းက သူ့ကိုချစ်လို့ လမ်းကြောင်းမှန်ပေါ် တင်ပေးချင်တာဆိုရင် ဒီလိုအကြမ်းနည်း သုံးလို့မရဘူး။ သူ့မှာက ကျောထောက်နောက်ခံလည်းမရှိတော့ သေချာပေါက် လမ်းဘေးရောက်သွားမှာ...။
       ငြိမ်းက သူ့ကိုပြုပြင်ချင်တယ်ဆိုရင် ငြိမ်းရဲ့နှလုံးသားနဲ့ သူ့နှလုံးသားကို ဆက်သွယ်ပြီး နှလုံးသားချင်း နားလည်တဲ့စကားမျိုးပဲ ပြောလို့ရမယ်။ သူ့နှလုံးသားကို ဥပက်္ခာပြုလိုက်ရင်တော့ ငြိမ်းနှလုံးသားရဲ့ လုပ်ပိုင်ခွင့်တွေပါ ပျောက်ဆုံးသွားမှာပေါ့...”
      “ နှလုံးသား လုပ်ပိုင်ခွင့်....”
      မမစကားကို ငြိမ်းအထပ်ထပ် ရွတ်ကြည့်နေမိတယ်။
      ငြိမ်းဟာ ချစ်စိတ်တစ်ခုသာ ရှေ့တန်းတင်ပြီး နောက်ကြောင်း ဘာတစ်ခုမှမသိတဲ့ လူတစ်ယောက်ကို စုံမှိတ်ပြီးယုံခဲ့မိတာ။ တစ်ဘ၀လုံးလည်း ပုံပြီးသွားပြီ။ ရှေ့တိုးတံပိုး နောက်ဆုတ်လှည်းရိုး ဆိုပြီး ရပ်နေလို့ရတဲ့ ဘ၀တွေလည်း မဟုတ်လေတော့....   ရဲရဲပဲရင်ဆိုင် ရုန်းကန်ပြီး ရှေ့ဆက်သွားရတော့မှာပေါ့။ ကိုသာငြိမ်းကို အမှန်တကယ်ချစ်ခဲ့ရင်...ချစ်တဲ့စိတ်နဲ့ ငြိမ်းမကြိုက်တဲ့ အကျင့်ဆိုးတွေကို တဖြေးဖြေး ပြုပြင်လာမယ်လို့ မျှော်လင့်ရတာပဲ။ ပြုပြင်ယူရမှာက ငြိမ်းတာဝန်ပေါ့လေ။  
      ငြိမ်းကသာကို့ဖက်ကို ယိမ်းမသွားဖို့ပဲလိုတယ်။ တံငါနားနီးတံငါဆိုသလို မကောင်းတဲ့အကျင့်တွေမကူးစေဖို့ ငြိမ်းကသာ  စိတ်ဓါတ်ခိုင်မာဖို့လိုမယ်။ လူဆိုတာ အလွယ်လမ်းကို လိုက်ချင်တတ်တယ်မဟုတ်လား။ ကောင်းတဲ့အကျင့်ကို တန်ဖိုးထား   တတ်တဲ့စိတ်...၊ မကောင်းတာကိုလုပ်ရမှာ ရှက်တတ်တဲ့စိတ်တွေ...ကို့ဆီမှာကိန်းဝပ်လာအောင် ဖြေးဖြေးချင်းလုပ်ယူရမယ်။                       
      ဒါဟာ....ငြိမ်းနှလုံးသားရဲ့ လုပ်ပိုင်ခွင့်ပဲမဟုတ်လား ကိုရယ်....။ တစ်ခုပဲ ဆုတောင်းမိတယ်။
      ငြိမ်းပါးပေါ်က တလိမ့်လိမ့်စီးကျလာတဲ့ မျက်ရည်စလေးတွေရဲ့ ခံစားတောင်းဆိုချက်တွေကို ကို့နှလုံးသားလေး နားလည်လက်ခံလာနိုင်ပါစေလို့....။......။
                                                 xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
Fancy Journal