ပြတ်ကျသွားသော အိပ်မက်သီကြိုး


     အမေ....အမေ....အမေ....။
ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ ခေါ်သံတွေဟာ....မိဘမဲ့ ကလေးလေးတယောက်ရဲ့ လွမ်းမောစရာ တမ်းတညည်းညူသံလေး တွေပါ။
    ဘယ်လောက် ကြေကွဲစရာ ကောင်းလိုက်သလဲ။ ဘယ်သူ့ကို ဦးတည်ရမှန်း မသိတဲ့ ငိုညည်းသံတွေနဲ့ "အမေ" လို့ စခေါ်တတ် ကတည်းက ဘေးနားမှာ ချစ်ခင်မှီတွယ်စရာဆိုလို့ တယောက်မှ ရှိမနေတဲ့ ဘ၀ပျက်တခုဟာ 'သူမ' ဖြစ်နေခဲ့ရတယ်။
    ' အဖေနဲ့အမေ ဘယ်မှာလဲ' လို့ မေးတိုင်းလည်း တယောက်တမျိုး ဖြေချင်သလို ဖြေတတ်တဲ့ လူတွေကြားမှာ ကလေးဘ၀ရဲ့ တီတီတာတာ စကားသံတွေ ဆွံ့အခဲ့ရပြီ။ တောက်တိုမယ်ရ ခိုင်းရသလောက် ခိုင်းမယ်ဆိုပြီး မွေးဖို့လာခေါ်တဲ့ လူမှန်သမျှကို အကြောက်အကန် ငြင်းခဲ့မိတာ...၊ ငြူစူဖယ်ရှားချင်နေတဲ့ လူတစုကြားမှာ အတင်းတွယ်ကပ်နေခဲ့မိတာ...၊ ရတတ်သမျှလေးနဲ့ပဲ တင်းတိမ်ရောင့်ရဲစိတ်မွေးရင်း ကြိုးစားရှင်သန်နေခဲ့မိတာ...သူမအတွက် ကံကောင်းမယ့် နေ့တနေ့နဲ့ကြုံဖို့ ဖြစ်လာခဲ့ရတယ်။
     " ညှက်စိ...အဲဒါ နင့်အမေပဲ"
     ဘယ်တုန်းကမှ အိပ်မက်တောင် မက်မကြည့်ရဲတဲ့ ချောမောလှပလွန်းတဲ့ အထက်တန်းစား အမျိုးသမီးဟာ အမေဆိုတော့ သူမ ယုံကြည်ဖို့ရာ မ၀ံ့ရဲနိုင်ပါဘူး။ သူမမျက်ဝန်းထဲက မသင်္ကာတဲ့အရိပ်အငွေ့တွေကို အမျိုးသမီးကြီးက ရိပ်မိသွားတယ် ထင်ပါရဲ့။
      " အမေတို့ ကွဲသွားကတည်းက လိုက်ရှာနေတာကြာပြီ.... ခုမှပြန်တွေ့လို့ မွေးဖို့လာခေါ်တာ...."
နူးညံ့ကြင်နာတဲ့ မျက်ဝန်းတစုံရယ်...၊ သိမ်မွေ့ညံ့သက်တဲ့ စကားသံရယ်..၊ နွေးထွေးလှိုက်လှဲတဲ့ ဖော်ရွေမှုအပြုံးတွေက သူမနှလုံးသားကို တုန်လှုပ်သွားအောင် ဆွဲငင်အားကောင်းခဲ့တာ...... တသက်နဲ့တကိုယ် ဘယ်တော့မှ မမေ့နိုင်တော့ဘူး။
      " ညှက်စိရယ်...စိတ်ကူးမလွဲချင်ပါနဲ့အေ။ အမေရင်းမဟုတ်ရင်တောင် ဆရာဝန်ကြီးလင်မယားရဲ့ မွေးစားသမီးဖြစ်ရလည်း
ညည်းက ကံကောင်း လှပါပြီ။ လိုက်သာသွားချည်စမ်းပါ။"
  အမှန်က တသက်လုံး ပိုင်ရှင်မဲ့ခဲ့ရတဲ့ "အမေ" ဆိုတဲ့ ခေါ်သံလေးနဲ့ ရင်ဖွင့်ခွင့်ရသွားရင်တောင် သူမဘ၀က အရာအားလုံး ပြီးပြည့်စုံသွားပြီ မဟုတ်လား။ 
    "အမေ..အမေ" လို့ မ၀ံ့မရဲခေါ်ညည်းရင်း ရင်ခွင်ထဲ တိုးဝှေ့ဝင်မိတယ်ဆိုရင်ပဲ အလိုက်တသင့် ခေါင်းလေးပွတ်သပ်ပေးတဲ့ အမေ့လက်ကလေးတွေက ခုနစ်နှစ်လုံးလုံး ရင်ခွင်မဲ့နေခဲ့တဲ့ သူမအတွက် လုံလောက်ခဲ့ပါပြီ။
     စောဒက တက်ရဲတဲ့သတ္တိ၊ အလွဲချော်ခံရဲတဲ့ အခြေအနေမဟုတ်တာမို့ အမေစိတ်ပြောင်းသွားမှာတောင် စိုးရွံ့နေမိတဲ့သူမဘ၀ပါ။ အိပ်မက်ဖြစ်နေခဲ့ရင်တောင် မနိုးသောအိပ်ခြင်းနဲ့ အိပ်ပါရစေဦး။ မနိုးထပါရစေနဲ့တော့။ အပျောက်ဆုံးမခံရဲတဲ့ အိပ်မက်ကလေးမို့ ခပ်တင်းတင်းသာ ပွေ့ဖက်ထားပါရစေတော့ အမေရယ်...။
+++++++++++++++
      " နန်းကြာဖြူ ဟုတ်လား...။ ဟား...ဟား...ဟား.. အညာဖက် အလှူသွားလုပ်ရင်း ဖြူဖြူဖွေးဖွေး ရှမ်းမအချောစားလေး
ကောက်ရလာတာပေါ့လေ..။ ဒီအရွယ်လေး...ဘာလုပ်တတ်မလဲ။ ထမင်းခွံ့မကျွေးရရင်တောင် ကံကောင်းပဲ။"
    "အသက်က ရှစ်နှစ်လောက်ရှိပါပြီ။ အာဟာရမပြည့်ဝလို့ ညှက်နေတာပါဟယ်။ ဘယ်သူခေါ်ခေါ် မလိုက်တဲ့ကလေးမလေးက ကြီးကြီးမြင်မှ လိုက်လာရှာတာ။ ရေစက်ထင်ပါရဲ့။ ကြီးကြီးလည်း အရင်ဘ၀က သမီးလေး ပြန်တွေ့ရသလိုပဲ...သနားမိတယ်..."
    စိတ်ကောင်းရှိပြီး ကြင်နာသနားတတ်တဲ့ အမေနဲ့တွေ့ရတာ ညှက်စိ...အဲလေ..နန်းကြာဖြူ သိတ်ကံကောင်းတာပါလားလို့ သူမ သက်ပြင်းချမိတော့တယ်။ အရုပ်ဆိုးဆိုး မည်းမည်းချိတ်ချိတ်လေးကို ပေးတဲ့နာမည်ကလည်း နန်းကြာဖြူ တဲ့လေ။
    သူမကတော့ ကျေနပ်တာပေါ့။ မကျေနပ်ကြတာက အိမ်မှာ ရှိနေနှင့်ပြီးသား ထမင်းချက်၊ သန့်ရှင်းရေးလုပ်ရတဲ့ ကောင်မလေး သုံးယောက်နဲ့ အမေ့ရဲ့တူ၊ တူမတွေပါပဲ။ နန်းကြာဖြူကို မွေးစားမယ်ဆိုတော့ နှာခေါင်းရှုံကြတာပေါ့။ အမေ့မှာက သားသမီးအရင်းသာ မရှိတာ...။ ဟိုဖက်ဒီဖက် တူ တူမတွေက အများကြီးရယ်...။ ငွေကြေးဥစ္စာကလည်း ချမ်းသာ...၊ ရာထူးဂုဏ်ဒြပ်ကလည်းရှိ...၊ သားသမီးကျတော့ မရှိ ဆိုတော့.....တူ တူမတွေ တရုန်းရုန်း ၀င်ကြထွက်ကြပေါ့။
   အမေကလည်း အိမ်မှာနေပြီး ကျောင်းလာတက်ချင်တဲ့ တူ တူမမှန်သမျှ ဘယ်သူ့မှ ငြင်းတယ်ရယ်လို့မရှိပဲ အကုန်လက်ခံတာလေ။ ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ် အကုန်တာဝန်ယူတယ်။ လိုအပ်တဲ့ဘာသာဆိုရင် ကျူရှင်စရိတ်ပါ ထုတ်ပေးသေးတာ...။
     အဲ...ဒါပေမယ့် တနှစ်ကျတာနဲ့ ကျောင်းဆက်မထားပေးတော့ဘူး။ အဲဒါ သူ့မူဝါဒပဲ။
     " နန်းကြာဖြူ..သမီးက ငယ်ပေမယ့် အလုပ်လုပ်နိုင်ကြောင်း၊ ဘယ်လိုတော်ကြောင်းလေး ပြဦးနော်။ သမီးလိမ္မာရင် အမေက
ကျောင်းပါထားပေးမယ်...ကြားလား။ ကျောင်းတက်ချင်ရင်တော့ အလုပ်ကြိုးစားလုပ်။ အမေ စောင့်ကြည့်ဦးမယ်...."
    ပျော်လိုက်တာ အမေရယ်။ ထီပေါက်တာထက်တောင် သူမ၀မ်းသာလုံးဆို့သွားတယ်။ သူမဘ၀မှာ စိတ်ကူးယဉ်နဲ့ မြင်မက်ခဲ့ရတဲ့ အိပ်မက်လေး နှစ်ခုရှိတာ....။ ဘယ်တုန်းကမှ တကယ်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ရဲခဲ့ဘူး။ အမေနဲ့ပြန်တွေ့ချင်တဲ့ ပထမအိပ်မက် ကတော့ အကောင်အထည် ပေါ်ခဲ့ပြီပဲ ဆိုကြပါစို့။ ဒုတိယအိပ်မက်တခုက ကျောင်းနေချင်တာပါ။
    ကျောင်းတက်နေတဲ့ အမေ့တူမလေး တွေကို သူမ တိတ်တခိုး အားကျနေခဲ့ရတာ....။ အဖြူအစိမ်းဝတ်စုံလေးနဲ့ လွယ်အိတ် ကလေး လွယ်ပြီးများ ကျောင်းသွားတက်ရမယ်ဆိုရင်....သူမဘ၀မှာ ဘာကိုပဲလုပ်ပေးရ လုပ်ပေးရ လုပ်ပေးချင်လှပါတယ်။
     အမေ့အိမ်အလုပ်တွေ အရမ်းကြိုးစားပြီးလုပ်တဲ့ နန်းကြာဖြူလေးကို အမေကလည်း သဘောတွေ အရမ်းကျသွားပြီ။
"အမေ...သမီးကို ကျောင်းထားပေးမယ် ဆို....." လို့ လူလစ်တိုင်း တိုးတိုးလေး ကပ်ကပ်ပြောရှာတဲ့ မျက်နှာငယ်လေးကိုလည်း ဂရုဏာသက်လှပြီ ထင်ပါရဲ့။ အမေ့ဆီ သူမရောက်ပြီး နှစ်နှစ်အကြာမှာ အိမ်နားက မူလတန်းကျောင်းလေးဆီ အမေ ကိုယ်တိုင် ကျောင်းလိုက်အပ်ပေးတော့ သူမရင်ထဲမှာ ပီတိလှိုင်းတွေ ဘောင်ဘင်ခတ်လို့တောင် နေတော့တယ်။
    ကျေးဇူးတင်လိုက်တာ အမေရယ်။ အမေသာ နန်းကြာဖြူရဲ့ တကယ့်အမေရင်း ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။ အမေ့ သမီးရင်းသာ ဖြစ်ရမယ်ဆိုရင် သမီးအမေဟာ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ နတ်သမီးလေးပဲ ဖြစ်နေပါစေဦး။ မတွေ့ချင်မဆုံချင်တော့ ပါဘူး။ အမေ့သမီးရင်းလေးသာ ဖြစ်လိုက်ချင်တာပါပဲ။
     အမေကရော....သမီးကို သမီးအရင်းလို မချစ်နိုင်ဘူးလား အမေရယ်....။
+++++++++++++

   "သမီးအရင်းမဟုတ်လို့ ဒီကျောင်းမှာ ထားတာပေါ့ဟဲ့..။ သမီးရင်းသာဆိုရင် မြို့လယ်က နံပါတ်တစ်ကျောင်းမှာထားပြီး အဖေကိုယ်တိုင် ကားနဲ့အကြိုအပို့လုပ်မှာပေါ့...."
     အတန်းထဲက သူငယ်ချင်းတွေရဲ့ တီးတိုးစကားတွေဟာ ကြားစေချင်လို့ကို တမင်ကျယ်ကျယ် ပြောနေကြတာလေ။
    "ပညာတွေအများကြီး သင်ပေးပြီး ဘာလုပ်မှာလဲ။ ရေးတတ်ဖတ်တတ်ဆို တော်ရောပေါ့။ ကျောင်းတက်တော့ အိမ်အလုပ်တွေ
ဘယ်ကောင်းကောင်း လုပ်နိုင်မလဲ...."
   စိတ်ဓါတ် ပြည့်ဝခိုင်မာတဲ့ အမေမို့လို့သာ သူမအပေါ် သဘောထားမပြောင်းရှာတာ။ ဆွေမျိုးတွေထဲကရော၊ တူတူမတွေထဲကရော၊ အိမ်နီးနားချင်း မိတ်ဆွေတွေကရော...ယုတ်စွအဆုံး အိမ်မှာရှိတဲ့ အလုပ်သမားတွေထဲကတောင် ဒီလိုလေသံမျိုးပဲ ကြားရတာပါပဲ။
   ကျောင်းထုတ်ပစ်မှာကြောက်တဲ့ သူမခမျာမှာတော့ ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်ကလေးပစ်ချပြီး တညနေလုံး အိမ်အလုပ်တွေ ကြိုးစားပြီး ကူညီရတာပေါ့။ အမေ့အိမ်မှာက အလုပ်သမား ဘယ်လောက်ရှိရှိ ခြံကလည်းကျယ်၊ သစ်ပင်ပန်းပင်တွေ ကလည်း အများကြီး စိုက်ထားတော့ အလုပ်ဆိုတာ လုပ်ချင်ရင် လုပ်စရာတွေက ကုန်တယ်ရယ်လို့မှမရှိတာ...။ အလုပ်တွေဖိလုပ်နေပြီး စာကိုလွှတ်ထားလို့လည်း မဖြစ်သေးဘူး။ တနှစ်လောက်ကျတာနဲ့ အမေ့မူက သူမအပေါ်မှာလည်း သက်ညှာမှာ မဟုတ်ဘူးလေ။
    ကျောင်းထွက်ရမှာ ကြောက်တဲ့သူမက အလုပ်လည်း ကြိုးစားလုပ်...၊ ညရောက်တော့ စာလည်း ကြိုးစားကျက်ရသေးတယ်။ အလယ်တန်းရောက်လာတော့ ကျောင်းစာတွေက တဖြေးဖြေး ပိုခက်လာတယ်။
   "စာတွေများလာပြီ နန်းကြာဖြူ...။ အိမ်အလုပ်လျှော့လုပ်ပြီး စာကျက်ချိန် ပိုယူပါလား။ သမီး စာမေးပွဲကျရင်တော့ အမေက ကျောင်းဆက် မထားနိုင်တော့ဘူးနော်။ အမေ့ တူ တူမတွေလည်း ဒီမူဝါဒပဲ ကျင့်သုံးလာခဲ့တာ...။ နန်းကြာဖြူကျမှ မူပြောင်းရင် အမေဘယ်တရားတော့မှာလဲ"
   အမေ့ စေတနာနဲ့ သံယောဇဉ်ကတော့ တကယ့်ကို ယုံမှားစရာမရှိလောက်အောင် မြင့်မြတ်ခိုင်မာလှပါတယ်။ အမေပြောတာကလည်း နည်းလမ်းကျတာမို့ သူမ စာမေးပွဲကျမှာကို သေရမလောက် ကြောက်တတ်ခဲ့တယ်။
    "သမီးဘ၀ကို သမီးမြှင့်တင်မှ ရမှာနော်။ အမေက လမ်းပြပေးလို့ပဲရမှာ..။ ကြိုးစားရမှာက သမီးကိုယ်တိုင်ပဲ။ တနှစ်တတန်း မှန်မှန်အောင်ရင်တော့ ဆယ်တန်းအောင်ပြီးတာနဲ့ သူနာပြုတက္ကသိုလ် တက်နိုင်အောင် အမေကူညီပေးမယ်။ ဒါဆိုရင် ကုသိုလ်လည်းရ ၀မ်းလည်းဝမို့ သမီးဘ၀တလျှောက်လုံး စိတ်အေးရပြီ...။"
    အမေကယ်တင်ခဲ့လို့ ဆရာဝန်ကြီးလင်မယားရဲ့ မွေးစားသမီး၊ ကျောင်းသူဘ၀ ရောက်ခဲ့ပြီးပြီမို့ အမေညွှန်ပြတဲ့ သူနာပြုဆရာမကြီး ဘ၀ကလည်း သူမရဲ့ တတိယအိပ်မက် ဖြစ်ခဲ့ရပြန်ပါပြီ။ အမေ အသက်ကြီးလာရင် ပြုစုစောင့်ရှောက်မယ့်သူဟာ သူနာပြုဆရာမကြီး နန်းကြာဖြူပဲဖြစ်ရမယ်။ အြွေခအရံတွေ၊ တူ တူမတွေ ဘယ်လောက်များများ...အချိန်တန်တော့ သူတို့လမ်း သူတို့လျှောက်ပြီး အမေ့နားက တယောက်ပြီးတယောက် ခွဲခွာသွားကြတာ သူမတွေ့နေ ရတာပဲလေ။ နန်းကြာဖြူကတော့ တသက်လုံး အမေနဲ့ပဲနေမယ် စိတ်ကူးထားတယ်။
    သူမဘ၀မှာ မက်ခဲ့ရတဲ့ အိပ်မက်မှန်သမျှဟာ အမေ့ကြောင့်သာ လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့တာချည်းမို့ အမေသာလျှင် သူမဘ၀ ကယ်တင်ရှင်...။ အမေသာလျှင် အားကိုးရာ...။ အမေသာလျှင် သူမရဲ့ လမ်းပြကြယ်...။ အမေသာလျှင် သူမရဲ့ အိပ်မက်သခင်ပါ။
++++++++++++++
   အိပ်မက်နဲ့ လက်တွေ့ဟာ တကယ့်အဖြစ်မှာတော့ ထပ်တူမကျနိုင်တာ....နန်းကြာဖြူအတွက် နာကျည်းမုန်းတီးဖို့ တော်တော် ကောင်းခဲ့တယ်။ အလယ်တန်းကို ကျားကုတ်ကျားခဲ ကြိုးစားကျော်ဖြတ် နိုင်ခဲ့ပေမယ့် နဂိုကသေးကွေးတဲ့ သူမခန္ဓာကိုယ်လေးကတော့ စက္ကူဖြူတချပ်လို ပါးလွှာဖျော့တော့ နေခဲ့ပြီ။ စာမေးပွဲအတွက် အိမ်အလုပ် လစ်ဟင်းမှုတွေကို အမေက ဘယ်လောက်ပဲ ညှာတာ ခွင့်လွှတ်ပေမယ့် သူမဘ၀မှာ အမေနဲ့သူမ နှစ်ယောက်ထဲမှ မဟုတ်ပဲလေ။
   သူမ ကိုးတန်းတက်မယ့်နှစ်မှာ အမေ့မောင်မိသားစု တခြားမြို့က ပြောင်းလာပြီး အမေအိမ်မှာ လာနေခဲ့တယ်။ တူမ အရင်းခေါက်ခေါက်တွေက အမေ့မီးဖိုချောင်ထဲက မထွက်တော့သလို နန်းကြာဖြူ တာဝန်ယူနေကျ ဒယ်ဒီနဲ့ အမေ့ ဝေယျာဝစ္စတွေ ကိုပါ တချွဲတနွဲ့ ပြောဆိုလုပ်ကိုင်ပေးလာတော့ တပြုံးပြုံးဖြစ်နေတဲ့ အမေ့နားကို ကပ်ရမှာ သူမ အားငယ်လာရတယ်။
   သူမကံကိုက အမေနဲ့သူမ ဒီ့ထက်နီးစပ်တွယ်တာဖို့ အခြေအနေ မပေးချင်ဘူး ထင်ပါရဲ့။ ကျောင်းမသွားခင် မနက်ခင်းတစ်ခုမှာ အမေနဲ့အတူ ဘုရားခန်းသန့်ရှင်းရေး ကူညီလုပ်ကိုင်ပေးရင်း ကျောင်းချိန် နောက်ကျလုမတတ် ဖြစ်သွားရတယ်။ ထမင်းဗူးထဲကို အမေကိုယ်တိုင် ကြော်ခိုင်းထားတဲ့ ကြက်ဥကြော်ထည့်ထားတာ မတွေ့တော့... အမေမသိအောင်ပဲ ဆီဆမ်းဆားဖြူးပြီး မြန်မြန် ထည့် နေတာပါပဲ။ အနားရောက်လာတဲ့ အမေတွေ့သွားတော့ မီးဖိုချောင်တာဝန်ကျနေတဲ့ တူမကို ဆူတော့တာပေါ့။
    နန်းကြာဖြူဟာ အသေးအဖွဲ ပြဿနာနဲ့ အမေစိတ်ရှုပ်ရမယ့် ကိစ္စတွေမှန်သမျှ အမေမသိစေရအောင် ကြိတ်မှိတ်ခံနေခဲ့တာ...
ဒါ ပထမဦးဆုံးအကြိမ်မှ မဟုတ်ပဲ။ စားစရာအတွက် မပြောနဲ့။ အသားနာအောင် လိမ်ဆွဲတာတို့၊ ခေါင်းကိုဒေါင်ကနဲ ခေါက်ပစ်တာတို့၊ နားကို အမေဆင်ထားတဲ့ နားကွင်းလေး ပြုတ်လောက်အောင် ဆွဲလိမ်တာတို့ကိုတောင် ဘယ်သူ့ကိုမှ မသိစေခဲ့သူပါ။
    "နန်းကြာဖြူ..ညည်းဗလောင်းဗလဲ နိုင်လှချည်လား။ ညည်းဖာသာ ကြက်ဥကြော်မစားချင်လို့ ကြော်မထားနဲ့လို့ ပြောပြီး
ဘာ ခုမှ ဂုန်းသွားချောတာလဲ။ ကြီးကြီး...ဒီကောင်မက ကြက်ဥထည့်မသွားပဲ ကျောင်းကျမှ တိုထားတဲ့ပိုက်ဆံနဲ့ ၀ယ်စားဦးမှာ..."
အမေ့မှာ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ် အများတကာထက် ပိုရှိတယ်ဆိုတာ နန်းကြာဖြူ ယုံကြည်ပါတယ်။ တူမ ပြောစကားဟာ ယုံကြည်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ပဲနည်းနည်း..။ တူမရဲ့ အသိုင်းအ၀ိုင်းအားတွေက နောက်ဖက်မှာ နည်းမှမနည်းတာ...။
    တစ်ယောက်တစ်ပေါက် ပြောဆိုတိုင်တန်းနေကြတဲ့ စကားသံတွေကြားမှာ သူမကတော့ တယောက်တည်းမို့ ဖြေရှင်းချက်အတွက် ပါးစပ်တောင် မဟ၀ံ့ခဲ့ပါဘူး။ အားငယ်စိတ်နဲ့ တစ်ဦးတည်းသော အားကိုးရာ အမေ့ကိုလှမ်းကြည့်မိတော့.... သူမကိုကြည့်တဲ့ အမေ့မျက်ဝန်းတွေဟာ သံသယကြောင့်လား...၊ သနားစိတ်ကြောင့်ပဲလား.. အရောင်မှိန်နေခဲ့တယ်။
    ဆူပူကြိမ်းမောင်း ခံရလွန်းလို့ မီးဖိုချောင်ထဲလည်း မ၀င်ရဲ...။ မလိုလားတဲ့ မျက်ဝန်းတွေနဲ့ အမေ့နားမှာ အမြဲလိုလို ရှိနေတတ်တဲ့ သူတွေကိုလည်း ရင်မဆိုင်ချင်တာနဲ့ ခြံအလုပ်တွေပဲ သူမ ဖိလုပ်နေမိတော့တယ်။
   ဘာပဲဖြစ်ဖြစ်...အမြင်စောင်းမသွားတဲ့၊ နားလည်မှုပြည့်ဝတဲ့ အမေ့ကျေးဇူးတွေကိုတော့ ဒီတသက် ဆပ်နိုင်သလောက် ကြိုးစားဆပ်ရမယ်။ အထူးသဖြင့် ကျေးဇူးကန်းတဲ့လူ မဖြစ်စေရဘူး။ အမေစိတ်ဆင်းရဲရမယ့် ကိစ္စမှန်သမျှ သူမ ဘယ်တော့မှ
မလုပ်မိစေရဘူး။ ဥပမာ.. စာမေးပွဲမကျစေရဘူး။ အမေ့ကျေးဇူးမဆပ်နိုင်ခင် ရည်းစားမထားဘူး။ အမေ့ဆွေမျိုးတွေနဲ့ ပြဿနာမဖြစ်အောင် ရှောင်ရမယ်။ သူတို့ အနိုင်ကျင့်တာတွေ၊ နှိမ်တာတွေ... အမေမသိအောင် မြိုသိပ်ထားရမယ်။ ယုတ်စွအဆုံး လူလစ်ရင်လစ်သလို ရိသဲ့သဲ့လုပ်ချင်တဲ့ တဖက်ခြံက အမေ့တူကိစ္စကိုလည်း အမေစိတ်ရှုပ်ထွေးရမှာစိုးလို့ မပြောပြတော့ပါဘူးလေ...။
+++++++++++++++
    နောင်တအတွေးနဲ့ ရှက်ရွံ့အားငယ်စိတ်တွေ အလုံးအရင်း ပြင်းထန်စွာ ပူးပေါင်းထိုးနှက်ကြတဲ့အခါ သူမ ရှိုက်ကြီးတငင် ငိုကြွေးမိတော့တယ်။ အမှန်က အမေ့ကို တိုးတိုးတိတ်တိတ် ပြောပြဖို့တောင် ၀န်လေးခဲ့မိတာ သူမ အမှားပါပဲ။ ခုလို အော်ကြီးဟစ်ကျယ် အရှက်တကွဲဖြစ်သွားရတော့ သူမ အနေအထိုင် အပြောအဆို ဆင်ခြင်ခဲ့သမျှတွေ အလကားဖြစ်ကုန်ရပြီ။
ဒါပေမယ့်...ဒီလိုမှ မအော်ရင်လည်း အခါတိုင်းကလို သူမ ငြိမ်နေလို့ဖြစ်တဲ့ ကိစ္စမျိုးမှ မဟုတ်တာလေ...။
   " အပိုတွေ သည်းပြမနေနဲ့ နန်းကြာဖြူ။ ရေချိုးခန်းတံခါးဆိုတာ အထဲက ဂျက်ထိုးထားရင် အပြင်ကလူက ဘယ်လိုလုပ်ဝင်လို့ရမှာလဲ။ ညည်းကိုယ်တိုင် ဖွင့်ပေးရင်ဖွင့်ပေးမှပဲ။ ခုလည်း...ကိုဝင်းက လက်ဆေးချင်လို့ လူရှိသလားဆိုပြီး တံခါးခေါက်ရုံ ခေါက်တာ လို့ ပြောတာပဲ။ ညည်းကိုယ်ညည်း ဘာထင်နေသလဲ။ သက်သက် အကဲပါပြမနေနဲ့။"
    တသိမ့်သိမ့် ရှိုက်ငင်နေမိတဲ့ သူမကိုယ်သူမ ကြိုးစားထိန်းပေမယ့် ၀မ်းနည်းကြေကွဲစိတ်တွေက တားဆီးမရအောင်ကို ပြင်းထန် လှိုက်စား ကုန်ပြီ။ နန်းကြာဖြူ ရေချိုးခန်းအ၀င်မှာ နောက်က ထပ်ကြပ်မခွာ လိုက်ဝင်ပြီး တံခါးချက်ချပစ်လိုက်တာ လျင်မြန်လွန်းလို့ ဘယ်သူမှ မမြင်လိုက်ကြတာ....။ ဆွဲလားရမ်းလားနဲ့ ကြမ်းတမ်းလွန်းတာမို့ ကြောက်လန့်ပြီးအော်ဟစ်မိတာ....။ လူစုံတက်စုံ ရောက်လာတော့ ဦးအောင်တိုင်ဖို့ နှုတ်ထွက်မမြန်ခဲ့တာ....။ ဘယ်ကိစ္စမဆို အမေ စိတ်ရှုပ်ရမှာကိုသာ စိုးရိမ်တတ်ခဲ့တာ...။
   အားလုံးဟာ သူမရဲ့အမှားတွေပဲ ထင်ပါရဲ့။ ဘာလို့ အမေ့ရဲ့သမီးရင်းမဖြစ်ခဲ့တာလဲ။ ဘာလို့ ရေချိုးခန်းနား လူရှင်းချိန်မှ ရေချိုးဖို့ဝင်မိတာလဲ။ ဘာလို့ တိုးတိုးတိတ်တိတ် မဖြေရှင်းဘဲ လန့်အော်ရတာလဲ။ ဘာလို့ ထုံးစံအတိုင်း ကြိတ်မှိတ်ပြီး ငြိမ်ခံမနေရတာလဲ။
   အို.....ဒီတခါကိစ္စကတော့ ငြိမ်ခံနေလို့ရတဲ့ အနိုင်ကျင့်နည်းမျိုး မဟုတ်ဘူးလေ။ ဘယ်မိန်းကလေးမှ ငြိမ်မခံသင့်တဲ့ အနိုင်ကျင့်နည်း...။ ဘယ်မအေမှ မကျေနပ်နိုင်တဲ့ စော်ကားမှု...။
    အမေ့ကို အားကိုးတကြီးကြည့်မိတော့ ငေးငိုင်နေတဲ့ အမေ့ပုံသဏ္ဍာန်ဟာ သူမအတွက် စိတ်ထိခိုက်နေတာလား။
စိတ်ပျက် အားလျော့နေတာလား။ ဝေခွဲမရ တွေဝေနေတာလား။
    ဘာပဲဖြစ်ဖြစ်....နန်းကြာဖြူဆိုတာ လက်တည့်စမ်းစရာ မဟုတ်ဘူးလို့....အမေကတော့ ခပ်တင်းတင်း ကြေငြာပေးလိုက်ပြီ။
ကျေးဇူးတင်လိုက်တာ အမေရယ်။ သမီး စိတ်မကောင်းလည်း ဖြစ်မိတယ်။ အမေကတော့ အမေတယောက်ရဲ့ တာဝန်တွေ
ကျေခဲ့သူပါ။ သမီးကို ဆင်းရဲတွင်းက ကယ်တင်ခဲ့တယ်။ ပညာသင်ပေးတယ်။ ပတ်ဝန်းကျင်မှာ မွေးစားသမီးဆိုတဲ့ လုံခြုံနွေးထွးမှုပေးခဲ့တယ်။ စားဝတ်နေရေး၊ ကျောင်းစရိတ် မပူပင် မကြောင့်ကျစေခဲ့ဘူး။ ဘ၀ရှေ့ရေးကို မြော်မြင်တတ်စေခဲ့တယ်။
နောက်ဆုံး...မိန်းကလေးတယောက်ရဲ့ အိနြေ္ဒသိက္ခာကို လုံခြုံမှုပေးခဲ့ပြန်တယ်။
    သူမကတော့ အမေ စိတ်ရှုပ်ထွေးရအောင်ပဲ လုပ်တတ်တယ်။ အိမ်ဗာဟီရလည်း ဘာမှမယ်မယ်ရရ မကူညီနိုင်ဘူး။
အမေနဲ့ ဆွေမျိုးတွကြားက ဆက်ဆံရေးကို အက်ကြောင်းလိုက်စေခဲ့တယ်။ သမီးတယောက်ရဲ့တာဝန်တွေ သူမ မကျေခဲ့ပါဘူး။
   တဖြေးဖြေးနဲ့....တွေဝေငေးမောပြီး အချိန်ကုန်မှန်းမသိအောင် လွင့်မျောနေတတ်တဲ့သူမကို အမေက စိတ်သောက ရောက်စရာတွေ ဘာမှမတွေးဖို့ အားပေးနှစ်သိမ့်ရှာတယ်။ အရေးကြီးတဲ့ ဆယ်တန်းနှစ်မို့လို့လည်း လိုအပ်တဲ့ဘာသာတွေမှာ အထူးထုတ်ကအစ
ဆရာအိမ်ခေါ် သင်ပေးတာအဆုံး လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ်။ ဒါပေမယ့်...သူမ စာကျက်တိုင်း ခေါင်းထဲမ၀င်တော့ ဘူး။ ရပြီးသား စာတွေလည်း အလွယ်တကူ မေ့တတ်လာပြီ။ စာမေးပွဲနီးလာလေ ရင်တွေပူပြီး ခေါင်းကမထောင်နိုင်အောင် လေးလာ တယ်။ ဘာဆိုဘာမှ စားမ၀င်ပဲ ညတွေလည်း စာအုပ်ကြီးရှေ့ချထိုင်မိတာ...မိုးလင်းတာတောင် မသိခဲ့တဲ့ညပေါင်း မနည်းဘူး။
    အမေကစိတ်ပူပြီး အိပ်ရေးဝအောင်အိပ်ဖို့ ချော့မော့ပြောလည်း အိပ်ယာထဲမှာ အိပ်မပျော်မယ့်အတူတူ ဘာထူးသေးလဲ။
နန်းကြာဖြူက စာမေးပွဲကျလို့ မဖြစ်ဘူးလေ။ သူမ စာမေးပွဲကျရင် အမေက ကျောင်းထုတ်ပစ်တော့မှာ...။ သူများတွေက ၀မ်းသာကြမှာ....။
    ကျောင်းထွက်ပြီးရင်ရော ဘာလုပ်ရမှာလဲ။ မီးဖိုချောင်ထဲမှာပဲ ဘ၀ကို နှစ်မြုပ်ပစ်ရတော့မှာလား။ အမေ့မှာ ဆယ်နှစ်လုံးလုံး အကုန်အကျခံခဲ့ရတာ...။ ရည်မှန်းချက်ပန်းတိုင်နီးကာမှ လဲပြိုကျသွားရင်...အမေဟာ အားလုံးထဲမှာ ၀မ်းအနည်းဆုံးဖြစ်မှာပဲ.....။
+++++++++++++++
   တကယ်တမ်း ၀မ်းနည်းစရာ အကောင်းဆုံးနေ့တနေ့ဟာ ခြုံခိုတိုက်ခိုက်ရေးသမား တယောက်လို မထင်မှတ်တဲ့နေရာက ဖြုန်းကနဲ ထွက်ပေါ်လာပြီး သူမကိုအလဲထိုးတော့တယ်။ အမေက စိတ်ပြေလက်ပျောက်ဆိုပြီး အမေ့မိတ်ဆွေအိမ်ကို အဖော်ခေါ်သွားတော့ စိတ်မပါပေမယ့် အမေ့ကိုအားနာပြီး လိုက်သွားမိတာ...။ နန်းကြာဖြူဘ၀ ခံယူချက်တွေ ဂျွမ်းထိုးမှောက်ခုံ ဖြစ်ရတော့တယ်။
    အထက်အောက် ၀တ်ဖြူစင်ကြယ်နဲ့ အမေ့မိတ်ဆွေအိမ်မှာ ရောက်နေနှင့်တာ....ဘိုးတော်ဆိုတာနဲ့ တူပါရဲ့။ သူမကို လှမ်းကြည့်
လိုက်တဲ့ မျက်လုံးတွေက စူးတောက်လွန်းတာမို့ ကြက်သီးဖြန်းကနဲ ထသွားရပြီး အမေ့နောက်ကို ၀င်ကွယ်နေလိုက်မိတယ်။ ရင်ထဲမှာလည်း မကြုံဖူးလောက်အောင် ပူလောင်ပြီး ခေါင်းတွေမူးဝေလာတော့ လိုက်ခဲ့မိတာမှားပြီလို့ နောင်တရမိတယ်။
    ဒါပေမယ့် နောက်ကျသွားခဲ့ပြီ။ ပြောဆိုနေကြတဲ့ စကားသံတွေရော....၊ အံ့သြသလို လှမ်းကြည့်လိုက်တဲ့ အမေ့ကိုရော...၊
တဖြေးဖြေး ကြမ်းပြင်ပေါ် ပြိုကျလာတဲ့ ကိုယ့်ကိုယ်ကိုရော...သူမအာရုံထဲမှာ အရောရော အထွေးထွေးေ၀၀ါးနေရတယ်။
    ' ညီမ အငယ်ဆုံးဆိုပေမယ့် နင်တို့နဲ့ ဘ၀ချင်းက ခြားနေပြီ။ အနှောင့်အယှက် မပေးကြနဲ့တော့။ ခုဘ၀မှာ သူလည်း ပျော်နေတယ်။ သူ့အမေကလည်း သိတ်ချစ်တယ်မဟုတ်လား... '
    ' မွေးစားသမီးပဲ....ဘယ်လောက်ချစ်နိုင်မှာလဲ... '
    သူမပါးစပ်က ထွက်သွားတဲ့စကားကို သူမအံ့သြသွားရတယ်။ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ အမေ့ကိုလည်း အားနာလိုက်တာ။
    ' မွေးစားသမီးဆိုပေမယ့် သမီးရင်းလေးလို ထားတာပါ..။ ဆင်ထားတာလည်း မြင်တဲ့အတိုင်းပဲ..လက်ဝတ်လက်စား အစုံပဲလေ...'
    ' နည်းသေးတယ်....' 
    ' ဟဲ့...စကားကို ယဉ်ယဉ်ကျေးကျေး ပြောစမ်း။ ဒါ နင့်ညီမရဲ့ ကျေးဇူးရှင်မိခင်ပဲ...'
    သူမပါးစပ်က ထွက်ကျလာတဲ့ စကားတွေဟာ သူမစိတ်ထဲကနဲ့ ဆန့်ကျင်ဖက်တွေလို့ သူမသိနေတယ်။

   ပြီးတော့... သူမကိုယ်တိုင်ပြောနေတာ မဟုတ်သလိုပဲ။ စိတ်နဲ့လူနဲ့ လုပ်ဆောင်ချက်တွေနဲ့ တခုကိုတခုမစေးကပ်ပဲ လေဟာနယ်ထဲလွင့်နေသလိုလို....။ အိပ်မက်ထဲမှာရောက်နေသလိုခံစားချက်မျိုးနဲ့...။
    ' သူတို့က ဘာလို့ အမွေစားအမွေခံ စာချုပ်နဲ့ မမွေးသလဲ...'
   ဟယ်...ဘယ်လိုစကားမျိုး ထွက်သွားတာပါလိမ့်။ ဒါ...ကျောင်းကသူငယ်ချင်းတွေ ပြောနေကျစကားပဲ။ သူမနဲ့ ငြင်းခုံနေကျ အမုန်းဆုံးစကားတွေပဲ။ အံကိုတင်းတင်းကြိတ်ပြီး နောက်ထပ်စကားသံတွေ ထပ်ထွက်မလာအောင် စိတ်တင်းထားမိတယ်။
မပြောနဲ့..။ နောက်ထပ်မပြောနဲ့...။ အမေစိတ်ညစ်သွားလိမ့်မယ်။ ထင်မှတ်မထားတဲ့ စကားတွေမို့ ၀မ်းလည်းနည်းလိမ့်မယ်။ ကံမကောင်းရင် သူမအပေါ် အမေမုန်းသွားနိုင်သေးတယ်။ ဒါပေမယ့် ဒီလိုအချိန်မှ မပြောရင်လည်း ဒီလိုအခွင့်အရေးမျိုး နောက်ထပ်ရမှာ မဟုတ်တော့ဘူး။ ပြောချင်လွန်းလို့ မဟုတ်ပေမယ့် နည်းနည်းတော့ ပြောသင့်တယ်ထင်တာပဲ။ ဒါမှ အမေက သူမအပေါ် ပိုဂရုစိုက်လာမှာ။
    အမေကသာ နန်းကြာဖြူကို စာချုပ်စာတမ်းနဲ့ မွေးစားလိုက်ရင် ဒီတူ တူမတွေအားလုံး သူမနောက်ကို ရောက်သွားကြမှာပေါ့။ အမေ့ပိုင်ဆိုင်မှုတွေဟာလည်း သူမနဲ့ထိုက်သင့်သလောက် သက်ဆိုင်သွားမယ်။
    အို...ဒါပေမယ့်...ဒါတွေဟာ အဓိကမကျပါဘူး။ အဓိကက အမေ့ကိုသူမ ၀ံ့ဝံ့စားစားပိုင်ဆိုင်ချင်တာပါ။
   အမေ့မျက်နှာကို ခိုးကြည့်မိတော့ စိတ်သောကရောက်နေတဲ့ ညှိုးနွမ်းတဲ့သဏ္ဍာန်ဟာ သူမရင်ကို နာကျဉ်စေပြန်တယ်။ ကိုယ့်ကိုယ်ကိုလည်း နားမလည်တော့ဘူး။ ဘာဖြစ်နေတာလဲ။ ဘာဖြစ်ချင်တာလဲ။ မေးခွန်းတွေ ချားရဟတ်လို ချာချာလည်နေပြီ။
    ' သမီး.....သမီးလေး နန်းကြာဖြူ...၊ သတိထားပါကွယ်...'
    အေးမြကြည်လင်တဲ့ အမေ့အသံဟာ....မူးရစ်နစ်မျောမလို ဖြစ်နေတဲ့ သူမအတွက် ကောက်ရိုးမျှင်လေးတမျှင်ပါပဲ။
    ' အမေ.....အမေ.....သမီးကြောက်တယ်....'
+++++++++++++++
    တကယ်တမ်း ကြောက်ဖို့ကောင်းတာ သူမကိုယ်တိုင် ဖြစ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။
   ' မယုံနဲ့ကြီးကြီး...။ ဒီလို ဘိုးတော်အယောင်ဆောင်တွေ ခဏခဏ ဖမ်းမိနေတာ မကြားဖူးဘူးလား။ သူကလည်းချောလဲရောထိုင်ပြီး အခွင့်အရေးယူတာ နေမှာပေါ့....။ ဘာနဂါးသိုက်လဲ။ ဘာဥစ္စာစောင့်လဲ။ ခေတ်မရှိတော့ပါဘူး....ဒါတွေ...'
    ' အသိအိမ်မှာ ချိန်းမထားပဲ သွားဆုံတယ်ဆိုပေမယ့် မမကြီးပဲစဉ်းစားကြည့်လေ..။ သူတို့နှစ်ယောက် စကားအပေးအယူ အချိတ်အဆက်တွေက မယုံချင်စရာဆိုတော့ ဒီကောင်မလေး သက်သက်ပလီတာများလား...လို့...'
   ' မင်းလည်း ခေတ်ပညာတတ်ပဲ မိန်းမရာ...။ အရာရာကို ချင့်ချိန် စဉ်းစားပေါ့။ ကိုယ်ကတော့ စိတ်ရောဂါ အထူးကုဆီ ခေါ်သွားပြစေချင်တယ်။ စာမေးပွဲလည်း နီးနေပြီမဟုတ်လား။ မနိုင်ဝန်ထမ်းရင် လှည်းကျိုးတတ်တယ်နော်.. သတိလည်းထားဦး'
   အားလုံးက ဒီလိုတွေပြောမှတော့ 'နန်းကြာဖြူ ဘာလဲ....ဘာကြောင့်လဲ..' လို့ သူမကိုယ်သူမ မေးခွန်းတွေ တန်းစီနေရတော့တယ်။ အမေကတော့ တိုင်းရင်းကု၊ အင်္ဂလိပ်ကု ရိုးရာကုရော ယတြာကုပါမကျန် ဂရုစိုက်လွန်းလှလို့ အားနာစရာ ကောင်းလိုက်တာ.....။
    နန်းကြာဖြူကတော့ စိတ်ရှုပ်ရှုပ်နဲ့ ဖြစ်ချင်တာရယ်..၊ ဖြစ်သင့်တာရယ်...၊ ဖြစ်နေတာရယ်.... အားလုံးကိုရောမွှေပြီး စိတ်ကူးထဲမှာ တိမ်လှေ လုပ်စီးပစ်လိုက်တယ်။ လေနှင်ရာ လွင့်ချင်တိုင်းလွင့်နေတဲ့ တိမ်လှေလေးပေါ်မှာ ကြယ်နှင်တံလေး ကိုင်ထားတဲ့ နတ်သမီးလေးဟာ သူမကိုယ်တိုင်ပဲပေါ့။ လူးလူးလွန့်လွန့် တဖြတ်ဖြတ်ခတ်နေတဲ့ ၀တ်ရုံဖြူလွလွနဲ့အတူ ပြိုးပြိုးပြက်ပြက် လှပလွန်းတဲ့ လည်ဆွဲတန်ဆာဟာ သူမလည်တိုင်မှာ တောက်ပရွှန်းလဲ့ နေလိုက်တာ... အရမ်းကိုပဲ...။
    ထူးဆန်းလွန်းလို့ သေချာအားစိုက်ကြည့်လိုက်တော့မှ လည်ဆွဲဟာ အိပ်မက်ကလေးတွေ သီထားတာဖြစ်နေတယ်။ အမေရယ်...၊ ကျောင်းသူမလေးရယ်...၊ သူနာပြုဆရာမကြီးရယ်....။ လှလိုက်တာ......။ အမေက သိပ်လှလိုက်တာ....။
ဟော... အမေကိုယ်တိုင် သီထားတဲ့လည်ဆွဲကို နန်းကြာဖြူလည်မှာ ဆွဲပေးဖို့ လက်လှမ်းနေတော့ သူမပျော်လိုက်တာ....။
    အမေဟာ သမီး အမေရင်းပဲမဟုတ်လား။ မွေးပြီးကတည်းက အမေ့ရဲ့မိဘတွေ စီမံမှုနဲ့ ရက်ရက်စက်စက် စွန့်ပစ်ခံခဲ့ရတဲ့ သမီးလေး မဟုတ်လား။ ဟို ဗွီဒီယိုကားထဲကလိုလေ..။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို မကြေငြာရဲလို့ မွေးစားသမီး ဟန်ဆောင်ပြီး ခေါ်မွေးထားတာ မဟုတ်လား။ အမေ...သမီးကို သိပ်ချစ်တာ သမီးသိတယ်။ ဘေးလူတွေ အမြင်မှာ မျှတအောင် လုပ်နေရတာ သမီးသိတယ်။
     မနာလိုသူတွေ များလွန်းလို့ဟန်ဆောင်နေရတာ သမီးသိတယ်။
    ခု... ဘယ်သူမှမရှိတုန်း အမေ့မေတ္တာနဲ့သီထားတဲ့ လည်ဆွဲလေး သမီးကိုဆွဲပေးမလို့ မဟုတ်လား။ ကျေးဇူးတင်ပါတယ် အမေ။ ဘယ်သူ့မှ မကြောက်ပါနဲ့။ ဘယ်သူမှလည်း မရှိပါဘူး။ သမီးနဲ့အမေ နှစ်ယောက်ထဲ...။ အမေ့ဆီ သမီးကိုယ်တိုင်ဖန်ဆင်းထားတဲ့ တိမ်လှေလေးစီးပြီး လာခဲ့မယ်။ အမေ့လက်ထဲက လည်ဆွဲလေး သမီးကိုဆွဲပေးပါနော်။ သမီးလာပြီ အမေရေ...။
    ဟော.... ဘယ်ကပေါ်လာမှန်း မသိတဲ့ ပိန်ပိန်မဲမဲ ညှက်စိမလေးတယောက် အမေ့လက်ထဲက လည်ဆွဲကိုလုနေပြီ။ မပေးနဲ့အမေ..။ မပေးနဲ့...။ သမီးတသက်လုံး တောင့်တစိတ်ကူးယဉ်ခဲ့ရတဲ့ အိပ်မက်လေးတွေ...။
   ဟင်... ဘုရားရေ..။ နန်းကြာဖြူ စာမေးပွဲ မဖြေရသေးပါလား။ စာမေးပွဲက ပြီးသွားခဲ့ပြီဆို...။ လမ်းပေါ်က စာမေးပွဲဖြေပြီးပြန်လာတဲ့ ကျောင်းသားတွေ ပြောနေသံကြားတယ်။ ဒါဆို... သူမက ဘယ်မှာသွားပြီး အိပ်ပျော်နေခဲ့တာလဲ။ သေချာကြည့်လိုက်တော့ ဖတ်လက်စစာအုပ်လေးတွေက အိပ်ယာဘေးမှာ ပြန့်ကျဲနေတုန်းပဲ။ ဘာတွေဖြစ်ကုန်တာလဲ... အမေ့ကိုမေးကြည့်ဦးမှပါပဲ။ ခုနက လည်ဆွဲကိုင်ထားတဲ့ အမေကရော... ဘယ်ရောက်သွားတာလဲ။ အလန့်တကြား ရှာဖွေမိတော့.. သူမခြေရင်းမှာ ပြန့်ကျဲနေတာ အိပ်မက်ကလေးတွေ.....။ ညှက်စိလို့ခေါ်တဲ့ ကလေးမလေးလက်ထဲမှာ ဆုပ်ကိုင်ပြီးကျန်နေတာ..... အိပ်မက်လေးတွေ သီထားတဲ့ကြိုး...။
    နန်းကြာဖြူ....နန်းကြာဖြူ ဘယ်ရောက်သွားပြီလဲ။ သူနာပြုဆရာမကြီး နန်းကြာဖြူလေ.....။
    အမေ.....အမေ....အမေ.....။
    ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ ခေါ်သံတွေဟာ ပြတ်ကျသွားခဲ့ရတဲ့ အိပ်မက်လေးတွေရဲ့ ညည်းတွားရှိုက်သံလေးတွေပါ....။
++++++++++++++++
ဝေ(စီးပွားရေးတက္ကသိုလ်)

တို့များငယ်ငယ်တုန်းက

  ကျွန်မတို့ ကလေးဘ၀မှာ ကြီးတော်ကများ “ တို့များ ငယ်ငယ်တုန်းက...” လို့ စကားစလိုက်ရင် ကျွန်မတို့ မောင်နှစ်မတစ်သိုက် နားလေးတွေကို ထောင်လို့ စွင့်လို့ပေါ့။
         သူတို့ ငယ်ငယ်တုန်းက မီလိုက်တဲ့ ဒုတိယကမ္ဘာစစ် စစ်ပြေးဘ၀အကြောင်း၊ ဗုံးခိုကျင်းထဲက အကြောင်းတွေ ပြောပြရင် ထမင်းမေ့ ဟင်းမေ့ အငေးသား နားထောင်ရတာ...။
         တိုင်းပြည် မတည်ငြိမ်သေးခင်မှာ လူတိုင်း အခြေတကျ မရှိကြသေးတော့ ရွာမှာ ဆွေမျိုးတွေ တစ်စုတစ်ဝေးကြီး စုနေကြရသတဲ့။
ဓားပြတွေ အိမ်ကို အနုကြမ်းဝင်စီးတော့ ကြီးတော်က ဆယ်ကျော်သက် အရွယ်လေးတဲ့။
ရှိသမျှလူကုန် လက်ဝတ်လက်စား ချွတ်ပုံကြတော့ ကြီးတော်က ၀တ်ထားတဲ့ လက်ကောက်လေးကို ဓားပြတွေ မမြင်ခင် ဖျိုးဖျိုးဖျတ်ဖျတ်ချွတ်ပြီး ပါးစပ်ထဲ ငုံထားလိုက်ရောတဲ့။
    ဒီအခန်းများရောက်ရင် ကျွန်မရော၊မောင်လေးတွေရော၊ ၀ိုင်းနားထောင်နေကြတဲ့ အိမ်က ကလေးမတွေရော...ဇာတ်လမ်းအထွတ်အထိပ်ပဲ။
         “  ကြီးကြီးပါးစပ်က အဲလောက် အ၀ိုင်းကြီး ဆန့်လို့လား...”
        “  ဓားပြကြီးက လုံးဝ မရိပ်မိဘူးလား....”
         “  ဟယ်...သိသွားလို့ကတော့....ကွိကနဲပဲနော်...” ......နဲ့ စုံနေအောင် အသံထွက်လာတော့တာပေါ့။
          ကြီးတော်ကတော့ သူရဲကောင်းကြီးဟန် အပြည့်နဲ့....
        “ ငါ တစ်ယောက်တည်း ပစ္စည်းပါမသွားတာလေ။ ကျန်တဲ့သူအားလုံး အကုန်ပါကုန်ကြတာပေါ့..” ..လို့ ဂုဏ်ယူဝင့်ကြွားတတ်တယ်။
          အဲဒီတုန်းက...ကြီးတော်တို့ ငယ်ငယ်ကရခဲ့တဲ့ အတွေ့အကြုံတွေဟာ ကျွန်မတို့ထက် အများကြီးပဲလို့ တွေးခဲ့မိသေးတယ်။
          ခု...ကျွန်မတို့ သားသမီးတွေခေတ်မှာ ကမ္ဘာရွာကြီး ဖြစ်လာပြီ ဆိုပြန်တော့...အင်တာနက်တွေ၊ ကွန်ပျူတာတွေ၊ ဖေ့စ်ဘွတ်တွေနဲ့ ကလေးတွေဟာ ကျွန်မတို့ငယ်ငယ်ကထက် အများကြီးသာပြန်တာပဲလို့....၀မ်းသာရပြန်ရော....။
          ကျွန်မသား ဆယ်ကျော်သက်လေးကဆိုရင် ကွန်ပျူတာဂိမ်းဆိုင်မှာ ဟောလိဝုဒ်မှာ အရင်လကမှ ရုံတင်သွားတဲ့ အက်ရှင်ကားကို ခု....ဂိမ်းပစ်လို့ ရနေပြီတဲ့...။ အင်တာနက်ကဖေးမှာ သွားချက် (chat)  ...မလို့တဲ့။
          ကြီးတော်ကြီး ပြောသမျှ အတွေ့အကြုံတွေ...ပါးစပ်အဟောင်းသားနဲ့ နားထောင်ခဲ့ရတဲ့ ကျွန်မ...၊
သားတို့ပြောသမျှ   ခေတ်ပေါ် ပစ္စည်းစုံ...၊ ကွန်ပျူတာ၊ အင်တာနက်တွေကိုလည်း မျက်လုံးအပြူးသားနဲ့ အမီလိုက်ရပြန်ပါတယ်။
                                             xxxxxxxxxxx
           တစ်နေ့....မိသားစုတွေ နွေရာသီ ခရီးတစ်ခု ထွက်ဖြစ်တော့....ကားလမ်းနံဘေးက လယ်ကွင်းတွေဟာ ဟိုးအရင် ငယ်ငယ်တုန်းကလို ပက်ကြားအက်မနေတော့ပဲ....နွေစပါးစိုက်ထားတာများ စိမ်းနေတာပဲ။
          ဒီလို မြင်ရတော့....ပက်ကြားအက် လယ်ကွင်းတွေမြင်ရင် ဘာလွမ်းမှန်းမသိ ညို့မှိုင်းသွားတတ်တဲ့ စိတ်တွေ မဖြစ်ရတော့ဘဲ စိမ်းနေတဲ့ စပါးပင်တွေကြည့်ပြီး လူကလည်း လန်းလာတယ်။
          ဘေးနားအတူ ထိုင်လိုက်လာတဲ့ ကြီးတော်ကလည်း ကျွန်မသား သူ့မြေးကို စကားတွေ တဖောင်ဖောင်ပြောလို့ပေါ့။
       “  ကဲ...ဖွားက သားကို ဗဟုသုတ ဘယ်လောက်ရှိသလဲလို့ မေးကြည့်စမ်းမယ်။ ဟိုးမှာ မြင်နေရတဲ့ လယ်ကွင်းတွေက တစ်ကွက်နဲ့ တစ်ကွက်ကြားမှာ ကာထားတဲ့ဟာကို ဘာလို့ခေါ်လဲ သား.....”
           ကွန်ပျူတာဂိမ်းတွေ၊ အင်တာနက်တွေ ကိုင်နေတဲ့သားကို ဒီလိုမေးတော့ ကျွန်မက ကြိတ်ပြုံးမိပါတယ်။
        “  အင်.....အဲဒါ.....ဘောင်.....တာဘောင်လေ....”
            မြတ်စွာဘုရား....။ ကျွန်မ မျက်လုံးပြူးသွားရတယ်။ လယ်ကန်သင်းကို သားက မသိဘူးတဲ့။
       “  ကဲ....မိဝေေ၀.....ညည်းသားကို ကြည့်လည်းလုပ်ဦးနော်။ မြန်မာပြည်နေပြီး ကန်သင်းရိုးမသိ....၊ ထမင်း ဘယ်ကလာမှန်း မသိတော့ မဟုတ်သေးဘူးအေ့...”
           ဟုတ်တော့လည်း ဟုတ်ပါရဲ့။ သားက ကျောင်းနဲ့အိမ်၊ အိမ်နဲ့ အင်တာနက်ဆိုင်၊ ကျောင်းစာနဲ့  Guide  ၊ ဒါပဲ သံသရာလည်နေတာ.....။ အင်တာနက်က ဗဟုသုတ ဘယ်လောက်ရရ....၊ ဒေသန္တရ ဗဟုသုတကျတော့ နည်းရှာပေမပေါ့။
           ကြီးတော်ကြီးတို့ ငယ်ငယ်က ကိုယ်တွေ့ ဗဟုသုတတွေနဲ့များတော့ အနှစ်သာရချင်း ကွာတာပေါ့။
           ကျွန်မတို့ ငယ်ငယ်တုန်းကလည်း မိဘတွေက အစိုးရ ၀န်ထမ်းတွေဆိုတော့ တစ်နယ်ပြီးတစ်နယ် ပြောင်းနေရတာ...။
ကျွန်မတို့လည်း မြန်မာပြည် အထက်အောက် နယ်စုံ ရောက်ဖူးပြီး ဒေသန္တရ ဗဟုသုတတွေ အသင့်အတင့် ရခဲ့တယ်။
          သားနဲ့သမီးကျတော့မှ ကျွန်မတို့ကလည်း ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ တစ်နေရာတည်း ကျောက်ချလုပ်နေတော့ သူတို့ခမျာ အင်တာနက် ၀ဲဂယက်ထဲမှာပဲ ကျင်လည်နေရတော့တယ်။
          နိုင်ငံတကာ ဗဟုသုတတွေ မြင်ရကြားရတော့ ရှိပါရဲ့။ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းရင်းသားတွေရဲ့ အကြောင်း ဘာ ဗဟုသုတမှ မရှိရှာတော့ဘူး။ ကိုယ့်မြေ ကိုယ့်ရေအကြောင်း ဘာမှ မသိရရှာဘူး။
           ဒါနဲ့ပဲ....ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ နွေရာသီတိုင်း ကလေးတွေကို မရောက်ဖူးသေးတဲ့ နေရာတွေ တစ်မျိုးပြီးတစ်မျိုး လိုက်ပို့တော့မယ်လို့....။
          ပြီးတော့....ကြီးတော် ပြောပြောပြသလို..... “ တို့များ ငယ်ငယ်တုန်းက...” လို့ စကားစပြီး ကလေးတွေကို ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဗဟုသုတလေးတွေ ပြောပြရဦးမယ်လို့.....။
                                            xxxxxxxxxxxx
          တစ်ရက်..သမီးလေးကို ကျောင်းကြိုဖို့ နောက်ကျသွားလို့ ကျောင်းမှာ သူတစ်ယောက်တည်း ကျန်တော့တယ်တဲ့။
အိမ်ပြန်ရောက်တဲ့ အထိ ငိုယိုပြီး ၀မ်းနည်းလို့ မပြီးသေးတဲ့ သမီးလေးကို အငိုတိတ်စေဖို့  “ တို့များငယ်ငယ်တုန်းက....” ...ဆိုတဲ့ စကားကိုပဲ စလိုက်ရတယ်။                                                            
          “  သမီးလေးက သုံးတန်း...။ သမီးထက် တစ်နှစ်ပဲကြီးတဲ့ လေးတန်းနှစ်အရွယ်မှာ မေမေဟာ ကျောင်းကို
    သူငယ်တန်းစတက်မယ့် မောင်လေးလက်ကိုဆွဲပြီး တောင်ပေါ်ထိ တက်ခဲ့ရတာပေါ့....”
         “  တောင်ပေါ်.....”
         “  ဟုတ်တယ် သမီးရဲ့။ မချမ်းဘောဆိုတဲ့ ကချင်တောင်ပေါ်မြို့ သေးသေးလေး....။ ကတ္တရာလမ်းဆိုလို့ တစ်ခုမှ မရှိသေးတဲ့ မြေလမ်းဖုံဖုံ...၊ တောင်ခိုးဝေေ၀...၊ မြူခြေရစ်သိုင်း....၊ မိုးဆောင်း အမြဲမှိုင်းနေတဲ့ ချစ်စရာ့ မြို့ငယ်လေး။
          အဲဒီ မြို့လေးကို သမီးဘိုးဘိုးနဲ့ ဘွားဘွားက တာဝန်တွေနဲ့ပြောင်းရတော့ မေမေတို့ မောင်နှမတွေလည်း အတူပါသွားခဲ့တာပေါ့။
          မေမေတို့တက်ရမယ့် မူလတန်းကျောင်းလေးက တောင်ပေါ်မှာဆိုတော့ ကလေးပီပီ အရမ်းပျော်သွားတာပဲ။
မြေပြန့်ကလာတဲ့သူတွေအဖို့ တောင်ပေါ်တက်ရမှာကိုက အသစ်အဆန်းဖြစ်နေတာလေ။
          သမီးဘိုးဘိုးနဲ့ ဘွားဘွားကလည်း ဆေးရုံမှာ တာဝန်တွေနဲ့ဆိုတော့ ကျောင်းစအပ်တဲ့ တစ်ရက်ပဲ လိုက်ပို့နိုင်တာ။
    နောက်ရက်တွေမှာ မေမေတို့မောင်နှမ နှစ်ယောက်တည်း တောင်ပေါ်ကို တက်ရတယ်။ တောင်ခါးပန်းအလယ်က ပတ်ဖောက်ထားတဲ့ မြေလမ်းကျဉ်းလေးကနေ လျှောက်သွားပြီး နောက်တောင် တစ်တောင်ကိုကူးပြီးမှ ကျောင်းကလေးကိုရောက်တာ....”
        “  မြို့တွေမှာလို ကျောင်းသွားကျောင်းလာတွေ စည်ကားနေမယ်လို့လည်း မထင်လိုက်နဲ့ဦး။ တောမြို့လေးမို့ ကျောင်းသားဦးရေ နည်းလှတဲ့အပြင် တောဖြတ်လမ်းလေးတွေကလည်း များသမို့ အဲဒီလမ်းတစ်ကြောမှာ လူရှင်းလှတယ်ကွယ်။
          စစချင်း နှစ်ယောက်တည်းသွားတဲ့ ရက်မှာပဲ ဘယ်လိုမှ မမျှော်လင့်တဲ့ အတွေ့အကြုံသစ်တစ်ခု ရလိုက်တော့တာပေါ့.....”
       “  တောင်ပတ်လမ်းကျဉ်းလေးမှာ လျှောက်နေရင်းကနေ မြင်းခွာသံတွေ တဖြောင်းဖြောင်း ကြားရတော့တာပဲ။ မြို့ကလာတဲ့ သူတွေမှာ မြင်းခွာသံကို ရုပ်ရှင်ထဲမှာသာ ကြားဖူးတာ...။ ခပ်လှမ်းလှမ်းက ကြားရတော့ ရုတ်တရက် ဘာမှန်း နားမလည်ဘူး။
      မေမေ့အသက်ကလည်း ဆယ်နှစ်စွန်းရုံလေး ရှိသေးတာဆိုတော့...အန္တရာယ် တစ်ခုခုလို့ပဲ မရေမရာသိတာလေ။ ဘာလုပ်ရမှန်းမသိဘူး။
         ဒါနဲ့....ကိုယ်ကလည်း အစ်မကြီးပီပီ မောင်လေးကို ကာကွယ်ရမယ့် တာဝန်ကလည်းရှိတော့.....လာဟေ့...မောင်လေးရေ... တို့နှစ်ယောက် လမ်းဘေးတောင်စောင်းက ခြုံပုတ်လေးထဲ ဆင်းပုန်းကြမယ်ပေါ့....။
         အမယ်လေး....ကံကောင်းလို့ပေါ့ သမီးရယ်....။
         အောက်မဆင်းမိဘဲ လမ်းလယ်ကောင် ကြောင်တောင် ရပ်နေမိလို့ကတော့ တို့မောင်နှမ နှစ်ယောက် အကျိုးအကြေပဲ။
         ဆယ့်လေး ငါးကောင် မြင်းအုပ်ကြီးဟာ....ဘာလန့်ပြေးလာတယ် မသိဘူး။ ဖုန်ထောင်းထောင်း ထအောင် တောင်အောက်ကို ပြေးဆင်းချသွားတာ.....။ ထိန်းကျောင်းမယ့်သူလည်း တစ်ယောက်မှမပါဘူး။
         လမ်းဘေးဝပ်နေတဲ့ မေမေ့မှာ ကြက်သီးများတောင်   တဖြန်းဖြန်း ထရတယ်။ မောင်လေးကလည်း ဖက်ထားလိုက်တာမှ မေမေ့ကို ကျစ်ကျစ်ပါရောပဲ။ မြင်းအုပ်ကြီး တော်တော်ဝေးဝေး ရောက်တဲ့အထိ တို့မောင်နှစ်မမှာ ဒူးတွေတုန်ပြီး တော်တော်နဲ့ ထမရပ်နိုင်ကြဘူး။
          ကဲ....သမီးရဲ့ ကျောင်းနဲ့ အိမ်နဲ့က နှစ်လမ်းလောက် ကလေးတင်ဝေးတာ....။ အကြိုအပို့လည်း မိဘက နေ့တိုင်းလုပ်နေတော့ တစ်ခါတစ်လေ နောက်ကျတာကို ငိုမနေဘဲ....အတွေ့အကြုံသစ် တစ်ခုအဖြစ် သတ်္တိရှိရှိ ရင်ဆိုင်စမ်းပါ သမီးရဲ့။
         အတွေ့အကြုံသစ်တွေဟာ ဘ၀မှာ သင်ခန်းစာသစ်တွေအဖြစ် ခွန်အားတွေ သတ်္တိတွေ ရှိလာစေတယ်။ နောင်ကြီးလာတဲ့အခါ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ့် စဉ်းစားဆင်ခြင်နိုင်တဲ့ အသိဥာဏ်တွေ ဖြစ်လာတယ်။
          နောက်....ကြုံတိုင်း မေမေ ငယ်ငယ်တုန်းက အတွေ့အကြုံလေးတွေ ပြောပြမယ်။ သားနဲ့သမီးက နားထောင်မှတ်သားပြီး ဗဟုသုတလေးတွေ ယူကြပေါ့ကွယ်.....”
           မျက်ရည်စဲသွားတဲ့ သမီးလေးက ကျွန်မကို အထင်ကြီးတဲ့ မျက်ဝန်းလေးတွေနဲ့ အားတက်ပြုံးလေး ပြုံးပြီး ပြောရှာတယ်။
         “  မီးလည်း မေမေ့လို သတ်္တိရှိချင်လိုက်တာ....” တဲ့။
                                           xxxxxxxxxxxxx
          ခုတစ်လော သားက ရေကူးသင်ချင်တယ် ဆိုတာနဲ့ ကျောင်းပိတ်ရက်တိုင်း မောင်နှမနှစ်ယောက်ကို ရေကူးကန်လိုက်ပို့ရတဲ့ အလုပ်သစ်တစ်ခု ရလာတယ်။
          ကလေးနှစ်ယောက် ရေထဲ ဆင်းကြတဲ့အခါ ကျွန်မက ကန်ဘောင်ပေါ်ကနေ ဟိုလိုကူး ဒီလိုကူးနဲ့ ဆရာလုပ်နေတာပေါ့။
        “  မေမေက ရေကူးတတ်လို့လား...”.....လို့ သားကမေးတော့....
         “  အို...မေမေတို့ ငယ်ငယ်တုန်းက မေလိခမြစ်ထဲမှာ နေ့တိုင်း ရေကူးခဲ့ရတာ.....။
နွေရာသီလို ရေနည်းချိန်ဆို တစ်ဖက်ကမ်း ရောက်အောင်တောင် ကူးခဲ့တာပေါ့....”....လို့ ခပ်ကြွားကြွားလေး ပြောမိတယ်။
          ဒါနဲ့.....အိမ်ပြန်ရောက်တော့ “  ဟိုတုန်းက ရေကူးတဲ့အကြောင်းလေး ပြောပြပါ မေမေ...” .....ဆိုပြီး မောင်နှမ နှစ်ယောက် ၀ိုင်းလာကြတော့တာပဲ။
        “  ဧရာဝတီဆိုတာ ဟိုးမြောက်ဖျားမှာ မေခနဲ့မေလိခ မြစ်နှစ်သွယ် ပေါင်းဆုံပြီးမှ ဖြစ်လာတဲ့ မြစ်ကြီးဆိုတာ သားတို့ ပထ၀ီမှာ သင်ရပြီးပြီ။ မြေပုံထဲမှာလည်း မြင်ခဲ့ပြီးပြီ မဟုတ်လား။
         အဲဒီ မြစ်နှစ်သွယ်ထဲက မေလိခမြစ်လေးဟာ မေမေငယ်ငယ်တုန်းက ရောက်ခဲ့ရတဲ့ မချမ်းဘောမြို့လေး နံဘေးမှာ စီးဆင်းနေတာပေါ့။
တည်ငြိမ်အေးချမ်းပြီး ဒေါမာန်မရှိရှာတဲ့ မြစ်ကလေးပါကွယ်။
          နွေနဲ့ဆောင်းဆို မြစ်ရေဟာ ကြည်စိမ်းနေတာများ....ကျောက်ဆောင်ကြားက ငါးကလေးတွေ ကူးနေတာတောင် အတိုင်းသား မြင်နေရတာ....။ သိတ်ချစ်စရာကောင်းတဲ့ မြစ်ကလေးကွဲ့။
          မေမေတို့ မချမ်းဘောမြို့လေးကို ရောက်စက တစ်အိမ်လုံးမှာ သားတို့ ဘိုးဘိုးတစ်ယောက်ပဲ ရေကူးတတ်တယ်။ ရေမကူးတတ်ပေမယ့် မေမေတို့ ကလေးတွေကအစ ချိုးစရာ သုံးစရာဆိုလို့ ဒီမြစ်တစ်ခုပဲ ရှိတာလေ။ မချမ်းဘောမှာ အဲဒီတုန်းက ရေပေးဝေရေးစနစ် မရှိသေးဘူး။ လျှပ်စစ်မီးလည်း မရသေးဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်ကျော်ကဆိုတော့ သားတို့ပဲ တွက်ကြည့်ပေါ့။
           မြို့လို့သာခေါ်ရတာ....။ မြို့အင်္ဂါရပ်နဲ့ မပြည့်စုံရှာသေးပါဘူးကွယ်။ တကယ့်တောမြို့ သေးသေးလေး။
           ဒီတော့...လူအားလုံး ရေကို မြစ်ထဲဆင်းချိုးရတဲ့အပြင် အိမ်မှာသောက်ဖို့ သုံးဖို့လည်း မြစ်ထဲကပဲ ခပ်ရတယ်။
အ၀တ်လည်း မြစ်ထဲ ဆင်းလျှော်ရတယ်။ မြစ်ကလည်း ကမ်းပါးပေါ်ကနေ ချောက် ခပ်မတ်စောက်စောက်ထဲ တော်တော်ဆင်းပြီးမှ ရောက်တာ... ဆိုတော့ တောင်ကမ်းပါးယံကို လှေကား ထစ်ပြီး လမ်းဖောက်ထားတဲ့ မြစ်ဆိပ်က သိတ်များများ မရှိလှဘူး။
           မှတ်မှတ်ရရ...မေမေတို့ အိမ်ရှေ့တည့်တည့်မှာ ဆရာဝန်ဆိပ်ရယ်၊ ဆေးရုံကြီး ရှေ့မှာ ဆေးရုံကြီးဆိပ်ရယ်၊ ဂူဘားဧည့်ရိပ်သာရှေ့မှာ  ဂူဘားဆိပ်ရယ်....။ ဒါပဲ..၊ လှေကားထစ်ကလေးတွေ ရှိတယ်။ ကျန်တာကတော့ တောလမ်းက တိုးဆင်းရင် ဆင်းမှပဲ။
          ဒီလိုနဲ့...တစ်နေ့..အိမ်က အစ်မကြီးတစ်ယောက် အ၀တ်ဆင်းလျှော်တော့ မေမေတို့ မောင်နှမနှစ်ယောက်က မြစ်ထဲဆင်းလိုက်သွားတယ်။ အဲဒါ..ရောက်ကာစ တစ်ပတ်လောက်ပဲ ရှိဦးမယ်ထင်ပါရဲ့။ အဘိုးနဲ့အဘွားကတော့ ထုံးစံအတိုင်း ဆေးရုံမှာ ဂျူတီဝင်နေတာပေါ့ကွယ်။
           အစ်မကြီးက အ၀တ်လျှော်နေတုန်းမှာ မေမေတို့ မောင်နှမက ကမ်းနားသစ်ပင်မှာ ကြိုးချည်ထားတဲ့ လှေကလေးပေါ် တက်ဆော့တာပေါ့။ လှေက လှေဦးကို ကြိုးနဲ့ချည်ထားတော့ လှေအဖျားက ရေထဲရမ်းနေပြီး ကမ်းနဲ့ ကပ်လိုက်ခွာလိုက် ဖြစ်နေတာလေ။
            ကလေးတွေဆိုတော့ အန္တရာယ်ကို မသိတတ်သေးဘူး။ ကမ်းစပ်မှာ ရေတိမ်တာပဲ သိတယ်။
            အဲဒီတော့....မောင်လေးက လှေပေါ်ကနေ ရေထဲခုန်ချလိုက်၊ ကမ်းကို ကူးလိုက်...၊ လှေပေါ်ပြန်တက်လိုက်...၊ ခုန်ချလိုက်နဲ့ လုပ်နေတာပေါ့။ မေမေကတော့ လှေထဲမှာတွေ့တဲ့ လှော်တက်ကလေး ကိုင်ပြီး လှေလှော်ဟန်ဆောင်ပြီး ရေထဲ ဟိုခပ်ဒီခပ်လုပ်လိုက်...၊ လှော်တက်ကို စူးစမ်းလိုက်နဲ့ အလုပ်ရှုပ်နေတာပေါ့။
           တစ်ချီတော့....မေမေ့မောင်ကလေးဟာ ရေထဲကို ဗွမ်းကနဲထိုးချလိုက်ပြီး မကူးနိုင်တော့ဘဲ “ ဖလပ်...ဖလပ်” နဲ့ မြုပ်မလို ဖြစ်နေတာနဲ့ မေမေကလည်း..“ ဟိတ် မောင်လေး နစ်ဟန်ဆောင်မနေနဲ့။ ဒါမျိုးတွေ ရိုးနေပြီ...” ..လို့ အော်ပြီး ရယ်နေမိတာပေါ့။
          နောက်...ခဏနေတော့မှ သူ..စနေတာမဟုတ်မှန်း သိပြီး မေမေ အရမ်းလန့်သွားတယ်။ လှေကို သတိထားကြည့်လိုက်တော့.... လှေအဖျားဟာ ကမ်းနဲ့ခပ်ဝေးဝေးကို ဆော့ကစားရင်း ရောက်နေတာကို မေမေတို့ မောင်နှမက မသိလိုက်ပဲကိုး။
           ဒါဟာ...ရေနစ်နေတာလို့ အသိဝင်ဝင်ချင်း မေမေဟာ ကိုယ်ကိုယ်တိုင်လည်း ရေမကူးတတ်တာကို မေ့ပြီး လှေပေါ်ကနေ ၀ုန်းကနဲခုန်ချပြီး မောင်လေးကို လှမ်းဆွဲတော့တာပဲ။ ရေထဲမှာ မောင်နှစ်မ နှစ်ယောက်သား “ ဖလူး...ဖလူး” နဲ့ ကူးနေတာ...။
အ၀တ်လျှော်နေတဲ့ အစ်မကြီးကလည်း ပြူးကြောင်ကြောင်နဲ့ တောင်ကြည့် မြောက်ကြည့်ပေါ့။
           နေ့လည်ခင်းကြီးဆိုတော့....မြစ်ထဲမှာ လူကလည်း ရှင်းနေတယ်။ ရေချိုးဆင်းသူ ရှားတဲ့အချိန်လေ။  
အကူအညီတောင်းစရာ လူလည်းမရှိတော့ သူ့ခမျာလည်း ဟိုပြေး ဒီပြေး...ပူပန်ပေမယ့် သူလည်း ရေမကူးတတ်ရှာဘူး။    
           ဒါနဲ့....ရုန်းကန်ကူးခတ်နေရင်း ကံကောင်းထောက်မပြီး သေကံမရောက်သေးတော့ ချောက်ကမ်းပါး စပ်ကလေးကို မေမေက ခြေလေး လှမ်းတင်မိတယ်။ မောင်လေးကို အားရှိသမျှ အကုန် ရုန်းပြီးဆွဲတင်လိုက်တာ....။ နှစ်ယောက်စလုံးကမ်းပေါ်ကို ခြေထောက်မိသွားတော့... လူလည်း ခြေကုန်လက်ပမ်းကျပြီး ပျော့ခွေသွားတော့တာပဲ။
           နှစ်ယောက်သား ကမ်းနဖူးသဲစပ်မှာ ဟစိ...ဟစိနဲ့ အမောဖြေရတာမှ....အကြာကြီး.....။ ကြောက်လန့်ပြီး ဒူးတုန်နေလို့ ရေစပ်မှာ လှဲနေရတာ....အကြာကြီး.....။ နောက်နေ့ မြစ်ထဲမဆင်းရမှာ စိုးလို့ အစ်မကြီးနဲ့ သုံးယောက်သား လူကြီးတွေကို အသိမပေးဘဲ ဖုံးထားကြတာလည်း....အကြာကြီး....။ နောက် မေမေတို့ ရေကူးတတ်မှပဲ ဖွင့်ပြောဖြစ်တော့တယ်။
           မေမေပြောချင်တာက လူတွေမှာ တကယ် အရေးကြုံလာတဲ့အခါ ကိုယ်ကျိုးစွန့်တတ်တဲ့ စိတ်ဟာ အသွေးထဲ အသားထဲကမှ ထွက်လာတတ်တယ် ဆိုတာပါ။
           သွေးအေးအေးနဲ့ စဉ်းစားချိန်ရရင်....ရေမကူးတတ်တဲ့ မေမေဟာ မောင်လေးကို ဆင်းကယ်ပါ့မလား။
           စဉ်းစားချိန်မရတဲ့ တစ်ဒင်္ဂ ဆုံးဖြတ်ချက်မှာ မေမေဟာ ဆယ်ကျော်သက် ကလေးပေမယ့် ကိုယ့်မောင်လေးကို ကိုယ်တိုင်လည်း ရေမကူးတတ်ပဲနဲ့ ရေထဲဆင်းကယ်ခဲ့တယ်။ အဲဒါ....သွေးက စကားပြောတာပဲ ထင်ပါရဲ့။
          ကမ်းပေါ်က ကောင်မလေးဟာ အသက်အစိတ်လောက်ရှိပြီ။ အလုပ်ရှင်ရဲ့ ကလေးနှစ်ယောက် ရေနစ်နေတော့....အရမ်းစိတ်ပူ ရှာပေမယ့် သူ့အသက်စွန့်ပြီးတော့ဖြင့် ဆင်းမကယ်နိုင်ခဲ့ဘူး။ ဒါဟာလည်း လူသားတစ်ယောက်ရဲ့ သက်စောင့် အတ္တ အစစ်အမှန်ပဲလေ။
          သူတစ်ပါးအသက်က ကိုယ့်အသက်ထက် ပိုအရေးမကြီးဘူးလို့ ခံယူတဲ့ အစ်မကြီးကိုလည်း အတ္တဘောကြီးလို့ ပြောမရသလို....၊ မောင်ကလေးအတွက် ကိုယ့်အသက်တန်ဖိုးကို စဉ်းစားမနေအားတဲ့ မေမေ့ကိုလည်း မိုက်ရူးရဲလို့ ပြောမရပြန်ဘူး သားရဲ့။
          ဘာလို့လဲ ဆိုတော့....ဒီလို ဖြစ်ရပ်တွေဟာ ဒီလို လုပ်လိုက်မယ်လို့ ကြိုတွေးမထားဘဲ...၊ ရုတ်တရက် ဖြစ်သွားခဲ့တာမို့ နှလုံးသားက ရုတ်ချည်းတုန့်ပြန်တဲ့ အမှတ်မထင် တုန့်ပြန်မှုလေးတွေပေါ့ကွယ်....”
          “  ဘာပဲဖြစ်ဖြစ် မေမေရာ....။ သားကတော့ မေမေ့ကို လေးစားသွားပြီ...”
          ကျွန်မ ပြောပြတဲ့ ကျွန်မရဲ့ဇာတ်လမ်းထဲမှာ ကျွန်မက ဇာတ်လိုက်ဆိုတော့ သားနဲ့သမီးက ကျွန်မကို သူရဲကောင်းတစ်ယောက်လို ထင်သွားပါလေရော....။ ဒီလိုဆိုရင်.....ကျွန်မတို့ငယ်ငယ်က ကြီးတော်ကြီးပြောသမျှ အံ့သြဘနန်း ဖြစ်ခဲ့ရသလိုပဲပေါ့...။
             နောင်များဖြင့်....သားနဲ့သမီးဟာ အားအားရှိတိုင်း....
          “  မေမေ ငယ်ငယ်က အကြောင်းတွေ ပြောပြပါဦး...” ...လို့ ခဏခဏ စိတ်ဝင်တစား မေးကြတာကြောင့် ကျွန်မလည်း ကြုံခဲ့ဖူးသမျှ ပြန်ပြောပြရင်း ဗဟုသုတပေးရလွန်းလို့ မချမ်းဘောမြို့လေးကို သူတို့ ရောက်ဖူးခဲ့သလိုတောင် အလွတ်ရကုန်ကြပြီလေ။
           ဆောင်းနှင်းမှုန်တွေကြားက လှမ်းမြင်နေရတဲ့ ရေခဲတောင်ထိပ် ဖြူဖြူကြီးတွေရယ်.....၊
ချောက်ကမ်းပါးထိပ်က ရပ်ကြည့်ရင် တွေ့နိုင်တဲ့ မြစ်တစ်ဖက်ကမ်းက တောင်ယာတဲလေးတွေရယ်.....၊
ကျောင်းအသွားလမ်းမှာ ၀င်ခူးစားနေကျ ဂရိတ်ဖရုခြံကြီးရယ်.....၊
ကောက်သစ်စားပွဲမှာ စားခဲ့ရတဲ့ ထမင်းစေးစေးနဲ့ ဖက်ထုပ်ထဲက ကချင်ဟင်းမွှေးမွှေးလေးရယ်....၊
နောက်ပြီး....ဆောင်းတွင်းမှာ ကျင်စက်နဲ့ အတို့ခံရသလို အေးလှတဲ့ မေလိခမြစ်ရဲ့ ရေခဲရေတွေထဲ ခုန်ချပြီး တက်ပြေးခဲ့ရတာရယ်....။
           အားတဲ့အချိန်တိုင်း သားနဲ့သမီးကို ကျွန်မတို့ငယ်ငယ်က အကြောင်းတွေပြောပြရင်း ဗဟုသုတလည်းရ၊ အသိအမြင်တွေလည်း တိုးပွားအောင် မျှဝေချင်ပါသေးတယ်။ တစ်နေ့နေ့တော့ သားနဲ့သမီးကို မနောမြေက မချမ်းဘောမြို့လေးကို လိုက်ပို့ပေးနိုင်လေမလား။
   ကျွန်မရဲ့ ငယ်အိပ်မက်ထဲက နှင်းတွေဝေနေတဲ့ မြို့ကလေးဟာ....အရင်တုန်းကလိုပဲ ရေခဲမတတ် အေးချမ်းနေသေးရဲ့လား။
           အော်.....ဘယ်တော့များမှ ပြန်ရောက်နိုင်ပါ့မလဲ...။
           လွမ်းစရာ့....မေလိခမြစ် ကမ်းနံဘေးက မချမ်းမြေလေးရယ်....။
                                          xxxxxxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
March, 2012...The Ladies' News Journal

မပြည့်ကိန်းတစ်ခု၏ သီအိုရီ

စိတ်စေတနာရှိပါသော်လည်း သူတစ်ပါးလိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်း မပေးနိုင်သည့်အခါမျိုး လူတိုင်းမှာ အနည်းဆုံး တစ်ကြိမ်တော့ ကြုံဖူးလိမ့်မည်ထင်ပါသည်။    ထိုသို့သောအခါ သူတို့ ဘယ်လိုခံစားရသနည်း။ နာကျင်မည်လော။ ဝမ်းနည်းမည်လော။ ကြေကွဲမည်လော။   အကူအညီလိုသူအတွက် စိတ်မကောင်းဖြစ်ရမည်လော။ မကူညီနိုင်သည့် ကိုယ့်အခြေအနေအတွက် စိတ်ထိခိုက်ရမည်လော။
xxxxxx
          ဒီနေ့မှ စီးနေကျစက်ဘီးလေးက နင်းရတာပိုလေးသလို တရွေ့ရွေ့လိမ့်နေ၏။ အတွေးအမျှင်တန်းနေသည့် ဦးနှောက်ပိုင်ရှင်ကို ထမ်းပိုးထားရလို့ပဲ လေးနေတာလား။ ဘီးကပဲ လေလျော့နေလို့ နင်းသလောက်မရွေ့တာလား။
 ရွေ့သလောက်ကတော့ ပိန်ခြောက်ခြောက်နှင့် တစ်စုံတစ်ရာကို အမြဲတမ်းအတွေးနက်နေတတ်သည့် မျက်မှောင်ကျုံ့လူသားတစ်ယောက်က စက်ဘီးကို ဝတ္တရားကျေနင်းနေခြင်းဖြစ်၏။ တူရှူလမ်းတည့်တည့်ကို ပေစောင်းစောင်းသာကြည့်တတ်ပုံနှင့် ကြည့်သာ ကြည့်သော်လည်း မြင်ပုံမရပါ။
         ကြည့်မိသမျှလောကကြီးမှ မြင်သမျှ၊ကြားသမျှ၊ ဖြစ်ပျက်ကြုံဆုံရသမျှကို ရင်ပတ်ကြီးထဲမချိမဆန့် ထည့်သွင်းသယ်ဆောင်ထားရင်း၊ မမြိုသိပ်နိုင်သည့်တစ်ချိန်မှာ ပွင့်အန်ထွက်ကျတတ်သော စာရေးဆရာ၊ ကဗျာဆရာပီပီ လူနှင့်စိတ်က ဘယ်တော့မှမကပ်။ သူနင်းလာသည့် စက်ဘီးလေးကတောင် သခင့်ပုံစံအတိုင်း စွေစောင်းစောင်း...။  လောလောဆယ် သူ့အတွေးထဲမှာ ကဗျာတစ်ပုဒ် ပုန်းခိုမှီတွယ်နေသည်တော့ မဟုတ်ပါ။ ရင်ထဲထိ နက်ရှိုင်းစွာစိမ့်ဝင်နေသည့် မပြည့်ဝမှုတစ်ခုကို ခေါင်းစဉ်ဘယ်လိုတပ်ရမည်မှန်းမသိ၍ စဉ်းစားနေခြင်းဖြစ်၏။
          ' စားရေးသောက်ရေးအတွက်ဆို ငါဘယ်လောက်ငတ်ငတ် မင်းကိုဒုက္ခမပေးပါဘူး။ ခုဟာက ငါ့သမီးလေးအတွက် ကျောင်းအပ်ဖို့   ငွေတစ်ထောင်လိုနေလို့ပါ။ ကျောင်းဖွင့်တာလည်း တစ်ပတ်ကျော်သွားပြီဆိုတော့ သမီးလေးက တငိုငိုတရယ်ရယ်နဲ့    ပူဆာနေပြီကွာ။ ဘယ်ကမှရှာမရတာနဲ့ မင်းကိုသတိရပြီး...'
          အကူအညီတောင်းသူက မောဟိုက်နေသလို သူကိုယ်တိုင်ကလည်းမောနေပါသည်။ စားပွဲပေါ်တင်ထားသည့် ငံပြာရည်ပုလင်းလေး နှစ်လုံးက မဲကြုတ်ကြုတ်နှင့်မျက်နှာလေးငယ်နေရှာ၏။ သူ အိပ်ကပ်ထဲလက်နှိုက်စမ်းလိုက်တော့ ငါးရာတန်တစ်ရွက်က မဲ့မဲ့ရွဲ့ရွဲ့ပါလာသည်။
          ' ကဲ ရော့ ငါ့မှာလည်း ငါးရာပဲပါတာ မင်းမြင်တဲ့အတိုင်းပဲ။ ဒါတောင် လက်ဖက်ရည်သောက်ဖို့ ထည့်လာတာ။ '
          ' ငါလိုတာ တစ်ထောင်ထဲပါ။ မင်းဆိုင်က...'
          ' တော်..တော် ဟေ့ကောင်။ အဲဒါ ငါ့ဆိုင်မဟုတ်ဘူးကွ။ ငါ့မိန်းမဆိုင်။ ငါ သူ့ဆိုင်ထဲကနေတော့ နှိုက်မပေးချင်ဘူးကွာ။  သူလည်း ဈေးရောင်းမကောင်းလို့ ညည်းနေတာ။ သားကလည်း ဒီနှစ်ဆယ်တန်းဆိုတော့ စရိတ်တော်တော်ထောင်းသတဲ့..'
          ပြောနေရင်းမှ ကိုယ့်အခြေအနေ၏ တစ်ဝက်လောက်တောင် အဆင်မပြေရှာသည့် လူရှေ့မှာ သူ့ညည်းချင်းတွေကို ဖြေမချချင်။ ဒီကောင့်အပြောတွေကို အလုံးစုံယုံကြည်ဖို့ကလည်း ထွက်နေသည့်အနံ့က တသင်းသင်း။ ဒီလိုလူတစ်ယောက်ဟာ ရေချိန်ကိုက်ဖို့ဆို ကိုယ့်သမီးကို ဇာတ်နာအောင်ချခင်းဖို့လည်း ဝန်လေးမည်မထင်။
          ' ဒီလိုလုပ်ကွာ။ မင်းလိုတဲ့ဟာ ငါတစ်ဝက်ပေးပြီးပြီပဲ။ ကျန်တဲ့တစ်ဝက်ကိုတော့ မင်းဘာသာရှာတော့လေ။ ငါ့အတွက်ယူလာတဲ့ ငံပြာရည်လက်ဆောင်ကို မင်းပြန်ယူသွား။ ဈေးထိပ်မှာ သွားရောင်းလိုက်ရင် လိုတဲ့ငါးရာတော့ရမှာပဲ။ အချိန်ရှိတုန်း  သွားရောင်းချည် သွား...'
          ပေကပ်ကပ်ဖြင့် မထချင်ထချင်ထွက်သွားသည့်လူနှင့် မရှေးမနှောင်းမှာပဲ သူလည်းလက်ဖက်ရည်ဆိုင်ကနေ ပြန်လာခဲ့ရသည်။ ဒီနေ့တော့ မနက်စာငတ်ပြီ။ တွေ့နေကျ မိတ်ဆွေတွေနှင့်လည်း ငြင်းခုန်ဆွေးနွေးစရာ အားမရှိတော့။
          အမှန်ဆိုလျှင် လက်ဖက်ရည်ဆိုင်မှာ အကြွေးမှတ်စားရင်လည်း မရတာမဟုတ်။ မိန်းမပိုက်ဆံပုံးထဲက ပြန်နှိုက်ယူလိုက်ရင်လည်း ဖြစ်သည်။ သို့ပေမယ့် သူ ဒီလောက်တော့ မာနရှိသင့်သလားလို့ ထင်သည်လေ။ မာနမဟုတ်ရင်တောင် သိတတ်မှုပေါ့။ိတတ်မှုဆိုလျှင်တော့ အဓိပ္ပါယ်အနည်းငယ် ဆန့်ထွက်ကျယ်ဝန်းသွားလေမလား။ ဘယ်သူ့အပေါ်သိတတ်မှုလဲ။ မိသားစု အပေါ်လား။ မိန်းမအပေါ်လား။ သူ၏ယုံကြည်ရာ ကဗျာဆရာ သိက္ခာအတွက်လား။
          မိသားစုအပေါ်ဆိုရင်တော့ အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့် သူ မျက်နှာပူနွေးစွာ..။ မိန်းမနှင့်ဆိုပြန်လျှင် မိန်းမ၏သူ့အပေါ် သိတတ်နားလည်မှုက ပိုနေပြန်သည်။ စာရေးဆရာ၊ ကဗျာဆရာတစ်ယောက် အနေနှင့်ကတော့ သူသည် ထာဝစဉ်လိပ်ပြာလုံစွာ ရှိနေမည်သာ။
          အိမ်ကထမင်းအိုးအတွက် သူစာမရေးပါ။ မိသားစုအရေးအခင်းအတွက် သူကဗျာမစပ်ပါ။ နှလုံးသား၏စေစားမှုဖြင့်သာ သူ့အနုပညာ စီးဆင်းချင်သည်။ ဒါကြောင့်လည်း အိမ်အတွက်ထမင်းအိုးကို မိန်းမက အသုပ်စုံဆိုင်လေးဖြင့် တည်ခဲ့ခြင်းဖြစ်၏။   ခုတလော အရောင်းအဝယ်ကမကောင်းသည်မို့ အသုပ်စုံဆိုင်လေးကလည်း လှုပ်တုတ်တုတ်။ မိသားစုအရေးအခင်းများကိုတော့ သူ လူအားဖြင့် ဖြည့်ဆည်းနိုင်သော်လည်း ငွေအားကတော့ မပါဝင်နိုင်ခဲ့။ မိန်းမကလည်း သူသာ စာရေးစားပွဲထိုင်နေလို့ကတော့ ကိစ္စအားလုံးကို အသံတိတ်သူမဘာသာဖြေရှင်းတတ်သူ။ သူ့လုပ်အားဖြင့်ရမည့်ငွေထက် သူ့ဝတ္တု၊ ကဗျာပါသည့် မဂ္ဂဇင်းတစ်အုပ်ကို ပိုမြတ်နိုးတန်ဖိုးထားသူ။ အကယ်၍ မိန်းမကသာ အိမ်စရိတ်တွေအတွက် တပွစိစိနှင့် သူ့အပေါ်ဖိဆီးစေပါက သူလည်း နှလုံးသွေးဖောက်ကာ စာတွေအလျင်မပြတ် ရေးနေရမည်လားမပြောတတ်။
         တစ်လောက ငွေထုတ်ပိုက်ထုတ်ဝေသူတစ်ယောက် လာကမ်းလှမ်းသော ရှဲဒိုးလုံးချင်းတွေကို သူငြင်းပယ်လိုက်တုန်းကလည်း သူ့မိန်းမမှပြစ်တင်ဝေဖန်သံ တစ်လုံးတစ်ပါဒမှထွက်မလာပါ။ သူမလည်း လောကီသူမိန်းမသားပေပ။ သို့ပေမယ့် နှလုံးရည်ပြည့်ဝရှာပါသည်။                     
          ဒီလိုမိန်းမကိုမှ အလိုက်မသိရင်လည်း သူ့ပြင်ငမိုက်သား ရှိတော့မည်မဟုတ်။ မိန်းမက သူ ယုံကြည်ရာစာကိုမှ ရေးလိုခြင်းကို မငြိုငြင်သည့်အပြင် အိမ်စရိတ်ကိုလည်း သူမဘာသာရှာဖြည့်သည်မို့ သူကလည်း သူ့ကိုယ်ပိုင်ကိစ္စများအတွက် သူ့မိန်းမဈေးရောင်းသည့် ပိုက်ဆံပုံးထဲက ဘယ်တော့မှမနှိုက်။ နှိုက်ရအောင်ကလည်း သူမပိုက်ဆံပုံးလေးက ထမင်းအိုးတစ်လုံးတောင် အနိုင်နိုင်မဟုတ်လား။
         သူရသည့်စာမူခလေးများကလည်း သူဖတ်ချင်သည့် စာအုပ်ကလေးတွေ ဝယ်ရတာနှင့်ပင် ကုန်တာများ၏။ ဝယ်စရာပိုက်ဆံမရှိလျှင် ငှားဖတ်ရသည်။ မိတ်ဆွေသူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်ချင်လျှင် မနက်စာအတွက် သူ့ခွဲတမ်းကို နှစ်ရာထက်ပိုမသုံး။လက်ဖက်ရည်တစ်ခွက်၊ ဆေးပေါ့လိပ်နှင့် ဝါသနာတူတွေ ဆွေးနွေးငြင်းခုန်နေကျစကားဝိုင်းက သူ့အတွက်ပြည့်စုံသော မနက်စာ။
         ဒီနေ့ မနက်စာအငတ်ခံပြီး သူတစ်ပါးကို ဖြည့်ဆည်းလိုက်သော်လည်း ပြည့်စုံမှုကို သူမခံစားရ။ တစ်ဝက်သာပေးလိုက်နိုင်၍ တစ်နေကုန် တနင်နင်ဖြစ်နေရသည်။
         ဒီကောင်ကလည်း ကံမကောင်းတာပါ။ သူလိုကောင်နှင့်မှ ကံလာဆုံရသည်။ ဒီကောင့်ကို သူ့မိဘတွေခေါ်မွေးတုန်းကတော့ သူတို့မိသားစုအခြေအနေက သိတ်မဆိုးခဲ့။ အဖေက ရာထူးအလယ်အလတ် ဝန်ထမ်းဆိုပေမယ့် ပြည့်ပြည့်စုံစုံ နေနိုင်ကြသေးသည်။
         ဒီကောင့်ကို မြို့ငယ်လေးတစ်မြို့မှာ အဖေ့တပည့်တစ်ယောက်က မိဘမဲ့သူ့တူလေးကို စောင့်ရှောက်ပေးဖို့ အကူအညီတောင်း၍ အဖေက ခေါ်မွေးခဲ့ခြင်းဖြစ်၏။ စရောက်ကတည်းက ဥာဏ်ရည်မမီသလို အူတိအူကြောင်။ စာပေမတတ်တော့ စရိုက်ကြမ်းတွေကို သွန်သင်ပြုပြင်ရတာ မလွယ်။ လက်တိုလက်တောင်းခိုင်းရတာနှင့် ပြောဆိုဆုံးမလို့မောရတာက မကာမိ။ အပျင်းကလည်း ကြီးသေး။
        သူနှင့်က အရွယ်ချင်းမတိမ်းမယိမ်းမို့ ဒီကောင့်အကျင့်ဆိုးတွေ သားကိုကူးမှာစိုးသောအမေက ပြန်ပို့မယ်ချည်းတကဲကဲ။ သို့ပေမယ့် တစ်မြို့ပြီးတစ်မြို့ပြောင်းရင်း ဒီကောင့်ဦးလေးကလည်း သေသွားပြီလိုလို သတင်းကြားရသည်။
        ဦးနှောက်သာမပြည့်သလိုရှိတာ။ လူပျိုပေါက်အရွယ်မှာပဲ မိန်းမခိုးပြေးပါလေ၏။ သူ့မိဘတွေက အရင်းအနှီးအနည်းငယ် ပေးလိုက် သော်လည်း ဒီကောင်ကလက်လာဖြန့်လိုက်၊ ဒီကောင့်မိန်းမကလက်လာဖြန့်လိုက်နှင့် သူ့မိဘတွေအသက်ရှင်သရွေ့မှာ ဒီကောင့်ဒုက္ခက မငြိမ်းခဲ့ပါ။ တောင်းတိုင်းမပေးနိုင်ပြန်လျှင်လည်း ခေါ်တုန်းကတော့ခေါ်လာပြီး ပစ်ထားရက်သည်ဟု ရန်လုပ်တာကို ခံရသေးသတဲ့။   
         ခုတော့လည်း အဖေနှင့်အမေ မရှိရှာတော့။ ဒီကောင်က မွေးစာရင်းချဲ့ကာ သူ့အပေါ်မှာပင် တာဝန်ပုံချင်ပြန်ပြီထင်၏။ သူကတော့ မိဘတွေ၏တစ်ဝက်ပင် မကူညီမစောင့်ရှောက်နိုင်သည်မို့ စိတ်ကတော့မကောင်းပါ။ ဒီကောင်ရေချိန်ကိုက်ဖို့ သမီးကိုဘမ်းပြသည်ဟု ထင်ရသော်လည်း တကယ်အမှန် သမီးလေးကျောင်းတက်ဖို့ဖြစ်နေပါက..။
        သူ့ရင်ထဲမှာတွေးမိတိုင်း စိတ်မကောင်း။ သူ့ကိုယ်ပိုင်ငွေလေးရွှင်ရင်တော့ ဒီကောင့်ကိုသွားပေးလိုက်ဦးမလားလို့ စဉ်းစားထားသည်။ သို့ပေမယ့် စာကလေးရေးပါမှ ကိုယ်ပိုင်အသုံးစရိတ်လေးရမည်မို့ ရင်ထဲတိုးဝှေ့လှုပ်ခတ်နေသော ဒီကောင့်အကြောင်းကိုပင် ဝတ္တုတစ်ပုဒ်ရေးရပေဦးမည်။ ကြုံလာသည့်အခြေအနေတစ်ခုဆိုပေမယ့် နှလုံးသားကစေစားမှသာ အနုပညာစီးဆင်းချင်သူမဟုတ်လား။
xxxxxx
         တကယ်တမ်းတွင် ကြုံလာသည့် အခြေအနေတစ်ခုကို အသုံးချတတ်သည့်နေရာမှာ ဥာဏ်ရည်မပြည့်မီဟု သူတို့ကထင်ထားသော မွေးစားသားက သူ့ထက်သာသည်လား မပြောတတ်။ ထိုနေ့က လက်ဖက်ရည်ဆိုင်တွင် မနက်စာလက်ဖက်ရည်နှင့် ငြင်းခုန်ဆွေးနွေးမှုများကို သူတို့အဖွဲ့ မြိန်ရေရှက်ရေ စားသုံးနေခိုက်ဖြစ်၏။ ဆိုင်ကယ်တစ်စီးက သူတို့ထိုင်နေကျ ဆိုင်ရှေ့မှာရပ်လိုက်တော့လည်း သူက သာမန်ကာလျှံကာပင် ငြင်းခုန်မပျက် စကားကောင်းနေတုန်း။ ဆိုင်ကယ်ပေါ်မှဆင်းလာသူက သူတို့ဝိုင်းမှာ ဝင်ထိုင်လိုက်ကာမှ သူ့မှာ တအံ့တသြဖြစ်ရတော့သည်။
         ' ဟာ ဟေ့ကောင်။ မတွေ့တာတောင် အတော်ကြာပြီ။ မင်း အဆင်ပြေနေတယ်လား...'
         ' အေး မင်းနဲ့တွေ့ပြီးတဲ့မနက်မှာပဲ ငါ ဈေးကိုငံပြာရည်နှစ်ပုလင်း သွားရောင်းရင်း ဖောက်သည်တစ်ခါတည်းရလာတာလေ။ အရင်က ငံပြာရည်ချက်တဲ့အလုပ်မှာ လုပ်တုန်းကရလာတဲ့နည်းနဲ့ ငါ့ကိုယ်ပိုင်တံဆိပ်တပ်ပြီး ငံပြာရည်ကျိုရောင်းခဲ့တာပဲ။  ခုတော့ တော်တော် အဆင်ပြေနေပြီကွ။ အဲဒီတုန်းက မင်းသာအပြည့်ပေးခဲ့ရင်....  ဒါပေမယ့် လောကမှာ အပြည့်မရတိုင်း စိတ်ပျက်စရာတော့မရှိဘူးကွ။ တစ်ခါတစ်ရံ တစ်ဝက်လောက်အခံရှိတာက  အပြည့်ထက်တောင် လျှံသွားအောင်လုပ်ဖို့ အခွင့်အလမ်းပိုသာတယ်။ ဥပမာ ငါ့ကိုကြည့်ပေါ့ကွာ။ ရေတစ်ဝက်   ငပိကျရည်တစ်ဝက်ရောချက်ပြီး ငါ့ငံပြာရည်တွေ ရောင်းကောင်းနေတာပဲ ဟဲဟဲဟဲ...'
         စာမဖတ်ပေမတတ် မပြည့်မဝကောင်က စာရေးဆရာရှေ့မှာ လက်တွေ့ဆန်ဆန် ဒဿနတွေလာထုတ်နေသည်က သူ့အတွက် ခံပြင်းစရာကောင်းလှသည်။ ဒီကောင့်အပြောအရသာဆို နှလုံးရည်ပြည့်ဝသည့် သူ့မိန်းမကိုပင် လောဘဇောတွေ တက်ခိုင်းကာ အပြည့်အဝစီးဆင်းချင်သည့် သူ့အနုပညာကိုလည်း အရောအနှောတစ်ဝက်လုပ်ရမည့်ပုံ။
         စာသမားတွေ၏စကားဝိုင်းကလည်း ဒီကောင့်ဒဿနတွေအောက်မှာ ခြောက်သွေ့သွားရပြီ။
         ' ကဲ ငါသွားလိုက်ဦးမယ်။ ဈေးထဲမှာ အကြွေးတွေလာသိမ်းရင်း မင်းကိုသတိရလို့ဝင်လာတာ။ မင်းတို့ဝိုင်းဖိုး ငါရှင်းသွားပြီဟေ့..'
         ' ဟေ့ကောင် မရှင်းနဲ့..'
        ဖျဉ်းကနဲဖြစ်သွားသောစိတ်ကြောင့် ကောင်တာမှဆိုင်ရှင်ကို လက်ကာပြီး မယူဖို့လှမ်းတားလိုက်သည်။ သို့ပေမယ့် ဆိုင်ရှင်က ကောင်တာခုံပေါ်တင်လာသော ကျသင့်ငွေကို လက်လှမ်းနေလေပြီ။ သူကသာ အကြွေးမထားသော်လည်း သူ့ဘော်ဒါတစ်ချို့က စာရင်းမှတ်စားသူနှင့် ကြုံမှပေးသူနှင့်..။ တစ်ခါတည်း အပြေအကျေရှင်းသောငွေကို ဆိုင်ရှင်က လက်လှမ်းနေသည်မှာ မဆန်း။
         ' ဟားဟားဟား..ရှင်းပြီးပါပြီကွ။ တစ်ဝက်မဟုတ်ဘူးနော် ဟေ့ကောင်။ အပြည့်...အပြည့်...'
         လှစ်ကနဲ ပေါ့ပါးသွက်လက်စွာ ထွက်ခွာသွားသော ဆိုင်ကယ်နောက်မှာတော့ မီးခိုးနှင့်ဖုန်များ လုံးကနဲထကျန်ခဲ့လေသည်။
  xxxxxx
         အိမ်အပြန်လမ်းတစ်လျှောက် သူနင်းနေကျစက်ဘီးလေးက လေးလံလွန်းလှသည်။  အားစိုက်နင်းနေပေမယ့် ရှေ့ကိုရွေ့မှရွေ့သေးရဲ့လား သူမသိ။  အခါများစွာကလိုပဲ...၊ သူ့စက်ဘီးလေးက လေလျော့နေပြန်ပြီလား...။
    xxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
January, 2011.... 
အလင်္ကာဝတ်ရည် မဂ္ဂဇင်း