ကမ်းမဲ့ ပင်လယ်

       ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်တစ်ခုမှာ ခရီးထွက်ဖူးကြရဲ့လား....။ အဆုံးအစရှာမတွေ့တဲ့ ပင်လယ်ပြင်ကို မျှော်ငေးကြည့်ရင်း အားငယ်သွေးပျက်ခဲ့ဖူးပါသလား....။ အပျော်ခရီးရဲ့ နေရာင်ခြည်အောက် က သာယာညှင်းနွဲ့တဲ့ ပင်လယ်အတွေ့အကြုံ ကို ပြောတာမဟုတ် ဘူးလေ...။
        မုန်တိုင်းထန်တဲ့ အနက်ဆုံး အမှောင်ညတစ်ခုမှာ ပင်လယ်ပြင်ထဲသင်္ဘောပျက်လို့ စီးမျောနေရတဲ့ တွယ်ရာမဲ့ဘဝမျိုး....။ ဘာကိုမှ မျှော်လင့်ဖို့ မဝင့်ရဲတဲ့ ဘဝမျိုး....။
..........................
     နှလုံးသားကို တံစို့ချွန်ချွန်နဲ့ ထုတ်ချင်းပေါက်ထိုးပြီးမီးပြင်းပြင်းမှာ အကင်ခံရသလို နာကျဉ်ပူမြိုက်စွာ ခံစားနေရ၏။ အပူလှိုင်း တရိပ်ရိပ်တက်လာသလို ခန္ဓာကိုယ်ရှိ အစိတ်အပိုင်း အားလုံးသည်လည်း ပူလောင် လာသည်။ ရှိုက်သွင်းလိုက်သောလေသည်ပင် လေပြွန်တစ်လျှောက်မှ အဆုတ်အတွင်းသို့ ပူခြောက်ဆို့နင်စွာ
ဖြတ်ဝင်သွားသည်ဟု ထင်ယောင်ခံစားနေရသည်။
         အသက်ရှူရတာလည်း ဘယ်လိုမှ မဝဘူးကွယ်။ လေကိုတောင်အပြည့်အဝရှိုက်ငင်ဖို့ အားတွေ မရှိတော့ဘူးတဲ့လား။ ပါးစပ်ဖွင့်၍ ရှိုက်ငင်နေသော်လည်း ရင်ထဲမှာ စူးအောင့် သွားတာပဲရှိသည်။ လေကဖြောင့်ဖြောင့်တန်းတန်း မဝင်နိုင်။ တစ်စုံတစ်ခုက လည်ချောင်းဝမှ ပိတ်ကာထားသလို အာခေါင်ထဲတွင် ခြောက်သွေ့ကာ နာကျင်အက်ကွဲ လာသည်။ ရေတစ်ခွက်လောက် သောက်ရလျှင် ကောင်းမည်ဟု တောင့်တမိသော်လည်းခြေအစုံကို လှုပ်ရွေ့ ရန်ပင် စိတ်မပါတော့။ စိတ်ဓါတ်များ ပျက်ပြားကုန်ပြီ။ ခြေအစုံမှပင် မဟုတ်။ မောင့် နံဘေးမှ ပြေးထွက် လာခဲ့ပြီး သည်နေရာမှာ အသိမှတ်မဲ့ လာရပ်မိကတည်းက မြက်ခင်းစိမ်းပေါ်သို့ စူးစိုက်နေမိသော မျက်လုံး
အကြည့်ကိုတောင် လှုပ်ရွေ့ချင်စိတ် မရှိ။ လွှဲဖယ်ချင်စိတ် မရှိ။
         မြက်ခင်းများသည် ဟိုတချိန်ကလိုပင် မပြောင်းမလဲ စိမ်းစိုညီညာလျက်ရှိသည်။
“ မြက်ခင်းပေါ် မနင်းရ ” ဟူသော မောင့်လက်ရေးနှင့် အပြာရောင်ဆိုင်းဘုတ်ငယ်သည် လည်း မြက်ခင်း အလယ်တွင် တည်ငြိမ်စွာမတ်မတ်ရပ်နေဆဲ.....။ သည်မြက်ခင်းစိမ်းများပေါ်မှ အကြည့်များမခွာရက်နိုင်ခြင်း မှာ အကြောင်းနှစ်ခု ရှိနေသည်။
         မျှော်လင့်ချက် ပြိုလဲကာ အနာဂါတ်ပျောက်နေသူ တစ်ယောက်အဖို့ ဘာတစ်ခုမှ မရွေ့လျား ချင်တော့အောင် စိတ်ကုန်ခမ်း တုန်လှုပ်နေသည်က တစ်ကြောင်း....၊ နောက်ပြီး..ဒီမြက်ခင်းစိမ်းလေးတွေ ခုလို ကော်ဇောစိမ်းတစ်ချပ် ခင်းထားသလို ညီညာလှပ ပြန့်ပြူးနေနိုင်ဖို့ မောင်ကိုယ်တိုင် တယုတယပြုစု ပျိုးထောင်ထားခဲ့လို့...။
         ပူလောင်နေသော နှလုံးသားသည် ရုတ်တရက် လှပ်ကနဲ အေးခဲမြောက်တက်ကာ လည်ချောင်းဝတွင် ဆို့နင်သွားသည်။ အမြင်အာရုံမှ မြက်ခင်းစိမ်းများ ဝါးသထက်ပိုဝါးကာ ဝေသီလာ၏။ စိတ်ဝိညာဉ်သည် မှီတွယ်ရာမဲ့ မျောလွင့် လျက်ရှိသည်။
 အလှမွေးမြက်ပင်များကိုတယုတယ ပြုစုစိုက်ပျိုးနေခဲ့သော မောင့်သဏ္ဍာန်များ၊ မြေကြီးများ ပေကျံနေသော လက်ဖြင့် ကျွန်မကို လိုက်ဖက်၍ခြံကျဉ်းကျဉ်းလေးထဲ လှည့်ပတ်ပြေးခဲ့ရသော ပုံရိပ်များ၊ ဆောင်းနံနက် ခင်းတွေမှာ နှင်းစက်လေးများ ကပိုကယို ဝေ့တွဲ၍ မှုန်ရီစိုလက်နေသော မြက်ခင်းအလှအတွက် ကြည်နူးပျော်ရွှင်စွာ ကျွန်မအား ကြွားဝါပြသနေသော မောင့်ရယ်မောသံများ၊ မနက်စောစောနှင့် ညနေချိန်တိုင်း ရေပိုက်တချောင်းကိုင်ကာ မြက်ခင်းနှင့် ပန်းရုံများပေါ် ရေဖြန်းနေတတ်သော မောင့်လှုပ်ရှားမှု များ......။
         မောင်မို့ အပင်များအတွက် အလုပ်ရှုပ်နေပြီဆို ကျွန်မ နှုတ်ခမ်းစူမိမြဲ....။
         “ ဒီမယ်မောင်..ဒီအပင်တွေနဲ့ ကျွန်မ..၊ ဘယ်ဟာကို မောင်ပိုချစ်နေတာလဲ ဆိုတာ ရဲရဲဝံ့ဝံ့ ဝန်ခံလိုက်စမ်းပါ..”
   ကျွန်မက မောင့်အချော့ကိုခံချင်၍ မောင့်အပေါ်စိတ်ကောက်ဆိုးနွဲ့စရာ အကြောင်းမရှိတိုင်း မောင်စိုက်ပျိုး ယုယနေသော အပင်များကိုသာ ရမယ်ရှာ၍မူနွဲ့နေခဲ့မိသည်။
   ဒါကို မောင်ကလည်း ကောင်းကောင်းသိသည်။ ကျွန်မကစိတ်ဆိုးချင်ဟန်ဆောင်ကာ သူ့အပင်များကိုသာ
ခလုတ်တိုက် ရန်လုပ်တိုင်း ရယ်ကျဲကျဲနှင့်.....
          “ ချစ် မကြိုက်ရင် ခြံထဲကအပင်တွေအားလုံး မောင်နှုတ်ပစ်လိုက်မယ်လေ...”
ကျွန်မ ဟန်ဆောင်မှန်းသိရက်နှင့် သူကလဲ မသိဟန်ပြုကာ ခပ်ပိုပိုချော့တတ်ပြန်သည်။ ပြီးတော့မှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မောမိတတ်မြဲ....။ အမှန်က ကျွန်မလည်း ပန်းပင်လေးတွေကို ချစ်သည်။
မောင်စိုက်ထားသော ပန်းပင်လေးတွေမို့ ပိုလို့ပင် ချစ်သည်။      သို့ပေမယ့် မောင် မြက်ခင်းအလှမွေးမယ် ဆိုတော့ ကျွန်မ နည်းနည်းကန့်ကွက်မိခဲ့သေးသည်။
            “ဟာ...မောင်ကလဲ ခြံကကျဉ်းရတဲ့အထဲ ဒီမြက်ခင်းကဘာလုပ်ရမှာမို့လဲ၊ ပန်းပင်ပဲစိုက်ကွာ။”
    “ချစ် နားမလည်ပါဘူးကွယ်...။ ခြံကမကျယ်ပေမယ့် သိပ်မကျဉ်းလှပါဘူး..။ ဟိုဖက်မှာလဲ ပန်းပင်တွေရှိနေတာပဲ..။     မြက်ခင်းလေးက ဘယ်လောက် စိတ်ကြည်နူးစရာကောင်းပြီး ပနံရတယ်ဆိုတာ ချစ်နောက်မှ ကြိုက်မနေနဲ့...။”
            “ မောင် ဘာတွေစိတ်ကြီးဝင်နေတာလဲ...၊ ဒီလို မြက်ခင်းအလှမွေးတယ်ဆိုတာ ခြံကျယ်ကျယ် တိုက်လှလှနဲ့ သူဋ္ဌေးအိမ်တွေမှာမှ မွေးရတာရှင့်...။ မောင့်ကိုမောင် ခြံကြီးရှင် သူဋ္ဌေးမင်းများ အောက်မေ့နေ လားဟင်။”
         ကျွန်မက မျက်လုံးကိုပြူး နှုတ်ခမ်းကို မဲ့ကာ ဟန်မူယာအပြည့်နှင့် ပြောလိုက်တော့ မောင်သည် ကျွန်မခေါင်းကို သူ့လက်ဖဝါးကြီးနှင့်ဖိကာ ဆံပင်များကို ဆွဲဖွ ရယ်မောနေတော့သည်။ မောင်က သူ့စိတ်ထဲမှာ မချင့်မရဲနှင့် ချစ်စရာကောင်းလာတိုင်း ခုလို ပြုမူတတ်၏။ ဒီအပြုအမူကိုတော့ ကျွန်မက အချစ်ဆုံးပဲ..။ မောင့်ကို ကန့်ကွက်နေမိသော အတွေးသည်ပင် ချက်ချင်းပြေလျော့သွားကာ မောင်နှင့်အတူ တွန်းထိုးရယ်မော နေမိတော့သည်။ ဒီလို ဆံပင်ဖွပစ်တာမျိုးကိုတော့ ဘယ်တော့မှ ဟန်ဆောင်မူနွဲ့ဖို့တောင် ကျွန်မက စိတ်မကူး။ မောင် ဖွပစ်လိုက်သော ဆံပင်ကို ပြန်သပ်ရင်း ကျေနပ်ကြည်နူး နေမိသည်သာ...။
         ရုတ်တရက်..ပြုံးတော့မလို နှုတ်ခမ်းသားများ လှုပ်သွားသောကြောင့် အတိတ်သို့ လွင့်မျောနေသော အတွေးများ ရပ်တန့်ကာ လက်ရှိအခြေအနေကိုသတိဝင်လာသည်။ မယောင်မလည် အနီးကပ်လာသော ကြည်နူးမှုလေးများ ပြိုကွဲထွက်ပြေးသွားကြသည်။ အို....နောက်ဆို ဒီလို ကြည်နူးမှုမျိုး ဘယ်လိုရနိုင်တော့မှာလဲ.....။ ဒီမြက်ခင်းနားမှာ မောင်နဲ့ကျွန်မ အတူရယ်မောနေနိုင်မယ့် အချိန်တွေ......ခု...ကုန်တော့မယ်...။ ချစ်နဲ့ ဘယ်တော့မှမခွဲဘူးဆို မောင်ရဲ့...။ ခု...မောင်က ချစ်ကို ထားခဲ့တော့မှာ....။ ချစ်ကိုခွဲသွားတော့မှာ...။ တစ်ခရီးတည်း ဘာလို့ ခေါ်မသွားတော့ တာလဲ မောင်ရယ်...။ ချစ်ကို မထားခဲ့ပါနဲ့။ ချစ်ကို တစ်ယောက်တည်း ထားမသွားပါနဲ့.....။ ကြောက်တယ်...။  ချစ်ကြောက်တယ် မောင်.....။  မောင်မရှိရင် ချစ် ဘယ်လိုဆက်ပြီး ရှင်သန်ရမှာလဲ....။ မောင်ရေ...... ချစ်ကို သနားပါအုံးကွယ်....။
         မျက်ရည်ပူများ ဖြုတ်ကနဲ ပါးပြင်ပေါ် ကြွေဆင်းသွားကြသည်။ စိတ်ထဲမှာ အပြင်းအထန် ပေါက်ကွဲနေ မိသည်။ ရင်ကွဲလုမတတ် အော်နေမိသည်။ အပြင်မှာတော့ မလှုပ်မရှား တောင့်တင်းစွာ ရပ်ငေးနေမိဆဲ။        ခုချိန်ဆို မောင် ကျွန်မကို ရှာဖွေနေမလား မသိဘူးနော်...။ ကယောင်ကတမ်းနဲ့ နီးရာလက်တစ်ဖက်ကို ဆွဲကိုင်ရင်း... ကျွန်မအမှတ်နဲ့ အမှာစကားတွေ ပြောနေမှာလား...။
         ဟင့်အင်း.....ကျွန်မကို တစ်ပင်ထပ်ထူဖို့တော့ မပြောနဲ့မောင်...။ လုံးဝ ဒီလို မပြောပါနဲ့...။ ကျွန်မ အော်ငိုပစ်မိလိမ့်မယ်။ မောင်မရှိတော့ရင် ကျွန်မက လွတ်လပ်တဲ့ မုဆိုးမလေး တစ်ယောက် ဖြစ်သွား မယ်လို့ မောင်ထင်နေလားဟင်...။ ငဲ့ညှာစရာ မရှိတော့ဘူးလို့ရော မောင်ထင်နေလား.....။ ကျွန်မ မောင့် တယောက်ပဲ အားကိုးချစ်ခင်နိုင်ခဲ့တယ် ဆိုတာကိုရော မောင် မေ့လိုက်တော့မလို့လား...။
        မောင်ကလွဲပြီး ဘယ်သူ့ကိုမှ မစုံမက်နိုင်လို့ ရွှေပုံပေါ်ကမ်းလှမ်းခေါ်ငင်နေတဲ့ လက်တွေကို ဥပေက္ခာပြုပြီး မောင်နဲ့အတူမြက်ခင်းလေးပေါ်မှာ ပျော်မွေ့နေခဲ့တာကို မောင်မမေ့လိုက်ပါနဲ့ကွယ်...။
          ပြီးတော့........ပြီးတော့လေ......ကျွန်မမှာ.......။
                          
..........
         မောင့်ခေါ်သံလိုလို...မသဲမကွဲ ကြားယောင်သွားရသည်။ တခဏချင်းဦးခေါင်းသည် အဆမတန် ပွယောင်းကြီးမားကာ လေးလံသကဲ့သို့ ခံစားလာရသည်။ မောင်..နှုတ်ဆက်မလို့လားဟင်...၊ ခရီးရှည်ကြီး တစ်ခုကိုထွက်သွားတော့မယ်လား...။
     မျက်စိကို စုံမှိတ်ပစ်လိုက်ရင်း ကျောခိုင်းရပ်နေမိသောအိမ်ရှေ့ဖက်ဆီသို့ စိတ်အာရုံဖြင့် နားစွင့်နေမိသည်။ တစုံတယောက်သည် မိမိအား ခေါ်ငင်လိုက်လေမလား။ အနားမှာ နေလိုက်ပါကွယ်...။ ခမျာနောက်ဆုံးအချိန်မှာ မင်းကို  မြင်ချင်ရှာလိမ့်မယ်...။
         အို..ဟင့်အင်း..၊ ကျွန်မကြောက်တယ်။ ကျွန်မ မကြည့်ရက်ဘူး။ နောက်ဆုံးအချိန်ဆိုတာ မရောက်ခင် မောင်ခံစားနေရတာတွေကို မမြင်ရက်ဘူး။ မောင့်မျက်နှာ ဖြူလျော်လျော်လေးကို မဲ့မဲ့သွားစေ တဲ့ ဝေဒနာတွေကို ကယ်ယူမပေးနိုင်လို့ ကျွန်မရင်မှာ မချိဘူးမောင်ရယ်...။
         မောင် နှုတ်ဆက်မှာ စောတယ်။ သိတ်စောသေးတယ်။ ကျွန်မတို့ အိမ်ထောင်သက်တောင် နှစ်နှစ် မပြည့်သေးဘူး။ ချစ်သက်တမ်း ခြောက်နှစ်ကျော်မှာလက်ထပ်ခဲ့တာမို့ မောင်နဲ့ကျွန်မ ချစ်ခဲ့ရတာ ဆယ်စုနှစ် တခုတောင်မရှိသေးဘူးကွယ်။ ကျွန်မ ဘယ်လိုဖြေရမှာလဲ။
         အခေါ်စောတဲ့ မရဏမင်းကို စစ်ခင်းပြီး မောင့်ကို ပြန်လုယူနိုင်ရင်ဘယ်လောက် ကောင်းလိုက်မလဲ။ ခုတော့...ကျွန်မတို့ နှစ်ယောက်ကို ခွဲပစ်မယ့် မိစ္ဆာကောင်ကြီးက ' သွေးကင်ဆာ ' တဲ့...။ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့တဲ့ကံကြမ္မာဆိုး..။
         ပင်လယ်ပြင်မှာ သင်္ဘောမြုပ်တော့မယ် ဆိုတာ သိရရင်တောင်ခုလောက်သွေးပျက်မည် မထင်။
    မောင့်နောက်ကို တဖဝါးမခွာ လိုက်ခွင့်ရမယ်ဆိုရင်လည်း ခုလိုတစ်ယောက်တည်း ကျန်ခဲ့ရတာထက်စာရင်
မောင့်လက်မောင်းကို မှီတွဲရင်း မရဏမင်းကို ရဲဝင့်စွာရင်ဆိုင်ပစ်လိုက်ချင်မိသည်။ ဘယ်တော့မှ မောင့်ကို မခွဲချင်ပါ။
         ဒါပေမယ့်......မောင့်သတင်းကြောင့် မူးလဲသွားတဲ့ ကျွန်မကိုစမ်းသပ်ပေးပြီး ပြောပြခဲ့တဲ့ ဆရာဝန်ရဲ့စကား....။ ဒီစကားကို မောင်သာကြားရင် ဘယ်လောက်များ ကြေကွဲရှာလိမ့်မလဲ။
ကျွန်မရင်ထဲမှာလဲ မီးပွင့်မီးလျှံတွေ မြိုထားရသလိုပဲ မောင်ရယ်...။ ကျွန်မတို့ မျှော်နေခဲ့တဲ့ အရာလေ...။ ကျွန်မရင်မှာ မောင့်သွေးကို လွယ်ထားရပြီတဲ့ မောင်ရဲ့...။
     ကျွန်မ ဘယ်လိုလုပ်ရမလဲဟင်...။ ခုချိန်မှ သိရတဲ့ ဒီသတင်းကို ဘယ်လို အင်အားမျိုးနဲ့ ပြောထွက်တော့ မလဲ...။ ပြောပြလိုက်ရင် ကျွန်မတို့ အဖြစ်အတွက် မောင်ရော ဘယ်လောက်နောက်ဆံတင်းရှာမလဲ။ တစ်ချိန်က စိတ်ကူးယဉ်ခဲ့ဖူးတဲ့ မိသားစု ဗိမ္မာန်လေးဟာချောက်ကမ်းပါး နက်နက်ကြီးထဲကို တအိအိ ပြိုကျနေပြီမောင်ရယ်....။
         မောင်သာ မရှိတော့ရင် ကျန်ခဲ့မယ့် ကျွန်မအဖြစ်က ပင်လယ်ပြင်မှာမုန်တိုင်းကြောင့် သင်္ဘောပျက်ပြီး ပျဉ်ချပ်လေးတချပ်နဲ့ မျောနေရတဲ့ဘာမျှော်လင့်ချက် ထားရမှန်းမရေရာတဲ့ အဖြစ်နဲ့ ဘာထူးသေးလဲ။
        မောင်နဲ့ကျွန်မရဲ့ ရင်သွေးဆိုတဲ့ ပျဉ်ချပ်လေးလိုဖြေသိမ့်ဖက်တွယ်စရာ ရေးရေးလေးကြောင့်သာ ကံကြမ္မာမုန်တိုင်းဆိုးရဲ့လှိုင်းတံပိုးအောက်မှာ စုံးစုံးမမြုပ်နိုင်သေးပဲ အလူးအလဲ ရုန်းကန်ကူးခတ်နေမိမယ့် ဒုက္ခသည်ဟာ ကျွန်မပဲပေါ့။ မူးမူးရီရီ ဝေဝေဝါးဝါးနဲ့ ဘယ်ကို မျှော်ကြည့်လို့မှ အဆုံးအစမဲ့တဲ့ ကောင်းကင် နဲ့ ဒေါသတကြီး အော်မြည်နေမယ့် ရေပြင်ကိုပဲမြင်ရမှာ....။
  ပျဉ်ချပ်လေးကို မလွတ်တမ်း ဆုပ်ကိုင်ထားနိုင်တယ်ပဲ ထားဦး။ ပူခြောက် တဲ့ နေပြင်းပြင်းနေ့တွေ...၊ ခြောက်ခြားစဖွယ် မှောင်မိုက်ပြီးအေးစိမ့်တဲ့ညတွေမှာ ဘယ်လောက်ကြာကြာများ ကျွန်မ အားတင်းထားနိုင်ပါ့မလဲ....။
         နေပြင်းတဲ့ နေ့တွေဆို ပင်လယ်ရေပြင်ထက်မှာ နေရောင်ကြောင့်တဖိတ်ဖိတ် လက်နေမှာ....။ ကျွန်မက စူးရှတောက်ပြောင် လွန်းတဲ့ အရောင်တွေကိုမုန်းတတ်တာ...၊ ရောင်ပြန်လက်လက်တွေ မြင်ရင် မူးတတ်တာ မောင်သိသားပဲ...။
          သတိလက်လွတ် မူးမေ့သွားရင်.....ဘယ်လိုလုပ်ရမလဲဟင်...။ ပင်လယ်ထဲကို အမြုပ်ခံလိုက်ရမှာလား။ ဒါကို အဝေးကြီးက မောင်သာသိရင် စိတ်မကောင်းဖြစ်နေမှာပဲနော်.....။ သိတ်အားငယ်တာပဲ....။ သိတ်သွေးပျက်စရာကောင်းတာပဲ မောင်ရယ်...။
         အနာဂါတ်ကို မျှော်တွေးကြည့်တိုင်း အလွန်အမင်း ခြောက်ခြားကြေကွဲနေရပြီ။ မောင်မရှိဘဲ ကျွန်မ ဘယ်လို ရပ်တည်ကျန်ခဲ့ ရမလဲလို့တွေးတိုင်း မောင့်ကို နှမြောတသလွန်းစွာ စိတ်ဓါတ်များ နာကျဉ်ပြိုကွဲ ကုန်ရပြီ။ ကျွန်မစိတ်ကို ကျွန်မ မထိန်းနိုင်တော့ဘူး....။
         ဒါကြောင့်... မောင် မိန်းမောနေတဲ့ ဒီလိုအချိန်မျိုးမှာ မောင့်ဘေးနားကနေ ကျွန်မ  ပြေးထွက်လာခဲ့ မိတာပါ မောင်ရယ်....။ မောင့်ကိုကြည့်မနေရက်ဘူး။ ပြီးတော့....ကျွန်မ မောင့်ရှေ့မှာ မျက်ရည်ကျ မိရင် မောင်ဘယ်စိတ်ကောင်းမလဲ။ မောင်ထွက်သွားရမယ့် ဝိုးတဝါး ခရီးရှည်ကြီးမှာ ကျွန်မကြောင့် စိတ်မဖြောင့်မှာကို အကြောက်ဆုံးပဲ။
        အို..ခုလည်း မောင်စိတ်မဖြောင့်ပါဘူး။ ကျွန်မသိတယ်။ စိတ်ဝိညာဉ်တွေမျောလွင့်နေရင်းက တချက်တချက် သတိဝင်လာတိုင်း ခပ်တိုးတိုးညီးညူရင်းကျွန်မကို စိုက်စိုက်ကြည့်လိုက်တဲ့ မောင့်ရဲ့ရီဝေတဲ့ မျက်လုံးအကြည့်ကိုကျွန်မသိတယ်...။
        မောင် ကျွန်မကို အနားမှာ ရှိနေစေချင်သလား။ နောက်ဆုံး နှုတ်ဆက်အမှာစကားတွေ ကို မောင့်ချစ်ဇနီး မျက်နှာကို မှုန်ရီဝေဝါးစွာ ကြည့်ရင်း မောင် ပြောချင်သေးလား။ ကျွန်မ ပြန်ဝင်လာခဲ့ရ မလားဟင်..။ မောင်နေစေချင်တယ်ဆိုရင် ကျွန်မ စိတ်တင်းပြီး နေပေးရမှာပေါ့။
    မောင် နေကောင်းသွားမှာပါကွယ်...လို့ ကြေကွဲစိတ်ကို မြိုသိပ်ရင်း အားပေးစကား ပြောကြည့်မယ်လေ။
ကျွန်မစိတ်တွေကို ကျွန်မ ထိန်းထားပါ့မယ်...။ မောင့်ရဲ့ နောက်ဆုံးအချိန်မှာ မောင့်နားမှာ ကျွန်မရှိနေ သင့်တယ် မဟုတ်လား။  ဟုတ်တယ်။ ခုချိန်မျိုးမှာ မောင် ကျွန်မကို တွေ့ချင်နေမှာပဲ...။
မတွေ့ရရင် ရှာဖွေနေမှာပဲ...။ မှုန်မွဲပြာဝေနေတဲ့ မျက်လုံးတွေနဲ့ ဘေးနားကလူတွေ ကို မောင်လိုက်ကြည့်နေမှာပဲ....။ မောင့်မေမေရယ်..၊ မောင့်သူငယ်ချင်းရယ်..၊ သူနာပြုဆရာမလေးရယ်...။
   မောင် ကျွန်မကို မတွေ့ရင် ဝမ်းနည်းနေမှာလား..။ ချစ်ဘယ်ရောက်နေလဲ ဆိုပြီး မောင်သွားရ မယ့်ခရီး.....အချိန်နီးလာလို့ အလောတကြီးရှာဖွေနေမှာပဲ...လို့ တွေးမိသွားတော့ ရင်မှာမချိဘူးကွယ်.....။
ဒါဆိုလည်း....ကျွန်မ မောင့်ဆီကို ပြန်လာခဲ့ပါ့မယ် မောင်။

           .......... 
          လေးလံနှေးကွေးသော လှုပ်ရှားမှု အသံတစ်ခု နောက်ကျောဖက်ဆီမှတိုးညှင်းစွာ ထွက်ပေါ်လာသည်။
တောင့်တင်း တွေဝေနေသော ကိုယ်ခန္ဓာနှင့် လွင့်မျောနေသော စိတ်တို့သည်ရုတ်တရက် လျင်မြန်စွာ ပြန်လည် ပေါင်းစည်းမိသွားသည်။ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် လျင်မြန်သော အဟုန်ဖြင့် ကိုယ်ကို နောက်သို့လှည့်ပြီးသားဖြစ်သွားရသည်။
         ကျွန်မဆီသို့ ဦးတည်လာနေသော အရိပ်တစ်ခုလား..။ လူတစ်ယောက်လား...။ ဝိုးတဝါး မပီပြင်လှပါ။  ဖြုန်းစားကြီး လှည့်လာသော ကျွန်မကြောင့် လှမ်းလက်စ ခြေလှမ်းများပင် တုန့်ဆိုင်းသွားသေး သည်။ သို့သော် တရွေ့ရွေ့ ဆက်လှမ်းလာနေသည်။
         ခြောက်ခြားနေသောစိတ်...၊ တုန်လှုပ်နေသောရင်ဖြင့်သူ့မျက်လုံးထဲသို့ စိုက်ကြည့် အဖြေရှာမိသည်။
သူ့မျက်လုံးများသည် တောင့်တင်းသော ခန္ဓာကိုယ်နှင့် ပြူးကြောင်သော ကျွန်မမျက်လုံးတို့အား စိုးရိမ်နေ ဟန် ရှိလေသည်။
သူ့မျက်နှာသည် စိတ်နွမ်းနယ်နေဟန်ရှိ၏။ သူ့မျက်ဝန်းများသည် ရီဝေနေသည်။       ကျွန်မကို နှစ်သိမ့်လိုဟန် အကြည့်....။ ဒါဟာ....ကျွန်မပေါ်စာနာသနားတဲ့ အကြည့်...။ ဘုရား....ဘုရား...။ သူ့မျက်ဝန်းမှ ကျွန်မ မယုံကြည်ချင်သော မမြင်ဝံ့သော အဖြေများကို နားလည်လိုက်ရပြီလား။
ကျွန်မကို မောင်တကယ် ထားရစ်ခဲ့ပြီလား...။
         သူ့မျက်နှာသည် ရှည်လာသလိုလို ပြားသွားသလိုလို၊ သေးသွားသလိုလို ကြီးလာသလိုလို... အရာရာသည် ယိမ်းထိုးနေသည်။ ခန္ဓာကိုယ်ကို တောင့်မတ်တားသော အရာများ ဘယ်ရောက်ကုန်ပြီ လဲ။ ခြေအစုံသည် တစပ်စပ်တုန်ကာ ကွေးညွတ်ကျမလို ချောင်လာသည်။
         မောင်......မောင်.......မောင်ရယ်......။ သွားနှင့်တော့မယ်လားမောင်ရယ်...။ သွားနှင့်ပြီလား....။
    တကယ်ဆို...အိမ်ထဲကို တအားပြေးဝင်သွားချင်ပေမယ့် ခြေအစုံကရွေ့လျားရန် အားမရှိတော့သလို နေရာတွင်ပင် ယောင်ဝါးစွာ ရပ်နေမိသည်။ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့ အလျှံညီးညီး တောက်လောင်ကာ ဝင်းထိန်လာသလိုလို...၊ မျက်စိကျိန်း၍ မုန်းစရာကောင်းသည်ဟု ထင်မိသည်။
        ကံဆိုးမိုးမှောင် ကျတဲ့နေ့....။ ဘာလို့များ ကောင်းကင်မှာမိုးသားတွေ မည်းနက်မနေတာလဲ။
        ကောင်းကင်ကြီးသည် တဖြည်းဖြည်းပြိုဆင်းနိမ့်ကျလာသလိုလို...ကျွန်မနှင့် နီးကပ်လာနေသည်။
ဟော....သက်တန့်ရောင်တွေ..။ မှုန်မှုန်လေးနဲ့ လှနေတာမျိုး မဟုတ်ပဲ စူးတောက်လွန်းသော ကျွန်မမုန်း သည့်ရောင်ပြန်တွေ.....။
         မျက်စေ့ကို မှိတ်ပစ်ဖို့ မကြိုးစားမိ။ ပြူးကြောင်စွာပင်ငေးနေမိသည်။ တဖြည်းဖြည်း နီးကပ်လာသော ကောင်းကင်တွင် တောက်ပသော တိမ်ရောင်ပြန်များကလည်း ရောထွေးပြေး ရှုပ်နေ သည်။ ခေါင်းထဲတွင် တဖြည်းဖြည်းမူးလာနေပြီ။ မျက်လုံးတွေ ပြာလာနေပြီ။ နားထဲတွင် လည်း တောင်ပံပေါင်းများစွာ ရိုက်ခတ်သံလို စီညံလာသည်။
        “သတိထားပါကွယ်..”...ဆိုတဲ့ အသံသဲ့သဲ့ကို ဟိုး.. အဝေးကြီးကအော်ပြောနေသလို ကြားလိုက်မိသည်။ ဘာကို သတိထား ရမှာလဲ။ အရောင်တွေကိုလား...။ အရောင်တွေကို လိုက်ရေနေမိသည်။ အဖြူ၊ အပြာ၊ အနီ၊ အဝါ၊ အစိမ်း၊ လိမ္မော်... အားလုံးသည်တောက်ပြောင် လွန်းနေ သည်။ ရှေ့မှဖြတ်ပြေးနေသော အရောင်တွေလည်းမပီပြင်တော့....။
         နောက်ဆုံးတော့ တဖြည်းဖြည်းနိမ့်ဆင်းလာနေသော ကောင်းကင်ကြီးနှင့် ကျွန်မကိုယ်ပေါ် ပိမိသွားသည်။ အမြင်အားလုံးသည် ပြောင်းပြန် လည်ပတ်ကုန်ကြသည်။ ကောင်းကင်ကြီးကအောက်ရောက် လိုက်...။ ကျွန်မက အပေါ် ရောက်လိုက်...။
         ကျွန်မက လည်နေတာလား...။ ကောင်းကင်ကြီးက လည်နေတာလား...။ ဝေခွဲဖို့အသိဥာဏ် ဘယ်မှာရှာရမည်မှန်း မသိ။ စိတ်ထဲမှာ ဘာကိုမှ ရေရေရာရာတွေးမရပေ။
         ထို့နောက်..ကျွန်မ ပုခုံးကို တစ်စုံတစ်ယောက်က ဆုပ်ညှစ်လိုက်သလို ခံစားလိုက်ရပြီး အားအင်ကုန်ခမ်း ကာ ပျော့ခွေသွားရသည်။
         ထိုအခါ...ကောင်းကင်ကြီးသည် ကျွန်မရှေ့မှ ပျောက်သွားသည်။ ကျွန်မအနီးကပ် တွေ့လိုက်ရသည် က မြက်ခင်းစိမ်းစိမ်းများ..။ မောင်ကိုယ်တိုင် ပြုစုထားခဲ့သော မြက်ပင်များ....။
         မြေကြီးနံ့ကို ရှူရှိုက်မိသည့် ခဏ....၊ သဘာဝလွန် တောက်ပနေသောရောင်စုံများ...၊ လည်ပတ်နေသော တိမ်စိုင်များ...၊ အရာအားလုံးသည် ရပ်ဆိုင်းသွားကြသည်။ နောက်ဆုံး... ကျွန်မ မြင်လိုက်ရသည်က ကျွန်မကိုယ်ကျွန်မပင် မမြင်ရတော့သော အမှောင်ထုကြီးသာ ဖြစ်လေသည်။
ထို့နောက်တွင်တော့...ကျွန်မ ဘာမှသတိမရတော့...။          

ချစ်သော မောင့်ကိုရော....၊ ရင်သွေးငယ်လေးကိုရော....၊အရောင်တွေကိုရော....၊ ပင်လယ်ပြင်ကိုရော....၊ ပျဉ်ချပ်လေးကိုရော....။
          နောက်ပြီး.....ကျွန်မကိုယ် ကျွန်မရော......။
                                          
..............
 ဝေ ( စီးပွားရေးတက္ကသိုလ် )
 May, 2009... Beauty Magazine
မှတ်ချက်။      ။ အသက်နှစ်ဆယ်ခန့်က ရေးခဲ့သော ၀တ္ထုတိုလေးဖြစ်ပါသည်။ စာအုပ်ထဲတွင် ပြန်ရှာတွေ့ သဖြင့် မပြင်ဆင်ဘဲ ငယ်လက်ရာအတိုင်းမဂ္ဂဇင်းသို့ပေးပို့ခဲ့သည်။

အရောင်လွင့်လိပ်ပြာ


        ဒီတစ်ခါ လူမှားခံရတာလောက် ခင်အေးကြည်တစ်သက် ရင်နာတာ တစ်ခါမှ မရှိဖူးသေးဘူး။
  ဘယ့်နှယ်..၊ မှားမယ့်မှားတော့ ပွဲစားမ အေးကြည်နဲ့မှ မှားရသတဲ့။ ရွာ့တောင်ဖက်က ခင်အေးကြည်နဲ့ မြောက်ဖျားစွန်းက အေးကြည်မများ တောင်နဲ့မြောက်တစ်နံတစ်လျား သွင်သွင်ကြီးရယ်ပါ။ တောင်မြောက်သွယ်တန်းထားတဲ့ ကားလမ်းမပေါ်မှာ အလျားလိုက် တည်နေတဲ့ ရွာလေးဆိုတော့ အကွာအဝေးကလည်း မိုင်ချီပါတယ်။ ဒါကိုများ မှားရသေးသတဲ့။
    ခုချိန်မှာ ပွဲစားမနဲ့မှားပြီး အမေးခံရတော့ ခင်အေးကြည် ပိုနာကျည်းသပေါ့။ မြို့က ကျေးဇူးမကင်းတဲ့ ဆရာဝန်မကြီးအတွက် အကျိုးဆောင်ပြီး ရွာကလူလေး ရှာပို့ပေးတာမှ သုံးလေးယောက်လား ရှိသေးတာ။
ရွာကလူတွေကို မြို့ပေါ် တစ်ပြုံတစ်မကြီး ခေါ်တင်သွားတဲ့ ပွဲစားမနဲ့ မှားခံရတာကတော့ ရင်ကို တစ်ရွာလုံးလက်နဲ့ တအုန်းအုန်း
ထုလိုက်တာကမှ မနာရှိဦးမယ်။ ဒီလိုမှားခံရတာကိုတော့ ခင်အေးကြည်တကယ်ပဲ ရင်နာလှတယ်။
xxxxxx
   ရွာကလည်း အိမ်ခြေသာ သိတ်မများလှတာ။ အေးကြည်ဆိုတဲ့နာမည်ကိုတော့ အကြိုက်တူကြသား။ အညာရွာလေးဆိုတော့ ရေအေးအေးကြည်ကြည်လေးကိုပဲ တန်ဖိုးထားတမ်းတကြလေသလား။ အမေတွေ စိတ်ကူးတူပြီး မှည့်ထားကြတဲ့ အေးကြည်နာမည်က တစ်ရွာလုံးမှာ လေးယောက်တောင်ဖြစ်နေတာသာ ကြည့်တော့။
  တောင်စွန်းမှာက ခင်အေးကြည်။ အလယ်မှာက မြအေးကြည်နဲ့လှအေးကြည် အမွှာညီအစ်မ။ မြောက်ဖျားကတော့ အေးကြည်မတဲ့။
   တောင်နဲ့မြောက်က အရွယ်တွေမတိမ်းမယိမ်း ဆိုပေမယ့် အခြေအနေကတော့ ဆန့်ကျင်ဖက်ရယ်ပါ။ ခင်အေးကြည်က လယ်ပိုင်ယာပိုင် ရွာ့မျက်နှာဖုံးသမီး။ အထက်တန်းအောင်၊ ပညာတတ်။ သွားလေသူ ရွာလူကြီးဟောင်းရဲ့ဇနီး။ ကလေးနှစ်ယောက်အမေ၊
မုဆိုးမဆိုပေမယ့် ဟန်မပျက် ကုန်စုံဆိုင်လေးဖွင့်ပြီး တစ်ရွာလုံး သူ့အကြွေးနဲ့မကင်းကြတာမို့ ဆယ့်နှစ်ရာသီ မျက်နှာမော်ထားနိုင်သူလေ။
     လိမ္မာရေးခြားရှိတဲ့ သားသမီးနှစ်ယောက်မှာလည်း အကြီးမက အိမ်ထောင်ကျပြီး မြို့ကယောကျာ်းနောက် လိုက်နေတော့ နှစ်ဆယ်ကျော်လူပျို သားတစ်ယောက်နဲ့ ခင်အေးကြည်တို့သားအမိက ဆိုင်ကယ်လေးစီးပြီး မြို့တက်ဈေးဝယ်လိုက်၊သမီးအိမ်သွားလည်လိုက်နဲ့။
  တစ်ကောင်ကြွက် တူမတစ်ယောက်ကလည်း ဈေးရောင်း၊ ထမင်းချက် အဖော်ရနေတော့ မြို့နဲ့ကူးချည်သန်းချည်နေတဲ့ ခင်အေးကြည်က ငါးဆယ်ကျော်လို့ မထင်ရလောက်အောင် နုပျိုပြီး ဂိုက်ကောင်း၊ ဆိုဒ်ကောင်းနဲ့ မြို့သူဟန်အပြည့်ပေါ့။
   ရွာ့အလယ်က အမွှာအေးကြည်ကတော့ ခုမှဆယ်ကျော်စွန်းရုံ ကလေးမလေးတွေမို့ အေးကြည်ခြင်းမှားစရာ အကြောင်းမရှိပါဘူး။
မြောက်ဖျားက အေးကြည်မကိုတော့ ခင်အေးကြည်နဲ့ပြောင်းပြန်လို့သာ လွယ်လွယ်မှတ်လိုက်ရင် ပြီးကရော..။ ဟုတ်တယ်လေ။
အေးကြည်မက ကုန်းကောက်စရာမရှိအောင် ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာတာရယ်။
  ပိုင်ဆိုင်ရာ နတ္တိ၊ ဆင်းရဲလှသမို့ လက်ကြောတင်းသလားဆိုတော့လည်း မြို့မှာသာဆို ဘုရားစောင်းတန်းနဘေး ခပ်ကွေးကွေး ဝင်ထိုင်ပြီး ခွက်ချထားလိုက်မယ့် အစားမျိုးတွေဆိုပါတော့။ ရွာမို့လို့သာ သူဖုန်းစားလည်းမဖြစ်၊ ငတ်လည်းမနေတာလို့ ဆိုရမှာပဲ။
  ရွာထဲလှည့်ပြီး ချေးလိုက်၊ ငှားလိုက်၊ သူများအခင်းထဲ ဝင်နှိုက်လိုက်နဲ့...။ သူ့အဖေက သောက်သောက်စားစား ကြက်တိုက်ကြွေပစ်လောင်းကစားလုပ်ရင်း၊ အမေက အိမ်လည်အတင်းတုတ် ရန်လှည့်ဖြစ်ရင်း...၊ ဒီလိုပဲ အေးကြည်မတို့ ကြီးပြင်းလာကြတာ။
  အေးကြည်မလင်ရတော့လည်း ထန်းရည်သမား လူရမ်းကားပါပဲ။ တစ်ရွာလုံးက နောက်ကွယ်မှာနှာခေါင်းရှုံ့ပေမယ့် ရှေ့တင်တော့
မကြဉ်ရဲလောက်အောင် ထစ်ကနဲရှိ တုတ်ဆွဲဓားဆွဲနဲ့ လှည့်ပတ်ရမ်းကားတတ်သူဆိုတော့လည်း ရွံကြောက်ကြီးပေါ့။ ကံကောင်းထောက်မလို့ ငပျင်းရမ်းကား မျိုးဆက်မပွားအောင် အေးကြည်မက ကလေးမရတော့ ရွာခံလူတွေမှာ စိတ်တစ်ခြမ်းအေးရတယ်။
  ဒါပေမယ့် လွန်ခဲ့တဲ့လေးငါးနှစ်လောက်က ရွာမှာမိုးခေါင်ပြီး စိုက်လို့ပျိုးလို့မအောင်၊ ဘာလုပ်လုပ်ဘာကိုင်ကိုင် အဆင်မပြေ၊ နွားစာတောင် တစ်နေ့တစ်နေ့ရှာရဖွေရနဲ့ အလုပ်အကိုင်ပျက်လာတော့ လူတွေလည်း မနီးမဝေးက မြို့ကလေးဆီ အလုပ်ရှာထွက်ရတော့တယ်။
ယောကျာ်းလေးတွေက ကုန်ထမ်း၊ ပန်းရံလိုက်၊ စားပွဲထိုး၊ ကြုံရာဝင်လုပ်တဲ့သူကလုပ်။ မိန်းကလေးတွေကျတော့ အများစုက မြို့ကလူကုန်ထံတွေအိမ်မှာ အိမ်ဖော်ဝင်လုပ်ရတော့တာပေါ့။ တစ်ချို့လည်ဝယ်တဲ့၊ အဆက်အသွယ်ရှိတဲ့ လူတွေကတော့ ဗြူတီပါလာတို့၊ ကာရာအိုကေဆိုင်တို့ ရောက်ကုန်ကြရော။
   အဲဒီအခါသမယမှာပဲ တစ်သက်လုံးပျင်းပြီး ဖျင်းလှတဲ့ အေးကြည်မတစ်ယောက်က မျိုးရိုးဂုဏ်ကိုဖျက်တယ်ပဲ ဆိုရမလား၊ ပြောင်းတယ်ပဲဆိုရမလား။ သွက်သွက်ကြီးကို စခန်းထလာတော့တာလေ။
  ဘယ်လိုကဘယ်လို မြို့နဲ့အဆက်အသွယ် ရသွားတယ်တော့မသိဘူး။ ရွာက အပျို၊အအို၊တစ်ခုလပ်၊မုဆိုးမကအစ အရွယ်ရှိသေးတဲ့
မိန်းကလေးတပ်တော်စုကို ဘာမက်လုံးပေးပြီး စည်းရုံးတယ်မသိလိုက်ရဘဲ တစ်သုတ်ပြီးတစ်သုတ် မြို့ပေါ်ကိုခေါ်သွားတော့တာ။
  လူဆိုတာကလည်း ခက်သားကလား။ လူထဲကမှ မိန်းမတွေမို့ ပိုခက်တာပဲလား။ ရွှေမှုံရွှေစများမြင်လို့ကတော့ အတွင်းပိုင်းမှာ နောက်ချေးလား၊ဘာလား စဉ်းစားမနေတော့ဘူး။ အလုအယက်သာ ဖမ်းဆုပ်ချင်တော့တာလေ။
  တဖြေးဖြေးနဲ့ မနီးမဝေးက မြို့ကလေးတင်မကဘဲ မြို့တော်ကြီးအထိတောင် အေးကြည်မက ခြေဆန့်လာတယ်။ ရွာနဲ့မြို့ကို
ကူးချည်သန်းချည်နဲ့ ခြေလှမ်းတွေစိပ်လာလေ သူ့ကိုယ်ပေါ်မှာလည်း ဝတ်ကောင်းစားလှတွေနဲ့ ရွှေတွဲလဲငွေတွဲလဲ တောက်ပလာလေ။
ရွာက လူကြီးသူမတွေက မျက်စေ့စပါးမွှေးစူးလေ..။
  ဒီ့ထက်ပိုပြီး ခြေလှမ်းကို ထပ်ချဲ့လိုက်ပြန်တော့ ကိုယ့်ရွာလေးမှာတင် မကတော့ဘဲ ဘေးပတ်လည်ရွာလေးတွေက မိန်းကလေးတွေကပါ အေးကြည်မကို ဆက်သွယ်လာကြရတဲ့အထိ။
  အေးကြည်မကတော့ မသိနားမလည်တဲ့ရွာသူတို့အလယ်မှာ ကယ်တင်ရှင်ဆိုပြီး ပြေလည်ကြီးပွားသွားတဲ့သူတွေက လာကန်တော့လိုက်ကြ..။ မြို့ကလူကုန်ထံတွေက ဝင်လိုက်ထွက်လိုက် လက်ဆောင်ကောင်းတွေ ယူလာလိုက်ကြနဲ့...။ လူမပြတ်အောင် စည်းကားပြီး မော်ကြွားနေတာပေါ့။
   ဒါပေမယ့် သိတ်တော့ကြာကြာမခံပါဘူး။ ခွေးရူးကောင်းစား တစ်မွန်းတည့်ဆိုတဲ့စကားကလည်း ရှိနေတယ်မဟုတ်လား။
မကြာခင်မှာပဲ လူကုန်ကူးတဲ့အမှုတွေ၊ တိုက်ဖျက်ရေးစီမံကိန်းတွေကြားမှာ အေးကြည်မလည်း တစ်စခန်းရပ်သွားတော့တယ်။

   သူ့လုပ်ကွက်တွေက လူကုန်ကူးမှုတွေနဲ့ ဆက်နွယ်မနွယ်တော့ ရွာကလည်း သိတ်မသိရှာကြပါဘူး။ ဘာပဲဖြစ်ဖြစ် စီမံကိန်းတွေ ရှိလာတာကိုဘဲ အေးအေးဆေးဆေးနေချင်တဲ့ ရွာကလူကြီးတွေကတော့ ဝမ်းသာတာပေါ့။ အေးကြည်မကို ပြင်းပြင်းထန်ထန် သတိပေး တားမြစ်ကြတဲ့အပြင် ခြေလှမ်းတွေကို ဂရုတစိုက် စောင့်ကြည့်နေကြတော့တယ်။
    ဟုတ်သည်ရှိ၊ မဟုတ်သည်ရှိ။ ကိုယ့်ရပ်ရွာ နာမယ့်ကိစ္စမျိုးတော့ ရွာခံလူက မလုပ်တာအကောင်းဆုံးပဲလေ။
xxxxxx
    ရွာခံလူချင်း တူပေမယ့် အေးကြည်မနဲ့ ခင်အေးကြည်တို့က ဂုဏ်ဒြပ်ခြင်းမှာ တစ်ခြားစီရယ်ပါ။
အေးကြည်မက ဒီလိုသမိုင်းဆိုးတွေနဲ့ ဖြတ်သန်းလာခဲ့သလောက် ခင်အေးကြည်ဆိုတာကိုတော့ တစ်ရွာလုံးက လေးစားချစ်ခင်ကြ
ရတယ်။ သူ့အကြွေးတွေ တစ်ရွာလုံးမှာ မကင်းတာကတစ်ကြောင်း။ ရပ်ရေးရွာရေးဆို လက်မနှေးဘဲ လူအားငွေအား တတ်စွမ်းသရွေ့
ပါဝင်တတ်တာကလည်း တစ်ကြောင်းပေါ့။
   ဒါကြောင့်လည်း ရွာမှာ ခင်အေးကြည်ဘယ်လောက် သြဇာညောင်းသလဲဆို ခင်အေးကြည်က အကူအညီလိုတယ်လို့သာ တစ်ချက်ဟလိုက်၊ ဒီလောက် ဂျာနယ်တွေထဲမှာ လူကုန်ကူးတဲ့ကိစ္စတွေ ပွစိတက်နေသမျှ၊ ဖတ်မိပြီး စိုးထိတ်ရှောင်ကွင်းနေကြတဲ့ ရွာ့အရိုးခံတွေထဲက မြို့ကိုလိုက်နေပေးမယ့်သူ ပေါ်လာတာပါပဲ။
    ခင်အေးကြည်ကလည်း မဟုတ်တာလုပ်မယ့်သူမှ မဟုတ်ပဲလေ။ ကိုယ့်ရပ်ကိုယ့်ရွာအကျိုးကို တစိုးတစိမှ မထိပါးလိုသူပါ။ အထူးသဖြင့် အေးကြည်မလမ်းစဉ်မျိုးဆိုလို့ကတော့ ပိုပြီးတောင် ဝေးဝေးကရှောင်ရမှာ။
ဒါပေမယ့် ခုဟာက ခင်အေးကြည်ရဲ့ အသက်သခင်လိုဖြစ်နေတဲ့ ဆရာဝန်မကြီးအတွက်ဆိုတော့ လက်ရှောင်ချင်ပေမယ့် ရှောင်ရခက်နေတယ်။
    တမြန်မနှစ်က ခင်အေးကြည် သားအိမ်ထဲ အလုံးတည်မှန်းသိလိုက်ရတော့ မြို့နဲ့ရွာချောင်းပေါက်မတတ် သွားလိုက်ပြန်လိုက် ဆေးကုခဲ့ရတယ်လေ။ အဲဒီမှာ ဗိုက်ခွဲပြီးအလုံးထုတ်ပေးခဲ့တဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်မကြီးက အပျိုကြီး။ အတူနေတူမက
ယောကျာ်းရသွားလို့ အဖော်မရှိဖြစ်နေတုန်း...၊ ခင်အေးကြည်နဲ့ဆုံမိတော့ ရွာကကောင်မလေးတွေက ရိုးသားကြတာမို့ တစ်ယောက်လောက်
မွေးစားချင်တယ်ဆိုပြီး မှာရှာတယ်။
   ကျေးဇူးမကင်းတဲ့သူဆိုတော့ ချက်ချင်းပဲ ဆွေမျိုးထဲက လိမ္မာရေးခြားရှိပြီး တစ်ကောင်ကြွက်၊ နောက်ကြောင်းရှင်းတဲ့သူလေး
တစ်ယောက်ခေါ်ပြီး သွားပို့ပေးလိုက်တယ်လေ။ နှစ်ဦးနှစ်ဖက်အဆင်ပြေချင်တော့ ဆရာဝန်မကြီးကလည်း သဘောကျကျေနပ်လို့ သမီးလေးလို
ယုံကြည်မြှောက်စားထားသတဲ့။ ကောင်မလေးကလည်း လက်ဝတ်လက်စားအပြည့်အစုံနဲ့ ကောင်းစားပြီး တသွေးတမွေးကြီးဖြစ်လို့..။ခင်အေးကြည်ကိုလည်း ရှိခိုးဦးတင် ကျေးဇူးရှင်ပေါ့လေ။
    ဒီလိုအဆင်ပြေတယ် ဆိုတော့လည်း ပို့ပေးတဲ့သူက ပီတိဖြစ်ရတယ်။ ကျေးဇူးရှင်ကိုလည်း ကူညီရာရောက်၊ တစ်ကောင်ကြွက်မျက်နှာမွဲလေးလည်း ရွှေပုံပေါ်ရောက်သွားတော့ ကိုယ်လည်းကုသိုလ်ရတာပေါ့။
   ဒါပေမယ့် ဇာတ်လမ်းက အဲဒီမှာတင် ပြတ်မသွားဘူး။ ကျေးဇူးရှင်ဆရာဝန်မကြီးရဲ့ မောင်က စားသောက်ဆိုင်လေး
ဖွင့်ထားလို့တဲ့။ စားပွဲထိုးလုပ်မယ့်ကောင်လေးတွေ၊ ပန်းကန်ဆေးမယ့် ကောင်မလေးတွေဆိုတာ ခဏခဏ ထွက်လိုက်ဝင်လိုက်နဲ့ အမြဲတမ်းလိုနေတယ်။ ' ခင်အေးကြည်ရယ်..ကူညီပါဦး...' ဆိုပြီး ဆရာဝန်မကြီးက တာဝန်ပေးပြန်တော့ မငြင်းသာတဲ့သူမို့ ရွာထဲကချေချေငံငံရှိတဲ့သူလေးတွေ ရှာပေးရပြန်ရော။
 စားသောက်ဆိုင်ဆိုတော့စားဖို့သောက်ဖို့လည်းမပူရ၊ ကျောတစ်နေရာစာလည်းရတာမို့ မြို့တက်အလုပ်လုပ်ချင်သူတွေ
အတွက်လည်း အဆင်ပြေတယ်လေ။ ဆရာဝန်မကြီး မောင်ကလည်း အရေးပေါ် အလုပ်သမားလိုတိုင်း ခပ်မြန်မြန်လေးပို့ပေးနိုင်တဲ့ ခင်အေးကြည်ကို ကျေးဇူးတင်ပြီး လက်ဆောင်တွေပေးတယ်။
    မြို့က စီးပွားရေးသမားဆိုတော့လည်း လာဘ်ကမြင်သပေါ့။ ခင်အေးကြည်မို့ လူတစ်ခါသွားပို့ပေးရင် ပါတိတ်ဝမ်းဆက်ဆိုတာ..၊
ဟောတစ်ကွင်း၊ ဟောတစ်ကွင်း..။ ဖော်ရွေလိုက်တာဆိုတာကလည်း ' အမကြီးကျေးဇူး...၊ အမကြီးကျေးဇူး..' နဲ့ နှုတ်တက်တရွရွ၊ ပါးစပ်ကမချဘူး။ ရွာအပြန်ဆိုရင်လည်း ထည့်ပေးလိုက်တဲ့ သူတို့ဆိုင်က ခေါက်ဆွဲကြော်၊ ကြာဇံကြော်တွေဆိုတာ..၊ တစ်အိမ်သားလုံး စားမကုန်ဘူး။
    သားကတော့ ' အမေ..လူကုန်ကူးတွေနဲ့ အမှားခံရမယ်နော်။ ကြည့်လည်းလုပ်ဦး...' လို့ ခဏခဏ သတိပေးရှာသား။
အရှိန်ရနေတဲ့ ခင်အေးကြည်ကလည်း ကျေးဇူးဆိပ်တွေ တက်နေပြီလေ။ သူ့ကျေးဇူးမကင်းလို့ ကူညီရာကနေ ကိုယ့်ကျေးဇူးကို ဦးထိပ်တင် သိတတ်ပြနေတော့လည်း ပုထုဇဉ်ပီပီ သာယာမိတာကို ဝန်ခံပါတယ်။
   ကျေးဇူးတွေ အရေးတယူတင်တဲ့အပြင် မြို့သူ စားသောက်ဆိုင်ပိုင်ရှင်ကတော်ကလည်း ခင်အေးကြည်ကိုတွေ့တာနဲ့..
' မမတို့များ သူများအကျိုးသယ်ပိုးပြီး စိတ်ကောင်းရှိလို့လားမသိဘူး။ အရွယ်တင်လိုက်တာလည်း လေးဆယ်လောက်တောင် မထင်ချင်ဘူး။
တစ်နေ့တခြားလည်း လှလှလာတာ ကျွန်မတို့မှာ စံနမူနာယူနေရတယ်...' ..လို့များပြောလိုက်ရင် ပီတိတွေကို ဝေသွားတော့တာ။
   ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ပါးစပ်နဲ့တင်မကပဲ လက်ကပါရောက်လာတော့ ပေးလိုက်တဲ့ပါတိတ်လေးတွေအပေါ်မှာလည်း မိန်းမသားပီပီ စွဲမက်မိလာတယ်။ သားကသတိပေးတာကိုလည်း အသိမဝင်တော့ဘူး။ သမီးကလက်ကုတ်တာကိုလည်း ထိမထင်တော့ဘူး။
အရှိန်ကောင်းကောင်းနဲ့ လိမ့်နေလိုက်တာ။
 ' ပွဲစား မအေးကြည်ရှိလားဗျို့...' ဆိုပြီး လူပွဲစားလုပ်ခဲ့တဲ့ အေးကြည်မ ထင်လို့ မြို့ကလူတစ်ချို့က ခင်အေးကြည်အိမ်ကို အိမ်ဖော်လာရှာကာမှ ရင်နာနာနဲ့ သတိချပ်ရတော့တယ်။
xxxxxx
    ဒီတစ်ခါတော့ နောက်ဆုံးပါပဲလို့ သားကိုပြောရတယ်။ ဆရာဝန်မကြီးမောင်ကို ဂတိပေးထားပြီးသားမို့ စားပွဲထိုးလေးတစ်ယောက်
ရှာပေးဖို့ ကျန်သေးတယ်လေ။ ကိုယ်ကစေတနာထားပြီး ချေရာတဲ့သူမျိုးမှ ပို့ပေးတာမို့ သူတို့ကလည်း ကိုယ့်ကိုပဲ အားကိုးရှာကြတာမို့လား။
    တစ်ခါတစ်လေ ကိုယ်က သေချာရွေးခေါ်သွားပေမယ့် ဟိုရောက်တော့ မြို့အထာမှာ နေရာမကျဘဲ တငိုငိုတရယ်ရယ်နဲ့ ရွာမှာပဲ ကောက်စိုက်ပျိုးနှုတ်တော့မယ်လို့ ပြန်လာတဲ့သူလည်းရှိဖူးပါတယ်။ ဒါပေမယ့် ဆိုင်ရှင်လင်မယားက ဘယ်တော့မှ အပြစ်မတင်တတ်ဘူး။
    ခင်အေးကြည်ကလည်း တစ်ယောက်အဆင်မပြေလို့ ပြန်လာရင် နောက်တစ်ယောက်ချက်ချင်း ရှာပေးလိုက်တာပဲ။
ရွာမှာက ခင်အေးကြည်အမျိုးအဆွေတွေက များသလို၊ အဆက်အသွယ်ကလည်း မရှားဘူးကိုး။
ထူးခြားတာက အဆင်မပြေတာတွေ ဘယ်လောက်ထပ်သွားပလေ့စေ။ ဆိုင်ရှင်လင်မယားကတော့ လက်တွန့်မသွား တတ်တာပါပဲ။
  တစ်ခါကများ အဆင်မပြေချင်တော့ ဆွေမကင်းမျိုးမကင်းထဲက ခေါ်သွားပေးတဲ့ ကောင်မလေးတစ်ယောက်..၊ နေ့မကူးပဲ ချက်ချင်း ပြန်ပေါက်ချလာခဲ့တာ။ ခင်အေးကြည်လည်း အားနာနာနဲ့ နောက်တစ်ယောက် ထပ်သွားပို့ပေး..။ နောက်တစ်ရက် အိမ်လွမ်းလို့ဆို..၊ ငိုပြီးပြန်လာပြန်ပါရောလား။ နောက်ဆုံး အိမ်ကတူမလေးကို ' လူမမြဲခင် နင်ခဏသွားနေပေးလိုက်...' ဆိုပြီး လွှတ်ပေးရတဲ့အထိ။
   ဒီလို လူသုံးယောက်လောက် နှစ်ရက်အတွင်း ဆက်တိုက်ပြောင်းသွားတော့လည်း ဟိုလင်မယားက မျက်နှာတစ်ချက်မပျက်ဘဲ တစ်ယောက်ပို့ပေးတိုင်း ပါတိတ်တစ်ကွင်းကထုံးစံ၊ မပျက်မကွက်ပါပဲ။ သုံးကွင်းဆက်တိုက်ဖြစ်သွားတော့ ခင်အေးကြည်ကအားနာပြီး ငြင်းယူရတယ်။ ဒါပေမယ့် ငြင်းမရပါဘူး။
   သူတို့က အဲ့သလောက် သဒ္ဒါတရားထက်သန်လွန်းတော့ ခင်အေးကြည်တောင် စိတ်ထဲတမျိုးဖြစ်လာတယ်။ မြို့ပေါ်မှာအလုပ်သမား ဘယ်လောက်ရှားသလဲဆိုတာ အဲဒါသက်သေပဲလေ။
သားနဲ့သမီးကတော့ ' အမေ့မှာလက်ဆောင်ရတဲ့ ပါတိတ်တွေလည်းများလှပြီ။ ကိုယ့်ဘာသာ ဝယ်မဝတ်နိုင်တာလည်း မဟုတ်ဘူး။
ပွဲစားမနဲ့အမှားခံရတော့လည်း အမေလောက်နာတတ်တာ မရှိဘူး။ တော်ပါတော့အမေရယ်...' လို့ပြောကုန်ကြပြီ။
   ဘာပဲဖြစ်ဖြစ် ဒီတစ်ခါနောက်ဆုံးတစ်ယောက် ပို့ပေးပြီးရင် နောက်တစ်ခါ စကားကြည့်ကောင်းအောင်ပြောပြီး ရှောင်တော့မှာမို့သေချာမြဲမယ့်သူလေး တစ်ယောက်လောက် ရှာပေးထားမလားလို့..။ ဖြစ်ချင်တော့ နောက်ဆုံးလို့စိတ်ကူးကာမှ ရွာထဲကိုမှာလိုက်တာ မြို့တက်အလုပ်လုပ်ချင်လို့ ရောက်လာတဲ့သူက သုံးယောက်တောင်ရှိနေတယ်။
   ခုတလော ခင်အေးကြည်ပို့ပေးတဲ့ဆိုင်က သဘောကောင်းပြီး လခများများရတဲ့အပြင် သုံးလစာကြိုပေးတယ်ဆိုတဲ့ သတင်းကြောင့်ရွာကလူတွေလည်း အပြိုင်သွားချင်နေကြတာလေ။ သုံးယောက်စလုံးက ကိုယ့်လူရင်းတွေချည်းပဲဆိုတော့ ခင်အေးကြည်လည်း မျက်နှာမနာရအောင် တစ်ယောက်ပြီးမှတစ်ယောက် အလှည့်ကျပို့ပေးမယ်လို့ ပြောထားလိုက်တယ်။
    ဒါဆို ဘယ်သူ့ကို အရင်ခေါ်သွားမလဲလို့ ကောင်လေးတွေရဲ့မိဘသုံးဦးကရော ခင်အေးကြည်သားကပါ ခင်အေးကြည်ရဲ့ အဆုံးအဖြတ်ကို ငံ့လင့်နေကြပြီ။
    ဒီအချိန်မှာပဲ ခင်အေးကြည်က မိဘနဲ့တစ်ခါမှမခွဲဖူးတဲ့ လူအကြောက်တတ်ဆုံး ခပ်နုံနုံကောင်လေးကို အရင်ပို့ဖို့ ရွေးချယ်လိုက်တော့တာပဲ။
    ခင်အေးကြည်သားက အံ့သြတကြီးနဲ့ အမေ့မျက်နှာကို ငေးကြည့်နေတယ်။ သူ့အမေ ဘာရည်ရွယ်ချက်နဲ့ ဒီကောင်လေးကို ရွေးပို့ သလဲဆိုတာ ရုတ်တရက်စဉ်းစားမရဘူး။ နောက်ဆုံးလည်းဆိုသေးတယ်။ သေချာပေါက်အမျှင်တန်းမယ့်သူကို ပို့မယ်ဆိုတော့ အံ့သြသွားတာ။
    ခင်အေးကြည်ကလည်း သားက သူဝတ်ထားတဲ့ ပါတိတ်ဝမ်းဆက်ကို စိုက်ကြည့်နေတယ်လို့ထင်ပြီး လိပ်ပြာမလုံဘူး ဖြစ်သွားတယ်။
    ဒါနဲ့ပဲ ရှက်ရမ်းရမ်းပြီး ပြောမိပြောရာ ပြောချလိုက်တာ...။
' ပါတိတ်တွေက အရောင်လွင့်လွယ်တာ အရမ်းပဲ...' တဲ့။
    အမှန်က ဘယ်သူမှမမြင်လိုက်ပေမယ့် ခင်အေးကြည်ဝတ်ထားတဲ့ ပါတိတ်ဝမ်းဆက်ထဲကနေ လိပ်ပြာလေးတစ်ကောင် ပျံထွက်သွားတာကို ခင်အေးကြည်ကိုယ်တိုင်ပဲ အာရုံနဲ့သိလိုက်ရပြီလေ။
    အဲဒီလိပ်ပြာလေးက မူလအရောင်မဟုတ်ပဲ အရောင်လွင့်နေသလိုမျိုး မှိန်ဖျော့သိမ်နုပ်လို့...။
    ပြီးတော့.. အရောင်လွင့်နေတဲ့ သူ့အတောင်ပံတွေနဲ့ သူ့မျက်နှာကိုသူ ဖုံးကွယ်လို့...။
xxxxxx

August, 2011...
မဟေသီမဂ္ဂဇင်း

ဆူးဖယ်လက်


သင် ဆူးစူးဖူးပါသလား။
အသားမှာစူးသော ဆူး၊ စိတ်မှာစူးသော ဆူး။ မည်ကဲ့သို့ဆူးမျိုးဖြစ်စေ၊ လူတိုင်း ဘဝ၏တစ်ချိန်ချိန် မှာတော့ ဆူးစူးဖူးကြလိမ့်မည် ထင်ပါသည်။ အသားထဲနစ်ဝင်သွားသော ဆူးကလေးသည် သေးသေးလေးပဲ ဖြစ်ပါစေ။ သေးပင်သေးသော်ငြား အောင့်သက်သက်နှင့် အခံရခက်လှ၏။ ထို့အတူ စိတ်မှာစူးသည့် ဆူးကလည်း ဖွဖွလေးပင်ဖြစ်စေဦး။ မျက်တက်တက်နှင့် အခံရခက်သည်ပင်။

ဆူးစူးလျှင် သင်ဘာလုပ်မည်နည်း။
သေးငယ်သောဆူးကလေးသည် ခွဲစိပ်ထုတ်ရလောက်သော အခြေအနေမဟုတ်သော်လည်း ဒီအတိုင်းထားလျှင်တော့ ထိလိုက်မိတိုင်း တမျက်မျက်နှင့်။ အချိန်ကြာလျှင်တော့ အသားထဲမှာ အလိုအလျောက် ဆွေးမြေ့ပျောက်ကွယ်သွားပေလိမ့်မည်။
သို့သော်လည်း နာကျင်ခံခက်ရမည့် တမျက်မျက်ကာလသည် ဘယ်လောက်ကြာမည် မသိနိုင်။
သို့မဟုတ် တမျက်မျက်ဒဏ်ကို ကြာကြာမခံချင်ပါက အပ်နှင့်ထွင်းလိုက်လျှင်တော့ ဆူးစူးတာထက် နည်းနည်းပိုနာကောင်း နာလိမ့်မည်။ ဆူးဖယ်ပြီးသည်နှင့် တစစ်စစ်ဒဏ် မခံရတော့ဘဲ ချက်ချင်းရှင်းလင်း သက်သာသွားနိုင်မည်။
ဆူးဖယ်မည့်လက်က ကျွမ်းကျင်မှု လုံလောက်ဖို့တော့ လိုသည်ပေါ့။ မဖယ်တတ်လျှင် ပိုပြီးနစ်ဝင်သွားနိုင်၏။ နက်နက်ရှိုင်းရှိုင်း စိုက်သွားစေနိုင်၏။ သက်သာအောင်လုပ်ကာမှ ရောဂါပိုတိုးကာ အခံရဆိုးနိုင်၏။
ထိုသို့ သတိကြီးကြီးထားရမည့် အရေးပါလှသော ဆူးဖယ်လက်သည် ကျွန်မကိုယ်တိုင် ဖြစ်လာရသောအခါ....။

xxxxxx
အသားအရေမှာ စူးသည့်ဆူးသည် မြင်သာထင်သာရှိသော်လည်း စိတ်မှာစူးသည့် ဆူးကတော့ မြင်နိုင်ဖို့မလွယ်လှပါ။
မူလတန်းကျောင်းသူ ကျွန်မသမီးငယ်လေး၏ စိတ်တွင် စူးဆူးနေမှန်း သိလိုက်ရသည့် တစ်နေ့က ကျွန်မအလွန်ပင် စိုးထိတ်မိခဲ့ရပါသည်။
ကျွန်မတို့က ' မိဘဆရာပူးပေါင်း၊ ကလေးပညာကောင်း' ဆိုသည့်ဆောင်ပုဒ်ကို ငယ်စဉ်ကပင် မှတ်သားခဲ့ဖူးကြသူတွေပါ။
အနာဂါတ်၏ သားကောင်းရတနာဖြစ်သော ကလေးငယ်များ၏ ပညာရေးသည်လည်း ပေါ့ပေါ့တန်တန်ကိစ္စ မဟုတ်မှန်း
ရှေးဦးမဆွကတည်းက လက်ခံထားပါသည်။ တိုင်းပြည်၏အနာဂါတ်သည် လူငယ်တို့လက်ထဲတွင် ရှိသည်ဟုပင် ဆိုကြသည်မဟုတ်လား။
ကလေးတို့၏ အနာဂါတ်ကို လမ်းပြပဲ့ပြင်၊ မြှင့်တင်ပေးရန်မှာ လူကြီးမိဘ၊ ဆရာသမားတို့၏ အမျိုးသားရေးတာဝန် တစ်ရပ်ဟုပင်
ကျွန်မက ခံယူကျင့်သုံးချင်သူပါ။
သည်တော့ ကျွန်မက သားနှင့်သမီးကိုလည်း နည်းမှန်သော မိဘဆရာပူးပေါင်းမှုမျိုးဖြင့် လမ်းပြဦးဆောင်မှုပေးနိုင်အောင် ကြိုးစားခဲ့၏။ သားက အထက်တန်းကျောင်းသား။ ကျောင်းစာမှာ အသင့်အတင့်သာရှိသူမို့ ထွေထွေထူးထူး ပြဿနာမရှိလှပါ။
သမီးငယ်ကတော့ မူလတန်းကျောင်းကလေးမှာ ပညာထူးချွန်သူမို့ လှုပ်လှုပ်ခတ်ခတ်ရှိလှ၏။ ပထမ၊ ဒုတိယ၊ တတိယအဆင့်များကို အပြိုင်အဆိုင်လုနေရ၏။
အပြိုင်အဆိုင်ရှိသည်မှာ ထိုက်သင့်သလောက်တော့ ကောင်းပါသည်။ အပြိုင်အဆိုင်ရှိမှ တိုးတက်မည်။ ကြိုးစားမှုပိုလာမည်။
ဝိရိယလျှော့၍မရ။ ဇွဲကောင်းရမည်။ သတိရှိရမည်။ သို့မှလည်း ကိုယ်ရည်ကိုယ်သွေး ပိုတက်လာမည်။
မှန်ကန်သော လမ်းကြောင်းပေါ်မှာသာဆိုလျှင် ပြိုင်ဆိုင်မှုရှိသင့်သည်ဟု ကျွန်မထင်ပါသည်။
သို့ပေမယ့် ပြိုင်ဆိုင်မှုသည် အတိုင်းအတာတစ်ခုကို ကျော်လွန်လာပြီဆိုပါက စိုးရိမ်စရာအခြေအနေတစ်ခုက စောင့်ကြိုနေမှန်းကျွန်မတို့ တော်ရုံသတိမမူမိခဲ့ကြ။
ပြိုင်ဆိုင်မှုအားကြီးလာလျှင် မနာလိုဝန်တိုမှုတွေ ပေါက်ဖွားလာတတ်၏။ မလိုတမာသံသယတွေ ကြီးထွားလာတတ်၏။
တွန်းတိုက်မှုလမ်းကြောင်းတွေ လွဲချော်လာတတ်၏။
ထို့ပြင် သတိမရှိလျှင်၊ အသိမမှန်လျှင် မှားယွင်းသော မိဘဆရာပူပေါင်းမှုမျိုးသို့ပင် ရောက်သွားနိုင်သေးသည် မဟုတ်ပါလား။

xxxxxx
တစ်နေ့မှာတော့ ပညာရည်မှတ်တမ်း ကိုင်လာသော သမီးလေးက မျက်နှာငယ်ငယ်နှင့် ကျွန်မကို အယူခံဝင်ပါသည်။
' မေမေ သမီးကိုစိတ်မဆိုးနဲ့နော်။ ဒီတစ်လလည်း သမီး ဒုတိယပဲရပြန်ပြီ။ သန္တာနဲ့သမီး အဖြေတိုက်တိုင်း သန္တာမှားနေတဲ့
ဘာသာတွေက အမှတ်ထွက်လာတော့လည်း အမြဲတစ်ရာအပြည့်ချည်းဘဲ ဖြစ်နေတယ်မေမေ။ ရီပို့ကဒ်ထွက်လာတော့မှ သန္တာက အံ့သြသလိုပျော်သွားပြီး ရယ်ကျဲကျဲနဲ့ နင့်ကိုငါ အလကားစတာလို့ ပြောတယ်။ သူက အမြဲတမ်းအမှားမရှိဘဲ အမှတ်ပြည့်
ရနေတော့ ပထမချည်းပဲ ဖြစ်နေတာပေါ့။ အဲဒါ မေမေလည်း ဆရာမဆီကို ဘာလေးညာလေးနဲ့ သွားလိုက်ပါဦး...'
ဘုရားရေ။ သမီးစကားကြားတော့ ကျွန်မ မျက်လုံးပြူးသွားရ၏။ သမီးစိတ်ထဲမှာ ဘယ်လိုသံသယတွေ၊ ဘာကြောင့်များ ဆူးတစ်ချောင်းလို စိုက်ဝင်နေပါလိမ့်။ မသင်္ကာစရာ ကိစတစ်ခုခု တွေ့ခဲ့လို့များ သည်လိုစကားမျိုး သမီး ပြောလာလေသလား။
ဘာပဲဖြစ်ဖြစ် သမီး၏ နှလုံးသားနုနုထဲသို့ စိုက်ဝင်လာသည့် ဆူးတစ်ချောင်းကို ကျွန်မက မိခင်ကောင်းပီသစွာ နည်းမှန်လမ်းမှန် ဆွဲထုတ်ပေးနိုင်မှ ဖြစ်တော့မည်။ ဒီကိစ္စက လွယ်မယောင်နှင့် အလွန်သိမ်မွေ့နက်နဲပါသည်။
စူးနေသည့်ဆူးကို ဆွဲထုတ်သည့် နည်းလမ်းမမှန်လျှင် ပို၍နစ်ဝင်သွားမည် မဟုတ်လား။ ကျွန်မက ဆူးကိုပိုနစ်အောင် ဖိသွင်းလိုက်သည့် မိုက်မဲသောမိခင်မျိုး မဖြစ်စေရ။ အသာအယာဆွဲနှုတ်နိုင်မည့် ပညာရှိသူသာ ဖြစ်ချင်ပါသည်။
' ဆရာမက အမှတ်ပေးစည်းမျဉ်းနဲ့ အမှတ်ခြစ်ရတာပါသမီးရယ်။ သန္တာကသမီးကို သူမှားတယ်လို့ ညာညာပြောပြီး နောက်ဖြေရမယ့်ဘာသာတွေမှာ သမီးပေါ့အောင် ဥာဏ်ဆင်တာလည်း ဖြစ်နိုင်တာပဲ။
သူများအမှားကို စောင့်ဖမ်းမနေနဲ့သမီး။ ကိုယ်မမှားအောင်သာ ဂရုစိုက်ပါ။
ဆရာမအပေါ်လည်း ဂါရဝတရားမပျက်စေနဲ့။ သီတင်းကျွတ်ကျရင် လူကြီးမိဘ၊ ဆရာသမားတွေကို ကန်တော့နေကျ
မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအတိုင်း သမီးဆရာမကိုကန်တော့ဖို့ မေမေစီစဉ်ပေးမှာပါ။
ဒါပေမယ့် အချိန်အခါမဟုတ် ဆရာမကို ဟိုဟာပေး၊ ဒီဟာပေးနဲ့ လိုချင်တာရှိလို့ဖားတာဟာ ဂါရဝတရားမဟုတ်ဘူးသမီး။
ဆရာမတွေလည်း ကြိုက်မယ်မထင်ပါဘူး။ အသိဥာဏ်နည်းသူတွေရဲ့ လုပ်ရပ်မှားကို ကိုယ်ကလိုက်မလုပ်သင့်ဘူး။
မေမေကသမီးကို ပထမချည်းဘဲ ရရမယ်လို့ ဘယ်တုန်းက ဖိအားပေးဖူးလို့လဲ။ သမီးမှာ လုံလောက်တဲ့ကြိုးစားမှုရယ် မှန်ကန်တဲ့အတွေးအခေါ်ရယ် ရှိရင် မေမေကကျေနပ်ပါပြီ။ '
သည်လိုနှင့် သမီးရဲ့နှလုံးသားနုနုမှာ စူးနေသည့်ဆူးတစ်ချောင်းကို ကျွန်မ အသာအယာ ဆွဲနှုတ်ပေးလိုက်ပါသည်။ သမီးကလည်းကျေနပ်ဟန်ဖြင့် ခေါင်းလေးညိတ်ပါ၏။ သမီး၏ဆူးဒါဏ်ရာလေး သက်သာပျောက်ကင်းသွားလိမ့်မည်ဟုလည်း ယုံကြည်လိုက်မိသည်။

xxxxxx
အလယ်တန်း ရောက်လာပြီးသည့်တစ်ရက်... ကျောင်းမှပြန်လာသော သမီးက ကျောင်းမှာ စာစီစာကုံးပြိုင်ပွဲရှိသည်မို့ ကျွန်မကို ရေးပေးဖို့ ပူဆာပါသည်။ ဆရာမတွေကိုက ' မိဘတွေရေးပေးနိုင်တယ်..' ဟု ကြေညာသည်တဲ့။
ဒါဆိုဘာလဲ...။ ကျောင်းသူကျောင်းသား စာစီစာကုံးပြိုင်ပွဲလား။ ကျောင်းသားမိဘ ပြိုင်ပွဲလား။
' ဟင့်အင်း သမီး။ မေမေကိုယ်တိုင် ငယ်ငယ်က စာစီစာကုံးပြိုင်ပွဲဆို လူကြီးတွေကို မရေးခိုင်းဘဲ ကိုယ့်ဖာသာပဲလက်တမ်းရေးခဲ့တာ...။ ဘယ်တော့မှ ဆုမရလည်း ဘယ်တုန်းကမှ မသိမ်ငယ်ခဲ့ဖူးဘူး။'
' မေမေရေးပေးရင် ဆုရမှာသေချာတယ်မေမေ။ တခြားသူတွေလည်း သူတို့အမေကို ရေးခိုင်းကြမှာ...' ဟု သမီးလေးက မျက်ရည်တလဲ့လဲ့နဲ့ ပူဆာသော်လည်း သည်နေရာမှာတော့ သမီးမျက်ရည်ကို ကျွန်မ ဥပကာပြုရတော့မည်။
' မေမေရေးမပေးနိုင်ဘူးသမီးရယ်။ ဒီလို သူများရေးပေးပြီး ရမယ့်ဆုကို သမီးယူရမှာ မရှက်ဘူးလား။
သမီးကို မေမေဝယ်ပေးထားတဲ့ စာစီစာကုံးစာအုပ်တွေ ရှိသားပဲ။ လိုသေးရင်လည်း စာအုပ်ဆိုင်ပြေးပြီး ထပ်ဝယ်ပေးမယ်။
အဲဒါတွေဖတ်၊ အချက်အလက်တွေစု၊ ရှေ့နောက်စီပြီး သမီးရေးကြည့်၊ မေမေစစ်ပေးမယ်...' .... ဟု ကျွန်မ ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။
' မေမေက သမီးအတွက် လမ်းပြပေးသူပဲဖြစ်ချင်တယ်။ လမ်းဖောက်မပေးချင်ဘူး။ ကိုယ့်လမ်းကိုယ်ဖောက်ရတာ သူများဖောက်ပေးတဲ့လမ်း လျှောက်ရတာထက် ပိုပင်ပန်းကောင်းပင်ပန်းလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အားကိုးမှု၊ ယုံကြည်မှု၊ စိတ်ချသေချာမှုတွေမှာတော့ ကိုယ့်လမ်းကိုယ်ဖောက်သူကို ဘယ်သူမှ မယှဉ်သာဘူးသမီး..'
ကျွန်မ၏ ရပ်တည်ချက်သည် သမီးအတွက် လောလောဆယ်မှာတော့ စိတ်ပျက်အားငယ်စရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ စာစီစာကုံးစာအုပ်တွေကြားမှာ ခေါင်းမဖော်နိုင်အောင် သမီးလေးဗျာများနေတော့ ကျွန်မက သမီးနားမှာ အသည်းမာမာထားကာ စောင့်ကြည့်လို့သာ နေခဲ့ပါသည်။ သူ့ဖာသာစုထားသော အချက်အလက်များကို သူကိုယ်တိုင်ရေးပြီးခါမှ ကျွန်မက စစ်ရုံသာစစ်ပေးခဲ့၏။
အဲသည်စာစီစာကုံးပြိုင်ပွဲမှာ သမီးလေးဆုမရခဲ့ပါ။ သို့ပေမယ့် ကိုယ့်အားကိုယ်ကိုးတတ်သွားမည့် သမီးအတွက် ကျွန်မ ကျေနပ်ပါသည်။ သမီးလေး သူ့ဘဝကို သူကိုယ်တိုင် စာစီကုံးရသည့်တစ်နေ့မှာ လှပသောစိတ်ကူးအတွေးများနှင့် သေသပ်ကျနသည့် စာတစ်ပုဒ်အဖြစ် ဖန်တီးတည်ဆောက်နိုင်လိမ့်မည် ဟုလည်း ကျွန်မယုံကြည်မိပါသည်။
xxxxxx
လပတ်စာမေးပွဲဖြေပြီး ပြန်လာသောတစ်နေ့မှာ သမီးက ကျွန်မကို တစ်ခုပူဆာပြန်၏။
' မေမေ...သုံးဆင့်တွက်ရမယ့် ပုစ္ဆာတစ်ပုဒ်ကို သမီးနှစ်ဆင့်ပဲတွက်ခဲ့မိတယ်။ အဖြေတိုက်ကြည့်တာတော့ မှန်တယ်မေမေ။
အလယ်ဆင့်ကို သမီးကတွက်မပြဘဲ စိတ်နဲ့တွက်ပြီးအဖြေတန်းရေးမိတာ။လုပ်ပါဦးမေမေရယ်။ ဆရာမကို သွားပြောပေးပါဦး။ '
' ဟယ် သမီးရယ်။ သုံးဆင့်တွက်ရမယ့်ပုစ္ဆာဆို သုံးဆင့်တွက်မှ အမှတ်ပြည့်ရမှာပေါ့။ '
' ဟင့်အင်း မေမေ။ သန္တာ့အမေဆို ဒီလိုမျိုး သွားသွားပြောပေးလို့ သန္တာအမှတ်တွေ အမြဲပြည့်နေတာ..။ အရင်တစ်လကလည်း
သူအဆင့်ကျော်တွက်တာကို ဒီလိုပဲ သူ့အမေသွားပြောတာ အမှတ်ပြည့်ရသွားတယ်လေ.. '
ပြောရင်းဆိုရင်း သမီးက မျက်ရည်များကျလာပါသည်။ သမီးစိတ်ထဲမှာ သူ့အမေက သန္တာ့အမေလောက် အားမကိုးရ ဟု အပြစ်တင်ချင်ပုံပါ။ သည်တော့မှ သမီးနှလုံးသားကို ဆူးတစ်ချောင်းနစ်ဝင်နေတာ ပြည်တောင်တည်နေပါပကောဟု ကျွန်မသိရပါသည်။
ကျွန်မမှာ အသာအယာ ဆွဲထုတ်ပေးနိုင်ဖို့ ကြိုးစားရပြန်ပါ၏။
ကျွန်မက အမှားလုပ်မိတာဟာ ကြောက်စရာမဟုတ်ကြောင်း၊ အမှားရှိမှ အမှန်ကိုသိလာမည်ဖြစ်ကြောင်း၊ အမှားကို အတင်း
အမှန်လုပ် ငြင်းခုန်ခြင်းက အမှန်နှင့်ပိုဝေးစေကြောင်း၊အမှားကိုသိပြီးအမှန်ပြင်နိုင်မှသာ တန်ဖိုးရှိကြောင်း၊ စိတ်ရှည်လက်ရှည် ရှင်းပြရပါသည်။
သမီး၏အမှားတွေကို ပြင်ဆင်မပေးဘဲ လိုက်လံဖုံးဖိပြီး အမှတ်တောင်းပေးနေသည့် လုပ်ရပ်မှာ ကလေးကိုချစ်ရာမရောက်၊
နှစ်ရာရောက်နေသည်ကိုလည်း သမီးနားလည်လောက်မည့် ပုံကလေးများ ဥပမာပေး၍ရှင်းပြရ၏။
မိခင်တစ်ယောက်သည် ကလေး၏အမှားကို ပြင်ဆင်တတ်အောင် သွန်သင်ပေးရမည်သာဖြစ်သည်။ အမှားကိုလက်တစ်လုံးခြား အမှန်ဖြစ်အောင် လိုက်ပြင်ပေးရုံနှင့် မိခင်ကောင်းမဖြစ်နိုင်ဟု ထင်ပါသည်။
ကျွန်မကတော့ မမှန်ကန်သောနည်းလမ်းဖြင့် အမှားများကိုဖုံးအုပ်ကာကွယ်ပေးပြီး သမီးလေး၏ အနာဂါတ်ကို မဖျက်ဆီးမိချင်ပါ။
အမှန်တော့ ကလေးတွေက အပြစ်ကင်းစင်ပြီး ရိုးသားဖြူစင်ကြပါသည်။ ဖြူစင်ရိုးသားသောကလေးတွေကိုသာ လူကြီးမိဘများက အရောင်မဆိုးမိစေရန် သတိပြုရမည်။
ကျွန်မပတ်ဝန်းကျင်မှာ မြင်ရသလောက်တော့ 'ကလေးတွေကတော်တော်၊ မိဘတွေကကဲကဲ' ဖြစ်နေကြ၏။ အတန်းထဲမှာ အဆင့်တစ်ရဖို့၊ ကျောင်းဆုပေးပွဲမှာ ဆုတံဆိပ်တွေပိုင်ဆိုင်ဖို့၊ နည်းပေါင်းစုံနှင့် မိဘများက လုံးပန်းနေသည့်နောက်ကို ကလေးတွေက ဖတ်သီဖတ်သီနှင့် လိုက်နေရသည်ဟု မြင်မိသည်။
ကျွန်မတို့ငယ်ငယ်ကတော့ ကျောင်းသားတစ်ယောက် စာတော်ခြင်းသည် သူ၏ပင်ကိုအရည်အသွေးနှင့် သူ့ကြိုးစားအားထုတ်မှု သက်သက်သာ ဖြစ်ခဲ့၏။ မိဘများက မတွန်း၊ ဖိအားလည်းမပေး။ ကိုယ်တိုင်စိတ်ပါမှသာ စာတော်သူတစ်ယောက် ဖြစ်လာရသည်။
မည်မျှဥာဏ်ကောင်းပါစေ။ စာကိုစိတ်မဝင်စားသော ကလေးက မိဘပယောဂဖြင့် ဆုရသည့်စာရင်း ဝင်လာလေ့ မရှိခဲ့။
ခုခေတ်မှာတော့ ကလေး၏ ပင်ကိုယ်အရည်အချင်းနှင့် စိတ်အားထက်သန်မှုက နည်းနည်း၊ မိဘတွေ၏ ယောက်ယက်ခတ်မှုက ပိုများနေလေသလားဟု ကျွန်မမြင်မိပါသည်။ သည်တော့ ဆရာ၊ဆရာမတွေဆီ ချဉ်းကပ်ပုံတွေကလည်း အဘယ်မှာနည်းမှန်ပါတော့မည်နည်း။
ပညာရေးစနစ်ကြီးကို ဝေဖန်နေမည့်အစား၊ ဆရာတွေမကောင်းကြောင်း စကားတင်းဆိုမည့်အစား မိဘများက ပထမဦးဆုံး ရပ်တည်ချက်မှန်ကန်စေဖို့ ကြိုးစားသင့်သည်ဟု ကျွန်မထင်ပါသည်။ 'လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ' ဟု အဆိုလည်း ရှိသည်မဟုတ်လား။
မိဘများသည် ဆရာများနှင့်ပူးပေါင်းရာတွင် မှန်ကန်သော စိတ်စေတနာမျိုးဖြင့်သာ ကလေးငယ်များ၏ အနာဂါတ်ကို ပိုမိုတောက်ပစေသင့်ပါသည်။
xxxxxx
ခု နောက်ပိုင်းတွင် သမီးလေးရှေ့မှာ ဆရာ၊ဆရာမများအကြောင်း စကားတင်းမဆိုမိစေရန် ကျွန်မ အထူးသတိပြုမိရသည်။
ခုခေတ်ကလည်း ကျောင်းသားမိဘအချင်းချင်း တွေ့သည်နှင့် ဆရာ၊ဆရာမအကြောင်းက မပါလျှင်မပြီးသည့် ခေတ်စားလှသော ခေါင်းစဉ်ဖြစ်နေ၏။ ကလေးတွေကိုယ်တိုင်ကလည်း 'ဆရာမက ဘယ်သူ့ဆို မျက်နှာလိုက်တာ၊ ဘယ်ဝါ့တော့ ဘယ်လောက်အပြစ်လုပ်လုပ်၊ ဗွေမယူ၊ဘယ်သူက အမှတ်လျော့တာကို စောဒကသွားတက်တာ ရလာပြန်ပြီ'နှင့် အိမ်ရောက်လျှင် မိဘတွေကို ဖောက်သည်ချတတ်သည်လေ။
အမှန်တော့ လက်ချောင်းကလေးများအားလုံး မညီသကဲ့သို့ ဆရာ၊ဆရာမအားလုံး အထွဋ်အထိပ်ရောက်အောင် စိတ်စေတနာ ပြည့်ချင်မှပြည့်ပါလိမ့်မည်။ သို့ပေမယ့် စေတနာဆိုးနှင့် သူယုတ်မာစိတ်ကတော့ အာစရိယဂုဏောနှင့် မည်သို့မှမအပ်စပ်သည်မို့ ဆရာဖြစ်လာသူတိုင်း သည်လိုစိတ်တော့ ရှိမည်မထင်ပါ။
သည်တော့ ဆရာတော်ကြီးများ၏ အဆုံးအမထဲကလို 'တကာ၊တကာမတွေသည် သံဃာ့ဂုဏ်မစောင့်ထိန်းသော သံဃာ တစ်ပါး တစ်လေကိုမြင်ပြီး သံဃာတော်များအပေါ် သိမ်းကျုံးအကြည်ညိုပျက်ကာ မထီမဲ့မြင်၊မရိုမသေပြုမိပါက အရိယာသံဃာများကိုပြစ်မှားမိပါလျှင် မဂ်တားဖိုလ်တားဖြစ်မည် စိုးလှပါကြောင်း...၊ သံဃံသရဏံဂိစ္ဆာမိဆိုသည်မှာ ဘုရားအဆုံးအမကို ယနေ့ကာလအထိ စောင့်ထိန်းသယ်ဆောင်
လာပေးသော သံဃာတော်အရှင်သူမြတ်များ၊ အရိယာများကို ရည်စူးအာရုံပြု၍ စိတ်ရှင်းသန့်စွာ ကုသိုလ်ယူကြရန်..' တိုက်တွန်းခဲ့သလိုပါပဲ။
'အာစရိယဂုဏော အနန္တော' ဟုဆိုရာမှာလည်း စေတနာသုံးတန်ပြဌာန်း၍ ဆရာ့ဂုဏ်အပြည့်ရှိသော ဆရာများကို အာရုံပြုကြည်ညိုရမည်သာ ဖြစ်ပါသည်။
သို့ကြောင့် သမီးက ' ဆရာမက မျက်နှာလိုက်တယ် မေမေ...' ဆိုသော စကားမျိုးပြောလာချိန်တွင် ကျွန်မက သမီးနောက်ကို ယောင်ဝါးဝါးနှင့်လိုက်ပြီး ဆရာ၊ဆရာမ မကောင်းကြောင်း ပြောမည့်မိဘမျိုးမဖြစ်ရအောင် သတိကြီးကြီးထားရပါလိမ့်မည်။
အနာဂါတ်၏ အဖိုးတန်ရတနာဖြစ်သော ကလေးများ၏နှလုံးသားကို ဆူးများ ထပ်မစူးစေချင်ပါ။ အကယ်၍ စူးလာခဲ့လျှင်လည်း ပိုမိုနက်ရှိုင်းစွာ စိုက်ဝင်သွားစေမည့် လက်မျိုးရှိသည့် မိခင်တစ်ယောက်မဖြစ်ချင်ပါ။
ကျွန်မ၏လက်အစုံသည် သမီးလေးအတွက် ကျွမ်းကျင်လိမ္မာသော ဆူးဖယ်လက်သာလျှင် ဖြစ်ချင်မိပါသည်။
xxxxxx


ဝေ (စီးပွားရေးတက္ကသိုလ်)
February, ၂ဝ၁၂... မဟေသီမဂ္ဂဇင်း 

သတ္တမအကြိမ် ရွှေအမြုတေစာပေဆု... အက်ဆေးဆု