ဆူးဖယ်လက်


သင် ဆူးစူးဖူးပါသလား။
အသားမှာစူးသော ဆူး၊ စိတ်မှာစူးသော ဆူး။ မည်ကဲ့သို့ဆူးမျိုးဖြစ်စေ၊ လူတိုင်း ဘဝ၏တစ်ချိန်ချိန် မှာတော့ ဆူးစူးဖူးကြလိမ့်မည် ထင်ပါသည်။ အသားထဲနစ်ဝင်သွားသော ဆူးကလေးသည် သေးသေးလေးပဲ ဖြစ်ပါစေ။ သေးပင်သေးသော်ငြား အောင့်သက်သက်နှင့် အခံရခက်လှ၏။ ထို့အတူ စိတ်မှာစူးသည့် ဆူးကလည်း ဖွဖွလေးပင်ဖြစ်စေဦး။ မျက်တက်တက်နှင့် အခံရခက်သည်ပင်။

ဆူးစူးလျှင် သင်ဘာလုပ်မည်နည်း။
သေးငယ်သောဆူးကလေးသည် ခွဲစိပ်ထုတ်ရလောက်သော အခြေအနေမဟုတ်သော်လည်း ဒီအတိုင်းထားလျှင်တော့ ထိလိုက်မိတိုင်း တမျက်မျက်နှင့်။ အချိန်ကြာလျှင်တော့ အသားထဲမှာ အလိုအလျောက် ဆွေးမြေ့ပျောက်ကွယ်သွားပေလိမ့်မည်။
သို့သော်လည်း နာကျင်ခံခက်ရမည့် တမျက်မျက်ကာလသည် ဘယ်လောက်ကြာမည် မသိနိုင်။
သို့မဟုတ် တမျက်မျက်ဒဏ်ကို ကြာကြာမခံချင်ပါက အပ်နှင့်ထွင်းလိုက်လျှင်တော့ ဆူးစူးတာထက် နည်းနည်းပိုနာကောင်း နာလိမ့်မည်။ ဆူးဖယ်ပြီးသည်နှင့် တစစ်စစ်ဒဏ် မခံရတော့ဘဲ ချက်ချင်းရှင်းလင်း သက်သာသွားနိုင်မည်။
ဆူးဖယ်မည့်လက်က ကျွမ်းကျင်မှု လုံလောက်ဖို့တော့ လိုသည်ပေါ့။ မဖယ်တတ်လျှင် ပိုပြီးနစ်ဝင်သွားနိုင်၏။ နက်နက်ရှိုင်းရှိုင်း စိုက်သွားစေနိုင်၏။ သက်သာအောင်လုပ်ကာမှ ရောဂါပိုတိုးကာ အခံရဆိုးနိုင်၏။
ထိုသို့ သတိကြီးကြီးထားရမည့် အရေးပါလှသော ဆူးဖယ်လက်သည် ကျွန်မကိုယ်တိုင် ဖြစ်လာရသောအခါ....။

xxxxxx
အသားအရေမှာ စူးသည့်ဆူးသည် မြင်သာထင်သာရှိသော်လည်း စိတ်မှာစူးသည့် ဆူးကတော့ မြင်နိုင်ဖို့မလွယ်လှပါ။
မူလတန်းကျောင်းသူ ကျွန်မသမီးငယ်လေး၏ စိတ်တွင် စူးဆူးနေမှန်း သိလိုက်ရသည့် တစ်နေ့က ကျွန်မအလွန်ပင် စိုးထိတ်မိခဲ့ရပါသည်။
ကျွန်မတို့က ' မိဘဆရာပူးပေါင်း၊ ကလေးပညာကောင်း' ဆိုသည့်ဆောင်ပုဒ်ကို ငယ်စဉ်ကပင် မှတ်သားခဲ့ဖူးကြသူတွေပါ။
အနာဂါတ်၏ သားကောင်းရတနာဖြစ်သော ကလေးငယ်များ၏ ပညာရေးသည်လည်း ပေါ့ပေါ့တန်တန်ကိစ္စ မဟုတ်မှန်း
ရှေးဦးမဆွကတည်းက လက်ခံထားပါသည်။ တိုင်းပြည်၏အနာဂါတ်သည် လူငယ်တို့လက်ထဲတွင် ရှိသည်ဟုပင် ဆိုကြသည်မဟုတ်လား။
ကလေးတို့၏ အနာဂါတ်ကို လမ်းပြပဲ့ပြင်၊ မြှင့်တင်ပေးရန်မှာ လူကြီးမိဘ၊ ဆရာသမားတို့၏ အမျိုးသားရေးတာဝန် တစ်ရပ်ဟုပင်
ကျွန်မက ခံယူကျင့်သုံးချင်သူပါ။
သည်တော့ ကျွန်မက သားနှင့်သမီးကိုလည်း နည်းမှန်သော မိဘဆရာပူးပေါင်းမှုမျိုးဖြင့် လမ်းပြဦးဆောင်မှုပေးနိုင်အောင် ကြိုးစားခဲ့၏။ သားက အထက်တန်းကျောင်းသား။ ကျောင်းစာမှာ အသင့်အတင့်သာရှိသူမို့ ထွေထွေထူးထူး ပြဿနာမရှိလှပါ။
သမီးငယ်ကတော့ မူလတန်းကျောင်းကလေးမှာ ပညာထူးချွန်သူမို့ လှုပ်လှုပ်ခတ်ခတ်ရှိလှ၏။ ပထမ၊ ဒုတိယ၊ တတိယအဆင့်များကို အပြိုင်အဆိုင်လုနေရ၏။
အပြိုင်အဆိုင်ရှိသည်မှာ ထိုက်သင့်သလောက်တော့ ကောင်းပါသည်။ အပြိုင်အဆိုင်ရှိမှ တိုးတက်မည်။ ကြိုးစားမှုပိုလာမည်။
ဝိရိယလျှော့၍မရ။ ဇွဲကောင်းရမည်။ သတိရှိရမည်။ သို့မှလည်း ကိုယ်ရည်ကိုယ်သွေး ပိုတက်လာမည်။
မှန်ကန်သော လမ်းကြောင်းပေါ်မှာသာဆိုလျှင် ပြိုင်ဆိုင်မှုရှိသင့်သည်ဟု ကျွန်မထင်ပါသည်။
သို့ပေမယ့် ပြိုင်ဆိုင်မှုသည် အတိုင်းအတာတစ်ခုကို ကျော်လွန်လာပြီဆိုပါက စိုးရိမ်စရာအခြေအနေတစ်ခုက စောင့်ကြိုနေမှန်းကျွန်မတို့ တော်ရုံသတိမမူမိခဲ့ကြ။
ပြိုင်ဆိုင်မှုအားကြီးလာလျှင် မနာလိုဝန်တိုမှုတွေ ပေါက်ဖွားလာတတ်၏။ မလိုတမာသံသယတွေ ကြီးထွားလာတတ်၏။
တွန်းတိုက်မှုလမ်းကြောင်းတွေ လွဲချော်လာတတ်၏။
ထို့ပြင် သတိမရှိလျှင်၊ အသိမမှန်လျှင် မှားယွင်းသော မိဘဆရာပူပေါင်းမှုမျိုးသို့ပင် ရောက်သွားနိုင်သေးသည် မဟုတ်ပါလား။

xxxxxx
တစ်နေ့မှာတော့ ပညာရည်မှတ်တမ်း ကိုင်လာသော သမီးလေးက မျက်နှာငယ်ငယ်နှင့် ကျွန်မကို အယူခံဝင်ပါသည်။
' မေမေ သမီးကိုစိတ်မဆိုးနဲ့နော်။ ဒီတစ်လလည်း သမီး ဒုတိယပဲရပြန်ပြီ။ သန္တာနဲ့သမီး အဖြေတိုက်တိုင်း သန္တာမှားနေတဲ့
ဘာသာတွေက အမှတ်ထွက်လာတော့လည်း အမြဲတစ်ရာအပြည့်ချည်းဘဲ ဖြစ်နေတယ်မေမေ။ ရီပို့ကဒ်ထွက်လာတော့မှ သန္တာက အံ့သြသလိုပျော်သွားပြီး ရယ်ကျဲကျဲနဲ့ နင့်ကိုငါ အလကားစတာလို့ ပြောတယ်။ သူက အမြဲတမ်းအမှားမရှိဘဲ အမှတ်ပြည့်
ရနေတော့ ပထမချည်းပဲ ဖြစ်နေတာပေါ့။ အဲဒါ မေမေလည်း ဆရာမဆီကို ဘာလေးညာလေးနဲ့ သွားလိုက်ပါဦး...'
ဘုရားရေ။ သမီးစကားကြားတော့ ကျွန်မ မျက်လုံးပြူးသွားရ၏။ သမီးစိတ်ထဲမှာ ဘယ်လိုသံသယတွေ၊ ဘာကြောင့်များ ဆူးတစ်ချောင်းလို စိုက်ဝင်နေပါလိမ့်။ မသင်္ကာစရာ ကိစတစ်ခုခု တွေ့ခဲ့လို့များ သည်လိုစကားမျိုး သမီး ပြောလာလေသလား။
ဘာပဲဖြစ်ဖြစ် သမီး၏ နှလုံးသားနုနုထဲသို့ စိုက်ဝင်လာသည့် ဆူးတစ်ချောင်းကို ကျွန်မက မိခင်ကောင်းပီသစွာ နည်းမှန်လမ်းမှန် ဆွဲထုတ်ပေးနိုင်မှ ဖြစ်တော့မည်။ ဒီကိစ္စက လွယ်မယောင်နှင့် အလွန်သိမ်မွေ့နက်နဲပါသည်။
စူးနေသည့်ဆူးကို ဆွဲထုတ်သည့် နည်းလမ်းမမှန်လျှင် ပို၍နစ်ဝင်သွားမည် မဟုတ်လား။ ကျွန်မက ဆူးကိုပိုနစ်အောင် ဖိသွင်းလိုက်သည့် မိုက်မဲသောမိခင်မျိုး မဖြစ်စေရ။ အသာအယာဆွဲနှုတ်နိုင်မည့် ပညာရှိသူသာ ဖြစ်ချင်ပါသည်။
' ဆရာမက အမှတ်ပေးစည်းမျဉ်းနဲ့ အမှတ်ခြစ်ရတာပါသမီးရယ်။ သန္တာကသမီးကို သူမှားတယ်လို့ ညာညာပြောပြီး နောက်ဖြေရမယ့်ဘာသာတွေမှာ သမီးပေါ့အောင် ဥာဏ်ဆင်တာလည်း ဖြစ်နိုင်တာပဲ။
သူများအမှားကို စောင့်ဖမ်းမနေနဲ့သမီး။ ကိုယ်မမှားအောင်သာ ဂရုစိုက်ပါ။
ဆရာမအပေါ်လည်း ဂါရဝတရားမပျက်စေနဲ့။ သီတင်းကျွတ်ကျရင် လူကြီးမိဘ၊ ဆရာသမားတွေကို ကန်တော့နေကျ
မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအတိုင်း သမီးဆရာမကိုကန်တော့ဖို့ မေမေစီစဉ်ပေးမှာပါ။
ဒါပေမယ့် အချိန်အခါမဟုတ် ဆရာမကို ဟိုဟာပေး၊ ဒီဟာပေးနဲ့ လိုချင်တာရှိလို့ဖားတာဟာ ဂါရဝတရားမဟုတ်ဘူးသမီး။
ဆရာမတွေလည်း ကြိုက်မယ်မထင်ပါဘူး။ အသိဥာဏ်နည်းသူတွေရဲ့ လုပ်ရပ်မှားကို ကိုယ်ကလိုက်မလုပ်သင့်ဘူး။
မေမေကသမီးကို ပထမချည်းဘဲ ရရမယ်လို့ ဘယ်တုန်းက ဖိအားပေးဖူးလို့လဲ။ သမီးမှာ လုံလောက်တဲ့ကြိုးစားမှုရယ် မှန်ကန်တဲ့အတွေးအခေါ်ရယ် ရှိရင် မေမေကကျေနပ်ပါပြီ။ '
သည်လိုနှင့် သမီးရဲ့နှလုံးသားနုနုမှာ စူးနေသည့်ဆူးတစ်ချောင်းကို ကျွန်မ အသာအယာ ဆွဲနှုတ်ပေးလိုက်ပါသည်။ သမီးကလည်းကျေနပ်ဟန်ဖြင့် ခေါင်းလေးညိတ်ပါ၏။ သမီး၏ဆူးဒါဏ်ရာလေး သက်သာပျောက်ကင်းသွားလိမ့်မည်ဟုလည်း ယုံကြည်လိုက်မိသည်။

xxxxxx
အလယ်တန်း ရောက်လာပြီးသည့်တစ်ရက်... ကျောင်းမှပြန်လာသော သမီးက ကျောင်းမှာ စာစီစာကုံးပြိုင်ပွဲရှိသည်မို့ ကျွန်မကို ရေးပေးဖို့ ပူဆာပါသည်။ ဆရာမတွေကိုက ' မိဘတွေရေးပေးနိုင်တယ်..' ဟု ကြေညာသည်တဲ့။
ဒါဆိုဘာလဲ...။ ကျောင်းသူကျောင်းသား စာစီစာကုံးပြိုင်ပွဲလား။ ကျောင်းသားမိဘ ပြိုင်ပွဲလား။
' ဟင့်အင်း သမီး။ မေမေကိုယ်တိုင် ငယ်ငယ်က စာစီစာကုံးပြိုင်ပွဲဆို လူကြီးတွေကို မရေးခိုင်းဘဲ ကိုယ့်ဖာသာပဲလက်တမ်းရေးခဲ့တာ...။ ဘယ်တော့မှ ဆုမရလည်း ဘယ်တုန်းကမှ မသိမ်ငယ်ခဲ့ဖူးဘူး။'
' မေမေရေးပေးရင် ဆုရမှာသေချာတယ်မေမေ။ တခြားသူတွေလည်း သူတို့အမေကို ရေးခိုင်းကြမှာ...' ဟု သမီးလေးက မျက်ရည်တလဲ့လဲ့နဲ့ ပူဆာသော်လည်း သည်နေရာမှာတော့ သမီးမျက်ရည်ကို ကျွန်မ ဥပကာပြုရတော့မည်။
' မေမေရေးမပေးနိုင်ဘူးသမီးရယ်။ ဒီလို သူများရေးပေးပြီး ရမယ့်ဆုကို သမီးယူရမှာ မရှက်ဘူးလား။
သမီးကို မေမေဝယ်ပေးထားတဲ့ စာစီစာကုံးစာအုပ်တွေ ရှိသားပဲ။ လိုသေးရင်လည်း စာအုပ်ဆိုင်ပြေးပြီး ထပ်ဝယ်ပေးမယ်။
အဲဒါတွေဖတ်၊ အချက်အလက်တွေစု၊ ရှေ့နောက်စီပြီး သမီးရေးကြည့်၊ မေမေစစ်ပေးမယ်...' .... ဟု ကျွန်မ ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။
' မေမေက သမီးအတွက် လမ်းပြပေးသူပဲဖြစ်ချင်တယ်။ လမ်းဖောက်မပေးချင်ဘူး။ ကိုယ့်လမ်းကိုယ်ဖောက်ရတာ သူများဖောက်ပေးတဲ့လမ်း လျှောက်ရတာထက် ပိုပင်ပန်းကောင်းပင်ပန်းလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အားကိုးမှု၊ ယုံကြည်မှု၊ စိတ်ချသေချာမှုတွေမှာတော့ ကိုယ့်လမ်းကိုယ်ဖောက်သူကို ဘယ်သူမှ မယှဉ်သာဘူးသမီး..'
ကျွန်မ၏ ရပ်တည်ချက်သည် သမီးအတွက် လောလောဆယ်မှာတော့ စိတ်ပျက်အားငယ်စရာ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ စာစီစာကုံးစာအုပ်တွေကြားမှာ ခေါင်းမဖော်နိုင်အောင် သမီးလေးဗျာများနေတော့ ကျွန်မက သမီးနားမှာ အသည်းမာမာထားကာ စောင့်ကြည့်လို့သာ နေခဲ့ပါသည်။ သူ့ဖာသာစုထားသော အချက်အလက်များကို သူကိုယ်တိုင်ရေးပြီးခါမှ ကျွန်မက စစ်ရုံသာစစ်ပေးခဲ့၏။
အဲသည်စာစီစာကုံးပြိုင်ပွဲမှာ သမီးလေးဆုမရခဲ့ပါ။ သို့ပေမယ့် ကိုယ့်အားကိုယ်ကိုးတတ်သွားမည့် သမီးအတွက် ကျွန်မ ကျေနပ်ပါသည်။ သမီးလေး သူ့ဘဝကို သူကိုယ်တိုင် စာစီကုံးရသည့်တစ်နေ့မှာ လှပသောစိတ်ကူးအတွေးများနှင့် သေသပ်ကျနသည့် စာတစ်ပုဒ်အဖြစ် ဖန်တီးတည်ဆောက်နိုင်လိမ့်မည် ဟုလည်း ကျွန်မယုံကြည်မိပါသည်။
xxxxxx
လပတ်စာမေးပွဲဖြေပြီး ပြန်လာသောတစ်နေ့မှာ သမီးက ကျွန်မကို တစ်ခုပူဆာပြန်၏။
' မေမေ...သုံးဆင့်တွက်ရမယ့် ပုစ္ဆာတစ်ပုဒ်ကို သမီးနှစ်ဆင့်ပဲတွက်ခဲ့မိတယ်။ အဖြေတိုက်ကြည့်တာတော့ မှန်တယ်မေမေ။
အလယ်ဆင့်ကို သမီးကတွက်မပြဘဲ စိတ်နဲ့တွက်ပြီးအဖြေတန်းရေးမိတာ။လုပ်ပါဦးမေမေရယ်။ ဆရာမကို သွားပြောပေးပါဦး။ '
' ဟယ် သမီးရယ်။ သုံးဆင့်တွက်ရမယ့်ပုစ္ဆာဆို သုံးဆင့်တွက်မှ အမှတ်ပြည့်ရမှာပေါ့။ '
' ဟင့်အင်း မေမေ။ သန္တာ့အမေဆို ဒီလိုမျိုး သွားသွားပြောပေးလို့ သန္တာအမှတ်တွေ အမြဲပြည့်နေတာ..။ အရင်တစ်လကလည်း
သူအဆင့်ကျော်တွက်တာကို ဒီလိုပဲ သူ့အမေသွားပြောတာ အမှတ်ပြည့်ရသွားတယ်လေ.. '
ပြောရင်းဆိုရင်း သမီးက မျက်ရည်များကျလာပါသည်။ သမီးစိတ်ထဲမှာ သူ့အမေက သန္တာ့အမေလောက် အားမကိုးရ ဟု အပြစ်တင်ချင်ပုံပါ။ သည်တော့မှ သမီးနှလုံးသားကို ဆူးတစ်ချောင်းနစ်ဝင်နေတာ ပြည်တောင်တည်နေပါပကောဟု ကျွန်မသိရပါသည်။
ကျွန်မမှာ အသာအယာ ဆွဲထုတ်ပေးနိုင်ဖို့ ကြိုးစားရပြန်ပါ၏။
ကျွန်မက အမှားလုပ်မိတာဟာ ကြောက်စရာမဟုတ်ကြောင်း၊ အမှားရှိမှ အမှန်ကိုသိလာမည်ဖြစ်ကြောင်း၊ အမှားကို အတင်း
အမှန်လုပ် ငြင်းခုန်ခြင်းက အမှန်နှင့်ပိုဝေးစေကြောင်း၊အမှားကိုသိပြီးအမှန်ပြင်နိုင်မှသာ တန်ဖိုးရှိကြောင်း၊ စိတ်ရှည်လက်ရှည် ရှင်းပြရပါသည်။
သမီး၏အမှားတွေကို ပြင်ဆင်မပေးဘဲ လိုက်လံဖုံးဖိပြီး အမှတ်တောင်းပေးနေသည့် လုပ်ရပ်မှာ ကလေးကိုချစ်ရာမရောက်၊
နှစ်ရာရောက်နေသည်ကိုလည်း သမီးနားလည်လောက်မည့် ပုံကလေးများ ဥပမာပေး၍ရှင်းပြရ၏။
မိခင်တစ်ယောက်သည် ကလေး၏အမှားကို ပြင်ဆင်တတ်အောင် သွန်သင်ပေးရမည်သာဖြစ်သည်။ အမှားကိုလက်တစ်လုံးခြား အမှန်ဖြစ်အောင် လိုက်ပြင်ပေးရုံနှင့် မိခင်ကောင်းမဖြစ်နိုင်ဟု ထင်ပါသည်။
ကျွန်မကတော့ မမှန်ကန်သောနည်းလမ်းဖြင့် အမှားများကိုဖုံးအုပ်ကာကွယ်ပေးပြီး သမီးလေး၏ အနာဂါတ်ကို မဖျက်ဆီးမိချင်ပါ။
အမှန်တော့ ကလေးတွေက အပြစ်ကင်းစင်ပြီး ရိုးသားဖြူစင်ကြပါသည်။ ဖြူစင်ရိုးသားသောကလေးတွေကိုသာ လူကြီးမိဘများက အရောင်မဆိုးမိစေရန် သတိပြုရမည်။
ကျွန်မပတ်ဝန်းကျင်မှာ မြင်ရသလောက်တော့ 'ကလေးတွေကတော်တော်၊ မိဘတွေကကဲကဲ' ဖြစ်နေကြ၏။ အတန်းထဲမှာ အဆင့်တစ်ရဖို့၊ ကျောင်းဆုပေးပွဲမှာ ဆုတံဆိပ်တွေပိုင်ဆိုင်ဖို့၊ နည်းပေါင်းစုံနှင့် မိဘများက လုံးပန်းနေသည့်နောက်ကို ကလေးတွေက ဖတ်သီဖတ်သီနှင့် လိုက်နေရသည်ဟု မြင်မိသည်။
ကျွန်မတို့ငယ်ငယ်ကတော့ ကျောင်းသားတစ်ယောက် စာတော်ခြင်းသည် သူ၏ပင်ကိုအရည်အသွေးနှင့် သူ့ကြိုးစားအားထုတ်မှု သက်သက်သာ ဖြစ်ခဲ့၏။ မိဘများက မတွန်း၊ ဖိအားလည်းမပေး။ ကိုယ်တိုင်စိတ်ပါမှသာ စာတော်သူတစ်ယောက် ဖြစ်လာရသည်။
မည်မျှဥာဏ်ကောင်းပါစေ။ စာကိုစိတ်မဝင်စားသော ကလေးက မိဘပယောဂဖြင့် ဆုရသည့်စာရင်း ဝင်လာလေ့ မရှိခဲ့။
ခုခေတ်မှာတော့ ကလေး၏ ပင်ကိုယ်အရည်အချင်းနှင့် စိတ်အားထက်သန်မှုက နည်းနည်း၊ မိဘတွေ၏ ယောက်ယက်ခတ်မှုက ပိုများနေလေသလားဟု ကျွန်မမြင်မိပါသည်။ သည်တော့ ဆရာ၊ဆရာမတွေဆီ ချဉ်းကပ်ပုံတွေကလည်း အဘယ်မှာနည်းမှန်ပါတော့မည်နည်း။
ပညာရေးစနစ်ကြီးကို ဝေဖန်နေမည့်အစား၊ ဆရာတွေမကောင်းကြောင်း စကားတင်းဆိုမည့်အစား မိဘများက ပထမဦးဆုံး ရပ်တည်ချက်မှန်ကန်စေဖို့ ကြိုးစားသင့်သည်ဟု ကျွန်မထင်ပါသည်။ 'လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဘ' ဟု အဆိုလည်း ရှိသည်မဟုတ်လား။
မိဘများသည် ဆရာများနှင့်ပူးပေါင်းရာတွင် မှန်ကန်သော စိတ်စေတနာမျိုးဖြင့်သာ ကလေးငယ်များ၏ အနာဂါတ်ကို ပိုမိုတောက်ပစေသင့်ပါသည်။
xxxxxx
ခု နောက်ပိုင်းတွင် သမီးလေးရှေ့မှာ ဆရာ၊ဆရာမများအကြောင်း စကားတင်းမဆိုမိစေရန် ကျွန်မ အထူးသတိပြုမိရသည်။
ခုခေတ်ကလည်း ကျောင်းသားမိဘအချင်းချင်း တွေ့သည်နှင့် ဆရာ၊ဆရာမအကြောင်းက မပါလျှင်မပြီးသည့် ခေတ်စားလှသော ခေါင်းစဉ်ဖြစ်နေ၏။ ကလေးတွေကိုယ်တိုင်ကလည်း 'ဆရာမက ဘယ်သူ့ဆို မျက်နှာလိုက်တာ၊ ဘယ်ဝါ့တော့ ဘယ်လောက်အပြစ်လုပ်လုပ်၊ ဗွေမယူ၊ဘယ်သူက အမှတ်လျော့တာကို စောဒကသွားတက်တာ ရလာပြန်ပြီ'နှင့် အိမ်ရောက်လျှင် မိဘတွေကို ဖောက်သည်ချတတ်သည်လေ။
အမှန်တော့ လက်ချောင်းကလေးများအားလုံး မညီသကဲ့သို့ ဆရာ၊ဆရာမအားလုံး အထွဋ်အထိပ်ရောက်အောင် စိတ်စေတနာ ပြည့်ချင်မှပြည့်ပါလိမ့်မည်။ သို့ပေမယ့် စေတနာဆိုးနှင့် သူယုတ်မာစိတ်ကတော့ အာစရိယဂုဏောနှင့် မည်သို့မှမအပ်စပ်သည်မို့ ဆရာဖြစ်လာသူတိုင်း သည်လိုစိတ်တော့ ရှိမည်မထင်ပါ။
သည်တော့ ဆရာတော်ကြီးများ၏ အဆုံးအမထဲကလို 'တကာ၊တကာမတွေသည် သံဃာ့ဂုဏ်မစောင့်ထိန်းသော သံဃာ တစ်ပါး တစ်လေကိုမြင်ပြီး သံဃာတော်များအပေါ် သိမ်းကျုံးအကြည်ညိုပျက်ကာ မထီမဲ့မြင်၊မရိုမသေပြုမိပါက အရိယာသံဃာများကိုပြစ်မှားမိပါလျှင် မဂ်တားဖိုလ်တားဖြစ်မည် စိုးလှပါကြောင်း...၊ သံဃံသရဏံဂိစ္ဆာမိဆိုသည်မှာ ဘုရားအဆုံးအမကို ယနေ့ကာလအထိ စောင့်ထိန်းသယ်ဆောင်
လာပေးသော သံဃာတော်အရှင်သူမြတ်များ၊ အရိယာများကို ရည်စူးအာရုံပြု၍ စိတ်ရှင်းသန့်စွာ ကုသိုလ်ယူကြရန်..' တိုက်တွန်းခဲ့သလိုပါပဲ။
'အာစရိယဂုဏော အနန္တော' ဟုဆိုရာမှာလည်း စေတနာသုံးတန်ပြဌာန်း၍ ဆရာ့ဂုဏ်အပြည့်ရှိသော ဆရာများကို အာရုံပြုကြည်ညိုရမည်သာ ဖြစ်ပါသည်။
သို့ကြောင့် သမီးက ' ဆရာမက မျက်နှာလိုက်တယ် မေမေ...' ဆိုသော စကားမျိုးပြောလာချိန်တွင် ကျွန်မက သမီးနောက်ကို ယောင်ဝါးဝါးနှင့်လိုက်ပြီး ဆရာ၊ဆရာမ မကောင်းကြောင်း ပြောမည့်မိဘမျိုးမဖြစ်ရအောင် သတိကြီးကြီးထားရပါလိမ့်မည်။
အနာဂါတ်၏ အဖိုးတန်ရတနာဖြစ်သော ကလေးများ၏နှလုံးသားကို ဆူးများ ထပ်မစူးစေချင်ပါ။ အကယ်၍ စူးလာခဲ့လျှင်လည်း ပိုမိုနက်ရှိုင်းစွာ စိုက်ဝင်သွားစေမည့် လက်မျိုးရှိသည့် မိခင်တစ်ယောက်မဖြစ်ချင်ပါ။
ကျွန်မ၏လက်အစုံသည် သမီးလေးအတွက် ကျွမ်းကျင်လိမ္မာသော ဆူးဖယ်လက်သာလျှင် ဖြစ်ချင်မိပါသည်။
xxxxxx


ဝေ (စီးပွားရေးတက္ကသိုလ်)
February, ၂ဝ၁၂... မဟေသီမဂ္ဂဇင်း 

သတ္တမအကြိမ် ရွှေအမြုတေစာပေဆု... အက်ဆေးဆု

11 comments:

  1. ဟုတ်တယ်အမရေ..ဒီဘက်ခေတ်မှာမြင်လာရတဲ့မမြင်ချင်တဲ့အရာတွေမှာအဲဒါလည်းပါတယ်..ညီမလည်းကျောင်းတုန်းကတော်တော်ခံခဲ့ရဖူးတယ်..မေမေကျူရှင်မထားဘူးလေ...ရေငုံထားတာကိုဆရာမကသူ့ကိုစူပုပ်ထားပါတယ်ဆိုပြီးအရိုက်ခံရတာကိုမေ့လို့မရသေးဘူး...စိတ်ထဲမှာထင်နေတုန်းပဲ..အဲဒီအချိန်တုန်းကညီက ၅တန်းပဲရှိသေးတယ်...

    ReplyDelete
  2. ဖတ်လို့ ကောင်းလိုက်တာ အစ်မရယ်... လောကလမ်းထဲ တိုးဝင်တဲ့ တစ်နေ့ ဘယ်သူဟာ မိခင်ကောင်း တစ်ယောက်ဆိုတာကို သားသမီးတိုင်းက သေချာသိလာမှာပါ...

    ReplyDelete
  3. လူငယ်တွေအတွက် ဆူးတွေ၊ ဘ၀အတွက် အနာတရ ဖြစ်တဲ့ ဆူးတွေ မစူးဖို့ မဖြစ်ဖို့ သတိထားရမယ်။

    ReplyDelete
  4. အဖြူရောင်သက်သက်ကလေးတွေဟာ ပတ်ဝန်းကျင်ရဲ့အရောင်ဆိုးမှုကိုခံကြရတာပါ။
    မိခင်တိုင်းပိုင်ဆိုင်တဲ့လက်တစ်စုံဟာ ဆူးဖယ်တဲ့လက်များသာဖြစ်နိုင်ကြပါစေလို့ တောင်းဆုလေးပြုမိပါတယ် ဝေရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကျွန်မ၏လက်အစုံသည် သမီးလေးအတွက် ကျွမ်းကျင်လိမ္မာသော ဆူးဖယ်လက်သာလျှင် ဖြစ်ချင်မိပါသည်။
    မမဝေ.. ဒီဆောင်းပါးလေးက အသိနဲ့ သတိရလိုက်ပါတယ်။

    ReplyDelete
  6. ခုခေတ် မိဘတွေ အတုယူသင့်တဲ့ ကလေးကို ကိုင်တွယ်ပုံလေးပါ...
    တော်ရုံမိဘတွေဆို ကိုယ့်သားသမီးဆုရစေချင်တော့ စာစီစာကုံးဆိုလည်း ရေးပေးကြမှာဘဲ..
    ဟုတ်တယ် နော်. အစ်မပြောသလို ကလေးက ကိုယ့်အားကိုယ်ကိုးချင်စိတ် လျော့သွားတော့မှာ.. ရှေ့ဆောင်လမ်းပြကောင်းတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်ကို မလွယ်ဘူးနော်..
    ဝတ္ထုလေးက ဒီနေ့ခေတ်အခြေအနေကို ရှင်းနေအောင် ထင်ဟပ်နေတာဘဲ

    ReplyDelete
  7. ဒီလိုမိခင်ဖြစ်ဖို့ မိခင်တိုင်းသိသင့်တယ်အမရယ်။ ဒါမှ ကလေးတွေက ကိုယ့်အားကိုယ်ကိုး ရဲမှာ။ ကလေးတွေ ဘ၀လှပဖို့ဆိုတာ မိခင်ပေါ်မှာအရေးကြီးတယ်။ ဘာလို့လဲဆိုတော့ သားသမီးက မိခင်နဲ့ ပိုရင်းနှီးလို့လေ။

    ReplyDelete
  8. မိဘတိုင်းရဲ့ လက်အစုံဟာ သားသမီးတိုင်းအတွက် ကျွမ်းကျင်လိမ္မာသော ဆူးဖယ်လက်သာလျှင် ဖြစ်ချင်မိပါသည်။
    အတုယူထိုက်တဲ့ ပို့ စ်လေးပါ။
    စာတွေဆက်လက်ရေးအားကောင်းပါစေ...

    ReplyDelete
  9. မိဘတိုင်းဖတ်သင့်တယ်... ဆရာတိုင်း ဆင်ခြင်သင့်တယ်...
    ကလေးတွေရဲ့စိတ်မှာ ဆရာတွေက ဆူးစူးအောင်မလုပ်မိဖို့ လိုသလို၊ မိဘတွေကလည်း ဆူးဖယ်တတ်ဖို့လိုပါမယ်..
    အသိတရားပေးတဲ့ အက်ဆေးလေးပါ...

    ReplyDelete
  10. ပျော်တယ်ဗျို့..။ အက်ဆေးဆုရတယ် ဆိုတဲ့ သတင်းကောင်းအတွက် ထပ်တူ ၀မ်းမြောက် ဂုဏ်ယူပါတယ် ခင်ဗျား။
    ခင်မင်သော သတိုး

    ReplyDelete
  11. အရောက်လာကာ
    ဖတ်ရှူမှတ်သားသွားပါတယ်...

    ReplyDelete