မြင်နေကျမြင်ကွင်းပေမယ့် ကျွန်မစိတ်တွေက ယိမ်းထိုးနေတော့ အိတ်ထဲက အစိမ်းထုပ်လေးကလည်း လှုပ်ခုန်နေသလိုပဲ။
လက်ယပ်ခေါ်နေတာလား။ လက်ခါပြနေတာလား။
လက်လှမ်းလိုက်ရင်တော့ ဆုပ်ကိုင်မိတော့မှာ သေချာတယ်။ လက်ပြန်အရုတ်မှာ ကျွန်မဘဝဟာ ပြောင်းလဲသွားမှာကလည်း အသေအချာပါပဲ။ လက်ထဲပါလာတဲ့တန်ဖိုးဟာ များလေလေ.. ကျွန်မရဲ့တန်ဖိုးဟာ နိမ့်လေလေ။
လက်ထဲ ဘာမှမပါခဲ့ရင်တော့ ကျွန်မတန်ဖိုးဟာ မပြောင်းလဲဘူးပေါ့။ ဒါပေမယ့် လက်မလှမ်းမိအောင် စိတ်ထိန်းနိုင်လိုက်ရင် ပိုအဖိုးတန်မှာ မဟုတ်လား။ ဒီတော့ အစောကတည်းက စိတ်မယိမ်းယိုင်ဘဲ ရိုးသားမှုခိုင်မာခဲ့ရင် တန်ဖိုးဟာ အမြင့်ဆုံးဖြစ်မယ်ထင်ပါရဲ့။
xxxxxxxx
ဆိုင်ရှေ့ စက်ဘီးရပ်လိုက်တယ်ဆိုရင်ပဲ...' ဟော သင်းသင်းမွှေးရောက်လာတာ အတော်ပဲဟေ့...' လို့ မမစိုးက ခုမှ စိတ်သက်သာရာ ရသွားတဲ့မျက်နှာနဲ့ ကျွန်မကိုကြိုဆိုပါတယ်။
အမှန်တော့ သူတို့မလုပ်ချင်တဲ့ အလုပ်တစ်ခုကို မလွှဲမရှောင်သာ ဖြစ်နေတုန်း ကျွန်မရောက်လာလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတာပါ။
အိမ်အကူ ဘယ်တော့မှမမြဲတဲ့ ဆိုင်ရှင်တွေက အရောင်းအဝယ်နဲ့ အမြဲလည်းမအားလပ်တော့ ' ဘယ်သူဘယ်ဝါရေ.. တံမြက်စည်းလှည်းလိုက်ပါဦး။ ပန်းကန်လေး ဆေးပေးပါဦး' ...နဲ့ ဒီလိုပဲ နီးစပ်ရာ တွေ့တဲ့သူကို ခိုင်းတတ်တယ်။
အခွင့်အရေးဆိုရင်သာ အလုအယက်ဦးချင်တာ။ ဒါမျိုးကျတော့ ဘော်လီဘောလို ကိုယ့်ဆီမကျအောင် ပုတ်ထုတ်နေတတ်တော့ နောက်ဆုံး.. စီနီယာတွေကိုကျော်ပြီး ကျွန်မဆီသာ ရောက်လာတာပါပဲ။
' ဆေးရောင်းဖို့ အလုပ်ဝင်တာ။ ပန်းကန်ဆေး၊ ကလေးထိန်းလုပ်ချင်မှတော့ စားသောက်ဆိုင်တို့ အိမ်ဖော်တို့ပဲ လုပ်တော့မှာပေါ့။ အဲဒါကမှ စားစရိတ်ငြိမ်းမို့ တွက်ခြေကိုက်ဦးမယ်....'
မမစိုးက ဒီလိုမကြားတကြားပြောပြီး ခပ်တင်းတင်းပဲ။ ကျွန်မမှ မဆေးပေးဘဲ ယောင်လည်လည် ရှောင်ဖယ်နေမိရင် ဆိုင်ရှင်ရဲ့မိခင် ရောဂါသည် အမေအိုက တပျစ်တောက်တောက်နဲ့ ထလုပ်ရရှာတာဆိုတော့ ကျွန်မလည်း အသည်းမာမာနဲ့ မနေရက်ဘူးလေ။
အိမ်မှာဆို ကိုယ့်ပန်းကန်ကိုတောင် တစ်ခါတစ်လေ ကျောင်းချိန်မမီဖြစ်နေရင်၊ ဒါမှမဟုတ် အလုပ်ချိန်နောက်ကျနေရင် အမေက ' ထားခဲ့သမီး။ ထားခဲ့ပြီး မြန်မြန်သွားတော့...' လို့ နားလည်ပေးတတ်တာကို သတိရမိတယ်။
ပြည့်စုံတဲ့မိသားစု မဟုတ်ပေမယ့် အဖေနဲ့အမေက သားသမီးကို ပညာအမွေတော့ ပြည့်စုံအောင်သင်ပေးမယ်လို့ ရည်ရွယ်ချက်ကြီးခဲ့ရှာတယ်။ ကျွန်မ အထက်တန်းအောင်တော့လည်း အဝေးသင်တက်ရင်း အလုပ်လုပ်တာတောင် မိဘတွေက စိတ်မကောင်းရှာဘူး။
ကံကောင်းချင်တော့ ဆေးဆိုင်တစ်ခုမှာ အရောင်းစာရေးအလုပ်ရခဲ့တယ်။ တခြားအရောင်းအဝယ်ထက်စာရင် ဆေးဆိုင်ဆိုတာ လုပ်ငန်းအတွေ့အကြုံရလာရင် ဆိုင်မှာ ဝင်ထွက်နေတဲ့ ဆေးကုမ္ပဏ္ဏီတွေမှာ အလုပ်ရနိုင်တယ်လေ။ မမဇာလိုပေါ့။
မမဇာဆိုတာ ခု ကျွန်မအလုပ်လုပ်နေတဲ့ ဆေးဆိုင်မှာ အရင်ကတော့ အရောင်းစာရေးပါပဲ။ ကျွန်မတို့လို အဝေးသင်တက်ရင်း ဆေးရောင်းလာခဲ့တာ...။ ခုဆို ဘွဲ့လည်းရ။ ဆေးကုမ္ပဏ္ဏီတစ်ခုမှာ အလုပ်လည်းရ။ ပြောင်လို့၊ ရောင်လို့။ ငွေဆိုတာလည်း ရွှင်လို့။
ဆေးဆိုင်ပိုင်ရှင်ကိုယ်တိုင်က သူကိုယ်စားလှယ်ယူထားတဲ့ ဆေးကုမ္ပဏ္ဏီမှာ ခန့်ပေးလိုက်တာ။ ကုမ္ပဏ္ဏီအလုပ်တွေအားတာနဲ့ ဒီဆိုင်မှာပဲ တစ်နေကုန် ကူရောင်းပေးတာဆိုတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိနေတဲ့ပုံပဲ။ ဆေးဆိုင်မှာလည်း ပါဝါရှိသလား မမေးနဲ့။ ဆိုင်ရှင်ပြီးရင် သူပဲ။ တစ်ခါတစ်ခါ သူ့အအော်အငေါက်က ဆိုင်ရှင်ထက်တောင် ကြမ်းနေသေးလို့ သူ့တောင်ပိုကြောက်ရင် ကြောက်နေရသေးတာ။
' ဟဲ့...ပန်းကန်ဆေးဆိုပြီး တွေးနေငေးနေလိုက်တာ၊ တစ်နေကုန်တော့မယ်။ သင်းသင်းဟာလေ။ အဲလို နှေးကွေးလို့ကို ရှေ့မရောက်နိုင်တာ။ ဆိုင်ရှေ့မှာ အော်ဒါတွေကျနေတာ မသိဘူးလား။ ထွက်စမ်း ရှေ့ကို၊ မြန်မြန်...'
မမဇာရဲ့အော်သံကြောင့် ကျွန်မဘေးမှာ ဟင်းအိုးပြင်နေတဲ့ အဘွားက သက်ပြင်းချတယ်။
' အင်း...လူအိုရင် ခွေးတောင်မှ မခန့်ချင်တော့ဘူးဆိုတာ တကယ်ပဲ...' လို့ ညည်းရှာတယ်။ ဟုတ်လည်းဟုတ်ပါရဲ့။ မမဇာဟာ ဆိုင်ရှင်လင်မယားကိုကျတော့ ဖားလိုက်တာဆိုတာ။ အဘွားများဆို သူ့သားကွယ်တာနဲ့ မထီလေးစားလုပ်ချင်တယ်။
အဲဒါကြောင့်လည်း ကျွန်မက အဘွားကိုသနားပြီး ဟင်းချက်ကူ၊ ပန်းကန်ဆေး၊ သန့်ရှင်းရေးလုပ်ပေးရင်း တဖြေးဖြေး တစ်ဆိုင်လုံးရဲ့ ခိုင်းဖတ်ကိုဖြစ်ရော။ အားနာတတ်သူကို အားမနာလျှာမကျိုး...' ကော်ဖီလေး ဖျော်ပေးပါဦး..' ၊ ' တလက်စတည်း
ဒီဂျိုင့်လေး ထည့်ဆေးလိုက်ပါဟယ်...' ၊ ' ကြုံရင် သောက်ရေလေးတစ်ခွက် ခပ်ခဲ့စမ်းပါ...' နဲ့။
မမဇာတို့ မမစိုးတို့က အဆိုးဆုံးပေါ့။ နွယ်နွယ်အေးကတောင် သူငယ်ချင်းအချင်းချင်း၊ အတူတူ အလုပ်ဝင်တာချင်းတောင်မှ စီနီယာတွေနဲ့ အဖွဲ့ကျပြီး ကျွန်မကို ဆရာလုပ်ချင် လုပ်တတ်သေးတာ။
xxxxxx
မမဇာက ဆေးကုမ္ပဏ္ဏီဝန်ထမ်းဆိုတော့ ထောတယ်။ရဲတင်းသွက်လက်တယ်။ကြည့်
လိုက်ရင် အမြဲတောက်ပတက်ကြွနေတာပဲ။
နယ်တွေကို အရောင်းမြှင့်တင်ရေးခရီး တစ်ခေါက်ထွက်ရင် ခရီးစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်တွေ တော်တော်ရတယ်ဆိုပဲ။ ဆေးနမူနာ တွေလည်း အတော်ရတာမို့ ဆေးဆိုင်တွေကို ပြန်ရောင်းစားတာနဲ့တင် ကုမ္ပဏ္ဏီကပေးတဲ့ လစာလောက်ကို အရေးမလုပ်ဘဲ နေနိုင်တယ်တဲ့။
ဆေးဆိုင်မှာ မမဇာရှိတဲ့နေ့ဆို မမဇာရဲ့ ပြောလုံးတွေအောက်မှာ ကျန်တဲ့သူတွေက အားအကျကြီးကျလို့ပေါ့။
မမစိုးကလည်း နောက်ထပ်ကိုယ်စားလှယ်ယူမယ့် ဆေးကုမ္ပဏ္ဏီမှာ အလုပ်သွင်းပေးဖို့ စောင့်နေတာ။ သူ့ရှေ့ကစီနီယာ ကိုဇော်လင်းနဲ့မမဇာတို့ပြီးရင် သူ့အလှည့်ရောက်ပြီကိုး။
မမစိုးလည်း ကိုဇော်လင်းလို စက်ဘီလေးနင်းရတဲ့ ဘဝကနေ ဆိုင်ကယ်လေးနဲ့အကြော့သား ဟန်ပေးချင်မှာပေါ့။ မမဇာလို ရွှေကြိုးမျှင်လေးကနေ စိန်လော့ကက်တပ် ဆွဲကြိုးကြီးနဲ့ ခေါင်းမော့ချင်မှာပေါ့။ ဒါပေမယ့် မမစိုးလည်း ဟိုတလောကမှ ရွှေလက်ကောက်လေး ဝယ်ထားတာ ဘာကြာသေးလို့တုန်း။
ပြောရရင် ကျွန်မတစ်ယောက်တည်း မတိုးတက်ဘဲ ဒုန်ရင်းဖြစ်နေတာပါ။ ကျွန်မနဲ့အတူ အလုပ်ဝင်တဲ့ သူငယ်ချင်းကတောင် အိမ်မှာ တီဗွီနဲ့ဗွီစီဒီစက် ဝယ်နိုင်သွားပြီ။ အဝေးသင်တက်ခါနီးအမှီ စက်ဘီးအသစ်တစ်စီးဝယ်နိုင်ဖို့ ကြိုးစားရမယ်လို့တောင် မနေ့က အလုပ်သိမ်းအပြန်မှာ ညည်းနေသေးတယ်။
အမှန်က ကျွန်မရောနွယ်နွယ်အေးရော တစ်ရပ်ကွက်တည်းက ဘဝတူ ပိန်မသာလိမ်မသာတွေပါ။ သူ့အဖေက ဈေးရှေ့မှာ လက်သဲညှပ်တို့၊ နားဖာကလော်တို့၊ ပရုပ်လုံးတို့လိုမျိုး စုံစီနဖာ ဗန်းလေးနဲ့ လွယ်ရောင်းလိုက်၊ ချရောင်းလိုက်လုပ်တဲ့ လမ်းလျှောက်ဈေးသည်။
အမေက ရာသီပေါ်သီးနှံလေးတွေ မြို့ထဲလှည့်ရောင်းတဲ့ ဈေးသည်။ မောင်နှမကလည်း များတယ်။
ကျွန်မအဖေကတော့ ဆိုက်ကားဆရာ၊ အမေက မနက်ဈေးမှာ မုန့်စိမ်းပေါင်းရောင်းတယ်။ မောင်နှမသုံးယောက်မှာ ကျွန်မက အကြီးဆုံး။ အဖေရောအမေရော ကြိုးစားကြပေမယ့် အဖေက ပန်းနာရောဂါသည်ဆိုတော့ တစ်ခါတစ်လေ ရောဂါထလာရင် ဆိုက်ကားနင်း
မထွက်နိုင်ဘူး။ ဒါဆို အမေက ညဈေးမှာ အသုပ်ဆိုင်လေး တစ်ခေါက်ပြေးထွက်ပြီး အဖေ့ဝင်ငွေကို အစားဖြည့်ပေးရရှာတယ်။
ကျွန်မက ဆယ်တန်းအောင်ပြီး အဝေးသင်တက်ရင်း အလုပ်လုပ်လိုက်တော့ ကိုယ့်ကျောင်းစရိတ်ကိုယ် စုနိုင်တဲ့အပြင် အိမ်ကိုပါ အနည်းအကျဉ်းပေးနိုင်လာတယ်။ ဒါပေမယ့် ကျောင်းစရိတ်ဖယ်ပြီးမှဆိုတော့ ကျွန်မပေးနိုင်တာက မစို့မပို့ပါ။ မောင်လေးနှစ်ယောက်အတွက် စာအုပ်ဖိုးတောင် အထောက်အကူမရသလို ကျွန်မအဝတ်အစား အဆင်အပြင်ကလည်း ထူးပြီး တောက်ပမလာနိုင်ပါဘူး။
တစ်ခုအံ့သြတာက နွယ်နွယ်အေးကျတော့ အလုပ်ရပြီးကာမှ သူကိုယ်တိုင်လည်း အဝတ်အစားသစ်တွေ မကြာခဏဝယ်နိုင်သလို တစ်နှစ်အတွင်းမှာ သူ့အဖေတောင် စုံစီနဖာအရောင်းသည်လေး မဟုတ်တော့ဘဲ ဈေးထဲမှာ ဆိုင်နဲ့ကနားနဲ့ ကုန်စုံဆိုင်လေးဖွင့်နိုင်နေပြီ။
ဆိုင်က ငှားထားတာဆိုပေမယ့် တစ်နှစ်စာချုပ်နဲ့ လခကြိုပေးရတာဆိုတော့ အရင်းအနှီးက ဘယ်သေးမှာလဲ။
မေးရမှာအားနာပေမယ့် တခြားရပေါက်တစ်ခုခု မရှိတာကိုလည်း အချင်းချင်းမို့ သိနေတယ်လေ။ ဥပမာ အမွေရစရာတို့၊ ထီပေါက်တာတို့ ရှိမှမရှိတာ။ ပြီးတော့ နွယ်နွယ်အေးကို မသိမသာ အကဲခတ်ကြည့်တော့လည်း သူ့အမူအရာတွေက အကဲမရဘူး။
ရုတ်တရက် အလုပ်လုပ်နေရာကနေ ကောက်ကာငင်ကာ ဖြတ်ကနဲပျောက်သွားတာတို့၊ ဆေးအော်ဒါထုတ်ဖို့ဆိုပြီး ဂိုဒေါင်ထဲဝင်သွားတာ တော်တော်ကြာနေတာတို့၊ ခေါင်းမူးလို့ အချဉ်ထုပ်ဝယ်စားဦးမယ် ဆိုပြီး လမ်းထိပ်ခဏခဏ ထွက်တာတို့။ ပြီးရင် သူ့အိမ်က အမတို့၊ ညီမတို့၊ မောင်တို့ကလည်း ခဏခဏရောက်လာတတ်သေးတယ်။ ဘာကိစ္စ ညာကိစ္စ အကြောင်းပြချက်ကလည်းစုံတယ်။
သူငယ်ချင်းမို့ ဖွင့်မမေးရက်ပေမယ့် သူတစ်ခုခု မရိုးသားတာ လုပ်နေတယ်လို့တော့ အလိုလိုသိစိတ်နဲ့ ကျွန်မရိပ်မိနေတယ်။ သူက ကျွန်မကိုသာ လျှို့ဝှက်ချင်တာ။ ခုတစ်လော မမစိုးနဲ့တော့ တော်တော်လုံးထွေးနေတာ သတိထားမိတယ်။
ဒါပေမယ့် မနက်တိုင်း ကျွန်မကို အိမ်အလုပ်ကူညီဖို့ မီးဖိုချောင်ထဲ တွန်းလွှတ်နေကျမို့ ဆိုင်ရှေ့ကတစ်ဖွဲ့လုံးဟာ ကျွန်မနဲ့ စည်းတစ်ခုခြားနေသလိုမျိုး သူစိမ်းဆန်ဆန်ကြီး။ တစ်ခါတစ်လေ သူတို့အားလုံးစီစီညံညံ ပြောနေတဲ့စကားဟာ ကျွန်မဝင်လာကာမှ တိကနဲ ပြတ်ချင်ပြတ်သွားတတ်သလို၊ ဆက်ပြောနေရင်လည်း သူတို့ဘာသာစကားက ကျွန်မနဲ့စိမ်းနေပြန်ရော။
ဒီလိုအခါမျိုးမှာ ကျွန်မအားငယ်မိတယ်။ တစ်ယောက်တည်း အဖော်ကွဲသလို ဝမ်းနည်းနေတတ်တယ်။ အောက်ခြေသိမ်း အလုပ်တွေ သူတို့မလုပ်ချင်တာကျတော့ ကျွန်မကို ခိုင်းတတ်ပြီး အဖွဲ့ထဲကဘေးဖယ်ထားသလို ခံစားရတယ်။ မီးဖိုချောင်အလုပ်သာ ကူမလုပ်ချင်တာ။ ဖောက်သည်ဆိုင်တွေက ငွေလာရှင်းတာတို့၊ ကုပ္မဏီနဲ့ ငွေပေးငွေယူတို့ဆိုရင် သူတို့ချည်းပဲ ငွေထုပ်ကိုင်ချင်ကြသေးတာ။ ငွေရေပေးတာတို့၊ ဘောက်ချာဖွင့်ရမှာတို့ကျတော့ ပန်းကန်ဆေးရမှာလို၊ တံမြက်စည်းလှည်းရမှာလို မတွန့်ဆုတ်ကြပါဘူး။
တစ်ခါကတော့ ဖောက်သည်ဆိုင်တစ်ဆိုင်က ငွေလာချေတဲ့ဆယ်သိန်းကို တစ်ယောက်တစ်အုပ်စီ ဝိုင်းရေပေးကြတာ။ တစ်သိန်း အုပ်တွေ ရေပြီးသွားလို့ အုပ်လိုက်ပြန်ရေတော့ ကိုးအုပ်၊ ကိုးသိန်းပဲရှိတယ်။ တစ်ထောင်အုပ်တစ်အုပ် ပျောက်နေရော။ငွေလာချေတဲ့သူကလည်း သူသေချာယူလာတာ၊ ဆယ်သိန်းတိတိ။ လုံးဝမမှားဘူးတဲ့။ ဆိုင်ရှင်က ' ဟိုဟိုဒီဒီ ကျနေလား။ ရှာကြ..' ဆိုတော့လည်း မတွေ့ဘူး။
နောက်ဆုံးတော့ ငွေလာချေတဲ့သူက မကျေမချမ်းနဲ့ ကိုးသိန်းပဲ အဝင်လုပ်လိုက်ရတယ်။ ဒါပေမယ့် ဆိုင်ရှင်ကိုတော့.. ' ခင်ဗျားကောင်တွေ သတိထားဗျို့...' လို့ ပြောသွားတယ်လေ။ မမစိုးတို့ဆိုတာ စွေ့စွေ့ကို ခုန်ရော။ သူ့သိက္ခာကို ထိပါးလို့ စိတ်ဆိုးတဲ့ အကြောင်း၊ သူတို့က အခြေနဲ့အနေနဲ့ မိကောင်းဖခင် သားသမီးဖြစ်ကြောင်း၊ ဒီအလုပ်ကို ပညာသင်လာလုပ်နေတာ၊ အထင်သေးတော့ မခံနိုင်ကြောင်း၊ နောက်တစ်ခါစော်ကားရင် သူ့အမျိုးတွေထဲက ဆိုင်ရာပိုင်ရာတွေကို တိုင်မယ်ဆိုတဲ့အကြောင်း၊ ပွစိပွစိနဲ့ ရေရွတ်နေလိုက်တာ.. မဆုံးတော့ဘူး။ ကိုယ်ကျင့်သိက္ခာကလွဲပြီး ကျန်တာဘာမှ ခြေခြေမြစ်မြစ်မရှိလှတဲ့ ကျွန်မမှာတော့ အားတွေငယ်လို့ပေါ့။
ဒါနဲ့ ရက်တော်တော်ကြာပြီး နောက်တစ်ခါ ဒီလိုပုံစံမျိုးလည်း ထပ်ဖြစ်ရော ဆိုင်ရှင်က မြေလှန်ပြီးတော့ကို ရှာတော့တာပဲ။ စားပွဲအပေါ်အောက်၊ ဆေးဗီရိုကြား၊ ချောင်ကြိုချောင်ကြား၊ စာအုပ်ကြားပါမကျန်။ နောက်ဆုံး ဘယ်မှာမှရှာမတွေ့ရင် လူ့ခန္ဓာကိုယ်တွေကိုပါ စမ်းတော့မယ့်ပုံမျိုး၊ ပိုက်စိပ်တိုက်တော့တာ။
သဘောကောင်းတဲ့ဆိုင်ရှင်က တော်ရုံဆို ဝင်လိုက်ထွက်လိုက် ဧည့်သည်များတဲ့ နွယ်နွယ်အေးကိုလည်း အပြစ်မပြောဘူး။ လက်လီရောင်းရငွေတွေ စားပွဲပေါ်မှာ ဟိုဒီတင်ထားလည်း အပြစ်မတင်တတ်ဘူး။ တစ်ခါတစ်လေ အကြွေးလာဆပ်တဲ့ ငွေထုပ်ကြီးကို စားပွဲအောက် ထိုးထည့်ထားတတ်တာ သုံးလေးငါးထုပ်။ ဆိုင်ငကလည်း ရောင်းကောင်းတော့ ဖောက်သည်ရော၊ လက်လီရော ၀ယ်သူသိတ်ကျနေရင် ဆိုင်ရှင်တောင် ၀င်ကူရောင်းရတာမျိုးဆိုတော့ ဒီငွေထုပ်တွေက တော်တော်နဲ့မသိမ်းဖြစ်ဘဲ ဆိုင်ပိတ်တဲ့အထိ ဒီအတိုင်း။
ငွေတစ်အုပ်နှိုက်တာမပြောနဲ့ တစ်ထုပ်လုံးအိတ်လိုက် မ သွားရင်တောင် သူတို့သိပါ့မလားလို့ တွေးမိတော့ ကြက်သီးများတောင် ထမိတဲ့အထိ ကျွန်မ ပြစ်မှားမိမတတ် စိတ်ကဖြစ်သွားသေးတယ်။ လွယ်ရင် သူကြွယ်တောင် သူခိုးဖြစ်သေးတယ်လို့ ဆိုတာကိုး။
ဒါပေမယ့် အိမ်မှာ အဖေနေမကောင်းဖြစ်တုန်းက ပေါင်ထားတဲ့အိမ်ဂရံလေး ဆုံးခါနီးတဲ့ အကျပ်တည်းဆုံးအချိန်မှာတောင် ကျွန်မရဲ့ကြောက်စိတ်က ငွေထုပ်တွေကို လက်လှမ်းဖို့ အားမပေးခဲ့ပါဘူး။ တစ်ဖွဲ့လုံးရဲ့ဘေးမှာ ရောက်နေရကတည်းက ပိုအားငယ်တတ်လာတာလေ။ မျက်လုံးအစုံတိုင်း ကျွန်မကို ဝိုင်းကြည့်နေတယ်လို့ ခံစားရလို့ အိမ်အလုပ်တွေကူလုပ်ပေးတိုင်း အဘွားကတခြားသူတွေ
မသိအောင်ကျွေးလိုက်တဲ့ မုန့်ကိုတောင် ရဲရဲမြိုမကျနိုင်ပါဘူး။
' ဟော.. ဒီမှာတွေ့ပြီဟေ့။ အမှိုက်ပုံးထဲမှာ...'
အော်သံကြောင့် လှည့်ကြည့်လိုက်တော့ အလုပ်သမားကောင်လေးတစ်ယောက် လက်ထဲမှာ အစိမ်းရောင်ငွေထုပ်တစ်ထုပ်။
အမှိုက်ပုံးထဲက ပြန်ကောက်လာတာတဲ့။ အားလုံးရဲ့အကြည့်တွေက ကျွန်မဆီကို ပြုံကျလာတယ်။
' ခုနတုန်းက အမှိုက်ပုံးထဲ သင်းသင်းမွှေး အမှိုက်လာသွန်တယ် မဟုတ်လား...'
ဟုတ်ပါရဲ့။ အဘွားကို မီးဖိုချောင်မှာ ဟင်းချက်ကူပြီးတော့ နောက်ဖေးကအမှိုက်တွေ အိမ်ရှေ့အမှိုက်ပုံးထဲကို ကျွန်မ လာသွန်ခဲ့ တာပဲ။ အမှိုက်ပုံးထဲတော့ ငုံ့မကြည့်ဖြစ်ပါဘူး။ အဖုံးဖွင့်ပြီး ဝေါကနဲသွန်ချခဲ့တာ။ နောက်တော့ လက်ဆေးပြီး ဆိုင်ထဲတန်းဝင်ခဲ့တာပဲ။
ကျွန်မ ဘာမှ မဟုတ်တာမလုပ်ခဲ့ပါဘူး။ စိတ်နဲ့တောင်မပြစ်မှားခဲ့ဘူး။ ဒါပေမယ့် မပြေးသော်လည်း ကန်ရာရှိဆိုသလို အမှိုက်ပုံးကို နောက်ဆုံးဖွင့်သူအဖြစ် အားလုံးရဲ့အကြည့်တွေက ကျွန်မပေါ်မှာ အစိမ်းရောင်ပြောင်းနေကြပြီ။
ကျွန်မ ဘယ်လိုဖြေရှင်းရမလဲ။ မင်္သကာဖွယ်ရာ အုပ်စုကို လက်ညှိုးညွှန်လိုက်ရမလား။ မြင်ခဲ့ဖူးတဲ့ မရိုးသားတဲ့မြင်ကွင်းတချို့ကို ဖွင့်ချလိုက်ရမလား။ ဒါပေမယ့် ကိုယ်ကသူများကို လက်ညှိုးထိုးရင် ကိုယ့်ဖက်လှည့်နေမယ့် လက်တွေက အများကြီးရယ်။
လူအများအလယ်မှာ အားငယ်ထိတ်လန့်စိတ်နဲ့ ကျွန်မတစ်ကိုယ်လုံး တဖြေးဖြေးကျုံ့ဝင်သွားလိုက်တာ။ ဆိုင်အခန်းလေးရဲ့ ထောင့်မှာ ချောင်ပိတ်မိပြီး ခိုက်ခိုက်တုန်နေတဲ့ လိပ်ပြာငယ်လေးတစ်ကောင်လို သိမ်ငယ်လာတယ်။
' နေဦးဟေ့၊ ငါမေးပါရစေဦး...'
အသံနဲ့အတူ ဆေးဆိုင်ထဲကို ဝင်လာတဲ့အဘွားကို ကျွန်မအားကိုးတကြီး လှမ်းမြင်လိုက်ရတယ်။ ဒီအချိန်မှာ အလင်းတစ်စက် ကလည်း လိပ်ပြာငယ်အတွက် ထွက်ပေါက်ကို လမ်းပြနိုင်တယ်မဟုတ်လား။
xxxxxx
အမှန်က ကျွန်မကိုကယ်ခဲ့တာ ကျွန်မရဲ့ကြောက်စိတ်ပါပဲ။ ကြောက်စိတ်ကြောင့်သာ မဟုတ်ရင် အလွယ်တကူမြင်နေရတဲ့ ငွေစက္ကူထုပ်တွေ၊ ပြန့်ကျဲနေတဲ့ ဆေးကပ်တွေက အခြေခံရိုးသားတဲ့ ကျွန်မစိတ်ဓါတ်ကို နည်းနည်းတော့ စိတ်လှုပ်ရှားအောင်
စွဲဆောင်ခဲ့ဖူးတယ်။ ဒါပေမယ့် ' ရိုးသားမှုပဲ တို့မှာချမ်းသာတာ။ သစ္စာတရားသာ တို့ဘဝရဲ့ ဂုဏ်ပုဒ်...' လို့ မိဘတွေအမြဲဆုံးမခဲ့တာကြောင့် ငယ်ငယ်ကတည်းက မရိုးသားတဲ့အလုပ် လုပ်ရမှာ ကြောက်တတ်ခဲ့တယ်။
သူတကာလို ဝတ်စား သုံးစွဲချင်စိတ်တော့ ရှိတာပေါ့။ ငွေရပေါက်လမ်းတွေလည်း မသိလို့မဟုတ်ဘူး။ သိတယ်။ အဖော်ကောင်းရင်တောင် ငရဲတစ်ခေါက် ရောက်မိဦးမလားပဲ။ ဒါကြောင့် အဘွားကို အိမ်အလုပ်တွေ ကူညီပေးခဲ့ရတာကလည်း ကျွန်မအတွက် ကုသိုလ်လည်းရ၊ ငရဲလမ်းလည်း ပိတ်သလိုဖြစ်ခဲ့တယ်။ ဟိုအဖွဲ့တွေနဲ့ရောနှောပြီး အဖွဲ့တောင့်ရင် စိတ်က နဲ့ချင်နဲ့မိမှာလေ။ တစ်ယောက်တည်း အဖွဲ့ကွဲသလိုဖြစ်နေတော့ ကျန်ခဲ့တာပေါ့။
ခုတော့ အဘွားကပဲ ' ပိုက်ဆံထုပ်က အမှိုက်တွေအပေါ်ကလား။ အောက်ထဲကတွေ့တာလား...' ဆိုတဲ့အမေးနဲ့ ကျွန်မကို ကယ်တင်ခဲ့တယ်။ နို့မို့ဆို အများနဲ့တစ်ယောက် ကျွန်မ ချောင်ပိတ်မိတော့မလို့။
သူတို့ လာထည့်ထားတဲ့ငွေထုပ်ကို ကျွန်မက အပေါ်ကနေ အမှိုက်တွေလောင်းထည့်လိုက်မိတာ။ ရှာတဲ့သူက အမှိုက်ပုံး ဖွင့်ကြည့်တော့ တန်းမြင်တာမဟုတ်ဘူး။ တုတ်နဲ့ ဟိုထိုးဒီဆွလုပ်ရင်းကမှ အမှိုက်အောက်ကထွက်လာတာမို့ တော်သေးတာပေါ့။
ခုတော့ မမစိုးနဲ့ နွယ်နွယ်အေးတို့အုပ်စုကို ဆိုင်ရှင်ကပြန်စစ်တာ။ ရှေ့ကအမှုတွေပါပေါ်ပြီး တစ်ယောက်ကို သိန်း ဆယ်နဲ့ချီပြီး ပြန်လျော်ရတယ်။ မမစိုးကတော့ သူ့မိဘတွေက အိနြေ္ဒမပျက် လာလျော်ပေးသွားတယ်။ နွယ်နွယ်အေးခမျာတော့ လျော်စရာငွေမရှိလို့ ရပ်ကွက်လူကြီးဆီတောင် ရောက်လိုက်ရသေးတယ်လေ။
တကယ်တမ်းတော့ လွယ်လွယ်ရထားတဲ့ ငွေတွေဟာ လွယ်လွယ်ကုန်သွားပြီမို့ လက်ထဲမှာ ဘာမှ ဆုပ်ဆုပ်ကိုင်ကိုင် မရှိတော့ဘူးပေါ့။ နောက်ဆုံး အိမ်ရောင်းပြီး ဆပ်လိုက်ရတော့တယ်။ ဇာတ်သိမ်းတွေ မကောင်းကြပါဘူး။ မမဇာလည်း ကုမ္ပဏ္ဏီကငွေတွေ အလွဲသုံးစားလုပ်မှုနဲ့ အလုပ်ပြုတ်သွားတယ်။
ကျွန်မကတော့ ဆိုင်မှာလုပ်သက်အရင့်ဆုံး အားအထားရဆုံး စီနီယာအဖြစ်နဲ့ ကျန်ခဲ့တာပေါ့။ နောက်ထပ်အသစ်ရောက်လာတဲ့ အရောင်းစာရေးလေးတွေကို သင်ပြပေး၊ကူညီပေးရင်း၊ ဒီတစ်ခါဆိုင်ရှင်က အသစ်ထပ်ကိုယ်စားလှယ်ယူမယ့် ဆေးကုမ္ပဏ္ဏီမှာ သွင်းပေးမယ်တဲ့။
ဝင်ငွေတိုးပြီး ရာထူးတက်လာပေမယ့် ကျွန်မကတော့ အရင်လိုပဲ စက်ဘီးစုတ်လေးစီးနေရတုန်း။ ရွှေတွဲလဲ ငွေတွဲလဲမဖြစ်နိုင်ဘဲ အရောင်မှေးမှိန်နေတုန်း။ အဖေကဆိုက်ကားနင်းပြီး အမေကလည်းမုန့်ရောင်းနေရတုန်း။ အဘွားရဲ့အိမ်အလုပ်တွေလည်း ကူလုပ်ပေးနေတုန်း။
ကျွန်မစိတ်ထင် ကိုယ့်အစွမ်းအစနဲ့ ထိုက်တန်သလောက်သာ တင်းတိမ်ရောင့်ရဲနိုင်တာ အကောင်းဆုံးပါ။
ဒီ့ထက်ပိုပြီး အလိုရမ္မက်ကြီးလာရင်တော့ ဖြူစင်တဲ့လိပ်ပြာလေးကို တစ်ခုခုနဲ့ အလဲထပ်ရလိမ့်မလားလို့...။
xxxxxx
ဝေ (စီးပွားရေးတက္ကသိုလ်)
December, 2010...Faces Magazine
လိုတာထက် လောဘတက်မိရင် ဇာတ်သိမ်းမလှပုံလေးတွေ... ရိုးသားမှုဆိုတာကို တန်ဖိုးထားခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘ၀.. ရေးသွားတာလေး ဆွဲဆောင်မှုရှိတယ် အမဆရာမ။ ကောင်းလိုက်တာ.. :)
ReplyDeleteခင်မင်လျက်
Junemoe
ဆရာမရဲ့ဆောင်းပါးလေးဖတ်ပြီး ဆရာဇော်ဂျီရဲ့ “ရွှေဂုဏ် ငွေဂုဏ် ရာထူးဂုဏ်သည်၊ လူ့ဘုံလောက အကာမျှတည့်၊ သူကငြူစူ မကြည်ဖြူ၍၊ ခွါယူလိုက ခွါ၍ရ၏။ ရိုးဂုဏ် ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်၊ လူ့ဘုံလောက နှစ်သာရတည့်၊ သူကငြူစူ မကြည်ဖြူလဲ၊ ခွါယူမရ ကွာမကျ”ဆိုတဲ့
ReplyDeleteကဗျာလေးတောင် အမှတ်ရမိတယ်...။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
ဒီ့ထက်ပိုပြီး အလိုရမ္မက်ကြီးလာရင်တော့ ဖြူစင်တဲ့လိပ်ပြာလေးကို တစ်ခုခုနဲ့ အလဲထပ်ရလိမ့်မလားလို့...။
ReplyDeleteဒီလို ဘဝလေးကဘဲ အေးချမ်းလှပါတယ် အစ်မရယ်... မရိုးမသားနဲ့ ရတဲ့ ပစ္စည်းကလဲ တကယ်ကို မမြဲတာပါ... ကိုယ့်လိပ်ပြာကိုယ်လုံဖို့ ရိုးရိုးသားသားလေးနေတာ အကောင်းဆုံးပါဘဲလေ...
ReplyDeleteလောဘကိုအတောမသတ်နိုင်သူတို့ရဲ့
ReplyDeleteနိဂုံးဟာအကျည်းတန်လှပါတယ် ဝေရေ။
ဇာတ်အိမ်လေးကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျွန်မစိတ်ထင် ကိုယ့်အစွမ်းအစနဲ့ ထိုက်တန်သလောက်သာ တင်းတိမ်ရောင့်ရဲနိုင်တာ အကောင်းဆုံးပါ။
ReplyDeleteဒီ့ထက်ပိုပြီး အလိုရမ္မက်ကြီးလာရင်တော့ ဖြူစင်တဲ့လိပ်ပြာလေးကို တစ်ခုခုနဲ့ အလဲထပ်ရလိမ့်မလားလို့ ။
အရေးအသားလေးတွေကတကယ်တန်ဖိုးရှိလှပါတယ်...
စာတွေဆက်လက်ရေးအားကောင်းပါစေ.....