အမှောင်ထဲမှာ တုတ်ကောက်လေးတစ်ချောင်းကို အဖော်ပြုပြီး တရွေ့ရွေ့ကျောခိုင်း ပျောက်ကွယ်သွား တဲ့ ဖေဖေ့သဏ္ဍာန်ကို ငေးကြည့်နေရင်း ကျွန်မရင်ထဲမှာ တောင်းပန်သံတွေ ပဲ့တင်ထပ်နေမိတယ်။
ခွင့်လွှတ်ပါဖေဖေ။ သမီးကိုခွင့်လွှတ်ပါ။ ဖေဖေ့အပေါ်မှာ သမီးမနောကံနဲ့ ပြစ်မှားနေမိသမျှ၊ မကျေမနပ်ဖြစ်နေ မိသမျှ၊
စိတ်ခုနေမိသမျှ.. သမီးကိုခွင့်လွှတ်ပါ။ ကံသုံးပါးထဲမှာ မနောကံဟာ အပြစ်အကြီးဆုံးလို့ စာအုပ်ထဲမှာ ဖတ်မှတ်ခဲ့ဖူးပါတယ်။တကယ်တမ်းကျတော့ လူမသိသူမသိပြစ်မှုမို့ လူတိုင်းလိုလို မနောကံကို အလွယ်တကူ ကျူးလွန်ရဲကြတာပါ။
ကျွန်မကလည်း ကိုယ့်အပြစ်ကို ကိုယ်သိပေမယ့် စိတ်အလိုကိုလိုက်ပြီး ကျူးလွန်ခဲ့မိတယ်။ ကျူးလွန်မိနေမှန်း သိသိရက်နဲ့လည်း မရပ်နိုင်အောင် မောဟတွေ ပိတ်ဖုံးနေခဲ့မိတယ်။
ဒီညသာ ဖေဖေ ကျွန်မဆီကို ရောက်မလာခဲ့သေးရင် ကျွန်မဟာ...ဘယ်အချိန်ထိများ ငရဲတွေ ယူနေမိမလဲ။ အတ္တတွေကို ပြုစု အရောင်တင် နေမိမလဲ။
ဖေဖေ့မျက်နှာကို မြင်လိုက်ရမှ မောဟအမှောင်တွေဟာ နောင်တအဖြစ် ပြောင်းသွားပြီး မျက်ရည်တွေက ဆေးကြော ဖယ်ရှား သွားတော့တယ်။
ကျေးဇူးတင်ပါတယ် ဖေဖေ။ သမီးကို အပြစ်တစ်ခု အချိန်မီရပ်အောင်၊ အလွန်ကိုမှ လာခဲလှတဲ့ သမီးရဲ့အိမ်ကလေးကို ဒီည ရောက်လာခဲ့တဲ့အတွက် ဖေဖေ့ကို ကျေးဇူးတင်ပါတယ်။
xxxxxxxx
"ကဲ..အိမ်ကတော့ သစ်သားအိမ်လေးပဲ။ တိုက်ကလေး ဆောက်နိုင်အောင်တော့ မင်းတို့ဖာသာ ကြိုးစားကြပေတော့...."
တကယ်တော့ ကျွန်မတို့ အိမ်ကလေးက ကျွန်မမိဘတွေ နေတဲ့အိမ်နဲ့ လမ်းကွေ့တချိုးစာ လောက်ပဲ ဝေးတာပါ။ ဒါပေမယ့် ဒလာချင်ရင်အနီးလေး မလာချင်ရင် ခရီးဝေးဒ ဆိုသလိုပါပဲ။ ကျွန်မအိမ်ထောင်ကျစက မကြာခဏ အိမ်ကိုရောက်လာတတ်တဲ့ ဖေဖေဟာ ကျွန်မရဲ့မောင်နှစ်ယောက် အိမ်ထောင်အသီးသီး ကျသွားပြီးနောက်ပိုင်း ကျွန်မအိမ်ကို တဖြေးဖြေး အလာကျဲရင်းကနေ နောက်ပိုင်းဆို မေ့သလောက်ရှိအောင်ကို မလာတော့ပါ ဘူး။ ဖေဖေ အသွားဆုံး နဲ့ ခြေဦးအလှည့်ဆုံးကတော့ သူ့သားငယ်လေးအိမ်ကိုပါပဲ။
သားအကြီးက မိဘတွေနဲ့ တအိမ်တည်းအတူနေတာမို့ ဖေဖေသွားစရာ လည်စရာဆိုလို့ ကျွန်မနဲ့ မောင်အငယ်ဆုံးအိမ် နှစ်အိမ်ပဲ ရှိတာလေ။ ဖေဖေ့အိမ်ကဆိုရင် မောင်ငယ့်အိမ်က ကျွန်မအိမ်ထက် ငါးဆလောက်ဝေးပါတယ်။
ဘယ်လောက်ပဲ ဝေးပေ့စေ။ ဖေဖေဟာ တနေ့တခေါက်တော့ အနည်းဆုံး သူ့သားငယ်အိမ်ကို သွားဖြစ်အောင်သွားတတ်တယ်။ မောင်လေးအိမ်မှာ လုပ်စရာရှိတာလေးတွေ ကူညီလုပ်ကိုင်ပေးပြီးရင် အရင်တုန်းကတော့ ကျွန်မအိမ်ဖက်ကနေ လှည့်ပြန်ပြီး ခဏတဖြုတ် ဝင်တတ်ပါတယ်။ တခါတလေ ကျွန်မတို့ အလုပ်ရှုပ်နေတာတွေ့ရင် နှုက်မဆက်ပဲ အသံတိတ်လှည့်ကြည့်ပြီး ဆက်လျှောက်သွားတတ်တာ.... ခပ်လှမ်းလှမ်းရောက်မှပဲ မြင်ရတတ်ပြန်တယ်။
ဒီလိုနဲ့ တဖြေးဖြေး....ဖေဖေ ကျွန်မတို့လမ်းထဲကကို ဖြတ်မပြန်တော့ပါဘူး။ မေမေကတော့ ကျွန်မအိမ်ကို မကြာခဏ လာလည် တတ်တော့ ဖေဖေ့သတင်းကို မေးရပါတယ်။ သူ့သားငယ်အိမ်ကိုတော့ အမြဲသွားကြောင်းသိရတော့ ' အော်....ဖေဖေ လမ်းလျှောက်ရတာ ပင်ပန်းတယ် တူပါရဲ့....ခရီးချုံ့ပြီး ကျွန်မဆီ လှည့်မဝင်တော့ဘူး.... ' ပေါ့။
ဒီလိုတွေးပြီး ကျွန်မစိတ်ထဲ ဘယ်လိုမှ မနေပါဘူး။ မောင်လေးဆီတော့သွားပြီး ကျွန်မဆီမဝင်လို့ မကျေနပ်တာလည်း မရှိဘူး။ မနာလိုလည်း မဖြစ်ဘူး။ မောင်နှမသုံးယောက်ထဲမှာ ကျွန်မက အကြီးဆုံးဆိုတော့ မောင်နှစ်ယောက်ကို ဦးစားပေးတတ်လာခဲ့တဲ့ အကျင့်က ငယ်ငယ်ကတည်းက အရိုးစွဲနေပြီ။ ကျင့်သားရနေပြီလေ။
"နင့်မောင်ဟာ...တနေကုန် အလုပ်ရှုပ်နေတာ....။ ငါတို့မှုာ သူနဲ့စကားပြောခွင့် ရဖို့တောင် သူ့မျက်နှာကို တကြည့်ကြည့်နဲ့ ချောင်းနေရတယ်။ သူ့လုပ်စာသာ စားနေရရင် နေစရာတောင် နေရာရှိမှာ မဟုတ်ဘူး... "
မေမေကတော့ သူ့အိမ်မှာ အဆင်မပြေသမျှ၊ မကျေနပ်သမျှ ကျွန်မဆီမှာ ရင်ဖွင့်လေ့ရှိတယ်လေ။ သူ့မှာကလည်း စကားများများ ပြောစရာ ရင်ဖွင့်စရာဆိုလို့ ကျွန်မတယောက်ပဲ ရှိတာကိုး။
"နင့်အဖေ ဝယ်ကျွေးတဲ့ ပြောင်းဖူးစားလိုက်လို့ သူ့သားတွေ ထမင်းမစားတော့တာတဲ့။ စည်းကမ်းမရှိ လျှောက်စားရကောင်းလားလို့ ကလေးတွေကို ရိုက်တယ်လေ။ မြေးလေးတွေက ခု ငါတို့ဘာကျွေးကျွေး မစားကြတော့ဘူး။ ငါတို့နှစ်ယောက် တဖြေးဖြေး အဖော်မဲ့ပြီး စိတ်ဓါတ်ကျအောင် လုပ်နေတာ ... "
မေမေ ဒီလိုပြောတော့ ကျွန်မ စိတ်မကောင်း ဖြစ်ရပါတယ်။
"ဒါဆိုလည်း မကျွေးနဲ့ပေါ့ မေမေရယ်...။ သက်တောင် သက်သာသေးတယ်။ နို့မို့ဆို အိမ်ဖော်မရှိပဲ မေမေ့မှာ သူတို့စားဖို့ ခေါက်ဆွဲပြုတ်ရတာနဲ့ လိုက်ခွံ့ရတာနဲ့ စားပြီးသားပန်းကန်တွေ ဆေး ရတာနဲ့...ပင်ပန်းပါတယ်။ မီးဖိုချောင်ကိစ္စတွေ မေမေ့ကို မလုပ်စေချင်လို့မှ သမီးထမင်းချိုင့် ပို့ပေးနေတာ ကို....။ ကောင်းတဲ့ဖက်ကတွေးပြီး စိတ်သက်သာသလို နေစမ်းပါမေမေရာ...။"
"အဲဒါပဲ..အိမ်ဖော်မရှိရတာလည်း သူတို့ကြောင့်ပဲ။ ကိုယ့်အဖေအမေကို ချက်ပြုတ်ကျွေးဖို့နေနေသာသာ သူတို့နဲ့မတည့်တာနဲ့ ငါ့အလုပ်သမားကို နင့်မောင်ပဲ အလုပ်ထုတ်ပစ် လိုက်တာလေ...."
မေမေ့ရင်ဖွင့်စကားတွေဟာ ကြားရရင်တော့ သူတို့အခြေအနေတွေ တော်တော်ပြင်းထန်နေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် တကယ်တမ်း ကျွန်မ မိဘအိမ်သွားလည်တဲ့အချိန် လေ့လာကြည့်တော့ သူတို့ အချင်းချင်း ဆက်ဆံရေးက ဒီလောက်တော့ မဆိုးလှပါဘူး။ ကျွန်မကိုရင်ဖွင့်ရလို့ မေမေ့မှာ အတေးအမှတ်မရှိတော့ပဲ စိတ်ဆိုးပြေသွားပုံရတာမို့ အတိုင်တည်ခံ ဖြစ်ရတာကိုပဲ ကျေနပ်ရပြန်ပါတယ်။

xxxxxxxxx
"ဖိုးဖိုးနဲ့ဖွားဖွားက ဖိုးဝလေးကိုတော့ တော်တော်ချစ်တယ် မေမေရဲ့...။ ဖိုးဖိုးကြီးကဆို ထမင်းလိုက်ခွံ့တာတဲ့။ ခြံတပတ်လုံး လှည့်ပြေးနေတဲ့ ဖိုးဝကို ထမင်းပန်းကန်ကြီးကိုင်ပြီး မြေးရေ.. .မြေးရေ... နဲ့ အော်အော်ပြီး လိုက်ရှာနေတာ....။ သားတို့ကိုတော့ ဒီလိုမဟုတ်ပေါင်...။ ဖိုးဝလေးက ကံကောင်း တယ်နော် မေမေ.. "
သားက ဆယ်နှစ်ဆိုတော့ ကလေးပဲရှိသေးတာလေ။ သူ့စိတ်ထဲက ခံစားချက်ကို မဖြေသိမ့်တတ်သေးဘူး။ မမြိုသိပ်နိုင်သေးဘူး။ ဒီတော့..အမေကို တိုင်တည်ရှာတယ်။ သူ့အဖိုးအဖွားက ကျွန်မမောင်အလတ် က မွေးတဲ့သား ကို ပိုချစ်နေတယ်လို့ ထင်နေရှာတယ်တူပါရဲ့။
"သားရယ်..သားက အားလုံးထဲမှာ မြေးဦးပါ။ သားကို အချစ်ဆုံးဖြစ်ခဲ့ကြတာ အမှန်ပဲ။ အတူတူနေ တဲ့ မြေးကျတော့ လက် ပွန်းတတီးပိုရှိတာပေါ့။ ငယ်လည်းငယ်ကြတာကိုး...."
"အမယ်...သားညီမလေးက ဖိုးဝထက်ပိုငယ်ပါတယ်နော်။ အတူတူနေလို့ ပိုချစ်တာဆိုရင်တော့ ဖိုးဖိုးနဲ့ဖွားဖွားကို သားတို့ အိမ်မှာ ခေါ်ထားကြရအောင်လေ....နော်...မေမေ...နော်..."
"ဟုတ်တယ်...ဟုတ်တယ်မေမေ..။ မီးကိုလည်း ဖိုးဖိုးနဲ့ဖွားဖွားက သိတ်မချစ်ကြသလိုပဲ။"
အသက်ငါးနှစ်ပဲရှိသေးတဲ့ ကျွန်မသမီးအငယ်လေးကလည်း သူ့အကို မနာလိုအူတိုဖြစ်ပြီး ပြောနေတာတွေကို မျက်မှောင်လေးကျုံ့ပြီး နားထောင်နေရာက တွေးတွေးဆဆလေး ဝင်ပြောလာပြန်ပါတယ်။
"သြော်....သားကလဲကွယ်...ညီမလေးပါ အထင်တွေလွဲလာအောင် လျှောက်ပြောနေပြန်ပါပြီ။ အဲလို မနာလိုဖြစ်နေတာတွေ မေမေမကြိုက်ဘူးကွာ။ သားကမြေးအကြီးဆုံးဆိုတော့ နားလည်မှုရှိဖို့လိုတယ်။
လူဆိုတာ သည်းသည်းလှုပ် ချစ်တဲ့သူတွေ ဝိုင်းနေတိုင်း ကောင်းတယ်မထင်နဲ့။ ဘေးမှာအမှီတွေ သိတ်များနေရင် စိတ်ဓါတ်က အလိုလို ပျော့ညံ့ချင်သွားရော...။ ကိုယ့်စိတ်ကိုယ် ခိုင်ခိုင်မတ်မတ် ရပ်တည်စမ်းပါသားရာ..။ မေမေ့ကို ကြည့်ပါလား...။ မေမေ့အမေက မောင်အကြီးကို ပိုချစ် တယ်။ ဖေဖေက မောင်အငယ်ကို ပိုချစ်တယ်။ ဘယ်သူ့ အချစ်ဆုံးမှ မဖြစ်လည်း မေမေကိုတော့ မချစ်ပဲလည်း မနေပါဘူး..."
ပြောသာပြောရတယ်။ ကျွန်မရင်ထဲကတော့ သားကို စာနာစိတ်နဲ့ နေလို့မကောင်းလှတော့ပါ။ မြေးဦးဖြစ်လို့ အဖိုးအဖွားရဲ့ အချစ်ဦးကိုရပြီးကာမှ နောက်ထပ်သုံးလေးနှစ်အကြာမှာ ထပ်တိုးလာတဲ့ မောင်အလတ်ရဲ့ သားက နှစ်ယောက်၊ ကျွန်မရဲ့သမီးငယ်က တစ်ယောက်၊ မောင်အငယ်ရဲ့ သမီးလေးက တစ်ယောက် ဆိုတော့...သားမှာက ပြိုင်ဖက်တွေ များလာပြီလေ။
"ဖိုးဖိုးနဲ့ဖွားဖွားက သားငယ်ငယ်တုန်းက သားကိုသိတ်ချစ်တာနော်။ လူလေး..လူလေး..နဲ့ခေါ်တာ...။ ခုတော့ ဖိုးဝကိုပိုချစ်သွားပြီ"
ဆွတ်ဆွတ်ကျင်ကျင် ပြောတတ်တဲ့ သားရဲ့စကားတွေ ကြားရပါများတော့လည်း ကျွန်မအသဲက မမာနိုင်တော့ဘူး။ ကိုယ်တိုင်တုန်းက ခိုင်မတ်နိုင်ပေမယ့် ကျွန်မသွေးသားလေးတွေကျတော့ ကျွန်မရဲ့အတ္တက ပုတ်အနှိုးခံရသလိုပဲ။ ရင်ထဲမှာ တဖျဉ်းဖျဉ်း ဖြစ်စပြုလာပြီလေ။
ဖေဖေဟာ ငယ်ငယ်တုန်းက မောင်နှမတွေထဲမှာ ကျွန်မကို အချစ်ဆုံးလို့ ထင်ခဲ့မိသေး တယ်။ မေမေက မောင်အလတ်ကို မွေးပြီးကတည်းက သိသိသာသာ ပိုသည်းလွန်းတော့ ကျွန်မကလည်း မေမေနဲ့ ခပ်ခွာခွာ ရှောင်ဖယ်ဖယ်နေမိတယ်။
ဖေဖေကသာ ကျွန်မနဲ့ စာဖတ်ဝါသနာ ပါတာချင်းလည်းတူတော့ စာအကြောင်းပေ အကြောင်းလေးတွေ ဆွေးနွေးကြ၊ ဝေဖန်ကြနဲ့ ရင်းနှီးမှုပိုတယ် ထင်ခဲ့တယ်လေ။ စာတော်တဲ့ ကျွန်မကို ကျောင်းစာတွေ ဂရုတစိုက် ကြပ်မတ်သင်ပေးခဲ့တယ်။ အဖေနဲ့သမီး ဆက်သွယ်မှုဟာ အမေနဲ့သမီး ဆက်ဆံရေးထက် ပိုနွေးထွေးခဲ့တယ်။ ပိုစည်းလုံးခဲ့တယ်။ ပိုနီးစပ်ခဲ့တယ်။ ဒါဟာ....ကျွန်မ ခံစားချက်ပေါ့နော်။
ဒါပေမယ့်...ကျွန်မပညာတပိုင်းတစနဲ့ အိမ်ထောင်ကျသွားကတည်းက ဖေဖေဟာ ကျွန်မကို တော်တော် စိတ်နာတယ် ထင်ပါရဲ့။ အိမ်လေးတလုံး ဝယ်ပေးပြီး ကိုယ့်အစွမ်းအစနဲ့ကိုယ် ကြိုးစားကြ ဆိုပြီး သားမက်ရဲ့ အရည်အချင်းကို စောင့်ကြည့်နေခဲ့တယ်။
ကျွန်မ ရွေးချယ်ခဲ့တဲ့သူကလည်း နှလုံးသားတခုသာ ရှေ့တန်းတင်ခဲ့တာ။ တည်ကြည်ဖြောင့်မတ်ရုံ ကလွဲ ရင် ငွေကြေးဥစ္စာ မပြည့်စုံ ရှာပါဘူး။ ဒီတော့..လင်မယားနှစ်ယောက် စီးပွားရေး ကြပ်တည်းမှုအောက် မှာ မြုပ်ချည်ပေါ်ချည်နဲ့ပေါ့။ ကြိုးစားရုန်းကန်တယ် ဆိုပေမယ့် ဒီခေတ်ဒီအခါမှာ သုညကနေတစ်ရာ ဖြစ်ဖို့ ဆိုတာ......။ သကြားမင်းကြီး နားကင်းတဝင်းဝင်းနဲ့ ဆင်းလာတာသာ မြင်ချင်မြင်ရမယ်။
ထားပါတော့လေ...။ သုညကနေ တစ်ရာမဖြစ်တောင် တစ်..နှစ်..သုံး..လေး..... တစ် ဆယ်လောက်တော့ ဖြစ် လာ ပြီပေါ့။
ပျဉ်ထောင်အိမ်လေးကနေ တိုက်ကလေးတော့ ဖြစ်လာပါပြီ။ အသင့်အတင့် ဝင်ငွေလေးတော့ ရှိလာပါပြီ။ ကားမစီးနိုင်ပေမယ့် ဆိုင်ကယ်လေးတော့ စီးနိုင်နေပြီ။ ပတ်ဝန်းကျင်မှာလည်း လုပ်ရည်ကိုင်ရည်ရှိတဲ့ သမာဓိရှိတဲ့ လူရည်မွန်တယောက် ဖြစ်လာပါပြီ။
ဒါပေမယ့် သမီးရှင်ဖခင်ရဲ့ မျက်စိထဲမှာတော့ သားမက်က သားမက်ပါပဲ။ ကိုယ်တိုင်လောက်မပြောနဲ့ သားတွေလောက်ကို တော်တယ်မထင်ပါဘူး။ ထင်လည်း ဘယ်တော့မှ ချီးကျူးမှာမဟုတ်ပါဘူး။ ဒါဟာ ယေဘူယျအားဖြင့်တော့ သဘာဝပဲထင်ပါရဲ့။

xxxxxxxxxxx
"နင့်အဖေဟာ အသက်ကြီးလာလေ ပိုဂွတိုက်လာလေပဲ သိလား။ ထီလာရောင်းတဲ့ ကောင်လေးဆီက သူထီဝယ်နေတာ....။ ငါလည်းဘာရယ်မဟုတ်ပါဘူး။ သူ့နားသွားရပ်လိုက်မိတယ်။ အပြစ်လာမပြောနဲ့။ နင့်အတွက်မဟုတ်ဘူး။ ငါ့သားငယ်လေး ဆင်းရဲနေတာ မကြည့်ရက်လို့ ပေးမလို့ထိုးနေတာ..ပေါက်ရင် နင်ရော နင့်သားသမီးတွေရော တကောင်မှမပေးဘူး...တဲ့လေ..... ဟို ချွေးမကဖြင့် သူ့တို့အိမ်သွား ရင်တောင် နှုတ်မဆက်ပဲ မမြင်ချင်ယောင် ဆောင်ချင်ဆောင်နေတာ..."
မိဘတွေဟာ ဆိုးတဲ့သားသမီးကို ပိုချစ်တယ်ဆိုတာ တကယ်လားမသိဘူးနော်။ မနာလိုလို့ ပြောတာတော့ မဟုတ်ဘူး။ ဖေဖေဟာ သူ့သားအငယ်ကောင်ကို ကြီးလေ...ဆိုးလေ...ပိုပို ချစ်လာသလိုပဲ။
"မနေ့ကလည်း မနက်စောစော လမ်းထလျှောက်ရင်း ဈေးနားရောက်တော့ မြင်းခွာရွက်တွေ ဝယ်လာတယ်လေ။ ငါက အိမ်မှာ ပုစွန်ခြောက်၊ မြေပဲကအစ ဆီချက်တွေဘာတွေလည်း အဆင်သင့်မ ရှိတော့ စိတ်တိုတာပေါ့။ မြင်းခွာရွက်တွေ နင့်သမီးဆီ ပို့ပေးလိုက်မယ်။ သူ့ဆီမှာ ပစ္စည်းစုံတယ်။ ကူမယ့်သူလည်းပေါ တယ်လို့..ပြောမိတယ်။ နင်မလုပ်ချင်ရင် ထားလိုက်။ ချွေးမကို လုပ်ခိုင်းလိုက် မယ်တဲ့။ တော်တော်လေး အားကိုးနေတာလေ..."
ကျွန်မ တကယ်စိတ်မကောင်း ဖြစ်သွားရပြီ။ ဖေဖေဟာ ချွေးမကိုမှ သမီးထက် ပိုအားကိုးချင်နေတာကိုး။
သမီးလုပ်တဲ့သူကတော့ တနေ့တနေ့ အဖေဘာစားချင်မလဲ။ ဟင်းခွက်များ နည်းနေမလား။ အသားဟင်းတွေများ ထပ်နေပြီလား။ ဖေဖေ သက်သတ်လွတ်စားတဲ့ နေ့ဆိုလည်း မမေ့ရလေအောင် သတိထား။
အစပ်ဆိုလို့ အရောင်တင်လေးတောင် မစားနိုင်တဲ့ဖေဖေ စားနိုင်အောင် မိဘတွေဆီ ထမင်းဟင်းစပို့ကတည်းက အိမ်က လူတွေလည်း ဟင်းဖြူဖတ်ဖြူလျော်တွေပဲ လိုက်စားရ။ ကျွန်မယောက်ျားကလည်း ကြည်ကြည်ဖြူုဖြူ ကျေကျေနပ်နပ်။ မြေးတွေကလည်း အဖိုးအဖွားကို ထမင်းဟင်းပို့ရလို့ ပျော်ရွှင် ကျေနပ်နေကြ။ တကယ်လည်း ကျွန်မ ဂုဏ်ယူ ပျော်ရွှင်ပါတယ်။
ဖေဖေနဲ့မေမေဟာ ငွေကြေးပြည့်စုံတယ်။ ကျန်းမာရေးလိုက်စားတဲ့ သူတွေမို့လို့ လည်း ရောဂါ ကင်းဝေးတယ်။လင်မယားနှစ်ယောက် တပိုင်တနိုင် ဆေးခန်းလေးဖွင့်ပြီး ဝင်ငွေရှိနေတုန်းပဲ။
သားသမီးတွေကို အိမ်တယောက်တလုံး ပေးနေနိုင်တဲ့အပြင် ဒီအရွယ်ထိ ဘယ်သားသမီးဆီကမှ ကန်တော့ငွေ(ထောက်ပံ့ငွေ) ကိုလက်မခံသေးဘူး။ စိတ်ဓါတ်သိတ်ကြံ့ခိုင်တာ။
ဒီလိုမိဘတွေကို ချက်ပြုတ်ကျွေးမွေးခွင့်ရတာ ကျွန်မကံကောင်းတာ မဟုတ်ဘူးလား။ အိမ်ဖော်မရှိတာတောင်မှ မေမေက ကိုယ်တိုင် ချက်ဦးမယ်ဆိုပြီး စိတ်မလျှော့ချင်သေးဘူး။ မနည်းတောင်းပန် ပြီး ထမင်းပို့ခွင့် တောင်းထားရတာ..။
ဒီကြားထဲ နေ့စဉ်ဝတ္တရားတခုကို ပျော်ပျော်ကြီး ထမ်းဆောင်နေရင်း တနှစ်လောက်ရှိကာမှ တရက် ထမင်းပို့ဖို့ တော်တော် နောက်ကျ သွားတယ်။ ဖေဖေက ဟိုးအရင်ကတည်းက ထမင်းကို အချိန်နဲ့စားတာ။ နောက်ကျလို့ မရဘူး။ ဖြစ်ချင်တော့ အဲဒီနေ့က တော်တော်အလုပ် ရှုပ်သွားပြီး တချက် သတိလစ်သွားတယ်။ မေမေ ဖုန်းလှမ်းဆက်ချိန်ထိ ဟင်းတခွက်က ဒယ်အိုးထဲမှာ မကျက်တကျက် ဖြစ်နေသေးတယ်။
"ဒီနေ့ အလုပ်နည်းနည်း များလို့ပါ မေမေရေ...။ ခုပဲ ပို့လိုက်တော့မယ်နော်။ မေမေတို့ ဗိုက်ဆာနေရောပေါ့။"

"ငါကရပါတယ်။ ကိစ္စမရှိပါဘူး။ နင့်အဖေက စိတ်တိုတတ်တယ်။ သိတယ်မဟုတ်လား...."
"ရှင်....ဟုတ်ကဲ့..ဟုတ်ကဲ့။ ခု ချက်ချင်း ပို့လိုက်မယ်မေမေ..."
ကျွန်မ အရမ်း စိတ်ထိခိုက်သွားရပြီ။ ငိုလည်းငိုချင်သွားတယ်။ စိတ်ဓါတ်လည်း တော်တော်ကျ သွားရ တယ်။
ဖေဖေက စိတ်တိုတတ် တယ်တဲ့။ အဲဒီစကားတခွန်းဟာ ကျွန်မရင်ထဲမှာ ပဲ့တင်ထပ်နေတော့တယ်။
ဖေဖေဟာ ကျွန်မတယောက်တည်းအပေါ်မှာပဲ စိတ်တိုတတ် နေတာပဲနော်။
ကျွန်မ အံ့သြမိတယ်။ ဝမ်းလည်း တော်တော်နည်းတယ်။ လိမ္မာတဲ့သမီးဖြစ်ဖို့ ကျွန်မမျှော်လင့် ကြိုးစားပေမယ့် ဖေဖေဟာ ဆိုးတဲ့မသိတတ်တဲ့ သားနဲ့ချွေးမတွေကိုပဲ ကြောက်ပြီးချစ်ပုံရတယ်။ အလိုက်သိတဲ့ ရိုသေကျိုးနွံတဲ့ ကျွန်မတို့ မိသားစုကိုကျတော့ နိုင်ချင် ပစ်ပယ်ချင်တာပဲ။ ကျွန်မရင်ထဲမှာ တစစ်စစ် နာလာတတ်ပြီ။ သားနဲ့သမီးရဲ့ မနာလိုသံလေးတွေနဲ့ ခံပြင်းစကားလေးတွေကို သနားစာနာ တတ်လာပြီ။ သူတို့လည်း သူ့တို့အရွယ်နဲ့သူတို့ ခံစားချက်လေးတွေ ရှိနေမှာပဲ။
ရိုသေယဉ်ကျေးတဲ့ သားမက်ကိုကျတော့ ချီးမကျူးပဲ နေနိုင်သလောက် စကားမပြောပဲနေ တဲ့ ချွေးမတွေ ကို အောက်ကျခံပြီး စကားလေး တပြုံးပြုံးနဲ့ လိုက်လိုက်ပြော တဲ့ ဖေဖေ့မျက်နှာကို မြင်ယောင်ပြီး ငိုချင်လာတယ်။ သနားလည်းသနားတယ်။ရင်လည်းနာတယ်။
ဖေဖေဟာ ငယ်ငယ်က ကျွန်မကို အချစ်ဆုံးပါ။ ဘာလို့ ခုကျတော့ ကြီးလေတင်းမာလေ...။ ကျွန်မကို ပစ်ပယ်ချင်ရတာလဲ။
လိမ္မာတဲ့သူမို့ ဖိနှိပ်ချင်တာလား။ ပျော့ပျောင်းတဲ့သူမို့ နိုင်ချင်တာလား။ လိမ္မာသိတတ်ရင် ပိုချစ်ရမှာ မဟုတ်ဘူးလား ဖေဖေရယ်။
ကျွန်မ ငယ်ငယ်ကတည်းက ကိုယ့်စာကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ယူပြီး စာတော်လိမ္မာတဲ့ ကလေးပါ။
ကျွန်မဘဝမှာ မိဘကို ဒုက္ခပေးမိတာဆိုလို့ အိမ်ထောင်စောစော ကျသွားတာတခုပဲ ရှိတာပါ။
အဲဒီနောက်ပိုင်းလည်း မိဘတွေ စီစဉ်ပေးတဲ့အိမ်မှာနေ...၊ ညွှန်ပြပေးတဲ့ အလုပ်လုပ်။ လင်မယားနှစ်ယောက်စလုံး သူတို့ဆန္ဒကို တခါမှ ကလန်ကဆန် မလုပ်ကြဘူး။ ကျွန်မဆုံးဖြတ်ထားတာက မိဘမကြိုက်တာကို ဘဝမှာတခါ ကျူးလွန်ပြီးပြီမို့ ကျန်တဲ့အချိန်မှာ မိဘကျေနပ်မှုကိုပဲ ရှေ့တန်းတင်မယ်ပေါ့။ ကျွန်မယောကျာ်းကလည်း နားလည်သဘောတူပေးတယ်လေ။

xxxxxxxxxxxx
"ဖိုးဖိုးကြီးလာတယ် မေမေရေ...ဖိုးဖိုးကြီးလာတယ်..."
သမီးလေးရဲ့ ဝမ်းသာအားရ အော်လိုက်သံကြောင့် ကျွန်မ အံ့သြသွားရတယ်။ ညကြီးမိုးချုပ် ဖေဖေ ဘာဖြစ်လို့ပါလိမ့်ပေါ့။
မလာတာကြာလှပြီဖြစ်တဲ့ ကျွန်မအိမ်ကို လာတော့လည်း ညမိုးချုပ်ကြီးကျကာမှ......။
" ဖေဖေ...တယောက်တည်း လမ်းလျှောက်လာတာလား။ သမီးတို့လမ်းက မီးမလာတော့ မှောင်မည်းနေ တာ...။ ဓါတ်မီးမပါဘူးလား ဖေဖေ။"
" အေး...ဓါတ်မီးလေးက လက်ညှစ်လေးဆိုတော့ တဂျစ်ဂျစ်မြည်ရင် နင့်မောင်ငယ်လမ်းထဲ က ခွေးတွေက ဟောင်ချင်ကြတာနဲ့...ဓါတ်မီးမယူဖြစ်တာ ကြာပြီ။ ဒီမှာလေ...ဖိုးဝလေး ကျောင်းကပွဲက ဓါတ်ပုံတွေ....လာပြတာ...."
" သြော်...ဖိုးဖိုးကြီးက သူ့မြေးဓါတ်ပုံတွေ လာကြွားတာကိုး..."
မအောင့်နိုင် မအည်းနိုင် ခနဲ့သလိုထွက်လာတဲ့ သားအသံကြောင့် ကျွန်မကသားကို အသာလက်တို့ပြီး တားလိုက်ရပါတယ်။
' ဖိုးဖိုး....ဖိုးဖိုး...မီးလည်း ကျောင်းကပွဲက ဓါတ်ပုံတွေရပြီ။ မီးက ထူးချွန်ဆုလည်း ရသေးတယ်။ ဖိုးဝက ရဘူး....'
"ဟား..ဟား...ဟား...ငါ့မြေးက တော်လိုက်တာကွာ။ ပြပါဦး ဖိုးဖိုးကို....။ မင်းဖွားဖွားက မြေးလေးဓါတ်ပုံတွေ လည်း ရလောက်ပြီ။ ကြည့်ချင်တယ် ဆိုလို့ ဖိုးဖိုးက လာယူပေးတာ...."
ဟော...ကျွန်မ ပြုံးမိတယ်။ အဲဒါ ဖေဖေ့ရဲ့စိတ်ဓါတ်ပဲ။ သူကြည့်ချင်တာကို သူမဟုတ်သလို...။ သူချစ်တာကို မချစ်သလို...။ သူ့ကိုယ်သူ စိတ်ပြတ်သားသလို၊ စိတ်မာသလို...ဟန်ဆောင်တတ်တာဟာ ဖေဖေ့အကျင့်ပဲ။
" ဖိုးဝလေးက ကတတ်သားပဲ။ ဓါတ်ပုံတွေကလည်း လှလိုက်တာနော်..."
သြော် ...ကျွန်မယောက်ျားကတော့ ယောက္ခမကြီးအကြိုက် လိုက်ပြောနေပြန်ပါပြီ။ သူက စိတ်ရင်းအမှန်တိုင်း ပြောတာဖြစ်ပေမယ့် ကျွန်မကတော့ ရှိလက်စ မကျေနပ်တဲ့ ဓါတ်ခံလေးက ကြွလာပြီး စိတ်ထဲက အငေါ်တူးမိတယ်။
"ဒီကောင်က အိမ်မှာ ကပြခိုင်းရင် ဘယ်တော့မှ ကမပြဘူး။ သားသားကတာမြင်ရင် ဖိုးဖိုးမျက်လုံးပြူးသွားမယ် လို့ချည်း ကြွားတာကွ။ ဒီမှာလေ...ဒီပုံမှာ..မင်းပန်းကောက်တဲ့ဟန် လုပ်နေတာ မဟုတ်လားလို့ ငါကပြောလိုက်တော့ ဒီကောင်အံ့သြသွားတာ....။ ဖိုးဖိုး ဘယ်လိုလုပ်သိလဲတဲ့။ အမှန်က ငါက မှန်းပြောလိုက်တာ...မှန်သွားတော့ ဒီကောင်လန့်သွားတာပေါ့...."
ရယ်ရွှင်ကြည်နူးနေတဲ့ ဖေဖေ့အသံနဲ့ ဖေဖေ့မျက်နှာကြောင့် ဖေဖေ့ရဲ့ သံယောဇဉ် အတိမ်အနက်ကို ကျွန်မ ခန့်မှန်းမိသွားပြီ။ သားအချစ် မြေးအနှစ်ဆိုတာ သိတ်မှန်တဲ့ စကားပါလား။ မြေးလေးတွေဟာ အဖိုးအဖွားရဲ့ စိတ်ပျိုကိုယ်နုဆေး တလက်ပါလား။
"ဟား..ငါ့မြေးမလေးကလည်း တယ်တော်ပါလား။ သချာင်္ထူးချွန်ဆုရတယ် ဟုတ်လား။ မြေးက မင်းအမေနဲ့တူတာကိုး။ မြေးမေမေ ငယ်ငယ်ကလည်း သချာင်္သိတ်တော်တာ..။ အတန်းတိုင်းမှာ စာမေးပွဲတိုင်း သချာင်္ကတော့ တစ်ရာအပြည့်ချည်းပဲ...."
ဖေဖေ့ နောက်ကြောင်းပြန်စကားကြောင့် ကျွန်မမျက်ခုံးပင့်သွားရပြီ။ ဖေဖေဟာ စကားမပြော ချင်ရင်လည်း အလျဉ်း၊ ပြောမိရင်လည်း တယောက်တည်း ရေပက်မဝင်အောင် သူပြောချင် တာသူ စွတ်ရွတ်ပြီး အလွန်စကားများတတ်တာမို့ပါ။
"နင်မှတ်မိသေးလား ခိုင်ခိုင်။ တတိယတန်းတုန်းက နင်မရတဲ့ သချာင်္ပုစ္ဆာတပုဒ်ကို ငါ ဆေးခန်း လူနာကျနေလို့ မပြလိုက်ရတာ...။ စာမေးပွဲမစစ်ခင် ဆယ်မိနစ်အလိုမှ ကျောင်းကိုလိုက်လာပြီး စာရွက်လေးနဲ့ လာတွက်ပြတာလေ...။
အဲဒီပုစ္ဆာ စာမေးပွဲမှာ ပါလာတာ ကွက်တိပဲကွာ။ အဲဒီနှစ် နင်ပထမရတာပဲလေ။"
ကျွန်မ အံ့သြသွားတယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က အဖြစ်ကို ဖေဖေပြန်ပြောနေတာပါလား။ အဲဒါ..ကျွန်မအကြောင်းလေ..။
သူဂုဏ်ယူ ကျေနပ်ခဲ့ရတဲ့ အကြောင်းပေါ့။ ကျွန်မ ဖေဖေ့ကို သိတ်အားကိုးတွယ်တာခဲ့ရတဲ့ အချိန်တွေပေါ့။ ကျွန်မရဲ့ ငယ်ဘဝတွေလေ.....။ ဖေဖေဟာ ကျွန်မရဲ့ သူရဲကောင်းပဲ။
"အင်း...ဒီပုံလေးက ငါ့မြေးမေမေ ငယ်ငယ်ကနဲ့ တူလိုက်တာ။ မြေးလေးမေမေ ငယ်ငယ်ကလည်း အကသိတ်ဝါသနာပါတာ.. ကျောင်းကပွဲဆို သူရှေ့ဆုံးကပဲ..၊ ကလိုက်တာလည်းကွေးလို့..။ဖိုးဖိုးကြီးတို့မှာ အလုပ်မအားတဲ့ကြားက လိုက်လိုက်ကြည့်ရတာပေါ့.."
ဖေဖေဟာ သူမြေးမဓါတ်ပုံတွေ ကြည့်ရင်း ကျွန်မအကြောင်းတွေ တတွတ်တွတ်ပြောနေတာ...။ ဘယ်သူ့မှလည်းဂရုမစိုက်ဘူး။
" မြေးလေးက စာတော်တော့ ဆက်ကြိုးစားနော်။ ကြီးလာတဲ့အခါ ဆရာဝန်မကြီးဖြစ်အောင်လုပ် ကြားလား။ မြေးမေမေလို အရေးကြီးတဲ့ နှစ်ကျကာမှ ဗွေထမဖောက်နဲ့.."
"အို...ဖေဖေကလည်း သမီးကြိုးစားခဲ့တာပါပဲ..."
ကျွန်မက ကလေးတွေရှေ့ မလုံလဲတာနဲ့ မိုးကြိုးပစ်မှာစိုးပြီး ထန်းလက်နဲ့ ထကာမိပါတယ်။ အဲဒါ ကျွန်မအမှားပါ။
ဖေဖေဟာ ဘယ်ကတည်းက ပြောချင်လာတာကို အောင့်အည်းထားရတယ် မသိဘူး။
" ဘာ ကြိုးစားတာလဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာလေ။ သမီးက ဘက်စုံတော်ချင်တာတဲ့။ ဆယ်တန်း အရေးကြီးကာမှ စာတွေရေး ကဗျာတွေရေး၊ ရည်းစားကထားနဲ့ စိတ်လေနေတာလေ။ ငါကပြောတယ်။ ဒီ ကင်မရာအကြောင်းကို မချန်ခဲ့ပါနဲ့ဆိုတာ...မှတ်မိလား...ဖိဆစ်မှာလေ..။"
ကျွန်မ ဖေဖေ့ကို လန့်သွားရတယ်။ ဖေဖေ မှတ်မိလှချည်လား။ ကျွန်မကို စိတ်နာနေတာလား။
"မချန်ခဲ့ပါဘူး ဖေဖေရယ်...။ ဖေဖေ ရောကုန်ပြီ..."
" တော်စမ်းပါခိုင်ခိုင်...။ တခြားဟာတွေသာ ရောချင်ရောမယ်။ ဒါတော့ ငါကောင်းကောင်း မှတ်မိတယ်။ နင်ကဒီတပုဒ်ပဲ ချန်ခဲ့မှာဆိုပြီး ပိုင်အောင်မကျက်ခဲ့ဘူး။ အဲဒီအပုဒ်ပဲ ရွေးစရာမရှိပါလာတော့ နင်အမှတ်လျော့တော့တာပေါ့။ နာလိုက်တာဟာ.. ငါးမှတ်နဲ့ ဆေးတက္ကသိုလ်ကို လွဲရတာ...။ အဲဒီအပုဒ်သာ ပိုင်ရင် ခုချိန် နင်ဆရာဝန်ဖြစ်ပြီ..."
ကျွန်မ စောဒက မတက်ချင်တော့ပါဘူး။ ဖေဖေက တကယ့်ကို ခံစားချက်အပြည့်နဲ့ ပြောနေတာပါ။
"ကဲ...ဒီဓါတ်ပုံတွေ မြေးလေးဖွားဖွားကို ပြဖို့ ယူသွားမယ်နော်။ ဖိုးဖိုးပြန်ပြီဟေ့..."
ပြောချင်တာ ပြောပြီးသွားတော့ ဖေဖေက သူ့ထုံးစံအတိုင်း ဆိုင်းမဆင့်ဗုံမဆင့် ကောက်ကာငင်ကာ ထပြန်သွားပါတော့တယ်။
ပါးစပ်အဟသားလေးနဲ့ ကျွန်မကို ပြူးကြည့်နေတဲ့ ကျွန်မယောကျာ်းကိုသာ ပုခုံးနှစ်ဖက် ဟန်ပါပါတွန့်ပြ လိုက်ရင်း ကျွန်မရယ်လိုက်မိပါတယ်။ ဒါပေမယ့် အမြင်အာရုံတွေ မွဲသီလာနေတာ မျက်ရည်တွေကြောင့်လို့ ဘယ်သူမှ မမြင်စေချင်တာမို့ ကျွန်မ တဖက်ကိုမြန်မြန် လှည့်လိုက်ရပါတော့တယ်။

မနက်စောစော ဈေးကိုသွားရင်း ဖေဖေ့အတွက် ဓါတ်မီးကောင်းကောင်း တလက်ဝယ်ဖို့ စတိုးဆိုင်တခုကို ဝင်လိုက်ပါတယ်။
"ဓါတ်ခဲဖိုးတွေ ဈေးကြီးလွန်းတော့ လက်ညှစ်ဓါတ်အားဖြည့်ရတဲ့ ဓါတ်မီးလေးတွေ ခေတ်စားနေတာကြာပြီ။ ခုနောက်ပိုင်းအသစ် ထပ်ပေါ်တဲ့ ခရစ်စတယ်ဓါတ်မီးကတော့ မီးလင်းအားလည်း ပိုကောင်းတယ်။ အသံလည်း မမြည်ဘူး။ ဓါတ်ခဲလည်းမလိုဘူး။ မီးလာတဲ့အချိန် လျှပ်စစ်အားသွင်းထားလိုက်ရုံပဲ..။ အရမ်းအဝယ်လိုက် တာ..။ "
အရောင်းစာရေးလေးရဲ့ ကြော်ငြာက ကျွန်မကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ပါတယ်။
" တော်တော်လင်းတယ်နော်...။ အော်...မီးလုံးလေးတွေ အလယ်မှာ ဒိုင်းမွန်းပုံထည့်လုပ်ထားတာကိုး။ ဒါကြောင့် ဘေးမှာပါ ရောင်ပြန်ဟပ်လို့ ထောင့်တွေလိုဖြစ်နေတော့ အလင်းပြန်ပြီး ပိုလင်းတာထင်ပါရဲ့.... " အင်း...ဒီ ဓါတ်မီးလေးဆို ဖေဖေကြိုက်မှာပဲ။ သူ့သားအိမ်ကို ညဖက်တွေသွားတဲ့အခါမှာ ယူသွားဖို့ အဆင်ပိုပြေမယ်လေ။ လက်ညှစ်ဓါတ်မီးလို အသံမမြည်တော့ ခွေးလည်းမဟောင်တော့ဘူးပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် ကျွန်မပြုံးမိတယ်။
ညကသာ ဖေဖေ ကျွန်မအိမ်ကို ရောက်မလာခဲ့ရင် ကျွန်မလည်း အလင်းရောင်ကောင်းကောင်း ရဦးမှာမဟုတ်ဘူး။ ကိုယ့်ဖာသာကိုယ် ကြိုးစားဖြေသိမ့်နေတဲ့ အတွေးတွေကလည်း လင်းတလှည့် မှုန်တလှည့်နဲ့လေ။
ဖေဖေပြောလိုက်တဲ့ စကားတွေကို ကြားရကာမှ ဖေဖေ့စိတ်၊ ဖေဖေ့ ခံစားချက်ကို နားလည်သွားရတယ်။
ဖေဖေ သွားချင်တဲ့ သားသမီးဆီသွား...၊ ပြောချင်တဲ့ စကားတွေပြော ပြီး နေချင် သလိုသာနေ ပါ။ ဖေဖေ့စိတ်ထဲမှာ သားသမီး သုံးယောက်နဲ့ မြေးငါးယောက်စလုံးဟာ ဘယ်နေရာမှာပဲ ထားထား.... အားလုံးကတော့ ရင်ပတ်ထဲမှာဆိုတာ သမီးသိသွားပြီလေ။
သမီးပျော်သွားပြီ ဖေဖေ။ သမီး ကျေနပ်သွားပြီ။ ကျေးဇူးတင်ပါတယ်။
ခရစ်စတယ်ဓါတ်မီးလေးဟာ ထောင့်တွေအများကြီးပါတော့ အလင်းပြန်အားကောင်း သလိုပဲ။ ဖေဖေ့ ရင်ထဲမှာ သားသမီးနဲ့ မြေးတွေအားလုံးဟာ တထောင့်စီမှာ သူ့နေရာနဲ့သူ ရှိနေကြတာမို့ ကိုယ့်နေရာ ကိုယ့်ထောင့်လေးကနေ ပဲ ဖေဖေ့မေတ္တာတွေ ကို ရောင်ပြန်ဟပ်ပေးနိုင်ရင် အကောင်းဆုံးပဲ မဟုတ်လား။
ဖေဖေ့ကို ဓါတ်မီးလေးတလက် သမီး လက်ဆောင်ကန်တော့မယ်။ လက်ညှစ်ဓါတ်မီးထက် အလင်းပိုတဲ့ ခရစ်စတယ်ဓါတ်မီးလေး....။

ဝေ(စီးပွားရေးတက္ကသိုလ်)
ရွှေအမြုတေမဂ္ဂဇင်း( ရွှေအသစ်) ဒီဇင်ဘာလ၂ဝဝ၈
ရွှေအမြုတေမဂ္ဂဇင်း( ရွှေအသစ်) ဒီဇင်ဘာလ၂ဝဝ၈
မမဝေ...
ReplyDeleteအဖြစ်အပျက်တွေက လက်တွေ့ခံစားနေရတာနဲ့ အနီးစပ်ဆုံးဖြစ်နေတယ်။ နှစ်သက်လိုက်တာ..။ နီးလွန်းအားကြီးတော့ မှုန်ဝါးသွားတတ်တဲ့ သဘောလားမသိပါဘူးနော်။
My dear Wai,
ReplyDeleteThis story made me cry. Nicely demonstrated the feeling of love from different angles. The love of your dad is unbelievable, I always admire him for his love to all of his children. I can considerate how you feel but I don't have doubt that he loves all of his children and I totally agree that he can't give it equally. He will give extra love to the child who has more weak points than the rest. So please try to understand him and love him more. Like me, I loved my dad so much that I have made decision that I will stay beside of him when he becomes sick but he didn't give me this chance, he went without saying bye bye to me. .. Please go and visit and talk to him frequently if he doesn't come to your house very often. Old people wants to talk - just go and sit beside of him even he doesn't talk. Be aware that they will leave any times when they are getting older. Please treasure those precious time, do not wait him to come over to your house. Go there 2-3 times a week, you will receive reciprocal love from him.
Love,
Aunt Mya & UTA