နှလုံးသားလုပ်ပိုင်ခွင့်

  

      ဆိုင်ရှေ့က စက်ဘီးရပ်သံကြောင့် ခေါက်သိမ်းလက်စ ရှိုးကေ့စ်ပေါ်က အထည်တွေကို ခဏချလိုက်ပြီး ကဲကြည့်လိုက်တော့ ထင်တဲ့အတိုင်း... ကို ရယ်....။ ခေါင်းညိတ်ပြီးလှမ်းခေါ်နေတာကြောင့် လက်အသာကာပြလိုက်ရင်း တဆက်တည်း ပွနေတဲ့အထည်ပုံကို လက်ညှိုးထိုးပြလိုက်ရတယ်။
      ငြိမ်းတို့ဆိုင်မှာက သူ့ကောင်တာကိုယ့်ကောင်တာ ခွဲမထားပေမယ့် ကိုယ်ပြထားတဲ့အထည်ကိုတော့ ကိုယ်ပြန်သိမ်းရမယ်လေ။ ဆိုင်ရှင်မမက သဘောကောင်းသလောက်၊ စည်းကမ်းတော့ တင်းကြပ်ပြတ်သားတယ်။                          
      ပညာမတတ်ရင်နေ....။ စေတနာထားတတ်ရင်....၊ မျက်နှာထား ထားတတ်ရင် ပန်းပွင့်ဖြူစတိုးမှာ အရောင်းစာရေးဖြစ်နိုင်ပြီ။
     “ ကြာလိုက်တာ ငြိမ်းရာ.....”
      စိတ်မရှည်သလို ကို့မျက်နှာက သုန်မှုန်နေပါတယ်။
      “ အလုပ်ချိန်မှာ ဒီလို ထွက်တွေ့တာတောင် လွန်လှပြီမဟုတ်လား ကိုရယ်...”
      “ အို..လူရှင်းချိန်တွေ့တာပဲ..ဘာဖြစ်လဲ။ အလုပ်ရှင်ကတော်တော်၊ သူကကို အကဲပါနေတာပါ ။ ငြိမ်းကိုဘာပြောထားလို့လဲ..”
      ကိုက ဘယ်အရာကိုမဆို ခပ်ပေါ့ပေါ့တွေးတတ် လုပ်တတ်သူပီပီ အလုပ်စည်းကမ်းဆိုတာကိုလည်း နားမလည်ပြန်ပါ။
      “ ပြောတော့မပြောဘူးပေါ့ကိုရယ်။ ပြောမှသိ၊ ထိမှနာဆိုတဲ့စကားလို ပြောကာမှဆင်ခြင်ရတော့ အောက်တာပေါ့...”
      “ အိုကွာ.....ကိုယ့်ယောင်္ကျားကိုယ် စကားထွက်ပြောတာ မကြိုက်ရင်လည်း ဒီမှာဆက်လုပ်မနေနဲ့....။ အလုပ်တွေမှ ပေါလို့...”
      ငြိမ်းက အထိတ်တလန့် ဘေးဘီကိုလှည့်ကြည့်မိတယ်။ ပြောတော့ဖြင့် လွယ်လိုက်တာ...။ ပေါလိုက်တဲ့အလုပ်တွေတဲ့။ ဘယ်မှာလဲ....ပေါတဲ့အလုပ်။ သူ့မှာဖြင့် တစ်ခုမှ လက်ဆုပ်လက်ကိုင် ပြစရာတောင် မရှိ။ ပေါတယ်ဆိုတာ လုပ်ရမယ့်အလုပ်ကို ပြောတာမဟုတ်ဘူး။ ပြောင်းရမယ့်အလုပ်ကို ပြောတာ....။  
      ငြိမ်းကဖြင့် ကိုနဲ့ရပြီးစကတည်းက ၀င်လုပ်ခဲ့တဲ့ ဒီစတိုးဆိုင် အရောင်းစာရေးအလုပ်ကလေးကို တန်ဖိုးတထား...။ အချိန်မှန်မှန် ကြိုးစားအလုပ်ဆင်းခဲ့တယ်။ တော်ရုံနေထိုင်မကောင်းလည်း ဆေးလေးသောက်ပြီး သွားတာပဲ။ ရက်ပျက်အတွက်လည်း လခအဖြတ်မခံချင်ဘူးလေ။ လင်မယားနှစ်ယောက် ဘယ်လိုပဲ ချွေတာသုံးစွဲပေမယ့် သူ့လုပ်စာက ပုံမှန်မရှိတော့ ငြိမ်းလစာလေးက အိမ်လခပေးပြီးရင် နေ့စဉ်စားစရိတ်တောင် အလျင်မမီချင်ဘူး။ ငြိမ်းရဲ့တပိုင်းတစ ပညာရေးလေးကတော့ ကျူရှင်လခပေးစရာ မရှိတာနဲ့ပဲ ဖုတ်လှိုက်ဖုတ်လှိုက်    အသက်ငင်ပြီး ရပ်ရတော့မလို ဖြစ်နေပြီ။ ဒီလိုဆိုတော့လည်း ကိုက မာနတော့ အကြီးသား....။
     “ ကျောင်းတော့ပြီးအောင် ကြိုးစားရမယ်ငြိမ်း...။ နို့မို့....ညီထူးဇော် ဆိုတဲ့ကောင်ကြောင့် ငြိမ်းချမ်းစံဘ၀ ဘွဲ့လေးတောင်
      မရလိုက်ဘူးလို့ ငြိမ်းမိဘတွေအပြောအောက်မှာ ကိုတသက်လုံး ခေါင်းငုံ့မနေနိုင်ဘူး။ ကျူရှင်လခတော့ မပူပါနဲ့။
      ကို့တာဝန်သာထား။ ကိုကြံပါ့မယ်..”
     ဒီလိုပြောတော့....ငြိမ်းက တိတ်တခိုး သက်ပြင်းရှိုက်ရစမြဲပါ။ ကိုနဲ့ပေါင်းလာတာကြာလေ...ကို့အကြောင်းသိလာလေမို့.... ကိုကြံမယ်ဆိုတာ.....ဘာလဲဆိုတာ ငြိမ်းသိတာပေါ့။ ငြိမ်းလည်တိုင်လေးကို ယောင်ပြီး လက်ရောက်သွားတော့.....ကိုက မသိသလို မျက်နှာလွှဲဖယ်သွားတယ်။ အမေဆင်ထားတဲ့ ရွှေကြိုးပါးပါးလေးက ကာလပေါက်ဈေးနဲ့ဆို တစ်သိန်းနီးပါးတော့ ရမှာပေါ့လေ။  လက်စွပ်ကလေးကတော့ မကြာခင်ကပဲ ကို့လုပ်ငန်းတစ်ခုအတွက် အပေါင်ဆုံး အရင်းအနှီး ဖြစ်သွားပြီးပြီ။
     ကိုဟာ...ဘာဖြစ်လို့များ အလုပ်တစ်ခုမှာမှ မမြဲတာလဲ မသိဘူး။ ဒီလောက်များအောင် ပြောင်းခဲ့တဲ့အလုပ်တွေ...။    တကယ်တမ်းဆို တစ်ခုအဆင်မပြေရင်တောင် တစ်ခုမှာတော့ အဆင်ပြေသင့်တယ် မဟုတ်လား။ ခုတော့....သူကိုယ်တိုင်ကကို လက်ကြောမတင်းလို့ အလုပ်တစ်ခုမှမမြဲတာလို့....ငြိမ်းမိဘတွေက ပြောလာကြပြီ။                            
      ငြိမ်းမိဘတွေကလည်း မလိမ္မာတဲ့သမီးကို ပံ့ပိုးနိုင်လောက်အောင်တော့ မချမ်းသာကြဘူး။ အဖေ့ပင်စင်နဲ့ အမေ့ဈေးဆိုင် ၀င်ငွေလေးက မိသားစု လောက်ငရုံလေးရှိတာ.....။ မောင်လေးနှစ်ယောက်ကလည်း ကျောင်းနေတုန်းဆိုတော့ တစ်လတစ်လ ကလေးတွေ ကျောင်းစရိတ်ကို အမေ့မှာ မနည်းဖြည့်ဆည်းနေရရှာတာ....။
     သမီးကြီးငြိမ်းကိုတော့ ဆယ်တန်းအောင်ရင် အဝေးသင်တက္ကသိုလ်တက်ပြီး ဘွဲ့တစ်ခုရအောင် ယူဖို့....သိတ်မျှော်လင့် ကြရှာတာ။ ငြိမ်းတို့ချင်းစုရွာလေးမှာက ဘွဲ့ရတဲ့သူက တော်တော်ရှားတာကိုး။ ဆယ်တန်းကိုတောင် ကျော်နိုင်တဲ့သူက ခပ်ရှားရှားရယ်....။ ငြိမ်းက ဥာဏ်လေးကောင်းပြီး ထက်မြက်တော့ ဆယ်တန်းကို နှစ်ချင်းပေါက်အောင်သွားတယ်။ 
      မိဘတွေဟာ ၀မ်းသာဂုဏ်ယူ လိုက်ရတာများ။ အမေဆိုတာ...တစ်သက်လုံး မစားရက်မသောက်ရက် ခြစ်ခြုတ်စုထားတဲ့ ငွေလေးနဲ့ ရွှေဆွဲကြိုးလေးတစ်ကုံးရယ်၊ ရွှေလက်စွပ်လေးတစ်ကွင်းရယ်..ပြေးလုပ်ပြီး ငြိမ်းကိုဆင်ရှာတယ်။ အကြွေးတောင်တင်သွားသေးသတဲ့။ 
      တော်သေးတာပေါ့။ ဒီ့ထက်ခပ်စောစောကသာ ကိုနဲ့တွေ့ခဲ့ရင် ငြိမ်းဆယ်တန်းတောင် အောင်ပါ့မလားမပြောတတ်ဘူး။
      အမှန်တော့.....ကိုက ငြိမ်းတို့ရွာက မဟုတ်ပါဘူး။ ဧရာဝတီမြစ်ဝကျွန်းပေါ် ရွာလေးတစ်ရွာကတဲ့။ မိဘတွေမရှိတော့တဲ့ ကို့ကို ငြိမ်းတို့ ရွာစွန်က တံငါသည်ဦးဖိုးအေးက သူ့တူလေး လူပျိုပေါက်ဖြစ်လာတော့....တစ်ယောက်တည်းထားရင် ပျက်စီးမှာစိုးလို့ဆိုပြီး သွားခေါ်လာခဲ့သတဲ့။ ရွာထဲစရောက်တာနဲ့ ကိုက ခပ်ပေပေ မိဘမဲ့ကလေးပီပီ ထောင့်မကျိုး၊ ဦးမချိုးတော့ ရွာလူကြီးတွေ မျက်စေ့စပါးမွှေး စူးစရာပေါ့။
      ငြိမ်း ဆယ်တန်းအောင်ပြီးကာစတစ်နေ့...သူငယ်ချင်းတွေနဲ့ မြစ်ထဲရေချိုးဆင်းတုန်း ကိုနဲ့စတွေ့တာပဲ။
      ကိုက သူ့ဦးလေး ငါးဖမ်းထွက်တော့မယ့် လှေပေါ်ကို ပိုက်တွေကူတင်ပေးနေတုန်း.....၊ ရေမကူးတတ်တဲ့ငြိမ်းက အဲဒီလှေနားတ၀ိုက်မှာ ရေနက်ပိုင်း ချောက်ထဲကို ခြေချော်ကျသွားတော့တယ်။ ဒါပေမယ့်.....ဇာတ်လမ်းက ရုပ်ရှင်ထဲကလို အဆင်လာပေမယ့် ကိုက ငြိမ်းကိုကယ်ခွင့် မရလိုက်ပါဘူး။ ယက်ကန်ယက်ကန်နဲ့ ၀ူးဝူးဝါးဝါးအော်ဟစ်ပြီး အကြောက်အကန် ကူးခတ်လိုက်မိတာ.....။
      ချောက်နှုတ်ခမ်း   အပေါ်ကို ခြေဖျားပြန်ထောက်မိပြီး ကိုယ့်ဖာသာကိုယ်ပဲ ပြန်တက်လာနိုင်ခဲ့တယ်။  ဘာပဲပြောပြော...ရေထဲဆင်းပြီး ကယ်တော့မယ့်စဲစဲ ဖြစ်နေတဲ့ ကို့ကိုတော့ စိတ်ချောက်ချားနေတဲ့ကြားကပဲ မျက်လုံးချင်း စကားပြောလိုက်ရတယ်။ အဲဒီကတည်းက...ကိုဟာ ငြိမ်းအားကိုးမှီတွယ်ရမယ့် ငြိမ်းဘ၀ရဲ့ ကယ်တင်ရှင်တစ်ယောက် မဖြစ်နိုင်ခဲ့ဘူး။ ငြိမ်းဟာ....ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်မှသာ ကမ်းကပ်ရမယ့်သူဆိုတာ.....အဲဒီကတည်းက သိခဲ့မိဖို့တော့ ကောင်းသားကွယ်။
                                                xxxxxx
                                        
      “ ဟေ့....ငြိမ်း....မင်းလူကတော့ လွန်ပါတယ်ကွာ။ သမီးရည်းစားလည်း မဟုတ်တော့ဘူး။ လင်မယားပဲဖြစ်နေပြီ။
      တစ်နေ့....ဆယ့်ခြောက်ခါလောက် လာလာတွေ့နေတာ....။ သည်းကိုသည်းလွန်းတယ်ဟေ့...။ ”
         “ အလုပ်ကိစ္စနဲ့ ထွက်လာတာ ထင်ပါရဲ့ကွာ..”
      ပြောသာပြောရတယ်။ ကို့မှာ ဘာအလုပ်မှ မယ်မယ်ရရမရှိတာ....ငြိမ်းပဲသိတာမို့ လိပ်ပြာမလုံလှပါ။ နောက်ဆုံးဝင်လုပ်ခဲ့တဲ့ စားပွဲထိုးအလုပ်ကလည်း တစ်လမပြည့်ခင် အလုပ်ရှင်ကအထင်လွဲပြီး အလုပ်ထုတ်တာ ခံလာရသတဲ့လေ။ စားဝိုင်းတွေက ရှင်းတဲ့ငွေကို ကစ်ထားတယ်ထင်ပြီး အလုပ်ထုတ်ပစ်တာတဲ့။ " ကိုကရော လုပ်မိလို့လား...." လို့ ငြိမ်းကမေးတော့....
      “ အိုး....ဒါက...စားပွဲထိုးတိုင်းလုပ်တဲ့ အလုပ်....။ ဆိုင်ရှင်ကစေ့စပ်ရင် စားတဲ့သူဆီက ကျသင့်တာထက် နည်းနည်းပိုတောင်းပြီး အိတ်ထဲထည့်မယ်။ ဆိုင်ရှင်ကမစေ့စပ်ရင် ကျသင့်ငွေကိုလျှော့ပြောပြီး အိတ်ထဲထည့်မယ်။ ဒီ့ထက်ပိုမိုက်တာက ဘီယာဝိုင်းပဲ...။ ဘီယာမူးနေပြီဆိုရင် ကြိုက်သလောက် ပိုတောင်းပေတော့။ အဲဒါ....စားပွဲထိုးရဲ့ လုပ်ပိုင်ခွင့်...”
      ဘုရားရေ....။ လုပ်ပိုင်ခွင့်...တဲ့။
      “ ဒါ...သမာအာဇီဝမှ မဟုတ်တာကိုရယ်...။ သူများပိုက်ဆံကို မတရားလိမ်ညာယူတာပဲ မဟုတ်လား။ ကောင်းတဲ့အလုပ်မှမဟုတ်တာ။ အဲလိုတော့ မလုပ်ပါနဲ့ကိုရယ်။ ငြိမ်းတို့ငယ်ငယ်တုန်းကဆိုလေ....ဖေဖေ့အိတ်ကပ်ထဲက ပိုက်ဆံ နှိုက်ရင်တောင် အရိုက်ခံရတာ....။ ငြိမ်းတို့ဆိုင်ရှင်မမကဆိုလည်း အမြဲပြောတယ်။ ခိုးဝှက်လိမ်ညာယူတဲ့ ပိုက်ဆံဟာ ဘယ်တော့မှ မမြဲဘူးတဲ့...။ ကိုယ်ရတာနဲ့ ကိုယ်ကုန်တာက ပိုတောင်များတတ်သေးတယ်တဲ့...”
      “  ဟား...ဟား...ဟား...ငါ့မိန်းမက ငအမလေးပဲ။ အုပ်ချုပ်သူဆိုင်ရှင်လူတန်းစားတွေက သူတို့အပေါ်သစ္စာရှိအောင်၊ သူတို့ပစ္စည်း မဆုံးရှုံးရအောင်....အမျိုးမျိုးခြောက်လှန့် နားသွင်းပြီးပြောတာ ထုံးစံပဲဟ။ ကဲ....ဒါဖြင့်...၀ယ်သူတစ်ယောက် ပိုက်ဆံထောင်တန်တစ်ရွက် ပိုပြီးမှားပေးမိကြည့်...။ ပြန်ပေးမတဲ့လား...။ ဝေးသေး..”
       “ အို....အဲလိုမဟုတ်ဘူးကို...။ ပြန်ပေးတယ်။ တကယ်ပြန်ပေးတယ်..”
       “ အေး....အဲဒါနည်းလို့ဟ။ တစ်ထောင်လောက်က သူတို့အတွက် မက်လောက်အောင် မဆွဲဆောင်နိုင်လို့...။
      သိန်းချီသန်းချီလာရင် သူတို့မက်လာပြီ။ ငြိမ်းကမသိလို့ပါကွာ...။ သူတို့ကပိရိသေသပ်တော့ လူသိတ်မသိတာငြိမ်းရဲ့...”    
    ကို့အတွေးအခေါ်နဲ့ ပြောစကားတွေက ငြိမ်းအတွက် အံ့အားသင့်စရာတွေချည်းပါ။ ငြိမ်းမိဘဘိုးဘွား အသိုင်းအ၀ိုင်းမှာက မကောင်းတာမလုပ်ရဘူးလို့ သွန်သင်ခဲ့ကြတယ်။ ခိုးတယ်၊ ၀ှက်တယ်၊ လိမ်ညာတယ်...ဆိုတာက မကောင်းမှုရဲ့ အခြေခံအကျင့်ဆိုးတွေ...။ သူတော်စင်တစ်ယောက်လို မကျင့်ကြံနိုင်ခဲ့ရင်တောင် အခြေခံအကျင့်ဆိုးတွေတော့ လူတိုင်းလိုလို ရှောင်ရမယ်လို့
လူ့အဖွဲ့အစည်းက ဆုံးမကြတယ်။ ငြိမ်းတသက်လုံးလည်း လိုက်နာကျင့်သုံးလာခဲ့တာ....။
     ကိုကတော့ သူ့ကိုယ်သူ ရွာမှာဆယ်တန်းထိ ရောက်ပြီးသားလို့ပြောပေမယ့်... ဘယ်သူသက်သေ ရှိတာလိုက်လို့..။ နေတာထိုင်တာကလည်း ခပ်မိုက်မိုက်ကန်းကန်းဆိုတော့ ငြိမ်းအသိုင်းအ၀ိုင်းက ဆယ်တန်း ဆိုတာလည်း မယုံဘူး။ သဘောလည်း မတူကြဘူး။ ကို အတင်းခိုးပြေးတယ်ဆိုတာလည်း ရိပ်မိပုံရတယ်။ တရားတောင်စွဲပြီး ငြိမ်းကိုပြန်တောင်းသေးတာ...။ ငြိမ်းကသာ နှစ်ဦးသဘောတူ လိုက်ပြေးတာပါလို့ ဖြောင့်ချက်မပေးရင် ကို့ဘ၀က မတွေးဝံ့ဘူး။ 
      ငြိမ်းမိဘတွေက ဘယ်လောက်ပဲစိတ်ဆိုးဆိုး ငြိမ်းကိုတော့ မပြတ်နိုင်ကြပါဘူး။ ဒါပေမယ့် ဘ၀ဇာတ်ကြောင်း ခြေခြေမြစ်မြစ် မသိတဲ့ကိုနဲ့ အရာရာမှာ စည်းနဲ့ကမ်းနဲ့ နေတတ်တဲ့ မိဘတွေနဲ့ ဘယ်လိုမှ အတူနေလို့မဖြစ်တာ ငြိမ်းကသိတာပေါ့။
ဒါကြောင့်...ရွာထဲမှာပဲ အိမ်ခန်းလေးငှားပြီး နှစ်ယောက်အတူနေခဲ့တယ်။ ရရာအလုပ် ၀င်လုပ်ခဲ့တယ်။   
      ကံကောင်းချင်တော့ မမရဲ့စတိုးဆိုင်မှာ လုပ်ခွင့်ရခဲ့တာပါပဲ။ စတိုးဆိုင်က ငြိမ်းတို့ရွာကနေ နာရီဝက်လောက်ပဲ စက်ဘီးနင်းသွားရင် ရောက်တဲ့ မြို့ရဲ့ အလယ်ကောင်မှာပါ။ မြို့နဲ့ရွာကို ခွဲသာပြောနေရတာ...။ မြို့ရဲ့အစွန်ဆုံး ရပ်ကွက်ဟာ... ငြိမ်းတို့ရွာပဲ။ ငြိမ်း စီးနေကျစက်ဘီးလေးကို မိဘတွေဆီကတောင်းပြီး ကိုကငြိမ်းကို မနက်တိုင်းလိုက်ပို့...။ ညတိုင်းလာကြိုရတယ်။
     ကို့ကိုတော့ ဖေဖေ့မိတ်ဆွေ ပွဲရုံတစ်ရုံမှာ ဖေဖေက ပြောပေးလို့ အလုပ်ရပေမယ့် တစ်ပတ်ကျော်လောက်မှာ....  ပင်ပန်းလွန်းလို့...၊ မတရားခိုင်းလွန်းလို့...ဆိုတဲ့အကြောင်းပြချက်နဲ့ သူ့ဖာသာ ထွက်လာခဲ့တယ်လေ။ အဲဒီနောက်ပိုင်းလည်း  စက်ဘီးဆိုင်၊ ၀ပ်ရှော့၊ ကားပစ္စည်းဆိုင်၊ ဆီစက်၊ ဖယောင်းစက်..အို....စုံလို့ပါပဲ။ ဘယ်အလုပ်နဲ့မှကို သူကအကြောမတည့်တာပါ။                                                   
      ဒီကြားထဲ သူငယ်ချင်း တစ်ယောက်နဲ့စပ်တူ မီးသွေးလုပ်ချင်လို့ဆိုပြီး ငြိမ်းလက်စွပ်လေး ချွတ်ပေါင်ပေးလိုက်ရတယ်။ အရင်းအနှီးလေးပိုက်ပြီး မြစ်တစ်ဖက်ကမ်းကရွာကို မီးသွေးသွားဝယ်ပြီးအပြန်မှာ မော်တော်ပေါ်တင် အဖမ်းခံရလို့တဲ့။  ပစ္စည်းလည်းဆုံး....။ လူလည်းအချုပ်ထဲရောက်လို့....ငြိမ်းဖေဖေက အာမခံနဲ့ လိုက်ထုတ်ပေးရတယ်လေ။
      မကြာပါဘူး။ ငြိမ်းအလုပ်လုပ်နေတဲ့မြို့ရဲ့ နာမည်ကျော် တန်ဆောင်တိုင် ဘုရားပွဲတော်ကြီး နီးလာတယ်။    ဘုရားပွဲတော်က သုံးနှစ်တကြိမ် မြို့တွင်းကို စွယ်တော်လှည့် အပူဇော်ခံတယ်လေ။ ဒီနှစ်...စွယ်တော်လှည့်မယ့်နှစ်ဖြစ်လို့ အရမ်းစည်ကားမယ့်နှစ်ပေါ့။ ကိုနဲ့ငြိမ်းတို့ရဲ့ မင်္ဂလာသက်တမ်းမှာလည်း ဒါဟာ....ပထမဆုံးကြုံရတဲ့ ပျော်ပွဲရွှင်ပွဲပဲ။
ကို့အနေနဲ့ကလည်း ဒီမြို့ရဲ့ ဘုရားပွဲကို ပထမဆုံးတွေ့ကြုံရမှာဆိုတော့ နှစ်ယောက်စလုံး စိတ်အားထက်သန်နေကြတယ်။
      ပွဲတော်ဈေးတန်းကြီးကလည်း အရှည်ကြီး...။ တကွေ့တပတ်ကြီးမှ ညောင်းလောက်အောင်ကို လျှောက်ရတာ။ ယိမ်းကားတွေ ကလည်း ရပ်ကွက်အလိုက်၊ဌာနအလိုက် အများကြီးပဲ..။ ဒီလောက်စည်ကားတဲ့ ပွဲတော်ဈေးမျိုး ကိုက မကြုံဖူးသေးတော့ ငြိမ်းပြောပြ တာနဲ့တင် ရင်သပ်ရှုမောပေါ့...။ တစ်လကြိုလောက်ကတည်းက ဆိုင်ခန်းတွေဆောက်..။ နယ်ကဈေးသည်တွေ ကြိုရောက်နှင့်တဲ့သူက ရောက်...။ နှစ်ပတ်လောက်အလိုမှာ အကြော်သည်တဲတွေက မီးခိုးတလူလူနဲ့ စဖွင့်ကုန်ကြပြီ။ ရဟတ်ကြီးတွေကလည်း မီးရောင်စုံ
ထွန်းထားပြီး လည်ပတ်စပြုကုန်ကြပြီ။ အပျော်မက်တဲ့လူမျိုးပေမို့ တနှစ်တခါ စည်ကားလှတဲ့ ပွဲတော်ဈေးမှာဝင်နွှဲကြဖို့ ဆင်းရဲချမ်းသာ လူတန်းစားပေါင်းစုံကလည်း ဟန်ရေးပြင်ကုန်ကြပြီ။ အဲဒီထဲမှာ....ငြိမ်းတို့လင်မယားကလည်း ထိပ်ဆုံးကပါတယ်ပေါ့....။          
      “ ကိုရယ်....အလုပ်ကလေး တည်တည်တံ့တံ့လုပ်ပြီး ငွေလေးနည်းနည်း စုပါဦး။ ပွဲဈေးကလည်း နီးလာပြီမဟုတ်လား။
      ငြိမ်းလစာလေးနဲ့ကတော့ ပွဲဈေး ဘယ်သုံးလောက်ပါ့မလဲကွယ်...”
       ငြိမ်းက ချော့ချော့မော့မော့ ပူပန်စွာပြောပေမယ့် ကိုကတော့ ခပ်အေးအေးရယ်...။
     “ မပူပါနဲ့ငြိမ်းရယ်...။ ကို့မှာ အကြံရှိပါတယ်..” ...တဲ့။
      ပွဲတော်သာ တစတစ ဆိုင်ခန်းတွေစုံပြီး ဖွင့်ပွဲရက်ရောက်တော့မယ်။ ကိုကတော့ “ ကြံတုန်း..” ကနေ တက်မလာပါဘူး။ ငြိမ်းကလည်း ပိုင်ဆိုင်သမျှအဖိုးတန်ထဲက ဆွဲကြိုးလေးပဲ ကျန်တော့တာမို့ မထိချင်တော့ဘူး။ ကျောင်းစရိတ်အတွက် ချန်ရမယ်လေ။ ငြိမ်းရဲ့ အဝေးသင်ပထမနှစ်ကလည်းပွဲတော်ပြီးတာနဲ့ ကျူရှင်တွေ စတက်ရတော့မှာ...။   
      ဒီတော့...ငြိမ်းအလုပ်ရှင် မမဆီက လခလေးတလစာလောက် ကြိုထုတ်ပေးဖို့ တောင်းဆိုရတာပေါ့။
ငြိမ်းစကားအောင်ဖို့အရေး ဆိုင်အလုပ်တွေ ကြိုးစားပြီးဖိလုပ်နေရတာပေါ့။ မမကလည်း အလိုက်သိပါတယ်။
      “ ဟေး...ကောင်မလေးတွေ....ဆိုင်ပိတ်ချိန်ကျော်နေတာတောင် မပိတ်ကြသေးဘဲ ကြိုးစားလှချည်လားဟေ့။
     ငါ့ညီမတွေ ကြိုးစားကြတာကို အသိအမှတ်ပြုတဲ့အနေနဲ့ မမက ပွဲတော်ရက်မှာ တစ်လစာကြိုထုတ်ပေးမယ့်အပြင် ဘောက်ဆူးလည်းသတ်သတ် ပေးဦးမှာ...”
       “ ဟေး...”
     မမဆီက အဲဒီကြေငြာချက်ထွက်လာတော့ ငြိမ်းတို့တစ်သိုက်ရဲ့ ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်သံက ဘေးနားကဆိုင်တွေတောင် လှည့်ကြည့်ယူရတဲ့အထိလေ....။
                                                xxxxxx
      အဲဒီနေ့တုန်းက တကယ်လည်း ဆိုင်မှာဝယ်သူ အရမ်းကျနေခဲ့တယ်။ ဆိုင်ဝန်ထမ်းတွေတင်မက မမကိုယ်တိုင်ပါ ဈေးဝယ်မယ့် သူထက် အလစ်သုတ်မယ့်သူကို ပိုဂရုစိုက်နေရတယ်။ ငြိမ်းတို့မှာကလည်း အတွေ့အကြုံက ရှိနှင့်ပြီးပြီလေ။ အရောင်းစာရေး ငါးယောက်ကို မျက်စေ့မလည်လည်အောင် တစ်ယောက်တစ်မျိုး...၊ ဟိုဟာပြခိုင်း ဒီဟာပြခိုင်းနဲ့ လူခွဲပစ်ပြီး အလစ်သုတ်တဲ့အဖွဲ့တွေနဲ့ ကြုံဖူးခဲ့ပြီးပြီ။ ပါလည်းပါဖူးခဲ့ပြီးပြီ။
      လုပ်စားနေကျတွေဆိုတော့ သိတ်လျှင်တာ။ ဒီလူတွေမှန်း သိသိကြီးနဲ့ကို ခံလိုက်ရတာချည်းပဲ။ ပျောက်သွားရင်တော့ ဆိုင်စည်းကမ်းအတိုင်း အရောင်းစာရေးငါးယောက်ပေါင်းပြီး လစာထဲက အဖြတ်ခံရတာပေါ့။ တော်သေးတာက...ပျောက်သမျှတွေဟာ သိတ်တန်ဖိုးကြီးတာတွေ မဟုတ်ပဲ တန်ဖိုးသိတ်မများတာမို့ ခံသာသေးတာ။ ဘာပဲဖြစ်ဖြစ်...ကိုယ်သုံးရမယ့် လစာလေး ပဲ့သွားရတာ ခံရတော့ခက်တာပေါ့နော်။ သူခိုးကိုလည်း မေတ္တာပို့လိုက်ကြတာ...တစ်ယောက်တစ်ပေါက် စုံရောပဲ....။
      ခုလို....၀ယ်သူကျတဲ့အချိန်တွေဆို ဘောက်ဆူးကောင်းကောင်းရမှာမို့ ပျော်ရသလောက်၊ အခိုးခံရမှာစိုးလို့လည်း စေ့စေ့ စပ်စပ်လိုက်ကြည့်ရတယ်။ ငြိမ်းတို့ကလည်း အတွေ့အကြုံရှိပြီးသားမို့ မသင်္ကာတဲ့အဖွဲ့ဆိုတာနဲ့ တစ်ယောက်နဲ့တစ်ယောက် အချက်လှမ်းပေး တော့တာပဲ။ ၀ယ်သူ ဆိုင်ထဲကပြန်ထွက်ခါနီးတာနဲ့ ကိုယ့်ပစ္စည်းထဲက အဖိုးတန်တာတွေကို စိတ်နဲ့စစ်ဆေးပြီးသားပဲ။ ဒီအချိန်မှာ အမှားမခံနိုင်ကြတော့ဘူးလေ။ ပွဲတော်နီးကာမှ လျော်နေရရင်လည်း ပွဲဈေးမသုံးရပဲနေမှာစိုးလို့....၊ ငြိမ်းတို့ လုပ်ဖော်ကိုင်ဖက်ငါးယောက် တနှစ်မှာ အညီညွတ်ဆုံးအချိန်လို့တောင် ပြောလို့ရနေပြီ။
      ဒီလိုအချိန်မှာပဲ....ပွဲတော်စဖို့ တစ်ရက်ပဲလိုတော့တဲ့ ညမှာပဲ။ ဆိုင်အသိမ်း....၊ စာရင်းအစစ်မှာ ငြိမ်းတို့စတိုးဆိုင်လေးအတွင်းမှာ မျက်ရည်ယိုဗုံးတစ်လုံး ပေါက်ကွဲခဲ့တော့တာပါပဲ။
      ဘယ်သူသိနိုင်မှာလဲ။ အဲဒီ ဒါးကြီးပါတိတ်ငါးကွင်းဟာ...သူတို့အရောင်းစာရေးမလေး ငါးယောက်ပေါင်းရဲ့ မျက်ရည်တွေ ဆိုတာ....။ 
       တရှုံ့ရှုံ့ ၀ိုင်းငိုနေကြတာကို ကြည့်ပြီး မမလည်း တော်တော်ခံပြင်းနေတယ်။ တစ်ချိန်လုံး မျက်လုံးဒေါက်ထောက်ပြီး ကြည့်လာခဲ့တာ...။ နေ့လည်ပိုင်းအထိ ရှိသေးတာ...သေချာတယ်။ ဒီဒါးကြီးတွေ...တန်ဖိုးကြီးတဲ့ဟာမို့ ငြိမ်းကိုယ်တိုင် လူရှင်းတုန်း ရေတောင်ရေကြည့် လိုက်မိသေးတယ်။
      ညနေပိုင်းလောက်ကျတော့ ၀ယ်သူတွေတအားကျလာတယ်။ ဒါပေမယ့် ဒါးကြီးဘီရိုထဲက ဘာမှတောင် ထုတ်မပြရဘူး။ ဘီရိုကလည်း ကောင်တာအတွင်းကမှ ဖွင့်လို့ရတဲ့ဟာဆိုတော့..အပြင်ကလူက တော်တော်အရပ်ရှည်မှ ကုန်းနှိုက်လို့ရမှာ...။ ဒါကလည်း မဖြစ်နိုင်ပါဘူး။ အဲဒီအချိန်မှာ ငြိမ်းဆီကိုလာတွေ့တဲ့ ကိုလည်း ဆိုင်ထဲမှာရှိနေတော့ အုပ်စုတောင်ပိုတောင့်နေတယ်။ဘယ်သူလုပ်ရဲမတုန်း။
      ဘာပဲဖြစ်ဖြစ်....ခိုးတဲ့လူကတော့ ခိုးသွားပြီ။ ပါတဲ့ပစ္စည်းကလည်း ပါသွားခဲ့ပြီ။ လျော်ဖို့ထုံးစံအတိုင်း ဝေပုံချတော့ ငြိမ်းတို့အားလုံး တစ်လစာစီ ပြုတ်သွားကြတယ်။ အားလုံးရဲ့ ကျိန်ဆဲလိုက်တဲ့အသံဟာ ဆူညံသွားတာပဲ။ ငြိမ်းဆိုတာ...ကြက်သီးတောင်ထသွားတယ်။
      အပြန်လမ်းမှာ ငြိမ်းကစိတ်ညစ်ညစ်နဲ့ စကားမပြောနိုင်ပေမယ့် ကိုကတော့ အာဝဇ္စန်းရွှင်လွန်းလို့ အံ့သြရသေးတယ်။ အရက်နံ့လေးလည်း ခပ်သင်းသင်းရတာမို့ ကို ဘာတွေများ အဆင်ပြေလာပြန်ပြီလဲ...။ နှစ်လုံးများပေါက်လို့လားလို့ တွေးမိပေမယ့် စကားပြောချင်စိတ်ကိုမရှိလို့ ငြိမ်နေမိတယ်။
      အိမ်ခန်းလေးထဲ ရောက်တယ်ဆိုရင်ပဲ ကိုက.. “ စိတ်ညစ်မနေပါနဲ့တော့ ချစ်သည်းရယ်..” ...လို့ဆိုပြီး ငြိမ်းလက်ထဲကို ပိုက်ဆံတွေ အထပ်လိုက်လာထည့်တယ်။ ကြည့်လိုက်တော့ တစ်ထောင်တန်တွေ အထပ်လိုက်....                     
       “ ဒါ ဘယ်ကရလာတာလဲ ကို....။ ဘယ်သူပေးတာလဲ..”
       သိနေတယ်လေ။ ဒီလောက်ငွေ အတိုင်းအတာဟာ ကို့ရဲ့တစ်နေ့စာလုပ်အားခလည်း မဖြစ်နိုင်သလို၊ တစ်လစာလုပ်အားခ ကြိုထုတ်လာတာလည်း မဖြစ်နိုင်ဘူးဆိုတာ...။
       “ ဘယ်ကရရပေါ့ ငြိမ်းရယ်...။ ကို့မိန်းမ ပွဲတော်မှာ ပျော်ပျော်လည်ဖို့ ကိုရှာထားတာပေါ့..”
       “ ဟင့်အင်း....မဖြစ်နိုင်တာ...။ ဒီလောက်များတဲ့ငွေ ကိုဘယ်ကရနိုင်မှာမို့လဲ...။ မှန်မှန်ပြောစမ်းပါ...ငြိမ်းကို..”
       “ အော်....အသည်းလေးကလည်းကွာ....။ ဘာလို့ဒီလောက် သိချင်နေရတာလဲ။ ကို ပွပေါက်တစ်ခု တိုးလာလို့ပါ။  ငြိမ်းအတွက် ပွဲဈေးလျှောက်ရင်ဝတ်ဖို့ ဒါးကြီးပါတိတ်တစ်စုံတောင် ၀ယ်ထားပေးသေးတယ်....ရော့...”
       ငြိမ်းအံ့သြလွန်းလို့ ကြက်သေသေပြီး မယုံကြည်နိုင်လောက်အောင် အခြေအနေကို ထိတ်လန့်နေမိတယ်။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေရဲ့ ရှိုက်သံလေးတွေ ပြန်ကြားယောင်လာတယ်။ ရက်စက်လိုက်တာ ကိုရယ်....။ ဒါလည်း...အရောင်းစာရေးတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်လို့ပြောဦးမှာပဲလား။                    
      လုပ်ပိုင်ခွင့်လို့ စကားလုံးလှလှ သုံးလိုက်တဲ့လုပ်ဆောင်မှုရဲ့နောက်မှာ.....ဘ၀ကို ကိုယ့်ဒူးကိုယ်ချွန်
တက်လမ်းရှာဖို့ ကြိုးစားနေကြသူတို့ရဲ့ မျက်ရည်တွေ....၊ မကျန်းမာတဲ့မိဘကို လုပ်ကျွေးနေရသူရဲ့ ငတ်မွတ်ခြိုးခြံမှုတွေ....၊ မပြည့်စုံရှာတဲ့ မောင်ငယ်နှစ်မငယ်တွေကို ကျောင်းထားပေးနေသူရဲ့ အားငယ်လိုအပ်ချက်တွေကို နင်းချေဆုတ်ဖြဲပစ်ခဲ့ပြီဆိုတာ......။
                                                xxxxxx
       စားပွဲပေါ်က ငွေစက်္ကူအထပ်လိုက်ကို ကြည့်ပြီး ဆိုင်ရှင်မမက မယုံနိုင်သလို ငြိမ်းကိုကြည့်နေတယ်။
      “ မမ ကြိုက်သလို အရေးယူပါ။ ငြိမ်းရှက်လည်းရှက်တယ်။ ၀မ်းလည်းနည်းတယ်။ ဒါပေမယ့် ဒီလမ်းကိုပဲ ရွေးလိုက်ပြီ။  ငြိမ်း သူ့ဆီလည်း မပြန်တော့ဘူး...”
      ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာတယ်ဆိုတာ တကယ်မှန်တဲ့စကားပါ။ ငြိမ်းကိုယ်တိုင် မကျူးလွန်ခဲ့ပေမယ့် ငြိမ်းချစ်တဲ့ ကိုက ငြိမ်းအတွက်ရည်ရွယ် လုပ်ခဲ့တဲ့ပြစ်မှုတွေမို့ ငြိမ်းပဲပြန်ပေးဆပ်ရတာ ထင်ပါရဲ့။
      ပွဲတော်ဈေးစတဲ့နေ့မှာပဲ ပွဲဈေးတန်းမလည်ရဘဲ ငြိမ်းဆေးရုံရောက်ခဲ့ရတယ်။ အူအတက်ပေါက်လို့ ချက်ချင်းခွဲစိပ်ရမယ်ဆိုတော့ လည်ပင်းကဆွဲကြိုးလေး ချွတ်ပေးလိုက်ရတယ်။
       ငြိမ်းကတော့ စိတ်ထိခိုက်လွန်းလို့ မျက်ရည်တွေပဲ အားအားရှိ ကျနေတော့တယ်။ ကိုကလည်း သူ့ကိုစိတ်ဆိုးနေတယ်   ထင်ပြီး အမျိုးမျိုးချော့မော့တယ်။ ပြာပြာသလဲ ပြုစုရှာတယ်။
      သတင်းကြားပြီး လာကြည့်ကြတဲ့ ဆိုင်ရှင်နဲ့လုပ်ဖော်ကိုင်ဖက်တွေကို ငြိမ်းစေ့စေ့မကြည့်ရဲဘူး။ ငြိမ်းရဲ့အခက်အခဲကို သိနေတဲ့ မမကတော့ ငွေတသောင်း ကူညီသွားသေးတယ်။ နေပြန်ကောင်းကာမှ အလုပ်ပြန်ဆင်းဖို့လည်း ခွင့်ပေးသွားတယ်။
       ဒါပေမယ့် နေကောင်းပြီးရင် အလုပ်ကို ဘယ်မျက်နှာနဲ့ သွားရမှာလဲ။
       “ အလုပ်တွေ ပေါပါတယ် ငြိမ်းရာ...။ တခြားအလုပ်ပြောင်းရအောင်..” လို့ သူက တဖွဖွပြောတယ်။
      ကို့ကိုတော့ တကယ်အံ့သြရတယ်။ ငြိမ်းကိုငြိမ်းလည်း အံ့သြမိတယ်။ ငြိမ်းမကြိုက်တဲ့ အကျင့်ဆိုးတွေရှိနေမှန်း သိလိုက်ရပေမယ့် ငြိမ်းရဲ့ချစ်စိတ်က မပြောင်းလဲတာပဲ။ ကိုဟာ ငယ်ငယ်ကတည်းက မိဘတွေမရှိတော့လို့ ဆိုဆုံးမမှုတွေ မနာခံခဲ့ရရှာဘူး... ဆိုပြီး ဂရုဏာသက်မိတယ်။ အမှန်တော့....တရားခံဟာ ငြိမ်းရဲ့စိတ်အာရုံထဲမှာ ထင်ထင်ရှားရှားကြီး ပေါ်နေပြီဖြစ်ပေမယ့်
ဝန်ခံစကားကို ကြားရဲတဲ့သတိ္တ ငြိမ်းမှာမရှိပါဘူး။ မေးလည်းမမေးရဲဘူး။ မေးလည်းမမေးခဲ့ဘူး။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ငြိမ်းသစ္စာမဖောက်နိုင်ပါဘူး။
      “ အဲလိုတော့လည်း မဟုတ်သေးဘူးညီမလေးရယ်။ မမက ငြိမ်းကိုအပြစ်ပေးစရာမရှိပါဘူး။ ငြိမ်းလုပ်တာလည်း မဟုတ်တဲ့အပြင် သူများလုပ်တာကို ငြိမ်းကလာဝန်ခံတဲ့သူလေ။ အလုပ်လည်း မမမထုတ်ဘူး။ အဲဒီကိစ္စကို ထားလိုက်တော့။
      သူ့ဆီ ငြိမ်းမပြန်တော့ဘူးဆိုတာကိုတော့ မမသဘောမတူဘူး။ ငြိမ်းက သူ့ကိုချစ်လို့ လမ်းကြောင်းမှန်ပေါ် တင်ပေးချင်တာဆိုရင် ဒီလိုအကြမ်းနည်း သုံးလို့မရဘူး။ သူ့မှာက ကျောထောက်နောက်ခံလည်းမရှိတော့ သေချာပေါက် လမ်းဘေးရောက်သွားမှာ...။
       ငြိမ်းက သူ့ကိုပြုပြင်ချင်တယ်ဆိုရင် ငြိမ်းရဲ့နှလုံးသားနဲ့ သူ့နှလုံးသားကို ဆက်သွယ်ပြီး နှလုံးသားချင်း နားလည်တဲ့စကားမျိုးပဲ ပြောလို့ရမယ်။ သူ့နှလုံးသားကို ဥပက်္ခာပြုလိုက်ရင်တော့ ငြိမ်းနှလုံးသားရဲ့ လုပ်ပိုင်ခွင့်တွေပါ ပျောက်ဆုံးသွားမှာပေါ့...”
      “ နှလုံးသား လုပ်ပိုင်ခွင့်....”
      မမစကားကို ငြိမ်းအထပ်ထပ် ရွတ်ကြည့်နေမိတယ်။
      ငြိမ်းဟာ ချစ်စိတ်တစ်ခုသာ ရှေ့တန်းတင်ပြီး နောက်ကြောင်း ဘာတစ်ခုမှမသိတဲ့ လူတစ်ယောက်ကို စုံမှိတ်ပြီးယုံခဲ့မိတာ။ တစ်ဘ၀လုံးလည်း ပုံပြီးသွားပြီ။ ရှေ့တိုးတံပိုး နောက်ဆုတ်လှည်းရိုး ဆိုပြီး ရပ်နေလို့ရတဲ့ ဘ၀တွေလည်း မဟုတ်လေတော့....   ရဲရဲပဲရင်ဆိုင် ရုန်းကန်ပြီး ရှေ့ဆက်သွားရတော့မှာပေါ့။ ကိုသာငြိမ်းကို အမှန်တကယ်ချစ်ခဲ့ရင်...ချစ်တဲ့စိတ်နဲ့ ငြိမ်းမကြိုက်တဲ့ အကျင့်ဆိုးတွေကို တဖြေးဖြေး ပြုပြင်လာမယ်လို့ မျှော်လင့်ရတာပဲ။ ပြုပြင်ယူရမှာက ငြိမ်းတာဝန်ပေါ့လေ။  
      ငြိမ်းကသာကို့ဖက်ကို ယိမ်းမသွားဖို့ပဲလိုတယ်။ တံငါနားနီးတံငါဆိုသလို မကောင်းတဲ့အကျင့်တွေမကူးစေဖို့ ငြိမ်းကသာ  စိတ်ဓါတ်ခိုင်မာဖို့လိုမယ်။ လူဆိုတာ အလွယ်လမ်းကို လိုက်ချင်တတ်တယ်မဟုတ်လား။ ကောင်းတဲ့အကျင့်ကို တန်ဖိုးထား   တတ်တဲ့စိတ်...၊ မကောင်းတာကိုလုပ်ရမှာ ရှက်တတ်တဲ့စိတ်တွေ...ကို့ဆီမှာကိန်းဝပ်လာအောင် ဖြေးဖြေးချင်းလုပ်ယူရမယ်။                       
      ဒါဟာ....ငြိမ်းနှလုံးသားရဲ့ လုပ်ပိုင်ခွင့်ပဲမဟုတ်လား ကိုရယ်....။ တစ်ခုပဲ ဆုတောင်းမိတယ်။
      ငြိမ်းပါးပေါ်က တလိမ့်လိမ့်စီးကျလာတဲ့ မျက်ရည်စလေးတွေရဲ့ ခံစားတောင်းဆိုချက်တွေကို ကို့နှလုံးသားလေး နားလည်လက်ခံလာနိုင်ပါစေလို့....။......။
                                                 xxxxxx


ဝေ(စီးပွားရေးတက္ကသိုလ်)
Fancy Journal
                        

4 comments:

  1. ဒီဝတ္ထုထဲက ငြိမ်းလိုမျိုး.. မိန်းကလေးအားလုံး...
    နှလုံးသားရဲ့လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန်အသုံးချတတ်စေချင်လိုက်တာနော်...

    ReplyDelete
  2. အရမ်းကောင်းတာပဲ မမ၇ယ်...နှလုံးဥား၇ဲ့လုပ်ပိုင်ခွင့်ဆိုတဲ့စကားလေးကို
    အ၇မ်းသဘောကျတယ်။
    အ၇ာအားလုံးအပေါ်ကို အခွင့်အေ၇းယူဖို့စဉ်းစားနေတဲ့လူကို
ေ၇ှာင်ဖယ်လိုက်တာအကောင်းဆုံးပဲပေါ့်ဗျာ
    လေးစားလျက်ပါ.....

    ReplyDelete
  3. အလစ်သုတ်ဘို့ချောင်းတဲ့သူတွေက အနည်းဆုံး ၃-၄ယောက်လောက် အုပ်ဖွဲ့ပြီး
    တစ်ယောက်တစ်မျိုး ဆိုင်ရှင်နဲ့အကူတွေကို စိတ်ရှုပ်ထွေးအောင် လုပ်ပြီးမှ
    အလစ်သုတ်တဲ့ နည်းဗျူဟာကိုသုံးတာ အဒေါ်ငယ်ရဲ့ဆိုင်မှာ တွေ့ဘူးတယ် ဝေရေ။
    လူ့အကျင့်စရိုက်ဆိုတာ လွယ်လွယ်နဲ့ပြောင်းရခက်ပေမယ့် ငြိမ်းရဲ့စစ်မှန်တဲ့ နှလုံးသားကိုတော့
    အချိန်ကြာမြင့်စွာ ဥပေက္ခာပြုနိုင်မယ် မထင်ပါဘူး။
    ဇာတ်အိမ်လေးကောင်းတယ် အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်ေးအမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဖတ်ရင်း စဉ်းစားမိတာလေးက စရိုက်မတူ အသွင်မတူသူ နှစ်ယောက် ဘယ်လိုများ ပေါင်းဖက်မိပါလိမ့်ပေါ့။ ဒါကြောင့်လဲ ပြောကြတာဖြစ်မယ် အိမ်ထောင်ပြုရတာ ကံစမ်းမဲနှိုက်ရသလိုဘဲလို့ ... ဒါနဲ့ ဒီဝတ္ထုလေးထဲမှာ ပါတဲ့ မြို့ လေးက ပြည်မြို့ များ ဖြစ်နေမလားလို့ တွေးမိလိုက်သေးတယ်။ ပြည်မြို့ တန်ဆောင်တိုင်ကလဲ သုံးနှစ်တစ်ကြိမ် စွယ်တော်လှည့်ပြီး ဒီလိုဘဲ စည်ကားတယ်လေ။ အဲဒီအချိန်ဆိုရင် လူလဲ အရမ်းရှုပ်တယ်...

    ReplyDelete