နာလန်ထ
















နေ့က ငါ့ခြေထောက်တွေကို ရိုက်ချိုးထား
ညက ငါ့ဘ၀အတွက် နှိုးစက်တစ်လုံးလား
ကျားဆိုလည်း ပြေးတွေ့လိုက်ရ
တုံးဆိုလည်း ပြေးတိုက်လိုက်ရ
အခုတော့...။

အနည်းဆုံး လိုအပ်ချက်
အတ္တစနစ် ရွက်လွှင့်ဖို့
ရွက်တိုင်ကျိုးပြတ်ခဲ့တဲ့ နေ့ကစ
တွေ့ကြုံလာသမျှ
မနုဿအချက်ပြစနစ်အားလုံး ကမောက်ကမ
ကိုယ်ခံအားတွေ အလံချိုးပေးခဲ့ရ
တုံ့ပြန်မှုတွေ စနစ်တကျ မရှိတော့....။

စိတ်အနာကို စိတ်နားကြပ်နဲ့စမ်းသပ်
အနာဂါတ်ကို ဆင်ဆာဖြတ်ပိုင်းနိုင်ဖို့
ပစ္စုပ္ပန်ကို ကြိုးဝိုင်းပေါ်ဆွဲတင်
ရင်ဘတ်အနာတွေက ခံစားအသွင်သက်သက်
သတ်ကွက်တွေ ပျောက်ဆဲငါ
အာရုံစံလွဲမှုဇုံထဲ အလဲလဲအကွဲကွဲ....။

ညွှန်ကြားချက်အရ
ရက်လွန်မနေတဲ့ ပဋိဇီဝတွေနဲ့
ရက်လွန်နေတဲ့စိတ်ကွန်ယက်ကို ထွန်ယက်ရင်း
ရတတ်သမျှ အခြေခံအရင်းအနှီးတွေ ပြန်စုဆောင်း
သတ်မှတ်ယဉ်ကျေးမှုယူနစ်မှာ ရောင်းတန်းတစ်ဖန်ဝင်ဖို့
ပိတ်ဆို့နေတဲ့ ဖိအားအစေးအထန်းများထဲ
စွဲချက်တင် စီရင်ချက်ချ
ငါဟာ ငါ့ကို
တစ်လှမ်းချင်း တွန်းဖွင့်နေရဆဲ
အတ္တအငုံအဖူးတံခါးတွေထဲ အားသွန်ခွန်စိုက်....။

ညရဲ့ နှိုးစက်တွေကို ပိတ်ဖို့ကြိုးစားရဦးမယ်
နေ့ကရိုက်ချိုးထားတဲ့ ခြေထောက်တွေ ပတ်တီးဖြေတဲ့နေ့ထိ။


သစ်ခက်အိမ်
( November, 2011- ရတီမဂ္ဂဇင်း )

No comments:

Post a Comment