သက်တံ တံတား




အမေ့ရဲ့မျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေ ဖျတ်ကနဲ စိမ့်အိုင်သွားတာ သား မြင်လိုက်ရပါတယ်အမေ။
သားရဲ့ ကံဆိုးလွန်းတဲ့ဘ၀အတွက် အမေ စိတ်ထိခိုက် ကြေကွဲနေရတယ် မဟုတ်လား။ အမေ ၀မ်းနည်းနေရတယ် မဟုတ်လား။
သားကို အားပေးပြုံးပြနေပေမယ့် အမေ့ရဲ့ရင်ထဲမှာ စိတ်ထိခိုက် ညှိုးနွမ်းနေမယ်ဆိုတာ သားသိတယ်။
သားရဲ့ရင်ထဲမှာလည်း ရှိုက်ငင်ငိုကြွေးချင်စိတ်တွေ ပြိုဆင်းလာနေပြီအမေ။
နောက်ထပ် သားရဲ့ဘ၀ကို “ မြှင့်တင်ပေးမယ် ” ဆိုတဲ့ စကားမျိုးနဲ့ နှစ်သိမ့်အားပေးဖို့ မကြိုးစားချင်ပါနဲ့တော့ အမေရယ်။
++++++
အပိုင်း (၁)
++++++++
အမေ့ နှစ်သိမ့်အားပေးစကားများ ကြားရခါမှ ကိုယ့်စိတ်ကိုဖုံးကွယ်ရန် ကြိုးစားနေခဲ့သော ၀မ်းနည်းအားငယ်စိတ်များ ပြင်းထန်စွာ လှုပ်ရှားနိုးထလာကြ၏။ လှိုက်လှဲဆို့နင်လာသော ခံစားမှုဖြင့် တုန်ယင်မလိုဖြစ်လာသော မျက်နှာပေါ်မှ အစိတ်အပိုင်းတချို့ကို ထိန်းလိုက်နိုင်ရန် အသက်ရှူကိုပင် ခဏအောင့်လိုက်မိသည်။
အမေ့မျက်နှာကို (ပထမဆုံးအကြိမ်အဖြစ်) မယုံကြည်နိုင်သလို ငေးမောနေမိသည်။ အမေ့မျက်လုံးအိမ်သည် ရှေ့မှ အရည်လွှာပါးပါးတစ်ခု ကြားခံနေသလို ရီလဲ့နေ၏။ အမြင်အာရုံတွင်လည်း စိုက်ငေးနေသော သား၏မျက်နှာသည် မှုန်ဝါးနေပေလိမ့်မည်။
သားကို ခွင့်လွှတ်ပါအမေ။ အမေ့စကား၊ အမေ့ဆန်္ဒ၊ အမေ့စေတနာကို မယုံသလို ငြင်းဆိုလိုက်မိတဲ့အတွက် အမေ စိတ်ထိခိုက်ရတာဟာ သားရဲ့အပြစ်ပါ။ အမြဲတမ်း ယုံကြည်လိုက်နာနေကျ အမေ့စကားတွေထဲက ဩဒီစကားတစ်ခွန်းကို အကြောက်အကန် ငြင်းဆိုမိတာဟာ အမေ့ကို ဆန့်ကျင်လိုစိတ်နဲ့ မဟုတ်ရပါအမေ။
သားဟာ ဘယ်တုန်းကမှ အမေ့အပေါ်ကို ဆန့်ကျင်လိုစိတ် လုံးဝ မရှိခဲ့ဖူးပါ အမေ။
အမှန်က ကိုယ့်ကိုယ်ကို မယုံကြည်နိုင်မှု၊ မယုံရဲနိုင်မှု သက်သက်သာ ဖြစ်လေသည်။ အမေ့အပေါ်မှာ မည်သို့မျှ မယုံမကြည်နှင့် သံသယရှိစရာ မလိုအပ်။ အမေတိုင်းသည် သားများ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ယုံကြည်ကိုးစားတတ်ကြ၏။ အကောင်းမြင်တတ်ကြ၏။ အထင်ကြီးတတ်ကြ၏။
အမေသည်လည်း သား၏အစွမ်းအပေါ်တွင် ယုံကြည်ကိုးစားလိုပေလိမ့်မည်။ သား၏အောင်မြင်မှုအပေါ်တွင် ဂုဏ်ယူချင်ပေလိမ့်မည်။ သား၏ဘ၀ တိုးတက်မှုများတွင် ကျေနပ်ပီတိဖြစ်လိုပေလိမ့်မည်။
သို့ပေမဲ့ ယခုမူ သားသည်သာ အမေ့အား အားကိုးမှီခိုနေရ၏။ သားရှိနေခြင်းသည် အမေ့အတွက် စိတ်ဖြေသိမ့်မှုတစ်ခုသာဖြစ်၍ ဘာမှ အားကိုအားထား မျှော်လင့်ဖို့ အသုံးဝင်နိုင်မည် မဟုတ်။ အနာဂတ်အတွက် ဘာကိုမှ အားကိုးမှီခိုနိုင်ဖို့ မျှော်လင့်ချက် မပေးနိုင်သော၊ အာမခံချက်မရှိသော သားတစ်ယောက်အဖြစ် အမေ့အပေါ် အားနာနေမိသည်။ သနားနေမိသည်။
အတုံ့အလှည့် မမျှော်လင့်တတ်သော မိဘတို့၏ စုန်ရေမေတ်္တာကို နားမလည်နိုင်ခြင်း မဟုတ်ပါ။ ဒုက်္ခိတသားငယ်တစ်ယောက်၏ အားငယ်ကြေကွဲမှုသာ ဖြစ်ပါသည်။
+++++++
“ သား ဒီကိစ်္စကိုတော့ မလုပ်ပါရစေနဲ့။ အလုပ်ရဲဘူး အမေရယ်..”
အမေသည် ရုတ်တရက် ပျက်ယွင်းအံ့သြသွားသော၊ ကြောက်လန့်တကြား ငြင်းပယ်နေသော သား၏မျက်နှာကို ဂရုဏာသက်စွာ ငေးကြည့်နေ၏။ သားရင်ထဲက ခံစားချက်ကို နားလည်နေသူမို့လည်း မျက်ရည်စို့မိမတတ် သနားနေရှာလိမ့်မည်။
တစ်ခါတရံတွင် လူတစ်ယောက်၏ မစွမ်းဆောင်နိုင်သော ကိစ်္စတစ်ခုကို အားပေးတိုက်တွန်းမိခြင်းက ထိုလူအား ပို၍ပင် အားငယ်သွားစေတတ်ကြောင်း အမေလည်း ကိုယ်ချင်းစာနေမှာပါ။
“ ဘာ မလုပ်ရဲစရာရှိလဲ သား။ သားကို အမေယုံတယ်။ သားလုပ်နိုင်မယ်လို့ ယုံတယ်။ သားလုပ်နိုင်မယ်ဆိုတာ သိလို့ အမေစီစဉ်ခဲ့တာပေါ့။ မဖြစ်နိုင်တာကို အမေက စီစဉ်ပါ့မလားကွယ်။ သား အမေ့ကို ယုံတယ်မဟုတ်လား...”
မယုံကြည်သလို မျက်လုံးများဖြင့် ငေးကြည့်နေမိသည့်အတွက် အမေ့အပေါ် အားတော့နာမိပါသည်။ သို့သော်လည်း မတတ်နိုင်ပါ။ ဒီကိစ်္စမှာတော့ သား ဘယ်အရာကိုမှ မယုံရဲ။ ဘာကိုမှလည်း မမျှော်လင့်ရဲ။ လူ့ဘ၀ထဲ စ၀င်ကတည်းက အရှုံးနှင့် ၀င်ခဲ့ရသော မိမိဘ၀မှာ တစ်စုံတစ်ခုကို ရှုံးနိမ့်၍ ထပ်ခံစားရမှာမျိုး မကြုံချင်တော့ပေ။ ရှုံးမယ်ထင်ရတဲ့ ပြိုင်ပွဲတစ်ခု ဒါမှမဟုတ် အလောင်းအစားတစ်ခုခုကို အနိုင်ရမယ့် အဖိုးကြီးဆုကြေးကို မျှော်တွေးပြီး သား မလောင်းရဲ။ မပြိုင်ရဲ။
“ အားလျော့တွေးနဲ့ မတွေးရဘူးလေ သားရယ်။ မဖြစ်နိုင်တဲ့ ကိစ်္စမှမဟုတ်တာ။ ဖြစ်အောင်လုပ်စမ်းပါကွယ်။ ဒါမှ သားလို ဘ၀တူလူငယ်တွေ နမူနာယူစရာရှိပြီး အားတက်လာကြမှာ။
ဒီလိုလုပ် သား။ အဦးဆုံး အရင် စမ်းလုပ်ကြည့်။ ဖြစ်မဖြစ် သားဖာသာလည်း အကဲခတ်ကြည့်။ အခြေအနေ ကျေနပ်လောက်မှ ဆက်လုပ်ပေါ့။
ဒါဆို သားဖြစ်ချင်နေတဲ့ လောကကို တစ်ဖက်တစ်လမ်းကအကျိုးပြုတဲ့ လူငယ်တစ်ယောက်ဖြစ်လာမယ်။ သားလည်း ပျော်မှာပါပဲ။ မဖြစ်မြောက်မှာ ရှုံးနိမ့်မှာ စိုးတဲ့အတွေးနဲ့ အပျက်ဖက်ကို တွေးနေလို့ကတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။
ကြိုးစားကြည့်စမ်းပါ။ သတိ္တရှိစမ်းပါ သားရယ်။ မကြိုးစားဘဲ မအောင်မြင်တာထက် ကြိုးစားရင်း ရှုံးနိမ့်ရတာက ပိုပြီး အဓိပ်္ပါယ်ရှိပါတယ်ကွယ်။ ဖြစ်နိုင်လို့သာ အမေ တိုက်တွန်းတာပေါ့။ ငါ့သား အမေ့ကိုယုံစမ်းပါ။ ကိုယ့်ကိုယ်ကို ယုံစမ်းပါ...”
အမေ့စကားသံတို့သည် အားမာန်အပြည့်နှင့် သား၏ရင်ကို နွေးထွေးစေ၏။ အားလျော့စိတ်ကို ပြည့်တင်းစေ၏။
သို့ပေမဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်သည့် အရိုးပျော့ဒုက်္ခိတသည် တစ်ယောက်အနေဖြင့် လူတောထဲတိုးဝင်ရန် ဘယ်လိုမှ လိပ်ပြာမရဲ။ ကိုယ့်ဘ၀အတွက် ထူးထူးထွေထွေ ရှက်ရွံ့ခြင်းမဟုတ်သော်လည်း သိမ်ငယ်စိတ်တော့လည်း မကင်းနိုင်ပြန်။
“ သား စဉ်းစားပါရစေ အမေရယ်...”
တကယ်က “ အားမွေးပါရစေ ” ဟု ပြောလိုက်ဖို့ပင် ကောင်း၏။ မိသားစုကမ်္ဘာလေးထဲ၌သာ အဆက်အဆံရှိ၍ အိမ်တွင်းပုန်းနေခဲ့သော သားအဖို့ အပြင်လောက လူတွေကြားထဲ ခြေချဖို့ရာမှာ တွန့်ဆုတ်နေမိသည်။ မိမိမကြုံဖူးသော လူမိတ်ဆွေများသည် စာအုပ်မိတ်ဆွေများလောက် သစ်္စာရှိပါ့မလား။ ရိုးသားကြပါ့မလား။ ဟန်ဆောင်မှုကင်းပါ့မလား။ မိမိအပေါ် နားလည်တတ်ပါ့မလား။
ဘာဘဲဖြစ်ဖြစ် လူတချို့သည် ကောက်ကျစ်တတ်ကြသည်။ ဟန်ဆောင်တတ်သည်။ လိမ်ညာတတ်သည်။ စကားတင်းဆိုတတ်သည်။ စောင်းမြောင်းတတ်သည်ဟု စာအုပ်တချို့၌ သူ ဖတ်ဖူး၏။ ဒါတွေကို ခံနိုင်ရည်ရှိဖို့ သူ အားမွေးရန် လိုအပ်သည်မဟုတ်လား။
“ သားဟာ ဘ၀တူ အဖော်တွေကို အားတက်စေမယ့် စံပြတစ်ယောက် ဖြစ်စေရမယ် သား။ ဘ၀တူတွေကို ဖေးမလမ်းပြနိုင်အောင် ကြိုးစားစမ်းပါကွယ်..”
အမေကတော့ သားအပေါ်တွင် ယုံကြည်စိတ်၊ အထင်ကြီးစိတ်၊ များလွန်းနေလေသည်။
+++++++
အမေသည်သာ သားဘ၀၏ အနီးကပ်အားပေး လက်တွဲဖော်ဖြစ်ခဲ့လေသည်။ အဖေက သူ့လုပ်ငန်းများဖြင့် အားလပ်ချိန် နည်းပါးသောကြောင့် သားအား အရိပ်တကြည့်ကြည့် မနေနိုင်ခဲ့သမျှ အမေက ပို၍ ဂရုစိုက်ကြင်နာပေးခဲ့၏။
အမေသည် အိမ်အလုပ်များ လုပ်ချိန်မှလွဲ၍ ကျန်အချိန်တိုင်းတွင် သား၏ဝေယျာဝစ်္စများကို လုပ်ပေးနေတတ်၏။ ငယ်စဉ်ကတည်းက စာသင်ပြပေးရသောအလုပ်ကို အမေက သားအတွက် အလေးထားကာ အချိန်ပေးခဲ့လေသည်။
အမေသည် သားအတွက် အစစအရာရာကို သူမကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်အားရတတ်ခဲ့သူ။
“ မင်းမှာ အိမ်အလုပ်တွေရော၊ သားအတွက် အစစအရာရာ လုပ်ပေးရတာရော၊ ပင်ပန်းလှပါပြီကွာ။ သားကို စာပြပေးဖို့ ဆရာမတစ်ယောက် ငှားလိုက်ပါလား...”
အဖေက အားလပ်ချိန် နည်းနည်းမှ မရှိရှာသောအမေ့ကို ညှာတာစွာ ဆရာမငှားဖို့ စီစဉ်လိုခဲ့သော်လည်း အမေက လက်မခံခဲ့ပေ။
“ သားလေးက သိပ်အားငယ်တတ်တာ။ အမေ့ကိုလည်း သိပ်အားကိုးရှာတာ။ ကျွန်မကိုယ်တိုင်သင်ရင် သူ ပိုပြီး စိတ်ဝင်စားတော့ တတ်လွယ်တာပေါ့။ ပင်ပန်းတယ်လို့မထင်ပါဘူး။ ပြီးတော့ သားဘ၀ကို မြှင့်တင်နိုင်အောင် ကျွန်မ ကြိုးစားချင်ပါတယ်...”
အမေက သားဘ၀ကို မြှင့်တင်နိုင်ရန် အမှန်တကယ် အပင်ပန်းခံခဲ့လေသည်။ သား၏ ပင်ကိုယ်ဥာဏ်မှာ အတန်အသင့် ထက်မြက်သော်လည်း သား၏စိတ်ဓာတ်များမှာမူ ပျော့ညံ့လျက်ရှိပေရာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလွန်းလှ၏။
ဒုက်္ခိတသားငယ်အဖို့ ကုသိုလ်ကံပါးလျားမွဲနုံလွန်းသော သူ့ဘ၀ကို နာကျဉ်ကြေကွဲစွာ ခါးသည်းနေခဲ့သည်မှာ သား၏အမှား မဟုတ် ဟုလည်း အမေကသားကို နားလည်စွာ အပြစ်တစ်ခွန်းမှ မဆိုခဲ့။ ငယ်စဉ်ကပင် သားအတွက် စိတ်ခွန်အားဖြစ်စေမည့် စာအုပ်ကောင်းများကို အမေကိုယ်တိုင် ဖတ်ပြ၊ ရှင်းပြပေးခဲ့သည်။ သား၏စိတ်ဓာတ်များ တည်ငြိမ်ရင့်ကျက်လာစေရန် အမေက စာအုပ်များကို သားအတွက် အဖော်ကောင်းအဖြစ် ဆောင်ကြဉ်းပေးခဲ့လေသည်။
ကျောင်းစနေရမည့်အရွယ်က သားသည် အမြဲတမ်း ညှိုးငယ်ငေးငိုင်နေတတ်၏။ နေ့စဉ်နေ့တိုင်း ဘီးတပ်ကုလားထိုင်ပေါ်မှ ပျော့ခွေနွဲ့လျစွာ ငေးမောနေတတ်သော သား၏အကြည့်များသည် ပျော်ရွှင်ဆူညံစွာ ကျောင်းသွားနေကြသော လမ်းမပေါ်မှ ကလေးများအပေါ်တွင် အားကျငေးရီနေတတ်သည်။ တစ်ခါတရံ အသံမထွက်ဘဲ ကြိတ်ရှိုက်တတ်ပြန်၏။
သားစိတ်ထဲတွင် ရွယ်တူကလေးငယ်များနည်းတူ ပြေးလွှားခုန်ပေါက် ကစားလိုသောဆန်္ဒများသည် ဆို့နင့်စွာ မြိုချလိုက်ရသောတံတွေးနှင့်အတူ ရင်ထဲမှာပင် သိုသိပ်ထားလိုက်ရ၏။
သား၏ဆန်္ဒအတိုင်း လမ်းမပေါ် ကောင်းစွာမြင်နေရသော စာကြည့်ခန်းအတွင်းသို့ လိုက်ပို့ပေးရသော အမေ့၏ အသည်းနှလုံးသည်လည်း ယူကြုံးမရစွာ ကြေကွဲနေခဲ့လိမ့်မည်။ တိတ်တဆိတ် မျက်ရည်ကျချင် ကျနေခဲ့မည်။
သို့ပေမဲ့ အမေသည် သားရှေ့တွင်မူ ဘယ်သောအခါမှ မျက်ရည်ကျမပြတတ်ခဲ့။ အမေ့၏ အလွန်ဆုံးသော စိတ်ထိခိုက်မှု အမူအရာသည် မျက်နှာတဒင်္ဂညှိုးသွားရုံသာဖြစ်၏။ သားရှေ့တွင် မည်သည့်အခါမျှ အမေ မညည်းညူခဲ့ဖူးပေ။
သားအတွက် အားပေးစကားများ၊ ဖြေသိမ့်စကားများကို တည်ငြိမ်သောမျက်နှာ၊ တက်ကြွသောအမူအရာများဖြင့် ပြောဆိုနိုင်မှသာ သား၏ အားငယ်စိတ်များ ဖြေဆည်လာနိုင်မည်ဟု အမေက ယုံကြည်ခဲ့ပေလိမ့်မည်။
“ ငါ့သားလေး ကံဆိုးရှာတယ်..” ဆိုသော စကားမျိုးများတော့ စိတ်အားငယ်သွားမည်စိုး၍ သားရှေ့တွင် ဘယ်တော့မှ မညည်းညူမိရန် အမေက အလွန်ဂရုပြုခဲ့ပုံရ၏။
တစ်ခါက သားသည် အမေ့ရင်ခွင်တွင် မျက်နှာဝှက်ကာ ရှိုက်ကြီးတငင် ၀မ်းပမ်းတနည်း ငိုမိသေး၏။
“ သားဘ၀က သိပ်ကံဆိုးတာပဲ အမေရယ်။ သူများတွေလို သားလည်း ကျောင်းသိပ်တက်ချင်တာပဲ။ လက်ကလေးမှ စာရေးဖို့ မလှုပ်နိုင်တဲ့ဘ၀မှာ လူလာဖြစ်နေမယ့်အစား သေလိုက်ပါရစေတော့။ ဒါမှမဟုတ်လည်း ဦးနှောက်တွေပါ အားလုံးပျက်နေလိုက်။ ဒါဆို ၀မ်းနည်းတတ်မှာလည်း မဟုတ်ဘူး။ ကြေကွဲတတ်မှာလည်း မဟုတ်ဘူး။ ဘာမှ ခံစားရမှာမဟုတ်ဘူး။
သား ဒီဘ၀မှာ အပျော်ဘူးအမေ။ သေရမယ့်ရက်ကို ဒီကုလားထိုင်လေးပေါ်ကနေ၊ လမ်းမကိုငေးရင်းကနေ၊ ကုတင်ပေါ် လှဲနေရင်းကနေ၊ စောင့်နေရတာ ဘာအဓိပ်္ပါယ်ရှိလို့လဲ။ အချိန်တွေမြန်မြန်ကုန်ပြီး မြန်မြန်သေရမယ့်ရက် ရောက်လာပါစေလို့ပဲ ဆုတောင်းနေရတော့တယ်...”
“ အို ဒီလိုမပြောနဲ့ သား။ ရက်တွေ မြန်မြန်ကုန်ပါစေလို့ ဆုမတောင်းရဘူးလေ။ တစ်စက်္ကန့်၊ တစ်မိနစ်တောင်မှ သိပ်ပြီးအဖိုးတန်တာ။ အတိတ်ဆိုတာ ပြန်လိုချင်လို့မရဘူး သား။ ပစ်္စုပ်္ပန်ဟာ အဖိုးအတန်ဆုံးအချိန်ပဲ။ အကျိုးရှိအောင် အသုံးချတတ်ဖို့ပဲ အရေးကြီးတာ။ သားဘ၀ဟာ အလကားမဟုတ်ဘူး။ သားမှာ ကြိုးစားနိုင်ခွင့်တွေရှိပါတယ်။
သားကိုအမေလမ်းပြမယ်။ လက်တွဲခေါ်မယ်။ သားဘာမှ အားမငယ်နဲ့။ သားဟာ မသန်ပေမဲ့ စွမ်းရမယ် သား...”
အက်ကွဲနေသော နှလုံးသားကို ဖုံးကွယ်ကာ၊ မချိသောရင်ကို အားတင်းကာ၊ အမေက သားအား နှစ်သိမ့်အားပေးခဲ့၏။ အမှန်တကယ်လည်း သားအတွက် ကြိုးစားပေးခဲ့လေသည်။
သားသည် ငယ်စဉ်က ခြေများလက်များကို ကိုယ်တိုင် လုံးဝမလှုပ်ရှားနိုင်ခဲ့။ အမေက ဆရာဝန်နှင့်တိုင်ပင်ကာ လက်ချောင်းလေးများကို ပထမဦးစွာ အမေ့အကူအညီဖြင့် လေ့ကျင့်လှုပ်ရှားစေခဲ့သည်။ အမေ၏အားပေးတတ်မှု၊ စိတ်ဓာတ်မြှင့်တင်ရာတွင် ကျွမ်းကျင်မှုတို့ကြောင့် သားသည် အမေ့ကို ယုံကြည်အားထားလာကာ အမေ သွန်သင်သမျှ လိုက်နာလေ့ကျင့်ခဲ့၏။
တဖြေးဖြေး လက်များ လှုပ်ရှားရလာသောအခါ၌ အမေက အော်ဂင်တစ်လုံးကို ၀ယ်ယူကာ သားအားသင်ကြားပေးလေသည်။ သားသည် ဂီတဖက်တွင်မူ ပါရမီရှိသူဖြစ်ပြီး သား၏အသံသည် ကြည်လင်ချိုမြကာ ဂရုဏာငွေ့လွှမ်းသည်ဟု အမေကဆို၏။
သား၏ လျော့ရဲပျက်ပြားနေသော စိတ်ဓာတ်များကို အမေက ဂီတဖြင့်လည်း တစ်ဖက်တစ်လမ်းမှ တည်ငြိမ်အေးချမ်းအောင် လမ်းပြတွဲခေါ်ခဲ့ခြင်းပင်။
+++++++
အပိုင်း(၂)
++++++
မယုံရဲရဲဖြင့် ကြိုးစားလာခဲ့ရသမျှ ခုလောက် အဓိပ်္ပါယ်ပြည့်ဝစွာ ပျော်ရွှင်လာရမည်ဟု တစ်ခါမျှ မမျှော်လင့်ရဲခဲ့ပေ။
ခုလို သား ဘယ်တော့မှ မမျှော်လင့်ရဲခဲ့သော ဘ၀မျိုးကို သားတောင့်တ၍မျှပင် မကြည့်ခဲ့ဖူးပေ။ တောင့်တဖို့ရာမှာလည်း မတန်မရာနိုင်လွန်းသည်ဟု သားက ထင်မှတ်၏။
ခုတော့ သားမမျှော်မှန်းဝံ့ခဲ့သော ရွှေရောင်တောက်ပသည့်ဘ၀မျိုးကို အမေက လက်တွဲဖေးမပို့ခဲ့လေပြီ။
“ သား စီးရီး အောင်မြင်တယ်သား။ အမေမပြောဘူးလား။ သားအရည်အချင်းကို အမေယုံပါတယ်လို့။ ငါ့သားဟာ လူတော်တစ်ယောက်ပါကွယ်...”
အရာရာတို့ထက် အမေသည် သားအပေါ်တွင် မြော်မြင်ဥာဏ်ကြီးမားလွန်းလှသည်။ မေတ်္တာစေတနာ များပြားလွန်းလှသည်။ တွဲခေါ်နိုင်မှု ထူးချွန်လွန်းလှသည်။
ပထမဆုံး သီချင်းတစ်ပုဒ်ကို အားမာန်ရှိသည့်၊ စိတ်တက်ကြွမည့်၊ ကိုယ့်ကိုယ်ကို ယုံကြည်အားထားသည့် သဘောများဖြင့် ရေးဖွဲ့ရန် အမေက သီချင်းရေးသူအား တိုင်ပင်ခဲ့လေသည်။ သား၏ စိတ်ဓာတ်မြှင့်တင်နိုင်ရန်၊ အားတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အစစအရာရာကို အမေက ဦးဆောင်စီစဉ်ကာ သားအတွက် ဖန်တီးပေးခဲ့၏။ အမေသည် သားအား အကျိုးပြုလူသားတစ်ယောက် မဖြစ်ဖြစ်အောင် အနှစ်နှစ်အလလ အပင်ပန်းခံ ပြုစုပျိုးထောင်ကာ လောကအတွက် မွေးထုတ်ပေးလိုက်လေသည်။
လေလှိုင်းထဲတွင် ကြည်လင်ချိုမြစွာ ထွက်ပေါ်နေသော၊ ပရိသတ်ကချစ်ခင်အားပေးသော၊ တီဗွီဖန်သားပြင်တွင် နောက်မှီကုလားထိုင်ဖြင့် ခပ်လျော့လျော့ထိုင်ကာ ကိုယ်တိုင် အော်ဂင်တီး သီချင်းဆိုနေသော ပြည်သူ့အတွက်တေးသံရှင်သည် အမေ၏သား ဖြစ်ခဲ့လေပြီ။
ဤတစ်ကြိမ်တွင်တော့ ယုံကြည်လေးစားစွာ အမေ့မျက်နှာကို မော့ကြည့်လိုက်မိသည်။
ဘီးတပ်ကုလားထိုင်ပေါ်မှ သားအား ကြင်နာစွာငုံ့ကြည့်နေသော အမေ့ရင်ထဲ၌...
သား၏အစွမ်းအစပေါ်တွင် ယုံကြည်အားထားစွာ..၊ သား၏ အောင်မြင်မှုအပေါ်တွင် ဂုဏ်ယူကြည်နူးစွာ..၊
သား၏ အနာဂတ်ရှေ့ရေးအတွက် စိတ်ချရင်အေးစွာ...။
+++++++
အမေ့မျက်ဝန်းထဲမှာ မျက်ရည်ကြည်တွေ ဝေ့၀ဲနေတာ သား မြင်လိုက်ရပါတယ်အမေ။
အမေ သားအတွက် ၀မ်းသာကြည်နူးစိတ်တွေ ပြည့်လျှမ်းနေတယ် မဟုတ်လား။
အမေ့ရဲ့ ပျော်ရွှင်ကျေနပ်နေတဲ့ မျက်နှာကို ငေးမောကြည့်နေရင်း သားရဲ့ရင်ထဲမှာလည်း အမေ့ဆန်္ဒကို ပြည့်ဝစေနိုင်မယ့် အစွမ်းတွေ အမြဲရရပါစေလို့ ဆုတောင်းနေမိတယ်။
ခုဆို သားရဲ့အနာဂတ်ဟာ သက်တံရောင်စုံတွေ ဖန့်ဝင်းနေပြီအမေ။
တကယ်တော့ အမေဟာ သားဘ၀အတွက် မေတ်္တာအလင်းကို ရောင်ပြန်ကွန့်မြူးစေပြီး နှလုံးသားနဲ့ သက်တံတံတား ခင်းပေးခဲ့သူပါ အမေရယ်။
+++++++

ဝေ(စီးပွားရေးတက္ကသိုလ်)
May, 2013... Fashion Image Magazine
( အမေနေ့အမှတ်တရအတွက် မဂ္ဂဇင်းမှာထည့်ဖို့ အယ်ဒီတာညီမလေးက တောင်းဆိုတာကြောင့် ရေးပြီးသားအဆင်သင့်မရှိတာနဲ့ အသက်နှစ်ဆယ်တုန်းက ရေးထားတဲ့ ၀တ္ထုလေးကို ပေးဖြစ်တာပါ။ သည်းခံဖြည့်စွက်ပြီး ဖတ်ပေးပါရှင်...)

No comments:

Post a Comment