ဝင်္ကပါလမ်းလွှဲ


 မထင်မှတ်ဘဲ ဒေါ်လေးသီအသံကို ကြားလိုက်ရတော့ ပိန်းပိတ်မှောင်မိုက်နေသည့် ဝင်္ကပါထဲမှာ လမ်းပျောက်နေရာမှ အလင်းတစ်ပြက်ကို တွေ့လိုက်ရသူလို အားတက်သွားရ၏။
ဘယ်လောက်မာယာများသည့် ဝင်္ကပါဖြစ်ပါစေ။ လွတ်လမ်းကိုကြိုးစားဖွေရှာနိုင်ဖို့ အလင်းရောင်လေးတော့ အနည်းငယ်ဖြစ်ဖြစ်ရှိဖို့လိုမည်မဟုတ်လား။
 တကယ်တော့ သူမက ဝင်္ကပါထဲမှာ ပိတ်မိနေသူဆိုပါက ထိုဝင်္ကပါသည် လွတ်ဖို့မလွယ်အောင် မာယာများဖြင့်လျှို့ဝှက်လှစွာ၏။ လမ်းစရှာဖွေ မမြင်နိုင်လောက်အောင် မှောင်ပိန်းလွန်းလှ၏။ အားလျော့စိတ်ပန်းကျချင်အောင် လိမ်ကွေ့နက်ရှိုင်း၏။        
သို့ပေမယ့် သူမကတော့ ထိုဝင်္ကပါထဲမှ လွတ်မြောက်လိုသည်သာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဝင်္ကပါ၏အပြင်ဖက်တွင်
သူမမျှော်လင့်အားခဲထားသော မိသားစုအသိုက်အမြုံလေး ရှိနေသောကြောင့်ပင်...။

                                                      xxxxxx
 ' သူတို့က ကလေးမလေးကို ရောင်းစားထားခဲ့တာလား။ ဒါမှမဟုတ် အကြွေးမဆပ်နိုင်လို့ သမီးကိုထိုးအပ်ခဲ့တာလား။ သူတို့တင်နေတဲ့အကြွေးက ဘယ်လောက်တောင်ရှိလို့လဲ။ အဲဒီအကြွေးတွေ ကျွန်မဆပ်ပေးပြီး ကလေးကို ပြန်ရွေးသွားချင်တယ်။ '
 အလင်းတစ်ပြက်မြင်သူလို အားတက်စိတ်က ခပ်တင်းတင်းလေသံနှင့် ခပ်ရင့်ရင့်စကားလုံးတွေ အကြားမှာ ပြန်လည်လျောကျပြေလွင့်ရ၏။ မိခင်လုပ်သူကို သမီးရောင်းစားသူ အဖြစ် ပြစ်တင်စွပ်စွဲ လိုက်သည်ကတော့ တစ်ဆိတ် မရက်စက်လွန်းဘူးလား။
 တကယ်တော့ ဒေါ်လေးသီဆိုတာ တစ်ဝမ်းပဲကွဲသည့် သူမ၏အဒေါ်တော်စပ်သူပါ။ ဟိုးယခင် ရခိုင် ရွာမှာနေစဉ်က ဘိုးဘွားပိုင်တစ်ခြံထဲ အတူတူနေခဲ့ကြဖူးသည့် တစ်ရေတည်းသောက်တွေ။
          အမွေဆိုင်ခြံကြီးကို စည်းရိုးမထားဘဲ အဘွားတို့ညီအစ်မအရင်းလက်ထက်က တစ်ယောက်တစ်ဖက် အိမ်တစ်လုံးစီ ဆောက်နေခဲ့ သော်လည်း အမေတို့တစ်ဝမ်းကွဲတွေ လက်ထက်ရောက်လာတော့ ထက်ခြမ်းခွဲကာ နယ်နမိတ်သတ်မှတ်ခဲ့ကြ၏။ တစ်ဖက်က စီးပွားတက်ပြီး တစ်ဖက်က စီးပွားပျက်လာလေ...၊ နယ်နမိတ်အပိုင်းအခြားသည်လည်း အုတ်တံတိုင်းတွေ ဘာတွေနှင့် ပိုမိုခိုင်မာတိကျလာလေ။
 စီးပွားတက်သူနှင့်ပျက်သူကလည်း စီးဆောစီးသူတွေပမာ အနိမ့်အမြင့်အတက်အကျက တကယ့်ကိုဆန့်ကျင်ဖက်၊ပြောင်းပြန်အချိုးကျ။
 တက်သူက မိုးကိုမျှော်ပြီး တိုးတက်သွားကြသလို စီးပွားကဒီရေအလား၊ သားသမီးတွေက ပညာတတ်တွေ အရာရှိကြီးတွေ ဖြစ်သူကဖြစ်၊ တစ်မိသားစုလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဝံ့ဝံ့ကြွားကြွား။
 ကျသူကတော့ မြေကိုထိနမ်းမတတ် ပြားဝပ်နေရပြီး လုပ်သမျှမအောင်မြင်၊ အကြွေးနစ်၊ ကလေးတွေကျောင်းထုတ်ပြီး၊ နောက်ဆုံး ပိုင်ဆိုင်ရာအမွေရ မြေနှင့်အိမ်လေးကို အမျိုးတွေလက်ထဲပဲ ရသမျှဈေးနှင့် ထိုးထည့်လိုက်ရတော့၏။
 သူမ၏မိဘများက ရိုးအပြီး ပညာလည်းမတတ်လေတော့ သူတစ်ပါးလှည့်ဖျားမြူဆွယ်ရာ မှာလည်း ပျော်ဝင် နစ်မွန်း လွယ်လှတာဖြစ်လိမ့်မည်။ စီးပွားမကောင်း ဥစ္စာပျက်ရသည်မှာ အသုံးမကျသူ လူအဓိကဟု အမှန်ကိုမမြင်တတ်ဘဲ
' အရပ်နဲ့မတည့်လို့၊ တစ်ရွာမပြောင်းသူကောင်းမဖြစ်တာ..' ဆိုပြီး ဆွယ်တရားဟောသူနောက်သို့ တစ်ပြုံတစ်မကြီး ရိုးမကိုကျော်ကာ လိုက်ချသွားကြပြန်၏။
နိမ့်ကျသိမ်ငယ်သည့်ဘဝမှာ အကူအညီပေးဖော်မရ။ မရှိခိုးနိုး၊ ချေးနိုးနှင့် ရှောင်ခွာဖယ်ကြဉ်ချင် သည့် ဆွေမျိုးစုကိုလည်း စိတ်နာကျည်းကာ အဆက်ဖြတ်ကျောခိုင်းချင်တာလည်း ပါလိမ့်မည်။
သူစိမ်းတစ်ရံဆန်ဆိုပေမယ့် မိသားစုငါးယောက်ခရီးစရိတ်ကို အကုန်ခံမည့်အပြင် သူတို့ခေါ်ဆောင် ရာ မြေလတ်မြို့လေးသို့ ရောက်လျှင်လည်း တစ်မိသားစုလုံးကို နေစရာပေးကာ ထမင်းဆိုင်လေး အတူတူဖွင့်ပြီး ဝိုင်းလုပ်ဝိုင်းစားကြမယ်လို့ ပြောလာတော့ ရွေးစရာ ဒီ့ထက်ကောင်းသည့် အခြားလမ်းလည်း မရှိတော့။
  သို့နှင့် နယ်မြေစိမ်းလှသည့် မြေလတ်မြို့ကလေးဆီ မိတ်ဆွေရင်းချာမဟုတ်ပေမယ့် ရခိုင်နှင့်မြေလတ် ကူးချည်သန်းချည် ကုန်ရောင်းကုန်ဝယ်လုပ်နေသည့် ကုန်သည်လင်မယားအားကိုးနှင့် ရောက်ချလာခဲ့ရ၏။
 ရောက်စကတော့ ခေါ်လာသည့်လင်မယားက ကတိတည်သလို အရှိသား။ မြို့ကလေး၏ ဆင်ခြေဖုံးရပ်ကွက်ထဲ က သူတို့အပိုင်အိမ်ကလေးနောက်ဖေးမှာ နေဖြစ်ရုံတဲလေးတစ်လုံး ထိုးပေးကာ သူမတို့မိသားစုကိုထားသည်။ မြန်မာထမင်းဆိုင်လေးဖွင့်ကာ သူမအဖေနှင့် အမေကို ကူညီချက်ပြုတ်ရောင်းဝယ်စေပြီး ထမင်းကျွေး၊ လခပေး၏။
အစပိုင်းမှာ အရောင်းအဝယ်လေး မဆိုးကြသည်မို့ သူမတို့မောင်နှမသုံးယောက် စလုံးကို ကျောင်းထားနိုင် ခဲ့၏။ နှစ်နှစ်လောက်အထိ အဆင်ပြေပြေနှင့်ရှိခဲ့ပြီး မောင်ငယ်တစ်ယောက်၊ ညီမငယ်တစ်ဗိုက် တိုးပွားလာချိန်မှာတော့ အိမ်ရှင်လင်ယောကျာ်းက ဗွေဖောက်လေပြီ။
အငယ်အနှောင်းနှင့် ခြေရှုပ်ကာအနေပျက်လာတော့ လင်မယားနှစ်ယောက်သား နေ့တပူပူ၊ ညတဆူဆူ။ တဂျိမ်းဂျိမ်းရန်ပွဲတွေနွှဲကြ။
ဆွဲရလွဲရ ဖျန်ဖြေရ။ ကွဲကြပြဲကြ အမွေလုကြနှင့်။ တစ်ယောက်ကိုတစ်ယောက် အမျက်သိုရန်စောင်ပြီး အဝေမတည့်၊ ရုံးတော်မှာ မာန်တဝင့်ဝင့်နှင့် ရင်ဆိုင်ကြပြန်တော့ ငွေကုန်လူပန်း စီးပွားပျက်လာ၏။
အိမ်ရှေ့ပူမှတော့ အိမ်နောက်မှသူမတို့ မိသားစုကရော ဘယ်မှာချမ်းသာပါတော့ မည်နည်း။ နောက်ဆုံးတော့ မြေတစ်ကွက်လုံးသာရောင်းချပြီး မိသားစုနှစ်စုလုံး ဘုံပျောက်သွားရသည်။ အာဃာတတွေကတော့ ပြေပျောက်မသွားနိုင်ခဲ့။
နိဂုံးချုပ်လိုက်တော့ သူမတို့မိသားစုလည်း မြို့သစ်ဖက်မှာ အိမ်အငှားရှာနေကာ ကြုံရာအလုပ် ဝင်လုပ်ရတော့သည်။ အဖေကဆိုက်ကားနင်း၊ အစ်ကိုကပန်းရံလိုက်၊ သူမကအိမ်ဖော်လုပ်။
အစ်မကတော့ အတန်းထဲမှာစာတော်သူမို့ မိဘများကဦးစားပေးကာ ကျောင်းဆက်နေစေခဲ့၏။ ပြီးတော့ အစ်မကချူချာသူ၊ သူမလို အကြမ်းပတမ်းနှင့် မည်းမည်းသည်းသည်း ရုပ်ဆိုးဆိုး မဟုတ်။ ဖြူဖြူနုနုနှင့်ချောမောပြေပြစ်သူဆိုတော့ မိသားစုထဲမှာ ပစားပေးခံခဲ့ရသည်လေ။
သို့ပေမယ့် တကယ်တမ်း မောင်ငယ်ညီမငယ်တွေ ကျောင်းနေရွယ်ရောက်လာတော့ အစ်မလည်း ကျောင်းထွက်ခဲ့ရသည်ပင်။
အဲဒီအချိန်မှာတော့ အဖေကလည်း ကျန်းမာရေးညံ့လာကာ ဆေးရုံကိုတက်ချည် ဆင်းချည်နှင့် ဖြစ် လာရသည်။အစ်ကိုကလည်း အပေါင်းအသင်း မှားကာ အရက်ကလေးတမြမြနှင့် လုပ်အားခကို အိမ်အတွက်ဟုတ်ဟုတ်ငြားငြား မအပ်နိုင်တော့။
           အစ်မက အလုပ်ထွက်လုပ်မည်ဆိုပေမယ့် ဟိုဟာဖြင့်ရှက်လို့၊ ဒီဟာဖြင့် ပင်ပန်းလို့နှင့် ရွေးလှသည်။ အတန်းပညာကလည်း ဟိုမရောက်ဒီမရောက် ခုနစ်တန်းလောက်ဆိုတော့ အရောင်းစာရေးလောက်ကိုမှ အလုပ်ဟုထင်ချင်ပြန်၏။ စတိုးဆိုင်တွေကလည်း
ဆယ်တန်းအောင်မှ ခန့်ချင်ကြသည်မို့ အစ်မကတော့ ကိုယ်ကရွေးရင်း သူကပယ်ရင်းနှင့် ပင် တော်တော်နှင့်အလုပ်ကမရ။
ရမယ့်ရတော့လည်း အိမ်နှင့်အတော်ဝေးလှသည့် မြို့လယ်က ကုန်စုံဆိုင်တစ်ခုမှာ အလုပ်ရသည်။ ကားနှင့်သာ အသွားအပြန်လုပ် ရလျှင် ကားခနှင့်ရမည့်လခက မကာမိသည်မို့ အသွားအပြန်အတွက် စက်ဘီးတစ်စီးက အရေးတကြီးလိုလာရ၏။ ဒီလိုဆိုတော့ လုံးလုံးခဲခဲ ကြိုထုတ်နေကျဖြစ်သော သူမ၏အလုပ်ရှင်ဆီကသာ သုံးလကြိုငွေဖြင့် အစ်မအတွက်စက်ဘီးလေး ဖန်တီးခဲ့ရသည်လေ။
သူမအိမ်ရှင်တွေကလည်း သူမ၏လုပ်ရည်ကိုင်ရည်နှင့် ရိုးသားမှုကို သဘောကျလှတာကြောင့် သူမကိုလက်မလွှတ်ချင်၍သာ ကြိုငွေတွေထုတ်ထုတ်ပေးနေရတာ။ သူမမိဘတွေက ဆေးဖိုးလိုလည်းကြိုယူ၊ အိမ်လခဆိုလည်းကြိုယူ၊ ကျောင်းအပ်ချိန်လည်းကြိုယူ၊ ခုလိုအစ်မအတွက် စီးတော်ဘီးလိုတော့လည်း ကြိုယူနှင့်ဆိုတော့ သူမလခတွေက ကြိုယူထားတာ ရှေ့လပေါင်းများစွာ အထပ်ထပ်ပင်ဖြစ်လို့နေပြီ။
တစ်ခါတစ်ခါ မိသားစုနှင့်ပြန်နေချင်စိတ် ဘယ်လောက်ပဲပြင်းထန်ပြင်းထန်၊ ကြိုငွေများကသူမကို ချုပ်နှောင်ချည်ဖွဲ့ထားသည်မို့ စိတ်ကူးဖြင့်ပင် ထွက်ပြေးလွတ်မြောက်ခွင့် မရှိဘဲ မွန်းကျပ်လှတော့သည်။

                                                        xxxxxx
  ' တကယ်တော့ ကြိုယူငွေဆိုတာ စာချုပ်စာတမ်းနဲ့လက်မှတ်ထိုးပြီး တရားဝင်လုပ်ထားတာမဟုတ်ပါဘူး။ ကျွန်မတို့က မေတ္တာနဲ့ပဲ      ကူညီခဲ့တာ။ ကောင်မလေးအဖေ အသည်းအသန်ဖြစ်နေတုန်းကလည်း ကုသဖို့လိုသမျှ ဆေးရုံစရိတ်တွေ တခြားကူညီမယ့် ဆွေမျိုးလည်း
တစ်ယောက်မှ မရှိဘူးဆိုလို့ ကျွန်မတို့ချည်း ဒိုင်ခံထုတ်ပေးခဲ့ရတာ။ သူ့အဖေဆုံးပြီးတော့လည်း ဆွေတွေ မျိုးတွေရှိတဲ့ ဇာတိမြေကိုဘဲ   ပြန်ချင်တယ်ဆိုပြီး သူ့အမေက ခရီးစရိတ်အတွက် ကျွန်မဆီ အပူကပ်ပြန်ရော။
ဒီနယ်မှာ လုပ်ကိုင်စားရတာလည်း အဆင်မပြေ၊ အကြွေးတွေလည်းနစ်နေတော့ တငိုငိုတရယ်ရယ်နဲ့ လင်သေပြီးစ မုဆိုးမကြီးရဲ့
ဒုက္ခက သနားစရာပါ။ အဲလောက်ဒုက္ခတွေရောက်နေတုန်းက ရှင်တို့က ဘယ်ရောက်နေတာလဲ။ ဒီမြို့မှာရှိနေရက်နဲ့များ မသိကြဘူးလားရှင်။
  သူ့အမေကလည်း တစ်ဝမ်းကွဲညီမက ဒီမြို့မှာတာဝန်ကျနေတဲ့ ကျောင်းဆရာမဆိုတာ တစ်ခါမှမပြောဘူး။ သူတို့မိသားစု   ဒုက္ခရောက်နေချိန်မှာ ရှင်သာကူညီနိုင်ရင် သိတ်အားရှိရှာမှာ...'
ဇာတ်ကြောင်းအစုံခင်းရင်း အပြစ်ပါတင်သလိုပြောနေသည့် အိမ်ရှင်မအသံကြား ရမှ ဆွေမျိုးတွေ ထက်ပင်ကူညီနိုင်ခဲ့သော တောင်လိုပုံနေသည့် ကျေးဇူးတရားတွေက သူမအပေါ်မှာ လေးပင်စွာဖိစီး ထားမှန်း သတိဝင်လာရ၏။
 ' တစ်နှစ်လောက်ပဲ ခွဲရမှာပါသမီးရယ်။ အမေတို့ရခိုင်ပြန်ပြီး အခြေကျတာနဲ့ သမီးအကြွေးတွေကျေမှာနဲ့ အတော်ပါပဲ။  အမေကိုယ်တိုင် ပြန်လာခေါ်မယ်နော်သမီး...'
မျက်ရည်စက်လက်နှင့် အမေပြောခဲ့သည့်စကားတွေက သူမနှလုံးသားထဲမှာ ပဲ့တင်ညံနေစဲပါ။
 သို့ပေမယ့် အမေတို့ပြန်သွားတာပင် နှစ်နှစ်ကျော်ခဲ့ပြီ။ ရွာမှမကြာခဏဖုန်းဆက်ပြီး ထပ်တောင်းနေစဲငွေများက အကြောင်းပြချက်ရောင်စုံဖြင့် သူမကို ဝင်္ကပါထဲမှာ ပိတ်ဆို့ထားနေဆဲ...။
 တကယ်လို့များ ဒေါ်လေးသီက အကြွေးတွဆပ်ပေးပြီး သူမကိုအမေ့ဆီ ပြန်လွှတ်ပေးလိုက်လျှင်.....
  ' အံမယ်လေး..ကျွန်မတို့က အမျိုးသာတော်တာ။ စိတ်ဓာတ်ချင်းက တခြားစီပါ။ သူ့အမေက အတွေးအခေါ် အဆင့်အတန်းနိမ့်တယ်။
      ရတဲ့ယောကျာ်းကလည်း လက်ကြောမတင်းဘူး။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားတွေ။
အရင်..ရွာမှာနေတုန်းကလည်း ကျွန်မတို့ဆီက ငွေချေးပြီးရင် ဘယ်တော့မှပြန်မဆပ်နိုင်ဘူး။ လိုတိုင်းချေးရင်း အကြွေးအထပ်ထပ်၊ ကတိပျက်တာလည်း ခဏခဏ။ နောက်တော့ ဝယ်သူမရှိတဲ့ သူတို့မြေကွက်ကို အတင်းထိုးရောင်းသွားတာ။
ခုလည်း သမီးက ရွာမှာ သူတို့မိသားစု ပြန်ရောက်နေကြောင်း၊ ထုံးစံအတိုင်း ချေးချင်ငှားချင်လို့ ခပ်တင်းတင်းနေရကြောင်း၊ 
မိသားစုမှာအနစ်နာခံနေကျ ကောင်မလေးကိုတော့ ရောင်းစားခဲ့သလိုလို၊ အကြွေးမဆပ်နိုင်လို့ ထားခဲ့ရသလိုလို ပြောတာနဲ့...။
ကျွန်မက ဒီကောင်မလေးတစ်ယောက်တော့ သနားချင်တယ်။ အားလုံးထဲမှာ သူတစ်ယောက်ပဲ လက်ကြောတင်းတာ။
      ဒါပေမယ့် တစ်နွယ်ငင်တစ်စင်ပါမှာကြောက်လို့ တော်တော်စဉ်းစားရတယ်။
ခုလည်း အကြွေးတွေဆပ်ပေးလိုက်ရင် အဲဒီပိုက်ဆံကို ဒီတစ်သက်ပြန်ဆပ်နိုင်မယ့်ဟာတွေလည်း မဟုတ်ပါဘူး။ အစရှိတော့      အနောင်နောင်ဖြစ်လာမှာလည်း စိုးတယ်။ ကျွန်မကပွင့်ပွင့်လင်း လင်းပြောတာ။ ကျွန်မတို့မျိုးရိုးဂုဏ်ကို သူတို့ကဖျက်ခဲ့တာလေ..'
 ကြားရသည့်နားပင် သူမ မယုံချင်။ ဒါဖြင့် ဘာလို့ရောက်လာခဲ့သေးတာလဲ ဒေါ်လေးသီရယ်။ သူမကတော့ ကောက်ရိုးတစ်မျှင်လို အားကိုးတွယ်ငင်ဖို့ မျှော်လင့်မိသည်။ ခုတော့ ပြောလိုက်သည့် စကားများက သူမမိဘတွေမှာလည်း ရစရာမရှိအောင် စုတ်ပြတ်သတ်နေပြီ။
  ပြောမည်ဆိုလည်း ပြောစရာပင်။ အမေကလည်း ကြိုယူငွေတစ်နှစ်စာလောက်ကို ကျေဖို့နေနေသာသာ။ ရွာပြန်ပြီး တစ်လပင်
မရှိသေးခင် သူမဆီဖုန်းဆက်ပြီး အဆင်မပြေမှု ညည်းချင်းရှည်ကြီးနှင့် ပိုက်ဆံထပ်တောင်းပြန်သည်။
  ရောက်ကာစမို့ အခြေမကျသေးရှာတာဆိုပြီး သူမအိမ်ရှင်က ထပ်ပို့ပေး..။ လမကူးခင်အမေက အရင်းပြုတ်ပြန်ပြီဆိုပြီးထပ်တောင်း။
ကလေးနေမကောင်းလို့ဆိုပြီး ထပ်တောင်း၊ အစ်ကို အချုပ်ထဲရောက်နေလို့ဆိုပြီး ထပ်တောင်း၊ အစ်မယောကျာ်းယူသွားလို့ မင်္ဂလာကြေးဆိုပြီး
ထပ်တောင်း၊ .....ထပ်တောင်း၊ ....ထပ်တောင်း။
  ဒီလိုနှင့် သူမလစာ နှစ်နှစ်စာလောက် ထပ်ဖြစ်သွား..။ သူမမှာတော့ အထပ်ထပ်ကွေ့ပတ်နေသော ဝင်္ကပါက ပှို၍ပို၍နက်ရှိုင်းလာ..။
တစ်ခါတစ်လေကျ အိမ်ရှင်ကိုပင် သဘောကောင်းပြီး အပေးလွယ်ရသလားဟု အပြစ်တင်ချင်သည်။ သို့ပေမယ့် အိမ်ရှင်ကလည်း လက်လွယ်မည်ပေါ့။ သူများအိမ်ဖော်တွေ လခနှစ်သောင်းလောက်ဖြစ်နေ ချိန်မှာ နှစ်ပေါက်အောင်ကြိုထုတ်ပေးထားသည့် သူမလခတွေက
ခေါက်ချိုးမကနည်းနေသည်ကိုး။ တစ်နှစ်ထက်တစ်နှစ် သေးလာသည့်ငွေကြေးတန်ဖိုးက သူများတွေအတွက် လခတိုးလာသော်လည်း သူမကတော့ နှစ်ကြိုလခတွေမို့ မတိုးနိုင်တာ၊ စောဒကလည်းမတက်ဝံ့။
  ဘာပဲဖြစ်ဖြစ် သူတို့၏ကျေးဇူးတရားကတော့ မြင်သာထင်သာရှိလှပါသည်။
  သူမပိတ်မိနေသော ဝင်္ကပါကသာ ပို၍ပို၍ မှောင်မိုက်လာတာ လူမမြင်ပါ။        

                                                       xxxxxx
           ' အခြေအနေက ဟိုမှာလည်းမကောင်းပါဘူး။ ခုဆို ကောင်မလေးအမကလည်း အိမ်ထောင်ကျသွားပြီး အဆင်မပြေလှဘူး။  
      အစ်ကိုကလည်း အရက်သမားလုံးလုံးဖြစ်နေပြီ။ အမေကလည်း မရောင်းတတ်မဝယ်တတ်နဲ့၊ အကြွေးဝင်္ကပါထဲ လည်နေတာ။       
 ကောင်မလေးလည်း ဟိုရောက်ရင် ဘာလုပ်မလဲ။ ငါးပုစွန်တွေရွေးတဲ့ဒိုင်မှာ တညှီညှီတစိုစိုနဲ့ သူနေနိုင်မလား။မိသားစုနဲ့နေရတယ်သာ ရှိမှာ။ ဆင်းရဲတွင်းထဲခုန်ဆင်းလိုက်သလို ဒုက္ခဝင်္ကပါထဲရောက် သွား မှာ။ ဒါကြောင့် သူ့လည်းပြောထားရတယ်။ အပြင်လောကက      ဝင်္ကပါလိုပဲ ရှုပ်ထွေးပွေလီတယ်။ လုပ်ကိုင်စားရတာမလွယ်ဘူး။ တို့များအရိပ်အောက်မှာပဲ အေးအေးနေပြီး အမေကိုထောက်ပံ့လို့...'
  ' ဟုတ်တယ်။ ရခိုင်မှာလည်း လုပ်ငန်းတွေမကောင်းလို့ ဆင်းရဲသားတွေ သိတ်ဒုက္ခများရှာတာ။ သူတို့လို ဥာဏ်မရှိ၊ အပျင်းကြီးတွေ  ဘာလုပ်စားမလဲ။ ဒီမှာနေတာပဲ ကောင်းပါတယ်။ '
  လက်ရှောင်သွားသည့် ဒေါ်လေးသီ၏စကားကြောင့် သူမ မျက်ရည်များပိုးပိုးပေါက်ပေါက် ကျလာရ၏။ တကယ်တော့ သူမပခုံးသေးသေးလေးပေါ်မှာ ပိနေသောဝန်များကို ဂရုဏာဖြင့်ဖယ်ရှားပေးမည့်သူ တစ်ဦးတစ်ယောက်မှ ဤလောကတွင် ရှိမနေပါ။
  အနည်းဆုံး အမေကိုယ်တိုင်ပဲဖြစ်ဖြစ်ပေါ့။
  နောက်ဆုံးတစ်ခေါက် အမေ့ဆီက အရေးတကြီးငွေလိုပြန်ပြီဆိုပြီး ဖုန်းထပ်လာတော့ အမေဆေးရုံတက်ရလို့ ငွေအလုံးအခဲလိုက် ပို့ထားတာ တစ်လတောင် မပြည့်ချင်တတ်သေး။ အဲဒီတုန်းကလည်း ငွေသာပို့ပြီး လူမရောက်နိုင်သည့်သူမကို အရက်သမားအစ်ကိုက ခနဲ့စကားမျိုးစုံနှင့်ရန်လုပ်ခဲ့သေး၏။
  သည်လိုငွေတွေ ပို့ပေးနိုင်ဖို့ ဘယ်လိုသိတတ်သည့် မြိုသိပ်မှုတွေ ပြန်လည်ပေးဆပ်ရသည်ကိုတော့ အစ်ကိုကနားမလည်။
 ' နင်က ငွေပေးနိုင်တယ်ဆိုပြီး အမေသေရင်တောင် မလာဘူးလား။ အမေ သေကောင်ပေါင်းလဲဖြစ်နေတာ လာမပြုစုတော့ဘူးလား။'
 ' အစ်ကိုရယ် ငါပို့ထားတဲ့ငွေတွေ ခုချက်ချင်းနင်ပြန်ရှာပို့လိုက်။ ငါ အမေ့ရှေ့ ရောက်မလာရင် နင်ပြောချင်သလိုပြော..'
 ခံပြင်းစိတ်ကြောင့် ထွက်သွားသော သူမစကားလုံးများက ဒဏ်ရာရသားကောင်လို ငယ်သံပါနေလိမ့်မည်။
 နောက်ဆုံးတော့ သူမသည်ပင် ငွေလိုတိုင်းထုတ်ပေးေ နသော ကျေးဇူးတရားအပေါ် အလိုက်သိ စွာ ပေါက်ကွဲထွက်ချင်နေ သည့် ဆန္ဒ တွေကို ရင်နာနာနှင့်မြိုချပစ်ခဲ့ရ၏။ အမေ့မှာက သူမထက်ငွေကို ပိုလိုအပ်နေသည်မဟုတ်လား။ ငွေကသာ အမေ့အသက်ကိုဆက်ပေးခဲ့သည်။
 သို့ပေမယ့် အမေဆေးရုံကဆင်းပြီး မကြာမီမှာပဲ ငွေထပ်မှာပြန်၏။ အဖေအကြွေးတင်နေသည့် ငွေတဲ့။ ဟိုယခင် ရွာမှာနေစဉ်ကတည်းက ကြွေးဟောင်းတဲ့။ မပေးရင် ရုံးတင်မလို့တဲ့။
ယုတ္တိမရှိသော်လည်း သူမမှာ ငြင်းအားကဖြင့်မရှိ။ အိမ်ရှင်ကတော့ ငြင်းပယ်ပါသည်။ တော်တော်လည်း တရားလွန်ပြီလေ။
သူမကတော့ ' အမေသိတ်လိုနေရင် သမီးနားကွင်းလေး ချွတ်ပေးရုံပဲရှိတော့တယ်..' ဟုပြောလည်း အမေကတော့ မငြင်းဆန်ပဲ ဆိတ်ဆိတ်သာနေလေ၏။ သည်နားကွင်းက သူမလုပ်သက်ငါးနှစ်ပြည့်လို့ အိမ်ရှင်ကဆုကြေးအနေဖြင့်လုပ်ပေးထားသော လက်ဆောင်..။
 သူမက ဖြုတ်ရောင်းပေးလိုက်မည်ဆိုတော့ အိမ်ရှင်ကစိတ်ပျက်စွာ ခေါင်းခါနေသော်လည်း ဘာမှတော့ မပြောပါ။
' ကောင်မလေးရဲ့ဘဝက ဒီမှာမှ ပိုလုံခြုံအဆင်ပြေတာ ကျွန်မသိပါပြီလေ။ ရခိုင်ပြန်နေတဲ့ သူ့မိသားစုလည်း အဆင်မပြေကြဘူး
 ကြားတာပဲ။ သူ့အစ်မလည်း ဟိုတစ်လောက မီးဖွားတာခက်ခဲလို့ ဗိုက်ခွဲရသတဲ့။ ယောကျာ်းဖက် က ကောင်မလေး အမေကိုလည်း ခွဲစိတ်ခတစ်ဝက် ထုတ်ပေးဖို့ အကျပ်ကိုင်သတဲ့။ သူ့အမေလည်း ဒီမှာငွေတွင်းရှိနေတော့ ဒီကပဲနှိုက်မှာပေါ့။'
 ဒေါ်လေးသီစကားကြောင့် သူမယောင်ယမ်းပြီး နားပေါက်ဟောင်းလောင်းလေးကို စမ်းမိသွား၏။
 အမေက နောက်ထပ်ဝန်ထုပ်ဝန်ပိုး အသစ်တွေကို သူမ၏ပခုံးလေးပေါ်သို့ ထပ်ပြီးပစ်တင်ပြန်လေသလား။
အိမ်ရှင်မပြောသလို ဝင်္ကပါက အပြင်လောကမှာလား။ သူမမိသားစု နစ်နေသည့် ဆင်းရဲတွင်းထဲမှာလား။
သူမရုန်းထွက်မရသည့် အကြွေးတောထဲမှာလား။
 သူမအတွေးများ ချာချာလည်သွားရလေသည်။                                                               

                                                    xxxxxx
 တကယ်တမ်း ဒေါ်လေးသီရှေ့ သူမရောက်လာတော့ ခရီးဝေးမှရောက်လာရသူလို သူမမောဟိုက်နေ၏။
' ညည်း ဒီမှာနေရတာ အဆင်ပြေတယ်မဟုတ်လား နီနီ..'         
' ဟုတ်ကဲ့ ဒေါ်လေး'
' ဟိုမှာတော့ ညည်းအမေတွေ အတော်အဆင်မပြေကြဘူး ကြားတာပဲ။ ဟိုပြန်လည်း လုပ်စရာအလုပ်မရှိပါဘူးအေ။
 ဒီမှာနေတာသာ ညည်းအတွက် အကောင်းဆုံးပါ။ ဟုတ်တယ်မဟုတ်လား..'                 
 ' ဟုတ်ကဲ့ ဒေါ်လေး'
'  ရော့..ဒါ ဒေါ်လေးဖုန်းနံပါတ်။ ဒါပေမယ့် ဒေါ်လေးက အလုပ်များတယ်။ ကဲ ဒေါ်လေးပြန်မယ်။ လိမ်လိမ်မာမာနေနော်..'           
  ' ဟုတ်ကဲ့ ဒေါ်လေး'
တဖြည်းဖြည်းနှင့် ဒေါ်လေးသီကျောပြင် မှုန်ဝါးသွားချိန်မှာတော့ သူမလက်ထဲမှ ဖုန်းနံပါတ်ရေးထားသည့် စာရွက်လေးက မြေပေါ်လွတ်ကျသွားခဲ့ရ၏။
 သူမမြင်လိုက်ရသော ဝင်္ကပါထဲက အလင်းတစ်ပြက်ကတော့ ကွယ်ခဲ့လေပြီ။ 
 ဝင်္ကပါအပြင်ဖက်မှာတော့ ကြယ်စုံကောင်းကင်လား၊ လမိုက်ညလားဆိုတာ....။
                                                        xxxxxx
          ဝေ(စီးပွားရေးတက္ကသိုလ်)
             ဧပြီလ ၂၀၁၁ ခုနှစ် ပေဖူးလွှာမဂ္ဂဇင်း
           
   

1 comment:

  1. ရှုပ်ထွေးလှပြီး လမ်းရှာရခက်တဲ့ ၀င်္ကပါမှာမှ လမ်းကလွှဲထားလိုက်သေးတော့.... ဟူးးးးးးးးးး
    အပြင်မှာ တကယ်ဖြစ်နေရတဲ့ ဘ၀တွေပါ...

    ReplyDelete