မိဘမေတ္တာကို ကျွန်တော် အကြွင်းမဲ့ ယုံကြည်ကိုးစားပါသည်။ သို့ပေမယ့် အဖေ့စကားကိုတော့ဖြင့် မျက်စိမှိတ်၍ မနာခံနိုင်ခဲ့ပါ။ အဲဒီအတွက် ကျွန်တော့်ကို သားလိမ္မာစာရင်းတွင် မထည့်သွင်းနိုင်သော်…။ ကျွန်တော် စိတ်မကောင်းဖြစ်မိသော်လည်း ကျွန်တော့်ယုံကြည်ချက်ကိုတော့ဖြင့် ဘယ်သောအခါမှ ပြင်မည်မဟုတ်ပါလေ။
……
လောကတွင် အစွယ်ရှိသူက အစွယ်အားကိုးဖြင့် ရှေ့တိုးသကဲ့သို့ ခွန်အားကြီးသူက သူ့ခွန်အားကို အားထား၏။ ဉာဏ်ပညာကြီးသူက အရာရာကို ဉာဏ်ပညာဖြင့် လွှမ်းမိုးရန်ကြိုးစားသကဲ့သို့ အဆင်းလှသူကလည်း သူ့အဆင်းကို ရှေ့တန်းတင်တတ်၏။
ကျွန်တော့်အဖေက ငွေကြေးချမ်းသာကြွယ်ဝသူဆိုတော့ တစ်လောကလုံးကို ငွေကြေးဖြင့် ၀ယ်ယူနိုင်လိမ့်မည်ဟု ထင်မှတ်နေရှာ၏။
`သားအဖေက လူတွေရဲ့စိတ်ကို ငွေနဲ့ ၀ယ်လို့ရမယ် ထင်နေတာ…´
အမေကတော့ အဖေ့လွှမ်းမိုးမှုကို အလုံးစုံတော့ဖြင့် သည်းမခံနိုင်ခဲ့ပါ။ အချိန်ကာလစ်ခုထိသာ အဖေနှင့်ညှိနှိုင်းနိုင်ခဲ့သော်လည်း အတိုးအတာကျော်ချိန်မှာတော့ ပေါက်ကွဲခဲ့လေပြီ။
`ငွေကြေးအပြည့်အစုံ ရှာပေးရုံနဲ့ လင့်ဝတ္တရားကျေပြီလို့ ထင်နေတာလေ။ မိန်းမသားတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို ငွေကြေးနဲ့ဖုံးလွှမ်းလို့ ရမတဲ့လား။ ကျွန်မမြတ်နိုးတာ မေတ္တာထုံမွှမ်းတဲ့ နှလုံးသားရှင်။ ငွေရှာတော်တဲ့ စက်ရုပ်မဟုတ်ဘူး။´
ငွေအရှာကောင်းတဲ့ အဖေက အလုပ်ပြီးအလုပ်နှင့် လောဘကြီးနေသည့်အတွက် လူမှုရေးဝတ္တရားတွေအားလုံး လစ်ဟင်းခဲ့ရသည်။ အသေးအမွှား လစ်ဟင်းမှုတွေမှာ ပြဿနာသေးသေးလေးတွေလောက်နှင့် ပြီးခဲ့ပေမယ့် အမေ့ရဲ့အမေ အသုဘမှာတော့ အဖေနှင့်အမေ ပြဿနာကြီးထွားလာခဲ့ပြီ။
`ကိုယ့်ယောက္ခမတစ်ယောက်လုံး ဆုံးတာကို ရှင်မလိုက်လို့ ဖြစ်မလား။ ရှင့်နိုင်ငံခြားခရီးစဉ်က ရက်ရွှေ့လိုက်လို့ ရတယ်။ အသုဘက ရက်ရွှေ့လို့ မရဘူးရှင့်။´
`ဟိုက လုပ်ငန်းရှင်တွေနဲ့ တွေ့ဖို့ချိန်းထားတဲ့ကိစ္စ၊ ရက်ရွှေ့လို့ကောင်းမလားကွ။ ကိုယ့်ကို အလုပ်အပ်မယ့်လူတွေက အစမှာကတည်းက အင်ပရက်ရှင်ဒေါင်းသွားရင် နောက်ရေရှည်ဆက်ဆံရေးမှာ ယုံကြည်မှု ဘယ်ရှိတော့မလဲ။ မြတ်တို့သားအမိ မန္တလေးကိုလိုက်သွားပြီး မြတ်ဖေဖေနေသားကျတဲ့အထိ နေပေးလိုက်ပါ။ ကိုယ့်ကိုတော့ ခွင့်လွှတ်ပါကွာ…´
`ဟင့်အင်း ခွင့်မလွှတ်ဘူး။ ရှင်ဒါမျိုးတွေ များနေပြီ။ ကျွန်မသားရော သမီးရော မွေးခဲ့တာ၊ ရှင်ဘယ်တုန်းကများ အနားမှာ ရှိနေခဲ့လဲ။ ပြောလိုက်ရင် အလုပ်ကိစ္စ၊ အလုပ်ကိစ္စနဲ့…။ အလုပ်ပဲ ရှင့်ဘ၀မှာ အရေးကြီးတယ်။ ကျွန်မတို့က ဘာတွေလဲ´
သည်းခံမှုအတိုင်းအတာ ကုန်သွားသူတစ်ယောက်ပမာ အမေက အစွန်းတစ်ဖက်ထိ အရောက်သွားပြီး တင်းမာနေသကဲ့သို့ အဖေကလည်း ယုံကြည်ချက်ခိုင်မြဲသူတစ်ယောက်လို ရပ်လက်စအစွန်းမှာပဲ ခပ်တင်းတင်းကျန်နေခဲ့၏။
အလျှော့မပေးကြသော ကြိုးတစ်ချောင်း၏အစွန်းနှစ်ဖက်က တင်းအားများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ ကျွန်တော်တို့ မောင်နှမ၏ ဆုပ်ကိုင်ထားသော လက်အစုံက ချွေးစေးများဖြင့် စေးထန်းကာ ချော်ထွက်လာကြသည်။ တကယ်တမ်း မလျှော့ဘဲ တင်းသထက် ထင်းလာသည့် ကြိုးတစ်ချောင်းအပြတ်မှာတော့ ကျွန်တော်တို့ မောင်နှမနှစ်ယောက်က ရေနည်းငါးဘ၀နှင့် စိတ်အနာတရကိုယ်စီရကာ ကြိုးတစ်ဖက်စီမှာ တရွတ်တိုက် ပါသွားရတော့၏။
…………
အမေ့သတ္တိကိုတော့ ကျွန်တော်မအံ့သြ မလေးစားဘဲ မနေနိုင်။ လင်ခန်းမယားခန်းသာ ပြတ်သွားပေမယ့် အမေက ဘယ်လောက်ထိ စိတ်နာကြည်းမှု နက်ရှိုင်းသလဲဆို အဖေရှာဖွေစုဆောင်းထားသည့် မည်သည့်ပိုင်ဆိုင်မှုကိုမှ အလျဉ်းလက်မခံ။ အရိုးရှင်းဆုံးဘ၀မှာ ကံပေးသလောက်နှင့် တင်းတိမ်ရောင့်ရဲမည်ဟု ကြွေးကြော်ကာ အဖေ့ကို ကျောခိုင်းထားခဲ့၏။
ငယ်လင်ငယ်မယား ငယ်ချစ်တွေဖြစ်ပြီး ဒီလိုကြေကွဲစရာ ဇာတ်သိမ်းသွားရသည့် အဖြစ်ကတော့ တုန်လှုပ်စရာကောင်းလှပါသည်။ ပတ်ဝန်းကျင် မိတ်ဆွေအပေါင်းအသင်းတွေက စေ့စပ်ညှိနှိုင်းပေးဖို့ ကြိုးစားသော်လည်း အမေကတော့ အဖေ့ပေါ် ယတိပြတ်ခဲ့လေပြီ။
မပြတ်နိုင်သေးသည့်သားအပေါ်တော့ အဝေးမှ မျက်ရည်စက်လက်နှင့် မေတ္တာရည်လှမ်းဖျန်းပက်ဖို့ ကြိုးစားရှာသေး၏။ ဒီလိုဆိုတော့လည်း အဖေကတစ်ပြန် နာကျည်းခံပြင်းစိတ် မာန်အာဃာတဖြင့် အထိမခံ ပယ်ချပြန်သည်။ သားနှင့်အမေကို တွေ့ခွင့်မပေး။ အဝေးရောက်အောင် စည်းခြားထား၏။
တကယ်တမ်းသားကို အဖေ့ရင်ခွင်ကျယ်ကြီးထဲ သိမ်းဝှက်ဖက်ထွေးထားရင်တော့လည်း အကြောင်းလား။ အမိမေတ္တာနှင့်ဝေးလည်း ဖခင်မေတ္တာလေးတော့ လွှမ်းခြုံနွေးထွေးရမည်သာ။
သို့ပေမယ့် အဖေ့မှာက အလုပ်ကို လောဘကြီးပြီး အလုပ်မရှိလျှင် မနေတတ်သည့် ရောဂါက ရင့်မာနေခဲ့ပြီ။ ငယ်ဘ၀ကတည်းက မွေးမြူလေ့ကျင့်ခဲ့သည့် စိတ်ဓာတ်များက မာကျောပြတ်ရှနေခဲ့ပြီ။ သားအတွက် နွေးထွေးလုံခြုံမှုကို ဖခင်မေတ္တာဖြင့် လွှမ်းခြုံထွေးပွေ့ပေးရမည့်အစား အဖေရှာဖွေတိုးပွားထားသော ငွေနှင့်သာ ချိန်စက်၍ ဖန်တီးပေးထားခဲ့သည်။
ကျွန်တော်ကတော့ အမေ့သားမို့လို့လားမသိ။ ငွေပုံကြားမှာ ဖန်တီးမှုအတုကမ္ဘာထဲမှာ မပျော်မွေ့နိုင်ပါ။ မိုင်လို၊ အိုဗာတင်း၊ ချောကလက်မျိုးစုံထက် လမ်းဘေးမှာ ထိုင်စားရသည့် မုန့်ဟင်းခါးအရသာကိုမှ စွဲလမ်း၏။ ပရာဒို၊ မာစီဒီး၊ လင်ခရူဇာတို့အပေါ်မှာ ဇိမ်ခံဖို့ထက် လမ်းကြိုလမ်းကြားမှာ ကိုယ်တိုင်အားစိုက်၍ ပြိုင်ဘီးလေးနင်းလိုလှ၏။ ကွန်ပျူတာ၊ အင်တာနက်၊ ဖေ့စ်ဘွတ်ခ်ကိုထက် မဂ္ဂဇင်းမှာ ၀တ္ထုတိုနှင့် ကဗျာများကိုသာ မြတ်နိုး၏။
အဖေဖန်တီးထားသည့် ကမ္ဘာမှာ ကျွန်တော်နှင့်လိုက်လျောညီထွေမဖြစ်ပါ။ အဖေကျောင်းပေးသည့် လမ်းပေါ်မှာ ကျွန်တော် ကြိုးစားလျှောက်ပေမယ့် ကျွန်တော့်နှလုံးသားအလိုမပါတော့ ခရီးမပေါက်နိုင်ခဲ့။
နိုင်ငံတကာအဆင့်မီရန် နိုင်ငံခြားစာသင်ကျောင်းမှာ ထားခဲ့ပေမယ့် ကျွန်တော်က မြန်မာစာ၊ ကဗျာများကိုသာ ခုံခုံမင်မင်ဖတ်ရှုအရသာခံလိုသူ။ ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီးကို ပညာသင်စေလွှတ်၍ အောင်မြင်လှသော အဖေ့ကုမ္ပဏီစီးပွားရေးမှာ ရာထူးဆက်ခံစေချင်ပေမယ့် ကျွန်တော်က စာရေးဆရာ ကဗျာဆရာဖြစ်ရန်သာ ရူးသွပ်ကြိုးပမ်းသူ။
အဖေနှင့်ကျွန်တော် စိတ်ကူးအိပ်မက်ချင်းက သွင်သွင်ကြီး ဆန့်ကျင်ကျောခိုင်းနေတော့၏။
………
`လောကမှာ အင်အားကြီးသူကသာ နိုင်မြဲဖြစ်၏´ဆိုသောစကားမှာ အခါခပ်သိမ်းတော့ မမှန်နိုင်ပါ။ အဖေနှင့်ကျွန်တော် ဆန္ဒလှိုင်းလုံးချင်း အားပြိုင်ရာမှာ နှစ်ယောက်စလုံး သူတင်၊ ကိုယ်တင် အပြိုင်၊ အနိုင်မရှိ ကိုယ့်ခံယူချက်သာ အပိုင်သံမှိုစွဲနေကြသည်။
အဖေကလည်း သူငယ်ငယ်ကတည်းက ဦးနှောက်ထဲစွဲနစ်ခဲ့သည့် ခံယူချက်ကို မတိမ်း။ မလျှော့..။ ကျွန်တော်ကလည်း ကျွန်တော့်နှလုံးသားစေစားမှု ယုံကြည်ချက်ကို စွဲစွဲမြဲမြဲဆုပ်ကိုင်။ ဘယ်တော့မှ လက်မလွှတ်။ ထိုးစစ်နှင့်ခံစစ် အားမျှနေတော့ တိုက်ပွဲက အလယ်မှာရပ်နေရင်း အချိန်တွေသာ တအိအိပြိုလဲနေရ၏။
သို့ပေမယ့် ဖခင်တစ်ယောက်ရင်တွင်းမှ မေတ္တာစုန်းအားနှင့် သားတစ်ယောက်၏ ဆန်အားမေတ္တာအားမှာတော့ အဖေက အားကြီးသူဖြစ်လေတော့ သားကို အလျှော့ပေးရတော့သည်။
`မင်းကမှ ဒီလောက်ဖြစ်နေရင်လည်း စာပေတိုက်ထောင်ကွာ။ လုံးချင်းတွေထုတ်။ မင်းကို ဘက်ဆဲလားဖြစ်အောင် အဖေလုပ်ပေးမယ်…´
အဖက ငွေကြေးဖြင့် လမ်းခင်း၍ အောင်မြင်မှုကို ကျွန်တော့်အတွက် ၀ယ်ယူပေးလို၏။ ကျွန်တော်လျှောက်လိုသည့် လမ်းက ပန်းရောင်လွှမ်းသည့် စိတ်ကူးယဉ်လမ်း မဟုတ်။ စိမ်းစိုတောက်ပနေမည့် ဘ၀ခရီးလမ်း။
`ကျွန်တော်က နာမည်ကြီး အောင်မြင်ချင်တာ မဟုတ်ဘူးအဖေ။ အနုပညာမြောက်ချင်တာ´
ကျွန်တော့်နှလုံးသားကို အဖေ့ဦးနှောက်က နားမလည်ပါ။
`အေးလေ… ကိုယ်ပိုင်စာပေတိုက်ထောင်ပြီး မင်းရေးထားတဲ့ ၀တ္ထုတွေ၊ ကဗျာတွေကို ကိုယ့်ဘာသာ ထုတ်လေ။ ရှုံးချင်သလောက် ရှုံးပေ့စေ။ ကြော်ငြာကောင်းကောင်းသုံးပြီး ဖြန့်ချိရေးမှာ ကံစမ်းမဲရော၊ လက်ဆောင်ကောင်းကောင်းရော ထည့်လိုက်ရင် မင်းစာအုပ်တွေ ရောင်းလောက်မှာတောင် မဟုတ်ဘူး။ ဒါမှ မင်းအနုပညာက လူတွေ လက်ထဲရောက်မှာပေါ့…´
`လက်ထဲရောက်ရုံကတော့ အလကားဝေလိုက်ရင် ရတာပဲ အဖေ။ ရင်ဘတ်ထဲရောက်ဖို့က တံစိုးလက်ဆောင် ဘယ်လောက်ပေးပေးမရဘူးလေ…´
`ဟေ့ကောင်ရ… လောကမှာ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်ကွ။ ငါ ငယ်ငယ်တုန်းက ဆင်းရဲခဲ့လို့ ဆေးဖော်ကြောဖက် မလုပ်ခဲ့တဲ့ကောင်တွေ အခု ငါချမ်းသာကြွယ်ဝလာတော့ မျက်နှာလိုအားရ လုပ်လာရတာပဲ။ မာနကြီးတဲ့ကောင်တွေက မူတူတူ လုပ်ချင်သေးပေမယ့် ငါက ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲလိုက်တော့လည်း ငါ့ဘေးနားမှာ ၀ိုင်းလာရတာပဲ။ ငွေကြေးအင်အားကို ဘယ်သူတောင့်ခံနိုင်မလဲကွာ…´
`အမေရော..´လို့ ပြောလိုက်ချင်တဲ့စိတ်ကို ဖခင်ဆိုသည့်အသိနှင့် အမြန်ချွန်းအုပ်လိုက်ရ၏။ လောကတစ်ခွင်မှာ ငွေကြေးဖြင့် မလွှမ်းမိုးနိုင်သည့် အရာများစွာ ရှိတာကို အဖေက အနီးဆုံးလူတစ်ယောက် အဝေးရောက်သွားရုံမျှဖြင့် အသိတရားမရသေးပါလား။
`တကယ်တော့ သားအဖေက သိပ်ဆင်းရဲခဲ့ပြီး အမေ့အသိုင်းအ၀ိုင်းက ချမ်းသာနေခဲ့တာကိုက လွဲမှားတဲ့စိတ်ဓာတ်ခံယူချက်တွေ ပေါက်ဖွားဖို့ တွန်းအားပေးခဲ့တာပေါ့ သားရယ်။
ကလေးဘ၀ကတည်းက ဆင်းရဲချို့တဲ့လို့ နိမ့်ကျသိမ်ငယ်ခဲ့ရတဲ့ ဒဏ်ရာတွေဟာ ခံယူချက်နဲ့ အသိပညာမမီတော့ ရည်မှန်းချက်တွေ လွဲမှားကုန်တာပဲ။
သားအဖေဟာ အတန်းပညာ၊ အသိပညာထက် ငွေကြေးကိုသာ တရှိုက်မတ်မတ် ရှာဖွေခဲ့တယ်။ ခံပြင်းစိတ်တွန်းကန်အားက ဘယ်လောက်ပြင်းထန်နေသလဲဆိုရင် သူသိပ်ချစ်မြတ်နိုးခဲ့တဲ့ အမေ့ကိုလည်း ပိုင်ဆိုင်ပြီဆိုတာနဲ့ ကြင်နာယုယဖို့ထက် တင့်တောင်းတင့်တယ်ထားဖို့ဆိုပြီး ငွေကြေးရှာဖွေတဲ့ အလုပ်ကိုပဲ ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့တယ်။ နောက်တော့လည်း သူ့ရည်မှန်းချက်အတိုင်း သဘောမတူ ပစ်ပယ်ထားတဲ့ အမေ့အသိုင်းအ၀န်းကို ငွေကြေးဂုဏ်ရှိန်နဲ့ အနိုင်ပိုင်းနိုင်ခဲ့တယ်။
အဲဒီနောက်ပိုင်း သူဘာလုပ်လုပ် အောင်မြင်နေတော့ လူတွေရဲ့စိတ်ကိုပါ ငွေနဲ့ ၀ယ်လို့ရတယ်လို့ သူအထင်လွဲလာတာပဲ။ သူ့အတွက် ရင်သွေးကလေးတွေ မွေးပေးတာ သားသမီးနေမကောင်းတာ၊ အသိုက်အမြုံလေး လုံခြုံနွေးထွေးဖို့ရာတွေမှာ သူက ငွေပဲပစ်ပေးပြီး သူ့ရင်ငွေ့နဲ့မထွေးလည်း ဖြစ်တယ်လို့ချည်း ထင်လာတာ…´
အစမှာ နှလုံးသားချင်းနီးစပ်ဖလှယ်ပြီး လက်တွဲညီခဲ့ကြသည့် အဖေနှင့်အမေမှာ နောက်ဆုံးတော့ ဦးတည်ရာလမ်းကြောင်းချင်းမတူဘဲ ဝေးခဲ့ကြရပါသည်။
အမေ့နောက်ပါသွားသည့် ညီမလေးက ကျောင်းဆရာမလေးအဖြစ် တည်ငြိမ်အေးချမ်းနေသလောက် ကျွန်တော်ကတော့ စာရေးဆရာယောင်ယောင် ကဗျာဆရာယောင်ယောင်နှင့် ပေမမီဒေါက်မမီဖြစ်နေသေး၏။ ကျွန်တော်ကပင် အနုပညာပါရမီမပြည့်မီ၍ ဖြစ်ပါလိမ့်မည်။ မဂ္ဂဇင်းတွေကို ကဗျာတွေ၊ ၀တ္ထုတိုတွေ ရေးပို့သော်လည်း ဆယ်ပုဒ်ပို့မှ တစ်ပုဒ်ပါရန်ပင် အနိုင်နိုင်။ အပယ်ခံဘ၀ဖြင့် လည်နေသော်လည်း အားတော့ဖြင့်မလျှော့ပါ။ အချိန်ယူ၍ စာပေ၀မ်းစာ ဖြည့်တင်းပါဦးမည်။
အဖေပြောသလို စာပေတိုက်ထောင်ပြီး ရှဲဒိုးဝယ်။ အမည်ခံကာ ချက်ချင်းနာမည်ကြီးမည့် နည်းလမ်းမျိုးကိုတော့ ကျွန်တော့်စိတ်က ခြေဦးပင်မလှည့်။ မဂ္ဂဇင်းများေါ်မှာ တစ်လှမ်းချင်းဖြတ်သန်းရင်း ကျွန်တော့်မှတ်တိုင်တွေကို တဖြည်းဖြည်း ခိုင်ခိုင်မာမာ စိုက်ထူချင်သည်။
ကျွန်တော်လိုချင်သည်က နာမည်ကျော်ကြားမှုမဟုတ်။ စာပေဂုဏ်သိက္ခာသာဖြစ်၏။ သည်လောကမှာ ကျော်ကြားမှုက ငွေဖြင့် ၀ယ်လို့ရချင်ရမည်။ ဂုဏ်သိက္ခာကတော့ ငွေဖြင့်တည်ဆောက်၍မရ။ အနုပညာစိတ်ဓာတ်ဖြင့်သာ လျှောက်လှမ်းရမည်ဟု ကျွန်တော်ထင်ပါသည်။
…………
အဖေက ကျွန်တော့်ကို နားချ၍မရတော့ သူ့အလုပ်နှင့်သူ မအားလပ်သည့်ကြားမှ မဂ္ဂဇင်းတစ်စောင် ထုတ်ဝေခွင့်ရအောင် လုပ်ခဲ့၏။
သားလျှောက်ချင်သည့်လမ်းကို ခင်းပေးလိုလှသည့် အဖေ့မေတ္တာကိုတော့ လေးစားဦးညွတ်ပေမယ့် အယ်ဒီတာလုပ်ခိုင်းသည့် အဖေဆန္ဒကို ငြင်းပယ်လိုက်ပါသည်။ ကျွန်တော့်မှာ အယ်ဒီတာလုပ်နိုင်သည့် အရည်အချင်း မရှိသေးပါ။ မဂ္ဂဇင်းစာမျက်နှာများပေါ်မှာ ဖြတ်သန်းရင်း အတွေ့အကြုံအသိပညာတွေ ကျွန်တော်ရှာဖွေဦးမည်။ ကျွန်တော့်ကို ပံ့ပိုးချင်သည့် အဖေက ငွေကြေးခိုင်မာသော်လည်း ကျွန်တော်က အရည်အချင်း မခိုင်မာသေးပါ။
အဖေကတော့ သားဇောဖြင့် သူမကျွမ်းကျင်သည့် ဘာသာရပ်မှာ ခြေချမိလေပြီ။ ဒီတော့လည်း စီးပွားရေးသမားပီပီ အယ်ဒီတာတွေခန့်၊ မန်နေဂျာကောင်းတွေ ငှား၊ ဈေးကွက်ထိထိမိမိရှာ၊ ဖြန့်ချိရေး ပိုင်ပိုင်နိုင်နိုင် လုပ်။ ကြော်ငြာဆန်းဆန်းပြားပြားထည့်။
အမယ်… အဖေက စီးပွားရေးအမြင်ရှိတော့ အချိန်တိုတိုအတွင်း ဈေးကွက်ထဲ အောင်မြင်လာ၏။ မဂ္ဂဇင်းက ရှေ့ကို ခရီးပေါက်လာသည်။
ကျွန်တော်ကတော့ အဖေပေးသည့် အယ်ဒီတာရာထူးကိုလည်း ငြင်းပယ်နေဆဲဖြစ်သလို အဖေခင်းပေးသည့် အဖေ့မဂ္ဂဇင်းစာမျက်နှာပေါ်မှာလည်း မလျှောက်လှမ်းခဲ့ပါ။ အဖေပေးသည့် အောင်မြင်ပြီးသား မဂ္ဂဇင်း တစ်စောင်၏ အယ်ဒီတာရာထူးထက် မဂ္ဂဇင်းတိုက်ပေါင်းစုံကို ခြေတိုအောင်လှည့်ပြီး စာမူပို့နေရသည့် မထင်မရှား စာရေးဆရာလေးဘ၀ကိုသာ တမြတ်တနိုးဖက်တွယ်ထား၏။ ကိုယ်ပိုင်အရည်အချင်းဖြင့် ၀တ္ထုတစ်ပုဒ် ကဗျာတစ်ပုဒ် ပါလာလျှင်ပင် ဘ၀၏အရသာ။
အဖေကတော့ တစ်ချိန်ချိန်မှာများ သားက စိတ်ပြောင်းလာပြီး သူခင်းပေးသည့် လမ်းကို သက်တောင့်သက်သာ လျှောက်လှမ်းလာလေမလား စောင့်မျှော်နေရှာ၏။
ကျွန်တော်ကလည်း တစ်ပုဒ်တလေ လခြားကာပါလာသည့် မဂ္ဂဇင်းပေါ်က သူ့ကဗျာလေးများကို ဘယ်အချိန်မှာများ စာပေလောကသားတွေက ဂုဏ်ပြုချီးကျူးကြလေမလဲလို့ မျှော်လင့်ချက်ကို ရင်မှာပိုက်ရင်း။
………
မိဘမေတ္တာကို ကျွန်တော် အကြွင်းမဲ့ယုံကြည်ကိုးစားပါသည်။ သို့ပေမယ့် အဖေ့စကားကိုတော့ဖြင့် မျက်စိမှိတ်၍ မနာခံနိုင်ခဲ့ပါ။ အဲဒီအတွက် ကျွန်တော့်ကို သားလိမ္မာစာရင်းတွင် မထည့်သွင်းနိုင်သော်… ကျွန်တော် စိတ်မကောင်းဖြစ်မိသော်လည်း ကျွန်တော့်ယုံကြည်ချက်ကိုတော့ဖြင့် ဘယ်သောအခါမှ ပြင်မည်မဟုတ်ပါလေ။
ဝေ(စီးပွားရေးတက္ကသိုလ်)
ကိုယ့်လမ်းကိုယ်ဖောက်ပြီး ရဲရဲရင့်ရင့် လျှောက်ချင်သူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ကို လေးစားမိပါတယ်။
ReplyDeleteမိဘမေတ္တာကိုလည်း နားလည်သဘောပေါက်မိပေမဲ့ အရေးကြီးတာက မိမိကိုယ်ကို ယုံကြည်ချက်ရှိရှိ ကိုယ်ပိုင်အစွမ်းအစနဲ့ လိပ်ပြာသန့်သန့် ရပ်တည်နိုင်ဖို့လည်း အရေးကြီးသေးတယ်နော်
တကယ်ကို လေးစားဖို့ကောင်းတဲ့ စိတ်ဓာတ်ပိုင်ရှင်ပါပဲ။ အောင်မြင်မှုကိုမမက်မောဘဲ ကိုယ်ချစ်တဲ့ စာပေကို မြတ်နိုးတာသဘောကျမိပါတယ် မမရေ။ ဒီလို ကြံ့ခိုင်တဲ့ စိတ်ဓာတ်မျိုးရှိဖို့လည်း နည်းတဲ့ ပါရမီမဟုတ်ဘူး။
ReplyDeleteခင်တဲ့
မေသိမ့်
အမရေ
ReplyDeleteလာဖတ်သွားတယ်နော်..
Dear Wai,
ReplyDeleteAlthough the story is simple,the words you have used in this novel are so beautiful. No wonder you become a good writer. Nice job.
Love,
Mya
တော်ရုံလူ မလုပ်နိုင်တဲ့ သဘောထားလေးပါပဲ.... လေးစားအားကျဖို့ ကောင်းတယ် ..
ReplyDelete