နွေးထွေးပြည့်စုံ စိတ်နှလုံးတစ်စုံ


ခုတလော Page ကိုဖွင့်ကြည့်လိုက်တိုင်း Fans တွေ အတော်များများတိုးနေတာကို တွေ့ရလို့
စာဖတ်သူတွေများလာတဲ့အတွက် ၀မ်းသာကြည်နူးရပါတယ်။
ဒါဟာ... ရသစာပေ မြတ်နိုးသူတွေ ရှိနေသေးတာကို သိရတာမို့လည်း
ရသစာပေကဏ္ဍ မှေးမှိန်နေပြီလို့ စိတ်ပူပန်လာကြချိန်မှာ အားတက်စရာပါ။
စာကတော့ ဘာစာဖတ်ဖတ် ကောင်းတာပါပဲ။
ဒါပေမယ့် ကိုယ်ဖတ်တဲ့စာထဲက အဆိပ်အတောက်ကိုဖယ်ပြီး အနှစ်အသားကို ဆယ်ယူတတ်ရမှာက
စာဖတ်သူရဲ့ ရင့်ကျက်မှုအပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ်။
ပညာရပ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာ စာပေတွေ....၊ သုတစာပေတွေဟာ
ဦးနှောက်အသိဥာဏ်ကို တိုးပွားစေသလို...၊
ရသစာပေကတော့ နှလုံးသားကို ရင့်ကျက်ဖွံ့ဖြိုးစေတဲ့ အာဟာရသဖွယ်ပါ။
လောကရေးရာတွေမှာ ဦးနှောက်သုံးမှ အောင်မြင်နိုင်တဲ့ ကိစ္စတွေရှိပေမယ့်
တကယ်တမ်းတော့ နှလုံးသားခံစားချက်နဲ့ ပေါင်းစပ်စာနာနိုင်မှသာ
လူသားဆန်တဲ့အောင်မြင်မှုကိုရပြီး ပြည့်စုံနိုင်တာပါ။
ဒါကြောင့်မို့... လူသားအားလုံး ဦးနှောက်အသိဥာဏ်ဖွံ့ဖြိုးတိုးတက်ဖို့လိုသလို..၊
စိတ်နှလုံးသားတွေလည်း နွေးထွေးပြည့်စုံစေဖို့ ...
ရသစာပေကိုလည်း အချိန်ရတိုင်း ဖတ်ရှု အားဖြည့်နိုင်ကြပါစေလို့.....။

စာလာဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့...၊
စာဖတ်ပရိသတ်အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းပြီး
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေကြောင်း....၊
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်....။

ခင်မင်လေးစားစွာဖြင့်...
ဝေ(စီးပွားရေးတက္ကသိုလ်)့

အလှည့်


ပထမဦးဆုံးက ကျွန်တော့်အဖေပေါ့ဗျာ။ ကျွန်တော့်ဘ၀ထဲက ရုတ်တရက်ဆွဲထုတ်ခံခဲ့ရတာ။ အမေက ယူကျုံးမရငိုကြွေးရင်း တောင်းပန်ခဲ့ပေမယ့် အချည်းနှီးပါပဲ။
“ ရှင့်အစား ကျွန်မသာ သေပါရစေတော့ ကိုအေးဖေရယ်။ ကျွန်မထက်ရှင်က ပိုတန်ဖိုးရှိပါတယ်။ လောကအတွက်ရော...၊ သားလေးအတွက်ရော...”

ဒါပေမယ့် သေမင်းက အဖေ့ကိုပဲ မျက်စေ့ကျတာပါ။ ရောဂါသည်အမေ့ကို ဆေးခန်းပြပေးဖို့ နောက်ကတင်ပြီး မောင်းလာခဲ့တဲ့

ဆိုင်ကယ်ကို မူးမူးရူးရူးနဲ့ ဒလကြမ်းမောင်းလာတဲ့ တစ်ဖက်ဆိုင်ကယ်က ၀င်တိုက်ခဲ့တာ...။ နောက်ကထိုင်တဲ့သူမှာ အန္တရာယ်ပိုများပေမယ့် အဖေက အရှိန်နဲ့မောင်းနေတဲ့ ဘေးက ကားဘီးအောက်ကို ခေါင်းဝင်သွားခဲ့တယ်။

ဇနီးနဲ့သားအပေါ်မှာ ကြင်နာယုယတဲ့၊ ရိုးသားကြိုးစားပြီး စီးပွားအရှာကောင်းတဲ့၊ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွ အားထားရတဲ့ အရွယ်ကောင်းတုန်းအဖေ့ကို အားလုံးက နှမြောလွန်းလို့ စုတ်တသတ်သတ်နဲ့ သနားကြတယ်။ ဆုံးရှုံးမှုတွေအားလုံးထဲမှာ ကျွန်တော်က ပိုထိခိုက်တယ်လို့ ခံစားရတာ ကျွန်တော်သာ အသိဆုံးပါ။

အဖေ့ရဲ့ သန်မာတဲ့လက်မောင်းတွေကို ယီးလေးခိုခွင့်နဲ့ ရင်ခွင်ကျယ်ကြီးကို ခေါင်းတိုးဝင်ခွင့် ဆုံးရှုံးခဲ့ရတယ်။

အလုပ်ကပြန်လာတိုင်း နှုတ်ခမ်းမွှေးငုတ်စိတွေနဲ့ ကျွန်တော့်ပါးကို ပွတ်တိုက်နမ်းမယ့် အဖေ...၊ အိပ်ရာပေါ်မှာ ထွေးလုံးပုတ်သတ်ပြီး နပန်းလုံးမယ့် အဖေ...၊ အမေနဲ့သားကို ပဲလှော်ဆားညှပ်မယ်ဆိုပြီး တစ်ပေါင်းတည်း မလွှတ်တမ်း ဖက်ထားတတ်တဲ့ အဖေ...။ ကျွန်တော့်ဘ၀ထဲက ရုတ်တရက်ပျောက်ရှသွားခဲ့တယ်။

ပိုဆိုးတာက အမေ့ရဲ့ အရယ်အပြုံးတွေပါ အဖေနဲ့အတူ သေဆုံးသွားခဲ့တာပါ။ အဲဒါကြောင့် ကျွန်တော့်ဆုံးရှုံးမှုက ပိုတယ်လို့ပြောတာ...။ ကျွန်တော့်ဆုံးရှုံးမှုမှာ နောက်ဆက်တွဲက များပါတယ်။ အမေ့အပြုံးအပြင် ကျွန်တော့်ဘ၀လုံခြုံမှုရယ်၊ တိုးတက်မှုရယ်၊ အေးချမ်းမှုရယ်၊ နောက်ဆုံး...ပျော်ရွှင်မှုတွေပါ ပါတယ်။

ကျွန်တော် နာကျည်းခဲ့တယ်။ ခြေသံမပေးပဲဝင်လာပြီး ကျွန်တော့်ဘ၀ထဲက အဖေ့ကိုဆွဲနှုတ်သွားတဲ့ သေခြင်းဆိုတဲ့အရာကို...။

ကျွန်တော်လည်း အမေတောင်းပန်သလို ကျွန်တော့်ကိုသာ ခေါ်သွားပါတော့လို့ ပြောချင်နေခဲ့တယ်။

xxxxxxxxxx

နောက်တစ်ယောက်က ကျွန်တော့်အမေပါပဲ။ အမေတစ်ခု သားတစ်ခုဘ၀ကနေ နောက်ထပ်တစ်ခြမ်းပဲ့အောင် ဒီမကောင်းဆိုးဝါးကပဲ ရက်စက်ခဲ့ပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော် ကြိုသိနေခဲ့ပါတယ်။

ခုနစ်တန်းနှစ်ကတည်းက လွတ်ဟာသွားခဲ့ရတဲ့ အဖေ့ရင်ခွင်အစား အမေဟာ ချိနဲ့နဲ့သူ့ရင်ခွင်လေးကို အစွမ်းကုန် စွင့်ကား ဖြန့်ကျက်ပြီး ကျွန်တော့်အပေါ် မိုးကာပေးရှာတယ်။ အရေးကြုံတော့လည်း အမေဟာ သက်လုံမကောင်း ကောင်းအောင် ညှစ်ထုတ်ခဲ့ရတယ်။

အဖေရှာဖွေထားခဲ့တဲ့ ပိုင်ဆိုင်မှုလေးတွေကို သက်ဆိုးရှည်အောင် တတ်နိုင်သလောက်တော့ ဆွဲဆန့်ရှာပါတယ်။ ဘယ်တုန်းကမှ

စီးပွားမရှာဖူးတဲ့ အမေဟာ အရင်က မကြာခဏ လှဲလှဲနေရရှာတဲ့ သူ့ရဲ့ လူမမာအိပ်ရာလေးကို ကျွန်တော့်ပညာရေး အသက်ဆက်ဖို့အတွက် သိမ်းလိုက်ပါတော့တယ်။ အိမ်ဆိုင်လေးဖွင့်ပြီး အရိုးရှင်းဆုံး အရောင်းအ၀ယ်လေးကို စတင်ခဲ့ပါတယ်။ ကျွန်တော့်ကိုလည်း အဲဒီအိမ်ဆိုင် ၀င်ငွေလေးနဲ့ပဲ တက်္ကသိုလ်ရောက်အောင် ပို့နိုင်တော့မှာပါ။

ဒါပေမယ့် ကျွန်တော် ဂုဏ်ယူကျေနပ်လို့မှ မဆုံးသေးခင် မရဏမင်းက ခြေသံမှန်မှန်နဲ့ ကျွန်တော့်ဘ၀ထဲကို ၀င်လာပြန်ပါတယ်။

ဒီတစ်ခါတော့ ကျွန်တော့်ကိုခေါ်ပါ။ ကျွန်တော့်အမေကို ချမ်းသာပေးပါလို့ ကျွန်တော် အသံတိတ် အော်နေခဲ့ပေမယ့်

ရောဂါသည်အမေ့ကို စိတ်ရောကိုယ်ပါ ဆင်းရဲပင်ပန်းလှတဲ့ မုဆိုးမဘ၀မှာ လေးနှစ်တာ ရှင်သန်ခွင့် ပေးခဲ့တာတောင် လွန်လှပြီတဲ့။

အိပ်ရာထဲလဲပြီး မကြာခင်မှာပဲ အမေလည်း အဖေ့နောက်ကို လိုက်သွားပါတော့တယ်။

မုန်းတီးခဲ့တယ်။ ကျွန်တော့်ဘ၀ရဲ့ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းစေခဲ့တဲ့ မရဏမင်းဆိုတဲ့ အရာကို...။

လောကကြီးအလယ်မှာ ကျွန်တော်ကတော့ အထီးတည်း ကျန်ခဲ့တာပေါ့ဗျာ။

xxxxxxxxxx

လဲကျရာကနေ အကြိမ်ကြိမ်အားယူထရတော့ ထင်ကျန်ရစ်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေက တွန်းကန်အားတွေဖြစ်လာတယ်။

သေခြင်းတရားကို ခါးသည်းတဲ့ ကျွန်တော်ဟာ မရဏမင်းနဲ့ စစ်ခင်းချင်စိတ် ပေါက်နေတဲ့အတွက် သူ့လက်ထဲက အသက်တွေကို

ပြန်လုယူနိုင်မယ့် ဆရာဝန်အလုပ်ကို လုပ်ချင်ခဲ့တာပါ။

ဒါပေမယ့် သေခြင်းတရားက လက်ဦးမှုရယူပြီး အမေ့ကိုဆွဲခေါ်ချိန် စောသွားတော့ ဆေးတက်္ကသိုလ် အမှတ်မီပေမယ့်

ကျွန်တော် မတက်နိုင်ခဲ့ပါဘူး။ ဒီတော့...သေခြင်းတရားရဲ့ လက်တံတွေဖြစ်တဲ့ ရောဂါပိုးတွေကို တိုက်ဖျက်ဖို့ ရှာဖွေပေးနိုင်မယ့်

ထက်မြက်တဲ့ ဓါတ်ခွဲခန်းမှုးတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့တယ်။

အဲဒီမှာ တစ်ခြမ်းပဲ့နေတဲ့ ကျွန်တော့်ဘ၀လေးကို ဖြည့်ဆည်းနိုင်မယ့် မိုးကို စတွေ့ခဲ့တာပါပဲ။

စိုးရိမ်ပူပန်မှုတွေနဲ့ အရည်လဲ့နေတဲ့ လူနာရှင်မိုးရဲ့ မျက်ဝန်းလေးတွေကို သနားကြင်နာစိတ်နဲ့ တွယ်ငြိသွားခဲ့ရတယ်။

မိုးမေမေအတွက် လိုအပ်တဲ့ သွေးပုလင်းတွေ ကြိုးစားရှာဖွေ ပေးရုံမက ကိုယ်တိုင်ပါ ချက်ချင်းဖောက်လှူပေးခဲ့တဲ့ ကျွန်တော့်ကိုမှ မိုး အားမကိုးရင် ဘယ်သူ့ကိုအားကိုးမလဲ။

မရဏမင်းလက်ထဲက ကြိုးစားလုယူနေတဲ့ ဆရာဝန်ကြီးတွေကို ကျွန်တော်ကလည်း တစ်ဖက်တစ်လမ်းက စစ်ကူပေးခဲ့ပေမယ့်

မိုးမေမေခမျာ မိုးဆီ ပြန်မရောက်နိုင်ခဲ့ပါဘူး။ တစ်ကောင်ကြွက် အားကိုးရာမဲ့နေတဲ့ မိုးကတော့ ကျွန်တော့်ရင်ခွင်ထဲ အားကိုးတကြီး ခိုဝင်ခဲ့ရရှာတာပေါ့။

အဲဒီအတွက် မိုးကို ကျေးဇူးတင်ပါတယ်။ အနာတရတွေနဲ့ ကျွန်တော့်ရင်ခွင်ကို မိုးမေတ္တာတွေနဲ့ ကုသပေးခဲ့တယ်။ အဲဒီလိုပဲ။

လတ်လတ်ဆတ်ဆတ် မိုးရင်ထဲက အမေဆုံးရှုံးရတဲ့ ဒဏ်ရာတွေကိုလည်း ကျွန်တော့်အကြင်နာတွေနဲ့ သက်သာစေခဲ့ပါတယ်။

အဲဒီနောက်...တစ်ခြမ်းပဲ့ ကျွန်တော့်ဘ၀လေးကို ပြည့်စုံစေဖို့အတွက် သမီးလေးတစ်ယောက် မိုးက လက်ဆောင်ပေးလိုက်တဲ့ အချိန်မှာတော့ တလောကလုံးကို မေ့သွားပြီး ကမ္ဘာပေါ်မှာ အပျော်ဆုံးလူ...ကျွန်တော်ဖြစ်သွားရပြီလေ။ သေခြင်းတရားရဲ့ ၀ဲဂယက် ဆိုတာကိုတောင် ဆေးရုံမှာ နေ့စဉ်မြင်တွေ့နေပါရက်နဲ့ သတိမမူ မေ့လျော့နေလောက်အောင် သမီးလေးက အစွမ်းထက်လှပါတယ်။

ကျွန်တော့်ဘ၀ဟာ သမီးအတွက်...၊ ကျွန်တော့်ခွန်အားတွေဟာ သမီးအတွက်...၊ ကျွန်တော့်စွမ်းအင်တွေဟာ သမီးအတွက်...၊

ကျွန်တော်ပိုင်ဆိုင်သမျှဟာ သမီးအတွက်...၊ ကျွန်တော့်အသက်ဟာလည်း သမီးအတွက်လို့ပဲ ကျွန်တော် ပုံအပ်လိုက်ချင်ပါတော့တယ်။

xxxxxxxxxx

ကျွန်တော်က မေ့လျော့နေပေမယ့် မမေ့မလျော့ပဲ ကျွန်တော့်ဘ၀ထဲကို နောက်တစ်ခေါက် ၀င်မွှေသွားတာကတော့ မိတ်ဆွေဟောင်းကြီးပါပဲ။ ဒီတစ်ခါ ၀င်လာပုံက လျှို့ဝှက်လှည့်စားလွန်းတော့ ကျွန်တော်တောင် မျက်စေ့လည်သွားရတယ်။ သူက

ပေးမလို ဟန်ဆောင်ပြီးမှ ရှိပြီးသားကိုပါ ဆွဲနှုတ်သွားခဲ့တာ။

ကျွန်တော် မျက်စေ့လည်ပြီး ဇောက်ထိုးပြုတ်ကျသွားရတယ်။ တစ်ခြားတော့မဟုတ်ပါဘူး။ အသူရာနက်တဲ့ သေရည်အိုးထဲကို...။

မကျလည်း ခံနိုင်ရိုးလား။ မိုး ထပ်လွယ်ထားရတဲ့ ကိုယ်ဝန်ဟာ သားသားလေးလို့ အာထရာဆောင်းရိုက်ကြည့်ပြီး သိရကာစမှာ ကျွန်တော့်အပျော်က လုံးဝရပ်လို့ ရခဲ့တာမဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ ဘ၀လေးကို ပိုင်ဆိုင်ရတော့မှာမို့ ကျွန်တော်သာလျှင် အကောင်းဆုံးဖခင် ဖြစ်စေရမယ်လို့ ဥဒါန်းကျူးရင့်လို့ မဆုံးနိုင်တော့ဘူး။ မိုးကလည်း

ကျွန်တော့်အပျော်ကိုမြင်ပြီး ပီတိတွေဝေလို့ပေါ့။ သမီးလေးကလည်း သူ့မောင်လေးကို သူကိုယ်တိုင် ချီပိုးယုယမယ်လို့ ဟန်ရေးတပြင်ပြင်နဲ့ရယ်လေ။

သားနဲ့သမီးကို တစ်ဖက်စီလက်တွဲပြီး မိုးနဲ့အတူ ကမ်္ဘာကုန်ကျယ်သရွေ့ လျှောက်လည်ကြတယ်လို့ အိပ်မက်တွေမက်လို့ ကောင်းနေတုန်းမှာပဲ ကျွန်တော့်လက်ထဲက ကမ္ဘာဟာ လွတ်ကျသွားခဲ့ရတယ်။

ကလေးအချင်းကွာတာတဲ့။ သွေးတွေသွန်တာ မိုးတစ်ကိုယ်လုံး မြင်မကောင်းဘူး။ ကျွန်တော်ရှာပေးတဲ့ သွေးပုလင်းတွေလည်း မိုးအသက်ကို မရဏမင်းလက်က လုယူပေးဖို့ စစ်ကူမရခဲ့ဘူး။ အံ့သြတုန်လှုပ်ပြီး ကျန်ခဲ့ရတဲ့ ကျွန်တော်တို့သားအဖမှာ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ဆောက်တည်ရာမဲ့ခဲ့ရတယ်။

ကျွန်တော် ခါးသည်းခဲ့တယ်။ ငယ်ရွယ်နုနယ်တဲ့ သမီးလေးရဲ့နှလုံးသားကို ချက်ချင်း အိုမင်းညှိုးရော်စေခဲ့တဲ့ မမြင်ရတဲ့ အနစ္စတရားကို....။

ကျွန်တော့်ရဲ့ဆုံးရှုံးမှုထက် သမီးလေးရဲ့ အမိမဲ့ကြေကွဲမှုကို သနားရင်နင့်ရတာက ပိုပြီး အခံရဆိုးပါတယ်။

xxxxxxxxxx

သမီးကိုငဲ့ညှာပြီး ကိုယ့်ကိုယ်ကို အတင်းထူမတ်ဖို့ ကြိုးစားပေမယ့် ဒီတစ်ခါရိုက်ချက်က ပြင်းလွန်းတော့ ထလိုက်တိုင်း

ယိုင်တိယိုင်ထိုးနဲ့ ပြန်ပြန်လဲနေရတော့တယ်။ သမီးလေးရှေ့ရေးအတွက် အလုပ်တွေကို နေ့မနားညမအား ဖိလုပ်သလို၊ မိုးနဲ့ မမြင်လိုက်ရတဲ့

သားလေးကို မေ့မရတိုင်း ရှင်တော်ဗုဒ်္ဓတားခဲ့တဲ့ အဆိပ်ရည်ကိုပဲ သောက်မြိုမိတယ်။

သနားစရာသမီးလေးကတော့ ဖအေကို လူလိမ္မာကြီးဖြစ်အောင် ပြုပြင်မပေးနိုင်ပေမယ့် အရက်သမားကြီးလုံးလုံး မဖြစ်အောင်တော့ ဘေးနားကနေ အဆီးအတားတစ်ခုအဖြစ် ဖေးမခဲ့ရှာတာပေါ့။

မိုးနဲ့သားလေးကိုတွေးမိရင် ကြေကွဲရလွန်းလို့ သေမင်းကို အရှုံပေးချင်စိတ်နဲ့ မြန်မြန်ခေါ်လှည့်ပါဆိုပြီး အရက်တွေ ဖိသောက်မိ တယ်။ သမီးလေးကိုမြင်ပြန်တော့ အမိမဲ့သမီးအတွက် ဖခင်မေတ္တာရိပ် မရှိလို့မဖြစ်ဘူးဆိုတာ သတိဝင်ပြီး အလန့်တကြားဖြစ်ရပြန်တယ်။

ဒီလိုနဲ့ အရက်နဲ့အလုပ်ကြားမှာ မအားမလပ်နိုင်အောင် ကျင်လည်ရင်း...၊ လွမ်းဆွတ်ကြေကွဲမှုတွေကို သမီးအတွက် အားတင်းကျော်ဖြတ်ရင်းနဲ့ပဲ ကျွန်တော့်မှာ မရဏရဲ့ ရှေ့ပြေးနမိတ်တွေ ထင်ဟပ်လာပါတော့တယ်။

အစာအိမ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်... တစ်ခုမှ ကျွန်တော့်ခန်္ဓာထဲမှာ ပုံမှန်မရှိတော့ပါဘူး။ အသည်းက ခြောက်စပြုနေပြီ။ နှလုံးက သွေးကြောကျဉ်းလာတယ်။ သွေးတိုးကြောင့် ကျောက်ကပ်ရောင်ချင်တယ်။ အစာအိမ်က သွေးစိမ့်ထွက်ဖူးတယ်။

ဆေးရုံတက်လိုက် ဆင်းလိုက်နဲ့ အဖေကို ပြုစုရတာကြောင့် အပျိုဖော်ဝင်စ သမီးလေးခမျာမှာလည်း ပင်ပန်းရှာတယ် ထင်ပါရဲ့။ အသွေးအရောင်တွေ ဖျော့တော့တော့နဲ့ မူးကနဲမိုက်ကနဲတွေတောင် ဖြစ်လို့...။ “ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးဦးမှပါပဲ...” လို့ တွေးနေတုန်းရှိသေးတယ်။ စာမေးပွဲခန်းထဲမှာ မူးလဲလာတဲ့ သမီးလေးကို မရဏမင်းက ရက်ရက်စက်စက် တံဆိပ်တပ်လွှတ်လိုက်ပြန်တယ်။

“ သွေးကင်ဆာ ”...တဲ့။

သမီးလေးငယ်ငယ်က တလျှောက်လုံး ဖျော့တော့တော့နဲ့မို့ သွေးအားနည်းတာလောက်ပဲ ထင်ခဲ့မိတာ။ ရာသီအလိုက် အာဂန္တု နှာစေးဖျားနာတာလောက်က လွဲရင် ကြီးကြီးမားမား ဘာရောဂါမှ မရှိခဲ့ပါဘူး။ တစ်ခါတစ်ရံ နှာခေါင်းသွေးလျှံတတ်ပေမယ့် ရာသီဥတုပူရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ကလေးတွေသဘာဝမို့ ခပ်ပေါ့ပေါ့ပဲ နေခဲ့မိတယ်။ အကြိမ်အရေအတွက်ကလည်း စိုးရိမ်ရလောက်အောင် မစိပ်ခဲ့တာမို့

ကျန်းမာရေးအသိုင်းအ၀ိုင်းထဲက ကျွန်တော်တောင် သတိမမူခဲ့မိပါဘူး။

ခုတော့ သေမင်းက သူ့ရဲ့လက်နက်ဟောင်းကြီးကို ထုတ်သုံးပြီး ကျွန်တော့်ကို အလဲထိုးခဲ့ပြန်ပြီ။

သမီးရဲ့ နောက်ဆုံးရက်တွေနဲ့အတူ ကျွန်တော့်ရဲ့ ခံနိုင်ရည်စွမ်းတွေလည်း အောက်ဆုံးအမှတ်ကို ရောက်ရှိခဲ့ပါပြီ။

ကျွန်တော့်ကို အရင်မခေါ်ပဲ ကျွန်တော့်ရဲ့သံယောဇဉ်တွေကိုပဲ တစစီဆွဲနှုတ်သွားခဲ့တာ...။ အားလုံးလည်း ကုန်သွားပါပြီဗျာ။

ကိုယ်တိုင်လိုက်ပါသွားရရင်တောင် တစ်ယောက်စီဖဲ့ထုတ်ခံနေရတာလောက် အခံရခက်ပါ့မလား။

တစ်ချက်တည်းနဲ့ ဇာတ်သိမ်းမယ့် ဦးနှောက်တည့်တည့်ကို သေနတ်နဲ့ချိန်မပစ်ပဲ ခြေကလေးတွေ၊ လက်ကလေးတွေ တစ်ခုချင်း ချိုးဖြတ်ခံနေရသလို....။ မျက်လုံးကိုဖောက်ထုတ်လိုက်၊ အသည်းကိုဆွဲဖဲ့လိုက်၊ နှလုံးကိုဆိတ်ဆွလိုက်နဲ့ လောကငရဲ ခံနေရသလိုပါပဲ။

ကျွန်တော့်ရဲ့ရင်တစ်ခုလုံး ဟင်းလင်းပွင့် ကျန်စေခဲ့တဲ့ သေခြင်းတရားဆိုတဲ့ မမြင်နိုင်တဲ့အရာကို နာကျည်းမုန်းတီးလွန်းလို့ ကျွန်တော် သူ့ကို အနိုင်ရချင်လာပါတော့တယ်။

xxxxxxxxxx

မိုးနဲ့မြေတွေ အားလုံး ပြိုကျပျက်စီးခဲ့ပြီးတဲ့နောက်မှာတော့ ဘယ်အရာမှ တန်ဖိုးထားစရာ မကျန်တော့ပါဘူး။

ကျွန်တော်က သေမင်းဆိုတာကို တစ်ချက်တစ်ချက်မှ ပေါ်လာပြီး အလစ်ဝင်ဝင် ကြုံးသွားတယ်လို့ ထင်နေတာ။ ခုတော့ ကျွန်တော် တဖြေးဖြေး သဘောပေါက်လာရပြီ။ ဒီမိတ်ဆွေဟောင်းကြီးဟာ ကျွန်တော်တို့က မလိုလားပေမယ့် ကျွန်တော်တို့နားမှာကပ်ပြီး လိုက်ပါနေတာ။ မွေးကတည်းကနေ ဘ၀တစ်လျှောက်လုံးပါပဲလား။ တစ်ခါတစ်ခါ အရိပ်ယောင်လေးပြသလို၊ တစ်ခါတလေကျ အသံလေးပေးလို့...၊ တစ်ခါတလေကျတော့ ဘွားကနဲ လှန့်တတ်ပြန်တယ်။

နောက်ဆုံး ကိုယ်တိုင်အလှည့် ရောက်လာပြီဆိုတော့ ရင်ကိုကော့ပြီး နာနာကျည်းကျည်း ခေါင်းမော့ စောင့်ဆိုင်းနေလိုက်တယ်။

“ ယူစမ်းပါ။ ငါ့ရဲ့အသက်ကို ယူစမ်းပါ။ ငါတစ်ယောက်တည်းပဲ ကျန်တော့တယ်။ နောက်ထပ်ဘယ်သူ့ကိုမှ ငါ့စိတ် ထိခိုက်အောင် မင်းခေါ်သွားဖို့ မကျန်တော့ဘူး...”...လို့ နာကျဉ်သံကြီးနဲ့ ၀မ်းခေါင်းလှိုက်အော်မိတယ်။

သူကလည်း လှိုဏ်သံကြီးနဲ့ ပြန်ရယ်တယ်။

မကြောက်ဘူး။ ချစ်ခင်သူတွေ တစ်ယောက်မှ မရှိတော့တဲ့ဘ၀မှာ ကျန်တာဘာမှ ကျွန်တော်မကြောက်ဘူး။

ဒါပေမယ့် ခေါ်ပါဆိုလို့လည်း မခေါ်တဲ့ မရဏကောင်ကို စိတ်နာနာနဲ့ ကျွန်တော် ပေပေတေတေနေတယ်။ အရက်တွေ ဒလကြမ်းသောက်တယ်။ ဘာဆိုဘာမှ မစားတော့ဘူး။ အရက်ကလွဲရင် ကျွန်တော့်ဗိုက်ထဲ ဘာမှ အ၀င်မခံတော့ဘူး။

ကဲ...ဖြစ်စမ်း...အသည်းကင်ဆာ။ ထွက်စမ်း...အစာအိမ်ထဲကသွေးတွေ။ ပြတ်စမ်း...ဦးနှောက်သွေးကြော။

ပိတ်စမ်း...နှလုံးသွေးကြောတွေ။

ကားလမ်းအလယ်ကောင်မှာ...၊ လမ်းဘေးကခြုံစပ်မှာ...၊ ပလက်ဖောင်းဘေး မြောင်းထဲမှာ...၊ လမ်းကြိုလမ်းကြား အမှိုက်ပုံမှာ...။

သေမင်းက ဘယ်မှာသွားပုန်းနေမှန်း မသိပါဘူး။ ကျွန်တော်ရှာဖွေလေ...၊ သူက ခြေသံလုံလေပါ။

ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကျွန်တော့်ကို ဘယ်သူမှ မမှတ်မိကြတော့ဘူးလို့ ထင်ထားတာ...။ လူတစ်ယောက်မှန်းတော့ သိသာတဲ့ အသွင်သဏ္ဍာန် ကျန်သေးတယ်ထင်ပါရဲ့။

“ ဟဲ့...အရူးကြီးလား...”

“ မသိဘူးလေ။ အမှိုက်ပုံထဲ ရောက်နေတာပဲ..”

“ သေများနေပြီလားဟဲ့။ ကြည့်ကြစမ်းပါဦး...”

“ အရက်စော်တွေ နံဟောင်နေတာပါဗျာ။ သေလည်းအေးတာပဲ...”

“ တုတ်ကလေးနဲ့ နည်းနည်းထိုးကြည့်စမ်း။ အသက်ရှိမရှိ သိရအောင်...”

“ နေကြစမ်းပါဦးဗျာ။ ကျွန်တော့်မိတ်ဆွေများလားလို့...”

မှိန်ဖျော့ဖျော့ အသိစိတ်ထဲမှာ ရင်းနှီးတဲ့ အသံတစ်သံ ကြားလိုက်ရတယ်။ အဲဒါ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ တွဲလုပ်လာခဲ့တဲ့ ကျွန်တော့်ဌာနက ချာတိတ်ကလေးရဲ့ အသံပဲ။

မကယ်ကြပါနဲ့။ ကျွန်တော့်ကို မကယ်ကြပါနဲ့ဗျာ။ ကျွန်တော် သေမင်းနဲ့တွေ့ချင်လွန်းလို့ စောင့်နေတာပါ။ ခေါ်မသွားကြပါနဲ့။ မလိုက်ပါရစေနဲ့။

စိတ်ထဲကသာ ငြင်းဆန်နေတာ။ လူက မျက်လုံးလေးတောင် ဖွင့်ဖို့အားမရှိတော့ဘူး။

ဘယ်သူ မချီသွားမှန်းလည်း မသိဘူး။ ဘယ်ကိုခေါ်သွားတာလည်း မသိဘူး။ ဆေးခန်းတစ်ခုခုလား။ ဆေးရုံလား။ အိမ်ကိုလား။

xxxxxxxxxx

တရားဟောသံသဲ့သဲ့ကို ကြားနေရတယ်။ ကျွန်တော့်ကို တရားခွေလေးတစ်ခွေ ဖွင့်ပေးကြတာလား။ သေခါနီးလူတစ်ယောက်အတွက် ဘ၀ကူးကောင်းအောင် နောက်ဆုံးလုပ်ပေးတဲ့ ကုသိုလ်ကောင်းမှုလား။

ဟော...သေခြင်းတရားအကြောင်း ဟောနေတာပါလား။ သေခြင်းတရားကို အောင်နိုင်မယ့်အရာဟာ လောကမှာ တစ်ခုတည်းပဲရှိတယ်တဲ့။ အဲဒါ ၀ိပဿနာတဲ့။ အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းတဲ့နေရာဟာ နိဗ္ဗာန်ကလွဲပြီး တခြားမရှိနိုင်ဘူး။ နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကတော့ ၀ိပဿနာကျင့်ကြံနည်းပဲတဲ့။ ဖြစ်ခြင်း ပျက်ခြင်းကို သိအောင်လုပ်ရမယ်တဲ့။ မှတ်ရမယ်တဲ့။ ၀င်လေ ထွက်လေ..၊ ရှူထုတ်...၊ နှာသီးဖျားအသိကိုမှတ်...။

ဒါပေမယ့် အချိန်မရှိတော့ဘူး။ ကျွန်တော် ဘာမှ မကြားရတော့ဘူး။ ကျွန်တော် မျှော်လင့်ထားသလို သေမင်းနဲ့ ရင်ဆိုင်ရပြီမို့ ကျွန်တော့်စိတ်ကို လျှော့ချပစ်လိုက်တယ်။

အဲဒီနောက်...မဲမှောင်နေတဲ့ အမြင်အာရုံတွေကနေ ပိုပြီးနက်ရှိုင်းတဲ့ အမှောင်ထုကြီးထဲကို မျောလွင့်သွားတော့တယ်။

xxxxxxxxxx

မျက်စေ့ဖွင့်လိုက်တော့ ကျွန်တော်အံ့သြသွားရတယ်။ ဘယ်လိုဖြစ်တာလဲ။ မရဏမင်းဆီ ကိုယ်တိုင် အရောက်သွားခဲ့ပေမယ့် သူက ကျွန်တော့်ကို ဘာမှမလုပ်ဘူးလား။ သူ လောဘတကြီး နှုတ်ယူနေတဲ့အသက်တွေ အများကြီး...၊ ကျွန်တော့် မျက်မြင်ကိုယ်တွေ့ပဲ။ ကျွန်တော့်အသက်ကိုကျ ဘာလို့ နှုတ်မသွားရတာလဲ။

မဟုတ်သေးပါဘူး။ သူနှုတ်တော့ နှုတ်သွားတယ်။

အဲဒါ...ကျွန်တော့်အသက် မဟုတ်ဘူး။ ကျွန်တော့် ကိုယ်တစ်ပိုင်းက အာရုံအသိစိတ် ခံစားမှု....။

ကျွန်တော့်ခြေထောက်တွေ လှုပ်လို့မရတော့ဘူး။

“ လေဖြတ်သွားတာဗျ။ ကိုယ်တစ်ပိုင်းသေသွားပြီ..”

ခပ်လှမ်းလှမ်းမှာ ဆရာဝန်လေးက တစ်ယောက်ယောက်ကို ခပ်တိုးတိုး ပြောနေသံကြားရတယ်။ ကျွန်တော် သိတ်လန့်သွားတယ်။

ကျွန်တော် မျှော်လင့်ထားတာ ဒါ မဟုတ်ဘူး။ ကျွန်တော် ဖြစ်ချင်တာ ဒီလို မဟုတ်ဘူး။

ကျွန်တော် နာကျဉ်စွာ ညီးတွားအော်ဟစ်လိုက်တယ်။ ဒါပေမယ့် အသံက လည်ချောင်းထဲမှာတင် ပျောက်သွားတယ်။

အပြင်ကို ထွက်မလာနိုင်တော့ဘူး။

xxxxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)

Faces Magazine...( September, 2011)

အံဝှက် မပါတဲ့ တံခါး


တကယ်တော့ သူတံခါး ခေါက်တော့မယ် အထင်နဲ့ အလျင်စလို ဖွင့်ပေးလိုက်မိတာ ကျွန်မ အမှားပါ။
သူက ပိတ်ထားတဲ့ တံခါးချပ်ကိုမှ တန်ဖိုးထားချင်သူ၊ ဟပေးထားတဲ့ တံခါးမျိုးကို စိတ်ဝင်တစား ဆွဲဖွင့်ချင် သူမှ မဟုတ်တာကိုး။ ဒီတော့ မိန်းမသား မာနနဲ့ တံခါးကို ခပ်တင်းတင်း စေ့ပြီး ဖွင့်ပေးချင်ရဲ့နဲ့ တံခါးခေါက်သံကိုတောင် မကြားချင်ယောင် ဆောင်နေရမယ့် မိန်းမ မာယာကို မကျွမ်းကျင် မလိမ္မာခဲ့တဲ့ ကျွန်မကပဲ ညံ့တယ် ထားလိုက်ပါတော့လေ။
+++++++

ပြတ်တောက်သွားပြီ ထင်ထားတဲ့ ရှေးရေစက် တစ်ခုဟာ တစ်ကျော့ပြန် ဆုံချင်တော့လည်း မမျှော်လင့်တဲ့ တစ်နေ့မှာ ကျွန်မ အနားကို သူ ပြန်ရောက် လာခဲ့ရတယ်။ အဲဒီနေ့က ရှော့ပင်းမောတစ်ခုရဲ့ ရယ်ဗလွန်ကောင်တာ ရှေ့မှာ နှုတ်ခမ်းနီ အရောင်တွေကို အာရုံ စူးစိုက်ပြီး ရွေးချယ် နေတုန်းမှာပေါ့။ အကြားအာရုံကို ရိုက်ခတ်လာတဲ့ အသံလေးတစ်ခုဟာ ဝေးကွာပြီးတဲ့ အတိတ်နေ့ရက်တွေဆီ ဖျတ်ခနဲ  ပြန်ခေါ်သွားနိုင်တဲ့ အစွမ်းတွေ ရှိနေတာများ အံ့သြမိပါရဲ့။ “နှုတ်ခမ်းနီ မဆိုးတတ်တဲ့ မင်း နှုတ်ခမ်းလေးတွေက ပိုတောက်ပခဲ့တာပါ”တဲ့။

မထင်မှတ်တဲ့ အချိန်၊ မမျှော်လင့်တ နေရာမှာ သူ့ အသံကို အနီးကပ်ကြားလိုက်ရတော့ အိပ်မက်လားလို့ တောင် ဇဝေဇ၀ါ ဖြစ်သွားရတဲ့ အထိ ကျွန်မ ဣနြေ္ဒ ပျက်သွား ရတယ်။ ဆယ်စုနှစ် တစ်စု ကျော်လောက် ကြာသွား ခဲ့ပေမဲ့ မနေ့တစ်နေ့ကလိုပါပဲ လား။ သူ့မျက်လုံး၊ သူ့နှုတ်ခမ်း၊ သူ့အကြည့်၊ အားလုံးဟာ ငယ်ငယ်တုန်းကလို နုပျို စိုလက်နေတုန်းပဲ။ ခန္ဓာကိုယ် ကလည်း ပါးလျလျ၊ ရှည် ကိုင်းကိုင်း။ ကျွန်မမှာသာ။

“ကော်ဖီဆိုင် တစ်ခုခု မှာထိုင်ဖို့ ကိုယ့်ကို အချိန် ပေးနိုင်မလားဟင်”

ဟိုတုန်းကလိုပဲ မပြောင်းလဲသေးတဲ့ သူ့ရဲ့ စည်းတစ်ဖက်ခြားက ဆက်ဆံ ရေးမျိုးကို ဒီအသက်အရွယ် မှာတော့ ကျွန်မ နာကျင်ခြင်း ကင်းစွာ လက်ခံ နိုင်သွားပါ ပြီ။ အဲဒီ အတွက်လည်း ကိုယ့် ကိုယ်ကို ကျေနပ်သွားရ တယ်။ ကျွန်မ ကြီးပြင်းခဲ့တာ သေချာပြီပဲ။

အပြုံးနုနုနဲ့ ကျွန်မကိ လည်း သူက အံ့သြဟန်နဲ့ ပခုံး တွန့်ပြတယ်။ ကျွန်မရဲ့ တည်ငြိမ်မှုကို ရှင် အံ့သြသွား စေရမယ် ကိုအံ့စွမ်းမောင်။ ဒါပေမဲ့ သူမအံ့သြ သေးခင် ကျွန်မ ပခုံးကို ခပ်ဖွဖွ လှမ်းဖက်လိုက်တဲ့ သူ့ အမူ အရာကြောင့် ကျွန်မ ထိတ် လန့်ပြီး ခြေလှမ်း တုံ့သွားရတယ်။ ဒါ အံ့စွမ်းမောင်မှ ဟုတ်ရဲ့လား။

ကျွန်မ ခံစားချက်ကို ရိပ်မိသွားပုံရတဲ့ သူကလည်း ခပ်ဟက်ဟက်ရယ်ရင်း ပခုံး ပေါ်က လက်ကိုပြောင်းပြီး ကျွန်မ လက်ဖ၀ါးကို ခပ် ဆတ်ဆတ်ဆွဲခေါ်သွားတော့ တယ်။
“မင်း တော်တော် တည် ငြိမ်လာပြီနော် မြဖူးခိုင်”

“ဟင့်အင်း ရင့်ကျက် လာတာပါ။ ရှင်ကရော သိပ် ဗိုလ်ဆန်လာတယ်ပေါ့”

ကော်ဖီခွက်ကို ကိုင်ရင်း ကျွန်မ အပြောကို သဘောတကျ ရယ်မောနေတဲ့ သူဟာ မယုံနိုင်စရာ ပြောင်း လဲသွားခဲ့ပြီပဲ။ သိုသိပ်တဲ့ အပြုံးနေရာ မှာ ပွင့်လင်းတဲ့ ရယ်မော ခြင်း၊ တည်ငြိမ်တဲ့ စကားလုံး တွေအစား သွက်လက်တဲ့ အပြောအဆို၊ စောင့်စည်း တတ်တဲ့ အမူအရာတွေမှာ ရဲတင်းတဲ့ ဆက်ဆံရေးတွေက အစားထိုးဝင်ရောက်သွားခဲ့ ပြီ။ အရင်တုန်းကလို စည်း တစ်ဖက်ခြားကို ရောက်နေသလိုမျိုး သူ့ပုံစံကရော။ နယ်နမိတ် ကန့်သတ်ချက်မဲ့ ပြီး ကျွန်မနဲ့ တစ်သားတည်း ရောနှောတော့မလို့လား။

ဒါဆိုရင်တော့ ရှင် နောက်ဆုတ်လိုက်ပါ ကိုအံ့စွမ်းမောင်။
အရင်တုန်းက ရှင်တားခဲ့တဲ့ စည်းမှာ ကျွန်မ နှလုံးသားလေး ကွဲကြေခဲ့ပြီးပြီမို့ ခုချိန်မှာ ရှင်က အဲ့ဒီစည်းကို ဖျက်ပစ်တော့မယ်ဆိုရင် တောင် ကျွန်မကတော့ ဘ၀ နဲ့ရင်းထားတဲ့ နောက်စည်း တစ်ကြောင်းကို ကျွန်မတို့ နှစ် ယောက်ကြားမှာ ထပ်သားရ လိမ့်မယ်။
+++++++

“လူ့စည်း၊ ဘီလူးစည်း ဆိုတာ မင်း နားမလည်ဘူးလား မြဖူးခိုင်။ လူမှန်ရင် လူ့ စည်းလေးတော့ ရှိရတယ် ကွ”

ကလေးစိတ် မကုန့် တကုန် အရွယ်မှာ ကလေး ဆန်ဆန် ရိုးသား ပွင့်လင်းခဲ့မှု အတွက် နာကြည်းစရာ ကောင်းလောက်အောင် ကျွန်မ အရှက် ရခဲ့ဖူးပါရော လား။
“မြလေးရယ်။ ငါ့ အစ်ကိုက ခွစာကြီးဟ။ သူ စိမ်း မိန်းကလေး မပြောနဲ့၊ ညီမအရင်း ငါ့ကိုတောင် သိပ် ရောနှောတာ မဟုတ်ဘူး။

“ရှစ်တန်းကတည်းက ယောက်ျားလေး ဘော်ဒါ ဆောင်မှာချည်း နေလာခဲ့လို့လား မသိဘူး။ မိန်းကလေး တွေအပေါ် အရှက်ကြီးပြီး စကားတောင် ဟဟ မပြော ဖူးဘူး။ နင် စိတ်မဆိုးပါနဲ့ ဟာ။ အစ်ကို့အစား ငါ တောင်းပန်ပါတယ်နော်”

တကယ်တော့ မြို့ ကလေးကို ပြောင်းလာခါစ ရှစ်တန်းကျောင်းသူ တစ်ယောက်က နွေရာသီမှာ တက္ကသိုလ်က ပြန်ရောက်လာတဲ့ သူငယ်ချင်းရဲ့ အစ်ကိုကို တစ်ခါမှ မဆုံဖူးပေမဲ့ သူငယ်ချင်းပြတဲ့ ဓာတ်ပုံတွေထဲမှာ မြင်ဖူးနေတာကြောင့် ရင်းနှီးနေခဲ့တာပါ။

မွေးချင်းပေါက်ဖော် မရှိတဲ့ ကျွန်မအတွက်က သူငယ် ချင်းပြောပြတဲ့ သူ့အစ်ကို အကြောင်းတွေ နားထောင်ပြီး သူတို့ မောင်နှမ နှစ်ယောက်ကို ကိုယ့်မောင်နှမအရင်း တွေလို ခံစားခင်မင်နေမိတာ။ ဒါပေမဲ့ သူကလည်း တက္ကသိုလ်ကျောင်းသားဆိုတဲ့ အရှိန်နဲ့ ဟန်တစ်ခွဲသားပေးပြီး ဘ၀င်ကိုင်နေချိန်မှာ တစ်ခါ မှ မမြင်ဖူးတဲ့ မလောက် လေးမလောက်စား ချာတိတ်မလေး တစ်ယောက်က ညစ်ပတ်ပေတူးနေတဲ့ လက်နဲ့ မျက် လုံးကို ဆတ်ခနဲ ဖုံးတာ ခံလိုက်ရတာကိုး။

ဖြစ်ချင်တော့ အဲဒီနေ့က သူငယ်ချင်းနဲ့ အတူ မီးဖိုချောင် မှာ သူ့မေမေကို ကူရှုပ်ပြီး ထမင်းအိုးဟင်းအိုး တည်ဖို့ ၀င်စပ်စုနေတဲ့ အချိန်လေ။ မီး ၀င်မွှေး၊ ကြက်သွန်အဖြူ အနီ ၀င်သင်နဲ့ ပေတူးနေတဲ့ လက် ကို မဆေးဖြစ်ဘဲ ကိုစွမ်း ပြန် ပြီဟေ့ ဆိုတာနဲ့ ပြေး ထွက်သွားကြတဲ့ သူငယ်ချင်း နဲ့ သူ့ မေမေ နောက်ကို လိုက်ချောင်းကြည့်ခဲ့တာ။

ဧည့်ခန်းဆက်တီမှာ မိသားစုနဲ့ ရေပက် မ၀င်အောင် စကားပြောနေတဲ့ သူ့ ကို နောက်ခိုင်းလေးမြင်ရ တော့ အစ်ကိုတစ်ယောက်လို စနောက်ချင်စိတ် ရုတ်တရက် ပေါ်လာပြီး မျက်လုံးကို အသာလေးပြေးပိတ်လိုက် တာ။

လက်ကိုပုတ်ချပြီး အံ့ သြတကြီး လှည့်ကြည့်လိုက် တဲ့ သူ့မျက်လုံးတွေ၊ ပေတူး နေတဲ့ ကျွန်မလက်ကို မြင်တော့ ရဲတက်သွားတဲ့ သူ့ ဒေါသမျက်နှာကတော့ တစ် သက်တာ အမှတ်တရ ဖြစ် ခဲ့ရပြီပေါ့။
“ကိုကို အဲဒါ ညီမလေး သူငယ်ချင်း မြဖူးခိုင်ပါ”

မြင်သူတိုင်းက ချစ်ချင် ကြတဲ့ ချာတိတ်မလေးကို  သူဘာလို့ မေတ္တာမထားနိုင် တာလဲ မသိဘူး။ ပြောလိုက် တာများ ကျွန်မမှာ မျက်ရည် ပေါက်ပေါက် ကျရတဲ့အထိ။ အဲဒီကတည်းက ကျွန်မ အပေါ် အမြင်ကတ်သွားတဲ့ စိတ်ဟာ တွေ့လိုက်တိုင်း နှာခေါင်းတရှုံ့ရှုံ့နဲ့ ဘယ်လိုမှ ကြည်လင်မလာတော့တာပါ ပဲ။
++++++++

သူက အမြင်မကြည် ပေမဲ့ ကျွန်မတို့ သူငယ်ချင်း နှစ်ယောက်ကတော့ မခွဲနိုင် မခွာရက်အောင် ပိုအတွဲမိလာ ကြတယ်။ တစ်ယောက်အိမ် တစ်ယောက် တစ်လှည့်စီ ညအိပ်ညနေ စာအတူ သွားကျက် ကြ၊ ဘယ်အိမ်က မုန့်လုပ် စားစား နှစ်ယောက်စလုံး နေရာတကာ ပါဝင် ကူညီနေ ကျ။ ဘယ်မိသားစုက အပျော်ခရီးထွက်ထွက် သူငယ်ချင်းကိုပါ အပါခေါ် နေကျ။

ဒါကြောင့်လည်း သူတို့ မိသားစုရဲ့ နွေရာသီခရီးတိုင်း လိုလို သူနဲ့အတူ ကျွန်မ သွားခဲ့ရသလိုပါပဲ။ သူငယ် ချင်းနဲ့ ခင်မင်ခဲ့တာ ကာလ ကြာလေလေ၊ သူနဲ့ ကျွန်မ ကြားမှာ အမှတ်တရ ခရီးတွေ ပိုများလာလေ။ ဒါပေမဲ့ ကျွန်မကသာ ပျော်ရွှင်ကြည် နူးစရာ အမှတ်တရတွေ အဖြစ် တမြတ်တနိုး တန်ဖိုး ထားရတာ။ သူ့ကိုကြည့်ရ တာတော့ ကျွန်မပါနေတာကို စိတ်ရှုပ်ထွေးနေပုံမျိုးနဲ့ အမြဲ တမ်းမှုန်တေတေပါပဲ။

ဘာကြောင့်များ သူ ကျွန်မကို လျစ်လျူ ရှုရက်တာလဲ။ ငွားငွားစွင့်စွင့် ပွင့် လန်းလာတဲ့ ပန်းကလေးဟာ လက်တစ်ကမ်းအကွာတင်မို့ သူ အနီး မှုန်နေတာလား။ ကြိုင်လှိုင်နေတဲ့ သင်းရနံ့က သူ့ အနီးလေးတင်မို့ မွှန်ထွန်  ပြီး နှာပိတ်သွားတာလား။ မိန်းကလေးက သွက်လက် လွန်းလို့ သူက ပိုအေးခဲသွား တာလား။ ကျွန်မက လိုက်နေ တယ်ထင်လို့များ သူက ပြေး ချင်လေသလား။

“ယောက်ျားလေးတွေ ၀ိုင်းဝိုင်းလည်နေတာကို ဂုဏ်ယူစရာများ ထင်နေလို့ လား မိသန္တာ။ တကယ်တော့ သူများစိတ်မ၀င်စားဝင်စား အောင် ညိုမြ လုပ်နေတာကမှ ရှက်စရာ သိပ်ကောင်းတာ”
အဲသလို သူ့ညီမကို ပြောသလိုလိုနဲ့ ကျွန်မကို ရှေ့ တည့်တည့်ထားပြီးလည်း သူက ပေါ်တင်ချိုးဖဲ့ တတ်ပါ သေးတယ်။

“ရပါတယ်ဟာ။ ငါက သူ မနာလိုသ၀န်တိုတတ်မှန်း သိလို့ သူဘာပြောပြော ခွင့် လွှတ်ပြီးသားပါ”
သူငယ်ချင်းကလည်း ကျွန်မကို သူ့အစ်ကိုနဲ့ သဘော တူတာမို့ သူငယ်ချင်း က လှော်ပေးသလောက် ကျွန်မကလည်း ပျော်ပျော်ကြီး ရဲတင်းမိခဲ့တာတော့ ၀န်ခံပါတယ်။ ဒါပေမဲ့ သူ့ အပေါ်မှာသာ အစ်ကို တစ် ယောက်လို ခံစားရတာရော၊ ရင်ထဲကနှစ်နှစ်ကာကာ ချစ်မိ တာရောကြောင့်သာ ဗလွတ် ရွှတ်တ နောက်ပြောင်ရင်း တိတ်တခိုးခံစားချက်တွေကို  မသိမသာ သူ့တစ်ယောက် အပေါ်မှာသာ ဆွတ်စေချင် လွန်းလို့ ညွတ်ကျမိတာ။ မြဖူးခိုင်ဆိုတာ သူဖြစ်တည်ရာ ၀န်းကျင် တစ်ဝိုက်မှာတော့ မျက်နှာထားတည် အနေမှန် ပြီး ချူဖို့ခက်တဲ့ မဉ္ဇူသက ပန်းလေးလို ဂုဏ်သတင်း မွှေးပျံ့သူဆိုတာ သူလည်း ကြားမိမှာပါ။

“ကိုကိုက ရှေ့တင်သာ ရှောင်ဖယ်ဖယ် လုပ်နေတာ။ နောက်ကွယ်မှာကျ ငါ့ကို နင့် အကြောင်းတွေ မသိမသာ မေးတယ်ဟ။ ယောင်းမ စိတ်မလျှော့နဲ့သိလား။ အားတင်းထား”

သူငယ်ချင်းကတော့ ကျွန်မ ဘေးနားမှာ ၀ိုင်းဝိုင်းလည် မေတ္တာ တောင်းခံနေသူ အပေါ် ကျွန်မ စိတ်ညွတ် သွားမှာစိုးပြီးများ လင်္ကာ ချောအောင် မုသား ပြောနေတာလား မသိဘူး။ ဆွတ်စေ ချင်လွန်းတဲ့ ပန်းလေးကလည်း လေလာလာမလာ လာ ဘယ်ညာယိမ်းပြီး ဟန် ရေးပြရတာ မောလှပေါ့။

ဘာပဲဖြစ်ဖြစ် ကိုယ့် မေတ္တာပန်းကို မဆွတ်လှမ်း သလို ဘယ်ပန်းမာလာကိုမှ လည်း စိတ်ဝင်စားဟန် မပြ တာကြောင့် တစ်မျိုးတော့ စိတ်အေးရသေးတယ်။ ဒီလို ဆိုတော့ မျှော်လင့်ခွင့်လေး ရှိသေးတယ်ပေါ့။
+++++++

“မင်းလူက ဘယ်မိန်း ကလေးမှ စိတ်မ၀င်စားဘူး ဆိုတော့ ယောက်ျားချင်းမှ စိတ်ဝင်စားတတ်တဲ့ အခြောက်ကြီးများလားဟယ်”

ကျွန်မဘက်က မခံချင် တဲ့ တခြားသူငယ်ချင်းတွေက လည်း သူ့အပေါ် အဲဒီလို မြင်ပြင်းကတ်ကြ သေးရဲ့။
တကယ်ဆိုတော့ လည်း အားလုံးရဲ့ အမြင်မှာ သူနဲ့ ကျွန်မလောက် နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်ညီ တာ ရှိမှမရှိဘဲကိုး။ မိဘချင်းက လည်း ဂုဏ်ရည်ညီ၊ သူငယ် ချင်းနှစ်ယောက်ကလည်း သင့်မြတ်ချစ်ကြည်၊ သူက သာ ချစ်တေးသီမယ်ဆိုရင် ကျွန်မ ဘ၀အတွက်က ချိုမြိန် ခြင်းနေ့ရက်တွေ စီရီနေမှာပါ။
ဒါပေမဲ့ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တာတွေ ရွေး ချယ်သီချုပ်ထားတဲ့ ဇာတ် လမ်းတွဲတစ်ပုဒ်မှ မဟုတ် တာ။
“မြဖူးခိုင်တစ်ယောက် တည်း Sweet Smile ကော်ဖီ ဆိုင်ကို လာခဲ့ပါလား” ဆိုတဲ့ မထင်မှတ်တဲ့ ချိန်းဆိုမှု တစ် ခုကြောင့် ရင်တွေ တဖျတ်ဖျတ် ခုန်သွားရတဲ့ မိန်းက လေးတစ်ယောက်ဟာ အသည်းတံခါးကို သူ မခေါက်ခင်ကတည်းက ဖွင့် ချင်နေနှင့်သူဆိုတော့။ စကား စရခက်ပြီး အိုးတိုးအမ်းတမ်း ဖြစ်နေတဲ့ သူ့ကို သနားမိရာ ကနေ အမှားတွေ ဆင့်ကုန် တော့တယ်။

“တစ်နေ့နေ့တော့ ကိုကို မြလေးကို ဖွင့်ပြောမယ်ဆို တာ မြလေးသိပါတယ် ကိုကို ရယ်။ မြလေးမှာ ကိုကို့ကို ပေးဖို့ အဖြေလည်း အဆင် သင့်ပါ”

သူ့ မျက်နှာပေါ်က အံ့ သြတဲ့ မျက်လုံးတွေနဲ့ တဖြည်းဖြည်းကွေး ညွတ်ကျ လာတဲ့ နှုတ်ခမ်းကို မြင်လိုက် ရတဲ့ အခိုက်အတန့်မှာမှ ကျွန်မ ဆန္ဒတွေ စောမိပြီ ဆိုတဲ့ အသိနဲ့ ဇောချွေးပြန်လာ ရတော့တယ်။

“ကိုယ်က ကိုယ့်ညီမ လေး ချစ်သူရနေပြီဆိုတဲ့ သတင်းကြားလို့ မှန်မမှန် မင်းကိုမေးမလို့ပါ”တဲ့။
မိန်းမသားတစ် ယောက်ရဲ့ အရှက်ကို ရေ လိုက်ငါးလိုက် ဖေးမဖို့ သူ့မှာ တကယ်ပဲ စေတနာမရှိတာ လား။ ချော်လဲရာ ရောထိုင် လိုက်ဖို့ ကျွန်မအပေါ်မှာ ဒီ လောက်တောင် မေတ္တာ ခေါင်းပါးလေသလား။

ဘာပဲဖြစ်ဖြစ် ကျွန်မက တော့ အဲဒီနေ့ကတည်းက သူငယ်ချင်းအိမ်ကိုလည်း မသွားရဲတော့ဘူး။ သူ့ကို လည်း မျက်နှာချင်းမဆိုင်ရဲ တော့ဘူး။ ကိုယ့်ကိုယ်ကို လည်း နှုတ်ရဲမိလေခြင်းလို့ နောင်တဆိုးတွေ ဖိစီးနေ တော့တယ်။ ဒီ့ထက်ဆိုးတာ က အိမ်ကိုအ၀င်အထွက် မပျက်တဲ့ သူငယ်ချင်းဆီက နေပဲ သူ့ခံယူချက်တွေ၊ ထင် မြင်ချက်တွေ ကြားသိရပြန် တော့ ပိုပြီးဆွေးရတယ်။

“ကိုကိုက မိန်းကလေး ဆိုတာ ဣနြေ္ဒကြီး တစ်ခွဲသားနဲ့ နေရမယ် မဟုတ်ပေမဲ့ မိန်းမသား သိက္ခာတော့ ရှိရ မယ်တဲ့။ ယောက်ျားလေးတွေ ရှေ့ ညိုမြလုပ်တာ၊ ရေလာ မြောင်းပေးလုပ်တာဟာ ကိုယ့်အပေါ် မြတ်နိုးမယ့် သူအတွက် တန်ဖိုးကျစေ သတဲ့။ အချစ်ရေးမှာ မိန်းကလေးက စရတာမျိုး ဆိုရင် တော့ ကိုယ့်ကိုယ်ကို သတ် လိုက်တာနဲ့ အတူတူပဲတဲ့။ ငါ ရည်းစား ထားတာ ရိပ်မိလို့ များလား မသိဘူး။ အဲဒီလို တွေပြောနေတယ် မြလေးရေ”

သူနဲ့ ကျွန်မကြားက ရှက်စရာ အဖြစ်ဆိုးကို မသိ ရှာတဲ့ သူငယ်ချင်းက ဒီလို ပြောပြတော့ ကျွန်မရဲ့ မျှော် လင့်ချက်တွေ နိဂုံးချုပ်အဆုံး သတ်ခဲ့ရပြီလေ။ သူက ပြော ပြထားပုံမရတာကြောင့် ကျွန်မလည်း သူငယ်ချင်းကို  ရင်မဖွင့်ရဲဘဲ ရေငုံနှုတ်ပိတ် နေခဲ့ရတယ်။

ဒီလောက် လမ်းသင့်ပြီး ကမ်းလင့်နေတဲ့ ပန်းတစ်ပွင့် ကိုမှ သူက ဥပက္ခာ ပြုရက် တယ်ဆိုတော့လည်း မျှော်တော်ဇောနဲ့ မောနွမ်းသွားရ တဲ့ မေတ္တာပန်းလေးကို ကိုယ့် ဘာသာပဲ နှလုံးသားထဲမှာ သော့ခတ် သိမ်းထားဖို့ ကျွန် ဆုံးဖြတ်လိုက်ရတော့တယ် လေ။
++++++

“တကယ်တော့ ကိုယ် က လောဘကြီးလွန်းခဲ့တာ ပါ။ ကိုယ်တန်ဖိုးထားမြတ် နိုးချင်တဲ့ မိန်းကလေးဟာ ကိုယ့်ပေတံနဲ့ စံလွဲနေတာကို မြင်တွေ့နေရတော့ ကိုယ်ရင် နာခဲ့ရတယ်။ နှမြောကြေကွဲ ခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်ညှိ ဖို့ မကြိုးစားခဲ့မိဘူး။ ကိုယ် သတ္တိ နည်းခဲ့တာကို ၀န်ခံပါ တယ်။ ကိုယ်ချစ်ပေမဲ့ မနှစ်သက်တဲ့ မိန်းကလေးမို့ လက်မတွဲရဲသလို လျစ်လျူရှု ထားရတာကိုလည်း မခံစား နိုင်တာနဲ့ ကိုယ်အဝေးကို ထွက်ပြေးမိတာပါ”

သူငယ်ချင်းနဲ့ အခင်အမင် မပျက်ခဲ့ပေမဲ့ အလုပ် ကိုယ်စီနဲ့ လူကြီးဘ၀မှာတော့ ကျောင်းသူတုန်းကလို တပူး တွဲတွဲမနေနိုင်ခဲ့ပါဘူး။ သူ နိုင်ငံခြားကို ထွက်သွားကြောင်း ကြားသိရပေမဲ့ အရင်လို နှိုက်နှိုက်ချွတ်ချွတ် လည်း မမေးမိတော့ဘူး။ သူငယ်ချင်းကလည်း အခြေ အနေကို ရိပ်စားမိပုံနဲ့ သူ့ အစ်ကိုအကြောင်းတွေ သိပ် မပြောရှာတော့ဘူး။

“နိုင်ငံခြားက ယဉ် ကျေးမှုနဲ့ လက်ပွန်းတတီးရှိ လာတာနဲ့အမျှ ကိုယ့်ပေတံ ဟာ အတ္တကို အခြေခံပြီး စံလွန်နေမှန်း တဖြည်းဖြည်း သိလာရတာပါ။ မြန်မာမိန်း ကလေးတွေရဲ့ တန်ဖိုး အတိမ်အနက်ကို အသိ နောက်ကျလေခြင်းလို့ ကိုယ် တကယ် ကြွေကွဲရပါတယ် မြလေးရယ်။ မြလေးရဲ့ ရိုး သားတဲ့ ပွင့်လင်းမှုတွေဟာ စည်းတစ်ခုရဲ့ ဘောင်အတွင်း မှာပဲ ရှိခဲ့တယ်ဆိုတာ ကိုယ် အဲဒီတော့မှ ဘ၀င်ကျခဲ့ရ တာ။ ဒါကြောင့်လည်း ကိုယ် မြလေးကို တောင်းပန်ဖို့ ၀န်ခံဖို့ ပြန်လာခဲ့တာပါ။ ကိုယ် မြလေးကို ချစ်ခဲ့တယ်။ ခုချိန်ထိလည်း ချစ်နေဆဲပဲ။ မြလေးလည်း ကိုယ့်လိုပဲ မဟုတ်လားဟင်”

“ဒါပေမဲ့ ကျွန်မ”

“ဟင့်အင်း ဘာမှ မငြင်းလိုက်ပါနဲ့ မြလေးရယ်။ မြလေးရဲ့ ဖြူစင်တဲ့ မေတ္တာ ကို ဥပက္ခာပြုခဲ့မိတဲ့ ကိုယ့် အပြစ်တွေကို ကိုယ် ပြန်ပေး ဆပ်ပါရစေ။ ကျဉ်းမြောင်းတဲ့ အယူအဆတွေကို ကိုယ် စွန့် ပစ်ခဲ့ပြီးပြီ။ မြလေး အိမ် ထောင်ရေး မသာယာတာ တွေလည်း ကိုယ် ကြားခဲ့ပြီး ပြီ။ ညီမလေးဆီက မြလေး မိဘတွေ အတင်းစီစဉ်တဲ့ မြလေး မင်္ဂလာပွဲ အကြောင်းကို ကြားရတုန်းကထက် မြလေး ယောက်ျားက မြလေး အပေါ် မကြင်နာဘဲ ငွေကို ချည်း လောဘတကြီး ကုန်းရှာနေတဲ့ လူ့အန္ဓကြီးမှန်း သိလိုက်ရတာက ကိုယ့်ရင်ကို ပိုနာကျင်စေခဲ့တယ်။ ရင်နာ စရာအတိတ်တွေကို ထားခဲ့ ပြီး ကိုယ်တို့နှစ်ယောက် ဘ၀ အသစ်ကို ပြန်စရအောင်ပါ မြလေးရယ်”

ကျွန်မ အံ့သြလွန်းလို့ ကိုယ့်နားကိုယ် မယုံနိုင်အောင် ပါပဲ။ ဒီလောက် တစ်ယူသန် စိတ်ကြီးတဲ့ သူ့ဆီက ဒီလို ပျော့ပျောင်း နူးညံ့တဲ့ စကား မျိုးတွေကြားရတာ ကျွန်မ အတွက် ဘယ်လောက်များ တန်ဖိုး ကြီးလိုက်သလဲ။ ဒါပေမဲ့ ကျွန်မ ဘ၀ဟာ အိမ်ထောင်ရေး ချောက်ကြီးထဲကို ထိုးကျပြီးခဲ့ပြီ။ အဲဒီချောက် ကြီးထဲကနေ ပြန်ဆယ်တင် ချင်လို့လည်း နောက်ထပ် ချောင်းကမ်းပါး တစ်ခုထဲ ပြန် ကျရဦးမှာပဲ။

“ကိုယ်က အချစ်သက်သက်နဲ့ မြလေးဆီ ပြန်လာခဲ့တာပါ။ အားလုံးနဲ့ ဝေးရာ ကို ကိုယ်ခေါ်သွားပါရစေ”

“ဒါပေမဲ့ နောက်ကျ သွားပြီ ကိုအံ့စွမ်းမောင်”

“မြလေး သားတွေကို မခွဲနိုင်ရင် ခေါ်ခဲ့ပါ။ ကိုယ် အရင်လို သဘောထား မသေးတော့ပါဘူး”

“ဒါပေမဲ့ ကျွန်မက အရင်လို ဆယ်ကျော်သက် ကလေးမလေး မဟုတ်တော့ ဘူးလေ။ ကျွန်မက အိမ် ထောင်သည် တစ်ယောက် ပါ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က အလွန် အဖိုးတန်မယ့် စကားတစ်ခွန်းဟာ ခုချိန်မှာတော့ အမှည့်လွန် သစ်သီး တစ်လုံးလို ပုပ်အဲ့ သွားခဲ့ပြီ။ တန်ဖိုးမဲ့ သွားတဲ့ အပြင် မသတီစရာ ဖြစ်သွား ခဲ့ရပါပြီရှင်”

မထင်မှတ်တဲ့ လက် သီးပုန်းတစ်ခုကို မကာကွယ် နိုင်လိုက်သူလို သူ့ မျက်နှာ ပျက်ယွင်း မှုန်မှိုင်းသွား တယ်။
“ကိုယ်က မင်းကြိုဆိုမယ် ထင်ထားတာ”
“အချိန် လွန်သွားခဲ့ပြီပဲ ကိုအံ့စွမ်းမောင်။ မသာယာတဲ့ အိမ်ထောင်ရေးဆိုပေမဲ့ မပြိုကွဲအောင် ထိန်းသိမ်းဖို့ တာဝန် ကျွန်မမှာ ရှိသေးတယ်။ မိသားစု အသိုက်အမြုံ မှာ ကွဲထင်နေတဲ့ အက် ကြောင်းတွေကြားကို သားလေးနှစ်ယောက် ညပ်ကျွံ သွားမှာမျိုး ကျွန်မ အဖြစ်မခံ နိုင်ဘူး။ သားတို့နှစ်ယောက် ရဲ့ ချစ်ခြင်း မေတ္တာနဲ့ပဲ အက် ကြောင်းတွေကို ပြန်ဖာထေး ရဦးမှာ”

“ဒါဖြင့်”

“ကျွန်မက မြန်မာ အမျိုးသမီး တစ်ယောက်ပါ ကိုအံ့စွမ်းမောင်”
ကြေကွဲဆွေးမြည့်သွားတဲ့ သူ့မျက်လုံးတွေထဲမှာ တဖြည်းဖြည်း ဆန့်ကျင် ဘက် အရောင်တွေ တဖျတ် ဖျတ်လက်လာတယ်။

“မင်းကို လေးစားသွား ပြီ မြဖူးခိုင်”

အခြေအနေကို သဘော ပေါက်သွားသလို စောဒက ထပ်မတက်တော့တဲ့ သူ့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အမှန်တော့ ကျောခိုင်း သွားတဲ့ သူ့ကျောပြင်နောက်မှာ တင်းတင်းစေ့နေတဲ့ တံခါးချပ်လေး တစ်ခု ကျန် နေခဲ့တာပါ။ တစ်ချိန်က ဟကြည့်မိတဲ့ တံခါးချပ် နောက်ကွယ်မှာ မချင့်မရဲနဲ့ သော့ခတ်ပိတ်ပစ်လိုက်ရတဲ့ အသည်းနှလုံးတစ်စုံရှိခဲ့ တယ်။ ခုတော့ လူမှုကျင့်ဝတ် စည်းဝိုင်းတစ်ခု အတွင်း က အသည်းနှလုံး တစ်စုံရှေ့ မှာ ဟခဲ့မိတဲ့ တံခါးတစ်ချပ် ဟာ တင်းတင်းပိတ်သွားခဲ့ ပြီးပါပြီ။

ဘာပဲဖြစ်ဖြစ် တံခါး တစ်ချပ်ဟာ ဟခဲ့တာဖြစ်စေ၊  ပိတ်ခဲ့တာဖြစ်စေ။ တံခါး နောက်မှာ အံဝှက်တစ်ခု ရှိမ နေတာကတော့ အသေအချာ ပါပဲ။ သူ့ကို တစ်ချိန်က ဟ ပေးခဲ့မိတဲ့ တံခါးတစ်ချပ် နောက်မှာ ရိုးသားတဲ့ ချစ် မေတ္တာတွေပဲ ရှိခဲ့သလို ခု ချိန်မှာ အသေအချာ စေ့ပိတ် သွားပြီဖြစ်တဲ့ တံခါးချပ် နောက်မှာလည်း သိုသိပ်တဲ့ အကျင့်သိက္ခာတွေပဲ ရှိပါတယ်။

မာနတွေ၊ အာဃာတ တွေလို မရိုးသားတဲ့ အံဝှက် တွေ တစ်ခုမှမပါတဲ့ တံခါး တစ်ချပ်ပါ။
သြော် သူက ပိတ်ထား တဲ့ တံခါးချပ်ကိုမှ တန်ဖိုး ထားချင်ခဲ့သူလေ။
+++++++
ဝေ၊စီးပွားရေးတက္ကသိုလ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

သတ္တမ အကြိမ် ရွှေအမြုတေ စာပေဆုပေးပွဲ














တာဝန်တစ်ခု ကျေသလို ခံစားရတယ်


ဝတ္ထုတို များစွာကို ရေးသား ဖြစ်သလို ရသစာတမ်း အချို့ကို ရေးသားတဲ့ စာရေး ဆရာမ ဝေ(စီးပွားရေး တက္ကသိုလ်)က ၂၀၁၂ ရွှေအမြုတေ စာပေဆု ရသ စာတမ်းဆုကို ရရှိ ခဲ့ပါတယ်။ ဆူးဖယ်လက် ဆိုတဲ့ ရသစာတမ်းနဲ့ ဆုရရှိခဲ့တဲ့ ဆရာမဝေ (စီးပွားရေး တက္ကသိုလ်)က ရသစာတမ်း အနေနဲ့ ၃ ပုဒ်လောက်ပဲ ရေးသားဖူးတာပါ။

ဆူးဖယ်လက် ဆိုတဲ့ ရသစာတမ်းနဲ့ ဆုရတဲ့ အတွက် ဆရာမ ရင်ထဲက ခံစားချက်ကို အရင်ဆုံး သိပါရစေ။


ရသ စာတမ်းနဲ့ ဆုရတဲ့ အတွက် ၀မ်းသာပါတယ်။ ကျွန်မက ၀တ္ထုတိုတွေ ရေးသားတဲ့ သူဆိုတော့ အရမ်းလည်း အံ့သြမိတယ်။ မမျှော်လင့်တဲ့ အတွက်လည်း ပိုပြီး ရင်ခုန်ပါတယ်။

ဆူးဖယ်လက်ကို ဘယ်လို ခံစားချက် ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ရေးသားဖြစ်တာလဲ။


ကျွန်မ သမီးလေး ကျောင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ကျွန်မ ကိုယ်တိုင်ပဲ ဖြေရှင်းရတယ်။ အခုခေတ် မိဘတွေရဲ့ စိတ်ထား၊ မိဘတွေက ဆရာမတွေ အပေါ်မှာပဲ အပြစ်တင်ကြတယ်။ အဲဒီ ပြဿနာတွေကို မိဘတွေဘက်က စဉ်းစားကြည့်တဲ့ အခါ မိဘတွေဘက်က ပြင်လိုက်ရင် ကောင်းမယ်ဆိုတဲ့ စိတ်ကလေးနဲ့ ဒီရသစာတမ်းကို ရေးလိုက်တာပါ။

ဒီအကြောင်းအရာကို ၀တ္ထုအနေနဲ့ မဖန်တီးဘဲ ရသစာတမ်း အနေနဲ့ ရေးသားဖြစ်တာကရော ဘယ်လိုကြောင့်လဲ။


ဒီအကြောင်းအရာလေးကို ခံစားရတဲ့ အခါမှာ ကိုယ်တိုင်က ဇာတ်ကောင် ဖြစ်နေတာက တစ်ကြောင်း၊ တကယ်ခံစားရတဲ့ ကလေးကလည်း ကျွန်မရဲ့ သမီးဖြစ်နေတာကြောင့် စိတ်ထဲမှာ ရသစာတမ်း အနေနဲ့ ရေးဖို့ ပိုပြီး စိတ်ထက်သန်ခဲ့တာပါ။

ဆူးဖယ်လက်ကို ရေးပြီးချိန် ဆရာမရင်ထဲမှာ ခံစားရတဲ့ ခံစားမှုကို သိချင်ပါတယ်။


ဒီရသစာတမ်းကို ရေးပြီးတဲ့အချိန်မှာတော့ ပြောချင်တာလေးကို ပြောလိုက်ရတဲ့အတွက် တာဝန်တစ်ခု ကျေသလိုလည်း ခံစားရပါတယ်။ ပေါ့သွားတယ်ပေါ့။

ရသစာတမ်းနဲ့ ဆုရထားတော့ ဆက်လက်ပြီး ၀တ္ထုတိုတွေပဲ ရေးဖြစ်မလား၊ ရသစာတမ်းတွေပဲ ရေးဖြစ်မလား။


အဲဒါကတော့ စိတ်ခံစားချက်ပေါ်မှာပဲ မူတည်ပါတယ်။ ၀တ္ထုပုံစံ ရေးချင်တဲ့ ဇာတ်လမ်းမျိုးတွေ့ရင်လည်း ၀တ္ထုရေးမှာပါ။ ရသစာတမ်း ပုံစံရေးချင်တာ တွေ့ရင်လည်း ရသစာတမ်း ရေးမှာပါ။

စာဖတ်ပရိသတ်များကို ဆရာမ အနေနဲ့ ပြောချင်တာများ ရှိရင် ပြောပြပေးပါဦး။


ကျွန်မက ရွှေအသစ်က နေတက်လာတဲ့ သူတစ်ယောက်ပါ။ ရွှေအသစ်မှာ မပါမချင်း ဆက်ပြီး ရေးမယ် ဆိုရင် တစ်နေ့မှာ ကိုယ်လိုချင်တဲ့ နေရာလေး တစ်နေရာကို ရောက်လာမှာပါလို့ ပြောချင်ပါတယ်။ ကျွန်မက စာဖတ် ပရိသတ်ကို စာတွေများများ ဖတ်စေ ချင်ပါတယ်။ အထူးသဖြင့် ရသ စာပေကိုပေါ့နော်” လို့ ဆိုပါတယ်။

ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)

ရေတိမ်ထဲက ချောက်


“ မိမဆုံးမ...၊ ဖမဆုံးမ..” တဲ့။
          နားစည်ကို ခပ်ကြမ်းကြမ်းတိုးဖြတ်သွားတဲ့ စကားလုံးတွေက ပဲ့တင်လှိုင်းအထပ်ထပ်ဖြစ်ပြီး နှလုံးသားကို ရိုက်ပုတ်နာကျည်းစေခဲ့ပြီ။
          ဟုတ်ပါတယ်လေ။ သူက လူမှန်းသိတတ်စကတည်းက အဖေမရှိတာဆိုတော့ ဖမဆုံးမ...ဆိုတဲ့စကားက မှန်နေတာကိုး။ မိမဆုံးမ...ဆိုတာကတော့....။
          တစ်နေ့ကျရင်...အမေ့နားရွက်ကို ကိုက်ဖြတ်မယ့် သားမိုက်ဘ၀များ သူ ရောက်ရဦးမလား...မဆိုနိုင်ဘူး။
                                             xxxxxxxxxx
          အမှန်က သူ ဒီကိုရောက်လာခဲ့ရတာ..။ အဓိကရည်ရွယ်ချက်က ကျောတစ်ခင်းစာ ပထွေးရဲ့အရိပ် လွတ်ရာမှာ နေရဖို့ပါ။
နပ်မှန်မှန်မစားရရင် နေပလေ့စေဦး။ ပထွေးအရိပ်က လွတ်မြောက်ရင်တော်ပြီ။ ဘာအလုပ်ဖြစ်ဖြစ် ပင်ပန်းလွန်းလို့ လဲကျရင်လဲကျသွား
ပေ့စေဦး။ ပထွေးသောက်မယ့်အရက် ၀ယ်ပေးရတဲ့အလုပ် မဟုတ်ရင်ရပြီ။ ဘယ်သူတွေ သူ့ဦးခေါင်းကို တက်နင်းသွားစေဦး။ ပထွေးရဲ့
မျက်ထောင့်နီ အကြည့်တစ်ချက် ဝေ့မလာရင် သူ သည်းခံနိုင်ပြီ။ အဲလောက်ထိ ပထွေးကို ခါးသည်းတယ်။
          ပထွေးကို မုန်းတဲ့စိတ်တွေ ရိုးတွင်းချဉ်ဆီထဲအထိ စူးနစ်နေတဲ့သူဟာ ကြိတ်ထားမိတဲ့ အံကို ည အိပ်မက်ထဲမှာတောင် မလျှော့မိတော့တာ...။ ထောင်နေတဲ့ မေးကြောတွေရယ်၊ မှုန်ကုတ်ကျဉ်းမြောင်းနေတဲ့ သူငယ်အိမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သူ့မျက်နှာဟာ ဘယ်လိုများ ရည်မွန်နှစ်လိုဖွယ်ကောင်းမတဲ့လဲ။
          ပထွေးနဲ့တစ်ခွန်းမှ ပြေပြေလည်လည် မပြောဖူးတဲ့အပြင် အမေ့ကိုလည်း နှုတ်လှန်ထိုးနေကျ ဒီပါးစပ်တွေကရော...။
ပြေပြေလည်လည် အေးအေးဆေးဆေးများ ပြောတော့မယ်ဆို...၊ စကားက ထစ်ချင်နေရသေးတယ်။ မြန်မြန်ပြောရင်တော့လည်း ထစ်မှန်းတောင်မသိသာဘူး။ ဒီတော့...ပထွေးကိုအခဲမကျေတဲ့ ခပ်မာမာလေသံမျိုးနဲ့ မြန်မြန်လေးလည်း ပြောလိုက်ရော...။  
          မျက်နှာမြင် ချစ်ခင်ပါစေ။ အသံကြားသနားပါစေ...ဆိုတာ တောင်းကောင်းတဲ့ဆုလို့တောင် သူက သိခဲ့တာ မဟုတ်ဘူးလေ။
          ဒါပေမယ့် ခက်တာက သူ ၀မ်းကျောင်းတဲ့အလုပ်က စားပွဲထိုးဖြစ်နေတယ်။ သူ့ပုံစံက ဖော်ရွေပျူငှာရမယ့် အလုပ်ကို ဘယ်လိုမှ အထောက်အကူမပေးနိုင်တာ အသေအချာပဲ။ ဒီ့ထက်လိုက်ဖက်မယ် ထင်ရတဲ့ ကားဝပ်ရှော့တို့၊ စပယ်ယာတို့၊ ကုန်တင်ကုန်ချတို့...၊
ဒီ့အရင်က သူဝင်လုပ်ဖူးသေးတယ်။ လူကသာ ခံတန်တန်နဲ့ ထောင့်မကျိုးတာ။ ပင်ပန်းတဲ့အလုပ်ကြတော့လည်း လက်ကြောကမတင်းပြန်ဘူး။
          အင်းလေ...သူ အိမ်ကဆင်းလာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မယ်လို့ အလုပ်စလုပ်တဲ့အရွယ်ကလည်း ဆယ်ကျော်သက်လေး ရှိသေးတာကိုး။ ပထွေးနဲ့အမေကို အာခံပြီး အစ်ကို့အိမ်ဆင်းလာတော့လည်း အစ်ကို့ကလေးတွေနဲ့ သူနဲ့က မျက်နှာချင်းဆိုင်လိုက်တာနဲ့ ရန်ပွဲပဲ။
          အစ်ကိုသွင်းပေးတဲ့ စပယ်ယာအလုပ်မှာလည်း ကားသမားတွေက ပါးစပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း လူတွေ။ သူက ဂျစ်တစ်တစ်
ခံတန်တန်ဆိုတော့ နားရင်းပါးရင်းတွေဆိုတာ အမြဲတမ်းကို ပူထူနေတော့တာ။
          ဒီလိုနဲ့ အစ်ကို့အိမ်မှာလည်း တစ်လတောင် မကြာလိုက်ပါဘူး။ ထမင်းကျွေး လခမပေးတဲ့ ၀ပ်ရှော့တစ်ခုမှာ အစ်ကိုပဲ အပ်ပေးရ ပြန်တာပေါ့။ ထောင့်မကျိုးတဲ့ သူနဲ့ ဒီလိုလူကြမ်းစိတ်ကြမ်းတွေနဲ့ ကောင်းကောင်းကြီးတွေ့တော့တာလေ။ ပထွေးက ပါးတွေရိုက်တယ်။
ကားသမားတွေက နားရင်းအုပ်တယ်။ ၀ပ်ရှော့ဆရာတွေကျကာမှ ခေါင်းကို ပေါက်ကရောပဲ။ ဆဲဆိုကြိမ်းမောင်းတာကို မေးကြောထောင်ပြီး မျက်လုံးစွေကြည့်လို့တဲ့။ လက်ထဲကိုင်ထားတဲ့ ဂွရှင်နဲ့ လှမ်းပေါက်ပစ်လိုက်တာ။ သွေးတွေ ရဲကနဲပဲ။ သုံးချက်တောင် ချုပ်လိုက်ရတယ်။
          ခေါင်းမထူနိုင်တဲ့သူ့ကို ဘာမှပြောမနေပဲ အစ်ကိုက ဆိုက်ကားပေါ်တင်ပြီး အမေ့ဆီပြန်ပို့ပစ်လိုက်တာ။ ပြောနေရင်လည်း သူက ငြင်းဦးမှာကိုး။ အစ်ကို့အိမ်မှာလည်း အစ်ကို့မိန်းမက လက်မခံတော့ဘူး။ ၀ပ်ရှော့ဆရာကလည်း ဆေးဖိုးပေးပြီး ပြန်လွှတ်လိုက်ပြီ။
“ ဆက်ထားရင် မင်းကောင် ငါ့လူတွေကြားမှာ အသက်ပျောက် သွားလိမ့်မယ်...” ...တဲ့။
          အမေ့အိမ်ရောက်တော့လည်း ကြိုဆိုရေးက သင်းနေပြန်တယ်။
          “ ခွေးမသား...။ သောက်သုံးကဖြင့် မကျဘူး။ ငါ့ကို ခြေရာလာတိုင်းချင်သေးတယ်။ လူတွေနဲ့မဆက်ဆံတတ်ပဲ လူရာဝင်ချင်လို့
          ရမလား။ ဘယ်မှာမှ သုံးမရရင် အိမ်မှာပဲ ကလေးထိန်း၊ အနှီးလျှော်။ လောလောဆယ် ငါသောက်ဖို့အရက် သွားဝယ်ပေးစမ်း...”
          ပထွေးလုပ်စာစားပြီး အသက်ရှင်ရတာနဲ့စာရင် ခေါင်းပဲပေါက်ပေါက်၊ သွေးပဲထွက်ထွက်၊ နောက်ဆုံး အသက်ပဲသေသေလို့
သူနာကျည်းမိတယ်။ ဒီလိုပထွေးမျိုးကို သူတို့ဘ၀ထဲ ၀င်ခွင့်ပေးခဲ့တဲ့ အမေ့ကိုလည်း စိတ်နာတယ်။
                                            xxxxxxxxxxx
          အဖေဆုံးတော့ သူက နှစ်နှစ်သားလေးလားပဲ ရှိသေးတာလေ။ အစ်ကိုက ပြန်ပြောပြတယ်။ အဖေဆုံးပြီးစက သူတို့ညီအစ်ကို
နှစ်ယောက်ကို အမေ အားတင်းပြီး ရုန်းကန်ကျွေးမွေးခဲ့သေးတယ်တဲ့။ အစ်ကိုက သူ့ထက်ခုနစ်နှစ်လောက်ကြီးတော့ အမေနဲ့အတူ
ကူဖော်လောင်ဖက် ရခဲ့မှာပေါ့။ ဒါပေမယ့် နှလုံးရောဂါအခံရှိတဲ့ အမေက အပင်ပန်းလည်း သိတ်မခံနိုင်ရှာဘူး။ တချူချူတချာချာနဲ့
သူကျောင်းနေအရွယ် ရောက်တဲ့အထိတော့ အံခဲလုပ်ရှာသား။
          သူကတော့ ဖတဆိုးသားလေးဆိုပြီး အမေအလိုလိုက်သလောက် ကမ်းကုန်အောင် ဆိုးခဲ့တာတဲ့။ အမေက ကျောင်းပို့ပြီး
ပြန်သွားတာ လမ်းထိပ်မရောက်သေးဘူး။ ကျောင်းနောက်ပေါက်ကလျှိုပြီး ပြန်ပြေးတဲ့သူက အိမ်ကိုရောက်နေနှင့်ပြီ။
          အမေကလည်း အလုပ်တစ်ဖက်နဲ့ ဘယ်လောက်ပင်ပန်းပေ့စေ။ ကျောင်းကို ထပ်ပြန်ပို့တာပဲ။ ကျောင်းမတက်မချင်း လက်ဆွဲပြီးကို ထိုင်စောင့်နေတော့တာ။ ဒီလို အမေဒုက်္ခခံခဲ့လို့လည်း သေစာရှင်စာလေးတော့ သူ တတ်မြောက်ခဲ့တာပေါ့။
          ဒါပေမယ့် ပထမတန်းနှစ်ဝက်လောက်မှာပဲ ဘယ်လိုမှ ကျောင်းတက်ခိုင်းလို့ မရတော့တာလေ။ ကျောင်းအတင်း လိုက်ပို့ရင် အမေ့အိမ်ကို မပြန်တော့ပဲ လေး၊ငါးရက်လောက် ပျောက်နေတော့တယ်။ အမေကတော့ စိတ်တွေပူပြီး ရထားများ ကြိတ်သွားပြီလားလို့ ရထားလမ်းတလျှောက် လိုက်ရှာရတာနဲ့...၊ တွေ့သမျှလူကို မေးရတာနဲ့...၊ ရေနစ်လေမလားဆိုပြီး မြစ်ဆိပ်တွေလည်း ရောက်လိုရောက်နဲ့ပေါ့။
          သူ အိမ်ပြန်ရောက်လာကာမှ “ အမလေး သားရယ် မသေကောင်းမပျောက်ကောင်း...” ...ဆိုပြီး ဖက်ငိုရှာတယ်။ ချော့မေးရင်တော့
ဘုန်းကြီးကျောင်း သွားအိပ်နေတယ် ပြောလိုပြော၊ အမှိုက်ရှာဖွေရေး ကလေးတစ်သိုက်ကြား ၀င်အိပ်နေတယ် ပြောလိုပြောနဲ့ပါ။
ဒီလို နှစ်ခါ သုံးခါလောက်လည်း ဖြစ်ပြီးရော အမေလည်း သူ့ ပညာတတ်မြောက်ရေး ကြိုးပမ်းမှုကို လက်လျှော့လိုက်တော့တာလေ။
          ကျန်းမာရေးလည်းမကောင်း၊ သူ့ကိုလည်း မထိန်းနိုင်တဲ့အမေဟာ တစ်ချိန်မှာတော့ အားကိုးရှာတော့တာပေါ့။ ကားဂိတ်မှာ
ကြက်ဥငုံးဥပြုတ် ရောင်းတဲ့အမေနဲ့ ကားနောက်လိုက်နဲ့ ညားကြတာ ဆန်းတော့မဆန်းလှပါဘူး။ ဒါပေမယ့် သူ့အစ်ကိုကတော့ အမေ
နောက်အိမ်ထောင်ပြုတာနဲ့ စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားတာ။ မကြာခင်မှာပဲ အိမ်ထောင်ကျသွားတယ်။ သူသာ ကလေးမကလူကြီးမကျနဲ့ အိမ်မှာကျန်ခဲ့တာလေ။
          ပထွေးက အလုပ်တော့ ကောင်းကောင်းလုပ်တယ်။ အမေ့ကို ပိုက်ဆံလည်း မှန်မှန်အပ်တယ်။ သူမုန်းတာက သူ့ကိုနှိမ်လွန်းတာပဲ။
ကျောင်းမနေပဲ အလေလိုက်တဲ့ကောင်ဆိုပြီး မှိုချိုးမျှစ်ချိုးပြောရုံမကဘူး။ အရက်ဝယ်ခိုင်းရတာနဲ့၊ နင်းခိုင်းနှိပ်ခိုင်းရတာနဲ့။  
          သူကလည်း ဦးမကျိုးပါဘူး။ အော်ခိုင်းခိုင်း၊ ဆဲခိုင်းခိုင်း၊ ရိုက်ခိုင်းခိုင်း..၊ လုပ်ကိုမပေးတာ။ အမေကတော့ လင်နဲ့သားကြားမှာ
ဗျာများရတာပေါ့။ သူ့ရဲ့အိမ်ပြေးဇာတ်လမ်းတွေလည်း အခန်းဆက်တွေဖြစ်လာတယ်။ အိမ်မှာအဆင်မပြေရင် ရှာဖွေရေးအဖွဲ့နဲ့ ရှာဖွေစားသောက်လိုက်။ အဲဒီအဖွဲ့နဲ့ အဆင်မပြေရင် အိမ်ကို ပြန်လာလိုက်ပေါ့။
          ပိုဆိုးလာတာက ပထွေးနဲ့ရတဲ့ ကလေးတစ်ယောက်လည်း မွေးပြီးရော ပထွေးက သူ့ကို ပိုနှိမ်လာသလို အမေကပါ သူ့ဖက်ကမပါ တော့ဘူးလို့ သူထင်လာတာပဲ။ ဒါနဲ့ သူ့အခန်းဆက်ဇာတ်လမ်းကို အဆုံးသတ်လိုက်ပြီး အမေ့ကိုပါ စိတ်နာနာနဲ့ စွန့်ခွာခဲ့တာပါပဲ။
                                             xxxxxxxxxx
          ကံကောင်းထောက်မလို့ စားပွဲထိုးနေရာလွတ်တစ်ခုကို သူရလိုက်တာ။ ပထွေးလောင်းရိပ်ကလည်းလွတ်၊ ကျောတစ်ခင်းစာလည်းရ၊
ထမင်းလည်း ၀၀စားရ၊ ဒီ့ပြင် လခလည်းပေးတယ်။ သူ့အတွက်ကတော့ ကံကောင်းတာပေါ့။ စားချိန်အိပ်ချိန် မှန်မှန်နဲ့ တစ်နှစ်အတွင်းမှာတင် အရပ်ကြီးရှည်ပြီး ထွားကျိုင်းလာတယ်။ ပြောင်းပြန်အချိုးချရရင် ဆိုင်ရှင်ကတော့ အကုသိုလ်ဝင်တာပဲ။
          “ ဒီကောင် ရောက်လာကာမှ ငါ့ယောကျာ်းလည်း လူဆိုးထိန်းဘ၀ကို ရောက်ရတော့တာလေ။ အရင်က အင်မတန်သိမ်မွေ့တဲ့လူက
          ခုများဆို ဒီကောင်ကြောင့် ဒေါသထွက်ရ၊ နင့်နင့်သည်းသည်းတွေ ပြောရ၊ လက်ပါရနဲ့ လူကြမ်းကြီးကို ဖြစ်ရော...”
          ဒါက ဆိုင်ရှင်အမျိုးသမီး ညည်းတွားနေကျစကား။ သူ့ယောကျာ်းကို ပတ်ဝန်းကျင်က လူဆိုးထင်မှာစိုးလို့ သူ့ကို လူဆိုးနေရာ
ပေးတဲ့ ပညာတတ်စကား။ သူတို့က စကားအရာမှာတော့ လိမ်္မာပါးနပ်သလားမမေးနဲ့။ လိုရာမရောက်ရောက်အောင် ဆွဲပြောတဲ့နေရာမှာ စံ။ သူ့ကိုလည်း ပုံတိုပတ်စ၊ ဥပမာ ဥပမေယျတွေနဲ့ အမြုပ်စီမတတ်တော့ သွန်သင်ရှာပါတယ်။
          ဒါပေမယ့် ခေါက်ရိုးကျိုးနေတဲ့ သူ့အပြောအဆို အမူအရာတွေက တော်ရုံမီးပူအပူလောက်ကို ချက်ချင်းပြန့်ပြူးသွားခဲ့ရင်
ရာဇ၀င်လှနေပါဦးမယ်။ သူ့ရဲ့ပြဿနာတွေက ပုံစံစုံ၊ ဆိုဒ်စုံ၊ နေရာစုံ၊ လူမျိုးမရွေး ဆိုသလိုပဲ။ အလုပ်ထဲမှာ အလုပ်သမားအချင်းချင်း၊
ဆိုင်ကိုလာနေကျ ဖောက်သည်တွေ၊ ဆိုင်ဘေးပတ်ဝန်းကျင်၊ တစ်ယောက်နဲ့မှကို မတည့်ဘူး။ ရန်ဖြစ်စရာလူကုန်ရင် ဟိုပန်းကန်ကွဲ၊
ဒီဖန်ခွက်ခွဲနဲ့ သူ့ပတ်ဝန်းကျင်ဟာ ဘယ်နေရာမှ မချမ်းသာစေရဘူးလို့များ ကျိန်စာမိနေသလား ထင်ရတယ်။
          ဆိုင်ရှင်က ဖျန်ဖြေထိန်းသိမ်းရင်လည်း ပထွေးကိုကြည့်တဲ့ အကြည့်မျိုးနဲ့ပဲ ပေစောင်စောင် အံတကြိတ်ကြိတ် ကြည့်တတ်တော့
ဘယ်ခန်္တီစတရားမှလည်း မခံနိုင်တော့ဘူး။
          “ ဟေ့ကောင်...ဘယ်တိရစ်္ဆာန်မှတောင် မင်းလောက်မရိုင်းစိုင်းဘူးကွ။ မင်း မလေးမစားဆက်ဆံလို့ တချို့ဖောက်သည်တွေ
           မိတ်ပျက်ပြီး မလာကြတော့ဘူး။ မင်းပုံစံမပြင်နိုင်ရင် ငါ့ဆိုင်မှာဆက်လုပ်မနေနဲ့တော့...”
          ဒီလိုဆိုတော့လည်း ပထွေးရဲ့ အရက်ခိုးဝေတဲ့ မျက်ထောင့်နီကြီးကို မြင်ယောင်ပြီး သူ ချက်ချင်းမာန်ချရတယ်။ ပထွေးကလွဲရင်
ကျန်ဘယ်သူ့ကို အဖေခေါ်ရခေါ်ရဆိုတဲ့ ဘ၀အခြေအနေဆိုတော့လည်း...။
          ပထွေးဆီ ပြန်မရောက်ချင်တဲ့သူမို့ အလုပ်ထဲမှာ ပြေလည်အောင် ကြိုးစားနေထိုင်ကြည့်လိုက်တယ်။ အလုပ်ကြမ်းတွေကလည်း
အဆင်မပြေတော့ ဒီအလုပ်လေးကိုပဲ မလွတ်တမ်း ဖက်တွယ်ထားသင့်မှန်း ဘ၀ပေးအသိက သူ့မှာရှိနေပြီ။ ပညာမတတ်ပေမယ့် ဘယ်သူက သခင်လဲဆိုတဲ့ ဗီဇအသိလေးတော့ ခပ်ရေးရေးရှိနေသေးလို့ တော်သေးတာပေါ့။
          စားပွဲထိုးအလုပ်က သူကြုံဖူးတဲ့အလုပ်တွေထက်စာရင် လူသက်သာပြီး ပိုစားသာတယ်လေ။ ဒါပေမယ့် သူက အလုပ်ထဲမှာလည်း ရန်လိုလိုက်တာမှ တစ်နေ့သုံးလေးခါမှ ပြဿနာမဖြစ်ရင် ညမိုးမချုပ်ဘူး။ တစ်ခါကများဆိုရင် ဆိုင်မှာလာစားတဲ့ ဖောက်သည်ရဲ့
ဆိုင်ကယ်ဘီးကို လေလျှော့ထားလို့ ဦးလေးက နီးရာတုတ်ချောင်းဆွဲပြီး ဆော်ပလော်တီးတာ ခံရသေးတယ်။          
         “ လူဆိုတာ နာခံတတ်တဲ့စိတ်၊ ကြောက်တတ်တဲ့စိတ်လေးရှိမှ ပြုပြင်လို့ရတာ။ ဘယ်သူ့ကိုမှ ကြောက်တဲ့စိတ်မရှိလို့
           မင်း ဒီလို မိမဆုံးမ၊ ဖမဆုံးမ..လို့ ပတ်ဝန်းကျင်ရဲ့ အပြောခံရတာ။ မင်းလိုကောင် ငါ့ဆိုင်ကနေ အပြင်ထွက်ပြီး အလုပ်လုပ်ရင်      
           ဒီပုံစံနဲ့ဆို မကြာခင် ဓားထိုးခံရမယ့်ကောင်....”
          ဦးလေးပြောတာတော့ သူလည်းလက်ခံပါတယ်။ ဓားက သူများက လာမထိုးရင်တောင် သူက ထိုးချင်နေတဲ့ကောင်လေ။
ဒါပေမယ့် သူ့မှာပြေးစရာမြေ မရှိပါဘူး။ သူ ဘယ်လောက်ဆိုးဆိုး ပြောဆိုဆုံးမတတ်တာ ဒီဆိုင်ရှင် ဦးလေးလင်မယားပဲ ရှိတာမဟုတ်လား။
သူ့အမေလည်း ဒီလို အကျိုးအကြောင်း ဆက်စပ်ပြီး မပြောတတ်သလို၊ ပြောလည်းမပြောအားဘူး။ တခြားလုပ်ခဲ့ဖူးသမျှ အလုပ်တွေမှာလည်း သူအချိုးမပြေရင် ထသာနားရင်းတီးကြတာ။ ဘယ်လိုနေ ဘယ်လိုထိုင် အဖက်လုပ်ရှင်းပြတာမှ မဟုတ်ပဲ။
          လူ့ကျင့်ဝတ်၊ လူ့ယဉ်ကျေးမှု ဆိုတာတွေကို ဦးလေးပြောပြမှသာ သူ ကြားဖူး နားထောင်ဖူးရတာ။ တစ်ခါတစ်လေ စိတ်ရှည်
လက်ရှည် သွန်သင်ဆုံးမနေလိုက်တာများ၊ သူ့စိတ်ထဲမှာ သူ့အဖေ အသက်ပြန်ရှင်လာသလိုလို ရင်ထဲမှာ တုန်တုန်လှုပ်လှုပ် ခံစားလာရတယ်။ သံယောဇဉ် တွယ်ချင်သလိုလို ဖြစ်လာတယ်။ ဒါပေမယ့် ဦးလေးရဲ့မိန်းမကတော့ သည်းမခံချင်ဘူး။
          “ နင့်ကြောင့် ငါတို့မှာ လူဆိုးထိန်းဖြစ်ရတာ။ ငါလည်း တစ်သက်နဲ့တစ်ကိုယ် မပြောဖူးတဲ့ စကားကြမ်းတွေ ပြောရဆိုရ၊
          စိတ်တိုရနဲ့ လူတွေပါကြမ်းတမ်းရတယ်။ နင်နဲ့လိုက်ဖက်တဲ့ တခြားအလုပ်တွေ့ရင် သွားလုပ်ချင်လုပ်တော့...”
          ဇွတ်မနှင်ရက်ကြလို့သာ တော်တော့တယ်။ စိတ်ဆိုးတိုင်း သွားပါတော့လို့ချည်း လမ်းဖွင့်ပေးတယ်။ သူကလည်း မသွားချင်တော့
ကြိုးစားပြီးပြင်လိုက်၊ ခွေးမြီးကောက် ကျည်တောက်စွပ်သလို နဂိုပုံစံ ပြန်ဖြစ်သွားလိုက်၊ ပြဿနာတွေတက်လိုက်၊ သွားပါတော့လို့ပြောလိုက်နဲ့
သံသရာလည်နေတယ်။ တစ်နေ့နေ့တော့ ဦးလေးဖြစ်ဖြစ်၊ ဦးလေးမိန်းမဖြစ်ဖြစ် ဒေါသအိုးပေါက်ကွဲတဲ့ အချိန်တော့ သူ့ကို အတင်းနှင်ချရင်
သူတကယ် ဆင်းရတော့မှာ။ ဒေါသအိုးဆိုတာကလည်း ဘယ်လောက်အားကောင်းမယ်မှန်း မှန်းလို့ရတာမဟုတ်ဘူးလေ။
                                               xxxxxxxx
          အကြောက်တရားမရှိဘူးလို့ ဦးလေးပြောတာလည်း ဟုတ်တော့ဟုတ်တယ်။ သူ့ဘ၀မှာ ပထွေးအိမ် ပြန်ရမှာရယ်၊ ဦးလေးရယ်ပဲ သူ ကြောက်တာ။ ကျန်တာ သူ ဘာမှမကြောက်ဘူး။ ကြောက်တတ်တဲ့ အတွေးအခေါ်မရှိသလို ကြောက်ရကောင်းမှန်းလည်း အသိဥာဏ်မရှိဘူး။ ဥပမာ သေရမှာမကြောက်ဘူး။ ထောင်ကျမှာ မကြောက်ဘူး။ ငတ်မှာလည်း မကြောက်လှဘူး။ နောက်ပြီး အမေ့ကိုမကြောက်ဘူး။ ပထွေးကို မကြောက်ဘူး။ ရပ်ကွက်လူကြီးကိုလည်း မကြောက်ဘူး။ သူက အဲဒီလိုကောင်။ ဒါကြောင့်လည်း ပြဿနာတွေ ခဏခဏ ဖြစ်နေရတာပေါ့။       
          တစ်ခါတစ်ရံတော့လည်း ပြဿနာတွေဟာ သူက တမင်ဖန်တီးတာမဟုတ်ပဲ သူ့ဆီ အလိုလို ရောက်လာတတ်ပါတယ်။
          ဆိုင်မှာ လူရှင်းနေတဲ့တစ်ရက်တော့ ဆိုင်ကယ်အနီရဲလေးနဲ့ ခပ်မိုက်မိုက် ကောင်လေးတစ်ယောက် သူတို့ဆိုင်မှာ မုန့်ဝင်စားတယ်။
ကောင်လေးက မေ့သွားတာလား။ ပေါ့ပေါ့ဆဆ တမင်ထားခဲ့တာလား မသိဘူး။ သော့က ဆိုင်ကယ်မှာ တန်းလန်းလေးပေါ့။
          ဆတ်စလူးထချင်တဲ့ သူကလည်း ဦးလေးအလစ်မှာ ဆိုင်ကယ်ပေါ် တက်ခွကြည့်မိပါတယ်။ ကောင်လေးကလည်း ကျောခိုင်း
ထိုင်နေတာမို့ သူ့ကို မမြင်နိုင်ဘူးလေ။ သူ့စိတ်ထဲမှာ သူလည်း ဆိုင်ကယ်စီးလာတဲ့ ကောင်လေးဖြစ်သွားပြီ။ သူဝတ်ထားတဲ့ ဆိုင်ဝတ်စုံ
ကလည်း ဘောင်းဘီရှည်နဲ့ စတိုင်ခပ်မိုက်မိုက်လေး ဆိုတော့ သူ့ကိုယ်သူ စိတ်ကူးယဉ်မင်းသားပေါ့။
          တန်းလန်းတပ်ထားတဲ့ သော့လေးကို အသာလှည့်လိုက်ပြီး စက်နှိုးကြည့်လိုက်တော့ စက်သံကလည်း ညက်ညက်ညောညော၊
ညင်ညင်သာသာလေး။ ဆိုင်ကယ်က အသစ်လေးဆိုတော့ စက်သံကညက်တာပေါ့။ ပြေးအားကလည်း ကောင်းမှာပေါ့။ စီးလိုက်ရရင်
အိကနဲ၊ ရိပ်ကနဲ..လွင့်နေမှာပဲ။
          ဆိုင်ရှင်ဦးလေးဆီမှာ ဆိုင်ကယ်နှစ်စီးတောင် ရှိပေမယ့် သူတို့ကို ပေးမစီးပါဘူး။ အပြင်သွားရင် စက်ဘီးဟောင်းလေးပဲစီးရတာ။ သူကဖြင့် ဆိုင်ကယ်ကို စီးချင်လိုက်တာမှ တပိုင်းကိုသေနေပြီ။“ မင်းတို့အားတဲ့တစ်နေ့ကျ သင်ပေးထားမယ်”..လို့တော့ ဦးလေးကပြောဖူးတယ်။
          ဒါပေမယ့် ဘာသင်စရာလိုလို့လဲ။ စက်ဘီးစီးတတ်ရင် ဆိုင်ကယ်ဆိုတာ စီးတတ်ပြီးသားပဲ။ ဦးလေးက ပေးမစီးချင်လို့
လျှောက်ပြောနေတာ။ သူက သူများတွေ မောင်းတာကို လိုက်ကြည့်ထားပြီးသား။ စက်နှိုးပြီးရင် ဟောဒီလို ဂီယာနံပါတ်ဝမ်းကို ထည့်၊
ပြီးတော့ လီဗာကို ဖြေးဖြေးချင်းတင်၊ ထောက်ထားတဲ့ ခြေထောက်ကို တဖြေးဖြေးလွှတ်...လွှတ်...
          “ ဟေ့ကောင်...ဒါ ဘာလုပ်တာလဲ...”
          ဒိန်းကနဲ မိုးကြိုးပစ်ချလိုက်သလို...ဦးလေးအသံကြောင့်...၊ ၀ူးကနဲ လန့်ပြီး ဆိုင်ကယ်လီဗာကို သူဖျစ်လိုက်မိပြီ။
          ဆိုင်ကယ်က ဒယီးဒယိုင်နဲ့ အရှိန်ပြင်းပြင်း ဆောင့်ထွက်သွားတယ်။
          “ ဟေ့ကောင်...ရပ်စမ်း...ရပ်စမ်း...”
          ဘယ်သူ့အော်သံမှန်းလည်း သူမသိဘူး။ ဦးလေးပဲ နောက်ကလိုက်လာတာလား။ ဘေးကလူတွေပဲ ၀ိုင်းအော်တာလား။
          “ ရပ်လေ...ရပ်...ဘရိတ်ကိုနင်း...”
          သူ ကယောင်ကတမ်းနဲ့ ဘရိတ်ကို ညှစ်တယ်။ ဆိုင်ကယ်ဆိုတာ သူစီးနေကျ စက်ဘီးလို ဘရိတ်က လက်ကိုင်မှာ မဟုတ်ဘူး။
သူညှစ်နေမိတာ လီဗာကြီးမှန်း သူလည်း သတိမရဘူး။ ဘေးကမြင်ကွင်းတွေ ရိပ်ကနဲနေအောင် ဆိုင်ကယ်က အရှိန်ပိုမြင့်သွားပြီ။
          “ ဟာ...သေတော့မှာပဲ။ ဒီလောက်အရှိန်ကြီးနဲ့...”
          သူ ခေါင်းနားပန်းကြီးသွားရတယ်။ ဆိုင်ကယ်ကို သူ မရပ်တတ်တော့ဘူး။ ဘရိတ်ညှစ်လေ အရှိန်ပိုတက်လေ ဖြစ်နေပြီ။
တစ်ခုခုကို ၀င်တိုက်မှရပ်တော့မယ် ထင်တယ်။ ဆိုင်ကယ်ပျက်စီးတော့မယ်။ ဒီဆိုင်ကယ် တန်ဖိုးက နည်းမှာမဟုတ်ဘူး။ သူ ဘယ်လို လုပ်ရမလဲ။ ဦးလေးတော့ စိတ်ဆိုးတော့မှာပဲ။ အန်တီကလည်း နှင်ချမှာပဲ။
           ဦးလေးကိုတော့ သူကြောက်တယ်။ ပထွေးဆီပြန်ရမှာလည်း သူကြောက်တယ်။ ဒုက်္ခပါပဲ။ ဘယ်လိုလုပ်ရမလဲ။
           ဟာ....ရှေ့မှာ ကားကြီး။ ရှောင်ဖို့လည်း အချိန်မမီတော့ဘူး။ ဘရိတ်လည်း သူ ရှာမတွေ့ဘူး။ သွားပြီ။ ဒီတစ်ခါတော့
တကယ်သွားပြီ။
           သူ မျက်လုံးကို စုံမှိတ်ပစ်လိုက်မိတယ်။
           ဒါပေမယ့်...သေရမှာတော့ သူ....သိပ်မကြောက်လှဘူး။
                                             xxxxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
 June, 2010....အလင်္ကာဝတ်ရည်မဂ္ဂဇင်း

မွေခံထိုက်စေ



       “  အိပ်မက် မက်တယ်အဖေ..... ” တဲ့။
       သမီးကြီးက ဒီလို စကားစတော့ ကလေးနှစ်ယောက်အမေပဲ ဖြစ်နေပြီ။ ကလေးကလား အိပ်မက်မက်တာ အဖေကို တိုင်တည်စရာလားလို့ ကျုပ်က မျက်မှောင်ချီရင်း ပြုံးမဲ့မဲ့ မေးဆတ်မိတယ်။

        “  အဲဒါ ဆန်းသလား.....သမီး.... ”

       “  အိပ်မက်မက်တာ အဆန်းမဟုတ်ပေမယ့်...ညက အိပ်မက်မက်တာ ကြီးမေကို အဖေရဲ့။ ရိုးရိုးမြင်လိုက်ရရုံမက်တာလည်း မဟုတ်ဘူး။ အိပ်မက်ထဲမှာ သမီးငယ်ငယ်ကကျောင်းကို ကြီးမေနေ့လည်ထမင်း လာပို့နေကျပုံစံမျိုး..။ သမီးကလှမ်းမြင် ပေမယ့်....ဟယ်....ကြီးမေကသေပြီးသားပဲ...လို့ ထိတ်ကနဲသတိရပြီး မျက်နှာလွဲဝှက် မမြင်ချင်ယောင်ဆောင်မိတယ်။ 

       ဒါပေမယ့်...စိတ်ထဲကလည်း မကောင်းပဲ....ကြီးမေဘာများ ပြောချင်လဲမသိ ဆိုပြီး အားတင်းရင်ဆိုင်လိုက်တယ်။            

       ပြိုင်တူလိုပါပဲ။ ကြီးမေနေကောင်းလားလို့အမေး...ကြီးမေကလည်း အပုနေကောင်းရဲ့လားတဲ့....။ 

       “ အဲဒီမှာပဲ....ကြီးမေမျက်နှာဟာ ဖြူဖျော့နေပြီး အရမ်းအိုစာနေတာ သေသေချာချာ မြင်လိုက်ရတယ်။

       သမီးက ကောင်းပါတယ်လို့ရင်တထိတ်ထိတ်နဲ့ဖြေလိုက်တော့...နင်တို့ကသာ နေကောင်းတာ....ငါ့လည်းကြည့်ပါဦးဟယ်... 

       ...လို့ ပြောပြောဆိုဆို ကြီးမေက သူ့နဖူးကအရေပြားကို နှစ်လက်မလောက် ဆွဲခွာပြလိုက်သတဲ့...။ သမီးလည်း အရမ်းဝမ်းနည်းထိတ်လန့်ပြီး ကြီးမေရယ်......သမီးကြောက်တတ်တာ သိရဲ့သားနဲ့...ဒီလိုမလုပ်ပါနဲ့...လို့လည်း  ပြောမိတယ်။ တဖွဖွရွတ်နေလိုက်တာ.....ဘေးက ကိုမောင် နှိုးမှပဲ အိပ်မက်မှန်း သိရတော့တယ် အဖေ.... ”

      ကျုပ် ကိုယ့်ကိုကိုယ် အပြစ်ရှိသူတယောက်လို နွမ်းခွေသွားပြီး ခြေထောက်တောင် ခိုင်ခိုင်မရပ်နိုင်တော့လို့ ဘေးနားက ဆက်တီခုံပေါ်ကို ခပ်မြန်မြန် ထိုင်ချလိုက်ရတယ်။ ကျုပ်မက်တာလည်း အဲဒီအိပ်မက်ပုံစံပဲ။ သမီးနဲ့ နေရာဒေသပဲကွာတယ်။   

      မျက်နှာအမူအယာ၊ ပြောတဲ့စကား၊ အပြုအမူတွေက တော်တော်လေးကို ဆင်တာပဲ။ ကျုပ်ကတော့ ကျုပ်တို့မောင်နှမ ငယ်ငယ်ကနေခဲ့ဖူးတဲ့ ရွာချောင်းစပ်နားမှာတဲ့။ အစ်မဟာ...သူ့ပစ်္စည်းတွေကို စိတ်စွဲပြီး မကျွတ်မလွတ်ဘဲ နာနာဘာဝကိုများ ရောက်နေလေရော့သလား။ ရင်ထဲမှာ ဆို့ကျဉ်ကျပ်ခဲသွားရပြီ။ ဒီလိုဆိုယင်ဖြင့် တာဝန်ရှိသူဟာ ကျုပ်ကိုယ်တိုင်ပဲပေါ့။ အစ်မအပေါ် တာဝန်မကျေခဲ့သူဟာ ကျုပ်ပဲဆိုတာ ကျုပ်ကလွဲပြီး ဘယ်သူမှ မသိတာ....။ ဒီကမ္ဘာလောကမှာ.....သေခါနီးလူတစ်ယောက်ရဲ့ နောက်ဆုံးအမှာစကားကို လက်ခံခဲ့ပြီးကာမှ လုပ်မပေးနိုင်တာလောက် လိပ်ပြာမသန့်တာ မရှိတော့ပါဘူးဗျာ....။

        “ အဖေ....အဖေ....သမီးပြောတာ ကြားရဲ့လား။ လာမယ့်စနေနေ့မှာ ကြီးမေအတွက် ဘုန်ကြီးသုံးပါးပင့်ပြီး  ဆွမ်းကျွေး၊ သင်္ကန်းကပ်၊ အမျှဝေချင်တယ်။ ကြီးမေရဲ့ ငွေစုလက်မှတ်တွေ ထုတ်ရတဲ့အထိ မစောင့်ချင်တော့ဘူး။  ကိုယ်နိုင်သလောက်ပဲ အယင်လုပ်လိုက်တော့မယ် အဖေရာ.....နော်....”

        အစ်မဆုံးတာ ဘာလိုလိုနဲ့ ခြောက်လတောင် ကျော်သွားခဲ့ပြီ။ သမီးကြီးက သူ့အဒေါ်ခြောက်လပြည့်ကို သံဃာကုန် အာရုံဆွမ်းလောင်းဖို့ သိတ်အာသီသဖြစ်နေတယ်။ မနက်စောစော အလင်းဖျော့ဖျော့မှာ တန်းစီကြွလာတဲ့ သံဃာတော်တွေကို ဆွမ်းလောင်းလှူရတဲ့ ကြည်နူးမှုသဒ်္ဒါတရားက ဘယ်အလှူနဲ့မှမတူပဲ သိတ်ပီတိဖြစ်ရသတဲ့။ ဘာပကာသနမှ မပါလို့လည်း ရိုးရှင်းပြီး ကျေနပ်မှုအထူးခြားဆုံးရသတဲ့။   
       ဒါကြောင့်....သူ့အဒေါ်ကျန်ခဲ့တဲ့ ငွေစုလက်မှတ်ကလေးကို ဘဏ်ကနေထုတ်ယူဖို့  ကြိုးစားပြီး သူကငွေစိုက်ထည့် လှူဖို့စီစဉ်နေပေမယ့် အခက်အခဲတချို့ရှိနေတယ်။ သံဃာကုန်ဆိုတော့လည်း ခုခေတ်ကုန်ဈေးနှုန်းနဲ့က သုံးသိန်းနီးပါးလောက်ကုန်ကျမှာမို့ သူတဦးတည်း မနိုင်ဘဲ...အချိန်ကြံ့ကြာနေရတယ်လေ။
                                                xxxxxxxxx


      သမီးကြီးက သူမငယ်ငယ်ကတည်းက အမေလိုချစ်ခင် တွယ်တာခဲ့ရပြီး အတူအိပ်၊ အတူစား၊ နေလာခဲ့တဲ့ အဒေါ်ကို တော်တော်သံယောဇဉ် ကြီးရှာတယ်။ အိမ်ထောင်မကျခင်အချိန်ထိ အဒေါ်နဲ့အတူအိပ်တုန်း....။ ကျုပ်တို့လင်မယားကလည်း ဒုတိယသားအမွှာညီနောင်ကို မွေးပြီးကတည်းက မျောက်ရှုံးအောင်ကဲတဲ့ အမွှာနှစ်ကောင်နဲ့၊ စီးပွားရေးကတဖက်နဲ့.....ဘယ်လိုမှ လက်မလည်ခဲ့ဘူး။ သမီးကြီးကို အစ်မနဲ့ပဲ အတူအိပ်စေပြီး ပေးမွေးခဲ့တယ်ပဲ ဆိုပါတော့။ အစ်မပဲ သမီးဝေယျာဝစ္စအားလုံး သုံးနှစ်သမီးလောက်ကတည်းက တာဝန်ယူလာခဲ့တာ...။ကျောင်းနေချိန်ကျတော့လည်း ကျောင်းပို့ကျောင်းကြို....။ အပျိုဖော်ဝင်တော့လည်း သူပဲအပျိုထိန်း....။ သူတို့နှစ်ယောက်ရဲ့ တွယ်တာမှုက သားအမိသံယောဇဉ်ထက်တောင် ပိုနေသလိုပဲ။  

      တစ်ခါတစ်လေ....ကျုပ်နဲ့အမရဲ့အထက် ရှမ်းပြည်မှာနေတဲ့ အစ်မအကြီးဆုံးက အလှူအတန်းရှိလို့ပဲဖြစ်ဖြစ်၊ နေထိုင်မကောင်း လို့ပဲဖြစ်ဖြစ်...၊ တခြားအကြောင်းကိစ္စ တစ်ခုခုကြောင့်ပဲဖြစ်ဖြစ်....အစ်မကို လှမ်းခေါ်တတ်သေးတယ်။

      “  အပျိုကြီးဆိုတာ....ဘုံကျွန်ဆိုတဲ့စကားများ.....တယ်..မှန်...”

....လို့ ခပ်ထေ့ထေ့ပြောပြီး မတတ်သာလို့သာ သွားရ...။ တူဝရီးနှစ်ယောက် တယ်ပြီးခွဲနိုင်ကြပုံ မရပါဘူး။ လေး ငါးရက်ရှိတာနဲ့ သမီးကဖုန်းတဂွမ်ဂွမ်ဆက်ပြီးခေါ်...။ အဒေါ်လုပ်သူကလည်း ကဆုန်ဆိုင်းပြီးပြန်ပြေး လာတော့တာပဲ။

      တစ်ခါကများ အစ်မကြီးလေဖြတ်သွားတော့ ရှမ်းပြည်မှာ တစ်လကျော်နှစ်လလောက် လူမမာပြုစုရင်း အမ သောင်တင်နေသေးတယ်။ အဲဒီချိန်ကဆို ကျုပ်သမီးကြည့်ရတာ ရေနည်းငါးလို တဖြတ်ဖြတ်...၊ တလွန့်လွန့်နဲ့...။ အပျိုပေါက်ရောက်စဆိုတော့ သဘာဝကကို စိတ်ကစားချိန်ကျကာမှ တိုက်တိုက်ဆိုင်ဆိုင်...။ စားချိန်အိပ်ချိန်မမှန်ပဲ ကိုယ်ခံအားတွေကျပြီး အအေးမိသွားတာ....။ နမိုးနီးယားဖြစ်ပြီး ပစ်ရပြီတောင်အောက်မေ့တာဗျို့။ အမမှာ နာတာရှည်လူမမာကိုပစ်ပြီး တူမဆီ ပြန်လာရရှာတယ်။

      တော်သေးတာတစ်ခုက ကျုပ်တို့ရဲ့အဒေါ်..သမီးရဲ့အဖွားလေးပေါ့ဗျာ။ အစ်မကြီးကလေဖြတ်ပြီး ကိုယ်တစ်ပိုင်းသေသွားတော့ အရွယ်ကောင်းတုန်း ကျုပ်ယောက်ဖကို ပွေမှာရှုပ်မှာ၊ နောက်မိန်းမတွေဘာတွေ ယူမှာစိုးရိမ်သတဲ့။ အစ်မကြီးမှာက သားသမီး ငါးယောက်တောင်ဆိုတော့ တစိမ်းလက်ထဲရောက်မှာစိုးလို့ဆိုပြီး အစ်မနဲ့ပေးစားဖို့ စီစဉ်ပါလေရောဗျာ။

      တော်သေးတယ်ဆိုတာ အဲဒါကိုပြောတာပါ။ အဲဒီကိစ်္စ ကျုပ်သမီးမသိပေလို့ပေါ့။ သိများသိရင် မိုးမီးလောင်လိမ့်မယ်။

 “ သူ့အဖွားကိုလည်း ဒေါသထွက်၊ ရန်တွေ့နဲ့.....ခမျာ ငရဲကြီးနေပါအုံးမယ်လေ...မပြောကြစို့နဲ့....”  ဆိုပြီး ဖုံးထားရတာ....။

      အဒေါ်လုပ်သူကလည်း တော်ရှာတယ်။ သူ့တူမကို စိတ်ထိခိုက်မခံနိုင်သလို အစ်မကြီးအပေါ်မှာလည်း ရက်စက်ရာရောက်လို့မို့ ဒီအစီအစဉ်ကို လုံးဝသဘောမတူနိုင်ပါဘူးတဲ့။   
      အစ်မကြီးကိုယ်တိုင်က ကျေကျေနပ်နပ်ပေးစားတာကို အစ်မကရော၊ ကျုပ်ယောက်ဖကပါ ငြင်းကြတယ်။ ယောက်ဖကလည်း အစ်မကြီးပေါ်မှာ သစ္စာမပျက် ရိုးမြေကျပေါင်းပါ့မယ်ဆိုပြီး တကယ့်ကိုကြင်ကြင်နာနာနဲ့ လိုလေသေး မရှိ တယုတယပြုစုလာခဲ့တာ....။ ဆယ့်လေး....ငါးနှစ်လောက်ရှိမယ်။ ဒါကြောင့်လည်း ဒီယောက်ဖကျေးဇူးတွေက ကျုပ်အပေါ်မှာ မလွန့်သာအောင် ကြီးမားခဲ့တာပေါ့။ မောင်နှစ်မသာဆိုတာ...ကျုပ်အမကြီးနဲ့ကျုပ်က ဆယ့်ငါးနှစ်လောက် အသက်ကွာတယ်။  

      အစ်မကြီးယောင်္ကျားယူတော့ ကျုပ်က ငါးနှစ်သားလားပဲ ရှိသေးတာ။ယောက်ဖက ပိုက်ဆံလည်းရှိ၊ အလိုကလည်းလိုက်တော့ ချစ်လည်းချစ်၊ပျော်လည်းပျော်တာပေါ့။ နှစ်မလင်နေမောင်ဖင်ကျိန်းရမှန်းမသိပဲ ဖိုးကျိုင်းတုတ်ဖြစ်ပြီး ခုန်ပေါက်ပျော်မြူးနေခဲ့တာလေ။

      ကျုပ်မွေးပြီးပြီးချင်း ဘာမှမကြာဘူး။ အဖေကဆုံးသွားတော့....ကျုပ်ကို အဖေ့မျက်နှာတောင် မမှတ်မိခဲ့တဲ့ ဖတဆိုးလေးဆိုပြီး အမေနဲ့အစ်မတွေက အလိုလိုက်လေ...ကျုပ်ကလည်း ငယ်ငယ်က အစ်မတွေအပေါ် သိတ်နိုင်စားခဲ့တာတဲ့။ ယောက်ဖရလာတော့လည်း အသက်ကွာတဲ့ယောက်ဖကိုပါ ဆိုးနွဲ့ပြီး ဗိုလ်ကျခဲ့တာပါပဲ။ ကျုပ်ကျောင်းစရိတ်ကို အမေရယ်အစ်မရယ် စက်ချုပ်ပြီး ရှာပေမယ့် ဘယ်လောက်ငမလဲ။ ပညာတတ်ဘွဲ့ရတဲ့အထိ ယောက်ဖထောက်ပံ့မှုတွေကပဲ အဓိကကျခဲ့တာပါ။                           

      အမေဆုံးတော့လည်း ဘွဲ့လေးတခုပိုက်ပြီး အစ်မရယ် ကျုပ်ရယ် မောင်နှမနှစ်ယောက် ယောင်ချာချာဖြစ်နေတော့....  ယောက်ဖကပဲ အရင်းအနှီးမတည်ပြီး ကိုယ်ပိုင်အလုပ်တစ်ခု ဦးဆောင်လမ်းပြခဲ့တာ.....။ ကျုပ်တို့မောင်နှမ လူတန်းစေ့နေနိုင်အောင်.....၊ ခု ကျုပ်မိသားစု မျိုးဆက်သစ်ကလေးတွေ လူတစ်လုံးသူတစ်လုံး ထားနိုင်အောင်...၊မြို့ကြီးပြကြီးမှာ ကိုယ်ပိုင်စီးပွားရေးနဲ့ ထည်ထည်ဝါ၀ါ နေနိုင်အောင်က ယောက်ဖပံ့ပိုးမှုသာမပါရင် ဘယ်လှေကားနဲ့တက်မလဲဗျာ။ အဲဒီတော့...မာတာပီတုဂုဏော နောက်မှာကပ်ပြီး ယောက်ဖဂုဏော အနနေ်္တာလို့ ကျုပ်က ဦးထိပ်ပန်ဆင်ထားတာ ကျုပ်မလွန်ပါဘူးနော်......။

                                                 xxxxxxxxxx


      တကယ်တမ်းလွန်တာက ကျုပ်သမီးလို့ပဲ ပြောရမလိုဖြစ်နေပြီ။ အစ်မဟာ ခပ်ငယ်ငယ်အရွယ်ရှိတုန်းမှာလည်း လာစပ်သမျှ၊ တောင်းသမျှလူတိုင်းကို သမီးကငယ်သေးတာကတကြောင်း၊ သူကိုယ်တိုင်ကလည်း မခွဲရက်တာကတကြောင်းနဲ့ အရိုးများသလေး၊
ချေးခါးသလေး ငြင်းခဲ့တာချည်းပဲ။ သမီးဆယ်ကျော်သက်အရွယ်လောက် ရောက်ပြန်တော့လည်း သမီးကအတင်းတားတာနဲ့၊ အစ်မ ကလည်း တွန့်ဆုတ်နေတာနဲ့....အပျိုကြီးလုပ်ဖို့ စိတ်ကူးမရှိပါဘဲ အပျိုကြီးဖြစ်ခဲ့ရရှာတယ်။                                                                    

      ဒါပေမယ့်...အဒေါ်ကသာ တူမကိုငဲ့ပြီး အပျိုကြီးဖြစ်ခဲ့ရရှာတာ....။ တူမလုပ်တဲ့သူကတော့ ဆိုင်းမဆင့်ဗုံမဆင့် အသက်ဖြင့် နှစ်ဆယ်မပြည့်သေးဘူး။ လင်နောက်လိုက်ပြေး ပါလေရော....။ အစ်မမှာ အသည်းကွဲပြီး ရင်ထုမနာဖြစ်ရတာ......။ အစ်မကသာ တငိုငို တရယ်ရယ်....ရယ်။ ကျုပ်သမီးကတော့ မိုးမမြင်လေမမြင် ပျော်မဆုံးဘူး။ အဲ...အစ်မကတော့ သူ့တူမ ကျုပ်အိမ်မှာမရှိတော့ကတည်းက ယောင်ချာချာနဲ့....။ တူမလွမ်းစိတ်နဲ့ နေရခက်တယ်ထင်ပါရဲ့။ အစ်မကြီးရှိတဲ့ ရှမ်းပြည်မှာပဲ အနေများလာတယ်။                   

     ဒါပေမယ့်....သမီးကြီး ကိုယ်ဝန်ရှိပြီလည်းဆိုရော....ချက်ရေးပြုတ်ရေးကအစ အစစအရာရာ စောင့်ရှောက်ဖို့လူလိုတယ်ဆိုပြီး သူ့တူမအိမ်ပေါ်ကို အထုပ်ဆွဲပြီး တက်တော့တာပဲဗျို့။ တူမကလည်း ၀မ်းပမ်းတသာပါပဲ။

      “  ကြီးမေ.....သမီးဆီမှာပဲ တသက်လုံးအတူနေတော့နော်....။ ဘယ်မှမသွားနဲ့တော့။ ကြီးမေကို ချစ်စရာကောင်းတဲ့ မြေးကလေးမွေးပေးမယ်....”

       တူမကိုချစ်တဲ့အဒေါ်ကတော့ တူမကမွေးတဲ့ မြေးလေးကိုလည်း တုန်နေအောင်ချစ်ရှာတယ်။ မီးတွင်းထဲမှာ တူမကိုပြုစုလိုက်...၊ ချက်ပြုတ်ကျွေးမွေးလိုက်...၊ ကလေးထိန်းပေးလိုက်နဲ့ သူ့ဘ၀ကိုသူ ကျေနပ်ပျော်ရွှင်နေတာပါပဲ။

                                                xxxxxxxxxx


     “  ကြီးမေကို ဆရာဝန်နဲ့ပြမှ ဖြစ်တော့မယ်ဖေဖေ.....။ မစားနိုင်မသောက်နိုင်တာ နေထိုင်မကောင်းရုံ ရိုးရိုးတော့ မဟုတ်လောက်ဘူး။ ညညတွေလည်း မအိပ်ပဲ သူ့အခန်းထဲမှာ တချွတ်ချွတ်နဲ့ ဘာတွေလုပ်နေမှန်းမသိဘူး။

      ခန္ဓာကိုယ်ကရောဂါက အပရိကပဲဖြစ်ပြီး တကယ်ဖြစ်နေတာ စိတ်ကျရောဂါပဲဖေဖေ။ သမီးကောင်းကောင်းသိတယ်..။”

       သမီးကြီးကတော့ သူ့အဒေါ်အရိပ်အကဲကို အသိဆုံးပါပဲ။ ရှမ်းပြည်က အစ်မကြီးဆုံးကာနီး တလလောက်သွားပြုစု   ပေးခဲ့တဲ့အမဟာ....သမီးဆီပြန်ရောက်ကတည်းက ပုံမှန်မဟုတ်တာတော့ ကျုပ်လည်းသတိထားမိတယ်။ ဒါပေမယ့်...လူတစ်ယောက်... အထူးသဖြင့် ကိုယ့်အမအရင်းခေါက်ခေါက် တစ်ယောက်လုံး ကိုယ့်မျက်စေ့ရှေ့မှာ ဝေဒနာခံစားရတာရော....၊ အသက်ထွက်တာ ကိုရော...မြင်ခဲ့ တွေ့ခဲ့ရတဲ့ လူတစ်ယောက်ဟာ....ဒီလောက်တော့ ကြေကွဲချောက်ချားလိမ့်မပေါ့...လို့ ခပ်ပေါ့ပေါ့ပဲ တွေးမိတာ...။
      ကျုပ်ကိုယ်တိုင်လည်း အမကြီးအသုဘမှာ ကြေကွဲဝမ်းနည်းခဲ့ရတာပဲလေ။

      “  ကြီးမေက သူ့ကိုယ်သူ သေခါနီးပြီလို့ စိတ်ထင်နေပြီ အဖေ။ ညက သမီးကို သူ့ပစ်္စည်းထုပ်ကလေး လက်ထဲ လာထည့်ပေးပြီး မှာစရာရှိတာ မှာမလို့တဲ့....။ သမီးကလုံးဝလက်မခံပဲ ကြီးမေက သိတ်ကျန်းမာရေးကောင်းတာ...။
      ဒီအသက်အရွယ်ထိ ဒေါင်ဒေါင်မြည်...။ အသက်ခုနစ်ဆယ်လို့ပြောရင် ဘယ်သူမှမယုံဘူး။ ခြောက်ဆယ်တောင် ပြည့်သေးရဲ့လားလို့ တအံ့တသြမေးတဲ့ သူချည်းပဲ။ ခု....နေထိုင်မကောင်းတာက စိတ်ထိခိုက်လို့ ဖြစ်ရတာ....။

          ဒီတော့.....ဆရာဝန်နဲ့ သေသေချာချာကုမယ်။ ကြီးမေ နေပြန်ကောင်းလာစေရမယ်။ ဒီပစ္စည်းထုပ်ကို   ကြီးမေပြန်သိမ်းထား။ ကြီးမေက အသက်အရှည်ကြီး....မြေးတွေ...မြစ်တွေအများကြီးနဲ့ နေရဦးမှာ..။ သမီးကိုချစ်ရင် စိတ်တင်းထားပါ။ စိတ်မလျှော့လိုက်ပါနဲ့နော်...လို့ ချော့မော့ဖျောင်းဖျပြီး အထုပ်ကလေး အတင်းပြန်ပေးရတယ်အဖေ....။”

       “   အေးပါသမီးရယ်...သာဓု.....သာဓု.....သာဓု။ သမီးကြီးမေဟာ သမီးကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။
ငါ့သမီးရဲ့ မမက်မောတတ်တဲ့စိတ်ဓါတ်ကိုလည်း ဖေဖေသိပါတယ်။ သမီးကြီးမေမှာလည်း သိတ်ရှိလှတယ်မဟုတ်ပါဘူး။

      သမီးအဖွားသေတော့လည်း ရွှေဘီးလေးတစ်ချောင်းနဲ့ ရွှေကြယ်သီးလေးတစ်စုံပဲ ကျန်တာပါ။ အဖေမိန်းမယူတော့ သမီးအမေ့ကို ကြယ်သီးတစ်စုံပေးပြီး အမက ရွှေဘီးတစ်ချောင်းပဲ ယူထားတာ....။ ရှိလှ သူဝတ်နေကျ ဆွဲကြိုးနဲ့လက်ကောက်....၊ ပြီးတော့....နားကပ်တစ်ရံပေါ့....။ ”

        “  အမယ်.....အထုပ်လေးက လေးတော့လေးသားအဖေ.... ”


      လောဘကြီးတဲ့သူဆိုရင် လက်ထဲထိရောက်ပြီးသား အထုပ်ကို ဘယ်လက်လွှတ်ခံတော့မလဲ။ အနည်းဆုံး ကာလပေါက် ဈေးနဲ့ ရွှေသုံးလေးကျပ်သားပဲရှိဦးတော့...ဆယ်သိန်း၊ဆယ့်ငါးသိန်းကတော့ ပြေးမလွတ်ဘူးလေ။ ဒါပေမယ့်...ဒီအထုပ်က   သူ့အဒေါ်ရဲ့ အသက်ဆိုတာ သူသိတယ်။ အမက သွားလေရာ ဒီအထုပ်ကိုသယ်နေကျ။ အမကြီးဆီသွားလည်း ဒီအထုပ်ပါတယ်။ ကျုပ်အိမ်နဲ့ သမီးအိမ် ကူးချည်သန်းချည်လုပ်ရင်လည်း ယူသွားတာပဲ။ ယုတ်စွအဆုံး...မြို့ထဲဈေးဝယ် ထွက်ရင်တောင်ပါတယ်။    

      ဆလင်းဘက်လို ဘေးလွယ်အိတ်ခပ်ကြီးကြီးကို သော့ခတ်ထားပြီး သွားလေရာ သယ်တတ်တယ်။ ကိုယ်နဲ့မကွာ အမြဲပါတတ်လွန်းလို့ ကျုပ်ကတောင် သတိပေးရသေးတယ်။ သူများရိပ်မိသွားရင် အန္တရာယ်ဖိတ်ခေါ်သလိုလည်းဖြစ်တယ်။ မတော် ပျောက်ရှခိုးဝှက်ခံရရင်လည်း အစ်မ ရူးလိမ့်မယ်လို့ တွေးပူရတာပေါ့ဗျာ။ ဒီတော့.....ဒီလောက် သူခင်တွယ်ဂရုစိုက်တဲ့ ပစ္စည်းထုပ်ကို သူကျေကျေနပ်နပ် ကြည်ကြည်ဖြူဖြူပေးပေမယ့် ဒီပစ္စည်း သူ့လက်ကလွတ်တာနဲ့ သူ့စိတ်သူလျှော့ပြီးသားပဲ။ ဒါကို သမီးကရိပ်မိတော့ သူ့လက်ထဲပဲ အတင်းပြန်ထည့်ခဲ့တယ်။ သိတ်မှန်တာပေါ့ဗျာ။ သမီးတွေးထင်ထားသလိုပဲ။ စိတ်ကျရောဂါအတွက် ဆရာဝန်ကပေးတဲ့ ဆေးတွေနဲ့ သမီး အပြုအစုကောင်းတာနဲ့ပဲ အစ်မဟာ....နေပြန်ကောင်းပြီး ဒေါင်ဒေါင်မြည် ပြန်ဖြစ်လာတယ်။                                 

     ဒီတော့မှ ကျုပ်လည်း ဟင်း..ချနိုင်တော့တယ်။ အမကြီးဆုံးပြီး သုံးလလောက် တရှောင်ရှောင်ဖြစ်နေတဲ့အစ်မဟာ....အရင်လိုပဲ ပုံမှန်ပြန်ဖြစ်လာပြီး သူ့တူမနဲ့ နာက်ထပ်တိုးလာတဲ့မြေးမ မွေးကင်းစလေးကို ပြုစုယုယရင်း စိတ်မအားလူမအား ဖြစ်သွားပြန်ပြီလေ။

                                              xxxxxxxxxx


      ကျုပ်ချလိုက်တဲ့သက်မဟာ ဆုံးတောင်မဆုံးသေးဘူး။ ငယ်ထိပ်ကိုတက်ဆောင့်မယ့် ပြဿနာက ရှေ့မှာကြိုလင့်   နေပြန်တော့တယ်။ အစ်မကြီးဆုံးလို့ ခြောက်လလောက်ပဲရှိဦးမယ်။ ကျေးဇူးရှင်ယောက်ဖတော်က ပြောလာတဲ့စကား...၊   ကျုပ်ဘယ်နားနဲ့ ကြားနာရမတဲ့လဲဗျာ။

        “ မောင်လေးရေ.....အကိုကြီးနားမှာ မင့်အစ်မ ရီမေကို ဆေးပေးမီးယူပြုစုဖို့ ခေါ်ထားချင်တယ်ကွယ်...”  .....တဲ့။

      အစ်မတွေခေါ်သလို ကျုပ်ကိုမောင်လေးလို့ပဲ ချစ်စနိုးခေါ်နေကျယောက်ဖက ကျုပ်ဧည့်ခန်း ပန်းအိုးထဲက ပန်းကလေးတောင်းသလိုမျိုး ပေါ့ပေါ့ပါးပါး အားနာစရာမဟုတ်တဲ့ပုံစံနဲ့ အစ်မကိုတောင်းနေပြီ။ အစ်မကြီးနဲ့ မင်္ဂလာဆောင်တုန်းကလို ဖင်ကျိန်းရ ကောင်းမှန်းတောင် မသိတဲ့ ကလေးလေးအရွယ်ပဲ ကျုပ်ဖြစ်လိုက်ချင်တော့တယ်။ တသက်လုံးကလည်း ချစ်ခင်လေးစားခဲ့ရ...။ စိတ်သဘောထားကလည်း ပြည့်ဝရင့်ကျက်...။ ကိုယ်ကျင့်တရား အမည်းစက်ဆိုလို့လည်း ထောက်ထောက်ထားထား ပြစရာမရှိ....။ ဒုက်္ခိတအစ်မကြီးပေါ်မှာလည်း ကြင်ကြင်နာနာနဲ့ ရိုးမြေကျသစ်္စာရှိပေးခဲ့သူ...။ တစ်ပင်လဲကာမှ တစ်ပင်ထူဖို့ဖွင့်ဟလာသူ...။ အဲဒီလူရဲ့ နောက်ထပ်ထူချင်တဲ့တစ်ပင်က အစ်မဖြစ်နေတော့ ကျုပ်ဖင်ကျိန်းရတော့တာပေါ့။ ဒါပေမယ့်...အခါခါပြုဖူး သူ့ကျေးဇူး..ဖြစ်နေလေတော့...

        “  အမကို မေးကြည့်ဦးမယ်လေ....။ အမသဘောတူရင်တော့........”

       ဒီလိုနဲ့.....သမီးကိုပဲ အားကိုးတကြီး တိုင်ပင်ရတော့တယ်။ အံ့သြဖို့ကောင်းတာက ကျုပ်သမီးဟာ ကျုပ်ထင်သလိုမဟုတ်ဘဲ ပြောင်းလဲရင့်ကျက်နေခဲ့တာပါပဲ။

       “  ကြီးမေက အပုလေး မကန့်ကွက်ဘူးဆိုရင် သွားနေမယ်လေတဲ့ အဖေ...။ သမီးစိတ်ထဲမှာလည်း အတွေးအမျိုးမျိုးနဲ့ ဒွိဟတွေဖြစ်နေတယ်။ ဦးလေးနဲ့ကြီးမေဟာ အသက်အရွယ်အားဖြင့်တော့ အိမ်ထောင်ပြုတယ်လို့ ခေါင်းစဉ်တပ်ရက် လောက်အောင် မတင့်တယ်တော့ပေမယ့်.... သူတို့ရဲ့သံယောဇဉ်ဟာ ခုမှစတာတော့ မဖြစ်နိုင်ဘူးလို့ သမီးထင်တယ်။               

     ကြီးဒေါ်ကြီးကိုစိတ်မထိခိုက်စေရအောင် ဒီအချိန်ထိ ချိုးနှိမ်နိုင်ခဲ့တဲ့ သူတို့စောင့်ထိန်းမှုဟာ တော်ရုံတန်ရုံအတိုင်းအတာတော့ မဟုတ်လောက်ဘူးအဖေ။ သမီးကတော့...ကြီးမေသဘောပဲ...ဖေဖေနဲ့တိုင်ပင်ပါဦး....လို့ပဲပြောလိုက်တယ်....။ ”

      ကျုပ်ကတော့......ကျုပ်မျက်နှာကိုမကြည့်ဘဲ အလုပ်သိတ်ရှုပ်နေဟန်ဆောင်ပြီး.... ဟင်းအိုးမွှေရင်း ပြောလိုက်တဲ့ အစ်မရဲ့အသံက နားထဲတ၀ဲလည်လည်နဲ့.........။

        “ ငါ.....သွားနေပေးလိုက်မယ်လေ...” ......တဲ့။

                                             xxxxxxxxxx


      တကယ်တမ်းကျတော့.....ဒီအခြေအနေတစ်ခုဟာ ကျုပ်နဲ့သမီးဖက်ကသာ နားလည်ပေးဖို့ အချိန်လည်းတန်၊ တားဆီးပိတ်ပင် ဖို့လည်း မသင့်ဘူးလို့ယူဆပေမယ့်....ယောက်ဖရဲ့ သားသမီးငါးယောက်ဖြစ်တဲ့ ကျုပ်တူ၊ တူမတွေဖက်ကကျတော့ နားလည်ပေးဖို့ရာ အခြေအနေက သိတ်ကျဉ်းမြောင်းနေခဲ့ပြီ။ အမေဆုံးတာမှတစ်နှစ်မပြည့်သေးဘူး။ ခုနစ်ဆယ်ကျော်အရွယ်မှာ နောက်အိမ်ထောင်ပြုမယ် ဆိုတော့ တူ၊တူမတွေရဲ့အမြင်မှာ အမဟာ အဒေါ်အရင်းခေါက်ခေါက်ကနေ မိထွေးဘ၀အဖြစ်ကို မုန်းတီးစက်ဆုပ်မှုတွေနဲ့အတူ ပြောင်းလဲရောက်ရှိသွားခဲ့ရပြီ။ သားသမီး၊ မြေးမြစ်တွေကတော့ အသက်လည်းကြီးပြီး တကယ်လည်း လူကြီးရောဂါပေါင်းစုံ ၀င်စပြုနေတဲ့အဖိုးကြီးကို သူတို့ကိုယ်တိုင်လည်း ကိုယ်ဖိရင်ဖိမပြုစုနိုင်ပါဘူး။                           

      ဒါပေမယ့်...အနီးကပ်ပြုစုပေးမယ့်သူ ရောက်လာပြန်တော့လည်း မတတ်သာလို့သာ ကြည့်နေရတာ....၊ အဒေါ်ဘ၀တုန်းကလို လေးစားရိုသေစိတ်တောင် မရှိချင်ကြပြန်ဘူး။ အမစိတ်ဆင်းရဲရတာ ကျုပ်ရော သမီးရော...သိပါတယ်။

      “ ဟိုကောင်မတွေ သိတ်မိုက်ရိုင်းတာပဲ....။ အဒေါ်ကို ရန်သူလိုလုပ်နေကြတယ်။ အပြင်ကပြန်လာလို့ မုန့်ဝယ်လာရင် ဖအေကိုပဲ လာခွံ့ကျွေးကြတယ်။ ဘေးနားထိုင်နေတဲ့ငါ့ကို စားဦး တစ်ခွန်းမှမခေါ်ဘူး။ ခပ်တည်တည်ပဲ...။ နင့်ဦးလေးက မနေသာလို့ ဟဲ့....နင်တို့ဒေါ်လေး ကျွေးကြဦးလေ....ဆိုတာတောင် မကြားချင်ယောင်ဆောင်ပြီး မျက်နှာသုန်သုန်မှုန်မှုန်နဲ့ လှည့်ထွက်သွားကြတယ်။ ငါကတစိမ်းမဟုတ်ပါဘူး။ သူတို့အဒေါ်ပါဟဲ့....”

      “  နင့်ဦးလေးကလည်းလေ....မနက်တိုင်းလမ်းလျှောက်ထွက်နေကျ သူ့မိတ်ဆွေတွေကို အိမ်ဖိတ်ပြီး ငါနဲ့မိတ်ဆက်ပေးတယ်။ အဲဒီထဲမှာပါလာတဲ့...ဒေါ်လီဆိုတဲ့မိန်းမက အသက်ငါးဆယ်လောက်.....။ ခေတ်ဆန်ဆန်နဲ့...။ က္ကုနြေ္ဒကိုမရပါဘူးဟာ...။ နင့်ဦးလေးကို အရင်ကတည်းက ကြိုက်နေတာတဲ့။ ခု.....မနက်တိုင်း ငါပါလမ်းလျှောက်လိုက်နေတယ်။ လျှောက်နေမကျတော့ ခြေတွေနာလိုက်တာ........။ ”

      အသက်ကြီးကာမှ အိမ်ထောင်ရေးအပူမီးတွေ အမြိုက်ခံနေရတဲ့ အမအကြောင်းတွေ သမီးကပြန်ပြောပြတော့....ကျုပ်အရမ်း စိတ်ထိခိုက်ရတယ်။ အသက်ခုနစ်ဆယ်ကျော်ဆိုတာ တရားရှာရတော့မယ့်အရွယ်...။ တစ်သက်လုံးအပျိုကြီးဘ၀နဲ့ နေလာတဲ့ကျုပ်အစ်မ...။        ခုတော့....အပူရှာမိပြီလေ။ ဘယ်သူ့ကို အပြစ်ပြောရမလဲ။ သေသွားတဲ့အစ်မကြီးကိုလား။ ဒီအသက်အရွယ်ရောက်ကာမှ မိန်းမထပ်ယူချင်တဲ့ ယောက်ဖကိုလား။ တစ်သက်လုံးထိန်းလာတဲ့ အပျိုကြီးဂုဏ်ကို ခုနစ်ဆယ်ကျော်ကာမှ ဆတ်ကနဲလွှတ်ချလိုက်တဲ့ အစ်မကိုလား။ အဒေါ်တစ်သက်လုံးနေချင်အောင် မထားနိုင်တဲ့သမီးကိုလား။ အခြေအနေကို မတားဆီးဝံ့ခဲ့တဲ့ ကျုပ်ကိုကျုပ်လား။

      ဒါပေမယ့်...ရှမ်းပြည်ဆိုတာကလည်း ခရီးနည်းနည်းထောက်တော့ လူချင်းမတွေ့ဘဲ ဖုန်းနဲ့ပဲစကားပြောကြရတာ။ နှစ်နှစ်၊ သုံးနှစ်လောက်ကြာလာတဲ့ အခါမှာတော့ တစ်ဦးနဲ့တစ်ဦးလည်း အဆက်အသွယ်ပါးလာတယ်။ အတော်ကြီးကြာမှတခါ ဖုန်းဆက်ဖြစ် ကြတော့လည်း အဆင်မပြေတာတွေဘာတွေ ကျုပ်ကိုတော့ သိတ်မပြောရှာပါဘူး။ သမီးကိုတော့ နည်းနည်းပါးပါး ပြောပြသတဲ့...။ သမီးကလည်း စိတ်အဆင်းရဲတော့ သိတ်မခံနဲ့။ မနေနိုင်ရင် သူ့ဆီပြန်လာနေဖို့ ခေါ်သတဲ့။ ဒီလိုနဲ့ တော်တော်ကြာတဲ့တစ်နေ့တော့......

      “ အစ်မ အိပ်မပျော်စားမ၀င်ဖြစ်နေတာ ကြာပြီမောင်လေးရယ်....။ ဖျားတာနာတာလည်း မဟုတ်ဘဲနဲ့ အစာစားပြီးတိုင်း ပြန်အန်ချင်တယ်။ အန်တဲ့အခါလည်း အန်တယ်။ နေ့တိုင်းအစာမကြေဖြစ်ပြီး အမြဲတမ်းရင်ခံနေတယ်။ အသက်ကြီးလာတော့ လေရောဂါဖြစ်လာတာ ထင်ပါရဲ့.....”

       “  အစ်မ....မသက်သာရင် ရန်ကုန်ဆင်းလာပြီး ဆေးလာစစ်ပါလား...။ ကျွန်တော် စီစဉ်ပေးမယ်လေ...”

      ဒါပေမယ့်.....လူတွေဟာ ကိုယ့်အကြောင်းနဲ့ကိုယ်၊ ကိုယ့်ဘ၀နဲ့ကိုယ်ချည်းပဲဆိုတော့ အနေဝေးတော့လည်း သွေးအေးသွား ကြတာပါပဲ။ ကျုပ်ဝန်ခံပါတယ်။ပါးစပ်ကသာ လောကွတ်လုပ်မိတာ..။ ကျုပ်သားတွေမြေးတွေနဲ့ တစ်နေ့တစ်နေ့ သံသရာလည်နေတာနဲ့..။ ကိုယ်ထိလက်ရောက်တော့ သွားမခေါ်ခဲ့မိပါဘူး။ ယောက်ဖနဲ့တူတူမတွေကလည်း အမကအိပ်ယာထဲ လဲလောက်အောင်မဖြစ်ပဲ ကောင်းတဲ့ အခါလည်း ကောင်းနေလိုက်...။ဖြစ်တော့လည်း အစာမကြေရင်ပြည့် ရင်ကယ်လောက်ပဲဆိုတော့ ဖိဖိဆီးဆီး ရောဂါမရှာဖွေမိဘူးပေါ့။ ရှာဖွေဖို့လည်း ဘယ်သူမှမတွေးဘူးလေ...။ ကဂျီကဂျောင်လုပ်လွန်းလို့ဆိုပြီး ဖုန်းဆက်တိုင်လို့တောင် သမီးက ဒေါသူပုန်ထနေသေးတယ်။

      “ အဖေ....ကြီးမေကို ဒီပြန်ခေါ်ထားရအောင်။ နေမကောင်းယင်တော့ ဘယ်သူမဆို ဂျီတော့နည်းနည်းကျမှာပေါ့။

     သူတို့အဖေ နေမကောင်းရင် ကြီးမေကဘယ်လိုပြုစုသလဲ။ ကြီးမေက လူနာပြုစုတဲ့နေရာမှာ သိတ်စိတ်ရှည်ယုယတာ.... သမီးအသိဆုံးပေါ့....။ သူနေမကောင်းတုန်း...နည်းနည်းပါးပါးတော့ သည်းခံကြမှပေါ့။ စိတ်မရှည် မပြုစုချင်ရင်လည်း သမီးတို့ခေါ်ထားကြစို့ အဖေရာ...။ ဒါပေမယ့်..ကြီးမေတစ်ယောက်တည်းပဲ တာဝန်ယူမှာနော်။ သူတို့အဖေ သူတို့ပြုစုပေ့စေ။”

      သမီးကလူငယ်ဆိုတော့ စိတ်ဆတ်ပေမယ့် ကျုပ်ကတော့ လူကြီးမဟုတ်လား။ ထိန်းထိန်းသိမ်းသိမ်းပေါ့ဗျာ...။

                                            xxxxxxxxxx

      အဲ..တစ်နေ့မှာတော့ ယောက်ဖကဖုန်းဆက်လာတယ်။ အစ်မက ကျုပ်ကိုတွေ့ချင်လို့ ခေါ်ခိုင်းသတဲ့။ ကျုပ်တအား လန့်သွားတယ်။ အစ်မ တော်တော်များ ရောဂါသည်းနေလို့လားပေါ့။ ယောက်ဖကတော့ ပြောပါတယ်။

      “ အရင်လိုအစားသိတ်မ၀င်ဘဲ အားနည်းနေရုံတင်ပါ။ စိုးရိမ်ရလောက်အောင်တော့ မဟုတ်ပါဘူး”....တဲ့။ ဘာပဲဖြစ်ဖြစ် သူတွေ့ချင်တယ်ဆိုမှတော့ သွားရမှာ....ကျုပ်တာဝန်ပေါ့။ သူ့ကိုမလိုလားတဲ့ လူတွေကြားမှာ အားငယ်ရှာတယ် ထင်ပါရဲ့ဗျာ။

      သမီးကြီးကလိုက်ချင်ပေမယ့် သူ့သမီးအငယ်မ စာမေးပွဲဖြေနေရင်း တန်းလန်းဖြစ်နေတော့ ကျုပ်ကိုသေချာမေးတယ်။

       “  သမီးကိုရော တွေ့ချင်တယ်မခေါ်ဘူးလား....”.....တဲ့။

      “ အဲသလိုတော့ မပြောဘူးဟ။ အသည်းအသန်ဖြစ်တာတော့လည်း မဟုတ်လောက်ဘူး။ တရှောင်ရှောင်ဖြစ်နေတော့ အားငယ်တယ်ထင်ပါရဲ့။ သမီးတို့မှာကလည်း ကလေးတွေတစ်ဖက်၊ စီးပွားရေးတစ်ဖက်ဆိုတော့ တွေ့ချင်ပေမယ့် မခေါ်ရက်ဘူး ထင်ပါတယ်။ ဒီတော့...မြေးလေးစာမေးပွဲရှိယင်လည်း ငါ့သမီးစိတ်အေးအေးသာ နေခဲ့တော့။ အဖေတို့ တစ်ပတ်လောက် 
 နေပြီးရင် ပြန်လာခဲ့မယ်။ အဲဒီတော့မှ သမီးတို့ သွားကြပေါ့...သမီးကြီးမေကို သေချာပြောပြလိုက်ပါ့မယ်....”

       သမီးက သူ့ကိုမမှာဘူး ဆိုတော့လည်း အကောင်းဖက်ကတွေးပြီး စိတ်အေးပုံရပါတယ်။

      “ အမှန်က အပြုစုလိုနေတာပါ ဖေဖေရယ်။ အရင်တစ်ခါကလို စိတ်ကျရောဂါပဲဖြစ်ရမယ်။ ကြီးမေကို တစ်ခါတည်းသာ ကားနဲ့ဖြေးဖြေးမောင်းပြီး ခေါ်လာခဲ့ပါလား။ ဦးလေးကိုလည်းခေါ်လာခဲ့ပါလေ။ ဦးလေးမပါရင်  ကြီးမေ စိတ်ဆင်းရဲနေပါဦးမယ်။ သမီးဆီပြန်ရောက်ရင် ကြီးမေစိတ်ချမ်းသာပြီး နေပြန်ကောင်းသွားမှာပါ....”

      သမီးရဲ့စိတ်ကူးအတွေးဟာ ဖမ်းဆုပ်လို့မမိလိုက်တဲ့ တိမ်တွေလိုပါပဲ။                                                             

      ခရီးကဝေးတော့ ညသန်းကောင်လောက်မှ အမတို့မြို့ ကိုရောက်တယ်။ ကျုပ်တို့လင်မယား ရောက်တဲ့ညမှာတော့ အစ်မဟာ...ထူထူထောင်ထောင်နဲ့ထထိုင်ပြီး ဖုန်းလှမ်းဆက်တဲ့ ကျုပ်သမီးနဲ့ စကားပြောနေလိုက်တာ...လူကောင်းအတိုင်းပဲ။          အသံကလည်း မာလို့၊ ရွှင်လို့ပဲ။ ကျုပ်တို့နောက်ကိုတော့ ခရီးပန်းတဲ့ဒဏ် မခံနိုင်မှာစိုးလို့ မလိုက်သေးဘူးတဲ့။

     “ ကြီးမေမြေးလေး စာမေးပွဲပြီးမှ လာခဲ့မယ်နော်...” ....လို့ သူ့တူမကပြောတော့လည်း “ အေး...အေး...လာခဲ့နော်..”.တဲ့။
      ပြုံးလို့ရွှင်လို့...။ ကျုပ်ဖျော်ပေးတဲ့ ကွေကာအုပ်ကိုသောက်လို့.....။ သူ့ယောင်းမနဲ့လည်း စကားတွေပြောလို့.....။

      နောက်တစ်နေ့ မနက်လည်းရောက်ရော...ဆက်တိုက်အန်ပြီး သွေးပေါင်တွေကျတော့တာပဲ။ သတိလစ်ချင်သလိုပါ ဖြစ်လာတော့ ဆေးရုံကိုအမြန်တင်လိုက်ရတာပေါ့။ အားဆေးပုလင်းကြီးချိတ်၊ လိုအပ်တဲ့ဆေးတွေထိုးပေး၊ အောက်စီဂျင်ပေးနဲ့ သိတ်တော့မကြာပါဘူး။ သတိကောင်းကောင်းပြန်ရလာတယ်။
      လူရှင်းသွားပြီး ကျုပ်နဲ့သူ နှစ်ယောက်ထဲလည်းကျန်ရော....သူ့ကိုယ်သူစိတ်မချလို့ထင်တယ်။

      “ မောင်လေးရေ....တကယ်လို့ ငါတစ်ခုခုဖြစ်သွားရင်.....” လို့ အစချီပြီး မှာစရာရှိတာမှာတော့တာပဲ။ ကျုပ်ကလည်း

       “ ဒါတွေလျှောက်မပြောပါနဲ့ အမရာ...။ အမနေပြန်ကောင်းလာမှာပါ...” ....ပေါ့။

     တကယ်လည်း ဟိုတစ်ခါလိုပဲ ပြန်ကောင်းလာမယ်ထင်မိတယ်။ စိတ်ကျရောဂါကြောင့် အားနည်းနေတာလို့ပဲ ထင်မိတယ်။ အစ်မကိုယ်တိုင်လည်း လိုလိုမယ်မယ်သာမှာတာ...။ သူ့ကိုယ်သူသေမယ် သေချာပေါက်ထင်ပုံမရဘူး။ ကျုပ်သမီးကိုတောင် အရေးတကြီး မမှာမိဘူး။ ဆေးရုံတင်လိုက်တဲ့အကြောင်း.....၊ ဆေးရုံမှာဆိုတော့ ပိုစိတ်ချရတဲ့အကြောင်းတောင် ဖုန်းဆက်လိုက်မိသေး။                           

    ညနေစောင်းလည်းရောက်ရော...ရုတ်တရက် အမောဖောက်ပြီး အခြေအနေဆိုးလာတယ်။ ကယောင်ကတမ်းနဲ့...“ မောင်လေးရေ... တို့အမေပစ်္စည်းတွေ..တို့အမေပစ္စည်းတွေ..”..လို့ ရွတ်နေလို့ ကျုပ်ယောက်ဖက ငိုသံကြီးနဲ့ “ ရီမေ...စိတ်ဖြောင့်ဖြောင့်ထားပါ။ မင်းပစ္စည်းတွေအကုန် ငါလှူပေးပါ့မယ်ကွာ....” .....လို့ ပြောလိုက်သေးတယ်။ အဲဒီညမှာပဲ အမ ဘ၀တစ်ပါးကို ပြောင်းသွားပါတော့တယ်။

                                               xxxxxxxxxxx
      

     “ သေပြီးတဲ့နောက်မှာ လူပြန်ဖြစ်လျှင်သော်လည်းကောင်း၊ တိရစ္ဆာန်ဘ၀တစ်ခုခုကို ရောက်သွားလျှင်သော်လည်းကောင်း၊ နတ်ဗြဟ္မာဗိမ္မာန်မှာ စံစားနေရလျှင်သော်လည်းကောင်း၊ ငရဲဘုံမှာ ခံစားနေရလျှင်သော်လည်းကောင်း၊ ကျန်ရစ်သူတွေက သူ့အတွက်ရည်ရွယ်ပြီး လှူဒါန်းတဲ့ကုသိုလ်တွေကို မရရှိနိုင်တော့ဘူး။ ဒါပေမယ့်....နာနာဘာဝ ပေတဘုံမှာရောက်နေရင်...

     ဆိုလိုတာက အပ္ပါယ်လေးဘုံထဲက ပြိတ္တာုံမှာရှိနေခဲ့ရင်တဲ့....။ ဒီကုသိုလ်တွေကို ရနိုင်ပါတယ်။ သာဓုခေါ်နိုင်ပါတယ်တဲ့...။

          သေခါနီးအချိန်မှာ တစ်စုံတစ်ခုကို စိတ်စွဲလန်းလို့ဖြစ်စေ၊ ပစ္စည်းဥစ္စာကို စိတ်စွဲလန်းလို့ဖြစ်စေ၊ ငါသေပြီးနောက်မှာ ငါ့ပစ္စည်းတွေ...ငါပေးချင်သူလက်ထဲမှ ရောက်ပါ့မလား။ ငါမပေးချင်တဲ့သူတွေကများ လက်ဝါးကြီးအုပ်သွားမလား....။

     အဲသလို...စိတ်စွဲပြီးသေသွားရင်...မကျွတ်မလွတ်ဘဲ ဖြစ်တတ်ပါတယ်...တဲ့....”
    တရားဟောတဲ့ဘုန်းတော်ကြီးက ကျုပ်တို့ရင်ထဲကခံစားချက်တွေကို သိနေလေသလား။ ဒါမှမဟုတ်...ကွယ်လွန်သူအတွက် ရည်ရွယ်လှူဒါန်းတာမို့လို့ပဲ ဒီတရားကို ဟောတာလား။ ကျုပ်ကတော့ ကြိတ်ပြီးမျက်ရည်ကျနေတဲ့ သမီးကိုပဲ ငေးကြည့်နေမိတယ်။

      ကျုပ်မြေးလေး စာမေးပွဲပြီးတဲ့နေ့ဟာ အမကိုမီးသဂြိုင်္လ်တဲ့ နေ့ဖြစ်နေပြီလေ။ ဆေးရုံကနေ အိမ်ပြန်မသယ်တော့ဘဲ နောက်တစ်နေ့နေ့လည် ချက်ချင်းသဂြိုင်္လ်လိုက်တယ်။ မမှီတော့မယ့်အတူတူ ကလေးတွေအပင်ပန်းခံပြီး လိုက်မလာကြတော့နဲ့လို့ ကျုပ်ယောက်ဖကိုယ်တိုင်က ဖုန်းဆက်ပြီးတားတာနဲ့ သမီးတို့မောင်နှမတွေ မလာဖြစ်ကြဘူး။ အသုဘချတော့ တူ၊ တူမတွေ တစ်ယောက်မှ မျက်ရည်တောင်မကျကြလို့ ကျုပ်ကသမီးကို လက်ကိုင်ဖုန်းနဲ့ဆက်ပြီး နှစ်ယောက်သားဖုန်းနဲ့ အတူငိုခဲ့ရသေးတယ်။

      တရားကျဖို့တော့ ကောင်းပါတယ်ဗျာ။ အမအသုဘကိစ္စပြီးတော့ အမမှာထားတဲ့ကိစ္စကို ကျုပ်ဘယ်လို ပြောရမှန်း မသိဘူး။ ပြောတုန်းက ကျုပ်နဲ့အစ်မနှစ်ယောက်တည်း...ဆိုတော့ ခုချိန်....ကျုပ်ပြောရင်လည်း ဘယ်သူမှယုံမှာမဟုတ်ဘူး။

      ကိုယ့်ဖက်ကိုယ်ယက်တဲ့ လိပ်အဖြစ်ပဲ နာမည်ပျက်ရုံရှိတော့မပေါ့။ အမပစ်္စည်းကလည်း ဘယ်လောက်မှ ကျန်ခဲ့မှာမှမဟုတ်တာ....။

      ဒီတော့.....အမမှာတာနဲ့ ခပ်ဆင်ဆင် “ ဘုရားမှာအကုန်လှူပေးဖို့ မှာသွားတယ်...” ...လို့ ကျုပ်ယောက်ဖကို အားလုံးရှေ့မှာ   ပြောလိုက်တော့တယ်။ ဒီလိုဆိုရင်....အစ်မလည်းကျေနပ်မှာပါလေ....။ ကျုပ်လည်း အားလုံးရဲ့အမြင်စောင်းတာ မခံရတော့ဘူးပေါ့။

      ဒီလိုကျတော့လည်း ယောက်ဖက ရှောရှောရှုရှုပါပဲ။

      “  သူ့ပစ္စည်းက ဘယ်လောက်မှ မရှိပါဘူးကွာ။ ဘုရားသွားလှူပေးကြတာပေါ့....” .....တဲ့။

      ဒါနဲ့ပဲ....အားလုံးလူစုံတက်စုံရှေ့မှာ အမသေတ္တာကို ဖွင့်လိုက်ကြတယ်။ ဘဏ်စာအုပ်ထဲမှာ ငွေတစ်သိန်းရယ်...၊ ငွေစုလက်မှတ်လေးငါးစောင်....စုစုပေါင်းတန်ဖိုး တစ်သိန်းကျော်ကျော်ရယ်...၊ သူဝတ်နေကျ ဆွဲကြိုး၊ ရွှေဘီးနဲ့ ပိုက်ဆံအနည်းအကျဉ်းရယ်..ဒါပဲတွေ့ရတယ်။ ထူးဆန်းတာဆိုလို့ အ၀တ်စလေးတွေကို ခေါင်းအုံးသေးသေးပုံစံ ချုပ်ထားတဲ့ ခေါင်းအုံးလေးတွေ အများကြီးပဲ.....။ ဘာတွေများလဲလို့ယူပြီး အထဲကိုဖွင့်ကြည့်လိုက်တော့....လား...လား...ရွှေဒင်္ဂါးတွေဗျို့။ ငါးမူးစေ့ရော...၊ တစ်ကျပ်စေ့ရော.....၊ ကျုပ်တစ်ခါမှ မမြင်ဘူးတဲ့ နှစ်ကျပ်စေ့တောင် တစ်စေ့ပါလိုက်သေးတယ်။ အားလုံးပေါင်းယင် သုံးဆယ့်နှစ်စေ့ရှိတယ်။ ကာလပေါက်ဈေးနဲ့ဆို သိန်းတစ်ရာနီးပါးပဲပေါ့။ ဒါကြောင့်လည်း သူ့အထုပ်လေးကိုအမက တယ်ဂရုစိုက်တာကိုး။

      လူတွေအကုန် မှင်တက်နေချိန်မှာ ကျုပ်ကတော့....“ ဒီလောက် ပစ္စည်းတွေရှိရက်များ အမရာ....” ...လို့ပဲ

ကြိတ်မနိုင်ခဲမရ ရေရွတ်မိတော့တယ်။ ဟုတ်တယ်လေ။ သူ့မှာ ဒီလောက်ရှိတယ်မှန်းသိရင်...ဒီတူတွေ...တူမတွေ...ဘယ်လောက် ၀ိုင်းပြုစုလိုက်ကြမလဲ။ ဘယ်လောက်အနွံတာ ခံလိုက်ကြမလဲ။ ဘယ်လောက်စိတ်ရှည်လိုက်ကြမလဲ။ မိထွေးဆိုပြီး ဘယ်သူငြိုငြင်  ရဲမလဲ။ အဒေါ်မှအဒေါ် အရင်းခေါက်ခေါက်ပေါ့။   
      အစ်မကလည်း ပြုစုတဲ့သဘောကောင်းတဲ့သူကို ပေးသင့်တာလေးပေး၊ လှူစရာရှိတာ လေးလည်းလှူပေါ့။ ခုတော့.....သေသာသွားလေရော....။ ဘာများပါသွားလို့လဲ။ ဘာများရသွားလို့လဲ။ မသေခင်ရော... ဘယ်မှာစံစား သွားရလို့လဲ။ ကျုပ်တို့အမေဆုံးခါနီးတုန်းက သူ့သေတ်္တာသော့ ပျောက်လို့ဆိုပြီး မေးတာကို ကျုပ်ဖျတ်ကနဲ သတိရမိတယ်။                      

     “ ကဲ....မောင်လေးရေ....။ မင်းအမဆန်္ဒအတိုင်း တဖြေးဖြေးချင်း ငါခွဲလှူသွားပါ့မယ်ကွာ။ ရက်လည်ဆွမ်းသွတ် တော့လည်း ထည့်လှူကြတာပေါ့။ ဘဏ်စာအုပ်ကတော့ ဒီမြို့ကပဲကွ။ ငွေစုလက်မှတ်တွေကတော့ မင်းတို့ဆီနေတုန်း  ကတည်းက ၀ယ်ထားတာဖြစ်မယ်။ ဒီမှာထုတ်လို့ရမှာ မဟုတ်ဘူး။ မင့်သမီးကို ထုတ်ခိုင်းပြီးလှူလိုက်ပေါ့ကွာ...”

      ယောက်ဖပေးတဲ့ ငွေစုလက်မှတ်တွေကိုင်ပြီး ကျုပ်ဘာထပ်ပြောရမှန်း မသိတော့ဘူး။ ဒါတွေဘယ်လောက် တန်ဖိုးရှိရှိ ကျုပ်မမက်ပါဘူး။ ကျုပ်သမီးတုန်းကလည်း မမက်လို့မှ သူ့လက်ထဲရောက်နေတာတောင် ပြန်ပေးခဲ့သေးတာ...။ ဒါပေမယ့်...

အမမှာခဲ့တဲ့အတိုင်း တိတိကျကျမလုပ်နိုင်ရုံတင်မကပဲ ခပ်ဆင်ဆင်တူတာတောင် မလုပ်လို့တော့ ဘယ်ကောင်းမလဲ။

      “ ကျုပ်တို့ ဘုရားသွားပြီး လှူရအောင်လေ....”

      “ ဟ....မောင်ရ....။ ငါလည်းအသက်ကြီးပြီ။ သေခါနီးပါပြီကွာ....။ ဖြေးဖြေးချင်း လှူပေးပါ့မယ်ဆိုတာ...မယုံလို့လား..

      ဒါတွေ...ငါစိတ်ထိခိုက်လွန်းလို့ လောလောဆယ် မကြည့်ပါရစေနဲ့တော့ကွာ....။ သိမ်းလိုက်ကြပါတော့.....”

      သူတို့အဖေကို ပြာပြာသလဲ ဖေးမတွဲထူယင်း သေတ်္တာကို မြန်မြန်ပြန်ပိတ်လိုက်တဲ့ တူတွေတူမတွေကို ကြည့်ပြီး ကျုပ်သက်ပြင်းချမိတယ်။ အမွေဆိုတာ ပေးတိုင်းလည်းမရဘူး။ ထိုက်မှစံရတာပါလားလို့ သံဝေဂလည်းရမိတယ်။
                                              xxxxxxxxxx
 

 အိမ်ပြန်ရောက်တာနဲ့ သူ့အဒေါ်အကြောင်း နားထောင်ပြီး သမီးက၀မ်းနည်းပက်လက် ငိုကြွေးရှာတယ်။

      “ နေစမကောင်းကတည်းက ဦးလေးရောကြီးမေကိုပါ ခေါ်ထားလိုက်ရင် ဒီ့ထက်မကတော့ အသက်ရှည်မယ်ထင်ပါရဲ့..” လို့ နောင်တစကားဆိုတယ်။ သမီးရဲ့အမေက “  ဒီလိုသာခေါ်ထားခဲ့ရင် အဲဒီပစ္စည်းတွေ နင်ပဲရမှာပဲ...” လို့ပြောတော့ သမီးကပြုံးတယ်။

     “ ကြီးမေပစ္စည်းတွေ အဲသလောက်ရှိမယ်ဆိုတာ ဟိုတခါသမီးလက်ထဲ လာထည့်ကတည်းက အလေးချိန်ကို မှန်းမိပါတယ် အမေရယ်...။ သမီးနဲ့ထိုက်ရင် ဘယ်လိုနည်းနဲ့မဆို သမီးဆီရောက်လာမှာပဲလို့ တွေးမိပါတယ်။
      ဒါကြောင့်လည်း ကြီးမေမခေါ်ဘဲနဲ့ သမီးအတင်းမလိုက်ချင်တာပါ။ ခုတော့....သမီးနဲ့မထိုက်လို့ မရတာမို့   အဲဒီအတွက်တော့ မတုန်လှုပ်ပါဘူး။ ကြီးမေကို သေခါနီးမပြုစုလိုက်ရတာကိုပဲ သမီးစိတ်ထိခိုက်တာပါ။ ကြီးမေက အကုန်လှူခိုင်းတာလည်း သိတ်ကောင်းတာပါပဲ။ ဒါပေမယ့် ဒီကိစ္စက ဇာတ်မျောကြီးတော့ ဖြစ်ပြီထင်ပါရဲ့....”

      ကျုပ်ကတော့ အသိချင်ဆုံးကိစ္စကိုပဲ သမီးအခြေအနေ စိတ်ထိန်းနိုင်တာတွေ့မှ မေးရတော့တယ်။

     “   သမီးကို ဟိုတစ်ခါ ကြီးမေက အထုပ်ပေးတော့ ဘယ်လိုခွဲတမ်းချပြီး မှာတာလဲဟင်.....သမီး....”

      “ သူ့ပစ္စည်းတွေကို တစ်ဝက်က အပုယူပါတဲ့...။ ကျန်တစ်ဝက်ကို နှစ်ပုံပုံပြီး တစ်ပုံကိုဘုရားလှူပေးပြီး တစ်ပုံကို အဖေ့ကိုပေးပါတဲ့...အဖေ...”

      သေချာပါပြီလေ။ အစ်မဟာ သေခါနီးကယောင်ကတမ်း ပြောမိပြောရာ ပြောတာမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက    သူ စီမံကိန်းချထားပြီးသားပါ။ ဒါပေမယ့်....တကယ်သေခါနီးကျတော့ ကျုပ်တစ်ယောက်တည်းကိုပဲ မှာသွားတဲ့ ဒီစကားကို ကျုပ်အမှန်အတိုင်းပြောရင် ယောက်ဖရော....၊ တူ တူမတွေရော...ယုံကြမတဲ့လား။ လက်ခံကြမတဲ့လား။

      ဒီလိုပဲ....သမီးကို ပြောပြရင်လည်း စိတ်မကောင်းဖြစ်ရုံကလွဲပြီး သမီးမှာ မစ္ဆရိယစိတ်တွေ ပွားများရမယ်။ ဆွေမျိုးအချင်းချင်းတွေ ပိုစိတ်ဝမ်းကွဲကြရမယ်။ ဒီတော့...ကျုပ် မယုတ်မလွန်စကားကိုပဲ ဆိုရတော့တယ်လေ...။

      “ သူ့ပစ္စည်းအားလုံး....ဘုရားကို လှူပေးပါ...လို့ မှာသွားရှာတယ်....” ......လို့။

      လိုက်နာတာ မလိုက်နာတာကတော့ ပစ္စည်းထိန်းသိမ်းတဲ့လူရဲ့ တာဝန်ဖြစ်သွားပြီပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ်... အစ်မမှာတဲ့အတိုင်း တသွေမတိမ်းမဟုတ်ပေမယ့် မရိုးမစွဲစကားမို့ အစ်မကျုပ်ကို ခွင့်လွှတ်စေချင်ပါတယ်။

                                              xxxxxxxxxx

       သမီးက “  အိပ်မက် မမက်တာကြာပြီ အဖေ....” ....လို့ပြောလာတော့မှ....ကျုပ်လည်းအတူတူပဲလို့ စိတ်ထဲမှာ ကြိတ်ပြီး သက်ပြင်းရှိုက်မိတော့တယ်။........။

                                              xxxxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
ပန်းအလင်္ကာမဂ္ဂ္ဂဇင်း... September, 2008