မေတ္တာရိပ် အမွေ


သည်လမ်းလေးကို မသွားဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကို အတော်လေး ကျော်ခဲ့ပြီဖြစ်သည်။
သို့သော် လမ်းဘေးဝဲယာမှ ရှုခင်းရှုကွက်တွေက အခါများစွာ ဖြတ်သန်းသွားလာခဲ့ဖူးသူ တစ်ယောက်အဖို့ ရင်းနှီးကျွမ်းဝင်စွာ သညာအမှတ်စွဲနေဆဲ...။
       ကားပြတင်းမှ တိုးဝင်လာသော လေရိုင်းတချို့နှင့် စိမ်းစိုနေသော လယ်ကွင်းရှုမျှော်ခင်းများက ပူလောင်နေသော သူ့ရင်ကို တဒင်္ဂမျှ ငြိမ်းအေးသွားစေ၏။
      လမ်းကလေးသည် အကောက်အကွေ့မကင်းသော်လည်း ဖုထစ်ချိုင့်ခွက်မများလှဘဲ ပြေပြစ်နေ၏။ လမ်းတစ်လျှောက်မှ ရွာစဉ်တန်းများသည် မခမ်းနားသော်လည်း ရွာစွန်လယ်ကွင်းများက စိမ်းစိုလတ်ဆတ်နေကြ၏။
သည်မြင်ကွင်းများက ရင့်အိုနေပြီဖြစ်သော သူ့ရင်တွင်း၌ နုသစ်သောခံစားမှုများကို လန်းဆတ်လာစေသည်။
     အိမ်မှ မထွက်ခင်ကတော့ သူ့ရင်တစ်ခုလုံးသည် ကျပ်တင်းမြိုက်လောင်နေခဲ့၏။ ဒေါသ၏ လက်ပါးစေများ၊ အဆွယ်အပါးများသည် လူတစ်ကိုယ်လုံးကို ဖြိုးဖြိုးဖျဉ်းဖျဉ်းနှင့် တရစ်ရစ် ညှစ်ပတ်နေရာ သူ့မျက်နှာသို့ပင် တငွေ့ငွေ့ အပူရှိန်ဟပ်နေခဲ့သည်။
      “ သူ့လင်က ကြိုးကိုင်နေတာနေမှာပေါ့။ လောင်းကစားသမားဆိုတာ ငွေအမြဲလိုနေတဲ့ လူစားမျိုးလေ။ ဒီတော့လည်း ငယ်ငယ်က ချစ်ခင်လေးစားခဲ့တဲ့ အစ်ကိုကြီးကိုတောင် မလေးမခန့်နဲ့ ဘေးဖယ်ထားရဲတော့တာပေါ့..”
      သူ့ဇနီး၏ အပြောကလည်း မီးလောင်ရာလေပင့်။
      အမှန်က သူ့ဇနီးသည် မီးမလောင်လောင်အောင် လောင်စာအပြည့်နှင့် သူ့ရင်ကို မီးညှိပေးခဲ့သူဖြစ်၏။ ရင်နှင့်အပြည့်လောင်စာများကတော့ သူကိုယ်တိုင်သာ လက်ခံစုဆောင်းမိခဲ့သူ ဖြစ်လေသည်။
                                                                xxxxxxxxxx
      ယခင်ကတော့ သည်လမ်းကလေးသည် သူ့အတွက် အနာဂတ်အိပ်မက်များဆီသို့ ဦးတည်သွားရာ ဖြစ်ခဲ့သည်။ တစ်ဖန် မေတ္တာရိပ်မြုံသို့ ရင်ငွေ့ခိုလှုံအားဖြည့်ရန် အိမ်ပြန်လမ်းလေးလည်းဖြစ်သည်။
      သို့သော် သူ၏ အနာဂတ်အိပ်မက်များက ကြီးမားလာလေ၊ အပြန်လမ်းများက တဖြည်းဖြည်းကျဲပါးလာခဲ့ရ၏။ ပြေးလမ်းတစ်လျှောက် ပန်းလျလွန်းလှမှ မိဘရိပ်မှာ နားခိုရန်သတိရ၍ အပြေးပြန်လာလိုက်၊ အားပြည့်လာတော့လည်း မဆုံးနိုင်သော ပြိုင်ပွဲတစ်ခုလို အိပ်မက်များဆီ အပြေးလှမ်းလိုက်နှင့်။
     နတ်သမီးလေး “ မေ ” သည် သူ့အိပ်မက်များကို ပိုမိုတောက်ပ စွဲမက်စေနိုင်ခဲ့သူဖြစ်၏။ လူငယ်သဘာဝ ရည်းစားလေးတစ်ယောက်ရလာတော့ ချစ်သူရှိရာမြေသည် သူ့အတွက် နတ်ဘုံနတ်နန်းတမျှ သာယာစိုပြည်လာတော့သည်။ ကျောင်းပိတ်ရက်မို့ အိမ်ပြန်လျှင်ပင် နှလုံးသားမှာ ပူလောင်သွေ့ခြောက်ကာ နေရခက်လှ၏။
     သည်လိုနှင့် လမ်းကလေးကို ဖြတ်သန်းသွားလာမှု နည်းလာကာ ကျောင်းပိတ်ရက်များကိုပင် သင်တန်းမျိုးစုံ အကြောင်းပြနှင့်  အိမ်ပြန်ကျဲခဲ့ရသည်။ သူ့ အိမ်ပြန်လမ်းကို မျှော်နေကျ အမေသည်လည်း ခွင့်လွှတ်ပြုံးလေးနှင့် နားလည်ပေးတတ်သူမို့ပေလား။
     နယ်မြို့လေးမှ မိသားစုဘ၀က အေးချမ်းသလောက် မြို့တော်ကြီးမှ ရုန်းကန်မှုများမှာ ကြမ်းတမ်းလှသည်။
      ဘွဲ့လက်မှတ်နှငိ့ ဒီပလိုမာလက်မှတ်များ၊ သင်တန်းဆင်းလက်မှတ်မျိုးစုံသည် သူ့ဘ၀အတွက် အမြင့်ကို လှမ်းတက်ရမည့် လှေကားထစ်များပမာ။ အမေ့၏ စုဆောင်းငွေနှင့် ရွှေတိုရွှေစများကတော့ လှေကားထစ်များအတွက် လမ်းခင်းခဲ့ရသော ပေးဆပ်မှုများသာ။
     ပညာစုံတော့လည်း မိဘကို ကျေးဇူးမဆပ်နိုင်သေး။ သူ့နှလုံးသားထဲမှာ အကြွေးမှတ်လက်စနှင့် ဆက်မှတ်ထားလိုက်ပြီး ကြင်ရာစုံဖို့ကိုသာ ပိုဦးစားပေးဖြစ်လိုက်၏။
     ခွင့်လွှတ်တတ်သူ အဖေနှင့် အမေကတော့ အပြစ်မပြောရှာပါ။ ညီမလေးကလည်း အစ်ကိုကို ချစ်သူပီပီ ယောက်မကိုလည်း အစ်မရင်းချာပမာ မေတ္တာထားရှာ၏။
      သူ့ဘ၀က သူသွားနေကျ လမ်းကလေးလို အကွေ့အကောက်မကင်းလှသော်လည်း အဖုအထစ်နည်းလှပါသည်။
မိဘများက မချမ်းးသာလှသော်လည်း သူရည်ရွယ်ရာပန်းတိုင်ကိုတော့ ရှောရှောရှူရှူ ပံ့ပိုးပေးနိုင်ခဲ့၏။ သူကလည်း တက်လှမ်းနိုင်မည့် စွမ်းအင်အားမာန်ကို လိုအပ်သလောက် စိုက်ထုတ်နိုင်ခဲ့သည်။ အဓိကကတော့ ညီမလေး၏ သူ့အပေါ်ဦးစားပေးကာ အဝေးသင်တက်ခဲ့ရှာသော သိတတ်ခြင်းပင်။
      မေကတော့ မပူမပင် မကြောင့်မကျဘ၀မှ လာခဲ့သူပီပီ အောက်ခြေနည်းနည်းလွတ်ချင်ဒ။ တော်တန်ရုံကို တူတန်သည်ဟု မထင်ချင်။ ဘ၀င်ခပ်မြင့်မြင့်၊ ဇီဇာခပ်ကြောင်ကြောင်၊ ကိန်းခန်းခပ်ကြီးကြီး။
      သို့ပေမဲ့ သူ့ကိုတော့ အင်မတန်ချစ်သညြ်။ သူကလည်း ဘ၀င်ခပ်မြင့်မြင့် မေက သူ့ကို တူတူတန်တန် ပြန်ချစ်သည်ကိုပင် ဂုဏ်ယူကျေနပ်မိသူလေ။
     မိန်းကလေးတစ်ယောက်အဖို့ ထိုက်သင့်သော ဘ၀င်မြင့်မှုလေးရှိမှလည်း အဖိုးတန်သည်ဟု သူက ထင်ချင်သည်။ နို့မဟုတ်လျှင် မေ့နားမှာ ၀ိုင်းနေသောလူအားလုံးကို မေက လိုက်လိုက်လျောလျော ဆက်ဆံနေမှာမျိုးကိုလည်း သူမလိုလားပါ။
    ကျောင်းစာမှာ အများတကာထက် ထူးချွန်ထက်မြက်သော၊ အားကစားမှာ အောင်မြင်ထင်ရှားသော၊ အနုပညာအသင်းမှာ ပေါ်လွင်ကျော်ကြားသော၊ သူလို ခေါင်းတစ်လုံး ချွန်ထွက်နေသူကိုမှ မေရွေးချယ်သည်မှာ မေ့ဂုဏ်အဆင့်အတန်း၊ အနေအထိုင်နှင့် ကိုက်ညီ၍ဟု သူက တန်းညှိချင်သည်လေ။
                                                         xxxxxxxxx
    သူ အမောတကော ပြေးလှမ်းလာခဲ့သော လမ်းကလေးသည် လွန်ခဲ့ပြီးသော နှစ်များစွာကလို သစ်ရိပ်များ အုံ့ဆိုင်းနေဆဲဖြစ်၏။
     မြို့တော်ကြီးတစ်ဝိုက်မှ သစ်ကြီးဝါးကြီးများမှာ နာဂစ်အလွန်တွင် ကုန်လုကုန်ခါနီး ကွယ်ပျောက်ခဲ့ပြီဖြစ်သော်လည်း မြေလတ်မြို့လေးသို့ သွားရာလမ်းတစ်လျှောက်မှာ တော့ သက်တမ်းရင့် သစ်ရိပ်ကြီးများက မပြောင်းမလဲ ရိပ်မိုးနေဆဲပင်။
      ရုန်းကြွနေသော အပူမှသည် ငြိမ်သက်သောအအေးဆီသို့ အကူးအစပ်မှာ သူ့နှလုံးပြင်ထက်ဝယ် တရေးရေး ပေါ်လွင်ထင်ဟပ်လာနေ၏။ သူလက်မခံချင်၍ မရပါ။ တဖြည်းဖြည်း အလွန်ထင်ရှားလာပါသည်။
     အိမ်မှထွက်စဉ် အမောက်ထောင်နေခဲ့သော ရင်အပူ ဒေါသမီးက ၀န်းကျင်အရိပ်အာဝါသအောက်၌ပင် အတော်အတန် မာန်ချ ငြိမ်ကျခဲ့လေပြီ။
     သည်လမ်းကလေးသည် အနာဂတ်အောင်မြင်မှုများဆီသို့ သူ လှမ်းတက်နိုင်ရန် ခြေဆင်းကလေး ဖြစ်ခဲ့သည်။ မောနွမ်းပန်းလျမှုများမှ ပုန်းခိုအားဖြည့်ရာ အမေ့အိမ်ဆီသို့ သယ်ပို့ပေးရာလည်း ဖြစ်ခဲ့သည်။
     ယခုရော....။ ဘာ့အတွက်ကြောင့်နှင့် သည်လမ်းကလေးပေါ် သူ ရောက်လာရပြန်သလဲ။ သည်တစ်ခါ အိမ်ပြန်လမ်းမှာ ပန်းလျမှုများအတွက် နားခိုရာ အမေ့ရင်ရိပ်က ကွယ်ခဲ့ပြီး ဖြစ်သည်။ အားဖြည့်ခိုလှုံရန် အဖေ့ရင်ခွင်ကလည်း ပြိုခဲ့ပြီးလေပြီ။ အတိတ်က သူတို့မိသားစုဟောင်းလေးမှာ ကျန်နေသည်က သူကသာ ရိပ်မိုးပေးရမည့် ၊ အရိပ်ထိုးပေးသင့်သည့် ညီမငယ်လေး။ နှမထွေးကလေး....။
                                                               xxxxxxxxx
     သူ့ပြေးလမ်းက ဘွဲ့လက်မှတ်များ၊ သင်တန်းဆင်းလက်မှတ်များ ခင်းကာ ကုမ္ပဏီကြီးတစ်ခု၏ အရေးပါသော ၀န်ထမ်းတစ်ယောက်ဖြစ်လာသော်လည်း အဆုံးမသတ်နိုင်သေးပါ။
      လှေကားတစ်များက ပို၍မတ်လာကာ တစ်ဆင့်ထက်တစ်ဆင့် ပိုအားစိုက်ကာ တက်ရသော်လည်း သူ့အတွက် အမောပြေဆေး သမီးလေးကို ချစ်ဇနီးမေက လက်ဆောင်ပေးခဲ့၏။
      နုဖပ်ရွှမ်းစိုနေသည့် သမီးလေးအတွက် နေပြောက်မထိုးအောင် လုံလောက်ကျယ်ပြန့်မည့် မေတ္တာရိပ်ကို သူ ဖြန့်ကြက်မိုးကာပေးရသည်။ အခြေကြီးကြီး စိတ်နေမြင့်သည့် ချစ်ဇနီးအတွက် အနေတင့်အောင် သူ ကြိုးပမ်းရ၏။
      ကုမ္ပဏီ၏ ရှယ်ယာအများဆုံး ၀ယ်နိုင်အောင်၊ လုပ်ပိုင်ခွင့် ဒါရိုက်တာ ရာထူးမြင့်မြင့်ရအောင်၊ နိုင်ငံခြားသို့ ပညာသင်စေလွှတ်ရာမှာ၊ နိုင်ငံတကာ လုပ်ငန်းအတွေ့အကြုံ ရှာဖွေရာမှာ၊ လုပ်ပိုင်ခွင့်များ ဖြန့်ကျက်ရာမှာ အောင်မြင်မှုအတွက် သူ၏အချိန်များ၊ အားအင်များ၊ စွမ်းဆောင်ရည်များနှင့် လဲလှယ်ခဲ့ရ၏။
      သမီးနှင့်ဇနီးအတွက် ပေးဆပ်နေရသည့်အချိန်များမှာ အဖေနှင့်အမေကို အဝေးမှသာ အကြွေးဆက်မှတ်ရင်း လေလှိုင်းထဲမှ အသံပါးပါးလေးဖြင့်သာ နှစ်သိမ့်နိုင်ခဲ့၏။
      ဘယ်တုန်းကမှ အပြစ်မပြောတတ်သည့် မိဘများကတော့ သား၏အောင်မြင်မှုကို နားအကြားနှင့် ပီတိဝေစည်မြဲ။
သူ့မှာတော့ ရိုးရိုးတိုက်ခန်းမှ ကွန်ဒို၊ ကွန်ဒိုမှ ကိုယ်ပိုင်ခြံဝင်း။
     အတွန်းအတိုက်တွေများသော မြို့တော်ကြီး၏ မဆုံးနိုင်သော ပြိုင်ဆိုင်မှုကြားထဲ ဘယ်သောအခါမှ ပြီးပြည့်စုံနိုင်မည် မသိ။ မိဘအိမ် ရံခါ အလည်ရောက်သည့်အချိန်မှာတောင် မုန့်နှင့်အသုံးအဆောင် လက်ဆောင်များမှလွဲ၍ စို့စို့ပို့ပို့ ထိုက်တန်သည့် ငွေကြေးမကန်တော့နိုင်သေး။
    သား၊ မြေးတို့အိမ်အပြန် အမေထည့်ပေးသည့် ဒေသထွက်ကုန် တောစာတောင်စာတွေက သူတို့သယ်လာသော မြို့လက်ဆောင်တွေထက် ပိုပြီးအလျှံအပယ်ဖြစ်နေပြန်တော့ သူ့မှာ စိတ်အကြွေးသာ ထပ်ထပ်တိုးမြဲ။ လက်ကတော့ မပါနိုင်သေး။
     သမီးလေးအတွက် အကောင်းဆုံးသောကျောင်း ထားနိုင်ဖို့၊ မေ့အပေါင်းအသင်းတွေကြားမှာ မျက်နှာအောက်မချ ကားအမြင့်စီးစေနိုင်ဖို့...။
     ကြွေးဟောင်းကတော့ မှတ်လက်စနှင့် ဆက်မှတ်နေဆဲ။ ကြွေးသစ်ကတော့ လက်မတွန့်တမ်းချလို့ ကောင်းနေသည်ပေါ့။
                                                                  xxxxxxxxx

     အဖေ အသည်းအသန်ဖြစ်နေချိန်သည် ကုမ္ပဏီကိစ္စတစ်ခု၏ နိုင်ငံခြားခရီးစဉ်လွှတ်ရန် လူရွှေးနေချိန်ဖြစ်ခဲ့သည်။ သူလက်မလွှတ်နိုင်သော အခွင့်အရေးတစ်ခုကို မွေးသဖခင်၏ နောက်ဆုံးအချိန်နှင့် ယှဉ်ထိုးကာ ချိန်ခွင်လျှာညှိရသလိုပင်။
     မေက သည်ကိစ္စမှာ ဘာတစ်ခွန်းမျှ အဝေဖန်သော်လည်း နိုင်ငံခြားပြန် လက်ဆောင်တစ်ပွေ့တစ်ပိုက်နှင့် သူ ခြိုးခြံချွေတာလာသော ဒေါ်လာလေးများကို ၀င်းလက်နေသော အပြုံးဖြင့် လက်ခံခဲ့သည်ပဲ။ မေ့အပြစ်တော့ဖြင့် မဟုတ်ပါ။ သူကသာ သည်လမ်းကို ရွေးခဲ့ခြင်းဖြစ်၏။
     စိတ်နှလုံးကြီးမားသော အမေကတော့ တစ်လပြည့်ဆွမ်းကျွေးမှ ရောက်လာနိုင်သော သားတော်မောင်ကို အပြုံးမပျက် ကြိုဆိုပါ၏။ သူကသာ အမေနှင့် ညီမလေးကို မျက်နှာချင်းဆိုင်မိတိုင်း မျက်နှာ တနွေးနွေး။
    အဖေ့ကို စိတ်ထဲမှ အကြိမ်ကြိမ်တောင်းပန်ရင်း အမေ့နားမှာ တိုးတိုးဝှေ့ဝှေ့နှင့် အချိန်နည်းနည်းပိုနေပေးလိုက်သည်နှင့် အမေက ကျေနပ်ပီတိဝေနေသလို သူကလည်း စိတ်အကြွေးပြေသွားသလိုတော့ အရှိသား။
      ညီမလေးကတော့ ရှိသည်ဟုပင် မထင်ရလောက်အောင် လိုသည့်နေရာဖြည့်၍ အပိုဝင်မပါဘဲ နေတတ်ရှာလွန်းသူလေး။ သူ ကျေးဇူး ကျိတ်တင်မိရပါသည်။ သူကလေးကသာ စကားနာလိုမျိုး တစ်ခွန်းတစ်လေများ ငြိစွန်းစကား ဆိုလာခဲ့ပါလျှင် သူ့ရင်ထုပ်ချင်းခပ် နောက်တ၀န်ပိပေလိမ့်မည်။ အမေနှင့် သူ့အကြား အနားသတ်မညီ ဖြစ်သွားနိုင်သည်။ မေ၏ သူ့ဘက်ကိုယ့်ဘက်ချိန်ခွင်ကလည်း ဘောင်ဘင်ခတ်ချင်လာမည်။
      တကယ်တမ်းတွင် စိတ်သဘောကောင်းရှာသု ညီမလေးက ဘ၀ကံတော့ မကောင်းရှာပါ။ လက်ကြောမတင်းသည့် လောင်းကစားသမားနှင့်မှ အကြောင်းပါရသည်။ သိုပေမဲ့ အမေရော၊ ညီမလေးပါ ညည်းညူသံ တစ်ခွန်းမျှ မဟ။ သူ့ထံကို အပူတစ်စမျှ မကူးစက်စေခဲ့ပါ။
      အရာရာသည်းခံနိုင်လွန်းသူ အမေသည် သူခံစားရသော ရောဂါဝေဒနာများကို သားသမီးများ စိတ်မထိခိုက်ရအောင် မျက်နှာမပျက်သည်းခံရင်း ဘ၀ကူးသွားခဲ့သည်သာ။
     အမေ့ပေါ် ထိုက်သင့်သလောက် ပြုစုတာဝန်ကျေနိုင်ခဲ့၍ စိတ်သက်သာမှုရခဲ့သော်လည်း မြို့တော်ကြီးသို့ ခေါ်ဆောင်ဆေးကုပေးချင်သော စေတနာကိုတော့ အမေလက်မခံခဲ့သည်မှာ ၀မ်းနည်းစရာပါ။
     ကျွမ်းရင့်နေပြီဖြစ်သော သူ့ရောဂါကို သူသိနေ၍လား။ စိတ်အခြေကြီးကြီးနှင့် သီးခြားဆန်သော ချွေးမကို စိတ်ဒုက္ခမပေးချင်၍လား။ သေချာသည်ကတော့ အင်မတန် အေးမြငြိမ်းသက်စွာ အုပ်မိုးညွတ်ကိုင်းပေးခဲ့သော မေတ္တာရင်ခွင်ရိပ်တစ်စုံသည် လောကအလယ်တွင်ကွယ်ပျောက် သွားခဲ့သော်လည်း သူ့နှလုံးသားထဲ၌ ထာဝစဉ် ရိပ်မိုးနေဆဲ ဆိုသည်ပါပဲ။
                                                              xxxxxxxxx

    အုပ်ဆိုင်းအေးမြလှသော လမ်းစဉ်တစ်လျှောက်မှ သစ်ရိပ်ကြီးများသည် မြို့ကလေးအ၀င်မှာတော့ အလင်းတို့ အ၀င်-အထွက်ကောင်းအောင် အနည်းငယ် ပါးလျပေးလိုက်သလိုပင်။
     မြို့ကလေးမှာ ၀င်းဝင်းလက်လက် ကြည်ကြည်စင်စင်။ သူ့အမြင်မှာ ဖြူစင်တောက်ပနေလေသည်။
     မြို့နဘေးမှ ရစ်ခွေစီးဆင်းနေသော ဧရာဝတီမြစ်ကြီးက နေချိုသွေးစ ညနေ၏ မြို့အလှကို ငွေရောင်တလက်လက်နှင့် အားဖြည့်ပေးနေ၏။
   မြစ်ကမ်းနဘေးမှ သောင်ခုံ ဖြူလွလွပေါ်တွင် ကလေးငယ်တို့ ပြေးလွှားဆော့ကစားနေသည်။ ဘောင်းဘီတို ပွပွ၊ ဆံပင်ရိုင်း ဖြောင့်ဖြောင့်နှင့် ဂျစ်တူးကလေးသည် ညီမငယ် အမာရီကို စနောက်ကာ ရှေ့မှ ပြေး၏။ အမာက နောက်တွင် ခုန်ဆွခုန်ဆွ ပြေးလိုက်သော်လည်း မမီနိုင်ဘဲ အော်ဟစ်နေလေသည်။ အဖေနှင့်အမေကတော့  မောင်နှမနှစ်ယောက်ကို ကြည်ကာ ကြည်နူးစွာ ပြုံးနေကြ၏။ အတိတ်ကြေးမုံသည် သူ့စိတ်အာရုံတွင် တဖျပ်ဖျပ်ခုန်နေလေပြီ။
       မိဘနှစ်ပါး၏ အေးမြငြိမ်သက်၍ အခါမလင့် မကွယ်ပနိုင်သော မေတ္တာရိပ်အမွေကို တစ်သက်ပတ်လုံး သူ့အား
နားလည်မှု၊ ချစ်ခြင်းအပြည့်ရှိခဲ့ရှာသည့် နှမငယ်လေးအပေါ်သို့ မိဘကိုယ်စား သူကိုယ်တိုင် အုပ်မိုးပေးရန် မလိုအပ်ပေဘူးလား။
      မိဘတို့အမွေ အိမ်ကလေးသည် သူ့ကြွယ်ဝမှုနှင့်စာလျှင် အစွန်းထွက်မျှသာလျှင်ဖြစ်သည်။ သူ့ကို အသိမပေးဘဲ အိမ်ကလေးကို ဈေးဆိုင်ထားသည်ဟူသော ကောလာဟလသည် အခြေအမြစ်ရှိ မရှိ မဆန်းစစ်နိုင်လောက်အောင် မောဟအမှောင်က ဖုံးလွှမ်းထားခဲ့၏၊
      တစ်သက်တာလုံး အပြစ်ဟူ၍ မြူတစ်မှုန်မျှ မရှိရှာသော နှမငယ်အပေါ် မငြူစူရက်တော့ တစ်ဖက်လှည့်နှင့် ယောက်ဖအပြစ်ကို ရှာကြံကြည့်မိသော သူ့ဒေါသကိုလည်း သူရှက်ရွံ့မိပါသည်။
      သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်ကို ရှေ့တန်းပို့ကာ သူနှင့်ယှဉ်ပြိုင် ငါလည်းပိုင်တာပဲဟု သိမ်နုပ်ခဲ့မိသော လောဘအတွေးတို့က အစွန်းထွက်ကိုပင် မမြင်နိုင်ခဲ့ပေ။
     လမ်းကလေးကို သူတကယ် ကျေးဇူးတင်မိသည်။
     လမ်းကလေးသည် သူ့စိတ်ကို လောဘ၊ ဒေါသ၊ မောဟတို့မှ သိမ်းဆည်းလွန်မြောက်အောင် သတိဝင်စေခဲ့လေ၏။
      သည်လမ်းကလေးမှ အပြန်တွင်တော့ သူ့နှလုံးသားမှ မေတ္တာရိပ်အမွေကို နှမငယ်ထံ အပြီးလက်ဆင့်ကမ်း ပေးခဲ့တော့မည်ဖြစ်သည်။
      သူ့နှလုံးသားထက်မှ မေတ္တာသက်သေသည် လွှဲပြောင်းစာချုပ်တစ်ခု၏ လက်မှတ်သက်သေနှင့် အလဲထပ်ယှဉ်ထိုးနိုင်ဦးမည်လား။
     မိဘမေတ္တာရိပ် လွှမ်းနေသေးသော အိမ်ကလေးသို့ အ၀င်တွင် နှမငယ်လေးသည် အေးမြသောအပြုံးနှင့် သူ့ကို ကြိုဆိုနေလေသည်။    ။
                                                                  xxxxxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
 အောက်တိုဘာလ.. ၂၀၁၁...ပိတောက်နွယ်မဂ္ဂဇင်း

4 comments:

  1. တော်သေးတယ် နောက်ဆုံးမှာတော့ ညီမငယ်ဘက်ကို ကြည့်သွားလို့
    မဟုတ်ရင်တော့ သူ့တစ်သက် ဖြေလို့ရမှာမဟုတ်တော့ဘူး
    အကြွေးတွေလည်း သိပ်များသွားပြီ။
    တစ်ချို့သူတွေဟာ မိန်းမနဲ့ ကိုယ့်ကလေးကိုတော့ဖူးဖူးမှုတ်ပြီး မိဘတွေကျတော့ သတိမရဘူး ပစ်ထားကြတယ် သူတို့စိတ်ထဲ ဘယ်လိုမှ မခံစားရဘူးလားမသိဘူးနော်
    ဘယ်လို အသည်းနှလုံးနဲ့ လူလုပ်နေကြပါလိမ့်လို့ တွေးမိတယ်.
    မိဘမေတ္တာဟာ စုန်ရေလို့ဆိုပေမဲ့ သားသမီးတွေက နည်းနည်းလေး ပြန်ဆန်တာနဲ့ ဝမ်းသာကြတဲ့သူတွေပါ။ သားသမီးတစ်ချို့ဟာ စုန်ရေကိုတော့ လက်ခံယူခဲ့ကြပြီး ဘာကြောင့်များ ပြန်ဆန်ဖို့တော့ မကြိုးစားခဲ့တာလည်းမသိဘူးနော်..

    ReplyDelete
  2. လောကထဲမှာ သူလိုသူတွေများများရှိနေပါစေလို့ ဆုတောင်းမိတယ်..

    ReplyDelete
  3. ဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုထဲက အဖြစ်အပျက်လေးတွေကို မမဝေရေးတိုင်း ကျေနပ်နှစ်သက်မိရတယ်..။ ဒီဝတ္တုလေး မဂ္ဂဇင်းမှာပါထဲက ကြိုက်မိတယ်..။

    ReplyDelete
  4. မိန်းမနဲ့ သားသမီးအတွက် ကြွေးသစ်ချပြီး ကြွေးဟောင်းကိုမကျေသွားပေမယ့် ညီမလေးအပေါ် စေတနာထားလို့ တော်သေးတယ်။
    အရမ်းကောင်းတဲ့ ၀တ္ထုလေးပါပဲ အမဆရာမရေ။ စကားလုံးတွေကို သဘောကျလိုက်တာ။

    ReplyDelete