မောဟရဟတ် တစ်ပတ်အလွန်




' အဲဒါ....သားကောင်မလေးပဲ မွန်လေး '
ပြောလိုက်တဲ့ 'သူ' ကတော့ ပေါ့ပေါ့ပါးပါး လေသံဖြစ်အောင် ကြိုးစားထားပုံ ရပေမယ့် ကြားရတဲ့ မွန့်နားထဲမှာ
စေးပျစ်တဲ့ ချော်ရည်စီးကြောင်းတစ်ခု ဖြတ်စီးသွားတယ် ထင်မိတယ်။
ပါးပြင်တစ်ဝက်ကျော်အောင် ကာဆီးထားတဲ့ ဦးထုပ်ဝိုင်းကြီးနဲ့ နေကာမျက်မှန်တပ်ထားတဲ့ မွန့်ကို ကောင်မလေးက မြင်သွားရင်တောင် ရုတ်တရက် ဘယ်သူမှန်း မသိနိုင်တာက သေချာပါတယ်။ ဒါပေမယ့်....ဘာမှန်းမသိတဲ့ ကြောင့်ကျမှုတစ်ခုကြောင့် မောင့်ကိုယ်လုံး အရိပ်နောက်မှာ အသာ ပုန်းကွယ်လိုက်မိတယ်။
ကြည့်စမ်းပါဦး။ သင်္ကြန်မဏ္ဍပ်ထဲက ပိုက်ကိုယ်စီကိုင်ထားတဲ့ ရောင်စုံကောင်မလေးတွေကြားမှာ ထင်းထင်းကြီး ပေါ်လွင်နေတဲ့ ပါးကွက်ကြားကြီးနဲ့ ကလေးမကို....။ တီးလုံးသံနဲ့အတူ စည်းချက်ညီ ရှေ့နောက်ယိမ်းထိုးပြီး ကနေလိုက်တာ....။ မြင်ရတဲ့ မွန့်ရင်ထဲမှာ မဏ္ဍပ်က ဖွင့်ထားတဲ့ အနောက်တိုင်းတီးလုံးလိုပဲ....။ ရင်တွေပြည့်ပြီး မချိမဆန့် ခံစားနေရတယ်။
တမင်ပေါ်လွင်အောင် လုပ်ထားပုံရတဲ့ ပါးကွက်ကြီးနဲ့ဆန့်ကျင်ဖက် စပို့ရှပ်ပွပွ..။ ဒူးခေါင်းပေါ်မတတ် တိုအောင်ဝတ်ထားတဲ့ ထမီနဲ့ ဒေါက်ချွန်ချွန် ကြိုးသိုင်းဖိနပ်....။
သနပ်ခါးနဲ့ အဝတ်အစားဟာ မျက်လုံးထဲမှာ ဘယ်လိုမှ တသားထဲမကျနိုင်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် အားလုံးထဲမှာ ထင်းနေတယ်။ ဒါ....သားရဲ့ ကောင်မလေးတဲ့။ ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က.... ' ကလေးမ အင်္ကျီကလည်း ပါးလိုက်တာကွယ်...'..လို့ ပြောခဲ့ဖူးတဲ့ မောင့်မေမေ့ အသံကို ဖြတ်ကနဲ သတိရလိုက်မိတယ်။
မပြောမိစေရဘူး။ ဘဝင်မကျတဲ့ လေသံမပြောနဲ့ မနှစ်မြို့တဲ့ စိတ်ကို မဝင်စေရဘူး။ ဘာဖြစ်လဲ။ ခေတ်ဆန်တာဟာ စာရိတ္တကို မပေါ့ပျက်စေဘူးဆိုရင် ပြီးတာပဲ မဟုတ်လား။
ဒါပေမယ့် မွန်က သားကို နို့နံ့တောင် မစင်သေးဘူး ထင်နေတာ။ မနက်ကတင် အမေ့ရင်ခွင်ထဲ ခေါင်းတိုးပြီး ပါးကို တရွှတ်ရွှတ် မွှေးသွားသေးတယ်။ သူက ချစ်သူတောင် ရှာနေပြီတဲ့လား။ ထွေလီဆန်းပြားစိတ်တွေ ဝင်နေပြီလား။ မိဘရင်ခွင်ကို စွန့်ခွာပြီး မိန်းမယူဖို့တောင်စဉ်းစားနေပြီပေါ့။
ဒါဆို မွန်က မကြာခင် မြေးတွေဘာတွေ ချီရတော့မှာပေါ့လေ။ ဘုရားရေ....မွန် အဘွားဖြစ်ရတော့မှာလား။
ယောင်ယမ်းပြီး ကိုယ့်ကိုယ်ကို ငုံ့ကြည့်မိတော့ ဇာအင်္ကျီလက်ပြတ် ဝတ်ထားတဲ့ ကိုယ်လုံးလေးက ရေစိုစိုကြားမှာ
လန်းဆတ်နေတုန်းပဲ။
အသက်နှစ်ဆယ်မှာ မွေးခဲ့တဲ့သားက ခုချိန် အမေနဲ့ အတူတွဲ လမ်းလျှောက်သွားရင် မောင်နှမလားလို့တောင် ထင်ကြရတာ။ သားကပဲ ဆယ့်ခုနစ်နှစ်အရွယ်နဲ့ မလိုက်အောင် ထွားကျိုင်းလွန်းတာလား။ မွန်ကပဲ နုပျို အရွယ်တင်တာလား။
ဘာပဲဖြစ်ဖြစ်....အသက်သုံးဆယ့်ရှစ်နှစ် အရွယ်ဟာ အဘွားဖြစ်ဖို့အတွက် အဆင်သင့် မဖြစ်သေးတာကတော့ မွန့် အလွန်မဟုတ်နိုင်ပါဘူးနော်။ ဒါဆို လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ကာလတစ်ခုက...' ငါ ငယ်ငယ်ရွယ်ရွယ်နဲ့ အဘွား မဖြစ်ချင်သေးဘူးနော်...'
....လို့ စသလို နောက်သလိုနဲ့ အတည်ပြောခဲ့တဲ့ မောင့်မေမေရဲ့စကားတစ်ခွန်းဟာ တွေးမိတိုင်း နာကျည်းစရာ၊ အခွင့်ကြုံတိုင်း စကားနာထိုးစရာ၊ ကာလတစ်ခု ရှည်ကြာလာတဲ့အထိ တေးမှတ်စရာ မဖြစ်သင့်ဘူးပေါ့။
မောင်နဲ့ စချစ်ခဲ့စဉ်က မွန်တို့နှစ်ယောက် အသက်က ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်။
မောင့်မေမေရဲ့ အပြောကို တဆင့်ပြန်ကြားရတော့ မွန် နှာခေါင်းရှုံ့မိခဲ့တယ်။ အဲဒီအချိန် မောင့်မေမေအသက် ဘယ်လောက်ရှိနိုင်မလဲ။
ပြန်စဉ်းစားကြည့်လိုက်တော့ အသက်လေးဆယ်ကျော်ဆိုတာ သိတ်မှ မကြီးသေးတာပဲ။ သူလည်း အဘွားလို့ အခေါ်ခံဖို့ ဘယ်အဆင်သင့် ဖြစ်ပါ့ဦးမလဲ။
ဒါပေမယ့် ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက်....။ ရည်းစား ပူပူနွေးနွေးရကာစမှာ ဒီလို စကားကြားရတော့ နားထဲ ငရုတ်ရည် လောင်းခံရသလိုပဲ။ ရှက်စိတ်နဲ့ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရတယ်။ ဘယ်သူကရော ခုချက်ချင်း ယူမှာမို့လဲ။
မောင့်ကိုချစ်စိတ်ကသာ ပြင်းထန်ခိုင်မြဲမနေခဲ့ရင် မောင့်မေမေရဲ့ စူးရဲတောက်ပတဲ့ မျက်လုံးအကြည့်တွေကို ရင်မဆိုင်ချင်တာနဲ့ပဲ မွန် နောက်ဆုတ်မိမှာ။ ထက်မြက်တဲ့ မိန်းမတစ်ယောက်ရဲ့ စူးရဲတဲ့ အကြည့်အောက်မှာ ချွေးမ အရွေးမခံချင်မိတဲ့ မွန့်စိတ်ဓါတ်ကရော....
တလွဲမာနများ ဖြစ်နေမလား မသိ။

xxxxxxxxxxxxx
မွန်က ငယ်ငယ်ရွယ်ရွယ်နဲ့ အဘွားဖြစ်ရမှာ ကြောက်စိတ်ကို ဖွင့်မပြောမိအောင် မြိုသိပ်နိုင်ခဲ့ပေမယ့် သားကတော့ အသက် နှစ်ဆယ်ကျော်ကျော်နဲ့ မိန်းမ ခိုးပြေးလာပါတယ်။ ဒီတော့လည်း.....ရင်ထဲက နှမြောဝမ်းနည်းစိတ်ကို ကြိုးစားဖြေသိမ့် ရတော့တယ်လေ။
မိခင်တစ်ယောက်ရဲ့ စိတ်ခံစားချက်ကို မိခင်တစ်ယောက် ကိုယ်တိုင်ဖြစ်လာမှ အလုံးစုံနားလည်စာနာ တတ်မယ်ဆိုတာ တကယ်ပါ။
သားကိုမမွေးခင် ကိုယ်ဝန်ကြီးနဲ့ကတည်းက မေမေ့ကိုစာနာတတ်နေပြီ။ သားကိုမွေးပြီးပြီးချင်း မေမေ့ကို စိတ်ထဲက လက်အုပ်ချီမိုး ကန်တော့မိပြီ။ သားကို ကြီးပြင်းအောင် ပြုစုပျိုးထောင်ရင်း မေမေ့ရဲ့ ပူပင်သောက ချစ်ဇောအဟုန်ကို ကိုယ်တွေ့ခံစား ကျေးဇူးတင်တတ်ခဲ့ပြီ။
ဒါပေမယ့်...သား ချစ်သူထားနေပြီ ဆိုမှ မောင့်မေမေကို ဖြတ်ကနဲ သတိရသွားခဲ့တယ်။ မွန့်ဘဝထဲမှာမောင်နဲ့ အိမ်ထောင်ကျပြီး ကတည်းက အမေနှစ်ယောက် ဖြစ်သွားခဲ့တာ....။ သားမွေးပြီး တလျှောက်လုံးလည်း ကိုယ့်အမေကိုပဲ အမှတ်ထင်ထင်ရှိပြီး မောင့်မေမေရဲ့ ကဏ္ဍကို ခပ်မှိန်မှိန် မေ့လျော့နေမိခဲ့တယ်။ ခု...သား မိန်းမယူတော့မယ်ဆိုမှ မောင့်မေမေရဲ့ ကဏ္ဍက မွန့်ရင်ထဲမှာ ဆလိုက်ထိုးပြလိုက်သလို ထင်း လင်းလာတယ်။
သားကိုနှမြောစိတ်က မိခင်တိုင်း အတူတူပဲနေမှာ....။ အဲဒီ နှမြောစိတ်ရဲ့ ရိုက်ခတ်မှု ကို မြိုသိပ်ထိန်းချုပ် နိုင်စွမ်းတော့ အထူအပါးကွာကြလိမ့်မယ်။
မောင်နဲ့မွန် ခိုးပြေးကြတော့ ချစ်သူသက်တမ်း ငါးနှစ်နဲ့ အသက်နှစ်ဆယ် ရှိကြပါပြီ။ အဲဒီတုန်းက ကိုယ့်ကိုယ်ကို
ငယ်တယ် မထင်ခဲ့ပေမယ့် ခုအချိန် ပြန်တွေးကြည့်တော့မှ ငယ်သေးသလိုပါပဲလား။
လူကြီးတွေ စိတ်ဆိုးပြေလောက်တဲ့ အချိန်.....အရင်ဆုံး မောင့်မေမေဆီ မွန်တို့နှစ်ယောက် ရောက်သွားတော့ အံ့သြဖို့ကောင်းလောက်အောင် မောင့်မေမေ ပြောတဲ့စကားက မွန် ခုထိ မမေ့နိုင်ခဲ့ဘူး။
နှစ်ယောက်စလုံး ကိုယ့်မိဘဆီမှာကိုယ် ဟန်မပျက် ပြန်နေကြပြီး ကျောင်းပြီးဖို့ နှစ်နှစ်လိုတာကို ဆက်တက်ဖို့ရယ်၊ ကျောင်းပြီးသွားမှ မောင့်မိဘတွေ လုပ်ငန်းတစ်ခု ငွေပေါ်မှာနဲ့ အံကိုက်ပဲမို့ မွန့်ကို သူကိုယ်တိုင်တောင်းရမ်းပြီး သေချာ မင်္ဂလာဆောင်ပေးချင်တာရယ်။
ချိုချိုသာသာ နားထောင်ကောင်းအောင် ပြောတာပါပဲ။ ဒါပေမယ့် မွန့်နားထဲမှာ ခါးလှတယ်။ ရင်ထဲမှာလည်း နာလှတယ်။
ပတ်ဝန်းကျင်အားလုံး သိပြီးသားကို မွန်က ဘယ်လိုမျက်နှာနဲ့ အိမ်ပြန်နေရမှာလဲ။ မောင်နဲ့လည်း ဘယ်လို ခွဲနိုင်တော့မလဲ။
သူမို့ မစာမနာ ပြောရက်တယ်လို့လည်း နာကျည်းမိတယ်။
ဒါကြောင့် ကိုယ့်အလှည့်ကျရင် ဒီလို အပြုအမူမျိုး ပြောဆို ဆောင်ရွက်မိခြင်း ကင်းအောင် သတိကြီးကြီးထားခဲ့တယ်။
သားရဲ့ မိန်းကလေးကို ဘယ်လို စကားတစ်ခွန်းနဲ့မှ မခံစားစေချင်ဘူး။ မွန့်ရင်ထဲက မနှစ်မြို့တာ နှစ်မြို့တာထက် သားရဲ့ဆန္ဒကိုပဲ ဦးစားပေးခဲ့တယ်။ သားရဲ့ရင်ထဲက မြတ်နိုးမှု သေချာရင်ပြီးရော.....။
' သားတို့နှစ်ယောက်ကို မေမေကိုယ်တိုင် မင်္ဂလာဆောင်ပေးပါ့မယ်....'
ကိုယ့်တုန်းကလို မင်္ဂလာမဆောင်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက် အဖြစ် တစ်သက်လုံး သိမ်ငယ်မနေစေချင်ဘူး။ ကိုယ်ပိုင်စီးပွားရေး အောင်မြင်လာတဲ့အခါ ငွေဘယ်လောက်ရှိလာပါစေ။ မင်္ဂလာဆိုတာ ပြန်ဆောင်ချင်လို့မှ မရတာ။ မိဘတွေက ကြည်ကြည်ဖြူဖြူ မဆောင်ပေးရင် ကလေးတွေမှာ မျက်နှာငယ်ရတယ်။ နာကျည်း သိမ်ငယ်ရတယ်။ အထူးသဖြင့် မိန်းမသားဖက်က ပိုခံစားရတယ်။
မွန့်တုန်းကလည်း ပညာမစုံခင် ကြင်ယာစုံချင်မိလို့ နှစ်ဖက်မိဘတွေ မကြည်ဖြူကြတဲ့ကြားထဲ မောင့်မေမေရဲ့
စီမံမှုကိုလည်း မလိုက်နာနိုင်ခဲ့တော့ မင်္ဂလာ မဆောင်ပေးခဲ့ဘူး။ ငွေကြေးချို့တဲ့ တဲ့ အသိုင်းအဝိုင်းလည်း မဟုတ်ပါပဲနဲ့ တမင်ကပ်ဖဲ့သလို ဖြစ်လာတဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက်လည်း အမြင်တွေ မကြည်လင်ကြတော့ဘူး။ ဟိုဖက်ကပြောရင် တစ်မျိုး၊ ဒီဖက်ကပြောရင် တစ်မျိုး။ ဟိုဖက်က ပြောရင်လည်းခေါင်းညိတ်၊ ဒီဖက်က ပြောရင်လည်း ခေါင်းမခါရဲနဲ့.... ရူးမတတ် ဗျာများခဲ့ရတဲ့ အချိန်တွေဟာ သိပ်ပူလောင်ခဲ့ပါတယ်။
ငါ့အလှည့်ကျရင် ဒီလို မဖြစ်စေရအောင် ရှောင်ကြဉ်မယ်လို့ သံဓိဋ္ဌာန်ချထားခဲ့တဲ့အတိုင်း အထစ်အငေါ့မရှိ မွန် သဘောထား ကြီးပေးခဲ့တယ်။ မိဘတွေနဲ့ အတူနေရတဲ့ မလွတ်လပ်တဲ့ ထောင်ကျခံရသလို အိမ်ထောင်မျိုး မဖြစ်စေခဲ့ဘူး။ သားကို ချစ်လွန်းလို့ မျက်စေ့အောက်မှာပဲ ထားချင်ပေမယ့် ကိုယ်ချင်းစာစိတ်နဲ့ အိမ် သပ်သပ်ခွဲ နေစေခဲ့တယ်။
အိမ်ထောင်ရှင်ဘဝရဲ့ လွတ်လပ်သာယာမှုကို ထိပါးတဲ့သူဟာ အမေမွန် မဖြစ်စေရဘူး။ မွန့်ချွေးမဖြစ်ရတာ ကံကောင်းစေရမယ်။ မွန်မရခဲ့ဖူးတဲ့ သာယာချမ်းမြေ့ခြင်းတွေ ရစေရမယ်။ မွန် မပိုင်ဆိုင်ခဲ့ရတဲ့ စိတ်သဘော ပြည့်ဝတဲ့ ကြင်နာခြင်းတွေ ရစေရမယ်။ အို....နောက်ဆုံးကွယ်....အမေရင်းတစ်ယောက် ထပ်ရသလိုကို ဖြစ်စေရမယ်။

xxxxxxxxxxx
အဘွားဖြစ်ရမှာ တိတ်တခိုး လန့်နေခဲ့တဲ့ အဘွားတွေ ကမ္ဘာပေါ်မှာ ဘယ်လောက်များ ရှိမလဲ မသိဘူးနော်။ မြေးဦးလေးမျက်နှာ တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးရတဲ့ အခါမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဘွားဖြစ်ရမှာ တွေးကြောက်ခဲ့မိတာကို သတိရပြီး ပြုံးမိတယ်။
မြေးကို ချစ်မြတ်နိုးစိတ်အောက်မှာ ဇရာကို အာခံချင်တဲ့ ဝိုးတဝါးစိတ်တွေ ပျော်ဝင်စီးမျောသွားပြီ။
' သားအချစ် မြေးအနှစ် ' ဆိုတဲ့ အနှစ်သာရထဲမှာ အဘွားတိုင်းရဲ့ အတ္တမာနတွေ ဒီလိုပဲ အရည်ပျော် စိမ့်ဝင်သွားခဲ့တာ ဖြစ်ရမယ်။
လေးဆယ်ကျော်ရုံလေးမှာ အဘွားမွန် ဖြစ်ခဲ့ရပေမယ့် မြေးလေးရဲ့ မပီကလာအသံနဲ့ ' ဘွားရေးညွန် ' လို့ခေါ်သံက နားဝင်မှာ စိမ့်အီနေတာကလား။ ဒီလိုချစ်ဖို့ကောင်းတဲ့ မြေးလေးရမယ်ဆိုတာ ကြိုခံစားတတ်ခဲ့ရင် ဘယ်သူကများ ' ငယ်ငယ်ရွယ်ရွယ်နဲ့ အဘွား မဖြစ်ချင်ဘူး '.....လို့ ပြောပါတော့မလဲ။
မွန် သားကို မွေးပြီးတော့လည်း မောင့်မေမေဟာ သူ့မြေးကို အင်မတန် ချစ်ရှာတယ်။ အတ္တကြီးတယ်လို့ ခပ်ရေးရေး ထင်ချင်ခဲ့တဲ့ မွန့်ရဲ့ မောင့်မေမေအပေါ် အမြင်ဟာလည်း မြေးအပေါ် နှစ်ပြီးချစ်တာ၊ အနွံတာခံတာ မြင်ရတော့ အရောင်လွင့်ချင်သလို ဖြစ်သွားရတယ်။
ဒါပေမယ့် ' ဘယ်အဘွားကို ပိုချစ်သလဲ ' လို့ ဘယ်သူ့ရှေ့မှ မရှောင်ပဲ မေးတတ်တာ....။ သူ့ကို ပိုချစ်တယ် ပြောမှ
သဘောကျတတ်တာ....။ မွန် အလုပ်များလို့ မေမေ့အိမ် သားကို သွားထိန်းခိုင်းထားရင် ဟိုဖက်အဘွားအိမ်ချည်းပဲ လွှတ်ထားရ
ကောင်းလားလို့ မွန့်ကို ရန်လုပ်တာ....။ သူ့ကိုမှ သားက အစစအရာရာ ဦးစားပေးပြီး ချစ်စေချင်တာ.....။ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးကအစ တခြားသူတွေနဲ့အပြိုင် သားရဲ့စိတ်ကို စိုးမိုးပိုင်ဆိုင်ချင်တာ....။
ဘွားမွန်ကတော့ ဒီလို မဖြစ်စေရဘူး။
' တားက ဘွားရေးညွန်ထက် ဘွားဂျီးတိန်းကို ပိုချစ်တယ်ဂျ....'
ဒီလိုများ မြေးလေးကပြောရင် ဘွားမွန်က ဟက်ဟက်ပက်ပက် ရယ်မိတာပဲ။ ကလေးဆိုတော့ စည်းကမ်းနည်းနည်း တင်းတဲ့ ဘွားမွန်ထက် ဟိုဖက်က ဘွားသိန်းကို ပိုချစ်မှာပေါ့။ ဘယ်ဖက် အဘွားကိုပဲချစ်ချစ် မြေးရဲ့ ချစ်တွယ်စိတ်ဟာ မြေးရဲ့စိတ် အရိုးခံအတိုင်း နှောင်ဖွဲ့မှုကင်းကင်း လွတ်လပ်စေရမယ်။ ဖြားယောင်းမှုကင်းကင်း ရှင်းသန့်စေရမယ်။ ဟိုဖက်အဘွား ဒီဖက်အဘွား အပြိုင်နယ်လုမှုကြားမှာ မြေးလေး စိတ်မကျဉ်းကျပ်စေရဘူး။
ဘွားမွန်ထက် ကြင်နာနိုင်မယ်၊ ဖြည့်ဆည်းနိုင်မယ်၊ အနွံတာခံနိုင်မယ်ဆိုရင် မြေးက ဘယ်သူ့ကိုပိုချစ်ချစ် ဘွားမွန်ကကျေနပ်တယ်။

xxxxxxxxxxx
' အဖေကြီးရေ....ကလေးတွေဆီက စာလည်းမလာတာ ကြာလှပေါ့။ နေမှကောင်းကြရဲ့လား မသိဘူး။
ရှေ့အပတ် ကျုပ်တို့ အလည်သွားရအောင်နော်....'
လောကီလူ့ဘဝ ယန္တရားကြီးမှာ လည်ရင်းပတ်ရင်း အလုပ်တာဝန် ဝတ္တရားတွေနဲ့ သားတို့မိသားစုက တနယ်တကျေး ရောက်သွားတော့လည်း ဒေါ်သစ်သစ်မွန်က အဝေးကနေ မေတ္တာပို့ပြီး မျှော်လွမ်းရသူပေါ့။
တစ်ခါတစ်လေ နှစ်ပေါက်တဲ့အထိ သားတွေသမီးတွေ မြေးတွေကို မတွေ့မမြင်ရတဲ့အခါ အဘိုးအဘွား နှစ်ယောက်စလုံး နေမထိ ထိုင်မသာနဲ့....။ ကိုယ့်ဆီ သူတို့ လာမလည်နိုင်တဲ့အခါ ကိုယ်က သူတို့ဆီ လိုက်တွေ့ရတော့တယ်။
ဘာပဲဖြစ်ဖြစ် အလွမ်းပြေ မြင်ချင်တွေ့ချင်တာသာ အဓိက မဟုတ်လား။ သူကလာလာ ကိုယ်ကသွားသွားပေါ့။
သား၊ သမီးနဲ့ မြေးတွေက အတူလာနေဖို့ ခေါ်ကြပေမယ့် ကိုယ့်မိသားစုနဲ့ကိုယ် ဟန်ချက်ညီ လှုပ်ရှားရုန်းကန်နေရတဲ့ ခေတ်ကြီးထဲမှာ အဘိုးကြီးအဘွားကြီးနှစ်ယောက် ဘယ်နေရာ ဝင်ကူညီရမယ်မှန်း မသိ....၊ ဘယ်ချောင်ကပ် နေရမယ်မှန်း မသိနဲ့လည်း ဝင်မရှုပ်ချင်တော့ပါဘူး။ သားနဲ့သမီး အိမ်ထောင် ကိုယ်စီကျကာစ ကတည်းက နေလာခဲ့ရင်လည်း အဟုတ်သားလေ။
အတူတူနေမယ်လို့ စိတ်ကူးထားတဲ့ သမီးလေးက တပြည်ရပ်ခြားက လူနဲ့မှ ဖူးစာဖက် ဖြစ်လာခဲ့တဲ့အခါ...၊ သမီးနောက်လည်း တပြည်တနိုင်ငံကို မလိုက်ချင်။ နေသားကျပြီးသား သားဆီလည်း အနေအထားပြောင်းပြီး စိတ်ကျဉ်းကျပ်ကြမှာ စိုးလို့ မသွားချင်နဲ့....။
တော်သေးတာက အဘိုးကြီး အဘွားကြီး နှစ်ယောက်လုံး ဆိုးဆိုးရွားရွား ရောဂါရယ်လို့ မရှိ၊ ကျန်းမာကြတာပဲ။
ရှယ်ယာဝင်ထားတဲ့ ကုပ္မဏီလေးကလည်း ပုံမှန်ဝင်ငွေလေး ကောင်းနေတယ်လေ။ ဘယ် သားသမီးဆီကမှ လက်ဖြန့်စရာမလိုပဲ ကိုယ်ကတောင် မြေးတွေကို မုန့်ဖိုး ဖောဖောသီသီ ပေးနိုင်တဲ့ကံက နည်းတဲ့ အိုဇာတာ ကောင်းမှုလား။
ဒါပေမယ့်.....နှစ်ယောက်ထဲက တစ်ယောက်ယောက်သာ မရှိတော့ရင်လို့ တွေးမိတိုင်း အားငယ်လှပ်ဟာသွားတဲ့ စိတ်ဟာ ဘာနဲ့မှ မတူအောင် ပြင်းထန်ပါတယ်။
ဒီအရွယ်မှာ လူကြီးမိဘတွေကို သားသမီးတွေက သိုင်းသိုင်းဝန်းဝန်းနဲ့ နွေးထွေးဖေးမဖို့ အသင့်ဆုံးအချိန်ပဲ ဆိုတာသိရှိခံစားလာရတော့ ဖြတ်ကနဲ လန့်သွားမိတယ်။ အမေနဲ့အဖေ့ကိုရော၊ ယောက္ခမကြီးတွေကိုရော သတိရသွားပြီလေ။
အဖေနဲ့အမေကတော့ မောင်လေးမိသားစုနဲ့ တစ်သက်လုံး နေသွားတာမို့ ပူစရာမလိုပေမယ့် ယောက္ခမကြီးနှစ်ယောက် ဘယ်လို နေထိုင်ခဲ့ပါလိမ့်လို့ ခုမှ တွေးမိတယ်။ မောင်အပါအဝင် သားသမီး သုံးယောက်လုံးက တနယ်တကျေးစီ ရေကြည်ရာမြက်နုရာ နေထိုင်ကြတဲ့အခါ အဘိုးကြီးအဘွားကြီးနှစ်ယောက်ထဲ ရန်ကုန်မြို့လယ်က တိုက်ခန်းကျဉ်းထဲမှာ ဘယ်လောက် အထီးကျန်လိုက်ကြမလဲ။
သားသမီးတွေ အလုပ်ကိစ္စရှိလို့ ရန်ကုန်ရောက်လာတဲ့ အခါတိုင်း သုံးရက်ကိစ္စဆိုရင် ငါးရက်လောက်ကြာအောင်၊
ငါးရက်ကိစ္စဆိုရင် တစ်ပတ်လောက်ကြာအောင် အတင်းဆွဲထားတတ်ကြတာ.....။ ဟိုတုန်းကတော့ စိတ်ရှုပ်မိတယ်။
ငါ့အလှည့်ကျ ဒီလိုမလုပ်မိစေရဘူးလို့ တွေးထားတဲ့အတိုင်း ဒီအရွယ်ရောက်လာတော့ အထီးကျန်လှတဲ့ စိတ်ကို
အတင်းချိုးနှိမ်ပြီး.....' သားရယ်.....ပြန်တော့မယ်လား....'.....လို့ ပြောမိရင်တောင် ကိုယ် အရှိန်သတ်ပြီး မနည်း တံတွေးမြိုချရတယ်။
အော်.....ငါ ငယ်ငယ်က လူကြီးဘဝကို ကိုယ်ချင်းစာနိုင်ဖို့ ဒီ့ထက်မက ကြိုးစားသင့်တာပဲ။ ကိုယ်တိုင်အသက်ကြီးမှ လူကြီးတွေ ရင်ထဲက ခံစားချက်ကို တိတိကျကျ ခံစားတတ်တာပါလား..... လို့လည်း နောင်တရမိတယ်။
တကယ်က.... ဘဝရဲ့ ဆည်းဆာချိန်ဆိုတာ..... လွမ်းမောစရာကြီးပါလား....။

xxxxxxxxxxxxx
ဘဝရဲ့ နေဝင်ချိန်ဆိုတာ ကိုယ်တကယ် ရောက်လာတဲ့အခါ တရားထုံးတွေကို ဘယ်လိုပဲ နှလုံးမူထားပေမယ့်
ရောက်လာကြတဲ့ သားနဲ့သမီးရဲ့ လက်တွေကို ဆုပ်ကိုင်ထားရတာကိုက အားရှိလိုက်တာ....။ တရားစခန်းတွေမှာ အကျင့်ရပြီးသားပေမယ့် မသေခင် သားသမီးနဲ့ မြေးတွေကို မြင်ချင်မိသေးတာ...၊ အဘွားမွန်လည်း ပုထုဇဉ်ပဲကိုး။
အမေ့အသက်ကို မမီလိုက်တဲ့ အဘွားမွန်ခင်ပွန်းရဲ့ ပူဆွေးသောကကို ဘေးကနေ မြင်ခဲ့ဖူးပေမယ့် မသေခင် သားမျက်နှာ မမြင်လိုက်ရတဲ့ ယောက္ခမကြီးရဲ့ ရင်တွင်းခံစားချက်ကို ခုမှ အသနား ပိုနေမိတယ်။
ဘဝတစ်လျောက်လုံး ယောက္ခမကြီးနဲ့ နှိုင်းယှဉ်ပြီး သူ့လိုမလုပ်ဘူး၊ သူ့လို မဖြစ်စေရဘူး..လို့ အရာရာကို ပြုမူကျင့်ကြံခဲ့တာ..။
နေ့တစ်နေ့နဲ့ ဥပမာတင်ရရင်..... ကလေးဘဝ လို့ဆိုရမယ့် အာရုဏ်ဦးအချိန်လေးပဲ အပူကင်းပြီး ကြည်လင်သန့်စင်ခဲ့တယ်။
အရွယ်လေး ရောက်လာသလို နေလေးပွင့်လာတာနဲ့ နွေးထွေးလာလိုက်တာ...။ နေမြင့်လေ ပူနွေးလာလေ...။
ဘဝရဲ့ မွန်းတည့်ခါနီးအချိန် သုံးဆယ်ကျော်မှာ အတ္တအပူလှိုင်းတွေဟာ အစပျိုး အရှိန်ယူနေခဲ့တယ်ပဲ ဆိုပါစို့။
မွန်းတည့်ချိန် လေးဆယ်ကျော် အရွယ်မှာတော့ မောဟတွေဟာ အရှိန်ညီးညီး တောက်ပြောင်နေခဲ့ပြီ။
ငါးဆယ်ကျော် မွန်းလွဲချိန်ဟာလည်း တစ်ခါတစ်လေ အခန့်မသင့်ရင် မွန်းတည့်ချိန်လို ပူလောင်ချင်သေးတာပဲ။
ခြောက်ဆယ်ကျော် ညနေစောင်း ဆည်းဆာရိပ် သန်းလာမှ အပူရှိန်လျော့ပြီး လေပြေလေးတွေ သုတ်ဖြူးလာတတ်တာမဟုတ်လား။
ခုနစ်ဆယ်ကျော် ညနေချမ်း နေဝင် အမှောင်ရောက်လာတော့ နေ့တစ်နေ့ရယ် ကုန်ပြန်ပေါ့.....လို့ သံဝေဂ စိတ်ကလေးနဲ့ တရားရလာချိန်မှာ....ဒေါ်သစ်သစ်မွန်ဆိုတဲ့ ပညတ်တစ်ခုဟာ မောဟရထားကြီးစီးလာမိတာ..၊ တစ်နေ့တာကုန်ပြီမို့ နောက်ဆုံးဘူတာကို ဆိုက်ရောက်ရတော့မယ်လေ။
ဒီအချိန်မှာ နိုင်ငံခြားကရောက်လာတဲ့ သမီးငယ်လေးမျက်နှာဟာ မွန်းတည့်ချိန်နေတစ်စင်း လို တောက်ပထိန်ညီးနေတာ ကို ဒေါ်သစ်သစ်မွန်များ သတိထားမိခဲ့ရင်....။
ဒါပေမယ့် ဘယ်သူမှ သတိမထားမိသလို သမီးကိုယ်တိုင်လည်း သူ့ကိုယ်သူ မသိရှာပါဘူး။
ဒီလိုသာ လူတိုင်းကြိုတွေးတတ်ခဲ့ရင် အသက်ရှင်စဉ်ကာလပတ်လုံးမှာ ဒေါသ၊ လောဘ၊ မောဟတွေကို ဖက်တွယ်ထားရဲ ပါတော့မလား။

xxxxxxxxxxxxx
ဝေ (စီးပွားရေးတက္ကသိုလ်) နိုဝင်ဘာလ ၂ဝဝ၈ ...ပေဖူးလွှာမဂ္ဂဇင်း

3 comments:

  1. အမေတွေက သားတွေချစ်သူရရင် ငိုတောင် ငိုကြသတဲ့။ ညီမ အမေဆို မျက်ရည်တွေဝဲလို့... တငိုင်ငိုင်နဲ့။ ခုတော့လည်း နေသားကျသွားတာပါပဲ။ အဘွားမွန်ရဲ့ စိတ်ထားလေး သိပ်ကိုကောင်းပါတယ်။ ချွေးမတော့ ကံကောင်းတာပဲ။း)

    ReplyDelete
  2. အတွေးလေးနဲ့ စွဲခေါ်သွားလိုက်တာ....

    ReplyDelete
  3. တရားစခန်းတွေမှာ အကျင့်ရပြီးသားပေမယ့် မသေခင် သားသမီးနဲ့ မြေးတွေကို မြင်ချင်မိသေးတာ...၊ အဘွားမွန်တင်မကပါဘူး.. အဘွားတိုင်းပါပဲလေ...။

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

    ReplyDelete