အိပ်မက်ပြယ်ချိန်

ဒီနေ့ မိုးလင်းတာ သိပ်နာက်ကျတာပဲ။
           ဆောင်းတွင်းမို့ ညတာရှည်နေပြီး အရုဏ်ကျင်းဖို့ ရှင်နေမင်းက အမှောင်ခွင်းနောက်ကျနေတာလား။ ကျွန်တော်ကပဲ မျှော်လင့်ဇော ကြီးမားနေလို့ အိပ်မပျော်ပဲ ညတာရှည်နေတာလား။
           ခု...ဘယ်အချိန်လောက် ရှိနိုင်မလဲလို့ အာရုံပြုနားစွင့်လိုက်တော့ အိမ်ရှေ့လမ်းမပေါ်မှာ ချိုးချိုးချွတ်ချွတ် လမ်းလျှောက်သံတွေ
နီးလာလိုက်၊ ဝေးသွားလိုက်နဲ့ မကြာမကြာ ကြားနေရပြီ။ ဒါဆို မနက်စောစော လမ်းလျှောက်သူတွေ သွားစပြုပြီဆိုတော့ လေးနာရီ ကျော်လောက်ပေါ့။ မကြာခင် ကျေးငှက်သံလေးတွေ တစီစီနဲ့ ပဲပြုတ်သယ်သံ၊ ဆိုက်ကားသံတချို့ပေါ်လာမယ်။
           တဖြေးဖြေး ပြတင်းပေါက်တွေ ပိတ်ထားတဲ့အိမ်ထဲကိုလည်း အလင်းတချို့ ရသလောက်တိုးဝှေ့ ၀င်လာပြီဆိုရင်တော့ ထမင်းချက် အမကြီးကထလာပြီး ကျွန်တော်တို့အလုပ်သမားသုံးယောက် အိပ်နေတဲ့ နောက်ဖေးဆောင်တံခါးကို လာဖွင့်မှာ...။ ကျွန်တော်တို့ကိုလည်း
“ ကောင်လေးတွေ ထကြတော့ဟေ့..” လို့ တံခါးကို တဒုန်းဒုန်းထုပြီး နှိုးတော့မှာ...။
           အရင်မနက်တွေကတော့ အဲဒီအသံဟာ ငှက်ဆိုးထိုးသံပါပဲ။ အိပ်လို့ကောင်းနေတုန်းမှာ ခေါင်းရင်းကနေ မထမချင်း တဒုန်းဒုန်း
ထုနေတာကိုး။ ဒီနေ့တော့ အဲဒီငှက်ဆိုးထိုးသံကိုပဲ နားစွင့်နေမိတယ်။ မိုးမြန်မြန်လင်းစေချင်ပြီ။ ဆိုင်မြန်မြန်ဖွင့်ချင်လှပြီ။ မနက်ခုနစ်နာရီခွဲ
ဆိုရင် ကျွန်တော်တို့ဆိုင်စဖွင့်ပြီလေ။
           ကားနဲ့ဆိုင်ကယ်အပိုပစ်္စည်း အရောင်းဆိုင်ကြီးက အဝေးပြေးလမ်းမကြီးပေါ်မှာ..၊ ပစ်္စည်းမှန် ဈေးမှန် အမယ်လည်းစုံတဲ့အပြင် ဆိုင်ကယ်အပြင်ဆိုင်နဲ့ လေထိုးလေချိန် ရေဆေးဆိုင်ပါ ဘေးမှာတွဲဖွင့်ထားတော့ တစ်နေကုန် အလုပ်ကပြတ်တယ်မရှိဘူး။ အလုပ်သမားတွေ
အများကြီးထဲမှာ အိမ်မှာအိပ်၊ အိမ်မှာစားတာ ကျွန်တော်အပါအ၀င်သုံးယောက်ပဲ ရှိတယ်။ ကျွန်တော်ကတော့ အိမ်သားတစ်ပိုင်းပါပဲ။
ဆိုင်ရှင်ကြီးကြီးနဲ့ ကျွန်တော့်အမေနဲ့က ဘယ်နှစ်ဝမ်းကွဲဆိုလဲ ညီအမတော်သတဲ့။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကမှ ကြီးဒေါ်က ရုတ်တရက်ပေါ်လာပြီး ကျွန်တော့်ကို လာခေါ်တာပါ။
           “ မြရင်ရယ်...ညည်းမိုက်ပြစ်တွေကို ကလေးတွေထိ အမွေပေးနေတာလားအေ။ သားကဖြင့် လူပျိုပေါက်ဖြစ်နေပြီး စာတစ်လုံး
             တတ်အောင်တောင် သင်မပေးနိုင်ကြဘူး။ ဒီလို အရက်သမားအဖေနဲ့ အတူနေရင် ညည်းသားပါ အရက်သမားဖြစ်မှာပဲ။
             ငါနဲ့ထည့်လိုက်၊ ဆိုင်ကယ်ပြင်ဆိုင်မှာ လုပ်ရင်းကိုင်ရင်းက ပညာတတ်သွားရင် ကလေးအတွက် တက်လမ်းရှိတယ်...”
           အမှန်က မိဘတွေအပြစ်မဟုတ်ပါဘူး။ ကျွန်တော်ကကို ကျောင်းစထားကတည်းက ကျောင်းကနေ လစ်လစ်ပြေးလွန်းလို့
စာတစ်လုံးမှ မတတ်ခဲ့တာပါ။ ဒါပေမယ့် အဖေက ကျွန်တော်ကျောင်းမသွားမှန်း မသိလောက်အောင် တစ်နေကုန်မူးနေတာလေ။
           ကြီးကြီးနောက်လိုက်ရမယ်ဆိုတော့ ကျွန်တော်စိတ်ညစ်သွားသေးတယ်။ အိမ်မှာက ဆင်းရဲပေမယ့် လွတ်လပ်တယ်လေ။ ထမင်း
နပ်မမှန်ပေမယ့် အဖေ့ကိုအရက်သွားဝယ်ပေးရင်း တစ်ကျိုက်နှစ်ကျိုက်လောက် မော့ရတဲ့အရသာကိုလည်း ကျွန်တော်စွဲနေပြီ။ ပြီးမှ အဖေမသိ အောင် ပုလင်းထဲရေရောပေးလိုက်တာပဲ။အမေကလည်း ကျွန်တော်ရေရောနေတာတွေ့တော့ “ ကောင်းတယ်သား။ ဒါမှ မင်းအဖေရောဂါမရမှာ။ နောက်ဝယ်ခိုင်းတိုင်း ရောသာရော...” တဲ့။ အရက်က ကျွန်တော့်ဗိုက်ထဲ တစ်ဝက်လောက်ရောက်သွားမှန်းတော့ အမေက မသိရှာဘူး။
           အိမ်မှာ အဖေက တစ်နေကုန်အရက်သောက်နေပြီး အလုပ်မယ်မယ်ရရမလုပ်တော့ မိသားစုခြောက်ယောက် အသက်ဆက်ဖို့အတွက်
အမေ့မှာ ခါးကျိုးမတတ်လုပ်ရရှာတယ်။ ကျွန်တော်ကလည်း ကြုံရာအလုပ်ဝင်လုပ်ပြီး ရသမျှတော့ အမေ့လက်ထဲထည့်ပါတယ်။                          
          မိသားစုနဲ့နေရတာ ပင်ပန်းပေမယ့် ကျွန်တော်ပိုပျော်တယ်။ စားစရာမရှိလို့ ရေသောက်ဗိုက်မှောက်နေရလည်း ညဖက် ဘော်ဒါတွေ
လာခေါ်ရင် ဗွီဒီယိုရုံထဲ သွားတိုးထိုင်ပြီး ပျော်ကြရတာပဲ။ အဖေ့ဆေးလိပ်တိုတွေလည်း ယူပြီးဖွာနေရရင် တမျိုးဇိမ်ရှိတာပဲ။ အဖေကတော့ ကျွန်တော့်ကိုမထည့်ဘူး၊ မခွဲနိုင်ဘူးလို့ အကြောက်အကန်ငြင်းသေးတယ်။ ကျွန်တော်က သားအကြီးဆုံးဆိုတော့ အဖေ အားကိုးရှာမှာပေါ့။
           “ ခင်ဗျားသားကို အလကားခေါ်ထားမှာ မဟုတ်ဘူး။ တစ်လကို စရိတ်ငြိမ်းနှစ်သောင်းနဲ့ သုံးလစာ ငွေခြောက်သောင်း ခုချက်ချင်း
             အလုံးအခဲလိုက် ခင်ဗျားတို့ကို ပေးခဲ့မှာ။ ခင်ဗျားစဉ်းစားပေါ့။ မခွဲနိုင်ရင်လည်း ပြီးတာပဲ...”
           အတူလိုက်လာတဲ့ ကြီးကြီးရဲ့ယောကျာ်းက အသံသြဇာကောင်းကောင်းနဲ့ ဟိန်းဟောက်လိုက်တော့မှ အဖေလည်း ပြာပြာသလဲ ဖြစ် သွားတယ်လေ။ ငွေဆိုတာကလည်း လူ့သည်းခြေကြိုက်မို့ သူမခွဲနိုင်ဘူးဆိုတဲ့ကျွန်တော်ကို လိုက်သွားဖို့ ဖျောင်းဖျတော့တာပဲ။   
           ကျွန်တော်က မလိုက်ချင်ဘူး။ မိဘတွေရမယ့် ငွေဟာ ဈေးရင်းလေးရမှာမို့ မက်လောက်ပေမယ့် ကျွန်တော်ကစာမတတ်တော့
ဆိုင်မှာအရောင်းအ၀ယ်လုပ်ရမှာ ကြောက်နေတယ်။ အရင်က လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးဝင်လုပ်ဖူးပေမယ့် အဲဒါက ပိုက်ဆံကို
တွက်ရုံပဲတွက်ရတာ။ ကား၊ ဆိုင်ကယ်အပိုပစ်္စည်းဆိုတော့ အင်္ဂလိပ်အခေါ်ဝေါ်တွေ၊ စာတွေမဖတ်တတ်တဲ့ကျွန်တော် အားငယ်မိတယ်။
           ဒါပေမယ့် အမေ့ခင်မျာ ရပ်ကွက်ထဲမှာ ကြုံရာကျပမ်းလုပ်နေရရှာတာ။ ဈေးရင်းလေးရရင် လက်သုပ်စုံဖြစ်ဖြစ်၊ မြေပဲလှော်ဖြစ်ဖြစ်
ရောင်းဦး။ ခုထက်တော့ သက်သာရှာမယ်လို့ တွေးမိတယ်။ ဘဘနဲ့ကြီးကြီးကလည်း အားမငယ်ဖို့၊ တဖြေးဖြေး စာတတ်အောင်သင်ပေးမယ်လို့ ပြောပါတယ်။
           တကယ်လည်း သူတို့သင်ပေးလို့ ခုဆို အင်္ဂလိပ်စာရော၊ မြန်မာစာပါ အတော်ဟုတ်နေပြီ။ ဒါပေမယ့် အမေကတော့ အိမ်တကာ
လှည့်ပြီး အ၀တ်လျှော်နေရတုန်းပါပဲ။ တစ်လုံးတစ်ခဲတည်း ရလိုက်တဲ့ပိုက်ဆံက အကြွေးဆပ်ရတာနဲ့၊ ပေါင်ထားတာတွေ ရွေးရတာနဲ့၊
ဈေးမရောင်းတတ်လို့ အရင်းပြုတ်သွားတာနဲ့...။ အားလုံးလည်း ဆန်ကွဲကြဲပက်လိုက်သလိုပါပဲ။
           အစကတော့ အဖေက “ မင်းမပျော်ရင် ဒီသုံးလစာအကြွေးကျေရင် ပြန်လာပေါ့ကွာ...” လို့ နှစ်သိမ့်သေးတယ်။ ဒါပေမယ့် ကြိုပေးထားတဲ့ငွေ မပြည့်ခင် အဖေက ခဏခဏရောက်လာပြီး ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ ထပ်တောင်းတော့ ကျွန်တော့်လုပ်အားခက အမြဲ လေးငါးလစာ အကြွေးတင်နေတာ..၊ ကျေတယ်လို့မှ မရှိပဲ။ ကျွန်တော်လည်း ဒီအလုပ်မှာ ပျော်ပျော် မပျော်ပျော် ခြေချုပ်မိနေတာပေါ့။     
           စည်းကမ်းကြီးတဲ့ ကြီးကြီးတို့အိမ်မှာ အစကတော့ ကျွန်တော်မပျော်ဘူး။ ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရ၊ ဘယ်မှလဲ ထွက်မလည်ရ။ တစ်နေကုန် ဈေးရောင်းနေရပြီး တစ်ခါတစ်လေ သူငယ်ချင်းလာလို့မှ စကားထွက်ပြောတာ ကြာရင်တောင် ဆူခံရတယ်။
           တီဗွီကတော့ ဆိုင်ထဲမှာ နံရံကပ်ထားပြီး ဖိုက်မူဘီဆိုလား မီးလာချိန်တိုင်း ဖွင့်ထားတာမို့ မကြည့်ချင်မှအဆုံးပါ။ ကျွန်တော်က ဇာတ်ကားဆို ဘာလာလာ အကုန်ကြိုက်တာမို့ စရောက်ကတည်းက ဒီအိမ်မှာမပျော်ပေမယ့် ဒီတီဗွီကြီးကတော့ ကျွန်တော့်ရဲ့အဖော်ပဲ။


           ခုတော့လည်း တဖြေးဖြေးနေသားကျလာတော့ အိမ်ပြန်ရင်တောင် နေတတ်ပါ့မလားလို့တွေးမိတယ်။ အိမ်မှာဆို မိုးလင်းတာနဲ့ ရေအ၀သောက်ပြီး အလုပ်ဘယ်သူလာခေါ်မလဲ။ ပန်းရံနောက်ပဲ လိုက်ရမလား။ နေ့လည်လောက်ထိ အလုပ်မရသေးရင် ဆန် ဘယ်က ချေးရမလဲ။ အူတကြုတ်ကြုတ်နဲ့ ပူပန်နေရတာ။
           ဒီမှာတော့ မျက်စေ့နှစ်လုံးပွင့်တာနဲ့ ၀မ်းရေးအတွက် ဘာတစ်ခုမှ တွေးမပူရဘူး။ တီဗွီလေးကြည့်လိုက်၊ ရောင်းစရာရှိတာလေး ရောင်း၊ အပြင်ဆိုင်မှာ ကူစရာရှိရင်ကူ၊ စားချိန်တန်တော့စား၊ ရေချိုးချိန်တန်တော့ရေချိုး။ အိမ်မှာဆို ရေချိုးဖို့က ရပ်ကွက်နောက်ကျောက ရေတွင်းမှာ ရေငင်ရသေးတာ။ ထမင်းဟင်းချက်ဖို့လည်း လေးငါးခေါက် ထမ်းပေးရသေးတယ်။ ဒီမှာတော့ စည်ပင်ကလာတဲ့ရေကို ကန်ကြီးထဲအပြည့်ထည့်ထားတာ...၊ ချိုးပါလေ့ ပေါလိုက်တဲ့ရေတွေ..။ အိပ်ချိန်တန်တော့လည်း အိမ်မှာလို ခနော်ခနဲ့ကြမ်းပေါ်မှာ ဖျာမပါခေါင်းအုံးမပါ မဟုတ်ဘူး။ ကုတင်ပေါ်က အိပ်ရာထက်မှာ အမ်ပီဖိုးလေးနားထောင်ရင်းအိပ်...။
           အင်း.အမ်ပီဖိုးဆိုလို့ မိုးကလည်းလင်းခဲလိုက်တာနော်။ထမင်းချက်အမကြီးများ မေ့ပြီးအိပ်ပျော်နေတာလား။ ဒီလိုပဲ တစ်ခါတစ်လေ
ညနက်ထိ တီဗွီကြည့်ရင်း အိပ်ရာစောစောမထနိုင်လို့ ဆိုင်ဖွင့်နောက်ကျတဲ့ ရက်တွေလည်းရှိတတ်တယ်လေ။
           အလင်းတချို့လည်း အိမ်ထဲတိုးဝင်နေပြီ။ လူသံသူသံတွေလည်း ကြားစပြုပြီမို့ ခြောက်နာရီတော့ ကျော်လောက်ပါပြီ။
ဘေးကုတင်က ဟိုနှစ်ကောင်ကို လှမ်းကြည့်တော့ အိပ်နေလိုက်တာမှ သိုးလို့။ နားမှာလည်း ကိုယ်စီနားကြပ်တွေ တန်းလန်းနဲ့။ ညက
အမ်ပီဖိုးနဲ့ သီချင်းနားထောင်ရင်း အိပ်ပျော်သွားပုံရတယ်။ ဒီကောင်တွေက အဲလိုပဲ။ ပစ်္စည်းကို မရိုသေကြဘူး။ ကျွန်တော်ကတော့ အဲဒီလို
နားထောင်ရင်း ဘယ်တော့မှ အိပ်မပစ်ဘူး။ အိပ်ချင်လာရင် သေချာသိမ်းပြီးမှ အိပ်တာ။
           “ ခုနောက်ပိုင်း အမ်ပီဖိုးတွေက ဈေးပေါသလောက် သိတ်အကြမ်းမခံဘူးကွ။ ရိုရိုသေသေမကိုင်ရင် ခဏလေးနဲ့ပျက်တတ်တယ်...”
လို့ ဘဘကပြောတာ ကျွန်တော်သေချာမှတ်ထားတယ်။ ခုတော့ အဖေများ မလုပ်တတ်မကိုင်တတ်နဲ့ ကလိရင်း ပျက်သွားပြီလား
မသိပါဘူးဗျာ။ ကျွန်တော့်အမ်ပီဖိုးလေး မနေ့က အဖေယူသွားတယ်လေ။
           ကျွန်တော်က မပေးချင်ပါဘူး။ကျွန်တော့်လက်ထဲရောက်တာတောင် ငါးရက်ပဲရှိသေးတာ။ အမ်ပီဖိုးနဲ့ ဓါတ်ပုံတို့ ဗွီဒီယိုတို့လည်း ရိုက်လို့ရတယ်။ ဂိမ်းလည်းဆော့လို့ရတယ်ဆိုပေမယ့် ကျွန်တော်ကိုယ်တိုင်လည်း ဘာကဘယ်လို လုပ်ရတယ်မှန်း သိတ်ကျွမ်းကျင်သေးတာ မဟုတ်ဘူး။ ပစ်္စည်းဈေးတွေကျလို့ အမ်ပီဖိုးတစ်လုံးမှ နှစ်သောင်းကျော်ပဲ ရှိတော့တယ်ဆိုပေမယ့် ကျွန်တော့်အတွက်ကတော့ ဓူဝံကြယ်ကို လှမ်းကိုင်မိသလို သိတ်ဝေးကွာခက်ခဲလွန်းတဲ့ စိတ်ကူးအိပ်မက်တွေပါ။ ကြီးကြီးဆီရောက်လာမှ အိပ်မက်တွေကို ထိတွေ့ခွင့်ရလာတာ။
           ကျွန်တော့်ထက်အရင်ရောက်နေတဲ့ ဟိုနှစ်ကောင်မှာ တစ်ယောက်ကမိဘမဲ့ဆိုတော့ သူ့လခသူ စိတ်ကြိုက်သုံးနေတာ။
တစ်ယောက်ကတော့ မိဘရှိပေမယ့် သူ့လခကို တစ်ဝက်ပဲယူတာတဲ့။ တစ်ဝက်က သူ့ကိုယ်ပိုင်။ ဒီတော့ ဂျင်းဘောင်းဘီဆိုလည်း ၀ယ်လိုက်ကြတာပဲ။ ဂျင်းအင်္ကျီဆိုလည်း ၀ယ်လိုက်တာပဲ။ အရင်က ငါးသောင်းခြောက်သောင်းရှိတဲ့ အမ်ပီဖိုးတွေ နှစ်သောင်းသုံးသောင်းနဲ့ ရပြီဆိုတော့လည်း တစ်ယောက်တစ်လုံးစီ ၀ယ်ကြပြန်တယ်။
           ကျွန်တော်ကတော့ ဂျင်းဘောင်းဘီဆိုလည်း ဘဘငယ်ငယ်က ၀တ်တဲ့ဟာဆိုပြီး ကြီးကြီးကထုတ်ဆင်ရတယ်။ မတော်တရော်
ပွပွကြီးလည်း ၀တ်ရတာပဲ။ အင်္ကျီဆိုလည်း ကြီးကြီးရဲ့သားအကျတွေ ၀တ်ရတာပေါ့။ ဒါပေမယ့် ဒီကောင်တွေက အမ်ပီဖိုးလည်း ကိုယ်စီ
ဝယ်ရော၊ ကျွန်တော် မျက်နှာငယ်ရတော့တာပဲ။ ဒီကောင်တွေက အမ်ပီဖိုးတွေ တကွိကွိနဲ့ကလိကြ၊ သီချင်းတွေနားထောင်ကြနဲ့..။               
           အားကျတာပေါ့ဗျာ။ ကျွန်တော်လည်း လူငယ်ပဲ၊ ကိုင်ချင်တာပေါ့။ ကလိချင်တာပေါ့။ ကျွန်တော့်လခနဲ့ဆို တစ်လကုန်ရင် ၀ယ်လို့ရပြီဆိုပေမယ့် အဖေက ခဏခဏလာလာတောင်းတော့ အကြွေးက လေးငါးလစာ တင်နေတာလေ။
           ဟိုတလောကတောင် အမေက ဆိုင်လိုက်လာပြီး အဖေ့အကြောင်းတွေ လာတိုင်သွားသေးတယ်။ ကြီးကြီးကိုမမေးရဲလို့ အဖေ ပိုက်ဆံတွေကြိုယူထားတာ ဘယ်လောက်တောင်ရှိပြီလဲလို့ ကျွန်တော့်ကို တိုးတိုးတိတ်တိတ်မေးတာ...။ ငါးလစာကျော်နေတာသိတော့
ရင်ဘတ်ကိုဖိရှာတယ်။ အမေ့ကိုလည်း အဲဒီပိုက်ဆံတွေမပေးဘူးတဲ့။ ကွက်သစ်ဖက်မှာ မယားငယ်တစ်ယောက်ယူထားတယ်လို့ ကြားနေတာ။
ဒါဆို ဟုတ်နေပြီထင်တယ် ဆိုပြီး အမေဒေါနဲ့မောနဲ့ ပြန်သွားတယ်။
           ကြီးကြီးက သိသွားတော့ အဖေ့ကို ပြောလိုက်တာဆိုတာ နှစ်ပြားမတန်ဘူး။ အမေက အပျိုဘ၀တုန်းက ဆွေဂုဏ်မျိုးဂုဏ်ရှိတဲ့
မိဘအသိုင်းအ၀ိုင်းကတဲ့။ ကလေကချေ အရက်သမားအဖေ့ကို ယူရကောင်းလားလို့ စွန့်ပစ်ထားကြတာ...။ အမေ့မိဘတွေ သေသာသွားရော၊
ခုချိန်ထိ ဆွေပြတ်မျိုးပြတ် အမွေပြတ်ပဲတဲ့။ ခုတော့ အမေ့အကိုရင်း အမရင်းတွေက နိုင်ငံခြားမှာချည်းပဲတဲ့။ အဖေကလည်း လက်ကြော မတင်းတော့ အမေ့ခင်မျာ ငယ်ရုပ်တောင်မပေါ်နိုင်လောက်အောင် ဘ၀အထုအထောင်းတွေ ခံနေရရှာတာ။ အဖေက လင့်ဝတ်္တရားမကျေရုံတင် မက မယားငယ်ပါထပ်ယူလို့ကတော့ အမေ့ကိုကွာရှင်းခိုင်းပြီး နိုင်ငံခြားက အကိုအမတွေဆီ ပို့ပစ်မယ်တဲ့။ ကြီးကြီးက ကြိမ်းမောင်းနေပြီ။
           အဖေကလည်း အဖေပဲ။ မယားငယ်နေတဲ့ကိစ်္စက ဟုတ်တယ်တဲ့။ အရက်သောက်လွန်ပြီး မှားသွားတာပါတဲ့။ အမေက ကျွန်တော့်ကိုတော့ တိုးတိုးတိတ်တိတ် ရင်ဖွင့်ရှာတယ်။ ဒါပေမယ့် နောက်မသွားတော့ပါဘူးလို့ တောင်းပန်တယ်တဲ့။ ကြီးကြီးကိုတော့ အမေကအမှန်အတိုင်း မပြောရဲတော့ မဟုတ်ပါဘူးလို့ ညာပြောထားတာပေါ့။
           ဒါပေမယ့် ကြီးကြီးကမယုံပါဘူး။ အဖေ့ကိုလည်း ကျွန်တော့်ဆီက ငွေလာတောင်းတိုင်း မပေးတော့ဘူး။ အမေကိုယ်တိုင်လာယူမှ
ပေးမယ်လို့ပြောလိုက်တယ်။ အမေကလည်း အမှတ်ရှိပုံမရဘူး။ တစ်ခါတစ်လေ နေမကောင်းလို့ပါလို့ စာရေးပြီး အဖေ့ကို အယူခိုင်းတာပဲ။
အမေ့လက်ထဲကို တစ်ဝက်လောက်ပဲ ရောက်ကာမှ ကျွန်တော့်ဆီလာမေးရင်း မျက်ရည်ကျတတ်တယ်။ နောက်တော့လည်း အဖေ့ပဲ ယူခိုင်းပြန်တာပဲ။ အဖေကလည်း မယားငယ်ဆီ မသွားဘူးဆိုပြီး ရောက်ရောက်နေတာပဲတဲ့။
           အဲလိုအဖေမျိုးဆိုတော့လည်း ကြီးကြီးနဲ့ဘဘက မကြည်လင်တာ၊ ဖော်ဖော်ရွေရွေ မဆက်ဆံတာ ဘာဆန်းသလဲ။ ဒါပေမယ့်
ကျွန်တော်က အဖေဆိုတော့ချစ်တာပဲ။ ကိုယ့်လုပ်စာ အရက်သောက်ပစ်လည်း ကြည်ဖြူတာပဲ။ တစ်ခါတစ်လေ ကြီးကြီးဝယ်ပေးထားတဲ့
ဖိနပ်ကို “ငါ့ပေးစမ်းကွာ” ဆိုပြီး သူ့ဖိနပ်အစုတ်နဲ့ လဲချင်လဲသွားတာ။ အနွေးထည်ဆိုလည်း “ငါ့မှာဝတ်စရာမရှိလို့ ချမ်းလှပြီ” လို့သနားအောင် ပြောပြီး ချွတ်ယူရင်ယူသွားတာ။ တစ်ခါကလည်း ဘဘပေးထားတဲ့နာရီကို အတင်းဖြုတ်ယူနေလို့ ဘဘက အော်လွှတ်လိုက်ရသေးတယ်။
           အရက်ရဲ့ကျေးကျွန်ဆိုတော့ အဖေဟာ ဒါတွေကို သူဝတ်ဖို့ထက် အရက်နဲ့လဲသောက်ဖို့ပဲ နေမှာပေါ့။ ကြီးကြီးကတော့
ကျွန်တော့်ကို လုံးဝမပေးရဘူးလို့ တားထားတယ်။ ကျွန်တော့်လုပ်အားခနဲ့ ၀ယ်တာမဟုတ်ပဲ ကြီးကြီးတို့ဆင်ထားတဲ့ဟာမို့ ကျွန်တော်လည်း ပေးချင်တာတောင် မပေးရဲပါဘူး။


           ကြီးကြီးတို့ကတော့ ကျွန်တော့်အပေါ် တကယ်ကောင်းရှာပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ နာရီဝယ်လည်း နာရီအဟောင်းပဲဖြစ်ဖြစ် ပေးပတ်တာပဲ။ ဘွတ်ဖိနပ်ဝယ်စီးရင်လည်း သူတို့သားရဲ့ ဖိနပ်ဟောင်းပဲဖြစ်ဖြစ် ပေးစီးတာပဲ။ ရွှေလက်စွပ်ဝယ်ဝတ်ကြတော့လည်း လက်စွပ်ကလေးတစ်ကွင်း လုပ်ပေးရှာတာပဲ။ အမ်ပီဖိုးကိုယ်စီ ၀ယ်ကြတော့လည်း ကျွန်တော်အားငယ်မှာစိုးလို့တဲ့။ သိတ်မကြာခင်မှာပဲ သူတို့ကစိုက်ပြီး ၀ယ်ပေးပြန်တယ်။
           အဖေက ကျွန်တော်သုံးဖို့ငွေ ချန်မပေးတတ်တော့ ကျွန်တော့်ကို ကိုယ်ပိုင်ငွေသုံးရအောင်လည်း အဖေမသိအောင် မုန့်ဖိုးနှစ်ထောင် သပ်သပ် ပေးသေးတယ်။
           ရွှေလက်စွပ်လုပ်ပေးတော့လည်း မုန့်ဖိုးစုပြီး ဖြေးဖြေးဆပ်..။ အမ်ပီဖိုးဝယ်ပေးတော့လည်း မုန့်ဖိုးနဲ့ပဲ ဖြေးဖြေးဆပ်...ဆိုတော့
ကျွန်တော်ဖြင့် အားတောင်နာပါတယ်။ ကျေးဇူးလည်းတင်မိတယ်။ အမှန်က တစ်လနှစ်ထောင်နဲ့ ဆပ်ရမှာမို့ အကြွေးကြေမယ့်အချိန်က အဝေးကြီးရယ်ပါ။
           ခု...အဲဒီလို ၀ယ်ပေးထားတဲ့ အမ်ပီဖိုးလေးကို အဖေက ငှားသွားတယ်။ အမှန်က ပြမိတဲ့ ကျွန်တော့်အပြစ်ပါ။
           အဖေက ဘယ်မှမထွက်ရ၊ မသွားရတဲ့ ဒီမှာ မပျော်ရင် ပြန်လိုက်ခဲ့လို့ ခဏခဏပြောတတ်လို့ ကျွန်တော်က ပျော်ကြောင်း၊ ကြီးကြီးတို့ကကောင်းကြောင်း ပြန်ပြောရင် အမြဲမဲ့ရွဲ့တတ်တယ်။ “ အလကားပါကွာ။ မင်းကို ခိုင်းကောင်းလို့၊ အသုံးတည့်နေလို့။ စေတနာရှိလွန်းလို့ ထင်မနေနဲ့...” လို့ ပြောတတ်တယ်။ သူ့ကို မကြည်ဖြူတဲ့အသိုင်းအ၀ိုင်းမို့ သူကလည်း မကြည်လင်တာထင်ပါရဲ့။
           ဒါကြောင့် ကျွန်တော်ကလည်း ကြီးကြီးတို့ ဘယ်လောက်ကောင်းကြောင်း ပြချင်တာနဲ့ အမ်ပီဖိုးလေးဝယ်ပေးထားကြောင်း ပြောမိ တယ်။ အဖေက တအံ့တသြ..၊ “ ငါလည်းမကိုင်ဖူးဘူး။ ပြပါဦးကွာ..” ဆိုလို့ အော်...အဖေ့ခင်မျာလည်း တစ်ခါမှ မြင်ဖူးရှာတာမဟုတ်ဘူး။ ကိုင်ပါစေဆိုပြီး အဖွင့်အပိတ်၊ ဓါတ်ပုံရိုက်၊ ဗွီဒီယိုရိုက်တွေပြပေးပြီး ခဏပေးကိုင်လိုက်တာ...။ လက်ထဲက မလွှတ်တော့ဘူး။
           “ ငါ့ခဏငှားလိုက်ကွာ။ မနက်ဖြန် ဆက်ဆက်ပြန်လာပို့ပါ့မယ်။ မင်းအမေနဲ့ မင်းညီတွေညီမတွေကို ပြချင်လို့ပါ။ သူတို့လည်း မြင်ဖူးတာမဟုတ်ဘူး။မင်းကို သူတို့က သိတ်အထင်ကြီးကြတာ။ အံ့သြ၀မ်းသာရအောင် ပြချင်လို့ပါ..” ဆိုပြီး အတင်းပဲယူပြီး ပြန်သွားတယ်။
           ကျွန်တော်လည်း ကြီးကြီးတို့ကို မပြောရဲဘူး။ သိသွားရင် မိုးမီးလောင်မှာ။ ၀ယ်ပေးတာမှ တစ်ပတ်မပြည့်သေးဘူး။ အဖေ့ကို ပေးလိုက်ရင် အပေါင်ဆိုင်ပို့ပြီး အရက်သောက်ပစ်မှာ..၊ ဒါတောင်မစဉ်းစားတတ်ဘူးလားလို့ ဆူမှာ...။ ဒါမှမဟုတ် သူတို့စေတနာကို အလွဲ သုံးစားလုပ်တယ်ဆိုပြီး စိတ်ဆိုးကြမှာ။ ဒီ့ထက်ပိုဆိုးတာက အဖေများ သူ့မယားငယ်ဆီယူသွားပြီး ဓါတ်ပုံတွေ ဗွီဒီယိုတွေ ရိုက်ပေးနေရင်....။
           ကျွန်တော် တွေးရင်းတွေးရင်း တစ်နေကုန် ဘယ်လိုကုန်သွားမှန်းမသိသလို တစ်ညလုံးလည်း အိပ်မပျော်ဘူး။ မနက်ကျရင်
စောစော အဖေပြန်လာပေးပါစေလို့ပဲ ဆုတောင်းနေရတယ်။ ကြီးကြီးစိတ်ဆိုးမှာလည်း ကြောက်တယ်။ ကျွန်တော့်အမ်ပီဖိုးလေး ဆုံးရှုံးရမှာကိုလည်း ကြောက်တယ်။
           တကယ်တမ်းမိုးလင်းလို့ ဆိုင်ဖွင့်ပြီး နေ့လည်ရောက်လာတာတောင် အဖေက ရောက်မလာနိုင်သေးဘူး။ ကျွန်တော်ကဖြင့် ဈေးသာရောင်းနေရတယ်။ မျက်လုံးက အဖေလာနေကျ လမ်းထိပ်ကိုပဲ မျှော်မိတယ်။ တစ်ရက်တစ်လေမို့ ကြီးကြီးတို့က မရိပ်မိသေးတာ။
တကွိကွိနဲ့ကလိနေကျ အမ်ပီဖိုးကို မကိုင်ပဲ ငြိမ်နေတာကြာရင် မေးကြတော့မှာ။
           အဖေက မနက်စောစော လာပို့ပေးမယ်ပြောပြီး ဘာလို့ခုထိ ရောက်မလာသေးတာပါလိမ့်။ အမေကတော့ မြန်မြန်ပြန်သွားပေးဖို့
သတိပေးမှာသေချာတယ်။ ဟိုတစ်ခါ ကျွန်တော့်လက်စွပ်ကို အဖေက “ မင်္ဂလာဆောင်သွားစရာရှိလို့ ခဏငှားကွာ..” လို့ပြောတုန်းက
အမေလည်းအနားမှာရှိတာမို့ “ ကလေးဥစ်္စာကို ရှင်ကဘာလို့ ငှားရမှာလဲ။ ဒါ သူ့ကြီးကြီးကဆင်ထားတာ။ ရှင်ငှားလို့ရမလား..” လို့
ဝင်ကယ်လိုက်ပေလို့ပေါ့။
           ဟော...တွေးလို့မှမဆုံးခင် လမ်းထိပ်ကလာနေတာ အမေပါလား။ အဖေမလာပဲ အမေကဘာလို့ ရောက်လာတာပါလိမ့်။ အဖေမအားလို့ အမေ့ကိုပေးခိုင်းလိုက်တာများလား။
           အနားကိုရောက်လာတော့ အမေက အိပ်မက်ယောင်ပြီး လမ်းထလျှောက်သူလို မျက်နှာမျိုးနဲ့ ကျွန်တော့်ကိုမေးတယ်။
           “ သားကြီး...မင်းအဖေ မင်းဆီလာသေးလား။ မနေ့မနက်ကတည်းက ထွက်သွားတာ ခုထိအိမ်ပြန်မလာသေးဘူး။
             ဟိုကောင်မနဲ့ လိုက်ပြေးကြပြီလား မသိဘူး...” တဲ့။
           ကျွန်တော့်ရင်ထဲမှာ ဓူဝံကြယ်ကြီးလွတ်ကျသွားသလို အေးကနဲ..၊ ဟာကနဲ..၊ လှိုက်ကနဲ...ဟင်းလင်ပြင်ဖြစ်သွားတာ...အဆုံးမရှိပဲ။
           ဘာမှမသိရှာတဲ့ အမေကတော့ ကျွန်တော့်ကို အားကိုးတကြီးကြည့်နေရှာတယ်။ ကျွန်တော် ဘာဆက်လုပ်ရမလဲ။
လွတ်ကျသွားတဲ့ ကျွန်တော့်အိပ်မက်ကိုပဲ တစစီလိုက်ကောက်ရမလား။ အိပ်မက်ထဲက မနိုးနိုင်သေးတဲ့ အမေ့ကိုပဲ လှုပ်နှိုးလိုက်ရမလား။
ဘာလုပ်ရမှန်း မသိတော့ဘူး။
                                                      xxxxxxxx
ဝေ(စီးပွားရေးတက္ကသိုလ်)
မုခမဂ္ဂဇင်း

ကိုယ်တိုင်ရေးမှတ်တမ်း

အသက်လေးဆယ်ကျော်ကာမှ စာမေးပွဲတစ်ခု ဖြေရမည်ဆိုတော့ အထက်တန်းကျောင်းသူလေးလို ရင်ခုန်စရာမကောင်းဘဲ ကျွန်မက ရယ်ချင်နေခဲ့လေသည်။
          “ တို့တုန်းကတော့ ဒီလိုပဲ အသိတစ်ယောက်ကို လုပ်ခိုင်းလိုက်တာပါပဲ။ နောက်မှ ကျသင့်တာလေးရှင်းလိုက်ရင် ပြီးသွားတာ...”
          ကျွန်မကတော့ ဘာမဆို အလွယ်တကူရတာမျိုးကို မကြိုက်တတ်။ ကိုယ့်အစွမ်းအစအမှန်နှင့် ရသလောက်ကိုသာ နည်းနည်းများများ ကျေနပ်တတ်သူမို့ သည်စာမေးပွဲကို ဖြေရမှာ စိတ်ညစ်သော်လည်း ကြိုက်ပါသည်။   
         ငယ်ငယ်ကတည်းက အစစ်အမှန်ကို ဘယ်လောက်မြတ်နိုးသလဲဆို စာစီစာကုံးပြိုင်ပွဲတွေ ၀င်ပြိုင်တိုင်း ဆရာမိဘများ ရေးပေးသော စာစီစာကုံးတွေကို ကျက်သွားပြီးဖြေတာမျိုး ဘယ်တုန်းကမှ ကျွန်မ မလုပ်။ လူကြီးအတွေး၊ လူကြီးအသိနှင့် ရေးပေးမည့်စာစီစာကုံးကို ကျက်ဖြေလျှင် ကျောင်းသားတွေကြားမှာ နှာတစ်ဖျားမက၊ ခေါင်းတစ်လုံးမက သာမည်ဆိုတာသေချာပေမယ့် ကျွန်မ မကြိုက်ပါ။ ယုတ်စွအဆုံး ကိုယ်တိုင်ပင် စာစီစာကုံးစာအုပ်ပေါင်းစုံထဲမှ ဟိုဖြတ်ဒီဖြတ်နှင့်လည်း ကြိုတင်ရှာဖွေရေးသားပြီး ကျက်မထားတတ်။ အနည်းဆုံးတော့ ဖေဖေ၀ယ်ပေးထားသည့် စာစီစာကုံးစာအုပ်ကလေးတွေကို ရတတ်သလောက် ဖတ်ထားလိုက်သည်သာ။ စာစီစာကုံးဖြေမည့် အခန်းထဲကျမှ ခေါင်းစဉ်ကြည့်ကာ စိတ်ကူးထဲပေါ်သလို တွေးတောကြံစည်ကာ လက်ဦးတည့်ရာသာ ရေးတတ်ခဲ့လေ၏။ ကျွန်မရေးဖြေလိုက်သော စာစီစာကုံးလေးသည် ကျွန်မ၏အတွေးအခေါ်၊ ကျွန်မ၏ ဗဟုသုတ၊ ကျွန်မ၏ကိုယ်ပိုင်အဖွဲ့အဆို၊ အရေးအသားများသာ ဖြစ်လေသည်။ အားလုံး ကိုယ်ပိုင်အရည်အချင်းစစ်မှန်လျှင်၊ နည်းလမ်းကျနမျှတလျှင်၊ နောက်ဆုံးမှာ နေရနေရ ကျွန်မက ကျေနပ်သည်ပင်။
          သို့ပေမယ့် အဲသည်တုန်းက မိဘဆရာများရေးပေးသော စာစီစာကုံးပိုင်ရှင်များသာ ဆုရသွားခဲ့ပါသည်။ ကျွန်မကတော့ ဆုမရပေမယ့် ပုံစံမပြောင်းပါ။ နောက်ထပ်ပြိုင်ပွဲတိုင်းလည်း လူကြီးရေးပေးသော စာစီစာကုံးများကိုကျက်ဖို့ ခေါင်းမာမာဖြင့် ငြင်းဆန်မြဲ။ ကိုယ်ပိုင်စိတ်ကူးဖြင့်သာ လက်ဦးတည့်ရာ ဖြေဆိုမြဲ။ ဆုနှင့်လည်း အကြိမ်ကြိမ်အခါခါ လွဲနေမြဲ....။  သို့ပေမယ့် ကျွန်မလိပ်ပြာကတော့ ကျွန်မကိုယ်ကျွန်မ ၀ံ့စားစွာ ကြည့်ရဲခဲ့ပါသည်။
xxxxxx
         စာမေးပွဲခန်းထဲက ရယ်ကျဲကျဲနှင့် ကျွန်မထွက်လာတော့ အခန်းပြင်မှာ စောင့်နေသော ခင်ပွန်းသည်က “ အိုကေရဲ့လား” ဟုမေး၏။
          “ မပူပါနဲ့။ အောင်မှာပါ။ မှားလည်း တစ်လုံးနှစ်လုံးပေါ့...”
         တစ်သက်လုံး ဘယ်တုန်းကမှ စာမေးပွဲမကျခဲ့ဖူးသော ကျွန်မက ထိုသို့ ကိုယ့်ကိုယ်ကို ယုံကြည်နေခဲ့လေသည်။  အောင်စာရင်းက မကြာမီထုတ်ပေးမည်မို့ ဖြေဆိုထားသူအားလုံး အိမ်မပြန်ဖြစ်တော့ဘဲ သင့်တော်ရာသစ်ရိပ်ခုံတန်းများမှာ စောင့်ဆိုင်းနေကြ၏။ ၀င်းအတွင်းမှာ လူများပေါင်းစုံလှပေမယ့် တကယ်တမ်း ကျွန်မတို့သင်တန်းမှာ ဖြေဆိုသူက ဆယ့်ငါးယောက်တည်းသာ။ အဲဒီထဲမှာ အမျိုးသမီးဆိုလို့ ကျွန်မနှင့် ခရစ်ယာန်သီိလရှင် နှစ်ယောက်တည်း။  အခန်းကျဉ်းထဲမှာ တစ်ခုံနှစ်ယောက်နှုန်းထိုင်ရပေမယ့် ကျွန်မတို့ကတော့ တစ်ယောက်နှင့်တစ်ယောက်မေးဖို့ စိတ်ပင်မကူးရဲ။ စာမေးပွဲခန်းစောင့်က မျက်ခြေမပြတ် အော်ဟစ်သတိပေးနေသလို တစ်ယောက်နှင့်တစ်ယောက် မေးခွန်းလွှာတွေကလည်း မတူသည်မို့ ခိုးချလို့လည်းမရပေ။  ဘယ်စာမေးပွဲကိုမှ မသမာသည့်နည်းအလျဉ်းမသုံးခဲ့ဖူးသည့် ကျွန်မကလည်း ဒီအသက်အရွယ်ကျမှ ကိုယ့်ဂုဏ်သိက်္ခာကို အပွန်းအပဲ့မခံနိုင်ပါ။ မေးခွန်းတွေကလည်း လွယ်လွယ်လေး။ သက်တောင့်သက်သာ ဖြေဆိုနိုင်ပြီး နှစ်ခုလောက်သာ ဇဝေဇ၀ါ...၊ ရမ်းတုတ်ခဲ့ရ၏။ ကိစ်္စမရှိပါ။ နှစ်ခုမှားရုံလောက်ကတော့ မကျနိုင်။  အောင်စာရင်းထိုင်စောင့်နေတုန်း ခရစ်ယာန်သီလရှင် ညီမလေးက သူလည်းနှစ်ပုဒ်မှန်းဖြေခဲ့ရ၍ အောင်ပါ့မလား စိတ်ပူနေ၏။
          “ မပူပါနဲ့၊ နှစ်လုံးသုံးလုံးမှားရုံလောက်ကတော့ အောင်မှာပါညီမရဲ့..”
          “ ကျလို့ထပ်ဖြေနေရရင် ကျွန်မက နောက်နေ့မအားဘူးအမ”
          သူမက စိတ်ပူပန်သည့်မျက်နှာလေးနှင့် အဖြေလွှာစစ်နေသည့် အခန်းဝကို ယောင်လည်လည် သွားသွားကြည့်ရှာသည်။ ကျွန်မကတော့ မပူပါ။ ကျလည်းဘာအရေးလဲ။ နည်းနည်းရှက်သည်ကလွဲ၍ ထပ်ဖြေရုံပေါ့။ မအောင်မခြင်း အကြိမ်များစွာ ဖြေဆိုခွင့်ရှိသည့် စာမေးပွဲပဲလေ။ ကျွန်မအတွက် အရေးမကြီးလှပါ။ ဘ၀၏ အရေးကြီးသောစာမေးပွဲများစွာကို ကျွန်မဖြေဆိုပြီးခဲ့ပြီ။ မိဘစိတ်ချမ်းသာမှုအတွက် ကျလို့မဖြစ်သောစာမေးပွဲများ၊ကျွန်မ၏ ဂုဏ်သိက်္ခာအတွက် ဂုဏ်ထူးများများထွက်ရမည့် စာမေးပွဲများ၊ ဘ၀၏လှေကားထစ်များအဖြစ် အမှတ်များများသယ်ရမည့်စာမေးပွဲများ...။   မူလတန်းမှ အထက်တန်းတစ်လျှောက် ဖြေဆိုခဲ့ရသည့် စာမေးပွဲများသည် ပထမဆုရရှိရေးအတွက်၊ ဒါမှမဟုတ် အနည်းဆုံးဆုပေးပွဲတက်ရောက်နိုင်ဖို့ နောက်ဆုံးက ဆုလေးပဲဖြစ်ဖြစ်ရဖို့ဆိုသည့် စိတ်ဖိအားတွေအပြည့်နှင့်။
         တက္ကသိုလ်ကျောင်းသူဘ၀မှာလည်း တစ်နှစ်လုံး ဘယ်လောက်ပေါ့ပါးလွတ်လပ်စွာ နေခဲ့ပါစေ။ စာမေးပွဲနီးလာလျှင်တော့ တစ်သက်လုံးက စာတော်ခဲ့သည့် ဂုဏ်ကလေးကို ထောက်သောအားဖြင့် “ အကျခံလို့တော့ မဖြစ်...” ဆိုသည့် ဖိဆီးမှုက ဆိုးဆိုးရွားရွား။  လိုင်းခွဲမည့်နှစ်များမှာဆို လိုင်းကောင်းရဖို့၊ ဂုဏ်ထူးတန်းတက်ခွင့်ရဖို့ လိုအပ်သည့်အမှတ်ပြည့်မီဖို့ စိတ်ဖိအားတွေက မလျော့သောခံစားချက် အလုံးအရင်းဖြင့်..။ ဘွဲ့ရပြီးနောက်ပိုင်းမှာတော့ အလုပ်ခွင်စာမေးပွဲအတွေ့အကြုံများ မလိုအပ်တော့ဘဲ ကံကောင်းထောက်မစွာ စာမေးပွဲများအားလုံးပြီးဆုံးခဲ့ပါသည်။ အဲ...ပြီးဆုံးခဲ့တာ မဟုတ်ပါ။ ကျွန်မက ပြီးဆုံးပြီထင်ခဲ့ခြင်းသာ။ ကျွန်မက ကိုယ်ပိုင်စီးပွားရေးကိုသာ လုပ်ကိုင်ခဲ့သူမို့ စာမေးပွဲအားလုံး ထပ်ဖြေစရာမလိုတော့သလို ထင်ခဲ့မိတာပါ။     သို့ပေမယ့် တကယ်တော့ နှုတ်တိုက်ကျက်မှတ် ဖြေဆိုခဲ့ရသော အတန်းစာမေးပွဲများ ပြီးဆုံးသွားခဲ့သော်လည်း မပြီးဆုံးနိုင်သော ဘ၀စာမေးပွဲများကို ကျွန်မတို့ ဖြေဆိုနေရတုန်းပဲမဟုတ်လား။    ဘယ်သူမှ မလွှဲရှောင်နိုင်သည့် နှုတ်တိုက်ကျက်ဖြေ၍မရသော ဘ၀စာမေးပွဲများ။ ဘယ်သူ့ဆီကမှခိုးချ၍မရသော ဘ၀စာမေးပွဲများ။   ခိုးချ၍လည်း မရနိုင်အောင် တစ်ယောက်နှင့်တစ်ယောက် မတူသည့် မေးခွန်းပေါင်းစုံနှင့် ဘ၀စာမေးပွဲများ...။ မေးခွန်းတူသည်ထင်၍ သူများဆီက ခိုးချကူးယူတိုင်းလည်း အောင်ဖို့မသေချာသော စာမေးပွဲများ...။ မေးခွန်းတူသည်၊ အဖြေတူသည်၊ သို့ပေမယ့် သူအောင်တိုင်းလည်း ကိုယ်အောင်ချင်မှအောင်သည့် ဘ၀စာမေးပွဲများ...။
          ဘ၀စာမေးပွဲများ၏ စာမေးပွဲခန်းစောင့်ဆရာသည် မည်သူနည်း။ ကံဇာတ်ဆရာလား။ လောကကြီးလား။   ဒါဆို မေးခွန်းထုတ်သူ ကရော..။ အဖြေလွှာစစ်မည့်သူသည် သမာသမတ်ကျမည့်သူတော့ ဖြစ်ဖို့လိုလိမ့်မည်။ ကျွန်မက အမှန်တရားသာဖြစ်ပါစေ။ နောက်ဆုံးမှနေရလည်း ကျေနပ်မည့်သူဆိုတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် မတရားသဖြင့်တော့ ကျွန်မ သူများနောက်မှာ နည်းနည်းမှ မနေချင်ပါ။ ရှေ့မှာနေရလည်း မတရားသဖြင့်ဆိုလျှင်တော့ လိပ်ပြာလုံနိုင်မည်မထင်ပါ။
xxxxxx
          “ အားလုံးကျတယ်။ တစ်ယောက်မှမအောင်ဘူး...”
          အတွေးတွေ လွင့်မျောနေရာမှ သတင်းဆိုးကြောင့် အံ့သြသွားရ၏။ မဖြစ်နိုင်ပါ။ ကျွန်မကျသည်ကို မယုံနိုင်ပါ။ ဘယ်နှစ်လုံးမှားလို့ ကျရတာပါလိမ့်။ စာမကျက်ခဲ့ပေမယ့် ဒါတွေသည် လက်တွေ့မှာ နားထဲစွဲဝင်ခဲ့ပြီသား။ မဖြစ်နိုင်ပါ။ ဘာမှားတာလဲ။ ဘယ်နှစ်လုံးမှားလို့လဲ။ ဘာကြောင့်လဲ။
          “ ကျွန်မက ဘယ်နှစ်လုံးမှားလို့လဲ ဆရာ...”
          ကျွန်မ မေးလိုက်ခြင်းမဟုတ်ပါ။ အတွေးထဲမှာသာ မေးခွန်းတွေပလုံစီနေသော်လည်း ကျွန်မက ဤမျှလောက် ပွင့်လင်းရဲတင်းသူမဟုတ်။ ခရစ်ယာန်သီလရှင်ကသာ မေးလိုက်ခြင်းဖြစ်၏။
          “ အားလုံးကို ကိုယ်ဘာမှားလဲဆိုတာ သိရအောင် တစ်ယောက်ချင်း ကြေငြာပေးပါ့မယ်။ ခင်ဗျားက တစ်လုံးမှားတာ...”
          သူမက နေရာမှထကာ အဖြေလွှာကို သွားကြည့်၏။
          “ ဟင် ဆရာ ဒါ မှန်တယ်လေ။ သေသေချာချာ ပြန်ကြည့်ပါဦး...”
          သူမပုံစံက ဘယ်သူ့ကိုမှ တွန့်ဆုတ်ရှက်လန့်နေဟန်မရှိ။ ပကတိ ရဲဝံ့စွာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်။
          “ အင်း ဟုတ်သားပဲ။  ဆောရီး ဆောရီး ခင်ဗျားအကုန်မှန်သွားပြီပေါ့။ ဒါဆို အားလုံးထဲမှာ သူတစ်ယောက်ပဲအောင်တယ်။”
          “ ဒီလိုလုပ်ပါဆရာရယ်။ တော်သေးတာပေါ့။ ပြန်ကြည့်မိလို့။ မကြည့်ရရင် ကျတော့မှာ။ ဒီလိုသာ ပြန်ပြောခွင့် ကြည့်ခွင့်မရှိရင် ဘယ်လိုလုပ်မလဲ။ အောင်ရဲ့သားနဲ့ကျရမှာ ဘယ်လောက်နစ်နာသလဲ...”
          သူမ၏ ရဲရဲဝံ့ဝံ့ပြောဆို ဝေဖန်သံက ကျွန်မတို့အားလုံးအတွက် စံပြပမာဖြစ်သွားရ၏။ ကျွန်မတို့ဘ၀တွင် အောင်ရဲ့သားနှင့် ကျခဲ့ရသော စာမေးပွဲတွေမရှိခဲ့ဘူးလို့ ဘယ်သူသေချာပြောနိုင်မလဲ။
          “ ကဲ ကဲ ခင်ဗျား ရေးဖြေအောင်ပြီဆိုတော့ လက်တွေ့ဖြေဖို့ လုပ်ပေတော့..”
          ကျန်လူများအားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားရ၏။
           “ ဘယ်နှစ်လုံးမှားရင် ကျတာလဲဗျ..”
          “ ကျုပ်တို့အမှားတွေ ပြောပြဦးလေ...”    “ ဘယ်တော့ ထပ်ဖြေရမှာလဲ...”
          ကျွန်မရင်ထဲက မေးချင်နေသော အမေးတွေက သူတို့၏ တစ်ယောက်တစ်ပေါက်အမေးတွေထဲမှာ အကုန်ပါပြီးသား...။
          “ တစ်လုံးမှ မမှားရဘူး။ အားလုံးမှန်မှ အောင်တာ..”
          “ ဗျာ”             “ အမ်”                   “ဟောတော့”
          အံ့သြခြင်း၏ သင်္ကေတများ စုံလင်စွာ မြည်ဟီးသွားကြ၏။
          “ သင်တန်းမှာပြောတုန်းက သုံးလုံးမှားခွင့်ရှိတယ် ဆိုလားလို့..”
          “ ခင်ဗျားတို့ကလည်း အကုန်မှန်အောင် ဖြေဖို့ကြိုးစားမယ် မရှိဘူး။ ဘယ်လောက်မှားခွင့်ရှိတာကိုတော့ သေချာမှတ်ထားတယ် ကောင်းရော..။ အဲဒါ ကကြီးလိုင်စင်ဖြေမယ့်သူတွေကို ပြောတာ။ ခင်ဗျားတို့ ခခွေးလိုင်စင်သမားက အားလုံးမှန်မှ အအောင်ပေးမှာ။  ခင်ဗျားတို့စဉ်းစားကြည့် ဒီစည်းကမ်းစည်းမျဉ်းတွေဆိုတာ လက်တွေ့မှာ တစ်ချက်ကလေးမှ အမှားခံလို့မရတဲ့ဟာတွေ။ ခင်ဗျားတို့လို  ကားမောင်းမယ့်လူတွေက ပိုအမှားမခံဘူး။ ခင်ဗျားတို့မှားရင် ခင်ဗျားတို့အသက်ရော ပြည်သူလူထုအသက်ရော အန်္တရာယ်ရှိတယ်ဗျ”
          သင်တန်းနည်းပြလည်းဖြစ်၊ စစ်ဆေးရေးမှုးလည်းဖြစ်တဲ့ စာမေးပွဲခန်းစောင့်၊ စာစစ်သူ၊ ဒီပုဂ်္ဂိုလ်ပြောသမျှတွေဟာ နည်းလမ်းကျတာမို့ ကျွန်မ မအောင်ပေမယ့် ကျေနပ်မိပါသည်။
          “ ကဲ မနက်ဖြန်မှ ပြန်ဖြေမလား။ ခုပြန်ဖြေမလား။ ခုမှ ဆယ့်တစ်နာရီဆိုတော့ အချိန်ရှိသေးတယ်”
           “ ခု ဖြေမယ်ဗျို့။ ခုဖြေမယ်...”
          ကျွန်မကတော့ လျှောက်လွှာလာတင်သည့်နေ့ကတည်းက ထုတ်ပေးထားသော စည်းကမ်းများ၊ လမ်းညွှန်အမှတ်အသားများပါသည့် စာအုပ်ကို ကျေကျေညက်ညက် မဖတ်ထားမိ၍ နောင်တရချင်ချင်။ ကျွန်မငယ်ငယ်ကတည်းက ဖေဖေ့ဆီမှာ သည်လိုစာရွက်ကလေးတွေကို ယူဖတ်နေကျ။ ဆယ့်ရှစ်နှစ်ပြည့်လို့ ဖေဖေက ကားမောင်းသင်ပေးတော့လည်း စည်းကမ်းတွေ၊ အညွှန်းပုံတွေကိုပါ သင်ပေးနေကျ။  ကျွန်မကသာ မောင်းတတ်ရုံသင်ပြီး အမြဲမမောင်းဖြစ်၍ အဲသည်တုန်းက လိုင်စင်မလုပ်မိခြင်းလေ။ စည်းကမ်းများကတော့ ကျွန်မအတွက်က အကုန်သိပြီးသားတွေပါ။ ဒါကြောင့်လည်း စာအုပ်ကိုရရချင်း အစအဆုံးတစ်ခေါက်ဖတ်လိုက်ပြီး ဒီအတိုင်းပစ်ထားခဲ့မိ၏။ ဖြေခါနီးရက်မှာပင် တစ်ချက်ကလေးမှ ယောင်လို့ပြန်မကိုင်မိ။ သမီးငယ်ကတောင် သူ့ကိုစာမေးနေကျ ကျွန်မပုံစံဖမ်းပြီး စာအုပ်ကလေး တကိုင်ကိုင်နှင့် စာမေးခဲ့သေးသည်လေ။ သူမေးသမျှ ကျွန်မက ဖြေဆိုနိုင်တော့ သူကပင် အံ့သြနေသေး၏။
          “ ကဲ...ကဲ  ဒါဖြင့်ရင်လည်း ဆယ့်ငါးမိနစ် စာပြန်ကြည့်ချိန်ပေးမယ်။ ကြည့်ကြ။ ပြီးရင် ဖြေရမယ်။ အောင်တဲ့တစ်ယောက်က
            လက်တွေ့ဖြေရမယ်။ ခင်ဗျားကားပါသလား။ ဌာနကငှားပေးတဲ့ကားသုံးမလား။”
           “ ကျွန်မမှာ ကားပါတယ်ဆရာ..”
           “ အိုကေ.. ဒါဆို သွားယူလာခဲ့..”
          ကျန်သူအားလုံး စာကျက်ဖို့ထက် သူမကို ဘယ်လိုစစ်မှာလဲကိုသာ စိတ်ဝင်စားနေကြလေသည်။
xxxxxx
                  တကယ်တမ်း မေးခွန်းပေါက်ပြီးသား စာမေးပွဲတစ်ခုကို ဖြေဆိုရသည့်တိုင် ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားရသည်အထိ ကျွန်မ စိတ်လှုပ်ရှားနေမိ၏။စိတ်မလှုပ်ရှားဘဲရောနေမည်လား။ လက်တွေ့ဖြေရမည့်သူ ခုနစ်ယောက်မှာ အမျိုးသမီးကကျွန်မတစ်ယောက်တည်းလေ။
         ကျွန်မရှေ့မှ ကောင်လေးသုံးယောက်၊ အမျိုးသားနှစ်ယောက်ဖြေပြီးချိန်ထိ နှစ်ယောက်သာ အောင်ကြသေး၏။ အားလုံးက ကိုယ်ပိုင်ကားမပါကြလို့ ဌာနမှ ငှားပေးသည့် ဒတ်ဆန်းကားကို မောင်းရသည်။ အ၀ိုင်းတစ်ပတ် ပတ်ပြတာကတော့ အားလုံးရှောရှောရှူရှူ။ နောက်ဆုတ်ပြီး ပါကင်ထိုးရတော့မှသာ ပြဿနာတက်ကြတော့၏။ ကားပါကင်အုတ်ခုံက ခပ်စောင်းစောင်း။ ဘေးနှစ်ဖက်မှာက ကားကြီးနှစ်စီးက ရပ်ထားသေး၏။ ပါကင်ထိုးရမည့်အုတ်ခုံပေါ်ကို အလယ်တည့်တည့် ရောက်ဖို့ကနောက်မှ..။ ထိုကားနှစ်စီးကို မတိုက်မိအောင်ပင် တော်တော် သတိထားဆုတ်ရမည့် အခြေအနေ။ ဖြေဆိုမည့်သူထဲမှ နောက်ဆုံးကျန်နေသည့် ကောင်လေးက ကျွန်မကို  “ အန်တီက ကားပါသလား”...လို့ အမေးကို ခေါင်းညိတ်မိသလားပင် ကိုယ့်ကိုယ်ကို မသိ။
         “ ကျွန်တော့်မှာလည်းပါတယ်ဗျ။ ကိုယ့်ကားနဲ့ကိုယ်ဆိုရင် ပိုအဆင်ပြေလိမ့်မယ်။ သူတို့ငှားထားတဲ့ ကားကြီးက အစုတ်ကြီး...”
         အင်း...သူတို့ကားနဲသာဆို ကျွန်မ တစ်ပတ်တောင်မောင်းနိုင်ပါ့မလားမသိ။ ကားကစုတ်ရုံတင်မက အင်ဂျင်သံကလည်း ချွဲကြပ်နေသလိုမျိုး...။ စစ်ဆေးရေးမှုးက သုံးကြိမ်လုပ်ခွင့်ရှိသည်ဟု အော်ဟစ်သတိပေးနေပြီ။ ရပ်ကြည့်နေသူတွေကလည်း မနည်းမနော။ ကျွန်မစိတ်ကို ခပ်အေးအေးထားလိုက်ပြီး နှလုံးခုန်သံကို လိုက်မှတ်နေလိုက်၏။ ဒုတ်ကနဲတစ်ချက်ခုန်ပြီးသည်နှင့် ခုန်ခြင်းကိစ်္စ တစ်ခါ ပြီးသွားသည်ကို လိုက်သိပေးနေရ၏။ များများမမှတ်ရပါ။ လေး ငါး ဆယ်ခါလောက် မှတ်အပြီးမှာ ကျွန်မစိတ် တည်ငြိမ်သွားခဲ့ပြီ။ နောက်ကြည့်မှန်မှ မြင်နေရသည့် ပါကင်အုတ်ခုံကိုချိန်ပြီး ညာနံဘေးမှ ကားကြီးအကွာအဝေး ညှိကာ ဆုတ်လိုက်၏။
          “ ဖြေးဖြေး..ဖြေးဖြေး..” ဟု အော်သံကြားရသည်။ ဘယ်သူတွေအော်မှန်းမသိ။ ခင်ပွန်းသည်လား၊ စစ်ဆေးရေးမှုးလား၊ ရပ်ကြည့်နေသူတွေလား။
         “ ရှေ့ပြန်ထွက်၊ နောက်တစ်ကြိမ် ထပ်ထိုးမယ်..” ဆိုသည့် စစ်ဆေးရေးမှုးအော်သံကြောင့် ဒီတစ်ချီတော့ဖြင့် သွားပြီဟုသိလိုက်ရပြီ။
“ ဒီတစ်ခေါက် ငါရအောင်လုပ်မယ်” လို့ ကျွန်မ ကိုယ့်ဖာသာအားတင်းလိုက်သည်။ ဖြေးဖြေးပဲဆုတ်ပြီး သေချာချိန်ဖို့ ဆုံးဖြတ်လိုက်၏။
         အုတ်ခုံအစပ်ကိုဆုတ်လာပြီး ခဏရပ်လိုက်ပြီးမှ လက်ကိုင်ကို ပြန်ဖြောင့်လိုက်သည်။ ဒါ သူသင်ထားတဲ့အတိုင်းပဲပေါ့။ အုတ်ခုံပေါ် ဖြေးဖြေးဆုတ်သွားရင်း အလယ်ကျမကျ စူးစမ်းလိုက်တော့ ခင်ပွန်းသည်က ရှေ့မှ ညာဘက်နည်းနည်းယူရန် လက်ပြနေသည်ကိုမြင်ရ၏။
         “ အိုကေ ရပြီ။ ကားပြန်ထွက်တော့..”
          ခင်ပွန်းသည်၏ လက်အပြကောင်းလို့ပဲလား။ ကျွန်မပဲ အချိန်အဆမှန်လို့လား။ နှစ်ခုစလုံးများလား။ ကျွန်မကိုယ်ကျွန်မလည်း မသေချာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မ အောင်မြင်ခဲ့လေပြီ။
xxxxxx
         “ ဟေ့ စာမေးပွဲကျဖူးသွားပြီကွ”
          ရေးဖြေတစ်ခါကျဖူးခြင်းသည် ကျွန်မဘ၀၏ ပထမဆုံးစာမေးပွဲကျခြင်းမို့ ကျွန်မအတွက် ဆန်းနေ၏။
         “ မေမေက စာမှမကျက်ဘဲ ကျမှာပေါ့။ နည်းတောင်နည်းသေး...”
         သူစာကျက်ဖို့ကိုသာ တဖွဖွပြောတတ်သော အမေကို သမီးငယ်က ဘယ်ကတည်းက နှိပ်ကွပ်ချင်နေမှန်းမသိ။
         “ အမလေး ဒုတိယအကြိမ်မှာလည်း ကယ်တင်ရှင်ပေါ်လို့ သမီးရေ။ နို့မို့ သမီးအမေ အောင်ဦးမှာမဟုတ်ဘူး။”
         “ အံမယ် အဖြေမှန်ကို သိပါတယ်နော်။ ဇဝေဇ၀ါဖြစ်နေလို့ပါ။”
         စာမေးပွဲများမှာ သူများပယောဂမပါဘဲ ကိုယ့်အရည်အချင်း အစစ်အမှန်သာ ဖြစ်လိုသောကျွန်မက ဒီတစ်ချီတော့ဖြင့် ရုံးစာရေးလေး ထောက်ပြသော အမှားပြင်ဆင်ပေးမှုဖြင့် အောင်ခဲ့ခြင်းလေ။ သူပြင်ပေးသောအမှားကို မာနကြီးပြီး ဒီအတိုင်းပစ်မထားနိုင်ခဲ့ပါ။ ချက်ချင်းပင် ပြင်ဆင်ရေးသား၍ နောက်ထပ် ဇဝေဇ၀ါဖြစ်နေသော တစ်ပုဒ်ကိုပါ မှန်ရဲ့လားဟု စစ်ခိုင်းလိုက်ရသေး၏။ အခွင့်အရေးကို လုပ်မယူချင်သော ကျွန်မသည် အခွင့်အရေးတစ်ခု လက်ထဲလာထည့်ပေးခြင်းကိုတော့ မငြင်းနိုင်ခဲ့ပါလား။ ငယ်ငယ်တုန်းကလောက် ကျွန်မသတ်္တိမကောင်းတော့ပါ။
         “ ဒါဖြင့် လက်တွေ့မောင်းပြရတော့ မေမေကိုယ်တိုင် အောင်အောင်လုပ်နိုင်ခဲ့တယ်ပေါ့..”
         “ ဟဲ့ မောင်းတာလောက်က ဘာခက်သလဲ။ လမ်းပေါ်မောင်းနေတာပဲ ကြာလှပေါ့။ နောက်ဆုတ်ပြီး ပါကင်ထိုးတာကမှ...”
          “ ဒါလည်း လက်ပူတိုက်လိုက်ရတာပါကွာ..”
         ကျွန်မ အော်ရယ်လိုက်မိတော့၏။ မနက်က ခရစ်ယာန်သီလရှင်တစ်ယောက်တည်း ရေးဖြေအောင်ပြီး လက်တွေ့ဖြေရတော့ သူမ ပါကင်ထိုးနေတာကို ကျွန်မတို့အားလုံး မြင်ခဲ့ရသည်လေ။ သည်လိုဘက်ဆုတ်ပြီး ခပ်စောင်းစောင်း၊ ခပ်ကျဉ်းကျဉ်းပါကင်မှာ အလယ်တည့်တည့် ထိုးနိုင်မလားဆိုတာ ကျွန်မကိုယ်ကျွန်မ မသေချာ။ တကယ်တမ်း နယ်မြို့တွေမှာက ပါကင်ထိုးရတာ သိတ်ကျဉ်းကျဉ်းကျပ်ကျပ်မရှိဘူးလေ။ ရန်ကုန်မှာဆိုလျှင်တော့ လိုအပ်လိမ့်မည်။
         ရေးဖြေစာမေးပွဲအောင်သူတွေကို နေ့လည်တစ်ခေါက် လက်တွေ့ဖြေဖို့ ထပ်ချိန်းတော့ ပိုနေသည့်အချိန်မှာ ကျွန်မခင်ပွန်းက ခပ်ကျယ်ကျယ်ဝပ်ရှော့တစ်ခုထဲမှာ တုံးနှစ်ဖက်တားပြီး နောက်ဆုတ်ပါကင်ထိုးနိုင်ဖို့ ကျင့်စေခဲ့၏။ ဆယ်ကြိမ်၊ ဆယ့်ငါးကြိမ်ထက်မနည်း။ ကျွန်မက မကျင့်ချင်ပါ။ သူက ဇွတ်ကျင့်ခိုင်း၏။  တကယ်ဖြေတော့လည်း ကျွန်မနှင့် ကောင်လေးနှစ်ယောက်သာ အောင်ခဲ့သည်။ ကိုယ်ပိုင်ကားပါလာသော ကောင်လေးက နောက်ဆုတ်ပါကင်ထိုးမှာ မအောင်ရုံမက စစ်ဆေးရေးမှုးကိုပင် တိုက်မိမလိုဖြစ်၍ စစ်ဆေးရေးမှုး ထွက်ပြေးနေရသေး၏။     အားလုံးရယ်ပွဲကျနေတော့ ကျွန်မမှာ မရယ်နိုင်။ ကိုယ်ချင်းစာကာ သနားနေမိသည်။ သူမှ ကျွန်မလို ကျင့်မလာတာ။
         ကျွန်မကတော့ သည်တစ်ချီ ယောကျာ်းလေးအများစုထဲတွင် အမျိုးသမီးတစ်ယောက်တည်းဖြစ်သူ ကျွန်မက အောင်ပွဲဆင်နိုင်လာသော်လည်း ဂုဏ်မယူနိုင်ခဲ့ပါ။  ကျွန်မကိုယ်ကျွန်မ ၀ံ့စားစွာကြည့်ရဲဖို့ ကျွန်မလိပ်ပြာက မလုံလဲခဲ့ပါချေ။
xxxxxx



ဝေ(စီးပွားရေးတက္ကသိုလ်)
January , 2012...ပိတောက်ပွင့်သစ်မဂ္ဂဇင်း

ပြတ်ကျသွားသော အိပ်မက်သီကြိုး


     အမေ....အမေ....အမေ....။
ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ ခေါ်သံတွေဟာ....မိဘမဲ့ ကလေးလေးတယောက်ရဲ့ လွမ်းမောစရာ တမ်းတညည်းညူသံလေး တွေပါ။
    ဘယ်လောက် ကြေကွဲစရာ ကောင်းလိုက်သလဲ။ ဘယ်သူ့ကို ဦးတည်ရမှန်း မသိတဲ့ ငိုညည်းသံတွေနဲ့ "အမေ" လို့ စခေါ်တတ် ကတည်းက ဘေးနားမှာ ချစ်ခင်မှီတွယ်စရာဆိုလို့ တယောက်မှ ရှိမနေတဲ့ ဘ၀ပျက်တခုဟာ 'သူမ' ဖြစ်နေခဲ့ရတယ်။
    ' အဖေနဲ့အမေ ဘယ်မှာလဲ' လို့ မေးတိုင်းလည်း တယောက်တမျိုး ဖြေချင်သလို ဖြေတတ်တဲ့ လူတွေကြားမှာ ကလေးဘ၀ရဲ့ တီတီတာတာ စကားသံတွေ ဆွံ့အခဲ့ရပြီ။ တောက်တိုမယ်ရ ခိုင်းရသလောက် ခိုင်းမယ်ဆိုပြီး မွေးဖို့လာခေါ်တဲ့ လူမှန်သမျှကို အကြောက်အကန် ငြင်းခဲ့မိတာ...၊ ငြူစူဖယ်ရှားချင်နေတဲ့ လူတစုကြားမှာ အတင်းတွယ်ကပ်နေခဲ့မိတာ...၊ ရတတ်သမျှလေးနဲ့ပဲ တင်းတိမ်ရောင့်ရဲစိတ်မွေးရင်း ကြိုးစားရှင်သန်နေခဲ့မိတာ...သူမအတွက် ကံကောင်းမယ့် နေ့တနေ့နဲ့ကြုံဖို့ ဖြစ်လာခဲ့ရတယ်။
     " ညှက်စိ...အဲဒါ နင့်အမေပဲ"
     ဘယ်တုန်းကမှ အိပ်မက်တောင် မက်မကြည့်ရဲတဲ့ ချောမောလှပလွန်းတဲ့ အထက်တန်းစား အမျိုးသမီးဟာ အမေဆိုတော့ သူမ ယုံကြည်ဖို့ရာ မ၀ံ့ရဲနိုင်ပါဘူး။ သူမမျက်ဝန်းထဲက မသင်္ကာတဲ့အရိပ်အငွေ့တွေကို အမျိုးသမီးကြီးက ရိပ်မိသွားတယ် ထင်ပါရဲ့။
      " အမေတို့ ကွဲသွားကတည်းက လိုက်ရှာနေတာကြာပြီ.... ခုမှပြန်တွေ့လို့ မွေးဖို့လာခေါ်တာ...."
နူးညံ့ကြင်နာတဲ့ မျက်ဝန်းတစုံရယ်...၊ သိမ်မွေ့ညံ့သက်တဲ့ စကားသံရယ်..၊ နွေးထွေးလှိုက်လှဲတဲ့ ဖော်ရွေမှုအပြုံးတွေက သူမနှလုံးသားကို တုန်လှုပ်သွားအောင် ဆွဲငင်အားကောင်းခဲ့တာ...... တသက်နဲ့တကိုယ် ဘယ်တော့မှ မမေ့နိုင်တော့ဘူး။
      " ညှက်စိရယ်...စိတ်ကူးမလွဲချင်ပါနဲ့အေ။ အမေရင်းမဟုတ်ရင်တောင် ဆရာဝန်ကြီးလင်မယားရဲ့ မွေးစားသမီးဖြစ်ရလည်း
ညည်းက ကံကောင်း လှပါပြီ။ လိုက်သာသွားချည်စမ်းပါ။"
  အမှန်က တသက်လုံး ပိုင်ရှင်မဲ့ခဲ့ရတဲ့ "အမေ" ဆိုတဲ့ ခေါ်သံလေးနဲ့ ရင်ဖွင့်ခွင့်ရသွားရင်တောင် သူမဘ၀က အရာအားလုံး ပြီးပြည့်စုံသွားပြီ မဟုတ်လား။ 
    "အမေ..အမေ" လို့ မ၀ံ့မရဲခေါ်ညည်းရင်း ရင်ခွင်ထဲ တိုးဝှေ့ဝင်မိတယ်ဆိုရင်ပဲ အလိုက်တသင့် ခေါင်းလေးပွတ်သပ်ပေးတဲ့ အမေ့လက်ကလေးတွေက ခုနစ်နှစ်လုံးလုံး ရင်ခွင်မဲ့နေခဲ့တဲ့ သူမအတွက် လုံလောက်ခဲ့ပါပြီ။
     စောဒက တက်ရဲတဲ့သတ္တိ၊ အလွဲချော်ခံရဲတဲ့ အခြေအနေမဟုတ်တာမို့ အမေစိတ်ပြောင်းသွားမှာတောင် စိုးရွံ့နေမိတဲ့သူမဘ၀ပါ။ အိပ်မက်ဖြစ်နေခဲ့ရင်တောင် မနိုးသောအိပ်ခြင်းနဲ့ အိပ်ပါရစေဦး။ မနိုးထပါရစေနဲ့တော့။ အပျောက်ဆုံးမခံရဲတဲ့ အိပ်မက်ကလေးမို့ ခပ်တင်းတင်းသာ ပွေ့ဖက်ထားပါရစေတော့ အမေရယ်...။
+++++++++++++++
      " နန်းကြာဖြူ ဟုတ်လား...။ ဟား...ဟား...ဟား.. အညာဖက် အလှူသွားလုပ်ရင်း ဖြူဖြူဖွေးဖွေး ရှမ်းမအချောစားလေး
ကောက်ရလာတာပေါ့လေ..။ ဒီအရွယ်လေး...ဘာလုပ်တတ်မလဲ။ ထမင်းခွံ့မကျွေးရရင်တောင် ကံကောင်းပဲ။"
    "အသက်က ရှစ်နှစ်လောက်ရှိပါပြီ။ အာဟာရမပြည့်ဝလို့ ညှက်နေတာပါဟယ်။ ဘယ်သူခေါ်ခေါ် မလိုက်တဲ့ကလေးမလေးက ကြီးကြီးမြင်မှ လိုက်လာရှာတာ။ ရေစက်ထင်ပါရဲ့။ ကြီးကြီးလည်း အရင်ဘ၀က သမီးလေး ပြန်တွေ့ရသလိုပဲ...သနားမိတယ်..."
    စိတ်ကောင်းရှိပြီး ကြင်နာသနားတတ်တဲ့ အမေနဲ့တွေ့ရတာ ညှက်စိ...အဲလေ..နန်းကြာဖြူ သိတ်ကံကောင်းတာပါလားလို့ သူမ သက်ပြင်းချမိတော့တယ်။ အရုပ်ဆိုးဆိုး မည်းမည်းချိတ်ချိတ်လေးကို ပေးတဲ့နာမည်ကလည်း နန်းကြာဖြူ တဲ့လေ။
    သူမကတော့ ကျေနပ်တာပေါ့။ မကျေနပ်ကြတာက အိမ်မှာ ရှိနေနှင့်ပြီးသား ထမင်းချက်၊ သန့်ရှင်းရေးလုပ်ရတဲ့ ကောင်မလေး သုံးယောက်နဲ့ အမေ့ရဲ့တူ၊ တူမတွေပါပဲ။ နန်းကြာဖြူကို မွေးစားမယ်ဆိုတော့ နှာခေါင်းရှုံကြတာပေါ့။ အမေ့မှာက သားသမီးအရင်းသာ မရှိတာ...။ ဟိုဖက်ဒီဖက် တူ တူမတွေက အများကြီးရယ်...။ ငွေကြေးဥစ္စာကလည်း ချမ်းသာ...၊ ရာထူးဂုဏ်ဒြပ်ကလည်းရှိ...၊ သားသမီးကျတော့ မရှိ ဆိုတော့.....တူ တူမတွေ တရုန်းရုန်း ၀င်ကြထွက်ကြပေါ့။
   အမေကလည်း အိမ်မှာနေပြီး ကျောင်းလာတက်ချင်တဲ့ တူ တူမမှန်သမျှ ဘယ်သူ့မှ ငြင်းတယ်ရယ်လို့မရှိပဲ အကုန်လက်ခံတာလေ။ ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ် အကုန်တာဝန်ယူတယ်။ လိုအပ်တဲ့ဘာသာဆိုရင် ကျူရှင်စရိတ်ပါ ထုတ်ပေးသေးတာ...။
     အဲ...ဒါပေမယ့် တနှစ်ကျတာနဲ့ ကျောင်းဆက်မထားပေးတော့ဘူး။ အဲဒါ သူ့မူဝါဒပဲ။
     " နန်းကြာဖြူ..သမီးက ငယ်ပေမယ့် အလုပ်လုပ်နိုင်ကြောင်း၊ ဘယ်လိုတော်ကြောင်းလေး ပြဦးနော်။ သမီးလိမ္မာရင် အမေက
ကျောင်းပါထားပေးမယ်...ကြားလား။ ကျောင်းတက်ချင်ရင်တော့ အလုပ်ကြိုးစားလုပ်။ အမေ စောင့်ကြည့်ဦးမယ်...."
    ပျော်လိုက်တာ အမေရယ်။ ထီပေါက်တာထက်တောင် သူမ၀မ်းသာလုံးဆို့သွားတယ်။ သူမဘ၀မှာ စိတ်ကူးယဉ်နဲ့ မြင်မက်ခဲ့ရတဲ့ အိပ်မက်လေး နှစ်ခုရှိတာ....။ ဘယ်တုန်းကမှ တကယ်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ရဲခဲ့ဘူး။ အမေနဲ့ပြန်တွေ့ချင်တဲ့ ပထမအိပ်မက် ကတော့ အကောင်အထည် ပေါ်ခဲ့ပြီပဲ ဆိုကြပါစို့။ ဒုတိယအိပ်မက်တခုက ကျောင်းနေချင်တာပါ။
    ကျောင်းတက်နေတဲ့ အမေ့တူမလေး တွေကို သူမ တိတ်တခိုး အားကျနေခဲ့ရတာ....။ အဖြူအစိမ်းဝတ်စုံလေးနဲ့ လွယ်အိတ် ကလေး လွယ်ပြီးများ ကျောင်းသွားတက်ရမယ်ဆိုရင်....သူမဘ၀မှာ ဘာကိုပဲလုပ်ပေးရ လုပ်ပေးရ လုပ်ပေးချင်လှပါတယ်။
     အမေ့အိမ်အလုပ်တွေ အရမ်းကြိုးစားပြီးလုပ်တဲ့ နန်းကြာဖြူလေးကို အမေကလည်း သဘောတွေ အရမ်းကျသွားပြီ။
"အမေ...သမီးကို ကျောင်းထားပေးမယ် ဆို....." လို့ လူလစ်တိုင်း တိုးတိုးလေး ကပ်ကပ်ပြောရှာတဲ့ မျက်နှာငယ်လေးကိုလည်း ဂရုဏာသက်လှပြီ ထင်ပါရဲ့။ အမေ့ဆီ သူမရောက်ပြီး နှစ်နှစ်အကြာမှာ အိမ်နားက မူလတန်းကျောင်းလေးဆီ အမေ ကိုယ်တိုင် ကျောင်းလိုက်အပ်ပေးတော့ သူမရင်ထဲမှာ ပီတိလှိုင်းတွေ ဘောင်ဘင်ခတ်လို့တောင် နေတော့တယ်။
    ကျေးဇူးတင်လိုက်တာ အမေရယ်။ အမေသာ နန်းကြာဖြူရဲ့ တကယ့်အမေရင်း ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ။ အမေ့ သမီးရင်းသာ ဖြစ်ရမယ်ဆိုရင် သမီးအမေဟာ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ နတ်သမီးလေးပဲ ဖြစ်နေပါစေဦး။ မတွေ့ချင်မဆုံချင်တော့ ပါဘူး။ အမေ့သမီးရင်းလေးသာ ဖြစ်လိုက်ချင်တာပါပဲ။
     အမေကရော....သမီးကို သမီးအရင်းလို မချစ်နိုင်ဘူးလား အမေရယ်....။
+++++++++++++

   "သမီးအရင်းမဟုတ်လို့ ဒီကျောင်းမှာ ထားတာပေါ့ဟဲ့..။ သမီးရင်းသာဆိုရင် မြို့လယ်က နံပါတ်တစ်ကျောင်းမှာထားပြီး အဖေကိုယ်တိုင် ကားနဲ့အကြိုအပို့လုပ်မှာပေါ့...."
     အတန်းထဲက သူငယ်ချင်းတွေရဲ့ တီးတိုးစကားတွေဟာ ကြားစေချင်လို့ကို တမင်ကျယ်ကျယ် ပြောနေကြတာလေ။
    "ပညာတွေအများကြီး သင်ပေးပြီး ဘာလုပ်မှာလဲ။ ရေးတတ်ဖတ်တတ်ဆို တော်ရောပေါ့။ ကျောင်းတက်တော့ အိမ်အလုပ်တွေ
ဘယ်ကောင်းကောင်း လုပ်နိုင်မလဲ...."
   စိတ်ဓါတ် ပြည့်ဝခိုင်မာတဲ့ အမေမို့လို့သာ သူမအပေါ် သဘောထားမပြောင်းရှာတာ။ ဆွေမျိုးတွေထဲကရော၊ တူတူမတွေထဲကရော၊ အိမ်နီးနားချင်း မိတ်ဆွေတွေကရော...ယုတ်စွအဆုံး အိမ်မှာရှိတဲ့ အလုပ်သမားတွေထဲကတောင် ဒီလိုလေသံမျိုးပဲ ကြားရတာပါပဲ။
   ကျောင်းထုတ်ပစ်မှာကြောက်တဲ့ သူမခမျာမှာတော့ ကျောင်းကပြန်ရောက်တာနဲ့ လွယ်အိတ်ကလေးပစ်ချပြီး တညနေလုံး အိမ်အလုပ်တွေ ကြိုးစားပြီး ကူညီရတာပေါ့။ အမေ့အိမ်မှာက အလုပ်သမား ဘယ်လောက်ရှိရှိ ခြံကလည်းကျယ်၊ သစ်ပင်ပန်းပင်တွေ ကလည်း အများကြီး စိုက်ထားတော့ အလုပ်ဆိုတာ လုပ်ချင်ရင် လုပ်စရာတွေက ကုန်တယ်ရယ်လို့မှမရှိတာ...။ အလုပ်တွေဖိလုပ်နေပြီး စာကိုလွှတ်ထားလို့လည်း မဖြစ်သေးဘူး။ တနှစ်လောက်ကျတာနဲ့ အမေ့မူက သူမအပေါ်မှာလည်း သက်ညှာမှာ မဟုတ်ဘူးလေ။
    ကျောင်းထွက်ရမှာ ကြောက်တဲ့သူမက အလုပ်လည်း ကြိုးစားလုပ်...၊ ညရောက်တော့ စာလည်း ကြိုးစားကျက်ရသေးတယ်။ အလယ်တန်းရောက်လာတော့ ကျောင်းစာတွေက တဖြေးဖြေး ပိုခက်လာတယ်။
   "စာတွေများလာပြီ နန်းကြာဖြူ...။ အိမ်အလုပ်လျှော့လုပ်ပြီး စာကျက်ချိန် ပိုယူပါလား။ သမီး စာမေးပွဲကျရင်တော့ အမေက ကျောင်းဆက် မထားနိုင်တော့ဘူးနော်။ အမေ့ တူ တူမတွေလည်း ဒီမူဝါဒပဲ ကျင့်သုံးလာခဲ့တာ...။ နန်းကြာဖြူကျမှ မူပြောင်းရင် အမေဘယ်တရားတော့မှာလဲ"
   အမေ့ စေတနာနဲ့ သံယောဇဉ်ကတော့ တကယ့်ကို ယုံမှားစရာမရှိလောက်အောင် မြင့်မြတ်ခိုင်မာလှပါတယ်။ အမေပြောတာကလည်း နည်းလမ်းကျတာမို့ သူမ စာမေးပွဲကျမှာကို သေရမလောက် ကြောက်တတ်ခဲ့တယ်။
    "သမီးဘ၀ကို သမီးမြှင့်တင်မှ ရမှာနော်။ အမေက လမ်းပြပေးလို့ပဲရမှာ..။ ကြိုးစားရမှာက သမီးကိုယ်တိုင်ပဲ။ တနှစ်တတန်း မှန်မှန်အောင်ရင်တော့ ဆယ်တန်းအောင်ပြီးတာနဲ့ သူနာပြုတက္ကသိုလ် တက်နိုင်အောင် အမေကူညီပေးမယ်။ ဒါဆိုရင် ကုသိုလ်လည်းရ ၀မ်းလည်းဝမို့ သမီးဘ၀တလျှောက်လုံး စိတ်အေးရပြီ...။"
    အမေကယ်တင်ခဲ့လို့ ဆရာဝန်ကြီးလင်မယားရဲ့ မွေးစားသမီး၊ ကျောင်းသူဘ၀ ရောက်ခဲ့ပြီးပြီမို့ အမေညွှန်ပြတဲ့ သူနာပြုဆရာမကြီး ဘ၀ကလည်း သူမရဲ့ တတိယအိပ်မက် ဖြစ်ခဲ့ရပြန်ပါပြီ။ အမေ အသက်ကြီးလာရင် ပြုစုစောင့်ရှောက်မယ့်သူဟာ သူနာပြုဆရာမကြီး နန်းကြာဖြူပဲဖြစ်ရမယ်။ အြွေခအရံတွေ၊ တူ တူမတွေ ဘယ်လောက်များများ...အချိန်တန်တော့ သူတို့လမ်း သူတို့လျှောက်ပြီး အမေ့နားက တယောက်ပြီးတယောက် ခွဲခွာသွားကြတာ သူမတွေ့နေ ရတာပဲလေ။ နန်းကြာဖြူကတော့ တသက်လုံး အမေနဲ့ပဲနေမယ် စိတ်ကူးထားတယ်။
    သူမဘ၀မှာ မက်ခဲ့ရတဲ့ အိပ်မက်မှန်သမျှဟာ အမေ့ကြောင့်သာ လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့တာချည်းမို့ အမေသာလျှင် သူမဘ၀ ကယ်တင်ရှင်...။ အမေသာလျှင် အားကိုးရာ...။ အမေသာလျှင် သူမရဲ့ လမ်းပြကြယ်...။ အမေသာလျှင် သူမရဲ့ အိပ်မက်သခင်ပါ။
++++++++++++++
   အိပ်မက်နဲ့ လက်တွေ့ဟာ တကယ့်အဖြစ်မှာတော့ ထပ်တူမကျနိုင်တာ....နန်းကြာဖြူအတွက် နာကျည်းမုန်းတီးဖို့ တော်တော် ကောင်းခဲ့တယ်။ အလယ်တန်းကို ကျားကုတ်ကျားခဲ ကြိုးစားကျော်ဖြတ် နိုင်ခဲ့ပေမယ့် နဂိုကသေးကွေးတဲ့ သူမခန္ဓာကိုယ်လေးကတော့ စက္ကူဖြူတချပ်လို ပါးလွှာဖျော့တော့ နေခဲ့ပြီ။ စာမေးပွဲအတွက် အိမ်အလုပ် လစ်ဟင်းမှုတွေကို အမေက ဘယ်လောက်ပဲ ညှာတာ ခွင့်လွှတ်ပေမယ့် သူမဘ၀မှာ အမေနဲ့သူမ နှစ်ယောက်ထဲမှ မဟုတ်ပဲလေ။
   သူမ ကိုးတန်းတက်မယ့်နှစ်မှာ အမေ့မောင်မိသားစု တခြားမြို့က ပြောင်းလာပြီး အမေအိမ်မှာ လာနေခဲ့တယ်။ တူမ အရင်းခေါက်ခေါက်တွေက အမေ့မီးဖိုချောင်ထဲက မထွက်တော့သလို နန်းကြာဖြူ တာဝန်ယူနေကျ ဒယ်ဒီနဲ့ အမေ့ ဝေယျာဝစ္စတွေ ကိုပါ တချွဲတနွဲ့ ပြောဆိုလုပ်ကိုင်ပေးလာတော့ တပြုံးပြုံးဖြစ်နေတဲ့ အမေ့နားကို ကပ်ရမှာ သူမ အားငယ်လာရတယ်။
   သူမကံကိုက အမေနဲ့သူမ ဒီ့ထက်နီးစပ်တွယ်တာဖို့ အခြေအနေ မပေးချင်ဘူး ထင်ပါရဲ့။ ကျောင်းမသွားခင် မနက်ခင်းတစ်ခုမှာ အမေနဲ့အတူ ဘုရားခန်းသန့်ရှင်းရေး ကူညီလုပ်ကိုင်ပေးရင်း ကျောင်းချိန် နောက်ကျလုမတတ် ဖြစ်သွားရတယ်။ ထမင်းဗူးထဲကို အမေကိုယ်တိုင် ကြော်ခိုင်းထားတဲ့ ကြက်ဥကြော်ထည့်ထားတာ မတွေ့တော့... အမေမသိအောင်ပဲ ဆီဆမ်းဆားဖြူးပြီး မြန်မြန် ထည့် နေတာပါပဲ။ အနားရောက်လာတဲ့ အမေတွေ့သွားတော့ မီးဖိုချောင်တာဝန်ကျနေတဲ့ တူမကို ဆူတော့တာပေါ့။
    နန်းကြာဖြူဟာ အသေးအဖွဲ ပြဿနာနဲ့ အမေစိတ်ရှုပ်ရမယ့် ကိစ္စတွေမှန်သမျှ အမေမသိစေရအောင် ကြိတ်မှိတ်ခံနေခဲ့တာ...
ဒါ ပထမဦးဆုံးအကြိမ်မှ မဟုတ်ပဲ။ စားစရာအတွက် မပြောနဲ့။ အသားနာအောင် လိမ်ဆွဲတာတို့၊ ခေါင်းကိုဒေါင်ကနဲ ခေါက်ပစ်တာတို့၊ နားကို အမေဆင်ထားတဲ့ နားကွင်းလေး ပြုတ်လောက်အောင် ဆွဲလိမ်တာတို့ကိုတောင် ဘယ်သူ့ကိုမှ မသိစေခဲ့သူပါ။
    "နန်းကြာဖြူ..ညည်းဗလောင်းဗလဲ နိုင်လှချည်လား။ ညည်းဖာသာ ကြက်ဥကြော်မစားချင်လို့ ကြော်မထားနဲ့လို့ ပြောပြီး
ဘာ ခုမှ ဂုန်းသွားချောတာလဲ။ ကြီးကြီး...ဒီကောင်မက ကြက်ဥထည့်မသွားပဲ ကျောင်းကျမှ တိုထားတဲ့ပိုက်ဆံနဲ့ ၀ယ်စားဦးမှာ..."
အမေ့မှာ ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ် အများတကာထက် ပိုရှိတယ်ဆိုတာ နန်းကြာဖြူ ယုံကြည်ပါတယ်။ တူမ ပြောစကားဟာ ယုံကြည်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ပဲနည်းနည်း..။ တူမရဲ့ အသိုင်းအ၀ိုင်းအားတွေက နောက်ဖက်မှာ နည်းမှမနည်းတာ...။
    တစ်ယောက်တစ်ပေါက် ပြောဆိုတိုင်တန်းနေကြတဲ့ စကားသံတွေကြားမှာ သူမကတော့ တယောက်တည်းမို့ ဖြေရှင်းချက်အတွက် ပါးစပ်တောင် မဟ၀ံ့ခဲ့ပါဘူး။ အားငယ်စိတ်နဲ့ တစ်ဦးတည်းသော အားကိုးရာ အမေ့ကိုလှမ်းကြည့်မိတော့.... သူမကိုကြည့်တဲ့ အမေ့မျက်ဝန်းတွေဟာ သံသယကြောင့်လား...၊ သနားစိတ်ကြောင့်ပဲလား.. အရောင်မှိန်နေခဲ့တယ်။
    ဆူပူကြိမ်းမောင်း ခံရလွန်းလို့ မီးဖိုချောင်ထဲလည်း မ၀င်ရဲ...။ မလိုလားတဲ့ မျက်ဝန်းတွေနဲ့ အမေ့နားမှာ အမြဲလိုလို ရှိနေတတ်တဲ့ သူတွေကိုလည်း ရင်မဆိုင်ချင်တာနဲ့ ခြံအလုပ်တွေပဲ သူမ ဖိလုပ်နေမိတော့တယ်။
   ဘာပဲဖြစ်ဖြစ်...အမြင်စောင်းမသွားတဲ့၊ နားလည်မှုပြည့်ဝတဲ့ အမေ့ကျေးဇူးတွေကိုတော့ ဒီတသက် ဆပ်နိုင်သလောက် ကြိုးစားဆပ်ရမယ်။ အထူးသဖြင့် ကျေးဇူးကန်းတဲ့လူ မဖြစ်စေရဘူး။ အမေစိတ်ဆင်းရဲရမယ့် ကိစ္စမှန်သမျှ သူမ ဘယ်တော့မှ
မလုပ်မိစေရဘူး။ ဥပမာ.. စာမေးပွဲမကျစေရဘူး။ အမေ့ကျေးဇူးမဆပ်နိုင်ခင် ရည်းစားမထားဘူး။ အမေ့ဆွေမျိုးတွေနဲ့ ပြဿနာမဖြစ်အောင် ရှောင်ရမယ်။ သူတို့ အနိုင်ကျင့်တာတွေ၊ နှိမ်တာတွေ... အမေမသိအောင် မြိုသိပ်ထားရမယ်။ ယုတ်စွအဆုံး လူလစ်ရင်လစ်သလို ရိသဲ့သဲ့လုပ်ချင်တဲ့ တဖက်ခြံက အမေ့တူကိစ္စကိုလည်း အမေစိတ်ရှုပ်ထွေးရမှာစိုးလို့ မပြောပြတော့ပါဘူးလေ...။
+++++++++++++++
    နောင်တအတွေးနဲ့ ရှက်ရွံ့အားငယ်စိတ်တွေ အလုံးအရင်း ပြင်းထန်စွာ ပူးပေါင်းထိုးနှက်ကြတဲ့အခါ သူမ ရှိုက်ကြီးတငင် ငိုကြွေးမိတော့တယ်။ အမှန်က အမေ့ကို တိုးတိုးတိတ်တိတ် ပြောပြဖို့တောင် ၀န်လေးခဲ့မိတာ သူမ အမှားပါပဲ။ ခုလို အော်ကြီးဟစ်ကျယ် အရှက်တကွဲဖြစ်သွားရတော့ သူမ အနေအထိုင် အပြောအဆို ဆင်ခြင်ခဲ့သမျှတွေ အလကားဖြစ်ကုန်ရပြီ။
ဒါပေမယ့်...ဒီလိုမှ မအော်ရင်လည်း အခါတိုင်းကလို သူမ ငြိမ်နေလို့ဖြစ်တဲ့ ကိစ္စမျိုးမှ မဟုတ်တာလေ...။
   " အပိုတွေ သည်းပြမနေနဲ့ နန်းကြာဖြူ။ ရေချိုးခန်းတံခါးဆိုတာ အထဲက ဂျက်ထိုးထားရင် အပြင်ကလူက ဘယ်လိုလုပ်ဝင်လို့ရမှာလဲ။ ညည်းကိုယ်တိုင် ဖွင့်ပေးရင်ဖွင့်ပေးမှပဲ။ ခုလည်း...ကိုဝင်းက လက်ဆေးချင်လို့ လူရှိသလားဆိုပြီး တံခါးခေါက်ရုံ ခေါက်တာ လို့ ပြောတာပဲ။ ညည်းကိုယ်ညည်း ဘာထင်နေသလဲ။ သက်သက် အကဲပါပြမနေနဲ့။"
    တသိမ့်သိမ့် ရှိုက်ငင်နေမိတဲ့ သူမကိုယ်သူမ ကြိုးစားထိန်းပေမယ့် ၀မ်းနည်းကြေကွဲစိတ်တွေက တားဆီးမရအောင်ကို ပြင်းထန် လှိုက်စား ကုန်ပြီ။ နန်းကြာဖြူ ရေချိုးခန်းအ၀င်မှာ နောက်က ထပ်ကြပ်မခွာ လိုက်ဝင်ပြီး တံခါးချက်ချပစ်လိုက်တာ လျင်မြန်လွန်းလို့ ဘယ်သူမှ မမြင်လိုက်ကြတာ....။ ဆွဲလားရမ်းလားနဲ့ ကြမ်းတမ်းလွန်းတာမို့ ကြောက်လန့်ပြီးအော်ဟစ်မိတာ....။ လူစုံတက်စုံ ရောက်လာတော့ ဦးအောင်တိုင်ဖို့ နှုတ်ထွက်မမြန်ခဲ့တာ....။ ဘယ်ကိစ္စမဆို အမေ စိတ်ရှုပ်ရမှာကိုသာ စိုးရိမ်တတ်ခဲ့တာ...။
   အားလုံးဟာ သူမရဲ့အမှားတွေပဲ ထင်ပါရဲ့။ ဘာလို့ အမေ့ရဲ့သမီးရင်းမဖြစ်ခဲ့တာလဲ။ ဘာလို့ ရေချိုးခန်းနား လူရှင်းချိန်မှ ရေချိုးဖို့ဝင်မိတာလဲ။ ဘာလို့ တိုးတိုးတိတ်တိတ် မဖြေရှင်းဘဲ လန့်အော်ရတာလဲ။ ဘာလို့ ထုံးစံအတိုင်း ကြိတ်မှိတ်ပြီး ငြိမ်ခံမနေရတာလဲ။
   အို.....ဒီတခါကိစ္စကတော့ ငြိမ်ခံနေလို့ရတဲ့ အနိုင်ကျင့်နည်းမျိုး မဟုတ်ဘူးလေ။ ဘယ်မိန်းကလေးမှ ငြိမ်မခံသင့်တဲ့ အနိုင်ကျင့်နည်း...။ ဘယ်မအေမှ မကျေနပ်နိုင်တဲ့ စော်ကားမှု...။
    အမေ့ကို အားကိုးတကြီးကြည့်မိတော့ ငေးငိုင်နေတဲ့ အမေ့ပုံသဏ္ဍာန်ဟာ သူမအတွက် စိတ်ထိခိုက်နေတာလား။
စိတ်ပျက် အားလျော့နေတာလား။ ဝေခွဲမရ တွေဝေနေတာလား။
    ဘာပဲဖြစ်ဖြစ်....နန်းကြာဖြူဆိုတာ လက်တည့်စမ်းစရာ မဟုတ်ဘူးလို့....အမေကတော့ ခပ်တင်းတင်း ကြေငြာပေးလိုက်ပြီ။
ကျေးဇူးတင်လိုက်တာ အမေရယ်။ သမီး စိတ်မကောင်းလည်း ဖြစ်မိတယ်။ အမေကတော့ အမေတယောက်ရဲ့ တာဝန်တွေ
ကျေခဲ့သူပါ။ သမီးကို ဆင်းရဲတွင်းက ကယ်တင်ခဲ့တယ်။ ပညာသင်ပေးတယ်။ ပတ်ဝန်းကျင်မှာ မွေးစားသမီးဆိုတဲ့ လုံခြုံနွေးထွးမှုပေးခဲ့တယ်။ စားဝတ်နေရေး၊ ကျောင်းစရိတ် မပူပင် မကြောင့်ကျစေခဲ့ဘူး။ ဘ၀ရှေ့ရေးကို မြော်မြင်တတ်စေခဲ့တယ်။
နောက်ဆုံး...မိန်းကလေးတယောက်ရဲ့ အိနြေ္ဒသိက္ခာကို လုံခြုံမှုပေးခဲ့ပြန်တယ်။
    သူမကတော့ အမေ စိတ်ရှုပ်ထွေးရအောင်ပဲ လုပ်တတ်တယ်။ အိမ်ဗာဟီရလည်း ဘာမှမယ်မယ်ရရ မကူညီနိုင်ဘူး။
အမေနဲ့ ဆွေမျိုးတွကြားက ဆက်ဆံရေးကို အက်ကြောင်းလိုက်စေခဲ့တယ်။ သမီးတယောက်ရဲ့တာဝန်တွေ သူမ မကျေခဲ့ပါဘူး။
   တဖြေးဖြေးနဲ့....တွေဝေငေးမောပြီး အချိန်ကုန်မှန်းမသိအောင် လွင့်မျောနေတတ်တဲ့သူမကို အမေက စိတ်သောက ရောက်စရာတွေ ဘာမှမတွေးဖို့ အားပေးနှစ်သိမ့်ရှာတယ်။ အရေးကြီးတဲ့ ဆယ်တန်းနှစ်မို့လို့လည်း လိုအပ်တဲ့ဘာသာတွေမှာ အထူးထုတ်ကအစ
ဆရာအိမ်ခေါ် သင်ပေးတာအဆုံး လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ်။ ဒါပေမယ့်...သူမ စာကျက်တိုင်း ခေါင်းထဲမ၀င်တော့ ဘူး။ ရပြီးသား စာတွေလည်း အလွယ်တကူ မေ့တတ်လာပြီ။ စာမေးပွဲနီးလာလေ ရင်တွေပူပြီး ခေါင်းကမထောင်နိုင်အောင် လေးလာ တယ်။ ဘာဆိုဘာမှ စားမ၀င်ပဲ ညတွေလည်း စာအုပ်ကြီးရှေ့ချထိုင်မိတာ...မိုးလင်းတာတောင် မသိခဲ့တဲ့ညပေါင်း မနည်းဘူး။
    အမေကစိတ်ပူပြီး အိပ်ရေးဝအောင်အိပ်ဖို့ ချော့မော့ပြောလည်း အိပ်ယာထဲမှာ အိပ်မပျော်မယ့်အတူတူ ဘာထူးသေးလဲ။
နန်းကြာဖြူက စာမေးပွဲကျလို့ မဖြစ်ဘူးလေ။ သူမ စာမေးပွဲကျရင် အမေက ကျောင်းထုတ်ပစ်တော့မှာ...။ သူများတွေက ၀မ်းသာကြမှာ....။
    ကျောင်းထွက်ပြီးရင်ရော ဘာလုပ်ရမှာလဲ။ မီးဖိုချောင်ထဲမှာပဲ ဘ၀ကို နှစ်မြုပ်ပစ်ရတော့မှာလား။ အမေ့မှာ ဆယ်နှစ်လုံးလုံး အကုန်အကျခံခဲ့ရတာ...။ ရည်မှန်းချက်ပန်းတိုင်နီးကာမှ လဲပြိုကျသွားရင်...အမေဟာ အားလုံးထဲမှာ ၀မ်းအနည်းဆုံးဖြစ်မှာပဲ.....။
+++++++++++++++
   တကယ်တမ်း ၀မ်းနည်းစရာ အကောင်းဆုံးနေ့တနေ့ဟာ ခြုံခိုတိုက်ခိုက်ရေးသမား တယောက်လို မထင်မှတ်တဲ့နေရာက ဖြုန်းကနဲ ထွက်ပေါ်လာပြီး သူမကိုအလဲထိုးတော့တယ်။ အမေက စိတ်ပြေလက်ပျောက်ဆိုပြီး အမေ့မိတ်ဆွေအိမ်ကို အဖော်ခေါ်သွားတော့ စိတ်မပါပေမယ့် အမေ့ကိုအားနာပြီး လိုက်သွားမိတာ...။ နန်းကြာဖြူဘ၀ ခံယူချက်တွေ ဂျွမ်းထိုးမှောက်ခုံ ဖြစ်ရတော့တယ်။
    အထက်အောက် ၀တ်ဖြူစင်ကြယ်နဲ့ အမေ့မိတ်ဆွေအိမ်မှာ ရောက်နေနှင့်တာ....ဘိုးတော်ဆိုတာနဲ့ တူပါရဲ့။ သူမကို လှမ်းကြည့်
လိုက်တဲ့ မျက်လုံးတွေက စူးတောက်လွန်းတာမို့ ကြက်သီးဖြန်းကနဲ ထသွားရပြီး အမေ့နောက်ကို ၀င်ကွယ်နေလိုက်မိတယ်။ ရင်ထဲမှာလည်း မကြုံဖူးလောက်အောင် ပူလောင်ပြီး ခေါင်းတွေမူးဝေလာတော့ လိုက်ခဲ့မိတာမှားပြီလို့ နောင်တရမိတယ်။
    ဒါပေမယ့် နောက်ကျသွားခဲ့ပြီ။ ပြောဆိုနေကြတဲ့ စကားသံတွေရော....၊ အံ့သြသလို လှမ်းကြည့်လိုက်တဲ့ အမေ့ကိုရော...၊
တဖြေးဖြေး ကြမ်းပြင်ပေါ် ပြိုကျလာတဲ့ ကိုယ့်ကိုယ်ကိုရော...သူမအာရုံထဲမှာ အရောရော အထွေးထွေးေ၀၀ါးနေရတယ်။
    ' ညီမ အငယ်ဆုံးဆိုပေမယ့် နင်တို့နဲ့ ဘ၀ချင်းက ခြားနေပြီ။ အနှောင့်အယှက် မပေးကြနဲ့တော့။ ခုဘ၀မှာ သူလည်း ပျော်နေတယ်။ သူ့အမေကလည်း သိတ်ချစ်တယ်မဟုတ်လား... '
    ' မွေးစားသမီးပဲ....ဘယ်လောက်ချစ်နိုင်မှာလဲ... '
    သူမပါးစပ်က ထွက်သွားတဲ့စကားကို သူမအံ့သြသွားရတယ်။ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ အမေ့ကိုလည်း အားနာလိုက်တာ။
    ' မွေးစားသမီးဆိုပေမယ့် သမီးရင်းလေးလို ထားတာပါ..။ ဆင်ထားတာလည်း မြင်တဲ့အတိုင်းပဲ..လက်ဝတ်လက်စား အစုံပဲလေ...'
    ' နည်းသေးတယ်....' 
    ' ဟဲ့...စကားကို ယဉ်ယဉ်ကျေးကျေး ပြောစမ်း။ ဒါ နင့်ညီမရဲ့ ကျေးဇူးရှင်မိခင်ပဲ...'
    သူမပါးစပ်က ထွက်ကျလာတဲ့ စကားတွေဟာ သူမစိတ်ထဲကနဲ့ ဆန့်ကျင်ဖက်တွေလို့ သူမသိနေတယ်။

   ပြီးတော့... သူမကိုယ်တိုင်ပြောနေတာ မဟုတ်သလိုပဲ။ စိတ်နဲ့လူနဲ့ လုပ်ဆောင်ချက်တွေနဲ့ တခုကိုတခုမစေးကပ်ပဲ လေဟာနယ်ထဲလွင့်နေသလိုလို....။ အိပ်မက်ထဲမှာရောက်နေသလိုခံစားချက်မျိုးနဲ့...။
    ' သူတို့က ဘာလို့ အမွေစားအမွေခံ စာချုပ်နဲ့ မမွေးသလဲ...'
   ဟယ်...ဘယ်လိုစကားမျိုး ထွက်သွားတာပါလိမ့်။ ဒါ...ကျောင်းကသူငယ်ချင်းတွေ ပြောနေကျစကားပဲ။ သူမနဲ့ ငြင်းခုံနေကျ အမုန်းဆုံးစကားတွေပဲ။ အံကိုတင်းတင်းကြိတ်ပြီး နောက်ထပ်စကားသံတွေ ထပ်ထွက်မလာအောင် စိတ်တင်းထားမိတယ်။
မပြောနဲ့..။ နောက်ထပ်မပြောနဲ့...။ အမေစိတ်ညစ်သွားလိမ့်မယ်။ ထင်မှတ်မထားတဲ့ စကားတွေမို့ ၀မ်းလည်းနည်းလိမ့်မယ်။ ကံမကောင်းရင် သူမအပေါ် အမေမုန်းသွားနိုင်သေးတယ်။ ဒါပေမယ့် ဒီလိုအချိန်မှ မပြောရင်လည်း ဒီလိုအခွင့်အရေးမျိုး နောက်ထပ်ရမှာ မဟုတ်တော့ဘူး။ ပြောချင်လွန်းလို့ မဟုတ်ပေမယ့် နည်းနည်းတော့ ပြောသင့်တယ်ထင်တာပဲ။ ဒါမှ အမေက သူမအပေါ် ပိုဂရုစိုက်လာမှာ။
    အမေကသာ နန်းကြာဖြူကို စာချုပ်စာတမ်းနဲ့ မွေးစားလိုက်ရင် ဒီတူ တူမတွေအားလုံး သူမနောက်ကို ရောက်သွားကြမှာပေါ့။ အမေ့ပိုင်ဆိုင်မှုတွေဟာလည်း သူမနဲ့ထိုက်သင့်သလောက် သက်ဆိုင်သွားမယ်။
    အို...ဒါပေမယ့်...ဒါတွေဟာ အဓိကမကျပါဘူး။ အဓိကက အမေ့ကိုသူမ ၀ံ့ဝံ့စားစားပိုင်ဆိုင်ချင်တာပါ။
   အမေ့မျက်နှာကို ခိုးကြည့်မိတော့ စိတ်သောကရောက်နေတဲ့ ညှိုးနွမ်းတဲ့သဏ္ဍာန်ဟာ သူမရင်ကို နာကျဉ်စေပြန်တယ်။ ကိုယ့်ကိုယ်ကိုလည်း နားမလည်တော့ဘူး။ ဘာဖြစ်နေတာလဲ။ ဘာဖြစ်ချင်တာလဲ။ မေးခွန်းတွေ ချားရဟတ်လို ချာချာလည်နေပြီ။
    ' သမီး.....သမီးလေး နန်းကြာဖြူ...၊ သတိထားပါကွယ်...'
    အေးမြကြည်လင်တဲ့ အမေ့အသံဟာ....မူးရစ်နစ်မျောမလို ဖြစ်နေတဲ့ သူမအတွက် ကောက်ရိုးမျှင်လေးတမျှင်ပါပဲ။
    ' အမေ.....အမေ.....သမီးကြောက်တယ်....'
+++++++++++++++
    တကယ်တမ်း ကြောက်ဖို့ကောင်းတာ သူမကိုယ်တိုင် ဖြစ်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။
   ' မယုံနဲ့ကြီးကြီး...။ ဒီလို ဘိုးတော်အယောင်ဆောင်တွေ ခဏခဏ ဖမ်းမိနေတာ မကြားဖူးဘူးလား။ သူကလည်းချောလဲရောထိုင်ပြီး အခွင့်အရေးယူတာ နေမှာပေါ့....။ ဘာနဂါးသိုက်လဲ။ ဘာဥစ္စာစောင့်လဲ။ ခေတ်မရှိတော့ပါဘူး....ဒါတွေ...'
    ' အသိအိမ်မှာ ချိန်းမထားပဲ သွားဆုံတယ်ဆိုပေမယ့် မမကြီးပဲစဉ်းစားကြည့်လေ..။ သူတို့နှစ်ယောက် စကားအပေးအယူ အချိတ်အဆက်တွေက မယုံချင်စရာဆိုတော့ ဒီကောင်မလေး သက်သက်ပလီတာများလား...လို့...'
   ' မင်းလည်း ခေတ်ပညာတတ်ပဲ မိန်းမရာ...။ အရာရာကို ချင့်ချိန် စဉ်းစားပေါ့။ ကိုယ်ကတော့ စိတ်ရောဂါ အထူးကုဆီ ခေါ်သွားပြစေချင်တယ်။ စာမေးပွဲလည်း နီးနေပြီမဟုတ်လား။ မနိုင်ဝန်ထမ်းရင် လှည်းကျိုးတတ်တယ်နော်.. သတိလည်းထားဦး'
   အားလုံးက ဒီလိုတွေပြောမှတော့ 'နန်းကြာဖြူ ဘာလဲ....ဘာကြောင့်လဲ..' လို့ သူမကိုယ်သူမ မေးခွန်းတွေ တန်းစီနေရတော့တယ်။ အမေကတော့ တိုင်းရင်းကု၊ အင်္ဂလိပ်ကု ရိုးရာကုရော ယတြာကုပါမကျန် ဂရုစိုက်လွန်းလှလို့ အားနာစရာ ကောင်းလိုက်တာ.....။
    နန်းကြာဖြူကတော့ စိတ်ရှုပ်ရှုပ်နဲ့ ဖြစ်ချင်တာရယ်..၊ ဖြစ်သင့်တာရယ်...၊ ဖြစ်နေတာရယ်.... အားလုံးကိုရောမွှေပြီး စိတ်ကူးထဲမှာ တိမ်လှေ လုပ်စီးပစ်လိုက်တယ်။ လေနှင်ရာ လွင့်ချင်တိုင်းလွင့်နေတဲ့ တိမ်လှေလေးပေါ်မှာ ကြယ်နှင်တံလေး ကိုင်ထားတဲ့ နတ်သမီးလေးဟာ သူမကိုယ်တိုင်ပဲပေါ့။ လူးလူးလွန့်လွန့် တဖြတ်ဖြတ်ခတ်နေတဲ့ ၀တ်ရုံဖြူလွလွနဲ့အတူ ပြိုးပြိုးပြက်ပြက် လှပလွန်းတဲ့ လည်ဆွဲတန်ဆာဟာ သူမလည်တိုင်မှာ တောက်ပရွှန်းလဲ့ နေလိုက်တာ... အရမ်းကိုပဲ...။
    ထူးဆန်းလွန်းလို့ သေချာအားစိုက်ကြည့်လိုက်တော့မှ လည်ဆွဲဟာ အိပ်မက်ကလေးတွေ သီထားတာဖြစ်နေတယ်။ အမေရယ်...၊ ကျောင်းသူမလေးရယ်...၊ သူနာပြုဆရာမကြီးရယ်....။ လှလိုက်တာ......။ အမေက သိပ်လှလိုက်တာ....။
ဟော... အမေကိုယ်တိုင် သီထားတဲ့လည်ဆွဲကို နန်းကြာဖြူလည်မှာ ဆွဲပေးဖို့ လက်လှမ်းနေတော့ သူမပျော်လိုက်တာ....။
    အမေဟာ သမီး အမေရင်းပဲမဟုတ်လား။ မွေးပြီးကတည်းက အမေ့ရဲ့မိဘတွေ စီမံမှုနဲ့ ရက်ရက်စက်စက် စွန့်ပစ်ခံခဲ့ရတဲ့ သမီးလေး မဟုတ်လား။ ဟို ဗွီဒီယိုကားထဲကလိုလေ..။ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို မကြေငြာရဲလို့ မွေးစားသမီး ဟန်ဆောင်ပြီး ခေါ်မွေးထားတာ မဟုတ်လား။ အမေ...သမီးကို သိပ်ချစ်တာ သမီးသိတယ်။ ဘေးလူတွေ အမြင်မှာ မျှတအောင် လုပ်နေရတာ သမီးသိတယ်။
     မနာလိုသူတွေ များလွန်းလို့ဟန်ဆောင်နေရတာ သမီးသိတယ်။
    ခု... ဘယ်သူမှမရှိတုန်း အမေ့မေတ္တာနဲ့သီထားတဲ့ လည်ဆွဲလေး သမီးကိုဆွဲပေးမလို့ မဟုတ်လား။ ကျေးဇူးတင်ပါတယ် အမေ။ ဘယ်သူ့မှ မကြောက်ပါနဲ့။ ဘယ်သူမှလည်း မရှိပါဘူး။ သမီးနဲ့အမေ နှစ်ယောက်ထဲ...။ အမေ့ဆီ သမီးကိုယ်တိုင်ဖန်ဆင်းထားတဲ့ တိမ်လှေလေးစီးပြီး လာခဲ့မယ်။ အမေ့လက်ထဲက လည်ဆွဲလေး သမီးကိုဆွဲပေးပါနော်။ သမီးလာပြီ အမေရေ...။
    ဟော.... ဘယ်ကပေါ်လာမှန်း မသိတဲ့ ပိန်ပိန်မဲမဲ ညှက်စိမလေးတယောက် အမေ့လက်ထဲက လည်ဆွဲကိုလုနေပြီ။ မပေးနဲ့အမေ..။ မပေးနဲ့...။ သမီးတသက်လုံး တောင့်တစိတ်ကူးယဉ်ခဲ့ရတဲ့ အိပ်မက်လေးတွေ...။
   ဟင်... ဘုရားရေ..။ နန်းကြာဖြူ စာမေးပွဲ မဖြေရသေးပါလား။ စာမေးပွဲက ပြီးသွားခဲ့ပြီဆို...။ လမ်းပေါ်က စာမေးပွဲဖြေပြီးပြန်လာတဲ့ ကျောင်းသားတွေ ပြောနေသံကြားတယ်။ ဒါဆို... သူမက ဘယ်မှာသွားပြီး အိပ်ပျော်နေခဲ့တာလဲ။ သေချာကြည့်လိုက်တော့ ဖတ်လက်စစာအုပ်လေးတွေက အိပ်ယာဘေးမှာ ပြန့်ကျဲနေတုန်းပဲ။ ဘာတွေဖြစ်ကုန်တာလဲ... အမေ့ကိုမေးကြည့်ဦးမှပါပဲ။ ခုနက လည်ဆွဲကိုင်ထားတဲ့ အမေကရော... ဘယ်ရောက်သွားတာလဲ။ အလန့်တကြား ရှာဖွေမိတော့.. သူမခြေရင်းမှာ ပြန့်ကျဲနေတာ အိပ်မက်ကလေးတွေ.....။ ညှက်စိလို့ခေါ်တဲ့ ကလေးမလေးလက်ထဲမှာ ဆုပ်ကိုင်ပြီးကျန်နေတာ..... အိပ်မက်လေးတွေ သီထားတဲ့ကြိုး...။
    နန်းကြာဖြူ....နန်းကြာဖြူ ဘယ်ရောက်သွားပြီလဲ။ သူနာပြုဆရာမကြီး နန်းကြာဖြူလေ.....။
    အမေ.....အမေ....အမေ.....။
    ရင်ထဲမှာ ပဲ့တင်ထပ်နေတဲ့ ခေါ်သံတွေဟာ ပြတ်ကျသွားခဲ့ရတဲ့ အိပ်မက်လေးတွေရဲ့ ညည်းတွားရှိုက်သံလေးတွေပါ....။
++++++++++++++++
ဝေ(စီးပွားရေးတက္ကသိုလ်)