တိမ်တောက်ချိန်


နေ့တစ်နေ့ဟာ
သူ့ရဲ့ခန္ဓာအဟောင်းကို
သူ့အခေါင်းထဲ သူထည့်ဖို့ပြင်
နေ၀င်ဖို့အဆင်း။

ငါ့ဘ၀ရဲ့...
နောက်ဆုံးအလင်းဟာ
အမှောင်ကို ချဉ်းကပ်
ငွေတစ်မတ်ကို ရှာနေချိန်။

လွန်ပြီးတဲ့...
အာရုံ၊ မွန်းတည့်အချိန်တွေမှာ
အ၀ိဇ္ဇာကိုခင်း
ငါ့ကိုငါထွင်းထု
ဘယ်ဟာအတု အစစ်
မသိမှုအမြစ်တွယ်
အသစ်အသစ်တွေနဲ့ ဆေးဆိုး
ပုပ်သိုးမသွားအောင် ငါ့ဟာငါပျိုး
ငါမျိုးကိုငါချစ်ခဲ့လို့
အခုတော့...
ခပ်ပျစ်ပျစ်အမှောင်ထဲ
နစ်ဝင်ဖို့ပြင်စဲ။

ဒီအချိန်မှာလည်း
ငါ့ဇိမ်တွေနဲ့ ငါ၊ ငါ့အိနြေ္ဒနဲ့ငါ
ငါ့အမှောင်နဲ့ငါ၊ ငါ့အရောင်နဲ့ငါ
ငါ့အတ္တနဲ့ငါ၊ ငါ့ဒဿနနဲ့ငါ
ငါ့ရိက္ခာနဲ့ငါ၊ ငါ့လိပ်ပြာနဲ့ငါ
ငါ့ရထားနဲ့ငါ၊ ငါ့တရားနဲ့ငါ
ငါ့မာနနဲ့ငါ၊ ငါ့ခ၀ါချမှုနဲ့ငါ
သာသာယာယာ...။

ဘ၀နေ၀င်ချိန်...
တိမ်ထဲက ထွက်ကျလာတဲ့ “ငါ”...
ရောင်စဉ်ဖြာ အလင်းမှိန်
အမှောင်မရောက်ခင် အချိန်မှာတော့
ငါ့ဘ၀ရဲ့နောက်ဆုံး...“ တိမ်တောက်ချိန်“ ။

သစ်ခက်အိမ် 
( June, 2009...Beauty Magazine )

အသွင်ပြောင်းကိန်းများ


ထမ်းပိုးထားရမှုလေးပင်ခြင်းနဲ့စာရင်
တစ်တန်းတည်းဖြစ်တည်မှုကပိုရှင်းမလား
အရင်းကြီးချင်ကြီးမယ်။

လက္ခဏာတစ်ခုပုန်းနေတဲ့ဖြတ်မျဉ်းများ
ကိန်းဂဏန်းတစ်ခုကိုထမ်းပိုးထားကာလကြာ
ပိုင်းခြေဒုက္ခပိုကြီးလာတဲ့မျက်လှည့်မှာ
ငါတို့ဟာ...ပရိသတ်မဟုတ်ဘူး။

ဖြတ်မျဉ်းရဲ့အဓိပ္ပါယ်ကိုရဲရဲဖွင့်
နင့်နေတဲ့လေးပင်မှုတွေနဲ့စား
အသွင်ပြောင်းသွားတဲ့ဒဿမ
သုညများများနောက်ကဘ၀တွေ
အရမ်းနက်နေတဲ့ညဖြစ်ပါစေ
ဘ၀တွေကို...အဲဒီကစမယ်။         ။

သစ်ခက်အိမ် 
( January, 2011....မဟေသီမဂ္ဂဇင်း)

သတိ ရပ်၊ ကြည့်၊ သွား


မီးပွိုင့်မှာ သတိချပ်
ရပ်၊ ကြည့်၊ သွား
ကားပေါင်းများစွာ...။

အနီရောင်...ပူလောင်
သရုပ်ဆောင် မီးတောက်
တို့လျှောက်မယ့် ခရီး
ဒုက္ခမီးနဲ့တွေ့ရင်
ရွေ့လျားစိတ်တွေ ခဏရပ်
ကိုယ့်ကိုကိုယ် အသိကပ်ဖို့။

အရောင်က အ၀ါ
တို့ “ဘာသာ“ အထိမ်းအမှတ်...
တရားမြတ်ရေအေး
တို့စိတ်တွေ သန့်အောင် “ ဆေး” ဖို့
အချိန်ပေးသုံးသပ်
တွယ်ကပ်နေတဲ့အပူတွေ
မြေကျသည်အထိ။

အစိမ်းရောင်...တောအုပ်
အေးချမ်းမှုနဲ့ နုပျို
စိမ်းစိုစို တို့ရဲ့လမ်းထဲ
မြရည်ဆမ်း လန်းဆန်းလာ
တို့ထွက်ခွာ
လိုရာခရီး။

ဘ၀လမ်းဆုံတိုင်းမှာ သတိချပ်
ရပ် ကြည့် သွား
မိုင်ပေါင်းများစွာ...။

သစ်ခက်အိမ်
( August, 2009...ပန်းအလင်္ကာမဂ္ဂဇင်း )

ဇော


လက်ဖျံနုနုလေးမှာ အပ်တွေစိုက်
သမီလေးနှာခေါင်းမှာက ပိုက်
ဗိုက်ကလေးကတော့ ပိန်လိုက်ဖောင်းလိုက်
အားစိုက်ပြီး လေကိုရှူရှိုက်နေရတာ...
နာရီခြားအခါခါ သွေးတွေသွင်းဖောက်
သောက်ရတဲ့ဆေးတွေကလည်း မနည်း
အရွယ်လေးနဲ့တောင် မလိုက်
တစ်ချက်တစ်ချက် ရှိုက်သံသဲ့သဲ့လေးက
အဖေ့ရင်ကို တိုက်စား
ယောကျာ်းဆိုတဲ့ အားမာန်ထဲက
အလံဖြူလေးတစ်စ လွင့်လာခဲ့ပေါ့
အဖေ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါသမီးရယ်။

နှာခေါင်းစည်းတွေထဲက
ဒင်ဂီး...ဒင်ဂီး အဆင့်လေးငါး
အဖေ ဘာမှမကြားချင်တော့ပါဘူး
အဖေ့အနားမှာ ရှိနေတာက
မချိတဲ့ သမီးလေးဝေဒနာ
အဖေ ရင်တွေနာရပါပေါ့သမီးလေးရယ်...။

အဖေ့ကဗျာတွေက သမီးကို မသန်မာစေနိုင်တော့ဘူး
အဖေ့ကာရန်တွေနဲ့ သမီးကို ရံမထားနိုင်တော့ဘူး
အဖေ့စကားလုံးတွေနဲ့ သမီးကို လွှမ်းခြုံမဖုံးနိုင်တော့ဘူး....
အို...ဘာပဲဖြစ်ဖြစ် အားတင်းထားလိုက်စမ်းသမီး
သမီးကြိုက်တဲ့ သီချင်းလေးထဲကလို
ပစ်တိုင်းထောင်က သမီး
သမီးက ပစ်တိုင်းထောင်
ပစ်ချင်သလို ပစ်သာချ
အခုပဲ နိုးထလိုက်ပါတော့လား သမီးရယ်...။

ငါ့သမီးလေးနိုးလာရင် အားဆေး
ငါ့သမီးလေးနိုးလာရင် အားဖြစ်အောင်
ပစ်တိုင်းထောင် အရုပ်လေးတစ်ရုပ်ဝယ်ဖို့...။

လွယ်အိတ်ထဲက လက်ပြန်အထုတ်မှာ
မရေးရသေးတဲ့ ကဗျာတစ်ပုဒ်ဟာ
ရုတ်တရက် ထွက်ကျကွဲကြေသွားတယ်။

အို...နိမိတ်မရှိ နမာမရှိ

သမီးလေးရေ....။

သစ်ခက်အိမ် 
(April, 2011....မဟေသီမဂ္ဂဇင်း )

တစ်ကျိုက်တည်းမော့ပစ်မယ့် ပင်လယ်

   

    စားပွဲပေါ်ကို ပထမဆုံး ထမင်းသုပ်ပန်းကန်နဲ့ ဟင်းခါးခွက် ချပေးပြီးချိန်မှာတော့ အေးမမျက်လုံးတွေက နံရံပေါ်က နာရီအိုလေးဆီ ဖြတ်ကနဲ အကြည့်ရောက်သွားတယ်။

          ' ဟယ် ခုနစ်နာရီတောင် ခွဲတော့မှာပါလား..'
  အေးမ လွှတ်ကနဲရေရွတ်မိရင်း ရင်ထဲပူသွားရတယ်။ ဒီနေ့ ဈေးဦးပေါက်နောက်ကျလိုက်တာမှ သားတို့တောင် အိပ်ရာထချိန် ရောက်တော့မယ်။ ပထမဆုံး စားသုံးသူက ခုမှစဝင်တယ်။ ပါဆယ်ထုပ်နေ ကျ ဖောက်သည်တွေတောင် ဒီမနက် တစ်ယောက်မှ မလာသေးပါလား။ မလာသေးတာလား၊ မလာတော့ တာလား။ အေးမ သက်မောကိုချပြီး ရင်အပူလျော့လိုလျော့ငြား ရေတစ်ခွက် ခပ်သောက်လိုက်ရတယ်။

  အရင်ရက်တွေဆို ဒီအချိန်လောက်ရှိရင် အနည်းဆုံး လူလေးငါးယောက်လောက်တော့ ဆိုင်ထဲမှာ စားနေကြပြီ။ ပါဆယ်တွေဆိုတာလည်း မရှိဘူးဆို ဆယ်ပွဲအထက်ကတော့ ဆွဲပြီးသားပဲ။ အနည်းဆုံး ရောင်းမကောင်းဘူး ဆိုရင်တောင် ခြောက်နာရီခွဲ လောက်တော့ ဈေးဦးပေါက်တာချည်းပေါ့။
  အေးမရဲ့အသုပ်စုံဆိုင်လေးက ရပ်ကွက်ထိပ် ဈေးသွားလမ်းပေါ်မှာရှိတာမို့ ရပ်ကွက်ကလေးထဲက ဈေးသွားဈေးလာတွေ မနက် အစောကြီးစာကို ဈေးသွားရင်း အဆာပြေဝင်စားမလား။ ဈေးဝယ်အပြန် အိမ်ကလူတွေအတွက်ပါ ပါဆယ်ထုပ်မလား။ လမ်းလည်းကြုံ၊ ဈေးလည်းသင့်တာမို့ အရောင်းသွက်တဲ့ဆိုင်လေးပါ။
  မနက်ငါးနာရီလောက် ကတည်းကထပြီး ရေနွေးအိုးကျိုရင်း ထမင်းအိုးတည်၊ ညကတည်းက အသားထွင်ပြီးဆီသတ်ထားတဲ့ ငါးနဲ့ မုန်းဟင်းရည်အိုးပြင်၊ အသင့်လှီးချွတ် ထားတဲ့ ဂေါ်ဖီနံနံပင်တွေနဲ့အတူ စားပွဲပေါ်ပြင်ဆင်နေရာချပြီးရင် အိမ်ရှေ့တံခါးဖွင့်လိုက်တယ် ဆိုတာနဲ့ ဆိုင်ကလည်း ဖွင့်ပြီးသားပဲ။

   ဒါဆိုရင် နာရီကြည့်စရာတောင်မလိုဘူး။ မနက်ခြောက်နာရီထိုးပြီးကာစ...။ အေးမ အသုပ်စုံဆိုင်လေး ဖွင့်ပြီလေ။
  ဈေးထဲက ဆိုင်တွေထက် သန့်ရှင်းသပ်ရပ်ပြီး ဈေးလည်းချိုတာကြောင့် အေးမအသုပ်စုံဆိုင်လေးက အိမ်ရှေ့အဖီချ လမ်းဘေးဆိုင်လေးဖြစ်ပေမယ့် သူ့ဖောက်သည်နဲ့ သူတော့ ရောင်းကောင်းခဲ့တာပဲ။

   ခေါက်ဆွဲသုပ်၊ ဆန်ပြားသုပ်၊ ထမင်းသုပ်၊ အစုံသုပ်ကို ဟင်းခါးပူပူလေးနဲ့ တွဲပြီးရောင်း၊ မုန်းဟင်းခါးကို ပဲကြော်၊ ဘူးသီးကြော်၊ ဗယာကြော်မွမွလေးနဲ့ တွဲပြီးရောင်း..။ ပွဲလေးငါးဆယ် မကုန်တဲ့ရက်မရှိဘူး။ ဆိုင်စောစောသိမ်းရတာနဲ့ နောက်ကျသိမ်းရတာပဲရှိတယ်။

     စောရင် ဆယ်နာရီနဲ့ နောက်အကျတကာ့အကျဆုံး ဆယ့်တစ်နာရီပေါ့။ မွန်းမတိမ်းဘူး။

  တစ်ပိုင်တစ်နိုင် ဆိုင်လေးမို့ အကူတွေဘာတွေလည်း ခေါ်မနေတော့ပါဘူး။ တစ်ယောက်ထဲ ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ ဇယ်ဆတ်သလို ချက်ပြုတ်လုပ်ကိုင်ပြီး ဆိုင်ဖွင့်ရောင်းနေနှင့်တာ။ ဝယ်သူကျလောက်တဲ့ ခုနစ်နာရီခွဲလောက်ဆိုရင် သားတို့လည်း အိပ်ရာကနိုးလာကြပြီလေ။

     သားကြီးက ဆယ့်နှစ်နှစ်သားဆိုတော့ ကူဖော်လောင်ဖက် တော်တော်ရနေပြီ။ နိုးလာတာနဲ့ ပန်းကန်ဆေး၊ စားပွဲထိုး၊ ရေနွေးဖြည့်.. သိပ်အကူအညီရတာ။ ခုနစ်နှစ်အရွယ် သားအငယ်ကောင်ကလည်း သူ့အစ်ကိုကို အားကျမခံ အမေ့ကိုကူပြီး ငွေသိမ်း၊ စားပွဲသိမ်း လုပ်ပေးတတ်သေးတယ်။ ကျသင့်ငွေများတွက်ရင် ဖြောင့်လို့...။
    ကလေးပေမယ့် ဘဝပေးအသိ ကိုယ်စီရှိကြလို့ မျက်ရည်လည်အောင်များ ကြည်နူးမိပါရဲ့။ ကလေးတို့အဖေ ဆုံးရှာကတည်းက ခေါင်းတွဲပြုတ်သွားတဲ့ အေးမဘဝမှာ သူတို့လေးတွေကြောင့်ပဲ အားတင်းရတယ်။ သူတို့လေးတွေကြောင့်ပဲ အားတက်ရတယ်။
သားနှစ်ယောက်က ရှေ့ဆက်ရမယ့်ခရီးအတွက် မောင်းနှင်အားတွေလေ။
    သားနှစ်ယောက် ကျောင်းသွားချိန်က ဆိုင်မှာလည်း လူကျဲသွားပြီမို့ အေးမတစ်ယောက်တည်း မုန့်ပွဲပြင်၊ ပန်းကန်ဆေး၊ စားပွဲသုတ်ရင်း အေးအေးဆေးဆေး လက်ကျန်မုန့်လေးကုန်အောင် စောင့်ရောင်း၊ ကုန်တော့လည်း ဆိုင်ပိတ်၊ ဈေးကိုပြေးပြီး သားတို့အတွက် ဟင်းချက်ဖို့နဲ့ ဈေးကွဲချိန်ပေမယ့် ဝယ်နေကျငါးသည်က ဖယ်ထားပေးမယ့် မုန့်ဟင်းခါးချက်ဖို့ ငါးကိုဝယ်၊ ဆိုင်အတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေဝယ်၊ အိမ်ပြန်ရောက်တော့ ချက်ပြုတ်ပြီးတာနဲ့ သားတို့ကလည်း နေ့လည်စာစား ဖို့ ကျောင်းဆင်းလာရော။
  နေ့လည်ခင်းမှာတော့ အေးမက တစ်ရေးတစ်မောလေးတောင် မနားနိုင်သေးဘဲ သားတို့ရဲ့အဝတ်တွေလျှော်၊ အိမ်သန့်ရှင်းရေးလုပ်၊ ရေမိုးချိုးပြီးတာနဲ့ ကလေးတွေက လည်း ကျောင်းဆင်းလာပြီပေါ့။
  သားတွေကို တယုတယရေချိုးပေးချင်သေးတော့ တစ်ခါတစ်လေအားရင် ကိုယ်တိုင် ရေချိုးသနပ်ခါးလိမ်းပေးသေးတာ။

   ညနေစောင်းကျတော့ အေးမကလည်း နောက်တစ်နေ့မနက်ရောင်းဖို့ လိုအပ်တာလေးတွေ ပြင်ဆင်၊ ထုထောင်း၊ နွှာပြုထား။ သားတို့ကလည်း ကျူရှင်သွား...။ ညဖက်ရောက်ရင် စားသောက်ပြီးတာနဲ့ သားတို့ကစာကျက်၊ အေးမက သားတွေကိုစောင့်ရင်း တစ်ခါတစ်လေကျတော့လည်း တစ်နေကုန် ပင်ပန်းထားတာကြောင့် အိပ်ပျော်ရင်ပျော်နေရော..။
  ဘဝလေးက မောပေမယ့် ပြေပြေလည်လည်ရှိတာမို့ တော်သေးတာပေါ့။ မုဆိုးမသားအမိပေမယ့် အလုပ်အကိုင်လေး အဆင်ပြေနေတာကြောင့် ပိုပိုလျှံလျှံမရှိလှပေမယ့် ဖူဖူလုံလုံရှိခဲ့တယ်။ သားတွေကလည်း သိတတ်လိမ္မာလို့ အမောပြေရတယ်။

  တဖြည်းဖြည်းကြီးလာတဲ့ သားတွေအတွက်လည်း အေးမက မအေပီပီ လိုအပ်ချက်လေးတွေ ဖြည့်ပေးချင်သေးတယ်။ သားကြီးက မကြာခင် လူပျိုပေါက်လေး ဖြစ်လာတော့မှာမို့ စက်ဘီးလေးတစ်စီးတော့ ဝယ်ပေးချင်တာလေ။ စိတ်ထဲက စေတနာရှိတာတော့ ဂျပန်ဘီးလေးပေါ့။ ဒါပေမယ့် သူ့အိုးနဲ့သူ့ဆန်တန်ရုံ တရုတ်ဘီးလေးလောက်ဆို တော်ပါပြီလို့ မှန်းထားတယ်။

   စုထားတဲ့ပိုက်ဆံလေး ပြည့်ကာနီးလာမှ ခုတစ်လော အရောင်းအဝယ်က ပါးပါးလာတယ်။ အရင်ကလို ဆိုင်စောစော မသိမ်းနိုင်တာပဲကြာလှပေါ့။ ဆိုင်စောစော မသိမ်းနိုင်ရုံတင် မကဘူး။ တစ်နေ့စာတစ်နေ့မကုန်လို့ သားအမိတတွေ ဟင်းမချက်ဘဲ မုန့်ဟင်းခါးအကျန်နဲ့ မနက်ညပြီးရတဲ့ နေ့တွေလည်းမနည်းတော့ဘူး။ ဒါနဲ့ ရောင်းနေကျထက် လျှော့ချက်..၊ လျှော့ရောင်းနေရတော့တယ်။

   အသုပ်တစ်ပွဲတစ်ရာ၊ မုန့်ဟင်းခါးတစ်ပွဲ တစ်ရာ၊ ခေတ်တုန်းကလိုတော့ ရောင်းမကောင်းတော့တာ အမှန်ပဲ။ အေးမတောင် တစ်ပွဲတစ်ရာခေတ်တုန်းကမှ စုမိဆောင်းမိရှိသေးတယ်။ ဈေးတွေတက်ပြီး တစ်ပွဲနှစ်ရာ ရောင်းရကတည်းက သိတ်လည်လည်ပတ်ပတ် မရှိချင်တော့ဘူး။ လူတွေက မုန့်ဟင်းခါးတစ်ပွဲ နှစ်ရာတောင်မစားနိုင်ကြတော့ဘူးလား မသိပါဘူး။

  ခုတစ်လော ဇိမ်ခံပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေက ဈေးကျပေမယ့် အခြေခံစားသောက်ကုန်တွေက ဈေးမကျတဲ့အပြင် တချို့ကတက်တောင် တက်တာကြောင့်များ အစားအသောက်ဖက်မှာ ဖြစ်သလို ချွေတာလျှော့စားကြပြီး ဇိမ်ခံပစ္စည်းတွေများ စုပြုံဝယ်နေကြလေသလား။
  အေးမလိုပဲ ဈေးထိပ်က ကောက်ညှင်းပေါင်းသည်ကလည်း ညည်းတယ်။ လက်ဖက်ရည်ဆိုင်လေးကလည်း တွေ့လိုက်ရင် နှာခေါင်းလေး တရှုံ့ရှုံ့နဲ့ ခိုကအဘခေါ်ရလောက်တယ်။ အုန်းနို့ခေါက်ဆွဲသည်လေးလည်း ဖွင့်တစ်ရက်ပိတ်တစ်ရက်နဲ့  ဖြစ်နေရှာတယ်။

  ဒါပေမယ့် အေးမတို့ တစ်ဖက်လမ်းထိပ်မှာ လာဖွင့်ထားတဲ့ ရှမ်းခေါက်ဆွဲဆိုင်ကြီးကတော့ လူစည်ကားနေတာပါပဲ။ မြေလတ်မြို့လေးမှာ ပထမဆုံးလာဖွင့်တဲ့ ရှမ်းဆိုင် ဆိုတော့ မြို့ပေါ်ကသူဌေးတွေ အာတွေ့နေမှာပေါ့။ ဆိုင်ရှင်ညီအစ်မကလည်း မူဆယ်က ရှမ်းတရုတ်မလေးတွေဆိုတော့ အသားဖြူဖြူ အသံဝဲဝဲလေးနဲ့ အမြင်တစ်မျိုးဆန်းနေတာပေါ့။
     ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာဆိုရင် ရှမ်းခေါက်ဆွဲဆိုတာ မုန့်ဟင်းခါးလိုမျိုး လူတိုင်းယဉ်ပါးနေတဲ့ အစားအစာဖြစ်နေပြီ
ဆိုပဲ။ အေးမတို့မြို့ကလေးမှာတော့ အစားအသောက်ဆန်းတစ်ခုပေါ့။ အေးမလည်း သူတို့လာဖွင့်စက စားဖူးတယ်ရှိအောင် တစ်ပွဲ ဝယ်စားကြည့်သေးတယ်။ မဆိုးပါဘူး။ စားလို့တော့ အကောင်းသား။ ရှမ်းမုန့်ညင်းချဉ်လေးနဲ့ တွဲစားရတော့ အအီပြေပြီးအဝင်လွယ်တယ်။

  ဒါပေမယ့် ဈေးတော့ကြီးတယ်။ တစ်ပွဲခြောက်ရာတဲ့။ ကြက်သားဖတ်တော့ နည်းနည်းပါတာပေါ့လေ။ အေးမက ဈေးသည်ဆိုတော့ တွက်ကြည့်မိတယ်။ ဒီရှမ်းခေါက်ဆွဲဖတ်ဆိုတာက မုန့်ဟင်းခါးဖတ်ထက်တော့ ဈေးများမှာဆိုပေမယ့်..၊ ဒါကလည်း ဘယ်လောက်ရှိမှာမို့လဲ။ စုံစမ်းကြည့်တော့ အခြောက်လာတဲ့မုန့်ဖတ်ကို ရေစိမ်ထားပြီး ရေနွေးနဲ့ပြုတ်ရောင်းရတာတဲ့။ မုန့်ဖတ်အခြောက်ထုပ်ကလည်း တရုတ်ကုန်စုံဆိုင်တွေမှာ ဝယ်လို့ရတယ်။ မုန့်ညင်းချဉ်ကလည်း အဲဒီဆိုင်မှာ ဝယ်လို့ရနေတာပဲ။

  မရေမရာတွက်ကြည့်ရင်း စိတ်ဝင်စားလာတာနဲ့ အိမ်မှာကိုယ်တိုင် အတုခိုးပြီး ဝယ်ခြမ်းချက်ပြုတ် လုပ်စားကြည့်တယ်။ သားတွေဆိုတာ အဆန်းဖြစ်ပြီး စားလိုက်ကြ တာ ခေါင်းကိုမဖော်ဘူး။ အေးမကလည်း အစားအသောက်မှာ လက်ဆိပ်ရှိတော့ အေးမချက်တာဆို စားကောင်းတတ်တယ်လေ။
      သားတွေကမေမေလည်းရှမ်းခေါက်ဆွဲထည့်ရောင်းပါလား။ ရောင်းကောင်းမှာပဲလို့ ပြောကြတယ်။
သေချာလက်တွေ့ တွက်ကြည့်တော့လည်း အေးမဆိုရင် တစ်ပွဲလေးရာလောက်နဲ့ ရောင်းရင်တောင်
ကိုက်တယ်။ ကိုယ်က လမ်းဘေးဆိုင်လေးဆိုတော့ သူတို့ဆိုင်ကြီးလိုတော့ ဈေးတင်လို့မရဘူးပေါ့။ တင်လည်းမတင်ချင်ပါဘူးလေ။ ကိုယ်ကိုက်တဲ့ဈေးနဲ့ ကိုယ့်အတွက်လည်း အနည်းအပါး ကျန်ရင် တော်ပြီပေါ့။ ဒါမှ ကိုယ့်လိုရုန်းကန်နေရတဲ့ လူတွေလည်း စားနိုင်ရှာမှာမဟုတ်လား။

  ဒါပေမယ့် အေးမတွေးတယ်။ ပင်လယ်ရေကို လောဘတကြီး တစ်ယောက်တည်းအကုန် သောက်ချင်နေသလိုများ ဖြစ်နေမလားလို့လေ။ နည်းနည်းအလှမ်းဝေးရင်လည်း တော်သေးတယ်။ ဥပမာ သူတို့ဆိုင်ကြီးနဲ့ အေးမဆိုင်နဲ့က တစ်ရပ်ကွက်ခြားလောက်ဖြစ်ဖြစ် ဝေးတယ်ဆိုရင်ပေါ့။ ခုဟာက လမ်းထိပ် တစ်ဖက်တစ်ချက် တင်ဆိုတော့ ကိုယ်ကဈေးလျှော့ပြီး လိုက်ရောင်းရင် မျက်နှာပူစရာ။ အားနာစရာ။ မသင့်တော်ပါဘူးလို့ စဉ်းစားမိတယ်။

   ဘယ်လောက်ပဲ သာမန်လက်လုပ်လက်စားတွေလည်း စားနိုင်ပါစေလို့ စေတနာထားတယ်ပြောပြော...။ ဒါက လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်ဘူးလို့ ဆုံးဖြတ်ပြီး မလုပ်ဖြစ်ခဲ့ဘူး။

   ဒီလိုနဲ့ ရှမ်းခေါက်ဆွဲဆိုင်လေးတောင် ဖွင့်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပေါ့။ တရုတ်အစားအစာ၊ ခေါက်ဆွဲကြော်တို့၊ တရုတ်ဟင်းတို့နဲ့ ဘီယာလေးဘာလေးပါ တွဲရောင်းတော့ ဆိုင်က လူတော်တော်စည်တယ်။ ညဖက်တွေဆို ဘော်လုံးပွဲတွေ၊ ဖိုက်မူဘီတွေပါ တီဗွီအကြီးကြီးနှစ်လုံးနဲ့ ဆိုင်ထဲမှာပြထားတတ်တော့ မြို့မှာ ရောင်းအကောင်းဆုံးဆိုင်တောင် ဖြစ်နေပြီလေ။ ညီအစ်မတတွေလည်း ရောက်စက ဆိုင်ကယ်လေးကိုယ်စီကနေ ကားတွေဘာတွေတောင် ဝယ်စီးနေကြပြီ။

    ဒါပေမယ့် ခုတလော အေးမဆိုင်လေး ဈေးဦးပေါက်နောက်ကျကျလာသလို လမ်းထိပ်ကဆိုင်ကြီးလည်း လူအဝင်နည်းလာတာ သတိထားမိတယ်။ အရင်ကလောက် ဝုန်းဒိုင်းကြဲ ရောင်းမကောင်းတော့ဘူး။ အေးမတွေးသလိုပေါ့။ လူတွေက ဈေးကျတဲ့ဇိမ်ခံပစ္စည်းတွေကို ဝယ်နိုင်ဖို့ အစားအသောက်ဖက်ကို လျှော့ကြတယ်ထင်ပါရဲ့။ သူတို့ဆိုင်မှာ မနက်စာရှမ်းခေါက်ဆွဲ စားနေကျသူဌေးတချို့တောင် အေးမဆိုင်မှာ မုန့်ဟင်းခါးလေး၊ အသုပ်ကလေး ဝယ်စားပြီး မနက်စာကို စရိတ်ချုံ့လာကြပြီ။

  ဒီလိုပဲ။ ဟိုတယ်စာစားတဲ့ သူဌေးတွေက စရိတ်ချုံ့ပြီး မုန့်ဟင်းခါးနဲ့လက်သုပ်စုံ ဆင်းစားကြတော့ အေးမရဲ့ဖောက်သည်ဟောင်း ဝန်ထမ်းနဲ့လက်လုပ်လက်စားတွေက ထမင်းကြမ်းကို ပဲပြုတ်နဲ့ပဲ ဝမ်းမီးငြိမ်းနေကြပြီလား မသိပါဘူး။

  အေးမရဲ့ဆိုင်လေးက ဖောက်သည်ပြောင်းသွားပေမယ့် သိပ်အယိမ်းယိုင်ကြီးတော့ မဟုတ်သေးလို့ တော်သေးတယ်။ သူဌေးဖောက်သည်တွေဆိုတော့ အိပ်ရာထနောက် ကျပြီး အေးမဆိုင်လည်း ဈေးဦးပေါက်နောက်ကျလာတယ်လေ။
       ရှမ်းတရုတ်မလေးတွေကတော့ ဈေးသွားရင်း သူ့ဖောက်သည်တွေ အေးမဆိုင်မှာ ထိုင်စားနေတာမြင်ရင် မျက်နှာထားတင်းတင်းနဲ့ လှည့်ကြည့်တတ်တယ်။ ဒါဆိုရင် အေးမက မျက်နှာဘယ်ထားရမှန်းမသိဖြစ်ပြီး အားနာသလိုလို၊ ဘာလိုလိုကြီးပဲ။

  ဆိုင်တော့မဆိုင်ပါဘူး။ သူ့စီးပွားကို ကိုယ်ကဘာမှ မရိုးမသားနှိုက်စားတာမှ မဟုတ်တာ။ တော်သေးတာက အေးမ ရှမ်းခေါက်ဆွဲ လိုက်မရောင်း မိတာပဲ။ လောဘသတ်နိုင် လိုက်လို့ တော်သေးတာပေါ့။
         သားအတွက် စက်ဘီးလေးကလည်း ကောင်းကောင်းဝယ်ပေးချင်။ စုငွေကလည်း မပြည့်သေးဆိုတော့ ဝင်ငွေလေးတိုးလာမလားလို့ လောဘတက်မိသေးတယ်။ ဒါပေမယ့် အေးမ စိတ်မလုံတာနဲ့ပဲ မလုပ်ဖြစ်ခဲ့တာ..။ ဆုံးဖြတ်ချက်မှန်သွားတာပေါ့။ နို့မို့ဆို တစ်လမ်းတည်း သားချင်း ဘယ်လောက်အားနာစရာ ကောင်းလိုက်မလဲ။
       ခုလိုမျိုး သူတို့ကလည်း အရောင်းအဝယ်ပါးချိန်သာဆိုရင် အေးမစိတ်မျိုးနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်မလဲ။ မျက်နှာပူစရာနော်။
  ဒါပေမယ့် သူတို့က သူဌေးတွေဆိုတော့ ဆင်ပိန်ကျွဲလောက်တော့ ကျန်ဦးမှာပေါ့။ အရောင်းပါးပေမယ့် တောင့်ခံနိုင်တဲ့ အနေအထားတွေပါ။
အရင်လို ဝင်လာမစဲ တသဲသဲ မဟုတ်ပေမယ့် မှန်မှန်လေးတော့ ရောင်းရပါတယ်။

  အေးမက ဈေးသည်ချင်းဆိုတော့ ကိုယ်ချင်းစာတယ်။ ကိုယ်ရောင်းမကောင်းရင် လမ်းထိပ်ကဆိုင်ကိုလည်း မျှော်ကြည့်ပြီး သူများ ရောင်းမကောင်းရင်လည်း စိတ်မကောင်းဘူး။ သူဌေးတွေဆိုတော့ ကိုယ့်လို ရောင့်ရဲနိုင်ပါ့မလား တွေးကြည့်တာလေ။

       အေးမတောင် ရှိတာလေးနဲ့ တင်းတိမ်ပြီး ရသလောက်လေးနဲ့ ရောင့်ရဲတတ်လို့သာ တော်သေးတာ။
ဒါပေမယ့် ရသလောက်လေးနဲ့ ရောင့်ရဲတယ်ဆိုတဲ့နေရာမှာ ဒီနေ့မနက်လို ဆိုးဆိုးဝါးဝါး ရောင်းမကောင်းတာမျိုးနဲ့သာ နေ့တိုင်းကြုံနေရရင် ဘယ်လိုလုပ်မလဲ။ ဒီနေ့မနက်တော့ ဈေးဦးပေါက်နောက်ကျရုံတင် မကဘူး။ သားတို့ကျောင်းသွားချိန်ထိ ကျဲကျဲပါးပါးပဲ ရောင်းရသေးတယ်။

   စားနေကျဖောက်သည်တွေလည်း ဘယ်ရောက်ကုန်ကြပြီလဲ မသိဘူး။ သူဌေးတွေကပါ စရိတ်ချုံ့ပြီး မုန့်ဟင်းခါးနဲ့အသုပ်စုံတောင် မစားကြတော့တာလား။ အဲလိုတော့လည်း မဟုတ်လောက်ပါဘူးလေ။ ဘဝတွေက အဲဒီလောက်မှ ဆိုးကုန်ရင်လည်း အေးမတို့လို လမ်းဘေးဈေးသည်တွေ ဘာလုပ်စားရတော့ပါ့။

  အင်း...ဒီပုံအတိုင်းဆို မနက်ဖြန် ဈေးဖိုးအရင်းတောင် ရပါ့မလားမသိဘူး။ ဒီနေ့တော့ အေးမတို့သားအမိတတွေ မနက်ပြန်ညပြန် မုန့်ဟင်းခါးလက်ကျန်ကို စားရင်တောင် ကုန်ပါ့မလား။ ရောင်းမကောင်းမယ့်သာ မကောင်းတာ။ လမ်းတစ်လျှောက်တော့ လူလည်း မရှင်းလှပါဘူး။ သွားလာလှုပ်ရှားနေကြတာပါပဲ။ အေးမသာ ရောင်းမကောင်းတာ။ ဟိုဖက်လမ်းထိပ်က ရှမ်းခေါက်ဆွဲဆိုင်တောင် လူစည်နေသားပဲ။

  ဟင်..အေးမရဲ့ဖောက်သည်အသစ် ရွှေဆိုင်ပိုင်ရှင် သူဌေးမကြီးဒေါ်ခင်စိန်က ရှမ်းခေါက်ဆွဲဆိုင်ထဲ ဝင်သွားတာပါလား။
အေးလေ..။ သူတို့တွေလည်း ရှမ်းခေါက်ဆွဲလေးဘာလေး တစ်ကြော့ပြန် စားချင်ဦးမှာပေါ့။ ဘယ်လောက်စရိတ်ချုံ့ချုံ့ သူဌေးတွေကတော့ စားနိုင်မှာပါပဲ။
  ဟောတော့... ရှမ်းခေါက်ဆွဲဆိုင်ရှေ့မှာ ဆိုင်းဘုတ်အသစ်တစ်ခု ချိတ်ထားပါလား။ မနေ့ကအထိ မတွေ့မိပါဘူး။ ဘာရေးထားတာပါလိမ့်။ လမ်းထိပ်ဖက်ဆိုတော့ နည်းနည်းလှမ်းတာနဲ့ အေးမအားစိုက်ပြီး မနည်းဖတ်ရတယ်။

  ဖတ်လည်းဖတ်ပြီးသွားရော ခေါင်းတခါခါ..၊ တအံ့တသြမျက်နှာလေးနဲ့ ' အော်..ဖြစ်မှဖြစ်ရပလေ..' လို့ ရေရွတ်ရှာတယ်။ ဆိုင်းဘုတ်က တခြားတော့မဟုတ်ပါဘူး။ ' မုန့်ဟင်းခါးနှင့် အသုပ်စုံပါ မနက်စာအဖြစ် ရောင်းချပေးနေပါပြီ...' ...တဲ့။

  နောက်နေ့မနက်တွေမှာတော့ အေးမဆိုင်ရှေ့ကဖြတ်ပြီး ဈေးသွားမယ့် ရှမ်းတရုတ်မလေးတွေက အေးမဆိုင်ကို ဘယ်လို မျက်နှာထားမျိုးနဲ့ လှမ်းကြည့်သွားမလဲ မသိဘူး။ အေးမ ကတော့ စိတ်ထဲမှာ ဘာကိုမှန်းမသိ အားနာနေတုန်းပဲ။
-----
ဝေ(စီးပွားရေးတက္ကသိုလ်)
July, 2010...မဟေသီမဂ္ဂဇင်း

ဆုံမှတ်မသိသော ဖြတ်မျဉ်း

  

ပတ်ဝန်းကျင် အရိပ်အာဝါသနှင့်ထပ်တူ ဒေါ်တင့်ရီရင်ထဲမှာ အေးမြကြည်စင်နေရသည်မို့ နိဗ္ဗာန်ဆော်ဒါနရှင် သူငယ်ချင်းကို ကျေးဇူးတွေ အတိုင်းမသိ တင်နေမိသည်။ သည်ပတ်ဝန်းကျင် သည်လို စိတ်ခံစားမှုတွေက သူငယ်ချင်းခင်လေးသာ လမ်းပြခေါ်ဆောင်မလာခဲ့ရင် ဒေါ်တင့်ရီဘဝနှင့် အအပ်အစပ် ကွာလှပါသည်။
        ငယ်သူငယ်ချင်းဆိုပေမယ့် ဘဝကို ကူးဖြတ်ရပုံချင်း ကွာလှသည်မို့ သက်တူရွယ်တူလို့ ပြောရင်တောင် မယုံချင်လောက်အောင် အသွင်သဏ္ဍာန်က ခြားနားနေပြီ။ 

 ဒေါ်တင့်ရီက ဘဝကို အလျားလိုက် ရေဆန်ကူးနေရသူလို ပင်ပန်းစွာအားစိုက်ခဲ့ရ သလောက် ဒေါ်ခင်လေး ကတော့ ရေစုန်ကို ထောင့်ဖြတ်ကူးသူပမာ သက်တောင့်သက်သာ တက်မလေးနှင့် ကမ်းရောက်အောင် ထိန်းသိမ်းလမ်းကြောင်းခဲ့ရုံသာ...။ ဒေါ်ခင်လေးအတွက် ဆိုက်ကပ်ရန် ကမ်းကလည်း အဆင် သင့်။ ဒေါ်တင့်ရီမှာသာ ခုအသက်အရွယ်ထိ ဘယ်သောင်ဘယ်ကမ်းမှာ နားရမည်မှန်းမသိ။
လမ်းပျောက်ပြီး ဝင်္ဂပါလှည့်နေတုန်း...။
           မမျှော်လင့်ပဲ ငယ်သူငယ်ချင်းနှစ်ယောက် ဇာတိမြို့ကလေးမှာ ပြန်ဆုံရတော့...၊ အိုမင်းရင့်ရော် မှုတွေ မေ့ပျောက်ပြီး ချက်ချင်းငယ်ဘဝပြန်ရောက်သလို နုပျိုလတ်ဆတ်သွားကြရ၏။
           ' နင်က ဘဝပေးကောင်းသလောက် ငါ့ဘဝကတော့ ပြောရမှာ အမောတွေချည်းပါပဲ ခင်လေးရယ်။ တိုတိုတုတ်တုတ်ပြောရရင် ငါ လင်ကံမကောင်းသလို သားသမီးကံလည်း မကောင်းပါဘူး။ ခုအရွယ်ထိ သားသမီးတွေက ငါ့ဆီက ဘာရဦးမလဲလို့  လက်ဖြန့်နေကြတုန်း...'
           ဒေါ်တင့်ရီ ပြောတာလည်း မမှားပါ။ မုဆိုးမဆိုသည့် အဖြစ်တစ်ခုကလွဲပြီး သူတို့နှစ်ယောက်ဘဝက အရှေ့နှင့် အနောက်ပမာ ဆန့်ကျင်ဖက်ဖြစ်နေသည်။ ငယ်စဉ်ဘဝက မိသားစုအနေအထားချင်း မကွာခြား လှပေမယ့် အရွယ်ရောက်စမှာ တစ်မိသားစုက စီးပွားတက်ပြီး မြို့ကြီးပြောင်းသွားသလို တစ်မိသားစုက စီးပွားပျက်ပြီး မြို့သစ်ဖက် ရွှေ့သွားရသည်။
  ဝေးကွာခဲ့သည့် သူငယ်ချင်းနှစ်ယောက် အဆက်အသွယ်ပြတ်ခဲ့သလို အနိမ့်အမြင့်အတက် အကျ လောကဓံက နှစ်ယောက်စလုံးကို မချန်ခဲ့ပါ။ မခင်လေးက မိဘပံ့ပိုးမှု၊ ကိုယ်တိုင်ကြိုးစားမှု၊ ကံတရားတွန်းပို့မှုတွေနှင့် သက်တောင့်သက်သာ အမြင့်ရောက်ခဲ့ပေမယ့် မတင့်ရီကတော့ မိဘမပြေလည် မှု၊ ကိုယ်တိုင်အားနည်းမှု၊ ကံတရားထိုးနှက်မှုတွေကြောင့် နိမ့်ပါးခဲ့ရသည်။
           ' ဒါပေမယ့် နောက်ဆုံးတော့ တို့တွေ ပြန်ဆုံရပြီ မဟုတ်လား တင့်ရီရယ်။ ငယ်ဘဝအစက ကစားဖော်၊ ကျောင်းနေဖက် တို့နှစ်ယောက်ဟာ ဘဝဆည်းဆာချိန်ကျတော့လည်း ဘုရားသွားဖော်၊ တရားဝင်ဖက် ဖြစ်ရမှာပေါ့။  ဒီမြို့ကို ပြန်ပြောင်းဖို့ အကြောင်းဖန်လာတဲ့ တို့ကလေးတွေ ကိုပဲ ကျေးဇူး တင်ရဦးမယ်....'
           ဒေါ်ခင်လေး၏သားက ရာထူးတက်ပြီး ဇာတိမြို့ကို ပြောင်းလာရသလို ဒေါ်တင့်ရီ၏ သားသမီးတွေက ပြဿနာထူ ကြွေးပူလွန်းသည့် မြို့သစ်မှရန်ရှောင်ပြီး မြို့ထဲကို ခေတ္တခိုဝင်လာခဲ့ရ၏။ မြို့ကလေးဆီ လာခြင်းကောင်းကောင်းမကောင်းကောင်း၊ သူငယ်ချင်းနှစ်ယောက် ပြန်ဆုံတွေ့ရတာကတော့ ကောင်းခြင်းမင်္ဂလာ တစ်ပါးဆိုတာ မလွဲနိုင်ပါ။
 အရွယ်အလျောက် ဝင်ရောက်နေသည့် ရောဂါတွေကလည်း တစ်ဝက်လောက်သက်သာ ရုံမက ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး အဘွားကြီးနှစ်ယောက် တတွဲတွဲနှင့် တစ်နေ့တစ်ခါမှ မတွေ့ရလျှင် နေမထိထိုင်မသာ ဖြစ်နေကြပြီ။ ဒေါ်ခင်လေး သားသမီးတွေက သူတို့အမေ ခုနစ်ဆယ်နားနီးကာမှ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း ဖြစ်လာတာမို့ ဝမ်းပမ်းတသာနှင့် ဒေါ်တင့်ရီကို ဆီးကြိုလက်ခံကြသလို ဒေါ်တင့်ရီ သားသမီးတွေကလည်း ပြည့်စုံသူ ဒေါ်ခင်လေးဆီက ဘာအထောက် အပံ့တွေ များ ရမလဲလို့ မျှော်ကိုးအားထားကြသည်။
           ဒေါ်တင့်ရီက အလုပ်သွား ရုံးသွားကြမည့် သားသမီး၊ မြေးတို့အတွက် ထမင်းဟင်း ချက်ပြုတ်ပြင်ဆင်ပေးပြီးသည်နှင့် ဒေါ်ခင်လေးအိမ်ကို သွားကာ တစ်နေကုန်နေသည်။ သူငယ်ချင်းနှစ်ယောက် အတူ ထမင်းစားသည်။ စကားလက်ဆုံပြောသည်။
  ပြည့်စုံသူ ဒေါ်ခင်လေးက သူ့သူငယ်ချင်းအတွက် အကျွေးအမွေး၊ အဝတ်အစားသာ မက နေမကောင်း လျှင်လည်း ဆေးဖိုးဝါးခအကုန်ခံကုပေး၏။ မြန်မာပြည်အနှံ့ ဘုရားဖူးထွက်လည်း ဒကာခံခေါ်သည်။ တရားစခန်းဝင်လည်း ဒကာခံကုသိုလ်ယူသည်။
ဒါနဲ့တင် အားမရသေးဘဲ ဒေါ်တင့်ရီ၏ အလုပ်လက်မဲ့ သားတစ်ယောက်အတွက် အရင်းအနှီးပါ ထုတ်ပေးထားသေးသည်။            
   သည်လိုနှင့် ဘဝအမောတွေကြားမှာ တစ်သက်တာ ထွေးလုံးနေရလို့ ဘုရားတရားမေ့နေ ရသည့် ဒေါ်တင့်ရီတစ်ယောက် သူငယ်ချင်း ဆွယ်တရားဟောကောင်းတာကြောင့် ဤအရိပ်မှာ ခိုဝင်မိခြင်းဖြစ်ပါသည်။
           ဒေါ်ခင်လေးက တရားစခန်းဝင်ကျင့် ရှိပြီးသားမို့ သူငယ်ချင်းကို ဖေးမလမ်းပြပေး၏။ သူဆောက်လုပ် လှူဒါန်းထားသည့် ဇရပ်အဆောင်မှာ နှစ်ယောက်သားနေရသည်မို့ သီးသီးသန့်သန့် အေးအေးချမ်းချမ်း လည်းရှိသည်။ ရေချိုးခန်း၊ အိမ်သာပါ တွဲလျက်ပါသည့်အပြင် ဒေါ်ခင်လေးတရားဝင်ချိန်မှာ အဆင်ပြေပြေ စားနိုင်သောက်နိုင်ဖို့ ငါးပိကြော်၊ ငါးခြောက်ကြော်၊ မိုင်လို၊ အိုဗာတင်းကအစ သားသမီးတွေက စီစဉ်ပေးလိုက်တာမို့ ဒေါ်တင့်ရီအဖို့ သူ့အိမ်မှာထက်ပင် သာလွန်ကောင်းမွန် နေသေးတော့၏။
           ကျောင်းပရဝုဏ်ကလည်း ကျယ်ဝန်းပြီး သစ်ကြီးဝါးကြီးများနှင့်အေးချမ်းလှသည်။ ယောဂီအားလုံး အယောက်နှစ်ရာလောက်ရှိပေမယ့် အသံဗလံ ဆူညံခြင်းမရှိ။ ပကတိ သူတော်စင်များနှယ် လှုပ်ရှားသွား လာပုံ ညင်သာသိမ်မွေ့ရုံမက တရားနားချိန်များမှာလည်း ဆရာတော်ဘုရား၏ စည်းစနစ်တကျ ဆုံးမသြဝါဒ များကြောင့် အိနြေ္ဒရရ နှုတ်စနည်းကြလေသည်။
 ကျောင်းဝန်းထောင့်က ယောဂီဇရပ်ဆောင်ကြီး နှစ်ဆောင်မှာ အမျိုးသားအမျိုးသမီး သီးသန့်ခွဲထားပေးပြီး ထိုဇရပ်ဆောင်ကြီးဘေးမှာတော့ သီးသန့်ဆောက်လုပ် လှူဒါန်းထားသော လုံးချင်းဇရပ်ဆောင်လေးများက အစီအရီ...။
  'အင်း....တရားစခန်းမှာတောင် ပိုက်ဆံရှိသူများကတော့ ကိုယ်ပိုင်လုံးချင်းဇရပ်တွေနဲ့ စမတ် ကျကျနေရတယ်။ သူလိုကိုယ်လို             လူတွေကတော့ အဆောင်ကြီးထဲ အရောရောအထွေးထွေးပေါ့...'
           တရားစခန်း အရိပ်အာဝါသမှာ ကြည်လင်ချမ်းမြေ့နေရာမှ ဒေါ်တင့်ရီ၏ အတွင်းစိတ်ထဲ ခိုအောင်းနေသော အချဉ်ဓါတ်က အမှတ်မထင် ခေါင်းပြူလာတာကြောင့် လွှတ်ကနဲ ပြောထွက်သွားရ၏။
           ဒေါ်ခင်လေးက သူငယ်ချင်းကို သနားကြင်နာစွာ ကြည့်ရင်း နားလည်ပေးလေသည်။
           ဒါကြောင့်လည်း ဒီသူငယ်ချင်းကို ဘဝအပူမီးတွေကြားက ဆွဲခေါ်ပြီး အအေးဓါတ် မျှဝေခံစားစေရခြင်း ဖြစ်၏။ တစ်သက်လုံး စားဝတ်နေရေးအတွက် ပင်ပန်းစွာ ရှာဖွေရုန်းကန်ခဲ့ရသည့်အပြင် လင်ယောက်ျားကလည်း ဆိုးသွမ်း၊ သားသမီးတွေကလည်း မလိမ္မာကြတော့
လောကကြီးအပေါ် အချဉ်ဓါတ်ဖုံးနေပြီး အဆိုးမြင်စိတ်သာ ရှေ့ဆောင်နေခဲ့ပြီ။
           သားသမီးငါးယောက်ရှိပြီး တစ်ယောက်တစ်ပေါက်၊ ငါးယောက်ငါးပေါက် ဆိုသလို စည်းလုံးညီညွတ်မှု မရှိ။ တစ်အိမ်တည်းနေပြီး
သူတစ်လူ ငါတစ်မင်း အော်ဟစ် ရန်ဖြစ်ကြ၊ သတ်ပုတ်ကြ။ အိမ်ထောင်ကျသူ ကလေးရသူတွေနှင့် လူဦးရေကျပ်ညပ်လာပြီမို့ အိမ်ခွဲနေကြဖို့ ပြောလည်း အပိုငွေ ကုန်ရမှာကြတော့ တစ်ယောက်မှ မလှုပ်ကြတော့။
           ဒေါ်ခင်လေးက သူငယ်ချင်းကို အိမ်ခေါ်ထားမယ်ဆိုပြန်တော့ ချက်ရေးပြုတ်ရေးမှာ ဒီမအေအိုကြီး အကူအညီကို လက်လွှတ်မခံနိုင် ကြသေးပြန်။ မနက်စာ ချက်ပြုတ်ပေးပြီးမှ သူငယ်ချင်းအိမ် နေ့လည်ခဏသွားနေ၊ ညနေစောင်းကျ ညစာချက်ပြုတ်ဖို့အမီ ပြန်လာရသေး၏။
ခုလို တရားစခန်း ခေါ်လာတာတောင် မတတ်သာလို့ ထည့်လိုက်ရပုံမျိုး..။
           ခေါ်လာသည့် ဒေါ်ခင်လေးအပေါ်မှာတောင် အခွင့်အရေးယူလိုစိတ်နှင့် တရားစခန်းထိ လိုက်လာပြီး ဒေါ်တင့်ရီကို အိမ်လခ အြေ<ွကးတွေ အတင်းလာတောင်းနေကြောင်း၊ မပေးနိုင်ရင် ချက်ချင်းဆင်းပေးရမယ် ဆိုကြောင်း ငိုယိုပြီး လာတိုင်တည်နေကြသေး၏။
           ဒေါ်ခင်လေးက ဒီအသက်အရွယ်ထိ မအေးချမ်းနိုင်သေးသည့် သူငယ်ချင်းကို သနားလွန်းလို့ တရားစခန်းမှာ လှူဖို့တန်းဖို့ ထည့်လာသည့် ငွေထဲကထုတ်ပြီး ပေးလိုက်သည်။ ဒေါ်တင့်ရီကမူ သည်ယုန်မြင်၍ သည်ခြုံထွင်သော သူ့ကလေးတွေအကြောင်း သူအသိမို့
သားသမီးတွေကို ဒေါသလည်းထွက်၊ သူငယ်ချင်းကိုလည်း အားနာလှသည်။
           ဒီအထိလိုက်ပြီး ဒုက္ခပေးသည့် သူ့သားသမီးတွေနှင့် ခင်လေးသားသမီးတွေကို ယှဉ်ကြည့်ပြီး ကံမကောင်းသည့် သူ့ဘဝသူ ဝမ်းလည်းနည်း မကျေမချမ်းလည်း ဖြစ်ရသည်။ ဒေါ်ခင်လေး သားနှင့်သမီး ကတော့ အမေဖို့ ဟင်းလာပို့ရတာနဲ့၊ သောက်နေကျဆေးကုန်မှာစိုးလို့ ဖုန်းဆက်မေးရတာနဲ့၊ ညဖက် ဖျော်ရည်ပို့ပေးရတာနဲ့...။ ဒေါ်ခင်လေးက အနှောင်အတွယ်ကင်းကင်း တရားထိုင်ချင်လို့
မလာပါနဲ့ ဆိုပြီး အတင်းတားရသည်။ ကွာလိုက်သည့် အဖြစ်။
           ဘာပဲဖြစ်ဖြစ် ငြိမ်းငြိမ်းချမ်းချမ်း စိုစိုပြေပြေနှင့် ပြည့်ဝရင့်ကျက်သော ဒေါ်ခင်လေးကို ဒေါ်တင့်ရီက အားကိုးတွယ်တာသလို နွမ်းယဲ့ယဲ့ မှိန်ဖျော့ဖျော့နှင့် လှုပ်ခတ်အားငယ် တတ်သော ဒေါ်တင့်ရီ ကိုလည်း ဒေါ်ခင်လေးက သနားကြင်နာလှလေသည်။
ဘုန်းကြီးကျောင်းဝင်းနှင့် ခပ်လှမ်းလှမ်း လက်ဖက်ရည်ဆိုင်လေးကနေ ခပ်သုတ်သုတ် ပြန်လျှောက် လာရင်း ဒေါ်တင့်ရီ ပတ်ဝန်းကျင်ကို ကျီးကြည့်ကြောင်ကြည့် ဝေ့ကြည့်ရသေး၏။ ယောဂီဝတ်စုံကြီးနှင့် သူ့ကို အပြင်က ပြန်လာတာမြင်ရင် ဆရာတော်ကများ ဆူလေမလား။ တခြားယောဂီတွေကများ စပ်စုကြမလား။ သူငယ်ချင်းကပဲ အပြစ်တင်လေမလား။ ကိုယ့်အပြစ်နဲ့ကိုယ် မလုံလဲလှပါ။
 တရားခဏနားချိန်မှာ တစ်ရေးမှေးနေသည့် သူငယ်ချင်းမသိအောင် အသာထွက်လာ ခဲ့တာမို့ ဒေါ်ခင်လေးမနိုးခင် ပြန်ရောက်ဖို့ကအရေးကြီးသည်။ နို့မို့ဆို အကြောင်းပြစရာက သိတ်မရှိ။ အိမ်သာကလည်း အခန်းနှင့်တွဲရက်။ သောက်စရာဖျော်ရည်ကလည်း အပြည့်အစုံ ဆိုတော့ အပြင်ထွက်စရာ အကြောင်းက ဘာမှမရှိ။ 
 သို့ပေမယ့် ဒေါ်တင့်ရီမှာ မနက်စောစောက အိမ်လခလာတောင်းသွားသည့် သမီးလက်ထဲ ကို ဒေါ်ခင်လေး မသိအောင် တိတ်တဆိတ် ထည့်ပေးလိုက်သော စာရွက်လေးထဲက ဂဏန်းတွေရဲ့ အဖြေကို သိချင်လှပြီ။
 ညက အိပ်မက်ကောင်းလို့ အတိတ်ကောက်ကြည့်တော့ ထုံးစံအတိုင်း အတွေးထဲမှာ ဂဏန်းလေးတွေ တန်းစီနေကြသည်။
မျက်စိမှိတ်တိုင်းလည်း မှောင်နေသည့် အမြင်အာရုံထဲမှာ အလင်းတန်းရောင်စုံက ရုပ်ရှင်ပိတ်ကားထက် ဆလိုက်ထိုးပြနေသလိုမျိုး အဲဒီဂဏန်းတွေချည်း မြင်နေရသည်။
           အာရုံ အရမ်းမိနေသည်မို့ လက်လွတ်မခံချင်စိတ် ပြင်းထန်နေတုန်း သမီးရောက်လာတာမို့ စာရွက်ထဲ ချရေးပြီး ' ထုံးစံအတိုင်း လုပ်ထားလိုက်...' လို့ တိုးတိုးမှာလိုက်ရ၏။
သူတော်ကောင်းမကြီး သိသွားရင် အံ့သြဘနန်းဖြစ်ပြီး စုတ်တသတ်သတ် သနားနေဦးမည် မလွဲ။ အေးချမ်းစေချင်လို့ တရားရိပ်ခေါ်လာတာတောင် လောဘမီးမသတ်နိုင်ပါလား ဆိုပြီး အထင်သေးစိတ်ပျက်သွားမလားလည်း မဆိုနိုင်။ ဒါကြောင့်လည်း အဖြေသိချင်စိတ်ကို တိတ်တဆိတ် အပြင်ထွက်ပြီး သတင်းမေးရခြင်းဖြစ်သည်။ စိတ်စောပြီး နာရီမကြည့်ပဲထွက်သွားမိတာ အချိန်က မကျသေးတော့ အဖြေမသိခဲ့ရ။
 ဒေါ်တင့်ရီ ဇရပ်ဆောင်အခန်းထဲ ခြေဖွဖွနင်းဝင်သွားတော့ ဒေါ်ခင်လေးက ပြောလက်စ ဟမ်းဖုန်းလေးကို ' ဒါပဲနော်' ဆိုပြီး စကားစသတ်ရင်း ပိတ်ပစ်လိုက်ပြီ။ တော်သေးတာက ပြောပြီးဆိုပြီးကာ မှ ဒေါ်တင့်ရီ ပြန်ရောက်လာလို့ပေါ့။
အမှန်က ဒေါ်ခင်လေးသားသမီးတွေမှာ အမေ့အ ပေါ် သိတတ်လိမ္မာသလောက် ချို့ယွင်းချက်လေး တစ်ခုတော့ ရှိ၏။
 သမီးအပျိုကြီးက မီးဖိုချောင်နိုင်နင်းပြီး ပစိပစပ်မများတတ် သလို၊ ချွေးမကလည်း ရေခဲတုံးငုံထားသလား ထင်ရလောက်အောင် အနေအေးပေမယ့်...  

' ငယ်ငယ်တုန်းကသာ ဒီလောက် အတွက်အချက် စိတ်ဝင်စားခဲ့ရင် သချာင်္ဂုဏ်ထူးတွေ တန်းစီနေကြမှာပဲ...' လို့ သားက သူ့အမနဲ့မိန်းမကို ချစ်စနိုး စနောက်နေရသည့် ဝါသနာဆိုးတွေတော့ ရှိကြသည်။
 တတွတ်တွတ်နှင့် တွက်ကြချက်ကြ၊ အတွဲညီကြလွန်းသည်ကတော့ ဒေါ်ခင်လေးဘယ်လိုမှ တားဆီးလို့မရနိုင်။
'ဘာပဲဖြစ်ဖြစ် ဒါလေးတစ်ခု စိတ်ဝင်စားစရာ ရှိနေကြလို့များ သမီးယောက်မနှစ်ယောက် တည့်နေကြတာ များလား...' လို့ သားကတွေးတွေးဆဆပြောတော့လည်း ဟုတ်နေသလိုလို။
 သူတို့မှာ အချင်းချင်း မနာလို၊ တွက်ကပ်ပြီး ရန်ဖြစ်ဖို့ အချိန်ကသိပ်မရှိ။ တစ်နေ့တစ်နေ့ ကိုယ့်အိပ်မက် သူ့အိပ်မက် အပြန်အလှန်ပြောကြ၊ အတိတ်ကောက်ကြ၊ သူနည်းကိုယ့်နည်း ဖလှယ်ကြနှင့် အင်မတန် စည်းလုံးကြသည်။ တစ်ခါတစ်ရံ အမေ့ဆီမှ အိပ်မက်ဆန်းများ ကိုပင်မေးမြန်းကာ အဆင်ပြေ သွားကြ တာတွေတောင် ရှိဖူး၏။ နောက်ပိုင်းတော့ ဒေါ်ခင်လေးကလည်း အိပ်မက်ဆန်းရင် ပြောပြမိသည်အထိ လိုက်လျောရတော့သည်။ သို့ပေမယ့် အလွန်အကျွံမဖြစ်အောင်တော့ ဒေါ်ခင်လေးက သတိပေးနေ ရ၏။
           သူငယ်ချင်း ဒေါ်တင့်ရီကိုတော့ ဒီအကြောင်းတွေ မသိစေချင်။ သူ့သားတစ်ယောက် လောင်းကစား ဝါသနာကြီးလွန်းလို့ အလုပ်မလုပ်၊ စီးပွားရေးစိတ်မဝင်စားတာ ကို ဒေါ်ခင်လေးကပဲ ပြောဆိုဆုံးမပြီး ငွေ အရင်း ထုတ်ပေးထားသေးသည်လေ။ 
           ဆုံးမစကား ပြောထားသည့် လူကြီးက ' ငါပြောသလိုလုပ်၊ ငါ့ကလေးတွေလို မလုပ်နဲ့...' ဆိုသလိုမျိုး ဖြစ်နေမှန်းသိသွားရင် သိက္ခာကျမည် မဟုတ်လား။ ဒါကြောင့် သူငယ်ချင်းဒေါ်တင့်ရီကို အတွင်းသိအစင်းသိ ဆိုသလောက် ပေါင်းဖြစ်ပေမယ့် ဒီကိစ္စကိုတော့ အသိမခံခဲ့။
           ဒေါ်ခင်လေးက တရားစခန်းဝင်တိုင်း တရားထိုင်ရုံမက တရားစခန်းအတွက် အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ အချိုရည်..အလျဉ်းသင့်သလို လှူဒါန်းနေကျဖြစ်သည်။ ဒီတစ်ပတ်တော့ လှူနေကျ တရားစခန်းအလှူမဟုတ် ဘဲ အပြင်အလှူတစ်ခု လုပ်ဖြစ်၏။ သူငယ်ချင်း ဒေါ်တင့်ရီ၏ အိမ်လခကြွေးပေးရန် ငွေ အလှူ။ လေးသောင်း ငါးထောင်တိတိ။
           လှူပြီးကတည်းက ဒီငွေပမာဏကို မှေးကနဲအိပ်ပျော်လည်း အိပ်မက်ထဲ မြင်သည်။ ညတိုင်းလည်း အိပ်ဖို့ မျက်လုံးမှိတ်လိုက်တိုင်း တဖျတ်ဖျတ် ပေါ်လာသည်။ ဒါနဲ့ပဲ မနေနိုင်သည့်အဆုံး ဒေါ်တင့်ရီအလစ်မှာ ပါလာသည့်ဟမ်းဖုန်းလေး ထုတ်ပြီး သမီးကိုဆက်ရခြင်းဖြစ်၏။
           ဒေါ်ခင်လေးကလည်း သူ့လျှို့ဝှက်ချက်နဲ့သူ ဒေါ်တင့်ရီ ဘယ်သွားတာလဲ စိတ်မဝင်စားနိုင်။ မေးဖို့လည်း သတိမရ။
  ဒေါ်တင့်ရီကလည်း သူ ခိုးကြောင်ခိုးဝှက် ကျောင်းအပြင်ထွက်သွားတာ ဒေါ်ခင်လေး မေးလေမလားဆိုပြီး တထိတ်ထိတ်နှင့်မို့ ဒေါ်ခင်လေးဖုန်းဆက်တာကို မြင်ပေမယ့် လောကဝတ်လုပ်ပြီး မေးဖို့တောင် သတိမဝင်။ အမ်းတမ်းတမ်းနှင့် အခန်းထဲဝင်ထိုင်ရင်း လုပ်မိလုပ်ရာ ခေါင်းရင်းမှာချိတ်ထားသည့် ဒေါ်ခင်လေး ဘုရားရှိခိုး အမျှဝေပြီး ထုနေကျ ကြေးစည်လေးကို လက်ဖြင့် လှည့်နေမိသည်။
           ဒီအချိန်မှာပဲ ဒေါ်ခင်လေး၏ ဟမ်းဖုန်းလေးက ရုတ်တရက် ထမြည်တာကြောင့် နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ဖြတ်ကနဲ လှမ်းအကြည့်....။
           ဒေါ်တင့်ရီ ယောင်ယမ်းပြီးလှည့်နေမိသော ကြေးစည်လေးက ကြိုးပြတ်ပြီး ' ဒူဝေ..ဝေ..' မြည်သံ အမှန်မထွက်နိုင်ပဲ ကြမ်းပြင်ပေါ် ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားလေတော့၏။

------------                                   
                                         
ဝေ(စီးပွားရေးတက္ကသိုလ်)
          
         

          

မြင့်မိုရ်လည်ပြန်



  ဇောချွေးပြန်နေတဲ့ သမီးရဲ့ မျက်နှာဟာ ဒေါ်ခင်နှင်းအတွက် တော့ သမုဒ္ဒရာခန်းခြောက်သလိုပါ။ တောင်တွေ ပြိုကျလာတယ်။ မိုးကောင်းကင်ကြီး နိမ့်ဆင်းလာတယ်။ တော်လည်းသံတွေ ပဲ့တင်ညံနေတယ်။ အလင်းရောင်လည်း ကွယ်ပျောက်ကုန်တယ်။ ကမ္ဘာပျက်တယ်ဆိုတာ အဲဒါ လား။ ဒေါ်ခင်နှင်းအတွက် သမီးက ကမ္ဘာပဲလေ။

နှလုံးသားထဲက စူးနစ်တဲ့ နာကျင်မှုဟာလည်း လွန်ခဲ့တဲ့နှစ် သုံးဆယ်ကလိုပဲ တစစ်စစ် ကိုက်ခဲလာပြန်တယ်။ ဒါဟာ ဝဋ်ကြွေးတစ်ခုကို ပေးဆပ်နေရတာ များလားလို့ သတိဝင်လာချိန်မှာ ဝမ်းနည်း တုန်လှုပ်မှုက အရှိန်အဟုန်နဲ့ တစ်ကိုယ်လုံးကို ဝါးမျိုနေပြီ။

”ဝဋ်လည်လိမ့်မယ်” လို့ နာနာကြည်းကြည်း နက်နက်ရှိုင်းရှိုင်း ဆန္ဒလှိုင်းတိုက်ခဲ့မိတာ သူမ ကိုယ်တိုင်ပါ။ ဒါပေမဲ့ အဲဒီဝဋ်ကြွေးမှာ သမီးလေး ပါဝင်ပေးဆပ်ရမယ့် အဖြစ် လို့တော့ မထင်ခဲ့မိဘူး။

သံသရာရေစက်ဟာ ဘဝဘဝ အဆက်ဆက်မှာ နွှယ်ယှက်နေတာများ သိပ်ကြောက်စရာကောင်းပါလား။
                                                              +++++++

”ရှင် ဝဋ်လည်လိမ့်မယ်ကို သက်အောင်။ ကျွန်မဘဝကို ဖျက်ခဲ့တာ….၊ ကျွန်မအမေကို သတ်ခဲ့တာ…..။

တစ်နေ့တော့ ရှင်ပြန်ပေးဆပ်ရလိမ့်မယ်။”

အဲဒီတုန်းက နာနာကြည်းကြည်း သည်းသည်းထန်ထန် ကျိန်စာတိုက်သလိုကို ပြောခဲ့မိတာ..။
မနာကြည်းလည်း ခံနိုင်ရိုးလား။ မအေတစ်ယောက်လုံးက အသက်ပေးသွားရပြီလေ။

အမေဟာ လောကဓံ အဆိုး အကောင်းမှန်သမျှကို သူကိုယ်တိုင် ခါးစည်းခံနိုင်ရင် ခံနိုင်လိမ့်မယ်။ သမီးအပေါ်မှာ ကျရောက်လာတဲ့ ကြမ္မာဆိုးကို မဖယ်ရှား၊ မကာကွယ် နိုင်တဲ့ နှလုံးကြေကွဲမှုကိုတော့ ခံနိုင်ရည်မရှိခဲ့ရှာဘူး။

အမေတားဆီးဖြတ်တောက်ခဲ့တဲ့ ချစ်သူ၊ အမေကိုယ်တိုင်ရွေးချယ်ပေးခဲ့တဲ့ အိမ်ထောင်ဖက်၊ ဖတဆိုး သမီးလေးမို့ တစ်ဘဝစာလုံး သူ့ ခြေသူ့လက် ဖန်တီးပေးချင်ခဲ့တဲ့ အမေ့စေတနာ၊ မုဆိုးမကြီးရဲ့ အစွမ်းကုန်စွင့်ကားပေးထားတဲ့ ရင်ငွေ့ကို ရုန်းမထွက်ချင်၊ မငြင်း ပယ်ရက်ခဲ့တဲ့ ခင်နှင်းရဲ့ ကျေးဇူး သိတတ် မှု..။

ဒါတွေကို ကိုသက်အောင်က ကောင်းကောင်း အခွင့်အရေးယူပြီး ခင်နှင်းရဲ့ နှလုံးသားထဲကို ဆူးတစ်ချောင်း ထိုးစိုက်ခဲ့တယ်။ အဲဒီဆူးကလည်း အမေအလဲ ထပ်သွားတဲ့ အသက်တစ်ချောင်းကြောင့် ပိုပြီး နစ်ဝင် နက်ရှိုင်းသွားရတယ်။ ပြန် ဆွဲနုတ်စရာ အနှောင့်မှာ အစမကျန်တော့ဘူး။ ထဲထဲဝင်ဝင် နစ်ဆင်းသွားပြီ။
”ကိုယ် ယောက်ျားပါခင်နှင်း။ ကိုယ့်တာဝန်ကို ကိုယ်ယူရဲရမယ် မဟုတ်လား….”

ယောက်ျားတစ်ယောက်ဟာ တာဝန်ယူရဲရုံနဲ့ ယောက်ျားကောင်း ပီသမယ်လို့ ထင်ထားတဲ့ ခပ်ညံ့ညံ့ ယောက်ျားတစ်ယောက်အတွက် ခင်နှင်းမှာ ပြောစရာစကား ရှိမနေ ခဲ့ပါဘူး။ အမေကတော့ ဒီဆူးဟာ သူပျိုးမိတဲ့အပင်က ထွက်လာတာ ဆိုတော့….

”သားရယ်..ဘဝမှာ မှားမိတာဟာ အပြစ်မဟုတ်ပါဘူး။ အမှားကို မပြင်နိုင်တာသာ သိမ်ဖျင်းတဲ့ အကျင့်ပါ….”

”အမေက ကျွန်တော့်ကို ဘာလုပ်စေချင်လို့လဲ။ အမေ့သမီး အတွက် အမှားပြင်ဆင်ချက်က တစ်ဖက်သားအတွက် အမှားပေါ်အမှားဆင့်မယ့် ကိစ္စဆိုတာ အမေ သိသားနဲ့….”

တိုးချင်တဲ့ဆင်ဟာ မကန်းလည်း မျက်စိစုံမှိတ်ပြီး တိုးသွားတာပဲ။ ဒါမှလည်း လမ်းပေါက်မှာကိုး။
ခင်နှင်းယောက်ျားကလည်း မှားချင်လို့ကို မှားခဲ့တဲ့ အမှားတစ်ခု မို့ ဆက်မှားဖို့ကို ဝန်မလေးခဲ့ပါဘူး။

ဒီနေရာမှာ ခင်နှင်းကသိပ်ပြတ် သားခဲ့တယ်။ မိန်းမပီပီလည်း ရန် မတွေ့ခဲ့ဘူး။ အားနွဲ့သူဆိုပြီး ငိုလည်းမပြခဲ့ဘူး။ အပေါစားဆန်ဆန် ရွဲ့စောင်းပြီးလည်း မတုံ့ပြန် ခဲ့ဘူး။ အပိုစကားတစ်ခွန်းမှ မပြောဘဲ ကွာရှင်းစာချုပ်မှာ လက်မှတ် ထိုးပေးပြီး ပိုင်ဆိုင်မှုကို တစ်ဝက် တိတိ ခွဲပေးလိုက်တယ်။ သမီးလေးအတွက် ပိုယူဖို့ လောကွတ်လုပ် နေတာကို အရေးလုပ်ပြီး ခွန်းတုံ့ ပြန်မနေတော့ဘူး။

ဟုတ်တယ်လေ။ သမီးကို ထည့်စဉ်းစားတတ်တဲ့ ဖအေဆို ဒီလိုလုပ်ရပ်တွေ လုပ်စရာကို အကြောင်းမရှိဘူး မဟုတ်လား။

သမီးအတွက်ပဲ စဉ်းစားတဲ့ ခင်နှင်းကတော့ ကူညီချင်သလိုလို၊ ဖေးမချင်သလိုလိုနဲ့ ဖျာခင်းဖို့ ရောက်လာတဲ့ ချစ်သူဟောင်းအပါ အဝင် ပုရိသအားလုံးကို အရွယ်ရှိ သေးပေမယ့် လမ်းကြောင်းပေါ်က  အကုန်ဖယ်ပစ်ခဲ့တယ်။

တစ်ခါအညာမိရင် ညာတဲ့ သူအပြစ်၊ နှစ်ခါအညာထိရင် အညာခံရတဲ့သူ အပြစ်တဲ့။ အဓိက ကတော့ သမီးလေးကို ဘယ်ပထွေး နဲ့မှ အတူမထားနိုင်တာပါပဲ။ ဒေါ်ခင်နှင်း ဘယ်ယောက်ျားကိုမှ မယုံတော့ဘူး။
ဒီလိုဆိုတော့ အရင်ယောက်ျားကိုပဲ မျှော်နေတယ် မထင်လိုက်နဲ့။ ငွေမက်တဲ့ အမိုက်မနဲ့ သဒ္ဓါလွန်တဲ့ တဏှာကျွန်ကြီးလည်း ဘယ်လောက်ခံမှာမို့လဲ။  အချိန်တန်တော့ လမ်းခွဲကြပြီး ခင်နှင်းကို ဒူးထောက် တောင်းပန်လည်း ခင်နှင်းကတော့ ပြတ်ပြတ်ပဲ။

ခြံခုန်တတ်တဲ့သူက နောက် မခုန်တော့ပါဘူးလို့ ဘယ်လောက် ပဲကတိတွေပေးပေး… တစ်ချိန်ချိန်တော့ ခြေသံလုံလုံနဲ့ တစ်မျိုး လှည့်ပြီး ဒုက္ခပေးဦးမှာပဲလို့ သေချာ နေလို့ကို လုံးဝစိတ်မလည်တော့ဘူး။ ဘယ်ယောက်ျားမှ မယုံတော့တဲ့အထဲမှာ ဒင်းကိုရှေ့ဆုံးကလေ။
                                                                               +++++++++

ဒေါ်ခင်နှင်းမယုံတဲ့ ယောက်ျား တွေထဲမှာ သမက်စည်သူမောင် ကလည်း ရှေ့တန်းကနေပါတာပဲ။

ဘဝနဲ့ ရင်းပြီးရထားတဲ့ အသိ ဆိုပေမယ့် ဒေါ်ခင်နှင်းက ဥပါဒါန်တော့ အလွန်အကျွံမစွဲပါဘူး။ သမီးကိုလည်း ကျားဆိုရင် ပါးကွက်ကျားတောင် မကွက်နဲ့လို့ ကုန်းမသွင်းပါဘူး။ ဒါပေမဲ့ ”အမေ့ ကို နမူနာကြည့်ပါသမီးရယ်။ ယောက်ျားတွေ ပါးစပ်က ထွက်သမျှ အညာစကားတွေကို ချင့်ယုံပါ။ အလွယ်တကူ ပုံချစ်မပစ်နဲ့….” လို့တော့ မှာရတယ်။

ဘာပဲဖြစ်ဖြစ် သမီးကခေါ်ပြီး အိမ်ပေါ်တင်လာတော့လည်း သမက်ပေါ့။ မိဘကအတင်း ပေးစားထားတာ မဟုတ်ဘဲ သူတို့ချင်း ချစ်ကြတာမို့ သစ္စာ၊ မေတ္တာက တော့ တစ်ယောက်ကိုတစ်ယောက် ချည်နှောင်ပြီးသားဖြစ်မပေါ့။

ဒါပေမဲ့ ယောက်ျားလေးဖြစ် ပြီး ဒီလောက်ချောနေတာတော့ သဘောမကျလှဘူး။ ဒါတောင် ဒေါ်ခင်နှင်းသမီးကလည်း ခေသူ မဟုတ်ဘူးနော်။ တက္ကသိုလ် ရောက်တော့ သူ့မေဂျာမှာ ကွင်းဆိုလား၊ အလှဘုရင်မတဲ့။ သမက် လောင်းကလည်းကင်းတဲ့။ အဲဒီလို ကျောင်းမှာ ဖူးစာဆုံတဲ့ ကွင်းနဲ့ ကင်း၊ လိုက်ဖက်ညီတယ်ဆိုပေမယ့် ကောင်လေးက သမီးထက်တောင် နုဖပ်စိုပြည်ပြီး မိန်းမချောချောနေသေး။

ငြင်းစရာ ပြစ်ချက်ကြီးကြီး မားမားမရှိတော့လည်း မိဘဝတ္တရား ရှိတဲ့အတိုင်း ပေးစားရတော့တာ ပေါ့။ တော်သေးတာက ကောင်လေး ဘက်က မောင်နှမများတာမို့ မိန်း ကလေးဘက်ကို ရှောရှောရှူရှူ ထည့်လိုက်တာပဲ။
ဒီလိုနဲ့ ‘ယောက္ခမအိမ်တက် သမက်မျက်နှာငယ်’ ဆိုတဲ့ အဖြစ်မျိုး မဟုတ်ပေမယ့် ဒေါ်ခင်နှင်းမှာ က ယောက်ျားတွေကို မယုံတဲ့ ဓာတ်ခံကရှိလေတော့ ခပ်တည်တည် ခပ်တင်းတင်းနဲ့ မျက်မှန်စိမ်း တော့ တပ်ထားမိသလို ဖြစ်နေတာ ပေါ့။

ယောက်ျားကတော့ မိန်းမ ချောမှုန်နေအောင်ဘယ်လောက် ချောချော ယောက်ျားဗီဇကတော့ ပြတာပါပဲ။ ဘီယာလေး၊ ဝီစကီ ကလေးနည်းနည်းတော့ ကြိုက်ချင် ပုံရတယ်။ တစ်ခါတလေ အပေါင်းအသင်းနဲ့ ကြုံလို့ဆိုပြီး သောက်လာရင် သမီးနဲ့ တကျိတ်ကျိတ်စကားများ သံကြားရတယ်။ ဒေါ်ခင်နှင်းကတော့ မသိချင် ယောင်ဆောင်ပေးနေတာပေါ့။ သူတို့ လင်မယားကိစ္စ၊ ကိုယ်ကကြားမဝင်ချင်ပါဘူး။

နောက်ပြီး ယောက်ျားလေးပဲ။ တစ်ခါတလေ စည်းနဲ့ကမ်းနဲ့ဆိုရင်  ခွင့်လွှတ်ရမှာပေါ့လို့ နှစ်ဖက်မျှ တွေးကြည့်တယ်။ အကြိမ်စိပ်လာတာမျိုး၊ စွဲလမ်းစိတ်ဖြစ်လာတာမျိုး ဆိုရင်တော့လည်း တစ်မျိုးပေါ့။ ဒါပေမဲ့ ဒေါ်ခင်နှင်းသမီးက မရဘူး။
”ကို….လုံးဝမသောက်နဲ့။ ဘုရားမကြိုက်တဲ့ အလုပ်….။ သင်းလည်းမကြိုက်ဘူး…”တဲ့။
ခမျာကလည်း ဒီလိုတော့ မိန်းမစကားနားထောင်သား။ နောက်ထပ်သောက်လာသံကို သိုး သိုးသဲ့သဲ့ မကြားရတော့ဘူး။
သမီးက သူ့ယောက်ျားကို တော့ တကယ်ပိုင်တဲ့မိန်းမ။ ဒေါ်ခင်နှင်းလည်း သမက်ကို အံ့သြရတယ်။ ဘာကိစ္စဖြစ်ဖြစ် ”သင်း မကြိုက်ဘူး ကို” လို့များ သမီးက ဆိုလိုက်ရင် ဟိုကလည်း ”စိတ်ချ။ ကို မလုပ်တော့ဘူး…” ဆိုပြီး နှစ်ခါပြန်မငြင်းခုံဘူး။
အေးချမ်းတယ်ပဲ ပြောရမလား။ မိန်းမကို ချစ်လွန်းတယ်ပဲ ဆိုရမလား။ မယားကြောက်လို့ပဲ နှိမ့်ချရမလား။
တစ်ခါတစ်ရံ ကွမ်းမစား၊ အရက်မသောက်၊ စီးကရက်မဖွာ၊ လက်ဖက်ရည်မထိုင်တဲ့ ယောက်ျား ကို မိတ်ဆွေတွေနဲ့ ခြင်းသွားခတ်တာမျိုးလေးတောင် သမီးက မကြိုက်ချင်တာမျိုး၊ ပြစ်တင်ပြောဆိုတာမျိုး လုပ်နေရင် ဒေါ်ခင်နှင်း မှာ သမီးကို ကျိတ်ဆူရတယ်။

”ဟဲ့ ဒီလောက်နင့်အလိုလိုက် ပြီး အကြိုက်နေထိုင်တဲ့ ယောက်ျား ကို အပြစ်မရှိအပြစ်ရှာပြီး ပြောဆိုမနေနဲ့။ သဘောကောင်းတဲ့ ယောက်ျားတွေ ပေါက်ကွဲရင် မလွယ် ဘူးနော်….”

ဒီလိုပြောလို့ သမက်နဲ့ ယောက္ခမ တနွေးတထွေး ချစ်ခင် ကြင်နာကြတယ်တော့လည်း မဟုတ် ပါဘူး။ ဒေါ်ခင်နှင်းက ယောက်ျား ဆိုရင် မယုံတတ်တော့ မျက်နှာသာ မပေးဘူး။ ခပ်မှန်မှန်ပဲ။

နောက်ကွယ်မှာသာ သမီးကို  ကျိတ်ပြောရတာ။ သမီးက သူ့ အကြိုက်သူ့သဘော အကုန်လိုက်လျောတဲ့ ယောက်ျားဆိုတော့ တဖြည်းဖြည်းနဲ့ ပိုင်ရင်းပိုင်ရင်း အနိုင်ကျင့်သလိုတောင် ဖြစ်လာ တာလေ။ ဟိုလိုမနေနဲ့၊ ဒီလိုမနေ နဲ့….နဲ့ ပညတ်ချက်အပါး တစ်ရာမက ဖြစ်လာတော့ တစ်ဖက်သားက ကြာရှည်ခံနိုင်ပါ့မလားပေါ့။ ဒေါ်ခင်နှင်းမှာ ကိုယ့်သမီး ကိုယ်လက်ကုတ်ပြီးတားရတယ်။

အဲလောက် အမေက လက် ကုတ် နေတဲ့ကြားထဲ ကမ္ဘာ့ဖလား ပွဲချိန်လည်းရောက်ရော သူ့ ယောက်ျားကို ဘောလုံးပွဲတွေညည အိပ်ရေးပျက်ခံပြီး ကြည့်လို့တဲ့။ သမီးက ပွမ်ညံပွမ်ညံလုပ်ပြန်ရော။ အရင်ကလည်း ဘောလုံးပွဲလောင်း လို့ဆိုပြီး…

”ယောက်ျားတစ်ရာမှာ ကိုး ဆယ်ဘောလုံးလောင်းရင် မလောင်းတဲ့ တစ်ဆယ်ထဲမှာ သင်း ယောက်ျား ပါရမယ်။ သင်း လောင်းကစား လုပ်တဲ့သူတွေကို အထင်သေး တယ် ကို။ သင်းလည်း နှစ်လုံးမထိုးဘူး။ ကို လည်း ဘောလုံး မလောင်းပါနဲ့။” …လို့ တားတာကို ဟိုက ခေါင်းညိတ် ထားရှာတာ။ ဝါသနာပါရာ ဘောပွဲလေးတော့ ကြည့်ပေ့စေပေါ့။ တခြား ယောက်ျားသာဆို လောင်းမထားရင် ဘောပွဲက အသက်မဝင်ဘူးဆိုပြီး နည်းနည်းပဲဖြစ်ဖြစ် စတိ လုပ်ချင်ကြတာ။ ဒီခေါင်းညိတ်ရုပ် ကတော့ ခေါင်းပုတ်စရာတောင် မလိုဘူး။ လည်ပင်းမှာ စပရင်တတ်ထားတဲ့ အရုပ်လိုလေ။ လေတိုက်ရင်တောင် ညိတ်ချင်နေတာလေ။

ခုတစ်ခါ အိပ်ရေးပျက်တယ်၊  အလုပ်ထိခိုက်တယ်နဲ့ ညနက်ဘော ပွဲတွေ မကြည့်ဖို့ပြဿနာရှာတော့  လည်း ဆယ့်နှစ်နာရီကျော်ရင် ဘောလုံးက ဂိုးပေါက်ဝနားဝဲနေပါ စေ။ တီဗီကိုဖတ်ခနဲပိတ်ပြီး အိပ်ရာ ထဲကို ဝင်သတဲ့။ မီးသေတာ..၊ မီးသေတာ။
”ယောက်ျားတွေက အဲလိုဖိထားမှ တော်ရုံကျတာ….” လို့ သမီးက မအေကိုကြွားပြီး အောင်ပွဲခံ နေသေးတယ်လေ။

”ဟဲ့ အဲ့လိုမပြောရဘူး မိသင်းထုံ။ ဘယ်သူမဆို ဖိလွန်းရင် ပိုကြွ တတ်တယ်။ ကိုယ်ပိုင်အခွင့်အရေး ဆိုတာ လူတိုင်းမှာရှိတယ်ဟဲ့။ သူ များအခွင့်အရေးကို ပိတ်ပင်လွန်း တဲ့သူဟာ ကိုယ့်အခွင့်အရေးတွေ ဖျက်ဆီးပစ်တာနဲ့ အတူတူပဲ…”

”အဲဒါတွေကြောင့် … အမေ…”
သမီးက ဒေါ်ခင်နှင်းကို အဲဒါ ကြောင့် ကျန်ရစ်ခဲ့တာလို့ ပြောချင် ပုံရတယ်။ ဒါပေမဲ့ ပြောမထွက်ရှာ ပါဘူး။

သမီးက သိပ်စိတ်ထန်တယ်။ သူ့အဖေနဲ့လမ်းခွဲတုန်းကလည်း ဒေါ်ခင်နှင်းက အဖေ့ဆီမသွားနဲ့လို့ မတားရဘူး၊ သူကကို စိတ်နာပြီး မသွားတာ။ ပြတ်တာ။ ဖအေက နောက်အိမ်ထောင်နဲ့ကွဲပြီး နောင်တရပါပြီလို့ တောင်းပန် ဆက်သွယ်တော့လည်း ခင်နှင်းက တင်းတာ ထက်တောင် သမီးက ပိုနေသေးတယ်။ ခင်နှင်းက ပြန်မပေါင်းနိုင် ပေမယ့် သမီးကိုတော့ ဖအေ အပေါ် မစိမ်းကားစေချင်ပါဘူး။

သူ့အဖေလည်း နောက်အိမ် ထောင်နဲ့ ကလေးမရတော့ ဒီသမီး ကို အသဲအမဲ ပြန်ခေါ်ချင်တာလေ။ သမီးက အရင်ကဆို ဖအေကို စကားလုံးလုံးမပြောဘူး။ သူကိုယ် တိုင် သမီးလေးတစ်ယောက်ရလာ မှသာ မိဘစိတ်ဝင်ပြီး မေးထူးခေါ် ပြော နည်းနည်း စလုပ်လာတာ။

ဟိုကလည်း မြေးတော့ချစ် ချင်မှာပေါ့။ သမီးတို့နဲ့ လမ်းမှာ တွေ့ရင် ကလေးကို အတင်းပွေ့ အတင်းချီလုပ်သတဲ့။ သမီးကအဖေ ကို စိတ်နာသလို ခပ်စိမ်းစိမ်းလုပ် လေ၊ ဖအေကလည်း သမီးအပေါ် အြေ<ွကးတင်နေသူမို့ နှလုံးမသာယာလေ။

ခုချိန်ထိ ဒေါ်ခင်နှင်းကလှည့် မကြည့်ပေမယ့် နောက်မိန်းမလည်း မယူတော့ဘူး။ သူ့ပစ္စည်းတွေ ချိုင် ပြီး လင်ငယ်နောက်လိုက်သွားတဲ့ မိန်းမရွှင်ကြောင့် နောင်ကြဉ်သွား  တာလည်း ဖြစ်မှာပေါ့။ ခုတော့ သူရှာသမျှ ဖွေသမျှ မြေးမလေး အတွက်ဆိုပြီး သမီးနဲ့ မြေးအတွက် ပဲ အသက်ရှင်နေရသယောင်ယောင် လေပစ်နေတာပဲ။ အိုကြီး အိုမနဲ့ ဘယ်အချိန်မှများ အဘိုးကြီးကိုယ့် ခြံကိုယ်ပြန်ခုန်လေမလဲ မသိဘူး။
                                                                                    +++++++

”အဖေဆုံးပြီ အမေ…” လို့ သမီးကပြောတော့ ဒေါ်ခင်နှင်း အရမ်း တုန်လှုပ်သွားတယ်။ ဝဋ် လည်မယ်လို့ ပြောခဲ့တာ ဒေါ်ခင် နှင်းကိုယ်တိုင်ပါ။ ဒါပေမဲ့ တကယ် လည်ပြီဆိုတော့ ဒေါ်ခင်နှင်းလည်း စက်ကွင်းမလွတ်ပါဘူး။ သမီးကို ဗဟိုပြုပြီး လည်သွားတဲ့ သူ့အဖေ ရဲ့ ဝဋ်ကြွေးမှာ ဒေါ်ခင်နှင်းက လည်းမအေပဲ။  ရင်ကွဲမတတ်ပေါ့။

အစစအရာရာ မိန်းမအကြိုက် အလျှော့ပေးနေထိုင်တဲ့ သမက် ကလေးက ဖောက်မယ့် ဖောက်တော့လည်း သမီးရဲ့ အသည်းကိုမှ ဖောက်ပစ်တော့တာ။ သမီး အသည်းနှလုံးက သွေးစိမ်းရှင်ရှင်တွေ ဒလဟောကျနေတာ…၊ သမီးဘယ်လောက် ဟန်ဆောင် ကောင်းကောင်း မအေလုပ်တဲ့ ဒေါ်ခင်နှင်းက မသိဘဲနေမလား။

ဖအေကရော သူ့ဝဋ်ကြွေး တွေ  သမီးဓားစာခံဖြစ်ပြီလို့ ရင်မကွဲဘဲ နေမလား။ သူ့ရဲ့ အနှစ်တုံးမြေး လည်း အိမ်ထောင်ကွဲ မိသားစုက မြေစာပင်လေးဖြစ်ရပြီလေ။ သူမှ ရင်ကွဲနာမကျရင် ဘယ်သူကျမလဲ။

သမီးက ငိုထားတဲ့ မျက်နှာကို  မိတ်ကပ်နဲ့ဖုံးပြီး လူတွေရှေ့မှာ ထီမထင်ဟန်လုပ်နိုင်ပေမယ့် မြေးမလေးက ကလေးဆိုတော့ အဖေကို တပြီး ငိုရှာတယ်။ ဒီမြင်ကွင်းက ဒေါ်ခင်နှင်းလည်း စိတ်ထိခိုက်တာပဲ။ မြေးလေးက သမီးငယ်ငယ်ကလို အသည်းမမာဘဲ စိတ်နုရှာတယ်။ လွမ်းဖျားဖျားပြီး ဆေးရုံ တောင်ရောက်သွားလို့ မနည်း အဖတ်ဆယ်ထားရတာ။

မြေးမလေးလည်း ဆေးရုံဆင်း ရော ဘိုးအေကြီးလည်း သမီးနဲ့ မြေး စိတ်ကြောင့် လဲတာပဲ။ မြေးမလေး ဆေးရုံတက်နေတုန်းက သမက်ကို သွားတောင်းပန် သေးတယ်တဲ့။ ဟိုက မိုးမမြင် လေမမြင်ဖြစ်နေချိန်ဆိုတော့ ဘယ်နားဝင်မှာလဲ။
ဒေါ်ခင်နှင်းကတော့ ခပ်တင်းတင်းပဲ။ ယောက်ျားတွေကို မယုံတော့တာကြာပြီလေ။ ”ခြံခုန်တဲ့ ကောင်တွေ ငါ့အိမ်ရိပ်ကို မနင်းစေနဲ့ဟေ့ …”လို့ အပြတ်ပြော ထားလိုက်တယ်။
ဟုတ်တယ်လေ။ ခြံခုန်တတ်တဲ့ သူက နောက်ထပ်ခုန်ဦးမှာပဲ။

သမီးကလည်း သူ့အဖေ နေမကောင်းတော့ ဒေါ်ခင်နှင်းသဘော ထားသိလို့ အိမ်ပေါ်မခေါ်ရဲရှာပါဘူး။ အဖေ့အိမ်ပြေးပြီးပြုစုလိုက်၊ သူ့သမီးလေး ကျောင်းပို့ကျောင်း ကြိုလုပ်လိုက်နဲ့ ခမျာ ခေတ်သစ်မယ် ပဋာဖြစ်ရရှာတယ်။ ယောက်ျားရိုင်း အတွက်ကလည်း ကျိတ်ပြီး ပူဆွေး ခံပြင်းရသေးတာကိုး။ ဒီတော့ မကြည့်ရက်တဲ့ ဒေါ်ခင်နှင်း က  မြေးမလေး ကျောင်းအကြိုအပို့၊ အကျွေး အမွေး၊ တာဝန်ယူပေးရတယ်။

ဒေါ်ခင်နှင်းကလည်း ဒီ မြေးမလေးကျတော့ အနှစ်ပေကိုး။ အင်မတန်ချစ်ဖို့ကောင်းတဲ့ တွတ်တီးတွတ်တာလေးက အချိန်ပြည့် ငေးငေးငိုင်ငိုင်နဲ့ဆိုတော့ ခမျာလေး အသည်းနုနုမှာ ဒဏ်ရာတွေနဲ့ ညှိုး နွမ်းရှာပြီလို့ ကြေကွဲမိတယ်။

တစ်ခါကများ သမီးက လူနာ အသည်းအသန်ဖြစ်နေလို့ ညအိပ်ည နေပြုစုနေတုန်း၊ မြေး မလေးကို ဒေါ်ခင်နှင်းနဲ့ပဲ သိပ်နေတုန်းကပေါ့။ မြေးမလေးက အိပ်မက်ယောင်ပြီး    ”ဖေကြီး… ဖေကြီး မီးလေးဆီ ပြန်လာပါ ဖေကြီးရယ်…”နဲ့ ရှိုက်ကြီး တငင် သူ့အဖေကို တ ငိုတာ ဒေါ်ခင်နှင်းမှာ သူကလေးကို ဖက်ထားရင်း မျက်ရည်တွေတွေ ကျရတော့တယ်။

”တကယ်တော့ အမေ့စကားကို နားမထောင်ခဲ့တဲ့ သမီးအမှားတွေပါ အမေရယ်။ ယောက်ျားတစ်ယောက် ကို ဘောင်အခတ်လွန်လို့ စည်းကျိုးရတာပါ။ ဘာပဲဖြစ်ဖြစ် ခြံခုန်သွား တဲ့သူကို ခြံထဲပြန်မဝင်စေရပါဘူး။ သမီးက အမေ့သမီးပီသစေရမှာပေါ့’

သမီးပြောသလိုပဲ မကြာပါဘူး။ မိန်းမရွှင်က စရိုက်မှန်ပေါ်လာတော့ ဟိုကောင်ကလည်း ရမ္မက်ပြေချိန်မို့ နောင်တရပြီလေ။ ထကြွနေတဲ့ သွေး သားဆန္ဒတွေ ပြေလျော့လေမှ ကိုယ့် နှလုံးသားရင်နှစ် ကိုသတိရတော့ တယ်။

”သမီး…သမီး…”နဲ့ ပြေးလာတာပဲ။ မိန်းမရှေ့ မှောက်မှာလည်း ဒူးထောက်တောင်းပန်ပြီပေါ့။
သမီးက ဒေါ်ခင်နှင်းသွေး အပြည့်၊ တင်းတယ်။

မြေးကတော့ သမီးငယ်ငယ်ကလို မဟုတ်ရှာဘူး။ သူ့အဖေရင်ခွင် ထဲ အတင်းပြေးဝင်တာပဲ။ ဖအေကို လွတ်ထွက်သွားမှာစိုးသလို ကျစ်ကျစ်ပါအောင်ဖက်ပြီး တရှုံ့ရှုံ့နမ်း တယ်။ ”ဖေကြီး…ဖေကြီး မီးလေးဆီ အပြီးပြန်လာတာလား ဟင်။ ဘယ်မှ ထပ်မသွားပါနဲ့နော်။ ဒီတစ်ခါဖေကြီးနဲ့ ထပ်ခွဲရရင် မီးလေးသေမှာ…”တဲ့။

ယောက်ျားကိုသေတဲ့အထိ လှည့်မကြည့်ခဲ့တဲ့ သံမဏိအသည်း ပိုင်ရှင် ဒေါ်ခင်နှင်းလည်း မျက်ရည် လည်ရတော့တာပဲ။ သမီးကိုကြည့် တော့ သူလည်း မျက်လုံးကြီးရဲလို့ နှာတွေစီးနေပြီ။

မြေးမလေးဟာ သူ့မေမေ ငယ်ငယ်တုန်းကလို အသည်းနှလုံး မကြွပ်ဆတ်တာ ကျေးဇူးတင် ဖို့ ကောင်းပါတယ်။ နို့မို့ဆို သမီးဟာ ဒေါ်ခင်နှင်းလို တစ်သက်လုံး နာ ကြည်း တင်းမာတဲ့ နှလုံးသား ကို ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တဲ့အထိ  ပွေ့ပိုက်ထားရမှာ။

ဒါပေမဲ့ သမီးငယ်ငယ်က အသည်းနှလုံးကြွပ်ဆတ်ခဲ့တာကို လည်း ဒေါ်ခင်နှင်းက ကျေးဇူးတင်တာပါပဲ။ အခြေအနေအကြောင်း တရားက တစ်ယောက်နဲ့တစ်ယောက် တူမှမတူတာ။

သမီးတို့က တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးလို့ ထူထောင်ခဲ့ကြတဲ့ အိမ်ထောင်တစ်ခုမို့ ဒေါ်ခင်နှင်း နမူနာကို စံယူထိန်းသိမ်းမယ်ဆိုတဲ့ သမီးစကားကို ဒေါ်ခင်နှင်းရှေ့မှာဆိုတော့ သမီး များလျှော့ရ ခက်နေမလားလို့။

ဒါကြောင့် ဒေါ်ခင်နှင်း အိမ်ထဲကို အသာဝင်ပြီး ခရီးဆောင် အိတ်ထဲကို ယောဂီဝတ်စုံတွေ ထည့်ရင်း သမီးတို့မိသားစုကို မေတ္တာပို့တယ်။ ပြီးတော့ သတ္တဝါတိုင်းကို မေတ္တာပို့တယ်။ မေတ္တာဓာတ်နဲ့ လွှမ်းခြုံမှသာ လောကကြီးတစ်ခုလုံး နွေးထွေးလုံခြုံတာ မဟုတ်လား။

ဒေါ်ခင်နှင်း အိမ်ရှေ့ထွက်လာတော့ မြေးမလေးတို့သားအဖက ခြံထဲကဒန်းပေါ်မှာ အလွမ်းသယ်ကြတုန်း။
သမီးက ဧည့်ခန်းဆက်တီပေါ် မှာ တွေတွေကြီးထိုင်နေတယ်။

”သမီး…အမေ တရားစခန်း ဝင်ချည်ဦးမယ်ကွယ်။ တရားမှတ် နိုင်သလောက်နေမှာမို့ ပြန်ခါနီးမှပဲ ဖုန်းဆက်လိုက်မယ်နော်…”

သမီးက အံ့သြဟန်နဲ့ငေးကြည့် ရှာတယ်။ ဒီလိုပဲ ဒေါ်ခင်နှင်းက တရားစခန်းဝင်နေကျမို့ အထူး အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဗြုန်းစားကြီး ရှောင်ထွက်သွားတာ ကိုတော့ ပါးနပ်တဲ့ သမီးက ချက်ချင်းသဘောပေါက် သွားပုံရတယ်။ တစ်ခုခု ပြောချင်နေတဲ့ နှုတ်ခမ်းပါးလေးက တဆတ်ဆတ်တုန်လို့…။

”သမီးတွေဟာ အမေတွေရဲ့ အသည်းနှလုံးပဲသမီး။ အသည်းနှလုံး ရဲ့ တောင်းဆိုချက်ကို ဘယ်သူမှ မငြင်းဆန်နိုင်ဘူးလေ…”

ဒေါ်ခင်နှင်းက နားလည်မှု အပြည့်နဲ့ သမီးကိုကြည့်နေချိန်မှာ သမီးကလည်း အမေကို ကျေးဇူးတင်တဲ့ မျက်ဝန်းလေးတွေနဲ့…။
                                                                                    ++++++++

ဝေ(စီးပွားရေးတက္ကသိုလ်)
ရတီမဂ္ဂဇင်း စက်တင်ဘာလ ၂၀၁၁

အို...သတို့သမီး

အို...သတို့သမီး
လောကမှာ မချစ်မနှစ်သက်သောသူနှင့်
ပေါင်းသင်းရခြင်းသည်လည်း ဒုက္ခ။

အို...သတို့သမီး
ရွေးချယ်ခွင့်မရှိတဲ့ သမိုင်းခရီးတစ်ကွေ့မှာ
ကြင်ယာလင်သား ဘီလူးဘုံသားမို့
လင်ဆိုးမယား တဖားဖားဘ၀ပေါ့။

အို...သတို့သမီး
သင့်ရဲ့အသွေးအသား
သောက်စားယစ်မူးရုံတင်မက
အတောသတ်မရတဲ့ လောဘသားလက်မှာ
အသင့်အလှကို ဖျက်ဆီးပစ်ကြတော့မယ်။

အို...သတို့သမီး
ခံတွင်းပျက်နေတဲ့ ကြောင်ဖားလက်ထဲမှာ
သင့်ရဲ့တောင်ပံခတ်သံများ ပျက်စီးရတော့မယ်
ခုတော့...
သင့်ရဲ့စီးဆင်းသံဟာ နောက်ဆုံးရှိုက်သံတွေလား
သင့်ရဲ့စီးဆင်းခြင်းမှာ နောက်ဆုံးမျက်ရည်တွေလား။

အို...သတို့သမီး
သင်နှင့်ထပ်တူ ရင်နှင့်အမျှခံစားရလည်း
ရာဇ၀င်မော်ကွန်းကမ္ဗည်းမှာ
အညတရခရီးသည် ကဗျာဆရာကျွန်ုပ်
သင့်အတွက် ဘာများလုပ်ပေးနိုင်ဦးမှာလဲ။

အို...သတို့သမီး
သင့်အတွက် ဘာမှလုပ်မပေးနိုင်တော့တဲ့ကျွန်ုပ်
သင့်ကမ်းနံဘေးမှာ ပဆစ်တုပ်
ဒီကဗျာလေးတစ်ပုဒ်နဲ့ တောင်းပန်လိုက်ရပါသည်
“..........”     “...........”   ။

သစ်ခက်အိမ်  
( အမှတ်တရဧရာဝတီ...စက်တင်ဘာလ ပိတောက်ပွင့်သစ်မဂ္ဂဇင်း)

ဧရိယာမတူသော ညီမျှခြင်းပုစ္တာ



ညီအစ်မနှစ်ယောက် ရေအိုးကိုယ်စီနှင့် ကုန်းတက်ကလေးပေါ် တက်လိုက်ပြီးတာနဲ့ နှလုံးခုန်သံ တဒိတ်ဒိတ်ဟာ ရင်ဘတ်က လာတာမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်လောက်အောင် ကိုယ့်နားအနားမှာ ကပ်ကြားပြီး ဆူညံနေတယ်။ ရေခပ်တဲ့အလုပ်ကို မလုပ်ရတာ နှစ်နှစ်တောင် ကျော်ပြီဆိုတော့ ကျင့်သားပျက်သွားပြီး မောရတဲ့ကြားထဲ... တဲေ၇ှ့က ကားအဖြူရောင်လေးက အမောပိုဆို့စေတယ်။ ရပ်ကွက်ထဲက နှပ်ချေးတွဲလောက်နဲ့ အပေါ်ပိုင်းဗလာ...၊ တချို့က အောက်ပိုင်းဘောင်းဘီမပါတဲ့ ဗုစုခရု ကလေးငယ်တွေဟာ ကားနားမှာ ရစ်သီရစ်သီနဲ့ ...။ ကားထဲက ဆင်းလာတဲ့ ဦးနဲ့အန်တီကို ၀ိုင်းကြည့်နေကြတယ်။။
အိမ်ရှင်အဒေါ်ကြီးနဲ့ စကားရပ်ပြောနေတဲ့ အန်တီ့မျက်နှာက အဝေးက ကြည့်တာတောင် ပါးချိုင့်လေး မြင်နေရသလိုပဲ။ မျက်စိနဲ့ တကယ်မြင်ရတာလား...။ စိတ်ထဲက မြင်နေတာလားတော့ မိပေါက်ကိုယ့်ကိုယ့်ကို မသိဘူး။ နံဘေးက အစ်မမျက်နှာကို လှမ်းကြည့်လိုက်တော့ တင်းတင်းစေ့နေတဲ့ နှုတ်ခမ်းနဲ့အတူ ခပ်မာမာ မျက်နှာထားကို ဆန့်ကျင်ဘက်တွေ့လိုက်ရတယ်။
အမေကတော့...။ ဆုံးဖြတ်ချက်ပြင်မယ့်သူ မဟုတ်ပါဘူး။ အိမ်အထိ လိုက်ခေါ်တဲ့ အန်တီ့ကိုတောင် ရန်တွေ့လွှတ်လေမလားလို့ တွေးပူမိတယ်။ သူတို့ သားအမိက လိုရင်ချိုသလောက် မလိုတော့ရင် ခါးတမာပဲလေ။ မိပေါက်ကတော့...
`ဟဲ့... ဒါ မျက်ရည်ကျစရာလား မိပေါက်... ဒင်းတို့ကတော့ ဒင်းတို့ အကျိုးစီးပွား မထိခိုက်အောင် အချိုသတ်ဖို့ မရောက်ရောက်အောင် လာမှာပဲလို့ ငါတွေးပြီးသား...´
သူများအကျိုးစီးပွား ထိခိုက်အောင် လုပ်ချင်နေတဲ့ အမေဟာ လောလောလတ်လတ် သူ့ဝမ်းဆက်လေးနှစ်စုံ အပေါင်ဆိုင်ကို ရောက်သွားရပြီ။ အဖေတစ်ယောက်တည်း  ဆိုက်ကားနင်းရှာတဲ့ ပိုက်ဆံနဲ့ မိသားစုခြောက်ယောက် ပါးစပ်ပေါက်တွေ ဘယ်မှာ လူတန်းစေ့အောင် တစ်နေ့သုံးကြိမ်မှန်မှန် လှုပ်နိုင်မှာလဲ။
`ပေါက်စရေ... ကြိုယူထားတဲ့ လစာက အရေးမကြီးပါဘူး။ မနက်ဖြန်ဆိုင်စဖွင့်ရင် လုပ်ဖို့ကိုင်ဖို့ လူအင်အားနည်းနေတယ်။ အေးမြနဲ့ဇော်ကြီးက ရွာမှာပဲ ယာလုပ်တော့မယ်ဆိုပြီး ပြန်မလာဘူး။ စုစုကလည်း ရောက်မလာဘူး။ လှတင်နဲ့ ကောင်လေးနှစ်ယောက်ပဲ မနက်စောစော ပြန်ရောက်လာကြတယ်။ မီးဖိုချောင်ထဲမှာ လှတင်တစ်ယောက်တည်း ဒိုင်ခံချက်ပြုတ်နေရတာပေါ့။ မနက်ရောင်းနိုင်အောင် အလျင်မီချက်ရမှာ.. တစ်ပတ်လောက် ပိတ်ထားတော့ ကြက်သွန်ဆီချက်ကအစ လုပ်ရမှာဆိုတော့… သမီးကူလိုက်ပါဦးနော်။ ပေါက်စ မနေချင်တာကို အန်တီက အတင်းခေါ်မထားပါဘူး။ လူစားရတဲ့အထိပဲ ကူညီပါ။ ကြိုယူထားတဲ့ငွေ မကျေသေးလည်း ပေးပြန်မယ်။ အနည်းဆုံး တစ်ပတ်ဆယ်ရက်… အများဆုံး တစ်လပဲ။ ပေါက်စတို့လိုအပ်တိုင်း အန်တီက လက်မနှေးဘဲ ကူညီလာခဲ့ရတာ ဒီတစ်ခါတော့ အန်တီကလည်း သမီးကို အကူအညီတောင်းတာနော်။ သမီးပြန်လိုက်ခဲ့… ဟုတ်ပြီလား´
ပိုင်ပိုင်နိုင်နိုင်ရှိလှတဲ့ အန်တီ့လေသံက ခါတိုင်းလိုပဲ ခပ်အေးအေး ခပ်ချိုချိုရယ်။ မလုံလဲလှတဲ့ မိပေါက်ကသာ ဟောင်းလောင်းဖြစ်နေတဲ့ နားပေါက်လေးတွေကို အန်တီများမြင် သွားပြီ လား လို့ ခေါင်းမဖော်ဝံ့ဘူး။ လုပ်သက်တစ်နှစ်ပြည့်လို့ အန်တီဆင်ထားပေး တဲ့ ကျောက်နီလေး နဲ့ ရွှေနားကွင်းတစ်စုံကတော့ အန်တီ့အရိပ်က ထွက်လာပြီဆိုတာနဲ့ လမ်းထိပ်ဆိုက်ကား ဂိတ်မှာ ဂိတ်ထိုးတဲ့ အဖေ့လက်ထဲ ချွတ်ပေးလိုက်ရပြီ။ အဖေကတော့ ထုံးစံအတိုင်း အမေ့ကို မနိုင်သူပီပီ စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာနဲ့…
`သမီးအမေက နားကွင်းမချွတ်ချင်ရင် သင်္ကြန်ပိတ်ရက်တစ်ပတ်ကို အိမ်မှာလာနေဖို့ စိတ်မကူးနဲ့တဲ့ သမီးရယ်… အဖေလည်း ပြောလို့မနိုင်ပါဘူး ကွယ်…..´ တဲ့။
တစ်နှစ်လုံးနေမှ သင်္ကြန်ရက်လေး တစ်ပတ်ပဲ ပိတ်ရက်ရှိတဲ့ မိပေါက်ကတော့ တစ်သက်လုံးနေမှ ဒီတစ်ခါပဲ ၀တ်ဖူးတဲ့ ရွှေနားကွင်းလေးကို သင်္ကြန်ရက်မှာ လွတ်လပ်ပျော်ရွှင်ရေးအတွက် နှမြောပေမယ့် စတေးလိုက်ရတယ်လေ။
`ဘာတေမိလုပ်နေတာလဲ ဦးမောင်နိုင် တော့်သမီးတွေ ပြောထားတာ ပြောလိုက်လေ…၊ အိမ်အထိများ ခေါ်လာရသေးသတဲ့တော်..။ ဘယ်လို ဖအေမှန်းကို မသိဘူး။ ဖခင်တာဝန်မကျေတဲ့ ဖအေ… သူ့ကြောင့် သမီးတွေ ဒုက္ခရောက်ရတာ…´
ဘယ်တော့မှ ပြေပြေလည်လည် မပြောတတ်တဲ့ အမေက ခုလည်း ယဉ်ယဉ်ကျေးကျေး မရှိပြန်ပါဘူး။ မိပေါက်တို့ ညီအစ်မနှစ်ယောက် အလုပ်လုပ်တဲ့ဆိုင်ကို ပိုက်ဆံလိုလို့ အမေရောက်လာတိုင်း ပါလာတဲ့ မောင်လေးနဲ့ ညီမလေးတွေအတွက် ၀တ်ဖို့ အင်္ကျီအဟောင်းလေးတွေ အန်တီက တစ်ထုပ်တပိုးကြီး ပေးတတ်တယ်။ မုန့်လေးတွေ ကျွေးတတ်တယ်။ မိပေါက်တို့ လခတွေ ကြိုထုတ်ပေးတယ်။ ဒါတွေကို အမေက ဧည့်ဝတ်ပြန်ကျေနေတာပေါ့လေ…။ မိပေါက် အန်တီ့ကို အရမ်းအားနာသွားပြီ။
`ကျွန်တော်ကတော့ မလိုက်နိုင်ဘူး။ ပေါက်စမ နင်က ဘယ်လိုလဲ´
အစ်မကတော့ ပြတ်သားနိုင်သူပေါ့..။ အန်တီ့ဆီ သူအလုပ်ဝင်လုပ်တာ တစ်လကျော်ကျော်ပဲ ရှိသေးတယ်လေ။ ဘယ်အလုပ်မှာမှ ဘယ်သူနဲ့မှ မတည့်တဲ့ အစ်မစိတ်ဓာတ်ကို သိနေလို့ အန်တီ့ဆီမှာ အလုပ်ဝင်ချင်တယ်ဆိုတော့ အစ်မကိုရော မိဘတွေကိုပါ မိပေါက်တားမိသေးတယ်။ ထင်တဲ့အတိုင်းပါပဲ။ ကိုယ့်ထက်ကြီးသူရော ငယ်သူပါ လေးစားရကောင်းမှန်း ညှာတာရကောင်းမှန်း မသိတဲ့ အစ်မကတော့ ဘယ်အလုပ်မှာမဆို ပြဿနာရှာနေကျအတိုင်း မွှေတော့တာပဲ။ ဆိုင်မှာ မိပေါက်တို့ ထက်တောင် လုပ်သက်ရင့်တဲ့ စည်းကမ်းကြီးတဲ့ အလုပ်သမားခေါင်းဆောင် မလှတင်နဲ့ စငြိတာပေါ့။ ရွဲ့တတ် စောင်းတတ် ရိုင်းပျတတ်တဲ့ အစ်မအကျင့်ဆိုးတွေဟာ မိပေါက်နဲ့ ဝေးနေတဲ့ နှစ်နှစ်မှာ ပိုဆိုးလာသလိုပဲ။ ဒါမှမဟုတ် မိပေါက်ကပဲ အန်တီ့သွန်သင်ဆုံးမမှုအောက်မှာ ယဉ်ပါးလာတာလား။ ရိုင်းရမှာ မိပေါက် ရှက်တတ်လာတယ်။
အစ်မကတော့ အန်တီ့ကို ကြောင်ချေးတဲ့။ ပျော့ပျော့လေးနဲ့ နံသတဲ့။ လေအေးလေးနဲ့ သဘောကောင်းသယောင် သိမ်းသွင်းစည်းရုံးပြီး ပညာရှိနှိပ်စက်သလို ခိုင်းကောင်းတိုင်း ခိုင်းသတဲ့။ အလုပ်ကို မခိုကပ်တတ်တဲ့ သိမ်းကြုံးလုပ်တတ်တဲ့ မိပေါက်က ငအတဲ့။ မလည်ဘဲနဲ့ ရှုပ်ချင်တဲ့ အစ်မကတော့ ဘာမဆိုလုပ်တတ် သိတတ်နေရင် ပင်ပန်းမှာမို့ မတတ်ယောင်ဆောင်ပြီး လူလည်လုပ်တတ်သေးတယ်လေ။ ရန်ဖြစ်စရာ စောင်းချိတ်စရာ ဆိုင်ကရှိသမျှ အလုပ်သမားကုန်တော့ အစ်မမြှားဦးက ညီမအရင်းခေါက်ခေါက်တောင် မချန်တော့ဘူး။ ကိုယ့်ညီမကို ဆုံးမတာဆိုပြီး ရပ်ကွက်ထဲမှာ ရန်ဖြစ်သလို တရားလက်လွှတ် သောင်းကြမ်းအော်ဟစ်တယ်။ ဖျန်ဖြေတဲ့ အန်တီ့ကိုတောင် ပြန်အောင်တယ်။ မိပေါက်စရောက် ကတည်းက အန်တီ ဒီလောက်စိတ်ဆိုးတာ မတွေ့ဖူးဘူး။
ဒါပေမယ့် `ပညာရှိအမျက် အပြင်ထွက်ခဲ´ ဆိုသလိုပဲ ထွက်တဲ့ဒေါသကို ထိန်းနိုင်တဲ့ အန်တီဟာ ဆုံးမစကား ပြောတဲ့အခါမှာလည်း စေတနာထားပြီး အချိန်ပေးရှာတယ်။ နာခံတတ်တဲ့ စိတ်သာရှိရင် အစ်မအတွက် သိပ်အဖိုးတန်မှာ။ အထူးသဖြင့် မိပေါက်တို့လို ဘ၀ကြမ်းမှာ ၀မ်းဝရေးပဲ အားစိုက်ရုန်းကန်နေရလို့ သားသမီးဆုံးမ သွန်သင်ရေး အချိန်မပေးနိုင်တဲ့ မိသားစုအတွက် မိဘကိုယ်စားလှယ်လိုပါပဲ။
အစ်မကတော့ အန်တီ့တို့ စိတ်ကောင်းမွေးတာကို အခွင့်ကောင်းယူပြီး သူနောင်တရပါပြီ ဆိုပြီး အယုံသွင်းတယ်။ တောက အလုပ်လာလုပ်တဲ့ အေးမြကိုရော ဇော်ကြီးကိုပါ စည်းရုံးတယ်။ မလှတင်ကတော့ အန်တီ့လူယုံဆိုတော့ လုပ်မရဘူးပေါ့။ ကျန်တဲ့ အလုပ်သမားတွေကို သွေးထိုးမြှောက်ပင့်ပြီး သင်္ကြန်ပိတ်ရက်ပြီးရင် ပြန်မလုပ်ကြဖို့ အကောက်ကြံတယ်။ ဒါမှ… ဒင်းတို့တွေ ဒုက္ခကြုံမှာတဲ့။ မိပေါက်ကိုလည်း တရားမျိုးစုံချတယ်။
လွတ်လွတ်လပ်လပ် သွားလာလို့ ရတဲ့နေရာမှာ  တို့ညီအစ်မတတွေ အတူလုပ်ကြမယ်တဲ့။ ဘယ်လိုမှ ဆွယ်မရတဲ့အဆုံး အမေ့ကို ခြေထိုးတယ်။ `အမေ့သမီးက အမေ့ကိုသာ နှုတ်လှန်ထိုးရဲတာ သူ့အန်တီစကား ဆိုရင် သေဆိုသေ၊ ရှင်ဆိုရှင်ပဲ..´  တဲ့။ ဒီလိုနဲ့ အမေနဲ့အစ်မဟာ မိပေါက်ကို သင်္ကြန်အပြီးမှာ အန်တီ့ဆီ လုံးဝမပြန်ရဘူးဆိုပြီး ဗီတိုအာဏာ သုံးတော့တာပဲ။
မိပေါက်ရင်ထဲမှာ တင်းခနဲဖြစ်သွားရတာ အန်တီ တစ်ဖက်ကကိုင်ပြီး တုန့်ဆွဲလိုက်တဲ့ နှစ်ယောက်ကြားက သံယောဇဉ်ကြိုးလား… အစ်မရယ်.. နင်က တစ်လတည်းပါဟ။ ငါက နှစ်နှစ်ကျော်ပြီ။ အပြုံးပျော့ပျော့ ခိုတွယ်နေတဲ့ နှုတ်ခမ်းပိုင်ရှင်ကို မ၀ံ့မရဲ မော့ကြည့်မိတော့ အနည်းငယ် စိတ်ရှုပ်ထွေးဟန်စွက်တဲ့ နူးညံ့တဲ့ မျက်ဝန်းတစ်စုံနဲ့ ရင်ဆိုင်တိုးမိတယ်။
`ပေါက်စ နားကွင်းမရှိတော့လို့ အန်တီ့ကို ရင်မဆိုင်ရဲဘူးထင်တယ်။ အန်တီမဆူပါဘူး သမီးရယ်။ အန်တီအကူအညီတောင်းတာကိုပဲ လက်ခံပါ။ သွား…. အ၀တ်အစားတစ်စုံနှစ်စုံ လောက်ပဲ ထည့်ခဲ့တော့နော်´
နာခံနေကျ မိပေါက်ကတော့ ယုံကြည်မှုအပြည့် ရှိပုံရတဲ့ အန်တီ့စကားသံအောက်မှာ ဘယ်အချိန် ခေါင်းညိတ်မိမှန်းတောင် မသိပါဘူး။ အမေကတော့ ကြိုတင်ငွေကျန်လို့ လိုက်ခေါ်တာ အရှက်မရှိကြတဲ့အကြောင်း ဖအေကလည်း သမီးတွေရှိတဲ့ အိမ်အထိ လမ်းပြလိုက်ပို့တာ အသုံးမကျတဲ့အကြောင်း သမီးလုပ်သူကလည်း ကားနဲ့လာခေါ်တာနဲ့ ကောက်ခနဲ လိုက်သွားတာ ဘယ်တော့မှ ငါ့အိမ်ပြန်မလာနဲ့ ဆိုတာတွေရော…။ အို ပြောလိုက်ဆိုလိုက်တာ စုံနေတာပဲ။
အန်တီက အထုပ်လေးဆွဲပြီး မျက်ရည်ဝဲနေတဲ့ မိပေါက်လက်ကို အသာလှမ်းဆွဲပြီး တဖြည်းဖြည်း ရေရွတ်မှု ရင့်သမီးလာတဲ့ အမေ့ကိုရော တင်းမာခက်ထန်နေတဲ့ မျက်နှာထားနဲ့ အစ်မကိုရော မမြင်သလို မကြားသလိုပဲ အိမ်ရှင်အဒေါ်ကြီးကို နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ရပ်ကွက်ထဲမှာ ဘယ်လောက်ပဲ ရင့်သမီးတဲ့ စကားလုံးတွေနဲ့ ရိုင်းစိုင်းဆူပွက်ပစ်ဖို့ ၀န်မလေးတဲ့ အမေနဲ့အစ်မဟာ ဦးနဲ့အန်တီရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာ အရှိန်အ၀ါတွေအောက်မှာ ရုပ်ပျက်ဆင်းပျက် မဆက်ဆံရဲကြလို့ တော်သေးတာပေါ့။ အန်တီကလည်း ရပ်ကွက်ထဲရောက်ရောက်ချင်း အနီးလာစပ်စုတဲ့ အိမ်ရှင်အဒေါ်ကြီးနဲ့ မိတ်ဖွဲ့ထားလိုက်တော့ အမေ ဘယ်လာကြမ်းရဲတော့မှာလဲ။ ဒါကြောင့် အန်တီတို့လို ပညာတတ် စာဖတ် အသိဥာဏ်မြင့်တဲ့ သူတွေဟာ ကိစ္စတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သိပ်တော်သိပ်သေသပ်တာ။
…………
အထက်တန်းလွှာတွေသာ စားသောက်နိုင်တဲ့ ခမ်းနားသပ်ရပ်တဲ့ စားသောက်ဆိုင်ပိုင်ရှင် ဦးနဲ့အန်တီဟာ ပညာတတ်ဘွဲ့ရတွေပီပီ စိတ်မနောထားတဲ့ နေရာမှာရော၊ နှစ်ယောက်တည်းရှိတဲ့ သားနဲ့သမီးကို ဆိုဆုံးမတဲ့ အခါမှာရော ဆိုင်မှာရှိတဲ့ အလုပ်သမားဆယ်ယောက်ကျော်ကို စည်းကမ်းထိန်းသိမ်းရာမှာရော လုပ်ငန်းစီမံ ခန့်ခွဲ ရာမှာရော သိပ်တော်တာပဲ။ ဒါတွေတင်မကဘူး။ အလုပ်သမားတွေရဲ့ မိဘတွေနဲ့ ဆက်ဆံရေးမှာပါ သိပ်ညက်ညောတယ်။
မိပေါက်လည်း အရင်တုန်းက အမေနဲ့ အစ်မလိုပဲ။ သိပ်မထူးဘူး။ ရပ်ကွက်ထဲမှာ စီခနဲဟေ့ဆိုရင် မိပေါက်တို့က ဆဲဆိုဖက်သတ်ပြီးသား။ ပိုက်ဆံမရှိလို့ ဆင်းရဲပေမယ့် ဘ်ာသူ့အကြောမှတော့ မခံဘူး။ ဆင်းရဲတာ အတိတ်ကံ၊ ပစ္စုပ္ပန်မှာ သူများပစ္စည်း မခိုးဘူး မ၀ှက်ဘူး ဘယ့်သူ့ကိုမှ မတရားမလုပ်ဘူး။ ကောင်းရောင်းကောင်းဝယ် လုပ်စားတယ်။
မိပေါက်ဆို ကုန်စိမ်းလည်းရောင်းဖူးတယ်။ ပန်းလည်းရောင်းဖူးတာပဲ။ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာလည်း လုပ်ဖူးတယ်။ မုန့်လည်း ထုပ်ဖူးတယ်။ အ၀တ်လည်း အိမ်တကာ လိုက်လျှော်ဖူးတယ်။ အိမ်ဖော်လည်း လုပ်ဖူးတယ်။ ယုတ်စွအဆုံး ပန်းရံအလုပ်မှာ အုတ်သယ် သဲသယ်တောင် ၀င်လုပ်ဖူးတယ်။ ဒါပေမယ့် အလုပ်တစ်ခုမှ ဘယ်တော့မှ မကြာဘူး။ မိပေါက်အသက်က တစ်ဆယ့်ရှစ်နှစ် တကယ်တမ်း စေ့စေ့ပေါက်ပေါက် ရေရင် အလုပ်ပေါင်းက အသက်ထက်မကဘူး။ အန်တီကဆို မိပေါက်ကို သိပ်သနားတာ။ 
`ပေါက်စရယ် ပန်းရံသမတော့ ဘယ်တော့မှ ထပ်မလုပ်ပါနဲ့ဟယ် မိန်းကလေးတွေအတွက် တကယ့်ကို မသင့်ဆုံးအလုပ်၊ အန်တီကတော့ ပန်းရံသမလေးတွေမြင်ရင် သိပ်သနားတာ…။ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းလုပ်တယ် ဆိုပေမယ့် ပင်ပန်းပြီး ရတဲ့ပိုက်ဆံက မဖြစ်စလောက်…။ အဆိုးဆုံးက ပန်းရံဆရာတွေ သံလက်ကိုင်တွေက ဖင်ပုတ်ခေါင်းပုတ် သားပြောမယားပြော စနောက်တာပဲ။ ပေါက်စလုပ်ရည် ကိုင်ရည်နဲ့ဆို အလုပ်တွေတစ်ခုပြီး တစ်ခု မပြောင်းနဲ့။ အလုပ်တစ်ခုမှာ စွဲမြဲလုပ်တော့ ကျွမ်းကျင်လုပ်သားဖြစ်လာပြီး လခကောင်းကောင်း ရလာမှာပေါ့။ ဒါမှ ကိုယ်က အမြင့်ကို တဖြည်းဖြည်း ရောက်လာမှာ…။ ဟိုခုန်ဒီခုန် လုပ်နေလို့ကတော့ ဘယ်တော့စစ အောက်ဆုံးအဆင့်ကပဲ စရမှာ။
ပြီးတော့ ဘယ်အလုပ်ကိုပဲ လုပ်လုပ် ကိုယ့်အလုပ်ကို စေတနာထား။ ပညာရှိကြီးတစ်ယောက် ပြောခဲ့ဖူးတယ်။ ကျွန်စိတ်မွေးရင် ကျွန်ပဲဖြစ်မှာ…။ သခင်စိတ်မွေးမှ သခင်ဖြစ်မှာတဲ့။ သူတို့က အလုပ်ရှင် သူတို့အကျိုးစီးပွား တိုးတက်ဖို့ ကြိုးစားလုပ်တိုင်း တို့အလုပ်သမားတွေက လိုက်လုပ်စရာမလိုဘူးလို့ မတွေးနဲ့။ အလုပ်ရှင် အလုပ်သမားဆိုပြီးတော့ကို သွေးမကွဲစေနဲ့။ အလုပ်တစ်ခုကို ဖက်စပ်လုပ်နေတဲ့ ရှယ်ယာဝင်တွေလို့ သဘောထားကြ။ မင်းတို့က လုပ်အားစိုက်တယ်။ အန်တီတို့က ငွေအရင်းအနှီးနဲ့ ဦးနှောက်၊ စီမံခန့်ခွဲမှု တွေ စိုက်တယ်။ ရတဲ့အကျိုးအမြတ်ကို ဝေပုံကျ ခွဲဝေယူနေတယ် လို့ သဘောထားကြ။ ရေမြင့်ရင် ကြာတင့်မယ်။ ကြိုးစားရင် ကြိုးစားသလောက် လခတိုးလာမှာပဲ´
အန်တီမို့လို့ ဆုံးမစကားပြောပြီဆိုရင် နားထောင်လို့ သိပ်ကောင်းတယ်။ စာမဖတ် ပညာမတတ်တဲ့ အမေ့လို အပေါစားဗွီဒီယိုတွေ ဇာတ်တွေထဲပါသမျှ စကားပုံတွေ ဗလပွနဲ့ မပြောဘူး။ ရှင်းရှင်းလေး ဥပမာပေးပြောတော့ နားဝင်လွယ်တယ်။
နေလာတာ နှစ်နှစ်ကျော်ပြီဆိုတော့ မိပေါက်တို့ကတော့ အန်တီ့လက်ချာတွေ သင်ရိုးကုန် မိပြီးသားပေါ့လို့ အစ်မက ခနဲ့စကားဆိုနေကြလေ။
တစ်ခါတလေကျတော့လည်း အစ်မပြောသလို ကိုယ့်ကိုယ်ကို လှောင်အိမ်ထဲက ငှက်ကလေးလို့ ထင်လာမိတယ်။ တစ်နှစ်လုံး အလုပ်ထဲမှာပဲ နစ်နေပြီး အပြင်ထွက်ခွင့်မရတော့ လူငယ်ပီပီ စိတ်ကျဉ်းကျပ်လာသလိုပဲ။ ပြင်ပလောကကို ပျံသန်းကြည့်ချင်လွန်းလို့ အတောင်တဖျတ်ဖျတ် ခတ်လို့ပေါ့။
အဖေကတော့ အဲဒီလွတ်လပ်မှုမက်တဲ့ အကျင့်ဆိုးကြောင့်ပဲ မိပေါက် အန်တီ့ဆီ အလုပ်ဝင်နေတဲ့အချိန်မှာ သူ့သမီးအကြီးမ အ၀င်းဟာ ဘ၀ပျက်ခဲ့ရတာတဲ့။ နှစ်ခုလပ်ဘ၀ကို အချိန်တိုတိုအတွင်းရောက်ခဲ့ရတာတဲ့။ မယားကြီးရှိပြီး အဖေ့ထက် အသက်ကြီးတဲ့ အစ်မရဲ့ ပထမအိမ်ထောင်က အမေ အလုပ်လုပ်နေတဲ့ ပန်းရံအဖွဲ့က ပန်းရံဆရာပေါ့။ မိပေါက်တို့ထက် ပိုက်ဆံပိုရှိတော့ အမေက မကြာခဏ ပိုက်ဆံချေး၊ အိမ်အလည်ခဏခဏ ခေါ်လာသတဲ့။ လူပြောသူပြော များပြီး ဖုံးဖိမရတော့တဲ့အခါ သမီးနဲ့ ပေးစားလိုက်တယ် ဆိုပြီး ရပ်ကွက်က ကဲ့ရဲ့သမုတ်ကြတာနေမှာ။
အစ်မရဲ့ ဒုတိယအိမ်ထောင်ကတော့ အသစ်ပြောင်းနေတဲ့ ရပ်ကွက်ထဲက ကောင်လေးတစ်ယောက်ပါပဲ။ တစ်ခုလပ်မလေးကို ကယ်တင်ချင်ပေမယ့် ကိုယ်တိုင်က သဘောထားမပြည့်ရှာတော့ မကြာပါဘူး..။ ကွဲပြန်တာပါပဲ။ တကယ်တမ်း အစ်မအိမ်ထောင်တွေ ဆက်တိုက်ပျက်ပြီး ပတ်ဝန်းကျင်မှာ မျက်နှာမပြ၀ံ့တော့တဲ့အခါ အန်တီ့ဆီမှာ ခိုလှုံခွင့်ရဖို့ သူပဲ အသည်းအသန်လေ။
မိန်းမသားတစ်ယောက်ဟာ အမှားတွေ ဘယ်လောက်ပဲ ကြုံခဲ့လုပ်ခဲ့…. နောင်တရလာတဲ့ တစ်နေ့မှာ ပြင်ဆင်ဖို့ တစ်ကြိမ်တစ်ခါတော့ အခွင့်အရေးပေးသင့်တယ်တဲ့။ ဘယ်အလုပ်ကမှ လက်မခံချင်တော့တဲ့ ရပ်ကွက်က အော့ကြောလန်တဲ့ အစ်မကို အန်တီက လက်ခံလိုက်တော့ မိပေါက်ဖြင့် အံ့သြလေးစားလိုက်ရတာ…။ အဖေကတော့ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်တယ်လို့ တဖွဖွရေရွတ် ကျေးဇူးတွေတင်လို့ပေါ့။
တကယ်တမ်းကျတော့ ကိုယ်နားနေခိုလှုံခွင့်ရထားတဲ့ သစ်ကိုင်းကို ချိုးချပစ်ချင်ခဲ့တာ ဘယ်လိုမှ လျှော်ဖွပ်လို့ မရနိုင်တော့တဲ့ အစ်မရဲ့ စိတ်ဓာတ်ပေါ့။ မိပေါက်ကလည်း ရောယောင်ပြီး ကြံရာပါ ဖြစ်ရတော့တယ်။
အလုပ်ပြန်ဆင်းတာ တစ်လပြည့်တော့ အန်တီဟာ လူကြီးလူကောင်း ပီသစွာ ကတိအတိုင်း မိပေါက်ကို အိမ်ပေးပြန်ခဲ့တယ်။ တကယ်တမ်းကိုယ်တွေးမိသလို လှောင်အိမ်ထဲက ထွက်လာရပြီဆိုပြန်တော့လည်း အားငယ်သလိုလို…. ရင်ထဲမှာ ဟာနေရတယ်။ အစ်မစီစဉ်ပေးထားတဲ့အတိုင်း အစ်မလုပ်နေတဲ့ နွယ်ချိုညှပ်တဲ့ အလုပ်မှာလုပ်တယ်။ တစ်ပိဿာကို နှစ်ရာ၊ တစ်ထောင်လောက်ရမှ နေ့တွက်ကိုက်မှာမို့… ညှပ်စမ်းဟဲ့ နွယ်ချို၊ လက်တွေပေါက်ပြဲတဲ့အထိ။
လုပ်နေကျမဟုတ်တော့ နေစောင်းတဲ့အထိ ငါးပိဿာမပြီးဘူး။ အန်တီ့ဆီမှာတော့ ကိုယ်ကလုပ်သက်ရ ကျွမ်းကျင်လုပ်သား။ စရိတ်ငြိမ်း တစ်လ နှစ်သောင်း။ ကြည့်စမ်း။ စရိတ်ငြိမ်းတာမှ သုံးနပ်မှန်မှန် ၀၀လင်လင်စား၊ အ၀တ်အစား ဆပ်ပြာ က အစ နေမကောင်းရင် ကုဖို့ ဆေးဖိုးအဆုံး အကုန်ငြိမ်းတာ။ လကုန်ရင် လခနှစ်သောင်းကို အမေတို့ အသားတင်လာထုတ်ရုံပဲ။
အမယ်… အမေက လစာကို လကုန်ရက်မှာ ဘယ်တော့မှ ထုတ်တယ်မရှိဘူး။ နှစ်လစာလောက် ကြိုထုတ်ပြီးသား။ ဒီကြားထဲ ကြိုတင်ငွေ လစာမပြည့်သေးဘူး သားငယ်လေး နေမကောင်းလို့၊ နို့ညှာမလေး ကျောင်းအပ်ဖို့…၊ အဖေ ဆိုက်ကားမနင်းနိုင်တာ တစ်ပတ်လောက်ရှိပြီမို့၊ အိမ်လခမပေးနိုင်တာ သုံးလရှိနေပြီမို့ အိမ်ရှင်က နှင်ချနေလို့ အို… အကြောင်းပြချက် မျိုးစုံနဲ့ ကြိုထုတ်ပြီးရင်း ကြိုထုတ်ရင်းပေါ့။ အန်တီကတော့ စာနာသနားစိတ်နဲ့ ပေးခဲ့တာချည်းပဲ။ ဘယ်တော့မှ ငြင်းတယ်မရှိခဲ့ဘူး။ အဲဒါနဲ့ ကြိုတင်လစာဟာ နှစ်ဝက်လောက်ကနေ လျော့တယ်ကို မရှိဘူးလေ။
အစ်မဟာ အန်တီ့ကို တိုက်ခိုက်ချင်လို့သာ တိုက်ခိုက်နေတာ..။ အန်တီ့ကျေးဇူးတွေ သူ့အပေါ်မှာ အများကြီး။ မိပေါက် ရွှေနားကွင်းလေး ၀တ်တာမြင်တာနဲ့ ချက်ချင်း အမေ့ကို ပူဆာတာ။ အမေက နေ့ပြန်တိုးနဲ့ ငွေနှစ်သောင်းချေးပြီး  ရွှေနားကပ်လေး ၀ယ်ပေးသတဲ့။ နေ့ပြန်တိုးဟာ အတိုးမသတ်နိုင်တော့ ရပ်ကွက်လူကြီးဆီ တိုင်ခံရတာပေါ့။ လူကြီးက အတိုးရပ်ခိုင်းပြီး တိုးရင်းပေါင်းကို တစ်လတစ်သောင်း မှန်မှန်ဆပ် မဆပ်နိုင်ရင် အချုပ်ထဲထည့်မယ်ဆိုပြီး အဖေ့ကို လက်မှတ်ခေါ်ထိုးတော့မှ အဖေသိရတာက တိုးရင်းပေါင်းအကြွေးက နှစ်သိန်းတဲ့။ လကုန်တိုင်းအဖေဟာ အန်တီ့ဆီပဲ အကျိုးအကြောင်းရှင်းပြပြီး အကူအညီတောင်းရတာပေါ့။ တစ်နေကုန် ဆိုက်ကားနင်းရတဲ့အဖေကတော့ အိမ်မှာ အမေလုပ်သမျှ လွန်ပြီးမှ သိရတာချည်းပါပဲ။
နောက်ပြီး… ကိုယ်ဝန်ရှိကာမှ မိန်းမဗရပွရှိတဲ့ လင်ကြီးက တာဝန်မယူဘူးဆိုပြီး ပစ်သွားတော့ အစ်မအမေက အန်တီ့ဆီပဲ ပြေးလာတာပဲ။ ပညာဗဟုသုတကြွယ်ဝတဲ့ အန်တီတို့ပဲ အကြံဥာဏ်ပေး ငွေထုတ်ပေး။ ကျေးဇူးတရားသိတတ်တဲ့သူဆို အသက်သခင် လို့တောင် ကျေးဇူးတင်ရမှာ…။ ဒါကြောင့် အဖေက ပြောတာပေါ့။ ကျေးဇူးရှိမှ ကျေးစွပ်တာတဲ့။ 
မိပေါက်ကတော့လေ… စဉ်းစားဥာဏ်ရှိပြီး ကျေးဇူးတရားသိပေမယ့် အမေ့ကိုလည်း မနိုင် သမီးတွေကိုလည်း မပဲ့ပြင်နိုင်တဲ့ အဖေ့ကိုရော… အတွဲညီညီ ထင်ရာစိုင်းပြီး တဇွတ်ထိုး တဇောက်ကန်း နိုင်တဲ့ အမေနဲ့အစ်မကိုရော ဘာမှ မသိနားမလည်သေးတဲ့ မောင်လေးနဲ့ ညီမလေးကိုပါ ချစ်ပါတယ်။ ကိုယ့်ဘ၀ကိုလည်း သိပါတယ်။  အစ်မစွပ်စွဲသလို စိတ်ကြီးဝင်နေတာတော့ မဟုတ်ပါဘူး။
ဒါပေမယ့်… အန်တီ့ကို လွမ်းတယ်။ အန်တီ့ဆုံးမစကားလေးတွေဟာ သိပ်တန်ဖိုးရှိမှန်း အပြင်ရောက်တော့ မိပေါက် ပိုသိလာတယ်။ နှုတ်ကြမ်းအာကြမ်းနဲ့ စွာကျယ်စွာလောင်တိုင်းထွာ ဆဲရေးတတ်တဲ့ အစ်မနဲ့သာ အဆင်ပြေတဲ့ နွယ်ချိုညှပ်တဲ့ အလုပ်မှာ မိပေါက်မပျော်ဘူး။ ညနေအလုပ်သိမ်းချိန် အိမ်ပြန်လို့မှ ကားခနှုတ်ပြီး ခုနစ်ရာ ရှစ်ရာ လောက်ပဲ အပ်နိုင်ရင် အမေက ဆောင့်အောင့် ပြောဆိုတတ်တယ်။ `ညည်းအပ်တဲ့ငွေ ညည်းတစ်ယောက်စာ စားစရိတ်တောင် မလောက်ဘူး´ တဲ့။
ဒီလိုနဲ့ မိပေါက်ကတော့… အလုပ်ထဲမှာ အဆင်မပြေတိုင်း… အမေနဲ့ သဘောထားတွေ မတိုက်ဆိုင်တိုင်း အစ်မနဲ့ ရန်ဖြစ်စကားများတိုင်း ပင်ပန်းမှုဒဏ်ကြောင့် တစ်နေ့တခြား ကျန်းမာရေးညံ့လာတဲ့ အဖေ့ကို မကြည့်ရက်တိုင်း ထမင်းနပ်မှန်အောင် မစားရတဲ့ မောင်လေးညီမလေးတွေကို သနားတိုင်း… အိမ်လခအကြွေး မပေးနိုင်လို့ အိမ်ရှင်နှင်ချတိုင်း တိုးရင်းပေါင်းထားတဲ့ အကြွေးရှင်က လစဉ်မှန်မှန် မပေးနိုင်လို့ တရားစွဲမယ်ဆိုတိုင်း…။ ဆိုတိုင်း…။ ဆိုတိုင်း…။
လှောင်အိမ်လို့ထင်ထားခဲ့တဲ့ သံယောဇဉ် အနှောင်အဖွဲ့တွေဟာ အရိပ်ခိုးနားနေစရာ လုံခြုံနွေးထွေးတဲ့ သစ်ရိပ်ကြီးတစ်ခုလို့ သိလာရတဲ့ အချိန်မှာတော့ သူနားခိုခဲ့တဲ့ သစ်ကိုင်းလေး လေပြင်းအဝှေ့မှာ ကျိုးကျသွားလေပြီလားလို့ တွေးပူမိတယ်။
လက်မှတ်ထိုးပြီး ၀န်ခံကတိလုပ်ထားတဲ့ လစဉ်ဆပ်ရမယ့် အကြွေးရှင်ဟာ သုံးလေးလလောက် ငွေမပေးဘဲ တောင်းပန်မှုတွေချည်းပေးနေတော့ အဖေ တရားစွဲခံရပြီ။ အမေလည်း လိုအပ်တဲ့ငွေ ကြံရာမရတော့ မိပေါက်တို့ ညီအစ်မရဲ့ လက်ရှိ အလုပ်ရှင်ဆီမှာ နည်းနည်းပါးပါးချေးဖို့ တောင်းပန်တာပဲ။ အမေက ခြေသလုံးဖက်လိုက်ရင် တောင်းဆိုသမျှ လိုက်လျောမယ်ထင်နေတာ။
ကိုယ်အဆင်ပြေမှ သူများကို ကြည့်ရှုနိုင်မှာ ပုထုဇဉ်တွေရဲ့ အခြေခံစိတ်ပဲ မဟုတ်လား။ နောက်ဆုံးတော့လည်း အန်တီ့အပေါ် အစ်မရဲ့ ခြေထိုးစကားတွေနဲ့ အလကားနေရင်း ရန်လိုနေတဲ့ အမေဟာ မထားသင့်ဘဲထားခဲ့တဲ့ သူ့ တလွဲအာဃာတတွေကို ခပ်လွယ်လွယ်ပစ်ချလိုက်ပြီး မိပေါက်ကို အန်တီ့ဆီမှာ အလုပ်ပြန်လုပ်ခွင့် ပြုလိုက်တယ်။ မဟုတ်ရင်လည်း အဖေက အချုပ်ထဲဝင်ရတော့မှာလေ။ အကြွေးပေးစရာငွေတွေက ဘယ်ကမှ မရနိုင်တော့ဘူး မဟုတ်လား။ တကယ်တမ်း ကျဉ်းထဲကျပ်ထဲ ရောက်လာတော့ ကူမယ့်ကယ်မယ့်သူ ဘယ်သူရှိလို့လဲ။
မိပေါက် ပျော်လိုက်တာလေ…။ လူကိုယ်တိုင် မသွားရဲလို့ အန်တီ့ဆိုင် ဖုန်းနံပါတ်ကို လမ်းဘေးဖုန်းမှာ လှည့်တော.. ရင်တွေတောင် ခုန်တယ်။ အန်တီက ပြန်မှ ခေါ်ပမလား စိတ်ဒုက္ခတွေ ပေးလွန်းတဲ့ မိပေါက်ရဲ့ မိဘတွေကို စိတ်ကုန်ပြီး မိပေါက်ကို ငြင်းလိုက်လေမလား။ သမီးအတွက် နေရာမှန်ကို သိပေမယ့် အသိဥာဏ်နည်းတဲ့ မိန်းမကို မတွန်းလှန်တိုင်တဲ့ အဖေနဲ့၊ အစ်မစီမံရာကို လွတ်လပ်မှုဘက် စိတ်ယိုင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား မချတတ်တဲ့ မိပေါက်ကို စိတ်ဆိုးနေလေမလား…။ တစ်နွယ်ငင် တစ်စင်ပါဆိုသလို မိပေါက်ကို သံယောဇဉ်ရှိပေမယ့် အမေနဲ့အစ်မကို မဆက်ဆံချင်တော့တာနဲ့ ဒုက္ခနွံထဲက မိပေါက်ကို ဥပေက္ခာပြုထားလိုက်လေမလား…။ ရင်ထဲမှာ အဖြေမရှာတတ်တဲ့ ပုစ္ဆာတစ်ပုဒ်လို ရှုပ်ထွေးလာတယ်။
အစကတော့… ကိုယ့်ကိုယ်ကို လှောင်အိမ်ထဲက ငှက်ကလေးလို့ ထင်ခဲ့မိတယ်။ အဲဒီ မေတ္တာလှောင်အိမ်ထဲက ရုန်းမထွက်နိုင်သေးတော့ သံယောဇဉ်ဆိုတာ အနှောင်အဖွဲ့တစ်ခုပေါ့။ သံယောဇဉ် အနှောင်အဖွဲ့တစ်ခုဟာ ရစ်ပတ်မိပြီဆိုမှဖြင့် အဲဒီကြိုးတွေကို ဖြတ်တောက်ပစ်နိုင်ဖို့ ဥပေက္ခာဓားထက်ထက်တော့ လိုလိမ့်မယ်ထင်တယ်။
အန်တီ့မှာ အဲဒီဓားတွေများ ရှိနေပြီလားလို့ ပူပန်နေဆဲမှာ ဖုန်းလိုင်းထဲက အန်တီ့ရဲ့ တည်ငြိမ်တဲ့လေသံလေးက မိပေါက်နားထဲကိုဖြတ်ပြီး နှလုံးသားထဲအထိ အေးခဲထုံကျဉ်သွားစေခဲ့တယ်။
`လူအသစ်တွေ ခေါ်ထားတာ အများကြီးရှိနေပြီသမီး၊ နောက်ထပ်အလုပ်သမား မလိုတော့ပါဘူးကွယ်…´တဲ့။
ပင်ယံထက်က သစ်ကိုင်းလေး… မိပေါက်အတွက် နားခိုရာနေရာလေး… ဘယ်ရောက်သွားပြီလဲ။
တစ်ချိန်တည်းမှာပဲ မိပေါက်ရဲ့ ပါးပြင်နှစ်ဖက်ပေါ်မှာ ပူနွေးတဲ့ မျက်ရည်စီးကြောင်းလေးနှစ် ခု  ဖြတ်စီးသွားတော့တယ်။
လောကကြီးရဲ့ လျှို့ဝှက်တဲ့ပုစ္ဆာတွေကို မိပေါက် နားမလည်နိုင်တော့ပါဘူး။

ဝေ(စီးပွားရေးတက္ကသိုလ်)
ကလျာ၊ သြဂုတ်၊ ၂၀၀၈

အဇ္ဈတ္တတံခါးနောက်ကွယ်




လောကမှာ ဘယ်လောက်ပဲ သဘောထားပြည့်ဝတဲ့လူ ဖြစ်ပါစေ။ ကိုယ်တိုင်တောင် မသိမြင်နိုင်တဲ့ ပုန်းကွယ်နေတဲ့ အတွင်းစိတ်ကလေးတွေ လူတိုင်းမှာ ရှိတတ်ပါတယ်။ အဲဒီအတွင်းစိတ်ကလေးတွေဟာ ဘယ်လောက်များ လျှို့ဝှက်လိုက်မလဲ။
ဘယ်လောက်ပဲ လျှို့ဝှက်ပါစေ။ တစ်ခါတလေတော့ လှစ်ခနဲ ခေါင်းပြူလာတတ်တာပါပဲ။
++++++

လေယာဉ်ကွင်းမှာ ကျွန်တော့်ညီလင်မယားနဲ့ ဆုံပြီး နောက်တစ်ရက် မနက်… နှင်းက…
`မောင်ရေ ဖေဖေက သူတို့အခန်းကို ပြန်တောင်းနေပြီ။ မောင့်ညီကို တစ်လအတွင်း ဖယ်ပေးဖို့ ကြိုပြောထားတော့နော်´ လို့ ပြောလာပါတယ်။
ဒီသတင်းကြားတာနဲ့ ဟိုလင်မယားကတော့ ခေါင်းကို ဆင်နင်းခံရသလို ပြူးပြူးပျာပျာ ပြေးလာပြီး နှင်းနဲ့ ကျွန်တော့်ကို တောင်းပန်ကြတာပေါ့။ ဒီလိုတိုက်ခန်းမျိုးက ငှားရင်တောင် လခမနည်းပေးရမှာ မဟုတ်လား။
အမြဲပျော့ပျောင်းပြီး ကရုဏာကြီးတတ်တဲ့နှင်းက ဒီတစ်ခါတော့ ပြတ်သားနေပါတယ်။
`နှင်းက စိတ်ဆိုးလို့ မဟုတ်ပါဘူး။ သဲတို့လည်း နေလာတာ နှစ်နှစ်လောက်ရှိပြီဆိုတော့ အားနာသင့်ပြီလေ..´
နှင်းစကားက ရှင်းပါတယ်။ ကျွန်တော်ကလည်း အလိုက်မသိတဲ့ကောင်၊ ကျေးဇူးမသိတဲ့ကောင်..၊ ဒီလောက်တော့ ခံသင့်တယ်လို့ ကျေနပ်ပါတယ်။ ကျွန်တော်လည်း အဲဒီလိုပဲ လုပ်ချင်တာပဲ။ ဒါပေမယ့် ကျေနပ်မှုကြားထဲမှာ တစ်ခုခုကို နှမြောသလို ဖြစ်နေမိတာ… ဘာမှန်းလည်း ကျွန်တော်စဉ်းစားမရဘူး။ တအုံနွေးနွေးနဲ့ ဖြစ်နေတာ…၊ ဘာကြောင့်ဆိုတာ အဖြေမထွက်ဘဲ တော်တော်ကြာတဲ့အထိလည်း မပျောက်ပါဘူး.။

+++++++
ဒီကောင်နဲ့ ကျွန်တော်က တစ်ဝမ်းကွဲသာဆိုတာ။ ညီအစ်ကိုအရင်းလို နေလာတာမို့ တစ်ယောက်အကြောင်း တစ်ယောက် အတွင်းသိ အစင်းသိပေါ့။ အမေညီအစ်မချင်းက သိပ်အစေးမကပ်လှပေမယ့် ဒီတူကိုကျတော့ ကျွန်တော့်အမေက အင်မတန်ချစ်တာ…။ ချစ်လည်း ချစ်ချင်စရာပဲလေ။ ဒီကောင်က ကျွန်တော့်အမေ အလိုကို အလိုက်သိပြီး အကြိုက်ကို ဆောင်တာကိုး။
ဒီကောင်ကများ ဆွေမျိုးအားလုံးရှေ့မှာ သူ့အမေကို ပစ်ပစ်ခါခါလုပ်ပြီး အဒေါ်ကိုပိုချစ်ကြောင်း ခပ်ကဲကဲလေး ပြောပြီလားဆို သူ့အမေက မျက်ရည်လေး တစမ်းစမ်းရယ်…။
ညီအစ်မချင်းက ကြိတ်ပြိုင်နေကြတော့ ဒီကောင့်စကားတစ်ခွန်းဟာ ဆွေမျိုးအားလုံးရှေ့မှာ ကျွန်တော့်အမေအတွက် အောင်လက်မှတ်ကြီး ဖြစ်နေတယ်လေ။ အမေအရင်းခေါက်ခေါက်ထက် ပိုချစ်နေပါပြီ ဆိုမှတော့ ဒီအဒေါ်က သူ့အပေါ်မှာ အမေထက်ပိုကောင်းနေလို့ပေါ့။ တစ်နည်းပြောရရင် အမေက အဒေါ်လောက် မကောင်းလို့ပေါ့။
ဒီလိုများ ပြောပြီးရင် အိမ်ရောက်တာနဲ့ တီးခံရမယ်ဆိုတာ သိတော့ ဒီကောင်ကလည်း ငလည်။ ကျွန်တော်တို့အိမ်မှာပဲ အိပ်တယ်။ တစ်လကိုးသီတင်း မပြန်တော့ဘူး။ သူ့အမေအပေါ်သာ မကောင်းတာ။ အဒေါ်ကိုကျတော့ ချွဲတတ် သိတတ်တော့ ကျွန်တော့်ထက်တောင် အမေက ဒီကောင့်ကို ပို အလိုလိုက်သေးတာ။
ကျွန်တော်လား… ဝေးပါသေးတယ်ဗျာ။ မနာလို မဖြစ်တဲ့အပြင် ၀မ်းတောင်သာသေး။ အမေ့မှာ ချစ်ရမယ့် တစ်ကောင် အနားရှိတော့ ကျွန်တော်က လွတ်လပ်တာပေါ့။ သွားချင်ရာသွား…။ နေချင်သလို နေ…။ အမေ့ကို ဂရုစိုက်ရမယ့် အမေခိုင်းသမျှ လက်တိုလက်တောင်း ကိစ္စမှန်သမျှ ဒီကောင်နဲ့ လွှဲထားလိုက်တယ်။ ပိုတောင် ကောင်းသေး။ 
ဒီလိုကလေးဘ၀တစ်လျှောက်လုံး ဆယ်တန်းအောင်တဲ့အထိ တစ်အိမ်တည်းအတူနေ၊ အတူအိပ်၊ အတူစားခဲ့တဲ့ သံယောဇဉ်က သေးမှမသေးတာ။ 
တစ်ခါတလေ ကျွန်တော်တို့ မောင်နှမအရင်းအချာသုံးယောက်ဆိုတာ မေ့မေ့ပြီး လေးယောက်လို့တောင် ထင်မိတဲ့အထိ..။
ဆယ်တန်းအောင်ပြီးတော့ ကျွန်တော်က စီးပွားရေးတက္ကသိုလ် ၀င်ပေမယ့် ဒီကောင်က ရိုးရိုးမေဂျာပဲ ရတယ်။ ကျွန်တော် ရန်ကုန်မှာ ကျောင်းသွားတက်တော့လည်း ဒီကောင်က ကျွန်တော့်အမေတို့နဲ့ပဲ ဆက်နေရစ်ခဲ့တယ်။
တစ်ခါတလေကျတော့လည်း ဒီကောင်ရှိနေလို့သာ ကျွန်တော် တာဝန်တွေ တော်တော်ပေါ့သွားတယ်လို့ ကြံဖန်ကျေးဇူးတင်ရသေးတယ်။ ဟုတ်တယ်လေ။ မိဘပေါ်မှာ ကူညီပြုစုရမယ့် တာဝန်တွေ ကျွန်တော့်အစား ဒီကောင်က ထမ်းရွက်ပေးနေတာကိုး။ ဒီတော့ ကျွန်တော်က မိသားစုကို သိပ်နောက်ဆံမတင်း မခင်တွယ်တော့ဘဲ ကျောင်းပိတ်ရက်တောင် အိမ်မပြန်ဖြစ်တော့ဘူး။ ရန်ကုန်မှာပဲ သင်တန်းစုံတက်ရင်း ဘ၀တိုးတက်ရေးအတွက် ပညာရှာနေလိုက်တယ်။
ဒီလိုနဲ့ပဲ ကျွန်တော်က ဘွဲ့ရလို့ ဘွဲ့လွန်ဆက်တက်နေလည်း ဒီကောင်က ဘွဲ့မရသေးဘူး။ ကျွန်တော်ဘွဲ့လွန်အောင်သွားလည်း ဒီကောင်က ဘွဲ့မရသေးပြန်ဘူး။ စာမေးပွဲကို ဖြေချင်တဲ့နှစ်မှ ဖြေတာကိုး။
သူ့အမေက ကျောင်းဆက်မတက်လို့ ဆူပူငိုယိုနေသေးတော့ ဒီကောင်က ရွဲ့ပြီး ဘာလုပ်တယ်မှတ်လဲ။ ဓာတ်ပုံဆိုင်မှာ ဘွဲ့ဓာတ်ပုံရိုက် ပုံကြီးချဲ့ပြီး သူ့အမေအိမ် ဧည့်ခန်းမှာ သွားချိတ်ထားပေးလိုက်တယ်။ ဒီကောင်က အဲသလို ခပ်ရွတ်ရွတ်ကောင်…။
                                                               +++++++
 
ကျွန်တော်တက္ကသိုလ်တက်တော့ အစိုးရအဆောင်ရပေမယ့် လူချမ်းသာမဟုတ်တဲ့ သာမာန်မိသားစုအဖို့ တစ်လတစ်လ ငွေအလျင်မိပို့နိုင်ဖို့ သိပ်လွယ်လွယ်ကူကူတော့ မဟုတ်မှန်း ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်ကလည်း တစ်ကိုယ်ကောင်းဆန်သလိုတော့ ဖြစ်သွားတယ်။ ကျောင်းမှာ ဘွဲ့ရပြီးတော့လည်း ဘွဲ့လွန်ဆက်တက်၊ သင်တန်းတွေ မျိုးစုံတက်၊ ကျွန်တော့်နာမည်နောက်မှာ B Com; CPA ဘွဲ့အပြင် နောက်ထပ် သင်တန်းစုံက ဒီပလိုမာတွေနဲ့ အမြီးလည်း တော်တော်ရှည်ရော… အိမ်ထောင်ကျပါလေရော။
ကံကောင်းကျင်တော့ ရတဲ့မိန်းမက ဥစ္စာပေါ ရုပ်ချော။ ဘန်ကောက်ကို ကိုယ်တိုင်ဈေးဝယ်ထွကင်နေတဲ့ မီနီမတ်ကက် သုံးလေးခုပိုင်ရှင်ရဲ့ သမီး။ မောင်နှမနှစ်ယောက်တည်းရှိတယ်။ မြားနတ်မောင်များ မျက်စိလည်ချင်တော့ တစ်ကျောင်းတည်းမဟုတ်ပေမယ့် ကျွန်တော်တို့နှစ်ယောက်ကို ကံ့ကော်တောထဲမှာပဲ ဖူးစာဆုံအောင် ဖန်တီးပေးလိုက်တယ်။
ကျွန်တော်တို့ အီကိုဆောင်တွေမှာ မိန်းကလေးဆောင်နဲ့ ယောက်ျားလေးဆောင် နှစ်ဆောင်စီ တတွဲ မောင်နှမဆောင်လို့ သတ်မှတ်ပြီး နှစ်ကုန်ခါနီးမှာ ဒင်နာပါတီလုပ်လေ့လုပ်ထ ရှိတယ်လေ။ ဂီတဖျော်ဖြေပွဲတွေ လုပ်ကြ၊ နံရံကပ်စာစောင်တွေ ရေးကြ၊ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲတွေ လုပ်ကြ၊ ဆုပေးကြ…၊ ပြီးတော့… စားကြသောက်ကြပေါ့။ သိပ်ပျော်ဖို့ ကောင်းတာ..။
အဲဒီမှာ နှင်းရည်သွန်းဆိုတာ ကျွန်တော်တို့ ငှားလိုက်တဲ့ တီးဝိုင်းက ၀ါသနာရှင်အဆိုတော်..။ ကျွန်တော်က အဆောင်ကိုယ်စားပြု ၀ါသနာရှင် ဒရမ်သမား…။ ရည်းစားမထားဖူးတဲ့ ကျွန်တော်လည်း သူနဲ့တွေ့မှ ကြွေသွားတော့တယ်။ နောက်ဆုံးတော့ တီးဝိုင်းတိုက်ကြရင်း နောက်ဆုံးနှစ်ကျောင်းသားနဲ့ ဘွဲ့ရပြီးစ အဆိုတော် ငြိသွားကြလေသတည်းပေါ့ဗျာ။
ကျွန်တော်ကံကောင်းတာက လူချမ်းသာတွေဆိုပေမယ့် ကောင်မလေးမိသားစုမှာ အနှစ်ရှိတယ်။ ရေပေါ်ဆီတွေ မဟုတ်ဘူး။ သူ့မိဘတွေကလည်း ကျွန်တော့်ကို ငွေကြေးမချမ်းသာပေမယ့် ပညာတတ်လူရည်မွန်လေးမို့ မေတ္တာစစ်ရင် မကန့်ကွက်ပါဘူးတဲ့လေ။
ချစ်သူဖြစ်ပြီး သုံးနှစ်ကျော်တော့ ကျွန်တော်တို့လည်း မင်္ဂလာဆောင်လိုက်ကြတယ်။ သူ့မိဘတွေက မီနီမတ်ကက်တစ်ခု လွှဲပေးတယ်။ တိုက်တစ်လုံးနဲ့ ကားတစ်စီးလက်ဖွဲ့တယ်။ ကျွန်တော်တို့လင်မယား ဘန်ကောက်ကို ဟန်းနီးမွန်းထွက်ရင်း ဈေးဝယ်တယ်။ စုတ်ရော လာဘတ်ရော ၀င်တယ်ဆိုတာ ဒါမျိုးကိုပြောတာ နေမှာ။ ချက်ချင်းလက်ငင်း မိန်းမလည်းရ သူဌေးပေါက်စလည်း တန်းဖြစ်တော့တာပဲ။
မိန်းမကလည်း သူဌေးသမီးဆိုပေမယ့် မမောက်မာဘူး။ ရည်းစားဘ၀ကတည်းက စိတ်နှလုံးဖြူစင်မှန်း လေ့လာပြီးသားပေမယ့် တကယ်တမ်းပေါင်းကြည့်တော့မှ ပိုကျေနပ်ရတယ်။
နှင်းက ကျွန်တော့်မိဘတွေရဲ့ ခပ်ယဲ့ယဲ့ဖြစ်နေတဲ့ လုပ်ငန်းကို မလုပ်ကိုင်စေတော့ဘဲ ကျွန်တော့်ညီမနှစ်ယောက်အတွက် အထည်စတိုးလေး ထူထောင်ပေးဖို့ အကြံပေးတယ်။ ဘန်ကောက်က ဈေးဝယ်တစ်ခါပြန်လာရင် ညီမနှစ်ယောက်အတွက် လက်ဆောင်တွေ ဆိုတာလည်း တနင့်တပိုး။ သိပ်ပြည့်ပြည့်စုံစုံကြီး မနေဖူးရှာတဲ့ ကျွန်တော့်ညီမတွေခမျာ မမနှင်းကိုဆို ချစ်လိုက်ကြတာ သဲသဲလှုပ်ပေါ့။ `အစ်ကိုကိုတောင် မျက်စိထဲမြင်ကြသေးရဲ့လား..´ လို့ ကျွန်တော်က စနောက်ရသေးတယ်။ နှစ်ဖက်မိဘတွေကိုလည်း လစဉ်ငွေကြေးကန်တော့ပြီး ကုသိုလ်ယူပါသေးတယ်။ ကျွန်တော့်ရဲ့နှင်းက ဒီလို…။
နှင်းရဲ့ ချစ်စရာကောင်းတဲ့အချက်က ဆိုင်မှာ ၀န်ထမ်းအများကြီးရှိပေမယ့် တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးတတ်တာပါ။ ၀န်ထမ်းတွေကို လစာအပြင် ဘောက်ဆူးကောင်းကောင်းပေးဖို့တို့ ၀န်ထမ်းတိုင်း မွေးနေ့မှာ လက်ဆောင်ပေးတာတို့ NewYear လိုမျိုး သီတင်းကျွတ်လိုမျိုးတွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးဖို့တို့ကိုလည်း နှင်းက မမေ့တတ်ပါဘူး။
နှင်းရဲ့စိတ်စေတနာကို တိတ်တခိုးအားကျအတုယူရတဲ့အထိ ပါပဲဗျာ။ အလှူအတန်းကျတော့လည်း ရက်ရောတယ်။ အလှူရေစက်လက်နဲ့မကွာ ဆိုတာ နှင်းမှအစစ်။ နှင်းနဲ့ အနီးကပ်နေရမှ နှင်းဒီလို စေတနာသဒ္ဒါတရားကောင်းလွန်းလို့လည်း စီးပွားရေးမှာ နှင်းဘာလုပ်လုပ် ဘာကိုင်ကိုင် အောင်မြင်တာပဲလို သတိထားမိတယ်။
သိပ်မကြာဘူး။ ဆိုင်ခွဲတွေထပ်ဖွင့်ဖို့ ပြင်ဆင်ရပြီ။ ကျွန်တော်တို့ ဂေဟာလေးမှာလည်း ဆည်းလည်းလေးတိုးဖို့ အရိပ်အယောင်တွေ ပြလာပြီ။ ဒီသတင်းကြားတော့ ကျွန်တော့်အမေက အလုပ်လက်မဲ့ဖြစ်နေတဲ့ သူ့တူကို အုလပ်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုတယ်။
`သားရယ်… ဒီကောင်က သိပ်ဖင်ပေါ့တာ။ အလိုက်ကလည်း သိတတ်တော့ မင်းတို့အတွက် အားကိုးရမှာ သေချာတယ်´
အမေ့အကြံကို နှင်းကလည်း ၀မ်းပမ်းတသာ လက်ခံပါတယ်။ ဒါပေမယ့် ဒီကောင်က ၀မ်းမသာဘဲ လုပ်ချင်သလို မလုပ်ချင်သလို လေးတိလေးကန် လုပ်နေတော့ ကျွန်တော်အံ့သြရတယ်။ ကျွန်တော်က ကိုယ့်ညီအချိုးမပြေတော့ တစိမ်းဖြစ်နေတဲ့ နှင်းကို အားနာတာပေါ့။ ဒါပေမယ့် နှင်းက နားလည်ရှာပါတယ်။ လခလည်းကောင်းကောင်း ပေးတယ်။ အိမ်မှာပဲ စရိတ်ငြိမ်းပေးနေပြီး သူ့အ၀တ်ကအစ သူလျှော်မ၀တ်ရဘူး။ သူဌေးသားတစ်ယောက်လိုကို ဒီကောင်နေရတာ။ သွားစရာရှိလည်း ဒရိုင်ဘာနဲ့ ကားအဆင်သင့်…။
အဲဒီမှာ လူတွေအံ့သြဖို့ကောင်းတာ ကျွန်တော်စတွေ့တော့တာပဲ။ ဒီကောင့်ကို ဖင်ပေါ့တယ်။ အလိုက်သိတယ်။ အလုပ်ကြိုးစားမယ်လို့ ထင်ထားတာ ကျွန်တော်ရော ကျွန်တော့်အမေရော မှားတာလေ။ အမေ့နားမှာ နေတုန်းက အမေခိုင်းသမျှ အလိုက်တသိ ဖင်ပေါ့ပေါ့ လုပ်ကိုင်ပေးတာဟာ.. သူကိုယ်ပိုင်စရိုက်မဟုတ်ဘဲ သူများအိမ်မှာ သူ့ကို ကြည်ကြည်သာသာပေးနေဖို့ ။ သူမကျေနပ်တဲ့ သူ့အမေကို တိုက်ခိုက်ဖို့ပါလား..လို့ တစ်သက်လုံး မတွေးခဲ့ဖူးတဲ့ အတွေးကို ကျွန်တော်တွေးမိတော့တယ်..။
+++++++
ဘယ်သူ့ပေါ်မှာမဆို စေတနာပိုတဲ့ နှင်းက သူ့အချစ်ဆုံး သူငယ်ချင်းသဲသဲကို ဆို ဘာပြောကောင်းမလဲ။ ဘန်ကောက်က ဈေးဝယ်ပြန်လာပြီလားဆို နှင်းက သူ့သူငယ်ချင်းကြိုက်တာယူ။ လက်ဆောင်ပဲ။ သဲသဲက စီးပွားရေးသင့်တင့်ပေမယ့် နှင်းလောက်တော့ မပြည့်စုံရှာဘူး။ ငယ်ငယ်ကတည်းက တက္ကသိုလ်တက်တဲ့အထိ တတွဲတွဲ နေလာခဲ့တာ ဆိုတော့ သံယောဇဉ်ကြီးကြတယ်။ ကျွန်တော်နဲ့ ချစ်သူဖြစ်တော့လည်း အတွဲမပျက်ဘူး။ နှင်းအိမ်ထောင်သည် ဖြစ်သွားတော့လည်း အိမ်အ၀င်အထွက်မပျက်ဘူး။
ဒါပေမယ့် သူက နှင်းလို ချစ်ကံမကောင်းတော့ သူ့ချစ်သူနဲ့ မပြေလည်ကြဘူး။ ကောင်လေးက မျက်နှာများတဲ့အပြင် သူ့ကိုလည်း တကယ်မေတ္တာရှိတာမဟုတ်တော့ သူ့ရင်ကွဲနာတွေ ကျွန်တော်တို့ လာင်မယားကို ရင်ဖွင့်နေကျပေါ့။
ဖြစ်ချင်တော့ ကျွန်တော့်ညီ အောင်အောင်က သဲသဲကို မြင်မြင်ချင်း တန်းတန်းစွဲပါလေရော။ ရည်းစားမထားဖူးတဲ့ လူပျိုကြီးခမျာ သဲသဲကလည်း ပြန်မချစ်နိုင်တော့ အသည်းတွေကွဲ..။ သဲသဲချစ်လာအောင် အမျိုးမျိုးကြိုးစား…။ သဲသဲနောက်ပဲ တကောက်ကောက်လိုက်ပြီး အလုပ်လည်း ကောင်းကောင်း စိတ်မ၀င်စားနိုင်ဘူး။ အလုပ်ကိစ္စတစ်ခုခု တာဝန်ပေးလိုက်ရင်… အဲဒါထက် သဲသဲဆီ အခစားဝင်ဖို့ပဲ စိတ်စောနေပြီး အလုပ်က ဖင့်နှေးနေရော။
တစ်ခါတလေ အသေးအဖွဲကိစ္စလေးတွေမို့ ခွင့်လွှတ်နိုင်ပေမယ့် တစ်ခါတလေကျ အရေးတကြီးကိစ္စတွေ သူ့ကြောင့် လွဲချော်ကုန်ရင် ကျွန်တော်က စိတ်ဆိုးမိတယ်။ နှင်းကခွင့်လွှတ်စိတ် ကြီးတော့ ဖြေတွေးတတ်သေးတယ်။ ကျွန်တော်လည်းနှင်းနဲ့ပေါင်းတာ ကြာလာတော့ စိတ်ကောင်းရှိရတဲ့ အရသာ၊ သူများကို သဘောထားကြီးပေးလို့ ရတဲ့ ကျေနပ်မှုတွေကို နားလည်ပါတယ်။
ဒါပေမယ့် ဒီကောင်က ကျွန်တော်တို့ သည်းခံမှန်းသိတော့ ပိုပိုဆိုးလာသလိုပဲ။ ပေးထားရတဲ့ လခနဲ့တောင်မတန်ဘူးလို့ ကျွန်တော်ကတော့ ကြိတ်ပြီး ဒေါသဖြစ်တတ်လာတယ်။ `ငယ်ငယ်ကနဲ့ တခြားစီပဲ။ တစ်ယောက်စီလို့ကို ထင်ရတယ်…´လို့ ကျွန်တော့်အမေကို ပြောပြတော့ အမေလည်း အံ့သြနေတယ်။ `ဟုတ်ရဲ့လား သားရယ်…´တဲ့။ ကျွန်တော့်ကိုတောင် မယုံနိုင်ဘူး။
ဒီလိုနဲ့… သဲသဲက သူ့ရည်းစား မျက်နှာများတာကို ရွဲ့ရင်း အောင်အောင်နဲ့တွဲရင်း မချစ်ဘူးလို့ငြင်းရင်း အနေနီးတော့ သူတို့နှစ်ယောက် ညားသွားပါတယ်။ နှင်းကတော့ အချစ်ဆုံးသူငယ်ချင်းနဲ့ မတ်တော်မောင်နဲ့ဆိုတော့ ၀မ်းသာတာပေါ့။ သူကိုယ်တိုင်ပဲ အကုန်အကျခံလက်ဖွဲ့ပြီး မင်္ဂလာဆောင်ပေးတယ်။ ကျောက်မြောင်းက သူ့မိဘပိုင် တိုက်ခန်းတစ်ခုမှာ ပေးနေတယ်။
နေရာလည်းကောင်း မြေညီထပ်လည်းဖြစ်တော့ သဲသဲမိဘတွေ လက်ဖွဲ့တဲ့ငွေအရင်းအနှီးနဲ့ စတိုးဆိုင်လေးဖွင့်မယ်လို့ သဲသဲက အကြံရတယ်။ နှင်းက ကူညီပြီးတော့တောင် ကျွန်တော်တို့ဆိုင်က ပစ္စည်းတွေခေါက်ပြန်ပေးစနစ်နဲ့ ပေးလိုက်သေးတယ်။ ဘန်ကောက်ကို ဈေးဝယ်ထွက်ရင် တစ်ခါတလေ သဲသဲကိုတောင် အဖော်ခေါ်သွားသေးတယ်။ သူ့ဆိုင်အတွက် လိုအပ်တာလေးတွေပါ သူဝယ်နိုင်အောင်ပေါ့။ စိတ်စေတနာကောင်းတဲ့ မိန်းမကြောင့် ကျွန်တော်လည်း ဂုဏ်ယူကျေနပ်ပါတယ်။
ဒါပေမယ့် ဒီကောင့်ကိုတော့ အံ့သြရပြန်တယ်။ ကျွန်တော့်အလုပ်မှာ လက်ကြောမတင်းတဲ့ ပျင်းတဲ့ကောင်က သူ့ကိုယ်ပိုင်အလုပ်ကျတော့ ကြိုးစားလိုက်တာဆိုတာ… နေ့မနား ညမအားပါလား။ ကျွန်တော့်ဆိုင်တုန်းက အရောင်းစာရေးကြီးကြပ်ရတဲ့ အလုပ်တောင် ဖိဖိစီးစီးမလုပ်ဘူး။ သူ့ဆိုင်ကျတော့ ကိုယ်တိုင်ဖော်ဖော်ရွေရွေ ရောင်းလို့ပါလား။
သူတို့ဆိုင်လေးလည်း တော်တော်ရောင်းကောင်းလာလိုက်တာ၊ သိပ်မကြာခင်မှာပဲ ကျောက်မြောင်းမှာ မီနီမတ်ကက် အသေးစားလေးလို ရောင်းအကောင်းဆုံးဆိုင် ဖြစ်လာတယ်။
တစ်ခါတစ်ခါ… ကျွန်တော့်စိတ်ထဲမှာ ဒီကောင် သူများအလုပ်တုန်းက ခိုခဲ့ ပျင်းခဲ့သလောက် သူ့ဟာသူကျတော့ သိတတ်လိုက်တာ လို့ ငြိငြင်မိတာ အမှန်ပါ။ ကျွန်တော့်ကို သဘောထားသေးသိမ်တယ်လို့ အထင်သေးခံရမှာစိုးလို့ နှင်းကို ဖွင့်မပြောဖြစ်ဘူး။
ဒီအတောအတွင်းမှာပဲ ကျွန်တော့်ညီမအငယ်ဆုံးလေးက အမေရိကားက မြန်မာတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိပါတယ်။ သူ့ဖူးစားကံကလည်း အံ့သြစရာ။ ကောင်လေးက မြန်မာပြည်အလည်လာတုန်း ပုဂံဘုရားဖူးထွက်ချိန် ညီမလေးကလည်း မိသားစုနဲ့ ပုဂံဘုရားဖူးအသွား ပုဂံမှာ သွားဆုံကြသတဲ့။ သူတို့ချင်း မိတ်ဆွေဖြစ်ပြီး ကောင်လေးက ဟိုကနေ ညီမလေးဆီ ဖုန်းဆက်ကြရင်း ချစ်သူဖြစ်သွားတော့ ကောင်လေးက လာတောင်းရမ်းပြီး လက်ထပ်တယ်။ ညီမလေးကိုလည်း အမေရိကားခေါ်သွားတယ်။ မင်္ဂလာဆောင်ကိစ္စနဲ့ ပတ်စပို့လုပ်တာကအစ ကူညီလုပ်ကုင်ပေး မိသားစုအားလုံး လေဆိပ်လိုက်ပို့… နဲ့ မအားလပ်နိုင်ကြပါဘူး။
ညီမလေးကို လိုက်ပို့တဲ့နေ့ကျမှ မတွေ့ရတာကြာပြီဖြစ်တဲ့ အောင်အောင်နဲ့ သဲသဲတို့ လင်မယားကို လေယာဉ်ကွင်းမှာ ဆုံရတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူတို့လင်မယားကလည်း ဘန်ကောက်ကို ပစ္စည်းအ၀ယ်ထွက်မလို့တဲ့။ ကျွန်တော်တို့ကလည်း ညီမလေးကိစ္စနဲ့ အလုပ်တွေရှုပ်ပြီး မတွေ့ဖြစ်ကြတဲ့အတောအတွင်း သူတို့က ဒီလောက်တောင် ခြေလှမ်းသွက်နေပါလားလို့ အံ့သြရတယ်။
ကျွန်တော်တို့ကို ဘန်ကောက်သွားမယ့်ကိစ္စတောင် အသိမပေး၊ တိုင်လည်းမတိုင်ပင်၊ အကူအညီလည်း မတောင်းလို့ ကျွန်တော့်စိတ်ထဲ မျက်တက်တက်ဖြစ်မိတယ်။
`နှင်းတို့ အလုပ်ရှုပ်နေတာမို့ အားနာလို့ မပြောတော့တာ နှင်းရေ။ ဆိုင်မှာ ပစ္စည်းတွေ တော်တော်ကုန်နေလို့။ အောင့်ကိုလည်း ဘန်ကောက် အလည်ခေါ်သွားချင်တာနဲ့ သဲတို့နှစ်ယောက် အတူသွားဖို့ စီစဉ်လိုက်တာ..´
နှင်းက ဘာမှပြန်မပြောဘဲ ပြုံးနေပါတယ်။ ဒါပေမယ့် အပြုံးနောက်ကွယ် က ဝေဒနာကို နောက်တစ်ရက်မှာ… ကြေညာခဲ့တာပါပဲ။
                                                                     +++++++
 
မထင်မှတ်တဲ့ တစ်နေ့မှာတော့ ကျွန်တော်တို့က မေ့နေပေမယ့် သူတို့က မမေ့ဘူးဆိုတာကို သိလိုက်ရပါတယ်။ အောင်အောင်ရော သဲသဲရော ကလေးတစ်ယောက်လက်ဆွဲပြီး ကပိုကယိုနဲ့ အိမ်ကိုရောက်လာပြီး ငိုယိုအသားနားခံလာတယ်။ ဒီကထွက်သွားပြီး နှစ်နှစ်အတွင်းမှာ ဒုက္ခမျိုးစုံရောက်ပြီး ဆိုင်ပြုတ်သွားကြောင်း နတ်သံနှောတော့တာပေါ့။ ကျွန်တော်တို့ဆိုင်မှာပဲ အလုပ်တစ်ခုခုပေး ဖို့ တောင်းပန်ရှာတယ်။
နဂိုကမှ စိတ်စေတနာကောင်းပြီးသား နှင်းက နှစ်ယောက်စလုံးကို ခွင့်လွှတ်တဲ့အပြင် အလုပ်ပေးဖို့ ကျွန်တော့်ကိုပါ တိုင်ပင်ပါတယ်။ ကျွန်တော်ကလည်း ထုံးစံအတိုင်း နှင်းသဘောပေါ့။ ဒီတော့လည်း နှင်းရဲ့ ခွင့်လွှတ်ရတဲ့ ကြည်နူးမှုနဲ့ ကူညီရတဲ့ ကျေနပ်ပီတိကို ထပ်တူခံစားရင်း ကျွန်တော် ကာလအတော်ကြာကြာ တအုံနွေးနွေး ဖြစ်ခဲ့ဖူးတဲ့နှမြောစိတ်ကို ခုမှ ဖျတ်ခနဲ အဖြေတွေ့သွားတယ်။
အဲဒီတုန်းက ဒီကောင်တွေကို ပညာပေးလိုက်တဲ့ နှင်းရဲ့အပြုအမူကို ကျေနပ်နေမိပေမယ့် ကျွန်တော်နှမြောနေမိတာ… နှင်းရဲ့ မုဒိတာမထားနိုင်တဲ့စိတ်။ မေတ္တာ စေတနာ ကရုဏာ အားလုံး ပြည့်ဝမြင့်မြတ်တဲ့ နှင်းမှာ မုဒိတာစိတ်ကလေးလိုနေတာ ကျွန်တော်သိလိုက်ရတာပဲ။
ကျွန်တော်တို့ အိမ်ထောင်သက် ငါးနှစ်အတွင်းမှာ ကျွန်တော်နဲ့သားအပေါ် ထားတဲ့ နှင်းရဲ့ မေတ္တာ နှစ်ဖက်မိဘမောင်နှမအပေါ် ထားတဲ့ နှင်းရဲ့စေတနာ သူငယ်ချင်းအပေါင်းအသင်းနဲ့ လက်အောက်ငယ်သားတွေအပေါ် ထားတဲ့ နှင်းရဲ့ ကရုဏာ။ ဒါတွေအားလုံးကို ကျွန်တော်က ဂုဏ်ယူကျေနပ်နေခဲ့ရတာပါ။ တိတ်တခိုး လေးစားအတုယူခဲ့တာပါ။ ဒါတွေဟာ နှင်း ဟန်ဆောင်ခဲ့တာမဟုတ် ဘူးလို့ ကျွန်တော် အကြွင်းမဲ့ယုံကြည်တယ်။
ဒါပေမယ့် နှင်းက ငယ်ငယ်ကတည်းက ပြည့်စုံခဲ့တဲ့ဘ၀ဆိုတော့ ကိုယ့်ထက်နိမ့်ကျသူတွေကြားမှာပဲ အနေကြာလာပြီး ကိုယ့်ကို ပုခုံးချင်းယှဉ်လာတဲ့သူကို နှင်းသည်းမခံတတ်ဘူး။ အဲဒီလူတွေရဲ့ အောင်မြင်မှုအတွက် မုဒိတာမပွားနိုင်ဘူး။ ဒါဟာ နှင်းအလွန်မဟုတ်ပါဘူး။ သူလည်း လူပဲလေ။
ကျွန်တော်လည်း ကိုယ့်ညီ စိတ်ထားမမှန်တာ တွေ့တော့ ခွင့်လွှတ်စိတ် မမွေးနိုင်ခဲ့ပါဘူး။ မတန်မရာကြီးပွားချင်နေတော့ မုဒိတာမပွားနိုင်ပါဘူး။
ဒီကောင်လည်း ဘာထူးလဲ။ ကျွန်တော် သူဌေးသမီးနဲ့ညားပြီး ရုတ်တရက်သူဌေးဖြစ်သွားတော့ ကျွန်တော့်အလုပ်အတွက် သူဘယ်မှာကောင်းကောင်း ကူညီလို့လဲ။ မုဒိတာစိတ်နဲ့ ကျေကျေနပ်နပ် လုပ်မှမပေးနိုင်ခဲ့ဘဲ။ ရှိတဲ့ ကိုယ်ပိုင်အစွမ်းအစတွေကို သူ့ကိုယ်ပိုင်အကျိုးအတွက်မှ သုံးတော့တာ မျက်မြင်ကိုယ်တွေ့ပါပဲ။ 
နှင်းကိုတော့ ကျွန်တော်မြတ်နိုးမှု မလျော့ပါဘူး။ ဒါပေမယ့် ပါရမီဖြည့်ဖက် ဆိုတဲ့စကားအတိုင်း အရာရာ ပြည့်စုံတဲ့ နှင်းရဲ့ လိုနေတဲ့ ကွက်လပ်ကလေးကို ဖြည့်ပေးနိုင်ဖို့ ကျွန်တော်ကြိုးစားရဦးမယ်။ ဒီလိုကိစ္စမျိုးဆိုတာ ကိုင်တွယ်ဖြေရှင်းမှု နူးညံ့ပြီး အချိန်အခါပါ စောင့်သင့်တယ်လို့ ထင်တာပဲ။ 
တစ်နေ့နေ့ အရင်းခံဖြူစင်တဲ့ နှင်းကို မထိခိုက်စေမယ့် နည်းလမ်းကောင်းလေးတစ်ခုခု…. ရှာတွေ့ခဲ့ရင်ပေါ့။ ကျွန်တော် နှင်းရဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက် အစစ်အမှန်ဖြစ်ချင်ပါတယ်။
                                                               ++++++++
 
လောကမှာ ဘယ်လောက်ပဲ သဘောထားပြည့်ဝတဲ့လူဖြစ်ပါစေ ကိုယ်တိုင်တောင် မသိမြင်နိုင်တဲ့ ပုန်းကွယ်နေတဲ့ အတွင်းစိတ်ကလေးတွေ လူတိုင်းမှာ ရှိတတ်ကြပါလား…။

ဝေ(စီးပွားရေးတက္ကသိုလ်)
ကလျာ၊ ဒီဇင်ဘာ၊ ၂၀၀၉