နေ့တစ်နေ့ဟာ
သူ့ရဲ့ခန္ဓာအဟောင်းကို
သူ့အခေါင်းထဲ သူထည့်ဖို့ပြင်
နေ၀င်ဖို့အဆင်း။
ငါ့ဘ၀ရဲ့...
နောက်ဆုံးအလင်းဟာ
အမှောင်ကို ချဉ်းကပ်
ငွေတစ်မတ်ကို ရှာနေချိန်။
လွန်ပြီးတဲ့...
အာရုံ၊ မွန်းတည့်အချိန်တွေမှာ
အ၀ိဇ္ဇာကိုခင်း
ငါ့ကိုငါထွင်းထု
ဘယ်ဟာအတု အစစ်
မသိမှုအမြစ်တွယ်
အသစ်အသစ်တွေနဲ့ ဆေးဆိုး
ပုပ်သိုးမသွားအောင် ငါ့ဟာငါပျိုး
ငါမျိုးကိုငါချစ်ခဲ့လို့
အခုတော့...
ခပ်ပျစ်ပျစ်အမှောင်ထဲ
နစ်ဝင်ဖို့ပြင်စဲ။
ဒီအချိန်မှာလည်း
ငါ့ဇိမ်တွေနဲ့ ငါ၊ ငါ့အိနြေ္ဒနဲ့ငါ
ငါ့အမှောင်နဲ့ငါ၊ ငါ့အရောင်နဲ့ငါ
ငါ့အတ္တနဲ့ငါ၊ ငါ့ဒဿနနဲ့ငါ
ငါ့ရိက္ခာနဲ့ငါ၊ ငါ့လိပ်ပြာနဲ့ငါ
ငါ့ရထားနဲ့ငါ၊ ငါ့တရားနဲ့ငါ
ငါ့မာနနဲ့ငါ၊ ငါ့ခ၀ါချမှုနဲ့ငါ
သာသာယာယာ...။
ဘ၀နေ၀င်ချိန်...
တိမ်ထဲက ထွက်ကျလာတဲ့ “ငါ”...
ရောင်စဉ်ဖြာ အလင်းမှိန်
အမှောင်မရောက်ခင် အချိန်မှာတော့
ငါ့ဘ၀ရဲ့နောက်ဆုံး...“ တိမ်တောက်ချိန်“ ။
သစ်ခက်အိမ်
( June, 2009...Beauty Magazine )
No comments:
Post a Comment