ဧရိယာမတူသော ညီမျှခြင်းပုစ္တာ



ညီအစ်မနှစ်ယောက် ရေအိုးကိုယ်စီနှင့် ကုန်းတက်ကလေးပေါ် တက်လိုက်ပြီးတာနဲ့ နှလုံးခုန်သံ တဒိတ်ဒိတ်ဟာ ရင်ဘတ်က လာတာမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်လောက်အောင် ကိုယ့်နားအနားမှာ ကပ်ကြားပြီး ဆူညံနေတယ်။ ရေခပ်တဲ့အလုပ်ကို မလုပ်ရတာ နှစ်နှစ်တောင် ကျော်ပြီဆိုတော့ ကျင့်သားပျက်သွားပြီး မောရတဲ့ကြားထဲ... တဲေ၇ှ့က ကားအဖြူရောင်လေးက အမောပိုဆို့စေတယ်။ ရပ်ကွက်ထဲက နှပ်ချေးတွဲလောက်နဲ့ အပေါ်ပိုင်းဗလာ...၊ တချို့က အောက်ပိုင်းဘောင်းဘီမပါတဲ့ ဗုစုခရု ကလေးငယ်တွေဟာ ကားနားမှာ ရစ်သီရစ်သီနဲ့ ...။ ကားထဲက ဆင်းလာတဲ့ ဦးနဲ့အန်တီကို ၀ိုင်းကြည့်နေကြတယ်။။
အိမ်ရှင်အဒေါ်ကြီးနဲ့ စကားရပ်ပြောနေတဲ့ အန်တီ့မျက်နှာက အဝေးက ကြည့်တာတောင် ပါးချိုင့်လေး မြင်နေရသလိုပဲ။ မျက်စိနဲ့ တကယ်မြင်ရတာလား...။ စိတ်ထဲက မြင်နေတာလားတော့ မိပေါက်ကိုယ့်ကိုယ့်ကို မသိဘူး။ နံဘေးက အစ်မမျက်နှာကို လှမ်းကြည့်လိုက်တော့ တင်းတင်းစေ့နေတဲ့ နှုတ်ခမ်းနဲ့အတူ ခပ်မာမာ မျက်နှာထားကို ဆန့်ကျင်ဘက်တွေ့လိုက်ရတယ်။
အမေကတော့...။ ဆုံးဖြတ်ချက်ပြင်မယ့်သူ မဟုတ်ပါဘူး။ အိမ်အထိ လိုက်ခေါ်တဲ့ အန်တီ့ကိုတောင် ရန်တွေ့လွှတ်လေမလားလို့ တွေးပူမိတယ်။ သူတို့ သားအမိက လိုရင်ချိုသလောက် မလိုတော့ရင် ခါးတမာပဲလေ။ မိပေါက်ကတော့...
`ဟဲ့... ဒါ မျက်ရည်ကျစရာလား မိပေါက်... ဒင်းတို့ကတော့ ဒင်းတို့ အကျိုးစီးပွား မထိခိုက်အောင် အချိုသတ်ဖို့ မရောက်ရောက်အောင် လာမှာပဲလို့ ငါတွေးပြီးသား...´
သူများအကျိုးစီးပွား ထိခိုက်အောင် လုပ်ချင်နေတဲ့ အမေဟာ လောလောလတ်လတ် သူ့ဝမ်းဆက်လေးနှစ်စုံ အပေါင်ဆိုင်ကို ရောက်သွားရပြီ။ အဖေတစ်ယောက်တည်း  ဆိုက်ကားနင်းရှာတဲ့ ပိုက်ဆံနဲ့ မိသားစုခြောက်ယောက် ပါးစပ်ပေါက်တွေ ဘယ်မှာ လူတန်းစေ့အောင် တစ်နေ့သုံးကြိမ်မှန်မှန် လှုပ်နိုင်မှာလဲ။
`ပေါက်စရေ... ကြိုယူထားတဲ့ လစာက အရေးမကြီးပါဘူး။ မနက်ဖြန်ဆိုင်စဖွင့်ရင် လုပ်ဖို့ကိုင်ဖို့ လူအင်အားနည်းနေတယ်။ အေးမြနဲ့ဇော်ကြီးက ရွာမှာပဲ ယာလုပ်တော့မယ်ဆိုပြီး ပြန်မလာဘူး။ စုစုကလည်း ရောက်မလာဘူး။ လှတင်နဲ့ ကောင်လေးနှစ်ယောက်ပဲ မနက်စောစော ပြန်ရောက်လာကြတယ်။ မီးဖိုချောင်ထဲမှာ လှတင်တစ်ယောက်တည်း ဒိုင်ခံချက်ပြုတ်နေရတာပေါ့။ မနက်ရောင်းနိုင်အောင် အလျင်မီချက်ရမှာ.. တစ်ပတ်လောက် ပိတ်ထားတော့ ကြက်သွန်ဆီချက်ကအစ လုပ်ရမှာဆိုတော့… သမီးကူလိုက်ပါဦးနော်။ ပေါက်စ မနေချင်တာကို အန်တီက အတင်းခေါ်မထားပါဘူး။ လူစားရတဲ့အထိပဲ ကူညီပါ။ ကြိုယူထားတဲ့ငွေ မကျေသေးလည်း ပေးပြန်မယ်။ အနည်းဆုံး တစ်ပတ်ဆယ်ရက်… အများဆုံး တစ်လပဲ။ ပေါက်စတို့လိုအပ်တိုင်း အန်တီက လက်မနှေးဘဲ ကူညီလာခဲ့ရတာ ဒီတစ်ခါတော့ အန်တီကလည်း သမီးကို အကူအညီတောင်းတာနော်။ သမီးပြန်လိုက်ခဲ့… ဟုတ်ပြီလား´
ပိုင်ပိုင်နိုင်နိုင်ရှိလှတဲ့ အန်တီ့လေသံက ခါတိုင်းလိုပဲ ခပ်အေးအေး ခပ်ချိုချိုရယ်။ မလုံလဲလှတဲ့ မိပေါက်ကသာ ဟောင်းလောင်းဖြစ်နေတဲ့ နားပေါက်လေးတွေကို အန်တီများမြင် သွားပြီ လား လို့ ခေါင်းမဖော်ဝံ့ဘူး။ လုပ်သက်တစ်နှစ်ပြည့်လို့ အန်တီဆင်ထားပေး တဲ့ ကျောက်နီလေး နဲ့ ရွှေနားကွင်းတစ်စုံကတော့ အန်တီ့အရိပ်က ထွက်လာပြီဆိုတာနဲ့ လမ်းထိပ်ဆိုက်ကား ဂိတ်မှာ ဂိတ်ထိုးတဲ့ အဖေ့လက်ထဲ ချွတ်ပေးလိုက်ရပြီ။ အဖေကတော့ ထုံးစံအတိုင်း အမေ့ကို မနိုင်သူပီပီ စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာနဲ့…
`သမီးအမေက နားကွင်းမချွတ်ချင်ရင် သင်္ကြန်ပိတ်ရက်တစ်ပတ်ကို အိမ်မှာလာနေဖို့ စိတ်မကူးနဲ့တဲ့ သမီးရယ်… အဖေလည်း ပြောလို့မနိုင်ပါဘူး ကွယ်…..´ တဲ့။
တစ်နှစ်လုံးနေမှ သင်္ကြန်ရက်လေး တစ်ပတ်ပဲ ပိတ်ရက်ရှိတဲ့ မိပေါက်ကတော့ တစ်သက်လုံးနေမှ ဒီတစ်ခါပဲ ၀တ်ဖူးတဲ့ ရွှေနားကွင်းလေးကို သင်္ကြန်ရက်မှာ လွတ်လပ်ပျော်ရွှင်ရေးအတွက် နှမြောပေမယ့် စတေးလိုက်ရတယ်လေ။
`ဘာတေမိလုပ်နေတာလဲ ဦးမောင်နိုင် တော့်သမီးတွေ ပြောထားတာ ပြောလိုက်လေ…၊ အိမ်အထိများ ခေါ်လာရသေးသတဲ့တော်..။ ဘယ်လို ဖအေမှန်းကို မသိဘူး။ ဖခင်တာဝန်မကျေတဲ့ ဖအေ… သူ့ကြောင့် သမီးတွေ ဒုက္ခရောက်ရတာ…´
ဘယ်တော့မှ ပြေပြေလည်လည် မပြောတတ်တဲ့ အမေက ခုလည်း ယဉ်ယဉ်ကျေးကျေး မရှိပြန်ပါဘူး။ မိပေါက်တို့ ညီအစ်မနှစ်ယောက် အလုပ်လုပ်တဲ့ဆိုင်ကို ပိုက်ဆံလိုလို့ အမေရောက်လာတိုင်း ပါလာတဲ့ မောင်လေးနဲ့ ညီမလေးတွေအတွက် ၀တ်ဖို့ အင်္ကျီအဟောင်းလေးတွေ အန်တီက တစ်ထုပ်တပိုးကြီး ပေးတတ်တယ်။ မုန့်လေးတွေ ကျွေးတတ်တယ်။ မိပေါက်တို့ လခတွေ ကြိုထုတ်ပေးတယ်။ ဒါတွေကို အမေက ဧည့်ဝတ်ပြန်ကျေနေတာပေါ့လေ…။ မိပေါက် အန်တီ့ကို အရမ်းအားနာသွားပြီ။
`ကျွန်တော်ကတော့ မလိုက်နိုင်ဘူး။ ပေါက်စမ နင်က ဘယ်လိုလဲ´
အစ်မကတော့ ပြတ်သားနိုင်သူပေါ့..။ အန်တီ့ဆီ သူအလုပ်ဝင်လုပ်တာ တစ်လကျော်ကျော်ပဲ ရှိသေးတယ်လေ။ ဘယ်အလုပ်မှာမှ ဘယ်သူနဲ့မှ မတည့်တဲ့ အစ်မစိတ်ဓာတ်ကို သိနေလို့ အန်တီ့ဆီမှာ အလုပ်ဝင်ချင်တယ်ဆိုတော့ အစ်မကိုရော မိဘတွေကိုပါ မိပေါက်တားမိသေးတယ်။ ထင်တဲ့အတိုင်းပါပဲ။ ကိုယ့်ထက်ကြီးသူရော ငယ်သူပါ လေးစားရကောင်းမှန်း ညှာတာရကောင်းမှန်း မသိတဲ့ အစ်မကတော့ ဘယ်အလုပ်မှာမဆို ပြဿနာရှာနေကျအတိုင်း မွှေတော့တာပဲ။ ဆိုင်မှာ မိပေါက်တို့ ထက်တောင် လုပ်သက်ရင့်တဲ့ စည်းကမ်းကြီးတဲ့ အလုပ်သမားခေါင်းဆောင် မလှတင်နဲ့ စငြိတာပေါ့။ ရွဲ့တတ် စောင်းတတ် ရိုင်းပျတတ်တဲ့ အစ်မအကျင့်ဆိုးတွေဟာ မိပေါက်နဲ့ ဝေးနေတဲ့ နှစ်နှစ်မှာ ပိုဆိုးလာသလိုပဲ။ ဒါမှမဟုတ် မိပေါက်ကပဲ အန်တီ့သွန်သင်ဆုံးမမှုအောက်မှာ ယဉ်ပါးလာတာလား။ ရိုင်းရမှာ မိပေါက် ရှက်တတ်လာတယ်။
အစ်မကတော့ အန်တီ့ကို ကြောင်ချေးတဲ့။ ပျော့ပျော့လေးနဲ့ နံသတဲ့။ လေအေးလေးနဲ့ သဘောကောင်းသယောင် သိမ်းသွင်းစည်းရုံးပြီး ပညာရှိနှိပ်စက်သလို ခိုင်းကောင်းတိုင်း ခိုင်းသတဲ့။ အလုပ်ကို မခိုကပ်တတ်တဲ့ သိမ်းကြုံးလုပ်တတ်တဲ့ မိပေါက်က ငအတဲ့။ မလည်ဘဲနဲ့ ရှုပ်ချင်တဲ့ အစ်မကတော့ ဘာမဆိုလုပ်တတ် သိတတ်နေရင် ပင်ပန်းမှာမို့ မတတ်ယောင်ဆောင်ပြီး လူလည်လုပ်တတ်သေးတယ်လေ။ ရန်ဖြစ်စရာ စောင်းချိတ်စရာ ဆိုင်ကရှိသမျှ အလုပ်သမားကုန်တော့ အစ်မမြှားဦးက ညီမအရင်းခေါက်ခေါက်တောင် မချန်တော့ဘူး။ ကိုယ့်ညီမကို ဆုံးမတာဆိုပြီး ရပ်ကွက်ထဲမှာ ရန်ဖြစ်သလို တရားလက်လွှတ် သောင်းကြမ်းအော်ဟစ်တယ်။ ဖျန်ဖြေတဲ့ အန်တီ့ကိုတောင် ပြန်အောင်တယ်။ မိပေါက်စရောက် ကတည်းက အန်တီ ဒီလောက်စိတ်ဆိုးတာ မတွေ့ဖူးဘူး။
ဒါပေမယ့် `ပညာရှိအမျက် အပြင်ထွက်ခဲ´ ဆိုသလိုပဲ ထွက်တဲ့ဒေါသကို ထိန်းနိုင်တဲ့ အန်တီဟာ ဆုံးမစကား ပြောတဲ့အခါမှာလည်း စေတနာထားပြီး အချိန်ပေးရှာတယ်။ နာခံတတ်တဲ့ စိတ်သာရှိရင် အစ်မအတွက် သိပ်အဖိုးတန်မှာ။ အထူးသဖြင့် မိပေါက်တို့လို ဘ၀ကြမ်းမှာ ၀မ်းဝရေးပဲ အားစိုက်ရုန်းကန်နေရလို့ သားသမီးဆုံးမ သွန်သင်ရေး အချိန်မပေးနိုင်တဲ့ မိသားစုအတွက် မိဘကိုယ်စားလှယ်လိုပါပဲ။
အစ်မကတော့ အန်တီ့တို့ စိတ်ကောင်းမွေးတာကို အခွင့်ကောင်းယူပြီး သူနောင်တရပါပြီ ဆိုပြီး အယုံသွင်းတယ်။ တောက အလုပ်လာလုပ်တဲ့ အေးမြကိုရော ဇော်ကြီးကိုပါ စည်းရုံးတယ်။ မလှတင်ကတော့ အန်တီ့လူယုံဆိုတော့ လုပ်မရဘူးပေါ့။ ကျန်တဲ့ အလုပ်သမားတွေကို သွေးထိုးမြှောက်ပင့်ပြီး သင်္ကြန်ပိတ်ရက်ပြီးရင် ပြန်မလုပ်ကြဖို့ အကောက်ကြံတယ်။ ဒါမှ… ဒင်းတို့တွေ ဒုက္ခကြုံမှာတဲ့။ မိပေါက်ကိုလည်း တရားမျိုးစုံချတယ်။
လွတ်လွတ်လပ်လပ် သွားလာလို့ ရတဲ့နေရာမှာ  တို့ညီအစ်မတတွေ အတူလုပ်ကြမယ်တဲ့။ ဘယ်လိုမှ ဆွယ်မရတဲ့အဆုံး အမေ့ကို ခြေထိုးတယ်။ `အမေ့သမီးက အမေ့ကိုသာ နှုတ်လှန်ထိုးရဲတာ သူ့အန်တီစကား ဆိုရင် သေဆိုသေ၊ ရှင်ဆိုရှင်ပဲ..´  တဲ့။ ဒီလိုနဲ့ အမေနဲ့အစ်မဟာ မိပေါက်ကို သင်္ကြန်အပြီးမှာ အန်တီ့ဆီ လုံးဝမပြန်ရဘူးဆိုပြီး ဗီတိုအာဏာ သုံးတော့တာပဲ။
မိပေါက်ရင်ထဲမှာ တင်းခနဲဖြစ်သွားရတာ အန်တီ တစ်ဖက်ကကိုင်ပြီး တုန့်ဆွဲလိုက်တဲ့ နှစ်ယောက်ကြားက သံယောဇဉ်ကြိုးလား… အစ်မရယ်.. နင်က တစ်လတည်းပါဟ။ ငါက နှစ်နှစ်ကျော်ပြီ။ အပြုံးပျော့ပျော့ ခိုတွယ်နေတဲ့ နှုတ်ခမ်းပိုင်ရှင်ကို မ၀ံ့မရဲ မော့ကြည့်မိတော့ အနည်းငယ် စိတ်ရှုပ်ထွေးဟန်စွက်တဲ့ နူးညံ့တဲ့ မျက်ဝန်းတစ်စုံနဲ့ ရင်ဆိုင်တိုးမိတယ်။
`ပေါက်စ နားကွင်းမရှိတော့လို့ အန်တီ့ကို ရင်မဆိုင်ရဲဘူးထင်တယ်။ အန်တီမဆူပါဘူး သမီးရယ်။ အန်တီအကူအညီတောင်းတာကိုပဲ လက်ခံပါ။ သွား…. အ၀တ်အစားတစ်စုံနှစ်စုံ လောက်ပဲ ထည့်ခဲ့တော့နော်´
နာခံနေကျ မိပေါက်ကတော့ ယုံကြည်မှုအပြည့် ရှိပုံရတဲ့ အန်တီ့စကားသံအောက်မှာ ဘယ်အချိန် ခေါင်းညိတ်မိမှန်းတောင် မသိပါဘူး။ အမေကတော့ ကြိုတင်ငွေကျန်လို့ လိုက်ခေါ်တာ အရှက်မရှိကြတဲ့အကြောင်း ဖအေကလည်း သမီးတွေရှိတဲ့ အိမ်အထိ လမ်းပြလိုက်ပို့တာ အသုံးမကျတဲ့အကြောင်း သမီးလုပ်သူကလည်း ကားနဲ့လာခေါ်တာနဲ့ ကောက်ခနဲ လိုက်သွားတာ ဘယ်တော့မှ ငါ့အိမ်ပြန်မလာနဲ့ ဆိုတာတွေရော…။ အို ပြောလိုက်ဆိုလိုက်တာ စုံနေတာပဲ။
အန်တီက အထုပ်လေးဆွဲပြီး မျက်ရည်ဝဲနေတဲ့ မိပေါက်လက်ကို အသာလှမ်းဆွဲပြီး တဖြည်းဖြည်း ရေရွတ်မှု ရင့်သမီးလာတဲ့ အမေ့ကိုရော တင်းမာခက်ထန်နေတဲ့ မျက်နှာထားနဲ့ အစ်မကိုရော မမြင်သလို မကြားသလိုပဲ အိမ်ရှင်အဒေါ်ကြီးကို နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ရပ်ကွက်ထဲမှာ ဘယ်လောက်ပဲ ရင့်သမီးတဲ့ စကားလုံးတွေနဲ့ ရိုင်းစိုင်းဆူပွက်ပစ်ဖို့ ၀န်မလေးတဲ့ အမေနဲ့အစ်မဟာ ဦးနဲ့အန်တီရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာ အရှိန်အ၀ါတွေအောက်မှာ ရုပ်ပျက်ဆင်းပျက် မဆက်ဆံရဲကြလို့ တော်သေးတာပေါ့။ အန်တီကလည်း ရပ်ကွက်ထဲရောက်ရောက်ချင်း အနီးလာစပ်စုတဲ့ အိမ်ရှင်အဒေါ်ကြီးနဲ့ မိတ်ဖွဲ့ထားလိုက်တော့ အမေ ဘယ်လာကြမ်းရဲတော့မှာလဲ။ ဒါကြောင့် အန်တီတို့လို ပညာတတ် စာဖတ် အသိဥာဏ်မြင့်တဲ့ သူတွေဟာ ကိစ္စတစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သိပ်တော်သိပ်သေသပ်တာ။
…………
အထက်တန်းလွှာတွေသာ စားသောက်နိုင်တဲ့ ခမ်းနားသပ်ရပ်တဲ့ စားသောက်ဆိုင်ပိုင်ရှင် ဦးနဲ့အန်တီဟာ ပညာတတ်ဘွဲ့ရတွေပီပီ စိတ်မနောထားတဲ့ နေရာမှာရော၊ နှစ်ယောက်တည်းရှိတဲ့ သားနဲ့သမီးကို ဆိုဆုံးမတဲ့ အခါမှာရော ဆိုင်မှာရှိတဲ့ အလုပ်သမားဆယ်ယောက်ကျော်ကို စည်းကမ်းထိန်းသိမ်းရာမှာရော လုပ်ငန်းစီမံ ခန့်ခွဲ ရာမှာရော သိပ်တော်တာပဲ။ ဒါတွေတင်မကဘူး။ အလုပ်သမားတွေရဲ့ မိဘတွေနဲ့ ဆက်ဆံရေးမှာပါ သိပ်ညက်ညောတယ်။
မိပေါက်လည်း အရင်တုန်းက အမေနဲ့ အစ်မလိုပဲ။ သိပ်မထူးဘူး။ ရပ်ကွက်ထဲမှာ စီခနဲဟေ့ဆိုရင် မိပေါက်တို့က ဆဲဆိုဖက်သတ်ပြီးသား။ ပိုက်ဆံမရှိလို့ ဆင်းရဲပေမယ့် ဘ်ာသူ့အကြောမှတော့ မခံဘူး။ ဆင်းရဲတာ အတိတ်ကံ၊ ပစ္စုပ္ပန်မှာ သူများပစ္စည်း မခိုးဘူး မ၀ှက်ဘူး ဘယ့်သူ့ကိုမှ မတရားမလုပ်ဘူး။ ကောင်းရောင်းကောင်းဝယ် လုပ်စားတယ်။
မိပေါက်ဆို ကုန်စိမ်းလည်းရောင်းဖူးတယ်။ ပန်းလည်းရောင်းဖူးတာပဲ။ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာလည်း လုပ်ဖူးတယ်။ မုန့်လည်း ထုပ်ဖူးတယ်။ အ၀တ်လည်း အိမ်တကာ လိုက်လျှော်ဖူးတယ်။ အိမ်ဖော်လည်း လုပ်ဖူးတယ်။ ယုတ်စွအဆုံး ပန်းရံအလုပ်မှာ အုတ်သယ် သဲသယ်တောင် ၀င်လုပ်ဖူးတယ်။ ဒါပေမယ့် အလုပ်တစ်ခုမှ ဘယ်တော့မှ မကြာဘူး။ မိပေါက်အသက်က တစ်ဆယ့်ရှစ်နှစ် တကယ်တမ်း စေ့စေ့ပေါက်ပေါက် ရေရင် အလုပ်ပေါင်းက အသက်ထက်မကဘူး။ အန်တီကဆို မိပေါက်ကို သိပ်သနားတာ။ 
`ပေါက်စရယ် ပန်းရံသမတော့ ဘယ်တော့မှ ထပ်မလုပ်ပါနဲ့ဟယ် မိန်းကလေးတွေအတွက် တကယ့်ကို မသင့်ဆုံးအလုပ်၊ အန်တီကတော့ ပန်းရံသမလေးတွေမြင်ရင် သိပ်သနားတာ…။ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းလုပ်တယ် ဆိုပေမယ့် ပင်ပန်းပြီး ရတဲ့ပိုက်ဆံက မဖြစ်စလောက်…။ အဆိုးဆုံးက ပန်းရံဆရာတွေ သံလက်ကိုင်တွေက ဖင်ပုတ်ခေါင်းပုတ် သားပြောမယားပြော စနောက်တာပဲ။ ပေါက်စလုပ်ရည် ကိုင်ရည်နဲ့ဆို အလုပ်တွေတစ်ခုပြီး တစ်ခု မပြောင်းနဲ့။ အလုပ်တစ်ခုမှာ စွဲမြဲလုပ်တော့ ကျွမ်းကျင်လုပ်သားဖြစ်လာပြီး လခကောင်းကောင်း ရလာမှာပေါ့။ ဒါမှ ကိုယ်က အမြင့်ကို တဖြည်းဖြည်း ရောက်လာမှာ…။ ဟိုခုန်ဒီခုန် လုပ်နေလို့ကတော့ ဘယ်တော့စစ အောက်ဆုံးအဆင့်ကပဲ စရမှာ။
ပြီးတော့ ဘယ်အလုပ်ကိုပဲ လုပ်လုပ် ကိုယ့်အလုပ်ကို စေတနာထား။ ပညာရှိကြီးတစ်ယောက် ပြောခဲ့ဖူးတယ်။ ကျွန်စိတ်မွေးရင် ကျွန်ပဲဖြစ်မှာ…။ သခင်စိတ်မွေးမှ သခင်ဖြစ်မှာတဲ့။ သူတို့က အလုပ်ရှင် သူတို့အကျိုးစီးပွား တိုးတက်ဖို့ ကြိုးစားလုပ်တိုင်း တို့အလုပ်သမားတွေက လိုက်လုပ်စရာမလိုဘူးလို့ မတွေးနဲ့။ အလုပ်ရှင် အလုပ်သမားဆိုပြီးတော့ကို သွေးမကွဲစေနဲ့။ အလုပ်တစ်ခုကို ဖက်စပ်လုပ်နေတဲ့ ရှယ်ယာဝင်တွေလို့ သဘောထားကြ။ မင်းတို့က လုပ်အားစိုက်တယ်။ အန်တီတို့က ငွေအရင်းအနှီးနဲ့ ဦးနှောက်၊ စီမံခန့်ခွဲမှု တွေ စိုက်တယ်။ ရတဲ့အကျိုးအမြတ်ကို ဝေပုံကျ ခွဲဝေယူနေတယ် လို့ သဘောထားကြ။ ရေမြင့်ရင် ကြာတင့်မယ်။ ကြိုးစားရင် ကြိုးစားသလောက် လခတိုးလာမှာပဲ´
အန်တီမို့လို့ ဆုံးမစကားပြောပြီဆိုရင် နားထောင်လို့ သိပ်ကောင်းတယ်။ စာမဖတ် ပညာမတတ်တဲ့ အမေ့လို အပေါစားဗွီဒီယိုတွေ ဇာတ်တွေထဲပါသမျှ စကားပုံတွေ ဗလပွနဲ့ မပြောဘူး။ ရှင်းရှင်းလေး ဥပမာပေးပြောတော့ နားဝင်လွယ်တယ်။
နေလာတာ နှစ်နှစ်ကျော်ပြီဆိုတော့ မိပေါက်တို့ကတော့ အန်တီ့လက်ချာတွေ သင်ရိုးကုန် မိပြီးသားပေါ့လို့ အစ်မက ခနဲ့စကားဆိုနေကြလေ။
တစ်ခါတလေကျတော့လည်း အစ်မပြောသလို ကိုယ့်ကိုယ်ကို လှောင်အိမ်ထဲက ငှက်ကလေးလို့ ထင်လာမိတယ်။ တစ်နှစ်လုံး အလုပ်ထဲမှာပဲ နစ်နေပြီး အပြင်ထွက်ခွင့်မရတော့ လူငယ်ပီပီ စိတ်ကျဉ်းကျပ်လာသလိုပဲ။ ပြင်ပလောကကို ပျံသန်းကြည့်ချင်လွန်းလို့ အတောင်တဖျတ်ဖျတ် ခတ်လို့ပေါ့။
အဖေကတော့ အဲဒီလွတ်လပ်မှုမက်တဲ့ အကျင့်ဆိုးကြောင့်ပဲ မိပေါက် အန်တီ့ဆီ အလုပ်ဝင်နေတဲ့အချိန်မှာ သူ့သမီးအကြီးမ အ၀င်းဟာ ဘ၀ပျက်ခဲ့ရတာတဲ့။ နှစ်ခုလပ်ဘ၀ကို အချိန်တိုတိုအတွင်းရောက်ခဲ့ရတာတဲ့။ မယားကြီးရှိပြီး အဖေ့ထက် အသက်ကြီးတဲ့ အစ်မရဲ့ ပထမအိမ်ထောင်က အမေ အလုပ်လုပ်နေတဲ့ ပန်းရံအဖွဲ့က ပန်းရံဆရာပေါ့။ မိပေါက်တို့ထက် ပိုက်ဆံပိုရှိတော့ အမေက မကြာခဏ ပိုက်ဆံချေး၊ အိမ်အလည်ခဏခဏ ခေါ်လာသတဲ့။ လူပြောသူပြော များပြီး ဖုံးဖိမရတော့တဲ့အခါ သမီးနဲ့ ပေးစားလိုက်တယ် ဆိုပြီး ရပ်ကွက်က ကဲ့ရဲ့သမုတ်ကြတာနေမှာ။
အစ်မရဲ့ ဒုတိယအိမ်ထောင်ကတော့ အသစ်ပြောင်းနေတဲ့ ရပ်ကွက်ထဲက ကောင်လေးတစ်ယောက်ပါပဲ။ တစ်ခုလပ်မလေးကို ကယ်တင်ချင်ပေမယ့် ကိုယ်တိုင်က သဘောထားမပြည့်ရှာတော့ မကြာပါဘူး..။ ကွဲပြန်တာပါပဲ။ တကယ်တမ်း အစ်မအိမ်ထောင်တွေ ဆက်တိုက်ပျက်ပြီး ပတ်ဝန်းကျင်မှာ မျက်နှာမပြ၀ံ့တော့တဲ့အခါ အန်တီ့ဆီမှာ ခိုလှုံခွင့်ရဖို့ သူပဲ အသည်းအသန်လေ။
မိန်းမသားတစ်ယောက်ဟာ အမှားတွေ ဘယ်လောက်ပဲ ကြုံခဲ့လုပ်ခဲ့…. နောင်တရလာတဲ့ တစ်နေ့မှာ ပြင်ဆင်ဖို့ တစ်ကြိမ်တစ်ခါတော့ အခွင့်အရေးပေးသင့်တယ်တဲ့။ ဘယ်အလုပ်ကမှ လက်မခံချင်တော့တဲ့ ရပ်ကွက်က အော့ကြောလန်တဲ့ အစ်မကို အန်တီက လက်ခံလိုက်တော့ မိပေါက်ဖြင့် အံ့သြလေးစားလိုက်ရတာ…။ အဖေကတော့ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်တယ်လို့ တဖွဖွရေရွတ် ကျေးဇူးတွေတင်လို့ပေါ့။
တကယ်တမ်းကျတော့ ကိုယ်နားနေခိုလှုံခွင့်ရထားတဲ့ သစ်ကိုင်းကို ချိုးချပစ်ချင်ခဲ့တာ ဘယ်လိုမှ လျှော်ဖွပ်လို့ မရနိုင်တော့တဲ့ အစ်မရဲ့ စိတ်ဓာတ်ပေါ့။ မိပေါက်ကလည်း ရောယောင်ပြီး ကြံရာပါ ဖြစ်ရတော့တယ်။
အလုပ်ပြန်ဆင်းတာ တစ်လပြည့်တော့ အန်တီဟာ လူကြီးလူကောင်း ပီသစွာ ကတိအတိုင်း မိပေါက်ကို အိမ်ပေးပြန်ခဲ့တယ်။ တကယ်တမ်းကိုယ်တွေးမိသလို လှောင်အိမ်ထဲက ထွက်လာရပြီဆိုပြန်တော့လည်း အားငယ်သလိုလို…. ရင်ထဲမှာ ဟာနေရတယ်။ အစ်မစီစဉ်ပေးထားတဲ့အတိုင်း အစ်မလုပ်နေတဲ့ နွယ်ချိုညှပ်တဲ့ အလုပ်မှာလုပ်တယ်။ တစ်ပိဿာကို နှစ်ရာ၊ တစ်ထောင်လောက်ရမှ နေ့တွက်ကိုက်မှာမို့… ညှပ်စမ်းဟဲ့ နွယ်ချို၊ လက်တွေပေါက်ပြဲတဲ့အထိ။
လုပ်နေကျမဟုတ်တော့ နေစောင်းတဲ့အထိ ငါးပိဿာမပြီးဘူး။ အန်တီ့ဆီမှာတော့ ကိုယ်ကလုပ်သက်ရ ကျွမ်းကျင်လုပ်သား။ စရိတ်ငြိမ်း တစ်လ နှစ်သောင်း။ ကြည့်စမ်း။ စရိတ်ငြိမ်းတာမှ သုံးနပ်မှန်မှန် ၀၀လင်လင်စား၊ အ၀တ်အစား ဆပ်ပြာ က အစ နေမကောင်းရင် ကုဖို့ ဆေးဖိုးအဆုံး အကုန်ငြိမ်းတာ။ လကုန်ရင် လခနှစ်သောင်းကို အမေတို့ အသားတင်လာထုတ်ရုံပဲ။
အမယ်… အမေက လစာကို လကုန်ရက်မှာ ဘယ်တော့မှ ထုတ်တယ်မရှိဘူး။ နှစ်လစာလောက် ကြိုထုတ်ပြီးသား။ ဒီကြားထဲ ကြိုတင်ငွေ လစာမပြည့်သေးဘူး သားငယ်လေး နေမကောင်းလို့၊ နို့ညှာမလေး ကျောင်းအပ်ဖို့…၊ အဖေ ဆိုက်ကားမနင်းနိုင်တာ တစ်ပတ်လောက်ရှိပြီမို့၊ အိမ်လခမပေးနိုင်တာ သုံးလရှိနေပြီမို့ အိမ်ရှင်က နှင်ချနေလို့ အို… အကြောင်းပြချက် မျိုးစုံနဲ့ ကြိုထုတ်ပြီးရင်း ကြိုထုတ်ရင်းပေါ့။ အန်တီကတော့ စာနာသနားစိတ်နဲ့ ပေးခဲ့တာချည်းပဲ။ ဘယ်တော့မှ ငြင်းတယ်မရှိခဲ့ဘူး။ အဲဒါနဲ့ ကြိုတင်လစာဟာ နှစ်ဝက်လောက်ကနေ လျော့တယ်ကို မရှိဘူးလေ။
အစ်မဟာ အန်တီ့ကို တိုက်ခိုက်ချင်လို့သာ တိုက်ခိုက်နေတာ..။ အန်တီ့ကျေးဇူးတွေ သူ့အပေါ်မှာ အများကြီး။ မိပေါက် ရွှေနားကွင်းလေး ၀တ်တာမြင်တာနဲ့ ချက်ချင်း အမေ့ကို ပူဆာတာ။ အမေက နေ့ပြန်တိုးနဲ့ ငွေနှစ်သောင်းချေးပြီး  ရွှေနားကပ်လေး ၀ယ်ပေးသတဲ့။ နေ့ပြန်တိုးဟာ အတိုးမသတ်နိုင်တော့ ရပ်ကွက်လူကြီးဆီ တိုင်ခံရတာပေါ့။ လူကြီးက အတိုးရပ်ခိုင်းပြီး တိုးရင်းပေါင်းကို တစ်လတစ်သောင်း မှန်မှန်ဆပ် မဆပ်နိုင်ရင် အချုပ်ထဲထည့်မယ်ဆိုပြီး အဖေ့ကို လက်မှတ်ခေါ်ထိုးတော့မှ အဖေသိရတာက တိုးရင်းပေါင်းအကြွေးက နှစ်သိန်းတဲ့။ လကုန်တိုင်းအဖေဟာ အန်တီ့ဆီပဲ အကျိုးအကြောင်းရှင်းပြပြီး အကူအညီတောင်းရတာပေါ့။ တစ်နေကုန် ဆိုက်ကားနင်းရတဲ့အဖေကတော့ အိမ်မှာ အမေလုပ်သမျှ လွန်ပြီးမှ သိရတာချည်းပါပဲ။
နောက်ပြီး… ကိုယ်ဝန်ရှိကာမှ မိန်းမဗရပွရှိတဲ့ လင်ကြီးက တာဝန်မယူဘူးဆိုပြီး ပစ်သွားတော့ အစ်မအမေက အန်တီ့ဆီပဲ ပြေးလာတာပဲ။ ပညာဗဟုသုတကြွယ်ဝတဲ့ အန်တီတို့ပဲ အကြံဥာဏ်ပေး ငွေထုတ်ပေး။ ကျေးဇူးတရားသိတတ်တဲ့သူဆို အသက်သခင် လို့တောင် ကျေးဇူးတင်ရမှာ…။ ဒါကြောင့် အဖေက ပြောတာပေါ့။ ကျေးဇူးရှိမှ ကျေးစွပ်တာတဲ့။ 
မိပေါက်ကတော့လေ… စဉ်းစားဥာဏ်ရှိပြီး ကျေးဇူးတရားသိပေမယ့် အမေ့ကိုလည်း မနိုင် သမီးတွေကိုလည်း မပဲ့ပြင်နိုင်တဲ့ အဖေ့ကိုရော… အတွဲညီညီ ထင်ရာစိုင်းပြီး တဇွတ်ထိုး တဇောက်ကန်း နိုင်တဲ့ အမေနဲ့အစ်မကိုရော ဘာမှ မသိနားမလည်သေးတဲ့ မောင်လေးနဲ့ ညီမလေးကိုပါ ချစ်ပါတယ်။ ကိုယ့်ဘ၀ကိုလည်း သိပါတယ်။  အစ်မစွပ်စွဲသလို စိတ်ကြီးဝင်နေတာတော့ မဟုတ်ပါဘူး။
ဒါပေမယ့်… အန်တီ့ကို လွမ်းတယ်။ အန်တီ့ဆုံးမစကားလေးတွေဟာ သိပ်တန်ဖိုးရှိမှန်း အပြင်ရောက်တော့ မိပေါက် ပိုသိလာတယ်။ နှုတ်ကြမ်းအာကြမ်းနဲ့ စွာကျယ်စွာလောင်တိုင်းထွာ ဆဲရေးတတ်တဲ့ အစ်မနဲ့သာ အဆင်ပြေတဲ့ နွယ်ချိုညှပ်တဲ့ အလုပ်မှာ မိပေါက်မပျော်ဘူး။ ညနေအလုပ်သိမ်းချိန် အိမ်ပြန်လို့မှ ကားခနှုတ်ပြီး ခုနစ်ရာ ရှစ်ရာ လောက်ပဲ အပ်နိုင်ရင် အမေက ဆောင့်အောင့် ပြောဆိုတတ်တယ်။ `ညည်းအပ်တဲ့ငွေ ညည်းတစ်ယောက်စာ စားစရိတ်တောင် မလောက်ဘူး´ တဲ့။
ဒီလိုနဲ့ မိပေါက်ကတော့… အလုပ်ထဲမှာ အဆင်မပြေတိုင်း… အမေနဲ့ သဘောထားတွေ မတိုက်ဆိုင်တိုင်း အစ်မနဲ့ ရန်ဖြစ်စကားများတိုင်း ပင်ပန်းမှုဒဏ်ကြောင့် တစ်နေ့တခြား ကျန်းမာရေးညံ့လာတဲ့ အဖေ့ကို မကြည့်ရက်တိုင်း ထမင်းနပ်မှန်အောင် မစားရတဲ့ မောင်လေးညီမလေးတွေကို သနားတိုင်း… အိမ်လခအကြွေး မပေးနိုင်လို့ အိမ်ရှင်နှင်ချတိုင်း တိုးရင်းပေါင်းထားတဲ့ အကြွေးရှင်က လစဉ်မှန်မှန် မပေးနိုင်လို့ တရားစွဲမယ်ဆိုတိုင်း…။ ဆိုတိုင်း…။ ဆိုတိုင်း…။
လှောင်အိမ်လို့ထင်ထားခဲ့တဲ့ သံယောဇဉ် အနှောင်အဖွဲ့တွေဟာ အရိပ်ခိုးနားနေစရာ လုံခြုံနွေးထွေးတဲ့ သစ်ရိပ်ကြီးတစ်ခုလို့ သိလာရတဲ့ အချိန်မှာတော့ သူနားခိုခဲ့တဲ့ သစ်ကိုင်းလေး လေပြင်းအဝှေ့မှာ ကျိုးကျသွားလေပြီလားလို့ တွေးပူမိတယ်။
လက်မှတ်ထိုးပြီး ၀န်ခံကတိလုပ်ထားတဲ့ လစဉ်ဆပ်ရမယ့် အကြွေးရှင်ဟာ သုံးလေးလလောက် ငွေမပေးဘဲ တောင်းပန်မှုတွေချည်းပေးနေတော့ အဖေ တရားစွဲခံရပြီ။ အမေလည်း လိုအပ်တဲ့ငွေ ကြံရာမရတော့ မိပေါက်တို့ ညီအစ်မရဲ့ လက်ရှိ အလုပ်ရှင်ဆီမှာ နည်းနည်းပါးပါးချေးဖို့ တောင်းပန်တာပဲ။ အမေက ခြေသလုံးဖက်လိုက်ရင် တောင်းဆိုသမျှ လိုက်လျောမယ်ထင်နေတာ။
ကိုယ်အဆင်ပြေမှ သူများကို ကြည့်ရှုနိုင်မှာ ပုထုဇဉ်တွေရဲ့ အခြေခံစိတ်ပဲ မဟုတ်လား။ နောက်ဆုံးတော့လည်း အန်တီ့အပေါ် အစ်မရဲ့ ခြေထိုးစကားတွေနဲ့ အလကားနေရင်း ရန်လိုနေတဲ့ အမေဟာ မထားသင့်ဘဲထားခဲ့တဲ့ သူ့ တလွဲအာဃာတတွေကို ခပ်လွယ်လွယ်ပစ်ချလိုက်ပြီး မိပေါက်ကို အန်တီ့ဆီမှာ အလုပ်ပြန်လုပ်ခွင့် ပြုလိုက်တယ်။ မဟုတ်ရင်လည်း အဖေက အချုပ်ထဲဝင်ရတော့မှာလေ။ အကြွေးပေးစရာငွေတွေက ဘယ်ကမှ မရနိုင်တော့ဘူး မဟုတ်လား။ တကယ်တမ်း ကျဉ်းထဲကျပ်ထဲ ရောက်လာတော့ ကူမယ့်ကယ်မယ့်သူ ဘယ်သူရှိလို့လဲ။
မိပေါက် ပျော်လိုက်တာလေ…။ လူကိုယ်တိုင် မသွားရဲလို့ အန်တီ့ဆိုင် ဖုန်းနံပါတ်ကို လမ်းဘေးဖုန်းမှာ လှည့်တော.. ရင်တွေတောင် ခုန်တယ်။ အန်တီက ပြန်မှ ခေါ်ပမလား စိတ်ဒုက္ခတွေ ပေးလွန်းတဲ့ မိပေါက်ရဲ့ မိဘတွေကို စိတ်ကုန်ပြီး မိပေါက်ကို ငြင်းလိုက်လေမလား။ သမီးအတွက် နေရာမှန်ကို သိပေမယ့် အသိဥာဏ်နည်းတဲ့ မိန်းမကို မတွန်းလှန်တိုင်တဲ့ အဖေနဲ့၊ အစ်မစီမံရာကို လွတ်လပ်မှုဘက် စိတ်ယိုင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား မချတတ်တဲ့ မိပေါက်ကို စိတ်ဆိုးနေလေမလား…။ တစ်နွယ်ငင် တစ်စင်ပါဆိုသလို မိပေါက်ကို သံယောဇဉ်ရှိပေမယ့် အမေနဲ့အစ်မကို မဆက်ဆံချင်တော့တာနဲ့ ဒုက္ခနွံထဲက မိပေါက်ကို ဥပေက္ခာပြုထားလိုက်လေမလား…။ ရင်ထဲမှာ အဖြေမရှာတတ်တဲ့ ပုစ္ဆာတစ်ပုဒ်လို ရှုပ်ထွေးလာတယ်။
အစကတော့… ကိုယ့်ကိုယ်ကို လှောင်အိမ်ထဲက ငှက်ကလေးလို့ ထင်ခဲ့မိတယ်။ အဲဒီ မေတ္တာလှောင်အိမ်ထဲက ရုန်းမထွက်နိုင်သေးတော့ သံယောဇဉ်ဆိုတာ အနှောင်အဖွဲ့တစ်ခုပေါ့။ သံယောဇဉ် အနှောင်အဖွဲ့တစ်ခုဟာ ရစ်ပတ်မိပြီဆိုမှဖြင့် အဲဒီကြိုးတွေကို ဖြတ်တောက်ပစ်နိုင်ဖို့ ဥပေက္ခာဓားထက်ထက်တော့ လိုလိမ့်မယ်ထင်တယ်။
အန်တီ့မှာ အဲဒီဓားတွေများ ရှိနေပြီလားလို့ ပူပန်နေဆဲမှာ ဖုန်းလိုင်းထဲက အန်တီ့ရဲ့ တည်ငြိမ်တဲ့လေသံလေးက မိပေါက်နားထဲကိုဖြတ်ပြီး နှလုံးသားထဲအထိ အေးခဲထုံကျဉ်သွားစေခဲ့တယ်။
`လူအသစ်တွေ ခေါ်ထားတာ အများကြီးရှိနေပြီသမီး၊ နောက်ထပ်အလုပ်သမား မလိုတော့ပါဘူးကွယ်…´တဲ့။
ပင်ယံထက်က သစ်ကိုင်းလေး… မိပေါက်အတွက် နားခိုရာနေရာလေး… ဘယ်ရောက်သွားပြီလဲ။
တစ်ချိန်တည်းမှာပဲ မိပေါက်ရဲ့ ပါးပြင်နှစ်ဖက်ပေါ်မှာ ပူနွေးတဲ့ မျက်ရည်စီးကြောင်းလေးနှစ် ခု  ဖြတ်စီးသွားတော့တယ်။
လောကကြီးရဲ့ လျှို့ဝှက်တဲ့ပုစ္ဆာတွေကို မိပေါက် နားမလည်နိုင်တော့ပါဘူး။

ဝေ(စီးပွားရေးတက္ကသိုလ်)
ကလျာ၊ သြဂုတ်၊ ၂၀၀၈

3 comments:

  1. ၀တ္ထုဖတ်ရင်း ရပ်ကွက်ထဲရောက်နေသလို ခံစားမိပါတယ်။ ၀တ္ထုထဲက အန္တီပြောသလိုပါပဲ...ကျွန်စိတ်မွေးနေသရွေ့တော့ ကျွန်ပဲဖြစ်မှာပါ။ သခင်စိတ်မွေးမှ သခင်ဖြစ်မှာ´ဆိုတာလေး သိပ်မှန်ပါတယ်..

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  2. အလည်ရောက်ရှိသွားပါတယ်ရှင်။

    ခင်မင်စွာဖြင့်..
    မလေး

    ReplyDelete
  3. တချို့အိမ်ဖော်ကောင်မလေးတွေရဲ့မိသားစုတွေက
    အဲလိုဘဲအမရေ..
    ညီမတို့လည်းကြုံဖူးတယ်...

    ReplyDelete