တွေဝေနှလုံးသား



      ယတိပြတ် ဆုံးဖြတ်ချက်ကြောင့် ရင်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသယောင် ရှိသည်။ တစ်ပြိုင်နက်တည်း၌ ပို၍လေးလံသယောင်လည်း ထင်မိပြန်သည်။
      ဆန့်ကျင်ဘက် ခံစားချက်နှစ်ခု အားပြိုင်မှုကြောင့် နှလုံးသားသည် ဆို့နင့်မွန်းကျပ်လျက်ရှိသည်။
   စီးနေကျ မိကျောင်းစက်ဘီးကို အိမ်ထဲမှထုတ်နေချိန်မှာပင် မိမိစိတ်သည် တွေဝေနေမှန်း သတိထား မိသည်။  ခြေနင်းခုံပေါ်မှ ခြေထောက်အစုံသည် တာဝန်ကျေပွန်စွာ စည်းချက်မှန်မှန် လှုပ်ရှားနေကြသော် လည်း စိတ်အစဉ်သည် ခြေနင်းပေါ်တွင် မရှိချေ။
      စက်ဘီးလက်ကိုင်ပေါ်တွင်လည်း မရှိ။ ယာဉ်မျိုးစုံ၊ လူမျိုးစုံ ဥဒဟိုသွားလာနေသော လမ်းမပေါ်တွင်လည်း မရှိခဲ့ပါချေ။
      အိမ်မှထွက်မလာခင်ကပင် ကျွန်မ၏စိတ်အစဉ်သည် အသည်းနင့်အောင်ချစ်ရသော...
“သူ” ၏ရက်စက်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ နှမြောခြင်း၊ ကြေကွဲခြင်းများအလယ်တွင် တ၀ဲဝဲနှင့် ရှိနေခဲ့သည်။
      အခုမှ မဟုတ်ပါဘူးလေ။ ပူလောင်ကျွမ်းမြေ့မတတ် ခံစားချက်တွေနဲ့ ဒီသောကတွေကို ကျွန်မ မျိုသိပ်ခံစားခဲ့ရတာ တစ်ပတ်တိတိရှိခဲ့ပြီပဲ။
      ထိုတစ်ပတ်မျှကာလသည် ပူဆွေးရသူ ကျွန်မအဖို့ ကမ္ဘာနှင့်ချီကာ ရှည်ကြာသည်ဟု ထင်နေမိသည်။
တကယ်တော့... ဒီလောက်ကြာကြာ ကြိတ်မှိတ်ခံစားနေတာမျိုး ကျွန်မဘ၀၌ မရှိခဲ့ဖူးပေ။
ပြဿနာကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းသင့်သည် မဟုတ်လား။
     ကျွန်မကိုယ်၌ကလည်း နဂိုဗီဇကပင် ပွင့်လင်းတတ်သူ၊ မျိုသိပ်မထားတတ်သူ တစ်ယောက်ဖြစ်ပါလျက်
ဒီတစ်ကြိမ်တော့ ကျွန်မအတွေးအခေါ်များ ထူးဆန်းစွာ ပြောင်းလဲသွားရသည်။  မျိုသိပ်ထားရခြင်းသည် အပင်ပန်းဆုံးဟု ယူဆသူကျွန်မအဖို့... မျိုသိပ်ထားတာက ပို၍သက်သာမည်ဟု တွေးမိသည်ဆိုလျှင် ရယ်စရာများ ဖြစ်နေမလား။
      ကျွန်မကတော့ မရယ်နိုင်ပါ။ မငိုမိအောင်ပင် မနည်းကြီး ထိန်းနေရသည်။
ယခုလိုအချိန်မှာတော့ လောကကြီးသည် ငိုချင်စရာကောင်းသော အရာများနှင့်ပြည့်နှက်နေသည်ဟု ထင်နေမိသည်မှာ ကျွန်မအမှား မဟုတ်နိုင်ပါ။
xxxxxxxx

       အမှန်ပင် လောကကြီးသည် သာယာမှုအပေါင်း ဆိတ်သုဉ်းသွားခဲ့လေပြီ။
      ကျွန်မကို ရယ်မောအောင် အမြဲ နောက်ပြောင်တတ်သော ကျွန်မချစ်သည့် “သူ”သည်လည်း ကျွန်မ မျက်ရည်မကျအောင် စွမ်းဆောင်နိုင်တော့မည် မထင်ပါ။
      သူ ကျွန်မကို ပစ်သွားပြီတဲ့လား။
     တကယ့်ကို ထားရစ်ခဲ့ပြီလား။
     မသေချာပါ။
     ကျွန်မဘက်က သူ့အပေါ်မပြောင်းလဲတာ သေချာပေမယ့် သူ့ဘက်က...။
     ဒါကို ကျွန်မ သိချင်ပါသည်။ သူ့ဘက်က သဘောထားကို ထင်ရှားစေချင်သည်။ ရင်ထဲကပုစ္ဆာကို အဖြေရှာပစ်ချင်သည်မှာလည်း ပြောဖွယ်ရာမရှိ။
     သို့သော်.. ကျွန်မ သူ့ကိုမမေးရဲပါ။ သူ့နှုတ်မှ ထွက်လာမည့်အဖြေစကားသည် ကျွန်မ ရင်မဆိုင်ရဲသော အခြေအနေကို ရောက်စေခဲ့လျှင် မခက်ပါလား။ ကျွန်မခံနိုင်ရည်ရှိမည် မထင်ပါ။
     ထို့ကြောင့်ပင် တစ်ယောက်တည်း ကြိတ်မှိတ်မျိုသိပ်နေခဲ့မိသည်။ ထွက်ပေါက်ကို လိုက်ရှာလိုစိတ်လည်းမရှိ။ သောကပင်လယ်အတွင်းတွင်သာ ပင်ပန်းကြီးစွာ ကူးခပ်နေခဲ့မိလေသည်။
     ခုတော့... ကျွန်မ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီ။ သူ့ကိုတွေ့ပြီး မျက်နှာချင်းဆိုင် ဖြေရှင်းပစ်တော့မည်။ သူ့ထံမှအဖြေကို အပြုံးမပျက် နားထောင်နေလိုက်မည်။ သူထွက်သွားခဲ့သည် မှန်သော်လည်း ကျွန်မ နှလုံသားသည် အပြောင်းအလဲ အကြေအကွဲ မရှိစေရ။
      အားငယ်စိတ်အောက်တွင် သေးနုပ်တိမ်မြုပ်နေခဲ့သော ကျွန်မ၏မာနများ ရုတ်တရက် နိုးကြွလာကြသည်။
ဒီလို တစ်ယောက်တည်းကြိတ်ခံစားနေတာ သိတ်အဓိပ္ပာယ်မရှိ။ ရဲရဲတင်းတင်း ပြတ်ပြတ်သားသား ရင်ဆိုင်ရမည်။ အရှုံးကိုဖြစ်ဖြစ်၊ အမှန်တရားကိုပဲဖြစ်ဖြစ်ပေါ့။
      တစ်ခုတော့ရှိသည်။ သူနှင့်တွေ့စဉ် ကျွန်မ၏ မျက်နှာထားကို ဘယ်လိုထားရမည်နည်း။
လေသံကိုရော....။
      သူ့ရှေ့တွင် မာကြောစိမ်းပြတ်သောအသွင်ဖြင့် ကျွန်မ မနေတတ်ပါ။ ခံစားမှုမဲ့သလိုလည်း ဟန်ဆောင်နိုင်မည်မထင်။ ညှိုးညှိုးငယ်ငယ်လည်း မနေချင်။ ကျွန်မမျက်ရည်ကြောင့်တော့ သူ့ကို မတွေဝေစေချင်ပါ။
      မေးပြီးပြီ ထားပါတော့။ သူ့အဖြေကို ဘယ်လို မျက်နှာပေးနှင့် ကြားနာရပါမလဲ။
“ဟုတ်တယ်... မင်းကြားတာတွေ အကုန်မှန်တယ်...” လို့များ သူ ဆိုခဲ့ရင်... ကျွန်မ မည်သို့ ရပ်တည်ရပါမည်နည်း။
      သူ့ကို ကျွန်မ စွန့်လွှတ်ရဲပါ့မလား။
“ အို..ဟင့်အင်း..ဟင့်အင်း...”
      ယောင်ယမ်းပြီး ခေါင်းခါလိုက်မိ၍ စက်ဘီးလက်ကိုင် ယိုင်သွားပုံရသည်။ လမ်းဘေးထိုးကျသွားသော စက်ဘီးကို ပြန်ထိန်းရင်း ရင်ထဲမှာ လပ်ဟာနေရသည်။ သူနှင့်ဝေးရမည်ကို စိုးသောစိတ်သည် အမြဲခြောက်လှန့်နေခဲ့သည်မှာ သူနှင့်ချစ်ပြီးစမှ ခုချိန်အထိ နှစ်နှစ်တာအတွင်း မပြေလျော့သေးပေ။
      ကျွန်မ သူနှင့်ဝေးမနေချင်တာကို သူမသိလို့လားကွယ်။
     သူနဲ့ဝေးရမည့်အကြောင်းကို စိတ်ကူးနဲ့တောင် ကျွန်မ တွေးမကြည့်ချင်ခဲ့ဘူး။ အိပ်မက်ထဲလည်း ထည့်မမက်ချင်ဘူး။ ကျွန်မသူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူအသိဆုံးပါ။ ကျွန်မ သူ့အပေါ် ဘယ်အထိ တွယ်ငြိတယ်ဆိုတာလည်း သူ အသိဆုံးပါ။ ကျွန်မအကြောင်း အားလုံး သူ အသိဆုံးပါ။ ကျွန်မ သူ့ကို မစွန့်လွှတ်ရဲဘူးဆိုတာကိုလည်း သူ အသိသင့်ဆုံးပါ။ နောက်ပြီး...
      ချည်နှောင်ထားခဲ့တဲ့ သံယောဇဉ်ကြိုး အထူစားကြီးကိုလည်း သူ ငဲ့အကြည့်သင့်ဆုံးပဲ မဟုတ်လားကွယ်။
xxxxxxxx
 သူငယ်ချင်းတစ်ယောက် သယ်ဆောင်လာတဲ့ သတင်းဟာ ကျွန်မကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပါသည်။ သက်ရှိလူသားတစ်ယောက်ဘ၀ကို စက္ကန့်အတော်ကြာကြာ မေ့လျော့နေခဲ့မိသည်။
      ကျွန်မ၀ိညာဉ်တွေ ဘယ်ရောက်သွားပြီိလဲ။
ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသော ဒွိဟစိတ်ကို ဦးနှောက်ထဲတွင် အပြေးအလွှား အဖြေရှာရင်း အသက်ရှူကျပ်လာသည်။ ကျွန်မရှေ့ အအေးဖန်ခွက်ထဲမှ သောက်နေကျသံပုရာရည်သည် မကြုံစဖူး ဆန်းကြယ်စွာ ပူလောင်နေခဲ့သည်။
“ နင် စိတ်တော့ထိန်းပေါ့ဟာ။ ငါ့အနေနဲ့ အသိပေးသင့်တယ်ထင်လို့ ပြောရတာပါ။ လူမော်... ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ ကြားတာကြာပြီ။ ခု...ငါကိုယ်တိုင် တွေ့လာခဲ့ရလို့ နင့်ကိုလာပြောတာ။ နို့မို့ဆို ငါတောင်မယုံခဲ့ဘူး သူက နင့်ကို သိတ်ချစ်တယ်မို့လား။ ဒီတော့...”
      သူမ၏ စကားသံသည် ကျွန်မနားထဲတွင် ဝေး၍ဝေး၍သွားသည်။ ထာဝစဉ်ပြုံးရွှင်နေတတ်ခဲ့သော အထက်သို့ ကော့တက်နေသည့် နှုတ်ခမ်းနှစ်လွှာ အဘယ်ကဲ့သို့ ပြေလျော့သွားမှန်း မသိလိုက်။
     လက်ထဲမှ ဆော့ကစားနေဆဲ ဘောပင် ကြမ်းပြင်ပေါ်သို့ လွတ်ကျသံထက် အဆပေါင်းများစွာသော
အသံလှိုင်းတုန်ခါမှုများ နားစည်အမြှေးပါးသို့ ပြင်းထန်စွာ ရိုက်ခတ်မြည်ဟည်းနေကြသည်။
     သူမ ဆက်ပြောသောစကားများထက် သူ့မျက်နှာနုနုသည်သာ ကျွန်မအာရုံထဲတွင် လွှမ်းမိုးဝင်ရောက်လာသည်။ ရင်ထဲရှိအရာများ ပျောက်ဆုံးသွားသကဲ့သို့ လပ်ဟာနေသော ခံစားချက်ကြောင့် ရင်ကို လက်ဖြင့် ယောင်ယမ်းကာ ဖိမိသည်။
     ဘေးပတ်ဝန်းကျင်မှ စကားပြောသံများ၊ ရယ်မောသံများ၊ ကက်ဆက်သံများ၊ ကြော်သံလှော်သံများ
သည်လည်း တိုးတစ်လှည့်၊ ကျယ်တစ်လှည့်။ ခြေထောက်အောက်မှ မြေကြီးသည်လည်း ယိမ်းယိုင်လှုပ်ရှား နေသလိုလို....
“ ပန်းနု.. ပန်းနု သတိထားလေ၊ ကင်တင်းထဲမှာ....”
     နံဘေးမှ သူငယ်ချင်း၏ အသံကြောင့် သတိလက်လွတ်ဖြစ်စ စိတ်ကို ကြိုးစား၍ ထိန်းချုပ်လိုက်ရသည်။
အိမ်သို့ မည်သို့မည်ပုံ ပြန်ရောက်လာခဲ့သည်ကို မမှိတ်မိတော့ပါ။ ခုတင်ထက်တွင် ကိုယ်ကိုမှောက်၍
ခေါင်းအုံးကို မျက်နှာအပ်လိုက်စဉ် ရှိုက်သံသည် ကျွန်မနှုတ်ဖျားမှ ထွက်ကျလာသည်။
      တစ်ချက်...၊ နှစ်ချက်...၊ သုံးချက်...။
      ပါးပြင်ပေါ်သို့ လက်ဖြင့် အသိမဲ့စွာ စမ်းမိသည်။ မျှော်လင့်ထားသော ပူနွေးသည့် မျက်ရည်စများ ရှိမနေခဲ့။
     မျက်ရည်မကျသော ရှိုက်ငိုခြင်းဖြင့် ငိုမိပါပကော။
     ရင်ခွင်မှ စူးအောင့်မှုနှင့်အတူ တည်ချောင်းဝတွင် တစ်ဆို့နေသည်။ ရင်ထဲမှ ခံစားချက်နှင့် စီးမကျသော မျက်ရည်များကြောင့် ကျွန်မကိုယ်တိုင် ဇဝေဇ၀ါဖြစ်သွားရသည်။
     ဘာဖြစ်တာပါလိမ့်။ ဒါဟာ... အချစ်စစ် မဟုတ်လို့လား။ သူ့ကို ကျွန်မ မချစ်ခဲ့လို့လားဟင်...။
      အို... မဖြစ်နိုင်တာ။ ကျွန်မ သူ့ကို သိတ်ချစ်ခဲ့သည်။ သိတ်တွယ်တာခဲ့ရသည်ပေါ့။ သူ့အကြည့်တွင် စတင်တွယ်ငြိမိစဉ်က စွဲလမ်းခဲ့ရသော သူ့ပုံရိပ်များသည် အမှတ်ထင်ထင် ရှိဆဲပင်ဖြစ်သည်။
      ရှည်သွယ်သောကိုယ်ကို မသိမသာကိုင်း၍ ပန်းဖွားလွယ်အိတ်အနီကို စလွယ်သိုင်းလွယ်ကာ
ခြေလှမ်းခပ်ကျဲကျဲ လျှောက်တတ်သော သူ့သဏ္ဍာန်။
      ဘေးခွဲကာ လှိုင်းပြေပြေလေးများနှင့် ထာဝစဉ် ပုံပန်းတကျရှိတတ်သော သူ့ဆံနွယ်ခွေများ၊ မပြုံးမရယ် ရီဝေစွာစိုက်ကြည့်တတ်သော သူ့မျက်ဝန်းအကြည့်များ၊ လမ်းမှာ တွေ့၍ အမှတ်တမဲ့ ကျွန်မကကြည့်မိလျှင် မသိမသာ ဆလွတ်ရိုက်ပြတတ်သော သူ့အမူအရာများ။ ရယ်ပြုံးနေသော သူ့မျက်နှာ...။
      အို... ကျွန်မ ဘယ်လို စွန့်လွှတ်ရမှာပါလိမ့်။ သူ..ရယ်ပြုံးလိုက်လျှင် ကျွန်မ ငေးမောနေမိတတ်သည်။
“ မောင်က ရယ်လိုက်ရင် သိတ်ချစ်ဖို့ကောင်းတာပဲ။ သိတ်အပြစ်ကင်းတယ်...”
     ကျွန်မကပြောလျှင် ရှက်ဟန်စွက်၍ ရယ်မောတတ်သော၊ နှုတ်ခမ်းများနှင့်အတူ မျက်လုံးများပါလိုက်၍ ရယ်တတ်သော ကျွန်မအချစ်ဦး သူ့ကို... သာမန်ချစ်ခြင်းသာမက နှစ်နှစ်ကာကာ မြတ်နိုးခဲ့ရပါသည်။
     သူ ကျွန်မကို ပထမဦးဆုံး စာလိုက်ပေးစဉ်က ရင်ခုန်လှိုက်မော ပျော်ရွှင်ခဲ့သော ခံစားချက်များကို သတိရမိလာစဉ် ကျွန်မရင်သည် တဒင်္ဂ နွေးထွေးလာပြန်သည်။
     အခန်းတံခါးပိတ်ကာ ခုတင်ပေါ်တွင် သူ့စာကို အလျင်စလို ဖောက်ဖတ်ချိန်က တုန်ယင်နေခဲ့သော ကျွန်မလက်များ၊ စာဖတ်အပြီး ဘယ်အချိန်တင်ထားမိသည် မသိသော ပင့်သက်ကို အသာချကာ ရင်ခုန်စွာဖြင့် မှိတ်ချလိုက်မိသော ကျွန်မမျက်လုံးများ၊ ခေါင်းအုံးကို ရင်ခွင်တွင် တင်းတင်းပွေ့ကာ ကျေနပ်စွာပြုံးနေမိသော ကျွန်မနှုတ်ခမ်းများးသည် သူ့ချစ်ရေးမဆိုမီကပင် သူ့အပေါ်တွယ်ငြိနေမိကြောင်း ထင်ရှားစေသည် မဟုတ်ပါလား။
     သူ့အတွက်အဖြေသည် ထွေထွေထူးထူး စဉ်းစားစရာမလိုခဲ့ပါ။ တစ်ပတ်အကြာတွင် ချစ်တုံ့ပြန်ခဲ့သော ကျွန်မအား အညှာလွယ်သည်ဟု ပြောကြမည်လား မသိ။
     အညှာလွယ်ရိုး ဟုတ်ခဲ့ရင်လည်း ချစ်သော သူ့အပေါ်တွင်သာ အညှာလွယ်ခဲ့ခြင်းဖြစ်သည့်အတွက် ကျွန်မ
လိပ်ပြာသန့်ပါသည်။ အချိန်ကာလကို ကြည့်၍ ကျွန်မအချစ်သည် ပေါ့တိမ်သည်ဟု ဝေဖန်မည်ဆိုလျှင်ကား ကျွန်မ စိတ်ဆိုးတတ်ခဲ့သည်။
     ကျွန်မအချစ်သည် သူ့အပေါ်တွင် ဖြူစင်လေးနက် တည်ကြည်ခဲ့သည်မှာ ယုံမှားစရာ မရှိခဲ့ပါ။
xxxxxxxxx
      စူးရှသော သုံးချက်ဆင့်ဟွန်းသံကြောင့် စက်ဘီးကို လမ်းဘေးဘက် ကပ်ပေးလိုက်သည်။ ဘီးလိမ့်ရုံ
ဖြတ်၍မောင်းသွားသော အက်စ်အီးကားထဲမှ ပြုံးစပ်စပ်ပြီတီတီ မျက်နှာများကြောင့် ၀မ်းနည်းအားငယ်စိတ် သည် တင်းကျပ်မောပန်းလာပြန်သည်။
     တစ်ယောက်တစ်ပေါက် စနောက်သံများးသည် ခါးသည်းလွန်းနေသည်။ သူသာပါရင် ဒီလိုနောက်ရဲမှာ မဟုတ်ဘူး ဆိုတဲ့အတွေးက ၀င်လာပြန်သည်။ နှမြောတသလွန်းစွာ နာကျင်ခံစားနေရသည်။
   “ ခံရခက်လိုက်တာနော်...”
      လှမ်းမြင်နေရသော စေတီလေးကြောင့် သူ့အိမ်ရောက်တော့မှာပါလားဟု သတိဝင်လာသည်။
စေတီလေးနှင့် မဝေးလှသောနေရာတွင် ပန်းရဂုံအမည်ရှိ သူတို့ခြံလေးသည် အမည်နှင့်လိုက်ဖက်စွာ ပန်းပေါင်းစုံဖြင့် သာမောဖွယ်ရာ ရှိလေသည်။
     အိမ်ကလေးသည် မခန့်ညားလွန်းသော်လည်း နေချင့်စဖွယ်ကောင်းလှသည်။ သူက မကြာခဏ
ခြံထဲလိုက်ကြည့်ဖို့ ဖိတ်ခေါ်တတ်ပေမယ့် မာနကြီးသောကျွန်မက တစ်ခါမျှ လိုက်မသွားဖူးခဲ့ပေ။
       သူ ခြံရှေ့မှာ ရှိပါ့မလား။ ဘယ်လို ခေါ်ရမှာပါလိမ့်။
      ယခင် ကျွန်မ သူ့ခြံရှေ့ဖြတ်လျှင် အိမ်ဘေးကုန်စုံဆိုင်မှ သူ့မိတ်ဆွေတစ်ယောက်ယောက် (သို့မဟုတ်)
ခြံရှေ့တွင် ကစားနေကြသော ကလေးငယ်များထဲမှ တစ်ဦးဦး( သို့မဟုတ်) ခြင်းခတ်နေသော သူ့သူငယ်ချင်းများထဲမှ တစ်စုံတစ်ယောက်သည်  သူ့ကို အပြေးအလွှား သွားခေါ်ပေးတတ်သည်။
     သူ မှာထား၍လားတော့ မသိပါ။ သူ့ပတ်ဝန်းကျင်မှ လူများသည် ကျွန်မကို မြင်သည်နှင့် မေးစရာ၊
ခေါ်ခိုင်းစရာမလိုဘဲ အလိုက်သိတတ်ကြသည်။ ထိုသို့ သူ့ကို သွားခေါ်နေစဉ် ကျွန်မသည် စက်ဘီးကို
ဖြည်းညင်းစွာ နင်းရင်း သူ့အိမ်ကို ဖြတ်ကျော်သွားမည်ဖြစ်သည်။
     မကြာမီ သူသည် စက်ဘီးကို အလျင်စလိုနင်းရင်း ကျွန်မဘေးသို့ ရောက်လာပေလိမ့်မည်။
     ယခုတစ်ကြိမ် ကျွန်မဖြတ်သွားရင်ရော...
     ကျွန်မရင်သည် အဆမတန် အခုန်မြန်လာသည်။ အရင်ကလို ပြေးလွှားကာ သွားခေါ်ပေးမယ့်သူ ရှိပါ့မလား။ ကျွန်မကို သနားသော မျက်ဝန်းများဖြင့် ငေးစိုက်ကြည့်နေကြမည်လား။
     ဘုရား...ဘုရား....။ ဒီမျက်ဝန်းများ၊ အကြည့်များကို ကျွန်မတွေးရင်း တုန်လှုပ်လာလေသည်။
     မိုးအကုန် ဆောင်းအကူး တဖွဲဖွဲကျနေသော မိုးဖွားလေးများအောက်တွင် ကျွန်မတစ်ကိုယ်လုံး ထူပူရှိန်းဖိန်းလာသည်။ ကြည့်စမ်း။ ဘယ်တုန်းကများ ဒီမိုးဖွဲလေးတွေ ကျနေခဲ့တာပါလိမ့်။ ကျွန်မကိုယ်ပေါ်က
အဖြူရောင် ဂျင်းဂျာကင်လေးတောင် စိုထိုင်းလွန်းနေပြီပဲ။
     ဂျာကင်လေးကို အာရုံစိုက်မိစဉ်ခဏ ရင်အခုန်သည် တဒင်္ဂ ရပ်တန့်သွားသည်ဟု ထင်မိသည်။
သူနှင့်ကျွန်မ ချစ်သက် တစ်နှစ်ပြည့်စဉ်က သူပေးခဲ့သည့် လက်ဆောင်လေး...။
  မျက်ရည်ကြည်များသည် မျက်ဝန်းအတွင်းတွင် တစ်မဟုတ်ချင်း ပြည့်လျှံလာသည်။ အမြင်အာရုံ ပျောက်မသွားရန် မျက်တောင်ကို တဖျပ်ဖျပ်ခတ်ကာ မျက်ရည်များကို ကြိုးစားသိမ်းရင်း သူ့စကားသံတို့ နားမှာ ဝေ့၀ဲလာပြန်သည်။
“ မောင်တို့  စချစ်ခဲ့ကြတာ ဒီဇင်ဘာမှာနော်။ ဒါကြောင့် အေးချမ်းတဲ့ဆောင်းကို အမှတ်တရဖြစ်အောင်
မောင်က ဒီဂျာကင်လေးကို ပန်းနုအတွက်ပေးတာပါ။ ချစ်လက်ဆောင်ကို မငြင်းကောင်းဘူး ပန်းနုရဲ့၊
ပန်းနုချမ်းရင် မောင့်ကိုယ်စား နွေးထွေးစေဖို့ပေါ့....”
    အဲဒီတုန်းက သူ့ရှေ့မှာပဲ ကိုယ်ပေါ်က ၀တ်လာတဲ့ဆွယ်တာကို ချွတ်ပြီး သူ့လက်ဆောင်ဂျာကင်လေးကို ၀တ်ပြလိုက်တော့ ၀မ်းသာကျေနပ်နေတဲ့ သူ့မျက်နှာလေးကို ကျွန်မ ကောင်းစွာ စွဲငြိနေတုန်းပါ။
   “ သိတ်လှတာပဲ ပန်းနုရယ်၊ ပန်းနုအသားလေးနဲ့ သိတ်လိုက်တယ်ကွာ။ မောင် မြို့ထဲမှာ ပုဆိုးဝယ်ရင်း
ဒီဂျာကင်လေးမြင်တော့ ပန်းနုကိုသတိရပြီး ပန်းနုနဲ့လည်း လိုက်မယ်ထင်လို့ ၀ယ်လာတာ။ ကြိုက်ရဲ့လားဟင်”
    “ မောင်နဲ့ပတ်သက်ရင် စီးကရက်နံ့တောင် ကြိုက်တတ်နေပြီပဲ မောင်ရဲ့”
  ကျွန်မအဖြေကို သူ သဘောကျစွာ ရယ်တော့ ကျွန်မလည်း သူနဲ့အတူ ကြည်နူးစွာ ရောနှောရယ်ခဲ့ဖူးသည်။
      သူနှင့်ကျွန်မသည် သဘောထားချင်းလည်း အများအားဖြင့် တိုက်ဆိုင်ကာ ၀ါသနာတူသူများလည်း
ဖြစ်သည်။ ဂစ်တာတီးခြင်း၊ သီချင်းဆိုခြင်း၊ ကဗျာဖတ်ခြင်းတို့ကို ခုံခင်သူများဖြစ်ကြသည်။ အနုပညာကို မြတ်နိုးသော၊ အချစ်ကို တန်ဖိုးထားသူချင်းဖြစ်ပါလျက်... သူမို့.....
xxxxxxx
သူ့ခြံအတွင်းမှ နှင်းဆီရုံတချို့ကို အဝေးမှ လှမ်းမြင်နေရသည်။ ညွတ်နူးစဖွယ် နှင်းဆီရနံ့များးသည် ကျွန်မ၏ နွမ်းလျလပ်ဟာနေသော စိတ်နှလုံးကို ငြိမ်းအေးစေနိုင်မည် မထင်တော့ပါ။
      သူနဲ့တွေ့ရင် ဘယ်လိုများ စကားစရမှာပါလိမ့်။
   “ မောင်နဲ့ မတွေ့တာကြာပြီနော်...” လို့ ပြောရမှာလား။ “ မောင် ဘာတွေလုပ်နေလဲ။ သတင်းတွေ ကြားနေရတယ်..” လို့များ ရန်တွေ့ပစ်ရမလား။ အို... မဟုတ်သေးပါဘူး။ သူ့ကို ရန်လိုသံနှင့် ပြောရက်မည် မထင်ပါ။
      သူ့အား မေးခွန်းများ အဆက်မပြတ် ထုတ်နေမိချိန်တွင် ကျွန်မ၏ နှုတ်ခမ်းအစုံသည် တုန်ယင်နေလိမ့်မည်
ထင်သည်။ ပြောမှ ပြောထွက်ပါ့မလား။ သူ ပြန်ဖြေမည့်စကားအတွက် ဘာပဲဖြစ်ဖြစ် ကျွန်မ ခံနိုင်ရည် ရှိဖို့တော့ လိုမည်။ “ မောင့်ကိုမေ့လိုက်ပါတော့...” ဟု သူပြောခဲ့လျှင်...။
      သူ့အား စွန့်လွှတ်ရတော့မည်ဟု တွေးမိတိုင်း ခန္ဓာကိုယ်သည် လေဟာနယ်ထဲ ရောက်သွားသလို လွင့်ဟာပြီး ရင်ထဲတွင် တလှပ်လှပ် တုန်ခါလာလေသည်။
  ယခင်က နွေးထွေးသော သူ့မျက်လုံးများသည် မယုံကြည်လောက်အောင်  အေးစက်စိမ်းကားနေခဲ့ပါလျှင်...။
လေသံတိုးတိုးဖြင့် ချစ်စကားနုနုလေးများ ရေရွတ်ပြောဆိုခဲ့ဖူးသော သူ့နှုတ်ခမ်းများမှ လမ်းခွဲဖို့စကားများ ရက်စက်စွာ ပြောခဲ့ပါလျှင်...။
ညင်သာစွာ ထွေးဖက်၍ အကြင်နာကိုပြတတ်သောသူသည် လက်နောက်ပစ်ရပ်ကာ ခေါင်းကိုခါယမ်း ရင်း ကျောခိုင်းသွားခဲ့ပါလျှင်...။
     ကျွန်မ... ဘယ်လို စွမ်းအားများနှင့် ရပ်တည် ကျန်ခဲ့နိုင်ပါမည်နည်း။
     စိတ်မချမ်းမြေ့မှုနှင့်အတူ မယုံကြည်နိုင်မှုသည် ဒွန်တွဲနေပြန်သည်။ ဒီသတင်းဟာ ဖြစ်နိုင်ပါ့မလား။
သူက ဒီလို လူစားမျိုးမှ မဟုတ်ခဲ့တာ...။
      သူ ကျွန်မကို သိတ်ချစ်ခဲ့တာ သံသယမထားရက်အောင် ယုံကြည်နေချင်သေးသည်။
ခက်သည်က သတင်းပေးသူကလည်း အပိုပြောလေ့ရှိသူ မဟုတ်။ သူနှင့် မတွေ့ရသည်မှာလည်း အတော်ကြာနေပြီ။
      ဇဝေဇ၀ါအတွေးများဖြင့် ဦးခေါင်းသည် ဖျစ်ညှစ်ခံထားရသလို ကိုက်ခဲနာကျင်လာသည်။
ကျွန်မ ဘာလုပ်ရမှာပါလိမ့်။ စက်ဘီးနင်းနေသော ခြေထောက်အစုံသည် လေးလံနှေးကွေးလာသည်။
      သူ၏ ရက်စက်သော စကားသံများအား မကြားနာဝံ့ပါ။ မျှော်လင့်ချက် ပျက်သုဉ်းသောဘ၀သည်
မည်သို့ အဓိပ္ပါယ် ရှိပါဦးမည်နည်း။
      တင်းထားခဲ့သော စိတ်သည် ပျော့ညွတ်သွားပြန်သည်။ မူးဝေနေသော ခေါင်းထဲမှ ဦးနှောက်သည် ပူလောင်ဆူပွက်နေသည်ဟု ထင်လာမိသည်။ ပြန်လှည့်ရမည်လား။ ဆက်သွားရမည်လား။ ဝေခွဲမရ။
      ကျွန်မအား သနားသလို ကြည့်နေကြမည့် အကြည့်များ၊ သူ့ခြံရှေ့မှ မျက်ဝန်းများကို တွေးမိချိန်တွင် ရင်သည် တုန်ယင်မောပန်းလွန်းလာသည်။ ခြေနင်းခုံပေါ်မှ ခြေအစုံတွင် အားများ တစ်စထက်တစ်စ ပါးလျားယုတ်လျော့လာတော့သည်။
xxxxxxxx

     သူ့အိမ်ရှေ့ ရောက်ခါနီးတွင်မှ စက်ဘီးကို ရုတ်တရက် ပြန်ကွေ့ချလိုက်သည်။
ရှုံးနိမ့်သူတစ်ယောက်၏ ခံစားချက်မျိုးဖြစ့် ၀မ်းနည်းဖိုလှိုက်နေမိသည်။
     ကျွန်မ၏နှလုံးသားထဲမှ နှုတ်ဆက်ခြင်းကင်းစွာ တိတ်တဆိတ် ပုန်းရှောင်နေသော သူ့အား ချစ်သူအဖြစ်မှ မနုတ်ဖယ်ပစ်ချင်ပါ။ သူမလာသော ရက်များကြောင့် ၀မ်းနည်းအားငယ်ခြင်းများ ခံစားနေရသော ကျွန်မနှလုံးသားကို မျှော်လင့်ခြင်းများပါ ပျောက်ဆုံးမသွားစေချင်သေးပါ။
      တွေဝေ မပြတ်သားစိတ်ကြောင့် လူညံ့တစ်ယောက် ဖြစ်ချင်ဖြစ်ပါစေတော့။ တစ်ယောက်တည်းပဲ
ကြိတ်ဆွေးနေပါတော့မယ်လေ။ သူ့ကို ဘာမှ ထပ်မေးဖို့ မကြိုးစားတော့ပါဘူး။ မျှော်လင့်ရင်းနဲ့ပဲ စိတ်ဖြေ
စောင့်နေတော့မယ်။
    သူပြန်လာမယ့် တစ်နေ့...။
ဒါမှမဟုတ် ...။
သူ နှုတ်ဆက်လာတဲ့ တစ်နေ့ထိပေါ့။
xxxxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)
၁၉၉၀ပြည့်နှစ်၊ သြဂုတ်လ.... ရွှေသမင်မဂ္ဂဇင်း

( မဂ္ဂဇင်းသို့ ပထမဦးဆုံး ပို့ဖြစ်သော.....၊ ပထမဦးဆုံး ပုံနှိပ်ဖော်ပြခံရသည့် ၀တ္ထုတိုလေး ဖြစ်ပါသည်။)

3 comments:

  1. သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်လေးနဲ့ ဆင်တယ်...

    ReplyDelete
  2. ရင်တွေကို မောသွားတာပဲ... နဂိုက ၀မ်နည်းတတ်တဲ့ အခံရှိလို့လားမသိဘူး။

    ReplyDelete
  3. နုပျိုလတ်ဆတ်တဲ့ အရေးအသားတွေကြောင့် မောင်နဲ့ပန်းနုကို မျက်လုံးထဲမှာတောင် မြင်လာမိတယ်...။ မမဝေသရုပ်ဖော်ထားတာ ပန်းနုလေးက ချစ်ဖို့တော်တော် ကောင်းမယ့်ပုံ... :)

    ReplyDelete