အငွေ့ပြန် ပင်လယ်



အခန်း-၁-

မင်္ဂလာနံနက်ခင်း

ဟုတ်ကဲ့...ဂွတ်မောနင်းပါဗျာ။
စာရေးကြီး တစ်ယောက်တည်းလား။ ကြိုဆိုပါတယ်ဗျာ။ ကြိုဆိုပါတယ်။
ခုလို ကျွန်တော့်လက်ဖက်ရည်ဆိုင်လေး ' ဂွတ်မောနင်း ' ဆိုပြီးနာမည်တွင်ခဲ့ရတာ၊ လူစည်ကားလာရတာ၊ စာရေးကြီးတို့လို ဖောက်သည်တွေက ကင်ပွန်းတပ်ခဲ့၊ အားပေးခဲ့ကြလို့ပါ။
ကျွန်တော်က ဆိုင်ရှင်ပီပီ ဘယ်လောက်ဖော်ဖော်ရွေရွေနဲ့ လာသမျှလူတိုင်းကို ' ဂွတ်မောနင်း 'လို့ နှုတ်ဆက်တတ်ပေမယ့် ဆိုင်းဘုတ်တောင် တင်မထားခဲ့တဲ့ဆိုင်လေးကို ဖောက်သည်တွေက ' ဂွတ်မောနင်း ' လို့ အမည်မတွင်စေခဲ့ရင် ကျွန်တော့်ဆိုင်လေး အမည်နာမ ပညတ်တစ်ခုတောင် စွဲခဲ့မှာမဟုတ်ပါဘူး။
ပြီးတော့ ချောင်ကျကျရပ်ကွက်ထဲက မြေကွက်လပ်ပေါ်မှာ တဲထိုးပြီးဖွင့်ရတဲ့ ပေစုတ်စုတ် ဆိုင်လေးကို ဖောက်သည်တွေကသာ အားမပေးခဲ့ရင် ကျွန်တော်က လက်ဖက်ရည်ကို ဘယ်လောက်ကောင်းအောင် စေတနာနဲ့ဖျော်ဖျော် လူသိများစည်ကားခဲ့မယ် မထင်ပါဘူး။
စာရေးကြီးတို့လို ဖောက်သည်ကောင်းတွေရဲ့ နှုတ်၏စောင်မခြင်းကြောင့်လည်း ကျွန်တော့်ရဲ့ခပ်မွဲမွဲဆိုင်ကလေးက ' ဂွတ်မောနင်း ' ဆိုပြီး နာမည်လည်းတွင်၊ လက်ဖက်ရည်ကောင်းကြောင်း၊ ဆိုင်ရှင်ဖော်ရွေကြောင်းလည်း သတင်းမွှေးခဲ့ရတာပါ။
‘ဒါကြောင့်လည်း ကိုယ့်ကျေးဇူးရှင်ဖောက်သည်တွေကို ဖြည့်ဆည်းပေးချင်လို့ မနက်စာကို လက်ဖက်ရည်နဲ့တွဲစားလို့ရမယ့် ပလာတာ၊ စမူဆာ၊ အီကြာကွေးတို့ကိုပါ တွဲရောင်းပေးတာပါ။ မုန့်ဟင်းခါးနဲ့အသုတ်စုံကိုလည်း မိန်းမကိုတပိုင်တနိုင်လေး လုပ်ရောင်းပေးဖို့ ပြောထားသေးတယ်။
မြေကွက်လပ်က ခပ်ကျယ်ကျယ်၊ သစ်ပင်ရိပ်ကလည်းကောင်းတော့ အေးအေးလူလူ ထိုင်စကားပြောချင်၊ စာဖတ်ချင်တဲ့သူတွေလည်း လက်ဖက်ရည်သောက်ရင်း စားစရာလေးပါ စုံစုံလင်လင်ရတော့ အဆင်ပြေတာပေါ့။
သြော် .ဒီမြေကွက်လား။ ယောက်ဖပိုင်တဲ့မြေပါဗျာ။
ကျွန်တော် မိန်းမရကာစ အလုပ်မရှိဘဲယောင်ချာချာဖြစ်နေတော့ ယောက်ဖက သူအကြွေးနဲ့သိမ်းထားရတဲ့ မြေကွက်လေးရှိတယ်။ နေရာအကွက်အကွင်းကတော့ သိတ်မကောင်းဘူး။ စီးပွားရေးလုပ်လို့လည်း မဖြစ်လောက်ဘူး။ လူနေရုံလောက်တော့ဖြစ်တယ်။ လင်မယားနှစ်ယောက် တည်းဆိုတော့ နေဖြစ်ရုံတဲလေးထိုးပြီး သွားနေချင်နေပေါ့ကွာ..ဆိုတာနဲ့၊ နေစရာရှိပြီးရော၊ နောက်မှ အလုပ်ရှာမယ် စဉ်းစားပြီး ရောက်လာခဲ့တာ။
လူပျိုတုန်းကတော့ အစ်မနား ကပ်နေရတာ အကြောင်းလားဗျာ။ မိဘမရှိတော့တဲ့ ဒီမောင်တစ်ယောက်ကို အစ်မကလည်း ပစ်မထားရက်မှန်း ယောက်ဖကနားလည်ရှာပါတယ်။
ဒါပေမယ့် မိန်းမရလာတော့ အစ်မအိမ်မှာ ကြာကြာနေလို့ မကောင်းတော့ဘူး။ သမီးယောက်မချင်းကလည်း ကြာလာတော့ ဟိုချိတ်ဒီချိတ်နဲ့ ငြိချင်လာတယ်။ အစ်မကလည်း မောင်ကိုသာ ကြည်ဖြူ မှာပေါ့။ ယောက်မနဲ့တော့ ရေရှည်မှာ ကြာကြာဘယ်အစေးကပ်မှာလဲ။
ဒါကြောင့် ကျွန်တော်တို့လည်း ဒီမှာလာနေပြီး ဆိုင်လေးဖွင့်ကြည့်တာ။
ယောက်ဖကတော့ အောင်မြင်တဲ့စီးပွားရေးသမားပီပီ မြို့ထဲကနေရာကောင်းတွေမှာ သူ့လုပ်ငန်းတွေ အများကြီးပါ။ ဒီလိုချောင်ဂလောင်ထဲကမြေကတော့ ဘာစီးပွားမှလုပ်မရလို့လည်း ဒီတိုင်းပစ်ထားတာကြာလှပေါ့။ သူ့ဖောက်သည်တစ်ယောက် အကြွေးမပေးနိုင်ဘဲ မြေကွက် ထိုးအပ်သွားလို့သာ ယူထားရရှာတာ။ အစ်မကလည်း ကျွန်တော့်ကိုအပြီးပေးမယ့်ပုံမျိုး ပြောပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ယောက်ဖကျေးဇူးကြောင့် ဒီနေရာလေးမှာ အခြေချခွင့်ရပြီး၊ တစ်ဝမ်းတစ်ခါး လက်ဖက်ရည်ဆိုင်လေး ဖြစ်မြောက်လာတာလည်း အားပေးကြတဲ့ စာရေးကြီးတို့လို ဖောက်သည်တွေကြောင့်ပါ။
ကျေးဇူးတင်ပါတယ်ဗျာ။ ကျေးဇူးပါ။
xxxxx
အခန်း-၂-
တောက်ပသော နေ့လည်

ကြွပါ ကြွပါ စာရေးကြီးခင်ဗျာ။ ဂွတ်အားဖတားနွန်းပါ။
ထိုင်ပါ။ ဘာသုံးဆောင်မလဲခင်ဗျ။
ဟာ...သူဌေးလို့တော့ မခေါ်ပါနဲ့ဗျာ။ မဟုတ်ရပါဘူး။
ဆိုင်လေး ရောင်းကောင်းလာရတာ စာရေးကြီးတို့လို ဖောက်သည်ကောင်းတွေ ကျေးဇူးကြောင့်ပါ။ ကျွန်တော့်ဘဝကို ကျွန်တော်မမေ့ပါဘူး။ လက်ဖက်ရည်လည်း ကိုယ်တိုင်ဖျော်တုန်းပါပဲ။ စားပွဲလည်း အားရင်ဝင်ထိုးတုန်းပါ။
မိန်းမကတော့ ကောင်တာပဲထိုင်နိုင်တော့တယ်လေ။ အသုပ်တွေ၊ မုန့်ဟင်းခါးတွေတော့ လူငှားနဲ့ပဲ လုပ်ရတော့တာပေါ့။
ဟုတ်ကဲ့။ မုန့်တွေတော့ တော်တော်စုံစုံလင်လင် လုပ်ဖြစ်ပါတယ်။ စားသုံးသူတွေရဲ့ တောင်းဆိုမှု၊ အားပေးမှုတွေကြောင့်ပေါ့ဗျာ။
ဆိတ်စွပ်တို့ နံပြားတို့ပါ ရောင်းပေးပါတယ်။ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ ထမင်းဖြူရောပေါ့။
ဒီနေရာလေးက ချောင်ကျပေမယ့် သစ်ရိပ်လေးကောင်းတော့ နေ့လည်ပိုင်းရော၊ ညနေပိုင်းပါ ဆက်ထိုင်ချင်တဲ့သူတွေရှိတာနဲ့ ညနေစောင်းထိ ဆက်ဖွင့်ဖြစ်တယ်လေ။
ကျွန်တော် တော်လို့မဟုတ်ပါဘူး။ ဝိုင်းဝန်းဖေးမ အားပေးကြတဲ့သူတွေကြောင့်ပါ။
ပေးရတဲ့ပိုက်ဆံနဲ့တန်အောင်လို့ စေတနာပါပါ ဂရုတစိုက် ချက်ပြုတ်ရောင်းချပေးပါတယ်။ ကိုယ့်ဆိုင်က မြို့အစွန်ချောင်ကျကျဆိုတော့ မြို့ထဲကဆိုင်တွေထက် ဈေးသက်သာပြီး စားကောင်းမှလည်း တကူးတကလာအားပေးတဲ့သူတွေကို ကျေးဇူးတုန့်ပြန်ရာရောက်မှာ မဟုတ်လား။
ဖောက်သည်အားလုံးက ကျွန်တော့်ကျေးဇူးရှင်တွေပါ။
ကျေးဇူးပါဗျာ။ ကျေးဇူးပါ။
xxxxxx
အခန်း-၃-
သာယာတဲ့ ညနေ
ဟော စာရေးကြီးပါလား။ ဂွတ်အီးဗနင်းပါဗျာ။
ထူးထူးဆန်းဆန်း ညနေပိုင်းကြီးရောက်လာပါလား။
သြော် ဟုတ်ကဲ့။ ဒီလို မိတ်ဆွေတွေ ကျွေးမွေးစရာရှိတိုင်း ကျွန်တော့်ဆိုင်လေးကို အားပေးဖို့ သတိတရခေါ်လာတာ ကျေးဇူးတင်ပါတယ်။
စဉ်ဆက်မပြတ်အားေးပးတဲ့ ဖောက်သည်တွေကြောင့်ပဲ ကျွန်တော့်ဆိုင်လေးရှင်သန်နေရတာပါ။ ခုဆို ညဖက်ပါထိုင်ချင်တဲ့သူ ရှိလာတော့လည်း ညဖက်ပါဖွင့်ပေးရတယ်လေ။
ဖောက်သည်တွေက နေ့ရောညပါအားပေးနေတော့ အဖျော်ဆရာတစ်ယောက်တော့ ခေါ်ထားရတာပေါ့ဗျာ။ ဒါပေမယ့်ကျွန်တော်က ဘဝမမေ့ပါဘူး။ ကိုယ်တိုင် ဝင်ဖျော်တုန်း၊ စားပွဲလည်း ဝင်ထိုးတုန်းပါ။
မိန်းမကတော့ သမီးလေးမွေးပြီးကတည်းက ကောင်တာတောင်မထိုင်နိုင်တော့ပါဘူး။ သမီးကျောင်းပို့ကျောင်း ကြိုကိစ္စရယ်၊ ဆိုင်အတွက် ဈေးဝယ်ရတာနဲ့တင် ဆိုင်ကယ်ပေါ်ကဆင်းရတယ်ကို မရှိပါဘူးလေ။
ဟာ ကားဝယ်စီးနိုင်တဲ့အခြေအနေ မရှိသေးပါဘူး စာရေးကြီးရယ်။ အဲလောက်လည်း အထင်မကြီးပါနဲ့။ ဒီမြေလေးကို ယောက်ဖဆီကဝယ်နိုင်အောင် ပိုက်ဆံစုနေရတာပါဗျာ။
ဟုတ်ကဲ့။ မိတ်ဆွေတွေကလည်း ပြောပါတယ်။ မြို့အစွန်ဆိုပေမယ့် ကျွန်တော့်ဆိုင်လေး အလုပ်တော်တော်ဖြစ်လာတော့ ဒီနားတစ်ဝိုက်ကမြေဈေးတောင် နည်းနည်းတက်လာသလိုပဲတဲ့။
ယောက်ဖက သူမလိုချင်လို့မှ ပစ်ထားတဲ့မြေပါ။ ဈေးတော့မတင်လောက်ပါဘူး။
ဟုတ်တော့ဟုတ်တယ်။ ကမ္ဘာ့စီးပွားပျက်ကပ်ဂယက်နဲ့ သူဌေးတွေက သူတို့စီးပွားအခံတွေ သိပ်အလုပ်မဖြစ်တော့ ဘယ်သူအလုပ်ဖြစ်သလဲ လိုက်ကြည့်နေတာ။ အလုပ်ဖြစ်တဲ့ သူများစီးပွားတွေဖက် မျက်စေ့ကျနေတာဆိုတော့ ယောက်ဖမြေကွက်လည်း မျက်စောင်းထိုးချင်ထိုးနေမှာပဲ။
ကိစ္စမရှိပါဘူး။ အစ်မတစ်ယောက်လုံးလည်း ရှိနေတာပဲ။ သူစိမ်းမှမဟုတ်တာ။ ဈေးပိုပေးတဲ့သူ ကိုတော့ ယောက်ဖကျော်ပြီး မရောင်းလောက်ပါဘူး။
ကျွန်တော်ကလည်း ယောက်ဖကျေးဇူးတွေရှိထားတော့ သူအြေ<ွကးနဲ့သိမ်းထားတဲ့ အရင်းဈေးထက် ပိုပိုသာသာပေးပြီး ဝယ်ရမှာပေါ့။
ကျေးဇူးတွေရှိပါတယ်ဗျာ။ ဒီလိုဆိုင်လေးနဲ့ လူတစ်လုံးသူတစ်လုံးဖြစ်လာရတာ။ ယောက်ဖရော..၊ စားသုံးသူတွေရော...။
ကျေးဇူးပါ။ ကျေးဇူးပါ။
xxxxxx
အခန်း-၄-
အလင်းပျောက် ည

ဟယ် စာရေးကြီး။ မျက်စေ့လည်လာတာလား။ မတွေ့တာတောင် ကြာလှပြီနော်။ နေတော့ကောင်းတယ်မဟုတ်လား။
ညဖက်ဆို ကျွန်တော့်ဆိုင်က နည်းနည်းမှောင်တယ်ဗျာ။
မလာတာ ဘယ်လောက်ကြာကြာ ခုလိုရောက်လာရင်ပဲ ကျွန်တော်က ဝမ်းသာလှပါပြီ။ ဖောက်သည်ဟောင်းတွေဆိုတော့ ဘယ်မေ့မှာလဲဗျာ။ ကိုယ့်ကျေးဇူးရှင်တွေပဲ။
ကျွန်တော့်ဆိုင်လေး ' ဂွတ်မောနင်း ' ဆိုပြီးအမည်တွင်ခဲ့တာ၊ မနက်ပိုင်းလေးတင်ရောင်းရာကနေ နေ့လည်၊ ညနေနဲ့ ညအထိ တဖြည်းဖြည်းတိုးချဲ့လာနိုင်အောင် အားပေးခဲ့ကြတာ၊ စာရေးကြီးတို့လို ဖောက်သည်ကောင်းတွေကြောင့်ပါ။
စိတ်မကောင်းတော့ မဖြစ်ပါနဲ့ စာရေးကြီးရယ်။
ချစ်ကောင်းသီချင်းလေးထဲကလိုပေါ့။ ' အားကြီးတဲ့သူတွေသာ အသက်ရှင်...၊ အားနည်းတဲ့သူ မရှင်နိုင်ဘူး..' ဆိုသလိုဘဲလေ။
လောကမှာ ငွေအင်အားကြီးတဲ့သူတွေသာ အလုပ်ဖြစ်တဲ့စီးပွားရေးမှန်သမျှကို အုပ်စိုးပိုင်ဆိုင်ကုန်ကြတာပါပဲ။ သူတို့က ဝင်ငွေအလျော့မခံနိုင်တော့ လက်ရှိစီးပွားရေးသိတ်မကောင်းတာနဲ့ သူများဖြစ်နေ တဲ့အလုပ်ကလေးကို ငွေနဲ့ဖိပြီးလက်ဝါးကြီးအုပ်ပစ်လိုက်တာပေါ့။
ကျွန်တော်က ဘဝမမေ့ပါဘူး။ အစကတည်းက ကိုယ်တိုင်ဖျော်၊ ကိုယ်တိုင်စားပွဲထိုးခဲ့ရတဲ့ ဆိုင်လေးဆိုတော့ ခုလို ဒုံရင်းပြန်ဖြစ်သွားတော့လည်း ရောက်လာသလောက် စားသုံးသူလေးကိုပဲ ကိုယ်တိုင်ဖျော်ရောင်းနေတာပေါ့ဗျာ။ စားလောက်သောက်လောက်တော့ရှိပါတယ်။
ရပါတယ်ဗျာ။ စာရေးကြီးတို့မလာဖြစ်တာလည်း ကျွန်တော်နားလည်ပါတယ်။ ခေတ်ကလည်း ပကာသနခေတ်ဖြစ်နေတာကိုး။
လက်ဖက်ရည်ဆိုင်ဆိုလည်း မနက်ပိုင်းထက် ညပိုင်းကို ဘော်လုံးပွဲပြနိုင်တဲ့ဆိုင်မှ လူပိုဝင်တာကိုး။
အို...စာရေးကြီးကို အပြစ်မပြောပါဘူး။ ဟုတ်တာပေါ့။ စာရေးကြီးလစာနဲ့ တစ်နေ့ လက်ဖက်ရည်ဆိုင် ဘယ်နှစ်ခါထိုင်နိုင်ပါ့မလဲ။
တစ်ခါပဲထိုင်နိုင်ရင် ဘော်လုံးပွဲလေးပါ ကြည့်လို့ရမယ့်ဆိုင်ရွေးမှာပေါ့။ သဘာဝကျပါတယ်ဗျာ။
ကျွန်တော်က မြဝတီလေး မြန်မာ့အသံလေးသာပြနိုင်တဲ့ ရိုးရိုးတီဗွီလေးပဲ ရှိတာကိုး။
ခေတ်ရေစီးကြောင်းက ဖိုက်မူဗွီကနေ မြစ်ကြောင်းပြောင်းလာတာ ခုဆို တာတာတို့ စကိုင်းနက်တို့တောင် ရောက်ကုန်ကြပြီ။ကျွန်တော့်လိုဆိုင်လေးက ဘယ်အမှီလိုက်နိုင်ပါ့မလဲဗျာ။
ဟုတ်တယ်။ ဒီဖက်ပြောင်းလာပြီးကတည်းက အရောင်းအဝယ်မကောင်းတော့တာ။ အစတုန်းကတော့ ဖောက်သည်ဟောင်းတွေထဲက အမာခံတချို့လိုက်လာကြသေးတယ်။ နောက်ပိုင်းတော့ ဟိုဖက်ဆိုင်က လူထုကြားထဲ တစိမ့်စိမ့်နစ်နေပြီဖြစ်တဲ့ လောင်းကစားဝါသနာအိုးတွေ အကြိုက် ဘော်လုံးပွဲပြ ဖို့ ဂြိုလ်တုစလောင်းတွေလည်းတပ်ပေးရော၊ တဖြေးဖြေး ဟိုဖက်ရောက်သွားတာပါပဲ။
စာရေးကြီးတို့လို အမာခံဖောက်သည်တစ်ချို့ဘဲ ဖျောက်ဆိပ်သဘောမျိုး ဟိုဖက်သွားလိုက် ဒီဖက်လာလိုက်နဲ့ အားပေးကြတာ။
တချို့ကလည်း ကျွန်တော့်ဆိုင်နေရာမှာ ခမ်းခမ်းနားနားဆိုင်ကြီး ဆောက်နေ၊ ပြင်ဆင်နေတာကို ကျွန်တော့်ဆိုင် တိုးချဲ့နေပြီထင်ပြီး
မုဒိတာတွေ ပွားနေကြတာတဲ့။ ဟိုဖက်လမ်းမှာ ကျွန်တော် ဆိုင်ပြောင်းဖွင့်ထားမှန်း တော်တော်နဲ့မသိကြဘူး။
သိလာတော့လည်း ခမ်းခမ်းနားနားဆိုင်ကြီးမှာ စမတ်ကျကျထိုင်ချင်မှာပေါ့။
လက်ဖက်ရည်ရော အစားအသောက်ရော အရသာကတော့ ကျွန်တော့်ဆိုင်ကို မမီဘူးလို့ပြောတာပါပဲ။ ဒါပေမယ့် လူဆိုတာကလည်း ခက်သားလားဗျာ။
ပလတ်စတစ်ခုံ အဟောင်းလေးတွေထက်စာရင် ကျယ်ကျယ်လွင့်လွင့် လေးခန်းတွဲတိုက်ကြီးထဲက ဆိုဖာခုံတွေပေါ်မှာ ဘော်လုံးပွဲကို လက်မငါးဆယ်ကျော် တီဗွီကြီးနဲ့ကြည့်ရမှာလေ။ လျှာပေါ်က အရသာထက် မျက်စေ့ပသာဒက ပိုစွဲဆောင်နေတာကိုး။
စလောင်းတပ်ဖို့ဆိုတာကလည်းဗျာ။ ကျွန်တော်က စေတနာကိုသာ ရေဒါဖွင့်ပြီးဖြန့်ကျက်ထားနိုင်တာ။ အသပြာကတော့ မရှိပါဘူး။
မြေဝယ်ဖို့ စုထားတဲ့ငွေလား။ ဒီဆိုင်ခန်းလေး စပေါ်တင်လိုက်ရတာ ကုန်ပြီကောဗျာ။
ပင်လယ်ရေဆိုတာကလည်း ခပ်မကုန်အောင် ကျယ်ပြောတယ်ဆိုပေမယ့် နေရှိန်ပြင်းရင် အငွေ့ပြန်တတ်တဲ့သဘောကတော့ နိယာမပဲကိုးဗျ။ အခိုးအငွေ့ဆိုတာကလည်း အမြင့်သာတက်ချင်တာလေ။
ကိုယ်ခပ်လိုက်တဲ့ ခွက်ထဲကရေက အငွေ့ပြန်သွားလို့ ခပ်သလောက်ရေမပါတော့လည်း ကျွန်တော်တို့လို အောက်ခြေလူတန်းစားတွေက အငွေ့ပြန်တတ်တဲ့ပင်လယ်ကြီးကို ငေးကြည့်နေရုံပဲပေါ့ဗျာ။
ဟုတ်ကဲ့ ပြန်တော့မယ်လား။ ခုလို သတိတရ ရောက်လာဖော်ရတဲ့ စာရေးကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးရှိပါတယ်ဗျာ။ ကျေးဇူးရှိပါတယ်။
ဂွတ်နိုက်နော် စာရေးကြီး ဂွတ်နိုက်။
သြော် ဒါလား။ ခင်ဗျား မအံ့သြနဲ့ စာရေးကြီးရေ။ ယောက်ဖက ဈေးပိုပေးနိုင်တဲ့သူကို ရောင်းလိုက်တာ မဟုတ်ဘူးဗျို့။
သူကိုယ်တိုင် ကျွန်တော့်ကိုဖယ်ခိုင်းပြီး ဆိုင်ထဖွင့်လိုက်တာ။
အစ်မရင်းခေါက်ခေါက်ကလည်း ယောကျာ်းကိုတားဖို့နေနေသာသာ ယောက်မကို ဆိုင်ကယ်တကြွကြွနဲ့မို့ ကြည့်မရလို့တဲ့လေ။
မောင်ကိုတော့ ခေါ်ရှာပါတယ်။ သူ့ဆိုင်မှာ အချိန်မရွေး မန်နေဂျာလာလုပ်လှည့်ပါတဲ့။
xxxxxx
ဝေ (စီးပွားရေးတက္ကသိုလ်) September, 2011...Beauty Magazine

5 comments:

  1. ဟဟဟ...သဘောကျတယ် မမဝေ...
    မနက်၊ နေ့လည်၊ ညနဲ့ ဘ၀ကို ပုံဖော်သွားတာ ပညာသားပါတယ်။ စာရေးကြီးလည်း မနက်လက်ဖက်ရည်တောင် အနိုင်နိုင်ဖြစ်နေရတဲ့ တကယ့် ခေတ်ကျပ်ကြီးပါ မမဝေရေ...။ ခေတ်ကိုက သမာအာဇီဝတွေ မယှဉ်နိုင်တဲ့ ခေတ်ကိုး...။

    ReplyDelete
  2. ခေတ်ကြီးကအဲလိုခေတ်ကြီးကိုဖြစ်နေပြီ အမဝေရေ..
    ရိုးသားစွာလုပ်ကိုင်တဲ့သူတွေအတွက်
    နေရာဆိုတာအ၇မ်းရှားနေပြီ..

    ReplyDelete
  3. စာရေးထားတာတွေဖတ်လို့ခံစားလို့အရမ်းကိုကောင်းတယ်
    နေ့တစ်နေ့ကိုပုံဖော်ပေးပြီးရေးထားတာ
    ရိုးသားစွာလုပ်ကိုင်တဲ့သူတွေ
    နေရာတစ်ခုရဖို့အရမ်းခက်တယ်
    ဖဘ ထဲကပုံလေးချစ်ဖို့ကောင်းတယ်နော်
    jasmine

    ReplyDelete
  4. အမျိုးချင်းချင်း လုပ်ရက်တာကို ပိုစိတ်နာမိတယ်.
    ပြီးတော့လည်း မောင်နှမချင်းနော်.
    ဟုတ်တယ် နော် တစ်ချို့လူတွေအတွက်တော့ ပင်လယ်ဟာ အငွေ့ပျံရုံမျှမက ခြောက်ခမ်းတဲ့ထိတောင် ဖြစ်တတ်ပါတယ်.
    စိတ်မကောင်းဖြစ်မိတယ်

    ReplyDelete
  5. နောက်တစ်ခေါက် ထပ်ဖတ်သွားတယ် ဆရာမအမရေ...
    တနေ့တာလှုပ်ရှားမှုလေးကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးသွားတာရယ်... လူတချို့ရဲ့ မျှော်လင့်ချက်တွေဟာ တချို့လူတွေရဲ့ ဂုဏ်ဒြပ်အောက်မှာ ပျက်စီးသွားတာတွေရယ်... အရမ်းကိုကောင်းတဲ့ ၀တ္ထုလေးပါပဲဗျာ။

    ခင်လျက်
    အဖြူလေး (မိုဘာ)

    ReplyDelete