ထွက်ပေါက်မဲ့ ထောင်ချောက်


မည်သည့် အကြပ်အတည်းပဲဖြစ်ဖြစ် ထွက်ပေါက်တစ်ခုတော့ ရှိရမည်ဟု သူမ ယုံကြည်ခဲ့ဖူးလေသည်။ အဘယ်မျှ ခက်ခဲသည့်မေးခွန်းဖြစ်ပါစေ။ အဖြေကတော့ ရှိရမည်။ မည်မျှနက်နဲသည့် ပုစ္ဆာဖြစ်စေ။ ညီမျှခြင်းတစ်ခုတော့ ချနိုင်ရပါမည်။
သူမ၏ ပြဿနာ အခက်အခဲသည်လည်း တစ်နေ့တော့ ဖြေရှင်းရန် (သို့မဟုတ်) ရင်ဆိုင်ရန် နည်းလမ်းတစ်ခု ပေါ်လာရမည်ဟု သူမ မျှော်လင့်ခဲ့ဖူးလေသည်။ သို့ပေမယ့် ထိုပြဿနာ၏ထွက်ပေါက်သည် သူမ မထင်မှတ်သော ထောင့်တစ်နေရာမှ သူမကို အလဲထိုးမည့် အဖြစ်မျိုးဟုတော့ သူမ မတွေးခဲ့မိပါ။
xxxxxxxxxxx
' မြရွက်စိမ်းတော့ ဆုံးရှာပြီ...' ....ဆိုသည့် သတင်းစကားသည် မီးတောင်မြုံထိပ်ဝကို အနီးကပ်ငုံ့ကြည့်နေတုန်း ပေါက်ကွဲလွင့်စင် ခံလိုက်ရသကဲ့သို့ တဒင်္ဂတော့ ရူးသွပ်သွားရ၏။ ' ဘာရောဂါနဲ့လဲ...ဘာကြောင့်လဲ...'...ဆိုသည့်အမေးကို သူမက မမေးရဲပေမယ့် သတင်းပေးသူကတော့ တာဝန်ကျေစွာ ဖြေသွားခဲ့လေသည်။
' ကိုရဲနောက်ကို လိုက်သွားတဲ့ ဒုတိယမြောက် မိန်းကလေးပေါ့ဟာ...'
' ဘုရား...ဘုရား....ဘုရား ကယ်ပါ...'
အဖြေက ဘေးလူကြားလျှင် မပြည့်စုံသလိုထင်ရပေမယ့် သူမကတော့ ရင်နှင့်ရင်း၍ နားလည်ခဲ့ရသူလေ။ ဒါဆို...ကိုရဲက ရှေ့မှဦးဆောင်သူပေါ့။ မြရွက်စိမ်းက ဒုတိယဆိုတော့...။ ပထမတစ်ယောက် ရှိနေခဲ့သေးသည်ပေါ့။
ဤမရဏခရီးသွား မီးရထားတွဲကြီး၏ ခေါင်းတွဲသည် ကိုရဲဟုဆိုပါလျှင် ခေါင်းတွဲနောက်မှ ပထမလိုက်သူသည် သဲစုပိုင်။
ဒုတိယသည် မြရွက်စိမ်း။ နောက်ထပ်လိုက်မည့် တတိယမြောက်ကရော...။ ချောထက်ခင်ဆိုသည့် သူမလား။ ဒါမှမဟုတ် ကိုရဲ၏
မြောက်များလှစွာသော ချစ်သူရည်းစားတွေထဲက ဘယ်သူလဲ....။
သည်လိုတွေးမိတော့နာကျည်းစိတ်ဖြင့် အော်ရယ်ပစ်ချင်လာကာ ကြောက်စိတ်နည်းနည်း လျော့သွားသလိုရှိရ၏။
သို့ပေမယ့် ချောထက်ခင်ဆိုသော သူမ၏ဖြစ်တည်မှုကို သတိဝင်မိတော့ ထူပူရှိန်းဖိန်းကာ စိုးစိတ်တွေက ငယ်ထိပ်မှ ခန္ဓာကိုယ်အနှံ့
အရှိန်ပြင်းစွာ ဖြန့်စီးသွားတော့သည်။
' မေမေ...မေမေ...သမီးကို ကယ်ပါအမေ...'
ကန္တာရအလယ်မှ ရေဆာသူလို သူမငိုညည်းချင်ပေမယ့် မဖွင့်အံရဲသည့် အဖြစ်မို့ ပို၍လောင်မြိုက်လှပါပြီ။ လောကအလယ်မှာ သူမက တစ်ယောက်တည်းမဟုတ်။ အသိုင်းနှင့် အ၀ိုင်းနှင့်...၊ မိဘဆွေမျိုး မောင်နှမသားချင်းများနှင့်...၊ ဂုဏ်သရေရှိ မိသားစု...၊ မြို့မျက်နှာဖုံး..၊ ပညာတတ်...၊ ဆွေကြီးမျိုးကြီး...။
ဒါတွေအားလုံးသည် သူမအတွက် ခုလိုအခြေအနေမျိုးမှာ ဘာအထောက်အကူမှ မပေးနိုင်သည့်အပြင် နောင်တဆိုသည့် အထုပ်အပိုးကိုသာ သူမရင်ထဲတွင် ပို၍လေးလံစေလေပြီ။ သူမတစ်ယောက်တည်းဆိုလျှင် ကိုယ့်အပြစ်ကိုယ်ခံရမည်မို့ ထိတ်လန့်သော်လည်း
သူမ နောင်တမရချင်ပါ။ သို့ပေမယ့် သူမကိုယ်သူမထက် အမေ့ကိုသတိရသည်နှင့် အလွန်အမင်း တုန်လှုပ်ရပါသည်။
အမေ့သမီးဖြစ်ရသည်ကို အမြဲတမ်းဂုဏ်ယူခဲ့ရသော ဘ၀မှသည် သူမ၏ပြစ်မှုတစ်ခုကြောင့် အမေ့သမီးဖြစ်ရတာ နောင်တရခဲ့ပြီ။
သူမအတွက်မဟုတ်။ အမေ့အတွက်သာ ဖြစ်ပါသည်။
သမီးများအတွက် အမြဲဂုဏ်ဝင့်ခဲ့သော အမေသည် သူမအတွက် ဂုဏ်ပျက်ရတော့မည်။ သမီးများ၏ ဂုဏ်သိက္ခာကို အမြဲဆယ်ယူကာကွယ်နိုင်ခဲ့သော အမေသည် သူမကြောင့် သိက္ခာကျရတော့မည်။ သမီးချောငါးယောက်၏ မိခင်အဖြစ် မာနတံခွန်လွှင့်ထူခဲ့သော အမေသည် အငယ်ဆုံးသမီးကျမှ ခေါင်းမဖော်ဝံ့အောင် အရှက်ရတော့မည်။
အမေ တသက်လုံး ဂုဏ်ယူပြုံးရွှင်နေသည်ကိုသာ မြင်ချင်ပါသည်။ အမေ တသက်လုံး မော်ကြွားနိုင်အောင်သာ စွမ်းဆောင်ချင်ပါသည်။ အမေ့ဂုဏ်သရေကို ညှိုးနွမ်းထိခိုက်အောင် သူမ စိတ်ကူးနှင့်သော်မှ မကြံစည်ရက်ခဲ့ပါ။ သို့သော်...........။
အမှားတစ်ခုသည် ဖျက်မရတော့လျှင်တောင် ပြင်ဆင်ခွင့်တော့ ရှိသင့်သည်။ ခြေရာထင်ကျန်မည် ဆိုလျှင်တောင် နောက်ဆုတ်ခွင့်တော့ ရှိသင့်သည်။ သို့ပေမယ့် ကျွံမိသည့်ခြေတစ်လှမ်းသည် ဆုတ်ခွင့်မရှိလောက်အောင် သူမလျှောက်ခဲ့မိသောလမ်းက
သာမာန်လမ်းမဟုတ်ဘဲ နွံလမ်းဖြစ်နေခဲ့သည်။ တစ်လှမ်းချင်း နစ်ဝင်စေခဲ့သောနွံလမ်း....။
နွံမှန်းသိလျက် စုံရပ်လိုက်သော်လည်း နောက်မဆုတ်သာအောင် တအိအိကျွံဝင်နေသော...နွံ။
တခါသာ ကျွံဖူးသော်လည်း နှုတ်မရတော့သည့် ခြေတစ်လှမ်းသည် သူမကို အချိန်ရှိသရွေ့ ခြောက်လှန့်နေတော့သည်။
xxxxxxxxxx
ရည်းစားများတာ မပြစ်မဟုတ်။ တွဲကြည့်မှ၊ အနီးကပ်ဆက်ဆံကြည့်မှ၊ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး တဘ၀လုံးလက်တွဲဖို့အတွက် နောက်ဆုတ်သင့် ဆုတ်ရမည်။ ရှေ့တိုးသင့် တိုးရမည်။ တစ်ယောက်နှင့်တစ်ယောက် ညှိကြည့်ရမည်။
သူမ သည်လို ကြွေးကြော်ခဲ့ဖူးသည်။ ခုခေတ်မှာ..၊ ကမ္ဘာရွာခေတ်မှာ..၊ အိုင်တီခေတ်မှာ...ယဉ်ကျေးမှုတွေက ပွင့်လင်းလွန်းလာပြီ။
မိနစ်အနည်းငယ်အတွင်း အင်တာနက်ပေါ်ကနေ ကမ္ဘာ့အရှေ့၊ အနောက်၊ နိုင်ငံစုံ ချိတ်ဆက်နိုင်နေပြီ။ မည်သူကမှ တစ်သက်တစ်ချစ်တို့၊
ရည်းစားဦးက အိမ်ထောင်ဦးတို့ မကြွေးကြော်ကြတော့။ ဘယ်ရည်းစားကို အချစ်ဆုံးလဲ ဆိုတာမျိုးတောင် အလုပ်ရှုပ်ခံပြီး မေးမနေကြတော့။
တွဲကြည့်သည်။ ချစ်ကြည့်သည်။ ပွင့်လင်းစွာ သွားလာကြသည်။ သဘောချင်းမတိုက်ဆိုင်၊ အဆင်မပြေလျှင် သွား..နောက်တစ်ယောက်။လက်ဖက်ရည်ဆိုင် ထိုင်သည်။ အိမ်အလည်ခေါ်သည်။ ကျောင်းအတူသွားသည်။ အသိုင်းအ၀ိုင်းနှင့်သိပ်ကီးမကိုက် ပြန်လျှင် နား...နောက်တစ်ယောက်။
ပတ်ဝန်းကျင်ကလည်း သိပ်မပြောကြတော့။ အိမ်ကလည်း သိတ်မဝေဖန်တော့။ လက်ချင်းချိတ်တာ၊ ဆိုင်ကယ်နောက်ထိုင်လိုက်တာ၊ သိတ်အဆန်းတကြယ် မဖြစ်ကြတော့။ ပတ်ဝန်းကျင်အမြင်ရော လူနေမှုပုံစံရော ပြောင်းလဲသွားကြပြီ။
သူမ အစ်မတွေခေတ်တုန်းကတောင် ဒီလိုမဟုတ်ခဲ့။ ယောကျာ်းလေး သူငယ်ချင်းရယ်လို့ သိပ်မထားကြ။ ရည်းစားကိုလည်း ခိုးကြောင်ခိုးဝှက် ထားကြရသည်။ စကားရပ်ပြောတာကို မြင်လျှင်တောင် ပတ်ဝန်းကျင်က ကဲ့ရဲ့တင်းဆိုချင်သည်။ မိဘမောင်ဘွား သိသွားလို့ကတော့ ထွက်ခွင့်ပါမစ် ပိတ်ခံရမည်။ အိမ်တွင်း အကျယ်ချုပ်ကျမည်။ ရည်းစားတစ်ယောက် ပျက်ဖူးလျှင်ပင် မိန်းမဆိုး စာရင်းဝင်သွားပြီ။ နှစ်ယောက်သုံးယောက်များ ပြောင်းဖူးသွားလျှင် ဘယ်ယောကျာ်းလေးရှင်ကမှ တန်ဖိုးမထားချင်ကြတော့။
သူမ အစ်မအကြီးဆုံးတုန်းက အပျိုပေါက်ရောက်ရောက်ချင်း ရည်းစားထားတတ်ပြီမို့ အမေ တော်တော် စိတ်ညစ်ခဲ့ရဖူးသည်။
' သမီးရယ်...မိန်းကလေးဆိုတာ အနေအထိုင် အင်မတန်ဆင်ခြင်နိုင်လွန်းမှ တန်ရုံကျတာ။ အမေတို့ငယ်ငယ်တုန်းက ရည်းစားမပြောနဲ့၊ ယောကျာ်းလေးသူငယ်ချင်းတောင် မထားကြဘူး။ ကောင်လေးတွေရှေ့ဆို အော်ဟစ်ရယ်မောဖို့ နေနေသာသာ ပြီတီတီတောင် မပြုံးဝံ့ဘူး။ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို အိနြေ္ဒဘယ်လောက် ရှိသလဲဆိုတာ ကြည့်ပြီး သတ်မှတ်ကြတာ။
ပေါ့ပေါ့တန်တန်နေတဲ့ မိန်းကလေးဟာ ပေါ့ပေါ့တန်တန် ယောကျာ်းမျိုးနဲ့ပဲ ညားရတာပဲ...'
သူမကတော့ ညီအစ်မငါးယောက်မှာ အငယ်ဆုံးဖြစ်ပြီး အစ်မကြီးနှင့်ဆို ဆယ်နှစ်ကျော်ကွာသည်မို့ အဲဒီတုန်းက ငါးနှစ်အရွယ်လေးသာ ရှိသေးသည်။ သို့ပေမယ့် အမေ့ဆုံးမစကားတွေက မမကြီးလက်ထက်မှသည် သူမအရွယ်ရောက်သည့် တိုင်အောင် ငါးလီငါးခါ မရပ်မနား ပြောနေရသည်မို့ နားကတော့ ယဉ်နေပါပြီ။
အမေ့ဆုံးမစကား မရပ်နားရတာလည်း မပြောနှင့်လေ။ ညီအစ်မငါးယောက်က နှစ်နှစ်ကြီး နှစ်နှစ်ငယ် အပြိုင်းအရိုင်း အပျိုဖြစ်လာကြတော့ အမေရွတ်နေကျ ဂါထာတွေ...အငယ်ဆုံး သူမလက်ထက်ကျတော့ သူမက အလွတ်ရွတ်ပြနိုင်နေပြီ။ သမီးငါးယောက် ကလည်း တစ်ယောက်တစ်မျိုး မရိုးအောင် ဇာတ်လမ်းစုံ ပေးနိုင်ကြသည်။
မမကြီးက ငယ်ငယ်ရွယ်ရွယ်နှင့် ရည်းစားထားလို့ စိတ်ညစ်ရလှပြီ အမေက ထင်နေတာ....။ မမလတ်ကျတော့ ရည်းစားတွေ မှိုလိုပေါက်ရုံတင်မက ဆေးသမားတစ်ယောက်ကို တန်းတန်းစွဲဖြစ်နေလို့ မနည်းခွဲယူရပြန်သည်။ မမလေးကလည်း အားကျမခံ ရည်းစားတင်မက အချစ်တော်ပါ ထားလိုက်သေးသည်။ မမငယ်ကျတော့ သူများထက်ထူးအောင် ယောကျာ်းလေးချစ်သူ မထားပဲ ယောကျာ်းလျာမလေး တစ်ယောက်နှင့် တတွဲတွဲဖြစ်ပြန်သည်။ အမေက မိန်းမချင်းမို့ အရေးမကြီးပါဘူး ဆိုပြီး စိတ်မပူပဲ လွှတ်ထားမိတော့ အမေဗျာများရပြီ။
ယောကျာ်းလျာနောက် လိုက်ပြေးသွားလို့ လိုက်ရှာရသည်။ အတင်းခွဲရသည်။လူကြားမကောင်းသည့် ကိစ္စကို ကောင်းအောင် ဖုံးဖိရသည်။
ဘာပဲဖြစ်ဖြစ် အမေကတော့ တကယ် စံနမူနာပြုလောက်သည့် အမေပါ။ သမီးတွေ ဘယ်လိုကတိမ်းကပါး လုပ်လုပ်၊ တည့်မတ်အောင် ထိန်းနိုင်သူ။ သမီးတွေ လမ်းဘေးချော် လျှောက်နေလျှင်လည်း ချော့တစ်ချည် ချောက်တစ်လှည့်ဖြင့် လမ်းကြောင်းပေါ်
ဆွဲတင်နိုင်သူ။ ဘယ်လောက်ပဲ အမှားတွေဖြစ်ခဲ့၊ လုပ်ခဲ့၊ အမေက သမီးများရှေ့မှ မားမားရပ်ကာ ပဲ့ပြင်ကာကွယ်ခဲ့သူ ဖြစ်လေသည်။
အမေ ဘယ်လောက် စွမ်းဆောင်နိုင်သလဲဆို...၊ သူမအစ်မ လေးယောက်စလုံး တစ်ယောက်မှ အမှားမကင်းခဲ့ကြပေမယ့် မထော်မနန်း တစ်ယောက်မှ မဖြစ်ကြ။ လင်ကောင်းသားကောင်း ကိုယ်စီရလို့ ထည်ထည်ဝါ၀ါ နေနိုင်ကြသူချည်း။
မမကြီးက ငယ်ငယ်ရွယ်ရွယ် ရည်းစားထားပေမယ့် အမေ ဆုံးမပဲ့ပြင်တာ ဘယ်လောက်ကောင်းသလဲဆို...၊ နှစ်ယောက်စလုံးကို
ခေါ်ပြီးတော့ သြ၀ါဒပေး နားချတာ....။ အဲဒီ ငယ်ရည်းစားလေးကိုယ်တိုင် စာတွေအရမ်းကြိုးစားပြီး ဆရာဝန်ဖြစ်လို့...။ မမကြီးကတော့ ဥာဏ်သိတ်မကောင်းတာမို့ ရိုးရိုးဘွဲ့လေးရပြီး ခုဆို ဆရာဝန်ကတော်ကြီး ဖြစ်လို့...။
မမလတ်ကိုလည်း ဆေးသမားကောင်လေးနဲ့ အတင်းခွဲ။ အကြမ်းနည်းမရတော့ အမေက နှလုံးရောဂါသည်းပြီး ဆေးရုံတွေဘာတွေရောက်...။ မျက်ရည်တွေတွေကျပြီး သမီးကိုဖက်ငို...။ မမလတ်လည်း အမေ့အသက်နဲ့တော့ ဆေးသမားကို လဲတော့တာပေါ့။
အမေပေးစားတဲ့ သူဌေးသား လူရိုးကြီးတစ်ယောက်နဲ့ ညားသွားလိုက်တာ...။ ခုတော့ မာစီးဒီးကားကြီးကို ကိုယ်တိုင်မောင်းပြီး ခန့်လို့ကြော့လို့...။ အမေ့ကိုလည်း ကျေးဇူးတွေ တင်လို့...။
အချစ်တော်တွေနဲ့ ရှုပ်လိုက်သေးတဲ့ မမလေးကျတော့ အမေက သိပ်ပင်ပင်ပန်းပန်း မစည်းရုံးရပါဘူး။ သူကိုယ်၌က မမလတ်နဲ့အပြိုင်အဆိုင်မို့ ဟိုတစ်ယောက်က မာစီးဒီးမောင်းရင် သူကလည်း လင်ခရူဆာကို မျက်စပစ်ချင်သူဆိုတော့ အမေ တစ်ချက်ခုတ်လိုက်တာ နှစ်ချက်ပြတ်သွားတာပေါ့။
ယောကျာ်းလျာချစ်သူ မမငယ်ကိုတော့ အမေ တော်တော်လက်ကုန်ဖွင့် လိုက်ရသေးသည်။ သို့ပေမယ့် အမေ့လိမ္မာပါးနပ်သောဖျောင်းဖျမှုကိုတော့ နောက်ဆုံး မလွန်ဆန်နိုင်။ ရိုးအချမ်းသာသော လူပျိုကြီးတစ်ယောက်နှင့် တင့်တောင့်တင့်တယ် အဆင်ပြေသွားတာပါပဲ။
အမေ့ကို ချီးမကျူးပဲ မနေနိုင်သည်မှာ ဤအချက်ပဲဖြစ်သည်။ အမေရှာပေးသော သားမက်တွေက ပြည့်စုံသင့်တင့်သလောက်ရိုးသားအေးဆေးကြသည်။ အမေ့သမီးများကို မေတ္တာစစ်နှင့် မြတ်နိုးကြသည်။ အလိုလိုက်ကြသည်။ တစ်ယောက်မှ စိတ်သဘောထား
သေးသိမ်သူ မပါကြပေ။ သမီးတွေ၏ အတိတ်ကို တူးဆွရန်လုပ်မည့်သူလည်း တစ်ယောက်မှမပါ။ အေးချမ်းပျော်ရွှင် ချစ်ခင်နေတာသာ တွေ့ရတော့ သူမက အမေ့ကို လေးစားရပြန်သည်။
ရှေ့မှ အစ်မများကို စံပြမြင်နေရတော့ သူမ ဘယ်လောက်ပဲ ခေတ်ဆန်၊ ရည်းစားများပေမယ့် အမေ့ဆီမှာ သူမရှေ့ရေးကို ပွင့်လင်းစွာ အပ်နှံထားလိုက်တော့သည်။
' သမီးက နမူနာလေးခု ရှိပြီးသားမို့ အမေသဘောတူတဲ့ သူကိုပဲ ယူမှာပါအမေရဲ့။ ခု...တွဲနေတဲ့သူတွေထဲက
အမေသဘောကျ မီးစိမ်းပြမှ သမီးကလည်း လက်တွဲမှာ...'
ခေတ်ကာလကလည်း ပြောင်းလာသလို သူမကလည်း သည်လိုပွင့်လင်းထားတော့ အမေက သူမ နေတာထိုင်တာ၊ သွားတာလာတာကို အစ်မတွေတုန်းကလောက် မချုပ်ချယ်ခဲ့။ ခေတ်မီပွင့်လင်းတာနှင့် သိက္ခာမဲ့ကလက်တာ ခွဲခြားတတ်ဖို့ကိုတော့ အမြဲသတိပေးတတ်သည်။ လက်တွဲဖော် အစစ်အမှန်ကို အနီးကပ်ရွေးချယ်သည် ဆိုသော်လည်း ယောကျာ်းတစ်ကာအပေါ် အရူးလုပ်
ဖျံကျသည့် မိန်းမလည်မဖြစ်အောင်တော့ သတိပေးသည်။ ရန်ငြိုးထားခံရလောက်အောင် မပွေလီဖို့ကိုလည်း သတိထားခိုင်းသည်။
သူမ အနေအထိုင် အသွားအလာကိုလည်း အမေက မျက်ခြေတော့ အပြတ်မခံပါ။ ဘယ်သွားသည်၊ ဘယ်လာမည်၊ ဘယ်သူနှင့်၊ ဘယ်အချိန်..ဆိုတာ အမေ့ကို အသိပေးပြီး စည်းနှင့်ကမ်းနှင့် သွားလာရသည်။ ဘယ်တုန်းကမှ ပြီး..ပြီးရော လွှတ်မထားခဲ့ပါ။
သို့ပေမယ့် သူမကပဲ လည်လွန်းသည်လား။ အမေကပဲ သူမကို ယုံလွန်းသည်လား။ ဘာပဲဖြစ်ဖြစ် ပြဿနာ၏ အဓိကတရားခံမှာ
သူမသာဖြစ်ပါသည်။ အမေက အပြစ်မဲ့သလောက် သူမက အမေ့ယုံကြည်မှုကို စော်ကားမိ၍ ကံကြီးထိုက်ခဲ့သူသာ ဖြစ်ပါသည်။
xxxxxxxxxx
မီးကို ပူမှန်းသိလျက်နှင့် ကစားချင်ခဲ့သူမှာ သူမသာဖြစ်လေသည်။ ကိုရဲကို အိမ်ထောင်သည်မှန်း သိလျက်နှင့် နောက်မဆုတ်ဘဲ အရွဲ့တိုက်တွဲမိခြင်းသည် နှုတ်မရမည့် ခြေတစ်လှမ်းကို စမ်းလိုက်ခြင်းပင်ဖြစ်သည်။
သူငယ်ချင်း မိတ်ဆက်ပေးစကတော့ နယ်မှကျောင်းလာတက်သော ကိုရဲသည် လူပျိုကျောင်းသားယောင် ဆောင်နေခဲ့သေးသည်။
ရုပ်ချော ငွေပေါသည့် မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေသူ...။ မျက်နှာများပေမယ့် သူမကိုတော့ အလေးထားသူ...။ သူမဆီက လက်ထပ်ခွင့်ရလျှင် အရှုပ်ထုပ်အားလုံးကို စွန့်မည်ဟု ဂတိပေးသူ...။ သူမနှင့် သူငယ်ချင်းအဆင့်သာသာ ချစ်သူရည်းစားမရောက်တရောက် ဖြစ်လာကာမှ သူ့သတင်းက သိုးသိုးသန့်သန့် ထွက်လာ၏။ သို့ပေမယ့် မသေချာသေး။
သူမက ခပ်ခွာခွာ ရှောင်ဖယ်ဖို့ ဆုံးဖြတ်ပြီးစမှာ နယ်မှ ကိုရဲ၏မိန်းမဆိုသူက ပြူးတူးပြဲတဲ ရောက်လာပြီး သူမကို အကြောကြီးနှင့်
ရန်တွေ့တော့သည်။ သည်မှာတင် သူမ၏တလွဲမာနက လမ်းကြောင်းပြောင်းသွားစေခဲ့၏။ ခပ်ရိုင်းရိုင်း ခပ်စွာစွာ ကိုရဲမိန်းမ စကားများကြောင့် အမြင်ကတ်ကတ်နှင့် ကိုရဲကို တမင်ဆက်တွဲနေဖြစ်သည်။ ကိုရဲကလည်း ဆယ်ကျော်သက် စိတ်ကစားချိန်မှာ မှားယွင်းခဲ့မိသည့် သူ၏အိမ်ထောင်သည်ဘ၀ ဒုက္ခများအကြောင်း သနားစရာကောင်းလောက်အောင် ပြောတတ်သည်။ နယ်မှကျောင်းလာတက်သူမို့ သူ့ကို
အိမ်ထောင်သည်မှန်းလည်း မည်သူကမှ မသိ။ စွာလွန်းသော မိန်းမတစ်ယောက်လက်မှ ကယ်တင်ဖို့ သူမကို တကျီကျီအဖြေတောင်းသည်။
သူမက သည်လိုလူမျိုးနှင့် သူမအသိုင်းအ၀ိုင်း...၊ ဘယ်လိုမှ ဆက်စပ်မရမှန်းသိသည်မို့ အစောကတည်းက စိတ်မှာပြတ်ပြီးသား။
အထူးသဖြင့် သမီးများအတွက် အမြဲဂုဏ်တက်လိုသော အမေနှင့် ဒီလိုသားမက်မျိုးမှာ မတန်ရာ။ စိတ်ထဲမှာ ဝေးဝေးက ရှောင်ပြီးသား။
သို့ပေမယ့် ကိုရဲမိန်းမကိုတော့ ပညာနည်းနည်း ပေးလိုသေးသည်နှင့် ကြိုးရှည်ရှည်ဖြင့် ကိုရဲကို လှန်ထားလိုက်သည်။
သည်အတောအတွင်း ကိုရဲသတင်းတွေက ပိုလို့မွှေးလာသည်။ လက်ရဲဇက်ရဲ၊ ဆေးသမား၊ မြာပွေသူ၊ လက်ရှိအိမ်ထောင်ပင်မက နယ်မှာပင်
လက်ညှိုးထိုးမလွဲ ရှုပ်ပွေသူ၊အမျိုးကောင်းသမီးလေးတွေကို ဖျက်ဆီးသူ၊ သမီးလေးတစ်ယောက် ရှိပါလျက်နှင့် သမီးချင်း မစာနာတတ်သူ..။
သတင်းပေါင်းစုံလာပြီး သူမ စိုးထိတ်စွာ ခြေလှမ်းနုတ်ဖို့ အပြင်မှာပဲ ထောင်ချောက်ထဲ အပိတ်ခံလိုက်ရလေပြီ။ သူမကိုယ်သူမလည်လွန်းလှပြီ ထင်နေပေမယ့် လည်နေသည့်ဂျင်ထိပ်ကိုမှ ထုံးတို့သူကလည်း ကျွမ်းကျင်ပိုင်နိုင်လှသည်။
ဘာပဲဖြစ်ဖြစ် ပန်းကလေးက ညှိုးနွမ်းခဲ့ရပေမယ့် မကြေမွသေးသည်မို့ အားတင်းနိုင်သေးသည်။ ခေတ်ကာလကို အကာအကွယ်ယူပြီး မာန်ဆယ်နိုင်သေးသည်။ အမေ့အရိပ်ကိုခိုပြီး အေးခွင့်ရှာနိုင်ဦးမည်။ သူမက သည်လို စိတ်ဖြေတွေးမိသည်။
သူမက နောင်တမျှင်းမျှင်းနှင့် စိတ်မရှင်းတရှင်း ကြိုးစားရှင်သန်နေစဲမှာ ကိုရဲက မြင်ကွင်းထဲမှ ဖြတ်ကနဲပျောက်သွားပြီး မကြာမီမှာပင် မပြန်လမ်းကို မြန်းသွားပြီဖြစ်ကြောင်း သတင်းဆိုး ရောက်လာတော့သည်။ရောဂါကတော့ ခေတ်အစားဆုံး မဏရလက်တံရှည် (.....)။
xxxxxxxxxx
လိပ်ပြာကပဲ မသန့်သည်လား။ စိတ်ကပဲ လန့်နေသည်လား မသိ။ ခန္ဓာကိုယ်မှာ အဖုအပိန့်လေးထွက်လာလျှင်ပင် ရင်မှာထိတ်လှသည်။ ရေယုန်လား။ ယားဖုလား။ ရိုးရိုးလား။ ဆန်းဆန်းလား။ တစ်ယောက်တည်း ကြိတ်ပြီး ဗျာဆိုက်ရပြီ။ ဘယ်လောက်ပဲ ခေတ်ဆန်သည်ပြောပြော ဒီကိစ္စကိုတော့ လူသိရှင်ကြား အဖြစ်မခံရဲ။ တခြားလူမပြောနှင့်။ အမေ့ကိုတောင် အသိမပေးရဲ။ နှစ်ယောက်တည်း
သိသည့် ကိုရဲကလည်း ရှေ့မှသွားနှင့်ပြီမို့ အသည်းတထိတ်ထိတ် စိုးရွံ့လှသည်။
သူမကပဲ စိုးရိမ်စိတ်လွန်ကဲ နေသည်လားမသိ။ ခုတလောမှာမှ မျက်နှာပေါ်မှာပေါက်သည့် ၀က်ခြံကအစ အရင်ကနှင့်မတူ။
ပျင်လိုက်ထွက်လာသည့် ၀က်ခြံလိုလို အပိန့်လေးတွေက တော်တော်နှင့် ပျောက်သည်မရှိ။ သည်ကြားထဲ အအေးလေး နည်းနည်းမိသည်နှင့် နှာစေးပြီ။ နေထိုင်မကောင်း မအီမသာဖြစ်ပြီ။ အသက်ရှူမ၀ ဆို့ကြပ်နေတတ်သည်။ လူက ကျန်းမာရေးမကောင်းသလို စိတ်ကလည်း ထိုင်းမှိုင်းစိုးထိတ်ကာ ဆောက်တည်ရာမဲ့နေသည်။
အမေကတောင်...' သမီးလေး ခုတလော အပြင်လည်း သိတ်မထွက်ပဲ ခြေငြိမ်လှချည်လား...'...လို့ မေးလှပြီ။ အိပ်မပျော် ထိတ်လန့်နေရသည့် ညတွေများပြီမို့ ခန္ဓာကိုယ်ကလည်း မော်ဒယ်ဂဲလ်ဖြစ်နေပြီ။ တချူချူတချာချာနှင့်မို့ ခဲအို ဆရာဝန်ဆီလည်း ချောင်းပေါက်လောက်ပြီ။ ကြာတော့ လိပ်ပြာမလုံလှသည်မို့ တော်ရုံနေထိုင်မကောင်းတာကို အမေမသိအောင် ကြိတ်မှိတ်နေရတော့သည်။
သည်လို အကြပ်အတည်းကြားမှ ထွက်ပေါက်တစ်ခုကိုတော့ သူမ သည်းသည်းထန်ထန် တောင့်တမိပါသည်။ မိဘဂုဏ်သိက္ခာကိုလည်း မထိခိုက်၊ အမေလည်း စိတ်ဆင်းရဲနာကျင်မှု မရှိစေရအောင် သိမ်မွေ့ပိရိသော ထွက်ပေါက်တစ်ခုရဖို့ နေ့စဉ်နှင့်အမျှ တောင့်တနေ ရသည်။ အပြစ်ရှိသည်က သူမသာမို့ ပြစ်ဒဏ်ကို သူမတစ်ယောက်သာ ခံယူသင့်သည် မဟုတ်ပါလား။ မဆိုင်သည့် သူမ၀န်းကျင်မှ လူများကို သူမကြောင့် ဂုဏ်သိက္ခာ မညှိုးနွမ်းစေချင်ပါ။ အထူးသဖြင့် အမေသာ အဓိကဖြစ်ပါသည်။
သူမကိုယ်သူမ အဆုံးစီရင်ခြင်းမျိုး မိုက်မဲသည့် လုပ်ရပ်ကိုတော့ သူမ ဘယ်တုန်းကမှ စိတ်မကူးခဲ့မိ။ နောက်ထပ် ဘယ်လို
အမှားမျိုးမှ မကျူးလွန်လိုတော့။ သူမက ဘ၀မှာ တစ်ကြိမ်တစ်ခါ မှားမိသည်နှင့်ပင် လုံလောက်လွန်းခဲ့လေပြီ။
ဒါဖြင့် မိဘတွေမသိအောင် အိမ်မှတိတ်တဆိတ် ထွက်ပြေးဇာတ်မြှုပ်လိုက်ရမည်လား။ သူမကို မည်သူမှမသိသည့် အရပ်ဒေသတစ်ခုမှာ အကျိုးပြုလုပ်ငန်းတစ်ခုခု ၀င်လုပ်ရင်းနှင့်လေ။ သူမမှာ အချိန်ဘယ်လောက် ကျန်သေးသည်တော့ မသိ။ မသေခင်မှာတော့
လောကကြီးအကျိုးကို တစ်ခုခုတော့ သယ်ပိုးလုပ်ဆောင် ပေးသွားချင်သေးသည်လေ။
xxxxxxxxxx
မထင်မှတ်သော ထောင့်တစ်နေရာမှ အလဲထိုးမည့် အခြေအနေမျိုးနှင့် သူမအတွက် ထွက်ပေါက်တစ်ခု ပေါ်လာမည်ဟုတော့ ဘယ်တုန်းကမှ သူမ မတွေးခဲ့မိပါ။
အလွန်ထက်မြက် တက်ကြွသော၊ သမီးများအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ပေးနိုင်သော၊ အမြော်အမြင် ကြီးမားလှသည့် အမေ့ဦးနှောက်မှာမှ သည်လိုရောဂါ ဖြစ်လာခဲ့သည်တဲ့လေ။ ကင်ဆာဆိုတာ...လူ့ပတ်ဝန်းကျင်မှာ ကြားဖူးနေကျ အဆန်းတကြယ်ရောဂါ
မဟုတ်ပေမယ့် ဦးနှောက်ကင်ဆာ ဆိုတာကိုတော့ သူမကပဲ ဗဟုသုတ နည်းလေသလား။ အဖြစ်နည်းလှသည် ထင်မိပါသည်။
အသည်းကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ... ကင်ဆာဖြစ်ချင်စရာ အစိတ်အပိုင်းတွေက အများကြီးရှိပါလျက်နှင့် အမေက ဦးနှောက်ကင်ဆာတဲ့...။
ထွက်ပေါက်တစ်ခု ပြင်းပြင်းထန်ထန် သူမတောင့်တနေချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် အမေ ရုတ်တရက် မူးလဲခဲ့လေသည်။
အားလုံးက ဦးနှောက်သွေးကြောပြတ်မှာကို စိုးရိမ်ခဲ့ကြပေမယ့် စီတီစကင်က ဦးနှောက်အကျိတ်ဆိုသဖြင့် အရေးပေါ်ခွဲစိတ်ကာ အကျိတ် ထုတ်ရမည် ထင်ကြပြန်သည်။ သို့ပေမယ့် နောက်ထပ်စစ်ဆေးမှုများ လုပ်အပြီး...၊ ကင်ဆာအမြစ်များက ပံျ့နှံ့နေပြီမို့ နှစ်လခန့်သာခံတော့မည်ဟု ဆရာဝန်များက လက်လျော့လိုက်လေသည်။
အဖြစ်အပျက်က မြန်လွန်းလှသည်မို့ သူမတို့ တစ်မိသားစုလုံး မယုံကြည်နိုင်အောင် စိတ်ထိခိုက်ရ၏။ ချမ်းသာကြွယ်ဝသည့် သမီးများက ငွေဘယ်လောက်ကုန်ကုန် အမေ့ကိုကုမည် ဆိုပေမယ့် သည်ရောဂါက ငွေမီသော်လည်း အချိန်မမီသော ရောဂါ...။
သတိအလွန်ကောင်းသော အမေက နောက်ပိုင်းမှာ မကြာခဏ သတိမေ့တတ်လာသည်။ မှတ်ဥာဏ်တွေ ချို့ယွင်းကာ ကိုယ့်ကိုယ်ကိုပင် တစ်ခါတစ်ရံ မမှတ်မိတတ်။ တစ်ချက်တစ်ချက် သတိကောင်းနေပြန်လျှင်တော့ အမေဖတ်နေကျ မဂ္ဂဇင်းစာအုပ်တွေ သူမက စာအုပ်ဆိုင်မှာ သွားငှားပေးရသည်။ အမေက သူမတို့ငယ်ငယ်ကတည်းက စာအလွန်ဖတ်သည်။ ၀ယ်စုထားသည့် စာအုပ်တွေကလည်း အိမ်မှာ ဘီရိုကြီးနှင့် နှစ်လုံးအပြည့်..။
သို့ပေမယ့် ခုလို ရောဂါဖြစ်လာတော့ စာဖတ်များလျှင် ခေါင်းကိုက်သည်တဲ့။ အမေ မဖတ်နိုင်တော့ အမေဖတ်ချင်သည့်စာအုပ်များကို သူမက ဖတ်ပြရသည်။ တခါတလေကျတော့လည်း အမေက သူ့ရောဂါကိုသူ ရိပ်မိနေသလိုပင်။
' သမီး...စာအုပ်စင်ထဲက ပေါ်လီယာနာစာအုပ်ကို ပြန်ရှာပြီး ဖတ်ပြစမ်းပါကွယ်...'
အမေ အခေါက်ခေါက်အခါခါ ဖတ်ပြီးသား။သူမတို့ညီအစ်မကိုလည်း ဖတ်ကြည့်ခိုင်းပြီးသား။ အမေ ဘာလို့ ထပ်ဖတ်ခိုင်းတာလဲ။
သူမကတော့ အမေ သူ့ကိုယ်သူ သိနေလို့လား။ သူမအဖြစ်ကို ရိပ်မိနေလို့လားဆိုပြီး လိပ်ပြာမလုံလှပါ။
တခါတလေတော့လည်း ရောဂါပြင်းထန်လာလျှင် စာအုပ်ဖတ်ဖို့ နေနေသာသာ ဘာကိုမှ မသိတော့သူတစ်ယောက်လို အမေငူငူကြီး နေတတ်သည်။ ဒီလိုအချိန်ဆို ဆရာဝန်ပင့်ကာ ဆေးတွေသွင်းရပြန်သည်။ သူမကတော့ အမေ့ကိုမကြည့်ရက်တိုင်း ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိသည်။ သူမ တောင့်တမိသော ထွက်ပေါက်ကြောင့်ဟု ဥပါဒါန်က စွဲနေစဲ...။
တဖြေးဖြေးနှင့် အမေ့ရောဂါ ပိုဆိုးလာကာ အသိဥာဏ် ပြန်လည်မလာတော့။ အသက်ရှိနေပေမယ့် အသိမဲ့ခဲ့လေပြီ။
အစာကိုနှာခေါင်းပိုက်မှ ဆက်ရသည်။ အရိုးပေါ်အရေတင် ကမ္မဌာန်းရုပ်နှင့် ဖားလျားဝေ လှပမည်းနက်ခဲ့သော အမေ့ဆံနွယ်များလည်း မရှိတော့။ ကတုံးလေးနှင့် အမေ့ကို မကြည့်ရက်ဘဲ နေ့တိုင်းငိုမိကြသည်။
သူမအဖြစ်အတွက် အမေ့ကိုသိက္ခာကျမှာ၊ ခံစားရမှာ စိုးရိမ်ခဲ့သော သူမ...။ အမေ့အဖြစ်ကို မကြည့်ရက်မမြင်ရက်၊ ရင်နင့်ငိုကြွေးနေရလေပြီ။ နေ့စဉ်ညဆက် အမေ့ကိုပြုစုရင်း ငိုကြွေးရလွန်း၍လားမသိ။ အမေ တကယ်ဆုံးတော့ သူမမှာငိုကြွေးစေရာ မျက်ရည်မကျန်တော့။
ပတ်ဝန်းကျင်ကတော့ အငယ်ဆုံးသမီးလေးရှေ့ရေးကို စီစဉ်မပေးနိုင်ခဲ့လို့ စိတ်ဖြောင့်ရှာမှာ မဟုတ်ဘူးဆိုပြီး ပြောဆိုသနားနေကြ လေသည်။သူမကတော့ ဘီရိုနှစ်လုံးအပြည့် ရှိနေသော စာအုပ်များကို အမေစီစဉ်ပေးခဲ့သည့် သူမအတွက် ဘ၀အဖော်ဟုသာ ခံယူမိပါသည်။
xxxxxxxxxx
အမေ့စာအုပ်ဘီရိုကို အမေရှိစဉ်ကတော့ သူမ တန်ဖိုးမထားခဲ့မိ။ အမေက အတင်းဖတ်ခိုင်းမှသာ ပေါ်လီယာနာတို့...၊ နှလုံးသားအဟာရတို့... တစ်အုပ်စ နှစ်အုပ်စ ဖတ်ဖူးခဲ့သည်။ အမေမရှိတော့မှသာ အမေ့ကိုလွမ်းတိုင်း စာအုပ်ဘီရိုကို ဖွင့်မိတော့သည်။
ဦးနှောက်ကင်ဆာ ရောဂါကြောင့် မှတ်ဥာဏ်တဖြေးဖြေး ပျောက်သွားခဲ့ရသည့် အမေ့ဦးနှောက် အသိဥာဏ်များကို တလွှာချင်းပြန်လည်တွေ့ရှိရသလို ခံစားလာရသည်။ စာအုပ်စာရင်းရေးသည့် ကတ်ထူလယ်ဂျာရှည်ကြီးကို စလှန်လိုက်သည်နှင့် ရင်ထဲတွင် ဒိန်းကနဲဖြစ်သွားရသည်။ အမေ့လက်ရေး ၀ိုင်းစက်စက်နှင့်...' သမီးအတွက် အမေပေးချင်တဲ့ အမွေ '...တဲ့။
သည်စာအုပ်များသည် သူမ၏ လက်ကျန်ဘ၀ခရီးအတွက် အဖော်ကောင်းပမာ အမေက စီစဉ်ပေးသွားခဲ့သည်ပဲ။
အမေ့အစီအစဉ်ကို လိုက်နာနေကျ အစ်မများ၏ လမ်းစဉ်အတိုင်း သူမကလည်း အမေ့စာအုပ်များကို လေ့လာဖတ်ရှုရင်း ကျန်ရှိနေသော ဘ၀ အခက်အခဲများကို အားတင်းကျော်လွှားနိုင်ရမည်ပေါ့။
သို့ပေမယ့် စာအုပ်စာရင်းမှ အမေနောက်ဆုံး ၀ယ်ယူထားသော စာအုပ်များကို မြင်လိုက်ရသည့်ခဏမှာတော့ သူမ သွေးရူးသွေးတန်းနှင့် စာအုပ်ဝယ်ယူသည့်ရက်စွဲကို အမြန်လှန်ဖတ်မိတော့သည်။ သူမတစ်ယောက်တည်း အားငယ်စိုးရိမ်နေခဲ့ရသော နေ့ရက်များ...။
စာအုပ်များက ခုခံအားကျဆင်းသော ရောဂါသည်များ၏ လက္ခဏာများ၊ အားပေးပြုစုနည်းများ၊ နောက်ဆုံးပေါ် ဆေးများအကြောင်း...။
အမေ ဘာတွေများ သိသွားခဲ့သေးလဲ။ ဘယ်လောက်များ ကြေကွဲခဲ့ရမလဲ။ ဘယ်လိုများ ဟန်ဆောင်နေခဲ့သလဲ။
သူမ တွေးပင် တွေးမကြည့်ရဲတော့ပါ။
သူမက မည်သည့် အကြပ်အတည်းပဲဖြစ်ဖြစ် ထွက်ပေါက်တစ်ခုတော့ ရှိလိမ့်မည်ဟု ယုံကြည်ခဲ့ဖူးလေသည်။
xxxxxxxxxxx
ဝေ (စီးပွားရေးတက္ကသိုလ်)
February, 2009...Beauty Magazine

2 comments:

  1. ဖတ်လို့ကောင်းတယ် မဝေ ရေ ကျေးဇူး

    ReplyDelete
  2. စာအုပ်စာပေတွေက ဘ၀ကို ထိမ်းကျောင်းပဲ့ပြင်တယ်ဆိုတာ သိပ်မှန်ပါတယ်။
    စာပေအသိရှိတော့ ဘ၀အငှားတွေကို ၀င်ကစွတ်အဖြစ် ခံစားလို့ရတယ်။
    တချိန်ထဲမှာပဲ လုပ်သင့်မလုပ်သင့်ဆိုတာတွေကိုလည်း ခွဲခြားသိလာနိုင်တယ်နော်..။

    ReplyDelete